နတ်မိချောင်းငမိုးရိပ်

မောင်မိုးရိပ်ဟာ မိခင်နဲ့ ဖခင်မေတ္တာကို အဖိုးအဖွားမောင်နှံဆီကနေ အပြည့်အဝရရှိခဲ့ပါတယ်။ မိကျောင်းပေါက် အရွယ်မှာတော့ စဉ့်အင်တုံထဲထည့်ပြီး မွေးထားလို့ရပေမယ့် တစ်နေ့တခြား အရွယ်အစားကြီးမား လာတဲ့ မောင်မိုးရိပ်ကြောင့် ချောင်းစပ်နဲ့ နီးတဲ့နေရာမှာ မြောင်းသွယ်ပြီး ချောင်းရေဝင်စေကာ ရေကန်တစ်ကန် တူးဖော်ပေးပါတယ်။ ချောင်းထဲကို ထွက်မသွားဖို့အတွက်တော့ ဝါးတစ်ရာစိုက်ထူပြီး ကာရံပေးထားရပါတယ်။ ဒီလိုနဲ့ လူသားနဲ့မိကျောင်းတို့ကြားက ရင်းနှီးကျွမ်းဝင်မှုအတိုင်းအတာကို ဖြတ်တောက်ပစ်မယ့် နေ့ကို ရောက်လာပါတယ်။ အဲဒါကတော့ နေ့တိုင်း သားဖြစ်သူ မိကျောင်းမောင်မိုးရိပ် ကို အစာလာကျွေးနေကျ အဖွားဟာ အကြောင်းတစ်စုံတစ်ရာကြောင့် အချိန်လင့်မှ ရောက်လာခဲ့ပါတယ်။ ဒါဟာ မောင်မိုးရိပ်အတွက်တော့ အမျက်ထွက်စရာဖြစ်ပြီး အဖွားဖြစ်သူရောက်လာတဲ့အခါမှာတော့ ခါတိုင်းလို နာမည်ကြားလိုက်ရုံတင် ရေတဗွမ်းဗွမ်းနဲ့ မဆီးကြိုပဲ ငြိမ်သက်နေပါတယ်။ အဖွားကလည်း သားဖြစ်သူ မောင်မိုးရိပ် ဘာများဖြစ်နေလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကန်ထဲဆင်းသွားတဲ့အခါတော့ အသင့်စောင့်ဆိုင်းနေတဲ့ မောင်မိုးရိပ်ရဲ့ အစာဖြစ်ခဲ့ရပါတယ်။

 

အစာသွားပို့တဲ့ အဖွားက ပြန်လာသင့်တဲ့အချိန်ထက် နောက်ကျနေတာကြောင့် အဖိုးဖြစ်သူလည်း စိတ်ပူပြီး မောင်မိုးရိပ်ရှိရာကို လိုက်သွားပါတယ်။ ဒီအခါ အဖွားနည်းတူပဲ အဖိုးလည်း ရေထဲဆင်းပြီး မောင်မိုးရိပ်အမည်ကို ခေါ်ရာ မိကျောင်းရဲ့ အစာဖြစ်ခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ အဖိုးက မသေဆုံးခင်မှာပဲ မောင်မိုးရိပ်အပေါ်ထားရှိတဲ့ သူ့ရဲ့ မေတ္တာတရားနဲ့ပတ်သက်ပြီး သစ္စာဆိုခဲ့ပါတယ်။ ‘ငမိုးရိပ်အပေါ် သားအရင်းအချာလို မေတ္တာထားပြီး ချစ်ခဲ့ရိုးမှန်ပါက ဖြစ်လေရာဘဝတိုင်းမှာ ငမိုးရိပ်ကို လက်နဲ့သတ်ပြီး လက်စားချေနိုင်သူဖြစ်ပါရစေ’ လို့ အဓိဋ္ဌာန်ပြုပြီး ဇီဝိန်ချုပ်သွားပါတော့တယ်။ အဲဒီအချိန်ကစပြီး ချောင်းရိုး၊မြောင်းရိုးနဲ့ မြစ်တစ်လျှောက်မှာ အင်မတန်ကြီးမားတဲ့ မိကျောင်းတစ်ကောင် လှည့်လည်ကျက်စားပါတော့တယ်။

 

အလွန်ဆိုးတဲ့ မိကျောင်းဆိုးတစ်ကောင် သောင်းကျန်းနေတဲ့ သတင်းဟာ ဥက္ကလာပမင်းကိုလည်း တုန်လှုပ်ခြောက်ခြားစေပါတယ်။ ငမိုးရိပ်ရဲ့ ကိုက်ဖြတ်စားသောက်မှုကြောင့် အသက်သေခဲ့ရတဲ့ အဖိုးဖြစ်သူဟာလည်း ဥပပတ်ပဋိသန္ဓေလို့ခေါ်တဲ့ ခန္ဓာအိမ်တဖြည်းဖြည်းကြီးထွားလာခြင်းမျိုးမဟုတ်ပဲ ဘွားကနဲလူလားမြောက်လာတဲ့ ပုံစံမျိုးနဲ့ ဘဝသစ်မှာ လူပြန်ဖြစ်လာပါတယ်။ ပေါက်သိုင်းအမည်ရတဲ့ လူရွယ်တစ်ယောက်ဟာ အတိတ်ဘဝက အကြောင်းအရာတွေကို ဆင်ခြင်စဉ်းစားပြီးတဲ့နောက် ငမိုးရိပ်ကို ရန်ကြွေးဆပ်ဖို့အတွက် ကံကြမ္မာဖန်လာပါတယ်။ ဥက္ကလာပမင်းကြီးက သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ မိကျောင်းကြီးကို ဖမ်းပေးနိုင်တဲ့ ယောကျ်ားဖြစ်ရင် အိမ်ရှေ့မင်း၊ မိန်းမဖြစ်ရင် အသပြာထောင်ထုပ်ချီးမြှင့်မယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဘဝဟောင်းက ရန်ကြွေးကို မကြာခင်ဆပ်ရတော့မယ်ဆိုတာကိုတော့ ဆိုးသွမ်းလွန်းတဲ့ မိကျောင်းကြီးတစ်ကောင်က မသိရှာပါဘူး။

 

မကြာမတင်အချိန်ကလေးမှာပဲ ပေါက်သိုင်းတစ်ယောက် ကြိမ်စင်္ကြာကိုသုံးပြီး မိကျောင်းဆိုးကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပါတယ်။ ကြိမ်စကြာနဲ့ တစ်ကြိမ်ရိုက်လိုက်တိုင်း အင်အားကြီးမားပြီး ဆိုးသွမ်းလွန်းနေတဲ့ မိကျောင်းကြီးက ပြားပြားဝပ်ရှေ့တော်မှောက်ကို အခစားဝင်ရပါတယ်။ ဒါကြောင့် ပေါက်သိုင်းလည်း ဥက္ကလာပမင်းကြီးရဲ့ ကြေညာချက်အတိုင်း သမီးတော်တစ်ပါးနဲ့ လက်ဆက်ပြီး ထီးနန်းဆက်ခံကာ ဘုရင်ပေါက်သိုင်းရယ်လို့ဖြစ်လာပါတယ်။ ငမိုးရိပ်ဟာ ဘုရင်ဖြစ်သူရဲ့ ပေါက်သိုင်းရဲ့ ကြိမ်စကြာ နဲ့ အကြိမ်ကြိမ်ရိုက်နှက်ခေါ်ယူတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အတွက် တစ်ပြည်တစ်ရွာကို ထွက်ပြေးပုန်းရှောင်သွားပါတယ်။

 

နတ်မိကျောင်းဖြစ်တာကြောင့် လူယောင်ဖန်ဆင်းပြီး ကျောက်အရောင်းအဝယ်လုပ်တဲ့ ကုန်သည်အဖြစ်နဲ့ ရေကင်းရွာကို ရောက်သွားပါတယ်။ ရေကင်းရွာသူကြီးရဲ့ တူမဖြစ်တဲ့ မရွှေပွင့်နဲ့ လူယောင်ဖန်ဆင်းထားတဲ့ မောင်မိုးရိပ်တို့နှစ်ဦး ဖူးစာဆုံခဲ့ပါတယ်။ ဒီလိုနဲ့ မရွှေပွင့်မှာ ပဋိသန္ဓေရှိလာပြီး သားငယ်လေး ဖွားမြင်ခဲ့ပါတယ်။ မရွှေပွင့် မီးထွက်အပြီးမှာတော့ ငမိုးရိပ်မိကျောင်းကြီးရဲ့ သရုပ်အမှန်ကို ဖော်ထုတ်ပြရမယ့် အချိန်ကို ရောက်လာပါတော့တယ်။ ဘုရင်ပေါက်သိုင်းဆီ အခစားမဝင်ဘဲ ရှောင်ပုန်းနေတာကြာပြီဖြစ်တာကြောင့် ကြိမ်စကြာ နဲ့ အခေါ်ခံရပါတယ်။ အချို့တွေမှာတော့ သားငယ်လေး ရှင်ပြုခါနီးမှ ကြိမ်စကြာနဲ့ အခေါ်ခံရတယ်လို့လည်း ပြောကြပါသေးတယ်။ ဘုရင်ရဲ့ ဒေါသတကြီး ရိုက်နှက်ခေါ်မှုကြောင့်ပဲ ငမိုးရိပ်ကြီး ဘဝနိဂုံးချုပ်ခဲ့ရပါတယ်။

 

ငမိုးရိပ်ရဲ့ အကြောင်းကတော့ ဒီမှာတင် အဆုံးမသတ်သေးပါဘူး။ ဆက်လက်ပြီး မြန်မာရာဇဝင်ထဲက ရိုမီယိုနဲ့ ဂျူးလိယက်ရယ်လို့ တင်စားသုံးနှုန်းကြတဲ့ မင်းနန္ဒာနဲ့ ရှင်မွေ့နွန်းတို့ရဲ့ ချစ်ဇာတ်လမ်းမှာလည်း မိကျောင်းကြီး ငမိုးရိပ်က တစ်မျိုးတစ်ဖုံ ပါဝင်ပတ်သက်နေပြန်ပါတယ်။ သန်လျင်မြို့တစ်ဖက်ကမ်းက မင်းသမီးလေး ရှင်မွေ့နွန်းနဲ့ တွေ့ဖို့အတွက် မင်းနန္ဒာမင်းသားလေးဟာ ငမိုးရိပ်အမည်ရတဲ့ မိကျောင်းကြီးကို ကြိမ်စကြာ နဲ့ ခေါ်ပြီး တစ်ဖက်ကမ်းကို ပို့ဆောင်ခိုင်းပါတယ်။ မြစ်ကို ဖြတ်ပြီး ကူးချည်သန်းချည်လုပ်နေတဲ့ မင်းသားလေးနဲ့ ငမိုးရိပ်ကို ကြည့်ပြီး မလက်တို မိကျောင်းမတစ်ကောင်ကလည်း မလိုမုန်းထားဖြစ်လာပါတယ်။ မလက်တိုမိကျောင်းက ငမိုးရိပ်နဲ့ ရန်ငြိုးရန်စရှိတယ်လို့လည်း ဆိုကြပါတယ်။ အဲ့နောက် ကမ်းကို ကူးရင်း ငမိုးရိပ်မိကျောင်းနဲ့ မလက်တိုမိကျောင်းတို့ တိုက်ခိုက်သတ်ပုတ် ကြရင်း မင်းနန္ဒာ မင်းသားလေး မတော်တဆ သေဆုံးခဲ့ရပါတယ်။ ဒီသတင်းကို ကြားတဲ့ အခါ ရှင်မွေ့နွန်း မင်းသမီးလေးလည်း ရင်ကွဲနာကျပြီး သေဆုံးပါတယ်။ ကမ်းတစ်ဖက်စီကနေ မီးသင်္ဂြိုဟ်တဲ့အခါ မီးခိုးငွေ့ချင်း ပေါင်းစည်းသွားတဲ့ သဏ္ဍာန်ဖြစ်ပေါ်လာတယ်လို့ ဆိုကြပြီး မင်းနန္ဒာနဲ့ ရှင်မွေ့နွန်းရဲ့ အကြောင်းကတော့ ငယ်ဘဝရဲ့ မပါမဖြစ်ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်သလို ကြားရတိုင်း သနား ကရုဏာသက်ရပါတယ်။ဒီအချက်တွေအားလုံးက အမှန်တွေပဲလား၊ ပါးစပ်ပြော ရာဇဝင်တွေပဲလားဆိုပြီး တိကျတဲ့ အထောက်အထားမရှိပေမယ့် ကလေးဘဝကတည်းက နားထောင်လို့ အင်မတန်ကောင်းတဲ့ ပုံပြင်တစ်ပုဒ် ဆိုတာတော့ မမှားပါဘူး။

===========================================

 

CrdZlann