သူငယ်ချင်း”
ခွန်းလှလဲ သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး ရဲစခန်းအရှေ့က သစ်ပင်အောက်မှာ ထိုင်စောင့်နေတဲ့ အောင်မြတ်သာတို့ရှိရာကို ထွက်လာခဲ့လိုက်တယ်။
++++++
ဆတ်ဖလူးပင်တွေ အများအပြားပေါက်နေတဲ့ တောင်ကုန်းတစ်ခုအပေါ်မှာ နေချင့်စဖွယ် ဆောက်လုပ်ထားတဲ့ တဲအိမ်တစ်လုံးရှိနေခဲ့တယ်။
တဲအိမ်ရဲ့အပြင်ဘက်မှာတော့ ယောင်္ကျားလေးဝတ် အင်္ကျီအချို့ကိုလှမ်းထားပြီး တဲရဲ့အနောက်ဘက်မှာတော့ ကြည်လင်နေတဲ့ရေတွေအပြည့်ဖြည့်ထားတဲ့ ကျောက်စည်တစ်လုံး။
“ ဘကြီး… ဗျို့ ဘကြီး”
တဲအပြင်ကနေ လှမ်းခေါ်နေတဲ့အသံကြောင့် အထဲကနေ အသက်၆၀အရွယ် လူကြီးတစ်ယောက် ထွက်လာပြီး
“ မောင်သံတိုင်ပါလား… ဘာကိစ္စများရှိလို့လဲ”
“ ကျွန်တော်တို့ ဒီမှာဆက်နေလို့ အဆင်မပြေတော့ဘူးထင်တယ်”
“ ဘာဖြစ်လို့လဲကွ”
“ ဘာဖြစ်ရမှာလဲ… ဒေါ်ရှာဘီကို ရဲတွေဖမ်းမိသွားပြီလေ…”
“ မင်းကလဲ ကြောက်နေပြန်ပြီ… လာလာ တဲပေါ်တက်ခဲ့”
သံတိုင်လဲ သူ့ကိုခေါ်နေတာကြောင့် တဲပေါ်ကို တက်သွားလိုက်ရာ အထဲမှာ စားပွဲတစ်လုံးရယ် ဖတ်လက်စ စာအုပ်တစ်အုပ်ကလွဲပြီး ရှင်းလင်းနေတာကို မြင်လိုက်ရတယ်။
“ မင်းလက်ကိုပြစမ်း”
သံတိုင်က သူ့ရဲ့လက်နှစ်ဖက်ကိုဖြန့်ပြလိုက်ရာ အိမ်ပိုင်ရှင်လူကြီးက သူ့လည်ပင်းမှာဆွဲထားတဲ့ ကြုတ်ထဲကနေ ဆေးမှုန့်အချို့ကို သွန်ချလိုက်တယ်။
“ ဘကြီး… ဒါတွေက ဘာတွေလဲ”
“ မင်းက အလုပ်ကြမ်းအမြဲလုပ်ရတာဆိုတော့ အားရှိဖို့လိုတယ်လေ.. ကဲ သောက်လိုက်”
သံတိုင်လဲ ဆေးနီမှုန့်တွေကို ပါးစပ်ထဲပက်ထည့်ရာ ခဏနေတော့ မျက်လုံးတွေဝေဝါးလာပြီး သမ်းဝေကာ အိပ်ပျော်သွားခဲ့တယ်။
သံတိုင်လန့်နိုးလာတော့ တဲအိမ်ပေါ်မှာ မဟုတ်တော့ပဲ စိမ်းစိုနေတဲ့ မျက်ခင်းပြင် တစ်ခုပေါ်ရောက်နေတာကို ခံစားလိုက်ရတယ်။ သူ့ဘေးမှာတော့ အတန်သင့်ကြီးမားတဲ့ ခြေဖဝါးနှစ်ခု။
“ မင်း နိုးလာပြီလား”
သံတိုင်က အသံကြားတဲ့ဘက်ကို မော့ကြည့်လိုက်ရာ ပိုးပုဆိုးနဲ့ တီရှပ်အဖြူ ဝတ်ဆင်ထားတဲ့လူကို မြင်လိုက်ရတယ်။
“ ဘကြီး… ဒါက ဘယ်နေရာလဲ”
“ ဒါက ငါ့ဖန်တီးထားတဲ့ နေရာလေးပဲ… ဒီနေရာကို ရောက်ဖူးတာဆိုလို့ မင်းရယ် ကျော်စွာရယ်ပဲရှိတာ”
“ ကျော်စွာဆိုတာ ဘယ်သူလဲ ဘကြီး”
သံတိုင်မေးတာကို မတ်တပ်ရပ်နေတဲ့လူကြီးက ပြန်မဖြေပဲ မြေစာခဲတွေကို လူတစ်ရပ်စာစုပုံထားတဲ့ နေရာရှေ့ကိုထွက်သွားခဲ့တယ်။
“ သံတိုင် … မင်းကရော ငါ့အပေါ်သစ္စာဖောက်မှာလား”
“ ဟာ ဘကြီးကလဲ… ကျွန်တော်က အဲလိုလူစားမျိုး မဟုတ်ပါဘူးဗျ”
“ အဟက် … မင်းလိုပဲ ကျော်စွာလဲပြောခဲ့တာပဲ… ဒါပေမယ့် မင်းသိထားရမှာက ငါ့အပေါ် သစ္စာဖောက်မယ်ဆိုရင် မင်းရော မင်းနဲ့ပတ်သတ်တဲ့ သူတွေအကုန် သေရမယ်ဆိုတာပဲ”
ရုတ်တရက်ခက်ထန်လာတဲ့စကားတွေနဲ့အတူ မတ်တပ်ရပ်နေတဲ့လူကြီးရဲ့ ဆံပင်တွေက တစ်ဖြေးဖြေးရှည်ကျလာခဲ့တယ်။
“ သံတိုင်… မင်းငါ့အပေါ်သစ္စာရှိရင် ငါကလဲ မင်းကိုမပစ်ထားဘူးကွ အဟီးအဟီး ဟက် ဟက်”
သံတိုင်လဲ သူ့အရှေ့မှာတင် ရုပ်သွင်ရော ဆံပင်တွေပါပြောင်းလဲသွားတဲ့ လူကြီးကို ကြည့်ရင်း အံ့ဩထိတ်လန့်မှုတွေက ငယ်ထိပ်ထိကို ဆောင့်တက်လာခဲ့တယ်။
“ ကောင်လေး… မင်း အိပ်ဖို့အချိန်တန်ပြီ”
နဖူးကိုလက်ညိုးနဲ့ဖိပြီး ခပ်တိုးတိုးလေးပြောလိုက်ရာ သံတိုင်တစ်ယောက် မျက်ခွံတွေလေးလာပြီး နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့တယ်။
“ အား ကျွတ် ကျွတ် ကျွတ်”
ရုတ်တရက်ထထိုင်လိုက်တာကြောင့် မိုက်ခနဲဖြစ်လာတဲ့ ခေါင်းကိုဖိကိုင်ပြီး ညဉ်းညူလိုက်တဲ့သံတိုင်ရဲ့အသံကြောင့် ခြေရင်းမှာ ထိုင်နေတဲ့လူကြီးက ကွမ်းတစ်ယာကို ပါးစပ်ထဲထိုးထည့်လိုက်ရင်း
“ မင်း နိုးလာပြီလား”
“ အိမ်မက်ကထူးဆန်းလိုက်တာ… အိမ်မက်ထဲမှာ ဘကြီးက ဆံပင်တွေအရှည်ကြီးနဲ့ နောက်ပြီး…”
သံတိုင်စကားကြောင့် ကွမ်းစားနေတဲ့လူကြီးက သဘောကျစွာရယ်လိုက်ပြီး
“ မင်းမြင်တာ အိမ်မက်မဟုတ်ဘူးကွ… ဒီမှာကြည့်”လို့ပြောကာ ခေါင်းပေါ်မှာပေါင်းထားတဲ့ အဝတ်စကိုဖြေချလိုက်ရာ ကျောလယ်လောက်အထိရှည်လျားတဲ့ ဆံပင်တွေ ကျလာခဲ့တယ်။
“ ဘကြီးဆံပင်က အရင်က ဒီလောက်မရှည်ပါဘူး ဘယ်လိုဖြစ်ပြီး ရုတ်တရက်ရှည်ထွက်လာတာလဲ”
“ မင်းငါ့အကြောင်းအကုန်မသိသေးတာလဲပါမယ်.. ဒါပေမယ့် ဒီနေ့စကပြီး မင်းက ငါ့ရဲ့တပည့်ဖြစ်သွားပြီ၊ မင်းသစ္စာမဖောက်သရွေ့ ငါ့ဘက်ကလဲမင်းကို တပည့်သားမြေးလို ဆက်ဆံမှာပါ၊ ရော့ ဒါက မင်းအတွက်”
ဆံပင်ရှည်တွေဝေ့ဝဲနေတဲ့ လူကြီးက လေထဲကနေ တစ်စုံတစ်ခုကိုရုတ်တရုက်ဖမ်းဆုပ်ပြီး သံတိုင်လက်ထဲကို ထည့်ပေးလိုက်တယ်။
“ ဖွင့်ကြည့်လိုက် ငါ့တပည့်”
သံတိုင်လဲ လက်ထဲဆုပ်ကိုင်ထားတဲ့ အရာကို ဖွင့်ကြည့်လိုက်ရာ လက်တစ်ဆစ်သာသာရှိတဲ့ ရွှေတုံးတစ်တုံးကိုမြင်တွေ့လိုက်ရတယ်။
“ ရွှေ ရွှေတုံးပါလား… ဘကြီး ဒါ ဒါက ကျွန်တော်ကို ပေးတာလား”
“ အေးပေါ့ကွ မင်းကိုပေးတာ”
“ ကျေးဇူးတင်လိုက်တာ ဘကြီးရယ်… ကျွန်တော် ဘကြီးအပေါ် အမြဲသစ္စာရှိမယ်လို့ ကတိပေးပါတယ်”
“ အေး… မင်း ဒီည အားတယ်မဟုတ်လား”
“ အားပါတယ် ဘကြီး…”
“ ညနေ နေဝင်တာနဲ့ မင်းနဲ့ငါ တစ်နေရာကိုသွားဖို့ရှိတယ် အသင့်ပြင်ထားလိုက်”
သံတိုင်လဲ ဘကြီးစကားကြောင့်ရွေတုံးကို အိတ်ကပ်ထဲထည့်ပြီး အိမ်ရှေ့မှာထွက်ထိုင်နေလိုက်တယ်။ ညနေနေဝင်ခါနီးအချိန်ရောက်တော့ အိမ်ထဲကနေ လွယ်အိတ်တစ်လုံးကိုလွယ်ပြီးထွက်လာတဲ့ ဘကြီးက ဆပ်ဖလူးကုန်းရဲ့ အနောက်ဘက် လျှိုတစ်ခုထဲကို ခေါ်ဆောင်သွားခဲ့တယ်။ သစ်ပင်ငယ်လေးတွေနဲ့ စိမ်းစိုနေတဲ့လျှိုရဲ့အောက်ခြေအရောက်မှာတော့ ကျောက်တုံးသုံးတုံးကို ဖိုခနောက်ဆိုင် လုပ်ထားတဲ့ နေရာမှာ ရပ်လိုက်ပြီး
“ မင်း သရဲ တစ္ဆေတွေကြောက်တတ်လား”
“ ရုတ်တရက်ဆိုရင် အနည်းငယ်လန့်ရုံလောက်တော့ရှိနိုင်ပါတယ်၊ အရမ်းကြောက်တဲ့ထဲတော့မပါပါဘူး”
သံတိုင်စကားကြောင့် ဘကြီးက ခေါင်းတညိမ့်ညိမ့်လုပ်ပြီး ဖိုခနောက်ဆိုင်အလယ်မှာ ရှိတဲ့ မြေကွက်လပ်ကို လက်ညိုးထိုးကာ
“ ငါ့အမိန့်နဲ့ချုပ်ထားတဲ့ သစ္စာဖောက်မိသားစု အခုချက်ချင်း ငါ့အရှေ့ရောက်စမ်း” လို့ အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ ကျောက်တုံးဘေးပတ်ပတ်လည်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့
လူငါးယောက်ရဲ့ ပုံသဏ္ဍာန်ပေါ်လာခဲ့တယ်။
“ သံတိုင် မင်း ဒီမိသားစုကိုသိလား”
“ မသိဘူး ဘကြီး… သူတို့က ဘယ်သူများလဲ”
“ အဟက်အဟက်.. သူတို့က ဘာဘူတိုက်မှာနေတဲ့ မိသားစုလေကွာ… မင်းမမှတ်မိဘူးလား”
“ ဟင်… ဒါဆို အဆိပ်သောက်သေသွားတဲ့ မိသားစုပေါ့… သူတို့ကဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”
“ ငါက ဒီနေရာမှာ သူတို့ဝိဉာဥ်တွေကို ချုပ်ထားလို့ပဲ.. မင်းလဲ ငါ့အပေါ်သစ္စာဖောက်ရင် ဒင်းတို့လိုပဲဖြစ်မယ်ဆိုတာ တွေးထား”
ဘကြီးစကားကြောင့် သံတိုင် တစ်ကိုယ်လုံး အေးစက်သလိုဖြစ်သွားပြီး ကြောက်စိတ်တွေလဲဝင်လာခဲ့တယ်။
“ ကျွန်တော်ကို ဒီခေါ်လာတာကရော အခြားကိစ္စများရှိသေးလားဘကြီး”
“ ရှိတာပေါ့ကွ… မင်းအနေနဲ့ ဒီနေ့ညမှာ သူတို့နေတဲ့အိမ်ထဲကိုဝင်ပြီး ငါ့ပိုင်တဲ့ပစ္စည်းတစ်ခုကို ယူလာပေးရမယ်”
“ ကျွန်တော်က ဘာပစ္စည်းယူလာပေးရမလဲ ဘကြီး”
“ အိမ်ပေါ်ထပ်က ဘုရားကျောင်းဆောင်အနောက်မှာ ဖွက်ထားတဲ့ စာအုပ်တစ်အုပ်ကိုယူလာပေး၊ မင်းအနေနဲ့ စာအုပ်ကိုရရင် လုံးဝဖွင့်မကြည့်ပါဘူးဆိုတဲ့ကတိပေးနိုင်လား”
“ ဟုတ် ဟုတ်ကဲ့… ကျွန်တော် မဖွင့်ကြည့်ပါဘူး”
“ အေး ကောင်းတယ်… မင်း အိမ်ထဲဝင်နေတဲ့အချိန် ဒီမိသားစုကို ငါချုပ်ထားပေးမယ်…ည၁၂နာရီ မထိုးခင် ငါ့ဆီအရောက်ယူလာပေး”
“ ကျွန်တော် ရအောင်ယူလာခဲ့ပေးပါမယ်…”
သံတိုင်လဲ စကားဆုံးတာနဲ့ လျှိုပေါ်ကို ပြန်တက်ကာ ဘာဘူတိုက်ရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
+++++
ညကား အမှောင်ထုကြီးစိုးမှုအောက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ အဲဒီအချိန် ဘာဘူတိုက်ပျက်ကြီးရှိတဲ့ဘက်ကို လူတစ်ယောက် အသားလေးချဉ်းကပ်လာခဲ့တယ်။ အဲဒီလူက တိုက်ပျက်ထဲရောက်တော့ ဓါတ်မီးတစ်လက်ကို ထုတ်ယူလိုက်ပြီး ဟောင်းနွမ်းနေတဲ့ လှေကားထစ်တွေပေါ်ကို တစ်လှမ်းချင်းတက်လာခဲ့တယ်။ အိမ်ပေါ်ထပ်ရောက်တော့ ဖုန်အထပ်ထပ်တက်နေတဲ့ ဘုရားကျောင်းဆောင်ရှေ့ကိုသွားပြီး ရွှေသင်္ကန်းတွေပျယ်လွင့်နေတဲ့ ဆင်းတုတစ်ဆူကိုဖယ်လိုက်ရာ ဆင်းတုအောက်ခြေက ပလ္လင်ထဲမှာ မြုပ်ထားတဲ့ စာအုပ်တစ်အုပ်ကို မြင်လိုက်ရတယ်။
“ ဘကြီး ပြောတာ ဒီစာအုပ်ပဲဖြစ်ရမယ်…”
သံတိုင်က တီးတိုးရေရွတ်ရင်း စာအုပ်ကိုဆွဲယူလိုက်တဲ့အချိန် ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းတွေထလာသလိုဖြစ်သွားခဲ့တယ်။
“ ဒီစာအုပ်က ဘာကြီးလဲဟ…”
လက်သုံးသစ်လောက်ထူတဲ့စာအုပ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်နေရင်း အထဲကို ဖွင့်ဖတ်ချင်တဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာခဲ့တယ်။
“ မဖြစ်ဘူး… ငါဖွင့်မကြည့်ဘူးလို့ ကတိပေးထားတာ၊ မဖွင့်ဘူး လုံးဝမဖွင့်ဘူး”
သံတိုင်က မိမိကိုယ်မိမိ သတိပေးရင်း စာအုပ်ကို ပိုက်ကာ အိမ်အောက်ကိုအမြန်ဆင်းလာခဲ့လိုက်တယ်။ အဲဒီအချိန် လှေကားရင်းမှာ ကျိုးနေတဲ့သစ်ပြားနဲ့ ခလုပ်တိုက်ပြီး လူရောစာအုပ်ရော လွင့်ထွက်သွား ခဲ့တယ်။
သံတိုင်လဲ လဲကျနေရာကနေ လူးလဲထလိုက်ပြီး စာအုပ်ကို ကောက်ယူလိုက်တဲ့အချိန် စာအုပ်အဖုံးက ပွင့်လျက်သားဖြစ်နေတာကြောင့် လက်ထဲက ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ စာအုပ်ထဲကနေ ရုန်းကန်လှုပ်ရှားနေတဲ့ ပုံရိပ်ယောင်တွေကို အံဩဖွယ် မြင်တွေ့ လိုက်ရတယ်။
“ ငါတို့ကို လွှတ်ပေး… ဒီထဲကနေ လွှတ်ပေး”
အသံဩဩနဲ့ရေရွတ်နေကြတဲ့အသံကြောင့် သံတိုင်လဲ စာအုပ်ကို စိတ်ဝင်တစားကြည့်လိုက်ရာ လူတစ်ကိုယ်လုံးက စာအုပ်ထဲကို တိုးဝင်သွားသလို ခံစားလိုက်ရတယ်။
စူးရှတဲ့အလင်းရောင်ကြောင့် မျက်လုံးကို ခပ်တင်းတင်းမှိတ်ထားပြီးကာမှ အသာဖွင့်ကြည့်လိုက်ရာ ရေနံချေးတွေ အပြည့်သုတ်ထားတဲ့အိမ်တစ်အိမ်ထဲမှာ လူသုံးယောက် မတ်တပ်ရပ်နေတာကိုမြင်လိုက်ရတယ်။
“ ဦးလူမုန်းပြောတော့ ဒီရတနာတွေကို အညီအမျှ ခွဲပေးမယ်ဆို အခုကဘယ်လိုဖြစ်တာလဲ”
မျက်လုံးမျက်လုံးကောင်းကောင်း လူရဲ့စကားကြောင့် ဦးလူမုန်းဆိုတဲ့ လူကြီးက ဆေးလိပ်ကို ရဲနေအောင် ဖွာလိုက်ပြီး
“ မင်းတို့ဝေစုကို ခွဲဝေပေးမယ်ဆိုတာ အခုမဟုတ်သေးဘူး… ငါတို့နောက်ထပ်လုပ်ရမယ့်ကိစ္စတစ်ခုရှိနေသေးတယ်၊ အဲဒီကိစ္စပြီးရင် အားလုံး ညီတူညီမျှရစေရမယ်လို့ ကတိပေးတယ်”
သံတိုင်က သူ့အရှေ့မှာ ရပ်ပြီးစကားပြောနေတဲ့ ဦးလူမုန်းဆိုသူကို ကြည့်နေရင်း
“ ဘကြီး … ဘကြီး မဟုတ်လား” ဆိုတဲ့စကားကို လွှတ်ခနဲထွက်သွားခဲ့မိတယ်။ ဒါပေမယ့် သူပြောတဲ့ စကားကို လူသုံးယောက်က ကြားဟန်မတူပဲ တစ်ယောက်နဲ့တစ်ယောက် အချင်းများနေတဲ့ဟန်ဖြစ်နေတာကြောင့် ဘေးကနေ စောင့်ကြည့်နေတဲ့အချိန် ဦးလူမုန်းက သူ့ခါးကြားထဲမှာ ဖွက်ထားတဲ့ ဓါးမြှောင်ကို ကျန်လူတွေမသိအောင်ထုတ်ယူပြီး ရှိနေတဲ့ လူနှစ်ယောက်ရဲ့ လည်မြိုကို လျင်မြန်စွာထိုးစိုက်ချလိုက်တယ်။
အငိုက်မိသွားတဲ့လူနှစ်ယောက်ကတော့ အသံပင်မထွက်နိုင် လည်ပင်းကို လက်နဲ့ဖိပြီး လဲကျသွားတဲ့အချိန် ဦးလူမုန်းက အဆိုပါလူနှစ်ယောက်ရဲ့ ဆံပင်တွေကိုဖြတ်ယူပြီး အိတ်ကပ်ထဲထည့်လိုက်တာကိုမြင်လိုက်ရတယ်။
သံတိုင်လဲ အရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကို ကြည့်နေရင်း ပတ်ဝန်းကျင်က ရုတ်တရက်ဝေဝါးလာပြီး ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဇရပ်တစ်ခုပေါ်မှာ လဲကျနေတဲ့ လူနှစ်ယောက်ရဲ့ သဏ္ဍာန်ကို ထပ်မြင်လိုက်ရတယ်။ သူတို့နှစ်ယောက်ဘေးမှာလဲ သုံးမြှောင့်ဓါးမြှောင်တစ်ချောင်းကိုကိုင်ပြီး သဘောကျစွာရယ်နေတဲ့ လူတစ်ယောက်။ သူ့လက်ထဲမှာတော့ မဲနက်နေတဲ့ဆံပင်အချို့။
သံတိုင်ကတော့ မြင်နေရတဲ့ မြင်ကွင်းကို အံ့ဩစွာ ကြည့်နေရင်း ဓါးမြှောင်ကိုင်ထားတဲ့လူက သူ့ရဲ့ကိုယ်ကို ဖောက်ထွက်ပြီး ဇရပ်အောက်ကို ဆင်းသွားတဲ့အချိန် ခန္ဓာကိုယ်က စာအုပ်အပြင် ဘက်ကို လွင့်ထွက်လာခဲ့တယ်။
“ ငါဘာတွေမြင်ခဲ့ရတာလဲ… ဘကြီးက အဲဒီလူတွေကို ဘာလို့သတ်ရတာလဲ”
သံတိုင်က တစ်ယောက်ထဲ ရေရွတ်ရင်း စာအုပ်ကို ကောက်ယူကာ ဘာဘူတိုက်ပျက်ထဲကနေ ထွက်လာခဲ့လိုက်တယ်။
+++++
“ ဘကြီး… ဘကြီး…”
တဲအပြင်ဘက်ကနေ ထွက်လာတဲ့အသံကြောင့် ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက် အထဲကနေ ထွက်လာပြီး
“ မင်း ပြန်ရောက်လာပြီလား… ငါပြောတဲ့စာအုပ်ကို ရှာတွေ့ရဲ့လား”
“ ဟိုလေ… ကျွန်တော် တစ်အိမ်လုံးကို လိုက်ရှာပေမယ့် ဘကြီးပြောတဲ့ စာအုပ်နဲ့တူတာဆိုလို့ ဘာမှမတွေ့ခဲ့ဘူး”
“ မဖြစ်နိုင်တာ… ဒင်းတို့ပြောတာက စာအုပ်ကို ဘုရားပလ္လင်ထဲမှာဖွက်ထားတာဆိုပဲ… မင်း သေချာရော ရှာခဲ့ရဲ့လား”
“ ဟုတ် ဟုတ်ကဲ့… ကျွန်တော် သေချာရှာခဲ့ပါတယ်၊ တကယ်မတွေ့တာပါ”
သံတိုင်ရဲ့စကားကြောင့် ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့ လူကြီးက မျက်မှောင်ကျုံ့ကာကြည့်လိုက်ပြီး
“ မတွေ့ဘူးဆိုတော့လဲ… ဘယ်တတ်နိုင်ပါ့မလဲ… မင်းလဲ ပင်ပန်းသွားပြီဆိုတော့ နားလိုက်ပါဦး”
“ ဟုတ်ကဲ့ ဘကြီး”
သံတိုင်လဲ တဲအရှေ့က ကွပ်ပြစ်မှာ လှဲလှောင်းကာ အနားယူလိုက်ပေမယ့် စိတ်ကတော့ စာအုပ်ကို ဖွက်ထားတဲ့နေရာဆီကိုရောက်နေခဲ့တယ်။
“ ငါမြင်ခဲ့ရတာတွေက အမှန်တွေပဲလား… ဘကြီးက ဘာလို့ ဒီလူတွေကို သတ်ခဲ့တာလဲ”
တစ်ယောက်ထဲအတွေးများနေရင်း ညအချိန်က တစ်ဖြေးဖြေးကုန်ဆုံးလာခဲ့တာ အရုဏ်တက်ချိန်ကို ရောက်လာခဲ့တယ်။
“ ချွင် ချွင် ချွင်”
ရုတ်တရက်ကြားလိုက်ရတဲ့ ခြူသံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ သံတိုင်တစ်ယောက် ဆတ်ခနဲ ထထိုင်လိုက်ပြီး အသံကြားရာဘက်ကို ကြည့်လိုက်ပေမယ့် ဘာမှမမြင်ရတာကြောင့် ကွပ်ပြစ်ပေါ် ပြန်လှဲချလိုက်တဲ့အချိန် ရေခဲတုံးလိုအေးစက်နေတဲ့ အထိတွေ့တစ်ခုက ပါးစပ်ကိုလာပိတ်တာ ခံစားလိုက်ရတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အသံတွေက စက္ကန့်ပိုင်းအတွင်းပြန်လည်ငြိမ်သက်သွားပြီး မကြာခင်အချိန်အတွင်း တောကြက်အချို့ရဲ့ တွန်သံသဲသဲ့ထွက်ပေါ်လာခဲ့တယ်။
+++++++
“ ဟူး… အရုဏ်တက်လေက လတ်ဆတ်လိုက်တာဗျာ”
လက်နှစ်ဖက်ကိုဆန့်တန်းရင်း ပြောလိုက်တဲ့ မောင်ကောင်းရဲ့ စကားကြောင့် အောင်မြတ်သာက အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး
“ ဒီနေရာမှာ လူနေမထူထပ်သေးတာလဲပါမယ်… လူတွေအနေများလာရင် အခုလို လတ်ဆတ်တဲ့လေကို ဘယ်ခံစားရပါ့တော့မလဲ”
“ ဆရာတို့နှစ်ယောက်က ဆတ်ဖလူးကုန်းကို သွားနေတာလား… အပန်းဖြေခရီးထွက်လာကြတာလားဟင်”
ခွန်းလှရဲ့စကားကြောင့် အောင်မြတ်သာက သဘောကျစွာရယ်လိုက်ပြီး
“ ဆတ်ဖလူးကုန်းရောက်ရင် ဘာတွေဖြစ်လာမယ် ဆိုတာမသိတာကြောင့် အခုလိုချိန်မှာ သဘာဝတရားကို အပြည့်အဝခံစားနေကြတာပါ ခွန်းလှရာ”
“ ဆရာကိုကြည့်လိုက်ရင် အမြဲတမ်း အေးအေးလူလူပဲနော်… ကျွန်တော်တို့ကတော့ ကြုံလာမယ့်အရာတွေကို ကြိုတွေးလို့လို့လားမသိဘူး၊ အမြဲတမ်းရင်တဖိုဖို ဖြစ်နေရတယ်”
“ ယောင်္ကျားပဲကွာ… ဖြစ်လာတဲ့အရာ ခေါင်းမော့ရင်ကော့ပြီး ဖြေရှင်းကြမှာပေါ့… ကဲ အရှေ့ဆိုရင် ဆတ်ဖလူးကုန်းအစပ်ကိုရောက်ပြီ ထင်တယ်…”
အောင်မြတ်သာက ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ တောင်ကမူလေးကို လက်ညိုးထိုးပြလို့ ကြည့်လိုက်ရာ နေအထွက်မှာ အဝါရောင်အလင်းတန်းတွေဖြာကျနေတဲ့ တောင်ကုန်းတစ်ခုကို မြင်တွေ့လိုက်ရတယ်။
ခြေလှမ်းနှစ်ရာလောက်သွားပြီးချိန်မှာတော့ ဆတ်ဖလူးပင်တွေ အလေ့ကျပေါက်နေတဲ့ တောင်ကုန်းအစပ်ကိုရောက်လာခဲ့တယ်။
“ ဆတ်ဖလူးကုန်းမှာ သက်ရှိတဲ့တူတာဆိုလို့ ဘာမှလဲမရှိပါလား”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက တောင်ကုန်းပေါ်ကို စိုက်ကြည့်လိုက်ရာ နားထဲမှာ တချွင်ချွင်နဲ့လှုပ်ခတ်နေတဲ့ ခြူသံအချို့ကိုကြားလိုက်ရတယ်။
“ ချွင် ချွင် ချွင်”
“ ခြူသံက ဘယ်ကနေ ထွက်နေတာလဲ”
“ ကျွန်တော်တို့လဲ အသံပဲကြားနေတယ်… ဘယ်ကနေ ထွက်တဲ့အသံလဲဆိုတာ မခန့်မှန်းနိုင်သေးဘူးဆရာ”
“ အထက်ဆရာတွေကတော့ ဒီတောင်ကုန်းကို အကြောင်းမဲ့သွားခိုင်းမှာမဟုတ်လောက်ဘူး… တစ်ခုခုရှိမှာသေချာတယ်”
အောင်မြတ်သာက ယုံကြည်ချက်အပြည့်နဲ့ ရေရွတ်ရင်း မလှမ်းမကမ်းမှာ ဖူးပွင့်နေတဲ့ တောပန်းအချို့ကို လှမ်းခူးလိုက်ရာ ပန်းပွင့်တွေကို မစမ်းမိပဲ လေကိုသာဖမ်းဆုပ်ရသလိုခံစားလိုက်ရတယ်။
“ လတ်စသတ်တော့ ဒီကောင်က ပုံရိပ်ယောင်အတုဖန်တီထားတာပဲ… ဒါကြောင့် သာမန်တောင်ကုန်းတစ်ခုကိုပဲမြင်နေတာကိုး”
အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ရေရွတ်ရင်း လေထုထဲကိ ညာလက်ညိုးနဲ့ ဆွဲချလိုက်ရာ ပါးလွှာတဲ့စက္ကူကို မီးရှို့လိုက်သလို ဖြစ်သွားပြီး ဝါးတွေနဲ့ဆောက်ထားတဲ့ တဲအိမ်တစ်လုံး ပေါ်လာခဲ့တယ်။
“ ဟင်… ခုနက ဒီတဲအိမ်ကို မမြင်မိပါဘူး… ဘယ်လို လုပ်ပြီးပေါ်လာတာလဲ”
“ သာမန်လူတွေမမြင်နိုင်အောင် ပညာစွမ်းနဲ့ ဖုံးအုပ်ထားတာလေ၊ ဒီလိုပညာတတ်တဲ့သူက လက်ချိုးရေလို့ရတယ်”
“ ဆရာ… ဟိုမှာကြည့်ပါဦး”
ခွန်းလှစကားကြောင့် အောင်မြတ်သာနဲ့ မောင်ကောင်းတို့ လှမ်းကြည့်လိုက်ရာ တဲအိမ်အတင်ဝမှာ လေမတိုက်ပဲ လှုပ်ရှားနေတဲ့ ရွှေရောင်ခြူလုံးတစ်လုံးကို မြင်တွေ့လိုက်ရတယ်။
“ ခုနက ကြားတဲ့ခြူသံက ဒီကနေ ထွက်နေတာပဲ…”
“ ငါ့စိတ်ထင်ပြောရရင် ဒါက သူ့လူကိုယ့်လူ ခွဲခြားနိုင်တဲ့ခြူပဲဖြစ်ရမယ်… လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ဒီလိုပစ္စည်းမျိုးကို ထမလုံဒေသမှာ မြင်တွေ့ခဲ့ရဖူးတယ်”
“ ထမလုံဒေသဆိုတာ လူစင်စစ်ကနေ သမန်းကျားအဖြစ် ပြောင်းလဲနိုင်တဲ့သူတွေရှိတဲ့ဒေသမဟုတ်လား”
“ ဟုတ်တယ် မောင်ကောင်း… အဲဒီဒေသက ရွာတစ်ရွာမှာ ဒီလိုစီရင်ထားတဲ့ ခြူတစ်ခုကိုမြင်ခဲ့ဖူးတယ်၊ သူက သာမန်လူအနားကပ်ရင် အသံမထွက်ပေမယ့် သမန်းကျားအဖြစ်ပြောင်းနိုင်တဲ့သူ အနားကပ်ရင်တော့ တချွင်ချွင်အသံထွက်လာရော၊ ဒါကလဲ စီရင်တဲ့သူအပေါ်မူတည်ပြီး ပြောင်းလဲလို့ရတယ်”
“ ဒါဆို ကျွန်တော်တို့လာတာ ဒီအိမ်က လူသိနေလောက်ရောပေါ့”
“ သေချာတာပေါ့ မောင်ကောင်း… အခုဆို ငါတို့ကို ရန်မူဖို့ တစ်နေရာကနေ စောင့်နေလောက်ပြီ”
အောင်မြတ်သာစကားအဆုံးမှာပဲ မန္တာန်တစ်ပုဒ်ရံတ်ဖတ်သံနဲ့အတူ လက်သုံးသစ်လောက်ထူတဲ့ စာအုပ်တစ်အုပ်ကို ကိုင်ထားတဲ့ လူတစ်ယောက် သစ်ပင်အနောက်ကနေ ထွက်လာခဲ့တယ်။
“ မဖိတ်ခေါ်ပဲရောက်လာတဲ့ ဧည့်သည်တွေကို ဘယ်လိုဧည့်ခံရပါ့မလဲ”
ပြုံးရွှင်တဲ့မျက်နှာထားတဲ့ ထွက်လာတဲ့သူရဲ့ စကားကို အောင်မြတ်သာက ဂရုမစိုက်ပဲ လက်ထဲ ကိုင်ထားတဲ့ စာအုပ်ကိုသာ စိုက်ကြည့်နေခဲ့တယ်။
“ ခင်ဗျားကိုင်ထားတဲ့စာအုပ်က ဂန္ဒဝေရာဂိုဏ်းရဲ့ ထိန်းသိမ်းခံစာအုပ်မဟုတ်လား”
“ ဟားဟား မင်းက ဘယ်ခေလို့တုန်း… ဂိုဏ်းနာမည်တွေတောင်အတိအကျသိနေပါလား…”
“ ဒီဂိုဏ်းစာအုပ်က ပျောက်ကွယ်သွားတာ နှစ်ပေါင်းရာချီနေတာကို ဘယ်လိုဖြစ်ပြီး ခင်ဗျားလက်ထဲရောက်နေရတာလဲ”
“ မင်းက အမေးအမြန်းသိပ်ထူတာပဲကောင်လေး… ဒါပေမယ့် မင်းကို ငါသဘောကျတယ်၊ ဒါကြောင့် ငါ့တပည့်လုပ်မယ်ဆိုရင် မင်းကို အသက်ချမ်းသာခွင့်ပေးမယ်”
“ ဒီမယ် မိတ်ဆွေ… ခင်ဗျားအနေနဲ့ ဒီစာအုပ်ကို ဘယ်လိုရထားလဲဆိုတာ မသိပေမယ့်၊ ဒီထဲမှာပါတဲ့ မန္တာန်တွေကို ထင်သလိုရွတ်နေရင်တော့ စာအုပ်ထဲမှာထိန်းချုပ်ခံထားရတဲ့ အရာတွေ ပြင်ပလောကဆီကို လွှတ်ထွက်လာလိမ့်မယ်၊ အဲဒီအချိန်အခါကျရင် ခင်ဗျားပါရောပြီး ဒုက္ခရောက်မှာ”
“ ဟားဟားဟား… မင်းက ဗဟုသုတတော့ နှံ့စပ်သားပဲ၊ ဒါပေမယ့် ငါက ဒီစာအုပ်ရထဲက တစ်ခါမှမလွှဲချော်ဖူးသေးဘူး… အိုး စာအုပ်ထဲမှာ မင်းတို့အတွက် နေရာမရှိတော့ထင်တယ်… ဘယ်လိုလုပ်ကြမလဲ”
ဖျင်ကြမ်းအင်္ကျီတတ်ထားတဲ့လူကြီးက အောင်မြတ်သာတို့ကိုကြည့်ပြီး ရိသဲ့သဲ့ပြောနေတဲ့အချိန် လက်ထဲကိုင်ထားတဲ့ စာအုပ်က ဆတ်ခနဲ တုန်ခါသွားတာကို သတိထားမိခဲ့တယ်။
“ ခင်ဗျား စီရင်ထားတာတွေက ဒီစာအုပ်ထဲကနေ ဖတ်ပြီး လုပ်ထားတာတွေထင်တယ်”
“ သိပ်ဟုတ်တာပေါ့… ဒီထဲမှာ ပါတာတွေထဲက သေပြီးသားလူကို စကားနာခံအောင် လုပ်ရတာတော့ သဘောကျသဟေ့၊ ဟိုမှာကြည့်စမ်း ဒီမနက်ကမှ ငါစီရင်ထားတာ”
အောင်မြတ်သာတို့လဲ လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်ရာ အတန်သင့်မြင့်တဲ့ ပျဉ်းမပင်ပေါ်မှာ နွယ်ကြိုးတွေနဲ့ချည်နှောင်ထားတဲ့ အသက်မဲ့ခန္ဓာတစ်ခုကိုမြင်လိုက်ရတယ်။
“ ဒီကောင်ကို ငါက တပည့်အဖြစ်မွေးဖို့ တွေးထားပေမယ့်၊ သူက ငါ့အပေါ်မရိုးဖြောင့်ဘူးလေ၊ ဒါကြောင့် ငါ့စကားနားထောင်အောင် ဒီအပင်မှာ အစောင့်ထားလိုက်တာ၊ ဘယ်လိုလဲ ငါတော်တယ် မဟုတ်လား”
“ ခင်ဗျား မတော်ပါဘူး… စာအုပ်ထဲမှာအသေးစိတ်ရေးထားလို့သာ ခင်ဗျားလုပ်နိုင်တာပါ”
အောင်မြတ်သာစကားကြောင့် ဖျင်ကြမ်းအင်္ကျီဝတ်လူကြီးရဲ့မျက်နှာခက်ထန်သွားပြီး
“ ဒါဆိုလဲ ငါကြည့်ပီး ရွတ်တဲ့ ဂါထာအစွမ်းကို ခံစားကြည့်လိုက်ပါဦး” လို့ပြောကာ စာအုပ်ကိုလှန်ပြီး မန္တာန်တစ်ပုဒ်ကို ဌာန်ကရိုင်းကျကျရွတ်ဖတ်လိုက်ရာ မြေကြီးထဲကနေ အစွယ်ဖွေးဖွေး အသားနီနီ ဗိုက်ပူပူနဲ့ မြေဖုတ်ဘီလူးလေးကောင် ကုန်းထလာခဲ့တယ်။
“ ဒါက ငါအသံထွက်မှန်အောင် လေ့ကျင့်ထားတဲ့ မန္တာန်လေ…”လို့ပြောပြီး အောင်မြတ်သာတို့ကို တိုက်ခိုက်ဖို့ စေလွတ်ခဲ့တယ်။
အောင်မြတ်သာလဲ မြေကြီးပေါ်မှာရှိနေတဲ့ သဲတစ်ဆုပ်ကိုကောက်ယူလိုက်ပြီး မန်းမှုတ်ကာ လေပေါ်မြှောက်တင်လိုက်တယ်ဆိုရင်ပဲ သဲတစ်ပွင့်က မြေဖုတ်ဘီလူးတစ်ကောင်ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ခြေချစရာနေရာမရှိအောင်ပြည့်နှက်သွားခဲ့တယ်။
“ ဘယ်လိုလဲ … ခင်ဗျားတိုက်ချင်သေးလား”
“ စကားပြောမလောပါနဲ့ဦး… ဟဲဟဲ”
ဖျင်ကြမ်းအင်္ကျီဝတ်လူကြီးရဲ့ ရယ်သံအဆုံးမှာ အောင်မြတ်သာတို့ ခြေထောက်အောက်ကနေ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ လက်တွေ မရေမတွက်နိုင်အောင်ထွက်လာပြီး မြေကြီးပေါ်လဲကျအောင် ဖမ်းဆွဲပါလေရော။ ဒါပေမယ့် အသားကိုထိတာနဲ့ မီးနဲ့ထိတဲ့ဖယောင်းတွေလို အရည်ပျော်ကျကုန်တာကြောင့် စာအုပ်ကိုင်ထားတဲ့ လူကြီးရဲ့မျက်နှာပေါ်မှာ ကြောက်စိတ်အနည်းငယ် ပေါ်လာခဲ့တယ်။
“ ခင်ဗျား အလှည့်ပြီးပြီဆိုတော့ ကျုပ်အလှည့်ရောက်ပြီနော်”
အောင်မြတ်သာက စကားကိုတစ်ခွန်းချင်းပြောပြီး မြေကြီးကို လက်နဲ့ထောက်ကာ
“ ဒီတောင်ကုန်းကိုအပိုင်စားရတဲ့ မြေစောင့်နတ်၊ ဒီတောင်ကြာကိုအပိုင်စားရတဲ့ တောင်စောင့်နတ်တွေနဲ့ အခြားသော နတ်မြတ်နတ်ကောင်းတွေကိုတိုင်တည်ပါတည်။ ကျွန်ုပ်သည် ဂိုဏ်းတော်ထဲကိုရောက်ပြီးတဲ့အချိန်မှစလို့ ယနေ့တိုင်အောင် ငါးပါးသီလကို သိသိလျက်နဲ့ မကျူးလွန်ခဲ့ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ဤသူ၏ခြေထောက်သည် မြေကြီးထဲသို့ လှုပ်မရအောင်ကျွံဝင်ပါစေသား” လို့ သစ္စာဆိုလိုက်ရာ ရပ်နေတဲ့မြေကြီးက ရုတ်ချည်းကျွံဆင်းလာပြီး ခြေထောက်ကို လှုပ်မရအောင် ချုပ်နှောင်သလိုဖြစ်သွားခဲ့တယ်။
အဲဒီတော့မှ မောင်ကောင်းနဲ့ ခွန်းလှက အနားကို ကပ်သွားပြီး လက်ထဲကိုင်ထားတဲ့ စာအုပ်ကိုဆွဲယူကာ အောင်မြတ်သာကို ကမ်းပေးလိုက်တယ်။
“ ဆရာ သူ့ကို ဘယ်လိုလုပ်ရမလဲ”
“ သူက ဒီစာအုပ်ထဲမှာပါတဲ့အတိုင်း ကျင့်ကြံထားတာဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ ဖတ်ကြည့်လိုက်ပါဦးမယ်”
အောင်မြတ်သာလဲ စာအုပ်ရဲ့ပထမအဖုံးကို လှန်လိုက်ရာ အထဲကနေ ဝမ်းခေါင်းသံတွေနဲ့အော်ဟစ်နေကြတဲ့ အသံတွေအပြင် ချုပ်နှောင်ခံစားရသူအချို့ရဲ့ ရာဇဝင်အချို့ကိုပါဖတ်လိုက်ရတယ်။
စာအုပ်ထဲမှာတော့ လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း ဆိုးသွမ်းခဲ့တဲ့ ပညာသည်တွေနဲ့ သရဲသဘက်အချို့ကို မန္တာန်အစီအရင်နဲ့ ချုပ်နှောင်ထားတာကိုမြင်တွေ့ရသလို အချို့နေရာတွေမှာလဲ မန္တာန်ကျိုးပေါက်ကာ လွတ်မြောက်နေတာကိုမြင်တွေ့လိုက်ရတယ်။
စာအုပ်ရဲ့ နောက်ကျောစာမျက်နှာမှာတော့ ပညာဖျက်လို့ရတဲ့ မန္တာန်တစ်ပုဒ်ကိုရေးထားပြီး အဆိုပါမန္တာန်ကို သီလစင်ကြယ်သူအနေနဲ့ ရေစင်သန့်သန့်တစ်ခွက်ကိုကိုင်ကာ သုံးဆယ့်ခုနှစ်အုပ်ရွတ်ပြီး တိုက်ပါလို့ရေးထားတာကို မြင်တွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လဲ ချက်ချင်းပင် တဲအိမ်ပေါ်မှာရှိတဲ့ ရေတစ်ခွက်ကို ခပ်ယူပြီး မန္တာန်ကို သုံးတယ့်ခုနှစ်အုပ်ရွတ်ကာ ပါးစပ်ထဲလောင်းချလိုက်တယ်ဆိုရင်ပဲ စာအုပ်ရဲ့အလယ်စာမျက်နှာကနေ ချုပ်နှောင်ခံဝိဉာဉ်တွေ တိုးထွက်လာခဲ့ကြတယ်။
“ ဆရာ…. ဟိုမိသားစုက တိုက်ပျက်ထဲမှာ မြင်ခဲ့ရတဲ့သူတွေမဟုတ်လား…သူတို့နဲ့ ဒီလူက ဘယ်လိုပတ်သတ်နေတာလဲမသိဘူး”
မောင်ကောင်းရဲ့စကားကြောင့် အောင်မြတ်သာက ပညာဖျက်ခံလိုက်ရတဲ့သူဘက်ကိုလှည့်ပြီး
“ သူတို့ကိုသတ်ဖို့ ဒေါ်ရှာဘီကို ခိုင်းခဲ့တာ ခင်ဗျားမဟုတ်လား”
“ ဟုတ်တယ် ငါခိုင်းခဲ့တာ…”
“ ခွန်းလှရေ တကယ့်တရားခံအစစ်ကို အခုမှ မိပြီဟေ့… ဒီလူနောက်ထပ် ဘာတွေထပ်ကျူးလွန်ထားလဲဆိုတာ သိရဖို့ မင်းသူငယ်ချင်းလက်ထဲအပ်လိုက်ကြတာပေါ့”
အောင်မြတ်သာတို့လဲ မြေကြီးထဲနစ်ဝင်နေတဲ့သူရဲ့ ခြေတွေလက်တွေကို ကြိုးနဲ့တုပ်ပြီး ဆတ်ဖလူးကုန်းကနေ ခေါ်ချလာတဲ့အချိန် တဲအိမ်ဘေးကနေ လူတစ်ယောက် ထွက်လာတာကို မြင်လိုက်ရတယ်။
“ ဆရာ… ကျွန်တော်ကို တစ်ခုကူညီပါလား”
“ မင်းက ဘယ်သူများလဲ”
“ ကျွန်တော်နာမည်သံတိုင်လို့ခေါ်ပါတယ်၊ ဒီစာအုပ်ကို ဘာဘူတိုက်ထဲကနေ ခိုးလာပေးတဲ့သူပါ”
“ မင်းလဲ ကြံရာပါပဲပေါ့”
“ အစကတော့ ဟုတ်ပေမယ့် ဒီလူကြီးအကြောင်းတွေ သိလိုက်ရပြီးတဲ့နောက်မှာတော့ စာအုပ်ကို မပေးပဲ ဖွက်ထားခဲ့လို့ အသတ်ခံခဲ့ရပါတယ်၊ ဆရာတို့မြို့ထဲရောက်ရင် ကျွန်တော်မိသားစုကို အကြောင်းကြားပေးပါ၊ ကျွန်တော်အလောင်းက ပျဉ်းမပင်အနောက်က မြေကွက်လပ်မှာရှိပါတယ်”
သံတိုင်ဆို လူငယ်က ဦးလူမုန်းကို မုန်းတီးတဲ့မျက်နှာထားနဲ့စိုက်ကြည့်ရင်း တဲအိမ်ပေါ်ကိုတက်သွားတဲ့အချိန် ခြူလုံးလေးက လေမတိုက်ပဲ တချွင်ချွင်အသံတွေ ထွက်ပေါ်လာခဲ့တယ်။
“ မောင်ကောင်း… ခြူလုံးကို တက်ဖြုတ်ပြီး ယူလာခဲ့လိုက်”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ ခြူလုံးကိုဆွဲဖြုတ်ကာ လွယ်အိတ်ထဲထည့်ယူလာခဲ့လိုက်တယ်။
++++++
တစ်ပတ်ခန့်အကြာ…
“ ဘာဘူတိုက်က မိသားစုကို ဘာလို့သတ်ခဲ့တာလဲဆိုတာ ဖြောင့်ချက်ပေးလား”
“ သူပြောတာကတော့ သူ့စာအုပ်ကိုခိုးပြီး ထွက်ပြေးလို့ လိုက်သတ်တယ်လို့ပြောတာပဲ၊ နောက်ထပ်ပြောသေးတာက ဘာဘူတိုက်မှာ စာအုပ်ထဲမှာပါတဲ့ အစီအရင်တွေလုပ်ထားလို့ သူဝင်မရခဲ့ဘူး၊ ဒါကြောင့် လူယုံတစ်ယောက်ထပ်မွေးပြီး စာအုပ်ကိုယူခိုင်းခဲ့ပေမယ့် အဲဒီလူယုံကပါ သူ့အပေါ် သစ္စာဖောက်လို့ ထပ်သတ်ခဲ့တယ်လို့ပြောတယ်”
“ ဒီလူက အတော်အတ္တကြီးတယ်၊ မင်းတို့လဲ သေချာသတိထားပြီးစစ်ဦး”
“ စိတ်ချပါကွ… မင်းပေးတဲ့ အဆောင်ကို အချုပ်ခန်းအဝင်မှာ ကပ်ထားပါတယ်”
“ တကယ်တော့ ဘာဘူတိုက်မှာနေတဲ့ ကိုကျော်စွာဆိုတဲ့သူက ဒီလူကြီး မဟုတ်တာတွေ လုပ်မှာကို မလိုချင်လို့ စာအုပ်ကိုခိုးပြီး ဒီအရပ်မှာ ခြေရာလာဖျောက်တာလို့ထင်မိတယ်”
“ မင်းပြောတာဖြစ်နိုင်တယ်… သူကိုယ်တိုင်လဲ သူ့အိမ်သူ လုံခြုံအောင် အစီအရင်တွေလုပ်ထားပေမယ့်၊ မထင်မှတ်ထားတဲ့ အရာကြောင့် သူရော သူ့မိသားစုပါ သေခဲ့ရတယ်၊ အတိတ်က သူတို့လုပ်ခဲ့တဲ့အရာတွေက သူတို့နောက်ပြန်လိုက်လာတယ်လို့ပဲပြောရမှာပေါ့”
“ ကံ ကံ၏အကျိုးပေါ့ သူငယ်ချင်းရာ… မင်းလဲ ဒီလိုလောကီကိစ္စတွေကိုအခုမှပိုယုံသွားတာမဟုတ်လား”
“ ငါက လက်တွေ့သမားဆိုပေမယ့် ဒီကိစ္စဖြစ်ပြီးတဲ့ နောက်မှာတော့ ပိုယုံသွားတယ်ဆိုတာ ဝန်ခံပါတယ်”
အောင်မြတ်သာတို့လဲ စခန်းမှုးတစ်ဖြစ်လဲ အောင်ကြည်နဲ့ စကားပြောပြီးတာနဲ့ မြို့ကနေ ထွက်လာခဲ့ကြတယ်။
++++++
ညတစ်ချက်ထိုးအချိန်ဖြစ်တဲ့အတွက် ကျီးအာရွာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ အဲဒီအချိန် ဓါတ်မီးနှစ်လက်ကို ဝေ့ရမ်းလာတဲ့လူနှစ်ယောက်က ရွာလယ်လမ်းမကြီးအတိုင်း ဒယီးဒယိုင် လျောက်လာခဲ့တယ်။
“ ငါပြောသားပဲ… နိုင်ရင်ထွက်ပါလို့… အခုတော့ မနက်ဖြန် အရက်ဖိုးတောင်မကျန်တော့ဘူး… ငါ့လခွီးထဲမှ”
“ ငါလဲ ထွက်မလို့ပဲ သူငယ်ချင်းရဲ့.. ဒါမယ့် အရှိန်ကသတ်မရဘူး”
“ ပိုက်ဆံမရှိပါဘူးဆိုမှ ဗိုက်ကဆာလာပြန်ပီ… ဖိုးကတုံး… မင်းအိမ်မှာ ထမင်းရှိသေးလား”
“ မပြောတတ်ဘူးကွ.. ရှိရင်လဲရှိမှာပေါ့.. အနောက်ပေါက်ကနေ တက်ကြည့်ရအောင်”
ဖိုးကတုံးနဲ့ ကြွက်နီက အိမ်အနောက်ကနေ ကျော်ဝင်ဖို့ ပတ်လာတဲ့အချိန်
“ ဖိုးကတုံး… ဟိုမှာ ဟိုမှာ ကောင်မလေး တစ်ယောက်ပါလား…”
“ ဘယ်မှာလဲ… ပြစမ်း”
“ ဗန်ဒါပင်အောက်မှာ ထိုင်ငိုနေတာ မမြင်ဘူးလား, ဒီအချိန်ကြီး ရည်းစားနဲ့ရန်ဖြစ်လာတာပဲဖြစ်ရမယ်”
ဖိုးကတုံးက အာသွက်လျှာသွက်နဲ့ ဗန်ဒါပင်အောက်ကို လမ်းလျောက်သွားပြီး
“ ဟဲ့ ကောင်မလေး… နင် ဘယ်အိမ်ကလဲ… ဦးဖိုးတိုးအိမ်ကလား… ဦးတင်သိန်း အိမ်ကလား ပြောစမ်း”
“ အဟင့် အဟင့်… အဟင့်”
“ ဒီကောင်မလေး… မေးတာလဲ မဖြေပဲ ဘာလို့ငိုနေတာလဲ”
ဖိုးကတုံးနဲ့ ကြွက်နီက မျက်နှာကို ဒူးပေါ်အပ်ကာ ငိုနေတဲ့ ကောင်မလေးအနား ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပခုံးကိုဆွဲလှုပ်လိုက်ရာ လက်မောင်းတစ်ဖက်က ပဲ့ကြွေပြီးပါလာခဲ့တယ်။
“ အီးး ဟီး ဟီး…. ငါ့ကို အိမ်ခေါ်သွားကြမယ်မဟုတ်လား”
မျက်နှာကိုမော့ပြီးပြောလို့ကြည့်လိုက်ရာ မျက်စိတစ်ဖက်က ဟောက်ပတ်ကြီးဖြစ်နေတဲ့အပြင် နှာခေါင်းကတုံးတိကြီးဖြစ်နေတာကိုမြင်လိုက်ရတာကြောင့် နှစ်ယောက်သား ခေါင်းမွှေးတွေပါ ထောင်လာပြီး နေရာမှာတင် လဲကျကာသတိလစ်သွားပါလေရော။
+++++++
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် မြေကြီးထဲကငိုညဉ်းသံဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြ ပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Leave a Reply