စိတ်ရွမ်းအင်

မစွံပါဘူးဗျာ”

ဟု ကျွန်ုပ်က အားမနာတမ်းပြောလိုက်လေ၏။ ထိုအခါ ဦးမိုးက …

“ခေတ်မီတဲ့ လူတော်တော်များများဟာ သူတစ်ပါးရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အပြစ်တင်လေ့ မရှိဘူးဗျာ။ ထားပါတော့လေ။ ခင်ဗျားက ရင်းနှီးတဲ့သဘောနဲ့ ပြောတာကိုး။ ဒါပေမဲ့ ကျုပ်လုပ်ငန်းကိုတော့ ကျုပ်က အမွန်မြတ်တယ်လို့ ထင်နေတာဗျ။ လူတော်တော်များများဟာ ကိုယ့်အသက်ကို ချောင်ချောင်လေး မွေးနေကြရတယ်။ အန္တရာယ်မရှိတဲ့အလုပ်တွေ ရွေးပြီး လုပ်နေကြတယ်။ ကျုပ်က အဲဒီလို မလုပ်ချင်ဘူး။ အခက်အခဲတွေနဲ့ စွန့်စားပြီးမှ ကျုပ်ရဲ့ အသက်ကို မွေးချင်တယ်။ သူ့အသက်၊ ကိုယ့်အသက်လုပြီးရှာရတဲ့ ထမင်းကိုမှ စားချင်တယ်။ အဲဒီထမင်းမှ ကျုပ်အဖို့ မြန်တယ်လို့ထင်တာကိုးဗျ။ လက်နဲ့ တစ်ချက်ပုတ်မိရုံနဲ့ မျက်နှာတွေ ဆုတ်၊ အူပါပွင့်ထွက် သွားနိုင်တဲ့ ဝက်ဝံရဲ့ လက်နှစ်ဖက်ကြားထဲမှာ ဝင်ပြီး ဝက်ဝံရဲ့နံရိုး တွေ ကျိုးအောင် ကျုပ်ရဲ့လက်သီးနဲ့ထိုးပြီး ဝက်ဝံကို အသေသတ် ခဲ့ပြီး သူ့အသားကို ဈေးမှာ ရောင်းတယ်။ သူ့အရေကိုဆုတ်ပြီး အိမ်ရာခင်းလုပ်ပြီး အိပ်တယ်။ အဲဒီလိုပဲ ကျားသစ်နဲ့ သတ်ခဲ့ရတာ တွေ၊ ကျားနဲ့ သတ်ခဲ့ရတာတွေ အများကြီးပဲဗျ။ အဲဒီလို ရှာပြီး စားရတဲ့ ထမင်းကို ပိုပြီး မြိန်တယ်လို့ ထင်တယ်ဗျ။ ဒါပေမဲ့ အဲဒီအလုပ်တွေက စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အလုပ်တွေလို့ ကျုပ်ကိုယ်တိုင် တစ်ခါမှမယူဆခဲ့မိဘူး။ ကျုပ်သတ်ခဲ့တဲ့ ဝက်ဝံကြီးနဲ့ပဲဖြစ်ဖြစ်၊ ကျားသစ်နဲ့ပဲဖြစ်ဖြစ်၊ ကျားကြီးနဲ့ပဲဖြစ်ဖြစ် တစ်ခါမှ ကျုပ်နဲ့သူတို့ဟာ ရန်ဖြစ်ခဲ့ဖူးတယ်လို့ မရှိခဲ့ဖူးပါဘူး။ သူတို့ဟာ ကျုပ်ရဲ့ ရန်သူတွေလည်း မဟုတ်ဘူး။ ဒါကြောင့် သူတို့အပေါ် ကျုပ်အနေနဲ့ အငြိုးအမှတ်တွေလည်း မထားခဲ့ပါဘူး။ သတ်စရာရှိလို့ သတ်လိုက်တာပါပဲ။ အဲဒီအပေါ်မှာ ကျုပ်အယူက ရှင်းပါတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ ရန်ဖြစ်ဖူးမယ်။ စီးပွား လုပ်ဖက် ဖြစ်ခဲ့ဖူးမယ်။ ရည်းစားလုဘက် ဖြစ်ခဲ့ဖူးမယ်။ အဲဒီ အပေါ်မှာ အငြိုးအမှတ်တွေ ထားခဲ့ဖူးမယ်။ ပြီးတော့မှ အခွင့်
ကောင်း ရလို့သတ်တယ်ဆိုရင်တော့ အဲဒါဟာ မကောင်းမှုပဲဗျ။ ကျုပ်က ဒီလိုမဟုတ်ဘူး။ တောထဲမှာ ဟင်းရွက်ချိုး သွားတဲ့လူဟာ သူလိုချင်တဲ့ ဟင်းရွက်ကိုတွေ့လို့ ချိုးလာသလို ကျုပ်က လည်း ကျုပ်လိုချင်တဲ့ သားကောင်ကိုတွေ့ရင် ပစ်ခတ်ဖမ်းဆီးခဲ့ တာပါပဲ။ ဒီထက်ပိုပြီး ဘာမှမထူးပါဘူး”

ဟု ပြောလေ၏။
ကျွန်ုပ်၏မိတ်ဆွေ မုဆိုးကြီးဦးမိုးသည် ၄င်း၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို အမွှမ်းတင်၍ ပြောဆိုနေသည်ဟုသာ ကျွန်ုပ်အနေနှင့် ယူဆမိတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် ထို အကြောင်းအရာများကို ဆက်လက်ဆွေးနွေးပြောဆိုခြင်းမပြုတော့ ဘဲ စကားလမ်းကြောင်းကိုလည်း လွှဲပစ်လိုက်သည်။ ထို့ကြောင့် ကျွန်ုပ်က…

““ဦးမိုးရယ်။ ဒါတွေ ထားလိုက်ပါတော့ဗျာ။ ခင်ဗျား တောထဲတောင်ထဲကို နေ့ရောညရော ဒီလောက်တောင် သွားနေရတာ တစ္ဆေသရဲအခြောက်ခံရတယ်လို့ ရှိဖူးပါသလားဗျာ”

ဟု မေးလိုက်လေ၏။
ကျွန်ုပ်သည် သရဲတစ္ဆေကို ယုံကြည်၍ မဟုတ်။ တမင် တကာ စကားလမ်းကြောင်းပြောင်းပစ်လို၍ဖြစ်၏။ ထိုအခါ ၄င်း ဦးမိုးက … ။

“ကျုပ်အနေနဲ့တော့ တစ္ဆေသရဲအခြောက်ခံရတယ်လို့ တော့ ရှိဖူးပေါင်ဗျာ။ ဒါပေမဲ့ တောပစ်သွားရင်း တောခေါင်းသမီး လေး သရဲပူးတာ တွေ့ဖူးလေရဲ့။ ပြောတာကတော့ သရဲပူးတာပဲ။ဒါပေမဲ့ မိန်းကလေးဆိုတော့ သွေးလေချောက်ချားတာလည်း ဖြစ်နိုင်တာပဲ”

ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က…

“ငန်းဖမ်းတာတွေ၊ သွေးလေချောက်ချားတာတွေ မပြော နဲ့တော့ဗျာ။ သရဲပူးတာပဲ ပြောပါ။ ခင်ဗျားမယုံပေမဲ့ ကျုပ်ကယုံတယ်

ဟု ဇွတ်အတင်းပြောခိုင်းလေ၏။ ထိုအခါ ဦးမိုးက…

“ရိုးမတောစပ်မှာဗျ။ တောခေါင်းကြီးနာမည်က ဦးသာ ဒင်တဲ့။ သူ့သမီးလေးနာမည်က မယ်လှတဲ့။ တိုတိုပြောရရင် သရဲပူးရောဂါဆိုပါတော့ဗျာ။ အဲဒီမှာ တောခေါင်းဦးသာဒင်ကြီးက “ငါသမီးကိုယ်ထဲမှာ ဝင်ပူးနေတာ ဘယ်သူလဲ”
လို့ ခပ်ငေါက်ငေါက်လေသံနဲ့ မေးလိုက်တယ်။ အဲဒီမှာ မယ်လှကိုဝင်ပူးနေတဲ့ သရဲက
“ကျုပ် ရွာစောင့်ပဲ။ ကျုပ်ကို ငါးကြော်နဲ့ ထမင်းကျွေးရ မယ်။ မကျွေးရင် ခင်ဗျားသမီးရဲ့ အသက်ကို နုတ်သွားရမယ်”
လို့ ပြောတော့တာကိုး။ အဲဒီတော့ တောခေါင်းဦးသာဒင်ကြီးက
“ဪ…ငါးကြော်စားချင်လို့ ဟုတ်လား။ သရဲရေ မင်းကို ကျွေးဖို့နေနေသာသာ ငါတောင် ငါးကြော်မစားရတာ သုံးနှစ်ရှိပြီ။ ခပ်ချောင်ချောင်နဲ့ ငါးကြော်စားရမယ့်နေရာရှိရင် ငါ့ကိုလည်းပြော ပါ။ မင်းလို သရဲပဲဖြစ်ရဖြစ်ရ ဖြစ်ချင်စမ်းပါဘိ”
လို့ ပြောလိုက် တယ်။ အဲဒီအခါမှာ ပူးကပ်နေတဲ့ သရဲက အတော်စိတ်ညစ်သွားပုံရပြီး သူ့ပါးကို သူ့လက်နဲ့ တဖြန်းဖြန်းရိုက်တော့တာပဲ။ အဲဒီလို ရိုက်ပြီးတော့ သရဲက ဘာပြောသလဲဆိုတော့
“ကျုပ် မိုက်တယ်။ ကျုပ်မိုက်တယ်။ ကျုပ်ဆရာ သရဲကြီးက အတန်တန်မှာပါတယ်။ တို့သရဲထက် ငတ်တဲ့ကောင်တွေဆီ ဘယ်တော့မှဝင်မပူးနဲ့ဆိုတာ။ ကျုပ်က ဝင်ပြီး ပူးမိတာကိုး။ ထားပါတော့လေ။ ငါးကြော်မကြွေး ရင်လည်း နေပါ။ ငွေအစိတ်လောက်တော့ ပေးပါ။ မပေးရင်တော့ ခင်ဗျားသမီးအသက်ကို နုတ်သွားရမှာပဲ”
လို့ ပြောပြန် တယ်။ အဲဒီတစ်ခါမှာတော့ တောခေါင်းကြီးဦးသာဒင်ကြီးက
“စောစောကအထိ ရဲအရေးမပိုင်သေးဘူး။ အခုတော့ ငွေညှစ်မှု၊ ခြိမ်းခြောက်မှုနဲ့ အမှုဖွင့်လို့ ရပြီ။ ဒီအမှုဟာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဆယ်နှစ် ကျနိုင်တယ် သရဲရဲ့”
လို့ ပြောလိုက်တယ်။ အဲဒီအခါမှာ သရဲက သူ့ပါးကို သူ့လက်ဝါးနဲ့ တဖြန်းဖြန်းရိုက်ပြန် တယ်။
“ကျုပ်မှားတယ်။ သိပ်ကို မှားတယ်။ ကျုပ်ဆရာ သရဲကြီး က အတန်တန် မှာလိုက်ပါတယ်။ ဥပဒေနားလည်တဲ့ အိမ်ကို ဝင်ပြီး မပူးနဲ့ဆိုတာကို ကျုပ်က ဝင်ပြီး ပူးမိတာကိုး။ ကဲ.. ကျုပ်သွားမယ်။ စိတ်မဆိုးပါနဲ့”လို့ဆိုပြီး သရဲထွက်သွား တော့တာပဲ”

ဟု ထူးဆန်းသော သရဲပူးခြင်းအကြောင်းကို ပြောပြလိုက် ရာ ကျွန်ုပ်သည် ၄င်း၏ သရဲပုံပြင်ကို မကြောက်သည့်အပြင် “တဟားဟား”ရယ်ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က…

““ဦးမိုးရယ် ခင်ဗျားဟာကလည်း ဟုတ်ရဲ့လားဗျာ”

ဟု ပြောလိုက်ရာ မုဆိုးကြီးဦးမိုးက…

“ကျုပ်တွေ့ဖူးတာ ကျုပ်ပြောတာပဲ။ အစကတည်းက ကျုပ် စကားခံထားတယ်လေ။ သွေးလေ ချောက်ချားတာလား။ ငန်းဖမ်းပြီး ကယောင်ကတမ်းဖြစ်တာလား မသိဘူးလို့”

ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ဦးမိုး၏ စကားလမ်းကြောင်း ပြောင်းရန် သရဲပုံပြင်ကြောင့် စကားစလည်း ပြတ်၍ သွားလေ၏။
ထို့ကြောင့် ကျွန်ုပ်က…

“နေပါဦး ဦးမိုးရဲ့။ တိရစ္ဆာန်တွေက သူတို့ရဲ့သားကောင် ကို သူတို့ညှိပြီး ဖမ်းယူ စားသောက်နိုင်တယ်ဆို တာ အဟုတ်ပဲလား ဗျာ”

ဟု မေးလိုက်လေ၏။

“တိရစ္ဆာန်မှာ တိရစ္ဆာန်သံလိုက်ဓာတ်တစ်မျိုးရှိတယ်ဗျ။ ပြီးတော့ တိရစ္ဆာန် တွေမှာ သဘာဝက ပေးထားတဲ့ ညှိနိုင်စွမ်းရည် လည်း ရှိတယ်ဗျ။ စာကလေးဟာကြောင်ရဲ့ မျက်လုံးနဲ့ မဆိုင်မိ မချင်း လွတ်အောင် ပျံနိုင်ပါတယ်ဗျာ။ ဒါပေမဲ့ မျက်လုံးချင်းဆုံမိ ရင်တော့ စာကလေးဟာ ကြောင့်ရဲ့ အညှို့ခံရပြီး မပျံနိုင်တော့ဘူးပေါ့ ”

ဟု မုဆိုးကြီးက ပြောလိုက်လေ၏။

“အင်း…ခင်ဗျားတို့မုဆိုးတွေကရော အဲဒီတိရစ္ဆာန်တွေနဲ့ ရင်ဆိုင်မိတဲ့အခါမှာ ဘယ်လိုလုပ်ကြမှာတုံး”

ဟု ကျွန်ုပ်က မေးလိုက်ရာ မုဆိုးကြီးဦးမိုးက သူ၏ ဆေးတံမှ ဆေးကြွင်းဆေးကျန်များကို ခေါက်ချရင်း…

“လူမှာလည်း သံလိုက်ဓာတ်ရှိတာကိုး မိတ်ဆွေရ”

ဟု ပြောလိုက်လေ၏။ ထို့နောက် ၄င်း၏ဆေးတံအိုး တွင်း ဆေးအသစ်ထည့်၍ ထပ်မံရှိုက်ဖွားစဉ်၌မှာပင် ကျွန်ုပ်အခန်း ၏ တစ်ခန်းကျော်မှ ကြောင်လေးတစ်ကောင်သည် ကျွန်ုပ်တို့အနီး သို့ ရောက်ရှိလာပြီးလျှင် မုဆိုးကြီးဦးမိုးအား မော့ကြည့်ပြီး “ညောင်”ဟု အော်လိုက်လေ၏။မုဆိုးကြီးဦးမိုးလည်း ကြောင်လေးအား ပြန်၍ကြည့်လိုက် လေ၏။ကြောင်ကလေး၏ မျက်လုံးသည် ရွေ့လျားခြင်းမရှိဘဲ ငြိမ်၍နေလေ၏။ ထို့နောက် တဖြည်းဖြည်းချင်း ဝေး၍ မေးစေ့ကို ကြမ်းပြင်၌ကပ်ကာ မျက်စိမှိတ်သွားလေတော့၏။
ကျွန်ုပ်၏စိတ်၌ ဦးမိုးဆိုသည့် လူကြီးသည် ကျွန်ုပ်အား အစွမ်းပြလိုက်သည်ထင်မှတ်ကာ မချင့်မရဲဖြစ်သွားလေတော့၏။ ထို့နောက် …

“ကြောင်မို့လို့ ရတာပေါ့ ဗျာ။ ခွေးဆိုရင် ဒီလူကြီး လုပ်လို့ရမှာ မဟုတ်ပါဘူး”

ဟု ကျွန်ုပ်၏စိတ်၌ တွေးထင်မိလေတော့၏။ ထိုအချိန်၌ မှာပင် အိမ်အပြင်ဘက်မှ ခွေးတစ်ကောင်ဝင်လာလေတော့၏။ ထိုအခါ ဦးမိုးက “တက်”တစ်ချက်ခေါက်လိုက်ရာ ထိုခွေးသည် ဦးမိုးအား မော့၍ကြည့်လိုက်လေ၏။ ထို့နောက် ခွေးသည် ရှေ့သို့တိုးမလာဘဲ ရပ်၍နေလေ၏။ ခွေး၏မျက်လုံးများသည် ငြိမ်၍သွားလေ၏။ ထိုအခါ ကျွန်ုပ်က..

“ဦးမိုးရယ်။ ခင်ဗျား အဲဒီဥစ္စာတွေက တမင်တကာ လေ့ကျင့်ထားတာလား။ မွေးကတည်းက ပါလာတာလား”

ဟုမေးလိုက်လေ၏။

““အဲဒီစွမ်းရည်ဟာ လူမှာ မွေးရာပါပဲဗျာ။ ဒါပေမဲ့ လေ့ကျင့်မှ အသုံးချလို့ရတာမျိုးဗျ”

ဟု ဦးမိုးက ပြောလေတော့၏။

“အဲဒီလိုဆိုရင် လေ့ကျင့်နည်းလေး မပြောနိုင်ဘူးလားခင်ဗျာ”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဦးမိုးက…

“အကောင်းဆုံး လေ့ကျင့်နည်းကတော့ မိမိနာမည်ကို အင်္ဂလိပ်ဂဏန်းသင်္ချာနည်းနဲ့ ကိန်းဖွဲ့ပြီး စပြီးကျင့်ရမယ့် ရက်ကို ရှာရတယ်ဗျ”

ဟု ပြောလိုက်လေ၏။

“မိမိနာမည်ကို အင်္ဂလိပ်ဂဏန်း သင်္ချာနည်းနဲ့ ကိန်းဖွဲ့ တယ်ဆိုတာက ဘယ်လိုလုပ်ရမှာလဲ ဦးမိုးရဲ့”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။ ထိုအခါ ဦးမိုးက …

““အေ-ဘီ-စီ-ဒီ တွေကို ဟောဒီလို တန်ဖိုးတွေ သတ်မှတ်ထားတယ်ဗျ။
________________

A,I,J,Q,YX…..၁
B,K,R ……… ၂
C,G,L,S………၃
D,M,T………..၄
E,H,N………. ၅
U,V,W…………၆
O,Z…………….၇
F,P………………၈

ဟု ပြောလိုက်လေ၏။

“အဲဒီလိုတန်ဖိုးတွေ သတ်မှတ်ထားပြီး ဘယ်လိုလုပ်ရမှာ တုံး ဦးမိုးရဲ့”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“အဲဒီတော့ နာမည်ကို အားလုံးပေါင်းပြီး ရတဲ့ဂဏန်းတွေ အားလုံးပေါင်းပြီး ကိန်းဂဏန်းတစ်ခုတည်းရအောင် ဖွဲ့လိုက်တာ ပေါ့ ဗျာ။ ဥပမာ “မင်းစိန်”ဆိုတဲ့ လူတစ်ယောက်ဆိုပါတော့။

Min
41 5 4 +1 + 5 = 10

Sein
3 5 1 5 3 + 5 +1 + 5 = 14

10 + 14 = 24 = 2 +4 = 6

“မင်းစိန်” ဆိုတဲ့ နာမည်ဟာ “၆” ဂဏန်းရတယ်ပေါ့ဗျာ”

ဟု ဦးမိုးက ပြောလိုက်လေ၏။

“ခြောက်ဂဏန်းရတော့ ဘယ့်နှယ်လုပ်ရမှာတုံး”

ဟု ကျွန်ုပ်က မေးလိုက်ပြန်လေ၏။

“အဲဒီဂဏန်းနဲ့ သက်ဆိုင်တဲ့နေ့တွေ ရှိတယ်ဗျ။ အဲဒီနေ့ တွေမှာ စတင်လေ့ကျင့်ရမှာပေါ့ ဗျာ။
(၁ + ၄) ရတဲ့ လူက      တနဂ်နွေနေ့
(၂ + ၇) ရတဲ့ လူက       တနလ်ာနေ့
(၉) ရတဲ့လူက.              အဂါနေ့
(၅) ရတဲ့လူက.             ဗုဒ္ဓဟူးနေ့
(၃) ရတဲ့လူက              ကြာသပတေးနေ့
(၆) ရတဲ့လူက.              သောကြာနေ့
(၈) ဂဏန်းရတဲ့လူက.    စနေ့နေ့

ပေါ့ ဗျာ။ အဲဒီနေ့မှာ စပြီးလေ့ကျင့်ရမယ်။ အဲဒီနေ့ဟာလည်း လဆန်းရက်ရဲ့ ပထမရက်သတ္တပတ်အတွင်းမှာ ပါဝင်စေရမယ်”

ဟု ဦးမိုးက ပြောလေ၏။

“ဟုတ်ပါပြီတဲ့ဗျာ။ ကျင့်ပုံကျင့်နည်းကလေး ရှင်းစမ်းပါဦး”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။ ထိုအခါ ဦးမိုးက…

“ကျင့်ပုံကျင့်နည်း အထူးမရှိပါဘူးဗျာ။ အဲဒီနေ့ည သန်းခေါင်ကျော်ရင် အိမ်အပြင် အိမ်အမိုးနဲ့ လွတ်ရာကိုထွက်ပြီး အနောက်စူးစူးကို မျက်နှာမူပြီး မျက်စိမှိတ်ပြီး ထိုင်နေရမယ်။ ထိုင်တာကတော့ တင်ပျဉ်ခွေချိတ်ပြီး ထိုင်ရင် အကောင်းဆုံးပဲ။ ထိုင်နေတဲ့ ဘေးပတ်ပတ်လည်မှာ အမွှေးတိုင်ထွန်းထားရမယ်။ ထွန်းထားရမယ့်အရေအတွက်ကတော့ မိမိနာမည်နဲ့တွက်ပြီး ရတဲ့ ဂဏန်းအရေအတွက်အတိုင်း ထွန်းထားရင် ပိုပြီးသဘာဝကျပါ တယ်။ ထိုင်နေရင်း ကြာလာတော့ မျက်စိထဲမှာ မီးရောင်လက် သလိုလို၊ လက်နှိပ်ဓာတ်မီးနဲ့ ထိုးလိုက်သလိုလို ခံစားရမယ်။ ကြက်သီးတွေ ထလာမယ်။ မည်းခနဲ မှောင်ခနဲ အရိပ်ကျသလို ဖြစ်လာမယ်။ ကြောက်ပြီးထမပြေးဖို့ အရေးကြီးပါတယ်။ ကျန်တဲ့ လေ့ကျင့်ခန်းတွေ၊ သင်ခန်းစာတွေက ကျုပ်ပြောပြဖို့မလိုပါဘူးဗျ။ ပြမယ့်ဆရာတွေ ရောက်လာပါလိမ့်မယ်။ ဒီနည်းနဲ့ ခပ်ဆင်ဆင်တူ တဲ့ နည်းကို စစ်မဖြစ်ခင်ကတည်းက ဆရာကြီးနတ္တလင်းဆရာဖြိုး က သူ့ရဲ့ စိတ်ပညာအလင်းပြကျမ်းမှာ ပါရှားမဟိဒ္ဓိပညာအဖြစ် နဲ့ ဖော်ပြဖူးပါတယ်။ လေးစားစရာကောင်းတဲ့ အဲဒီဆရာကြီး နတ္တလင်းဆရာဖြိုးက သူ့ရဲ့ စိတ်ပညာအလင်းပြကျမ်းမှာ “က” နာမည်ဂဏန်းဖွဲ့တဲ့ နေရာမှာ အင်္ဂလိပ်စာလုံးကို အသုံးမပြုဘဲ မြန်မာဗျည်းသရတွေနဲ့ အသုံးပြုထားတာတွေ့လို့ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ကျုပ်အခု ပြောတဲ့နည်းကတော့ သစ်တောဘက်က တောခေါင်းကြီးဦးသာဒင်ကြီးရဲ့နည်းပေါ့ဗျာ။ ဘယ်လိုအစွမ်း ထက်တယ်ဆိုတာကတော့ ထည့်မပြောဘဲ ဆုံးခန်းတိုင်အောင် ကျင့်ဖူးတဲ့လူတိုင်း သိကြပါ့ ဗျာ”

ဟု ပြောလိုက်လေတော့၏။
ထို့နောက် ကျင့်နည်းကို ကျွန်ုပ်ကိုယ်တိုင်စမ်းသပ်ခြင်းမပြုဘဲ ကောလိပ်ကျောင်းသားလူငယ်နှစ်ဦးကို စမ်းသပ်စေခဲ့ရာ လူငယ်တစ်ဦးသည် အူကြောင်ကြောင်ဖြစ်၍ ကျန်တစ်ဦးမှာမူ ထိုကိစ္စနှင့်ပတ်သက်၍ အကောင်းအဆိုးမေးသည်ကိုပင် မရ တော့ဘဲ “တော်တော့ဗျာ” ဟုသာ ပြောလေတော့၏။
ထို့နောက် ကိုရင်ကြီးတစ်ပါးကို ကျွန်ုပ်က လေ့ကျင့်ရန် တိုက်တွန်းပြန်ရာ ထိုကိုရင်ကြီးမှာလည်း အိပ်ရာထဲတွင် သုံးလ ခန့် ဖျားသည့်တိုင်အောင် ရောဂါကုရဖူးသဖြင့် ဆက်လက် လုပ်ကိုင်ရန် ဆန္ဒမရှိတော့ကြောင်း သိရလေတော့၏။ သို့ရာတွင် ကျွန်ုပ်ထံ၌ လက္ခဏာပညာ လာရောက်ဆည်းပူးသော မူလတန်း
ကျောင်းအုပ်ဆရာမကြီးတစ်ဦးအား ပင်စင်ယူပြီးသောအခါ၌ လေ့ကျင့်ရန် တိုက်တွန်းကြည့်ရာ ထိုဆရာမကြီးသည် ခြောက်လ ခန့်ကြာသောအခါ ကျွန်ုပ်အား တိုက်ပန်းကန်ပြားတစ်စုံ လာ ရောက်၍ ကန်တော့လေ၏။

“ဆရာ့ကျေးဇူးပဲ။ ဆရာ မပြောရင် အဲဒီနည်းကို ကျွန်မ ကျင့်ဖို့ မပြောနဲ့။ သိတောင် သိမှာမဟုတ်ဘူး။ အခုတော့ ကျွန်မ အတွက် အတော်ပဲ အကျိုးရှိပါတယ်”

ဟု ပြောလေ၏။ မည်သို့မည်ပုံ အကျိုးရှိကြောင်း မေး သောအခါ၌မူ ထိုဆရာမကြီးက …

“အဲဒါတော့ ပြောခွင့်မရှိလို့ သည်းခံပါရှင်”

ဟုသာ ပြောလေတော့၏။
ထို့ကြောင့် ထိုလေ့ကျင့်ခန်းအဆုံးသင်ခန်းစာမှာ မည်သို့ မည်ပုံရှိသည်ကိုမူ ကျွန်ုပ်မှာ တပ်အပ်သေချာ ဖော်ပြနိုင်ခြင်း မရှိတော့ပါ။

သဗ်ဗသေတ်တာ ကမ်မသကာ

#မင်းသိင်္ခ

ဆရာကြီး၏ဝတ္ထုတိုပေါင်းချုပ် (၃)မှ

စာစီ-ဇေယျာမိုး (မွန်းလေးဖေဖေ)