နဂါးပတ်တောင်မွေး

ချောင်း၏ဘေးတဘက် တချက်စီတွင် အပင်မျိုးစုံနှင့် အုံ့ဆိုင်းနေလေသည်။ကျောက်တုံးကျောက်ခဲ ကြီများနှင့် နွယ်ပင်များက စည်သာချောင်းအား အလှဆင်ထားသည်။
သစ်ပင်ကြီးများ ဖြစ်သည့် ရေသဖန်းပင်အများဆုံး ပေါက်ရောက်သည်။ နွယ်ပင်မှတုတ်ခိုင်ကြီးမားသော နွယ်ကြိုးကြီး များသည်လည်း တပင်မှ တပင် တွယ်တန်းနေသောကြောင့် ဒန်းသဖွယ် ဖြစ်နေတော့သည်။
” ဟေး……ပျော်လိုက်တာ။ ငါတို့ဒန်းစီးရတော့မယ်”
မာလာသည် ပျော်ရွှင်စွာ အော်ဟစ်ရင်း နွယ်ပင်တန်းများဆီသို့ ပြေးလေသည်။
”နန်းသီ …… ဒန်းသွားစီးကြမယ်။ငါလ ွှဲပေးမယ်။ ”
သူငယ်ချင်း မလေးနှစ်ယောက်အား ဒန်းစီးစေပြီး ဒိုးညီမှ ဒိုင်ခံ လွှဲပေးနေတော့သည်။
”ငါမစီးတော့ဘူးဒိုးညီ ။ သဖန်းသီးတတ်ခူးတော့မယ်။”
”နန်းသီကလည်း ဒိုးညီရှိနေတာပဲ ။သူတတ်ခူးပေးလိမ့်မယ်။ငါနဲ့ဒန်းအတူတူ စီးနေဟာ”
”ဟုတ်သားပဲ နန်းသီရာ။ ငါခူးပေးမယ်။ ဘယ်လောက်လိုချင်လဲပြော”
”နင်တို့ နှစ်ယောက်ကလဲဟာ။ ငါကိုယ်တိုင်ပဲ သဖန်းသီးတွေခူးချင် တာ။ တတ်ခူးတော့မယ်ဟာ။”
ဒန်းပေါမှ ခုန်ဆင်းကာ သဖန်းပင်ခြေရင်းသို့ နန်းသီးပြေးသွားလေတော့သည်။ ငယ်စဉ်ကတည်းက သစ်ပင်တတ် ကျွမ်းကျင်သော နန်းသီအတွက် အပင်ဘယ်လောက်မြင့်မြင့် တတ်နိုင်သည်။ သဖန်းပင်ကြီး များသည်လည်း လူတဖက်စာခန့်ကြီးမားသည်။အကိုင်းအခက်များဖြင့် ဝေဆာ နေလေသည်။
သစ်ပင်ခြေရင်းရောက်သည်နှင့် လက်အုပ်လေးချီကာ နန်းသီခွင့်တောင်းလေတော့သည်။
”နန်းသီ အပင်ပေါ်တတ်ချင်လို့ပါ။အမှားပါရင် ခွင့်လွှတ်ပါနော်။”ဟု နှုတ်မှ ရေရွှတ်ကာ အပင်ပေါ်တတ်လေတော့သည်။
အပင်အရင်းနားရှိသောအသီးများအား မခူးပဲ ၊အပင်ထိပ်ဖျားနားထိ တတ်လေတော့သည်။ ကိုင်းတကိုင်း၏ ဂွစုံ တွင်ထိုင်ကာ စိတ်ကြိုက် အသီးများခူးလေတော့သည်။ ပါလာသောပုဆိုးအား ကွင်းသိုင်းကာ သဖန်းသီးများ ထည့်ကာ ပြန်ဆင်းလာပါတော့သည်။
”ကျေနပ်ပြီလား နန်းသီ ။အပင်ပေါ်တတ်ရလို့”
မာလာမှ ဆီးမေးလေတော့သည်။ ဒိုးညီကတော့ ဘာစကားမှဝင်မပြောပဲ ကျောက်တုံးပေါ်တွင်သာထိုင်နေလေသည်။
”ကိုယ်တိုင်တတ်ခူးတဲ့အရာသာက ဘာနဲ့မှမတူဘူးဟ။အိမ်ကျရင်သဖန်းသီးကို ရေစိမ် ၊ခရမ်းချည်းသီး ငပိချက်နဲ့ တို့စားလိုက်ရင်၊ တကျွတ်ကျွတ်နဲ့ ။ဘယ်လောက်ထမင်းမြိန်လိုက်မလဲ”
”အေးပါ……နင်ပဲပြောတော့။ ဟိုမှာ ဒိုးညီကိုလည်း သွားချော့လိုက်ဦး။ ”
”ဒိုးညီ ပြန်ကြမယ်လေဟာ။ ဒိုးညီ ……ဒိုးညီ ။နင်ကလည်း စကားပြန်ပြောလေဟာ”
”ငါ့ကိုအခုမှစကားလာမပြောနဲ့နန်းသီ။ နင့်က ငါ့စကားကို နားမထောင်ပဲနဲ့။ နင်ကမိန်းခလေးလေ။ သစ်ပင်တွေပေါ် မတတ်သင့်ဘူး။မတော်တဆ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ငါဘယ်လောက်စိတ်ပူရလဲ နင်သိလား”
”အေးပါဟာ ။နောက်ဆိုမတတ်တော့ဘူး။ဟုတ်ပြီလား။ ကဲ ထတော့ ။ပြန်ကြမယ်။”
သူငယ်ချင်းသုံးယောက် သည် စည်သာချောင်းလေးအား ကျောခိုင်းကာ ပြန်ခဲ့လေတော့သည်။
” နန်းသီ မအိပ်သေးဘူးလား။မီးပိတ်ပြီးအိပ်တော့”
ဂမ္ဘီရ ဆန်သည့် ပစ္စည်းများ၏ အသုံးဝင်ပုံနှင့် ပုံသဏ္ဌန်များကို စိတ်ဝင်တစား ဖတ်နေသည့် နန်းသီ အား မိခင်မှ အိပ်ခိုင်းနေခြင်းဖြစ်သည်။
”ခဏ နေရင် အိပ်တော့မှာမေမေ။ ဒီစာလေးပြီးအောင်ဖတ်မလို့။”
စာအုပ်ထဲတွင်ပါသော ဂမ္ဘီရ ပစ္စည်းများအား အပြင်တွင်မြင်ဖူးချင်သည့် အတွေးဖြင့် နန်းသီ အိပ်ပျော်သွားလေတော့သည်။

ချမ်းအေး သည့် ဆောင်းရာသီသို့ ဝင်ရောက်လာသည့်နှင့် မီးပုံဖိုကာ စကားဝိုင်းဖွဲ့ပြောကြသည်မှာ ဓလေ့တခုလိုဖြစ်နေကြပါသည်။ လရောင် မလင်းတလင်း နှင့် အိမ်ရှေ့တွင် ရေနွေးကြမ်းအိုးချပြီး စကားတွေ ဖောင်ဖွဲ့ရင်း အေးသည့် ဒဏ်ကို မေ့ပျောက်ထားကြလေသည်။
”နန်းသီ ……မနက်ကျရင် အဖေနဲ့ လျိုထဲကို ထင်းလိုက်သယ်ပေး။ နေ့တိုင်းမီးလှုံနေတော့ ထင်းတွေနည်းနေပြီ။”
”အစောကြီးသွားမှာလား အဖေ”
”မသွားခိုင်းပါဘူးအေ။ ညည်း ချောင်းဘက် သွားရမယ်ဆိုတာနဲ့ အစောကြီး သွားချင်ပြီမဟုတ်လား။ ရာသီဥတုက အေးလွန်းတယ်။ မနက် ဆယ်နာရီကျော်လောက်မှသွားကြ”
မိခင်ဖြစ်သူ ဝင်ပြောလိုက်သည်နှင့် နန်းသီ ဇတ်ပုကာ ငြိမ်သွားလေတော့သည်။

နေရောင် ခြည် ထွက်လာသည့်တိုင် နှင်းများ ကျကောင်းနေဆဲဖြစ်သည်။ နန်းသီ တယောက် ဝရိယကောင်းနေသည်။ ထင်းထည့် ရန် ပလိုင်းအား ကြိုးကောင်း ၊မကောင်း စစ်ကြည့်နေသည်။
”အဖေ …… သွားကြမယ်လေ။ ဒီအချိန်သွားရင် အတော်ပါပဲ”
”အစာပြေထမင်းစားသွားလေနန်းသီ။ ”
မီးဖို ချောင်ဘက်မှ မိခင်လှမ်းပြောသည်ကို မကြားချင်ယောင်ဆောင်ကာ ဖခင်ကိုခေါ၍ စည်သာချောင်းဖက်သို့ ထွက်လာခဲ့တော့သည်။
”အဖေ လျိုထဲ မှာထင်းတွေအများကြီးပဲနော်”
”ဟုတ်တယ်။ မိုးတွင်းဘက် ချောင်းရိုးတလျောက် ရေစီး နဲ့မျောလာ တဲ့ အရာတွေမှန်သမျှ ဒီလျိုထဲ စုပြုံပြီးရောက်လာတာပဲ။ အောက်ကိုလည်းကြည့်လျောက်နန်းသီ။ ပုလင်းကွဲတွေ၊ဆူးတွေ ထိုးမိမယ်။”
ဖခင်ဖြစ်သူမှသတိပေးရင်း လျိုထဲရှိ ထင်းခြောက်များ ကောက်ယူ ကာ စုပုံထားလေသည်။
နန်းသီ တယောက် ထင်းခြောက်များလိုက်လံကောက်ယူနေစဉ် ထင်မှတ်မထားသော အရာ ဝတ္ထု တခုအားတွေ့မြင်လိုက်သည်။
”အဖေ ……ဒီမှာကြည့်ပါဦး။ ဝါးတောင်းဝှေးကို”
သူမတွေလိုက်သည့် ဝါးတောင် ဝှေးသည် နဂါး တကောင် အမောက်ထောင် နေသည့် ပုံစံနှင့် အလွန်တူနေသည်။ တောင်ဝှေး အောက်ခြေမှ အပေါထိ ရစ်ပတ် ထားသော နဂါးကိုယ်တွင် ပါရှိသည့် အကြေးခွံ့ များသည်လည်း အသက်ဝင်လှပေသည်။
သက်ရှိနဂါးတကောင် နှင့် အလွန်တူနေသောကြောင့် နန်းသီ စိတ်ထဲတွင် ဂမ္ဘီရ ဆန်သည့် ပစ္စည်း တခုရပြီဟု တွေးကာပျော်နေတော့သည်။
”အဖေ ……တွေ့လား။ဒီတောင်ဝှေးက ထူးခြားတယ်။ သမီးစာအုပ်ထဲမှာ ဖတ်ဖူးတယ်။ဒါက ဂမ္ဘီရ ဆန်တဲ့ တောင်ဝှေးပဲ”
”နန်းသီ…… ညည်းတော့ ခက်တယ်။ စာအုပ်တွေ ဖတ်ပြီး မဟုတ်သုတ်ခ တွေ မတွေးနဲ့။ ဘယ်က မျောလာမှန်း၊ဘာမှန်းမသိတာတွေ လျောက်ကောက်မလာနဲ့။နောက်ပြီး ပျဉ်ချပ်တွေ လည်း မကောက်နဲ့။မယူနဲ့။ အခုဒါကိုပါ ထားခဲ့လိုက်။”
”အဖေကလည်း…… ဒါက ထိုက်တန်သူမှ တွေ့ရတဲ့ ပစ္စည်းမျိုး။သမီးက ယူလာမှာပဲ”
”ညည်းတော့ ပြောရခက်တယ်။ယူလာရင် ငါမီးစိုက်ပြစ်မယ်”
ဖခင် တားနေသည့်တိုင် ဝါးတောင်ဝှေးအား အိမ်သို့ပါအောင် ယူဆောင်လာတော့သည်။ သယ်ဆောင်လာသည့် ထင်းများအား ထင်းပုံပေါသို့ ထပ်တင် ပြီးချိန်တွင် ဝါးတောင် ဝှေးကိုကိုင်ကာ ရေတွင်းဘက်သို့ ထွက်လာခဲ့သည်။

နဂါးပုံသဏ္ဌန်ရှိသည့် ဝါးတောင်ဝှေးအား ရေဖြင့် သေချာဆေးကြော ကာ ဘုရားစင်အောက် နား ရှိ ဒေါက်တိုင်တွင် ချိတ်ထားလိုက်လေသည်။
ထိုသို့ချိတ်ဆွဲထားပြီး နန်းသီ တယောက် အိမ်အလုပ်များအားဝိုင်ကူးရင်နဂါးပတ်တောင်ဝှေးအားမေ့နေတော့သည်။ ညအချိန် ထုံးစံအတိုင်း စကားများ ဝိုင်းဖွဲ့ပြောပြီး ၍ အိမ်ထဲသို့ ပြန်ဝင်ကာ အိပ်ဖို့ပြင်ဆင်ကြလေသည်။
ဘုရားမရှိခိုးရသေး ၍ အိမ်ရှေ့ဘုရားခန်းသို့နန်းသီ ထွက်လာကာ ဘုရားရှိခိုးလေတော့သည်။ ဘုရားရှိခိုးနေစဉ် အိမ်ရှေ့တံခါးမှ လူတယောက်ဝင်လာသည်နန်းသီ သိနေလေသည်။ မြတ်စွာဘုရားအား အာရုံပြု၍ ရှိခိုးနေသော်လည်း ကြက်သီးများထနေသည်။ သတ္တဝါ အပေါင်းအား အမျှပေးဝေချိန်တွင် အနားသို့ လူတယောက် လာထိုင်ကာ သာဓုခေါဆိုနေလေသည်။
ဘုရားရှိခိုးပြီးချိန် တွင် အနားကို မည်သူရောက်နေသည်ကို သိချင်၍နန်းသီ ရှာမိလေသည်။ မည်သူကိုမှ မတွေ့ရသဖြင့် ………
” အဖေနဲ့အမေ ……သမီးဘုရားရှိခိုးတုန်းက သမီးအနားဘယ်သူလာတာလဲ။”
”ဘယ်သူမှမလာပါဘူး။ဘာဖြစ်လို့လဲ”
”ဒါဆို အိမ်ရှေ့တံခါးက ဘယ်သူဝင်လာသေးလဲ။အဖေ အိမ်သာသွားလို့ ပြန်ဝင်လာတာလား”
”ညည်းအဖေ ဘယ်မှမထွက်ဘူး။ဘာတွေကြောင်တောင်တောင် ဖြစ်နေတာလဲနန်းသီ”
မိခင်ဖြစ်သူစကားကြောင့် နန်းသီ စဉ်းစားရခက်နေသည်။ သူမသေချာ သိနေသော်လည်း အနားသို့ မိဘနှစ်ပါး မလာရောက်ခဲ့ဟု ပြောလေသောအခါ သူမအနားသို့ လာရောက်ထိုင်သူ မည်သူဖြစ်မည်ကို တွေးမရဖြစ်နေတော့သည်။
ထိုသို့ ညဘက် ဘုရားရှိခိုးတိုင်း ပုံမှန်မဟုတ်သော ခံစားမှုများ နန်းသီခံစားမိလာသည်။အမျှဝေခါနီး အချိန်တိုင်း မိမိအနားသို့ တစုံတယောက် ရောက်လာကာ သာဓုလာခေါ်နေသည်။
ထိုအချိန်များတွင် နန်းသီရင်ထဲ လှပ်ခနဲ ၊အေးခနဲဖြစ်သွားကာ ကြက်သီးများလည်း ထလာတော့သည်။
သရဲတစ္ဆေတွေ့ရ၍ ကြောက်လန့်သည့် ပုံစံမျိုးနှင့် ကွာခြားသည်။

ငါးရက်မြောက်နေ့တွင် ………
ဘုရားရှိခိုးရန် ဘုရားစင်ရှေ့တွင် နန်းသီထိုင် လိုက်ချိန်တွင်နဂါးပတ်တောင်ဝှေးအား အမှတ်မထင် မြင်လိုက်သည်။ထိုသို့ မြင်လိုက်သည်နှင့် နန်းသီ ကြောက်စိတ်များ တားမရနိုင်ကာ ဘုရားမရှိခိုးဘဲအိပ်ခန်းထဲသို့ ပြေးဝင် လေသည်။ စောင်အားခေါင်းမြီခြုံ ကာ အမည်မသိသည့် ကြောက်လန့်ခြင်းများ ခံစားမိလေသည်။
”သမီး ဘုရားမရှိခိုးဘူးလားကွယ့်”
”နန်းသီ အိမ်ရှေ့၌ထိုင်နေစဉ် အညိုရောင် ယောကီ ဝတ်စုံနှင့် အသက် ငါးဆယ်အရွယ် ဦးလေးကြီးတဦး အား တွေ့လိုက်လေသည်။ဘယ်အချိန် မိမိအနားသို့ ဘယ်လိုရောက်နေသည်ကိုလည်း နန်းသီတယောက် မသိချေ။
ယောကီ ခေါင်းပေါင်း ပေါင်းထားသော်လည်း တပတ်လျိူ လျောင်စတုံး အားမြင်နေရသည်။ တည်ကြည်ခန့်ညားလွန်းသည့် မျက်နှာသွင်ပြင် ရှိသော ထိုပုဂ္ဂို လ်အား အပြင်မှာ တခါမျှမမြင်ဖူးချေ။
”ဦးကြီး ကို သမီး မမြင်ဖူးဘူး။ဦးကြီးက ဘယ်သူလဲဟင်”
”သမီးတော်လေးက ဦးကြီးကို သိပါတယ်။မေ့နေတာဖြစ်မယ်။ သေချာပြန်စဉ်းစားပါဦး”
”သမီးစိတ်ထဲမှာတော့သိနေသလိုပဲ။ သမီးအနားကို ရောက်ရောက်နေတဲ့ သူနဲ့တူသလိုပဲ”
”အိမ်း…အိမ်း …… ဒါတွေထားပါလေ။ဘုရားရှိခိုး ပြီးတိုင်း အမျှ ဝေရင် ဦးကြီးကိုလည်း အမျှဝေပေး။သမီးဘုရားရှိခိုးတိုင်း ဦးကြီးက သာဓုခေါ်နေတာ”
ထိုသို့ ပြောရင်း ဦးကြီးသည်အနားမှ ပျောက်ကွယ်သွားလေသည်။ နန်းသီနှုတ်မှ ဦးကြီး … ဦးကြီး”ဟုခေါ်ကာ အိပ်ယာမှ ရုတ်တရက် လန့်နိုးသွားသည်။
နာရီကြည့်မိသောအခါ မနက်သုံးနာရီသာရှိသေးသည်။ ဆက်အိပ်မပျော်သော်လည်း ကြောက်စိတ်များဝင်လာ၍ စောင်ခြုံထဲ တွင် ကွေးနေမိတော့သည်။
မနက်မိုးလင်းသည်နှင့် အိမ်မက်မက်သည့်အကြောင်းအား မိဘနှစ်ပါးသို့ ပြောပြလိုက်လေသည်။နဂါးပတ်တောင်ဝှေးရောက် လာပြီးချိန်မှ စ၍ ထူးခြားမှုတွေ ကြုံရသည်ကို ပြောပြနေသည်။

”ဒါကြောင့် ညည်းကိုပြောတာပေါ့နန်းသီ။ တွေ့ရာကြုံရာ တွေမယူခဲ့ဖို။ ဒီလိုကိစ္စမျိုးတွေကို အဖေတို့က နားလည်တာလည်းမဟုတ်ဘူး။ ညည်းအဲ့တောင်ဝှေးကို ဘုန်းကြီးကျောင်းကိုသွားလျူ
။ဒါမှမဟုတ် ယူခဲ့တဲ့နေရာမှာသွားပြန်ထား။”
ဖခင်စကားကြောင့် နန်းသီသည် နဂါးပတ်တောင် ဝှေးအား မူလနေရာသို့ သွားပြန်ထားရန် ဆုံးဖြတ်လိုက်သည်။
သူငယ်ချင်းနှစ်ယောက်ကိုအဖော်ခေါ်ကာ စည်သာချောင်းသို့ နောက်တကြိမ် ထပ်ရောက်ခဲ့လေသည်။နဂါးပတ်တောင်ဝှေးအားယူခဲ့သည့်နေရာသို့ ရောက်သောအခါ စိတ်ထဲတွင် အလိုလို ဝမ်းနည်းနေမိသည်။ မထားခဲ့ချင်သော်လည်း တစုံတရာကို ကြောက်လန့်နေသည့် စိတ်ကြောင့် ထားခဲ့ကာ ပြန်ခဲ့ကြလေသည်။

နန်းသီ အိမ်သို့ ပြန်ရောက်ချိန်ထိ စိတ်ထဲ မကောင်းဖြစ်နေရာ နဂါးပတ်တောင်ဝှေး အား ပြန်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူ လိုက်
မည်ဟုအတွေး ဝင်လာပြန်သည်။သူငယ်ချင်းဖြစ်သူ ဒိုးညီ နှင့်မာလာအား ထပ်မံအကူအညီတောင်းကာ နဂါးပတ်တောင်ဝှေးအားသွားပြန်ယူသော်လည်း ………
နန်းသီထားခဲ့သည့် နေရာတွင် နဂါးပတ်တောင်ဝှေး ရှိမနေတော့ချေ။ လျိုထဲတွင် မည်သူမှ ရှိမနေပဲ ပျောက်ဆုံးသွားသည်မှာ အလွန်ထူးဆန်းနေသည်။ နေရာအနှံ့ရှာသော်လည်း နဂါးပတ်တောင်ဝှေးအား မတွေ့ရှိတော့ချေ။
ကြီးမားသည့်ဆုံးရှုံးမှု မျိုး နန်းသီ ခံစားလိုက်ရသည်။အိမ်အပြန်လမ်းတလျောက် နဂါးပတ်တောင်ဝှေးပျောက်ဆုံး မှု ကို စဉ်းစားအဖြေရှာရင်း မျက်ရည်များကျဆင်းလာပါတော့သည်။…………

ပြီးပါပြီ