မယားလဲသရက်ပင်

မောင်ဘိုးထင်အား ပြုံး၍ ကြည့်နေပါတော့သည် ။

◾အခန်း (၂)

     ညနေချမ်းအချိန်အခါတွင် ဖြစ်၏။ဦးအုန်း၏ အိမ်အောက် စားပွဲတန်းလျားတွင် ထမင်းပွဲပြင်နေသောသူများမှာ မောင်ဘိုးထင်တို့ အဖွဲ့ဖြစ်သည်။သာအေး၊သာရ၊ဖိုးထွေး‌ နှင့် ပေတူးတို့ သည် ဟင်းခွက်များယူခဲ့ကာ ဧည့်သည်ဖြစ်သော ဇေယျာ နှင့် အဖွားနွေဦးတို့အတွက် ထမင်း၀ိုင်းပြင်ဆင်ပေးနေကြခြင်းဖြစ် သည်။ထို့နောက် ပေတူးသည် တန်းလျားတွင် ထိုင်နေသော အဖွားနွေဦးအား

    “အဖွား မနက်စာကို ဘိုးထင်တို့အိမ်မှာ စားမှာ မဟုတ်လား။ ကျုပ်တို့ အဲ့ဒီကိုပဲ ယူခဲ့မယ် အမေ့ကို ကျုပ် အကြော်မှာထားတယ်ဗျ ဟိုကောင်သာအေးကတော့ ကောက်ညှင်းပေါင်းပဲ နေမှာပေါ့ “

    ပေတူး၏စကားကို ကြားသောအခါ ဦးအုန်းသည်

   “ဟေ့ကောင်ပေတူး မင်းက ငါ့အတွက်ရော မပါဘူးလားဟ “

   “ဘကြီးအုန်းက ဧည့်သည်မှမဟုတ်တာ စားမနေနဲ့ဗျာ “

    “အေးပါကွာ ငါးစိမ်းမြင်လို့ ငါးကင်ပစ်တဲ့ကောင်တွေ”

    ဦးအုန်းသည် ပေးတူး နှင့် မောင်ဘိုးထင်တို့ကို မကြည်သလိုကြည့်ကာ နေ၏။ထို့‌နောက် ပြင်ဆင်ပြီးသော ထမင်း၀ိုင်းလေးတွင် ဦးအုန်း၊အဖွားနွေဦး၊အင်းဝိဇ္ဇာ နှင့် ဇေယျာတို့လေးဦးသား အတူ စားလိုက်ကြသည်။မောင်ဘိုးထင်တို့သည် ဘေးတွင် လိုအပ်သည်များကို ပြုလုပ်ပေးနေလေ၏။ဦးအုန်းတို့ ထမင်း စားပြီးသောအခါ အိမ်ပေါ်တွင် ရေနွေးဝိုင်းကို ဖိုးထွေး နှင့် သာရမှ ပြင်ဆင်ပေးလိုက်ပြီးနောက်  မောင်ဘိုးထင်တို့ အဖွဲ့သည်ထမင်းစားလိုက်ကြသည် ။

    “ကိုဖိုးထွေး ခင်ဗျားက ဒီခေါင်းလေးစား နောက်တချိန် ရွာရဲ့ ခေါင်းဆောင်ဖြစ်လာမှာ ဆို‌တော့လေ “

   “ရတယ် မစား”

    “ဟေ့လူ ကိုဖိုးထွေး ကျန်တဲ့သူတွေက စားစေချင်နေတာ စားလိုက်စမ်းပါဗျာ “

   “ဟုတ်တယ် ကို‌ဖိုးထွေးက လူကြီးသားဆိုတော့ ခေါင်းဆောင် ဖြစ်မှာ ကြက်ခေါင်းလေး စားဗျာ အတိတ်နမိတ်ပေါ့”

    ‌သာအေးသည် ဟင်းပန်းကန်ထဲမှ ကြက်ခေါင်းကို ဖိုးထွေး၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး စကားဆိုနေသည်ကို ကျန်သော သူများမှ အလုအယက်ထောက်ခံကြလေသည်။ထိုအထဲ တွင် သာရမှာ ထိပ်ဆုံးကဖြစ်၏။မောင်ဘိုးထင်သည် ဟင်းပန်းကန်ထဲမှ ကြက်ခြေထောက်နှစ်ချောင်းကို ခပ်လိုက်ကာ

    “ကိုသာရက ထယ်ထိုး၊လှည်းမောင်း အမြဲ လုပ်နေရတာ‌ဆိုတော့ ကြက်ခြေထောက်စား “

   “ဟာ မင်းကလည်း မလိုပါဘူးကွ”

     “ဘာ‌လို့မလိုရမှာလဲ ကြက်ခြေထောက် စားရင် လမ်းများများလျှောက်နိုင်တယ်ဗျ အဲ့‌ဒီတော့ ထယ်နောက်လိုက်ရင် ပိုမြန်တာပေါ့ ကျုပ်စေတနာကို မငြင်းပါနဲ့ “

    “မင်းတို့ စေတနာကလည်းကွာ “

    သာရသည် အောင့်သက်သက်နှင့်ပင် မည်သည့်စကားမှ မပြောနိုင်တော့ပဲ ကြက်ခြေထောက်ကိုသာ ကိုက်လိုက်ရသည်။ထိုအခါ ကြက်ခေါင်းကိုကိုင်ထားသော ဖိုးထွေးမှာ သဘောကျကာ ရယ်နေလေသည်။ထို့နောက် ပေတူးသည် ကြက်ပေါင်တတုံးကို ခပ်လိုက်ကာ

    “ဒါကတော့ ကျုပ် ယူလိုက်မယ် ဘာလို့လဲဆိုတော့ “

   “ဘာဖြစ်လို့လဲ ပေတူး”

    ပေတူးသည် ကျန်သူများကို ဝေ့ကြည့်လိုက်ပြီး

    “စားချင်လို့ပေါ့ဗျာ “

   “မင်းမေကြီးတော် တော်တော်တတ်နေတယ် “

    လက်မြန်သောဖိုးထွေးသည် ကြက်သားတုံးခပ်ထားသည့် ဇွန်းကို သေချာကြည့်ပြီး သဘောကျနေသောပေတူးအား နားရင်းအုပ်လိုက်ရာ ကျန်သူများ သ‌ဘောကျသွား၍ တဟားဟားရယ်လိုက်ကြသည်။ထိုရယ်သံအား အိမ်ပေါ်တွင် စကား ပြောနေသော ဦးအုန်းတို့ ကြားသည့်အခါတွင် အဖွားနွေဦးမှ စကားဆိုလေသည်။

    “ဆရာလေးတို့ကတော့ အမြဲပျော်နေတာပဲနော် ဆရာကြီး”

    “ဟုတ်တယ် အမကြီးရ ဒီကောင်တွေက ပျော်ပျော်နေတတ်တယ် ဒါနဲ့ မယားလဲသရက်ပင်ကို ဘယ်နေ့သွားမလဲ အမကြီး “

    “ကျမကတော့ မြန်မြန်သွားချင်တယ် သာမာန်လူဘဝ နဲ့ ကျန်တဲ့ သက်တမ်းနည်းနည်းလေးမှာ  အလှုအတန်းလေးတွေ လုပ်ပြီး သေသွားချင်တယ် “

    “ကျုပ် နားလည်ပါတယ် အမကြီးရာ ကျုပ်တို့ထက် အမကြီးတို့က ပိုဆိုးတာပေါ့”

    “သာမာန်ရဟန်းသံဃာတွေ အနားကပ်ရင် ဘာမှမဖြစ်ပေမဲ့ သီလသမာဓိရှိတဲ့ ရဟန်းသံဃာတွေ အနားကိုဆို ကပ်မရဘူး”

    “အင်း ကျုပ်တို့ ပညာတွေကလည်း ရတုန်းက ခက်ခဲသ လောက် စွန့်ချင်ပြန်တော့လည်း မလွယ်ပါလား တခုသတိပေးမယ် အမကြီးရေ လာနှောက်ယှက်တဲ့သူတွေကို အခုအချိန်မှာ ပြန်မတိုက်ခိုက်တာ အကောင်းဆုံးပါပဲ ကျုပ်တို့ လိုက်ပို့ချင်ပါတယ် ဒါပေမဲ့ အဆင့်ဝင်တဲ့ဘယ်ပညာသည်မှ လိုက်မပို့ရဘူးလို့ အထက်ဆရာကြီးတွေက မှာထားလို့ပါ”

    “နားလည်ပါတယ် သူတို့က တကယ်ပဲ ပညာကို စွန့်နိုင်လားဆိုတာ စမ်းတာနေမယ် “

    “အင်း အမကြီးရေ ကျုပ်တခု စိုးရိမ်တာက အမကြီးရဲ့ဒေါသ ကို မထိန်းလိုက်နိုင်မှာကိုပဲ ဘာလို့လဲဆိုတော့ အရင်က ပညာကို နည်းနည်းသုံးတာ ဘာမှမဖြစ်ပေမဲ့ အခု တချို့နှောက်ယှက်တဲ့သူတွေကို အမကြီးပညာနဲ့ တိုက်ခိုက်လိုက်တာနဲ့ သူတို့ကိုယ် သူတို့ စတေးပြီး အမကြီးကို ပညာစွန့်လို့မရအောင် နှောက်ယှက်မှာ ဒီအချက်ကိုပဲ ကျုပ် စိုးရိမ်တယ် “

    ဇေယျာသည် ဦးအုန်း စိုးရိမ်သည့်အထဲတွင် မောင်ဘိုးထင်တို့ကို မပါသောကြောင့် အနည်းငယ်ထူးဆန်းသလို ကြည့်လိုက်သည်။ဇေယျာ ကြည့်လာသည်ကို သဘောပေါက်သည့် ဦးအုန်းမှာ သူ့အား စကားဆိုလာသည် ။

    “ငါ့တူကြီးက လိုက်ပို့မဲ့ ဘိုးထင်တို့ကို စိတ်မပူလို့ အံ့ဩနေတာလား မအံ့ဩပါနဲ့ကွ ဒီကောင်တွေက ကြံရေဖန်ရေကောင်းတယ် ငါတို့ မနိုင်တာတွေကိုတောင် အဲ့ဒီကောင်တွေ လုပ်နိုင်တယ်။မာယာလည်း အတော်များတဲ့ကောင်တွေ အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငါ့တူ နဲ့ အမကြီးကို မှာထားရဦးမယ် ဒီကောင်တွေ ပလီပလာလုပ်နေရင် တကယ်မထင်နဲ့ဦးနော်် အဲ့ဒီကောင်တွေက မနိုင်ရင် ပလီပလာသိပ်လုပ်တတ်တဲ့ကောင်တွေ ပြောရရင်တော့ ပုရွက်ဆိတ်လေးတွေ “

    ဇေယျာသည် ဦးအုန်းမှ ရှင်းပြလိုက်သောအခါမှ စိတ်ထဲ ဘဝင်ကျသွားသည်။မည်သည့်အခက်အခဲပင် ရှိနေပါစေ ပေါ့ပေါ့ပါးပါး နေတတ်သော မောင်ဘိုးထင်တို့ကိုလည်း သဘော ကျမိသည်။ထို့‌နောက် ဦးအုန်း နှင့် အင်းဝိဇ္ဇာသည် ကြုံတွေ့ ရနိုင်သည့် အခက်အခဲများကို အဖွားနွေဦးနှင့် ဇေယျာအား ပြောပြနေပါတော့သည် ။

◾အခန်း (၃)

    မောင်ဘိုးထင်တို့သည် ထမင်းစားသောက်ပြီးသောအခါ ဦးအုန်းတို့နှင့် စကားပြောနေသော အဖွားနွေဦး နှင့် ဇေယျာတို့ကို ခေါ်ကာ ရွာအစွန်တွင်ရှိသော မောင်ဘိုးထင်၏ နေအိမ်ဆီသို့ ခေါ်လာကြသည်။ထို့နောက် မနက်ဖြန်သွားကြမည့် ခရီးစဥ်အတွင်း လိုအပ်သည်များကို တိုင်ပင်လိုက်ကြသည်။ပေတူး သည် အိမ်ထဲသို့ပင် မဝင်ပဲ စကားဆိုလေသည် ။

    “ဘိုးထင်ရေ ငါ အိမ်ပြန်လိုက်ဦးမယ်ကွာ အမေက စောစော ပြန်လာခဲ့လို့ ပြောလို့ “

   “အေး အေး ပြန် ပြန် ပေတူး “

    “အဖွား နဲ့ ကိုဇေယျာ ကျုပ် ပြန်ပြီနော် မနက်အစောမှ လာခဲ့မယ် “

   “အေး အေး မြေးလေး”

    ပေတူး နှင့်အတူ သာအေးလည်း ရွာထဲသို့ အတူပြန်လိုက်လာသည်။ပေတူး၏အိမ်ဝိုင်းဝသို့ ရောက်သောအခါ အိမ်ဝိုင်းဝတွင် မီးအိမ်လေးကိုင်ပြီး စောင့်နေသော ပေတူး၏မိခင်အား တွေ့လိုက်ရာ

   “အမေ ဘယ်သွားမလို့လဲဗျ”

   “နင် ပြန်မလာသေးလို့ ပေတူးရ “

   “အမကလည်း တွေ့မှ ပိုပြနေပြန်ပြီ “

   “လာ လာ ငါ နင် နဲ့အတူတူ ထမင်းစားချင်လို့ “

    “ကျုပ်က စားခဲ့ပြီးပြီ အမေရ”

   “စားပြီးလည်း ထပ်စားပေါ့ ငါ့သားရယ် သာအေးရော တခါတည်း ထမင်းဝင်စားချေ “

    “မစားတော့ဘူး လေးကြီးရေ ကျုပ်က ဗိုက်ပြည့်နေပြီဗျ အိမ်ပြန်လိုက်ဦးမယ် “

   “အေး အေး”

    ပေတူးသည် ယနေ့ သူ၏အမေကို ကြည့်ရသည်မှာ ထူးခြားနေသည်။အဘမရှိတော့သည်မို့ အမေလည်း တယောက်တည်း အထီးကျန်နေတာ ဖြစ်မည်ဟု တွေးရင်း ထမင်းထပ်စားရန်သာ တွေးပြီး

   “စားကြတာပေါ့ အမေ ကြက်သား ချက်ထားတယ်မဟုတ်လား “

   “ငါ့သားပဲ ဟင်းခပ်သွားပြီးတော့ တကယ်တော့လေ ဟင်းက ကြက်သားတမျိုးတည်းမဟုတ်ဘူး ဝက်သားလည်းရှိသေးတယ်”

   “ဟုတ်လား အဲ့တာဆို‌ရင်တော့ ဗိုက်က ချက်ခြင်းပြန်ဆာလာသလိုပဲ အမေရေ “

   “ဖြစ်ရမယ် ချက်ခြင်းကြီး”

    ပေတူး၏မိခင်သည် ပေတူးအား ခေါင်းကို ပုတ်လိုက်ပြီး သားအမိနှစ်ယောက်သား ရယ်‌မောရင်း အိမ်ထဲသို့ ၀င်သွားကြလေသည် အိမ်ထဲတွင်တော့  စားပွဲခုံပုအဝိုင်းလေးတွင် ထမင်းနှင့် ဟင်းများ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ထို့နောက် ပေတူးသည်

   “အမေ ဟင်းတွေက ကောင်းလိုက်တာဗျာ အဲ့လိုမှန်းသိရင် ကျုပ် ဟိုကောင်တွေနဲ့ မစားခဲ့ပါဘူး ထိုင် အမေ ရော့ ဒါက အသား အမေစား”

   “အ‌မယ် ကွယ်ရင်တော့ အမေကို မေ့နေတာ မဟုတ်လား အမေလို့ ခေါ်လိုက် အမေ့လို့ ခေါ်လိုက်နဲ့ ခေါ်နေကြတဲ့သူတွေကို အခုမှ သဘောပေါက်တယ် အမေ့ဆိုသလောက် တကယ်ကို အမေ့ခံတွေ ပါလားနော်”

    “အမေကလည်းဗျာ  မဟုတ်ရပါဘူး အမေ့ကို ရှာမတွေ့တဲ့ အချိန်တွေမှာ အမေရေ အမေ့ရေ လို့ ခေါ်တာ အမေတို့က ကျုပ်တို့ကို မေ့ မေ့နေလို့ အမေ့ လို့ခေါ်တာ “

   “ဟုတ်ပါပြီ နယ်အစုံ လျှောက်သွားပြီးမှ ငါ့သားက စကားတတ်နေတာများ”

    “စကားမတတ်ပါဘူး အမေရာ တကယ်ပြောတာ ကဲ စားကြစို့ အမေရေ အမေက အသားစား ကျုပ်က အဆီစားမယ် “

   “ငါ့သား အမေတခုပြောချင်တယ် “

   “ပြောလေ အမေ “

    “အမေ့ကိုထားခဲ့ပြီး ရွာကနေ အကြာကြီး ထွက်မသွားစမ်းပါနဲ့ အမေက တယောက်တည်းဆိုတော့ ယောင်ချာချာကြီးဖြစ်နေတာ “

    “အင်းပါ မနက်ဖြန်တော့ သွားရဦးမယ် အမေရေ ကျုပ်တို့ ခေါ်လာတဲ့အဖွားက သိပ်သနားစရာကောင်းတာဗျ”

    ပေတူးသည်  ထမင်းစားရင်းမှ မိခင်ဖြစ်သူအား အဖွားနွေဦးအကြောင်းပြောပြလိုက်လေသည်။မိခင်ကြီးသည် ပေတူးပြောပြသည်ကို စိတ်၀င်စားစွာဖြင့် နားထောင်နေသည်။ထို့နောက်

   “သနားပါတယ် အခု အဆင်ပြေသွားလို့တော်သေးတာပေါ့ “

   “အဆင်မပြေသေးဘူး အမေရ ကျုပ်တို့ လိုက်ပို့ပေးရဦးမှာ သူက ပညာတွေ မရှိတော့မှ အဆင်ပြေမှာ “

   “သဘောက ငါ့သားက မနက်ကျရင် ဘိုးထင်တို့နဲ့ လိုက်သွားအုံးမယ်လို့ ပြောတာလား”

    “အမေကလည်း နောက်ဆို ကျုပ် မသွားတော့ပါဘူးဗျ”

    “ငါ့သားက မကောင်းတာတွေ လုပ်နေတာမှမဟုတ်တာ ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအကျိုးဆောင်တာ ကောင်းတဲ့ အလုပ်ပဲ အမေ မတားတော့ပါဘူး ဒီက အမေကြီးကိုလည်း မေ့မထားနဲ့ပေါ့”

   “အင်းပါ အမေရယ် မေ့စရာလားဗျာ ကျုပ်မှာ ဒီအမေ တယောက်ပဲ ရှိတာကို အဘကလည်း နောက်တယောက်မှ မယူတာ သူသာ နောက်တယောက်ယူခဲ့ရင် အမေနှစ်ယောက်ဗျာ”

   “တယ် ဒီကောင်လေးကတော့ ရွှတ်နောက်နောက်နဲ့ “

    ပေတူး၏စကားကြောင့် မိခင်ဖြစ်သူ ရယ်လိုက်သဖြင့် သားအမိနှစ်ယောက်၏ ထမင်းဝိုင်းလေးသည်က ရယ်မောသံများနှင့် ပျော်ရွှင်ဖွယ် အတိဖြစ်ပါလေတော့သည် ။

◾အခန်း (၄)

    တိတ်ဆိတ်ငြိမ်သက်နေသော ပေပင်ရွာလေး၏ ညသန်း ခေါင်ယံအချိန်တွင် ဖြစ်သည်။မှောင်မဲတိတ်ဆိတ်နေသော မောင်ဘိုးထင်၏အိမ်ခြံဝန်းကျယ်ကြီးပတ်၀န်းကျင်တွင် အရိပ်မဲများစွာသည် အိမ်ဝိုင်းထဲဝင်ဖို့ရာ ကြိုးစားနေကြသည်။သူတို့ အိမ်ဝိုင်းထဲသို့ ဝင်လိုက်သည်နှင့် အနောက်သို့ လွင့်စင်သွားစမြဲဖြစ်သည်။သို့ပေမဲ့ တချို့အရိပ်မဲများသည် အိမ်ဝိုင်းထဲသို့ ဝင်လာနိုင်ကာ အိမ်ဆီသို့ တိုးကပ်လာကြလေသည်။အိမ်နှင့်ဆယ်ပေဝန်းကျင်ခန့်အနီးသို့ ရောက်သောအခါ ထိုအရိပ်မဲများသည် လွင့်စင်သွားပြန်၏။သို့ပေမဲ့ ထိုအရိပ်များသည် နောက်ဆုတ်သွားခြင်းမရှိပဲ ရှေ့သို့သာ ဆက်တိုးနေသည်။လွင့်စင်သည့်အရိပ်က လွင့်စဉ် အိမ်ဝိုင်းထဲ ဝင်နိုင်ပြီး အိမ်နားရောက်သော အခါမှ လွင့်သွားပြန်သည့်အရိပ်များက လွင့်နှင့်  ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံနှင့်အတူ လင်းကြက်တွန်သံများ ကြားရသည့်အခါမှသာ ထိုအရိပ်မဲများသည် တဖြည်းဖြည်းပျောက်ကွယ်လို့ သွားတော့သည်။ထိုအရိပ်မဲများ ပျောက်ကွယ်သွားပြီး မကြာမီအချိန်တွင် မောင်ဘိုးထင်၏အိမ်လေးထဲတွင် ရေနံဆီမီးခွက်အလင်းရောင်လေး ထွန်းလင်းလာပြီး စကားသံတခု ကြားလာရသည်။ထိုအသံရှင်သည် အဖွားနွေဦး၏အသံဖြစ်ပြီး မောင်ဘိုးထင် နှင့် ဇေယျာတို့အား နှိုးနေခြင်း ဖြစ်သည်။

   “ဆရာလေးနဲ့ မောင်ဇေယျာ ထတော့  “

   “ဟုတ်ကဲ့ အဖွား ပြင်ဆင်စရာတွေကတော့ ညကတည်းကပဲ ပြင်ဆင်ထားပြီးပါပြီ အဖွား ဟိုကောင်တွေ အလာကိုပဲ စောင့်ရမှာ   “

   “အင်း အဖွားကတော့ စိတ်လှုပ်ရှားနေပြီ လူလေးရေ “

   “အဖွား ညက အဖွားအိပ်မပျော်ဘူး မဟုတ်လား”

“ဟုတ်တယ် စိတ်ထဲ ခြံထဲကို တယောက်ယောက် ဝင်လာတယ်လို့ ထင်နေတယ် “

    “မပူနဲ့ အဖွားရေ အဘ နဲ့ အင်းဝိဇ္ဇာက ကျုပ်တို့ကို အိမ်ဝိုင်းထဲ ဝင်ပြီး ဒုက္ခပေးလို့ မရအောင် စီရင်ပေးထားပါတယ်။ ရွာက  ထွက်ရင်သာ သေချာဂရုစိုက်လို့ မှာထားတာ အဖွားရ”

    မောင်ဘိုးထင်တို့ စကားတပြောပြောနှင့် သွားတိုက်၊မျက်နှာ သစ် လုပ်နေကြချိန် လှည်းဝင်ရိုးသံသဲ့သဲ့နှင့် အော်ကြီးဟစ် ကျယ်စကားသံတို့ကြောင့် ဖိုးထွေးတို့လာပြီဖြစ်ကြောင်း မောင်ဘိုးထင်သိလိုက်သည်။မကြာသောအချိန်တွင် ထုံးစံအတိုင်း ငြင်းကြခုံကြနှင့် ဖိုးထွေးတို့ ရောက်လာကြသည်။လှည်းရပ် ရပ်ချင်းပင် သာအေး နှင့် ပေတူး လှည်းပေါ်မှ ဆင်းလာကာ

   “ငပျင်း ဘိုးထင် နိုးပြီးလားဟေ့ “

   “နိုးနေပါပြီကွ”

    “နိုးပြီ လုပ်မနေနဲ့ ငါတို့ အကြော်သည်ဒေါ်တုတ်ကို သုံးနာရီ လောက်ကတည်းက နှိုးပြီး အကြော် ထကြော်ခိုင်းထားတာ ဒေါ်တုတ်က နှစ်ဆဈေးပေးမှဆိုတာနဲ့ ဈေးနှစ်ဆပေးပြီး ဝယ်လာရတယ် “

   “ဖြစ်ရမယ် ငါ့မြေးတွေကတော့ “

   အဖွားနွေဦးသည် ပေတူး၏စကားကြောင့် ပြုံးလိုက်သည်။ထိုအခါ သာအေးသည်

    “ကျုပ်တို့ရွာက ဒေါ်တုတ်က အတော်ကိုစည်းစနစ်ကြီးတာဗျ ဘယ်လောက်စည်းစနစ်ကြီးသလဲဆို ဟိုနေ့က သူ့သားနဲ့ သူ့ယောက်ျား အကြော်စားကြတာကို အကြော်ဖိုးတောင်းလို့ ဟို သားအဖနှစ်ယောက်က အိမ်ပေါ်က ဆင်းသွားတယ်ဗျာ “

   “ဟုတ်ပါ့မလား ငါ့မြေး သာအေးရယ် “

   “ဟုတ်တယ် အဖွားရ တကယ်ပဲတောင်းတာ ဟိုက ငွေမရှိတော့ မပေးနိုင်တာကို ပျစ်ပျစ်နှစ်နှစ်ကို လူကြားထဲပြောတာ ဗျာ ဒေါ်တုတ်ဆိုင်ကို အကြွေးဆို ရွာထဲကဖိုး‌မောင်ဆိုတဲ့ အရူးကြီးတောင် မဝယ်ရဲဘူး နောက်ဆုံး ဟဲ့ခွေး ဒေါ်တုတ်ဆိုင် ဆိုတာနဲ့ ကိုက်မဲ့ခွေးတောင် မကိုက်ရဲပဲ ထွက်ပြေးတာဗျ”

   “အကြွေးက ထားပါတော့ ခွေးကတော့ ငါ့မြေး ပိုပြီ “

    “ဟုတ်တယ် အရီးရ သာအေးပြောတာ မှန်တယ် ဒေါ်တုတ်က ခွေးတွေ သူ့ဆိုင်အနားကပ်ရင်လည်း ခဲနဲ့ပစ်လွှတ်တာဗျာ ဟိုတလောကတောင် ကိုခွေးလေးကို ခဲနဲ့ပေါက်မိလို့ ပြဿနာ အတော် ရှင်းယူလိုက်ရတယ် “

    အဖွားနွေဦးသည် မောင်ဘိုးထင်၊ပေတူး နှင့် သာရတို့၏ စကားကို တအံ့တဩနားထောင်နေသည်။ကျန်သော ဖိုးထွေး၊သာရ နှင့် ဇေယျာတို့သည် လှည်းများ ပြင်ဆင်နေကြခြင်းဖြစ်သည်။

   “ဘာဖြစ်လို့လဲ  ငါ့မြေးရဲ့ ပြောစမ်းပါဦး”

    “ဘာဖြစ်ရမှာလဲ အဖွားရယ် အကြော်သည်ဒေါ်တုတ်ကြီးက ခွေးတွေလာရင် ပစ်ဖို့ ကျောက်ခဲတွေ ချထားဝာာဗျ ကျောက်ခဲ တွေကို ရေဆေးပြီးတော့ ဆန်ကောနဲ့ကိုထည့်ထားတာနော် အဲ့အချိန် ကျုပ်တို့ရွာက ကိုခွေးလေးက အကြော်ဆိုင်ကိုလာတာ အဖွားရ အကြော်ဆိုင်ထဲမှာ သူ့အပေါင်းအသင်းတွေက ကိုခွေးလေးကို မြင်တော့ ခွေးလေး လာ လာ လို့ခေါ်လိုက်တာကို ဒေါ်တုတ်က အကြော် ကြော်နေရင်းနဲ့ ခွေးလေးအသံ ကြားတော့ ပစ်ပေါက်လိုက်တာ ကိုခွေးလေး ထိပ်ပေါက်ပြီး လူကြီးအိမ် ရောက်သွားတာပေါ့ အဘွားရယ် “

   “ဟယ် မဟုတ်ကဟုတ်က ငါ့မြေးတို့ ပေါက်ကရတွေ ပြောနေတာ မဟုတ်လား “

   “တကယ်ပါဆို အဖွားရာ “

    ဟုတ်သည်ရှိ မဟုတ်သည်ရှိ အဖွားနွေဦးသည် မောင်ဘိုးထင်တို့၏ ပြောစကားများကို သဘောကျနေသည်။သူတို့နှင့် အတူရှိရသည်မှာ မပျင်းရပေ။သူမ၏စိတ်ထဲတွင် မြေးဖြစ်သူကိုပိန်အား မောင်ဘိုးထင်တို့ကဲ့သို့လူငယ်လေးများနှင့် အပေါင်း အသင်း ဖြစ်စေချင်နေမိသည်။ထို့နောက် လှည်းသည်လည်း ပြင်ဆင်ပြီးသွားပြီမို့  သူတို့အားလုံးသည် မယားလဲသစ်ပင်ဆီသို့ သွားမည့်ခရီးအား  စတင်လိုက်ကြပါလေတော့သည်။

◾အခန်း (၅)

     နံနက်မိုးသောက်ဝေလီဝေလင်းအချိန်ကို အာရုံတက်ချိန်ဟုခေါ်သည်။ယခုအာရုံတက်ချိန်တွင် ပေပင်ရွာပြင်အထွက် လှည်းလမ်းလေးတွင် လှည်းလေးနှစ်စီး ခြူသံတချွင်ချွင်နှင့် ခရီး ထွက်လာလေသည်။ယခုအခါတွင်တော့ ပေတူး၊ဘိုးထင် နှင့် အဖွားနွေဦးတို့ကို တင်ဆောင်လာသော လှည်းလေးအား ဇေယျာမှ မောင်းပြီး ရှေ့မှ ဦးဆောင်သွားနေသည်။အနောက်တွင်တော့ သာအေး၊သာရ နှင့် ဖိုးထွေးတို့ဖြစ်ပြီး လှည်းမောင်းသူမှာ သာရဖြစ်သည်။သူတို့လှည်းပေါ်မှ သာအေးသည် သီချင်းတပုဒ်ကို ခပ်ကျယ်ကျယ်ညည်းလိုက်ချိန် ဖြောင်း ဆိုသည့် အသံနှင့် အတူ ဖိုးထွေး၏ခပ်မာမာအသံက ထွက်ပေါ်လာသည်။

    “မင်းမေကြီးတော် မိုးက မလင်းသေးဘူး အသံသေးအသံ ကြောင်နဲ့ အော်ဆိုမနေနဲ့ “

   “ဟုတ် ဟုတ်ကဲ့ပါ ကိုဖိုးထွေးရ ခင်ဗျားက နားရင်းတအား အုပ်တာပဲ ဘာလဲ အမမိကျောနဲ့ စကားများလာတာလား “

    ဖိုးထွေး ဘာမှမပြောပဲ ငြိမ်နေ၏။ထိုအတွက်ကြောင့် သာအေး သဘောပေါက်လိုက်သည်။နောက်ထပ်သီချင်းဆိုဖို့ကိုလည်း သူ မကြိုးစားရဲတော့ပေ။ရှေ့လှည်းမှ ပေတူးသည် အဖွားနွေဦးအား ကြည့်ကာ

   “အဖွား “

   “အင်း မြေး”

   “အဖွားက ပညာတွေ စွန့်လို့ရသွားရင် တန်းပြန်တော့မှာပေါ့”

    “ပြန်ရမှာပေါ့ အိမ်မှာ ကိုပိန်က မျှော်နေမှာလေ “

   “ဟုတ်တယ်နော် ကျုပ်အမေလည်း ကျုပ်ကို ညက စကားတွေ အများကြီးပြောတယ် ကျုပ်ကို သတိရနေတာတဲ့”

   “သတိရတာပေါ့ အမေတွေဆိုတာ ကိုယ့်သားသမီးကို သတိမရပဲ ရှိပါ့မလား”

    သူတို့ လှည်းလေးပေါ်တွင် စကားတပြောပြောနှင့် သွားနေရာ နေအတော်ကို မြင့်လာပြီ ဖြစ်၏။ထိုအချိန် သူတို့၏လှည်းအ ရှေ့မလှမ်းမကမ်းတွင် အသက်တဆယ့်ရှစ်နှစ်အရွယ် လုံမပျိုလေးနှစ်ယောက်တို့ လာနေသည်ကို တွေ့လိုက်ရသည်။လှည်းအနားရောက်သည်နှင့်

    “လှည်းလေး ခဏရပ်ပါဦးရှင့် ဒီလမ်းက ပေပင်ရွာကို သွားတဲ့လမ်းလား သိချင်လို့ပါ”

    ဇေယျာသည် ချက်ခြင်းပြန်မဖြေပဲ မောင်ဘိုးထင်တို့ကို ကြည့်လိုက်၏။ထိုအခါ မောင်ဘိုးထင်သည် ပေတူးကို ကြည့်ကာ

   “ဟေ့ကောင် သူတို့က တို့ရွာကမဟုတ်ဘူး မင်းမြင်ဖူးလား “

    “မမြင်ဖူးပါဘူးကွာ ဒီအချိန်ကြီး ဘယ်မိန်းကလေးကများ နှစ်ယောက်တည်း လာရဲမှာလဲ”

   “အချိန်က မစောတော့ဘူးလေ ပေတူးရ”

    “လူတော့မဟုတ်လောက်ဘူး ဟိုတယောက်ဆို ကိုဖိုးထွေးနဲ့တောင် ခပ်ဆင်ဆင်ပဲ “

   “အေး ဟုတ်တယ် “

    သူတို့ တီးတိုးပြောနေစဉ် လှည်းနှင့် မလှမ်းမကမ်းမှ မိန်းက လေးနှစ်ယောက်သည် စိတ်မရှည်ဖြစ်လာကာ

    “လှည်းဆရာကိုအဝှာ ရှင်က မာနကြီးတာလား ဒါလေးမေးတာကို “

   “ဟုတ်ပါ့တော် “

    လုံမလေး နှစ်ယောက်သည် ဇေယျာအား ပြစ်တင်ပြောဆိုနေရာ အဖွားနွေဦးမှ ၀င်စကားပြောမည်ပြုစဉ် မောင်ဘိုးထင်မှ တားလိုက်ပြီး

   “အဖွားနေ စောစောစီးစီး ဒင်းတို့က လာနှောက်ယှက်နေတယ် ကျုပ်တို့ ဆုံးမလိုက်မယ် “

    “မမြင်ဖူးဘူး ငါ့အထင် ငါတို့ကို နှောက်ယှက်မလို့နေမှာ “

   “ငါလည်း အဲ့လို ထင်တာပဲ လေးဂွ အသင့်ပြင်ထား ငါလည်း အဘ နဲ့ အင်းဝိဇ္ဇာပေးထားတဲ့ အစီအရင်တွေ အသင့်ပြင်ထားတယ်”

   မောင်ဘိုးထင်နှင့် ပေတူးသည် ‌မိန်းကလေးနှစ်ယောက်ကို စူးစိုက်ကြည့်ကာ

    “ဒီမှာ ဒီမှာ ကိုယ့်လမ်းကိုယ်သွားကြပါ ကျုပ်တို့ကို မနှောက်ယှက်ပါနဲ့ “

    “ဟဲ့ကောင်လေး ငါတို့က ပေပင်ရွာသွားတဲ့လမ်းက ဒီလမ်းလားလို့မေးတာကို နှောက်ယှက်တယ်လို့ ပြောနေတာလား နင်တို့က ဘယ်လိုအရိုင်းအစိုင်းလေးတွေလဲ “

   ခပ်စွာစွာလုံမလေးနှစ်ယောက်သည် မောင်ဘိုးထင်၏ စကားကို မကျေမနပ်ဖြစ်ကာ ရန်တွေ့လေသည်။ထိုအခါ ပေတူးသည်

   “ခင်ဗျားတို့က ဘာတွေလဲဆိုတာ ကျုပ်တို့သိတယ် ခင်ဗျားတို့ ကြက်တွေ မဟုတ်လား”

   “ဘာ ပြောတယ် မသာလေး ငါတို့ကို ဘာများထင်နေလဲ “

    လုံမပျိုလေးနှစ်ယောက်သည် ပေတူးအား ဆဲရေးတိုင်းထွာနေသည်။မောင်ဘိုးထင်သည် ပေတူးကို ကြည့်ကာ

   “ကျတ်တွေတော့လုပ်ဟ ဘယ်က ကြက်တွေလဲ”

   “‌မေ့သွားလို့ပါကွာ သေချာတယ် ဒီဟာမကြီးတွေ ဒီလောက်ရိုင်းနေရင် မကောင်းဆိုးဝါးတွေပဲ  “

  “နေဦး ပေတူး ငါ အမြင်ဖွင့်ကြည့်ဦးမယ် “

   “ဘာအမြင်မှဖွင့်မနေနဲ့  သေချာတယ် ဒါ မကောင်းဆိုးဝါးတွေ ငါ လေးဂွနဲ့  အရင်ပစ်မယ်ကွာ မင်းက မင်းအဘရဲ့အစီအရင်တွေ ထုတ်ပြီး လှမ်းပစ်ကွာ “

   “အေး သူတို့ရုပ်ကြည့်ရတာလည်း မူမမှန်ဘူး “

   ပေတူးသည် ပြောပြောဆိုဆို လေးဂွကို ထုတ်ပြီး ချိန်လိုက်ရာ လုံမလေးနှစ်ယောက်သည်

   “မသာလေးတွေ လမ်းလေး မေးတာကို ငါ့တို့ကို လေးဂွနဲ့ပစ်မလို့ ချိန်တယ် ဟုတ်လား သေချင်းဆိုး ကာလနာ မြွေပွေးကိုက် လေးတွေ “

   “ဒီမကောင်းဆိုးဝါးမတွေ တော်တော်အဆဲသန်တယ် ပစ်ကွာ ပေတူး”

   “အေးကွာ ကိုဖိုးထွေးမျက်နှာနဲ့ မိန်းမယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးမတွေ ကဲဟယ် ကဲဟယ်”

   “အမလေး မသာလေးတွေ တကယ်ပစ်တယ်တော့ ရင်ဘတ်ကို လာမှန်တယ် အနီးကပ်ကို ဒီလောက်ပစ်ရလား အီး ဟီးး”

   လုံးမလေးနှစ်ယောက်သည် လှည်းဘေး ပတ်ပြေးပြီး ငိုနေလေသည်။ထိုအခါ မောင်ဘိုးထင်မှ

   “ဟေ့ကောင် မင်းလောက်စာလုံးတွေကို ဘာတွေနဲ့လုပ်ထားတာလဲ မကောင်းဆိုးဝါးမတွေ ငိုပြီးပြေးနေပြီ”

   “ဘာမှ မလုပ်ပါဘူးကွာ မကောင်းဆိုးဝါးတွေများ ရွာလူကြီး ကိုတောင် တိုင်မယ်တဲ့ မင်း အစီအရင်တွေနဲ့ ပစ်တော့လေကွာ “

   မောင်ဘိုးထင်သည် လွယ်အိတ်ထဲမှ အင်းဝိဇ္ဇာပေးထားသော အင်းစာရွက်များဖြင့် လှမ်းပစ်လိုက်သည်။အင်းစာရွက်သည်က သူတို့အနားကို တန်းမတ်စွာမပြေးဘဲ လေပေါ်တွင်သာ ဝဲပျံသွား၍ မောင်ဘိုးထင် အံ့ဩနေရသည်။အင်းဝိဇ္ဇာ၏ပြောပုံအရ ယခုအင်းစာရွက်သည် မကောင်းဆိုးဝါထံ ပစ်လွှတ်လိုက်သည် နှင့် ဓားစင်္ကြာတခုကဲ့သို့ လှည့်ပတ်ပြီး မကောင်းဆိုးဝါးမှာ အနာတရဖြစ်ကာ ထွက်ပြေးသွားမည် ဖြစ်သည်။ယခုတွင်တော့ သာမန်စက္ကူကဲ့သို့သာ ပျံဝဲနေသဖြင့် အံဩ‌နေသည်။ ဘေးတွင်ရှိသော ပေတူးသည်က လေးဂွ တချိန်ချိန်နှင့်  လှည်းကိုပတ်ပြေးနေသော မိန်းကလေးနှစ်ယောက်ကို ထပ်ပစ်ဖို့ ကြံနေရာ ဘိုးထင်မှ လက်ဖြင့် အသာအယာတို့လိုက်ပြီး

   “ဟေ့ကောင်နေဦးဟ စွတ်ပစ်ဖို့ လုပ်မနေနဲ့ဦး အစီအရင်တွေက အခု အလုပ်မလုပ်ဘူး “

   သူတို့ စကားပြောနေစဉ် သာရတို့လှည်းလေးသည် နောက်မှ ‌ရောက်လာကာ လုံမပျိုနှစ်ယောက်အနက် လေးဂွဖြင့် အပစ်ခံရသောလုံမလေးသည် လှည်းပေါ်မှဖိုးထွေးကို မြင်သည်နှင့်

  “ဖိုးထွေး ငါတို့ကို ဟိုရုပ်ဆိုးဆိုးကောင်တွေ လေးဂွနဲ့ ပစ်တယ်”

   “မိဂျမ်း နင်တို့က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ “

    “ငါတို့က ရေအိုးစင်ရွာကနေလာတာ ဘကြီးနဲ့ နင်တို့ကို မတွေ့ရတာကြာလို့ အမေ့ကို ခွင့်တောင်းပြီးလာခဲ့တာ မရောက်တာ ကြာတော့ လမ်းမေ့နေလို့ ဒီလှည်းကိုမေးတာပြန်မဖြေဘဲ မသာလေးနှစ်ယောက်က လေးဂွ နဲ့ တန်းပစ်တာ  “

   လုံမလေး နှစ်ယောက်မှ ငိုယိုပြီးတိုင်နေသဖြင့် ဖိုးထွေးသည် မောင်‌ဘိုးထင်တို့ကို ကြည့်ကာ

   “ဟေ့ကောင် မင်းတို့က ဘာလို့ပစ်ရတာလဲ ဒါ ငါ့ကြီးကြီးရဲ့ သမီးတွေကွ မင်းတို့ကွာ”

  “နို့ သိမှမသိပဲဗျာ မကောင်းဆိုးဝါးထင်လို့ပါ “

   “ဘာမကောင်းဆိုးဝါးလဲ ငါတို့က မောင်နှမတဝမ်းကွဲတွေဆိုပေမဲ့ ရုပ်တူတာ မမြင်ဘူးလား”

  “ရုပ်တူလို့ကို ပစ်လိုက်တာပါ “

   “ဘာကွ”

    မောင်ဘိုးထင်တို့ ခေါင်းများငုံ့ပြီး မည်သည့်စကားမှ မပြောပဲ ငြိမ်နေကြရသည်။ဖိုးထွေးသည် မောင်နှမဝမ်းကွဲတော်စပ်သူ မိဂျမ်းဆိုသူအား ကြည့်ကာ

   “မိဂျမ်း နင်တို့ ရွာသွားကြမှာမို့လား ဒီလမ်းအတိုင်းသာသွား”

   “ဟိုမသာလေးတွေကို မ‌ကျေနပ်ဘူး ဘကြီး နဲ့ တိုင်မယ် ပြီးရင် ဒင်းတို့ကို ထိပ်တုံးခတ်ခိုင်းမယ်  “

   “အေးပါဟာ ငါတို့ သွားစရာရှိလို့ သွားလိုက်ဦးမယ် အဲ့တာတို့ ရွာသားတွေ နင်တို့ကို မမြင်ဖူးဘူးလို့ပါ နင်က ဒီကောင်တွေ ငယ်ငယ်လေးကတည်းကပဲ ရောက်တာကို “

   “ငါ့ကို လေးဂွနဲ့ပစ်တဲ့ ကောင်ကိုသိတယ် ဦးကြီးသန်းလှိုင်ရဲ့ သား ပေတူး မသာလေး ငါ့ကို သိသိကြီးနဲ့ လုပ်တာ “

   “ဟုတ်တယ် သွား သွား အဘရော အမေရော ရှိတယ် “

    ဖိုးထွေးသည် သူ၏အမဝမ်းကွဲကို ချော့မော့ကာ ရွာသို့သွားခိုင်းလိုက်ပြီးနောက် မောင်ဘိုးထင်တို့အား လက်သီးပြကာ သွားဖို့ အချက်ပြလိုက်သောအခါမှ  ပေတူးသည်လည်း ဇေယျာအား လှည်းကို မောင်းရန်ပြောလိုက်သဖြင့် လှည်းလေးသည် တရွေ့ ရွေ့နှင့်  မယားလဲသရက်ပင်ဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ကြပါလေတော့သည်။

◾အခန်း (၆)

    မောင်ဘိုးထင်တို့ လှည်းလေးနှစ်စီးသည် ဝေလီဝေလင်းမှ ထွက်လာရာ ဖိုးထွေး၏အမဝမ်းကွဲကို လေးဂွ နှင့် ပစ်မိသည့် အဖြစ်ကလွဲပြီး နောက်ထပ် မည့်သည့်အနှောက်အယှက်မှ မရှိပဲ  အေးအေးချမ်းချမ်း ခရီးဆက်နိုင်လေသည်။နံနက်စာကို လှည်းပေါ်တွင်သာ စားလိုက်ကြပြီး နေ့လယ်စာ စားရန်အတွက် လှည်းစခန်းချရန် အရိပ်ကောင်းသောလမ်းဘေးရှိသစ်ပင်ကြီးတပင်၏အရိပ်အောက်တွင် လှည်းနားလိုက်ကြသည်။သူတို့ သည် ရိုးမတောင်ကြောတွင် ရှိသည်ဟုသာ သိထားသော မယားလဲသရက်ပင်အား မည်သို့သွားရမည်ကိုမသိပေ။သို့ပေမဲ့ ရိုးမတောင်ကြောကိုတော့ သူတို့ သွားတတ်၏။ထိုမှတဆင့် တောင် ခြေတွင်ရှိသောမုဆိုးရွာလေးများအား မေးကြည့်မည်ဟုသာ တွေးထားကြခြင်းဖြစ်သည်။ဤသို့ဖြင့် ထုံးစံအတိုင်း သာအေး၊မောင်ဘိုးထင် နှင့် ပေတူးတို့ သုံးယောက်အား ဖိုးထွေးမှ တို့စရာ အသီးအရွက်ရှာခိုင်းလေသည်။သူ၏ အမဖြစ်သူကို လေးဂွဖြင့် ပစ်မိထားသော မောင်ဘိုးထင်တို့သည် ယခုတကြိမ်တွင်တော့ ပြစ်တင်ပြောဆိုခြင်းမလုပ်ကြဘဲ ချက်ချင်းပင် သာအေးကို ခေါ်၍ လှည်းလမ်းဘေးရှ် လျှိုများရှိရာဘက်သို့ ထွက်ခွာသွားကြသည်။လမ်းတွင် သာအေးသည် မကျေမနပ်နှင့် စကားစလာလေသည် ။

    “မင်းတို့ကောင်တွေက အခုမှ ကိုဖိုးထွေးခိုင်းတာကို မငြီးမငြူပဲ လုပ်နေပါ့လား”

   “မလုပ်လို့ရမလား သူအမကို လေးဂွနဲ့ ဆော်ထားတာကို ဒီကောင်ပေတူးကလည်း ကျတ်လို့ မပြောဘဲ ကြက်လို့ သွားပြောတော့ ဟိုက စိတ်ဆိုးသွားတာ “

   “ကြက်လို့ ပြောတာနဲ့ပဲ ဘာစိတ်ဆိုးစရာရှိလဲကွာ  မင်းပဲ စဉ်းစားကြည့်အုံး “

   “အေး အဲ့တာလည်း ဟုတ်တာပဲ  ကိုဖိုးထွေးအမက မိဂျမ်းဆို တဲ့ နာမည်အတိုင်း အတော်ကြမ်းမယ် ထင်တယ်ကွ”

    သူတို့တတွေ စကားတပြောပြောဖြင့်ပင် ဇရစ်ရိုးများ နှင့် တခြားတွေ့ရာ ဟင်းရွက်များကို  ခူးနေစဉ်

  “ဟေ့ ဘိုးထင် “

   သာရ၏ ကျယ်လောင်သောခေါ်သံကြောင့် မောင်ဘိုးထင်တို့ သည် ချက်ခြင်း လှည်းစခန်းချရာ အပင်ဆီသို့ တရှိန်ထိုး ပြေး လွှားသွားလိုက်ကြသည်။သူတို့လှည်းနားရာ သစ်ပင်ကြီးတပင် အောက်ရောက်သောအခါ သစ်ပင်တွင် ဆံပင်ရှည်ကြီးများနှင့်  ပူးချည်ခံထားရသည့် ဖိုးထွေး၊သာရ နှင့် ဇေယျာ တို့အား တွေ့လိုက်ရသည်။ဆံပင်လာရာကို ကြည့်လိုက်သောအခါ လက် သည်းရှည်များဖြင့် အဖွားနွေဦး၏လည်ပင်းကို ထောက်ထားသော မိန်းမကြီးတယောက်ကို တွေ့လိုက်ရသည်။ထိုမိန်းမကြီး ၏ ဦးခေါင်းမှဆံပင်များသည်  ရှည်လျားစွာရှိနေပြီး ဖိုးထွေးတို့အား ထိုဆံပင်ရှည်တို့ဖြင့် ရစ်ပတ်ထားခြင်းဖြစ်သည်။မကောင်းဆိုးဝါးမိန်းမကြီးသည် ဆံပင်များ အဆမတန်ရှည်လွန်းခြင်းကြောင့် ဖြစ်မည်ထင်၏။ကိုယ်ခန္ဓာသည် ပိန်လိန်ရှုံ့ကပ်နေကာ မျက်နှာသည်လည်း အရိုးပေါ်အရည်တင်ဖြစ်ပြီး မျက်လုံဟောက်ပက်နှင့် ဖြစ်၏။ဆံပင်များနှင့် သစ်ပင်တွင် ရစ်ပတ်ခံထားရသော ဖိုးထွေး၊သာရ နှင့် ဇေယျာတို့ သုံးဦးအ နက် ဖိုးထွေးသည် မောင်ဘိုးထင်တို့ကို မြင်သောအခါ

   “ဟေ့ ဟေ့ကောင်တွေ ကယ်ပါဦးကွာ ဒီစုန်းမကြီး ဆံပင်တွေက မြင်းအမြီးကြီးကျနေတာပဲ ကြမ်းလိုက်တာ ပြီးတော့ နံတယ် ကွ ခေါင်းလည်း မလျှော်ဘူးထင်တယ် “

   “ဟေ့ကောင် ဖိုးထွေး သေခါနီးအချိန်မှာတောင် အခွက်ပြောင်နေသေးတယ် “

   “ပြောင်တာ မဟုတ်ဘူးကွ ငါတကယ်ပြောတာ သေရင်လည်း တခါတည်းသေကွာ အခုဟာ ဒီဆံပင်ကြီးတွေက ရွံစရာကြီးတွေ”

   အတူတူချင်းရစ်ပတ်ခံထားရသော သာရ၏စကားကို ဖိုးထွေး ပြန်လည်ချေပလိုက်ပြီး မောင်ဘိုးထင်တို့အား အော်ဟစ်အကူ အညီတောင်းနေကြသည်။မကောင်းဆိုးဝါးမိန်းမကြီးသည် ‌အဖွားနွေဦး၏လည်ပင်းမှ သွေးများ ထွက်လာသည်အထိ လည်ပင်းကို လက်သည်းဖြင့်စိုက်ဝင်အောင် ထိုးလိုက်ကာ

   “ဟဲ့ကောင်မ ငါ့ကို ပြန်တိုက်လေ နင် မတိုက်ရင် ဟိုသစ်ပင် ပေါ်‌က ကောင်လေးတွေရော အခု လာနေတဲ့ ကောင်လေးတွေ‌ကို ရော ငါ သတ်မှာနော် “

   “မတိုက်ဘူး”

   “နင် မတိုက်ရင် “

    မကောင်းဆိုးဝါးမကြီးသည် သူ၏ဦးခေါင်းကို တချက်ယမ်းလိုက်ရာ ရှည်လျားသောဆံပင်များမှာ တင်းသွားပြီး သူ၏ ဆံပင်တို့နှင့် ရစ်ပတ်ခံထားရသော ‌ဖိုးထွေးတို့သည် နာကျင်မှုကြောင့် တအင်းအင်းနှင့် ညည်းညူနေသဖြင့် အဖွားနွေဦး၏ ကိုယ်ခန္ဓာသည် တုန်ယင်လာပြီး မျက်လုံးတို့မှ မဲနက်စပြုလာ ၏။ထိုသို့ သူမ ဒေါသမထိန်းနိုင်ဖြစ်သွားသောအခါ မကောင်း ဆိုးဝါးမကြီးသည် သဘောကျစွာ ရယ်နေလေသည်။မောင်ဘိုးထင်တို့သည် အဖွားနွေဦး၏အခြေအနေကို သိနေသောကြောင့် လှမ်းအော်၍ သတိပေးလိုက်ရသည်။

   “အဖွား စိတ်လျှော့ အဖွားမြေးကိုပိန် အဖွားကို စောင့်နေတယ် နော် စိတ်လျှော့ ဒီမကောင်းဆိုးဝါးမကြီးကို ကျုပ်တို့ နှိမ်နှင်းပြီး မယားလဲသစ်ပင်ကို သွားကြမယ် “

   “ဟုတ်တယ် အဖွား သူရဲ့လှည့်ကွက်ထဲ မရောက်စေနဲ့ “

    ပေတူး၊သာအေး နှင့် မောင်ဘိုးထင်တို့သည် ပြောပြောဆိုဆို ဖြင့် ရှေ့တိုးလာရာ မကောင်းဆိုးဝါးမကြီးသည် သူ၏လက်ကို မောင်ဘိုးထင်တို့ဆီသို့ ဆန့်တန်းလိုက်၏။ထိုအခါ သူ၏ လက် တို့သည် ရှည်လျားလာကာ မောင်ဘိုးထင်တို့အား ရစ်ပတ်ခါနီးအချိန်တွင်

   “ငါတို့ကို ကိုဖိုးထွေးတို့လို လွယ်လွယ်နဲ့များ ရမယ်ထင်နေတာ လား “

   မောင်ဘိုးထင်မှ ပြောပြောဆိုဆို သူ၏လွယ်အိတ်ထဲမှ အင်းဝိဇ္ဇာ၏ အင်းစာရွက်ကို ထုတ်ကာ ပစ်ပေါက်လိုက်သည်။ ထိုအခါ ခပ်ပျော့ပျော့စက္ကူတွင် ရေးထားသောအင်းကွက်များ မှာ‌ အရောင်လင်းလက်လာသလို အရွယ်အစားကြီးမားလာကာ အရှိန်ပြင်းစွာလည်ပတ်နေသည့် စင်္ကြာအသွင်ပြောင်းပြီး မကောင်းဆိုးဝါးမကြီး၏လက်တို့အား တိခနဲဖြစ်အောင် ဖြတ်ချလိုက်လေ၏။မကောင်းဆိုးဝါးမကြီးသည် သူ၏လက်ပြတ်သွားသောအခါ အဖွားနွေဦးလည်ပင်းကို ထောက်ထားသောလက်တဖက်အား အားပြုမယ်ကြံလိုက်စဉ် သူ၏လက်အား လောက်စာလုံးတလုံး လာထိမှန်ပြီး ထိုလက်သည်လည်း အနောက်သို့ ပြတ်ထွက်သွားပြန်လေ၏။ယခုမူ မကောင်းဆိုး ဝါးမကြီးသည် အနည်းငယ်ထိတ်လန့်နေပြီ ဖြစ်၏။အဖွားနွေဦး၏လည်ပင်းကို လက်သည်း နှင့် ထိုးထားသောလက်အား ပြတ်အောင် ပစ်လိုက်နိုင်သူမှာ သာအေးဖြစ်သည်။သာအေးသည် ‌ဘိုးထင်၏လွယ်အိတ်ထဲမှ ဦးအုန်းပေးထားသော အစီအရင်ထဲမှ မြေလုံးလေးတခုကို တွေ့၍ လေဂွထဲ ထည့်၍ ပစ်လိုက်ခြင်း ဖြစ်၏ ၊

    “ဟာ ဦးအုန်းပေးလိုက်တဲ့လောက်စာလုံးက လက်တောင်ပြတ်သဟ “

   “ဟိတ်ကောင် အဲ့တာ လောက်စာလုံးမဟုတ်ဘူးဟ အဲ့ဒီအစီအရင်ကို နောက်ဆုံးအချိန်မှ သုံးဖို့ မှာထားတာ မင်းက ဘာလို့ ယူပြီး ပစ်လိုက်ရတာလဲ “

   “မပစ်ရင် အဖွား ဒုက္ခရောက်တော့မှာပေါ့ဟ မင်းလွယ်အိတ်ထဲကို ပေတူးနှိုက်တာ တွေ့တဲ့အလုံးကို ငါ့ပေးလို့ ပစ်လိုက်တာ”

   မောင်ဘိုးထင်တို့ အချင်းချင်းစကားပြောနေကြစဥ် မကောင်း ဆိုးဝါးမကြီးသည် သူမ၏ဆံပင်နှင့် ပတ်ထားသော ဖိုးထွေးတို့ကို လွှတ်ချလိုက်ကာ မောင်ဘိုးထင်ဆီသို့ ပါးစပ်ကို ဖြဲပြီး အလွန်လျင်မြန်လှသောအရှိန်ဖြင့် ပြေးကိုက်မည်ဟန်နှင့် ပြင် နေစဉ်  ပေတူးသည် မောင်ဘိုးထင်လွယ်ထားသော လွယ်အိတ်ကို ဖြုတ်ယူလိုက်ကာ  မကောင်းဆိုးဝါးမကြီးအား ရိုက်လိုက်လေသည် ။

   “အားးးး အားး”

   လက်နှစ်ဖက်ပြတ်နေသော မကောင်းဆိုးဝါးမကြီးသည် သူ၏ ဦးခေါင်းကိုပါ အစီအရင်များထည့်ထားသည့် မောင်ဘိုးထင်၏ လွယ်အိတ်နှင့်င့် အရိုက်ခံလိုက်ရသောကြောင့် နာကျင်စွာအော် ဟစ်ပြီး ထွက်ပြေးသွားလေတော့သည်။ဘိုးထင်သည် သူ၏ လွယ်အိတ်ကို ပေတူးလက်ထဲမှ ပြန်ယူလိုက်ကာ

   “ဟေ့ကောင် လွယ်အိတ်ကြီးနဲ့ ဘာလို့ရိုက်လိုက်တာလဲ “

   “မင်းအဘတွေ ပေးထားတဲ့အစီအရင်တွေ ထည့်ထားတဲ့ လွယ်အိတ်နဲ့ မရိုက်ရင် မင်း သေနေလောက်ပြီ”

   “အဘက တ‌ယောက်တည်းပါကွ မင်းကလည်း လာ ဟိုမှာ ကိုဖိုးထွေးတို့ သေပြီလား မသိဘူး “

    “သေရင်တော့ ခက်ပြီကွာ သူတို့ကို မနိုင်ဘူးဟ”

     မောင်ဘိုးထင်နှင့် ပေတူးသည် သာအေး၏စကားကြောင့် တအံ့တဩကြည့်ကာ မည်သည့်စကားမှ မပြောပဲ ‌ဖိုးထွေးတို့ဆီ သွားလိုက်လေသည်။တော်သေး၏။မည်သူမျှ ကြီးကြီးမားမား ဒဏ်ရမရပေ။ထို့နောက် ထမင်းပင်မစားတော့ပဲ ထိုနေရာမှာ အမြန် လှည်းများကို ကောက်ကာ ထွက်ခွာလိုက်ကြပါလေတော့ သည် ။

◾‌အခန်း (၇)

     ညနေစောင်းအချိန်သို့ရောက်သောအခါ ရိုးမတောင်ခြေသို့ ရောက်လာကြပြီ ဖြစ်၏။ကံကောင်းစွာနှင့် တောင်ပေါ်တက်ပြီး ဝါးခုတ်ကြသော ဝါးခုတ်သမားများနှင့် ဆုံသဖြင့် သူတို့အဖို့ များစွာ ဟန်ကျသွားလေသည်။မယားလဲသရက်ပင်အကြောင်းကို မေးလိုက်သောအခါ တောင်တက်လမ်းလေးကိုပြပြီး

    “ဒီလမ်းအတိုင်းသာ တက်သွား တော်တော်တော့ တက်ရတယ်  တောစာသရက်ပင်ကြီးတပင်ကို တွေ့လိမ့်မယ် အဲ့ဒီအပင်ကို မယားလဲသရက်ပင်လို့ ဒီနယ်က ခေါ်ကြတယ် “

   “ဟုတ်လား ဦးလေး နာမည်ပေးစရာရှားလို့ဗျာ မယားလဲ သရက်ပင်တဲ့လား “

   “အေးကွ တခါတုန်းက ဒီသရက်ပင်အောက်မှာ သူ့မယားကိုယ့်မယားလဲကြတယ် ဆိုပဲကွ “

   “တော်တော်ဆိုးတဲ့ လူတွေဗျာ “

   ပေတူး နှင့် သားအေးသည် ဝါးခုတ်သမားများနှင့် လေကျ နေ၏။အဖွားနွေဦး၏ခေါ်သံကြားမှ လာကြသည်။ထို့နောက် သူတို့သည် တောင်ခြေတွင် လှည်းနှင့် နွားများကို ထားခဲ့ကာ တောင်ပေါ်သို့ တက်လိုက်ကြ၏။အတန်ကြာ တောင်ပေါ်သို့ တက်ပြီးသွားသောအခါ ဝါးခုတ်သမားများပြောသည့်အတိုင်း တောစာသရက်ပင်ကြီးကို တွေ့လိုက်ရသည်။သရက်ပင်ကြီးသည် အတော်ကြီးမားလွန်းလှသည်။ငှက်များသည်ပင် အပင် အောက်ရောက်လာသော မောင်ဘိုးထင်တို့ကို သတိမမူနိုင်လောက်အောင်ထိ အပင်ကြီးသည် ကြီးမားမြင့်မားသည်။သူတို့ သရက်ပင်အောက်ရောက်သည်နှင့် တပြိုင်နက် တိုက်ပုံအင်္ကျီကို ကျနစွာ ဝတ်ထားပြီး သူဌေးသူကြွယ်များသာပေါင်းလေ့ရှိသည့်ခေါင်း ပေါင်းကို ကျနစွာပေါင်းထားသော နှုတ်ခမ်းမွေးစစနှင့် လူကြီးသည် သူတို့ရှေ့သို့ ရောက်လာပြီး

   “ရောက်လာကြပြီလားဟေ့ “

   “ဗျာ ဦးကြီးက ဘယ်သူတုန်း “

   “ဒီက ပညာသည်ကို ပညာစွန့်ပေးဖို့ ခေါ်တဲ့သူပေါ့ “

    ထိုသို့ပြောလိုက်သောအခါ အဖွားနွေဦးသည် ထိုလူကြီး၏ ရှေ့တွင်  ဒူးထောက်ပြီး

   “ဆရာကြီး ကျမကို ပညာစွန့် နိုင်အောင် ကူညီပေးပါ “

    “ကဲ ဒီအတိုင်း ဥုံဖွ ဆိုပြီး ပညာနှုတ်လို့က အကျိုးမရှိပေဘူး ငါပေးတဲ့ ကျင့်စဉ်ကို ကျင့်ပေတော့ ဒီသရက်ပင်နားမှာ လေးရက်တိတိ ကျင့်ကြံပြီးရင် ငါ ပြန်လာမယ် ကဲ မှတ်ထား “

    ထူးဆန်းသောလူကြီးသည် အဖွားနွေဦးအား ကျင့်စဉ်ပေးပြီး  သည်နှင့် ပျောက်ကွယ်သွားလေသည်။ထို့နောက် မောင်ဘိုးထင်တို့လည်း သရက်ပင်နားတွင် စတည်းချဖို့ရာအတွက် ပြင်ဆင်ရလေသည်။အဖွားနွေဦးသည်က ပြုံးရွှင်သောမျက်နှာထားဖြင့် မောင်ဘိုးထင်တို့ကို ကြည့်ကာ

   “မြေးလေးတို့ အဖွားရဲ့ပညာတွေ တဖြည်းဖြည်းနဲ့ သူ့အလိုလိုပျောက်နေပြီ ဆရာကြီးပေးခဲ့တဲ့ ကျင့်စဉ်ကို နှလုံးသွင်းလိုက်တာနဲ့ ပညာတွေ ပျောက်နေပြီ ကြည့်ပါလား အဖွားက ဒီလောက် မအိုသင့်သေးဘူးလေ အခု အဖွားရဲ့ဆံပင်အဖျားတွေ ပြန်နက်လာပြီ”

    အဖွားနွေဦးသည် သူမ၏ဆံပင်များကိုပြကာ ဝမ်းသာနေ သည်။ထိုအတွက် မောင်ဘိုးထင်တို့အားလုံးသည်လည်း ဝမ်းသာနေကြသော်လည်း ပေတူးမှာ ငေးမှိုင်နေသဖြင့်  အဖွားနွေဦးမှ မေးလေသည် ။

   “မြေး ပေတူး ဘာဖြစ်လို့လဲကွယ့် “

   “ကျုပ်အမေကို အရမ်းသတိရလာလို့ပါဗျာ ဒီတခေါက်ပြီးရင်တော့  ကျုပ်အမေကိုပဲ အချိန်ပေးတော့မယ် “

   “ငါ့မြေးပေတူးက လူလိမ္မာလေးပဲ “

   ထို့နောက် သူတို့သည် လေးရက်အချိန်အတွင်း နေထိုင်ဖို့ အတွက် မယားလဲသရက်ပင်အောက်တွင်  ရှင်းလင်းလိုက်ပြီး တဲများဆောက်ဖို့ ပြင်ဆင်လိုက်ကြပါတော့သည် ။

◾အောက်လမ်းဘိုးထင် နှင့် မယားလဲသရက်ပင်သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း