ဘိုးတော်ပေနှင့်စေတသိက်

ကြီးတော်ကြီး”

    “ငါ့ကို ခေါ်တာလား”

    “ဟုတ်တယ်လေ”

   “နင်က ငါ့ကို သိလို့လား”

   “သိတာပေါ့”

   “ကဲ ဆိုစမ်းပါဦး ငါဘယ်သူတုန်း”

    “ကြီးတော်ကြီးက ဒီရထားကြီးကိုပိုင်တဲ့လူကြီးရဲ့မိန်းမမဟုတ်လား”

   “မဟုတ်တာ ဒီရထားက ဂါးဗားမန့်ပိုင် “

   “ကြီးတော်ယောက်ျား ဦးဂါးဗားမန့်ကြီးက ဘယ်သွားလို့လဲ”

    “အယ် ဒီကောင်လေး ရူးများသွားလားမသိဘူး”

   “ဪ ကြီးတော်က ကြီးတော်ရဲ့လင်ပိုင်တာမို့ သုံးယောက်စာ ခုံကို တယောက်ထဲထိုင်နေတာ မဟုတ်ဘူးလား”

    ပေတူး၏စကားကြောင့် ရထားပေါ်မှလူများသည် တဟားဟားဖြင့် ရယ်မောကြပြီး ထိုမိန်းမကြီးအား အမြင်ကပ်နေသောလူအချို့သည် လက်ကွင်းကို ရွီးခနဲ မြည်အောင် မှုတ်လိုက်ပြီး

    “ဟုတ်တယ်ဟေ့ ကောင်လေးပြောတာမှန်တယ် သူ့လင်ပိုင်တဲ့ရထားမို့သာ သုံးယောက်စာခုံကို တယောက်တည်းထိုင်တာပေါ့”

    “ဟုတ်ပါ့ ဟုတ်တယ်ဟေ့”

     အပြောခံရသောမိန်းမကြီးသည် လူအများဝိုင်းရယ်ခံရသောကြောင့် သူ့အားပြောသော ပေတူးကို ရန်တွေ့မည်ကြံစဉ် ရထားပေါ်မှ သူမထက် အပေါက်ဆိုးသော လက်မှတ်စစ် ရောက်လာက

    “ဦးဂါးဗားမန့်မိန်းမကြီး ခုံပေါ် ခြေဆင်းထိုင်နေတာကို ရပ်ပြီး  တခြားသူတွေကို နေရာပေးဖို့ လုပ်”

    လက်မှတ်စစ်ရဲ့စကားကြောင့် ပေတူးကိုရန်တွေ့မည့် သူမ၏ အစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီး ပေတူးအား မကျေမနပ်ဖြင့် ကြည့်ကာ

    “မသာလေး လာထိုင် “

    “ဟုတ်ကဲ့ ကြီးတော်”

     ပေတူးသည် ခပ်တည်တည်နှင့် ဝင်ထိုင်လိုက်ပြီး‌ ဘေးတွင်ရပ်နေသူ လူတယောက်ကိုပါ ထိုင်ခိုင်းလိုက်သည်။သုံးယောက်ဖြစ်သွားသောအခါ အလယ်တွင်ဖြစ်နေသော ပေတူး ညပ်သွား သည်။ထိုအရာကို သတိထားမိသောမိန်းမကြီးသည် ပေတူးအား သူမ၏ကြီးမားသော ကိုယ်ခန္ဓာကြီးဖြင့် တွန်းတိုး၍ လက် စားချေနေလေရာ သစ်ဆိမ့်မြို့ရောက်သည်အထိဖြစ်၏။ထို့ နောက် ထိုမိန်းမကြီးသည် သူ့အား မျက်စောင်းထိုး၍ ဆင်းသွားသောအခါမှ  ပေတူးတယောက် အသက်ရှုချောင်သွား၏။ဤသို့ဖြင့် ပေတူးသည် သစ်ဆိမ့်မြို့မှတဆင့် မြိုင်တောဆီသို့ အေးဆေးစွာဖြင့် ရထားအား စီးသွားပါတော့သည်။

◾အခန်း (၃)

      ညကြီးမိုးချုပ်လုလုအချိန်တွင် ဖြစ်သည်။ရထားဘူတာတွင် လူများ စုရုံးနေကြသည်။ထိုအချိန် ရထားတစင်းသည် ဘူတာအတွင်းသို့ ဆိုက်ရောက်လာသည်။ရထားပေါ်မှ ဆင်းသောလူများတွင် ပေတူးလည်း အပါအ၀င်ဖြစ်သည်။သူသည် ရထားပေါ်မှဆင်းပြီး မည်သို့ သွားရမည်မှန်းမသိဖြစ်နေစဉ် လူရွယ်တယောက်ရောက်လာပြီး စကားဆိုလေ၏။ထိုလူရွယ်၏ မျက်နှာသည် လိုအပ်သည်ထက် ပို၍ချိုသာလျက်ရှိသည်။

    “ညီလေး ဘာတွေရှာနေတာလဲ တည်းဖို့လား လိုအပ်တာတွေ အကုန်ရမဲ့တည်းခိုခန်းကို ပို့ပေးရမလား “

   “ဘာတွေ ရတာလဲဗျ “

   “ညီလေးစိတ်ထဲက တောင့်တတဲ့အရာမှန်သမျှ ရစေရမယ်ကွာ”

    “ကျုပ်စိတ်ထဲမှာ ဖြစ်နေတာကို ပြောရမလား”

    “ပြော ညီလေး လူမောင်ဆိုတဲ့အကို မလုပ်ပေးနိုင်တာ မရှိသေးဘူး”

    “သေချာလားအကို”

    “ပြောလိုက်စမ်းပါ ညီလေးရာ”

     ပေတူးသည် လူမောင်ဟုအမည်ရသောလူရွယ်ကို သေချာကြည့်လိုက်သည်။လူမောင်သည် သူ့အားနှစ်လိုဖွယ်ပြုံးပြလျက်ရှိသည်။ထိုအခါ ပေတူးသည်

   “ကျုပ်ကို တန်မှတန်ထမင်းဆိုင်ကို ပို့ပေးနိုင်မလား”

   “တန်မှတန် ထမင်းဆိုင် ဟုတ်လား “

    “ဟုတ်တယ်လေ မြို့ကိုလာတဲ့လမ်းမှာ ရှိတယ် “

    “ဒီမြို့ကိုလာတဲ့ လမ်းဘေးကထမင်းဆိုင်တွေလား”

   “ဟုတ်တယ်လေ ကျုပ်ပြောတာ အဲ့ဒီဆိုင်တွေပဲ”

    “ဝေးတယ်ဟ မြင်းလှည်းနဲ့ကို တမနက်လောက်သွားရတယ်မဟုတ်လား”

     “ဟုတ်တယ် ဘယ်လိုလဲ ပို့ပေးနိုင်လား”

     “ညီလေး ဘယ်လောက်ပေးနိုင်လဲ”

    “ဘယ်လောက်ကျလဲသာ ပြောပါ”

    “မိုးလည်းချုပ်တော့မှာဆိုတော့ နှစ်ဆယ်ပေးကွာ”

    “မြင်းလှည်းနဲ့  မိုးလည်းချုပ်နေပြီ အဆင်ပြေပါ့မလား”

    “မြင်းလှည်းနဲ့ မဟုတ်ဘူးလေ ညီလေးရ မော်တော်ဆိုင်ကယ်ပါတယ်ကွ”

     ထို့နောက် လူမောင်သည် ပေတူးအား သူ၏မော်တော်ဆိုင် ကယ်ဆီသို့ ခေါ်သွားလိုက်လေသည်။မော်တော်ဆိုင်ကယ်ကို ယခုမှ အနီးကပ်မြင်ဖူးသော ပေတူးသည် ဆိုင်ကယ်ကို သေချာကြည့်နေစဉ် လူမောင်သည် မော်တော်ဆိုင်ကယ်ပေါ်တက်ခွပြီး စက်နှိုးလိုက်လေသည်။သူသည် မော်တော်ဆိုင်ကယ်နှင့် လိုက် ဖက်နေသော လူမောင်အား ငေးကြည့်နေမိ၏။လူမောင်သည် မြို့သားဖြစ်သည့်အတွက် ဝတ်တတ်စားတတ် နေတတ်ထိုင်တတ်သောသူဖြစ်သဖြင့် သူနှင့် အလွန်ပင် ခြားနားလွန်းလှပေသည်။ထို့နောက် ငေးနေသောသူ့အား လူမောင်သည်

    “ညီလေး ဆိုင်ကယ်ပေါ် တက်လေကွာ မင်းကို နှစ်ဆယ်ဆိုတာ ငါ လျော့ပေးထားတာနော်”

    “ဟုတ်ပါပြီ အဲ့တာဆို တက်ပြီဗျာ”

    “ပေတူး ဆိုင်ကယ်နောက်မှ တက်ခွလိုက်သည်နှင့် လူမောင်သည် သူ၏မော်တော်ဆိုင်ကယ်လေးအား မောင်းထွက်လိုက်ပါလေတော့သည်”

◾အခန်း (၄)

     တန်မှတန် ထမင်းဆိုင်လေးသည် လူလည်း ပြတ်သွားပြီမို့ ဆိုင်ပိတ်ရန် ပြင်နေသည်။ဆိုင်ထဲတွင်တော့ လူသုံးယောက်ရှိနေသည်။ထိုလူသုံးယောက်မှာ မေသူအမည်ရ မိန်းမလှလေးနှင့် သူမ၏ ဖခင်၊ဆိုင်အတွက် ကူဖော်လောင်ဖက်အဖြစ် ခေါ်ထားသော မိကြွယ်အမည်ရ ကလေးမလေးတယောက် တို့ဖြစ်ကြသည် ။

   ကလေးမလေးသည် ‌စားပွဲနှင့် တန်းလျားများအားသန့်ရှင်းရေး လုပ်နေရင်းမှ မေသူအား စကားလှမ်းဆိုသည် ။

    “မမ လူတယောက်လောက်ခေါ်ပေးပါဦး ဆိုင်က လူတွေကျနေပြီ ကျမ တယောက်တည်း မနိုင်ဘူး “

     “ငါသိတယ် မိကြွယ်ရေ ယောကျာ်းလေး တယောက်လောက်ခေါ်မလားလို့ ဆိုင်ပိတ်ရင်လည်း အဖေလုပ်ထားတဲ့ ဝါးကပ်ကြီးတွေ မ ပြီး ပိတ်နေရတာ မသက်သာဘူး “

   “ဟုတ်တယ် မမ ဘကြီးကိုလည်း အားကိုးလို့မရဘူး”

    သူတို့ ဆိုင်အတွင်း သန့်ရှင်းရေးလုပ်ပြီးနောက် ဝါးကပ်ကြီး အားမပြီး ပိတ်ရန် ဟန်ပြင်လိုက်စဉ် မော်တော်ဆိုင်ကယ်တစီး သည် ဆိုင်ရှေ့တွင် ထိုးဆိုက်လာလေသည်။ဆိုင်ကယ်ပေါ်မှ လူနှစ်ယောက်သည် ဆိုင်ထဲသို့ဝင်လာကြသည်။နောက်မှ ဝင်လာသောလူကို မြင်သောအခါ မေသူသည် ပြုံးရွှင်စွာဖြင့်

     “အဖေ ဟိုမှာ ကျေးဇူးရှင်လေး လာတယ် ‌”

    “ဘယ်သူတုန်းကွယ့် ဟာ မောင်ပေတူး လာ လာ ညကြီးမိုး ချုပ် ဘယ်လိုလုပ်ရောက်လာတာလဲကွယ့် “

    ပေတူးစကားပြောဖို့ရာ ဟန်ပြင်နေစဉ် လူမောင်မှ

    “ဒီကညီက မြိုင်တောဘူတာကနေ ချက်ချင်းကြီး ဒီကိုသွားချင်တယ်ဆိုလို့ လိုက်ပို့တာ ဦးလေးရေ ကျနော့်နာမည် လူမောင်ပါ ခင်ဗျာ”

   “ဪ အေး အေး မောင်လူမောင်တို့ ထမင်းစားပြီးပြီလားကွဲ့”

     “ဘယ်စားရသေးမှာလဲ ခင်ဗျ”

    “အေး အေး သမီးရေ နင့်အကိုနဲ့ နင့်မောင်အတွက် ထမင်း ပြင်ပေးလိုက်ပါဦး “

     “သွက်လက်လွန်းသော လူမောင်သည် ပေတူးစကားပြောချိန် မရအောင်ပင် သူချည်းသာ ပြောနေလေ၏။လူမောင်သည် မေသူအား မကြာခဏကြည့်နေသလို မေသူသည်လည်း လူမောင်အား တချက်တချက်လှမ်းကြည့်နေသည်။ပေတူးသည် ထမင်းမစားသေးပဲ မေသူ၏ဖခင်ကြီးအနားကို သွားကာ “

     “ဦးကြီး ကျုပ်ကို ဒီမှာ ညအိပ်ဖို့ ခွင့်ပြုပေးနိုင်မလား နောက် နေ့ ဦးကြီးဦးကျော်လှိုင်ရဲ့အိမ် သွားမှာမို့လို့  “

    “ရတာပေါ့ကွာ  ပြောစရာကို မလိုပါဘူး “

     ပေတူးသည် ခွင့်‌ပြုချက်ရပြီးနောက် ထမင်းပြင်ပေးနေသော  မေသူ၏အနားသွားကာ ထမင်းပန်းကန်များကို ယူလိုက်သည်။မေသူသည်

    “ငါ့မောင် ရတယ် မိကြွယ် ချ‌ပေးလိမ့်မယ် “

    “ရတယ် ကျုပ်က မစားသေးဘူး ဟိုလူအရင်စားပြီး ပြန်လိမ့်မယ် သူ့ကို ကျုပ်က ငွေနှစ်ဆယ်ပေးပြီး ငှားလာတာ အလကား လိုက်ပို့တာ မဟုတ်ဘူး “

    “ဪ ဟုတ်လား “

   “ဟုတ်တယ် သူနဲ့ ကျုပ် ထမင်းအတူ မစားဘူးနော် သူ စားပြီး မှ စားမယ် တော်ကြာအတူစားလိုက်ရင် သူပါ အခမဲ့ ဖြစ်နေမှာ စိုးလို့ “

    ပေတူး၏ စကားကြောင့် လူမောင် ထမင်းသီးမတတ်ပင်ဖြစ်သွား၍  ဂရုစိုက်လိုက်ပြီး

    “ငါ့ညီ ငါက ငွေရှင်းမှာပါကွာ မင်းကလည်း ဒီမှာ အလုပ် လုပ်တဲ့သူ ကျနေတာပဲ “

   “လုပ်ချင်နေတာဗျ အမတို့က ခန့်မယ်မထင်လို့ “

   ပေတူး၏ပြောစကားကို ကြားသော မေသူသည်

   “ငါ့မောင် တကယ် အလုပ် လုပ်ချင်တာလား “

    “လုပ်ချင်တာပေါ့ဗျာ “

    “တကယ်နော်”

   “တကယ်ဗျာ ကျုပ်က အပိုမပြောတတ်ပါဘူး “

   “အဖေရေ ဒီက ‌မောင်လေးပေတူးက အလုပ် လုပ်ချင်လို့တဲ့ “

    “ဟန်ကျတာပေါ့ သမီးရယ် မောင်ပေတူးရေ မင်း တို့မိသားစုဝင်ဖြစ်ပြီလို့သာ သဘာထားတော့ မင်းအလုပ်ရပြီ “

   “တကယ်လား ဦးကြီး “

   “တကယ်ပေါ့ကွာ “

    ပေတူးသည် အလုပ်ရပြီဆိုသည်နှင့် ထမင်းစားပြီးပြီဖြစ်သော လူမောင်၏ပန်းကန်များကို ကောက်သိမ်းလိုက်ကာ

    “အမ ဒီမှာ ဘယ်လောက်ကျလဲ တွက်ပေးဦး “

    “ငါးကျပ်ပါ “

     မေသူမှ ထိုသို့ လှမ်းဖြေလိုက်သည့်အခါ ပေတူးသည် လူမောင်ကို စေ့စေ့ကြည့်ပြီး

    “အကို ငါးကျပ်ကြတယ် ကျုပ်တို့ဆိုင်က ပိတ်တော့မှာ ငွေရှင်းပြီးရင် ပြန်လို့ရပြီနော် “

    “အေး အေးပါကွာ မင်းကလည်း အလုပ်ရတာနဲ့ ပါဝါပြတော့တာပဲ ပြန်ပါ့မယ် “

    လူမောင်သည် ငွေငါးကျပ်ထုတ်ပေးပြီးနောက် တခုခုကို သတိရသွားဟန်ဖြင့်

    “ညီလေး မေ့ချင်ယောင်မဆောင်နဲ့ နှစ်ဆယ်လေ နှစ်ဆယ် “

    “မေ့သွားလို့ပါဗျာ ရော့ နှစ်ဆယ် “

    “ရော့ ငါးကျပ် ထမင်းက အတော်စားလို့ ကောင်းတယ် နောက်နေ့တွေလည်း လာစားမယ်နော် ညီမလေး”

   “ဟေ့လူ ကျုပ်ကိုပြော သူက သူဌေးဗျ ကျုပ်ကို ကျော်ပြီး သူ့ကို မပြောနဲ့  ‌ခင်ဗျားလာရတာ အဝေးကြီး လာမစားနဲ့ “

    လူမောင်သည် အောင့်သက်သက်နှင့်ပင် ဆိုင်အပြင်ကို ထွက် သွားတော့သည်။အပြင်ရောက်သည့်တိုင် နောက်သို့ လှည့် လှည့် ကြည့်နေရာ ပေတူးသည်

   “အမ မေသူ ဆိုင်ပိတ်တော့မှာ မဟုတ်လား ဒီဝါးကပ်တွေက အပြင်ကို ပိတ်တာ မဟုတ်လား  “

    ပေတူးသည် ပြောပြောဆိုဆိုဖြင့် လှည့် လှည့်ကြည့်နေသော လူမောင်၏ ရှေ့သို့ ဝါးကပ်ဖြင့် အရင်ပိတ်ချလိုက်ပြီး အတွင်းဆိုင်ခန်းတံခါးများကိုလည်း တယောက်တည်း လိုက်လံပိတ်နေလေရာ မေသူ နှင့် သူမ၏ဖခင် ဦးသောင်းအပြင် မိကြွယ်ကပါ ငေး၍ ကြည့်နေလေသည်။သူ့အားကြည့်နေသည်ကို သိသော ပေတူးသည်

    “ဆိုင်က ပိတ်တော့မှာ မဟုတ်လား အမ “

    “ပိတ်မှာလေ ပေတူးရဲ့ ထမင်း အရင်စားပါဦး ငါ့မောင်ရယ် ငွေနှစ်ဆယ်ပေးလိုက်ရလို့ အတော်မကျေမနပ် ဖြစ်နေတာလား အမ ပြန်ပေးပါ့မယ် “

    ပေတူးသည် မေသူကိုကြည့်ပြီး စိတ်ထဲတွင်တော့ ပြောနေမိ သည်။သူပြောနေသည်မှာ အမကို စိတ်မချလို့ပေါ့ ဟိုလူလည်ကောင်က အမကို စကားတွေအများကြီး လာပြောနေလို့ ကျုပ်အမကို ချစ်နေမိလို့ပေါ့ဟု ပြောနေမိပေမဲ့ အပြင်တွင်တော့

    “ဟုတ်တယ် အမ မြိုင်တော နဲ့ ဒီကို မြင်းလှည်းခမှ ငါးကျပ် လောက်ပဲ ကုန်မှာကို “

    “သူက မော်တော်ဆိုင်ကယ်ကြီးလေ ပေတူးရဲ့ “

   “ကယ်ကယ်ဗျာ အမက သူ့ကို အားကျနေတာလား “

   “မဟုတ်ပါဘူးကွယ် လာ လာ ထမင်းစား”

    ‌မေသူသည် ပေတူးထမင်းစားဖို့ရာ ကိုယ်တိုင်ပြင်ပေးရင်းမှ

    “ငါ့မောင်ရေ ဝက်သားကတော့ အနှစ်ပဲကျန်တယ် ကျန်တဲ့ ဟင်းတွေကိုလည်း လွှင့်ပစ်ရမှာ သိပ်တော့မကျန်တော့ပါဘူး စိတ်ကြိုက်စားနော် “

    “ဒါတွေကို နောက်နေ့ ပြန်မရောင်းဘူးလား “

    “မရောင်းပါဘူး အကျန်တွေကို အမက ရောင်းကိုမရောင်းတာ ဒါတွေကုန်ခါနီး နောက်ဆုံးလာဝယ်တဲ့သူတွေကို များများထည့်ပေးလိုက်တယ် “

    “ကောင်းပါတယ် အမ ကဲ ကျုပ် ထမင်းစားလိုက်ဦးမယ်  ဒါနဲ့ည ကျုပ် ဘယ်မှာအိပ်ရမှာလဲ စောင်တို့ ခေါင်းအုန်းတို့တော့ မပါဘူးနော်”

    “ငါမောင် အိပ်ချင်တဲ့နေရာမှာသာ အိပ် “

    “အနောက်ကအိမ်ပေါ်တော့ မအိပ်တော့ဘူး ဆိုင်ထဲမှာတန်းလျားပူးပြီး စောင့်အိပ်မယ် “

    “မဟုတ်တာ ငါ့မောင်ရယ် တို့က မောင်နှမတွေပဲ အိမ်ပေါ်  တက်အိပ်ပါ”

   “ဟုတ်တယ် မောင်ပေတူး အိမ်ပေါ်မှာပဲ အိပ်ပါ “

    “ရတယ် ဦးကြီး ကျုပ်အတွက်က ကျောတခင်းစာရရင် ဘယ်နေရာအိပ်အိပ် အဆင်ပြေတယ် ဒီဆိုင်ထဲမှာပဲ အိပ်တော့မယ် “

     မေသူသည် စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုမရှိ ရိုးသား သောပေတူးအား ပြုံးလျက် ငေးကြည့်နေမိသည်။သူမ၏ စိတ်ထဲတွင် ပေတူး ရောက်လာသည်ကို သဘောကျပြီး ပျော်နေလေ ၏။ထိုအချင်းအရာကိုဖြင့် ပေတူးတယောက်သည် သိနိုင်မည် မဟုတ်ပေ ။

◾အခန်း (၅)

      ပေတူးတယောက် တန်မှတန်ထမင်းဆိုင်လေးတွင် အလုပ် ၀င်သည်မှာ တလပြည့်ခဲ့ပြီဖြစ်သည်။သူသည် အလုပ်ပေါင်းစုံကို မပင်မပန်းလုပ်ပေသည်။ထင်းခွဲ ရေခပ်မှအစ သန့်ရှင်းရေး နှင့် စားပွဲထိုးအဆုံး နောက်ဆုံး အသားတုံးတာတွေအထိ စွမ်းစွမ်း တမံလုပ်ဆောင်လေသည်။ပေတူး၏ သွက်လက်ဖြတ်လတ်မှု‌တို့ကြောင့် ဆိုင်သို့ ထမင်းလာစားသောသူများသည် ပေတူးအား ခင်မင်ကြလေသည်။သူသည် အများကလက်ခံလာအောင် ပြောဆိုတတ်သည်။ဟာသညဏ်လည်းရွှင်၏။ပွင့်ပွင့် လင်းလင်းလည်း ရှိသည်။ထို့ကြောင့်လည်း မိကြွယ်နှင့် မတည့် ‌ပေ။မိကြွယ်သည် အသက်တဆယ့်ခြောက်နှစ်အရွယ် သူ့ထက် တနှစ်မျှသာ ငယ်သော ကောင်မလေးတယောက်ဖြစ်သည်။သူ သည် ထမင်းစားသုံးသူများ သူမအားခေါ်လျှင် တခါတခါ လမ်း ဘက်ငေးနေတတ်၍ မကြားတတ်ပေ။ထိုအခါ စားသုံးသူများ သည်အနည်းငယ် စိတ်ကွက်လေ၏။ထိုသို့ ဖြစ်သောအခါ ပေတူးသည်

    “အကိုတို့ အမတို့ရေ ကျုပ်နှမလေးကို သည်းခံကြပါဗျ သစ်ရွက်လှုပ်တာနဲ့ရင်ခုန်တဲ့အရွယ်မို့ ဆိုင်ရှေ့ကုက္ကိုလ်ပင်က အရွက်တွေကြွေနေတာကို ကြည့်ပြီး ရင်ခုန်နေလို့ ငေးမိတာပါ သည်းခံကြပါဗျ “

   “အေး ဟုတ်မယ် ဟုတ်မယ် “

    ပေတူး၏စကားကို မိကြွယ်ကြားသွားသောအခါ မကျေမနပ် နှင့် ပြောဆိုတော့သည်။ထိုအခါ အစောက စိတ်ဆိုးဟန်ပြုနေသော စားသုံးသူများသည် စိတ်မဆိုးတော့ပဲ ရယ်ပွဲ ဖွဲ့နေတတ်သောကြောင့် တန်မှတန်ဆိုင်လေးသို့ လာရသည်မှာ စိတ်ချမ်း သာသည်ဟု ပြောကြသည်အထိပင်ဖြစ်၏။ဤသို့ဖြင့် ပေတူး သည် မေသူ၏ တန်မှတန်ထမင်းဆိုင်လေးတွင် အဆင်ပြေနေ သည်။ထို့အတူ ပေတူး၏ ရင်ခုန်သံတို့သည်လည်း အမြဲမြင်တွေ့နေရသော ချစ်ရသူ မေသူကြောင့် ပို၍စီးချက်ညီလျက် ရှိပါတော့သည်။သူ့အတွက် စိတ်မချမ်းမြေ့စရာတခုသည် ရှိသေး ၏။ထိုအရာသည်က အခြားမဟုတ် မြိုင်တောမှ မော်တော်ဆိုင် ကယ်နှင့် ထမင်းလာစားသော လူမောင်အပါအဝင် တခြားသော လူများကြောင့် စိတ်ညစ်ရသည့်အချိန်များလည်းရှိ၏။စေတ သိက်၏ လှုံဆော်မှု့ကြောင့် တခါတခါစိတ်တိုမိသည်။သို့ပါသော်လည်း မေသူ၏ ချော့ချော့မော့မော့စကားတို့ဖြင့် သူ့စိတ်ကို ထိန်းနိုင်ခဲ့မြဲသာဖြစ်သည်။ဤသို့ဖြင့် တနေ့တွင် ကိုငြိမ်းမောင်၏ မြင်းလှည်းလေးဖြင့် မေသူ နှင့် ပေတူးတို့သည် မြိုင်‌တောသို့ ဈေးဝယ်ထွက်ကြလေသည်။ထိုအခါ ကိုငြိမ်းမောင်သည်

    “ပေတူး မင်းကတော့ တကယ့်ကောင်ပဲ ဦးကျော်လှိုင်က မင်းကို နေ့တိုင်းစောင့်နေတာ ပညာသင်ပေးဖို့ဆိုလား မင်းကတော့ ဒီမှာ အလုပ် လုပ်နေတယ် “

  “လုပ်ရတာပေါ့ဗျာ ဘဝအတွက်ပဲကိုး  “

  “အေးပါကွာ အေးပါ “

   ထို့နောက် ပေတူးသည် မေသူ၏နောက်သို့ ခြင်းတောင်းကြီး ဆွဲကာ တပြုံးပြုံးနှင့် လိုက်သွားလေသည်။ကိုငြိမ်းမောင်သည်က ထိုမြင်ကွင်းကိုကြည့်ရင်း  ခေါင်းကို ခါယမ်းနေမိပါတော့ သည် ။

◾အခန်း (၆)

     ပေတူးသည် မေသူအား အခွင့်ကြုံက ရင်ထဲမှစကားများကို ပြောမည်ဟုတွေးနေပါသော်လည်း  ယခုလို နီးနီးကပ်ကပ်ရှိခွင့်လေးပင် ဆုံးသွားလျှင်ဖြင့်ဆိုသောအတွေးနှင့်  မပြောဖြစ်ပေ။ ဤသို့ဖြင့် နှစ်လခန့် ကြာလာသောအခါ ‌မေသူသည် မြိုင်တောမှ မော်တော်ဆိုင်ကယ်နှင့် ထမင်းလာစားသော လူ‌မောင်နှင့် အတော်ကို ခင်ခင်မင်မင်ရှိနေကြသည့်မြင်ကွင်းကို ထင်းခွဲရင်းမှ မြင်လိုက်ရသောအခါ ပေတူး၏ရင်ထဲတွင် မီးစနှင့် ထိုးသည့်အလား ပူလောင်နေပြီး အကြောင်းပြချက်မရှိပဲ စိတ်တိုလာကာ ထင်းတုံးကိုသာ ပေါက်ဆိန်နှင့် ပေါက်ပြီး ဒေါသကို လျှော့လိုက်ရသည်။သို့ပေမဲ့ ငါ့မောင်ဆိုသော စကားသံကို ကြားလိုက်ရသောအခါ သူ၏ဒေါသစိတ်တို့သည်  စိုးစဉ်မျှ မရှိတော့ပြန်ပေ။ဤသို့ဖြင့်နေလာရာ တညတွင် ပေတူးသည် ဆိုင်ထဲ၌ အိပ်နေစဉ် အသံတသံကို ကြားလိုက်ရ၍ အိပ်နေရာမှထကာ ဖယောင်း တိုင်မီးကို ထွန်းလိုက်လေသည်။မီးအလင်းရောင်ရသောအခါ သူ့အား ကျောပေးပြီးထိုင်နေ‌သော အညိုရောင်ဝတ်စုံ နှင့် လူတယောက်ကို တွေ့လိုက်ရလေသည်။ထိုအခါ ပေတူးသည်

    “ဟေ့ ဆိုင်ပိတ်ထားတာကို ဘယ်လိုလုပ်ပြီး ဆိုင်ထဲဝင်လာတာလဲ ပြောစမ်း “

    ပေတူး အသံခပ်မာမာဖြင့် ပြောနေသော်လည်း ထိုလူသည် ပြန်လည်ဖြေကြားချင်း မရှိပေ။ထိုအတွက် ပေတူးသည် ဆက်ပြီး မေးလိုက်ပြန်သည် ။

    “ဟေ့ မေးနေတယ် မကြားဘူးလား “

    “မောင်ပေတူး ဘိုးတော်ဖြစ်ချင်တာဆို အခုတော့ စေတသိက် (၅၂)လုံးထဲက တချို့စေတသိက်တွေ စေ့ဆော်လို့  ‌မိန်းကလေးတယောက်ကို စိတ်စွဲလန်းနေပြီ မဟုတ်လား “

    “ဗျာ ဘိုးတော်စိုး “

   “မောင်ပေတူး မင်း ဘိုးတော် မဖြစ်ချင်တော့ဘူးလား”

    “ကျုပ် အမမေသူကို ပိုင်ဆိုင်ရမယ်ဆိုရင်‌တော့  မဖြစ်ချင် တော့ဘူးဗျာ”

    “မောင်ပေတူး ‌မင်းရဲ့စိတ်ကို ပြင်ဆင်ထားပါ စိတ်ဘာကြောင့် ဖြစ်တယ်ဆိုတာ သိအောင် ငါ ပြောပြမယ်  “

    ဘိုးတော်စိုးသည် ပေတူးအား ငါးဆယ့်နှစ်လုံးသောစေတ သိက်တို့ထဲမှ သဗ္ဗစိတ္တသာဓာရဏစေတသိက်  ၇ နှစ်လုံး ၊ ကိဏ်းစေတသိက် ၆ လုံး ၊အကုသိုလ်စေတသိက် ၁၄ လုံး ၊သောဘဏစေတသိက် ၂၅ လုံးအကြောင်းများကို ပြောပြလိုက်လေသည်။သို့ပေမဲ့ ပေတူးသည်က မိုက်တွင်းနက်ချင်နေသောသူဖြစ်နေပြီမို့  ဘိုးတော်စိုး၏ ရှင်းပြချက်ကို နားမဝင်‌တော့ပဲ  စကားဆိုလိုက်လေ၏။

    “ဘိုးတော် ကျုပ် ဒါတွေကို နားလည်နိုင်စွမ်းတောင် မရှိပါဘူး ကျုပ်က ဘိုးတော်ဖြစ်လောက်တဲ့ အရည်အချင်းလည်း မရှိပါဘူး အဲ့တော့ ကျုပ်ဘဝလေးနဲ့ပဲ ကျုပ်သာယာပါရစေဗျာ “

    ပေတူး၏စကားကြောင့် ဘိုးတော်စိုးသည် ‌ခေါင်းကို အသာ အယာခါယမ်းကာ ပိတ်ထားသောတံခါးကြီးကို ဖြတ်လို့ ဆိုင်အပြင်သို့ ထွက်သွားပါလေတော့သည် ။

◾အခန်း (၇)

       တနေ့တွင် မိသူသည် ပေတူးအား လှည်းတစီးငှားပြီး လှည်းသမားနှင့်အတူ ထင်းသွားတိုက်စေ၏။မနက်အစော သွားရမည်ဖြစ်သောကြောင့် ထမင်းထုတ်များကို မေသူမှ နှစ်ယောက်စာ ပြင်ဆင်ပေးထားလေသည်။ထို့နောက် မနက်ဝေလီ ဝေလင်းအချိန်တွင် ပေတူးသည် လှည်းသမားဝင်းနိုင် နှင့်အတူ ထင်းသွားတိုက်ကြလေသည်။ဝင်းနိုင်သည် အသက်သုံးဆယ်ကျော် လူရွယ်တဦးဖြစ်ကာ အလုပ်ကို ကြိုးစားသူလည်း ဖြစ် သည်။ဝီရိယရှိစွာ အလုပ် လုပ်၏။မနက်ဝေလီဝေလင်းတွင် လှည်းမောင်းသွားရာ တနာရီခွဲခန့် လှည်းမောင်းပြီးချိန်တွင်တော့ သူတို့ထင်းတိုက်ရမည့် နေရာသို့ ရောက်လာပြီဖြစ်သည်။ဝင်းနိုင်သည် အချိန်ဆွဲခြင်းမရှိ အလုပ်ကို တန်းလုပ်လေသည်။ထင်းများတင်ပြီးသွားသောအခါ ဆွမ်းစားခေါင်းလောင်းထိုးချိန်မို့ သူတို့ ထမင်းစားလိုက်ကြသည်။ထမင်းစားနေသည့်အချိန်တွင် ဝင်းနိုင်သည် ပေတူးအားကြည့်ကာ

    “ပေတူး မင်း ထမင်းဆိုင်က မေသူကို ကြိုက်နေတာမဟုတ်လား”

   “ဟာ ကိုဝင်းနိုင်ကလည်း ဘာတွေပြောနေတာလဲဗျာ “

   “ငါ့ကောင် ငါလည်း မင်းအရွယ်ကနေ ကြီးလာတာပါကွ ရှက်မနေနဲ့ မင်း သူ့ကို လူပျိုစကားပြောပြီးပြီလား”

   “နေစရာဘုံပျောက်မှာစိုးလို့ မပြောရဲပါဘူးဗျာ”

   “ငါ့ကောင်ရ ကြောက်ရင်သေ ရဲ မင်းဖြစ်တဲ့ဟ မင်းကြောက်နေလို့မရဘူး ပြောသာပြော “

   “သူက ဦးကြီးသောင်းကို ပြန်တိုင်ရင်ရော “

    “မင်းကလည်းကွာ ‌အလုပ်မဟုတ်တာ လျှောက်တွေးနေတယ်  ကဲ ပြောသာပြောကွာ တော်ကြာ စကားပြောကောင်းတဲ့ကောင်နောက် ပါသွားဦးမယ် “”

    “ဟုတ်တယ်ဗျ အဲ့တာလည်း စိုးရိမ်နေရတယ် အဲ့ထဲမှာ မြိုင်တောက လူမောင်ဆိုတဲ့လူကို ပိုကြောက်ရတယ် “

    “မော်တော်ဆိုင်ကယ်နဲ့ ကောင်ကို ပြောတာလား ပေတူး”

    “ဟုတ်တယ်လေဗျာ အဲ့လူကိုပြောတာ “

    “အဲ့ဒီကောင်က ရထားဘူတာနားမှာ မိန်းမရွှင်ရှာပေးနေတဲ့ကောင်တဲ့ဟ ငါ့အသိကားသမားပြောတာ “

    “ကျုပ်လည်း ထင်ပါတယ် ဒီလူ အခု‌တလော ဆိုင်ကို တော် တော် လာတယ်ဗျ အမနဲ့တောင် တော်တော်ရင်းနှီးနေပြီ “

    “ကဲ ပေတူးရေ တို့လည်းထမင်းစားလို့ ပြီးပြီ အချိန်ရှိတုန်းလေး ပြန်ကြရအောင် “

    ဤသို့ဖြင့် ဝင်းနိုင် နှင့် ပေတူးတို့သည် ထင်းလှည်းပေါ်တင်ကာ ပြန်လာကြလေသည်။ထင်းတုံးများပေါ်တွင် ထိုင်ပြီးလိုက်လာသော ပေတူး၏စိတ်ထဲတွင်တော့ မေသူအား အခွင့်အရေးကြုံက လူပျိုစကား ပြောမည်ဟု ဆုံးဖြတ်ချက် ချလိုက်ပါလေတော့သည် ။

◾အခန်း (၈)

     ပေတူး နှင့် ဝင်းနောင်တို့၏ ထင်းလှည်းလေးသည် တန်မှတန် ထမင်းဆိုင်လေးဆီသို့ ပြန်ရောက်လာပြီဖြစ်သည်။နွားလှည်းရပ်လိုက်သည်နှင့် ပေတူးသည် လှည်းပေါ်မှ ဆင်းကာ ဆိုင်ထဲသို့ သွားမည့်ဟန်ပြင်စဉ် ဝင်းနိုင်မှ စကားဆိုလိုက်သည်။

    “ပေတူး တခါတည်း ထင်းချရအောင်လေကွာ”

    “သွားပြောလိုက်ဦးမယ်ဗျာ”

    “ဟေ့ကောင် ဘာသွားပြောမှာလဲကွ “

    “ဘာသွားပြောရမှာလဲ လူပျိုစကားပေါ့”

   “ဟာကွာ ဒုက္ခပါပဲ ငါ အိမ်ပြန်တော့မှပဲ ပြောပါကွ ‌တော်ကြာငါ မြှောက်ပေးတယ် ထင်”

     ဝင်းနိုင် စကားပြောလို့မှပင်မဆုံးသေး။ပေတူးမှာ ဆိုင်ထဲဝင်သွား၍ သူအတတ်နှင့် သူ ဆူးတော့မည်လောဟု တွေးကာ ဝင်းနိုင်တယောက် ထင်းများကို အလျင်အမြန် လှည်းပေါ်မှ ချနေလေသည်။ပေတူး ဆိုင်ထဲသို့ ဝင်လိုက်ချိန်တွင် မိကြွယ် နှင့် ဦးသောင်းသာရှိပြီး မေသူကို မတွေ့ရသဖြင့် ပေတူးသည်

   “မိကြွယ် အမမေသူ ဘယ်သွားလဲ “

   “မြို့ထဲ သွားတယ် “

    “တယောက်တည်းလား ဦးငြိမ်းမောင် မြင်းလှည်းနဲ့လား “

   “မ မဟုတ်ဘူး ဟိုလူကြီးရဲ့မော်တော်ဆိုင်ကယ်နဲ့ “

   “ဘာ”

   “ဟုတ်တယ် မမက မြို့ထဲသွားဖို့ ဦးငြိမ်းမောင်ရဲ့မြင်းလှည်းစောင့်နေတာ  မြင်းလှည်းမလာတာနဲ့ ဟိုလူကြီးက မော်တော် ဆိုင်ကယ် နဲ့ လိုက်ပို့ပေးတာ “

   “အဲ့တာကို သူက လိုက်သွားတာပဲလား “

    ပေတူး ဒေါသထွက်နေလေ၏။ထို့ကြောင့် လမ်းဘက်သို့ ထွက်ပြီး ကြည့်လိုက်ရာ ဦးငြိမ်းမောင်၏ မြင်းလှည်းလာနေ သည်ကို တွေ့သည်နှင့် အလျင်အမြန်ပင် မြင်းလှည်းပေါ်တက်လိုက်ကာ

   “ဦးလေး ‌မြန်မြန်လေး မြို့ဈေးကို မောင်းပါဗျာ “

   “ငါ ထမင်းစား”

   “ဦးလေး မပို့ပေးရင် ကိုယ့်ဘာသာ ‌မောင်းသွားမှာနော် “

   “အေး အေးပါကွာ “

    ဦးငြိမ်းမောင်သည် ပြာယာခတ်နေသော ပေတူးအား နားမလည်နိုင်စွာကြည့်ရင်း မြင်းလှည်းအား မောင်းထွက်လိုက်လေသည်။ပေတူး၏အသက်ရှုသံပြင်းပြင်းတို့ကြောင့် ဦးငြိမ်းမောင်မှ ပေတူးအား မေးလေ၏။

   “ပေတူး ဘာဖြစ်လာတာလဲကွ မထိတ်သာမလန့်သာ ရှိလိုက်တာ ငါ့ကောင်ရာ “

    “မမေသူလေ ဟိုကောင် လူမောင်ဆိုတဲ့လူရှုပ်နဲ့ လိုက်သွားတယ်တဲ့ဗျ”

    “ခိုးရာ လိုက်ပြေးတာလား”

    “မဟုတ်ဘူး ဈေးကိုလိုက်ပို့တာကို လိုက်သွားတာ “

    “မင်းကလည်း ဘာများလဲလို့ မင်းနဲ့ မေသူနဲ့က ဘာလဲ ပြောစမ်းပါဦး”

   “ဘာမှ မဟုတ်ပါဘူး “

   “ကောင်လေး မင်းနဲ့ သူနဲ့ကမှ မဆိုင်တာလေကွာ မင်းဒီလောက်အထိ စိတ်တိုဖို့ မသင့်ပါဘူး “

   “ကျုပ် ကျုပ်ရင်တွေ အရမ်းတုန်နေတယ် ဦးလေး”

   “လူ့ဘဝဆိုတာ ဒီလိုပဲကွ”

    ထိုစဉ်  မြိုင်တောမြို့ပြင်ဘုရား သွားသည့်လမ်းဖက်မှမော်တော်ဆိုင်ကယ်တစီးသည် သူတို့ ရှေ့မှနေ၍ မြိုင်တော ဘက်သို့သွားရန် ကွေ့ဝင်လာသည်ကို တွေ့လိုက်သည်။ထိုဆိုင်ကယ်ကို မြင်သောအခါ ဦးငြိမ်းမောင်သည်

   “ဟေ့ကောင် ဟိုမှာ မေသူတို့ မဟုတ်လား “

    “ဟုတ်တယ် သူ သူက ဘာလို့ ဟိုကောင်ကို ဖက်ထားရတာ လဲဗျာ တောက်”

   “သူတို့က သမီးရည်းစားတွေဖြစ်နေလို့ နေမှာပေါ့ဟ “

   “ဟာ”

    ပေတူးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သောကြောင့် လှည်းကိုဆွဲနေသော မြင်းပင် လန့်သွား၍ ဦးငြိမ်းမောင်မှ သူ၏ မြင်းလှည်းကို ရပ်လိုက်ပြီး

    “ပေတူး စိတ်လျှော့ကွာ စိတ်လျှော့ ဒီလို အခြေအနေတွေကို လူတော်တော်များများ ကြုံဖူးကြတယ်ကွ “

    ပေတူး ငေးငိုင်နေသည်။သူမြတ်နိုးလွန်း၍ အရိပ်တကြည့်ကြည့် ကြည့်နေခဲ့သော ပန်းကလေးအား ယခု တပါးသူ ခူးတော့ မည် မဟုတ်ပါလား။ပေတူးသည် မေသူ၏အကြောင်းကို တွေးပြီး စိတ်သောကအကြီးအကျယ်ရောက်နေချိန် သူ၏နားထဲတွင်  ဘိုးတော်စိုး၏ စကားသံမှာ ပေါ်လာသည်။ယခုအချိန်တွင်ဒေါသ နှင့် ဝမ်းနည်းခြင်းများ ဖြစ်ပေါ်စေရန် စေ့စော်သော စေတသိက်အကြောင်းများကို အသိ၊သတိနှင့် ယှဉ်လိုက်ပြီးနောက် ပေတူးသည်  ဦးငြိမ်းမောင်အား စကားဆိုလိုက်လေသည် ။

    “ဦးလေး ကျုပ် ဦးကြီးကျော်လှိုင်ရဲ့အိမ်ကို ပြန်တော့မယ် တခုလောက် ကူညီဗျာ တန်မှတန်ထမင်းဆိုင်က ကျုပ် လွယ်အိတ်ကို ယူလာခဲ့ပေးပါ “

    ပေတူးသည် ပြောပြောဆိုဆို မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး မြိုင်တောမှပြန်လာသော မြင်းလှည်းတစီးကို ငှားကာ ဦးကျော်လှိုင်၏အိမ်သို့ ပြန်သွားပါလေတော့သည်။ဦးငြိမ်းမောင်သည် တည်တည်ငြိမ်ငြိမ်ပင် မြင်းလှည်းစီးကာ ထွက်သွားသော ပေတူးအား ငေးကြည့်နေမိစဉ် ဆိုင်ကယ်စက်သံ နှင့်အတူ ဆိုင်ကယ်တစီးသည် သူ့မြင်းလှည်းအနီးရပ်လာသဖြင့် ကြည့်လိုက်ရာ မေသူဖြစ်နေပြီး မေသူသည် ဆိုင်ကယ်မောင်းနေသော လူမောင်အား ပြစ်တင်ပြောဆိုကာ ဦးငြိမ်းမောင်၏ မြင်းလှည်းပေါ် တက်လာလေသည်။ဦးငြိမ်းမောင်သည် သူ၏ မြင်းလှည်းပေါ် တက်လာသော မေသူအား

    “ဘယ်လိုဖြစ်လာတာလဲ တူမကြီး”

    “ဦးလေးကို စောင့်နေတာ အသားတွေကလည်း မှာထားပြီးသားတွေ ဖြစ်နေ အဲ့ဒီကောင်က အတင်းလိုက်ပို့နေတာနဲ့ လိုက်မိပါတယ်။သွားချင်တာတွေ လျှောက်သွားနေတာ မော်တော်ဆိုင် ကယ်ကိုလည်း အတင်းမောင်းတယ်။သူ့ခါးကို မဖက် ဖက်အောင်လုပ်နေတာ နေမှာပေါ့ အစောကမှ ဦးငြိမ်းမောင် နဲ့ ပေတူးကို မြင်လို့ ဆဲဆိုပြီး ဒီကို ပို့ခိုင်းလိုက်တာ ဒါနဲ့မောင်လေး ပေတူးကရော “

    ဦးငြိမ်းမောင်သည်  မည်သည့်စကားပြန်ပြောရမှန်းမသိ ဖြစ်ကာ မေသူကိုသာ ငေးကြည့်နေ၏။မေသူ ဆက်တိုက်မေးလာသောအခါမှ အကျိုးအကြောင်း ပြောပြလိုက်ရာ

    “ကျမကို ပေတူးဆီ လိုက်ပို့ပေးပါ သူ့ကို ရှင်းပြရမယ် “

    “တူမကြီး ပေတူးက ဘိုးတော်ဖြစ်ရမဲ့သူတယောက်ပဲ ဒီအတိုင်းလေးပဲ မသိကျိုးကျွန် ပြုပေးလိုက်ပါကွယ် “

    ဦးငြိမ်းမောင်၏ စကားကိုကြားချိန်တွင် မေသူသည် လမ်းဘေးရှိသစ်ပင်ကြီးကိုငေးနေကာ မျက်ဝန်းမှ မျက်ရည်တို့ ရစ်ဝဲလာပါလေတော့သည် ။

◾ဘိုးတော်ပေ နှင့် စေတသိက်သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း