ဆရာမအိတုံ

နောက်တော့ဘာမှမကြားရတော့ပေ။

နောက်တစ်ရက်ကျောင်းတက်တော့ ဆရာမများကို မေးကြည့်မိသည်။

“ဆရာမတို့ထဲက တစ်ယောက်ယောက် ညညဆိုကျောင်းနားလာပြီး ငိုကြသေးလား”

သူမေးသည့်အမေးကိုကြားသည့်အခါ ဆရာမများက ထူးဆန်းစွာဖြင့် သူ့ကိုကြည့်ကြသည်။

“ပေါက်ပေါက်ရှာရှာဆရာရယ်၊ ဘယ်သူကငိုမှာလဲ”

ဆရာမများထဲမှလဲ မဟုတ်တော့သည်မို့ ဆရာသိန်း နှုတ်ဆိတ်နေလိုက်သည်။

ထိုညတော့ ငိုသံက တဖြည်းဖြည်းကျယ်လောင်လာသည်။ ငိုယိုနေသည့်သူမှာ အတော်ကျယ်ကျယ်ငိုနေခြင်းဖြစ်သည်၊ ဆရာသိန်းလဲ လူမဟုတ်မှန်းသိလိုက်သည်။ သို့သော် သူက ကြောက်တတ်သူမဟုတ်ပေ။ စောင်ကိုခြုံရင်း နားကိုပိတ်ကာ ကြိတ်မှိတ်ပြီး အိပ်ပစ်လိုက်တော့သည်။

ငိုသံက တဖြည်းဖြည်း ညတိုင်း ပိုပိုဆိုးလာသည်။ နောက်တော့ငိုသံက အဝေးတွင်ငိုနေရာမှ တဖြည်းဖြည်းသူ့အနားသို့နီးကပ်လာပြီး ငိုနေတော့သည်။ ဆရာသိန်းထကြည့်ရာတွင်လဲ မည်သူမျှမတွေ့ရ။ သရဲမကြောက်တတ်သော်လည်း ငိုသံကြောင့် အိပ်ရေးပျက်သည်မို့ လူလည်း ကျန်းမာရေးထိခိုက်လာတော့သည်။

(ဂ)

တစ်ရက်၊ ရွာထဲတွင် အလှူရှိသည်မို့ ဆရာ၊ဆရာမများအတွက် အလှူမှ ထမင်းဟင်းများ မုန့်များကိုလာပေးကြသည်။ ဆရာသိန်းလဲ ညစာကို အပြင်ထွက်မစားတော့ဘဲ အလှူမှပေးသည့် ထမင်းများကိုသာစားသောက်လိုက်လေသည်။ စားပြီးပိုသည့်ထမင်းများနှင့် ဟင်းကျန်များကို ကျောင်းနံဘေးရှိ အမှိုက်ပုံးနားတွင် ဖြန့်ချထားလိုက်တော့သည်။ ခွေးလေခွေးလွင့် တစ်ကောင်ကောင် စားစေလို၍ဖြစ်သည်။ ထိုညက ငိုသံမကြားရတော့။ တစ်လလောက်ဆက်တိုက်ကြားလာရသည့်ငိုသံမှာ မကြားရတော့သဖြင့် တိတ်ဆိတ်နေသလိုခံစားရသည်။

ထိုညက အိပ်နေရင်း သူ့နားအနားမှာ ခေါ်သံကိုကြားလိုက်ရသည်။ ထို့နောက် မျက်နှာကိုလဲ လေအေးအေးများတိုက်ခတ်လာသည်။ ကျောင်းက တံခါးများပိတ်ထားသည်မို့ လေဝင်စရာအကြောင်းမရှိပေ။ နားထဲတွင်လဲ ဆရာ ဆရာနှင့် ခေါ်သံကြားသည့်အတွက် မျက်လုံးဖွင့်ကာ ကိုယ်ကိုဘေးစောင်းပြီး လှည့်ကြည့်မိလိုက်သည်။

ကျောင်းစိမ်းဝတ်စုံ အဖြူအစိမ်းဝတ်ထားသည့် အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ အသက်က ခပ်ငယ်ငယ်လူငယ်ပင်ရှိဦးမည်။ အကျီအဖြူမှာလဲ နွမ်းဖတ်နေကာ ထဘီမှာလဲ အစိမ်းရောင်တောင် သိပ်မပေါ်ချင်တော့။ ထို့အပြင် ထဘီအနားတွေက စုတ်ပြတ်နေပြီး ဖိနပ်လဲမစီးထား၊ အသားကတော့ တော်တော်ဖြူဝင်းပြီး မျက်နှာပေါက်မှာ ကရင်နှင့်ဆင်တူသည်။ ဒူးလောက်ရှည်သည့်ဆံပင်ကြီးကို ဖားလျားချထားပြီး သူ့ကိုပြုံးပြနေလေသည်။

“ကျေးဇူးတင်လိုက်တာဆရာရယ်၊ ကျွန်မလေ ညတိုင်း ဗိုက်ဆာလို့ ငိုငိုနေရတာ၊ အခုဆရာကျွေးတော့မှပဲ စားရတော့တယ်”

“ဒါဆိုလဲ ငိုငိုမနေနဲ့ဗျာ၊ အိပ်ရေးပျက်တယ်၊ နောက်ရက်တွေ ကျုပ်ကျွေးမယ် ဟုတ်ပြီလား”

ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီးနောက် နောက်ပြန်ကြီးလမ်းလျှောက်သွားကာ အမှောင်ထုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ဆရာသိန်းလဲ လန့်နိုးလာခဲ့သည်။ အိပ်မက်လား တကယ်လား သူလဲဝေခွဲမရပေ။ ရုတ်တရက် အိပ်ရာမှထကြည့်ပြီး သူခွေးအတွက်ပုံခဲ့သည့် ထမင်းကျန်ဟင်းကျန်များကို လက်နှိပ်ဓါတ်မီးနှင့် သွားထိုးကြည့်လိုက်ရာ ထမင်းတစ်စေ့တောင်မကျန်ဘဲ ပြောင်သလင်းခါနေသည့် ကြွပ်ကြွပ်အိတ်ကိုသာ မြင်တွေ့ရတော့သည်။

နောက်တစ်နေ့ ညစာကို ရွာထိပ်ရှိထမင်းဆိုင်တွင်သွားစားပြီး အပြန်တွင် ထမင်း ၂၀၀ ဖိုးဝယ်ခဲ့ပြီး ထိုဆိုင်မှ အရိုးအရင်းများနှင့် ဟင်းကျန်များကို တောင်းယူခဲ့သည်။ ဆိုင်ရှင်မေးသောအခါတွင် ကျောင်းရှိခွေးတစ်ကောင်အား ကျွေးမွေးရန်ဖြစ်ကြောင်းပြောပြလိုက်သည့်အခါတွင် ဆိုင်ရှင်က ငါးခေါင်းများ၊ ကြက်ရိုးများကိုပါ ထပ်ထည့်ပေးတော့သည်။ ဆရာသိန်းလဲ ထိုအထုပ်ကလေးကို ဆွဲလာခဲ့ပြီးနောက် အမှိုက်ပုံးနားတွင်မထားတော့ဘဲ ကျောင်းပေါ်သို့တက်သည့် အုတ်ခုံလှေကားထစ်ကလေး အောက်ဆုံးထစ်နားတွင် ကြွပ်ကြွပ်အိတ်ကလေးကို ဖြန့်ကာ ချပေးထားလိုက်တော့သည်။

ထိုညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရာ မနက်လင်းမှသာနိုးတော့သည်။ လူတစ်ကိုယ်လုံးလဲ အားအင်ပြည့်နေသည်။ ထိုကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရသည်မှာ တစ်လခန့်ပင်ကြာခဲ့ပြီဖြစ်သည်။

တစ်နေ့ရွာရှိ အဖိုးသောင်ဟုခေါ်သည့် အဖိုးကြီးတစ်ဦးကျောင်းသို့ရောက်လာတော့ ကျောင်းနှင့်ပက်သက်သည့်အကြောင်းတွေပြောကြရင်း ဆရာသိန်းက စကားစလိုက်သည်။

“ဒါနဲ့ ဒီကျောင်းမှာအလုပ်လုပ်ရင်း သေခဲ့တဲ့ ဆရာမတွေဘာတွေရှိခဲ့ဖူးသလား”

အဖိုးသောင်က ခေတ္တစဉ်းစားနေသေးသည်။

“အင်းရှိခဲ့တယ်ကွဲ့၊ ကြာတော့ကြာပါပြီ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကထင်တယ်၊ ကျောင်းဆရာမတော့မဟုတ်ပါဘူး၊ သူ့နာမည်က နန့်အိတုံလို့ခေါ်တယ်၊ ကရင်မလေးပဲ၊ ကျောင်းမှာဆရာလိုတော့ လုပ်အားပေးဆိုပြီး စာဝင်ပြတဲ့သူပေါ့၊ တစ်ရက်တော့ ဘာအစားမှားလဲမသိဘူး၊ ကျောင်းမှာစာသင်နေတုန်း မူးတယ်ဆိုပြီးတော့ လှဲနေရာက တစ်ကိုယ်လုံးပြာနှမ်းလာပြီး ပါးစပ်က အမြှုပ်တွေထွက်၊ နောက်တော့ဆုံးသွားတာပဲကွ”

“သြော် . . ဘာဖြစ်တာတဲ့လဲ”

“အစာအဆိပ်သင့်တယ်ပြောကြတာပဲ”

အဖိုးသောင်ပြောစကားကြောင့် ဆရာသိန်းလဲ စိတ်ထဲစိတ်မကောင်းဖြစ်သွားသည်။ သူမြင်ခဲ့ရသည့်ဆရာမလေးကိုလဲ သနားမိသွားတော့သည်။

(ဃ)

လစာထုတ်သည့်အခါတွင်တော့ ဆရာသိန်းက ဖျာပုံမြို့သို့တက်ရတော့သည်။ တစ်ကျောင်းလုံးရှိ ဆရာမများအတွက် လစာထုတ်ပြီး ပြန်ပေးရခြင်းလဲဖြစ်သည်။ ထိုနေ့က လစာထုတ်ရက်ဖြစ်သဖြင့် နေ့လည်ကတည်းက ဖျာပုံမြို့သို့ တက်ခဲ့သည်။ မိုးအလွန်ချုပ်မှပြန်ရောက်သည်ဖြစ်ရာ ဆရာသိန်းလဲ ပင်ပန်းသဖြင့် အိပ်စက်လိုက်တော့သည်။

ပက်လက်အိပ်နေရင်း လေအေးများတိုက်ခတ်လာတော့သည်။ မျက်စိဖွင့်ကြည့်လိုက်ရာ သူထောင်ထားသည့် ခြင်ထောင်ကြီးမှာ အလံကြီးတစ်ခုသဖွယ်လွင့်နေပြီး ကျောင်းမျက်နှာကြက်တွင် ပျံဝဲနေလေသည်။ ထိုစဉ် သူခြုံထားသည့်စောင်ကို လူတစ်ယောက်က ခြေရင်းကနေ ဆွဲပြီးလွှင့်ပစ်လိုက်တော့သည်။ ဆရာသိန်းလဲ ခြေရင်းကို ကြည့်လိုက်မိသည်။

“အောင်မယ်လေးဗျ”

သရဲမကြောက်တတ်သည့် ဆရာသိန်းပင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ သူ့ခြေရင်းတွင် အမျိုးသမီးတစ်ဦးမတ်တပ်ရပ်နေပြီး ထိုအမျိုးသမီး၏ ဆံပင်တွေက လေထဲတွင်ဝဲပျံနေကြသည်။ မျက်လုံးကြီးနှစ်လုံးကလဲ အရောင်တွေလက်နေပြီး ပါးစပ်ပြဲကြီးက နားရွက်နားအထိရှိကာ ပါးစပ်ထဲမှ ဖြူဖွေးနေသော အစွယ်တွေကိုလည်း မြင်တွေ့လိုက်ရသည်။

“နင်ငါ့ကိုဘာလို့မကျွေးတာလဲ”

“မ . . မလုပ်ပါနဲ့”

ဆရာသိန်းကပြောလိုက်သော်လည်း သူ့ခြေထောက်ကို လက်ကြီးတစ်ဖက်ဖြင့် လာဆွဲသည်။ လက်ကြီးမှာ အမွှေးကြမ်းကြီးများနှင့်ဖြစ်ပြီး ပြောင်ချော်ချော်ကြီးဖြစ်နေလေသည်။ အလွန်အေးစက်သည့်အထိအတွေ့လဲရှိသည်။ ထို့နောက် ဆရာသိန်းခြေထောက်ကိုဆွဲပြီး ခုံပေါ်မှဆွဲချလိုက်တော့သည်။ ဆရာသိန်းလဲ ဘယ်လိုဖြစ်သည်မသိ၊ တစ်ကိုယ်လုံး လှုပ်ရှားမရဘဲ လက်တွေခြေထောက်တွေက အကြောကပ်သလိုဖြစ်နေကာ သရဲမကြီးဆွဲသည့်နောက်သို့ မရုန်းကန်နိုင်ဘဲ တရွတ်တိုက်ပါလာတော့သည်။

သရဲမကြီးက သူ့ကိုဆွဲရင်း ကျောင်းတံခါးမကြီးဆီသို့ လှမ်းသွားတော့သည်။ ထိုအခါ အပေါ်ချက်၊ အောက်ချက် ချထားသော တံခါးမကြီးမှာ ဝုန်းခနဲ ပွင့်သွားပြီးနောက် သရဲမကြီးက လှေကားထိပ်မှနေ၍ ဆရာသိန်းကိုဆွဲကာ ပစ်ချလိုက်သဖြင့် ဆရာသိန်းလဲ လှေကားပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေသည်။

“အား. . . ကျွတ် . . . ကျွတ်”

လှေကားအောက်ရောက်သည့်အခါမှသာ သူ့လက်ခြေတွေ ပြန်လှုပ်ရှား၍ရတော့သည်။ လှေကားမှာ သုံးထစ်ခန့်သာရှိသဖြင့် သိပ်တော့ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့။ လူးလဲထပြီး ကျောင်းပေါ်ပြန်တက်ကာ ကျောင်းအတွင်းဝင်ပြီး တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညသန်းခေါင် ၁၂ နာရီထိုးပြီဖြစ်သည်။

ဆရာသိန်းအလွန်ထိတ်လန့်သွားသည်။ သူ့ဘဝတွင် သရဲတစ္ဆေများကို ယုံလဲမယုံ၊ ကြောက်လဲ မကြောက်တတ်ခဲ့သော်လည်း အခုလို နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံရတော့ လူ့သဘာဝအတိုင်း ကြောက်စိတ်တွေပိုလာတော့သည်။ အိပ်ရာကို ပြန်ပြင်လိုက်ပြီးနောက် ခြင်ထောင်ပြန်ချကာ အိပ်စက်လိုက်တော့သည်။

နောက်တစ်နေ့ကျောင်းတက်တော့ နဖူးကရောင်နေပြီး ညိုမည်းစွဲနေသည်။ လက်ဖျံလဲ အကြောကပ်နေကာ မြှောက်လို့ချလို့သိပ်မကောင်းပေ။ ကျောင်းမတက်ခင် ဆရာမများက သူ့အလုပ်စားပွဲတွင် ဝိုင်းလာကြတော့သည်။

“ဆရာ ညကဘာဖြစ်သေးလဲ”

“ဘာ . . ဘာမှမဖြစ်ပါဘူး”

“အောင်မယ်လေး၊ ကျွန်မတို့ဝန်ထမ်းအိမ်ရာမှာတော့လေ တဟီးဟီးနဲ့ ငိုသံကြီးကြားရတာ တစ်ညလုံးပဲ၊ လိုက်ပတ်ရှာတော့လဲမတွေ့၊ ဒါနဲ့ ဘုရားစာတွေရွတ်တော့မှ ငိုသံမကြားရတော့ဘဲ ဝန်ထမ်းအိမ်ရာကို လှည့်ပတ်လျှောက်နေတဲ့ ခြေသံတွေ တစ်ညလုံးလိုလိုကြားရတယ်၊ ကျွန်မတို့ဖြင့် တစ်ညလုံးအိပ်လို့တောင်မရပါဘူးရှင်”

ဆရာမတွေအားလုံးလဲ အိပ်ရေးပျက်နေပုံရသည်။ အားလုံးလဲ ထိတ်လန့်နေကြသည်။ ဆရာသိန်းက ဆရာမတွေကြောက်မည်စိုးသဖြင့် သူကြုံတွေ့ခဲ့ရတာတွေ မပြောတော့ဘဲ မြိုသိပ်ထားလိုက်သည်။

“ဘာမှမပူပါနဲ့ဆရာမတို့၊ ဒီညတော့ ရောက်လာမှာမဟုတ်တော့ပါဘူး၊ ဘုရားတရားလဲ များများလုပ်ကြပေါ့ဗျာ”

ဆရာသိန်းက မည်သူလုပ်နေသည်ဆိုတာကို သိလိုက်ပြီမို့ ဒေါပွသွားတော့သည်။ ညနေရောက်တော့ ထမင်း ၅၀၀ ဖိုးဝယ်ကာ အမဲသားကြော် နှစ်တုံးလဲ ဝယ်ခဲ့ပြီး ကျောင်းလှေကားအောက်ထစ်ကလေးတွင် ချထားလိုက်လေသည်။ ထို့နောက် ကျောင်းပေါ်သို့တက်ခဲ့သည်။ ခဏကြာတော့ ကျောင်းလှေကားအနီးမှ ကြွပ်ကြွပ်အိတ်သံကြားသဖြင့် ဓါတ်မီးကိုဆွဲကာ ထိုနေရာသို့ထွက်လာခဲ့တော့သည်။ လှေကားအောက်ဆုံးထစ်တွင် လေးဖက်ကုန်းနေသည့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသဖြင့် ဓါတ်မီးဖြင့်ထိုးလိုက်သည်။

ဓါတ်မီးရောင်အောက်တွင် မြင်နေရသည့်သူမှာ သူ့ထံထမင်းတောင်းစားနေကျ အမျိုးသမီးဖြစ်မှန်းသိလိုက်သည်။ ဆံပင်ဖားလျားချထားပြီး ကုန်းကုန်းကြီးဖြစ်နေကာ သူချထားသည့် ထမင်းထုတ်အား ပါးစပ်ဖြင့် ခွေးတစ်ကောင်လိုဟပ်ပြီး စားသောက်နေလေသည်။ ဆရာသိန်းဓါတ်မီးနှင့်ထိုးလိုက်သဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ့ပါးစပ်ပြဲပြဲကြီးတွင် ထမင်းစေ့များကပ်နေသည်ကိုကြည့်ရင်း ဆရာသိန်းတစ်ယောက် လန့်သွားမိသည်။

“ဒီမှာ၊ ငါအလုပ်မအားလို့မနေ့က မကျွေးဖြစ်တာ၊ အခုအမဲသားနဲ့ကျွေးတာ ကျေနပ်တော့နော်၊ နောက်ပြီးဆရာမတွေကိုလဲ သွားမခြောက်နဲ့၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ နောက်ဆိုလစာထုတ်ရက်ဆိုရင် ငါမင်းကို ကျွေးနိုင်မှာမဟုတ်ဘူး၊ အဲဒီတစ်ရက်တော့ သည်းခံပေါ့ ဟုတ်ပြီလား”

ဆရာသိန်းပြောလိုက်သည့်အခါ ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီးနောက် လေးဖက်ထောက်လျက် ခြေကားယား လက်ကားယားဖြင့် ကျောင်းဘေးရှိ ချုံပုတ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။ သူချထားပေးသည့် ကြွပ်ကြွပ်အိတ်မှာလဲ ပြောင်တလင်းခါနေပြီဖြစ်သည်။

(င)

သီတင်းကျွတ်လဖြစ်သည်။
ဆရာသိန်းက ထုံးစံအတိုင်း လခထုတ်ရန် ဖျာပုံတက်ရမည်ဖြစ်သည်။ ဖျာပုံတက်ရင်း လမ်းတွင် ကျုံကဒွန်းရွာကို ဖြတ်သန်းသွားရမည်။ ကျုံကဒွန်းရွာတွင် ဘကြီးတော်သူနေထိုင်သည်။ ဘကြီးကလဲ သူ့အပေါ်ကောင်းသည်။ သူလိုတာရှိပါက ဘကြီးအားပြောလိုက်လျှင် ဆိုင်ကယ်နှင့် လာလာပို့ပေးနေကြဖြစ်သည်။ ယခုတော့ သီတင်းကျွတ်မို့ ဘကြီးကိုလဲ ကန်တော့ချင်သည်။ ရွာမှမထွက်လာခင် ရွာထဲက ထွက်သည့်လက်ဆောင်မျာ၊ ငှက်ပျောခိုင်တစ်ခိုင်ကိုလဲ သယ်ဆောင်ပြီး ကျုံကဒွန်းရွာသို့ဝင်ခဲ့သည်။

ဘကြီးကို ကန်တော့ပြီး ထိုညတော့ ထိုအိမ်တွင်ပင် အိပ်စက်မည်ဖြစ်ပြီး နောက်တစ်နေ့မနက်တွင် လစာထုတ်ကာ ရွာသို့တန်းပြန်မည်ဟု ဆုံးဖြတ်ထားသည်။ ဘကြီး၏မိသားစုများကလဲ သူ့ကိုချစ်ခင်သည်။ ဘကြီးတို့အိမ်တွင် ညစာစားပြီးစကားလက်ဆုံကျနေတော့သည်။ ကျုံကဒွန်းရွာက ကားလမ်းမနံဘေး ရွာကြီးဖြစ်သဖြင့် ဆိုင်ကလေးများအတော်စုံသည်။ ည၈နာရီကျော်တော့ တဝမ်းကွဲ ညီငယ်ဖြစ်သူက လက်ဖက်ရည်ဆိုင်ထိုင်ရန်အဖော်ခေါ်သဖြင့် လိုက်ပါခဲ့တော့သည်။ လက်ဖက်ရည်ဆိုင်နှင့် သိပ်မဝေးသည်မို့ လမ်းလျှောက်သွားကြမည်ဖြစ်သည်။

“အောင်မယ်လေးဗျ”

ခြံတံခါးမှအထွက် ညီငယ်က လန့်ပြီးအော်သံကြားသဖြင့် ဆရာသိန်းလဲ လှည့်ကြည့်မိသည်။ ဘာမှမတွေ့ရ။

“ဘာဖြစ်တာတုန်းကွ၊ အလန့်တကြားနဲ့”

“ခြံကထွက်တော့ ကျွန်တော်တို့အနောက်မှာ မိန်းကလေးတစ်ယောက်ပုံစံ မြင်လိုက်ရလို့ဗျ၊ သေချာကြည့်တော့လဲ မရှိတော့ဘူး”

“မင်းစိတ်စွဲနေတာဖြစ်မှာပါကွာ”

ဆရာသိန်းက ဘာမှမဖြစ်သလိုပုံစံပြောလိုက်ပြီး ဆက်လျှောက်လာခဲ့လိုက်သည်။ ထိုအချိန်တွင် သူ့ပုခုံးအား အနောက်မှ လက်နှင့်လှမ်းပုတ်သလိုခံစားလိုက်ရသည်။ မသိမသာကလေးလှည့်ကြည့်ရာ မည်သူမှမတွေ့။ အထိအတွေ့ကတော့ လက်နှင့်ပုတ်သည်မှာ ကြိမ်းသေသည်။ ညီငယ်ကြောက်မည်စိုး၍ ဆရာသိန်းက ဘာမှမဖြစ်သည့်ပုံစံမျိုး နေလိုက်သည်။ စိတ်ထဲတွင်လဲ တွေးနေမိသည်။

“ကျောင်းကသရဲများဖြစ်နေမလား၊ မဖြစ်နိုင်ပါဘူးလေ၊ ဒီလောက်အဝေးကြီးကို သူကကျောင်းမှာကျန်နေခဲ့တာပဲ၊ ငါစိတ်ထင်လို့ဖြစ်မှာပါ”

ဆရာသိန်းက ထိုသို့ဖြေတွေးရင်း လက်ဖက်ရည်ဆိုင်သို့ ဆက်လျှောက်လာကြတော့သည်။ လက်ဖက်ရည်ဆိုင်ကပြန်လာပြီးတော့ အိပ်ရန်ပြင်ကြသည်။ ဘကြီးအိမ်က နှစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်ပြီး အပေါ်ထပ်ရှိ ဝရန်တာအနီးတွင် လေကတဖြူးဖြူးတိုက်ပြီး အေးမြနေသဖြင့် ဆရာသိန်းက ထိုနေရာတွင်ခြင်ထောင် ထောင်လိုက်ပြီး အိပ်လိုက်တော့သည်။ ကျန်သည့်လူများကတော့ အိပ်ခန်းများထဲတွင် အသီးသီးအိပ်စက်နေကြလေသည်။

သန်းခေါင်ယံအချိန်။
“အူ . .ဝူ . .ဝူး . .ဝူး”

ရွာလယ်လမ်းမတွင် ခွေးများက အသံရှည်ရှည်ဆွဲကာ အူနေကြတော့သည်။ ဆရာသိန်းက အိပ်ရာပြောင်းသဖြင့် သိပ်အိပ်မပျော်သေးပေ။ ထိုစဉ် သူ့နားထဲတွင် ခေါ်သံကြားလိုက်သည်။

“ဆရာ . . ဆရာ”

ဝရန်တာအပြင်မှခေါ်နေခြင်းဖြစ်သဖြင့် လှည့်ကြည့်မိလိုက်သည်။ ဝရန်တာလက်ရမ်းကို တွယ်ဖက်ကာ တက်နေသည့် ကျောင်းက သရဲမကို တွေ့လိုက်ရတော့ ဆရာသိန်းအံ့သြသွားသည်။

“ဟင် . . မင်း၊ မင်း ဘာလာလုပ်တာလဲ”

“ဆရာ၊ ဗိုက်ဆာတယ်၊ ထမင်းကျွေးပါ”

“မင်း၊ မင်း ငါ့နောက်လိုက်လာတာလား”

“ဟုတ်တယ်ဆရာ၊ ကျောင်းမှာကျန်နေခဲ့ရင် ဘာမှမစားရမှာစိုးလို့ ဆရာ့နောက်လိုက်လာခဲ့တာ၊ အရမ်းဆာနေပြီ၊ ထမင်းကျွေးပါဆရာ”

“ဘယ်လိုကျွေးရမလဲကွ၊ မိုးကလဲ ချုပ်နေပြီ၊ နောက်ပြီး ဒါသူများအိမ်ကြီးလေ”

“ကျွေးမှာလားမကျွေးဘူးလား”

သရဲမအသံက ခပ်အုပ်အုပ်မဟုတ်တော့ဘဲ အသံနက်ကြီးအဖြစ်ပြောင်းလဲသွားသည်။ ချက်ချင်းပင် သူထောင်ထားသည့် ခြင်ထောင်ကြီးမှာ ကြိုးပြတ်ကျသွားပြီးနောက် သရဲမက သူ့အားခုန်အုပ်လိုက်လေသည်။ သူလဲ လှုပ်ရှား၍မရတော့။ သရဲမက သူ့ရင်ဘတ်ပေါ်တက်ထိုင်ပြီးနောက် သူ့လည်ပင်းကို လက်နှင့်ညှစ်နေတော့သည်။

“အု . . အု . . ဝူး . . ဝူး၊ ဒုန်း . . ဒုန်း”

ဝရန်တာမှ မပီမသအော်ဟစ်သံများနှင့် ခြေဆောင့်သံများကိုကြားရသည့်အတွက် အိမ်ရှိလူများက ပြေးလာကြသည်။ သူ့ကိုဝိုင်းဆွဲတော့မှ သူလဲ လှုပ်ရှားလို့ရသွားတော့သည်။ တစ်ကိုယ်လုံးချွေးတွေပြန်နေပြီး လည်ပင်းကလဲ အညှစ်ခံထားရသဖြင့် အသက်ရှုကြပ်နေကာ အသက်ကိုမနည်း လုရှုနေရသည်။ ဘကြီးဖြစ်သူက ဗဟုသုတစုံသူဖြစ်သဖြင့် ချက်ချင်းသိလိုက်ပြီး ဆရာသိန်းအား ပရိတ်ရေများတိုက်ပြီး ပရိတ်ရေဖြင့်လဲ တစ်ကိုယ်လုံးကို ပက်ဖြန်းပေးလိုက်တော့သည်။

(စ)

“ငါ့တူ မင်းဘာဖြစ်လာတာလဲ၊ ငါ့ကို အကုန်ပြောပြစမ်းကွာ”

ဒီတော့မှ ဆရာသိန်းက သူဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်ပြောပြလိုက်တော့သည်။ ဘကြီးဖြစ်သူက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။

“မင်းက မလုပ်သင့်တာလုပ်ခဲ့တာ၊ မင်းလုပ်တာက အမှတ်တမဲ့ သရဲမွေးလိုက်တာနဲ့တူတူပဲ၊ အခုမင်းအစာမကျွေးတော့ မင်းနောက်ကိုလိုက်ပြီး ပြဿနာရှာနေပြီမဟုတ်လား”

“ဒါ . . ဒါဆိုကျွန်တော်ဘာလုပ်ရမလဲ”

“ငါ့အထင်တော့ ဒီဆရာမလေးက ကျောင်းမှာစွဲနေတာဖြစ်မယ်၊ သူသေတော့ ရက်လည်ဆွမ်းသွပ်ကို သူ့အိမ်မှာလုပ်ပြီး ကျောင်းမှာမလုပ်လိုက်တာနေမယ်ကွ၊ ဒီတော့ ငါ့တူဘာမှမပူနဲ့၊ မနက်ဖြန်လစာထုတ်ပြီး ရွာရောက်ရင် ကျောင်းမှာ ဘုန်းကြီးတွေပင့်ပြီး အလှူတစ်ခုလုပ်လိုက်ပါ၊ ပြီးရင်တော့ သူ့နာမည်နဲ့ အမျှအတန်းပေးဝေခိုင်းလိုက်”

နောက်တစ်နေ့လစာထုတ်ပြီးသောအခါ ရွာသို့ပြန်လာဖြစ်သည်။ လစာထုတ်ရင်းမြို့ပေါ်ကနေ နှစ်ထပ်သင်္ကန်းတစ်စုံကိုလဲ ဝယ်ယူလာခဲ့တော့သည်။ ရွာထိပ်တွင် ထုံးစံအတိုင်း ထမင်းဝယ်ပြီး ထိုညတော့ ကျောင်းအောက်တွင်ထမင်းကျွေးဖြစ်သည်။ လှေကားရင်းတွင် ကုန်းကုန်းကွကွဖြင့်လာရောက်စားသောက်သော သရဲမကိုကြည့်ရင်း ဆရာသိန်း သနားမိနေသည်။

“မပူပါနဲ့ အိတုံရေ၊ နောက်ရက်ဆို မင်းအတွက်ငါအလှူအတန်းလုပ်ပေးမှာပါ”

တနင်္ဂနွေတစ်ရက်တွင် ဆရာသိန်းနှင့် ကျောင်းရှိဆရာမများပေါင်းစပ်ပြီး ကျောင်းတွင်ပင် ဘုန်းကြီးဆွမ်းကပ်ကြသည်။ ဆရာသိန်းက သူဝယ်လာသည့် သင်္ကန်းကိုလဲ ဆရာတော်အားဆက်ကပ်လိုက်ပြီးနောက် ဆရာတော်က အမျှအတန်းပေးဝေတော့သည်။

“အိတုံရေ ငါတို့လုပ်ကုသိုလ်ကောင်းမှုတွေကို နင့်ကိုအမျှပေးဝေမယ်၊ နင်လဲ သာဓုခေါ်ပါနော်”

“အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်သော် သာဓု၊ သာဓု၊ သာဓု”

သာဓုခေါ်သံနှင့်အတူ အလှူလေးတစ်ခုပြီးစီးသွားတော့သည်။

ထိုည။
ဆရာသိန်းက စိတ်ထဲတစ်မျိုးဖြစ်နေသည်။ အိတုံအမျှရပါ့မလား၊ ကျွတ်လွတ်သွားပါ့မလားဟု တွေးနေမိသည်။ နေ့လည်အလှူမှကျန်သော ကြက်သားဟင်း အရိုးအရင်းများနှင့် ထမင်းများကိုရောနယ်ပြီးနောက် ထုံးစံအတိုင်းလှေကားထစ်တွင် ချပေးထားမိသည်။ ချပေးပြီး ပြန်တက်လာစဉ် အနောက်မှ သူ့ကိုခေါ်သံကြားလိုက်တော့သည်။

“ဆရာ . . ဆရာ”

အိတုံအသံဖြစ်နေသဖြင့် ဆရာသိန်းလဲလှည့်ကြည့်လိုက်သည်။ ထိုအခါ အိတုံမှာ အဖြူရောင်သစ်လွင်နေသည့် အကျီကလေးနှင့် ဖက်ဖူးရောင်စိမ်းစိုနေသော အစိမ်းရောင်ထဘီကလေးကို ဝတ်ဆင်ထားကာ ဆံပင်များမှာလဲ သပ်သပ်ရပ်ရပ်နှင့် လှပနေလေသည်။

“အိတုံသွားတော့မယ်၊ ဆရာ့ကိုလဲ လာနှုတ်ဆက်တာပါ၊ ဆရာ့ကျေးဇူးတွေ အိတုံအပေါ်မှာအများကြီးရှိတာကို အိတုံဘယ်တော့မှမမေ့ပါဘူးဆရာ”

အိတုံအပြောကို ဆရာသိန်းဘာမှပြန်မပြောနိုင်တော့ဘဲ ခေါင်းသာညိတ်လိုက်မိသည်။ အိတုံက တစ်ဖက်သို့လှည့်သွားပြီးနောက် ကျောင်းရှေ့လမ်းကလေးအတိုင်း တဖြည်းဖြည်းလျှောက်သွားရင်း မှုန်ဝါးကာပျောက်ကွယ်သွားတော့သည်။ ဆရာသိန်းလဲ အိတုံကိုကြည့်နေရင်း နှစ် နှစ်ဆယ်ကျော်ကြာ စာသင်ကျောင်းကလေးကိုစိတ်စွဲနေသည့် ဆရာမကလေးအကြောင်းကိုတွေးရင်း ရင်ထဲဝမ်းနည်းနေမိသည်။

“သွားတော့အိတုံရေ၊ နောက်ဘဝကျရင် ဒီလိုအဖြစ်ဆိုးမျိုးမတွေ့ပါစေနဲ့၊ ကျောင်းဆရာမကြီးဖြစ်ပြီး ကလေးတွေကို စာတွေလဲအများကြီးသင်ပေးနိုင်ပါစေ”

ဆရာသိန်းနှုတ်က ထိုသို့ပြောလိုက်သည့်အခါ အိတုံက လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ လှေကားထစ်တွင်ချထားပေးသည့် ထမင်းပုံကလေးမှာ မနက်ရောက်သည့်အတိုင်နေရာမပျက်ရှိနေသေးသည်။ ထိုနောက်ပိုင်းမှစ၍ ကျောင်းကလေးတွင် မည်သည့်ငိုယိုသံကိုမှမကြားရတော့ပေ။

ပြီးပါပြီ။
အဂ္ဂဇော်။