သီရမှာတော့ မုန့်ဟင်းခါးပန်းကန်နှင့် လက်ဖက်ရည်ခွက်ကြား
ခေါင်းမဖော်နိုင်ပေ။
သီရိစားသောက်ပြီးသောအခါ…
“လမ်းမှာစားဖို့မုန့်လေးဝယ်ထားဦးသီရိ…
ညကျရင်မိုးချုပ်မှရောက်လိမ့်မယ်…”
“ဟုတ်ကဲ့စီနီယာ…သီရိဝယ်မှာပါ ဟီး….
မဟုတ်ရင်ဗိုက်ဆာနေမှာလေ”
လွန်းနီနီခေါင်းညိတ်လိုက်သည်။
ဆောင်းသည် အတော်အချမ်းပိုနေ၏။
မိုးအုံသည်မို့ပို၍အေးစက်လွန်းလှသည်။
သူမတို့ကိုယ်၌ ကုတ်အင်္ကျီများဝတ်ဆင်ထားသော်လည်း
ချမ်းအေးကြနေစဲပင်။
ဂျင်းဘောင်းဘီအရှည်များ….
ဘွတ်ဖိနပ်များဝတ်ဆင်ထားသော သူမတို့အား
ခရီးသွားများမှာငေးကြည့်နေကြသည်။
သူမတို့အား ဟောင်ကောင်ဂျက်မများဟုပင်
ထင်မှတ်နေပုံရ၏။
ထိုသူတို့၏အကြည့်များကိုဂရုမစိုက်နိုင်…
သီရိဝယ်ချင်သော မုန့်များကိုဝယ်ယူခဲ့ပြီး
ကားဆီသို့ပြန်လာခဲ့ကြတော့သည်။
“ကဲ…မမလေး တလှည့်နားပါ….ကျွန်မမောင်းပါ့မယ်….”
ဟု..လွန်းနီနီမှပြောလေသောအခါ…
သီရိမှ…
“ကောင်းပါပြီ ကျွန်ယုံတော် သင်မောင်းပါ……”
ဟု…စစနောက်နောက်ပြန်ပြောလေရာ လွန်းနီနီ၏
လက်သီးစုပ်သည် သီရိ၏ခေါင်းအထက်သို့ ခပ်ဖွဖွလေး
ကျရောက်လာသောအခါ သီရိမှာ ရယ်မော၍နေလေသည်။
ထိုသို့ဖြင့် ခရီးစတင်ထွက်ခွာလာခဲ့ကြတော့၏။
လယ်ကွင်းများ….တောတန်းများကိုငေးမောရင်း
သီရိတစ်ယောက်တဖြေးဖြေးအိပ်မောကျသွားတော့သည်။
လွန်းနီနီမှာတော့ လမ်းပေါ်ဖြတ်သန်းသွားသော နွားအုပ်များကြောင့် သတိဖြင့် မောင်းနှင်လာခဲ့ရသည်။
တနေကုန် သီရိနှင့်လွန်းနီနီတလှည့်စီမောင်းနှင်လာခဲ့ရာ
ယခုဆို မိုးပင်ချုပ်စပြုလေပြီ….
“သီရိ…ဘာဖြစ်တာလဲ”
ရုတ်တရက်ထိုးရပ်သွားသောကားကြောင့်
လွန်းနီနီ မေးလိုက်ခြင်းပင်။
“မသိဘူး စီနီယာ….သူ့ဘာသာထိုးရက်သွားတာပဲ”
“ဆီများကုန်သလား”
“ဆီမကုန်ပါဘူး သီရိသေချာစစ်ထားတာပါ…….”
“အင်း…ဒါဆိုရင်တော့ စက်ချို့ယွင်းတာပဲ…
ခက်ပြီ…ဒီနေရာကလည်းခရီးသွားကားတစ်စီးမှလည်း
မတွေ့ရဘူး”
လွန်းနီနီတို့ရောက်နေသည့်နေရာ၌ အပင်ရိပ်များပေါများသည့်
တောင်ဆင်းလမ်းဖြစ်နေသည်။
အရာရာမည်းမှောင်နေသောပတ်ဝန်းကျင်၌ သူမတို့ကားလေး
ထိုးရပ်သွားခြင်းဖြစ်၏။
“ကျွန်မတို့ရောက်ခါနီးပြီလားစီနီယာ…..”
သီရိ၏အမေးကြောင့် လွန်းနီနီပတ်ဝန်းကျင်ကိုတချက်ကြည့်လိုက်သည်။
ပြီးနောက်…
“အင်း……ဒါ မျိုးဆက် ကုမ္ပဏီပိုင်တဲ့ ကျွန်းတောစုနေရာပဲ…
နောက်နာရီဝက်ကျော်ဆို ရောက်ပြီ….”
“ဒါဆိုရင် အဲ့ဘက်စခန်းကိုလှမ်းခေါ်ကြည့်ရအောင်လား
စီနီယာ…လမ်းမှာကားကြုံလည်းရှိတာမဟုတ်ဘူးဆိုတော့”
“အင်း…တို့လည်း အဲ့လိုပဲစဥ်းစားထားတယ်…”
သီရိပြောသည့်အတိုင်း တဖက်စခန်းကိုဖုန်းဆက်လေရာ…
ဖုန်းလိုင်းမမိ၍ ဖုန်းလိုင်းမိသောနေရာကိုရှာဖွေကြရသေး၏။
ဖုန်းဆက်၍ရတော့ခဏမျှစောင့်ဆိုင်းပေးကြရန်…
စခန်းမှကားလွှတ်ပေးမည်ဖြစ်ကြောင်း
အကြောင်းပြန်ကြသည်။
လွန်းနီနီနဲ့သီရိလည်းခြင်များပေါများ၍
ကားပေါ်၌သာထိုင်နေကြရသည်။
အချိန်အတော်ကြာသည်အထိရောက်မလာသော
စခန်းမှကားကိုလည်းဒေါသထွက်မိကြ၏။
ထိုစဥ် ကားမီးရောင်တစ်ခုကိုမြင်ရချိန်…
“စီနီယာ…မြို့ကိုသွားမယ့်ကားထင်တယ်…”
“အင်း…ဟုတ်မယ်…….”
“ဒါဆို သီရိ တားလိုက်မယ်…စခန်းက ကားကိုမျှော်နေရင်
ကျွန်မတို့ရောက်မှာမဟုတ်တော့ဘူး…”
ဟု…ပြောသောအခါ လွန်းနီနီခေါင်းညိတ်ပြလိုက်သည်။
သီရိမှာလည်းကားပေါ်မှအလျင်အမြန်ဆင်းကာ
ထိုကားအားတားဆီး၏။
ကားမှာလည်း သီရိကိုမြင်တော့ရပ်တန့်ပေးရှာသည်။
“ဟို…ကျွန်မတို့ကားကြုံလိုက်ချင်လို့ပါ…
မြိုင်သာရဲစခန်းကို…….”
ဟုပြောလေသောအခါ ခွေးဘီလူးကား၏
ရှေ့ခန်း၌ရှိသော ယာဥ်မောင်းမှာခေါင်းညိတ်ပြ၏။
သီရိစိတ်အတွင်း သူမတို့ကိုရဲမေများဟုထင်၍ ကားသမား
ရှိန်နေသည်ဟုထင်လိုက်သည်။
ထိုသို့ဖြင့် သီရိနှင့်လွန်းနီနီနောက်ခန်းမှလိုက်လာခဲ့ကြ၏။
ခွေးဘီလူးကား၏နောက်ခန်း၌ အမျိုးသမီးသုံးဦးနှင့်
ပစ္စည်းထုပ်များရှိနေသည်။
ပစ္စည်းများမှာက စျေး၌ရောင်းချကြမည့်
ကုန်ခြောက်များဖြစ်ဟန်တူ၏။
အမျိုးသမီးများမှာလည်းစောင်များကို
မျက်နှာပေါ်ယုံသာထားပြီး ခန္ဓာကိုယ် လုံအောင်
ခြုံထားကြသည်။
သီရိနဲ့သူမကတော့ ကားနောက်မြှီးခြမ်း၌ထိုင်လိုက်လာကြပြီး
အမျိုးသမီးများကို…
“စျေးသည်တွေလား……”
ဟု…မေးလေရာ…အမျိုးသမီးနှစ်ယောက်မှာမကြားလေဟန်…။
ကျန်အမျိုးသမီးတစ်ယောက်က ခေါင်းညိတ်ပြ၏။
ကားမှာလည်း တရိပ်ရိပ်မောင်းနှင်လာခဲ့ပြီး
တဖက်စခန်းသို့ဖုန်းဆက်ဖို့ရန်ပင် လွန်းနီနီမေ့လျော့သွားသည်။
“ဝါးးး………”
ချမ်းအေးသည့်ဒဏ်ကို မြိုသိမ့်ခံစားကြရင်းမှ
သီရိဝါးသန်းလိုက်သံကိုလွန်းနီနီကြားလိုက်၏။
သူမသည်လည်း ခရီးပန်းခြင်းကြောင့်ပဲလားမသိ…
လွန်စွာအိပ်ငိုက်နေမိသည်။
ငိုက်မျှင်းနေစဥ် အမျိုးသမီးကြီးများကို ကြည့်မိတော့
အမျိုးသမီးကြီးများမှာလည်း အိပ်မောကျနေကြသည်။
သူမကြည့်နေရင်း အမျိုးသမီးကြီးများ၏မျက်နှာများမှာ
တဖြေးဖြေး ဝေဝါးလာခဲ့တော့သည်။
စခန်းသို့ရောက်လျှင်သူမတို့အားနိုးလိမ့်မည်အထင်ဖြင့်
အိပ်ပျော်သွားခဲ့တော့သည်။
မည်မျှကြာအောင်အိပ်မောကျသွားသည်မသိခဲ့…
“ဒေါက်…ဒေါက်…ဒေါက်…ဒေါက်………….”
“ဆရာမ….ဆရာမ………..”
“အင်………”
“ဝါးးး……….”
ကားမှန်ကိုအဆက်မပြတ်ခေါက်နေသံကြောင့်
လွန်းနီနီ နိုးလာခဲ့သည်။
သူမနည်းတူ သီရိမှာလည်းတဝါးဝါးသန်း၍ ခေါင်းထောင်လာခဲ့၏။
“ရောက်ပြီလား….အင်း…..ဟင်းးးးးးးးးးးး”
သီရိထံမှ ပျင်းကျောဆန့်သံပင်။
“ဒေါက်…ဒေါက်…ဒေါက်……”
“ဆရာမ……..”
“ဟင်………….”
“ဟမ်…………”
သူမတို့မျက်လုံးများပြူးကျယ်သွားကြသည်။
သူမတို့ရောက်နေသည်က သူမတို့ကားအတွင်းမှာသာ..
အပြင်မှရဲဘော်နှစ်ဦးမှာလည်း
ကားတံခါးကိုခေါက်၍သူမတို့ကိုနိုးနေကြခြင်းဖြစ်သည်။
ကားမှန်ကိုဖွင့်ပေးရင်း လွန်းနီနီတစ်ယောက် သီရိကိုကြည့်လိုက်တော့ သီရိလည်းသူမနည်းတူအံ့သြနေသည်ကိုတွေ့လိုက်ရသည်။
“ဟူးးး…တော်ပါသေးတယ်ဗျာ…ဆရာမတို့ကိုနိုးနေတာကြာပြီ…နိုးမလာကြလို့တခုခုဖြစ်နေတယ်ထင်နေတာ…..”
ဟုပြောသောရဲဘော်ကိုလွန်းနီနီကြည့်ရင်း ပတ်ဝန်းကျင်ကို
တစ်ချက်ကြည့်လိုက်တော့ ထိုနေရာမှာသူမတို့ကားပျက်သောနေရာ၌ပင်ဖြစ်သည်။
စိတ်မလိုမကျခြင်းများစွာဖြင့်
လွန်းနီနီကားပေါ်မှဆင်းလာခဲ့ပြီး…
“ရဲဘော်တို့နှစ်ယောက်ရောက်နေတာကြာပြီလား…….”
ဟုမေးရင်နာရီကိုကြည့်မိတော့ မနက်တစ်နာရီရှိနေလေပြီ။
“ကျွန်တော်တို့ရောက်တာ နာရီဝက်ကျော်နေပြီ…”
“ဒါဆိုရင် ဒါကအိမ်မက်လား”
“ဗျာ…ဘာကိုပြောတာလဲ”
“မဟုတ်ဘူး…ရဲဘော်ခဏ…..။သီရိအစောက တို့နှစ်ယောက်
ကားကြုံစီးခဲ့ကြတယ်မလား…
ဒါမှမဟုတ်တို့တစ်ယောက်ထဲအိမ်မက် မက်နေတာလား”
ဟု…နားမလည်သလိုမေးလိုက်လေတော့
ရဲဘော်နှစ်ယောက်မှာလည်း နားမလည်ကြ။
သီရိမှခေါင်းကိုတတွင်တွင်ခါရမ်းပြီး…
“မဟုတ်ဘူးလေ…အစောက စီနီယာပဲကားတားခိုင်းလို့
သီရိကားတားပြီး လမ်းကြုံလိုက်ခဲ့ကြတာလေ…
ကားပေါ်မှာတောင်မိန်းမကြီးတွေရှိသေးတာပဲ….
တစ်ခုခု…တစ်ခုခုတော့မှားနေပြီထင်တယ်………”
ဟုပြောလေသည်။
“ဆရာမတို့ဘာတွေဖြစ်ကြတာလဲ”
ဟုဝင်မေးသောရဲဘော်ကြောင့် လွန်းနီနီဖြစ်ကြောင်းကုန်စင်
ပြောပြလိုက်တော့သည်။
ထိုအခါမှ ရဲဘော်တွေအံ့သြ သင့်ကုန်ကြပြီး…
“ဒါဆိုရင်တော့သေချာပါပြီ”
ဟုရဲဘော်တစ်ဦးမှပြောလေသောအခါ…
“ဘာကိုသေချာတာလဲရဲဘော်….”
“ဆရာမတို့ပရလောကကိုအယုံအကြည်ရှိကြလား…
အခုဆရာမတို့ကြုံတွေ့တာအဲ့တာနဲ့သက်ဆိုင်နေတယ်ခဗျ….”
“ဘာကိုဆိုလိုတာလဲရဲဘော်……”
လွန်းနီနီမေးလိုက်သည်။
“ဒီလိုပါဆရာမ…ပြီးခဲ့တဲ့လပိုင်းတုန်းက…
ဒီနေရာအကျော်လေးမှာ စျေးကိုကုန်ခြောက်လာရောင်းတဲ့
ကားတစ်စီးတိမ်းမှောက်ဖူးတယ်…
ကားကတော့ခွေးဘီလူးကားပဲ…
ကားထဲမှာကားမောင်းသူရယ်…
စျေးသည်အမျိုးသမီးသုံးဦးရယ်ပါတယ်…
ကားမှောက်တာအရှိန်ကလည်းပြင်းတော့
ကားတစီးလုံးမီးလောင်ပြီး အကုန်သေခဲ့ရတယ်…
အခု ကျွန်တော်ပြောချင်တာက…………”
ဇာတ်ရည်လည်သွားသော လွန်းနီနီ ရဲဘော်၏စကားကို
လက်ဖြင့်ဟန့်တားကာရပ်တန့်စေသည်။
“ဒါဆိုရင်တို့သိပြီ…တို့စီးခဲ့တာ…ကျတ်သရဲတွေကားပဲ…
ဒါကြောင့်မို့ တို့တွေစ စီးတဲ့နေရာကိုပြန်ရောက်နေကြတာ…”
“အမလေးးးး…..”
လွန်းနီနီအပြောကြောင့် သီရိကြောက်လန့်သွားသလို
ရဲဘော်တွေမှာလည်းခေါင်းညိတ်ကြသည်။
ထိုသို့ဖြင် သူမတို့၏ကားကိုထားရစ်ခါ ရဲဘော်တွေကားဖြင့်
မြိုင်သာ စခန်းသို့လိုက်ပါသွားကြတော့၏။
သူမတို့၏ခရီးစဥ်မှာလည်း
မမေ့နိုင်ဖွယ်ရာဖြစ်သွားခဲ့ရလေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply