ချုံကြီးထဲကဗုံတီးသရဲ

ဘေးမှကြည့်ရင်း အဓိပ္ပာယ် မဖော်နိုင်သော ညိုကြီးက …

“မြင့်မောင် … မင်း ဘာပြုံးတာလဲ”

ဟု မေး၍ ကျွန်တော်က

“ဘာမှခမဟုတ်ပါဘူးကွာ”

ဟု မရေမရာ အဖြေပေးရင်း ငါးစာကိုသာ ဆက်တပ်နေမိသည်။

ကျွန်တော်တို့ ငါးစာတပ်ပြီးသောအခါ နေသည် အနောက်ဘက်တောင်တန်းကြီးပေါ်၌ မေးတင်နေပြီဖြစ်၏။

ကျွန်တော်တို့ နှစ်ယောက်သည် “တီ” တပ်ပြီးသော ငါးကိုင်းများကို ကမ်းစပ်မြေသားပေါ်တွင် တစ်ကိုင်းနှင့်တစ်ကိုင်း တစ်လံကွာလောက် မှန်းဆလျက် လျှောက်စိုက်ကြ၏။ ငါးကိုင်းပေါင်း ၈ဝ တိတိကို စိုက်ပြီးသောအချိန်တွင် နေသည် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

ငါးကိုင်းဆိုသည်မှာ သွားတိုက်တံလုံးလောက်အရွယ်ရှိပြီး သုံးတောင်ခန့်ရှည်သော အချောသပ်ထားသည့် ဝါးတံလေးများကို မြေကြီးစိုက်မည့်ဘက်က အချွန်၊ အခြားဘက်ကအဖျားတွင် ငါးမျှားချိတ်တပ်ထားသည့် စွန်လွှတ်ကြိုးလုံးပမာဏရှိ တစ်တောင်သာသာ နိုင်လွန်ကြိုးကို တပ်ထားသော ငါးဖမ်းကိရိယာတစ်မျိုး ဖြစ်၏။

ထို ကိုင်းလေးများကို မြေကြီးတွင် စိုက်လျက် ငါးထောင်သည်ကို ငါးကိုင်းထောက်သည်ဟု ခေါ်၏။ ငါးမျှားချိတ်တွင် တီတပ်ခြင်းကို ငါးစာ တပ်သည်ဟုခေါ်၏။

တီတွင်လည်း အမျိုးမျိုးရှိ၏။ ကိုင်လိုက်လျှင် ခွေ သွားသောတီကို တီခွေဟု ခေါ်၏။ တီခွေက ငါးရံ့တို့အသည်းစွဲအစာ ဖြစ်သလို တစ်ခါတစ်ရံ “ရေလိပ်” တို့လည်း ဆွဲတတ်၏။

အညိုရောင် အကောင်ချောချော တီကောင်ကြီးများကို တီညိုဟု ခေါ် ၏။ တီညိုက ငါးခူတို့၏ သွားရည်ကျစရာ အစာဖြစ်၏။ ကိုင်းထောက်မည့်နေရာရှိ ငါးအမျိုးအစားကိုလိုက်၍ တီအမျိုးအစားကို ပြောင်းလဲရတတ်သည်။

ယခု နေရာသည် ငါးရံ့ပေါများသည့်နေရာ ဖြစ်သဖြင့် ကျွန်တော်တို့သည် တီခွေကိုသာ အသုံးပြုထား၏။

ငါးကိုင်းထောက်သည့်အခါ ဝါးတံငါးကိုင်းများကို ကမ်းစပ်တွင် ၄၅ ဒီဂရီလောက် ရေအိုင်ဘက်သို့ လှည့်ကာ စောင်းစိုက်လျက် ငါးစာတပ်ထားသော ငါးမျှားချိတ်ကို ရေထဲသို့ လက်တစ်ဆစ်ခန့်မြှုပ် ထားရ၏။ ငါးက ငါးစာကို ဟပ်လိုက်သည့်အခါ ဝါးကိုင်းသည် ငါးဆွဲရာနောက်သို့ ပျော့ပါသွားပြီး စပရင်သဖွယ် နောက်သို့ ပြန်ညွှတ်လာသောအခါ ငါးကိုဆွဲသုတ်သလို ဖြစ်လျက် ငါးသည် ငါးမျှားချိတ်တွင် မိလေတော့သည်။

ငါးအဟပ်ဆုံး၊ ငါးအမိဆုံး အချိန်ကား နေလုံးပျောက်ကွယ်ပြီး နာရီဝက်ခန့်အကြာတွင် ဖြစ်၏။ ထိုအချိန်တွင် ငါးတို့သည် အကြိုအကြား၌ တစ်နေ့လုံး ပုန်းခိုနေရာမှ ထွက်လာကြပြီး အစာငတ်ငတ်နှင့် မြင်မြင်ရာအစာကို ဟပ်မျိုကြလေ၏။

ကျွန်တော်တို့နှစ်ယောက်သည် ငါးကိုင်းထောက်ပြီးနောက် ထိုင်နေရုံ ရှိသေးသည်။ ငါးတို့မှာ ဟိုကိုင်းက လည်းမိ၊ ဒီကိုင်းကလည်း မိလျက် ဆူညံနေတော့၏။

အတော်လေး မိလောက်ပြီဟု ထင်သည့်အခါတွင်တော့ ကျွန်တော်တို့နှစ်ယောက်သည် ဘက်ထရီမီးထိုးကာ ငါးကိုင်းများကို လိုက်ကြည့်၏။ ငါးမိလျှင် ငါးကို ဖြုတ်၍ အစာကို ပြန်တပ်၏။

ငါးမမိသော်လည်း အချို့ငါးကိုင်းများမှာ တီကုန်နေသည့် ကိုင်းများလည်း ရှိတတ်၏။ ထိုကိုင်းများကို လည်း တီပြန်တပ်၏။

ကိုင်း ၈ဝ စလုံး တစ်ကြိမ်သာ လိုက်ရရုံရှိသေးသည် ငါး တစ်ပိဿာခန့် ရ၏။

ထို့နောက် ကျွန်တော်တို့နှစ် ယောက်သည် လူပျိုလူရွယ်များပီပီ ရွှေစင့်အကြောင်းမှစကာ ရွာထဲမှ မိန်းကလေးအကြောင်းများကို သွားရည်တများများကျကာ ပြောကြ၏။ ညိုကြီး၏မျက်နှာကြီးကား အချို ပေါ် သကာလောင်းရုံမက သကြားအိုးပေါ်သို့ ကျောက်ပန်းတောင်း ထန်းလျက်ရည်အိုးကြီး မှောက်ကျထားသလို အလွန်ပင်ချိုမြနေကြောင်း မွှေးထားသောမီးရောင်အောက်တွင် ထင်ရှားစွာ မြင်ရ၏။

“ဒါထက် မြင့်မောင်ရေ … ငါက မုဆိုးအလုပ်သာ ကျွမ်းတာကွ၊ တံငါအလုပ်ကိုတော့ မင်းလောက် မကျွမ်းဘူး။ နောက်ပြီး သရဲလဲ ကြောက်တတ်တယ်။ စကားမစပ် မင်းကို တစ်ခု မေးရအုံးမယ်။ သရဲတွေ ဘာတွေဆိုတာ တကယ်ကော ရှိလားကွ။ မင်း ယုံကော ယုံလား။ ကြောက်ကော ကြောက်တတ်လား”

ညိုကြီးသည် ထင်းစတစ်စကို မီးဖိုထဲသို့ ကောက်ထည့်လိုက်ရင်း ထိုသို့ မေး၏။

“သိပ်တော့ မယုံကြည်ဘူးကွ။ ဒါပေမဲ့ ကြောက်တော့ ကြောက်တယ်”

“အေး ငါကတော့ ကြောက်တတ်တယ်ဟေ့။ ကြောက်တာမှ တော်တော်ကို ကြောက်တတ်တာ။ ဒီနေရာကို လိုက်လာတာကလဲ မင်းက ရွှေစင့်ကို ပြောပေးမယ်ဆိုလို့သာ ငါ လိုက်လာတာ။ စိတ်ထဲမှာတော့ ခပ်ထင့်ထင့်ပဲ”

“မထင့်ပါနဲ့ကွာ … ငါရှိသားပဲ။ ငါတို့ နှစ်ယောက်ပဲဟာ၊ ဘာကြောက်စရာရှိလဲ”

ကျွန်တော်တို့နှစ်ယောက်သည် မိန်းကလေးအကြောင်း၊ သရဲတစ္ဆေအကြောင်း၊ တံငါအကြောင်း၊ မုဆိုးအကြောင်း စသည့် ထွေရာလေးပါးများ ပြောဆိုနေစဉ် ခပ်လှမ်းလှမ်းရှိ ကိုင်းထောက်ထားသည့် နေရာဆီမှ “ပလုံ … ပလုံ … ပလုံ” ဟူသော ဗုံတီးသံလိုလို အသံကို စတင်ကြားရလေတော့သည်။

ညိုကြီးသည် ထိုအသံကို ကြားလိုက်ရသောအခါ မျက်စိမျက်နှာပျက်သွား၏။ နှုတ်မှလည်း –

“နားထောင်စမ်း မြင့်မောင်၊ ဗုံတီးသံ ကြားတယ်ကွ”

ဟု တုန်ယင်သော အသံကြီးဖြင့် ပြော၏။

သူပြောသည်မှာ လုံးဝ မှန်ကန်လေသည်။ အသံမှာ တကယ်ပင် ဗုံတီးသံနှင့် တူနေပြီး ခပ်လှမ်းလှမ်းရှိ ပေါက်နွယ်ပင်ချုံကြီးလောက်ဆီက ကြားနေရခြင်းဖြစ်၏။

“ညိုကြီး … မင်းက ကိုင်းခုတ်ဓားကို ကိုင်၊ ငါက မှိန်းကို ကိုင်မယ်။ လာကွာ အဲဒီနားကိုလသွားကြည့်ရအောင်”

“ဟေ … ဘာပြောတယ် မြင့်မောင်။ သရဲ ဗုံတီးတဲ့နေရာကို သွားကြည့်မလို့ ဟုတ်လား။ နေပါအုံး … မင်းက သရဲတီးဝိုင်းထဲ သွားပြီး နှဲမှုတ်မလို့လား။ မလိုက်ရဲဘူးကွ၊ ငါ ကြောက်တယ်”

ညိုကြီး အမှန်တကယ်ကို ကြောက်နေမှန်း သူ့အသံက သက်သေခံနေ၏။

“သူငယ်ချင်းကလဲကွာ၊ မကြောက်စမ်းပါနဲ့။ ငါတို့မှာ ဓားလဲပါတယ်၊ မှိန်းလဲ ပါတယ်လေကွာ”

“ဘာပါပါကွာ။ သရဲဆိုတာ ဓားနဲ့ခုတ်လို့၊ မှိန်းနဲ့ထိုးလို့ရမယ်လို့ ထင်သလားဟေ့ကောင်”

“မင်းပဲ ညနေကပြောတော့ ရွှေစင့်ကိုသာ ရမယ်ဆိုလို့ကတော့ ငရဲပြည်တောင် လိုက်ရဲတယ်ဆို”

“အေး … ငရဲပြည်သာ လိုက်ရဲတာကွ။ ဗုံတီးတဲ့သရဲဆီကိုတော့ မလိုက်ရဲဘူး”

“ဒါဖြင့် မင်း ဒီနားမှာ ခဏနေရစ်ခဲ့။ ငါတစ်ယောက်တည်း သွားကြည့်လိုက်မယ်”

ကျွန်တော်က စိတ်ပေါက်ပေါက်နှင့် ထိုသို့ပြောမိ၏။

“သွားကွာ … ငါကတော့ မလိုက်ရဲဘူး”

ထို့နောက် ကျွန်တော်သည် ညိုကြီးကို စခန်းချရာ မီးဖိုနားတွင် ခဏထားခဲ့ကာ ဗုံသံကြားရာဆီသို့ ထွက်လာခဲ့၏။

ခြင်တို့သည် တဝီဝီ ပျံဝဲနေကြ၏။ ပုရစ်တို့သည် တစီစီ မြည်နေကြ၏။

ခပ်လှမ်းလှမ်းမှ ပေါင်တုတ်ငှက်တစ်ကောင်သည် တတုတ်တုတ်နှင့် အော်မြည်နေ၏။ စနေထောင့်ဆီမှ တစ်ခါ တစ်ခါ လက်လိုက်သည့် လျှပ်စီးရောင်တို့သည် ပတ်ဝန်းကျင်ကို ဖြာခနဲ ဖြစ်ဖြစ်သွား၏။ ဗုံသံကား ကြားနေရဆဲပင်။

“ဟေ့ကောင် မြင့်မောင် … နေဦးကွ၊ ငါတစ်ယောက်တည်း မနေရဲဘူး”

ဝါးနှစ်ပြန်လောက်ပင် ရောက်ရုံရှိသေးသည်၊ ညိုကြီးက ကြောက်ကြောက်လန့်လန့် အသံကြီးဖြင့် လှမ်း အော်၏။

“မနေရဲရင် လိုက်ခဲ့လေကွာ”

“လာ … ဒီနားလာခေါ်”

ညိုကြီး၏ အသံတွင် ကြောက်သံ၊ ငိုသံ၊ ဒေါသသံတို့အချိုးညီစွာ ရောနှောပေါင်းစပ်နေ၏။

“မင်းကလဲကွာ … ဒီလောက်နီးနီးလေးတောင်”

“နီးနီးကွာ၊ လာခေါ်၊ ငါ ကြောက်တယ်”

ကျွန်တော်သည် ညိုကြီးကို နောက်ကြောင်းပြန်ခေါ်ပြီးနောက် ဗုံတီးသရဲဆီသို့ နှစ်ယောက်သား ထွက်လာခဲ့၏။

“နေအုံးကွ၊ ငါရှေ့ကသွားမယ်”

သူ့ဆန္ဒအရ သူ့ကို ရှေ့က တင်ပေးပြန်သောအခါတွင်လည်း သူက –

“မင်းက ငါ့လက်ကို ဆွဲထားကွာ” ဟု ဆိုပြန်သည်။

“လက်တစ်ဖက်က ဘက်ထရီဓာတ်မီးနဲ့၊ နောက်လက်တစ်ဖက်က မှိန်းကို ကိုင်ထားတာဆိုတော့ လက် မအားဘူးလေကွာ”

“ဒါဖြင့် ငါက မင်းနောက်ကနေ လိုက်ပြီး မင်းပုဆိုးစကိုပဲ ဆွဲပြီးလိုက်မယ်”

ညိုကြီးသည် တကယ့် ယောက်ျားရင့်မာကြီးအဖြစ်မှ ကလေးတစ်ယောက်ကဲ့သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားကာ ကျွန်တော့်ပုဆိုးစကို ဆွဲလျက် နောက်မှ ကြောက်ကြောက်ဖြင့် လိုက်ပါလာလေ၏။

ထိုအချိန်မှာပင် ဖားတစ်ကောင်က ကျွန်တော်တို့ရှေ့နားမှ ရေထဲသို့ ပလုံခနဲ ခုန်ဆင်းချလိုက်ရာ ညိုကြီးသည် လန့်လျက် “အမယ်လေး ဗုံတီးသရဲ” ဟု ထအော်၏။

ညိုကြီး လန့်မည်ဆိုလည်း လန့်စရာပင်။ ဗုံတီးသံမှာ ကြားနေရဆဲ ဖြစ်၏။ ရှေ့တိုးသွားလေ အသံမှာ နီးလာလေ၊ ညိုကြီးကလည်း ပိုကြောက်လာလေဖြစ်နေ၏။

“မြင့်မောင် … ဗုံသံက တဖြည်းဖြည်း နီးလာနေပြီကွ။ ငါကြောက်တယ်။ ငါတောင်းပန်ပါတယ်ကွာ၊ ငါတို့ပြန်ကြရအောင်ပါ”

ဟု သနားစဖွယ် ဆိုလာ၏။

“စိတ်ချပါကွာ၊ မင်း ဘာမှ မဖြစ်စေရပါဘူး”

ကျွန်တော်သည် ညိုကြီးကို အားပေးစကားပြောရင်း ရှေ့သို့ တစ်လှမ်းချင်း တိုးလာခဲ့ရာ ဗုံတီးသံမှာ နီးသည်ထက် နီးလာ၏။

ကောင်းကင်တွင် ပြိုးပြက်နေသော ကြယ်လေးတစ်လုံးတလေသည် သူတို့၏ အလင်းရောင်ဖြင့် တတ်နိုင်သလောက် ထွန်းညှိလမ်းပြပေးထားသည့်တိုင် မိုးသားမိုးရိပ်တို့ဖြင့်ထူထပ်နေသော ဝါခေါင်လ အမှောင်ထုကိုတော့ တိုးမပေါက်နိုင်အောင် ရှိနေလေ၏။

“ပလုံ … ပလုံ … ပလုံ … ပလုံ … ပလုံ ”

ဗုံတီးသံသည် ကျွန်တော်ထင်ထားသည့်အတိုင်းပင် ပေါက်နွယ်ပင်ချုံကြီးထဲမှ ကြားနေရခြင်း ဖြစ်၏။

“မြင့်မောင်ရေ … သရဲက ဟိုနားက ပေါက်ပင်ချုံကြီးထဲကကွ။ ငါ မလိုက်ဝံ့တော့ဘူးကွာ”

ကျွန်တော်သည် သူ့စကားကို အရေးမစိုက်တော့ဘဲ ဗုံတီးသံ၏ အကြောင်းအရင်းကိုသာ စဉ်းစားနေမိ၏။ စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို ထိုအခါကျမှပင် အဖေ ပြောပြဖူးသည့် အဖြစ်အပျက်ကို သတိရကာ ဗုံသံ၏ အကြောင်းကို တွေးမိလေတော့သည်။

ကြောက်လွန်းသူတို့သည် တကယ်အကြောက်လွန်သောအခါ ထုံသွားတတ်သည့်သဘော ရှိလေ သလား မပြောတတ်။ ညိုကြီးသည် နောက်ထပ် ဘာမှ မပြောတော့ဘဲ ကျွန်တော့်နောက်မှ ပုဆိုးစကိုဆွဲလိုက်ရင်း မင်းလုပ်ချင်တာ လုပ်တော့ကွာဆိုသည့် သဘောဖြင့် တုဏှိဘာဝေ လုပ်နေလေတော့၏။

ကျွန်တော်သည် ပေါက်နွယ်ပင်ချုံကြီးအနီးသို့ ချဉ်းကပ်သွား၏။ ပေါက်ပင်တွင် တစ်ပင်တိုင်မျိုးနှင့် ချုံပင်မျိုးဟူ၍ နှစ်မျိုးနှစ်စားရှိလေရာ ယခု ကျွန်တော်တို့ ကိုင်းထောက်ထားသော ပေါက်ပင်မျိုးမှာ ချုံပင်အမျိုးအစား ဖြစ်၏။ ချုံကြီးမှာ ထူထပ်လွန်းပြီး ဘေးပတ်ပတ်လည်တွင် ရှုပ်ထွေးနွယ်များဖြင့် ရစ်ပတ်အုပ်မိုးနေ၏။ ထိုနေရာမျိုးတွင် ငါးများပိုမိတတ်သောကြောင့် ပေါက်နွယ်အချို့ကိုရှင်းကာ ခက် ခက်ခဲခဲ ကိုင်းထောက်ခဲ့ခြင်းဖြစ်​၏။

အခုတော့ ထိုနေရာကိုမှ ရွေးပြီး ဗုံတီးသရဲက လက်စွမ်းပြနေလေပြီ။

ကျွန်တော်သည် ပေါက်ပင်နွယ်များကိုဖယ်၍ ဗုံတီးသူ တရားခံကို ဘက်ထရီမီးထိုးလျက်ကြည့်လိုက်လေရာ အဖေပြောပြဖူးသည့် အဖြစ်အပျက်နှင့် ကွက်တိတူနေသည်ကို တွေ့ရလေတော့သည်။

တွေ့ရပုံမှာ ဤသို့ဖြစ်၏။

လိပ်သည် ငါးမျှားချိတ်တွင် တပ်ထားသော တီအား အစာဟပ်လေရာ ငါးမျှားချိတ်တွင် မိလေတော့၏။ ထိုအခါ လိပ်သည် ရုန်း၏။ ထိုသို့ရုန်းလိုက်တိုင်း လိပ်၏ ရေယက်ပါသော ယောက်မသဏ္ဌာန် လက်နှစ်ဖက်တို့သည် ရေမျက်နှာပြင်နှင့် ထိတွေ့ကာ ရိုက်ခတ်နေသောကြောင့် ဗုံတီးသလို ပလုံပလုံ မြည်နေခြင်း ဖြစ်လေသည်။

ကျွန်တော်သည် အဖြစ်မှန်ကို ညိုကြီးအား လက်တွေ့ ပြပြီးနောက်…

“ချုံကြီးထဲက ဗုံတီးသရဲကို တွေ့ပြီမဟုတ်လား သူ ငယ်ချင်း။ အိမ်ကျရင် လိပ်သားဟင်းချက်စားကြရုံပေါ့ကွာ”

ထိုအခါကျမှ ညိုကြီးလည်း ကြောက်စိတ်ပြေသွားပုံရ၏။

“လိပ်သားချက်စားရင်တော့ ဘာပဲဖြစ်ဖြစ် ရွှေစင်တို့အိမ်ကို သွားပေးရအုံးမယ်”

“ဒါဖြင့် ရွှေစင့်အပေါ်မှာ မင်းချစ်တဲ့ အချစ်က တော်တော်ကြီးတယ်ပေါ့ … ဟုတ်လား”

“ကြီးဆိုရင်တော့ကွာ ဘာပြောကောင်းမတုံး၊ တို့ရွာထိပ်က ညောင်ပင်ကြီးလောက်ကို ကြီးတာ၊ သဘောပေါက်လား သူငယ်ချင်း”

ဟု ညိုကြီးက ပြန်ပြောလိုက်လေသည်။ ။

– ပြီး –

စာရေးသူ – မောင်နေခြည်(ပြည်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ