ကြောင်း တွေးနေခြင်းဖြစ်သည်။
“အဖေ့ … မနေ့ညနေက အပြန် ချောင်းစပ်က လက်ပံပင်မှာ ချိုးနီပုတစ်အုပ် တွန်သံ ညံနေတာပဲအဖေရာ”
နောက်မှလိုက်နေသော သံခဲက သူတွေ့ခဲ့သော ချိုးနီပုတစ်အုပ်အကြောင်း အားတက်သရော ပြော သံကြောင့် ကိုထွန်းတင် အတွေးလက်စ ပြတ်သွားသည်။
“တွေ့ပါသကော ငါ့သားရ၊ ချိုးနီပုတင် ဘယ်ကလိမ့်မတုံးကွ။ အရှေ့ဘက်က ထနောင်းပင်တန်းမှာ လင်းပြာတွေရော၊ လည်ပြောက်တွေပါ စုံနေတာပဲ။ အဲဒါကြောင့် ငှက်ဆွဲပိုက် ယူလာတာပဲ။ မနေ့က အဖေ ရေစမ်းရှိတဲ့အိုင်တွေကို ငှက်ခြောက်ရုပ်တွေလုပ်ခဲ့ပြီးပြီ။ ငှက်တွေ ရေကျဆင်းစရာဆိုလို့ လက်ပံပင်အောက်က စမ်းတွင်းပဲ ရှိတော့တာ။ နေ့လယ် ထမင်းစားပြီးမှ ငှက်ဆွဲကြတာပေါ့ကွာ”
“ဟုတ်ကဲ့ အဖေ၊ ဒါနဲ့ ငှက်ဆွဲမှာဆိုတော့ ပြောင်းရိုးက မရိတ်ကြတော့ဘူးလား အဖေ”
“မရိတ်လို့ ဖြစ်မလားကွ။ မင်းအမေ မီးဖွားတုန်းက လုပ်အားခယူပြီး ဝမ်းဆွဲဆရာမ ပေးလိုက်ရတာ။ မရိတ်ရင် အုပ်ချုပ်ရေးမှူးက ဆဲမှာပေါ့ ငါ့သားရ။ မနက်ပိုင်း တို့သားအဖ ဝီရိယထား ရိတ်ကြတာပေါ့ကွာ။ ငှက်ဆိုတာက နေမြင့်မှ ရေစမ်းကျတာ။ ပြောနေရုံနဲ့ မပြီးဘူး သားရေ။ ယာခင်းဆီရောက်အောင် သုတ်သုတ်လှမ်း”
သားအဖနှစ်ယောက်သည် ပြောလက်စ စကားကို ဖြတ်လိုက်ပြီး သုတ်ခြေတင်လိုက်ကြသည်။
မိုးနည်း ရေရှားဒေသဖြစ်သော အညာဒေသတွင် ဆောင်းအကုန် နွေကူး ကာလများ၌ ချောင်းတွင် ရေပြတ်ကြသည်။ အချို့နေရာများတွင် ရေအိုင်ငယ်ကလေးများ၊ လက်ယက်စမ်းတွင်းကလေးများ၌သာ ရေရှိတတ်သည်။
ထိုကာလတွင် စမ်းတွင်းဆီသို့ ရေသောက်ဆင်းကြသော ငှက်တို့ကို ပိုက်ဖြင့်ဆွဲသည့်ဓလေ့ ရှိလေ သည်။ ထန်းတောအိုင့်ရှိ ချိုးအုပ်များ၏ ရေကျကိုသိထားသော ကိုထွန်းတင်က ညကပင် ငှက်ဆွဲပိုက်ကို ကျနစွာပြင်ထားပြီး ဖြစ်သည်။
(၃)
နွေဦးပေါက်စ အညာဒေသ၏ မြင်ကွင်းကား ခြောက်ကပ်ကပ် နိုင်လွန်းလှသည်။ ယာခင်း၊ ချောင်းခင်းမှန်သမျှတွင် ရိုးပြတ်များကိုသာ တွေ့ရသည်။ ရိတ်သိမ်းစရာ သီးနှံဟူ၍ နွားစာအတွက် စိုက်ပျိုးထားသော ပြောင်းရိုးခင်းတို့သာ ရှိတော့သည်။ ပြောင်းရိုးခင်း ပတ်ဝန်းကျင်တွင် ကျေးငှက်တို့၏ တွန်ကျူးသံမှာ ဆူညံနေသည်။
ကိုထွန်းတင်တို့ သားအဖနှစ်ယောက်သည် ပြောင်းခင်း၏ အလယ်တွင် စည်းထိုး၍ ပါလာသည့် ငုံးထောင်ပိုက်တို့ကို ထောင်ပြီး ပြောင်းရိုးရိတ်ခြင်းအမှုကို ပြုနေကြသည်။
“ဘေးပတ်လည်က စားကျက် မရှိကြတော့ဘူးကွ။ ငုံးတွေ ပြောင်းခင်းထဲ စုကုန်ပြီ။ အဖေတို့ နောက်က ရိတ်လိုက်ရင် ပိုက်တိုးကြမှာပဲ”
ကိုထွန်းတင်က လက်ထဲ ဆုပ်ထားသော ပြောင်းရိုးကို ချပုံရင်းမှ သားဖြစ်သူ သံခဲကို ပြောလိုက်သည်။ ပြောင်းရိုး ပုတ်ပြတ်ရိတ်ရသည်ဖြစ်၍ အားတော့စိုက်ရရှာသည်။ နေ့စားရိတ်လျှင် ပုံမှန်ရိတ်ရ၍ သက်သာသေးသည်။
“ကျုပ်တို့သားအဖရော၊ ရွာထဲလူတွေအတော်များများပါ မိုးဦးကျကတည်းက ငုံးတည်လာကြတာ၊ ငုံးက ကုန်တယ်လဲ မရှိပါလား အဖေ”
သားဖြစ်သူ သံခဲ၏ အမေးကြောင့် ကိုထွန်းတင် ပြုံးမိသည်။ သံခဲသည် ငယ်စဉ်ကတည်းက အမေးမြန်းထူသည်။ လူကြီးလုပ်သည့် အလုပ်ကိုလည်း စိတ်ဝင်တစား ရှိလှသည်။ လုပ်လျှင်လည်း ကလေးနှင့် မလိုက်၊ သေသပ်သည်။
သံခဲသည် ကိုထွန်းတင်နှင့်အတူ တောလိုက်နေရသဖြင့် တောအကြောင်း တောင်အကြောင်းလည်း စေ့ငုသည်။ ယခုလည်း ငုံးမျိုးမပြုတ်သည့်အကြောင်း မေးလာလေသည်။
“ဘယ်ပြုတ်လိမ့်မတုံး ငါ့သားရ။ ငုံးမတွေက ငုံးဖိုနဲ့လိုက်ပြီဆိုတာနဲ့ ဥရုံ ဥကြတာ။ ငုံးမဥထားတဲ့ သားဥတွေကို ငုံးဖိုခမျာ ဝပ်ရရှာတာ။ ငုံးမက ဥပြီးတာနဲ့ အသစ်ရှာတာပဲဟေ့။ တစ်နှစ်ကို သုံး လေးကြိမ်မကလိုက်ကြတော့ မွေးတဲ့ ငုံးပေါက်က ဘယ်နည်းလိမ့်မတုံးကွ။ အဲဒါကြောင့် ငုံးမျိုး မပြုတ်တာ သားရေ။ ရှင်းပြီလား”
ကိုထွန်းတင်က ပြောင်းရိုးကို ထုံးရင်းမှ သူ၏ ငုံးဋီကာကို အဆုံးသတ်လေသည်။
“ဟာ … ဒီလိုဆို ကျုပ်တို့ရွာက ဦးလေးသာဒင်ကြီးလိုပေါ့ အဖေရ”
“ဟေ … ဘယ်လိုကြောင့်တုံး ငါ့သားရ”
“ဟုတ်တယ်လေ အဖေရ၊ ဦးလေးသာဒင်ရဲ့မိန်းမ ဒေါ်ငွေယုံကြီး နောက်ယောက်ျားနဲ့ လိုက်ပြေးသွားတော့ အခုဆို ဦးလေးသာဒင်ကြီးပဲ သားသမီးတွေ ရှာကျွေးနေရှာတာလေ အဖေရ”
“ဟား … ဟား … ငါ့သားကတော့ကွာ”
ကြံကြံဖန်ဖန် တွေးတတ်သော သားဖြစ်သူ သံခဲကြောင့် ကိုထွန်းတင် အသံထွက်၍ပင် ရယ်လိုက်မိတော့သည်။
ကာလသည် နေ့ပူညချမ်း ကာလဖြစ်၍ ကျောကွဲမတတ် ပူနေသည်။ ကိုထွန်းတင် နေကို မော့ကြည့်လိုက်သဖြင့် မွန်းတည့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုစဉ် ယာလယ်ဆီမှ “ဗြန်း”ဆိုသည့်အသံကို ကြားလိုက်ရသည်။
“ငါ့သား … ပိုက်ကို ဘာကောင်တိုးနေတယ် မသိဘူး၊ သွားကြည့်စမ်း”
သံခဲ အပြေးအလွှား ကြည့်မိသည်။
“အဖေရေ … ခါကြီး မိနေတာဗျ။ ငုံးနှစ်ကောင်ပါ မိလို့ဗျို့”
ခဏအကြာတွင် ဖမ်းမိထားသော ငုံးနှင့် ခါတို့ကို ခြေထောက်မှဆွဲ၍ ရောက်လာသည်။
“ခါက ဘယ်အချိန်ကတည်းက ဝင်နေလဲ မသိဘူး။ ကတ်သီးကတ်သတ် ငုံးထောင်ပိုက်ကို ဝင်တိုးရတယ်လို့ဗျာ”
သံခဲက မိထားသော ခါကို ကိုထွန်းတင်အား ပြရင်းမှ အားပါးတရ ပြောသည်။
“လူသံကြားလို့ ငြိမ်နေတာ ဖြစ်မှာပေါ့ကွ။ ဒီနေ့တော့ လပ်ကီးကောင်းတယ်ဟေ့။ နေမြင့်နေပြီ၊ ထမင်းစားကြစို့။ အဖေ အရှေ့နားက ဥသျှစ်ပင်မှာ အရွက်နုလေးတွေ တို့စားရအောင် သွားခူးချေအုံးမယ်ဟေ့”
သရက်ပင်အောက်ရှိ ထမင်းထုပ်အနီးတွင် တောဇော်က ဝပ်လျက် ရှိသည်။ သံခဲ ဝင်လာသည်ကို မြင် တော့ ထမင်းထုပ်အနီးမှ ခွာ၍ အမြီးနန့်ကာ ခရီးဦးကြိုပြုသည်။
“အင်း … တောဇော်လဲ ဆာရှာရောပေါ့”
သံခဲ စိတ်ထဲမှ ပြောမိသည့်စကား ဖြစ်သည်။
သံခဲ အရှေ့ဆီ လှမ်းမျှော်ကြည့်မိတော့ ကိုထွန်းတင်က သရက်ပင်ရိပ်ဆီ လှမ်းလာနေသည်။
(၄)
ကိုထွန်းတင်သည် တစ်တောင်ခန့်ရှိသော ဝါးငုတ်နှစ်ချောင်းကို ကွေးထားသော ပိုက်၏ ဝါးကိုင်း တစ်ဖက်တစ်ချက်တွင် ချိတ်၍ ငုတ်တို့အား သဲအောက်ခြေထိ စိုက်ဝင်သွားစေရန် ဓားနှောင့်ဖြင့် ထုရိုက်နေသည်။
သံခဲက ကြိုးလွန်းအိမ်မှ ကြိုးကို ပိုက်၏ ကျန်ကိုင်းတစ်ဖက်တွင် ချည်ခဲ့ပြီး ကြိုးလွန်းအိမ်ကို ဖြေ၍ သစ်ခက်တို့နှင့် အုံဖွဲ့ထားသော ငှက်ဆွဲအုံဆီသို့ ဆွဲယူသွားသည်။
ကိုထွန်းတင်က စမ်းတွင်းတစ်ဖက်တွင် ပိုက်ကို သေသပ်စွာ ပြင်ဆင်ပြီး သဲဖြင့်ဖုံး၍ ပိုက်ဆင်ခြင်းကို အဆုံးသတ်လိုက်သည်။
“ငှက်ဆွဲအုံနဲ့ စမ်းတွင်းက မဝေးလွန်းဘူးလား အဖေရ”
သံခဲ၏ အမေးကို ကိုထွန်းတင်မှ …
“မဝေးပါဘူး ငါ့သားရ။ ဝါးတစ်ပြန်စာပါပဲ။ ငှက်ဆွဲအုံနဲ့ နီးရင် လူရိပ်လူယောင်မြင်ပြီး ငှက် လန့်တတ်တယ်ကွ။ ကဲ … ငှက်ဆွဲအုံထဲ ဝင်နေတော့။ တောဇော်ပါ ခေါ်သွား။ ဒီကောင်ကြီးက လူအရိပ်အခြည် ကြည့်နေတာပါ။ အထဲမှာ ဝပ်နေလိမ့်မယ်။ အဖေ ပိုက်ဆွဲကြိုးလေး မြှုပ်ပြီး ဝင်ခဲ့မယ်”
သံခဲက ထမ်းပိုးတစ်ချောင်းနှင့် ပစ္စည်းတချို့ကို ယူ၍ တောဇော်နှင့် ငှက်ဆွဲအုံအတွင်းသို့ ဝင်သွားလေသည်။ ခဏအကြာတွင် ကိုထွန်းတင်လည်း ငှက်ဆွဲအုံအတွင်းသို့ လိုက်ဝင်သည်။
“ငြိမ်ငြိမ်နေနော် သား။ လူသံကြားရုံနဲ့ ငှက်ကလန့်တာ။ ချိုးက ပိုပါးသကွ။ ရေတွင်းကို သေချာ ကြည့်ပြီး စိတ်ချရမှ ရေတွင်းထဲ ဆင်းတာ”
ကိုထွန်းတင်က သံခဲကို ခပ်အုပ်အုပ် သတိပေးရင်းမှ ရေတွင်းဆီသို့ အာရုံစိုက်နေသည်။
မွန်းလွဲစ နေသည် ပြင်းနေဆဲ ရှိသေးသည်။ ခပ်လှမ်းလှမ်းရှိ ထနောင်းပင်မှ ချိုးလင်းပြာ တွန်သံ ကြားနေရသည်။ ကွမ်းတစ်ယာညက်ခန့်အကြာတွင် ချိုးလင်းပြာ နှစ်ကောင် ရေကျသို့ ဆင်းလာသည်။
ငှက်ဆွဲအုံအတွင်းမှ ကိုထွန်းတင်နှင့် သံခဲသည် အသံ မထွက်၊ လှုပ်ရှားခြင်းမရှိဘဲ အပေါက်ကျဉ်းမှ ချောင်းနေကြသည်။
ချိုးနှစ်ကောင်သည် ပတ်ဝန်းကျင်ကို အကဲခတ်နေသကဲ့သို့ ရှိသည်။ ရေတွင်းဆီသို့ ချက်ချင်း မဆင်းချေ။ အတန်ကြာမှ တစ်ကောင်ဆင်းသွားသည်။ ထိုအခါမှ စိတ်ချဟန်ဖြင့် ကျန်အကောင်ပါ ရေဆင်းသောက်တော့သည်။
ကိုထွန်းတင်သည် ပိုက်ဆွဲကြိုးကို လျင်မြန်စွာ ဆွဲချလိုက်သည်။ ပိုက်သည် ရေတွင်းကို အုပ်မိသွား သည်။ ချိုးနှစ်ကောင်သည် ပိုက်အတွင်းတွင် ထွေးလုံးရစ်ပတ်ပြီး ရုန်းနေသည်။
သားအဖနှစ်ယောက်သည် ငှက်ဆွဲအုံမှ ထွက်လာပြီး ပိုက်အတွင်းမှ ချိုးနှစ်ကောင်ကို ဖြုတ်ကာ ဝါးဆစ်တိုနှင့်ခေါက်၍ သံခဲက တစ်စိတ်ဝင် လွယ်အိတ်အတွင်းသို့ ထည့်လိုက်သည်။
“ကျွတ်ကျတဲ့ ချိုးမွေးတွေ အောက်မကျစေနဲ့ သား။ ကောက်ပြီး သဲနဲ့ဖုံးထား။ အဖေ ပိုက်ပြန်မြှုပ်အုံး မယ်”
ကိုထွန်းတင်က ပြောရင်းမှ ပိုက်ကို သဲထဲသို့ ကျနစွာမြှုပ်သည်။ ထို့နောက် သားအဖနှစ်ယောက် ငှက်ဆွဲအုံအတွင်းသို့ ပြန်ဝင်သွားပြန်သည်။
“အားနေတုန်း ငှက်မွေးတွေ နုတ်ကွ”
ကိုထွန်းတင်က သံခဲအား မိထားသည့်ငှက်တို့ကို အမွေးနုတ်စေသည်။
လက်ပံပင်ထိပ်ဖျားဆီမှ ဆက်ရက်တစ်အုပ် ညံလာသည်။
ကိုထွန်းတင်၏ အကြည့်တို့သည် စမ်းတွင်းဆီ၌သာ ရောက်နေ၏။
(၅)
“ချိုးနီပုအုပ်ကြီးကွ၊ ငါ့သား … ငြိမ်ငြိမ်နေ”
ကိုထွန်းတင်က သံခဲကို အသံခပ်အုပ်အုပ် သတိပေးသည်။ နည်းသည့်အကောင်တွေ မဟုတ်၍ ကိုထွန်းတင်လည်း သတိနှင့် နေရသည်။ အုပ်လိုက် စမ်းတွင်းဆီသို့ ဆင်းသောက်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
“ဝေါ … ဖြီး”
“ဖလူး … ဖလူး”
စမ်းတွင်း၏ တောင်ဘက်ရှိ ခဲလံချုံပေါ်မှ ဝမ်းခေါင်းသံကြီးကြောင့် ချိုးနီပုအုပ်ကြီးမှာ လန့်ပျံသွားသည်။ ကိုထွန်းတင် ခေါင်းနားပန်းကြီးသွားသည်။
ဘဝတစ်လျှောက်လုံး တော၌ ကျင်လည်လာသော ကိုထွန်းတင် မကြာမီ ကျရောက်လာတော့မည့် အန္တရာယ်ကို ကြိုတင်တွက်ဆမိလိုက်ပါသည်။ ထို့ကြောင့် ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
“ငါ့သား … ထမ်းပိုး ကိုင်ထား”
ကိုထွန်းတင်က အတွေ့အကြုံနုနယ်သေးသော သားဖြစ်သူကို သတိပေးရင်း ကျရောက်လာမည့် အန္တရာယ်ကို စောင့်ဆိုင်းနေသည်။ အနံ့ကို သိနေသော တောဇော်သည်လည်း ဂနာမငြိမ် ရှိနေသည်။
ထိုအခိုက်တွင် ချောင်းကမ်းပါးမှစမ်းတွင်းဆီသို့ ငန်းပုပ်မြွေကြီးတစ်ကောင် ထိုးဆင်းလာသည်ကို ငှက်ဆွဲအုံအတွင်းမှ ကိုထွန်းတင် မြင်နေရသည်။
သားအဖနှစ်ယောက်မှာ အသက်ပင် ရဲရဲမရှူဝံ့အောင် ရှိနေသည်။ ငှက်ဆွဲအုံအတွင်းမှ ငှက်မွေး၊ ငှက်ညှီနံ့တို့ကြောင့် ငန်းပုပ်ကြီးမှာ ငှက်ဆွဲအုံရှိရာသို့ ပါးပျဉ်းထောင်၍ လာနေသည်။
အခြေအနေကို ရိပ်စားမိသော ကိုထွန်းတင်က တောဇော်ကိုခေါ် ၍ ငှက်ချောင်းအပေါက်မှ မေးထိုး၍ ပြလိုက်သည်။
ကိုထွန်းတင်၏ စကားကို နားလည်သည့်အလား တောဇော်သည် ငှက်ဆွဲအုံအတွင်းမှ ခုန်ထွက်လိုက်သည်။ ငှက်ဆွဲအုံပြုလုပ်ထားသော သစ်ခက်၊ သစ်လက်တို့ ပြန့်ကျဲကျကုန်၏။
တောဇော်ကိုမြင်မှ ငန်းပုပ်ကြီး ရပ်သွားသည်။ တောဇော်နှင့် ငန်းပုပ်ကြီးမှာ မျက်စောင်းထိုးအနေအထားတွင်ရှိသည်။ ပြေးမလွတ်သည့် အန္တရာယ်ဖြစ်၍ ကိုထွန်းတင် ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။
တောဇော်၏ မာန်ဖီသံကြောင့် ငန်းပုပ်ကြီးသည် တောဇော်ထံ အာရုံရောက်နေသဖြင့် ကိုထွန်းတင်နှင့် သံခဲသည် ငန်းပုပ်ကြီး ညာဘက်မှ ကပ်ဝင်လိုက်သည်။
ငန်းတို့မည်သည် အာရုံတစ်ခုသာ ထားသည်ကို အတွေ့အကြုံအရ ကိုထွန်းတင် သိထားသည်။ ယခု ငန်းပုပ်ကြီးသည် ဘယ်ဘက်တွင် ရှိသော တောဇော်ထံ အာရုံကျနေသည်။ ကိုထွန်းတင်နှင့် သံခဲ၊ တောဇော်၊ ငန်းပုပ်ကြီးတို့မှာ ဖိုခုံလောက်ဆိုင် အနေအထားတွင် ရှိသည်။
တောဇော်သည် ရှေ့တိုးဟောင်လိုက်၊ နောက် ဆုတ်ရှောင်လိုက်ဖြင့် ရန်စနေသည်။
တစ်ကြိမ်တွင်တော့ ဒေါသကြီးလာသော ငန်းပုပ်ကြီးသည် အားယူ၍ တောဇော်ကို ပေါက်မည်အပြုတွင် ကိုထွန်းတင်က ဓားရှည်ဖြင့် ငန်းပုပ်ကြီး၏ ဇက်နောက်နားဆီသို့ ပြေးဝင်ပိုင်းချလိုက်တော့သည်။
“ဝှစ် … ဒုတ်”
ဒေါသအရှိန်ကြောင့် ငန်းပုပ်ကြီး၏ ဦးခေါင်းသည် လက်ပံပင် ကိုယ်လုံးဆီသို့ ပြေးဝင်စိုက်သွားသည်။
ထို့နောက် ကိုထွန်းတင်သည် မှင်တက်မိနေသော သံခဲ၏ လက်ထဲမှ ထမ်းပိုးကို ယူ၍ ငန်းပုပ်ကြီး၏ ဦးခေါင်းအား လက်ပံပင်ကိုယ်လုံးနှင့် ညှပ်၍ ရိုက်ချလိုက်တော့သည်။
ထိုအခါမှ သားအဖနှစ်ယောက်သည် တွန့်လိမ်နေသော ငန်းပုပ်ကိုယ်ကြီးကို ကြည့်ကာ သက်ပြင်းချနိုင်ကြတော့သည်။
“ကံသီလို့ပေါ့ အဖေရာ၊ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး”
သံခဲ၏ အသံများ တုန်ယင်နေသည်ကို သတိပြုမိသော ကိုထွန်းတင်က လွယ်အိတ်အတွင်းမှ ရေဘူး အား ကမ်းပေးလိုက်သည်။
ထို့နောက် ငှက်ဆွဲပိုက်အား သံခဲကို ဖြုတ်ခိုင်းသည်။
ကိုထွန်းတင်သည် ချောင်းစပ်တွင် ပေါက်နေသော နွယ်တစ်ပင်ကို ဖြတ်ယူပြီး ငန်းပုပ်ကြီးအား ခွေ ရစ်၍ စည်းလိုက်သည်။
“ဟန်ကျတာပဲ အဖေရာ၊ ဒီကောင်ကြီးကို ပေါက်ဖော်ကြီး အရက်ဖြူဆိုင်သွင်းပြီး ဆန်နဲ့ လဲရရင် ညီလေးကင်ပွန်းတပ်ပေးဖို့တော့ ရပါပြီဗျ”
သားအဖနှစ်ယောက် အတွေးချင်းတူနေကြ၍ ကိုထွန်းတင် ကျိတ်ပြုံးလိုက်မိသည်။
ကျလက်စနေကြောင့် အပူတို့ လျော့ပါးသွားကြပေ ပြီ။
သားအဖနှစ်ယောက်သည် လာလမ်းအတိုင်း ရွာသို့တရွေ့ရွေ့ ပြန်နေကြသည်။ ခြေလှမ်းတို့သည် တက်တက်ကြွကြွရှိလှသည်။
(မြဝတီမဂ္ဂဇင်း)
– ပြီး –
စာရေးသူ – သက်လွင်(ဆင်ပေါင်ဝဲ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Leave a Reply