ကိုရင်လေးနှင့်စုန်းအတိုက်

ကလေးမရကြပေ။

ကိုဝင်းသောင်က လူအေး။ သူ့မိန်းမ ပြောသမျှ ယုံ၏။ ဒါကြောင့် သူ့မယားနဲ့ ညီမတွေ ရန်ဖြစ်တိုင်း မယားဘက်သာ ပါလေ့ရှိ၏။ အခု အပျိုကြီး မမြင့်ရီ ဆုံးသွားမှ ရွာက လူတွေက သတိတရ ဆိုကြလေ၏။

” သူတို့မောင်နှမတွေက ကံတူအကျိုးပေးတွေနော်။သူတို့အစ်ကို ကိုဝင်းသောင်ကြီးလဲ လယ်တောက အပြန် ညနေစောင်းမှာ ပိုးထိလို့ ဆုံးတာ မဟုတ်လား ”

မှန်၏။ ကိုဝင်းသောင် မြွေကိုက်ခံရတာ နေဝင်ရီတရော် အချိန် ညနေ ၅နာရီခွဲသာသာခန့်မှာ ဖြစ်၏။

” ဟုတ်ပါ့ ၊ ဝင်းသောင်လဲ မြွေကိုက်ခံရလို့ သေတာပဲလေ ”

” ဒါနဲ့ ဟိုတလောက မယဥ်ထွေးက မြင့်ရီတို့ညီအစ်မဆီ သူ့ယောက်ကျား ရရမယ့် အမွေကို လာတောင်းတယ်ဆို ”

” အေးပေါ့ ၊ တောင်းရှာမပေါ့အေ။ဦးလူပေါ ဆုံးပြီးကတည်းက မြင့်ရီနဲ့ မြင့်ကြည်က အမွေတွေ အပိုင်စီးထားကြတာ နည်းမှ မနည်းပဲ”

ဦးလူပေါလက်ထက်က လယ်ယာတွေက မနည်းချေ။ ဒါ့အပြင် ဇနီးဆုံးတော့ အကြီးမ မမြင့်ရီကို ဦးလူပေါက ရွှေထည်ပစ္စည်းများနှင့် ငွေသားတွေ အကုန်အပ်ထားခဲ့လေ၏။ သားဖြစ်သူ ဝင်းသောင်ကို အိမ်ထောင်ခွဲစဥ်က ပေးခဲ့တယ်ဆို အနည်းအကျဥ်းသာ ဖြစ်၏။ ဝေပုံကျ မဟုတ်ချေ။

ဒါကို မယဥ်ထွေးက သိထား၏။ ထို့ကြောင့် ဦးလူပေါ ဆုံးပြီး ၆လခန့်ကြာတော့ သူမယောက်ကျား ရသင့်ရထိုက်တာကို သွားတောင်းခြင်း ဖြစ်သည်။ လင့်ပစ္စည်း မယားပိုင်သည်ဟုဆိုလျင်၊ သူမယောက်ကျားသည် အမွေဝေစု တခု ရသင့်သည်ဟု မယဥ်ထွေးကဆိုလေ၏။

သူမ တောင်းသည်မှာ သဘာဝကျသည်ဟု တချို့က ပြောကြ၏။ ဘာဖြစ်လို့လဲဆိုတော့ ကိုဝင်းသောင်က လူအေး၊ လူ့ဘော်ကြော့ဆိုတော့ ၊ မယဥ်ထွေးနှင့် ပေါင်းသင်းစဥ်က ဘာမှ စီးပွားမဖြစ်ခဲ့။ဖခင်ကြီး ပေးထားတဲ့ လယ်တချို့တောင် ပေါင်နှံ သုံးစွဲရ၏။ အဲ့ဒီတော့ ကိုဝင်းသောင် ဆုံးပြီးချိန်မှာ မယဥ်ထွေးအဖို့ ဘာမှ သိပ်မကျန်ခဲ့ချေ။

ဦးလူပေါ ရှိစဥ်ကတော့ ချွေးမဖြစ်သူကို မကြာခဏ ပေးကမ်းခဲ့သည်။ ထို့ကြောင့် ဦးလူပေါ ရှိစဥ်က မယဥ်ထွေး အသာငြိမ်နေခဲ့သည်။

အခု ဦးလူပေါ မရှိတော့ဘူး။ လူမှုရေးအရ မယဥ်ထွေးက ဦးလူပေါ ဆုံးပြီး ချက်ချင်း မတောင်း။ ၆လခန့် ကြာမြင့်မှ ၊ ရသင့်သည်ထင်သော သူမယောက်ကျား၏အမွေဝေစုကို တောင်းခံခြင်း ဖြစ်၏။

မမြင့်ရီတို့ ညီအစ်မက ဘယ်ပေးမလဲ။ လယ်လေး နှစ်ဧကလောက် ခွဲပေးတုန်းကတောင် ပြသနာလုပ်ခဲ့ကြသေးတာမဟုတ်လား။ ပြီးတော့ အခုက သူတို့အစ်ကိုကြီး ကိုဝင်းသောင်လည်း မရှိတော့ဘူးလေ။

အဲ့ဒီတော့ ယောင်းမဖြစ်သူကို ဘယ်ပေးပါတော့မလဲ။ ‘မပေးနိုင်ဘူးဟေ့ ‘ လို့ ပြတ်ပြတ်သားသား ဆိုကြ၏။ ဒီမှာတင် နှစ်ဖက်စလုံးက လောဘ၊ဒေါသမီးတွေနှင့် ဆဲကြဆိုကြရုံသာမက လုံးသတ်ကြသည်အထိ ပြသနာတွေ ဖြစ်ကုန်ပါတော့၏။

ထိုလုံးထွေးသတ်ပုတ်ကြသည့် သတင်းက ကျေးရွာဥက္ကဌ ဦးသိန်းစိုးထံ ရောက်သွား၏။ ဦးသိန်းစိုး ရန်ပွဲဆီသို့ အမြန်ရောက်လာရတော့သည်။ လုံးထွေးသတ်ပုတ်နေကြသူတို့ကို အနီးနားက အမျိုးသမီးများကို ဝင်ဖြန်ဖြေပေးစေ၏။

ဥက္ကဌကိုယ်တိုင် ရောက်လာပြီဆိုတော့ ၊ သူတို့ ခေတ္တငြိမ်သက်သွားကြသည်။ရန်ပွဲကို လာကြည့်သူက အများကြီး။ ဒီတော့ ဥက္ကဌက …

” ကဲ … မြင့်ရီတို့ ညီအစ်မရော ၊ ယဥ်ထွေးပါ ငါ့အိမ်ကို လိုက်ခဲ့၊ ဟိုရောက်မှ ညီးတို့ကိစ္စ ရှင်းမယ် ”

ဥက္ကဌက ထိုသို့ သံပြတ်နဲ့ ပြောလိုက်တော့ သူတို့တတွေ ဥက္ကဌအိမ်ကို လိုက်ပါသွားကြရတော့သည်။

_____

အခန်း၂။

ပြသနာက ကျေးရွာကောင်စီဥက္ကဌ ဦးသိန်းစိုးအိမ်အထိ ရောက်သွားပြီ။ ဥက္ကဌက သူ့အိမ်မှာ ခေါ်ယူ၍ ပြဿနာကို ညှိနှိုင်းပေးပါသော်လည်း မမြင့်ရီနှင့် မမြင့်ကြည်က လုံးဝ သဘောမတူချေ။

ဥက္ကဌ ဦးသိန်းစိုး ပြောတာက သဘာဝကျ၏။ ဝေပုံကျ မဟုတ်ပဲ ၊ မယဥ်ထွေးကို ရင်းနှီးစားသောက်နိုင်အောင် အနည်းအကျဥ်း ခွဲဝေပေးရန် ဖြစ်၏။

သို့သော် အပျိုကြီးမမြင့်ရီက ပြင်းပြင်းထန်ထန် ငြင်းဆိုသည့်အပြင်

” ကျွန်မတို့ဘက်က ဒင်းကို ငါးပြားစေ့ တစေ့တောင် မပေးနိုင်ဘူး ဥက္ကဌ။ ဒင်းဘာသာ တိုင်ချင်ရာတိုင် ၊ တက်ချင်တဲ့ရုံး တက်ပလေ့စေ ”

အပျိုကြီးညီအစ်မဘက်က လုံးဝ ညှိနှိုင်းလို့ မရချေ။ နောက်ဆုံးတွင်
ဥက္ကဌ ကိုယ်တိုင်က လက်လျော့လိုက်ရလေတော့၏။

ကျေးရွာဥက္ကဌဦးသိန်းစိုးက သူတတ်နိုင်သရွေ့ ညှိနှိုင်းပေးပြီးပြီ။ ဒါပေမဲ့ မမြင့်ရီတို့ညီအစ်မဖက်က တင်းမာနေတော့ ပြသနာက သူနဲ့ မပြီးတော့ဘူး။ အဲ့ဒီတော့ မယဥ်ထွေး ကို ရှေ့နေနဲ့တိုင်ပင်ပြီး မြို့နယ်တရားရုံးမှာ တရားတဘောင်တွေ လုပ်ပေတော့လို့ပဲ ပြောလိုက်ရ၏။ ဥက္ကဌက သူညှိပေးတာကို လုံးလုံးလျားလျား ငြင်းပယ်ခဲ့တဲ့ မမြင့်ရီတို့ ညီအစ်မကို ကျေနပ်ပုံမရချေ။ ထို့ကြောင့် မယဥ်ထွေးအား တရားစွဲရန် တိုက်တွန်းလိုက်ပုံရ၏။

ဥက္ကဌက သူရဲ့ ညှိနှိုင်းမှုကို လက်မခံတဲ့ မမြင့်ရီတို့ဘက်လှည့်ကာ …

” အေး ထပ်ပြီး ရွာထဲမှာ ဆူညံပူညံ လုပ်လို့ကတော့ ၊ ငါ့အိမ်အောက်က ထိတ်တုံးက ယောက်ကျားသော မိန်းမသော ရွေးနေမှာမဟုတ်ဘူး ။
ထမင်းမကျွေး ရေမတိုက်ပဲ ချုပ်ထားခံရမယ်ဆိုတာ မြဲမြဲမှတ်ကြ”

ဥက္ကဌက အပြီးသတ် ပြောလိုက်ပြီး၊ အားလုံးကို ပြန်ခိုင်းလိုက်၏။

မယဥ်ထွေးက မမြင့်ရီတို့ညီအစ်မ အနိုင်ကျင့်တာကို ကြိတ်မနိုင်ခဲမရ မျက်လုံးတွေနဲ့ ကြည့်သည်။ မမြင့်ရီတို့က အနိုင်ရသူပမာ မျက်နှာထား ခပ်တင်းတင်းနဲ့ မျက်နှာကို မော်ထားကြလေ၏။ဒင်းက ဘယ်ကပိုက်ဆံနဲ့ တရားရုံးတက်မှာလဲဟူသော နှိမ်ချဟန်ဖြင့် ကြည့်ကြခြင်းဖြစ်၏။

ကျေးရွာဥက္ကဌအိမ်က ပြန်ကြတော့ လမ်းမှာ မယဥ်ထွေးက အပျိုကြီးညီအစ်မကို စေ့စေ့ကြည့်ပြီး၊

” နင်တို့ လောဘတက်ပြီး၊ မောင်ပိုင်စီးထားတဲ့ ပစ္စည်းတွေကို သေရာ ယူသွားနိုင်မလား ကြည့်သေးတာပေါ့ ကောင်မတွေရယ် ဟင်းဟင်း ”

အဲ့ဒီအပြောက ဘာရယ်မဟုတ်ပေမယ့် ၊ အပြောခံရသည့် မမြင့်ရီနဲ့မမြင့်ကြည်တို့ညီအစ်မသည် မယဥ်ထွေးရဲ့ စူးရှတဲ့အကြည့်တွေကြောင့် တကိုယ်လုံး စိမ့်ကြောက်သွားကြဟန်တူသည်။ ဘာမှ ပြန်မပြောတော့ဘဲ၊ ခပ်သုတ်သုတ် ထွက်သွားကြလေ၏။

အငယ်မ မမြင့်ကြည်က သူ့အစ်မကို အပြန်လမ်းမှာ ဒေါသသံဖြင့် ပြောလိုက်၏။

” ကောင်မ … အောက်ကလဲ နေသေး ၊ ကြောက်ပြီလားလို့ မေးနေသေးတယ်နော် မမ ၊ ငါဖြင့် ဒင်းမျက်နှာ မြင်ရတာ နေလိုမီးလို ပူလိုက်တာ ၊ ကျက်သတုန်းမ ထွီ … ”

” ဟုတ်ပါ့အေ ! အမှန်က ငါတို့အစ်ကို ကိုဝင်းသောင် မသေဘဲ၊
ဒင်းက အရင်သေရမှာ ဟွင်း ”

နောက် လှည့်မကြည့်စတမ်း လမ်းလျှောက်ရင်း ညီအစ်မနှစ်ယောက် မယဥ်ထွေးကို ပြစ်တင်ကြိမ်းဝါးသွား၏။

တချက်မျှ သူတို့ နောက်ကို လှည့်ကြည့်လျှင် သူတို့ညီအစ်မကို မုန်းတီးရွံရှာဟန်ဖြင့် ရပ်ကြည့်နေခဲ့သော မယဥ်ထွေးကို မြင်ကြရမည် ဖြစ်သည်။ မယဥ်ထွေး အမုန်းတွေက ရင်ထဲက ဖိတ်စင်လျှံကျလာသလိုပင်။ မျက်လုံးများက ရဲရဲတောက်လျက် ရှိလေ၏။

” ဒင်းတို့လဲ ဒင်းတို့အစ်ကိုနောက် လိုက်ချင်ကြတယ်ထင်ရဲ့ ။ အေးပေါ့လေ ယဥ်ထွေး ဘာကောင်မလဲဆိုတာတော့ ပြရသေးတာပေါ့ ”

နုတ်က ထွက်ကျ မလာပေမယ့်၊ မယဥ်ထွေး စိတ်ထဲကတော့ ထိုသို့ ကြိမ်းဝါးလိုက် ပါလေတော့၏။

_____________

အခန်း၃။

” ကျွန်မ တကယ်ပြောနေတာ အရီးရဲ့။ လုပ်ကြံနေတာမဟုတ်ဘူး ”

မမြင့်ရီကို ရက်လည်ပြီးပေမယ့် မမြင့်ရီဟာ တယောက်တည်း မနေရဲတာကြောင့် အရီးဒေါ်ဇာကြီးကို အိမ်မှာ ခေါ်အိပ်ခြင်း ဖြစ်သည်။

မမြင့်ကြည်က မမြင့်ရီ မြွေကိုက်ခံရမည့်ညက အဖြစ်အပျက်ကို ပြောပြနေခြင်း ဖြစ်သည်။

“ဒီကိစ္စကို ကျွန်မ ဘယ်သူ့ ပြန်ပြောရမှန်း မသိဘူး အရီး။ တော်နေကြာ ကျွန်မကို ရူးနေတယ် ထင်မှာလဲ စိုးရသေးမဟုတ်လား ”

ဒေါ်ဇာကြီးက မီးသေနေတဲ့ပြောင်းဖူးဖက်ဆေးလိပ်ကို ပါးစပ်ကနေ ဖြုတ်ယူလိုက်ပြီး …

” ညီး အမြင်မှားတာများလားအေရယ် ၊ တို့ရွာမှာ ဒါမျိုး အရင်က မကြားဖူးပါဘူး ”

” ဘုရားစူးရပါစေတော် ။ကျွန်မ အမြင် မမှားဘူး အရီး။ အဲ့ဒီညက ကျွန်မ ကိုယ်လက်တွေ ကိုက်ခဲနေလို့ အတော်နဲ့ အိပ်မပျော်ဘူး။ ပြီးတော့ အိုက်လို့ဆိုပြီး ကျွန်မ အခန်း ပြတံခါးကို ဖွင့်ထားတော့ သေသေချာချာ မြင်လိုက်ရတာ အရီးရဲ့ ”

မှန်၏။အကြီးမ မမြင့်ရီ မြွေကိုက်ခံရပြီး သေမည့်ညက အငယ်မ မမြင့်ကြည်သည် ကိုယ်လက်ကိုက်ခဲ၍ မအီမသာ ဖြစ်နေသည်။ ရာသီဥတုကလည်း ပူအိုက်လှသဖြင့် မမြင့်ကြည်ဟာ သူမအခန်းက ပြတင်းတံခါးကို ဖွင့်ထား၏။

မမြင့်ကြည် အတော်နှင့် အိပ်မပျော်ချေ။ ညဉ့် ၁၀နာရီခွဲခန့်တွင် သူတို့ ခြံဝန်းအတွင်းသို့ ပြာလဲ့လဲ့ မီးလုံးတလုံးက ကောင်းကင်ကနေ ထိုးစိုက်ကျလာတာကို အိပ်မပျော်သော မမြင့်ကြည်က ပြတင်းပေါက်ကနေ ထင်ထင်ရှားရှား တွေ့လိုက်ရလေ၏။

မမြင့်ကြည်မှာ ထိုသို့ တခါမျှ မမြင်ဖူးသောကြောင့် အံဩသွားပြီး၊ ထိုမီးလုံးကို လိုက်ကြည့်ရန် အိပ်ယာမှ ထလာခဲ့၏။

ပြတင်းပေါက်မှနေ၍ ဘယ်နေရာသို့ ကျသလဲဟု စပ်စုရန် ကြည့်လိုက်သည့်အခါ …

” အဲ့ဒီမီးလုံးက ဘယ်ပျောက်သွားသလဲကို မသိဘူး အရီးရယ်။ မျက်စိတမှိတ်စာလောက်အတွင်းကို ပျောက်သွားလိုက်တာ မြန်ချက်တော် … မြန်ချက် မြန်ချက် ”

“ညီး အဲ့ဒီတုန်းက အိမ်အောက်ဆင်းပြီး ခြံထဲ ရှာမကြည့်ဘူးလား မြင့်ကြည် ”

” အစကတော့ ကျွန်မလဲ ခြံထဲ ဆင်းရှာမလိုပဲ အရီးရ။ အဲ့ဒီအချိန် ခြံရှေ့ ရွာလမ်းမကနေ ခွေးတွေက ကျွန်မတို့ ခြံဘက်ကို လှည့်ပြီး ဆွဲဆွဲငင်ငင်ကြီး အူလိုက်ကြတာတော်၊ ကြောက်စရာကြီး ။ ကျွန်မဆို ကြက်သီး ဖျန်းဖျန်းထတယ် ။ အဖေ သေထားတာက ၆လကျော်ပဲ ရှိသေးတော့ အဖေများ မကျွတ်မလွတ်ပဲ ခြံထဲ သွားလာနေလို့ ခွေးတွေက မြင်ပြီး အူကြသလား အောက်မေ့မိတာနဲ့ ခြံထဲ ဆင်းမကြည့်ရဲတော့ဘူးလေ ”

” အင်း … နို့ပြီး ဘာဆက် ဖြစ်သေးလဲ ”

” ဘာဆက်ဖြစ်သလဲ ကျွန်မလဲ မသိတော့ဘူး ။ ကြောက်ကြောက်နဲ့ အိပ်ယာထဲ ဝင်ပြီး အတင်းအိပ်ပစ်လိုက်တယ်။
အိပ်ပျော်တော့မလို့ မှေးခနဲ ရှိသေးတယ်။ ခြံထဲကနေ မမ(မြင့်ရီ)ရဲ့ အော်သံကို ကြားလိုက်ရတာပဲ။
ဒါနဲ့ ကျွန်မ အပြေးဆင်းကြည့်တော့ အိမ်သာနဲ့ မလှမ်းမကမ်းက စံပယ်ရုံနံဘေးမှာ မမက လဲနေတာကို တွေ့ရတော့တာပါပဲ ။
ကျွန်မ မမကို ပွေ့ထူတော့ မမပါးစပ်ကနေ ‘ ငါ့ကို ဘာကောင်ကိုက်သွားလဲ မသိဘူး မြင့်ရီ ‘ လို့ ပြောတဲ့ပြီး သတိလစ်သွားတယ်။
ကျွန်မလဲ အိမ်နီးချင်းတွေကို အော်ဟစ်ပြီး အကူအညီ တောင်းရတာပေါ့ ။ ရွာထဲက ဆေးမှုး သွားပင့်တဲ့ကပင့်၊ မမကို ပြုစုတဲ့သူက ပြုစုပေါ့။ ဆေးမှုး ရောက်လာပေမယ့် မမက အသက်မရှိတော့ဘူး ။ လူငယ်တွေက တခြံလုံးကို လက်နှိပ်ဓာတ်မီးတွေနဲ့ လိုက်ရှာပေးကြတယ်။ဒါပေမဲ့ မမကို ကိုက်သွားတဲ့ မြွေကိုတော့ ရှာမတွေ့ကြဘူးတဲ့ ”

“အဲ့ဒီညက တခြားရော ဘာထူးခြားတာ တွေ့ရသေးလဲ ”

” ကျွန်မ ပြောရင် မုန်းလို့ ပြောတာလို့ အရီးက ထင်အုံးမှာ။ ကျွန်မ ကျိန်ပြောရဲတယ် ။
မမကို ပွေ့ချီပြီး အိမ်နီးချင်းတွေ အော်ခေါ်တော့ ခြံစည်းရိုးမှာ ကျွန်မတို့ကို ရပ်ကြည့်နေတဲ့ အရိပ်တခုကို မြင်လိုက်ရတယ်။
ကျွန်မက အော်လဲ အော်ရော၊ အဲ့ဒီ အရိပ်က ကျောခိုင်းပြီး ထွက်သွားတာကို ကျွန်မ မြင်လိုက်ရတယ်။ ညဘက် မှောင်နေပေမယ့် နောက်ကျောခိုင်းလိုက်တဲ့အခါ အဲ့ဒီအရိပ်က မိန်းမတယောက်ဆိုတာ ထင်ရှားတယ် အရီး ။
ပြီးတော့ ကျွန်မ စိတ်ထဲမှာ တွေးမိတာတခုက အဲ့ဒီမိန်းမ ကိုယ်သဏ္ဍာန်က မယဥ်ထွေးနဲ့ တူသလိုလိုပဲ အရီး။ ကျွန်မ အစ်မကို သတ်တာ ဒင်းများလားလို့ တွေးမိပြီး ကျွန်မ အခုထိ ဘဝင်မကျနိုင်သေးဘူး… ”

အရီးဒေါ်ဇာကြီးက ဒါကိုတော့ လက်မခံ။ ချက်ချင်းပဲ …

” ဟဲ့ အဲ့ဒါတော့ မဖြစ်နိုင်ပါဘူးအေ။ ဆေးမှုးက ခြေထောက်က အပ်ပေါက်ရာ နှစ်ခွကို ကြည့်ပြီး မြွေကိုက်တာပါလို့ အသေအချာ ပြောသွားတာပဲ ။ ဥပါဒါန်ကြောင့် ဥပါဒ် မဖြစ်စမ်းပါနဲ့အေ ”

အရီးဒေါ်ဇာကြီးက မြွေကိုက်သေတာကို ဘယ်နည်းနဲ့မှ လူသတ်မှု မဖြစ်နိုင်ဟု ငြင်းဆိုလိုက်ခြင်း ဖြစ်လေ၏။

ထိုအခါ မမြင့်ကြည်က မဝံ့မရဲ လေသံဖြင့် …

” မယဥ်ထွေးက ပညာသည်ဆိုရင်ရော အရီး ”

” ဟေ … ”

အရီးဒေါ်ဇာကြီးခမျာ အာမေဋိတ်သံ ‘ဟေ’ တလုံးသာ နုတ်မှထွက်၍ မျက်လုံးမျက်ဆံ ပြူးကျယ်စွာ သူ့ရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်မိလေ၏။

သူတို့ ရွာဘက်မှာ ပညာသည်တို့ စုန်းတို့ဆိုတာ ရှိသည်ဟု မကြားမိသော်လည်း၊ ၎င်းတို့မှာ အလွန်လျို့ဝှက်စွာ နေထိုင်တတ်ကြသည်မဟုတ်လား။

ဒါဆိုရင် ကျေးရွာလူကြီးကို တိုင်ပါတော့လားလို့ ပြောစရာရှိပေမယ့် ၊ ကျေးရွာဥက္ကဌက သူ ညှိနှိုင်းပေးတာကို မမြင့်ကြည်တို့ညီအစ်မက လက်မခံကတည်းက အမြင် မကြည်လင်ဘူးမဟုတ်လား။ ဒီအကြောင်းကို သွားတိုင်လည်း လီဆယ်တာလို့ပဲ ထင်မည်မှာ အမှန်ပင်။

____________

အခန်း၄။

မယဥ်ထွေး မျက်လုံးတွေက ဂဏှာမငြိမ်။ လေးဘက်ကာဖြစ်သော အိမ်ထရံများကို တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက် ရှိလေ၏။ အိမ်ထဲတွင် သူမ တယောက်တည်း ရှိလေ၏။ သူမရှေ့က ကြမ်းပြင်တွင် အုန်း၊ငှက်ပျောပါသော ကန်တော့ပွဲ တပွဲရှိလေ၏။ မြေနီရောင် ဆီမီးခွက်ထဲ၌ ခပ်လတ်လတ် ဖယောင်းတိုင်တတိုင် မီးထွန်းညှိထားသည်။

ပြတင်းတံခါးများက အလုံပိတ်ထားသည်ဖြစ်ရာ ထိုဖယောင်းတိုင် မီးပြပြ အလင်းရောင်သာ ရှိလေ၏။

နံရံတွင် လေးထောင့်စားပွဲ ခပ်သေးသေးတလုံး ရှိပြီး၊ ထိုအပေါ်တွင် သစ်သားရုပ်တုတခု ရှိသည်။ ရုပ်တုသည် မတ်တတ်ရပ် ရုပ်တုဖြစ်ပြီး၊ ခပ်ထန်ထန် အမျိုးသမီးကြီးတဦး၏ မျက်နှာကို ပုံဖေါ်ထား၏။

မယဥ်ထွေးသည် ပါးစပ်မှ ဆီမန်းမန်းသလို တတွတ်တွတ်နှင့် ဂါထာများကို ရေရွတ်နေသလို၊ မျက်လုံးတွေကလည်း တစုံတရာကို ရှာဖွေနေဟန်တူ၏။

မယဥ်ထွေးမျက်နှာက အခုနေ မြင်ရလျင် မှင်သက်အံဩသွားကြလိမ့်မည်။ယခင်က ညိုစိမ့်စိမ့် အသားအရေ နှင့် ကိုယ်လုံးကိုယ်ဖန် လှပသော မယဥ်ထွေးသည် ယခုအခါ ရှိရင်းစွဲထက် အိုစာနေသလို ၊ မျက်နှာကလည်း ခက်ထန်လွန်းနေ၏။ မကောင်းသော အရိပ်အငွေ့များက မယဥ်ထွေးကို အရုပ်ဆိုး အကျည်းတန်နေစေသည်။

မယဥ်ထွေးသည် မသင့်သော အယူကို ယူခဲ့လေပြီ။ မကောင်းသော အကြံအစည်တို့ကို ကြံစည်နေပြီမဟုတ်လော။ ယခင် ကိုဝင်းသောင် ရှိစဥ်က အမြဲ လန်းဆန်းခဲ့သော ဘုရားပန်းတို့မှာ ညိုးရော်နေကြလေပြီ။ ခြောက်သွေ့နေကြလေပြီ။

ဘုရားစင်(ကျောင်းဆောင်)မှာ မည်မျှ ကြာအောင် ပစ်ထားခဲ့သည်မသိ။ ဖုန်အလိမ်းလိမ်း ကပ်လျက်ရှိသည်။ မယဥ်ထွေးကား ဘုရားမေ့ တရားမေ့နှင့် လောဘမီးတို့ တောက်လောင်ကာ လူစိတ်ကင်းကွာနေလေ၏။ သူမ ရင်ထဲက အငြိုးကို ပြေပျောက်စိမ့်ငှါ လက်စားချေခြင်းဟူသော လမ်းစဥ်ကို လိုက်နေပြီ ဖြစ်၏။

မယဥ်ထွေး မျက်နှာပေါ်မှာ ကျေနပ်ဟန် အပြုံးတခုကို မြင်လိုက်ရသည်။ မယဥ်ထွေး လွန်လေပြီးသော အတိတ်ကို တွေးမိ၍ ဖြစ်၏။

အမှန်တော့ သူမယောက်ကျား ကိုဝင်းသောင် သေဆုံးရခြင်းသည်လည်း သူမ၏ လက်ချက်ပင် ဖြစ်၏။

ဒါတင်မကချေ။ ယခင် အိမ်ထောင်ဖြစ်သော တရွာသား ပျောက်ကွယ်သွားသည်မှာလည်း မယဥ်ထွေး၏ လက်ချက်ဖြစ်လေ၏။

ဘာကြောင့် မယဥ်ထွေးသည် ခင်ပွန်းယောက်ကျားများကို တယောက်ပြီး တယောက် လက်စတုန်း သတ်ဖြတ်ခဲ့သနည်း။

အဖြေမှာ ရှင်း၏။ မယဥ်ထွေးသည် အလွန်လျို့ဝှက်သော ပညာသည် စုန်းဖြစ်သောကြောင့်ပင်။ မယဥ်ထွေးသည် သူမ၏ ပညာများကို သိုသိုဝှက်ဝှက်နှင့် ကွယ်ဖျောက်ကာ သာမန်လူကဲ့သို့ လင်ယူခဲ့သည်။

သို့သော် အနေကြာလာသည့်အခါ ၊ အတူနေ ခင်ပွန်းများက မယဥ်ထွေး၏ လျို့ဝှက်ချက်များကို သိလာကြ၏။

ပထမခင်ပွန်းသည် မယဥ်ထွေးအား စုန်းမဟု သိရှိသည့်အခါ၊ မပေါင်းသင်းတော့ပဲ ထွက်ပြေးခဲ့၏။သို့သော် မယဥ်ထွေးလို စုန်းမျိုး လက်မှ လွတ်အောင် မပြေးသာခဲ့။

တောလမ်းခရီး၌ မယဥ်ထွေး၏ တိုက်မြွေ အကိုက်ခံရကာ အသက်ပင် ဆုံးပါးခဲ့ရ၏။

ထို့အတူ ဒုတိယအိမ်ထောင်ဖြစ်သော ကိုဝင်းသောင်သည် လကွယ်ညတခု၌ မယဥ်ထွေး စုန်းတောက်စားနေသည်ကို လက်တွေ့မြင်ခဲ့၍ ကြောက်ရွံသွားခဲ့သည်။ သို့သော် ဖွင့်မပြောဘဲ နေခဲ့၏။

ကိုဝင်းသောင်သည် သူ့မိန်းမ စုန်းမမှန်း သိသွားသည့်အခါ မပေါင်းသင်းလိုတော့ပေ။ ထိုအကြောင်းကို ဖခင်ဖြစ်သူ ဦးလူပေါနှင့် နှမနှစ်ယောက်အား ဖွင့်ပြောရန် ဆုံးဖြတ်ချက်ချခဲ့သည်။

သို့သော် ကိုဝင်းသောင်၏ အကြံကို မယဥ်ထွေးက ကြိုတင်သိရှိသွားသည့်အခါ ၊ ကိုဝင်းသောင် ရွာထဲ မဝင်မီ ၊ ရွာပြင် ကုက္ကိုတန်း၌ သူမ၏ တိုက်မြွေဖြင့် ကိုဝင်းသောင်အားကိုက်သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ယခုလည်း သူမသည် ကိုဝင်းသောင်၏ အမွေ ဝေစုကို အပျိုကြီး ညီအစ်မနှစ်ယောက်ထံ တောင်းခံရာမှ ပြသနာကြီးထွားလာ၏။ အမွေကို ခွဲမပေးလိုသော အပျိုကြီး ညီအစ်မကို အငြိုးအတေး ကြီးစွာ တိုက်မြွေဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်လုပ်ကိုင်ခဲ့၏။ သူမ အကြံအစည် အောင်မြင်သည်ဟု ဆိုရမည်။ အကြီးမ မမြင့်ရီတယောက်ဖြင့် မြွေကိုက်ခံရ၍ သေဆုံးသွားခဲ့လေပြီ။

အငယ်မ မမြင့်ကြည် တယောက်သာ ကျန်တော့၏။ မမြင့်ကြည်ကို ဆက်လက် သတ်ဖြတ်ရန် ယခု သူမအိမ်ထဲ၌ ဆောင်ရွက်နေခြင်း ဖြစ်သည်။

မကြာမီ မယဥ်ထွေး၏ အခန်းထဲ၌ မယဥ်ထွေးကိုယ်သည် ပျောက်ကွယ်သွားပြီး ကြမ်းပေါ်၌ မယဥ်ထွေး ဝတ်သော အဝတ်တို့သာ ပုံလျက်သား တွေ့ရသည်။

မကြာပါ။ ထိုအဝတ်ပုံထဲမှာ ပြာလဲ့လဲ့ မီးလုံးတခုသည် ဟုတ်ခနဲ ထွက်ပေါ်လာ၏။ ထိုမီးလုံးသည် အခန်းထဲရှိ လေထု၌ တောင်မြောက် ပြေးကစားနေသည်။

ညသည် ညဥ့်နက်ပိုင်းသို့ တဖြည်းဖြည်း ချည်းနင်းလာခဲ့ချေပြီ။ မယဥ်ထွေး အိမ်ပြတင်းပေါက်သည် ပိတ်ထားရာမှ ဝုန်းခနဲ ပွင့်သွားသည်။ အခန်းထဲက မီးလုံးသည် ပွင့်သွားသော ထိုပြတင်းပေါက်မှတဆင့် ကောင်းကင်ဆီသို့ ထိုးတက်သွားလေ၏။

ပြာလဲ့လဲ့ အဆင်းရှိသော မီးလုံးသည် ရွာတောင်ဖျားဆီသို့ ဦးတည် ပျံသန်းသွားလေ၏။ ရွာတောင်ဖျားမှာက သူမ နောက်ဆုံး သုတ်သင်ရမည့် ရန်သူတော် မမြင့်ကြည် ရှိနေသည်မဟုတ်လား ။

______________

အခန်း၅။

” ဟဲ့ ငခင်၊ လှည်းကို မြန်မြန်မောင်းပါဟဲ့ ၊ နင့်ဟာ မှောင်တောင်လာပေါ့”

အရီးဇာကြီးသည် ကိုရင်နန္ဒိယကို တလှည့် ၊ မှောင်လာသည့် ဝန်းကျင်ကိုတလှည့်ကြည့်ရင်း လှည်းသမား ငခင်ကို အမြန်မောင်းရန် တိုက်တွန်းလောဆော်လိုက်၏။

ငခင်က လှည်းကို အိတွဲစွာ မောင်းနှင်နေ၍ လမ်းခရီး၌ အချိန်တွေ ကုန်လွန်သွားခဲ့သည်။ရွာကို ပြန် ရောက်ရမည့်အချိန် မရောက်နိုင်တော့။ ယခုပင် မှောင်စပြုလာခဲ့လေပြီ။

အရီးဇာကြီး သူ့တူမ မြကြည် မျှော်နေမှာကို သိနေ၍ လှည်းကြမ်းပြင်ပေါ်ကနေ ဖင်တကြွကြွ ဖြစ်နေသည်။ လှည်းဦးမှာ အရီးဇာကြီး ပင့်လာခဲ့တဲ့ ကိုရင်နန္ဒိယကတော့ လွယ်အိတ်တလုံးနှင့် အေးဆေးတည်ငြိမ်စွာ ထိုင်လျက် လိုက်ပါလာလေ၏။

အရီးဇာကြီးတို့ ရွာကို ရောက်တော့ ည ၇နာရီခွဲလေပြီ။ လှည်းက မမြကြည်ရဲ့ ခြံဝိုင်းရှေ့ရောက်တော့ အရီးဇာကြီး ရင် ဗြောင်းဆန်သွား၏။ မမြင့်ကြည့် ခြံထဲမှာ လူအချို့ ရောက်နေကြသလို ၊ အိမ်ထဲကလည်း အသံမျိုးစုံ ကြားနေရသည်မဟုတ်လား။

” ဘုရား ဘုရား ငါတော့ တစ္ဆေနိုင်ကိုရင်လေးကို ပင့်ဖိတ်လာခဲ့ပြီ၊ ငါ့တူမကတော့ အိမ်ထဲမှာများ မြွေကိုက်ခံရလို့သေနေပြီလား … ”

လှည်းပေါ်ကနေ အရွယ်နဲ့မလိုက်အောင် အရီးဇာကြီး လွှားခနဲ ခုန်ဆင်းကာ အိမ်ထဲ ပြေးဝင်သွားရင်း …

” ဟဲ့ ငခင် ကိုရင်လေးကို နင်ပဲ အိမ်ထဲ ပင့်ခဲ့တော့ဟေ့ ” ဟု အော်ပြောသွားခဲ့သည်။

မဇာကြီး အိမ်ထဲရောက်တော့ သူ့တူမ မြကြည်က အောက်ထပ်က ကွပ်ပြစ်ပေါ်မှာ ခြေဆင်း ထိုင်နေတာကို မြင်လိုက်ရ၏။ သို့သော် အကောင်းပကတိတော့မဟုတ်ချေ။ မြကြည်ကိုယ်၌ တစ္ဆေ ဝင်ပူးကပ်နေသည်။

မြကြည်သည် ဆံပင်တွေ ဖါးလျားချလျက် ၊ မျက်လုံးတွေက ပြူးကျယ်နေ၏ ။ ခေါင်းကို ငုံ့သည့်အခါ ငုံ့ထားပြီး ၊ တဝူးဝူး တဝါးဝါးနဲ့ ဘာတွေ ပြောနေမှန်းမသိ။ မြကြည့်ရှေ့မှာ အင်ဖက်ဖြင့် ထမင်းဟင်းတွေ ပုံထားသည်။

မြကြည်က အင်ဖက်ပေါ်က ထမင်းဟင်းတွေကို ယက်ဖြဲထားသည်။ အင်ဖက်ပေါ်သာမက ကြမ်းပြင်ပေါ်မှာ ထမင်းစ ဟင်းစတွေက ပြန့်ကြဲနေကြလေ၏။ မြကြည်ရဲ့ နုတ်ခမ်းမှာလည်း ဟင်းဆီတွေ ပေလူးနေ၏။

မြကြည်ကို ဘေးမှ မိန်းမအချို့က ထိန်းပေးနေကြသော်လည်း ထိုမိန်းမတို့ အမူအယာတွေက ကြောက်ရွံနေကြမှန်း သိသာ၏ ။

မဇာကြီး ဝင်လာတာ မြင်တော့ သူတို့ ဟန်မဆောင်နိုင်ကြချေ။ မြကြည်အနီးမှ ထလာကြလေ၏။

” အရီးဇာကြီး … တော့တူမ သရဲ ဝင်စီးနေတယ်တော့ ၊ ကြမ်းလိုက်တာမှ ပြော မပြောချင်ဘူး။ သူ့ထမိန်ကို ပဝါ စည်းပေးထားရတာပဲ ကြည့်တော့ ”

ထိုအခါမှ မဇာကြီး သတိထားမိသွားသည်။ ရေနွေးခရားအိုးလည်း မြေပေါ်မှာ ကျကွဲနေသလို ၊ လင်ဗန်းတွေ ၊ အကြမ်းပန်းကန်တွေက ဟိုနားတစ သည်နားတစ။ မြင့်ကြည် တွေ့ရာ မြင်ရာကို ကောက်ပေါက်ခွဲထားဟန်တူလေ၏။

” ဟုတ်တယ်။တော့တူမက ယောက်ကျားသံကြီးနဲ့ ငါဆာတယ် ဆာတယ်လို့ တဖွဖွ ပြောနေလို့ အင်ဖက်ပေါ် ထမင်းနဲ့ဟင်းပုံကျွေးထားရတယ်။
ပထမတော့ စားတယ်။ အငမ်းမရကို စားတာ။ တခဏနေတော့ မစားတော့ပဲ သူ့လက်နဲ့ ထမင်းတွေဟင်းတွေကို ယက်ဖြဲပစ်တော့တာပဲတော် ”

သူတို့ ရွာဓလေ့က အပမှီသူကို ဘယ်တော့မှ ပန်းကန်ပြားနဲ့ မကျွေး။ ယခုလို အင်ဖက်ပေါ်မှာ ထမင်းနဲ့ဟင်း ရော၍ ပုံကျွေးရသည်။ သဘောကတော့ ဧည့်သည်အဖြစ် လက်မခံဟု ဆိုခြင်း ဖြစ်လေ၏။ စားမြိန်ထုပ်ကိုစား၍ လိုရာကို သွားစေဟု နှင်ထုတ်ခြင်းတမျိုးပင် ဖြစ်လေ၏။

လှည်းသမား ငခင်နှင့်အတူ ကိုရင်လေး နန္ဒိယ ရောက်လာ၏။ ကိုရင်သည် သရဲပူးကပ်နေသည့် မမြင့်ကြည်ကို အကဲခတ်လိုက်ပြီး ၊ မကြောက်မရွံနှင့် မမြင့်ကြည် အနီး သွား၍ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

အံဩစရာက ခုမှ စ၏။ သရဲ ပူးနေသော မြင့်ကြည်သည် ဖင်တရွတ်ဆွဲလျက် ကိုရင်နှင့် ဝေးရာကို ရွေ့လေ၏။ နီးနီးကပ်ကပ်ပင် နေရဲဟန်မတူ။ ကိုရင်ကတော့ မမြင့်ကြည်ကို တချက်မျှ မကြည့်ဘဲ၊ လွယ်ထားသည့် အညိုရောင် လွယ်အိတ်ကို ချွတ်ကာ ၊ အိတ်ထဲမှ လိုအပ်မည်ထင်တာတွေ ရွေးထုတ်နေ၏။

မမြင့်ကြည်ကတော့ ကိုရင် လုပ်နေသမျှကို မမှိတ်မသုန် အကဲခတ်နေသည်ကို မြင်တွေ့ကြရသည်။

” ကဲ … ရှည်ရှည်ဝေးဝေး မေးမနေတော့ဘူး ။ ပြောစမ်း ဒကာမ မကြည်မြင့်ကိုယ်ထဲကို ဘယ်လိုပုဂ္ဂိုလ်က ဝင်ပူးနေတာလဲ။ မလိမ်မညာဘဲ အမှန်ကို ပြောပါ ”

ကိုရင်နန္ဒိယအသံက ကြည်လင်ပြတ်သား၏။ ဆိုရသော် အမိန့်ပေးသည့်အသံနှင့် ပိုတူလေ၏။

မမြင့်ကြည်ကိုယ်၌ ပူးကပ်နေသော သရဲသည် တစ္ဆေနိုင်ကိုရင်လေးအား အံတုဖက်ပြိုင်ရဲဟန်မတူ။ သီလ သမာဓိအားကောင်းသော ကိုရင်လေးသည် သူ၏ ပြိုင်ဘက်မဟုတ်မှန်း သိနေဟန်တူ၏။ သို့သော်လည်း ပရလောကသားတို့သည် အနည်းအကျဥ်းတော့ ပညာစမ်းရမှ ကျေနပ်တတ်၏။ ထို့သို့သော အကြောင်းကြောင့်လားမသိ။ ခြေဆင်းလျက်ရှိသော မကြည်မြင့်က …

” ငါ ဘယ်သူလဲ မေးရအောင် နင်က ဘာမို့လို့လဲ ။ သိချင်ရင် ကိုယ့်ဘာသာ စစ်ကြည့်ဟေ့ ”

ကိုရင်လေးသည် ယောင်ယောင်မျှ ပြုံး၏။ ပြီးသော် ထိုင်နေရာမှ ထ၍ နှာရှုဘူးမျှ ပုလင်းငယ်(ပနယ်စလင်ပုလင်းဟုလည်း ခေါ်ကြသည်)ကို လက်ထဲမှ ကိုင်လာ၏။

မမြင့်ကြည် အနီးသို့ရောက်သော် ထိုပုလင်းအဖုံးကို ဖွင့်၏။ ကိုရင်လေးက မမြင့်ကြည်ကို အနီးရှိလူတို့အား ချုပ်ထားစေလိုက်သည်။

ပြီးသော် မမြင့်ကြည် ပါးစပ်ကို ဖွင့်စေပြီး၊ ထိုပုလင်းထဲက အရည်တို့ကို လောင်းချလိုက်သည်။ ဆေးရည် ဝင်သွားသော မမြင့်ကြည်မှာ ငရဲမီး အလောင်းခံရသူကဲ့သို့ ကြမ်းပြင်ပေါ်၌ ထွန့်ထွန့်လူးနေရှာတော့သည်။

ဆေးရည်မှာ ကြက်မောက်မြစ်၊ဖရုံခါးမြစ်၊သဖန်းမြစ်တို့ကို တပဲစီ စု၍ ငရုတ်+အရက် တို့ဖြင့် သမအောင် ရောကြိတ်ထားသော ဆေးရည်ဖြစ်၏။ မည်သို့သော ပယောဂဖြစ်ပါစေ … ထိုဆေးရည်ဝင်ပါက အနှောက်အယှက်တို့သည် မနေနိုင်တော့ဘဲ တောင်းပန်လာလေ့ရှိ၏။ ယခုလည်း မမြင့်ကြည်ကိုယ်ကို ဝင်ပူးကပ်နေသော သရဲသည် ဆေးရည်အစွမ်းကို မခံနိုင်။ သဲအူပြတ်မျှ နာကျင်ခံရခက်နေရှာ၏။

ထို့ကြောင့် နုတ်မှ ထုတ်ဖေါ်၍ တောင်းပန်လာရသည်။

” အံမယ်လေး ပူလိုက်တာ နာလိုက်တာဗျာ ။ ကျွန်တော့ကို ကယ်ကြပါအုံး ။ ကျွန်တော် တခြားသူမဟုတ်ပါဘူး ။ မြင့်ကြည်တို့ မြင့်ရီတို့ရဲ့ အစ်ကို ဝင်းသောင်ပါဗျ ။ ဆာလွန်းလို့ အခုလို မြင့်ကြည်ကိုယ်မှာ ဝင်ပူးကပ်ပြီး စားသောက်မိတာပါ …
အံမယ်လေးလေး … ကယ်ကြပါအုံး၊ ပူလိုက်တာ နာလိုက်တာ ”

အမှန်တော့ ကိုရင်လေးသည် အချိန်မဆွဲ၍ အမြန်ဆုံးနည်းကို အသုံးချလိုက်ခြင်း ဖြစ်သည်။ သူ အဓိက ဒီအိမ်ကို လာရသည့်အကြောင်းက မြွေအတိုက်ကို သုံးနေသော စုန်းမအား နှိမ်နှင်းရန်သာ ဖြစ်၏။ အခု သရဲက ဝင်းသောင် ဆိုတော့ မမြင့်ကြည်၏ အစ်ကို အရင်းဖြစ်နေ၏။ ထို့ကြောင့် လွှတ်ပေးရန် ဆုံးဖြတ်လိုက်ပြီးမှ တစုံတခုကို သတိရသွားဟန်ဖြင့် …

” ဒီမှာ ကိုဝင်းသောင် … ခင်များ အစားအစာ လိုရုံလောက်နဲ့တော့ ၊ မမြင့်ကြည်ကိုယ်မှာ ကြာကြာပူးကပ်မှာမဟုတ်ဘူး ။
အစာဝရင် ပြန်ထွက်မှာ သေချာတယ်။ ခင်များ ကိုရင့်ကို တခုခု ထိန်ချန်ထားသေးတယ်မဟုတ်လား ”

ထိုစကား ကြားရသောအခါ မမြင့်ကြည်သည် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာ၏။ ဒါပေမဲ့ သူ့ခမျာ တစုံတရာကို ကြောက်ရွံနေဟန်ဖြင့် တကိုယ်လုံးတုန်ရင်နေရှာသည်။ကိုရင်လေး အမေးစကားကို ပါးစပ်ကနေ တခွန်းမျှ ဖြေမလာချေ။

ကိုရင်လေးသည် သရဲကိုဝင်းသောင် ကြောက်နေသော အရာကို ရိပ်စားမိသွားဟန်တူ၍ …

” ဒါဖြင့် ကိုရင် တိုတိုမေးမယ်၊ မှန်ရင် ခေါင်းငြိမ့်ပြ ၊ မှားရင် ခေါင်းခါပေါ့ ”

ထိုအခါ သရဲပူးကပ်နေသော မမြင့်ကြည်က ခေါင်းကို ငြိမ့်ပြရှာ၏။

” ဒကာကြီး ကိုဝင်းသောင် သေတာ ရိုးရိုး မြွေကိုက်ခံရလို့ သေတာမဟုတ်ဘူးလို့ ကိုရင့်ကို ဒကာမကြီး ဒေါ်ဇာက ပြောတယ် ၊ အဲ့ဒါ မှန်သလား ”

မမြင့်ကြည်က သွက်လက်စွာ ခေါင်းကို ငြိမ့်ပြပြန်၏။

” ဒကာကြီးကို လုပ်ကြံတာက ဒကာကြီးရဲ့ မိန်းမ မယဥ်ထွေးလို့ သူတို့က သံသယရှိနေကြတယ်။ အဲ့ဒါရော မှန်သလား ၊ ကိုရင် သုံးခါမေးမယ်နော် ။ သေသေချာချာ ပြန်ဖြေ ”

“ဒကာကြီးကို သတ်ခဲ့တာ မယဥ်ထွေးလား ”

“ဒကာကြီးကို သတ်ခဲ့တာ မယဥ်ထွေးလား ”

“ဒကာကြီးကို သတ်ခဲ့တာ မယဥ်ထွေးလား ”

ဒီတခါ သရဲပူးနေသော မမြင့်ကြည်က ဒေါ်ဇာကြီးကို လှမ်းကြည့်သည်။ ဒေါ်ဇာကြီးက ခေါင်းငြိမ့်ပြတော့မှ ကိုရင်လေးဘက်သို့ ပြန်လှည့်လာပြီး ခေါင်းကို ငြိမ့်ပြ၏။ ပြီးသော် ရှိုက်ကြီးတငင် ငိုချပြန်၏။

” အီးဟီးဟီး … ဟုတ်ပါတယ်၊ ကျုပ်ကို ယဥ်ထွေးက သူ့ပညာနဲ့ သတ်ခဲ့တာပါ ၊ ဘာကြောင့် သတ်တာလဲဆိုတော့ သူက ပညာသည်စုန်းမမှန်း ကျုပ်က သိသွားလို့ပါဗျ
ဟီးဟီး အင်းဟင်း ”

အိမ်ထဲရှိ လာပြီး စပ်စုနေကြသော ရွာသူရွာသားအချို့မှာ မြင့်ကြည်ပါးစပ်က ထိုသို့ပြောသောအခါ အံအားသင့်သွားကြသည်။

” ပြီးတော့ … ယဥ်ထွေးက သူ့အရင်ယောက်ကျားကိုလည်း သူ့အကြောင်းသိသွားတဲ့အခါ သတ်တယ်။ သူလိုတာ မပေးတဲ့ ကျုပ်နှမ မြင့်ရီကိုလည်း သတ်တယ် … ”

ဟာ

အို

အားလုံးက ထိတ်လန့်အံဩကုန်ကြ၏။ ကိုရင်လေးက …

” ဘာနဲ့ သတ်တာလဲ ”

” သူကသာ အလိုရှိလို့ ရှိရင် ပုဝါကလဲ မြွေပွေးမြွေဟောက် ဖြစ်စေနိုင်တယ်။ ယဥ်ထွေးက သိပ်အစွမ်းထက်တဲ့ စုန်းမ။ ဒါကြောင့် တိုက်မြွေနဲ့ လွှတ်ပြီး သတ်ခိုင်းတာပေါ့ ၊ သူ … အခု မြင့်ကြည်ကိုပါ ထပ်သတ်ဖို့ ကြံရွယ်နေပြီ ၊ ကျုပ် နှမထွေးကို ကာကွယ်ပေးနိုင်ရင် ကာကွယ်ပေးကြပါအုံးဗျာ … ”

“ဘုရား ဘုရား”

ကြားရသူများက ဘုရားတကြသည်။ အားလုံး မျက်နှာတွေက ထိတ်လန့်နေကြသည်။

ကိုရင်လေးသည် မယဥ်ထွေးကို စုန်းဟု သူ့ဘာသာ တဦးတည်း မရိုးစွပ်။ အများသိအောင် သက်သေထူလိုက်ခြင်း ဖြစ်သည်။

” ကဲ ဒါဆိုရင် စုန်းမ မယဥ်ထွေးကို ကိုရင်က ဆင့်ခေါ်လိုက်မယ်။ သူ ကိုရင်ခေါ်ရင် မလာဘဲ မနေနိုင်ပါဘူး ၊ ဒါပေမဲ့ ဒီအိမ်ထဲတော့ မဖြစ်ဘူး။ ဒါကြောင့် ခြံဝိုင်းထဲကို သွားကြရအောင် … ”

ထိုအခါ မြင့်ကြည်ကိုယ်၌ ဝင်ပူးကပ်နေသော သရဲ ဝင်းသောင်က …

” ကျုပ် ဆက်နေလို့ မဖြစ်ဘူး။ ဒါကြောင့် ကျုပ်ကို သွားခွင့်ပေးပါ ”

ကိုရင်လေးက သဘောပေါက်ဟန်တူ၏။ ထို့ကြောင့် မြင့်ကြည်၏ ဦးခေါင်းကို လက်ဖြင့် ၃ချက် ပုတ်၍၊

” ကိုရင် ခွင့်ပြုတယ်၊ ထွက်သွားပါ ”

မမြင့်ကြည်က ကိုရင်လေးအား ဦးသုံးကြိမ်ချ၍ ကန်တော့၏။ ပြီးသော် မမြင့်ကြည်ကိုယ်သည် တုန်ရင်သွားပြီး၊ ကြမ်းပေါ်သို့ လဲကျသွားလေ၏။

_________

အခန်း၆။

လူအချို့က ကိုရင်လေး လုပ်သမျှကို တအံတဩ ကြည့်နေကြသည်။ ကိုရင်လေးသည် ကြည့်နေသူများဘက်ကို ရေမန်းဖြင့် စည်းတားထားပေးလိုက်ပြီး ၊

” ကိုရင်နဲ့ စုန်းမ တွေ့တဲ့အခါ ဘာအကြောင်းကြောင်းကြောင့်မှ ဒီတားထားတဲ့ စည်းကို ကျော်မလာကြပါနဲ့။
စည်းကို ကျော်လာရင် စုန်းမက ပြုစားနိုင်တယ်။ စည်းရဲ့ ဟိုတဖက်မှာဆို စုန်းမက မထိဝံ့ဘူး။
စိတ်ချပါ။ ကိုရင် စုန်းမကို မသတ်ပါဘူး။ သူ့ပညာကိုပဲ အကုန်အစင် နုတ်ယူမှာပါ ”

ကိုရင်လေးသည် ညီညာသော မြေပြင်တခု၌ ပါလာသည့် နေကထိုင်ကို ဖြန့်ခင်းက အသင့်ထိုင်နေလိုက်သည်။ ထို့နောက် ဂါထာတပုဒ်ကို ရွတ်ဆို၍ စုန်းမအား သူ့ထံ လာရောက်ရန် ဆင့်ခေါ်လိုက်သည်။

ညသည် ပိန်းပိန်းမှောင်နေသော်ငြားလည်း ဦးလူပေါအိမ်ခြံဝိုင်းထဲ၌ လူအချို့က ထွန်းညိထားသော ဖယောင်း၊ဆီမီးအချို့က လင်းလက်နေပါ၏။

ကိုရင်လေး၏ ဂါထာရွတ်ဆိုသံ အဆုံးသတ်တွင် ကောင်းကင်၌ ပြာလဲ့လဲ့ အရောင်ရှိသော မီးလုံးတလုံးသည် မြောက်မှ တောင်သို့ လျှင်မြန်စွာ ရွေ့လျားလာနေသည်ကို အားလုံးက မြင်တွေ့လိုက်ကြသည်။

ထိုမီးလုံးသည် ဦးလူပေါအိမ်၏ ကောင်းကင်၌ တရစ်ဝဲဝဲ လုပ်နေ၏။
ကိုရင်လေးသည် ဌာန်ကျမာန်ကျနှင့် ဂါထာကို ရေရွတ်လိုက်ပြန်၏။

ထိုအခါ ပြာလဲ့လဲ့ မီးလုံးသည် ကောင်းကင်၌ ဆက်၍ ရပ်တည် မနေနိုင်တော့ဘဲ၊ ဦးလူပေါ၏ ခြံဝိုင်းထဲသို့ ဒလိမ့်ခေါက်ခွေး ပြုတ်ကျလာလေတော့သည်။

မီးလုံးသည် ရွာထဲက လူများ ရပ်ကြည့်နေရာနှင့် မျက်နှာချင်းဆိုင်က စပယ်ရုံထဲသို့ ကျသွားခြင်း ဖြစ်သည်။

မကြာပါ။ စပယ်ရုံသည် ခပ်လှုပ်လှုပ် ဖြစ်လာပြီး၊ စပယ်ရုံနောက်ကျောမှ ဆံပင်ဖါးလျား ထမိန်ရင်လျားထားသော စုန်းမသည် ထွက်ပြူလာ၏။

ကြည့်နေသောသူတို့ အားလုံးသည် အံဩသွားလေ၏။ စုန်းမသည် မယဥ်ထွေး ဖြစ်နေသောကြောင့်ပင်။ယခင်က မယဥ်ထွေးကို ဘယ်သူကမှ စုန်းမမှန်း မသိကြဘူးမဟုတ်လား။

မယဥ်ထွေးသည် လူတွေကို ဂရုမစိုက်။ သူ့အား ခေါ်ယူသည့် ကိုရင်လေးအား သူ့ပညာဖြင့် ရန်ပြုတိုက်ခိုက်ရန် … ကိုရင်လေးအနီးက တုတ်ချောင်းလေးများကို ကြည့်၍ မြွေဖြစ်မန္တာန်ဖြင့် နိုးထစေလိုက်သည်။

ထွာဆိုင်သာသာလောက် တုတ်ချောင်းလေးများ၊ တံတောင်ခန့်ရှိမည့် တုတ်ချောင်းလေးများသည် စုန်းမ ယဥ်ထွေး၏ ပညာကြောင့် မြွေဆိုးများအဖြစ် ပြောင်းကုန်ကြသည်။

ယင်းမြွေဆိုးတို့သည် စုန်းမ ယဥ်ထွေးအမိန့်ကို နာခံသမှု ပြု၍ ကိုရင်လေးအား ကိုက်သတ်ကြရန် လျောခနဲ လျောခနဲ ပြေးဝင်လာကြလေ၏။

ကြည့်နေကြသူအပေါင်းမှာ ရင်တထိတ်ထိတ် ရှိလှသည်။ မြွေဆိုးများသည် ကိုရင်လေးအနီးသို့ ရောက်လာကြ၏။ ကိုရင်လေးသည် မြွေနိုင်ဂါထာကို ရွတ်ဖတ်၍ …

” ဥုံဗုဒ္ဓဝုတ် ၊ဓမ္မဝုတ်၊သံဃဝုတ်
ချုပ် ဆရာ ချုပ်၊ ပြန် ဆရာ ပြန်၊ အကုန် မူလပြန်ဟေ့ ”

ထိုသို့ဆိုလိုက်သော ကိုက်ရန် ပါးစပ်ဖြဲလာသော မြွေဆိုးတို့မှာ ကိုရင်၏ အနီး၌ မူလဖြစ်သော တုတ်ချောင်းအသွင်သို့ ပြောင်းလဲကုန်၏။

စုန်းမသည် ထိုအချင်းအရာကို မြင်သည့်အခါ ၊ နောက်တကြီမ် လစ်သည့်အခါမှ တိုက်မဟေ့ဟူသော အကြံဖြင့် ထွက်ပြေးရန် ပြင်သည်။

ဒါကို ကြိုသိသော တစ္ဆေနိုင်ကိုရင်လေးက …

“ဥုံ ဗုဒ္ဓကရဏီယံ ရှေးကဝါသနာ တတ်သည့်ပညာ မနေသာ ၊ ဟယ် ဇော်ဂနီ …ကပ်ဆရာကပ် ၊
ဥုံ ဓမ္မကရဏီယံ ရှေးကဝါသနာ တတ်သည့်ပညာမနေသာ ၊ ဟယ် ဇော်ဂနီ … ကပ်ဆရာကပ်၊
ဥုံ သံဃံကရဏီယံ ရှေးကဝါသနာ တတ်သည့်ပညာ မနေသာ
ဟယ် ဇော်ဂနီ ကပ်ဆရာကပ်၊ချည်းဆရာချည်း …”

ဟုဆိုကာ လက်ထဲက ဆန်မန်းဖြင့် စုန်းမကိုယ်ပေါ်သို့ ပစ်ပေါက်လိုက်လေ၏။

ဆန်စေ့တို့သည် စုန်းမကိုယ်နှင့် ထိတွေ့သည့်အခါ မီးပွင့်များ ထပွင့်ကုန်၏။ စုန်းမခမျာ ငရဲမီးဖြင့် အပေါက်ခံရသူကဲ့သို့ ထွန့်ထွန့်လူးကာ မြေသို့ လဲကျလေ၏။

ထိုအခါ ကိုရင်လေးက စုန်းမအား ဆိုင်ရာတို့မှ လာ၍ ချုပ်စေ၏။ စုန်းမသည် ကိုရင်လေး ပညာစွမ်းအား အာမခံဝံ့တော့ချေ။

ကိုရင်က စုန်းမထံမှ ပညာတို့ကို တစိုးတစိ မကျံရလေအောင် နုတ်ယူလေ၏။မယဥ်ထွေးသည် စုန်းအတတ်ပညာတို့ကို ကုန်စင်အောင် ထုတ်ပေးလိုက်ရသဖြင့် နွမ်းလျ မေ့မြောသွားသည်။

ထိုအခါမှ ကြည့်နေသူအပေါင်း ဟင်းချနိုင်တော့သည်။ မေ့မြောနေသော မယဥ်ထွေးကို သတိရအောင် လုပ်ကြ၏။

” သူ့ကို ဘာလုပ်ရမလဲ ကိုရင် ”

” ဘာမှ မလုပ်ကြပါနဲ့။ သူ့တရား သူစီရင်ပါလိမ့်မယ်။အခုကတော့ ရွာလူကြီးဆီသာ အပ်လိုက်ပါ၊ ကျန်တာ ရွာလူကြီးက ဆက်လက်စီမံပါလိမ့်မယ် ”

မယဥ်ထွေးကို လူငယ်များက ဖမ်းချုပ်၍ ရွာလူကြီးထံ အပ်သည်။ ရွာလူကြီးက ဒီညတော့ မိုးချုပ်နေပြီ၊ မနက်ဖြန်မှ ရဲလက်သို့ အပ်မည်ဟု ဆိုလိုက်ပြီး၊ ထိတ်တုံးဖြင့် ခတ်ထားလိုက်လေ၏။

မမြင့်ကြည်သည် သူမ၏ အသက်ကို တစ္ဆေနိုင်ကိုရင်လေးက ကယ်လိုက်သဖြင့် အသက်ဘေးမှ လွတ်သွားရှာ၏။

ကိုရင်လေးက မမြင့်ကြည်အား …

” ဒကာမကြီး အလိုကြီးက အရနည်း၏။ လောဘသည် လူကို သေစေနိုင်၏။
လူ့ဘဝ ရောက်တုန်းရောက်ခိုက်မှာ သီလ၊ကုသိုလ်၊ ဘာဝနာ ထိုသုံးတန်ကို မမေ့လျာ့သင့်။
ဒါကြောင့် ကွယ်လွန်ပြီးသော အမိအဖ၊ အစ်ကိုကြီး၊ အစ်မကြီးတို့ကို ကြည့်ပါ။
သေလွန်ပြီးနောက် ရှာဖွေထားသော စည်းစိမ်ပစ္စည်းဥစ္စာရတနာတို့သည် ချန်ထားရစ်ခဲ့ရသည်။
မည်သူကမျှ သေလွန်ရာသို့ ယူဆောင်မသွားနိုင်ပါ။ ထို့ကြောင့် သေလွန်ပြီးသူတို့အား နမူနာယူ၍ ယခုချိန်မှစ၍ ကုသိုလ်ဒါနပြုခြင်း၊ သီလစောက်တည်ခြင်း၊ ဘာဝနာတရား ပွားများခြင်းတို့ကို ပြုလုပ်ပါ”ဟု တိုက်တွန်း တရားပြသွားလေ၏။

ကိုရင်လေးစကားကို မမြင့်ကြည်က သဘောပေါက်နားလည်သွားသည်။ ထို့ကြောင့် ကွယ်လွန်သွားကြသော သူများကို ရည်စူး၍ မိမိပိုင်ပစ္စည်းများမှ ခွဲဝေ၍ ဒါနပြုရန် သံဓိဌာန် ချလိုက်သည်။

အံဩစရာကောင်းသည်က နောက်တနေ့ နံနက်၊ ရွာလူကြီးသည် ၎င်းအိမ်အောက်၌ ထိတ်တုံးဖြင့် ချုပ်နှောင်ထားသော မယဥ်ထွေးအား စားစရာသွားပေးသည့်အခါ ၊ မယဥ်ထွေးအား မြွေကိုက်၍ သေဆုံးနေသည်ကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်လေတော့သတည်း။

ပြီးပါပြီ။

ပီပီ၊မန္တလေး၊