အော်ရင်းနဲ့ အုန်းမောင်းသံသုံးချက်ကြားလိုက်တော့ ကျောင်းသားတွေစာဆိုနေတာအကုန်ရပ်သွားတယ်၊ ဦးတေဇက ဘုရားကျောင်းဆောင်ရှေ့မှာထိုင်နေရင်း
“ကဲ၊ အားလုံးပဲအိပ်မယ်၊ ကိုယ့်အိပ်ရာကိုယ် သေသေချာချာပြင်ဆင်ကြ”
ကျောင်းသားတွေက ခေါင်းအုံးတွေပြေးယူကြ၊ ဖျာတွေခင်းကြနဲ့ ရှုပ်ယှက်ခပ်နေတာပေါ့ဗျာ၊ နောက်ဆုံးတော့ အားလုံးကိုယ့်အိပ်ရာကိုယ်ခင်းကြတယ်၊ ပြီးတော့ ခြင်ထောင်တွေကို သေသေချာချာ မြင့်မြင့်ထောင်ပြီးတော့ အိပ်ကြတော့တာပေါ့ဗျာ။ ကျုပ်လည်း အရိုက်ခံရမှာကြောက်တာနဲ့ ခြင်ထောင်ပြင်ပြီးအိပ်လိုက်တာပေါ့၊ ခြင်ထောင်ကြီးတွေက အကြီးကြီးတွေပါ၊ ခြင်ထောင်တစ်လုံးကို ကျောင်းသားလေးငါးယောက်တော့ အသာကလေးအိပ်လို့ရတယ်၊ ကျုပ်လည်း ခေါင်းအုံးမှာ ခေါင်းချလိုက်မှ ရင်ထဲစို့တက်လာတာပဲဗျာ၊ ဦးတေဇက ခြင်ထောင်တွေကြားထဲက လျှောက်လှမ်းကလေးမှာ စင်္ကြန်လျှောက်နေတယ်။
“ဟဲ့ ဟိုခြင်ထောင်က တအိအိနဲ့ ဘာဖြစ်နေတာလဲ”
ကျုပ်ခြင်ထောင်ကိုလာကြည့်ရော၊ ကျုပ်တို့ခြင်ထောင်ထဲ အတူအိပ်တဲ့ သခေါက ထပြီး
“တင်ပါ့၊ အသစ်ရောက်လာတဲ့ မောင်ကျောင်းသား ငိုနေတာပါဘုရား”
ဦးတေဇက ခြင်ထောင်ထဲဝင်လာတယ်။ ပြီးတော့ ကျုပ်ကိုကြည့်ပြီး
“အေးလေ၊ မိဘနဲ့တစ်ခါမှ မခွဲဖူးဘူးဆိုတော့ ဝမ်းနည်းရှာမှာပေါ့၊ ဒီကကျောင်းသားတွေလည်း အကုန်လုံးဒီလိုပါပဲ၊ ငိုထားငိုထား၊ နောက်ရက်ကျတော့ ငိုဖို့မေ့နေမယ်”
ဦးတေဇက ဘာမှတော့ မဆူမပြောဘူးဗျ၊ ကျုပ်လည်း ငိုကောင်းကောင်းနဲ့ဆက်ငိုနေရင်း ဘေးနားက ဗိုက်ပူကတော့ ဟောက်လို့နေသဗျ၊ နောက်တော့ ကျောင်းဆောင်ကြီးတစ်ခုလုံးလည်း ဟောက်သံတွေနဲ့ ဆူညံနေတာပဲ၊ ကျောင်းဆောင်က ပြတင်းပေါက်တွေ ဖွင့်အိပ်တာဆိုတော့ ကျောင်းအပြင်ဘက် ကောင်းကင်မှာ သာနေတဲ့လရောင်က ခြင်ထောင်ထဲကိုကျလာတာပေါ့ဗျာ၊ ကျုပ်ဖြင့် လကိုကြည့်ရင်း အိမ်ကိုလွမ်းရသေးတာ။
ကျုပ်နားထဲ အုန်းမောင်းခေါက်သံကြားရတယ်ဗျ၊ ဒါပေမယ့် မထချင်သေးလို့ ဆက်အိပ်နေတုန်း ကျုပ်ကိုလာလှုပ်နှိုးကြတယ်။
“မောင်ကျောင်းသား၊ ထတော့ ထတော့”
“ဟာ၊ မထချင်သေးဘူး၊ အိပ်ချင်သေးတယ်”
“အေးအေး၊ ဆက်သာအိပ်၊ ဦးတေဇကြိမ်လုံးနဲ့တွေ့သွားမယ်”
ကျုပ်လည်း လန့်လန့်နဲ့ကုန်းထလိုက်ရတာပေါ့ဗျာ၊ အိပ်ရာထရတာကလည်း မိုးတောင်မလင်းသေးဘူးဗျ၊ ကျုပ်တို့ကျောင်းသားတွေထဲမှာ ကျောင်းသားအသက်ကြီးကြီးတွေရှိတယ်၊ သူတို့ကိုတော့ ကျုပ်တို့က ကျောင်းသားကြီးတွေလို့ခေါ်တယ်၊ အိပ်ရာထပြီးတော့ ကျောင်းသားကြီးတွေက ဘယ်သူဘာလုပ်ဆိုပြီး တာဝန်ခွဲပေးတယ်၊ ကျုပ်နဲ့ သခေါကတော့ ရေနွေးတည်ဖို့တာဝန်ကျတယ်၊ ညကလည်း အိမ်ကိုလွမ်းလို့ ငိုနေပြီး မအိပ်ရဘူးဆိုတော့ အိပ်ချင်မူးတူးနဲ့ သခေါအနောက်လိုက်ခဲ့တာပေါ့ဗျာ၊ ကျောင်းထောင့်နားမှာ ဆွမ်းချက်ဆောင်ရှိတယ်ဗျ၊ အဲဒီမှာ မီးဖိုကြီးတွေရှိတယ်၊ ကျောင်းသားကြီးတွေက မီးမွှေးပြီးတော့ ကျုပ်နဲ့သခေါက ရေနွေးကရားအိုးအကြီးကြီးကို နှစ်ယောက် မနိုင်မနင်းသယ်ရင်း မီးဖိုပေါ်တင်ရတာပေါ့ဗျာ၊ ကျောင်းသားကြီးတွေထွက်သွားတော့ ဆွမ်းချက်ဆောင်ထဲ ကျုပ်တို့နှစ်ယောက်တည်း ကျန်ခဲ့သဗျ၊ ကျုပ်တို့တာဝန်က ရေနွေးအိုးဆူလာတာကို စောင့်ကြည့်ဖို့နဲ့ ထင်းမပြတ်ထိုးဖို့ပါပဲ၊ ရေနွေးအိုးဆူလာရင် ကျောင်းသားကြီးတွေရောက်လာပြီး ရေနွေးထည့်မှာပေါ့ဗျာ။
ထင်းချောင်းတစ်ချောင်းကိုင်ပြီး မြေကြီးမှာဟိုခြစ်ဒီခြစ်လုပ်နေတဲ့ သခေါကို ကျုပ်က မေးကြည့်တာပေါ့။
“သခေါ၊ ဒါနဲ့ မင်းရော စုန်းတွေကဝေတွေနိုင်တဲ့ ပညာတွေ သင်ပြီးပြီလား”
သခေါက ကျုပ်ကိုကြောင်ကြည့်တယ်။
“ဦးပညာကတော့ သရဏဂုံသုံးပါးရွတ်ရင် စုန်းနိုင်တယ်ပြောတာပဲ”
“ဟာ၊ သရဏဂုံလောက်ကတော့ ငါလည်းရတာပေါ့၊ ဒီလောက်နဲ့ စုန်းနိုင်မလား”
“ဒါဆိုရင်တော့ ကျောင်းသားကြီးတွေမေးကြည့်ပေါ့၊ ကျောင်းသားကြီးတွေထဲက ကိုထိန်ဆိုတဲ့ ကျောင်းသားကတော့ စုန်းနိုင်တာလက်တွေ့ပဲ”
ကျုပ်မျက်လုံးတွေအရောင်လက်သွားတယ်။
“ဘယ်လို နိုင်တာလဲကွ၊ မင်းတွေ့ဖူးလို့လား”
“တွေ့ဖူးတာပေါ့ကွာ၊ လပြည့်ညဆိုရင် မိုးပေါ်မှာ အလင်းလုံးကြီးတွေမြူးတတ်တာ မင်းတွေ့ဖူးလား”
ကျုပ်လည်း ခေါင်းခါလိုက်တယ်။ သခေါက ဆက်ပြောတယ်။
“အဲဒီလိုအလင်းလုံးတွေမြူးပြီးရင် အလင်းလုံးတစ်ချို့က ဟောဟိုကျောင်းနောက်ဘက် ကိုင်းတောကြီးထဲမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေတတ်တယ်ကွ၊ ဟိုတစ်နှစ်က ကိုထိန်က ဘာမပြောညာမပြော တောင်းစုတ်ကြီးတစ်လုံးယူပြီးတော့ အဲဒီအလုံးကြီးကို တောင်းနဲ့အုပ်ဖမ်းတာကွ”
“ဖမ်းတော့ ဘာထူးသလဲ”
“ဘာထူးရမှာလဲ၊ အလုံးကြီးက လူအသံနဲ့ထွက်အော်ပြီးတော့ ကိုင်းတောထဲပတ်ပြေးတာပေါ့၊ နောက်တော့ ဟိုးအမြင့်ကိုတက်ပြီး ပြေးသွားတာပဲ”
“ဟာကွာ၊ ဒါက စုန်းကိုနိုင်တာမှမဟုတ်တာ”
“ဟ၊ စုန်းကတောင် အော်ပြီးပြေးရတယ်ဆိုတော့ စုန်းကိုနိုင်တာပဲမဟုတ်ဘူးလား”
ဒီအချိန်မှာပဲ ကျုပ်တို့တည်ထားတဲ့ရေနွေးကရားအိုးကြီးက ရေနွေးငွေ့တွေထွက်လာပြီး တရှဲရှဲနဲ့ဆူနေလို့ ကျောင်းသားကြီးတွေကို ပြေးခေါ်ရပါရောဗျာ။
(၂)
ဆရာတော်တွေ အာရုံဆွမ်းစားပြီးတော့ ကျောင်းသားဖြစ်တဲ့ ကျုပ်တို့တွေစားသောက်ရတယ်ဗျ၊ စားတဲ့အခါလည်း ဇွန်းသံခွက်သံမထွက်ရဘူး၊ မဖိတ်မစင်ရအောင်စားရတယ်၊ စားပြီးတော့ မနက် ရှစ်နာရီလောက်ရောက်တော့ ကျုပ်တို့ကျောင်းသားတွေ မှန်ကူကျောင်းအောက်ဘက်မှာ စုဝေးရတယ်၊ ကျုပ်တို့အရှေ့မှာ ဆေးအနက်သုတ်ထားတဲ့ ခြောက်လက်မလောက်ရှိတဲ့ ပျဉ်ပြားကြီး လေးငါးချပ်ကိုစုတွဲပြီး သင်ပုန်းကြီးလုပ်ထားတာပေါ့။ နောက်တော့ ဆရာတော်တစ်ပါးရောက်လာတယ်။ ဗိုက်ပူက ကျုပ်ကိုလက်တို့ပြီး
“အဲဒါ တို့ကိုစာသင်ပေးတဲ့ ဦးဇင်းဦးပညာဆိုတာပဲ”
ဦးဇင်းရုပ်ရည်က ကြည်ကြည်လင်လင်ပါပဲ၊ အသားကတော့ ခပ်ဖြူဖြူဗျ၊ သင်္ကန်းရုံထားတာ အချိုးကျသေသပ်လွန်းလို့ ကြည့်ကောင်းသဗျ၊ လက်ထဲမှာလည်း ပုရပိုက်တစ်ထုပ်ပိုက်လာသေးတယ်။ ကျောင်းသားတွေ မနက်တိုင်းရွတ်ရတာကတော့ ဗျည်း၊ သရတွေနဲ့ သဒ္ဒါအခြေခံရွတ်ရတယ်၊ ကျုပ်က ဘာမှမသိသေးတော့ ဘာမှမရွတ်ဘူးပေါ့၊ ဦးပညာက ကျောင်းသားတွေကို သူ့အသက်အရွယ်အလိုက် တစ်မျိုးစီသင်ပေးတယ်ဗျ။
အခြေခံဗျည်းသရ မတတ်သေးတဲ့ကျုပ်ကိုတော့ ဟိုးအစ သင်ပုန်းကြီးဖတ်စာကနေ စသင်ရတာပေါ့ဗျာ၊ ကျုပ်နဲ့တွဲဖက်ကျောင်းသားတွေက ကျုပ်ထက်တတ်တာဆိုတော့ သူတို့က ကျုပ်ကိုဆရာလုပ်ကြတာပေါ့။
နေ့လည်လောက်ရောက်တော့ ကျုပ်လည်း ကျောင်းပေါ်ကိုတက်လာခဲ့တာပေါ့၊ အဲဒီမှာ ကျောင်းထိုင်ဆရာတော်က ကျောက်သင်ပုန်းတစ်ချပ်နဲ့ ဗေဒင်တွက်နေလေရဲ့ဗျာ၊ ရှေးက ဆရာတော်တွေက တရားစာတွေအပြင် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်းတွေလည်း ပိုင်ပိုင်နိုင်နိုင်တတ်တယ်မဟုတ်လား၊ ကျုပ်အနားရောက်သွားတော့ ဆရာတော်က ကျုပ်ကိုတစ်ချက်ကြည့်ရင်း
“မောင်အောင်ရှိန်မဟုတ်လား၊ မင်းကို မောင်အောင်လို့ ခေါ်ချင်ပေမယ့် မောင်ရှိန်ဆိုတဲ့နာမည်က မင်းနဲ့ပိုလိုက်သကွ၊ ဒါကြောင့် မင်းကိုငါ မောင်ရှိန်လို့ပဲခေါ်မယ်”
“တင်ပါ့ဘုရား”
“ခု ဘာလာပြောပြန်တာလဲ”
“တင်ပါ့ တပည့်တော် အခုသင်နေတဲ့ ဗျည်းဆိုတဲ့ စာတွေက စုန်းတွေ၊ ကဝေတွေကို နိုင်လို့လားဘုရား”
ဆရာတော်က ကျုပ်ကိုကြည့်တယ်။
“အောင်မယ်၊ စာတစ်လုံး ဘုရားတစ်ဆူတဲ့ မောင်ရှိန်ရဲ့၊ ဒီစာတွေတတ်တော့မှ မင်းကျန်တဲ့ပညာသင်နိုင်မှာပေါ့၊ စာလုံးတစ်လုံးတစ်လုံးဆီမှာ သူ့တန်ခိုး၊ သူ့အစွမ်းတွေရှိပြီးသား၊ လေးလုံးအင်းဆိုတာ အဲဒီဗျည်းလေးလုံးနဲ့ ဆွဲရတဲ့အင်းကွ၊ သိပ်စွမ်းတာပေါ့”
“တင်ပါ့”
ဒီအချိန်ကျောင်းပေါ်ကို ဦးရေဝတ တက်လာတယ်ဗျ၊ ဦးရေဝတရဲ့အနောက်မှာ လူတစ်ယောက် ပါလာတယ်၊ အဲဒီလူရဲ့အသက်ကတော့ ခပ်ငယ်ငယ်ပဲဗျ၊ ဒီလူက ကျောင်းထိုင်ဆရာတော်ကို ဦးချပြီးတော့ ဆရာတော်က မေးတော့တယ်။
“မောင်မင်း ဘယ်ကလှည့်လာတာတုန်း”
“တင်ပါ့၊ တပည့်တော်က ဝိဇ္ဇာဓရ ဂန္ဓာရီပညာကို လေ့လာလိုက်စားနေတဲ့ သူတစ်ဦးပါဘုရား၊ တပည့်တော်ရဲ့ ထွက်ရပ်မြန်းမယ့် လုပ်ငန်းစဉ်မှာ အရှင်ဘုရားရဲ့ ကျောင်းတိုက်နယ်မြေက တပည့်တော်ရဲ့ အောင်မြေနေရာဖြစ်နေကြောင်းပါ”
ဆရာတော်က မျက်မှောင်ကြုတ်လိုက်ရင်း
“ဒီတော့ မောင်မင်းက ဘာလုပ်ချင်လို့လဲ”
“တခြားမတောင်းဆိုပါဘုရား၊ အရှင်ဘုရားရဲ့ ကျောင်းတိုက်အနောက်ဘက် နေရာကလေးမှာ တပည့်တော်အတွက် မြေနေရာစီစဉ်ပေးပါဘုရား”
“မောင်မင်းအလုပ်က ဘုရားဟောတရားကျမ်းဂန်တွေနဲ့ ဖောက်လွဲဖောက်ပြန်နေသလား၊ နောက်ပြီးတော့ တို့ရဟန်းတော်တွေကျင့်သုံးရမယ့် ၂၂၇ သွယ်သော သိက္ခာပုဒ်တွေနဲ့ ဆန့်ကျင်နေသလား”
“မှန်ပါ၊ မဆန့်ကျင်ကြောင်းပါ”
“ကောင်းပြီ၊ မဆန့်ကျင်ဘူးဆိုရင်တော့ မောင်မင်းကိုငါကူညီနိုင်ပါတယ်၊ တို့ကျောင်းမှာလည်း မြေနေရာတွေပေါတော့ ကိစ္စတော့မရှိပါဘူး၊ မောင်မင်းရဲ့လုပ်ငန်းသာ တရားသဘောနဲ့ မဆန့်ကျင်ပါစေနဲ့”
“တင်ပါ့”
“ကဲ ရေဝတ၊ ဒီသူငယ်အတွက် ကျောင်းတိုက်အနောက်ဘက် ကိုင်းတောအနီးမှာ မြေနေရာစီစဉ်ပေးလိုက်ပါကွာ၊ နေခင်းထိုင်ခင်းကတော့ ငါတို့က ဦးဇင်းတွေမို့လို့ သစ်ခုတ်၊ ဝါးခုတ်အလုပ်နဲ့ မသင့်တော်လှပေဘူး၊ မောင်မင်းသာ ကြည့်ပြီးစီစဉ်လိုက်ကွဲ့”
“တင်ပါ၊ တပည့်တော်အကုန်လုံးဆောင်ရွက်ပါ့မယ်”
“ဒါနဲ့ မောင်မင်းနာမည် တင်လျှောက်စမ်းပါအုံး”
“တင်ပါ့ တပည့်တော်နာမည် လူနီပါ”
ဆရာတော်က ခေါင်းတဆတ်ဆတ်ညိတ်တော့ ဦးဇင်းရေဝတနဲ့ လူနီဆိုတဲ့လူနဲ့ ထသွားကြတယ်၊ သူတို့ကျောင်းအဆင်းနားအရောက်မှာ ဆရာတော်က တစ်ချက်ဟန့်တားလိုက်ပြီးနောက်
“ဟေ့၊ မောင်လူနီ၊ ခဏရပ်စမ်း”
“တင်ပါ့”
နောက်တော့ ကျုပ်ဘက်ကိုလှည့်ကြည့်ပြီးတော့
“မောင်ရှိန်၊ မင်းဒီကျောင်းမှာနေတုန်း ဟောဟိုက မောင်လူနီလိုအပ်တာတွေ ကူညီပေးလိုက်စမ်းပါ၊ စာသင်စာအံတာတော့ မပျက်စေနဲ့ကွဲ့ကြားလား”
ကျုပ်လည်း ဘာမှန်းတော့မသိသေးဘူးဗျ။
“တင်ပါ့ဘုရား”
“သွား၊ မောင်လူနီနောက် လိုက်သွား”
ကျုပ်လည်းထပြီးလိုက်လာခဲ့ရတယ်၊ ဘုန်းကြီးကျောင်းဝင်းထဲကိုဖြတ်ပြီးတော့ ဟိုးအနောက်ဆုံးကျတဲ့ ကုဋီတွေကို ဖြတ်ကျော်ပြီးရင် တောတန်းကြီးတစ်ခုရှိတယ်ဗျ၊ အဲဒီတောတန်းကိုဖြတ်ပြီးရင်တော့ ကိုင်းတောမြက်တောကြီးကို မျက်စိတစ်ဆုံးမြင်တွေ့ရတယ်၊ ကိုင်းတောအဆုံးမှာတော့ လူနေရွာကလေးတွေကို တွေ့ရတယ်ဗျ၊ ကျုပ်ဘကြီး ဦးဇင်းရေဝတက ကိုင်းတောအစပ် တောတန်းတစ်နေရာကိုလက်ညှိုးထိုးပြပြီးတော့
“ကဲ ဒကာလေး ဒီတောတန်းက ဘုန်းကြီးကျောင်းပိုက်နက်ပဲ၊ ဒကာလေး ကြိုက်တဲ့နေရာ၊ အဆင်ပြေတဲ့နေရာသာရွေးပါ”
“မှန်ပါ၊ တပည့်တော် ဒီနေရာကိုပဲ ရွေးလိုက်ပါမယ်ဘုရား”
ဦးဇင်းရေဝတက ခေါင်းညိတ်ပြီးတော့ ပြန်ထွက်သွားတယ်၊ ကျုပ်သာ အဲဒီဦးလူနီကို ငေးကြည့်ပြီးကျန်နေခဲ့တာ၊ ဦးလူနီဆိုတဲ့ နာမည်အတိုင်းပဲ သူ့အသားက မည်းတယ်ဆိုပေမယ့် ကြေးနီလို နီကျင်ကျင်ဗျ၊ ညစ်ထေးထေးအဖြူရောင်အကျီကိုဝတ်ထားပြီးတော့ အောက်ကတော့ ပုဆိုးကွက်ကျဲဝတ်ထားတယ်၊ ခေါင်းမှာခေါင်းပေါင်းပတ်ထားပြီးတော့ လွယ်အိတ်တစ်လုံးပဲပါတယ်၊ ကျုပ်က ထူးဆန်းတယ်ဆိုတာက ဒီလို တောတန်းထဲမှာ သူဘယ်လိုလုပ်ပြီးနေမလဲဆိုတာ ထူးဆန်းနေတာဗျ။ ဦးလူနီက ကျုပ်ကိုသေချာကြည့်တယ်။
“မင်းနာမည် ဘယ်လိုခေါ်သလဲ မောင်ကျောင်းသား”
“ကျုုပ်နာမည် အောင်ရှိန်ပါ၊ ဘုန်းကြီးကတော့ မောင်ရှိန်လို့ခေါ်ပါတယ်”
“အေးအေး၊ အောင်ရှိန်၊ အောင်ရှိန်”
ဦးလူနီက ကျုပ်နာမည်ကိုသေချာရေရွတ်ပြီးတော့ သူ့မေးစေ့ကိုပွတ်ပြီး ခေါင်းတညိတ်ညိတ်နဲ့လုပ်နေတယ်။
“ရွှေညောင်ပင်ကျောင်းဆရာတော်က တကယ်ကိုအမျှော်အမြင်ကြီးပါပေတယ်”
“ဘာကိုပြောချင်တာလဲဗျ”
“ဆရာတော်က ငါ့ကိုကူညီဖို့ မင်းကိုရွှေးပေးလိုက်တာ တခြားမဟုတ်ဘူးကွ၊ မင်းနဲ့ငါနဲ့ရေစက်ရှိတယ်၊ ဗေဒင်ကိန်းခန်းအရလည်း မင်းနဲ့ငါနဲ့သင့်မြတ်တယ်၊ ဒါကြောင့်မို့ ဆရာတော် အမျှော်အမြင်ကြီးတယ်လို့ ပြောရတာပါ”
ကျုပ်လည်း ခေါင်းကုပ်ရင်း
“နေပါအုံး ဦးလူနီရဲ့၊ ဒီနေရာမှာ ချုံတွေ၊ ပေါင်းတွေ၊ သစ်ပင်တွေပဲရှိတာ၊ ဦးလူနီက ဘယ်လိုလုပ်ပြီးနေမလဲဗျ”
ကျုပ်အမေးကို ဦးလူနီက မဖြေဘူးဗျ၊ ပြီးတော့ သူ့လွယ်အိတ်ထဲကို လက်နှိုက်လိုက်ပြီး စက္ကူတစ်ထုပ်ကိုထုတ်လိုက်တယ်ဗျ၊ ပြီးတော့ အဲဒီစက္ကူထုပ်ကိုဖွင့်လိုက်တော့ အထဲမှာ နီကျင်ကျင် အမှုန့်ကလေးတွေအများကြီးပဲ၊ ဦးလူနီက ဆေးမှုန့်ကိုလက်နဲ့တို့ထိပြီး
“ကဲ မလွတ်တာမှန်သဗျ၊ ရှင်းစေ၊ ကွာစေ၊ လူနီဒီမှာ စတည်းချမယ်ဟေ့”
ဆေးမှုန့်တွေကို သူ့အရှေ့ကို ပက်ဖြန်းလိုက်တာနဲ့ အရှေ့မှာ မြင်နေရတဲ့ သစ်ပင်တွေက သူ့အလိုလိုလှုပ်လာတာပဲဗျာ၊ ကျုပ်ဖြင့် အံ့သြလွန်းလို့ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး။ ပြီးတော့ သစ်ပင်တွေက ဘေးကိုသူ့အလိုလို ရွေ့သွားတယ်၊ ချုံပင်တွေ၊ ပေါင်းပင်တွေဆိုရင်လည်း လမ်းလျှောက်သွားသလိုကို ရွှေ့သွားကြတာဗျာ။ မကြာပါဘူး၊ ကျုပ်တို့မျက်စိရှေ့မှာ အိမ်တစ်လုံးစာလောက် မြေကွက်အလွတ်ကလေးဖြစ်သွားတယ်၊ အရင်က အဲဒီနေရာမှာ ပေါက်နေတဲ့အပင်တွေအကုန်လုံး ဘေးကိုရွေ့သွားကြပြီး မြေက ပြောင်ပြောင်ကလေးကိုဖြစ်နေတာဗျာ။
ဦးလူနီက လွယ်အိတ်ထဲကို ထပ်နှိုက်တယ်ဗျ၊ နောက်တော့ တုတ်ချောင်းကလေးတွေထွက်လာတယ်၊ သူ့လက်ဝါးထဲက တုတ်ချောင်းကလေးတွေကို ကျုပ်ကိုပြပြီး
“ဒါတွေကဘာတွေလဲသိလား”
ကျုပ်သေချာကြည့်တော့ တုတ်ချောင်းကလေးတွေက ဝါးချောင်းကလေးတွေဗျ။
“အဲဒါ ဝါးချောင်းကလေးတွေ မဟုတ်ဘူးလား”
“သိပ်ဟုတ်တာပေါ့ကွာ၊ ဝါးဆိုတာ အိမ်ဆောက်ဖို့ကွ”
ပြောပြောဆိုဆိုနဲ့ အဲဒီမြေကွက်အပေါ်ကို ဝါးတုတ်ကလေးတွေ ဖြန့်ကျဲလိုက်တာပဲဗျာ၊ ဖြန့်ကျဲပြီးမကြာပါဘူး၊ မြေကြီးအောက်ကနေ ဝါးတွေထောင်တက်လာတယ်ဗျ၊ တက်လာတဲ့ ဝါးတွေက သူ့အလိုလိုတစ်ပင်နဲ့တစ်ပင်ချည်နှောင်တွယ်ရစ်ပြီးတော့ အိမ်ကြီးတစ်လုံးဖြစ်သွားပါရောလားဗျာ၊ ကျုပ်ဆိုရင် အံ့သြလွန်းလို့ ပါးစပ်တောင်မပိတ်နိုင်ဘူး။
ဦးလူနီက အိတ်ထဲကနေ သစ်ရွက်ကလေးတွေနှိုက်ထုတ်လိုက်ပြန်တယ်။
“ကဲ မောင်ရှိန်၊ ဟောဒါကရော ဘာလဲ”
“အင်း၊ ဒါက ထန်းရွက်ဖြစ်မယ်”
“အစစ်ပေါ့၊၊ ထန်းဆိုတာ စနေ၊ ဝါးဆိုတာ ဗုဒ္ဓဟူး၊ စနေဗုဒ္ဓဟူး အဟုတ်ထူးရမှာပေါ့ကွ”
ထန်းရွက်အပိုင်းအစကလေးတွေကို ခုနက ဝါးအိမ်ပေါ်ပစ်တင်လိုက်တာ ထန်းရွက်တွေထွက်လာပြီးတော့ အိမ်ခေါင်မိုးကို သူ့အလိုလိုမိုးပြီးသားဖြစ်သွားရောဗျာ၊ ဦးလူနီအိမ်ဆောက်တာ ဆယ်မိနစ်မကြာလိုက်ဘူး အိမ်ကြီးတစ်အိမ်လုံး ပြီးသွားရောဗျို့။ ကျုပ်လည်း ဦးလူနီကိုအထင်ကြီးသွားတာပေါ့။
“အဲ၊ အဲဒါ ဘယ်လိုမှော်ပညာမျိုးလဲဗျ”
ဦးလူနီက မျက်မှောင်ကြုတ်ရင်း
“ဘာမှော်မှမဟုတ်ဘူး၊ အထက်ပညာ၊ ဝိဇ္ဇာဓရပညာရပ်ပေါ့ကွ”
“ဟာ၊ ဒါဆို ကျုပ်ကိုသင်ပေးဗျာ၊ ကျုပ်သင်ချင်တယ်”
“ဟား၊ ဟား မောင်ရှိန်၊ ဒီပညာတွေတတ်ဖို့ဆိုတာက တတ်မြောက်ချင်ယုံနဲ့မရသေးဘူးကွ၊ ရှေးယခင်က ကုသိုလ်ဆက်၊ အထုံပါရမီပါဖို့လည်း လိုသေးသကွ”
“သင်ပေးပါဗျာ၊ ဆရာကြီး ကျုပ်ကိုသင်ပေးပါ”
ကျုပ်လည် ဦးလူနီခြေထောက်ကိုဖက်ပြီး တောင်းပန်တော့တာပဲ၊ ဦးလူနီက ခေါင်းညိတ်ရင်း
“သင်ပေးဖို့၊ မသင်ပေးဖို့ကတော့ မင်းအပေါ်မူတည်တယ် မောင်ရှိန်၊ မင်းရဲ့အရည်အချင်း၊ အတိုင်းအထွာကို ငါလေ့လာဖို့လိုသေးတယ်၊ ငါလေ့လာပြီးတော့ မင်းကိုသင်ပေးသင့်တယ်လို့ ယူဆရင် သင်ပေးမယ်မောင်ရှိန်”
ဘာပဲဖြစ်ဖြစ် သင်ပေးမယ်ဆိုတော့ ကျုပ်ပျော်သွားတာပေါ့ဗျာ။
“အရင်ဆုံး အရေးကြီးတာကတော့ ဘယ်ပညာရပ်သင်သင် နှုတ်လုံဖို့အဓိက၊ ဖြောင့်မတ်ဖို့အဓိကပဲ မောင်ရှိန်ရ၊ ဒီတော့ ဒီမြေကိုရှင်းတာတွေ၊ အိမ်ဆောက်တာတွေအကြောင်းကို မင်းဘယ်သူ့ကိုမှ မပြောရဘူး၊ နှုတ်လုံရမယ်၊ ဟုတ်ပြီလား”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“အေး၊ တကယ်လို့ ဒီအကြောင်းတွေ ငါတခြားသူတွေပါးစပ်မှာ ပြန်ကြားရင် မင်းလိုနှုတ်မလုံတဲ့ကောင်ကို ငါဘယ်တော့မှ ပညာသင်မပေးဘူးကွ”
ဦးလူနီက ပြောပြီးအိမ်ပေါ်တက်သွားတော့ ကျုပ်လည်း ကျောင်းဝန်းထဲကို ပြန်ဝင်ခဲ့တာပေါ့ဗျာ၊
(၃)
ဦးဇင်းတွေနဲ့ ကိုရင်တွေ နေ့ဆွမ်းစားပြီးရင်တော့ ကျုပ်တို့မောင်ကျောင်းသားတွေ ထမင်းစားတဲ့အလှည့်ပေါ့ဗျာ၊ ဦးဇင်းတွေစားပြီးသား ဟင်းတွေကို ကျောင်းသားကြီးတွေက ရောမွှေတယ်ဗျ၊ အဲဒါဆိုရင် ဟင်းပေါင်းဖြစ်သွားတာပေါ့ဗျာ၊ အဲဒီဟင်းပေါင်းကို ဆန်ကြမ်းထမင်းနဲ့စားရတာ၊ ဆန်ကြမ်းထမင်းကို သံပန်းကန်ပြားတွေထဲ ထည့်ခူးပြီးရင် အပေါ်ကနေ ဟင်းပေါင်းတွေလောင်းချပေးတာပဲ၊ အဲဒီဟင်းပေါင်းထဲမှာ ကြက်သားဖတ်လည်းပါတယ်၊ ငါးဖတ်၊ ဝက်သားဖတ်လည်းပါတယ်၊ နောက်ပြီး ပဲသီး၊ ပဲပြုတ်၊ ခဝဲ၊ ဖရုံ အသီးအနှံတွေလည်း အစုံပါတာပေါ့ဗျာ၊ ကြက်သားဖတ်ဟင်းပေါင်းထဲပါတဲ့လူကတော့ ကံထူးသူပေါ့။
ဦးဇင်းတွေစားသောက်ပြီးတော့ ကျောင်းသားတွေ ဟင်းခွက်တွေသိမ်းနေတုန်း ဆရာတော်က ဦးရေဝတကို မိန့်တယ်။
“ရေဝတရေ၊ မနက်က မောင်လူနီ စားရေးသောက်ရေးမှ အဆင်ပြေရဲ့သလားပဲ၊ အဲဒါ သူ့အတွက် ထမင်းဟင်းနည်းနည်းလောက် သွားပို့ပေးလိုက်စမ်းပါ”
ကျုပ်ဘကြီးဘုန်းကြီးက ထမင်းနဲ့ဟင်းကိုခပ်ပြီးတော့ ကျုပ်ကိုသယ်ခိုင်းပြီး ကျောင်းအနောက်ကိုဝင်လာခဲ့တာပေါ့၊ ကျောင်းအနောက်ဘက် တောတန်းထဲရောက်တော့ ဝါးတဲကိုမြင်လိုက်တဲ့အခါ ဘကြီးဘုန်းကြီးတစ်ယောက် တော်တော်ကိုအံ့သြသွားတော့တယ်။
“ဟင်၊ မနက်ကတင် ဒီနေရာမှာတောကြီးပါ၊ အခုဘယ်လိုလုပ်ပြီးတော့ အိမ်ဖြစ်သွားတာတုန်း”
ဦးလူနီက အိမ်ရှေ့မှာထိုင်နေတယ်ဗျ။
“ဒကာလေး စားဖို့သောက်ဖို့အတွက် ထမင်းဟင်းတွေလာပို့ပေးတာပါ”
“တင်ပါ့၊ တပည့်တော် စားပြီးပါပြီဘုရား”
“အလို၊ ဒါနဲ့ ဒကာလေး နေ့ချင်းညချင်းဒီလောက်မြန်မြန် ဘယ်လိုများအိမ်ဆောက်လိုက်တာလဲ”
“ဒါတော့ တပည့်တော် မပြောပါရစေနဲ့ဘုရား”
ဦးဇင်းရေဝတကလည်း ဆက်မမေးတော့ဘူး၊ ဒါနဲ့ ကျုပ်နဲ့ဦးဇင်းလည်း ကျောင်းထဲကိုပြန်ခဲ့တာပေါ့၊ လမ်းရောက်တော့
“မောင်ရှိန်၊ မင်းတစ်ခုခုတော့ သိထားပုံပဲ၊ မင်းမနက်က သူနဲ့အတူတူရှိနေတယ်ဆိုတော့ သူအိမ်ဘယ်လိုဆောက်သလဲဆိုတာကို မင်းသိမှာပေါ့”
ကျုပ်လည်း မသိဘူးလို့ပြောလိုက်ရင် လိမ်သလိုဖြစ်သွားမယ်လေဗျာ၊ လိမ်လိုက်ရင် ငါးပါးသီလထဲက တစ်ပါးကျိုးပြီမဟုတ်လား၊ ဒါနဲ့
“တင်ပါ့၊ သိပါတယ်ဘုရား”
“သိရင်ပြောစမ်း၊ သူဘယ်လိုဆောက်လိုက်သလဲ”
“ဒါတော့မပြောပါရစေနဲ့”
ဦးရေဝတက ကျုပ်ကိုလှည့်ကြည့်ပြီးတော့
“မောင်ရှိန်၊ ငါသိချင်တယ်၊ ငါ့ကိုမကွယ်မဝှက်စမ်းပါနဲ့၊ သူဘယ်လိုဆောက်တယ်ဆိုတာ ပြောစမ်းပါ”
“တပည့်တော့ မပြောပါရစေနဲ့”
ကျုပ်သုံးလေးခါလောက်ငြင်းတော့ ဦးဇင်းက စိတ်တိုသွားပုံရတယ်ဗျ၊ ဒါနဲ့ ဘာမှမပြောဘဲ ကျောင်းဝန်းထဲပြန်လာခဲ့ကြတာပေါ့၊ စားသောက်ပြီးစီးတော့ ဦးရေဝတက ကျုပ်ကိုခေါ်ပြောတယ်။
“ဒီကိစ္စအရေးကြီးတယ် မောင်ရှိန်၊ သူဘယ်လိုဆောက်တယ်ဆိုတာ သိရမှဖြစ်မှာ၊ ပြောစမ်းပါ၊ ပြောရင် ဇီးထန်းလျက်ခဲကျွေးမယ်”
ဇီးထန်းလျက်ဆိုတော့ ကျုပ်လည်းစားချင်တာပေါ့ဗျာ၊ ဒါပေမယ့် ဦးလူနီပြောထားတဲ့စကားကလည်းရှိသေးတယ်မဟုတ်လား၊ ကျုပ်နှုတ်မလုံရင် ဘာပညာမှ သင်မပေးဘူးတဲ့လေ၊ ဒါနဲ့ ကျုပ်လည်း ငြင်းရတော့တာပေါ့၊ ဒီကိစ္စက ကျောင်းတိုက်ထဲမှာ ဟိုးလေးတကြော်ဖြစ်သွားတယ်ဗျ၊ တခြားဦးဇင်းတွေနဲ့ ကျောင်းသားတွေတောင် ကျောင်းအနောက်ဘက်ကိုသွားကြည့်ကြတယ်၊ လူတိုင်းကတော့ တစ်မနက်ထဲတင် ဒီလိုတဲအိမ်ဆောက်လိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောကြဆိုကြပေါ့ဗျာ။ ဒီအဖြစ်ကိုသိလိုက်တာလည်း ကျုပ်တစ်ယောက်ထဲရှိတာဆိုတော့ ကျုပ်ကိုတစ်ကျောင်းလုံးက ကိုရင်တွေ၊ ဦးသူတော်တွေနဲ့ ကျောင်းသားတွေက ဝိုင်းမေးကြတာပေါ့။
“မောင်ရှိန်ရာ ပြောစမ်းပါ”
“ဟုတ်တယ်၊ ဘယ်လိုဆောက်လိုက်သလဲဆိုတာကိုပဲ ပြောစမ်းပါကွ”
“မပြောပါရစေနဲ့ဗျာ၊ ကျုပ်မပြောပါရစေနဲ့”
“လုပ်စမ်းပါကွ၊ မင်းအကျယ်ကြီးမပြောချင်ရင် တိုးတိုးကလေးပဲပြောပြ၊ ဒါဆိုရင် အဲဒီဦးလူနီလည်း ကြားနိုင်မှာ မဟုတ်ဘူးလေ”
“တိုးတိုးလည်း မပြောပါရစေနဲ့၊ ကျယ်ကျယ်လည်း မပြောပါရေစေနဲ့”
ကျောင်းသားကြီးတစ်ယောက်က ကျောက်သင်ပုန်းနဲ့ ကန့်ကူဆံယူလာတယ်။
“မင်းမပြောချင်ဘူးဆိုရင် ဟောဒီကျောက်သင်ပုန်းမှာ ရေးပြကွာ၊ ဒါဆိုပြောတာဘယ်ဟုတ်ပါ့မလဲ”
တခြားကျောင်းသားတွေက ဝိုင်းအော်ကြတယ်။
“ကိုထိန်နှယ်၊ ခုမှ ဝလုံးတောင်ဝိုင်းအောင်မရေးတတ်တဲ့သူကို စာရေးပြခိုင်းလို့ရမလား”
နောက်ဆုံးတော့ ကျောင်းသားတွေအကုန်လုံး ကျုပ်ကိုဒေါသထွက်လာကြတယ်၊ ကျောင်းသားကြီးထဲက ကိုထိန်က ကျုပ်လည်ကုတ်ကိုဖမ်းကိုင်ပြီးတော့
“မောင်ရှိန်၊ မင်းပြောမလားမပြောဘူးလား၊ မင်းမပြောရင် မင်းကိုငါထုမှာနော်”
“မပြောဘူး၊ မပြောဘူး”
ကျုပ်ကိုဝိုင်းထုကြပါရောဗျာ၊ ကျုပ်လည်းနာနာနဲ့အသံကုန်ဟစ်ပြီးအော်တော့တာပေါ့၊ ဒါနဲ့ ဦးတေဇနဲ့ ဦးရေဝတတို့ပြေးဆင်းလာကြတယ်။
“ဟေ့ မောင်ထိန်၊ တော်တော့”
ဦးတေဇကိုမြင်တော့မှ ကျောင်းသားတွေအကုန်လုံး ရှဲသွားကြတယ်ဗျ၊ ကျုပ်လည်း ဖူးယောင်နေပြီဗျာ၊ ကျောင်းသားသုံးဆယ်လောက်က တစ်ယောက်တစ်ချက်ဝိုင်းလုပ်ကြတာကိုး။
“မောင်ထိန်၊ မင်းကိုငါဘာပြောထားလဲ၊ ကျောင်းသားအချင်းချင်း ခိုက်ရန်မဖြစ်ရဘူးလို့ မှာမထားဘူးလား”
ကိုထိန်က လက်အုပ်ချီပြီး
“တင်ပါ့ဘုရားတပည့်တော်တို့ မှားသွားပါတယ်”
“ဘယ်က ဘယ်လိုစဖြစ်တာလဲ မှန်မှန်ပြော”
“ကျောင်းဝန်းနောက်မှာ အိမ်ကလေးတစ်လုံးဖြစ်သွားတာကို မောင်ရှိန်က မျက်မြင်တွေ့လိုက်ရတယ်တဲ့ဘုရား၊ တပည့်တော်တို့ သိချင်လို့ဝိုင်းမေးတာကို သူကမဖြေဘဲ အထာကိုင်နေတာနဲ့ တပည့်တော်တို့လည်း စိတ်မထိန်းနိုင်ဘဲ ထိုးနှက်မိလိုက်တာပါ”
ဦးတေဇက ကျုပ်ကိုကြည့်ပြီးတော့
“မောင်ရှိန်၊ မင်းမြင်လိုက်တာ တကယ်ပဲလား”
ကျုပ်လည်း လက်အုပ်အမြန်ချီပြီး
“မှန်ပါ့၊ တကယ်မြင်လိုက်ပါတယ်”
“ဒါဆိုရင် လူနီဆိုတဲ့ အဲဒီဒကာ အိမ်ကိုဘယ်လိုဆောက်တယ်ဆိုတာ ပြောပြစမ်း၊ မင်းတကယ်မြင်ရင် အမှန်ပြောရဲရမှာပေါ့”
“တပည့်တော်မြင်လိုက်တာပါ၊ ဒါပေမယ့် ဘယ်လိုဆောက်လိုက်သလဲဆိုတာတော့ မပြောပါရစေနဲ့”
ဦးဇင်းရေဝတက ကျုပ်အနားကိုကပ်လာပြီးတော့
“ဒီမယ်ငါ့တူ၊ ငါပြောမယ် ဒီကိစ္စက အရေးကြီးတယ်ကွ၊ တို့ကျောင်းထိုင်ဆရာတော်ကြီးကို ပြန်လျှောက်တင်ရမှာမို့လို့၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ပြောပြစမ်းပါ”
ကျုပ်က ခေါင်းပဲခါနေမိတယ်။
“ဟေ့၊ အားလုံးရပ်လိုက်ကြ”
ကျောင်းထိုင်ဆရာတော်ကြီးအသံကိုကြားလိုက်ရတယ်၊ ဆရာတော်ကြီးက ကျုပ်ဆီကိုလျှောက်လာတယ်။
“ကဲမောင်ရှိန်၊ မင်းကိုငါကိုယ်တိုင်မေးမယ်၊ ဟိုဒကာလူနီ၊ သူ့တဲအိမ်ကိုဘယ်လိုဆောက်လိုက်သလဲဟဲ့”
ဆရာတော်ကြီးအသံက မာပြီးတော့ ခက်ထန်နေတယ်၊ ကျုပ်လည်းဘာလုပ်ရမှန်းမသိတာနဲ့ ဒူးထောက်ထိုင်ချလိုက်တယ်။
“တင်ပါ့ အရှင်ဘုရားတို့အပြစ်ပေးရင်လည်း ခံရပါမယ်၊ တပည့်တော် ပြောလို့မရပါဘုရား”
ဆရာတော်ကြီးရဲ့ မျက်နှာက ခက်ထန်သွားရမယ့်အစား ပြုံးလာတယ်ဗျ၊ ပြီးတော့ ကျုပ်ကိုဆွဲထူပြီးတော့ ဖုန်တွေခါပေးမယ်။
“မောင်ရှိန်၊ ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေဆိုတာ နှုတ်ကိုစောင့်စည်းရတယ်ကွဲ့၊ ဘုန်းကြီးမောင်ရှိန်ကို ဒေါသမထွက်ပါဘူးကွယ်”
ဆရာတော်ကြီးက ကျန်တဲ့ဦးဇင်းတွေ ကျောင်းသားတွေကိုကြည့်ပြီးတော့
“မောင်ရှိန်က ဒီကိစ္စကိုအစအဆုံးသိတယ်ဆိုပေမယ့် ကတိတစ်ခု၊ အကြောင်းတစ်ခုကြောင့်် စောင့်စည်းနေတာပဲကွ၊ မင်းတို့ဒါလေးတောင်မသိဘူးလား၊ ရှေ့လျှောက်ငါ့ကျောင်းထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှအစမဖော်ရဘူး၊ ဘယ်သူမှလည်းမောင်ရှိန်ကို ဒီအကြောင်း မမေးမြန်းရဘူး၊ အားလုံးကြားရဲ့လား”
“တင့်ပါဘုရား”
အားလုံးက တစ်စုတစ်ဝေးတည်းဖြေတယ်၊ ဆရာတော်က ကျုပ်ကိုချီးမွမ်းပြီးတော့ ကျောင်းပေါ်ပြန်တက်သွားတော့တာပါပဲ၊ အားလုံးကလည်း ဒီအကြောင်းကို သိပ်သိချင်နေကြပေမယ့်ဆရာတော်ရဲ့အမိန့်မို့ ဘယ်သူမှ မမေးတော့ဘူးပေါ့ဗျာ။
ညနေရောက်တော့ မောင်ကျောင်းသားတွေရေခပ်ဆင်းရတယ်၊ ကျောင်းမှာလိုအပ်တဲ့ရေအတွက် အနားကရေကန်ကနေ ရေတွေခပ်ရတာပေါ့၊ ဒီလိုခပ်နေတုန်း ဦးလူနီနဲ့ကျောင်းထိုင်ဆရာတော်နဲ့က ဘုန်းကြီးကျောင်းအဝမှာမတ်တပ်ရပ်နေပြီးစကားပြောနေကြတယ်၊ ပြီးတော့ ကျုပ်ကိုကြည့်ကြည့်ပြီး တတွတ်တွတ်နဲ့ပြောဆိုနေကြတာပဲဗျာ၊ နောက်တစ်ခေါက်ရေလာထည့််တော့ ကျောင်းထိုင်ဆရာတော်မရှိတော့ဘူးဗျ၊ ဦးလူနီပဲရှိတော့တယ် ဦးလူနီက ကျုပ်ကိုသူ့အနားခေါ်ပြီး
“မောင်ရှိန်၊ မင်းတော်ပါပေတယ်၊ မင်းက ကလေးဖြစ်ပေမယ့် သူများတွေထက် နှုတ်ကိုစောင့်စည်းနိုင်ခဲ့တယ်”
“ဒါဆို ကျွန်တော့်ကိုပညာတွေသင်ပေးတော့မယ်ပေါ့”
ဦးလူနီက ခေါင်းခါလိုက်ပြီးတော့
“နှုတ်လုံတာတစ်ခုတည်းနဲ့တော့ မင်းကိုပညာသင်ပေးဖို့ ဘယ်ဆုံးဖြတ်လို့ရမလဲကွ၊ မင်းကိုငါထပ်ပြီး စမ်းသပ်ရအုံးမှာပဲ”
“ဘာတွေစမ်းသပ်မှာလဲ ဆရာကြီး”
ဦးလူနီက ကျုပ်ကိုပြုံးကြည့်ရင်း
“မင်းသိလာမှာပေါ့ကွာ”
ကျုပ်လည်းခေါင်းညိတ်ပြီး ကျောင်းဝန်းအပြင်ကိုပြေးထွက်လိုက်တယ်၊ ကျောင်းသားကြီးတွေပြောစကားအရ ကျောင်းသားတစ်ယောက်က ရေသုံးခေါက်ခပ်ရသတဲ့ဗျာ၊ ကျောင်းဝန်းအပြင်ရောက်တော့ ညနေဆည်းဆာရောက်နေပြီး ကောင်းကင်ကြီးက နီရဲပြီးလှနေလိုက်တာဗျာ၊ ကျုပ်ဖြင့်ရွာကိုတောင်သတိရသွားမိသေးတယ်၊ ဒါပေမယ့် ရေခပ်အခေါက်မပြည့်ရင် ဦးတေဇကြိမ်လုံးစာမိမယ်ဆိုလို့ ရေကန်ဆီကို အပြေးလှမ်းလာခဲ့တာပေါ့ဗျာ။
ဆက်ရန်။
#အဂ္ဂဇော် #ဦးအောင်ရှိန် #ဦးဘသာ #သရဲ
စာရေးသူအဂ္ဂဇော်ကိုလေးစားစွာဖြင့် Credit ပေးပါတယ်
Leave a Reply