မကြည့်၏ဇာတ်သိမ်း

နင့်ဦးလေးဖိုးထွန်းက မကြည်ကိုတွေ့ပြီး တစ်ပတ်လောက်နေရာ ထမင်းမစား၊ ဟင်းမစားတော့ဘဲ ပါးစပ်က တကြည်ကြည်ထဲ အော်နေလို့ နောက်ဆုံးပေးစားလိုက်ရတယ်တဲ့၊ စုန်းကိုယူတော့ နင့်ဦးလေးကိုလည်း ရွာသားတွေက ရွာမှာမထားတော့ဘဲနှင်ထုတ်လိုက်လို့ အခုဒီကိုပြန်ရောက်လာတာမဟုတ်လား”

“ဟုတ်ပါ့နော်၊ ဦးလေးဖိုးထွန်းက အဲဒီပုပု၀၀မကြည်ဆိုတဲ့ မိန်းမကြီးကို ဘာကြည့်ပြီးယူခဲ့လဲမသိပါဘူး”

“ဟဲ့၊ နင့်ဦးလေးက သိမလားဟ၊ ဟိုကောင်မက တစ်ရွာသားဆိုပြီးတော့ ဆေးခတ်လိုက်တာနေမှာပေါ့”

အမေပြောတာ ဟုတ်သလိုလိုပဲဗျ၊ အဲဒီနောက်ပိုင်းကစပြီး အမေက မကြည်နဲ့သိပ်စကားမပြောဘူး၊ အမျိုးတွေဆိုပေမယ့် မသိသလိုပဲနေတယ်၊ မကြည်ကလည်း ကျုပ်တို့အိမ်ကိုမလာဘူး၊ တစ်ခုခုရှိရင်တောင် သူ့ယောက်ျားဦးလေးဖိုးထွန်းကိုပဲ လွှတ်ပြီးခိုင်းလိုက်တာမဟုတ်လား။

(၂)

မကြည်က ဦးဘသာတို့နဲ့ ထိပ်တိုက်မတွေ့ပေမယ့် ရွာမှာတော့ ဖမ်းစားနေတုန်းဗျ။ ဒါပေမယ့် ရွာမှာအမြဲနေတဲ့သူတွေကိုတော့မဟုတ်ပါဘူး၊ ရွာကိုလာလည်တဲ့သူတို့၊ ခဏလာတည်းတဲ့ တစ်ရွာသားတွေကို ဖမ်းစားပြီးတော့ ရွာစာချခိုင်းတာပဲဗျို့၊ ဦးဘသာကြီးက ဝင်မပါဘူး၊ မကြည်လောက်ကိုတော့ ဆေးဆရာကြီးက ကိုင်တွယ်နိုင်တာမို့လို့၊ ရွာစာချလိုက်တာနဲ့ အဆင်ပြေသွားတာပဲဗျ။

မကြည်က အမဲသား၊ ဝက်သားဆိုသိပ်ကြိုက်တာ၊ အကြိုက်ဆုံးကတော့ ဝက်သားပေါ့ဗျာ၊ ဝက်ဆိုလည်း အဆီထူထူနဲ့ သုံးထပ်သားမှကြိုက်တာ။ ဝက်သားက ကျုပ်တို့ဆီမှာရှားတယ်ဗျ၊ မြို့တက်ဝယ်မှရတာကိုး။

တစ်ခုပြောပြအုံးမယ်၊ အဲဒီနှစ်က ကျုပ်တို့အမျိုးတစ်ယောက် ရွာကိုလာလည်ပါရော၊ အဖေ့ဘက်က အမျိုးတွေပါ၊ ဟိုးအထက်ဘက်က ဆင်းလာကြတာ၊ လူအုပ်ကတော့ ခပ်တောင့်တောင့်ပဲ၊ ကလေးအပါအဝင် လူရှစ်ယောက်လောက်ရှိတယ်၊ ကျုပ်တို့အညာသားတွေကလည်းအမျိုးဆိုရင် ခင်တယ်ဗျ၊ လူဘယ်လောက်များများ စိတ်မကွက်ဘူးမဟုတ်လား၊ ကလေးတွေက ခြောက်ယောက်၊ သူတို့လင်မယားက နှစ်ယောက်၊ ကလေးတွေကလည်း ခြံထဲပြေးလွှားဆော့တော့တာပေါ့၊ အိမ်က ညီမတွေနဲ့လည်း အဖော်ရတယ်မဟုတ်လား။

ကလေးတွေဆော့လွန်းလို့ လူပျိုပေါက်ဖြစ်နေတဲ့ ကျုပ်တောင်မှ အတော်မျက်စိနောက်တာ၊ ဒါကြောင့်မို့လည်း အမေက ကျုပ်တို့ငယ်ငယ်က မျောက်တွေလို့ခေါ်ခဲ့တာနေမှာဗျ။ ညနေထမင်းစားပြီးတာနဲ့ ကလေးတွေက တန်းစီပြီးအိပ်တော့တာပဲဗျ၊ ကျုပ်တို့အိမ်အပေါ်ထပ်မှာ ဝရန်တာတံခါးဖွင့်ပြီး အိပ်ကြတာပေါ့၊ လေလေးတဖြူးဖြူးနဲ့အိပ်လို့သိပ်ကောင်းဗျာ။

အဲ၊ ဒါပေမယ့် ည (၁) နာရီလောက်ရောက်တာနဲ့ ကလေးတွေအားလုံး ထပြီးငိုကြတာပဲဗျ၊ ကလေးငယ်တွေမပြောနဲ့ ကလေးတွေထဲက အကြီးဆုံး ဆယ့်လေးနှစ်လာက်ရှိမယ့်ကောင်လည်း ငိုလိုက်တာဗျာ၊ စကားမေးတော့လည်း ဘာမှမေးမရဘူး၊ ဗလုံးဗထွေးတွေပြောပြီး ငိုကြတာ၊ အဖေက ဘုရားကျောင်းဆောင်က သောက်တော်ရေစွန့်ပြီးတိုက်တယ်၊ သောက်တော်ရေနဲ့ပက်တော့မှ ငြိမ်ကျသွားကြတာဗျာ။

အဲဒီလိုက ညတိုင်းဖြစ်နေတာဗျ၊ သုံးရက်လောက်ဆက်တိုက်ဖြစ်နေတော့ အဖေတို့ကလည်း တစ်ခုခုဆိုတာ သိနေပြီလေ၊ ညတိုင်းထငိုကြတော့ လူကြီးတွေလဲ အိပ်ရေးပျက်တာပေါ့ဗျာ၊ ဒါနဲ့ ကျုပ်လည်း ဦးဘသာကြီးကို သတိရသွားတာပေါ့၊ အဖေ့ကိုပြောတော့ အဖေက ဦးဘသာကိုမခေါ်ခိုင်းဘူးဗျ။ ဒါနဲ့ ဆေးဆရာကြီးကိုပဲ သွားပင့်ရတာပေါ့။

ဆေးဆရာကြီးစစ်တော့ ပယောဂဆိုတာ တန်းပေါ်တာပဲဗျ၊ အလတ်မက မကြာပါဘူး တစ်ကိုယ်လုံးတုန်ယင်လာပြီးတော့ စကားတွေပြောတယ်။

“ငါဝက်သားစားချင်တယ်၊ ဝက်သုံးထပ်သား နှစ်ပိသာကို ရွာထွက်တစ်ဖက်လမ်းက ကန်ပျက်ကြီးနားမှာ သွားထားထားပေးပါ၊ မပေးရင် ခုနစ်ရက်ပြည့်ရင် ဒင်းတို့ငါ့အကြောင်းသိရမယ်”

ကလေးမိဘတွေလည်း ထိတ်ထိတ်လန့်လန့်နဲ့ပေါ့ဗျာ၊ ဒါနဲ့ ရွာစာချဖို့သဘောတူလိုက်တယ်၊ ကျုပ်ကတော့မကျေနပ်ဘူးဗျာ၊ ဆေးဆရာကြီးမို့လို့သာ ဒီလိုစုန်းကိုကျွေးခိုင်းတာ၊ ဦးဘသာကြီးဆိုရင်တော့ မကြည်ကိုအပြတ်နှိပ်ကွပ်လိုက်မှာလို့တွေးပြီး ကျိတ်မနိုင်ခဲမရဖြစ်နေတာပေါ့ဗျာ။

ကျုပ်တို့ရွာတွေကိုဖြတ်ပြီးတော့ ဈေးကားတွေထွက်တယ်ဗျ၊ သစ်သားကားကြီးတွေပါ၊ ဒေါ့ဂျစ်လို့ခေါ်တဲ့ ခွေးကြီးကားတွေပေါ့ဗျာ၊ ခေါင်းက ခွေးခေါင်းကြီးတွေနဲ့တူတယ်လေ၊ အဲဒီကားကြီးတွေနဲ့ မြိုင်သာကိုလိုက်သွားပြီးတော့ ဝက်သားသုံးထပ်သားဝယ်တာပေါ့ဗျာ။

အိမ်ရောက်တော့ မကျက်တကျက်ချက်ပြုတ်ပြီးတော့ ကန်ပျက်ကြီးရဲ့ပေါင်မှာ သွားချပေးထားလိုက်တယ်၊ ကန်ပျက်ကြီးဆိုတာက တစ်ချိန်က သောက်ရေကန်ကြီးဗျ၊ နောက်တော့ ကန်ကမသန့်တော့တာနဲ့ မသောက်တော့တဲ့အပြင် ပစ်ထားလိုက်တော့ ကန်ပေါင်တွေပြိုကျပြီးတော့ ရွံ့တွေ၊ နွံတွေပဲ ရှိတော့တဲ့ကန်ကြီးပေါ့။
အဲဒီမှာ ချထားပြီးတာနဲ့ ကလေးတွေက ကောင်းသွားတာပဲဗျာ၊ ကျုပ်လည်းမကျေနပ်တာနဲ့ မကြည်တို့ကိုစောင့်ကြည့်တယ်ဗျ၊ ဦးလေးဖိုးထွန်းက အလုပ်ပင်ပန်းလို့လားမသိဘူး တဖြည်းဖြည်းပိန်လာပေမယ့် မကြည်ကတော့ဗျာ အသားတွေချည်းတောင်းစားနေလို့မသိပါဘူး၊ ဝတုတ်ပြီး ဝက်ကြီးနဲ့တူတယ်ဗျာ။

(၃)

တစ်ရက်တော့ လယ်ထဲကနေ ဦးဘသာနဲ့ကျုပ်နဲ့ နွားတွေဆွဲပြီးတော့ အတူတူပြန်လာကျတာပေါ့၊ နေကလည်းအတော်စောင်းနေပြီလေ၊ ပြန်လာရင်း ရွာအထွက်ရောက်တော့ မကြည်နဲ့တွေ့တယ်ဗျ၊ မကြည်က ခမောက်ကြီးကို ခပ်ငိုက်ငိုက်စောင်းထားတာ၊ နေလည်းမပူ၊ မိုးလည်းမရွာနဲ့ ဘာဖြစ်လို့လဲပေါ့။ ကျုပ်တို့နားကိုရောက်တော့ ခမောက်ကိုပိုပြီးငုံ့ဆောင်းလိုက်တယ်ဗျ၊ ကျုပ်တို့ဖြတ်တော့ ဦးဘသာက ခါးထောက်ပြီးတော့ မကြည်ကိုကြည့်လိုက်တယ်။

“မကြည်၊ နင်အဲဒီလိုမလုပ်နဲ့နော်၊ တောင်ပေါ်ကိုယ်တော်လေးကို သွားမစမ်းပါနဲ့”

မကြည်က ဦးဘသာကြီးကိုတစ်ချက်မော့ကြည့်ပြီးတော့ ဆဲပါလေရောဗျာ၊ ကျုပ်လည်း မကြည်မျက်နှာကိုဖြတ်ခနဲတွေ့လိုက်တာ သူ့မျက်နှာတစ်ခုလုံးမှာ ဇီးကင်းလောက်ရှိမယ့် အဖုကြီးတွေထနေတယ်ဗျ။ နောက်တော့ ရွာပြင်ကိုခြေလှမ်းကျဲကြီးနဲ့ထွက်သွားတယ်၊ ဦးဘသာကတော့ ထုံးစံအတိုင်း ခပ်ပြုံးပြုံးပဲဗျ။

တောင်ပေါ်ကိုယ်တော်လေးဆိုတာ ဦးဇင်းတစ်ပါးပါ။ တန်းမြင့်ရွာကို ခဏရောက်နေတဲ့ ဦးဇင်းလေးပါ။ ဦးဇင်းက ပညာတော်တော်ထက်တယ်ဗျ၊ စုန်းတို့ ပယောဂတို့သာမက ဘုရားတိုက်လို အတိုက်အခိုက်တွေကိုပါနိုင်တယ်။ သူကလှည့်လည်သွားလာနေပြီးတော့ လူနာတွေကို ကုပေးနေတာပေါ့။

“ဦးဘသာ၊ တောင်ပေါ်ကိုယ်တော်လေးနဲ့ မကြည်နဲ့က ဘာဖြစ်လို့လဲဗျ”

“ဘာမှမဟုတ်ပါဘူးကွာ၊ မကြည်က တန်းမြင့်ကလူတွေကို ဖမ်းစားတတ်လို့၊ တောင်ပေါ်ကိုယ်တော်လေးရှိတဲ့အချိန်ဆိုရင် ရှောင်ရအောင်လို့ သတိပေးလိုက်တာ”

“ဒါဆို အဲဒီတောင်ပေါ်ကိုယ်တော်လေးနဲ့ ဦးဘသာနဲ့ ဘယ်သူက ပိုစွမ်းသလဲဗျ”

ကျုပ်မေးခွန်းက ကလေးမေးခွန်းဗျ၊ ဒါပေမယ့် ဦးဘသာကြီးက ကြားတော့ ပြုံးနေပြန်ရော။

“မင်းပြောသလိုသိချင်တယ်ဆိုရင် ငါတို့နှစ်ယောက်ပညာပြိုင်မှရမှာကွ၊ ဒါပေမယ့် ငါထင်တာတော့ ကိုယ်တော်လေးက ငါ့ကိုနိုင်လောက်တယ်ကွ၊ သူက သင်္ကန်းဝတ်ကြီးနဲ့ကွ၊ နောက်တော့ ငါနဲ့လည်း သုံးလေးခါလောက်ဆုံဖူးပါတယ်”

ဦးဘသာကြီးကိုတောင် နိုင်တယ်ဆိုတော့ ဒီဦးဇင်းတော်တော်စွမ်းရမယ်လို့ ကျုပ်ခန့်မှန်းလိုက်တယ်ဗျ။ နောက်တော့ရွာထဲက ပြောစကားတွေအရ မကြည်က တန်းမြင့်ရွာက ဆီဆုံပိုင်ရှင်ကို သွားဖမ်းစားတာ၊ ဟိုက ကိုယ်တော်လေးနဲ့ကုလိုက်တော့ တန်ပြန်ပြီးတော့ သူ့မျက်နှာတွေ အဲဒီလိုဖြစ်သွားတာပဲတဲ့ဗျာ၊ ဦးလေးဖိုးထွန်းကတော့ ဘာမှသိပုံမရဘူး၊ သူ့မိန်းမဖြစ်တာ ရောဂါလို့ထင်နေပုံပဲဗျ။

မှတ်မှတ်ရရ အဲဒီနေ့က လပြည့်နေ့ပြီးတော့ နောက်တစ်နေ့ဗျ။

“သူကြီးရေ၊ သူကြီး”

လူတစ်ယောက်ခြံထဲပြေးဝင်လာလို့ကျုပ်တို့လည်း လှမ်းကြည့်လိုက်တာပေါ့၊ အချိန်က မနက်အစောကြီးရှိသေးတာ၊ ကျုပ်တို့တောင် မနက်စာမစားရသေးဘူးဗျ။ ကျုပ်တို့တောမှာက မနက်စာကို မနက် (၅) နာရီလောက်စားကြတာဆိုတော့ အဲဒီထက်တောင်စောနေသေးတယ်ဗျာ။

ရေးကြီးသုတ်ပြာနဲ့ပြေးလာတဲ့သူက ကိုအောင်ဘု လို့ခေါ်တယ်ဗျ။

“ဘာဖြစ်တာလဲ အောင်ဘုရေ”

“မကြည်၊ မကြည် ဗိုက်ကြီးပွင့်ပြီး ဓါးကြီးတန်းလန်းနဲ့ဆုံးသွားတယ်ဗျ”

အဖေက ကိုအောင်ဘုနောက်လိုက်သွားဖို့ ပုဆိုးပြင်ဝတ်တယ်၊ ဒါမျိုးတော့ ကျုပ်လည်းဘယ်လက်လွတ်ခံပါ့မလဲ အဖေ့နောက်ကနေ အပြေးလိုက်လာခဲ့တာပေါ့ဗျာ၊ ဦးလေးဖိုးထွန်းတို့အိမ်ရှေ့မှာ လူတွေစုရုံးစုရုံးဖြစ်နေကြတယ်၊ ဦးလေးဖိုးထွန်းက အိမ်တံခါးကြီးပိတ်ထားပြီး အိမ်တံခါးရှေ့မှာ ကိုင်းခုတ်ဓါးကြီးကိုင်ပြီး ရပ်နေလို့ဗျ။

“အနားမကပ်နဲ့၊ ငါ့အိမ်ထဲကိုဝင်တဲ့သူကို ငါသတ်ပစ်မယ်”

မျက်ထောင့်နီကြီးနဲ့ တော်တော်ကိုကြောက်စရာကောင်းတာဗျာ။ ရွာကလူတွေကလည်း အုံခဲနေတာပေါ့၊အဖေရောက်လာတော့ အားလုံးက နောက်ဆုတ်ပေးလိုက်တယ်၊ ကျုပ်လည်း အဖေ့နောက်ကနေလိုက်သွားတာပေါ့ဗျာ။

“ဟေ့ ဖိုးထွန်း၊ ရပ်လိုက်စမ်း၊ ငါကြည့်စမ်းမယ်”

“မကြည့်ရဘူး၊ ခင်ဗျားအရှေ့တိုးရဲရင် တိုးလာခဲ့၊ ခင်ဗျားကိုအရင်ခုတ်ပစ်မယ်”

ဒီအချိန်မှာပဲ ရွာက ကာလသားတွေက ဝါးရင်းတုတ်တွေ၊ လှံတွေကိုင်ပြီးတော့ ရောက်လာကြတယ်။

“သူကြီး၊ ဖယ်ဗျာ၊ ဒီကောင့်ကို ကျုပ်တို့ဝိုင်းပြီးရိုက်မယ်”

“မလုပ်ပါနဲ့ကွာ၊ ရွာသားအချင်းချင်းတွေ သွေးထွက်သံယိုတွေမလုပ်ကြပါနဲ့”

ဦးလေးဖိုးထွန်းက ပုံမှန်ဆိုရင် အေးအေးဆေးဆေးနေတတ်တဲ့သူဗျ၊ အခုတော့ သူ့ကိုကြည့်ရတာ သရဲကြီး ဘီလူးကြီးတစ်ကောင်လိုပဲဗျာ၊ နောက်တော့ ဓါးကိုတရမ်းရမ်းနဲ့ ဝှေ့ယမ်းနေတာနဲ့ ကျုပ်တို့လည်းအနောက်ဆုတ်လိုက်တယ်။

“ဖိုးထွန်း မင်းလက်ထဲက ဓါးကိုချလိုက်စမ်းပါ၊ ငါတို့မင်းကိုဘာမှမလုပ်ပါဘူးကွ”

ဒါနဲ့ပဲ ကိုအောင်ဘုကို မေးကြည့်ရတာပေါ့ဗျ။

“ကျုပ်သေချာတွေ့လိုက်တာဗျ၊ ကျုပ်က ထင်းကုန်နေလို့ ကိုဖိုးထွန်းဆီက ထင်းခဏယူမယ်ဆိုပြီး အိမ်ဘေးကိုအလာမှာ အိမ်ထဲက တအီအီနဲ့အော်သံကြားတာနဲ့ ကြမ်းပေါက်ကနေ ချောင်းကြည့်လိုက်တာဗျ။ အထဲမှာ မကြည်က ဓါးကြီးတန်းလန်းနဲ့ဗျာ၊ သွေးတွေကလည်း အိုင်နေတာပဲ၊ ကြမ်းပေါက်ထဲကတောင်ကျနေတယ်”

အခုတော့ ဦးလေးဖိုးထွန်းက ဓါးတကြိမ်းကြိမ်းနှင့်မို့ ဘယ်သူမှသွားမရတော့ဘူးပေါ့ဗျာ၊ အဲဒီအချိန်မှာ ဦးဘသာကြီးက နွားနှစ်ကောင်ဆွဲပြီးတော့ ရွာထဲကနေဖြတ်လာရင်း ကျုပ်တို့ကိုတွေ့သွားပါရော၊ ကျုပ်လည်း ဦးဘသာကြီးဆီကိုပြေးသွားတာပေါ့ဗျာ။ ကယ်တင်ရှင်တွေ့သွားသလိုမျိုး ပျော်သွားတာပေါ့။

“ဦးဘသာကြီး လုပ်ပါအုံးဗျာ”

ဦးဘသာကြီးက ခါးထောက်ပြီးတော့ ကြည့်နေတယ်ဗျ။

“ဟာ၊ ဖိုးထွန်းဆေးဖောက်နေပြီဟ၊ ငါ့ကိုရေတစ်ပုံးပေးစမ်း”

ကျုပ်လည်းအနီးအနားအိမ်ထဲက သံဖြူရေပုံးတစ်လုံးကို ရေခပ်ပြီးပေးလိုက်တယ်၊ ဦးဘသာကြီးက သူ့လက်ကိုရေပုံးထဲကိုထည့်လိုက်ပြီးတော့ ရေကိုလက်ဝဲရစ်ရစ်ပြီး လက်ကိုမွှေ့နေတယ်ဗျ။ နောက်တော့ ကျုပ်ကို ရေပုံးကြီးပေးလိုက်ပြီး

“သွားစမ်း၊ အဲဒီကောင်ကို သွားပက်လိုက်ချေ”

ကျုပ်လည်း ရေပုံးကြီးကိုင်ပြီး ဓါးတရမ်းရမ်းနဲ့ ဦးလေးဖိုးထွန်းကို ရေနဲ့ပက်လိုက်တာပေါ့ဗျာ၊ တစ်ပုံးလုံးနဲ့ ပက်လိုက်တာဆိုတော့ ဦးလေးဖိုးထွန်းတစ်ကိုယ်လုံး ရေတွေရွှဲသွားတာပေါ့၊ အဲဒီတော့မှ ဦးလေးဖိုးထွန်းက ငေါင်ငေါင်ကြီးရပ်နေတယ်ဗျ၊ နောက်တော့ လက်ထဲက ကိုင်းခုတ်ဓါးကို မြေပေါ်ကို ပစ်ချလိုက်တယ်။

“ကျုပ်၊ ကျုပ်ဘာတွေဖြစ်နေတာလဲ”

ကာလသားတွေက ဦးလေးဖိုးထွန်းကို ဝိုင်းဖမ်းချုပ်လိုက်ပြီး အဖေကလည်း တံခါးဖွင့်ပြီးအိမ်ထဲဝင်ခဲ့တာပေါ့ဗျာ၊ ကိုအောင်ဘုပြောတဲ့အတိုင်းပဲ အိမ်ခန်းထဲမှာ ဘေးစောင်းကြီးလဲနေတဲ့ မကြည်ကိုတွေ့သွားတာပေါ့၊ ဓါးတစ်ချောင်းက မကြည်ရဲ့ကိုယ်လုံးကိုဖောက်ပြီး ဝင်နေတယ်ဗျာ၊ ကျောက်ဘက်မှာ ဓါးရိုးနဲ့ ဓါးသွားက ဗိုက်အရှေ့အထိ ပေါက်ထွက်နေတာဗျာ။

မျက်နှာကြီးကလည်း ပြူးတူးပြဲတဲကြီးနဲ့ တော်တော်ကြောက်ဖို့ကောင်းတယ်ဗျာ၊ အဖေကလည်း နယ်ထိန်းတွေခေါ်ခိုင်း၊ မြို့က ရဲတွေကိုခေါ်ခိုင်းတာပေါ့၊ နောက်ဆုံးတော့ ရဲတွေရောက်လာတယ်ဗျာ။ အဲဒီဓါးကြီးမှာ စာတစ်ကြောင်းရေးထားတယ်ဗျ၊ မြေဖြူလိုလိုဟာနဲ့ရေးထားတာ အဲဒီစာကိုဖတ်ပြီးတော့ ရဲတွေအံ့အားသင့်သွားတယ်လေ၊ စာက နာမည်တစ်ခုရေးထားတာဗျာ၊ အဲဒီနာမည်က တောင်ပေါ်ကိုယ်တော်လေးရဲ့ ဘွဲ့နာမည်တဲ့ဗျ။

“အဲ၊ အဲဒါ မကြည်က တောင်ပေါ်ကိုယ်တော်လေးနဲ့ ပညာပြိုင်ပြီးတော့ ရှုံးသွားတာပဲဖြစ်ရမယ်”

ကျုပ်အော်ပြောလိုက်မိတယ်ဗျ။ မကြာပါဘူး ရဲတွေက မကြည်အလောင်းကိုသယ်သွားကြတယ်၊ တောင်ပေါ်ကိုယ်တော်လေးကိုလည်း မေးမြန်းတော့ ကိုယ်တော်လေးက ဟုတ်တယ်လို့ပြန်ဖြေတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သက်သေတွေရှိနေပြီဆိုတော့ တောင်ပေါ်ကိုယ်တော်လေးကို လူဝတ်လဲပြီး ဖမ်းသွားကြတယ်ပြောတယ်ဗျာ။
အဲဒီပွဲမှာ မကြည်လဲသေတယ်၊ တောင်ပေါ်ကိုယ်တော်လေးလဲ ဖမ်းခံရတယ်ဗျ၊ နောက်တော့ ဘာဆက်ဖြစ်သွားလဲတော့ ကျုပ်တို့လည်းမသိပါဘူး၊ ထောင်ကျသွားတယ်လို့တော့ တစ်ချို့ကပြောကြတယ်။

ဘုန်းကြီးကျောင်းဘေးနားမှာ အခုထိဦးလေးဖိုးထွန်းနဲ့ မကြည်တို့နေခဲ့တဲ့ အိမ်ကလေးရှိနေသေးသဗျ၊ အခုတော့ လူမရှိတဲ့ ခြံကြီးလိုမျိုး သစ်ပင်တွေ၊ နွယ်ပင်တွေနဲ့ အုပ်ဆိုင်းနေတာပေါ့ဗျာ၊ ဒါပေမယ့် သေသေချာချာလှမ်းကြည့်လိုက်ရင် အိမ်တိုင်တွေနဲ့ အိမ်ပျက်ကြီးကို မြင်တွေ့ရတယ်ဗျ၊ အဲဒီအိမ်ကလေးက မကြည်တို့တွေ မတရုတ်မဆီကနေငွေချေးပြီးတော့ ခိုင်ခိုင်မာမာဆောက်ထားခဲ့တဲ့ သစ်သားအိမ်ကလေးပေါ့ဗျာ။

ဦးလေးဖိုးထွန်းကတော့ ရူးသလိုလို၊ ကြောင်သလိုလိုနဲ့ ဖြစ်သွားတာ ကျုပ်တို့တော်တော်အသက်ကြီးကြီးထိပဲဗျ၊ နောက်တော့ရွာကနေထွက်သွားပြီး ဘယ်ရောက်သွားမှန်းမသိ၊ သတင်းအစအနတောင် မရတော့ပါဘူးဗျာ။

မကြည်သေသွားပေမယ့် အခုအထိ ရွာမှာ မကြည်အကြောင်းပြောဆိုနေတတ်တယ်ဗျ၊ နောက်ပြီး မကြည်တို့ခြံဆိုတာ ဝယ်မယ့်သူမရှိ၊ နေမယ့်သူမရှိဘူးဗျာ၊ အခု အဲဒီနေရာက ရွာလမ်းမကြီးဘေး ကွန်ကရစ်ခင်းထားတဲ့ လမ်းဘေးအကွက်အကွင်းကောင်းဖြစ်သွားပေမယ့် ဘယ်သူမှနေမဲ့သူမရှိဘဲ ခြံပျက်ကြီးဖြစ်နေသဗျ။ မကြည်သေသွားပေမယ့် မကြည်မွေးထားတဲ့ သရဲတွေက ရွာကလူတွေကို ခြောက်လှန့်နေသေးတယ်လေ။

ကဲ ဒီနေ့တော့တော်ပြီဗျာ၊ နောက်ရက်ကျမှ မကြည်မွေးထားတဲ့ သရဲကြီးသုံးကောင်အကြောင်းကို ပြောပြအုံးမယ်ဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်