ဘဝကြမ္မာ

ကြာလာတာပေါ့ဗျာ…
ကျုပ်ကတော့ထွေးခင် မန္တလေးကပြန်လာမယ့်ရက်ကို
မျှော်နေရတာပေါ့..
ဒါပေမယ့်ဗျာ…တစ်ရက်ကျတော့ကျုပ်ဘဝကြီးအမှောင်ကျသွားသလိုခံစားလိုက်ရတယ်လေ…
အဲ့တာဘာကြောင့်လည်းဆိုတော့ ထွေးခင်ပေါ့ဗျာ…
ထွေးခင်လုပ်ရက်လွန်းပါတယ်…
ကျုပ်သူ့ကိုချစ်ကြိုက်နေတာကိုဒင်းသိသိနဲ့မြို့သားကိုရွာထိခေါ်ပြီး ကျုပ်အသည်းကိုရက်ရက်စက်စက်ခွဲသွားတာပဲဗျ…
ထွေးခင်တို့မင်္ဂလာဆောင်ကတစ်ရွာလုံး
မီးခိုးတိတ်ကျွေးတာတဲ့လေ…
ဝက်သားဘယ်နပိဿကျွေးတာ…
သတိုးသားဘက်ကဘယ်လိုတင်တောင်းတာဆိုတဲ့
သတင်းတွေကတော့ ကျုပ်နားနဲ့
မဆန့်အောင်ကြားခဲ့ရတယ်ဗျာ…
ကျုပ်အသည်းကလည်းအဲ့လောက်မမာနိုင်ဘူးဗျာ…
ခံစားရလွန်းလို့မသောက်ဖူးတဲ့အရက်တွေကို တစ်နေကုန်တစ်ညလုံးသောက်နေမိတော့တာပဲ…
ကျုပ်ဦးလေး ကံပေါ်ကတော့…

“ငါ့တူကြီး…မင်းကွာ…”

လို့ပဲဲပြောနိုင်ပြီး ကျုပ်အတွက်
စိတ်မကောင်းဖြစ်နေရှာတယ်။
တားတော့မတားဘူးခင်ဗျ…
ဒါပေမယ့်ပစ်လည်းမထားရှာပါဘူး။
ကျုပ်ကလည်းအသည်းအခုမှကွဲဖူးတာဆိုတော့
မခံစားနိုင်ဘူးဖြစ်နေတာပေါ့ဗျာ…။
ဒီလိုနဲ့မိုးတွေရွာနေတဲ့တစ်ရက် ကျုပ်လေးလေးကံပေါ်
အိမ်မှာမရှိတဲ့အခိုက် ကျုပ်တစ်ယောက်ထဲအရက်ပုလင်းကိုင်ပြီးအိမ်ကထွက်လာခဲ့လိုက်တယ်။
ရွာထဲလမ်းကသွားရင် ကျုပ်ကိုရွာကလူတွေမြင်မှာဆိုးလို့
ရွာပြင်ဘက်ကနေလျှောက်လာခဲ့တာပေါ့။
ရွံ့တွေဗွက်တွေကိုလည်းကျုပ်ဖြတ်နင်းပြီးလာတော့
ကျုပ်တစ်ကိုယ်လုံးလည်းကြွက်စုတ်လေးတစ်ကောင်လို
ဖြစ်နေတာပေါ့ဗျာ…။
မိုးတွေကလည်းသည်းတယ်ဗျို့…
တစ်ခါတစ်ခါချိန်းတဲ့မိုးချိန်းသံကြီးကလည်း
အတော်ကျယ်သဗျာ…
ဒါပေမယ့်ကျုပ်ရင်ထဲကပူလောင်မှုကိုတော့ဒီမိုးကမငြိမ်းပေးနိုင်ဘူးဗျ…။
နောက်ဆုံးတော့ကျုပ်လည်း ရွာအနောက်ဘက်က
ညောင်ပင်ကြီးအောက်ကိုရောက်လာတော့တာပဲ…
ညောင်ပင်ကြီးက အရိပ်တော့ကောင်းတယ်​ဗျ…
ကျုပ်တို့ငယ်ငယ်ကဆို ဒီအပင်ကြီးအောက်မှာ
လာလာဆော့နေကြပေါ့ဗျာ…
ရွာကလူကြီးတွေ​ပြောတာတော့ဒီအပင်ကြီးမှာဖိုးသူတော်
သရဲရှိတယ်တဲ့…
ဒါကလည်းကျုပ်တို့ကလေးတွေကိုခြောက်တာနေမှာပါဗျာ…
ကျုပ်ဖြင့်တစ်ခါမှမမြင်ဖူးပါဘူး…။
အဲ့သည်လိုနဲ့ကျုပ်လည်းညောင်မြစ်ကြီးပေါ်ထိုင်ပြီး
အရက်ပုလင်းကို “ဂွတ်”ခနဲမော့တော့တာပေါ့…
အရက်ကလည်ပင်းကိုပူခနဲဆင်းသွားတာဗျို့
အဝင်ကတော့အတော်ဆိုးတာဗျ…။
ကျုပ်လည်းအရက်တစ်ပုလင်းကုန်တဲ့အထိသောက်ပြီး
ညောင်ပင်အောက်မှာပဲမိုးစိုစိုကြီးနဲ့
အိပ်ပျော်သွားခဲ့တော့တာပဲဗျာ။

ကျုပ်ဘယ်ချိန်ထိအိပ်မိသလဲမသိ…
နိုးလာတော့တစ်ကိုယ်လုံးညောင်းကိုက်နေတာပဲဗျို့…။

“ဟေ…ငါ့တူကြီးသတိရပြီ”

“ဟင်…လေးလေးကံပေါ်…”

ကျုပ်လည်းလေးလေးကံပေါ်အသံကြားလို့ကြည့်မိတော့
လေးလေးကံပေါ်က ကျုပ်နံဘေးမှာရှိနေတာဗျ။
ကျုပ်လည်းဘေးဘယ်ညာကိုသေချာကြည့်တော့
ကျုပ်အခန်းထဲကိုပြန်ရောက်နေတယ်ဆိုတာသိရတာပဲဗျို့…။
အဲ့တာနဲ့…

“လေးလေး…ကျူပ်ဒီီကိုဘယ်လိုပြန်ရောက်နေတာလဲ”.

လို့မေးတော့ လေးလေးကံပေါ်က ငိုမဲ့မဲ့မျက်နှာထားကြီးနဲ့…

“ဘယ်လိုပြန်ရောက်ရမှာလဲကွာ…
ငါ့မှာမင်းပျောက်သွားလို့
တစ်ရွာလုံးလိုက်ပတ်ရှာရတာပေါ့
ငါ့တူရ…တွေ့ပြန်တော့လည်းမင်းကခေါ်မရပြုမရနဲ့
သတိလစ်နေတာလေ…
ငါ့မှာမင်းကိုဆုံးရှုံးပြီထင်ပြီး
ဆေးဆရာပြေးပင့်ပြီးကုထားရတာကွ…”

“သြော်…”

လေးလေးကံပေါ်ပြောမှပဲကျုပ်နားလည်တော့တာဗျ…

“နေဦးကွ…ဆရာကြီးအိမ်ရှေ့မှာထိုင်နေတယ်
ငါသွားခေါ်ချေဥိီးမယ်…”

လို့ပြောပြီးလေးလေးကံပေါ်က ကျုပ်အခန်းထဲကနေ
ထွက်သွားပြန်တယ်။
ခဏကြာတော့လေးလေးကံပေါ်နဲ့အတူ ကျုပ်တစ်ခါမှ
မမြင်ဖူးတဲ့လူကြီးတစ်ယောက်ပါလာခဲ့တယ်ဗျ။
ကျူပ်လည်းသိချင်တာနဲ့…

“လေးလေးကံပေါ်…ဒီကဦးလေးကြီးကဘယ်သူတုန်းဗျ”

လို့မေးတော့လေးလေးကံပေါ်က…

“ဒါမင်းအသက်ကိုကယ်ပေးထားတဲ့
ဆရာကြီးပဲငါ့တူရဲ့”

လို့ပြောတော့ကျုပ်အံ့သြသွားတယ်။
အစောကလေးလေးကံပေါ်ပြောတော့ ဆေးဆရာပြေးပင့်ပြီး
ကျုပ်ကိုကုထားရတယ်ပြောတယ်လေ…
ကျုပ်တို့ရွာကဆေးဆရာကြီးဦးကြိုင်ကိုကျုပ်သိတာပေါ့…
ဒါပေမယ့်ဒီဆရာကြီးကိုတော့ကျုပ်မသိဘူးဗျ…

လို့ကျုပ်စိတ်ထဲတွေးနေမိတော့…

“မောင်ရင်လေးက ကျုပ်ကိုသိမှာမဟုတ်ပါဘူးလေ…
ကျုပ်ကနယ်တကာလှည့်သွားလာနေရသူကွဲ့…
အခုလိုမောင်ရင်လေးတို့ရွာကိုရောက်လာရင်း…
ကျုပ်နဲ့မောင်ရင်လေး…
ရေစက်ရှိနေလို့သာမောင်ရင်လေးကိုကျုပ်ကယ်ခွင့်ရခဲ့တာ…”

လို့ဆရာကြီးကပြောတော့ ကျုပ်လေးလေးကံပေါ်ကလည်း…

“ဟုတ်တယ်ငါ့တူရဲ့…
တို့ရွာကဆေးဆရာဦးကြိုင်ကရွာမှာမရှိဘူး…
မင်းကလည်းမိုးတွေစိုရွဲပြီးသတိလစ်နေတာလေကွာ…
ငါ့မှာခြေမကိုင်မိလက်မကိုင်မိနဲ့ ဆရာတော်ဆီပြေးရတာပေါ့…
အဲ့သည်မှာ ဒီကဆရာကြီးနဲ့ဆုံတာပဲဟေ့…
ဆရာကြီးကသူကုပေးပါ့မယ်ဆိုလို့ငါလည်းခေါ်လာရတာပေါ့…
ဆရာကြီးမင်းကိုစကုတော့ မင်းလိပ်ပြာက
မင်းခန္ဓာကိုယ်ကနေခွာသွားပြီတဲ့
လိပ်ပြာလွင့်နေတာပေါ့ကွာ…
အဲ့တာနဲ့ဆရာကြီးကမင်းရဲ့
လိပ်ပြာကိုရအောင်ပြန်ခေါ်မယ်ဆိုပြီး
မင်းအနားကနေမခွာဘဲသေချာကုသပေးခဲ့တာကွ…”

လေးလေးကံပေါ်ပြောပြတော့ကျုပ်ဖြင့်
ကြက်သီးတွေ​တောင်ထတယ်ဗျာ…
လိပ်ပြာလွင့်ရင်ကျုပ်အသက်သေနိုင်တယ်ဆိုတာတော့
ကျုပ်သိတာပေါ့…။
အဲ့တာနဲ့ကျုပ်လည်းကျုပ်အသက်ကိုကယ်ပေးတဲ့
ဆရာကြီးကိုထိုင်ကန်တော့ တော့တာပဲဗျို့…။

“ကျုပ်အသက်ကိုကယ်တင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဆရာကြီး…”

လို့ကျုပ်ပြောတော့ …

“အေး…မောင်ရင်လေးရဲ့အသက်ကို
ကျုပ်ကယ်ခဲ့ပြီ…အဲ့သည်တော့မောင်ရင်လေး
ကျုပ်ကိုဘာပြန်ပေးမလဲကွဲ့…”

လို့ ဆရာကြီးက ကျုပ်ကိုပြောတော့
ကျုပ်ကလည်းနှုတ်မနှေးဘဲနဲ့….

“ဆရာကြီးအတွက် လုံလောက်တဲ့အဖိုးခကို
ကျုပ်ပေးပါ့မယ်ဆရာကြီး…
ဒါ့အပြင်ဆရာကြီးအလိုရှိတာ ရှိရင်လည်း
ကျုပ်ကိုပြောပါ ကျုပ်ရအောင်
ဖြည့်ဆည်းပေးပါ့မယ်ဆရာကြီး…”

လို့ကျုပ်ကပြောတော့ဆရာကြီးကခေါင်းခါတယ်ဗျ။
ကျုပ်စဥ်းစားလို့မရဖြစ်နေတုန်းဆရာကြီးက…

“မောင်ရင်လေးက
ကိုယ့်အသက်ကိုဘာမှမဟုတ်တာလေးနဲ့
နေချင်သလိုနေပြီး ဂရုမစိုက်ခဲ့ဖူး…
အခုကျမှ မောင်ရင်လေးအသက်ကို
ကျုပ်ကကယ်ပေးပြန်တော့​မောင်ရင်​လေးက
ကျုပ်ကိုကျေးဇူးတင်ပြန်တယ်…
တကယ်လို့မောင်ရင်လေးသာကျုပ်ကိုကျေးဇူးပြန်ဆပ်ချင်ရင်
ကျုပ်တစ်ခုပဲပြောချင်တယ်…”

လို့ပြောရင်းဆရာကြီးကစကားရပ်သွားတယ်ဗျ။
ကျူပ်လည်းသိချင်တာပေါ့ဗျာ…
ကျုပ်လေးလေးကံပေါ်ကတော့ဘာမှဝင်မပြောဘူးဗျို့…
နံဘေးကနေအသာနားထောင်နေတော့တာပဲ…။
အဲ့တာနဲ့ကျုပ်ကပဲ…

“ဆရာကြီးဖြစ်ချင်တာကိုသာပြောပါခင်ဗျာ…”

လို့ကျုပ်ကပြောတော့…ဆရာကြီးက
ကျုပ်ကိုသေချာစိုက်ကြည့်တယ်ဗျ။
ဆရာကြီးအကြည့်ကစူးရှလွန်းလို့ကျုပ်မှာဒုတိယအကြိမ်
ကြက်သီးတွေဖြန်းခနဲထသွားတာပဲဗျို့။

“ကျုပ်က လူတွေကိုကိုယ်တတ်တဲ့ပညာနဲ့
ကယ်တင်ပေးနေတဲ့သူပါ…
အခုကျုပ်တောင်းဆိုမှာကတစ်ခုထဲ…
ကျုပ်နဲ့အတူမောင်ရင်လေးကိုခေါ်သွားချင်တယ်…
အချိန်အတိုင်းအတာတစ်ခုထိပါပဲ…
မောင်ရင်လေးမလိုက်ချင်ရင်တော့အတင်းမခေါ်ပါဘူးကွယ်…”

ဆရာကြီးစကားကြောင့်ကျုပ်လေးလေးကံပေါ်ကို
လှမ်းကြည့်လိုက်တယ်။
လေးလေးကံပေါ်ကမျက်နှာမကောင်းလှဘူးခင်ဗျ။
မကောင်းဆိုကျုပ်လေးလေးကံပေါ်က
ကျုပ်နဲ့မှမခွဲဘူးတာဗျာ။
အဲ့တာနဲ့ကျုပ်ကလည်း…

“ကျုပ်ကိုတမျိုးတော့မထင်ပါနဲ့ဆရာကြီး…
ကျုပ်ရဲ့အသက်ကိုကယ်ပေးထားတဲ့အတွက်
ကျုပ်ကတော့လိုက်ဖို့အသင့်ပါပဲ…
ဒါပေမယ့်လို့ကျုပ်​လေးလေးကံပေါ်က
သဘောတူမှပဲကျုပ်လိုက်နိုင်မှာပါဗျာ…”

လို့ကျုပ်ကပြောတော့ဆရာကြီးကလေးလေးကံပေါ်ကို
ကြည့်လိုက်သည်။
ဆရာကြီးကြည့်တော့လေးလေးကံပေါ်ကချက်ချင်းပြုံးပြီး…

“ကျုပ်သဘောတူပါတယ်ဗျာ…
ကျုပ်နဲ့အတူရှိနေတော့လည်းသူစိတ်ချမ်းသာမှာတဲ့လား…
သူခံစားနေရတာကိုကျူပ်မကြည့်ရက်တာတော့အမှန်ပဲဗျာ…
ဆရာကြီးနောက်လိုက်ပြီး ဆရာကြီးနဲ့အတူတူလူတွေကို
ကယ်တင်ပေးနိုင်တဲ့သူဖြစ်လာမှာကိုကျုပ်က
မတားပါဘူး…ကျုပ်ဝမ်းတောင်သာပါသေးတယ်ဗျာ…”

လေးလေးကံပေါ်ပြောတော့ကျုပ်ငိုချင်သွားတယ်ဗျ။
လေးလေးကံပေါ်ကျုပ်ကိုချစ်တာကျုပ်သိတာပေါ့။
ဒါပေမယ့် ကျုပ်အတွက်တွေးပြီးသဘောတူပေးတော့
ကျုပ်ဖြင့်လေးလေးကံပေါ်ကိုသနားလိုက်တာဗျာ။

“ကောင်းပြီလေ…မောင်ကံပေါ်ကသဘောတူမှတော့
ကျုပ်ခေါ်သွားပါ့မယ်…
စိတ်ချပါ….မောင်ကံပေါ်ရဲ့တူကိုကျူပ်ရဲ့သားတပည့်လို
စောင့်ရှောက်ပေးမှာပါ”

“ကျုပ်စိတ်ချပါတယ်ဆရာကြီး…”

ဒီလိုနဲ့ကျုပ်လည်းဆရာကြီးနောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်တော့တယ်။
ဆရာကြီးကလည်း
ကျုပ်ကိုလေးလေးကံပေါ်နဲ့တန်းမခွဲပါဘူးဗျာ…
သုံးရက်လောက်နေမှကျုပ်ကိုလာခေါ်မယ်ပြောပြီး
သူတည်းတဲ့ဆရာတော်ကြီးကျောင်းကိုပြန်သွားတယ်ဗျ။
ကျုပ်တို့အိမ်မှာတည်းပါလို့​ပြောလည်းမရပါဘူးဗျာ။
ကျုပ်လည်း ဆရာကြီးကျေးဇူးနဲ့လူကသက်သာလာတယ်ဗျ…
စိတ်ထဲတော့မကြာခဏထွေးခင်အကြောင်းတွေးမိတာပေါ့ဗျာ…။

ဆရာကြီးနောက်မလိုက်ခင်တစ်ရက်ကတော့
ကျုပ်ဘုန်းကြီးကျောင်းကိုသွားလိုက်တယ်…
ကျောင်းရောက်တော့ ဆရာတော်ကြီးနဲ့.ဆရာကြီးတို့
စကားပြောနေတာကိုတွေ့လိုက်တယ်ဗျ။

“လာကွဲ့”

“တင်ပါ့ဘုရား”

ဆရာတော်ကြီးက ကျုပ်ကိုမြင်တော့ အနားလာခိုင်းတယ်ဗျ။
ကျုပ်လည်းခါးလေးကုန်းပြီးရိုရိုသေသေသွားလိုက်တယ်။
ကျုပ်ဆရာတော်ကြီးကို ကန်တော့ပြီးတော့…

“ဘယ့်နဲ့လဲ…လူ့ငနွားလေး…
သေရည်သေရက်ရှောင်ရှားရမယ်လို့ဘုန်းဘုန်းပြောခဲ့တာကို
နားမထောင်ဘူးမလား…အခုတော့ကြည့်စမ်း…
အသက်ကိုမနည်းရှိုက်ကယ်ရတယ်လို့ကွယ်…”

ကျူပ်ကိုဆရာတော်ကြီးကဂရုဏာစိတ်နဲ့ဆူတယ်ဗျ။
ကျုပ်ကလည်းကိုယ့်အမှားနဲ့ကိုယ်မလို့
ခေါင်းမဖော်နိုင်ဘူးပေါ့ဗျာ…။

“ဟဲ့…လုလင်…”

“ဘုရား”

“ဘာဘုရားလဲ…ဗုဒ္ဓဟူးသား…
ဒီကိုကြည့်စမ်းဟဲ့”

လို့ဆရာတော်ကြီးက ကျုပ်ကိုပြောတော့
ကျုပ်မော့ကြည့်ရတာပေါ့ဗျာ…
ကျုပ်ခေါင်းမော့လာတော့မှ…

“ဒီကတကာကြီးက ဘိုးကျော့လို့ခေါ်တယ်…
အထက်လမ်းဆရာကြီးပဲ…
တကာလေး ဒီဆရာကြီးနဲ့အတူလိုက်ပြီး
စိတ်ထားတွေပြင်ခဲ့…အကျင့်တွေပြင်ခဲ့…
နောက်ပြီး
တတ်သင့်တဲ့ပညာကိုသေချာသင်ပြီးမှ
ရွာကိုပြန်လာခဲ့…ကြားလား…”

လို့ဆရာတော်က ကျုပ်ကိုပြောတယ်ဗျ။

“တင်ပါ့ဘုရား”

ကျုပ်စိတ်ထဲအံ့သြသွားတယ်ဗျ။
ကျုပ်ကဆရာကြီးကို ဆေးကုတဲ့ဆရာကြီးထင်နေခဲ့တာ…
အခုတော့ကျုပ်အထင်နဲ့လွဲပေါ့ဗျာ…
ဆရာကြီးက အထက်လမ်းပညာတတ်တဲ့ဆရာကြီးတဲ့ဗျာ…။

ကျုပ်အံ့သြနေတာကိုလည်းဆရာကြီးကသိပုံပေါ်တယ်ဗျ…
ကျုပ်ကိုပြုံးပြုံးကြီးကြည့်နေတာပဲ။
ကျုပ်လည်းအိမ်ရောက်တော့ ကျုပ်လေးလေးကံပေါ်ကို
ပြန်ပြောပြရတာပေါ့။
လေးလေးကံပေါ်ကပြုံးပြီး…

“ဆရာတော်ဘုရားကပြောပြထားလို့ငါသိပြီးပါပြီကွ…
ဒါ့ကြောင့်လည်းမင်းကိုစိတ်ချလက်ချ
လိုက်သွားခိုင်းတာပေါ့ငါ့တူရာ…”

“ကျုပ်တော့တမျိုးကြီးပဲလေးလေးရဲ့…”

“ဘာတမျိုးကြီးလဲငါ့တူရ…”

“ဆရာကြီးကအထက်လမ်းဆရာကြီးဆိုတော့
ပညာမြင့်မှာပဲဗျ…
မတော်လို့ကျုပ်အမှားတစ်ခုခုများလုပ်မိရင်
ဆရာကြီးကျူပ်ကိုများစိတ်ဆိုးသွားရင်ဘယ်လိုလုပ်မလဲဗျ”

“အိုကွာ…မင်းကလည်းအစိုးရိမ်လွန်လိုက်တာငါ့တူရာ…
မင်းသာဆရာကြီးရဲ့စကားကိုသေချာ နားထောင်…
ဒါဆိုဘာမှစိတ်ဆိုးစရာမရှိပါဘူးကွာ…”

ကျုပ်လေးလေးကံပေါ်ပြောလည်းပြောချင်စရာဗျ…
ကျုပ်ကလည်းတွေးချင်ရာတွေးနေတာကိုး…။

ဒီလိုနဲ့သုံးရက်ပြည့်တော့ကျုပ်ကိုဆရာကြီးကလာခေါ်တယ်ဗျ။
ကျုပ်လည်း ချည်လွယ်အိတ်ထဲပုဆိုးလေးကွင်းနဲ့
အဝတ်အစားနည်းနည်းပါးပါးထည့်ပြီးလွယ်ထားပြီးပြီလေ။
ဆရာကြီးလာတော့အသင်​ပေါ့ဗျာ…
ကျုပ်လေးလေးကံပေါ်ကတော့ကျုပ်မသွားချင်မှာ
ဆိုးလို့ထင်ပါတယ်မျက်နှာတစ်ချက်မနွမ်းဘူးဗျ…
ကျုပ်ကိုသွားစေချင်တာလည်းပါမှာပေါ့ဗျာ…
ဒါမှသူယူချင်တဲ့မိန်းမကိုယူလို့ရမှာမဟုတ်လား…။
ဟင်း…ဟင်း…ကျုပ်ကအဲ့သည်လိုတွေးမိပေမယ့်
ကျုပ်လေးလေးစိတ်ကိုကျုပ်သိတာပေါ့…။
လေးလေးကံပေါ်ကို ကျုပ်ထိုင်ကန်တော့် တော့ကျုပ်ကို
ဆုတွေပေးလိုက်တာများဗျာ…
ဆရာကြီးကလည်းကျုပ်ကိုစိတ်ချဖို့ပြောတာပေါ့။
ခဏလောက်ကြာတော့

“ကဲ…ဒါဖြင့်ခရီးဆက်ကြတာပေါ့ကွယ်… ”

လို့ဆရာကြီးကပြောပြီးကျုပ်ရှေ့ကထွက်သွားတော့တာပဲ။
ကျုပ်လည်းလေးလေးကံပေါ်ကို တစ်ချက်ကြည့်ပြီး
ဆရာကြီးအနောက်ကိုအပြေးလိုက်ခဲ့ရတာပေါ့ဗျာ…
ဒါပေမယ့်လေးလေးကံပေါ်ကိုလှမ်းကြည့်ရင်းသွားနေတာ
ဆိုတော့ ဆရာကြီးကိုမမှီသေးဘူးဗျ။
အိမ်ကိုကျော်လာတဲ့အထိ…
ကျုပ်အာရုံထဲမှာတော့လေးလေးကံပေါ်
မျက်ရည်တွေသုတ်နေတာကိုတော့ ထုတ်မရခဲ့ဘူးပေါ့ဗျာ။
ကျုပ်လည်းဆရာကြီးနောက်လိုက်လာရင်းရွာထဲကဖြတ်တော့
တချို့က ကျုပ်ကိုဘယ်သွားမလို့လဲမေးကြတယ်ဗျ။
ကျုပ်လည်းဆရာကြီးနောက်ကိုလိုက်သွားမလို့ဆိုပြီး
ပြောတော့ သူတို့ကအံ့သြနေကြသေးတယ်။
အဲ့သည်လိုနဲ့ကျုပ်လည်းဆရာကြီးဘိုးကျော့ရဲ့
ခရီးစဥ်ကိုအတူလိုက်လာခဲ့တော့တာပဲဗျ…။
ကျုပ်ကြုံတွေ့ရမယ့်ဖြစ်စဥ်တွေကိုတော့ကျုပ်
ဆက်ရေးဦးမယ်ဗျို့…
ဒါကတော့ကျုပ်ဘဝအကြောင်း​လေးကို
ခင်​ဗျားတို့ကိုမိတ်ဆက်ပေးခြင်းသဘောပါဗျာ။
ကျုပ်နာမည်ကိုလည်းမှတ်ထားကြဗျ…
ကျုပ်ဆရာကြီးက ထူးတဲ့ကောင်ဆိုပြီး ကျုပ်ကို
ဂမ္ဘီရ လုလင်လို့မှည့်ခေါ်လိုက်တယ်ဗျ။

ကဲအခုတော့ဒီလောက်ပဲဗျို့။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)