ကျက်လောနတ်လော

စနေ တော်တော့ မင်းစကားကို ဒီနေရာမှာတင် ရပ်တော့ “

   ဘိုးကာက ကျုပ်ကို စိတ်ဆိုးသွားတယ်ဗျ ကျုပ်လည်း ဘာမှ မပြောရပဲနဲ့ သူ ဘာလို့ စိတ်ဆိုးသွားသလဲဆိုတာ ကျုပ်တကယ် မသိဘူးဗျ  အဲ့တာနဲ့ ကျုပ်လည်း မေးလိုက်ရတာပေါ့ ။

   “ဘိုးကာ “

   “ပြော ဟေ့ကောင်”

   “ကျုပ်ဘာမှားလို့လဲ ဘိုးကာ “

   “မင်းက ဘာသိလို့လဲ ဘာလို့ကိုရင်လေးတွေကို မခွဲပေးချင်ရတာလဲ ပြောစမ်းပါဦး “

   “သူက ကျုပ်တို့ကို မကြည်ဘူးလေဗျာ”

   “မင်းမသိပဲ လျှောက်မပြောနဲ့ကွ မင်းပေးမှာလား မပေးဘူးလားသာ ပြော”

   “ပေးမယ်ဗျာ “

   “ပေး ငါ သွားပေးလိုက်မယ် “

    ကျုပ်လည်း ဘိုးကာက ကိုရင်တွေအပေါ် ဘာ့ကြောင့် သိ တတ်နေတာလည်းဆိုတာ စဉ်းစားမရဘူး ကျုပ်နဲ့ စကားပြောတိုင်း ကိုရင်လေးတွေ ကပ်ကြောင်း၊စိတ်မရှည်ကြောင်းတွေ ပြောတာပါ အခုတော့ ကျုပ်လည်း နားမလည်တော့ဘူးဗျို့ အဲ့တာကြောင့် ဒေါ်သက်ထားပေးထားတဲ့ ငွေတွေကို ဘိုးကာကိုအချိုးကျ ခွဲပေးလိုက်တာပေါ့ဗျာ ဘိုးကာက ငွေရ‌တော့ ကိုရင်လေးတွေ အခန်းဖက်တန်းသွားတာဗျ ‌ကျုပ်လည်း နောက်က လိုက်သွားတာပေါ့ ။

(၂)

    ဘိုးကာက ကိုရင်လေးတွေအခန်းနားရောက်တော့ တံခါး ခေါက်တယ်ဗျ။ကိုရင်နှစ်ပါးက တခန်းတည်းနေတာလေ သူတို့လေးတွေက စာအံနေတာဗျ။အခန်းအပြင်ဖက်ကတောင် ကြားရတယ်။ကိုရင်လေးတပါးက တံခါးလာဖွင့်ပေးတယ်ဗျ ဘိုးကာနဲ့ ကျုပ်ကို မြင်တော့

  “ဘိုးကာနဲ့ ကိုစနေ လာ‌လေဗျာ လာ လာ “

   “တင်ပါ့ “

    ကျုပ်နဲ့ ဘိုးကာက ကိုရင်လေး ကုတင်ပေါ် ထိုင်လိုက်တယ်‌ ဗျာ ပြီးတော့ ဘိုးကာက ကျုပ်ပေးထားတဲ့ ငွေတွေကို ခွဲပေး လိုက်တယ်။ပြီးတော့ ကိုရင်လေးတွေကို လျှောက်တယ်ဗျ ။

   “ကိုရင် ဒေါ်သက်ထားက စနေကို မုန့်ဖိုးပေးခဲ့တာ တပည့် တော်တို့ လေးယောက်ခွဲယူတာ ဒါ ကိုရင်လေးတို့ ဝေစု “

    ဘိုးကာက ငွေတွေကို ကိုရင်လေးနှစ်ပါးကို ကပ်လိုက်တယ်ဗျာ အဲ့တော့ကိုရင်လေးတွေက ဝမ်းပန်းတသာနဲ့ ကျုပ် နဲ့ ဘိုးကာကို ကျေးဇူးတင်စကားဆိုတယ်။ကျုပ်ဗျာ ကိုရင်လေးတွေရဲ့ စကားကြားတော့မှ ဘိုးကာ ကျုပ်ကို ဘာကြောင့်စိတ်တိုတယ်ဆိုတာ သိလိုက်ရတယ်ဗျို့ ကိုရင်လေးနှစ်ပါးပြောတာက

   “ကျေးဇူးတင်လိုက်တာ ဘိုးကာနဲ့ ကိုစနေရယ် အမှန်အတိုင်းပြောရရင် ရွာကဒကာမကြီးက မကျန်းမာလို့ ကိုရင်လည်း သူ့ဆေးဖိုးလေးပေးချင်နေတာ အခုတော့ အတော်အဆင်ပြေသွားပြီဗျ ဒီတခါ ရွာကလူတွေလာရင် ပေးလိုက်ဦးမယ် “

   “ကိုရင်လည်း အတူတူပဲ အိမ်ကဒကာကြီး နှမ်းရိတ်ရင်း မျက် လုံး ခိုက်မိထားလို့ အလုပ်မလုပ်နိုင်ဘူး ဒကာကြီးလည်း သနားပါတယ်။ကျုပ်ကို ရွာမှာနေရင် ဆင်းရဲမှာဆိုးလို့ လူမထွက်ခိုင်းတာ ကိုရင်ကတော့ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေရတာ မကြည့်ရက်ပါဘူး ကို‌စနေ ငွေပေးတော့ တော်တော်အဆင်ချောသွားတယ် “

   ကျုပ်ဗျာ တကယ်ကို ဝမ်းသာသွားတယ် အဲ့တာနဲ့ ကျုပ်ရဲ့ ဝေစုငွေကိုပါ ကိုရင်လေးတွေကို ပေးလိုက်တယ် သူတို့က ငြင်းတယ်ဗျ ဒါပေမဲ့ ကျုပ်က အတင်းပေးလိုက်တယ်ဗျာ ကျုပ်အတွက် ငွေဆိုတာ လိုမှမလိုပဲလေ။

   ကျုပ် အဲ့လိုကိုရင်လေးတွေကို ငွေပေးတော့ ဘိုးကာက ပြုံးပြီး ကြည့်နေတယ်ဗျ အမှန်အတိုင်းပြောရရင် ကျောင်းရဲ့အထာကို ခုမှသိတယ် ကျုပ်တို့တတွေက မတည့်အတူနေတွေဗျ ။ အရေးကြုံလာရင်တော့ တ‌ယောက်ကို တယောက် ကူညီစောင့် ရှောက်ကြတာပေါ့ဗျာ ။

(၃)

    ကျုပ်တို့ ညနေစာ ထမင်းစားပြီးတော့ ဘိုးကာနဲ့ ကျောင်းရှေ့ စောင်းတန်းမှာ ကျားထိုးနေတယ်ပေါ့ဗျာ။အဲ့ဒီအချိန် ကျောင်းထဲကို ကားတစီးဝင်လာတယ်ဗျ။ကားက အတော်တော့ ရှေးကျနေပြီ။ဘာကားမှန်းကို မသိဘူးဗျိူ့ ဘိုးကာတော့ အဲ့ဒီကားပုံစံကို ကြည့်ပြီး ပြောတယ်ဗျ ။

   “ဒီကားက တော်တော်ရှေးကျနေပြီ ဗောက်စဂွန်ကားကွ “

   “ကျုပ်ဖြင့် မြင်တောင် မမြင်ဖူးပါဘူး “

   ကျုပ်တို့လည်း ပြောပြောဆိုဆို အဲ့ဒီကားနားလေးသွားလိုက်တာပေါ့  ကျုပ်တို့လည်းအနားရောက်ရော အသားဖြူဖြူနဲ့ လူတယောက် ဆင်းလာတယ်ဗျ ပိုးပုဆိုးနဲ့ ကုတ်အင်္ကျီနဲ့ဗျ သူ့ကြည့်ရတာ ဘိုင်စကုတ်မင်းသားကျနေတာပဲ ကားပေါ်ကဆင်းပြီး ကျုပ်တို့ကို ကြည့်တယ် ပြီးတော့ မေးလာတယ်ဗျ ။

   “ဦးကြီးနဲ့ ညီလေး ဆရာတော်ဦးကုသလ ရှိလား”

   “ရှိတယ် ကျုပ် နောက်လိုက်ခဲ့ပါ “

   ဘိုးကာက အဲ့ဒီလူကို ဘုန်းကြီးကျောင်းပေါ် လိုက်ပို့တယ်ဗျ။ ကျုပ်လည်းနောက်က လိုက်တာပေါ့ သူ့နောက်က လိုက်ရတာကို အမွှေးနံ့က ထောင်းထောင်းထနေတာပဲဗျာ  ရုပ်ကတော့ အတော်ဖြောင့်ပဲဗျ အသားအရည်နဲ့ ဝတ်ထားတာက အတော် လိုက်တယ်။ကျောင်းပေါ် ရောက်တော့ ဧည့်သည်က ဘုန်းကြီးကို ဦးချကန်တော့တယ် ပြီးတော့ လျှောက်တင်တယ်။

   “အရှင်ဘုရား တပည့်တော် လျှောက်တင်စရာရှိလို့ပါ ဘုရား”

  “လျှောက်တင်ပါ ဒကာ”

   “အခုည တပည့်တော်တို့ရွာမှာ တရားဟောပေးဖို့ လာပင့်တာ ပါ “

   “အခု ချက်ချင်းကြီးလား ဒကာရဲ့ “

   “တင်ပါ့ဘုရား တပည့်တော်‌တို့ ရွာသားတွေက တရားနာချင်နေကြလို့ပါ “

   “ခက်ပြီ ဒကာ ဘုန်းကြီးအ‌နေနဲ့ကလည်း တရားဟောဖို့ လာပင့်ရင် ငြင်းဖို့မသင့် တယောက်တည်း လိုက်ဖို့ကလည်း “

   “အရှင်ဘုရားရဲ့ ကျောင်းသားဖြစ်ဖြစ် ကိုရင်ဖြစ်ဖြစ် ဘယ်သူ့ခေါ်ခေါ် အဆင်ပြေပါတယ် ဘုရား”

   “တရားနာချင်တဲ့သူတွေကို တရားဟောရမှာ ဘုန်းကြီးတို့တာဝန်ပဲ အဲ့တာကြောင့် မောင်စနေ “

   “ဘုရား “

   “မင်းပဲ ဘုန်းကြီး‌နောက်လိုက်ခဲ့ပေတော့ကွယ် ဘိုးကာက ကျောင်းမှာ စောင့်ရစ်တော့”

  “တင်ပါ့ ဘုရား”

   “တရားနာလာပင့်တဲ့သူက ဘုန်းကြီး လိုက်မယ်ဆိုတော့ တော်တော်ပျော်သွားတာဗျ နောက်တော့ ကျုပ်တို့ဘုန်းကြီးလည်း ဘိုးကာကို မှာစရာရှိတာတွေမှာ သင်္ကန်းလေးရုံပြီး သူရဲ့ယပ်တောင်ကြီးကိုကိုင်ပြီး ရှေ့ကကြွသွားတော့ ကျုပ်က အောက်ကိုအမြန်ဆင်းပြီး လွယ်အိတ်ကိုယူ လိုအပ်တဲ့ပစ္စည်းလေးတွေ ထည့်ပြီး ဘုန်းကြီး နောက်လိုက်ရတာပေါ့ဗျာ ။

(၄)

   ဘုန်းကြီးက ကားနောက်ခန်းမှာ ထိုင်တယ် ကျုပ်က ရှေ့ခန်း မှာပေါ့ ကားသမားကတော့ ကျုပ်တို့ဘုန်းကြီးကိုလာပင့်တဲ့ ဓာတ်ရှင်မင်းသားပုံစံနဲ့ လူလေဗျာ ကျုပ်တို့ကျောင်းကနေထွက်တော့ မိုးချုပ်နေပြီဗျ သူက မြို့ထဲကိုမဝင်ပဲ မြို့ပြင်ကို မောင်းနေတယ်။ရွာဆိုတော့ နည်းနည်းတော့လှမ်းမယ်လို့ ထင်ထားတာပေါ့ ကားမောင်းတဲ့သူက ကားမောင်းနေရင်း ကျုပ်ကို စကားလှမ်းပြောတယ်ဗျ ။

   “ငါ့ညီ မင်းနာမည်ဘယ်လိုခေါ်လဲ “

   “စနေပါ အကို “

   “အေးကွာ မင်းတို့ဘဝတွေကို အားကျလိုက်တာ “

   “ကျုပ်က ဆွေမရှိမျိုးမရှိမို့ ကျောင်းကဘုန်းကြီးက နေခွင့်ပြုထားတာပါဗျာ အားကျစရာမရှိပါဘူး”

   “မဟုတ်ဘူး ညီလေး နောက်ကဆရာတော်ဆီမှာ ဖူးခွင့်ရတာကို ပြောတာပါ အကိုတို့ဆို ဆရာတော်ကို ပင့်ဖို့ အတော်ကို ကြိုးစားရတယ် “

   “ကားရှိတာပဲ အကိုရာ “

   “မဟုတ်သေးဘူး ညီလေးရာ ဒီကိစ္စ ရှင်းပြဖို့က အတော်ကိုခက်မယ် “

   ကျုပ်လည်း သူပြောတာကို သိပ်နားမလည်ဘူးဗျ အဲ့တာကြောင့် ကားထိုင်ခုံကိုမှီပြီး လိုက်လာတာပေါ့ ကျုပ်တို့ဘုန်းကြီးက တခွန်းတပါဒမှစကားမပြောဘူးဗျ ကျုပ် နောက်လှည့်ကြည့်တော့ ဘုန်းကြီးက တရားမှတ်နေတယ်ဗျ ကျုပ်ကလည်း ကားစီးရတာ အတော်ကြာနေပြီမို့ ကားမောင်းတဲ့သူကို မေးလိုက်တယ် ။

   “အကို မရောက်သေးဘူးလားဗျ”

   ကျုပ် အဲ့လိုမေးတာကို ကားမောင်းသမား မဖြေခင် ဘုန်းကြီးက မိန့်တယ်ဗျ ။

   “မောင်စနေ အချိန်တန်ရင် ရောက်မပေါ့ တဖက်သားကို ဗျာ များအောင် ‌မမေးပါနဲ့ “

   “တင်ပါ့ဘုရား တပည့်တော် မမေးတော့ပါဘူး “

   ဘုန်းကြီးက ကျုပ်ကို မမေးခိုင်းဘူးဗျာ အဲ့တာနဲ့ ကျုပ်လည်း ဘာစကားမှမပြောပဲ ကားထိုင်ခုံကိုမှီပြီး အိပ်နေလိုက်တယ် ။ ကားမောင်းချိန်တော်တော်ကြာလာတော့ အိပ်ချင်လာတယ်ဗျ ။ အဲ့တာနဲ့ ကျုပ်လည်းအိပ်ပျော်သွားတယ်ပေါ့ဗျာ ဘယ်အချိန်အထိ ကျုပ် အိပ်ပျော်သွားလဲတောင်မသိဘူး ကားမောင်းသမား က နှိုးတော့မှ ကျုပ်နိုးလာတယ် ဘုန်းကြီးက အောက်တောင်ရောက်နေပြီ အိမ်ကြီးတအိမ်ရဲ့အရှေ့ပဲဗျ အိမ်ကြီးကို ကြည့်ရတာ ကိုလိုနီခေတ်က ဆောက်ထားတဲ့ အိမ်ပုံစံကြီးဗျို့ အုတ်ကွက်တွေ ‌ဖော်ထားတာ အနီရောင်ကြီးဗျ။ကားမီးက မမှိတ်ရသေးတော့ ကားမီးရောင်နဲ့ မြင်နေတာပေါ့။မကြာဘူး အိမ်ကြီးက မီးတွေ လင်းလာတယ်ဗျို့ ပြီးတော့ မီးအိမ်ကြီးတွေ ဆွဲပြီးလူသုံးယောက် အိမ်ပေါ်ကဆင်းလာတယ်။ပြီးတော့ ကျုပ်တို့ ဘုန်းကြီးကို ဦးချပြီးတော့ လျှောက်တယ်ဗျ။

   “အရှင်ဘုရား ခရီးပန်းလာပြီလား ဘုရား”

   “တရားဟောဖို့အတွက် လာရတာ ဘုန်းကြီး မပင်ပန်းပါဘူး “

   “ခဏ နားဦးမလားဘုရား “

   “မနားတော့ပါဘူး တရားဟောရမဲ့နေရာသာ ပို့ဆောင်ပါ ဒကာတို့ “

   “တင်ပါ့ ဘုရား တပည့်တော် လျှောက်တင်စရာလေး နည်းနည်း ရှိပါတယ်ဘုရား”

   “‌လျှောက်တင်ပါ ဒကာ “

   “တပည့်တော်တို့ အခုလိုတရားပွဲကျင်းပတာကို လိုသူရှိသလို မလိုသူတွေလည်းရှိပါတယ် ဘုရား အဲ့တာ မလိုသူတွေက မချေမငံ ဆက်ဆံခဲ့ရင်လည်း သည်းခံတော်မူပေးပါဘုရား”

   “ပြဿနာမရှိပါဘူး ဒကာ ဘုန်းကြီး သည်းခံပါ့မယ် “

   “ကျေးဇူးကြီးလှပါတယ် ဘုရား”

    မီးအိမ်ကိုင်ထားတဲ့ လူကြီးတွေက ကားမောင်းသမားကို အချက်ပြတယ်ဗျ အဲ့တာနဲ့ ကားမောင်းသမားက ရှေ့ကို အရင် သွားတယ် ကျုပ်ဖြင့် ဒီလူတွေ လုပ်နေတာကို နားကိုမလည်ဘူး ဘုန်းကြီးက မေးတာမြန်းတာမကြိုက်လောက်ဘူးဆိုတာ သိလို့  လွယ်အိတ်လေးကိုလွယ်ပြီး ဘုန်းကြီးဘေးကနေ ကုပ်ချောင်း ချောင်းနဲ့ လိုက်နေရတာပေါ့ဗျာ။

(၅)

    ကျုပ်တို့ဘုန်းကြီးကို ပင့်ပြီး ရှေ့ကသွားတဲ့လူကြီးနောက်ကို လိုက်သွားကြတယ် သူတို့လက်ထဲက ကိုင်ထားတဲ့မီးအိမ်ကြီးတွေဆို လင်းမှလင်းပဲဗျို့ ကျုပ်လည်း အဲ့ဒီမီးအိမ်ကြီးက ထွက်တဲ့အလင်းရောင်နဲ့ ပတ်ဝန်းကျင်ကို နည်းနည်း အကဲခတ်ကြည့်တာပေါ့ဗျာ အိမ်တွေက အကောင်းသားဗျ ရှေးခေတ်အိမ်ကြီးတွေ လမ်းတွေဆိုလည်း တကယ်ကိုရှင်းလင်းနေတာပဲ  ကျုပ်ဖြင့် အံ့ဩမိတယ် ရွာလို့သာပြောတာ မြို့တွေထက် သန့်ရှင်းသပ်ရပ်တယ်ဗျာ ကျုပ်တို့ရှေ့ကသွားနေတဲ့ လူကြီးသုံးယောက်ဆို တကယ်ကို ဝတ်ကောင်းစားလှနဲ့ဗျ ကျုပ်တို့ကို လာပင့်တဲ့ သူမှ သပ်ရပ်လှပြီထင်နေတာ အဲ့ဒီလူကြီးတွေနဲ့ယှဉ်ရင် ကျုပ်တို့ကို လာခေါ်တဲ့သူက ဘာမှမဟုတ်သေးဘူးဗျို့ ကျုပ်တို့ဘုန်းကြီးကတော့ တကယ်ကို ကြည်ညိုဖွယ်ပဲဗျို့ အဲ့လိုနဲ့ ကျုပ်တို့သွားနေတုန်း ရွာအပြင်ဖက်ရောက်တော့ မီးတုတ်တွေ ကိုင်ထားတဲ့ လူတစုနဲ့ တွေ့ပါရောဗျာ အဲ့ဒီလူတွေက ကျုပ်နဲ့ ဘုန်း ကြီးကို ကြည့်ပြီး အံတကြိတ်ကြိတ် တောက်တခေါက်ခေါက်နဲ့ပေါ့ဗျာ အဲ့ဒီလူတွေရဲ့ရှေ့မှာ ကျုပ်တို့ကို လာပင့်တဲ့သူရယ် တခြားသူ့အရွယ်တူ လူသုံးလေးယောက်လောက်က အသွားမှာ ဝင်းလက်နေတဲ့ လှံတယောက်တချောင်းကိုင်ထားပြီး မီးတုတ်ကိုင်ထားတဲ့လူတွေကို စူးစိုက်ကြည့်နေတာဗျာ ကျုပ် သူတို့ကို ကြည့်ရတာ စစ်သူကြီးတွေလို့‌တောင် ထင်မိလိုက်သေးတယ်  မီးတုတ်ကိုင်ထားတဲ့သူတွေကလည်း ကျုပ်တို့ကိုလာပင့်တဲ့လူနဲ့ တခြားနှစ်ယောက်ကိုကျော်ပြီး မတိုးလာရဲဘူးဗျ ကျုပ်ဖြင့် အံ့ဩမိတယ်။ဒီလောက်လူအများကြီးက ဘာလို့ လူလေးသုံးယောက်ကို ကြောက်နေရတာလဲလို့ပေါ့ အဲ့ဒီလူအုပ်ကြီးကြည့်ရတာ တမျိုးပဲဗျ လူတွေအားလုံးက မျက်နှာသေတွေနဲ့ ကျုပ်တို့ကို ခေါ်တဲ့လူတွေနဲ့ရုပ်က တခြားစီပါဗျ သူတို့ပါးစပ်ကလည်းအတော်ကို မကြားဝံ့မနာသာတွေ ပြောတယ်ဗျာ ကျုပ်တို့ဘုန်းကြီးကိုလည်း ဆဲရေးတိုင်းထွာလိုက်တာများဗျာ ကျုပ်ဆို စိတ်တိုလွန်းလို့ ပြန်ပြောမိတော့မလိုပဲ ဆရာတော်က ထိန်းထားလို့သာပေါ့ အဲ့ဒီလူအုပ်ကိုကျော်ပြီးတော့ ကွင်းပြင်တခုကို ရောက်တယ်ဗျ အဲ့ဒီကိုရောက်တော့ အစောကလူတွေနဲ့ တခြား စီဖြစ်တဲ့လူတွေကို တွေ့ရပြန်ရောဗျာ မိန်းကလေးတွေဆို လှလိုက်တာများဗျာ မပြောပါနဲ့ ကျုပ်တောင် ဘုန်းကြီးအနားရှိနေလို့ မငေးမိအောင် နေ နေရတာ အဲ့လိုနဲ့ ကျုပ်တို့တွေ တရား ဟောရမဲ့ ကွင်းပြင်ကြီးကို ရောက်လာတာပေါ့ဗျာ သူတို့က ဖန်ချောင်းတွေဘာတွေ ထွန်းထားတာ မဟုတ်ဘူးဗျ မီးအိမ်ကြီးတွေပဲ ထွန်းထားတာ တရားဟောပုလ္လင်ဆို သစ်သားနဲ့ ကောင်း ကောင်း လုပ်ထားတာဗျ ပန်းတွေဆိုလည်း မွှေးကြိုင်နေတာပဲဗျာ။ကျုပ်လည်း ဆရာတော်ကို တရားစင်ပေါ်  တက်နိုင်အောင် ကူညီပြီး မလှမ်းမကမ်းမှာ ထိုင်နေတာပေါ့ဗျာ ကျုပ် ပတ်ဝန်း ကျင်ကို တချက်လေ့လာလိုက်တယ်ဗျ။အခု တရားဟောမဲ့ကွင်းပြင်ဝန်းကျင်မှာ မီးတုတ်ကိုင်ထားတဲ့လူတွေက ကျုပ်တို့ကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်နေတာဗျို့ သူတို့ကို မလာနိုင်အောင် အသွားသုံးခွပါတဲ့ လှံတွေ၊ရိုးရိုးလှံတံတွေကိုင်ပြီး စောင့်ကြပ်နေတဲ့သူတွေကြောင့်သာ ဒီဘက်ကို မလာရဲတာဗျာ သူတို့သာမရှိရင် ကျုပ်တို့ မလွယ်ဘူး ဘုန်းကြီးလည်း တရားပုလ္လင်ပေါ် ရောက်တော့  မိန်းကလေးတယောက်က တရားတောင်းတယ်ဗျ သူတောင်းတာ မြန်မာလို မဟုတ်ဘူးဗျို့ ပါဠိလိုဗျ ပါဠိလို။ကျုပ်ဖြင့်လေ ကဠန်ကရိုဏ်းကျကျ ပါဠိလိုပြော ပါဠိလို တရားတောင်းတတ်တဲ့ မိန်းကလေးကို  အံ့ဩလွန်းလို့ သေချာကြည့်မိတယ်ဗျ အဲ့ဒီမိန်းကလေးက နိုင်ငံခြားသူရုပ်နဲ့ဗျာ သူ တရားတောင်းလို့ပြီး‌တော့  နောက်ထပ်လူကြီးတယောက်က ဘုန်းကြီးကို လျှောက်တယ်ဗျ ။

   “ဆရာတော်ဦးကုသလဘုရား တပည့်တော်တို့အထဲမှာ ဗမာဘာသာကို နားမလည်သူတွေ အများစုပါတာကြောင့် ပါဠိလိုပဲ ဟောပေးဖို့ မေတ္တာရပ်ခံပါတယ်ဘုရား တပည့်‌တော်အပါအဝင် အားလုံးက ပါဠိဘာသာကို ကောင်းစွာနားလည်နိုင်စွမ်း ရှိပါတယ် အရှင်သူမြတ်ဘုရား”

   ကျုပ်တို့ဘုန်းကြီးကလည်း ဘယ်ခေမလဲ သူတို့ လျှောက်တဲ့ စကားကို ပါဠိလို ပြန်ပြောပြီး ပါဠိလိုပဲ ဟောတာပေါ့ ကျုပ်တို့ သူတို့ ဟောနေပြောနေတာကို သာဓုတခုပဲ နားလည်တယ်ဗျ ကျုပ် ဘာမှနားမလည်ဘူး  ကျုပ်တို့ဘုန်းကြီးကလည်း အသံ  ကောင်းချက်ဗျာ အသံချဲ့စက်မပါတာတောင် အတန်အသင့် ကျယ်တယ်။တရားပွဲထဲမှာ ဟိန်းလို့ဗျာ ကျုပ်တောင် အံ့ဩမိတယ် ဆရာတော်ရဲ့အသံက တော်တော်ကိုကောင်း တော်တော် ကို ကြည်ပြီး ပီသပါတယ်။တရားနာတဲ့သူတွေကလည်း မျက် လုံးမှိတ်ပြီး တရားနာနေတယ်။ကျုပ်တို့ဘုန်းကြီးကလည်း မျက်လုံးမှိတ်ပြီး တရားဟောနေတယ်ဗျ။အတော်ကြာကြာတရားဟောပြီးတော့ တရားပွဲပြီးသွားတယ်ပေါ့ဗျာ အဲ့ဒီအချိန်မှာ အစောက မီးအိမ်ကိုင်ပြီး ဒီဘက်ကိုခေါ်ခဲ့တဲ့ လူကြီးသုံးယောက်က အထုတ်လေးတထုပ်ကို ရွှေလင်ပန်းထဲထည့်ပြီး  တရားစင်ပေါ်တက်လာတယ် ပြီးတော့ ဆရာတော်ကို လျှောက်တယ်ဗျ ။

   “အရှင်ဘုရား နဝကမ္မအဖြစ် ဒီပစ္စည်းလေးတွေကို အလှုခံတော်မူပါဘုရား “

   အဲ့ဒီလူကြီးတွေက ဘုန်းကြီးကို လျှောက်ပြီး သူတို့ လင်ပန်းထဲက အထုတ်လေးကို ဖြေပြတယ်ဗျ။‌ဟော ရွေတွေဗျာ လက်စွပ်တွေရော လက်ကောက်တွေရော ဘယက်တွေပါ အစုံပဲဗျာ ကျုပ်က ဘုန်းကြီးအနားမှာ ကပ်နေတာဆိုတော့ သေချာမြင်ရတယ်ဗျာ တကယ်လိုချင်စရာတွေချည်းပဲ ဘုန်းကြီးက အဲ့ဒီပစ္စည်းတွေကို တချက်ကြည့်ပြီးတော့ မိန့်တယ်။

   “ဥစ္စာသရဏ မဟာသရဏဆိုတဲ့သီလကို စောင့်ထိန်းနေရတာမို့ ဘုန်းကြီးက ယူလို့မဖြစ်ပါဘူး”

   “အရှင်ဘုရား လက်မခံရင်‌တောင် ကျောင်းသား”

   “သူလည်း လက်ခံလို့ မရပါဘူး ဒကာကြီး ဘုန်းကြီးတို့ ဒီကို တရားလာဟောတာ တခြားသောအကျိုးကို မျှော်ပြီး လာတာ မဟုတ်ပါဘူး အရိယာဖြစ်ဖို့ကြိုးစားရ‌ဦးမှာမို့ အနှောက်အယှက် အဟန့်အတားဖြစ်စေနိုင်တဲ့ ဥစ္စတွေကို မလှုပါနဲ့ ဒကာကြီးတို့လှုချင်ရင် ကျောင်းမှာ ဆွမ်းကျွေးနိုင်ပါတယ် “

   “တင်ပါ့ဘုရား တပည့်တော် သာဓုခေါ်ပါတယ် ဆွမ်းကျွေးချင်ပေမဲ့ လာလို့ မလွယ်သေးတာကြောင့် မဖြစ်နိုင်သေးပါဘူးဘုရား”

   “ဘုန်းကြီး နားလည်ပါတယ် ဒကာတို့ အဆင်ပြေသလိုသာ ပြုလုပ်နိုင်ပါတယ်  ဘုန်းကြီးတို့ ပြန်ကြွလို့ ရပြီလား”

   “ရပါပြီ ဘုရား တပည့်တော်တို့ အချိန်မရှိတော့တာကြောင့် လိုက်ပို့ဖို့အတွက်တော့ မစွမ်းနိုင်တော့ပါဘူး ဘုရား”

   “ဘုန်းကြီး နားလည်ပါတယ် အပြန်လမ်းကိုသာညွှန်ပါ ဒကာ “

   ဘုန်းကြီး ဓမ္မပုလ္လင်ပေါ်က ထလိုက်တယ်ဗျ ကျုပ်လည်း ဘုန်းကြီးနောက်က လိုက်ရတာပေါ့။ကျုပ်တို့ တရားစင်ပေါ်က ဆင်းပြီး မီးအိမ်ကိုင်ထားတဲ့ လူကြီးသုံးယောက်နောက်က လိုက်ရ‌တာပေါ့ အဲ့ဒီလိုနဲ့  စိတ်ဆိုးဒေါသထွက်နေတဲ့လူတွေကို ကျော်  ပြီးတော့ လမ်းလေးတလမ်းပေါ်ရောက်တော့ မီးအိမ်ကိုင်ထားတဲ့ လူကြီးတွေက ဘုန်းကြီးကို လျှောက်တင်တယ်ဗျ ။

   “အရှင်ဘုရား ဒီလမ်းအတိုင်းသွားရင် လိုရာနေရာကို ရောက်ပါလိမ့်မယ် ဘုရား။တပည့်တော်တို့ဘ၀ကို နားလည်ပြီး တရားရေအေးအမြိုက်ဆေးတိုက်ကျွေး‌လို့ ကျေးဇူးတင်ပါတယ် ဘုရား အချိန်အခါသင့်လို့ အရှင်ဘုရားရဲ့ တရားတွေကို နာကြားခဲ့ရပါတယ်။တရားချီးမြင့်ပေးတဲ့ဆရာတော်ကို နောက် တခါ ဦးတင်ပါတယ် ဘုရား”

   မီးအိမ်ကိုင်ထားတဲ့လူကြီးတွေက မြေပြင်ပေါ် သူတို့မီးအိမ်တွေကို ချပြီး ကျုပ်တို့ဘုန်းကြီးကို ဦးချတယ်ဗျ သူတို့ဦးချပြီးတော့ ဘုန်းကြီးက ဆုပေးပြီး အဲ့ဒီလူကြီးတွေကို နှုတ်ဆက်တယ်။ပြီး‌တော့ ကျုပ်နဲ့အတူ သူတို့ပြတဲ့ လမ်းလေးအတိုင်းလျှောက်သွားရတော့တာပေါ့ဗျာ။

(၆)

   ကျုပ်နဲ့ ဘုန်းကြီးတို့ သူတို့ပြတဲ့လမ်းလေးအတိုင်း လျှောက်လာတာဗျ ကျုပ်အထင် မနက်သုံးလေးနာရီလောက် ရှိလောက်ပြီပေါ့ လမ်းလျှောက်ရင်း လျှောက်ရင်းနဲ့ ကျုပ် မောလာတယ်ဗျ အဲ့တာနဲ့ ဘုန်းကြီးကို ခဏနား‌ဖို့လျှောက်ရတာပေါ့။

   “ဘုန်းကြီးဘုရား တပည့်တော် မောပြီ ဘုရား”

   “စနေရယ် ငါ့ခန္ဓာကိုယ်ကြီးလည်း အားနာပါဦး မင်းပေါ့ပေါ့ ပါးပါးက ဖြစ်ပျက်နေတယ် “

   “ဘုန်းကြီးက တရားရှိတာ ဘုရား အဲ့တော့ မောပါ့မလားဘုရား တပည့်တော် သိပ်မကျေနပ်ဘူး”

   “ဘာကိုတုန်း စနေ “

   “အပြန် ဘာလို့ လိုက်မပို့တာလဲဆိုတာ “

   “သူ့အကြောင်းနဲ့ သူရှိမှာပေါ့ “

   “တပည့်တော်တွေးနေတာ လူတွေက ထူးထူးဆန်းဆန်းတွေ ချည်းပဲနော် ဘာရွာဆိုတာလဲ မပြောပြဘူး “

   “စနေ ငါတို့သွားတာ ဘယ်ကိုလဲဆိုတာ မင်းမသိသေးဘူးလား”

   “ဘယ်သိမလဲ ဘုရား”

   “ဒီနားဝန်းကျင်မှာ ဒီလို ထူးဆန်းတဲ့ နေမှုထိုင်မှုနဲ့ လူမျိုးခြားပုံစံတွေ တွေ့ ဖူးလို့လား”

   “မကြားဘူး မတွေးဖူးဘူး ဘုရား”

   “အေး အဲ့တာ လူမဟုတ်ဘူးသာ မှတ်ပေ‌တော့ စနေ”

    ဘုန်းကြီးက အဲ့လိုပြောမှ ကျုပ်လန့်သွားတယ် ကျုပ်သေချာပြန်တွေးကြည့်တော့မှ ဟုတ်တယ် လူတွေက ထူးထူးဆန်းဆန်းတွေ ကျတ်တွေလား နတ်တွေလား တခုခုပဲလို့ ကျုပ်တွေးမိလိုက်တယ် အဲ့လိုနဲ့ အာရုံတက်လာတော့ ကျုပ်တို့ပတ်ဝန်းကျင်ကို သေချာမြင်လာရပြီဗျာ ဘုရားပျက်တွေထဲ ရောက်နေတာပဲဘုန်းကြီးလည်း လမ်းအတိုင်းပဲ ဆက်လျှောက်နေတယ် ကျုပ်ကတော့ ဟိုကြည့်ဒီကြည့်ပေါ့ စေတီပျက်တွေဗျ အုတ်ခဲတွေဆို အကြီးကြီးတွေ ရေညှိတွေတက် မြက်တွေတောင် ပေါက်နေပါပြီဗျာ။ကျုပ်လည်း ဘုန်းကြီးအနောက်ကပဲ လိုက်သွားတာပေါ့ အဲ့ဒီလိုနဲ့ မီနစ်နှစ်ဆယ်လောက် လမ်းလျှောက်တော့ ကားလမ်းကို ရောက်လာပြီဗျို့ ကားလမ်းပေါ်ရောက်တော့ အလင်းရောင်က ‌အတော်ရနေပါပြီဗျာ ကျုပ်တို့ ကားလမ်းပေါ်ရောက်တာနဲ့ ကားလေးတစီး ထိုးဆိုက်လာတယ်ဗျ ပြီး‌တော့ ကားပေါ်က လူကြီးတယောက် ဆင်းလာတယ်။အောက်ရောက်တော့ ဆရာ တော်ကို ကန်‌တော့လိုက်ပြီး လျှောက်တင်တယ်။

   “အရှင်ဘုရားက သီရိဇောတိကာရုံ ဆရာတော်ဦးကုသလ လား ဘုရား”

   “ဟုတ်ပါတယ် ဒကာကြီး “

   “တပည့်တော် အရှင်ဘုရားတို့ကို စောင့်နေတာပါ “

   “ဘယ်သူကများ စောင့်ခိုင်းတာလဲ ဒကာကြီး”

     “အိပ်မက်ပေးတာပါ ဘုရား ဒီအနားလေးကို သွားစောင့်ပြီး အရှင်ဘုရားတို့ကို ကျောင်းပြန်ပို့ပေးပါလို့ ရှင်းရှင်းလင်းလင်း ကြီးကို အိပ်မက်ပေးလို့ လာစောင့်‌နေတာပါ ဘုရား”

   အဲ့လူကြီးက ဘုန်းကြီးကိုလျှောက်ပြီး ကားတံခါးကို ဖွင့်ပေးတယ်ဗျ ဆရာတော်ကားပေါ်တက်ပြီး‌တော့ ကျုပ်လည်း ကားခေါင်းခန်းထဲ ဝင်ထိုင်လိုက်တယ်။လာကြိုနေတဲ့ လူကြီးက ကျုပ်ကို ပြုံးပြပြီး

   “ငါ့တူ ထူးထူးဆန်းဆန်းတွေ ကြုံခဲ့ရတယ် ထင်ပါ့ “

   ကျုပ် ခေါင်းပဲညိတ်ပြီး ဖြေလိုက်တယ် ပြီးတော့ ကားလေး ‌ကို စက်နိုးပြီး ‌‌မောင်းထွက်လိုက်တယ်။အဲ့ဒီလူကြီးက စားသောက်ဆိုင်တဆိုင်မှာ ဆရာတော်ကို အာရုံဆွမ်းကပ်တယ်။လိုလေသေး မရှိအောင်ပါပဲ ပြီးတော့ ကျုပ်နဲ့ သူနဲ့လည်း မနက်စာစားလိုက်ကြတယ်။မနက်စာ စားနေတုန်း သူက ကျုပ်ကို မေးလာတယ်ဗျ။

   “ငါ့တူ ဆရာတော်နဲ့အတူ ဘယ်ကို ရောက်သွားတာလဲကွ “

   “ကျုပ်လည်း မသိပါဘူးဗျာ ကျုပ်အထင်တော့ ကျတ်တွေလား နတ်တွေလား မသိပါဘူး တခုခုပဲ “

   ကျုပ်ကလည်း တယ်စကားများတဲ့ကောင်ကိုဗျာ ဘုန်းကြီး လည်း ခပ်လှမ်းလှမ်းမှာဆိုတော့ ကျုပ်အကြိုက် လာကြိုတဲ့သူကို ကျုပ်ကြုံတွေ့ခဲ့ရတာတွေကို ပြောပြတာပေါ့ဗျာ လူကြီးက အံ့ဩနေတယ် ပြီးတော့ ကျုပ်ကို အားကျတဲ့အကြည့်နဲ့ ကြည့်ပြီးပြောတယ် ။

   “တ‌ကယ်တော့ ဦးကြီးက အဲ့လိုမျိုးတွေ တွေ့ကြုံချင်တာကွ မင်းကို အားကျလိုက်တာကွာ “

   ကျုပ်လည်း ခေါင်းသာ ညိတ်ပြလိုက်တယ်ဗျာ ဆရာတော်အာရုံဆွမ်း ဘုန်းပြီးပြီမို့ ကျုပ်တို့လည်း ကျောင်းအပြန်ခရီး စတင်လိုက်ရတော့တာပေါ့ဗျာ။

📖ကျတ်လော နတ်လော

မောင်စနေ

စာစဉ်များရှိသေးပါသည်ဗျ။

Page လေးကို Follow ထားပြီး အားပေးကြပါဦး ။