ရွာနောက်ပိုင်းကတစ္ဆေ

သို့သော်နွားများပျောက်တာရှတာဖြစ်လာသည့်အပြင်
တစ်ခါတစ်ရံလူကိုပါ​ခြောက်လန့်သောကြောင့်
ထိုရွာအနောက်ဘက်ကွင်းကို မသွားဖို့ရန်ပင်
လူကြီးများကတားမြစ်ထားကြရသည်။
ယခုလည်းသာကျော်က ဦးညိုတုတ်ပြောသည်ကို
နားမထောင်ဘဲ ရွာအနောက်ဘက်ကွင်းကို
နွားသွားကျောင်းခဲ့ရာမှနွားတစ်ကောင်ပျောက်ခဲ့လေသည်။
တစ်ရက်၌ ရွာက ငပေနဲ့ ပေါက်စ ဆိုသည့်
ကလေးနှစ်​ယောက်ထိုရွာအနောက်ဘက်ကွင်းရှိ
သရက်ပင်ကြီးဆီကိုရောက်လာခဲ့ကြသည်။
သရက်ပင်ကြီးကလည်း သရက်သီးတွေအတော်သီးနေသည်
မလို့ ကလေးနှစ်​ယောက်အတော်ပျော်သွားကြ၏။
“ငပေ…မြန်မြန်တက်ပါကွ…”
“ဟ…ငါတက်နေတာပဲလေ…မင်းကဘာဖြစ်လို့
လောနေရတာလဲပေါက်စရဲ့”
“မင်းလည်းသိရဲ့သားနဲ့ငပေရာ…
ဒီကွင်းကသရဲရှိတယ်လေ…တို့မြန်မြန်ခူးပြီး
မြန်မြန်ပြန်ကြရအောင်ကွာ…”
“အေးပါကွာ…လာ…ငါ့နောက်ကလိုက်တက်”
ငပေနဲ့ပေါက်စတို့လည်းသရက်ပင်ပေါ်ကိုတွယ်၍
တက်ကြသည်။
ရွာထဲရှိသရက်ပင်တွေကဒီအပင်​လောက်အလုံးမကြီး၍
ငပေနဲ့ပေါက်စတို့နှစ်ယောက်တိုင်ပင်ကာ
ထွက်လာခဲ့ကြခြင်းဖြစ်သည်။
သရက်သီးများရသလောက်ခူး၍ ရသမျှကိုလည်းမြေပေါ်ကို
ပစ်ချထားကြသည်။
“ဒီလိုနေပြန်တော့လည်း…
ဘာသရဲမှမရှိဘူးလို့ထင်ရတယ်နော်ပေါက်စ”
“မင်းပါးစပ်ပိတ်စမ်းပါ ငပေရာ…
ကိုယ်လိုချင်တာရနေပြီပဲနှုတ်မသရမ်းစမ်းပါနဲ့ ဟကောင်ရ”
“အေးပါကွာ…အေးပါ…”
“လာ…အောက်ပြန်ဆင်းကြမယ်…
သရက်သီးတွေကောက်ပြီးရင်အိမ်ပြန်ကြစို့…”
ဟု…ပေါက်စကပြောပြီး
အရင်ဆုံးသရက်ပင်ပေါ်မှဆင်းသွားခဲ့၏။
ငပေကတော့သရက်သီးတစ်လုံးကိုကိုက်စားရင်း
အပင်ပေါ်မှဆင်းဖို့ပြင်လေသည်။
ပေါက်စကအောက်သို့ရောက်တော့ သူတို့ပစ်ချထားသည့်
သရက်သီးများကိုလိုက်ကောက်၍ ရသမျှကိုလည်း
ပုဆိုးထဲကိုထည့်လေသည်။
ပေါက်စကသရက်သီးကောက်နေစဥ်…
“ဘုန်း…”
“အမယ်လေးဗျ…”
ဟူသောအသံကိုကြားလိုက်ရ၍ပေါက်စပင်လန့်သွားလေသည်။
ထိုအသံမှာငပေတစ်ယောက် သရက်ပင်ပေါ်မှ
ပြုတ်ကျလာသည့်အသံပင်ဖြစ်ပေသည်။
“ဟာ…ငပေ…ငပေ…”
ပေါက်စ စိုးရိမ်တကြီးဖြင့် ငပေဆီကိုအပြေးသွားသည်။
ငပေကတော့ မြေပေါ်သို့ပက်လက်အနေအထားဖြင့်
ပြုတ်ကျခဲ့၏။
“ငပေ…ငါခေါ်နေတာကြားလား…
ငပေ…မင်းအဆင်ပြေရဲ့လား…ဟင်…
ငပေ…အမယ်လေးဗျ….ငပေဘာဖြစ်တယ်မသိဘူး
လာကြပါဦး….လာကြပါဦး…ငပေကို
ခေါ်တာခေါ်လို့မရတော့ဘူး…”
မျက်လုံးအပြူးသားနှင့်ငြိမ်သက်နေသောငပေကြောင့်
ပေါက်စအလန့်တကြားဖြင့်အော်တော့သည်။
အော်ဟစ်ရင်းရွာထဲကိုပေါက်စထွက်ပြေးသွားခဲ့၏။
ပုဆိုးထဲထည့်ထားသောသရက်သီးများကလည်း
ပြုတ်ကျကုန်ပြီး ပုဆိုးပင်ကျွတ်ကျခဲ့လေသည်။
ပေါက်စ၏အော်သံ​ကြောင့် ရွာသူ၊ရွာသားတို့မှာ
အထိတ်ထိတ်အလန့်လန့်ဖြစ်ကုန်ကြရ၏။
“ဟေ့…ပေါက်စကိုဖမ်းကြစမ်း…
ဒီကလေးပြေးရင်းလွှားရင်းဘာတွေအော်နေတာလဲ”
ပေါက်စကလည်း လန့်ပြီးအော်ဟစ်ပြေးနေ၍
ရွာသားတွေကပေါက်စကိုဝိုင်းဖမ်းကြရသည်။
“ပေါက်စ…မင်းဘာဖြစ်လာတာလဲ”
ပေါက်စကမျက်လုံးပြူးမျက်စံပြူးဖြင့်
“ငပေ…ငပေ…”ဟုပြောလေသည်။
“ငပေ…ငပေဘာဖြစ်လို့လဲပေါက်စ”
ဟုထပ်မေးကြတော့ ပေါက်စကအလွန်မောဟိုက်နေပြီး…
“ငပေ…သစ်ပင်ပေါ်ကပြုတ်ကျတာ
ခေါ်…ခေါ်လို့မရတော့ဘူး…အီး—ဟီး—ဟီး—ဟီး—”
“ဟေ…”
“ဟာ…”
“ဟယ်…”
ပေါက်စ စကားကြောင့်အားလုံးအံ့သြကုန်ကြသည်။
ပေါက်စခမျာလည်းကြောက်လန့်ပြီးငိုနေရှာသည်။
“ဒါဆို…ငပေကဘယ်အပင်ကပြုတ်ကျတာလဲပေါက်စ..
အခုငပေဘယ်မှာလဲ”
“ရွာ…ရွာအနောက်ဘက်ကသရက်ပင်မှာ…
ဟီး—ဟီး—ဟီး—”
“ဟယ်…”
“ဟာကွာ…”
ရွာသူ၊ရွာသားတွေအတော်လေးစိတ်ညစ်သွားကြသည်။
“မင်းတို့ကွာ…သွားစရာနေရာရှားလို့…
ကဲ…ကဲငါတို့ငပေဆီသွားကြမယ်…
ကျန်တဲ့လူတွေကတော့ ငပေမိဘတွေကို
သွားအကြောင်းကြားကြ…”
ရွာသားလေးငါး​ခြောက်ယောက်ကရွာအနောက်ဘက်ကို
ပြေးသွားကြသည်။
ကျန်လူတွေကတော့ငပေမိဘများကိုသွားပြောကြ၏။
ထိုသို့ဖြင့် ငပေမိဘများကလည်းသားဖြစ်သူအတွက်
ပြာယာခက်စွာပြေးလာကြရှာသည်။
သို့သော်ငပေကတော့ရွာသားတွေလက်ပေါ်၌
အသက်မဲ့စွာပါလာခဲ့လေသည်။
ငပေ ဆုံးသွားသည့်ကိစ္စကြောင့်တစ်ရွာလုံးဝမ်းနည်းကြရသလို
ငပေ၏ကျောပြင်၌ရှိနေသောလက်ဝါးရာကြီးကြောင့်လည်း
ရွာအနောက်ဘက်ကွင်းကိုပို၍ကြောက်လာခဲ့ကြသည်။
ထိုအကြောက်တရားသည်ဖရဲကုန်းရွာသူကြီးဖြစ်သော
ဦးထွန်းခင် ခေါင်းပေါ်သို့အပူတစ်ခုအဖြစ်ရောက်လို့နေခဲ့သည်။
“ကိုထွန်းခင်…”
“ဘာလဲ…မိမြင့်”
“အမယ်…တော့်အသံကမာလှချည်လား”
“အေး…ဒါဆိုရင်ငါက… ပြောပါမြင့်လေးရေ လို့
ချိုချိုသာသာထူးနေရမှာလား…
ငါ့များမယားကြောက်များမှတ်နေသလားကွ…ဟေ”
“နေ…နေစမ်းပါဦး…တော်ဘာလို့ကျုပ်ကို
ရန်လိုနေရတာလဲကိုထွန်းခင်…”
ရွာသူကြီးကရေနွေးကြမ်းပန်းကန်ကိုမော့သောက်လိုက်ပြီး
သက်ပြင်းချသည်။
သူကြီးကတော်ဒေါ်မြင့်ကသူမေးသည်ကိုမဖြေ၍…
“ကိုထွန်းခင်…ကျုပ်မေးနေတယ်လေ…
တော်ဘာဖြစ်နေတာလဲ”
“ဘာဖြစ်ရမှာတုန်း…
တစ်နေ့က ဖိုးသောင်းတို့သားသေတာမင်သိတယ်မလား”
“သိတယ်လေ…အဲ့တာတော်နဲ့ကျုပ်တင်မကဘူး
တစ်ရွာလုံးသိတယ်လေ”
“အေး…အဲ့သည်ကိစ္စပဲ…အဲ့သည်ကိစ္စက
ငါ့ခေါင်းပေါ်ရောက်နေတယ်…
မနက်ကမင်းဟိုဘက်ရွာသွားတုန်း
လူကြီးတွေလာပြောကြတယ်…
ဒီရွာအနောက်ဘက်ကွင်းကိစ္စကိုသူကြီးရှင်းပေးပါတဲ့…
တော်နေအဲ့အနောက်ဘက်ကွင်းထဲမှာသောင်းကျန်းနေတဲ့သရဲက
ရွာထဲဝင်လာရင်ဘယ်လိုလုပ်မလဲတဲ့လေ…”
“ဒါလည်းဟုတ်တာပဲကိုထွန်းခင်…”
“ဘာကိုဟုတ်တာလဲ..ငါကအဲ့သရဲကိစ္စရှင်းရအောင်
ငါ့မှာဘာအစွမ်းအစရှိလို့ရှင်းရမှာလဲကွ…
ဟင်…ပြီးတော့လူလူချင်းဆိုထားကွာ…
အ​ခုက ဟိုဟာကသရဲလေ မိမြင့်ရဲ့”
“ဟောတော်…ကျုပ်ကလည်းတော့်ကိုအဲ့သည်သရဲနဲ့
သွားချပါလို့​ပြောမိလို့လားကိုထွန်းခင်ရယ်…
ကျုပ်ပြောတာကတော့်အနေနဲ့ သရဲကိုနှိမ်နင်းဖို့
ဆရာကောင်းသမားကောင်းရှာဖို့ ပြောမလို့ပါတော်…”
“ဆရာကောင်း၊သမားကောင်း ဟုတ်လား…
အေး..ငါကအဲ့ဆရာကောင်း၊သမားကောင်းကို
ဘယ်မှာသွားရှာရမှာလဲ…”
“ဒီလိုပဲစုံစမ်းရမှာပေါ့တော်…
ဒီလောက်လည်း တော်..
စိတ်ဓာတ်မကျစမ်းပါနဲ့…”
“အင်း…မင်းပြောတာလည်းဟုတ်တာပဲ…
အေးကွာ…ဆရာကောင်း၊သမားကောင်းကို
မေးမြန်းပြီးရှာကြတာပေါ့…”
သူကြီးဦးထွန်းခင်ကစိတ်ကိုလျော့လိုက်တော့သည်။
ထိုသို့ဖြင့်သူကြီးအပါအဝင်…ရွာသားတွေလည်း
ရွာအနောက်ဘက်ကွင်းရှိသရဲကိုနှိမ်နင်းနိုင်မည့်
ဆရာကိုစုံစမ်းရှာဖွေကြတော့၏။

– – – – – – – – –

“အရီး…ဘာတွေရှာနေတာလဲဗျ”
“ဘာရှာရမှာလဲမောင်တိုးရဲ့…ကြက်ဟင်းခါးသီးလေး
တစ်ခါကြော်လောက်ရဖို့ ရှာနေတာပေါ့ဟဲ့…”
ဒေါ်ဝင်းက ခြံစည်းရိုးအပြင်ဘက်၌
နွယ်ကျလျှက်ရှိသောကြက်ဟင်းခါးပင်အနီးတွင်ရှိနေခဲ့သည်။
ထိုအချိန်မောင်တိုးနှင့်ဧည်သည်ဟုထင်ရသော
လူစိမ်းတစ်ဦးတို့ရောက်လာခဲ့ကြ၏။
“ကျုပ်ကူရှာပေးမယ်လေအရီးရဲ့”
“နေပါဟယ်…ဒါနဲ့သူကဘယ်သူတုန်းဟဲ့”
ဒေါ်ဝင်းကလူစိမ်းကိုသေချာကြည့်ရင်းမေးလိုက်သည်။
“သြော်…ဒီအစ်ကိုကလား သူကြီးအိမ်ကဧည့်သည်ဗျ…
ဒါနဲ့ဘွားတစ်​ယောက် အိမ်မှာရှိလားအရီး…”
“ရှိတယ်လေ…ဟိုမှာနင့်အဘွား…
ကွပ်ပျစ်ခင်းမှာထိုင်နေလေရဲ့…”
“ဟုတ်သားပဲဗျ…အဲ….
ဒီလိုဗျအရီးရ…ဒီကအစ်ကိုက
ဘွားနဲ့တွေ့ချင်လို့ရောက်လာတာဗျ…
ကျုပ်ဘွားဆီကိုအရင်ခေါ်သွားပေးလိုက်ဦးမယ်…
အရီးကိုတော့ခဏနေတော့မှကျုပ် လာကူခူးပေးမယ်နော်…”
“အမယ်လေး…ဒီကြက်ဟင်းခါးသီးလောက်ကတော့
ကိုယ့်ဘာသာခူးတတ်ပါတယ်မောင်တိုးရယ်…
သွား…သွား…ဧည့်သည်ကိုသာခေါ်သွားလိုက်တော့”
“ဟုတ်ကဲ့အရီး…”
မောင်တိုးကမျက်နှာပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောပြီးနောက်
ဧည့်သည်ကိုခြံဝိုင်းထဲသို့ခေါ်လာခဲ့သည်။
“ဘွား…ဧည့်သည်ပါလာတယ်ဗျ”
“ဟုတ်လား…ဘယ်သူများလဲ…မောင်ရင်ရဲ့…”
ဘွားမယ်စိန်က သူလွယ်နေကြချည်လွယ်အိတ်အတွင်းမှ
ချည်မန်းကွင်းများနှင့်တခြားသောပစ္စည်းများကို
ထုတ်ကြည့်နေခဲ့သည်။
လိုတာရှိလျှင်အိတ်အတွင်းသို့ပြန်ဖြည့်ထည့်ဖို့အတွက်
စစ်ဆေးနေဟန်တူ၏။
မောင်တိုးတို့ရောက်လာတော့ပစ္စည်းများအားလုံးကို
ချည်လွယ်အိတ်ထဲသို့ပြန်ထည့်လိုက်တော့သည်။
“ဒီအစ်ကိုကသူကြီးအိမ်မှာတည်းတာဗျ…
သူကြီးဧည့်သည်ပဲ…ကျုပ်ကိုအစောကမှ
သူကြီးကအခေါ်ပါးပြီး…
မောင်တိုး…မင်း…ဒီဧည့်သည်လေးကို
ဘွားမယ်စိန်ဆီကိုခေါ်သွားပေးကွာတဲ့…
သူကတော့ရွာသစ်ကိုသွားစရာအကြောင်း
ရှိနေလို့တဲ့ဘွားရဲ့…”
“သြော်..သူကြီးဆီလာတဲ့ဧည့်သည်ကဘွားဆီကို
ဘာအကြောင်းများရှိလို့လဲကွဲ့…”
ဟု…ဘွားမယ်စိန်မှမေးလိုက်သောအခါ ဧည့်သည်က…
“ဟုတ်ကဲ့…တကယ်ကကျုပ်ဒီရွာကိုလာတဲ့
အ​ကြောင်းအရင်းအမှန်က
သူကြီးဆီကိုလာတာမဟုတ်ပါဘူးဗျာ…
ဟောသည်ကဘွားမယ်စိန်ဆိုတဲ့ဘွားဆီကိုလာခဲ့တာပါ…”
“အင်း…သူကြီးဆီကိုလာတာမဟုတ်ဘူး…
ဘွားဆီကိုလာတာဆိုတော့ မောင်ရင်မှာ
ကိစ္စတစ်ခုခုရှိနေပုံရတယ်…
ဒါနဲ့မောင်ရင့်ရဲ့နာမည်ကဘယ်လိုခေါ်သလဲကွဲ့…”
“ကျုပ်နာမည်ကထွန်းမောင်ပါ…
ကျုပ်ကဖရဲကုန်းရွာသူကြီးဦးထွန်းခင်ရဲ့သားပါ…”
“သြော်…အေးကွယ်…ဖရဲကုန်းရွာဆိုတာ
ဘွားတို့အနီးတဝိုက်ကတော့ဟုတ်မယ်မထင်ဘူး”
“ကျုပ်တို့ရွာက ဒီနဲ့တော့အလှမ်းဝေးတယ်ဗျ…”
“အေး…အေး…အေး…ဟုတ်မယ်ကွဲ့…
ဒါနဲ့ဘွားဆီကိုလာရတဲ့အကြောင်းကိုလည်း
ဆက်ပြောပါဦးမောင်ရင်…”
“ဟုတ်ကဲ့ဗျ…ကျုပ်တို့ဖရဲကုန်းရွာမှာတလောကပဲ
ကလေးတစ်ယောက်သေသွားပါတယ်….”
“ဟေ…ဘာကြောင့်များလဲ…”
“ကျုပ်တို့ရွာအနောက်ဘက်ကကွင်းမှာ
အရင်ကတော့ကလေးတွေဆော့ကစားကြတဲ့အပြင်…
နွားကျောင်းလို့လည်းသိပ်ကောင်းတာဗျ…
ဒါပေမယ့်ဗျာ…အဲ့နေရာမှာအခုနွားလည်းကျောင်းလို့မရတော့သလို…ဘယ်ကလေးမှလည်းသွားမဆော့ရဲကြတော့ဘူး…
မဆော့ရဲတဲ့ကြားထဲကနေ တလောက ငပေဆိုတဲ့ကလေး
သရက်သီးသွားခူးရာက သရက်ပင်ပေါ်ကပြုတ်ကျပြီး
ဆုံးရှာတယ်လေ…အဲ့ကလေးသေတော့ကျောမှာလက်ဝါးရာကြီးတစ်ခုကထင်းနေအောင်ပေါ်နေတာဘွားရဲ့…”
“ဒီိလိုဆိုရင် မောင်ရင်တို့ရွာအနောက်ဘက်ကွင်းမှာ
အကောင်တစ်ကောင်ကောင်ရောက်နေတာပေါ့လေ”
“အခြောက်အလန့်ကလည်းအရမ်းကြမ်းသေးတယ်ဗျ…
ကျုပ်တို့ဖြင့်အဲ့သည်နေရာကိုသွားရင်တောင်
လူလေးငါးခြောက်ယောက်ပါမှဘဲသွားရဲတယ်…”
“အင်းလေ…သူ့နယ်လိုသဘောထားပြီး
လာသမျှကိုခြောက်လန့်နေပုံရပါတယ်…”
“ဟုတ်တယ်ဗျ…ဘွားပြောသလိုပဲ…
ကျုပ်အဖေလည်းအဲ့ကိစ္စခေါင်းကိုက်နေလို့
ဆရာကောင်းရှာနေရာကနေ တစ်ဆင့်စကားနဲ့
ဒီရွာကဘွားမယ်စိန်ဆိုတဲ့ဘွားရဲ့အကြောင်းတွေကို
သိခဲ့ရတာပေါ့ဗျာ…
အဲ့တာနဲ့ကျုပ်လည်းမိဘတွေကိုပြောပြီး
တစ်ယောက်ထဲနွားလှည်းနဲ့ခရီးထွက်လာခဲ့တာပါ…
ဒီရွာကိုရောက်တော့မိုးကလည်းချုပ်နေတာနဲ့
သူကြီးအိမ်ကိုအကျိုးအကြောင်းပြောပြီးမနေ့ညက
တည်းခိုခဲ့ရပါတယ်…”
ထွန်းမောင်ပြောသမျှကိုနားထောင်ပြီးသောဘွားမယ်စိန်က
“ဒါဖြင့်မောင်ရင်ကဘွားကိုဖရဲကုန်းရွာဆီလိုက်ခဲ့ပေးဖို့
လာခေါ်တာပေါ့လေ…”
“ဟုတ်ကဲ့…အမှန်ပါပဲဗျာ…
ကျုပ်တို့ရွာအတွက်အရေးကြီးနေလို့
ဘွားကိုလာပင့်ရတာပါ…အဲ့တာထက်အရင်ဆုံး
ဘွားအနေနဲ့…ကျုပ်တို့ရွာကိုကူညီပေးပါလို့
ကျုပ်တောင်းဆိုပါရစေဗျာ…”
ဟု…ထွန်းမောင်မှပြောသည်။
မောင်တိုးကတော့ဘွားမယ်စိန်ဖြေမည့်စကားကိုသိချင်နေ၏။
ဘွားမယ်စိန်ကမဖြေသေးဘဲ ရေနွေးကြမ်းပန်းကန်ကို
မော့သောက်လိုက်သည်။
ပြီး​လေမှ…
“ဒီနေ့နေ့လယ်စာကိုမောင်ရင်တို့နှစ်ယောက်လုံး
ဘွားအိမ်မှာပဲ လာစားကြချေ…”
“ဗျာ…”
ဘွားမယ်စိန်စကားကြောင့် ထွန်းမောင်ဆီမှ”ဗျာ”ခနဲ
အံ့သြသံထွက်လာသည်။
“ဘာဖြစ်လို့အလန့်တကြားဖြစ်သွားတာလဲကွဲ့…
ဘွားကမောင့်ရင့်ရွာကိုလိုက်ခဲ့မှာပါ…
ဒီနေ့တော့…ခရီးသွားဖို့ကအဆင်မပြေဘူး…
မနက်ဖြန်မနက်အစောလောက်ကျမှပဲ
ခရီးစထွက်ကြတာပေါ့…”
“သြော်…တော်ပါသေးရဲ့ဗျာ…
ကျုပ်ကဘွားမလိုက်ဖူးလို့ထင်နေတာ…”
“ဖြစ်ရပါ့ကွယ်…
မောင်တိုး…ဟောသည်ကမောင်ထွန်းမောင်ကို
ရွာထဲလိုက်ပြလိုက်ဦး…ပြီးရင်နေ့လယ်စာဒီမှာလာစားကြ…
မောင်အုန်းဆီကိုလည်း
မနက်ဖြန်ခရီးထွက်မယ်ဆိုတဲ့အကြောင်းဝင်ပြောခဲ့ဦး”
“ဟုတ်ကဲ့ဘွား…လာအစ်ကို
ကျုပ်ရွာထဲလိုက်ပြပေးမယ်…”
“ဟဲ့…ဟဲ့…နေဦး…”
“ဗျာအရီး…”
“မင်းအဘွားကထမင်းစားပြန်လာဖို့ပြောထားတာမမေ့နဲ့နော်…
နောက်ပြီး…ထန်းတောကိုဝင်မလာကြနဲ့ဦး…
သွားချင်ရင်တောင်ညနေကျမှပဲသွားကြ”
“ဟုတ်ကဲ့ပါအရီးရဲ့…ကျုပ်ကိုစိတ်ချလိုက်စမ်းပါဗျာ”
“စ်ိတ်ကတော့မချချင်ဘူးဟေ့..
ရွာလာတဲ့ဧည့်သည်တိုင်းလိုလိုကို
ရွာထဲအလည်လိုက်ပြမယ်ဆိုပြီးထန်းတောဆီကိုပဲပို့နေတဲ့
နင့်အကြောင်းကိုငါမသိဘူးလို့ထင်သလား မောင်တိုးရဲ့…”
“ဟာဗျာ…အရီးကလည်း ကျုပ်များ
အသောက်သမားကြီးကျလို့ဗျာ….”
ဒေါ်ဝင်းစကားကြောင့်မောင်တိုးမျက်နှာကြီးရှုံ့မဲ့၍ပြောသောအခါ ဒေါ်ဝင်းကသဘောကျစွာဖြင့်
တဟားဟားရယ်မောလေသည်။
“ကဲ…သွား…သွား…ဒီကလေး
စ လို့ စမှန်းကိုမသိတာပါဟယ်…
ဒါကြောင့်နင့်ကိုဘယ်သူမှမကြိုက်ကြတာဟဲ့ မောင်တိုးရဲ့…”
“ပြောပြန်ပြီးဗျာ…အရီးလည်းဘာထူးလို့ လဲ
ကျုပ်ကမှအခုချိန်မိန်းမယူရင်ယူလို့ရသေးတယ်နော်…
ဒါပေမယ့်…ဟားး…ဟား………
အရီးကျတော့ယူမယ့်သူတောင်ရှိသေးလို့လားဗျ…”
“တယ်…ငါရိုက်လိုက်ရ…”
ဒေါ်ဝင်းကရိုက်ဖို့လက်ပြင်တော့မောင်တိုးက
တဟားဟားရယ်မောရင်း ခြံဝိုင်းထဲမှထွက်ပြေးသွားသည်။
ထွန်းမောင်ကလည်းဒေါ်ဝင်းနဲ့မောင်တိုးတို့ကိုကြည့်၍
သဘောကျနေခဲ့၏။
သူသည်လည်းဒေါ်ဝင်းကို….
“အရီး…ကျုပ်လည်းသွားတော့မယ်နော်…”
ဟုပြောပြီးလေမှ
မောင်တိုးနောက်သို့လိုက်သွားတော့၏။
ထိုနေ့က မောင်တိုးနဲ့ထွန်းမောင်တို့လည်း
ဒေါ်ဝင်းချက်သော နေ့လယ်စာကိုအားရပါးရစားကြသည်။
ညနေပိုင်းရောက်တော့ မောင်တိုးအပြင်မောင်အုန်းလည်းရောက်လာပြီး ထွန်းမောင်ကို
ထန်းတောသို့ခေါ်သွားကြပြန်သည်။
ထန်းတောမှပြန်လေတော့သူကြီးအိမ်သို့
ထွန်းမောင်ကိုလိုက်ပို့ကြရာ…
“ခွေးမသားတွေ…ဧည့်သည်ကိုထန်းတောပို့နေကြ…
မနက်ဖြန်ဆိုရင်ခရီးထွက်ကြရမှာကို…
မင်းတို့ကတော့ကွာ…”
“သူကြီးကလည်းဗျာ…ကျုပ်တို့ရွာမှာပြစရာဆိုလို့
ဒီထန်းတောပဲရှိတာလေ…အဲ့တော့လည်း ကျုပ်တို့
ထန်းတောရောက်သွားတာပေါ့ဗျာ…ဟဲ…ဟဲ…”
“တိတ်စမ်းမောင်တိုး…သွား…သွား
မင်းတို့ပြန်ကြတော့…”
“ကိုထွန်းမောင် ကျုပ်တို့ပြန်ပြီနော်…
မနက်ကျမှလာခေါ်မယ်ဗျို့…အခုတော့သွားဦးမယ်…
မဟုတ်ရင်ကျုပ်တို့ကိုသူကြီးက
အာဏာတွေထပ်ပြ​နေမှာဆိုးလို့ဗျ”
“တယ်…ဒီကောင်တွေကတော့”
မောင်တိုးနဲ့မောင်အုန်းတို့က.ထွန်းမောင်ကိုနှုတ်ဆက်ရင်း
သူကြီးဦးနောင်ချိုကိုစနောက်သွားကြလေသည်။
နောက်တစ်နေ့ နံနက်အစောရောက်တော့
ဘွားမယ်စိန်၏အိမ်၌လူများစုံနေလေပြီ။
မောင်တိုး၊မောင်အုန်းနှင့်ထွန်းမောင်အပြင်
သူကြီးဦးနောင်ချိုပါအတူရောက်နေခဲ့၏။
“ဘွားရေ…လမ်းခရီးတော့ဂရုစိုက်ဦးဗျို့…
လမ်းကြမ်းရင်လှည်းစီးရတာအရိုးတွေနာတယ်ဗျ”
“အေးပါမောင်နောင်ချိုရယ်…”
ဘွားမယ်စိန်ကမောင်တိုးမောင်းသော
လှည်းပေါ်သို့တက်လိုက်သည်။
မောင်အုန်းကတော့ ထွန်းမောင်တစ်ယောက်ထဲ
ပျင်းမည်ဆိုး၍ထွန်းမောင်းလှည်းဖြင့်အတူလိုက်လေသည်။
“ကဲ…မိဝင်း…အမေသွားပြီနော်…
မြေးလေး အမေ့စကားနားထောင်နော်…”
“ဟုတ်ကဲ့အမေ…ဂရုစိုက်ဦးနော်”
ဒေါ်ဝင်းတို့ကခြံပြင်ထိလိုက်ပို့သည်။
“သူကြီးကျုပ်တို့သွားပြီဗျို့…
ကျုပ်တို့မရှိတုန်းရွာကိုလည်း ဂရုစိုက်လိုက်ပါဦးဗျာ”
“အမယ်…လေကြီးလေကျယ်နဲ့ငါ့ကိုတောင်
မှာသွားသေးတယ်…”
မောင်တိုးကသူကြီးကိုစနောက်ရင်းလှည်းကို
မောင်းသွားလေတော့သူကြီးဦးနောင်ချိုက
မျက်နှာကြီးရှုံ့မဲ့ပြီးပြောလေသည်။
“ဦးကြီး…ကျုပ်သွားပြီနော်…”
“အေး…အေး…မောင်ထွန်းမောင်ရေ…
နောက်များလည်းလာလည်ပါဦးပေါ့ကွာ…”
ထွန်းမောင်က လှည်းမောင်းနေရင်းမှ
သူကြီးဦးနောင်ချိုကိုအော်၍နှုတ်ဆက်လိုက်လေသည်။
ထိုသို့ဖြင့် ဘွားမယ်စိန်တို့လည်း ဖရဲကုန်းရွာ​ဆီသို့
ခရီးထွက်လာခဲ့ကြတော့၏။

ဇာတ်သိမ်းပိုင်း

ဘွားမယ်စိန်တို့ ဖရဲကုန်းရွာကိုရောက်လာကြသည်။
ဖရဲကုန်းရွာသူကြီးဦးထွန်းခင်က ထွန်းမောင်ရဲ့
အဖေဖြစ်တာကြောင့် သူကြီးအိမ်ဆီသို့
လှည်းကိုတန်းမောင်းလာခဲ့ကြရာ…
“ထွန်းမောင်… မင်း​ဆရာသွားပင့်တယ်ဆိုတာ…
ဒီကောင်လေးလားကွ”
ရွာသားတစ်ယောက်ကမောင်အုန်းကိုဆရာဟုထင်ကာ
မေးလေသည်။
“မဟုတ်ပါဘူးဗျာ…အမေကြီးက
အနောက်ကလှည်းပေါ်မှာပါ…”
“အိုကွာ…မင်းကလည်း…ဒီအသက်ဒီအရွယ်ကြီးကို
ခရီးပန်းအောင်လို့်များခေါ်လာနေသေးတယ်…”
“ခင်ဗျား ဘာစကားပြောတာလဲကိုအောင်သန်း…
ဒီအမေကြီးအကြောင်းကိုမသိရင်လည်းစုံစမ်းလိုက်ဦး…
မသိရင်တောင်လူကြီးကိုမစော်ကားရဖူးဗျ…”
ထွန်းမောင်ကနွားလှည်းကိုပင်ရပ်၍
ဒေါသတကြီးပြောလိုက်သည်။
ထွန်းမောင်ကသူကြီးသားလည်းဖြစ်တာကြောင့်
အောင်သန်းဆိုသောရွာသားက…
“စိတ်လျော့ပါကွာ…ငါကမင်းသွားလာရတာ
ခရီးပန်းလို့ပြောတာပါ ထွန်းမောင်ရ..
အခုလည်းမင်းအဖေနဲ့မင်း ပူပန်နေရတဲ့
ရွာအနောက်ပိုင်းကတစ္ဆေက မရှိတော့ဘူးကွ…”
“ဟ…ခင်ဗျားဘာတွေပြောနေတာလဲ…
ဒီတစ္ဆေကဘယ်ကိုရောက်သွားလို့လဲ…”
“အဲ့သည်တစ္ဆေကိုငါ့ဆရာဘိုးတောက်က
နှိမ်နင်းပစ်လိုက်ပြီလေ…
မင်းမယုံလို့ရှိရင်ဟောသည်တစ်ရွာလုံးကို
လိုက်မေးကြည့်လိုက်…အခုတော့ငါလည်းသွားတော့မယ်…
ငါ့ဆရာကိုရွာရှေ့ပိုင်းကလူတွေကကျေးဇူးတင်လွန်းလို့ဆိုပြီး
ဧည့်ခံ​ကျွေးမွေး နေကြလို့ငါလည်းလိုက်သွားဦးမယ်ဟေ့”
အောင်သန်း၏မျက်နှာထားကအတော်လေး
ပျော်ရွှင်နေပုံရသည်။
ထွန်းမောင်ကိုပြောပြီးသည်နှင့် လမ်းကြားလေးထဲသို့
ချိုးဝင်ကာထွက်သွားတော့သည်။
ထွန်းမောင်စိတ်ထဲမှာတော့အတော်လေးခံရခက်နေပုံရသည်။
သို့သော်ဘွားမယ်စိန်တို့ပါနေ၍ စိတ်ကိုလျော့ချလိုက်ပြီး
သူ၏အိမ်ဆီကိုလှည်းအား ဦးတည်မောင်းလာခဲ့တော့သည်။
အိမ်သို့ရောက်လာတော့ဝိုင်းထဲသို့နွားလှည်းများကို
တစ်ခါထဲမောင်းဝင်လာခဲ့လိုက်သည်။
“အဖေ..အဖေ….”
“ဟေ…ငါသားတောင်ပြန်လာပြီပဲ…”
“ဘွားတို့ ဒါကျုပ်အိမ်ပဲဗျ…
အဖေ…ဘွားတို့ကိုအိမ်ထဲခေါ်သွားပေးပါဦး
ကျုပ်လှည်းချွတ်လိုက်ဦးမယ်…”
“အေး…အေး…အေး…
အမေကြီးတို့
အိမ်ထဲကကြွကြပါခင်ဗျာ…”
ထွန်းမောင်ကခေါ်လေတော့သူကြီးဦးထွန်းခင်
အိမ်ထဲမှထွက်လာခဲ့သည်။
ဘွားမယ်စိန်နဲ့မောင်အုန်းတို့ကိုအိမ်ထဲသို့ခေါ်သွားကြစဥ်
မောင်တိုးနဲ့ထွန်းမောင်တို့က နွားများကိုလှည်းမှချွတ်၍
နွားတဲအတွင်းသို့ထည့်ကြလေသည်။
“မိမြင့်…ရေနွေးကြမ်းအိုးလာချပေးဦးဟ…
ဧည့်သည်တွေရောက်နေပြီ”
“လာပြီတော်ရေ့…”
သူကြီးကမီးဖိုထဲမှသူကြီးကတော်ကိုလှမ်းပြောပြီးလေမှ
ဘွားမယ်စိန်ကို…
“အမေကြီးတို့လည်း လာရတာဝေးတော့
ခရီးကအတော်ပန်းမှာပဲဗျ…”
“ဒီလိုပါပဲမောင်ရင်ရယ်…
ဘွားတို့အတွက်ကတော့ခရီးထွက်ရတာ
အကြိမ်ရေမနည်းတော့ပါဘူး…
သွားလာ​နေကြမလို့…ခရီးဒဏ်ကိုတောင်းပန်တယ်လို့
မခံစားမိတော့ဘူးလေ…”
“ဟုတ်ကဲ့…အမေကြီးအကြောင်းကိုတော့
ကျုပ်သားကြီး ပြောပြထားလို့သိပြီးပါပြီ…
အမေကြီးကိုတကယ်လည်းအားကိုးမိပါတယ်ဗျာ…
ဒါပေမယ့် အမေကြီးရယ်…
ကျုပ်ရွာသားတစ်ယောက်က
ဆရာရှာပင့်ပြီးခေါ်လာခဲ့တယ်ဗျ…
အဲ့သည်ဆရာက ရွာအနောက်ပိုင်းကတစ္ဆေကို
အပြစ်ပေးပြီးနှင်ထုတ်လိုက်လို့
အခုတော့ဖြင့် အဲ့သည်တစ္ဆေကိစ္စကလည်း
အဆင်ပြေသွားပါပြီ…”
“အေးပေါ့ကွယ်…အခုလိုအဆင်ပြေသွားတာ
တော်သေးတာပေါ့…ဘွားအနေနဲ့ကဘာမှမဖြစ်ပါဘူး
ဘွားတို့ရောက်လာတာကလည်း
ဒီရွာအဆင်ပြေဖို့အတွက်လာခဲ့တာပါ
အခုလိုအဆင်ပြေသွားတော့လည်း ဝမ်းသာတာပေါ့ကွယ်”
ဘွားမယ်စိန်စကားကြောင့် သူကြီးဦးထွန်းခင်လည်း
အနေရမခက်တော့ဘဲ ပြုံး၍ခေါင်းညိတ်လိုက်သည်။
ထိုစဥ် ထွန်းမောင်နဲ့မောင်တိုးတို့ရောက်လာပြီး…
“အဖေ့ကိုကျုပ်မေးပါဦးမယ်…
အောင်သန်းက…ဘယ်ကဆရာကိုဘယ်လိုရှာပြီး
ခေါ်လာတာလဲဗျ…ဒီအကြောင်းကိုအဖေကောသိရဲ့လား”
“မသိပါဘူးငါ့သားရာ…
အောင်သန်းခေါ်လာတာပဲကွ…
သူ့ဆရာနာမည်ကဘိုးတောက်တဲ့…
အခုဆိုရင်သရဲတစ္ဆေတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့
ဆရာဘိုးတောက်ဆိုပြီးတစ်ရွာလုံးကခေါ်နေကြတာပဲကွာ…”
“ကျုပ်တော့ဒီလူကိုမယုံဘူးအဖေ…
အဖေလည်းသိရဲ့သားနဲ့ဗျာ…
အောင်သန်းဆိုတဲ့ကောင်ကဘာကောင်လည်းဆိုတာကို…”
“အင်း …အောင်သန်းလိုလူဆိုး၊လူမိုက်ကောင်နဲ့
အခုကိစ္စကလားလားမှမဆိုင်ပေမယ့်…
အခုဆိုရင်ရွာအနောက်ပိုင်းက တစ္ဆေမရှိတော့တာတော့
တကယ့်အမှန်ပဲသားကြီးရဲ့…
ဒါကြောင့်လည်းတစ်ရွာလုံးက ဆရာဘိုးတောက်ဆိုပြီး
ပူဇော်ပသနေကြတာပဲလေ…”
“အင်းပေါ့လေ…ဒါကတော့အများနဲ့တစ်ယောက်ဆိုတော့
ကျုပ်မပြောတော့ပါဘူး…
ဒါပေမယ့်ကျုပ်ပင့်လာတဲ့ဘွားတို့ကို​တော့
ဧည့်ဝတ်ကျေအောင်ဧည့်ခံပေးပါ…
ဘွားတို့ကိုလည်းဒီရွာမှာတစ်ပတ်လောက်တော့
နေပေးကြပါဦးလို့ ကျုပ်တောင်းဆိုပါတယ်”
ထွန်းမောင်က ဘွားမယ်စိန်ကိုတောင်းဆိုလေတော့
ဘွားမယ်စိန်ကထွန်းမောင်ကိုတစ်ချက်ကြည့်ပြီး…
“ရပါတယ်ကွယ်…မောင်ရင်တောင်းဆိုတော့လည်း
ဘွားတို့နေပေးရမှာပေါ့…”
ဟုပြောသောအခါ ထွန်းမောင်ဝမ်းသာသွားသည်။
“ကဲ…သားကြီးရေ…ဧည့်သည်တွေထမင်းစားဖို့
အမေပြင်ထားပြီ…ခေါ်ခဲ့လိုက်တော့နော်…”
“ဟုတ်ကဲ့အမေ…
ဘွားနဲ့ငါ့ညီတို့ထမင်းစားကြရအောင်လေ…
တစ်မနက်လုံးဗိုက်ထဲလည်းအစာမဝင်သေးတော့
ဆာနေကြမှာပဲ…”
ထွန်းမောင်က ဘွားမယ်စိန်တို့ကို သူကြီးကတော်ပြင်ဆင်ပေးထားသော ထမင်းဝိုင်းဆီကိုခေါ်သွားလေသည်။
ထမင်းစားသောက်ပြီးကျလေတော့လည်း သူကြီးကတော်မှ
ဘွားမယ်စိန်တို့အနားယူဖို့အိမ်အပေါ်ထပ်သို့
လိုက်ပို့ပေးပြန်သည်။
“အမေကြီး…လိုတာရှိရင်ကျုပ်ကိုပြောနော်…
ဘာမှလည်းအားမနာနဲ့သိလား…”
“အေးပါကွယ်…”
ဘွားမယ်စိန်တို့လည်း ပြင်ဆင်ပေးထားသောနေရာ၌
အိပ်သူကအိပ် ထိုင်သူကထိုင်ဖြင့်အနားယူကြလေသည်။
ညနေပိုင်းသို့ရောက်တော့…
“ဘွား…ကျုပ်ကြီးတော်အိမ်ကိုသွားကြရအောင်ဗျ…
ကြီးတော်ကဘွားတို့ကိုညစာကျွေးချင်တယ်လို့
အစောလေးကမှလာဖိတ်သွားတာ…”
“အားနာစရာကွယ်…”
“အားမနာပါနဲ့အမေကြီးရယ်…
ကျုပ်အစ်မက အမေကြီးအကြောင်းကို
ကျုပ်ပြောထားကတည်းက အမေကြီးနဲ့တွေ့ချင်နေရှာတာ..
အခုလည်းအမေကြီးတို့ရောက်နေပြီလို့ ပြောကတည်းက
ထမင်းဖိတ်ကျွေးချင်တယ် ရအောင်ပြောပေးပါဟယ်လို့
ပြောနေရှာတာတော့်”
ဟုသူကြီးကတော် ဒေါ်မြင့်က ပြောပြလေသည်။
သူကြီးကလည်းခေါင်းကြီးညိတ်၍ထောက်ခံနေ၏။
“ဒီလိုဆိုရင်လည်းသွားကြတာပေါ့…”
ဟုဆိုကာဘွားမယ်စိန်ကပြောပြီး အိမ်ထဲမှထွက်လေသည်။
တောင်ဝှေးကြီးကိုထောက်…ချည်လွယ်အိတ်လေးကိုလွယ်ပြီး
လမ်းလျှောက်လာသောဘွားမယ်စိန်၏နံဘေး၌
ထွန်းမောင်နှင့်မောင်တိုး၊မောင်အုန်းတို့ကခြံရံ၍
လိုက်ကြသည်။
“ထွန်းမောင်…ဘယ်သူတွေလဲကွ”
“ကျုပ်ဧည့်သည်တွေပါ…”
“ဟုတ်လား…ငါတို့က ဆရာဘိုးတောက်ဆီကိုသွားမလို့…
မင်းလိုက်ခဲ့ဦးမလား”
“သွားကြလေ…ငါတော့မလိုက်တော့ဘူး…”
“ပြီးမှနောင်တမရနဲ့နော်…ထွန်းမောင်…
ဆရာဘိုးတောက်ဆီမှာ ပီယဆေးတွေရှိတယ်တဲ့…
အဲ့သည်ဆေးရဖို့ဆိုရင် တို့တွေတောင်တန်းစီရဦးမှာ…”
ဟုပြောသောရွာသားသုံးယောက်မှာအတော်လေး
ပျော်နေကြဟန်တူသည်။
ထွန်းမောင်ကတော့ချိုသည်၊ခါးသည် ဆက်မပြောတော့ဘဲ
လမ်းကိုဆက်လျှောက်လာခဲ့၏။
“သူမလိုက်ချင်နေပါစေကွာ…
ဆရာကောင်း၊သမားကောင်းကိုတောင်
မပူဇော်…မဆီးကပ်တဲ့ကောင်…
အဘွားကြီးအနားပဲကပ်ပြီး ထမ်ိန်သာလျော်ပါစေ”
ဟုပြောပြီးထွက်သွားကြသောရွာသားများကို
ထွန်းမောင်လှည့်၍ပင်မကြည့်။
မောင်တိုးနဲ့မောင်အုန်းတို့ကတော့ ထိုလူတွေကို
ဒေါသတကြီးဖြင့်စိုက်ကြည့်ပြီးမှ ရှေ့သို့
ပြန်လှည့်လျှောက်လာခဲ့ကြ၏။
ဖရဲကုန်းရွာထဲ၌လည်း ဆရာဘိုးတောက်ကို…
ချီးမွှန်းသံများထွက်ပေါ်နေသလို…၊ထွန်းမောင်ခေါ်လာသော
ဘွားမယ်စိန်ကိုကြည့်ပြီးတော့လည်း
လှောင်​ပြောင်ရယ်မောနေကြပြန်သည်။
ထိုအသံတွေကိုလမ်းလျှောက်နေရင်း
ဘွားမယ်စိန်ကြားပါသော်လည်း
သတိမမူမိဟန်ဖြင့်သာနေခဲ့လေသည်။
ထိုသို့ဖြင့် ဘွားမယ်စိန်တို့လည်း ထွန်း​မောင်၏
ကြီးတော်အိမ်ဆီကိုရောက်လာခဲ့ကြသည်။
“အမေ..ထွန်းမောင်တို့ရောက်လာကြပြီတော့်”
ဟု…ထွန်းမောင်ထက်အသက်နည်းနည်းကြီးသော
အမျိုးသမီးတစ်ဦးကပြောလိုက်သည်။
“ထွန်းမောင်အိမ်ပေါ်ကိုတစ်ခါထဲခေါ်သွားလိုက်နော်…”
“ဟုတ်ကဲ့မမတင်…”
ဘွားမယ်စိန်တို့ကို ထွန်းမောင်က
အိမ်ကြီးအပေါ်ထပ်သို့ခေါ်သွားသည်။
“ကျုပ်က မိမြင့်ပြောကတည်းက အမေကြီးကို
မြင်ချင်နေတာတော့်…”
ဟု…ထွန်းမောင်၏ကြီးတော်ကဝမ်းသာအားရပြောလေသည်။
ဘွားမယ်စိန်က ပြုံး၍သာကြည့်နေခဲ့သည်။
“အမေကြီးက အသက်ဘယ်လောက်ရှိပြီလဲတော့်…”
“အသက်ကတော့၇၂နှစ်ပါအေ…”
“ဟယ်တော်…ဒီလောက်ခရီးဝေးကြီးသွားနိုင်တာ
အမေကြီးအတော်လေးကျန်းမာတာပဲ”
“ဒီလိုပါပဲအေ…ဇရာကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး”
“ကျုပ်ကတော့အမေကြီးနာမည်ကြားကတည်းက
အတော်လေး…လေးစားနေတာ…အခုလို
လူကိုမြင်ရတော့လည်း ကျုပ်ဖြင့်
အတော်ဝမ်းသာမိပါတယ်တော်…”
ထွန်းမောင်ကြီးတော်၏မျက်နှာကိုကြည့်ယုံဖြင့်
ဘွားမယ်စိန်အပေါ်၌မည်မျှလေးစားနေသည်ဆိုတာ
အထင်းသားပေါ်လွင်နေခဲ့သည်။
“သမီးရေ…ထမင်းပန်းကန်တွေယူခဲ့တော့”
“ဟုတ်အမေ…”
စကားပြောပြီးနောက် စားပွဲပေါ်သို့ထမင်းပန်းကန်၊
ဟင်းပန်းကန်များအစုံအလင်လာချလေသည်။
“အမေကြီး…စားနော်အားမနာနဲ့…
ငါ့တူတွေလည်းအားရပါးရစားကြနော်…”
“ဟုတ်ကဲ့”
ဘွားမယ်စိန်တို့ထမင်းစားတော့ ထွန်းမောင်ကြီးတော်က
နံဘေးမှယက်တောင်ခပ်လို့ပေးနေသည်။
ထိုစဥ်…ဟင်းပန်းကန်ထဲမှ ဟင်းကိုခပ်ယူပြီး
ဘွားမယ်စိန်ပန်းကန်ထဲသို့ထည့်ပေးဖို့ပြင်လေတော့…
“နေ…နေ…တူမကြီး…ဘွားကအသားမစားဘူးကွဲ့”
ဟုဘွားမယ်စိန်ကငြင်းလိုက်သည်။
ထမင်းစားသောက်ပြီးလေတော့ လက်ဖက်သုပ်နဲ့
ရေနွေးကြမ်းဧည့်ခံပြန်သည်။
“အမေကြီး…ကျုပ်ညီမအိမ်မှာအဆင်မပြေရင်
ကျုပ်အိမ်မှာလာပြီး တည်းပါလားတော်…”
“ဟာဗျာ…ကြီးတော်ကလည်းသူ့အိမ်ခေါ်ချင်တိုင်း
အတင်းအဆင်မပြေခိုင်းနေတော့တာပဲ…
ကျုပ်အိမ်မှာဘွားတို့အဆင်ပြေပါတယ်ဗျ”
“အေးပါဟယ်…ငါကသဘောပြောတာပါ
ထွန်းမောင်ရဲ့”
ကြီးတော်ဖြစ်သူက ထွန်းမောင်ကိုမျက်စောင်းထိုးကာ
ပြောလိုက်တော့ ထွန်းမောင်ကပြုံးပြုံးကြီးသာ
ကြည့်နေခဲ့သည်။
ထိုအိမ်၌ စကားပြောလို့ဝမှ ဘွားမယ်စိန်တို့ပြန်လာခဲ့ကြသည်။
မိုးကလည်းချုပ်စပြုနေပြီး ရွာထဲလမ်းအတိုင်းလမ်းလျှောက်လာကြရာ တစ်နေရာရောက်တော့ မျက်နှာချင်းဆိုင်လာနေသောလူခြောက်ယောက် ကိုမြင်လိုက်ရသည်။
ထိုလူခြောက်ယောက်က ထွန်းမောင်တို့ကိုလှမ်းကြည့်ရင်း
​ခြေလှမ်းရပ်လိုက်၏။
“ထွန်းမောင်…ဒါငါ့ဆရာ ဘိုးတောက်ကွ…
မင်း အဆောင်လေးဘာလေး ရချင်ရင်တစ်ခါထဲ
လာယူလေကွာ…”
ဟု…အောင်သန်းမှလှမ်းအော်ပြောလိုက်သည်။
ထွန်းမောင်ကတော့ မကြားဟန်ဖြင့် ဆက်လျှောက်လာခဲ့၏။
ဘိုးတောက်ဆိုသောအပေါ်ဖြူ…အောက်ဖြူ
ဝတ်ဆင်ထားသောအသက်ငါးဆယ်အရွယ်ဝဝဖိုင်းဖိုင်း
လူကြီးသည် ဘွားမယ်စိန်ကိုစိုက်ကြည့်၍နေသည်။
“ဟဲ့ကောင်လေး…ရွာနဲ့မဆိုင်တာတွေဆိုရင်
ပြန်ခိုင်းလိုက်တော့ကွဲ့…
မဟုတ်ရင်
ဒီရွာမှာမလိုလားအပ်တာတွေဖြစ်လာလိမ့်မယ်နော်…”
ဟု…ဘိုးတောက်ဆိုသောခေါင်းဖြူကြီးကလှမ်းပြောသည်။
“ခင်ဗျားသာ…ကိုယ့်အလုပ်ကိုယ်လုပ်…
ကျုပ်ကိစ္စကျုပ်သိတယ်…”
ထွန်းမောင်က ကိုယ့်ကိုမခံချင်အောင်ပြောနေသောကြောင့်
ပြန်လည်ခွန်းတုန့်ပြန်လိုက်သည်။
“ကဲပါကွယ်…မောင်ထွန်းမောင်…လာ…လာ…
ရန်များမယ့်အရာတွေကိုရှောင်ပါ…”
“ဟုတ်တယ်ကိုကြီးထွန်းမောင်…
သူတို့ကခင်ဗျားကိုသက်သက်ရန်စနေကြတာ…
ဂရုစိုက်မနေနဲ့ဗျာ…”
ဟုဘွားမယ်စိန်နှင့်မောင်တိုးတို့က ထွန်းမောင်ကို
ဝိုင်းထိန်းကြသည်။
ထွန်းမောင်လည်းဘွားမယ်စိန်စကားအတိုင်း
ဆက်လျှောက်လာခဲ့ရာ သူတို့၏နောက်ကျောဘက်ဆီမှ
ဟားတိုက်ရယ်မောသံများကိုအတိုင်းသားကြားနေရပြန်၍…
“တောက်…”
ထွန်းမောင် လည်းဒေါသထွက်တာကို
ချုပ်တည်းမထားနိုင်သည့်အဆုံး
တောက်တစ်အချက်ခေါက်လိုက်တော့သည်။
– – – – – – – – –
ညကအတော်နက်နေလေပြီ။
အမှောင်ထုသာကြီးဆိုးနေချိန်ဖြစ်ပြီး အသံဟူ၍
ညငှက်များနှင့် ညပိုးကောင်တို့၏အသံသည်ပင်
တစ်ချက် တစ်ချက်မှကြားရလေသည်။
ထိုသို့အချိန်ဖရဲကုန်းတစ်ရွာလုံးလည်း
အမှောင်ထုကြား၌အိမ်မောကျလို့နေပေသည်။
“ဘုန်း….ဘုန်း… ဘုန်း…ဘုန်း—–”
“ဟ…ဘာဖြစ်တာလဲ”
“အမယ်လေး…ကယ်ကြပါဦး”
တိတ်ဆိတ်နေသောအချ်ိန်၌
တဘုန်းဘုန်း အသံများထွက်ပေါ်လာ၍
သူကြီးဦးထွန်းခင်နှင့်ဒေါ်မြင့်တို့လန့်အော်ကြရှာသည်။
ထိုအသံကအိမ်နံရံနှင့် အိမ်ခေါင်မိုးအပေါ်သို့
ပစ်ပေါက်နေသောအသံများဖြစ်၏။
“သားကြီး..မင်းနိုးလား”
“ကျုပ်နိုးပြီအဖေ”
မောင်တိုး၊မောင်အုန်းတို့ကလည်းအိမ်အောက်ထပ်ရှိ
ထွန်းမောင်ဆီကို သွားကြသည်။
ဘွားမယ်စိန်ကလည်းအိပ်ရာမှထ၍အတူလိုက်လာခဲ့၏။
“ကိုကြီးထွန်းမောင်…အိမ်ကိုခဲနဲ့ပေါက်နေတာပဲဗျ”
“ဟုတ်တယ်ကိုကြီးထွန်းမောင်…ဆက်တိုက်ပေါက်နေပုံရရင်
တစ်ယောက်ထဲမကဘူးဗျ”
မောင်တိုးနဲ့မောင်အုန်းကပြောတာက်ိုထွန်းမောင်ခေါင်းညိတ်သည်။ပြီးနောက်ငှက်ကြီးတောင်ဓားကို
ယူကာအိမ်အပြင်ထွက်မည်လုပ်တော့…
“ဟာ…ကိုကြီးထွန်းမောင်…မထွက်နဲ့လေ…
ဟိုကပုန်းပြီးခဲနဲ့ထုနေတာ…
ခင်ဗျားကိုလာ မှန်ကုန်မှာပေါ့”
“ဟုတ်တယ်သားကြီး…နေပါဦးကွာ…
ရွာသားတွေလည်းကြားကြ မှာပါ…
သူတို့လာတဲ့အထိစောင့်ရအောင်ကွ….”
“ကျုပ်တော့ကြောက်တယ်ကိုထွန်းခင်ရယ်…
အခုလိုလည်းတစ်ခါမှလည်းမဖြစ်ဖူးပါဘူးတော်…”
သူကြီးကတော်က တဘုန်းဘုန်းအသံတွေကြောင့်
အတော်ကြောက်နေသည်။
သူတို့စကားပြောနေကြစဥ်မှာပဲ ဘွားမယ်စိန်က
တောင်ဝှေးကြီးထောက်၍ အိမ်အပြင်ကိုထွက်သွားလေရာ…
“အမေကြီး…ဘယ်သွားမလို့လဲဗျ…
ခဲတွေမှန်ဦးမယ်လေ…”
“ဘွား…ဖြစ်ပါ့မလား…မသွားပါနဲ့ဗျာ…”
ဦးထွန်းခင်နှင့်မောင်အုန်းတို့ကဘွားမယ်စိန်ကို
လှမ်းအော်ကြသည်။
မောင်တိုးကချက်ချင်းပင်မီးအိမ်ယူပြီး ဘွားမယ်စိန်အနောက်မှလိုက်၏။
“ဘုန်း…ဘုန်း…ဘုန်း….”
မြေကြီးခဲများကအဆက်မပြတ်ပင် အိမ်ကိုထုနေခဲ့သည်။
ထူးဆန်းသည်ကဘွားမယ်စိန်ကိုယ်ပေါ်သို့
တစ်လုံးတစ်လေပင်ထိမှန်ခြင်းမရှိခဲ့ပေ။
မောင်တိုးကလည်းဘွားမယ်စိန်အနောက်မှ မီးအိမ်ဖြင့်အလင်းပြရှာသည်။
ဦးထွန်းခင်တို့မိသားစုကတော့ အလွန်အံ့သြ​နေကြ၏။
ဘွားမယ်စိန်က ခြံရှေ့ကိုလှမ်းကြည့်ရင်း
ခြေစုံကိုရပ်တန့်လိုက်ကာ…
“ဟဲ့…နင့်ကိုဘယ်သူခိုင်းတာလဲ”
ဘွားမယ်စိန်ကြည့်နေသောနေရာကို
မောင်တိုးလှမ်းကြည့်လိုက်သောအခါ မည်သူ့ကိုမှမတွေ့ရ။
“ငါမေးနေတယ်လေ…နင့်ကိုဘယ်သူခိုင်းတာလဲ…”
ဘွားမယ်စိန်မေးနေစဥ်မြေကြီးခဲထိမှန်သံများ
ရပ်တန့်သွားသည်။
“နင်မဖြေလည်းနင့်ကိုဘယ်သူခိုင်းသလဲဆိုတာ
ငါသိတယ်ဟဲ့…
ဒါပေမယ့် အခုလိုလုပ်တဲ့အတွက်
နင့်ကိုငါအပြစ်ပေးမှရလိမ့်မယ်…”
ဟုပြောကာဘွားမယ်စ်ိန်သည်ဂါထာရွတ်ဆိုပြီး…
“ဒုတ်…”
ခနဲတောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်ရာ….
“အား——-”
ဟုသောအသံနက်ကြီးထွက်ပေါ်လာခဲ့လေသည်။
ထိုအသံနက်ကြီးနှင့်အတူ…
“ဘုတ်…ဘုတ်…ဘုတ်…ဘုတ်..ဘုတ်……”
ဟုသောပြေးသံကြီးကိုပါကြားလိုက်ရ၏။
ပြေးသံကိုနားထောင်ကြည့်ယုံဖြင့်
အရွယ်အစားကြီးသောအကောင်ကြီးဆိုတာကို
မောင်တိုးတို့သိလိုက်ကြသည်။
ထိုသို့အော်သံ…ပြေးသံများကြောင့် ရွာသူ၊ရွာသားများ
မီးတုတ်များကိုင်ပြီးရွာသူကြီးအိမ်သို့ရောက်လာခဲ့ကြသည်။
ရွာသူ၊ရွာသားများလာတော့ သူကြီးနဲ့သူကြီးကတော်တို့ကသာ
ဖြစ်ကြောင်းကုန်စင်ရှင်းပြကြရ၏။
ဘွားမယ်စိန်နှင့်မောင်တိုးတို့ကတော့အိမ်အပေါ်ထပ်သို့
ပြန်တက်သွားကြလေသည်။
နောက်တစ်နေ့နံနက်မိုးလင်းတော့…
ဘွားမယ်စိန်ကဘုရားခန်း၌ဘုရားရှစ်ခိုးနေသည်။
မောင်တိုးနဲ့မောင်အုန်းတို့ကတော့
ထွန်းမောင်နှင့်အတူနွားတဲအမိုး
အသစ်လဲသည်ကိုကူညီပေးနေကြသည်။
“ဟေ့…ထွန်းမောင်…
မင်းလာစမ်း…မင်းဘွားတော်ကိုရောခေါ်လာခဲ့…”
အောင်သန်းက ဓားရှည်တစ်လက်ကိုင်၍ခြံပြင်မှ
အော်၍ပြောသည်။
လူသည်ကလည်းအတော်မူးနေဟန်ရ၏။
“ဘာလဲအောင်သန်း…မင်းမူးနေရင်ကိုယ့်အိမ်ကိုပြန်နော်..
ငါ့အိမ်ရှေ့မှလာပြီးအော်ဟစ်မနေနဲ့…”
ထွန်းမောင်က လုပ်လက်စကိုချထားခဲ့ပြီး
အောင်သန်းကိုပြောလိုက်သည်။
“မင်းဘွားတော်ကိုခေါ်လိုက်…
အဲ့ဘွားတော်ကိုသတ်ရမှငါကျေနပ်မယ်…”
“ခင်ဗျား ဘာတွေပြောနေတာလဲ…
ရူးနေလား…”
“ငါ့သားဘာဖြစ်တာလဲ…”
“မသိပါဘူးအဖေရာ…ကျုပ်တို့ကိုလာရန်လိုနေတာ…
အလကား အရက်သမား….”
ဦးထွန်းခင်နှင့်ဒေါ်မြင့်တို့ကလည်း
ထွန်းမောင်အနီးရောက်လာကြသည်။
မောင်တိုးနဲ့မောင်အုန်းတို့လည်း
တဲပေါ်မှဆင်းလာပြီးထွန်းမောင်နံဘေး၌ရပ်နေကြ၏။
“ဟိုနှစ်ကောင်မင်းတို့ဘွားတော်ဘယ်မှာလဲ…
ခေါ်လိုက်စမ်း…ဘာလဲ ဘွားတော်ကအခုမှ ငါ့ကို
ကြောက်နေတာလားကွ…ဟား—ဟား—
ဟား—ဟား—ဟား—–”
အောင်သန်းက လှောင်ပြောင်ကာရယ်မောနေသည်။
အောင်သန်းအသံကြောင့် ရွာသူ၊ရွာသားတို့ကလည်း
မလှမ်းမကမ်းမှကြည့်နေကြသည်။
“ဟေ့ကောင်အောင်သန်း…ငါကဒီရွာရဲ့သူကြီးဆိုတာ
မင်းမေ့နေသလားကွဟေ…
မင်းကိုငါဖမ်းချုပ်ပြီးထောင်ထဲပို့လို့ရတယ်နော်
ဟေ့ကောင်…”
“တော်စမ်းပါ…ကျုပ်ကိုလာပြီးအာဏာပြချင်မနေနဲ့…
ဖမ်းလေ…ကျုပ်ကိုဖမ်းတဲ့ကောင်တွေအကုန်လုံးကို
ဟောသည်ဓားနဲ့ပိုင်းပြီသာမှတ်…”
အောင်သန်းကဓားကို ဝီးခနဲ…ဝီးခနဲဝှေ့ရမ်းကာပြောသည်။
အောင်သန်းလက်မှဓားကြောင့်ရွာသားတွေကလည်းအနား
မကပ်ဝံ့ကြ။
“မောင်ရင်တို့ဘေးကိုဖယ်ကြ”
ဘွားမယ်စ်ိန်ရောက်လာခဲ့သည်။
“ဘွား…မသွားနဲ့လေဗျာ…”
“ဟုတ်တယ်ဘွား…ဒီလူကမူးနေပုံရတယ်…
တော်နေဘွားကိုဓားနဲ့ခုတ်မ်ိနေမယ်ဗျ”
ထွန်းမောင်တို့ကတားသည်။
“ရတယ်…ဘွားက်ိုလာစိန်ခေါ်ရင်
လူဖြစ်ဖြစ်…အောက်လမ်းဖြစ်ဖြစ် ဘွားဘက်က
ရင်ဆိုင်ရမှာပဲကွဲ့…”
ဟုပြောကာဘွားမယ်စ်ိန်ကခြံတံခါးကိုဖွင့်၍ထွက်လေသည်။
ရွာသူ၊ရွာသားတို့ကတော့ ဘွားမယ်စိန်ကို
အောင်သန်းဓားချက်နဲ့သေတော့မှာပဲဟု ပြောနေကြ၏။
အောင်သန်းကလည်းဘွားမယ်စိန်ကို…
“အဘွားကြီး…ခင်ဗျားကြောင့်ကျုပ်ဆရာ
ပြန်ပြေးသွားပြီ…ခင်ဗျားဘာလုပ်လိုက်တာလဲဲပြော…”
“ဟဲ့…အောင်သန်း…နင့်ဆရာဆိုတဲ့အကောင်နဲ့
နင်နဲ့က တစ်ရွာလုံးကိုလိမ်စားတာအားမရကြ
သေးဘူးလား”
“ဘာပြောတယ်…ကျုပ်တို့က
လိမ်စားကြတယ်ဟုတ်လား…ပါးစပ်ပါတိုင်းတော့
လူတိုင်းလျှောက်ပြောတတ်တယ်ဗျ…”
“အေး…ငါဘက်ကလျှောက်ပြောတယ်ဆိုရင်လည်း…
အခုနင့်ဆရာကဘယ်မှာလဲ…”
“ကျုပ်ဆရာက…ခင်ဗျားကြောင့်…
ခင်ဗျားသူ့ကိုရန်ပြုလို့ပြန်သွားပြီလေ…
အဲ့တာခင်ဗျားကြီးကြောင့်…..”
“ဟာ…”
“ဟယ်…”
အောင်သန်းကအော်ရင်းဘွားမယ်စိန်ကိုဓားဖြင့်ပြေးပိုင်းသည်။
ဘွားမယ်စိန်တော့သွားပြီဟုအားလုံးထင်နေကြ၏။
သို့သော်အောင်သန်းဓားကိုဘွားမယ်စိန်က
မျက်တောင့်နီကြီးဖြင့်စိုက်ကြည့်လိုက်ရာ
ဓားမှာဘွားမယ်စိန်ထံသို့ပင်မရောက်ဘဲ
အောင်သန်းလက်ကြီးကလှုပ်မရ…ပြုမရဖြင့်
တောင့်တောင့်ကြီးဖြစ်လို့သွားသည်။
သူကြီးဦးထွန်းခင်တို့နဲ့လာကြည့်နေကြသူများထံမှ…
“ဟာခနဲ…ဟင်ခနဲ “အသံများကပြိုင်တူပင်ထွက်ပေါ်လာခဲ့၏။
အောင်သန်းမှာ ဓားကိုင်ထားသောလက်ကို
အတင်းဆွဲလှုပ်နေပါသော်လည်း အရာမထင်ဖြစ်လို့နေ၏။
“အဘွားကြီး…ကျုပ်လက်ကိုခင်ဗျားဘာလုပ်လိုက်တာလဲ”
ဟုအော်ဟစ်ရင်း.. အောင်သန်း
အတော်လေးကြောက်လန့်နေသည်။
“မောင်ရင်လက်ကသုံးလို့ မရတော့ဘူး…
လူလည်းမသေချင်ဘူးဆိုရင်တော့အဲ့သည်လက်ကို
ဓားနဲ့သာဖျက်ချပစ်လိုက်…”
“ဗျာ….ခင်….ခင်ဗျား….”
အောင်သန်းတစ်​ယောက် ကြောက်သေးများပင်
ပေါက်ချနေသည်။
နဖူးထက်မှချွေးစေးများကျဆင်းနေပြီး…
ဘွားမယ်စိန်ကိုစိုက်ကြည့်ကာ…
“အမယ်လေး…ကျုပ်တောင်းပန်ပါတယ်အမေ​ကြီးရယ်…
ကျူပ်ကိုခွင့်လွှတ်ပေးပါဗျာ…
ကျုပ်တောင်းပန်းပါတယ်….အီး—ဟီး—ဟီး—ဟီး—”
ဟုငိုချတော့သည်။
ဘွားမယ်စိန်ကမည်သည့်စကားမှမပြောဘဲ
တွေတွေကြီးစိုက်ကြည့်နေခဲ့ရာ…
“ကျုပ်တောင်းပန်ပါတယ်ဗျာ…
ကျုပ်လက်ကိုအရင်အတိုင်းပြန်လုပ်ပေးပါ…
ကျုပ်အမေကြီးကိုရန်လုံးဝမပြုတော့ပါဘူးဗျာ…
အီး—ဟီး—ဟီး—”
အောင်သန်းကတော့ငိုယိုလို့နေသည်။
ထိုစဥ်လူအုပ်ကြားထဲမှအသက်ငါးဆယ်ကျော်
အမျိုးသမီးကြီးတစ်ဦးထွက်လာခဲ့၏။
ထိုအမျိုးသမီးကြီးကဘွားမယ်စိန်၏အရှေ့သို့
ဒူးထောက်ထိုင်ချပြီး လက်အုပ်လေးကိုချီ၍…
“အမေကြီး…ကျုပ်ကသူ့အမေပါ…
ကျုပ်သား…ဆိုးတာမိုက်တာကိုလည်းကျုပ်သိပါတယ်…
ဒါပေမယ့်ကျုပ်ကသူ့အမေဆိုတော့မနေသာလို့ပါရှင်
ကျုပ်သားကိုခွင့်လွတ်ပေးပါအမေကြီးရယ်…
ကျုပ်တောင်းပန်ပါတယ်တော်…”
ဟု…ပြောသောအခါဘွားမယ်စိန်လည်းမနေသာ၍…
“အင်း…ညည်းကအမေဆိုတော့
အမေရဲ့စိတ်က်ိုနားလည်ပါတယ်အေ…
ကဲ…ဟိုအကောင်…နင်နဲ့နင့်ဆရာဘာတွေ
ကြံစည်ခဲ့သလဲဆိုတာအားလုံးသိ​အောင်ဝန်ခံ…
ဝန်ခံရင်ခွင့်လွှတ်ပေးမယ်…”
“အ…အမေကြီး…တကယ်ပြောတာလား…”
“ဟဲ့…ငါကညာမလား…
တယ်…အတော်မိုက်မဲတဲ့အကောင်…”
“ဖြန်း…ဖြန်း…”
“အောင်သန်း…နင့်အပြစ်ကို နင်ဝန်ခံလေ…”
“အား…နာလိုက်တာအမေရာ…”
အောင်သန်းအမေကအောင်သန်းမျက်နှာကို
တဖြန်းဖြန်းမည်အောင် ထရိုက်တော့သည်။
နာလွန်း၍အောင်သန်းလည်းပါးကိုလက်ဖြင့်ပွတ်ရင်း…
“အခုချိန်မှတော့ကျုပ်အမှန်တိုင်းပြောပါ့မယ်…
ပြောရရင်ရွာအနောက်ပိုင်းကတစ္ဆေဆိုတာ
ကျုပ်ဆရာမွေးထားတဲ့အကောင်ကြီးပါ…
သူ့ကိုကျုပ်ဆရာကအဲ့သည်နေရာလာတဲ့လူကောနွားကော
ခြောက်လန့်ဖို့ခိုင်းထားတာပါ…”
“ဟာ…အတော်မိုက်ရိုင်းလိုက်တဲ့အကောင်တွေ…”
“ဟုတ်ပဟယ်…ကိုယ့်ရွာကိုတောင်လုပ်ရက်လိုက်တာ”
“အားလုံးတိတ်ကြ…”
သူကြီးကဆူညံသံများကိုတိတ်စေသည်။
“အဲ့တာ…ကျုပ်ဆရာကတစ္ဆေကိုဖယ်ရှားချင်ယောင်ဆောင်ပြီး
ဟိုလူပေးတာယူ…ဒီလူပေးတာယူနဲ့
ကျုပ်တို့အတော်လေးအဆင်ပြေခဲ့ပါတယ်..
အဲ့လိုအဆင်ပြေနေချိန်အမေကြီးရောက်လာတော့…
ကျုပ်တို့လိမ်ထားသမျှပေါ်ကုန်မှာဆိုးလို့
ဆရာကသူ့တစ္ဆေကိုအမေကြီးကိုသတ်ဖို့လွှတ်လိုက်တာပါ…
ဒါပေမယ့်တစ္ဆေကအမေကြီးအနားတောင်မကပ်နိုင်လို့
အိမ်အပြင်ကနေခဲတွေနဲ့ထုပြီး ခြောက်လန့်ခဲ့ပုံရပါတယ်…
အဲ့သည်လိုခြောက်လန့်တော့အမေကြီး
ပြန်အပြစ်ပေးလိုက်ရာကတစ္ဆေလည်းပြေး….
ကျုပ်ဆရာလည်းပြေးကုန်တာပါပဲဗျာ”
“အင်း…မောင်ရင်တို့ကိုစမြင်ကတည်းက
မောင်ရင်တို့ကတစ္တေတစ်ကောင်မွေးပြီး
ဆရာလုပ်စားနေတဲ့သူနဲ့
အဲ့သည်ဆရာကိုအပြည့်အဝထောက်ပံ့ပေးနေတဲ့
ရွာခံလူမိုက်တွေဆိုတာ ဘွားသိတာပေါ့…
ဒါပေမယ့်အများနဲ့အငြင်းပွားရမယ့်ကိစ္စတွေကို
ဘွားဘက်ကနေရှောင်တယ်…
ကိုယ့်ဘာသာဧည့်သည်လိုနေတယ်…
အဲ့သည်လိုနေတဲ့ကြားကနေ မောင်ရင်တို့ဘက်ကအလိမ်ပေါ်မှာကြောက်ပြီး…ဘွားကိုလာတိုက်ခိုက်ကြတော့
ဟောကြည့်လေ…အခုလိုဆရာလည်းပြေး…
တစ်ရွာလုံးလည်းသိ…ဖြစ်ကုန်ပြီမဟုတ်လား ”
“ဟုတ်ပါတယ်…ဘွားပြောတာမှန်ပါတယ်ဗျာ”
“ကဲ…ကဲ…ဘွားဘက်ကတော့ပြောစရာကုန်ပြီ…
ကျန်တာသူကြီးပဲရှင်းပေတော့…”
“ဒုတ်…”
ဘွားမယ်စိန်ကပြောစရာပြောပြီးနောက်တောင်ဝှေးကို
တစ်ချက်ဆောင့်ချလိုက်သောအခါ အောင်သန်း၏ဓားကိုင်ထားသောလက်လည်းလှုပ်လို့ရသွားခဲ့သည်။
ဘွားမယ်စိန်ကတော့ အိမ်ဝိုင်းထဲသို့ပြန်ဝင်သွားတော့၏။
“အဲ့သည်ကောင်ကိုချုပ်ဖမ်းထားကြဟေ့
ခွေးကောင်…ကိုယ့်ရွာကိုမစောင့်ရှောက်တဲ့အပြင်
သူကပါဝိုင်းလိမ်ရတယ်လို့ကွာ….ဖီ….ရွံဖို့ကောင်းတဲ့ကောင်”
ရွာသူကြီးက အောင်သန်းကိုဖမ်းထားတော့သည်။
ထိုအခါအောင်သန်းအမေကဝင်မတားတော့ပဲ
ရှောင်ထွက်သွာတော့၏။
အောင်သန်းကိုထိပ်တုံးခတ်ထားပြီးချိန်…
“အမေကြီး…အောက်ကိုခဏဆင်းခဲ့ပေးပါဦး”
ဟု…သူကြီးကတော်ဒေါ်မြင့်ကလာခေါ်သည်။
ဘွားမယ်စိန်လည်းဒေါ်မြင့်နှင့်အတူဆင်းလိုက်လာခဲ့တော့
ခြံဝိုင်းထဲ၌တစ်ရွာလုံးရောက်နေပုံရသည်။
“အမေကြီးဒီခုံမှာထိုင်ပါ…ရွာသူ၊ရွာသားတွေကအမေကြီးအပေါ်မှာ
စော်ကားထားမိကြလို့ ရှစ်ခိုးတောင်းပန်ချင်နေကြလို့ပါ…”
ဟုသူကြီးဦးထွန်းခင်ကပြောလေသည်။
ဘွားမယ်စိန်လည်းခုံ၌ဝင်ထိုင်ပေးတော့
အားလုံးကသူတို့အပြစ်ကိုခွင့်လွှတ်ပေးပါဟုပြောရင်း
ကန်တော့ကြလေသည်။
“ခွင့်လွှတ်ပါတယ်ကွယ်…
ဒါပေမယ့်ကိုယ့်ရွာကိုယ့်အရေးမှာတော့
အားလုံးညီညီညွှတ်ညွှတ်နဲ့ကာကွယ်ကြပါ…
ဒါဆိုရင်လူလိမ်တွေ…လူမိုက်တွေမကပ်ရဲဘူးကွဲ့….”
“ဟုတ်ကဲ့”
“အေး…အေး…အေး…အေး…
​မြေကြီးကအေးပါဘိနဲ့…ထကြတော့….ထကြတော့”
ထိုသို့ဖြင့်ဖရဲကုန်းရွာသူ၊ရွာသားတို့ကလည်း
ဘွားမယ်စိန်တို့အပေါ်၌အမြင်ပြောင်းလဲသွားကြသည်။
ဘွားမယ်စိန်တို့ကိုလည်းရွာ၏ကယ်တင်ရှင်ကြီးများပမာ
အတော် လေးစားချစ်ခင်သွားကြ၏။
ဘွားမယ်စိန်တို့ပြန်မည့်ရက်သို့ရောက်လာတော့လည်း
ငိုယိုကြသဖြင့် ဘွားမယ်စိန်တို့ပင်
စိတ်မကောင်းဖြစ်ကြရလေသည်။
သို့သော်လည်း မိမိတို့ရပ်ရွာကို
ခွဲခွာလာတာလည်းကြာပြီဖြစ်တာကြောင့်
ဘွားမယ်စိန်တို့လည်း ဖရဲကုန်းရွာသူ၊ရွာသားတို့ကို
နှုတ်ဆက်၍ပြန်လာခဲ့ကြရသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)