သူ့မယား

များသည် ကိုဆင်၏စိတ်တွင် ပေါ်လာကြလေသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက်ဖြစ်သဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တနှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှါး ဆင်းထွန်ပြန် သည်။ ထွန်သွားထိသဖြင့် ခြေသလုံးဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရလေသည်။
၂။
အနာကျက်သောနေ့တွင် ကိုဆင်၏အသက် လေးဆယ့်သုံးနှစ်ပြည့်ပြီ။ အသားအနာက ကောင်းစွာကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ပင် ဈေးသို့ထွက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားလေသည်။ သားအလတ်နှင့် သမီးထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင်အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်ဝယ် လက်ဖက်ရည်အဖန်သောက်လေသည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီးခြောက်ယောက်တို့၏ အဖေသည် လက်သမားသေတ္တာကိုထမ်းကာ ထွက်သွားသည်။ ခြေရင်းအိမ်က မယားမီးယပ်သည်မ၏ ယောက်ျား ဓနိခုတ်ရန် ဓားကိုယူ၍ တဖက်ကမ်းသို့ လှေဖြင့် ကူးလေသည်။ မျက်နှာချင်းဆိုင်အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မခုတ်နေလေပြီ။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည်အဖန်ကို တခွက်ပြီးတခွက် ငှဲ့သောက်ကာ ကစားနေကြသော သားနှင့်သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့ တလှုပ်လှုပ် တရွရွ အလုပ်သွားကြ၊ အလုပ်လုပ်ကြသည်ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုးတည်ရမည်ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် သူတို့ကို မကြည့်ဘဲ ခေါင်းငုံ့နေလိုက်သည်။ သူတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေးတသီတတန်းကြီးကိုကား သူ့စိတ်မျက်စိတွင် မြင်ရသည်။ ရှင်လူထွက်သည့်အခါမှစ၍ ပိုးပုဝါ တသသဖြင့် လူပေါ်ကြော့လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ပင်တည်း။
သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ ဒီဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူတွေးနေသည်မှာ ရဟန်းဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုးတည်ရတော့မည်မဟုတ်။ ရဟန်းဖြစ်လျှင် သူလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်။ မယား သားသမီးတို့လည်း သူ့ကိုမှီ၍ ကုသိုလ်ရကြမည်။ သူကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ့အတွေးကား ဤသို့တည်း။
သြော်… ထမင်းအိုးတည်စရာရှိပါသေး၏တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့်သမီးတို့လည်း ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ပင် ဈေး၌ ကုန်စိမ်းရောင်းနေသော မဖော့သည် ကုန်စိမ်းများကို ရေပိုဆွတ်သည်။ အလေးချိန် ပိုစီးလျှင် အမြတ်ငွေ ပို၍ ရစရာရှိ သည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ်ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေလေသည်။
ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညက ချန်ထားသောဟင်းနှင့် စားကြလေသည်။ စားပြီးကြသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်လေသည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးမျိုးကို ထပ်မံ၍ ကောက်ပြန်လေသည်။
သူ ရဟန်းဖြစ်လျှင် နံနက်တိုင်း မဖော့အိမ်သို့ ဆွမ်းခံလာမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏မျက်နှာကို သူမြင်ရမည်။ သူ့သားသမီးများ၏ မျက်နှာတို့ကိုလည်း မြင်ရမည်။ မဖော့သည် တရားမတတ်၊ စာပေမတတ်၊ သေလျှင် မဖော့ အပါယ်ကျတော့မည်။ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။
ဤသို့ တွေး၍ကောင်းနေတုန်း သားနှင့်သမီးတို့၏ ငိုသံကြားလိုက်ရာ အတွေးဆက် ပြတ်သွားလေသည်။ ညီမငယ်က အစ်ကို၏မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကိုငိုလေသည်။ တဖန် အစ်ကိုက ညီမငယ်၏ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်လေသည်။
“နင်တို့ ငါ့ကို အလွန်ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာထိုင်၊ နင်ကလဲ ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။
ကလေးတို့သည် မျက်ရည်သုတ်၍ တတိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှပြန်ထိုင်၍ အတွေးကို ပြန်ကောက်လေသည်။ ကောက်၍မရတော့ချေ။ အတန်ကြာသောအခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်လည်း သမ်းဝေလာသည်။
“ဘယ်ကိုမှ ထမသွားကြနဲ့၊ တိုင်မှာသာထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် လဲလျောင်း၍ မျက်စိတို့ကို မှိတ်လေသည်။
ကိုဆင် မျက်စိမှိတ် သည်နှင့်တပြိုင်နက် ကလေးတို့၏မျက်စိသည် ကျယ်လာကြသည်။
တယောက်၏မျက်နှာကို တယောက် ကြည့်ကြသည်။ မျက်စိမှိတ်နေသောကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင်အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှကြာသွားသည် မသိ၊ ကိုဆင် နိုးလာသောအခါ မဖော့၏အသံကို ကြားရလေသည်။ မဖော့၏အသံကြောင့်လည်း ကိုဆင် နိုးလာရခြင်းဖြစ်လေသည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍…
“ကြည့်စမ်း ဟဲ့ ကောင်လေး ဆင်းခဲ့၊ မြန်မြန်ဆင်းခဲ့၊ လိမ့်ကျရင် မခက်ပါလား၊ ညီမလေးဘယ်မှာလဲ”
“ဟို…. ကမ်းနားမှာ”
“အကျိုးနည်းကုန်ပါပြီတော်၊ ကိုဆင်.. ရှင် ဒီလိုပဲ ကလေးတွေကို ပစ်ထားရလား။ တယ်တော်တဲ့ အဖေပါလားရှင်”
ထိုအခိုက်တွင် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားလည်း မန်ကျည်းပင်ပေါ်က ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းဖြင့် ကြည့်၏။ ကလေးတို့သည် အမေ့ကို ကွယ်နေကြသည်။
“ရော့.. ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံးခေါ်သွားလေသည်။ ကိုဆင်သည် စားဖိုဖက်သို့ လိုက်၍ကြည့်သည်။ မဖော့သည် သမီး၏လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျွေးသည်။ ထို့နောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တထွာသာသာရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျားကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြ သည်။ “အမေ့ကျောကို တံတောင်နှင့် ကြိတ်စမ်း” ဟုဆိုသဖြင့် သားသည် မုန့်ကို ပါးစပ်ထဲ၌ ကိုက်ကာ တံတောင်နှင့်ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိမ်းယမ်းနေရာ ဆံပင် ဖားလျားကျနေသော ခေါင်းလည်း ယိမ်းယမ်းနေလေသည်။ မဖော့ကိုကြည့်ရသည်မှာ သရဲအခြောက်ခံနေရသည်နှင့် တူလှပေသည်။
ကိုဆင်သည် မဖော့ကိုမြင်၏။ သက်ပြင်းကြီးချ၍ …
“ငါသင်္ကန်းဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ်လောင်းလိုက်ပြန်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန်ရောက်မှ ပြောဝံ့၍ သူ့အကြံထမြောက်သွားလေသည်။
၃။
ပြောစဉ်က တလလောက်သင်္ကန်းဝတ်လိုကြောင်း ပြော၍ သင်္ကန်းဝတ်သည်။ သို့ရာတွင် သုံးလနီးပါးရှိလာပြီ။ ကိုဆင် လူမထွက်သေးပေ။ ကလေးများကို ကြည့်ဖော်ရှုဖော်အဖြစ်ဖြင့် လာရောက်နေထိုင်သော မဖော့၏ဒွေးလေးသည် သူ၏သမီးများကို အောက်မေ့လှပြီ။ သူ့ရွာသို့ ပြန်ချင်ပြီ။
တနေ့သောအခါ ဒွေးလေးက…
“ဦးပဉ္စင်း ဘယ်တော့လူထွက်မှာလဲ”
ဟု မေးလျှောက်လေ၏။
ဦးပဉ္စင်းသည် မေးလျှောက်သည်ကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွတ်ဆို၍ တရားဟောလေတော့သည်။
ဒွေးလေး ခက်ပြီ။ ဒွေးလေး၏နားထဲသို့ ထို တရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသပုန် ထလေသည်။
ဦးပဉ္စင်းကြွသွားသောအခါ ဒွေးလေးသည် “ဟေ့… ရှင်ဖော့၊ ငါပြန်ချင်ပြီ။ ညည်းဦးပဉ္စင်းကို လူထွက်ခိုင်းတော့။ ငါ အလကား သက်သက်မဲ့ ညည့်အိမ်မှာ ကျွန်မခံချင်ဘူး ” ဟု မဖော့ကို ကြိမ်းလေသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တခါ နှစ်ခါ လျှောက်ပါ၏။ တရားအဟောသာ ခံခဲ့ရလေသည်။ ဝါလည်းဝင်လုပြီ။ ဒွေးလေးကလည်း နားပူလှပြီ။
ကြံရာမရသဖြင့် သူငယ်ချင်းမတယောက်နှင့် တိုင်ပင်လေသည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်မောကြလေသည်။
၄။
ထိုနေ့ နံနက်ခင်းသည် နေရောင်ခြည်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင်ထိပ်က ချိုးကူသံသည် ဆက်ကာ ဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်။ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ် ကြော်လှော်နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါးလူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး၊ ခပ်မှုန်မှုန်ရိုက်သည်။ သူ့တကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သပ်ရပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစားကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ရှိမဲ့ ဆံစများကို ခိုတောင် ကျအောင် အတင်းသိမ်းဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အင်္ကျီအဖြူပါးပါးနှင့် ပန်းပွင့်အနီရိုက် သရက်ထည် ထဘီအသစ်တို့ကို ဝတ်သည်။ ကလေးနှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင် ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးထားသည်။ အိမ်ရှေ့တွင် လှည်းတစီးကို အသင့် ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာသည်။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း ‘ ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ’ဟု တွေးရင်း စိတ်လေးလာလေသည်။
အိမ်နားသို့ ရောက်လာ၏။ လှည်းကိုမြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်ပြန်သည်။ ဒွေးလေးက ပင့်ရာ၊ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်လေသည်။ မဖော့ကိုကား မမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တချက်မျှ စောင်းငဲ့၍ကြည့်၏။ မဖော့ ဖြီးပုံ၊ လိမ်းပုံ၊ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တဖန်ထပ်၍ တချက်ကြည့်ပြန်သည်။ ထူးခြားလှပါတကားဟု တွေးမိလာသည်။
မဖော့ စားဖိုဆောင်သို့ပင် ပြန်ဝင်သွားလေသည်။ ဆွမ်းစားရင်း ‘မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်’ ဟူသော အတွေးကြောင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာလေသည်။
“ငါ့ကို လူထွက်ဖို့ ပြောမှာပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား”ဟု ဖြေလိုက်မှ စိတ်ထဲ ငြိမ်သွားသည်။
ဆွမ်းကိစ္စ ပြီးပေပြီ။ အချိုပွဲကို မဖော့ ယူလာပြန်၏။ ဦးပဉ္စင်းလည်း တချက်ကြည့်လိုက်ပြန်သည်။
“အလို… နဖူးမှာ ခိုတောင်များချလို့ပါကလား..” ဟု အံ့သြမိပြန်သည်။
အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်းတနေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်လေသည်။ ဦးပဉ္စင်းက တရား‌ဟောမည်ဟု ကြံလိုက်သည်နှင့်တပြိုင်နက် မဖော့သည် “ဒွေးလေး၊ လှည်းဆရာကြီး မလာသေးဘူးလား” ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့်လေသည်။
ဦးပဉ္စင်းသည် တရားစကားကို စရမည့်အစား ” မဖော့တို့ ဘာများလုပ်ကြမှာတုန်း” ဟု မေးလေသည်။
“ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေဘုရား” ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။
“ဒွေးလေးကလည်း သူ့ရွာ ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခရောက်ပါလိမ့်မယ်။ ဒုက္ခမရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်ယောက် ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါ ဘုရား။ ဟဲ့…
ကလေး … ဦးပဉ္စင်းနှင့် နေရစ်ပေတော့”
မဖော့သည် ခေါင်းကိုမမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့က ဆက်၍ လျှောက်ပြန်သည်မှာ…
“ဦးပဉ္စင်းကြီးလည်း တသက်လုံးပဲ ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းရဲ့ဘဝနဲ့ တပည့်တော်မတို့ရဲ့ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ ဒကာမအဖြစ်နဲ့သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီးနှစ်ယောက် ရှိနေသေးတော့၊ တရွာတကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံလိုပါတယ်။ ဟဲ့…. ဖိုးနီ… ဟိုအထုပ်တွေကို လှည်းပေါ် ယူတင်လိုက်။ ဒါကြောင့်မို့ အခုကစပြီး ရှင်းအောင်၊ ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေးဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု လျှောက်လေ၏။
“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်၏။
မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့်တဖော် ထားလေသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် ဒီပြင် ပြင်သလိုပြု၍ မဖော့ကို တချက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ “ဦးပဉ္စင်းကြီးဘုရား…. ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မလည်း အခြား အားကိုးအားထားကို တွေ့ပါက…… ”
“ဟာ… နင်တို့ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ” ဟုပြော၍ အိမ်မှ ဆင်းသွားလေ၏။
မဖော့ ကိုဆင်မယားဖြစ်ရပြန်လေသတည်း။
————
ဇော်ဂျီ