ဆန်းကျယ်ထူးခြားမုဆိုးများ

သွေးစုံ ကျေးငှက်သာရကာအပေါင်းမှာ ဘာသာဘာဝ မာဂဓတေးသွားများကို ဟစ်ကြွေးနေကြလေသည်။

“ဟင် … ရှေ့နားမှာ ဘာတွေ ကျနေပါလိမ့်”
သစ်ရွက်ကြွေတွေ ဖြန့်ခင်းထားသော မြေပြင်ပေါ် ကတော့ ဒူးလေးတစ်လက်။ မြားဗူးသည် လဲကျလျက်ရှိပြီး ခြားဗူးထဲမှ အဆိပ်လူးထားဟန်တူသော မြားကံတွေက ပြန့်ကျဲလျက်နေသည် ။

“ကယ်.. တော်..မူ.. ကြ.. ပါ”
အသံပေါ်ထွက်လာရာနေရာကို သိလိုက်ပေပြီး “ကျင်းထဲက အသံပဲ”
သည့်အတွက် ကျင်းဝသို့ လျှောက်လှမ်းသွားလိုက် သည်။ ကျင်းဝရောက်တော့ အောက်ကို ငုံ့ကြည့်သည်။ ထိုင် နေသော လူတစ်ဦး။ ၎င်းကို ကြည့်ရသည်မှာ မောဟိုက် နိုင်ပန်းနေပုံရသည်။

“ကယ် .. ကယ်”
“မပူနဲ့ သူငယ်။ မင်းကို ကယ်ဖို့ ရောက်လာပြီ” “ကယ် .. ကယ်ပါ .. ကယ်ပါခင်ဗျာ။ ကျွန်တော်
ဒုက္ခရောက်နေလို့ပါ”
“အေးပါကွယ် … အေးပါ။ မင်းကို ငါကယ်ပါ့မယ်”
ကယ်မည်ဆိုကာမှ.ဘယ်သို့ ကယ်တင်ရပါ့မလဲဟု ဘရသေ့ စဉ်းစားကြည့်သည်။ ကျင်းအနက်က လူ့အရပ် သုံး ရပ်လောက်ရှိမည်။ ကိုယ်ပါ ဆင်းလိုက်လျှင် တစ်ပူပေါ် နှစ်ပူ ဆင့်လိုက်လေမည်လား။

“ကျွန်တော် အပေါ်ကို ဘယ်လိုမှ တက်နိုင်မှာ မဟုတ်ဘူး။ ညာခြေတစ်ဖက်က သိပ်လှုပ်လို့ မရဘူးခင်ဗျ”
“မပူပါနဲ့ကွယ်။ နေဦး။ ငါ.. နွယ်ကြိုးကောင်း ကောင်း တစ်ချောင်းလောက် ရှာလိုက်ဦးမယ်။ ကြိုးရလာရင် ကြိုးတစ်ဖက်စနဲ့ မင်းရဲ့ ချိုင်းအောက်မှာ ချည်လိုက်။ အပေါ် ကနေ ငါ ဆွဲတင်မယ် ဟုတ်ပလား”
“ဟုတ်ကဲ့ . . ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော့်ကို ကယ်ပါ”

ဘရသေ့လည်း ကျင်းနှုတ်ခမ်းမှ ဖယ်ခွာပြီး နွယ်ကြိုး ကောင်းကောင်းတစ်ချောင်းရရန် ပတ်ဝန်းကျင်ကို လှည့်ပတ် ရှာဖွေလိုက်သည်။ သိပ်တော့ မရှာလိုက်ရ။

တွေ့ပါပြီကော။
လက်ပံပင် ထီးထီးမားမားကိုပတ်လျက် တက်နေ
နွယ်ကြိုးတစ်ချောင်း။ သည်နွယ်ကြိုးကိုပဲ ရအောင်ယူမှ ဖြစ်တော့မည် သည့်အတွက် နွယ်ကြိုးတို့ကို ဆွဲခွာလိုက်သည်။
“အင်း .. သည်အရှည်လောက်ဆို ရနိုင်ကောင်းပါ
ရဲ့လေ”
ရလာသော နွယ်ကြိုးတို့ကို ခွေလျက် ကျင်းရှိရာသို့ ဘရသေ့ ပြန်လာခဲ့သည်။ သည့်နောက် ကျင်းဝမှနေ၍ နွယ် ကြိုးတစ်စကို ပစ်ချပေးလိုက်သည်။

“ကြိုးပစ်ချလိုက်ပြီ သူငယ်ရေ … သေသေချာချာ ချည်ပေရော့။ ပြီးတာနဲ့ပြော။ ဆွဲတင်လိုက်မယ်”
“ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. ဟုတ်ကဲ့ခင်ဗျ” ၊
ဘရသေ့၏ စကားအတိုင်း သူသည် ကြိုးစကို လှမ်း ယူရင်း ချိုင်းအောက်မှ သိုင်းလျက် မြဲခိုင်အောင် ခေါက်တုပ် ချည်လိုက်လေ၏။

“ရပြီခင်ဗျ .. ရပြီ”
သူ့အသံကြောင့် ဘရသေ့လည်း ကျင်းအနီးရှိ သစ်ပင်တစ်ပင်ကို ပတ်တုပ်ကာ ဆွဲတင်လေသည်။

“အ.. အ.. အီး .. ကျွတ် .. ကျွတ် .. ကျွတ်”
အပေါ်မှ ဆွဲတင်မှုကြောင့် သူ့အနေအထားသည် မတ်တတ်ရပ်အနေအထား ဖြစ်သွားသည်။ သည့်နောက် ကျင်းနှုတ်ခမ်းကို လက်နှစ်ဖက်ဖြင့် ကုတ်တွယ်လျက် ကျန် ဘယ်ခြေတစ်ဖက်ကလည်း ထောက်ကန်လျက် အပေါ်သို့
ကျားကုတ်ကျားခဲ လှမ်းတက်ခဲ့လေသည်။

“ကျင်းထဲက ငါ့လူရေ။ တောင့်ထား … တောင့်ထား။
ဘာမှ စိတ်ဓာတ်မကျနဲ့။ အပေါ်ကို မကြာခင် ရောက်တော့ မယ်။ ကိုင်း … လာစမ်း”
ဘရသေ့က အားပေးစကားဖြင့် ရှိသမျှခွန်အားတို့ ကို ဖျစ်ညှစ်ကာ ကြိုးစကို ဆွဲငင်နေလေတော့သည်။ လူ တစ်ယောက်၏ ခန္ဓာကိုယ်အား အပေါ်သို့ ဆွဲတင်ရသည့် အလုပ်မှာ အလွယ်တကူတော့မဟုတ်။ ရှိသမျှအင်အား အပေါင်းကို ဖျစ်ညှစ်လျက် စိုက်ထုတ်ရသည်။ သည်လိုနှင့် ဘရသေ့၏ ခွန်အားစိုက်ထုတ်မှုကြောင့် သူ့ခမျာ ဟောဟဲ လိုက်ရင်း ကျင်းနှုတ်ခမ်းပေါ် ရောက်လာရသည်။ သူ ဟောဟဲ လိုက်သလိုပင် ဘရသေ့မှာလည်း ချွေးတွေ ရွှဲနစ်နေပါပကော။

“ဟား …”
သူသည် ကျင်းနှုတ်ခမ်းဘေး သစ်ရွက်ခြောက်များ ပေါ် ပက်လက်လှန်ရင်း ပါးစပ်ဟလျက် လတ်ဆတ်သော လေများကို အငမ်းမရ ရှူသွင်း၊ ရှူးထုတ် လုပ်နေလေသည်။ သူ၏ ရင်အစုံသည် ဖာဖို ဆွဲနေသည့်အလား။
“ရေ .. ရေပေးပါ။ ရေပေးပါ”
“သောက်ရမှာပေါ့ သူငယ်ရယ်။ ဒါပေမဲ့ နည်းနည်း တော့ သည်းခံလိုက်ပါဦး ငါ့ရဲ့ ဝါးတဲကလေးဆီမှာ ရေတင် မကဘူး။ စားစရာ အသီးအနှံတွေ အပြည့်အစုံ ရှိပါတယ်။ ငါနဲ့လိုက်ခဲ့ချေ”
“ကျွန် … ကျွန်တော် လမ်းလျှောက်လို့မရဘူး၊ ညာ ဘက်ခြေက ထောက်လို့ မရဘူး”
“ကိစ္စမရှိပါဘူး သူငယ့်ကို ကုန်းပိုးပြီး ခေါ်ဆောင် သွားမှာပါ”
“ကျေးဇူးတင်လိုက်တာ ဘရသေ့ရယ်။ ဘရသေ့ရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်လို ပြန်ဆပ်ရမှန်းတောင် မသိ တော့ဘူး”
“ကိစ္စမရှိပါဘူးကွယ်။ မင်းကို ကယ်တင်ခွင့်ရလို့ ကယ်တင်လိုက်တယ်လို့ပဲ သဘောထားပါ”
သည့်နောက်မှာတော့ ဘရသေ့လည်း သူ့ကို ညင် သာစွာ ဖေးမ၍ ကုန်းပိုးခေါ်ဆောင်လာခဲ့သည်။

“မင်းတစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက် ပူနေတာ ပါပဲလား”
“ဟုတ်တယ် ဘရသေ့ ကျွန်တော် ကျင်းထဲ ပြုတ်ကျပြီး မေ့နေတာ။ မြေငွေ့တွေရိုက်ပြီး အအေးပတ်လို့ ချမ်းဖျား တွေ တက်နေတယ်။ အင်းဟင်း … ဟင်း .. ဟင်းဟင်း”

“မပူပါနဲ့ကွယ်။ ငါနေတဲ့ တဲကလေးဆီရောက်ရင် အေးအေးသက်သာ အနားယူပါ။ ဆေးဝါးတွေနဲ့ ကုပေးလိုက် ပါမယ်”

ပြောပြောဆိုဆိုနှင့်ပင် သစ်ရွက်သစ်ခက်တွေ မိုးကာ ထားသော ဝါးတဲကလေးရှိရာသို့ ရောက်လာကြသည်။ ဘရသေ့သည် သူ့အား ညင်သာစွာပင် ဝါးကြမ်းပြင်ပေါ်ချ လျက် အဝတ်စကလေးခင်းကာ သက်တောင့်သက်သာ လဲ
လျောင်းစေလေသည်။ ပြီးနောက် ဝါးကျည်တောက်နှင့် ကျို ထားသော ရေခပ်နွေးနွေးကလေးကို တိုက်သည်။ အသီးအနှံ တို့ကို ကျွေးသည်။

“သိပ်အများကြီး မစားနဲ့ဦး။ တော်ကြာ အဖျားထပ် တက်နေဦးမယ်။ ပြီးတော့မှ အဖျားကျဆေးတိုက်ပြီး ဒဏ်ရာကို ကျပ်စည်းရမယ်။ အနားယူလိုက်ဦး။ ငါ တောထဲခဏ ဝင်ပြီး ဆေးပင်ရှာလိုက်ဦးမယ်”

ဘရသေ့က သူ အဖျားကျစေဖို့ ဝါးကျည်တောက် အတွင်းမှ ဆေးတောင့်ကလေး တစ်တောင့်ထုတ်ပြီး ရေဖျော် တိုက်သည်။
ဆေးက စပ်ရှားရှား၊ ခပ်ခါးခါး
လည်ချောင်းအတွင်း ဆေးဝင်အပြီးမှာတော့ သူ၏ မျက်တောင်တို့ လေးပင်လာကြကာ အိပ်မောကျသလို ဖြစ် သွားခဲ့လေတော့သည်၊

“အား .. ကျွတ်..ကျွတ်.. ကျွတ်”
“ခဏကလေး အောင့်ခံလိုက်ပါကွယ်။ ကြပ်စည်းပြီး သုံးလေးရက်အတွင်းမှာ မင်းခြေထောက်ဟာ အကောင်း ပကတိ ဖြစ်သွားပါလိမ့်မယ်။ သိပ်အစွမ်းထက်တဲ့ ဆေးပင် ကွယ့်။ တော်ရုံတန်ရုံ အရိုးကျိုးတာလောက်ကတော့ အလွန် ဆုံး နှစ်ရက်ပဲ”

“ကျေးဇူးတင်လိုက်တာ ဘရသေ့ရာ။ အဖျားလည်း တော်တော်ကျသွားပြီ။ လူလည်းပဲ နေသာထိုင်သာ ရှိသွားပြီ ”

“ကောင်းတာပေါ့ကွာ မကြာခင် မင်း ခံစားနေရတဲ့ ဝေဒနာတွေ ရှင်းရှင်းကို ပျောက်သွားပါလိမ့်မယ်။ ဒါထက် မင့်နာမည်ကလေးကိုလည်း ပြောပါဦး။ ဘာလုပ်လို့ ဘာကိုင် ပြီး ဘယ်က ဘယ်လို ဖြစ်ခဲ့ရတာပါလိမ့်”

“ကျွန်တော့်နာမည် ‘ထွန်းသောင်’တဲ့။ အနှောင်းဘက်ခြမ်းက ကရင်ရွာကလေးမှာ ‘မုဆိုးထွန်းသောင် ဆိုရင် ကလေးလူကြီး အားလုံးသိကြပါတယ်”

‘“ဩ .. မင်းက တောတွင်းသတ္တဝါတွေကို သတ် ဖြတ်အသက်မွေးရတဲ့ အကုသိုလ်စေတမန် မုဆိုးပဲကိုး။ ဒါဆို ရင် ငါ လမ်းမှာတွေ့ခဲ့တဲ့ ဒူးလေးနဲ့ ပြန့်ကြဲနေတဲ့ မြားတံ တွေဟာ မင်းရဲ့ ပစ္စည်းတွေဖြစ်မှာပဲ”

ဘရသေ့ထံမှ သည်စကားကြားတော့ မုဆိုး ထွန်းမောင်၏ မျက်နှာတစ်ပြင်လုံး ဝင်းလက်တောက်ပြောင် သွားခဲ့သည်။ မုဆိုးတစ်ဦးအတွက် ဒူးလေးနှင့် မြားတံဟူသည် ကိုယ်နှင့်မကွာ ဆောင်ထားအပ်သည့် ကကယ့် မဟာမိတ် တွေပင် မဟုတ်ပါကလား။

“ဟာ … ဒါဆိုရင် ကျွန်တော် နေကောင်းပြီး သွား နိုင်လာနိုင်ရင် အဲသည်ပစ္စည်းလက်နက်တွေကို သွားပြန်ယူရ
မယ်”

“ဘာလုပ်မလို့လဲ … ထွန်းသောင်ရ”

“ဘာလုပ်ရမှာလဲ ဘရသေ့ ရယ်။ ကျွန်တော်က မုဆိုးပဲ။ မုဆိုးအဖို့ သားကောင်ကို သတ်ဖြတ်ဖို့ လုပ်ရမှာ
ပေါ့”

“အင်း .. အကုသိုလ်တွေ .. အကုသိုလ်တွေ၊
အခုလို သေကောင်ပေါင်းလဲ ဖြစ်ခဲ့တာ အကျွတ်တရား မရသေးပါလားကွယ်။ မင်း ငါရှိနေတဲ့ ဝန်းကျင်မှာ သားကောင် ရှာလို့ကတော့ ဘာသားကောင်မှ ရမှာမဟုတ်ဘူး”

“ဘာဖြစ်လို့လဲ မရ ရမှာလဲ”

“ဘာဖြစ်လို့ဆို ငါရှိနေတဲ့ ဝန်းကျင်ဆိုတာ မေတ္တာတရားတွေ ဖြန့်ကြက်နေတဲ့ နေရာဝန်းကျင်ဖြစ်လို့ပဲ။ သည်
တော့ကွာ အကုသိုလ်ဖြစ်မယ့် အလုပ်တွေကို စွန့်လွှတ်လိုက် စမ်းပါ။ သမာအာဇီဝကျတဲ့အလုပ် တစ်ခုခုလုပ်မယ်ဆိုရင် တစ်ဝမ်းတစ်ခါးဆိုတာ မခဲယဉ်းပါဘူး”

သူ ဘာမျှ ခွန်းတုံ့ မပြန်တော့။
ခွန်းတုံ့ပြန်စရာ စကားလည်းမရှိတော့။ ဘာ့ကြောင့် ဆို သူနှင့် ဘရသေ့တို့၏ အယူအဆတွေက အစွန်းတစ်ဖက် ဆီမှာ ဆန့်ကျင်တည်ရှိနေကြသည် မဟုတ်လား။

‘ဘရသေ့၏ ဆေးစွမ်းအာနိသင်က ထက်မြက်လှ ပါဘိ၊ အဖျားမတက်တော့။ ကျိုးအက်ပြီဟု ယူဆရသော ညာခြေထောက်ဆိုလျှင် အကောင်းပကတိ၊ ပြီးတော့ ဘရသေ့ ကျွေးမွေးသည့် သစ်သီးဝလံတွေက ကုန်ခန်းနေသော အား အင်တို့ကို တမဟုတ်ချင်း ပြည့်ဝစေခဲ့သည်။

“ဘရသေ့ ကျွန်တော် ပြန်တော့မယ် ခွင့်ပြုပါဦး”

“ဖြစ်ပါ့မလား။ တစ်ရက် .. နှစ်ရက်လောက် နား ပါဦးလား”

“မနားတော့ဘူး။ မုဆိုးတစ်ယောက်အတွက် သားကောင်နဲ့ ရင်မဆိုင်ရရင် အဓိပ္ပာယ်မဲ့သလိုပဲ။ ပျင်းတယ်ဗျ”

“ဪ … မင်းတို့ မုဆိုးတွေက အကုသိုလ်ကို အကုသိုလ်လို့မထင်ဘဲ အပျော်လို့ ထင်နေတာကိုး တစ်ခါ တစ်လေမှာ မုဆိုးဆိုတာ သားကောင်ပြန်ဖြစ်တတ်တယ်နော်”

ဘရသေ့၏ စကားတွေက မှန်လွန်းလှပါ၏။
သူသည် ဤတောအုပ်အတွင်းသို့ သားကောင်ကြီး ကြီး တစ်ကောင်ပစ်ရန် လက်နက်လေးများ အပြည့်အစုံ ရိက္ခာအလုံအလောက်ဖြင့် အရဲကိုးစွာ ဝင်ရောက်လာခဲ့သည်။ သူ့အဖို့ သာမန်သားကောင်လောက် မလိုချင်၊ ကြီးကြီးမား မား သားကောင်လိုချင်သည်။ အမှာရှိသူက ဝက်စွယ်ကောင်း ကောင်း လိုချင်ပါသတဲ့။

သည်တော့ တောဝက်အုပ်တွေ ကျင်လည်ကျက်စား တတ်ရာ နေရာကို ရှာဖွေရသည်။ ရေအိုင်၊ ရေစပ်၊ သဖန်း ပင်။ တောဝက်ဆိုသည်က တစ်ကောင်ထီးတည်း နေတတ် သော တိရစ္ဆာန်မဟုတ်။ သူ့အုပ်စုနှင့်သူ စုဝေးနေထိုင် သွားလာ ကျက်စားတတ်သော တိရစ္ဆာန်များ ဖြစ်သည်။ တစ်နေ့ နှင့်တစ်ညကျော် အပင်ပန်းခံလိုက်မှ သူတွေ့ လိုသော တော ဝက်အုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

အရေအတွက်အားဖြင့် စုစုပေါင်း (၉)ကောင်တိတိ၊
သည်အထဲမှာမှ ဝက်သားပေါက်ကလေးက (၂) ကောင်ပါနေသည်။ သည်လို သေးသေးငယ်ငယ်ကို သူ စိတ် မဝင်စား။ စိတ်ဝင်စားသည်က အုပ်စုခေါင်းဆောင်ဖြစ်ဟန် တူသည့် တောဝက်ထီးကြီး တစ်ကောင်သာတည်း၊ ဝါကြန့် ကြန့်အစွယ်နှစ်ခုက ကောက်ကောက်ကွေးကွေး။ သည်အနေ အထားဆိုလျှင် မှာထားသူပုဂ္ဂိုလ် အကြိုက်တွေ့မှာ သေချာ သည်။ ခန္ဓာကိုယ်အနေအထားက လုံးကျစ်ဝဖီးကာ လည်ဆံ မွေးတွေက ထောင်ထနေသည်။ အလေးချိန်ကို ခန့်မှန်းရ လျှင် အချိန်(၁၅ဝ)ကျော်လောက် ရှိလိမ့်မည်။ သည်တောဝက်အုပ်မှ အုပ်စုခေါင်းဆောင်ကို ဖြိုလှဲနိုင်လျှင် ကျန်တောဝက်များ ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားလိမ့်မည်ဟု ယူဆ ထားခဲ့သည်။
သည့်အတွက် လေအောက်ရှိ သစ်ပင်အကွယ်၌ ချောင်းမြောင်းကာ ဒူးလေးကို တင်ပြီး အကွက်အကွင်း ကောင်းကောင်းကို စောင့်စားနေလိုက်သည်။ ‘

တောဝက်အုပ်စုကတော့ အန္တရာယ်ရှိသောပတ်ဝန်းကျင် အနေအထားကို သတိပြုမိပုံမပေါ်၊ ချောင်း စပ်မှရေကို စိတ်တိုင်းကျ သောက်နေကြသည်။

“ရွှတ်” . . . . .
ဒူးလေးခလုတ်ကို အသာကလေးဆွဲလိုက်သည်။
မြားတံသည် လေထုကို ထိုးခွဲလျက် ပစ်မှတ်ရှိရာ ပြေးလွှားသွားခဲ့ပါ။ သို့သော် တောဝက်ကြီးက မမျှော်လင့် ဘဲ ခန္ဓာကိုယ်ကို တိမ်းငဲ့လိုက်သည့်အတွက် ကျောကုန်း အထက်ပိုင်းကိုသာ ပွတ်တိုက်ထိသွားသလို ဖြစ်ခဲ့ရသည်။

တောဝက်ကြီး၏အသံ မမျှော်လင့်ဘဲ ဒဏ်ရာအနာ တရဖြစ်သွားလေသည့်အတွက် နာနာကျည်းကျည်း အော် ဟစ်သံ။

သူ အချိန်ဆိုင်းမနေတော့။
မြားဗူးထဲမှ အဆိပ်လူးမြားတံ တစ်ချောင်းကို ဆွဲ ထုတ်ကာ ဒူးလေး၏မျှော့ကြောင်းပေါ် တင်လိုက်သည်။ ထိုစဉ်ခဏ
“ကျွိ.. အစ် .. အစ် .. ရှူး”
ဒေါသမာန်ဟုန် အပြည့်ဖြင့် ဒဏ်ရာရသွားသော တောဝက်ကြီးက ၎င်း၏ရန်သူကို ရုတ်တရက် တွေ့မြင်သွားသည်ထင့်၊ လေးမြားရှင်ရှိရာ တည့်တည့်သို့ တဟုန်ထိုး ပြေး ဝင်လာခဲ့သည်။ သူ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိတော့။ အန္တရာယ်က တစ်စထက်တစ်စ နီးကပ်လာခဲ့ပြီကော။ သည် တော့ ချက်ချင်းဆိုသလိုပင် အသက်ဘေးမှ လွတ်ရာလွတ် ကြောင်းအတွက် ခြေဦးတည့်ရာ သုတ်ခြေတင်ရပါတော့သည်။

သစ်ရွက်ခြောက်တို့အပေါ် သေပြေးရှင်ပြေးဖြင့် နင်းချေရာမှ ပေါ်ထွက်လာသော အသံများ၊ ရန် သူ၏ အသက်ကို ဇီဝိန်ဖြတ်ရန် ဒေါမာန်အပြည့်ဖြင့် တဟုန်ထိုး လိုက်သံများ။ ပြောင်းလဲတတ်သော နိယာမသဘောတရား အရ မုဆိုးသည် သားကောင်တစ်ပြန်တစ်လဲ ဖြစ်ရပြန်လေပြီ။

“ကျွိ .. အူး .. အစ် .. အစ်” .
အန္တရာယ်ကား တစ်စတစ်စ နီးကပ်လာပေပြီ။
မကြာခင်မှာပင် တောဝက်ပက်၍ သူ့အသက်နှင့် ခန္ဓာသည် အိုးစားကွဲရပေတော့မည်။
အားသွန်ခွန်စိုက်ဖြင့် ပြေးလွှားနေရင်းမှ မျက်လုံးတွေ ပြာဝေလာခဲ့သည်။ သစ်ပင် တွေက တရိပ်ရိပ်၊
“အား”
မမျှော်လင့်ဘဲ သစ်ကိုင်းအချို့ ကန့်လန့်ခံလျက် သစ်ရွက်ကြွေများဖုံးလျက်ရှိသော ကျင်းနက်ထဲသို့ သူ ပြုတ်ကျ ရင်း လောကကြီးတစ်ခုလုံးနှင့် အဆက်ပြတ်သွားခဲ့လေသည်။

အရာအားလုံးကို သူ သိလိုက်ချိန်မှာတော့ သူ့အဖို့ အသက်နှင့်ခန္ဒာ မြဲနေပါသေးသည်။ ဒါကလည်း ဘရသေ့ သူတော်စင်၏ ကယ်တင်စောင်မမှုကြောင့် ဖြစ်၏။

သူ ဘရသေ့ကို နှုတ်ဆက်ပြီး ထွက်ခွာလာတော့ ဦးစွာရှာဖွေမိသည်မှာ သူ့လက်စွဲတော် လက်နက်လေးမြားပဲ ဖြစ်သည်။

တွေ့ပါချေပြီ။
ဒူးလေးတစ်လက်နှင့် ပြန့်ကြဲနေသော အဆိပ်လူး မြားတံများ။
ဒါတွေအားလုံးကို စုစည်းကောက်ယူလိုက်ပြီး သည် တော့အုပ်မှ ခြေလှမ်းကြဲကြီးများဖြင့် သူတစ်လှမ်းချင်း ထွက် ခွာလာလေတော့တကား။

နေ့ရက်များစွာ ကုန်လွန်လာခဲ့ပါပြီ။
သဘာဝတောအုပ်သည် သဘာဝ ကျေးငှက်များ၊ သဘာဝပန်းပွင့်များ၊ သဘာဝသားကောင်များနှင့် သဘာဝ ကျကာ လှပသာယာနေသည်ဟု ဘရသေ့ထင်သည်။

ဘရသေ့သည် သတ္တဝါ ဝေနေယျတို့အပေါ်တွင် မေတ္တာပို့အမျှပေးဝေရင်း သစ်သီးသစ်နှံများရှာဖွေရန် တော အုပ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့သည်။ သည်တော သည်တောင်တစ်ဝှမ်းမှာ မေတ္တာဓာတ်ကို အရင်းခံလျက်ရှိ
သော ဘရသေ့အတွက် ဘယ်သွားသွား၊ ဘယ်လာလာ မည် သည့်အန္တရာယ်မျှမရှိ
သားရဲတိရစ္ဆာန်တို့ကလည်း ဘရသေ့နှင့်တွေ့လျှင် မည်သည့် ရန်သတ္တုကိုမျှ မပြုကြ။ သူတို့လမ်းကို သူတို့ ဖာသာ အေးအေးဆေးဆေး သွားကြသည်သာပင်။

“ဖလပ် .. ဖလပ် .. ဖလူး .. ဖလူး” ..
“ဖလပ် .. ဖလပ် .. ဖလူး .. ဖလူး”
အရှိန်အဟုန် ပြင်းပြင်းနှင့် တောင်ပံရိုက်ခက်သံ။ “ .. ဂစ် .. ဂစ် .. ဂစ်”
” ဖလပ် .. ဖလပ် .. ဖြန်း .. ဖြုန်း” .
တောင်ပံရိုက်ခတ်သံ ခပ်ပြင်းပြင်းနှင့်အတူ နာနာ ကျင်ကျင် အော်ဟစ်သံကိုပါ ပူးတွဲကြားလိုက်ရသည်။

ဒါ.. သတ္တဝါတစ်ကောင်ကောင် ကျဉ်းထဲကြပ်ထဲ ရောက်နေသည့် အသံမျိုးပင်။
သည့်အတွက် အသံပေါ်ထွက်လာရာသို့ ဘရသေ့ ခြေဦးလှည့်လိုက်သည်။
ဟော..သုတ်ကိုင်းတစ်ခုတွင် မိနေသော သိန်းစွန် ငှက်ကြီး။
မျက်လုံးအစုံက ကြောက်ရွံ့ထိတ်လန့်ဖွယ်အတိဖြင့် နီရဲတွတ်ကာ တောက်ပလျက်ရှိ၏။ ဘရသေ့အပါးသို့ ရောက်
သွားတော့ ကြောက်ရွံ့ထိတ်လန့်စိတ်က ပိုများလာသည်ထင်။ ပို၍ ရုန်းကန်သည်။ တောင်ပံရိုက်ခတ်သံ ပို၍ ပြင်းလာသည်။
“ .. ဂစ်”
“ဖြန်း .. ဖရုံး .. ဖလပ် .. ဖလပ်”
“သားကြီးရေ .. မကြောက်ပါနဲ့ကွယ်။ မင်းကို အဘ က ရန်ရှာဖို့လာတာ မဟုတ်ပါဘူး၊ မင်းရဲ့ ဒုက္ခအကြပ် အတည်းကို ကယ်တင်ရအောင် လာခဲ့တာပါ။ ဘရသေ့ပြော တာ နားလည်ရဲ့ လား သားကြီး”
သနားကရုဏာဓာတ်ခံဖြင့် တစ်လုံးချင်း ညင် သာနူးညံ့စွာ ပြောဆိုလေသော စကားကို သိန်းစွန်ငှက်ကြီးမှာ နားလည်သွားရှာလေသည်ထင့်။ အော်ဟစ်ရုန်းကန် လှုပ်ရှား ခြင်းများ မပြုလေတော့။

“အို .. ဖြစ်မှဖြစ်ရလေကွယ်။ မင်း ရုန်းလေ ..
သုတ်ကိုင်းရဲ့ သွပ်နန်းကြိုးက မင်းခြေထောက်အသားတွေကို ဖဲ့လေလေ ဖြစ်မှာပေါ့။ သွေးတွေလည်း မနည်းပါလားကွယ်။ ကျွတ်ကျွတ်ကျွတ် … ဖြစ်မှဖြစ်ရလေတယ်ကွယ်”

ပြောပြောဆိုဆိုနှင့် သုတ်ကိုင်းကို အသာကလေး ဖြုတ်ပေးလိုက်သည်။
“နေဦး .. နေဦး၊ သားကြီးရဲ့ ဒဏ်ရာဒဏ်ချက်ကို ဘရသေ့ သက်သာပျောက်ကင်းအောင် ဆေးထည့်ပေးပါဦး မယ်”
ဘရသေ့လည်း ခါးကြားထဲမှ ဆေးတောင့်တစ် တောင့်ကို ထုတ်ကာ ပါးစပ်တွင်း ထည့်ပြီး ဝါးလိုက်လေသည်။ ဝါးဖတ်များရလာလျှင် ဝါးဖတ်တို့အား ဒဏ်ရာဒဏ်ချက်တို့ အပေါ်၌ အုံပေးလိုက်သည် ။

“မကြာပါဘူးကွယ်။ သည်ဆေးဟာ သိပ်ပြီး အစွမ်း အာနိသင် ထက်ပါတယ်။ မကြာခင်မှာပဲ ငါ့သားကြီးရဲ့ ဒဏ် ရာဒဏ်ချက်တွေဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်”
သိန်းစွန်ငှက်ကြီးကား ဘရသေ့၏ စကားကို နား လည်သည့်အလား ငြိမ်ငြိမ်သက်သက်ကလေး ရှိနေလေသည်။

ထိုခဏ ဘရသေ့၏ နားယံထဲသို့ သစ်ရွက်ခြောက် များအပေါ် ခြေသံပြင်းပြင်းနှင့် နင်းလာသည့်အသံကို ကြားရလေသည်။

“ဒါ .. ဘာလုပ်တာလဲ ဘရသေ့”
စူးစူးရဲရဲအသံ။
သည်အသံ၌ မာကြောမှုများ ရောယှက်ထွေးနေသည်။
“ဟင် .. မင်း .. မင်း .. ထွန်းသောင်၊ မုဆိုး ထွန်းသောင်”
“ဟုတ်တယ် .. ဘရသေ့။ ကျုပ် ဆင်ထားတဲ့ ထောင်ချောက်က သိန်းစွန်ငှက်ကို ဘာကြောင့် ဖြုတ်ပေးလိုက် ရတာလဲ”
မုဆိုးထွန်းသောင်ကို ကြည့်ရသည်မှာ မှိုင်းမှိုင်း ညို့ညို့။
မျက်နှာထားက တင်းမာနေသည်။
ပြီးတော့ သောက်စားထားဟန်လည်း တူလေသည်။ လက်ထဲမှာလည်း အသက်တစ်ချောင်းမကကို ဇီဝိန်ခြွေပစ် နိုင်သည့် လေးမြားတို့ကို ကိုင်ဆောင်ထားသည်။

“ဒါ .. မေတ္တာဘာဝနာ နယ်မြေလေကွယ်။ သတ္တဝါတွေကို အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်တာတွေ မလုပ်ဖို့ ဘရသေ့ မေတ္တာရပ်ခံပါရစေ ထွန်းသောင်”
“ဟာ .. ဘာတွေ ပြောနေတာလဲ။ သည်စကားတွေ ကြားရတာ နားသိပ်ခါးတယ်”
“ဒီမှာ ထွန်းသောင်။ မင်းရဲ့ အသက်ကို ဘရသေ့ ကယ်တင်ခဲ့တာ မေ့သွားပလား”
“မမေ့ဘူး”
“ဒါဖြင့် ရင်လည်း အဲသည် ကျေးဇူးတရားကို ထောက်ထားပြီး ဟောဒီသိန်းစွန်ငှက်ကို ဇီဝိတဒါနအဖြစ် လွတ်ငြိမ်းခွင့်ပေးဖို့ ဘရသေ့ တောင်းပန်ပါရစေကွယ် နော်”
“ဪ .. တော်တော်ခက်ပါလား ဘရသေ့။ ကျားကို ဥပုသ်လာစောင့် ခိုင်းနေပြန်ပြီ။ မုဆိုးဆိုတာ မုဆိုး အလုပ်
ပဲ လုပ်တယ်ဗျ။ ကျုပ်အလုပ်မှာ ဝင်မရှုပ်ပါနဲ့။ ရှုပ်လို့ကတော့ လူသားဟာလည်း ကျုပ်လို မုဆိုးအတွက် သားကောင် ဖြစ်သွားနိုင်တယ်နော်”

သည်ခဏ သိန်းစွန်ငှက်ကြီးက ရုတ်တရက် တောင်သံခတ်လျက် သဖန်းပင်၏ ကိုင်းဖျားတစ်ခုပေါ်သို့ ပျံတက် သွားသည်။

“သေပေတော့ကွာ”
ထွန်းသောင်သည် ချက်ချင်းဆိုသလိုပင် သိန်းစွန် ငှက်ကြီးထံ ဒူးလေးကို မြှောက်ချိန်လိုက်သည်။

“မပစ်နဲ့ … မပစ်နဲ့၊ မပစ်ပါနဲ့ …ထွန်းသောင်”
ဘရသေ့က ပျာပျာသလဲ တောင်းပန်စကားဆိုလိုက်
သည်။
“ဘာ .. ကျုပ်ရဲ့ စီးပွားရေးကို ဖျက်လိုဖျက်ဆီး လုပ်တယ်။ ကောင်းပြီး ကျွန်ုပ်လက်က သွေးဆာနေတယ်ဆိုတော့ သိန်းစွန်ငှက်ကို မပစ်ရရင် ဘရသေ့ကိုပဲ ပစ်ရလိမ့် မယ်”

“ပစ်ပါကွယ် .. ပစ်ပါ။ မင်းရဲ့ တုံ့ပြန်ကျေးဇူးကို ဘရသေ့ ရဲရဲကြီးခံရဲပါတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်း ပါ။ ဝဋ်ကြွေးတုံ့တင်ရှိခဲ့ရင် သည်ဘ၀ သည်မျှနဲ့ပဲ ကျေပါစေတော့”

“ကိုင်း”
မုန်ယိုနေပြီဖြစ်သည့် ထွန်းသောင်သည် ဒူးလေးကို ဘရသေ့၏ ရင်ဝတည့်တည့်သို့ ထိုးချိန်လိုက်သည်။ ပြီးနောက် ခလုတ်ဖြုတ်မည်အပြု –

“ဂစ် .. ဂစ်..ဂစ်”
“အ.. အား.. အမလေး. မျက်လုံးကန်းပါပြီဗျ” အခြေအနေက ရုတ်ချည်းပြောင်းလဲသွားသည်။ သိန်းစွန်ငှက်ကြီးသည် သဖန်းကိုင်းမှ တစ်ရှိန်ထိုး
ပျံဝဲကာ ရုတ်ချည်းဆိုသလိုပင် မုဆိုးထွန်းသောင်၏ မျက်လုံး အစုံအား ချွန်မြသော ခြေသည်းအစုံဖြင့် ကုတ်ခြစ်ထိုးဖောက် ပစ်လိုက်သည်။

“အား .. အား … ကယ်ကြပါ၊ ဘာမှ မမြင်ရ တော့ဘူး .. အား”
မုဆိုးထွန်းသောင်၏ လက်အစုံသည် ဒူးလေးကို လွှတ်ချပြီးသည့် သကာလ မျက်နှာကို အုပ်လိုက်သည်။ လက်
ချောင်းလေးတွေကြားမှာတော့ သွေးစိမ်းရှင်ရှင်တို့သည် တသွင်သွင် စီးကျလျက်။

“.. သတ္တဝါတစ်ခု၊ ကံတစ်ခုပါကလား၊ အင်း.. အနိစ္စ၊ ဒုက္ခ၊ အနတ္တ”
ဘရသေ့၏ သံဝေဂစကားသံက စိတ်မကောင်းခြင်း ကြီးစွာဖြင့် တုန်ယင်ရိုက်ခတ်နေတော့သည်။ ထိုစဉ်မှာပင် သိန်းစွန်ငှက်ကြီးသည် ဘရသေ့၏ ပခုံးပေါ် ခေတ္တဝင်နား လာလေသည်။ ပြီးလေသော် နှုတ်သီးကောက်ဖြင့် ဘရသေ့၏ ပါးပြင်အား ပွတ်သပ်လျက် ကောင်းကင်ဝေဟင်ထက် ပျံဝဲသွားခဲ့လေပြီတကား။

နန္ဒာမိုးကြယ်

စာစီ – မီးမီး