လောဘသားကောင်

ဆေးရွက်ကြီးငုံ၍ မီးပုံကြီးဘေး၌ ထိုင်နေလေသည်။

ဦးဖေတင်တို့ သုံးဦးလည်း မီးပုံနံဘေး၌ပင် လှဲလျောင်းအနားယူနေလေသည်။

ခဏကြာသောအခါ ခွေးပုသည် ရုတ်တရက်ထလာကာ မုဆိုးကြီးတေမိအား “မုဆိုးကြီး အိပ်ချင်အိပ်လေဗျာ…ကျွန်တော် စောင့်ပေးမယ်” ဟု ပြောလေသည်။

မုဆိုးတေမိလည်း ခွေးပုကို ရုတ်တရက်ကြည့်လိုက်ကာ ခေါင်းခါပြ လိုက်ပြီးလျှင် “ရပါတယ် ဗျာ ခင်ဗျာဘာသာ အိပ်ပါ ကျွန်တော်စောင့်ပေးပါ့မယ်”ဟု သဘောရိုး​ဖြင့်ပြောလိုက်လေသည်။

ခွေးပုကလည်း “ဟုတ်ပါပြီဗျာ”…. ကျွန်တော်အပေါ့သွားအုန်းမယ် ဟုဆိုကာ သူလွယ်ထားသည့် လွယ်အိပ်ထဲမှ ဆေးမှုန့်ထုတ်ကို နိူက်ယူလိုက်ကာ မုဆိုးတေမိ မသိအောင် မီးပုံအတွင်းသို့အသာလေး ပစ်ထည့်လိုက်ကာ အပေါ့သွားမည်ဟုဆိုကာ မှောင်ရိပ်ထဲသို့ ဝင်သွားလေတော့သည်။

မီးဖိုအတွင်းမှ တဖစ်ဖစ်မြည်သံများကြားလာကာ စိမ်းရွှေရွှေ ရနံ့များသည် မုဆိုးတေမိ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာကာ မုဆိုးတေမိလည်း လဲကျ၍ လောကကြီးနှင့်အဆက်သွယ်ပြတ်သွားလေတော့သည်။

ကျန်လူများဖြစ်ကြသော ဦးဖေတင်နှင့် မောင်ကြီးတို့လည်း အိပ်နေရင်းမှ သတိလစ်မေ့မြောသွားလေတော့သည်။

ထိုအခါမှ အကြံသမားခွေးပုသည် နှာခေါင်းကို သူ၏ အဝတ်တစ်ထည်ဖြင့် စည်းကာ ဦးဖေတင်ခေါင်းအုန်းအိပ်နေသော လွယ်အိပ်ထဲမှ ကျောက်လက်ဝါးကို ခိုးယူကာ မုဆိုးတေမိညွှန်ပြထားသော ဖြတ်လမ်းသို့ ပြေးဝင်ပျောက်ကွယ်သွားလေတော့သည်။

ခွေးပုလည်း တောကြီးမျက်မည်းထဲတွင် ကျောက်လက်ဝါးကို ခိုးယူ၍ စမ်းတဝါးဝါးဖြင့်ပြေးနေရသည်။

တစ်ခါတရံ အစာရှာနေသော ကျားကြီးများ၏ အသံများသည် ခွေးပု ကို ကြောက်စိတ်များ ဖြစ်ပေါ်နေစေသည်။

မီးမပါပဲနှင့် တောကြီးမျက်မည်းထဲ တွင်ပြေးနေရသည်မှာ ခွေးပုအဖို့ လုံးဝခရီးမတွင်ချေ။

ခွေးပုလည်း ဓားရှည်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း ကြောင်လန့်တကြားပြေးနေသည်မှာ မနက်အာရုဏ် တက်ချိန်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

“ရှေ့ကြည့်….. ရှေ့ကြည်”
ရုတ်တရက် လူတစ်ဦးလေချွန်သလို အော်မြည်လိုက်သည့်  ပြည်ကျိုးငှက် တစ်ကောင်၏ အော်မြည်သံနှင့်အတူ “တရိန်း…တရိန်း…ဝေါင်း…”ဟု ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်သံကြီးအဆုံးတွင် ခြုံအတွင်းမှ တောကောင်ကြီးသည် ခွေးပုကို ခုန်အုပ်လိုက်ချေတော့သည်။

“အား… “

ခွေးပု၏ အော်သံကြီးအဆုံးမှာတော့ တောကောင်ကျားကြီးသည် ခွေးပု၏ လည်ပင်းကို ကိုက်ကာ သွေးဖောက်သောက်နေချေပြီဖြစ်သည်။

~~~

“ကျီကျလိ..ကျိလိ…..”
“အိုးဝေ…အိုးဝေ…..”

ကျေးငှက်များနှင့်ဒေါင်းငှက်များ၏ တွန်ကြူးသံနှင့်အတူ တိတ်ဆိတ်နေသော မဲဇာတောကြီးက ပြန်လည်အသက်ဝင်လာသည်။

အာရုဏ်ကျင်း လင်းရောင်ခြည်ဖျော့ဖျော့တို့သည် မဲဇာတောကြီး၏ သစ်ရိပ်ဝါးရိပ်များကိုမထိုးဖောင်နိူင်ပေမဲ့ တော၏ဝန်းကျင်ကိုတော​့ ကောင်းစွာ မြင်နေရပြီဖြစ်သည်။

“အား..ကျွတ်..ကျွတ် ကျွတ်”. …..

မုဆိုးတေမိသည် ရုတ်တရက်နိူးလာသော်လည်း သူ၏ မျက်လုံးကိုကောင်းစွာမဖွင့်နိုင်သေးပေ။
သူ၏ဦးခေါင်းတစ်ခုလုံးမှာလည်း နောက်ကျိနေကာ ခေါင်းမူး​ေဝနေသည်။

သို့သော် မုဆိုးတေမိလည်း ရုတ်တရက်ညက အဖြစ်ပျက်ကို သတိရသွားသောကြောင့် အားတင်း၍ ထထိုင်လိုက်သည်။

ပြီးနောက်ဘေးပတ်ဝန်းကျင်ကိုဝေ့ကာ ကြည့်လိုက်သည်။

သူ၏ ဘေးတွင်တော့ လက်စွဲတော်ဒူးလေးနှင့်မြှားကျည်တောက်က ရှိနေလေသည်။

“ဟူး”….တော်သေးသည်ဟုပြောရမည်။
ကျောက်လက်ဝါးကို ခိုးယူထွက်ပြေးသွားသော ခွေးပုသည် သူ၏ဒူးလေးနှင့်မြှားကျည်တောက်ကိုပါ ယူမသွားသောကြောင့် မုဆိုးတေမိ ဝမ်းသာသွားလေသည်။

သူလည်း ဒူးလေးကို ကောက်ယူကာ မီးပုံဘေးတွင် ကွေးကွေးလေးသတိလစ်မေ့မျောနေသော ဦးဖေတင်နှင့်မောင်ကြီး ကို သတိရအောင် ပြုလုပ်ပေးရပြန်လေသည်။

မုဆိုးတေမိ လှုပ်နိူးသောအခါမှ ဦးဖေတင်နှင့်မောင်ကြီးလည်း လူးလဲ ထလိုက်ကာ ဘေးပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ဖြင့်ကြည့်နေလေသည်။

မုဆိုးတေမိလည်း ဝါးကျည်တောက်ထဲမှ ရေဖြင့် သူကိုယ်တိုင်မျက်နှာသစ်လိုက်သလို ဦးဖေတင်နှင့် မောင်ကြီး ကိုလည်း ရေဖြင့်မျက်နှာကို တောက်လိုက်လေသည်။

ထိုအခါမှ ပင် ဦးဖေတင်နှင့်မောင်ကြီးသည် အသိပြန်ဝင်လာကာ ဦးဖေတင်က သူ၏ကျောက်လက်ဝါးထည့်ထားသော လွယ်အိပ်ကို အသည်းသန် ရှာဖွေနေလေတော့သည်။

ထိုအခါမှ မုဆိုးတေမိက ညက ခွေးပုအကြောင်းကို ပြန်ပြောင်းပြောပြလိုက်လေသည်။

“တောက် ခွေးမသား.. ”
“ကျွေးတဲ့လက်ပြန်ကိုက်တဲ့ကောင်”ဟု ဦးဖေတင်က ဒေါသအမျက်ချောင်းချောင်းထွက်နေသည်။

မောင်ကြီးကတော့ ခွေးပုကို “တွေ့ရာသင်္ချိုင်း ဓားမစိုင်း”ဟု ကြွေးကြော်နေလေတော့သည်။

“ကဲ မောင်တေမိ ဦးတို့ ဘယ်လို လုပ်ကြမတုန်း”

မုဆိုးတေမိက “လိုက်ရ မှာပေါ့ ဦးလေးရယ်”
” ဒီကောင် ညက ကျွန်​တော်ပြောတဲ့ဖြတ်လမ်းက ပြေးမှာ သေချာတယ်”
” ဒီကောင် ကျွန်တော့်လက်က မလွတ်ပါဘူး”ဟု ရဲရဲကြီးအာမခံလိုက်လေတော့သည်။

ညက မုဆိုးတေမိပြောလိုက်သည့် ဖြတ်လမ်းဆိုသည်မှာ တကယ့်ဖြတ်လမ်းမဟုတ်ချေ။
ခွေးပုကို မသင်္ကာ သဖြင့် လီဆည်၍ ပြောလိုက်ခြင်းသာဖြစ်လေသည်။

~~~~

မုဆိုးတေမိတို့သုံးဦးလည်း ခွေးပု ပြေးမည်ဟုထင်သော လမ်းသို့ ခပ်သုပ်သုက်ကလေး အသောနှင်လာခဲ့ကြလေသည်။

“အိုးဝေ…ကြိုးခွေ” ဟု အော်နေသည့် ဒေါင်းများနှင့်မျောက်အော်သံများ…….သစ်တောက်ငှက်များ၏ “တစ်တောက်တောက်” သစ်ပင်ခေါက်သံ များ….. ငပျောက်ခေါ် ကျားသစ်ကြီးများ၏ “ဝူးဂဲ..ဝူးဂဲ”…..ဟစ်နေသည့် ဝမ်းခေါင်းသံကြီးများသည် မဲဇာတောကြီးကို တစ်မျိုးထူးခြားနေလေသည်။

မုဆိုးတေမိ တို့လည်း ခွေးပု ၏ နောက်သို့ လိုက်နေသည်မှာ နေမွန်းတည့်ချိန်ပင် ရောက်ခါနီးလုပြီ။

“ဥုံဖွဖွ…. ဥုံဖွဖွဖွ….”

ရုတ်တရက်အော်လိုက်သည့် တောလုံငှက် တစ်ကောင်၏ အသံကြောင့် မုဆိုးတေမိလည်း ဒူးလေး၏ လေးညို့ကို စွဲတင်လိုက်ကာ မြှားကျည်တောက်ထဲမှ မြှားတံကို ယူ၍ မြှားထိန်းမြောင်းထဲသို့ ထည့်လိုက်လေသည်။

ပြီးနောက် တော၏ ပတ်ဝန်းကျင် ကို မျက်စိလျင်လျင်ထားကာ သတိကြီးစွာဖြင့် ချည်းကပ်လာခဲ့ကြသည်။

“ဝေါင်း..”
ရုတ်တရက် ဟိန်းဟောက်၍ အခြားတောဘက်သို့ ပြေးဝင်သွားသော ကျားတစ်ကောင်၏ ခန္ဓာကိုယ်အနောက်ပိုင်းကို မုဆိုးတေမိတွေ့လိုက်ရသည်။

ပြီးနောက် သွေးညှီနံ့တို့ သည် မုဆိုးတေမိတို့သုံးဦး၏ နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

မုဆိုးကြီးတေမိလည်း ထိတ်ထိတ်ပြာပြာ ဖြင့် ရှေ့သို့ ခပ်သုတ်သုတ်ကလေး လျှောက်လာခဲ့သည်။

“ဟင်…..”

ယင်းမည်းရိုင်းများသည် ဝေါခနဲ ထပြန်သွားသည့် နေရာတွင် မှောက်ခုံလဲကျသေဆုံးနေသော ခွေးပု၏ ရုက်အလောင်းကို မုဆိုးတေမိတို့သုံးဦး တွေ့လိုက်ရသည်။

ခွေးပု၏နောက်ကျောပြင်သည် ကျားစားထားသောကြောင့် ဟောင်းလောင်းပွင့်နေကာ အူများပြတ်ထွက်နေသည်။

ဦးဖေတင်နှင့်မောင်ကြီးလည်း ခွေးပုအလောင်းဘေးသို့ ပြေးသွားကာ ပျောက်ဆုံးနေသော ကျောက်လက်ဝါးကို အသည်းသန် ရှာဖွေနေလေသည်။

“တွေ့ပြီ ဆရာကြီး…..ဒီမှာ”

မောင်ကြီး သည် သွေးများပေကြံနေသော လွယ်အိပ်ထဲမှ ကျောက်လက်ဝါးကို နိူက်ယူကာ သူ၏ဆရာဖြစ်သူ ဦးဖေတင်ကို ပေးလိုက်လေသည်။

ထိုအခါမှ ပင်ဦးဖေတင်၏ မျက်နှာသည် ဝင်းပသွားလေတော့သည်။

“ကဲ…ဦးလေးတို့ ပစ္စည်းလဲ ပြန်ရပြီ ခွေးပုအလောင်းကို မြေမြှပ်ပေးလိုက်ရအောင်”ဟု မုဆိုးတေမိက ဦးဖေတင်နှင့်မောင်ကြီးကို ပြောလိုက်လေသည်။

~~~~~

မုဆိုးတေမိတို့လည်း ကျားစားထားသော ခွေးပု၏ အလောင်းကို ခက်ခက်ခဲခဲမြုပ်နှံ လိုက်ကာ ပျဥ်းမပင်ရွာဘက်သို့ ခြေဦးလှည့်ကာပြန်လာခဲ့ကြလေသည်။

မဲဇာတော၏ ညနေခင်းသည် သာယာလှပနေလေသည်။

မုဆိုးကြီးတေမိတို့ သုံးဦးလည်း ပျဥ်းမပင်ရွာ သို့ ပြန်လာနေသည်မှာ ညနေပင်စောင်းနေချေပြီ။

“ကဲ…ဦးလေး….ပျဥ်းမပင်ကို မနက်ဖြန်ညနေ လောက်မှ ရောက်မယ် ခုတစ်ညတော့ တောထဲမှာ ပဲ အိပ်ရမယ် “ဟု မုဆိုးတေမိက ဦးဖေတင်ကို ပြောလိုက်သည်။

“မောင်တေမိ ကောင်းသလိုသာ စီစဥ်ကွာ….ဦးလေးတို့က လိုက်နာဖို့အသင့်ပဲ” ဟု ဦးဖေတင်က ပြန်ပြောလိုက်လေသည်။

ထိုအခါမုဆိုးတေမိက “ဦးလေးကဒီနေရာက စောင့်နေပါ”
” ကျွန်တော်နဲ့ကိုမောင်ကြီးက ညစာအတွက် တောကောင်လိုက်ပစ်လိုက်အုန်းမယ်”
” ပြီးတော့ ရေပါခပ်လာခဲ့မယ်” ဟု ပြောကာ မောင်ကြီးကိုခေါ်၍ တောကောင်ပစ်ရန် ထွက်သွားလေတော့သည်

ဦးဖေတင်လည်း ပျဥ်းကတိုးပင်ကြီး၏ အောက်၌ ခဏအမောဖြေကာ ထင်းခြောက်များရှာ၍ မီးဖို လေတော့သည်။

မုဆိုးကြီးတေမိနှင့်မောင်ကြီးတို့နှစ်ဦး လည်း ရေကျသံကြားနေရသည့်ဘက်သို့ ထွက်လာခဲ့သည်မှာ ကွမ်းတစ်ယာညက်ခန့် ပင်ရှိလေသည်။

“ကျလိ…ကျလိ…..”
“ဝေါ…ဝရော..”
ရုတ်တရက်ထူးဆန်းအံ့သြဖွယ် အသံ ကြီးကြောင့် မုဆိုးကြီးတေမိလည်း ဒူးလေး၏ လေးညို့ကို ဆွဲတင်ကာ မြှားတံကို မြှားထိန်းမြောင်းအတွင်းငသို့ထည့် လိုက်ကာ ထိုအသံကြားရာ စမ်းချောင်းနားသို့တိုးကပ်လာခဲ့သည်။

“ကျိလိ…ကျိလိ….ကျွိ…”
သစ်ရွက်ကြွေများပေါ်သို့ ဖြတ်နင်းလာသည့်အသံ ကြီးနှင့်အတူ ထူးဆန်းသောအသံရှင် အကောင်ကြီးသည် မည်သည့်အကောင်ဖြစ်သည်ကို မုဆိုးကြီးတေမိ ဝေခွဲမရဖြစ်နေလေသည်။

“ဗျော…​​ဗျော….ဗျော…”
ခြေချောင်းများစွာနှင့်သစ်ရွက်ခြောက်များပေါ် နင်းလျှောက်လာသည့် အကောင်ကြီးသည် မုဆိုးတေမိတို့ ရှေ့တွင် ဘွား ခနဲ ပေါ်လာလေသည်။

“ဟင်…..ကင်းခြေများကြီး….”
“ကိုတေမိ ပစ်ပစ်”

ကိုမောင်ကြီး၏ အော်သံနှင့်အတူ မုဆိုးတေမိကလည်း ဒူးလေးကို လျင်မြန်စွာ ချိန်တွယ်၍ ပစ်ခတ်လိုက်တော့သည်။

ခြုံအကွယ်မှ ဝေါခနဲ ထွက်လာသည့် ခြေချောင်းများစွာပိုင်ရှင် တောကင်းကြီးသည် မုဆိုးတေမိတို့ကိုမြင်တွေ့ သွားသောကြောင့် ရုတ်တရက်တိုက်ခိုက်ရန် လျင်မြန်စွာ ပြေးလာနေသည်။

“ဒေါင်……”
“ဝှစ်…..”

လေညို့မှ အရှိန်ပြင်းစွာ ပြေးထွက်သွားသော မြှားတံသည် တောကင်းကြီး၏ ဦးခေါင်းတည့်တည့်သို့ စိုက်ဝင်သွားလေတော့သည်။

“ဝုန်း..ဝရော…ဝရော..”
“ကျိကျိကျိ….”

အရှည် လေးပေခန့် ရှိသည့် ကြီးမားသော တောကင်းကြီးသည် မြှားဆိပ်ဒဏ်ကို ခံစားနေရသောကြောင့် တွန့်လိန်ကောက်ကွေးကာ ခြေချောင်းများသည် လှုပ်လှုပ်ရွရွဖြင့် အသည်းယားဖွယ်ရာ ကောင်းနေတော့သည်။

ကိုမောင်ကြီးကလည်း ဓားအိမ်ထဲမှ ဓားရှည်ကို ထုတ်ယူလိုက်ကာ တောကင်းကြီး၏ အနားသို့တို့ကပ်၍ ခေါင်းကို ချွန်ထက်သည့်ဓားဦးဖြင့် စိုက်ချကာ ဇီဝိန်ချူပ်ပေးလိုက်တော့သည်။

“ဟင်းစား တစ်ခွက်တော့ရပြီဗျို့ “

“ဟင်….”
“ဒီကောင်ကြီးကို စားမလို့လား ကိုတေမိ “

“စားရမှာပေါ့ဗျာ”
” ဒီကောင်ကြီးကြောင့် ကျူပ်တို့ ဘာသားကောင်မှ ပစ်လို့ရတော့မှာ မဟုတ်ဖူး “

“လိုက်ရှာပြီး ပစ်ရင်လည်း မိုးကချူပ်တော့မှာဗျ”

“ကဲဗျာ ဓားနဲ့ ခါးလယ် ကို နှစ်ပိုင်းလောက်တုန်းပြီးယူခဲ့  “ကျွန်တော်ရေသွားခပ်လိုက်အုန်းမယ်ဟု မုဆိုးတေမိက ကိုမောင်ကြီးကို ပြောကာ စမ်းချောင်းဘက်သို့ ထွက်သွားလေတော့သည်။

~~~~~

မုဆိုးကြီးတေမိနှင့်ကိုမောင်ကြီးတို့ ပြန်လာသောအခါ ဦးဖေတင်က မီးဖိုပင် ကောင်းစွာဖို ထားပြီဖြစ်လေသည်။

မုဆိုးတေမိလည်း ရေထည့်ထားသော ဝါးကျည်တောက်ကို မီးဖိုဘေးတွင်ထောင်လိုက်ကာ ပစ်ခတ်ရရှိလာသော တောကင်းကြီး၏ အသားတုံးကြီး နှစ်တုံးကို ဝါးချွန်ဖျား၌ ထိုးကာ မီးကင်လေတော့သည်။

ဦးဖေတင်နှင့်မောင်ကြီးတို့ နှစ်ဦးကတော့ မုဆိုးတေမိလုက်သမျှကို လိုက်ကြည့်နေလေသည်။

မကြာမှီအချိန်တွင်~~~~။

တဖျစ်ဖျစ်မြည်သံနှင့်အတူ တောကင်းကြီး၏ အသားတုံးကြီးများထဲမှ အဆီများသည် မီးပုံထဲသို့ စီးကျနေကာ မွှေးပျံ့သော ရနံ့တို့ ထွက်ပေါ်လာလေသည်။

ထို အသားကင်၏ ရနံ့ကို ရသော အခါမှပင် ဦးဖေတင်နှင့်မောင်ကြီးတို့ နှစ်ဦး၏ ဝမ်းဗိုက်ထဲမှ တကျူတ်ကျူတ် ဆာလောင်လာလေသည်။

မုဆိုးကြီးတေမိလည်း ဝါးချွန်၌ ထိုး၍ ကင်ထားသည့် တောကင်းကြီး၏ အသားတုံးကြီးကို အနီးရှိတောငှက်ပျောပင်မှ ခုတ်ယူထားသည့် ငှက်ပျောရွက်ထဲသို့ ထည့်လိုက်ကာ ဓားမြှောင်ဖြင့် အသားတုံးကြီးနှစ်တုံးကို လှီးဖြတ်လိုက်လေသည်။

ထိုအခါမှ တောကင်းကြီး၏ အသားများသည် ပုစွန်ကင်သဏ္ဌန် ရဲနေကာ မွှေးကြိုင်နေတော့သည်။

သူတို့သုံးဦးလည်း အသားကင်ပေါ်သို့ ဆားလေးအနည်းငယ်ဖြူးကာ မြိန်ရှက်စွာ စားသောက်ကြလေတော့သည်။

ပြီးနောက် ဝါးကျည်တောက်ထဲမှ ရေကျက်အေး လိုဖြစ်နေသည် ရေကို သောက်လိုက်ကြကာ ဗိုက်ဆာနေသည်ကို ဖြေရှင်းလိုက်ကြတော့သည်။

~~~
ထိုညကတော့ သူတို့သုံးဦးသား မအိပ်ကြပဲနှင့် မီးပုံဘေးတွင် ရောက်တတ်ရာရာစကားများကို ပြောကာ မနက်လင်းရောင်ခြည်ကို စောင့်မျှော်နေကြလေတော့သည်။

သမင်ဟောက်သံ ချေ(ဂျီ)တောက်သံများ… ဝက်ဝံကြီးများ၏ ဝမ်းကျူတ်သံများ အသားစားကျားရဲတို့၏ ဟိန်းဟောက်သံများနှင့်အတူ ကျေးငှက်ကလေးများ၏ အိပ်တန်းမှ နိူးကာ တေးသီနေသံများကို မုဆိုးတေမိတို့သုံးဦးသားကြားလိုက်ရသောအခါ မကြာမှီ လင်းရောင်ခြည် လာတော့မည်ကို သူတို့သုံးဦး၏ စိတ်၌ အလိုလိုသိရှိလာကြလေတော့သည်။

မနက်ရောင်နီလာသော အခါ မုဆိုးတေမိတို့ သုံးဦးလည်း ပျဥ်းမပင်ရွာဆီသို့ တက်ကြွရွှင်လန်းသော ခြေလှမ်းကျဲ ကြီးများဖြင့် ပျော်ရွှင်စွာ ပြန်ခဲ့ကြလေတော့သတည်း။

သူတိူ့ သုံးဦး၏  နောက်မှ ရုပ်ပျက်ဆင်းပျက်ဖြင့် လိုက်လာနေသည့် လောဘသားကောင် ခွေးပု၏ ဝိညာဥ်ကိုတော့  မည်သူမျှ မတွေ့ကြချေ။

စာဖတ်သူများကို အစဥ်လေးစားလျက်
##မောင်နတ်ဆေး(မင်းလှ)