သုဿန်ထဲရောက်တော့ သူ့ရဲ့သက်မဲ့ခန္ဓာကြီးကို မြှပ်နှံဖို့ တူထားသည့်မြေကျင်းဘေးမှာ သူစီးလာတဲ့အခေါင်းကြီးကိုချလိုက်ကြသည်။
သန်းအေး အခေါင်းကြီးပေါ်မှဆင်းပြီး ထိုေမြကျင်းကိုငုံ့ကြည့်လိုက်သည် ထို့နောက် ထိုမြေကျင်းထဲ ပြုတ်ကြမှာဆိုး၍ နောက်ကိုပြန်ဆုတ်လိုက်သည်
ထိုအချိန်မှာပဲ သူ့ရဲ့သက်မဲ့ခန္ဓာကြီးကို ထည့်ထားသည့်
အခေါင်းဖုံးကို ရွာသားတစ်ယောက်ကဖွင့်လိုက်သည် သန်အေး ထိုအခေါင်းထဲကိုကြည့်လိုက်ပြန်သည်
ထိုအခါ မြွေဆိပ်တက်ပြီးမဲပြာနေတဲ့ သူရဲ့ရုပ်အလောင်းကြီးကို မြင်လိုက်ရပြီး ဆက်မကြည့်ရဲပဲ မျက်နှာလွှဲနေလိုက်သည်
ထိုအချိန်မှာပဲ သူ့ကို သရဏဂုဏ်တင်ပေးရန် သုဿန်ဇရပ်ပေါ်သို့ သံဃာတော်များ ကြွလာတာကိုမြင်လိုက်ရသည်။
သံဃာတော်များ ဇရပ်ပေါ်သို့ ကြွရောက်လာတော့ ထိုဇရပ်မှာနေတဲ့ ဗိုက်ကြီးသည်သရဲမ ဆက်မနေရဲေသးပဲ သူရှိသည့်နေရာကို လာနေတာမြင်လိုက်သည်
ထိုဗိုက်ကြီးသည် သရဲမ သူ့နားရောက်လာတော့ သူ့ကိုသေချာကြည့်ပြီး
“ဟဲ့ နင်သလဲကုန်းက သန်အေးမဟုတ်လား”
“အေးဟုတ်တယ် ငါသန်းအေးပဲ”
“အခုသေတာနင်လား”
“အေးပေါ့ ငါသေတာမိုလို ငါ့အခေါင်းကြီးကို စီးလာတာ နင်မမြင်ဘူးလား”
“အေး မြင့်တော့မြင်တယ် ဒါပေမဲ့ ငါတခြားတယောက် ထင်နေတာ ဒါနဲ့ နင်က ဘယ်လိုဖြစ်ပြီး သေလာရတာတုန်း”
“မြွေကိုက်လို့ အမဲသားဖိုးကြွေးလိုက်တောင်းရင် လမ်းပေါ်ကမြွေကို ဒုတ်ချောင်းထင်ပြီး ကောက်ကိုင်လိုက်တာ အဲ့ဒီမြွေကိုက်လို့ သေလာရတာပဲ”
” ဟုတ်လား ငါလဲနင့်ကို ရုတ်တရက်မမှတ်မိဘူး ဒီနားရောက်လို့သေချာကြည့်လိုက်တော့မှ နင်မှန်းသိတာ”
ဗိုက်ကြီးသည်သရဲမ ထိုသို့ပြောပြီး သန်းအေးကို သေချာကြည့်နေသည် ထိုနောက်
“နင်လည်း သေပြီးမှ အသားတွေပိုမဲလာတယ်နော်”
ထိုအခါ သန်းအေး သူရဲ့အသားအရေကိုသေချာကြည့်လိုက်ပြီး
“ဟာ ဘယ်ကသာ အသားပိုမဲလာရမှာလဲ ငါမသေခင် မြွေဆိပ်တက်ခဲ့လို့ အခုသေတော့ ဒီအတိုင်းဖြစ်နေတာ
ဒါနဲ့ နင့်ဗိုက်ကြီးကရော အခုထက်ထိမမွေးသေးဘူးလား မသေခင်ကတည်းက ကြီးနေတာကို”
သန်းအေး ဗိုက်ကြီးသည်သရဲမ၏ ပူနေသောဗိုက်ကိုကြည့်ပြီး မေးလိုက်သည်
ထိုအခါဗိုက်ကြီးသည်သရဲမက သူ၏ ဗိုက်ကြီးကိုငုံ့ကြည့်လိုက်ပြီး
“ငါလည်း မပြောတတ်တော့ပါဘူး ဒါနဲ့ နင်အခုဘယ်မှာနေဖို့ စိတ်ကူးထားတုန်း”
“အဲ့ဒါတော့ မသိသေးဘူး အခုလောလောဆယ်တော့
နင်နေတဲ့ ဇရပ်မှာပဲ ခဏနေရင်ကောင်းမလားလို့”
“ဟာ အဲ့ဒီလိုတော့မဖြစ်ဘူးဟ ဒီဇရပ်က မဖဲဝါကြီးငါ့ကို ေနခိုင်းထားတာ နင်နေလို့ရမယ်မထင်ဘူး”
“အေး အဲ့ဒါဆိုလဲ အဲ့ဒီကိစ္စ နောက်မှပဲကြည့်ရှင်းတာပေါ့ လောလောဆယ် ငါ့ကိုမြွေကိုက်သေအောင် လုပ်လိုက်တဲ့ သူတွေကို ဆုံးမလိုက်ဦးမယ်”
သန်းအေး ထိုသို့ပြောပြီး သူ့အတွက်ရည်စူးပြီးတင်သည့် သရဏဂုဏ်တရားကိုနာယူပြီး ဇရပ်ပေါ်မှဆင်းကာ ရွာသို့ပြန်နေကြသူများကို ကြည့်နေသည်
သူကတော့ ဗိုက်ကြီးသည်သရဲမနဲ့ စကားကောင်းနေ၍
ထိုသရဏဂုဏ်ကို မရလိုက်
ထိုသို့ဖြင့် သုဿန်ထဲ၌ သူ့အခေါင်းကြီးကိုမြှပ်နှံပေးနေသည့် လူများသာကျန်တော့ပြီး လိုက်ပါပို့ဆောင်သူများ ရွာသို့ပြန်သွားကြပြီဖြစ်သည်။
သန်းအေး ထိုကျန်ေနသူများကို ကြည့်လိုက်သည်
ထိုသူများထဲမှ ကိုလှသောင်းနှင့်ကိုပြူးကိုမြင်ပြီး သူတို့ပေးရမည့် အကြွေးများကို စဉ်းစားလိုက်သည်
ကိုလှသောင်းသည် အမဲသားတပိဿာကို အပြောချိုချိုနှင့်အေကြွးယူသွားပြီး အခု သူသေလာရတဲ့အထိအမဲသားဖိုးမပေးသေး
ကိုပြူးကတော့ ကိုလှသောင်းလိုမဟုတ် အမဲသား ငါးဆယ်သားကို ငါးနှင့်လဲမည်ဟုဆိုကာ ပိုက်ဆံမပေးပဲ ယူသွားခြင်းဖြစ်သည်
တကယ်တမ်း သူငါးသွားတောင်းတော့ ကိုပြူးကသူ့ကိုငါးမြှုံးမဖော်ရသေးလို့ဆိုပြီး လက်မအရွယ် ငါးရံ့ခေါင်းတိုတစ်ကောင်သာ ပေးလိုက်သည်
ဒါကြောင့် သူတို့နှစ်ယောက်ကို သန်းအေး ဆုံးမရန် ရည်ရွယ်ထားလိုက်သည်
ထိုသို့ဖြစ် ခဏကြာတော့ သူရဲ့အခေါင်းကြီးကို မြှပ်နှံပြီးပြီဖြစ်၍ ထိုသူများ ရွာသို့ပြန်နေကြပြီဖြစ်သည်
အခန့်သင့်ပင် ကိုလှသောင်းသည် နောက်ဆုံးမှနေပြီး သွားနေသည် သန်းအေး ဒါကိုမြင်တော့ ကိုလှသောင်း၏ကျောပြင်ကိုကြည့်ကာ နောက်မှလိုက်သွားသည် ထို့နောက် သူ ကိုလှသောင်း၏ကျောပြင်ကို သူ၏လက်ဝါးဖြင့် ရိုက်လိုက်သည်
ထိုသို့ သူရိုက်လိုက်သည့်အချိန်၌ ကိုလှသောင်းသည်ဖိနပ်သဲကြိုးပြတ်သွားသဖြင့် အောက်ကိုငုံ့ကောက်လိုက်၍ ကိုလှသောင်းကိုမထိပဲ သူ့ရှေ့မှသွားနေသည့် ကိုပြူး၏ကျောကို အရှိန်လွန်ပြီး ရိုက်မိလိုက်သည်
သန်းအေး လူမှားရိုက်မိလိုက်သဖြင့် နောက်သို့ ကမန်းကတန်း ပြန်ပြေးလာသည်
သန်းအေး ထိုသို့ ပြန်းပြေးလာတာမြင်တော့
ဗိုက်ကြီးသည်သရဲမက သူ့အနားရောက်လာပြီး
“ဟဲ့ သန်းအေး နင်ဘာလို့ပြန်ပြေးလာရတာတုန်း”
“ငါ ကိုပြူးကို ရိုက်မိသွားလို့ဟ အားနာတာနဲ့ ပြန်ပြေးလာတာ”
သန်းအေး ထိုသို့ပြောလိုက်တော့ ဗိုက်ကြီးသည်သရဲမက
“နင်ကလည်း သရဲဖြစ်ေနပြီး အားနာရတယ်လို့”
“အေး ငါလဲ သရဲဖြစ်နေမှန်း သတိမရလိုက်ဘူး ငါ့ကိုပြန်လုပ်မှာကြောက်လို့ ထွက်ပြေးလာတာ”
ဗိုက်ကြီးသည်သရဲမ ပြောလိုက်မှ သန်းအေး ကိုယ့်ကိုကို သရဲဖြစ်မှန်းပြန်သတိရသွားသည် ထိုအခါ ဗိုက်ကြီးသည် သရဲမက
“အဲ့ဒါဆိုလဲ နောက်ကိုအဲ့လိုမျိုးထပ်မဖြစ်အောင် သတိထား ကဲ နင်အခုဘယ်မှာနေမှာတုန်း”
ထိုသို့မေးလိုက်တော့ သန်းအေးက သုဿန်ဇရပ်ကိုလှမ်းကြည့်လိုက်သည် သူ သုဿန်ဇရပ်ကိုကြည့်နေတာမြင်တော့ ဗိုက်ကြီးသည်သရဲမက
“နင် အဲ့ဒီဇရပ်မှာ နေလို့တော့မရဘူးနော်”
“ဘာဖြစ်လို့တုန်း”
“အဲ့ဒီဇရပ်က မဖဲဝါကြီး ငါ့ကိုပေးထားတာ နင်နဲ့မဆိုင်ဘူး”
“ဘာလို့မဆိုင်ရမှာတုန်းဟ အဲ့ဒီဇရပ်က ငါတို့ရွာကလူတွေ ဆောက်ထားတာ မဖဲဝါကြီး ဆောက်ထားတာမ မဟုတ်ဘူ ငါနေချင်နေမယ် မနေချင်မေနဘူး”
“နင် အဲ့ဒီလို ပြောလို့ရမလား ဒီသုဿန်ထဲကဟာမှန်သမျှ မဖဲဝါကြီးနဲ့ပဲဆိုင်တယ် သူသာသိလို့ကတော့ နင်မလွယ်ဘူးမှတ်”
ဗိုက်ကြီးသည်သရဲမက ထိုသို့ပြောလိုက်တော့ သန်းအေး ဒေါသဖြစ်လာပြီး
“ရလားမရလားတော့ မသိဘူး ငါကတော့သွားပြီး”
သရဲမသန်းအေး ထိုသို့ပြောပြီး ဇရပ်ဘက်ဆီကို လှမ်းလာသည် သူထိုသို့ ဇရပ်ဘက်ကိုသွားတာမြင်တော့ ဗိုက်ကြီးသည်သရဲမက နောက်ကနေ သရဲမသန်းေအး၏ ဆံပင်ကိုကိုင်ပြီး
“ကောင်မ ဘယ်သွားမှာတုန်း သရဲမ အခုမှ သရဲဖြစ်လာပြီး သရဲပါးဝလို့ ငါနေတဲဇရပ်ကိုများ လိုချင်နေသေးတယ် သေဖို့သာပြင်ထား”
ထိုသို့ပြောပြီး ဗိုက်ကြီးသည်သရဲမ သန်းအေးကို မြေကြီးပေါ်သို့ ဆောင့်ဆွဲချလိုက်သည် ထို့နောက် သန်းအေး၏ကိုယ်လုံးပေါ်သို့ခွကာ ပါးကိုဘယ်ပြန်ညာပြန်
တဖြန်းဖြန်း မြည်အောင်ရိုက်သည်
ထိုအခါ သန်းအေးက သူ့အပေါ်မှခွထားသော ဗိုက်ကြီးသည် သရဲမကို လက်ဖြင့်တွန်းပြီး ခြေထောက်ဖြင့်ကန်လိုက်သည်
ထို့နောက် သူကန်လိုက်၍ နောက်သို့လန်သွားသည့် ဗိုက်ကြီးသည် သရဲမ၏ ကိုယ်လုံးပေါ်သို့ ပြန်တက်ခွကာ
“သရဲမ နင်ကများ ငါ့ကို ပါးရိုက်ရတယ်ရှိသေး နင့်ကိုငါ ဗိုက်ကြီးနဲ့မိုလို့ ညှာနေတာ အခုတော့နင်လည်း သေဖို့သာပြင်ထား ကဲဟယ် ရော့ သေစမ်း”
သန်းအေးလည်း ထိုသို့ပြေားပြီး ဗိုက်ကြီးသည်သရဲမ
၏ပါးကို ဘယ်ပြန်ညာပြန် ပြန်ရိုက်လိုက်သည်
ထိုသို့ အောက်မှနေပြီး အရိုက်ခံနေရသည့် ဗိုက်ကြီးသည်သရဲမက သန်းအေး၏ ဆံပင်ကိုေအာက်သို့ ဆောင့်ဆွဲချလိုက်တော့ နှစ်ကောင်သား ကိုယ်လုံးချင်းပူးသွားကြပြီး နပန်းဖက်လုံးကြတော့သည်
ထိုသို့ သရဲမနှစ်ကောင် နပန်းလုံးနေကြာတာမြင်တော့
မဖဲဝါကြီးက အုတ်ဂူများကြားမှထွက်လာပြီး
“ရပ်လိုက်ကြစမ်း”
မဖဲဝါကြီး၏ အသံကိုကြားတော့ သူတို့နှစ်ကောင် နပန်းဆက်မလုံးတော့ပဲ ရပ်လိုက်ကြသည်ထို့နောက် ဗိုက်ကြီးသည်သရဲမက မဖဲဝါကြီးကိုမြင်ပြီး
မြေပေါ်တွင် ကျုံ့ကျုံ့လေးပြောင်းထိုင်ကာ ခေါင်းကိုငုံ့ထားသည် သန်းအေးကတော့ ထိုသို့မဟုတ် ခပ်မာမာပင်ရပ်ကြည့်နေသည် သူဒီလိုရပ်နေတာမြင်တော့ မဖဲဝါကြီးက အောက်ကိုထိုင်ရန် လက်ဝါးဖြင့် အချက်ပြသည်
ဒါကိုနားမလည်သော သန်းအေးက
“ဘာလဲ”
ထိုအခါ မဖဲဝါကြီးက
“မသိဘူးလား”
သန်းအေးက
“မသိဘူး”
မဖဲဝါကြီးက
“အောက်ကိုထိုင်”
ထိုအခါ သန်းအေးက
“ဒါများ ပါးစပ်ကပြောရင် ရေနတာပဲကို”
ပြောပြောဆိုဆို သန်းအေး မြေကြီးပေါ် ထိုင်ချလိုက်ပြီး သူဘေးနားမှာ ခေါင်းငုံ့ထိုင်နေသည့် ဗိုက်ကြီးသည်သရဲမကို ခပ်တိုးတိုးမေးလိုက်သည်
“ဟဲ့အဲ့ဒါ ဘယ်သူတုန်”
“မဖဲဝါလေ”
“ဪ ဟုတ်လား ငါကသူမှန်းမသိဘူး ဒါနဲ့ သူကဒီကိုဘာလာလုပ်တာတုန်း”
“ဒို့နှစ်ယောက် ရန်ဖြစ်နေလို့ ရောက်လာတာ ငြိမ်ငြိမ်နေ”
သန်းအေးလည်း မျက်နှာကို အောက်ငုံ့ကာ ခပ်ရို့ရို့ထိုင်နေလိုက်သည်။
ထိုအခါ မဖဲဝါကြီးက သူတို့နှစ်ယောက်ကို ကြည့်ပြီး
“ကဲ နင်တို့နှစ်ယောက် ဘာဖြစ်လိုရန်ဖြစ်နေကြာတာလဲ ငါ့ကိုပြောစမ်း”
မဖဲဝါကြီး ထိုသို့မေးတော့ ဗိုက်ကြီးသည်သရဲမက
“ဒီကောင်မ ကျွန်မနေတဲ့ သုဿန်ဇရပ်မှာ သူတက်နေမယ် လုပ်နေလို့ မကျေနပ်တာနဲ့ နပန်းလုံးနေကြတာပါ”
“အင်း ဟုတ်ပြီ ဒါဆို နင်ကဘာလို့ သူများနေတဲ့ ဇရပ်မှာမှ တက်နေချင်ရတာတုန်း”
မဖဲဝါကြီး သန်းအေးကိုကြည့်ပြီး မေးလိုက်ပြန်တယ်
ဒီတော့ သန်းအေးက
“ဒီလိုပါ မဟိုဝါ ဟုတ်ပါဘူး မဖဲဝါ လောလောဆယ် ကျွန်မမှာ နေစရာမရှိသေးလို့ ဒီဇရပ်မှာ ခဏတက်နေမလို့ လုပ်တာပါ ဒါကို ဒီကောင်မက ဆွဲလားရမ်းလား လုပ်တာနဲ့ စိတ်မထိန်းနိုင်ပဲ ရန်ဖြစ်ကြတာပါ”
ထိုအခါကြမှ အဖြစ်မှန်ကို သိသွားတဲ မဖဲဝါကြီးက
သန်းအေးကိုခေါ်ပြီး
“နင့်နာမည် ဘယ်သူတုန်း”
“သန်းအေးပါ မဖဲဝါ”
“အင်း ဟုတ်ပြီ သန်းအေး ဟိုးလမ်းဘေးက ထန်းပင်ကြီးကိုကြည့်စမ်း နင်မြင်လား”
သန်းအေး မဖဲဝါညွှန်ပြသော ထန်းပင်ကြီးကို ကြည့်ကာ
“မြင်ပါတယ် မဖဲဝါ”
“အေး အဲ့ဒီ ထန်းပင်ကြီးရဲ့အောက်မှာ မန်ကျီးပင်ရှိသေးတယ် အဲဒီမန်ကျီးပင်မှာနင်နေလိုက် ကြားလား”
“ဟုတ်ကဲ့ပါ မဖဲဝါ”
“ကဲ ဒါဆိုငါသွားတော့မယ် နင်တို့နောက်ဘယ်တော့မှရန်မဖြစ်ကြနဲ့နော် ရန်ဖြစ်လို့ကတော့ ငါနဲ့တွေ့ပြီမှတ်”
မဖဲဝါကြီး ထိုသို့ပြောပြီး အုတ်ဂူများကြားသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
သန်းအေးလည်း သူနေစရာရသွားပြီမို့ ဗိုက်ကြီးသည်သရဲမကိုပင် နှုတ်မဆက်တော့ပဲ သူနေရမည့် မန်ကျီးပင်သို့ ကော့ပက်ကောပက်နှင့်ထွက်သွားတော့သည်။
(၂)
သန်းအေး ထိုသို့ ထွက်သွားချိန်၌ သလဲကုန်းရွာထဲမှာ ကိုပြူးတစ်ယောက်ကတော့ အသုဘပို့ပြီးအပြန် လမ်းမှာလက်ဝါးဖြင့်အရိုက်ခံလိုက်ရ၍ ရှုံ့မဲ့မဲ့ဖြစ်နေသည်
ဒါ့ကြောင့် သူ အိမ်ပြန်ရောက်ေတာ့ သူ့မိန်းမ မယ်သင်ကိုခေါ်ပြီး သူ၏ကျောကို ကြည့်ခိုင်းလိုက်သည် ထိုအခါ မယ်သင်က ကိုပြူး၏ ကျောကုန်းပေါ်တွင်
လက်ဝါးရာကြီးတစ်ခုကို မြင်လိုက်ရပြီး
” ကိုပြူး တော့ကျောပေါ်မှာ လက်ဝါးယာကြီးတော့ နည်းတာကြီး မဟုတ်ဘူး”
“ဟေ ဟုတ်လား ဘယ်လိုဖြစ်တာတုန်းဟ မှန်းစမ်း ငါကြည့်ကြည့်စမ်းမယ်”
ကိုပြူး ထိုသို့ပြောပြီး သူ၏ကျောကို လှည့်ကြည့်လိုက်သည် သို့သော် သူဘာမှမမြင်ရ ဒါ့ကြောင့်မယ်သင့်ကို
“နင့်ဟာ သေရောသေချာလို့လားဟ ငါတော့ ဘာမှမမြင်ရပါဘူး”
ထိုအခါ မယ်သင်က
“သေချာပါတယ်တော် တော့ကျောေပါ်မှာ လက်လေးချောင်းယာကြီးကို ထင်းလို့”
“ဘယ့်နဲ လက်လေးချောင်းရာတုန်းဟ လက်ငါးချောင်းမဟုတ်ဘူးလား”
“မဟုတ်ဘူးတော့ လေးချောင်းပဲရှိတယ်”
“ဟေ ဒါဆို သန်းအေးများ ဖြစ်နေမလားဟ”
” ဖြစ်နိုင်တယ် ကိုပြူး တော်သန်းအေးဆီက အမဲသားငါးဆယ်သား ယူလာပြီး သူ့ကို ငါးရံ့ခေါင်းတိုတစ်ကောင်ပဲ ပြန်ပေးလို့ မကျေနပ်လို့ ရိုက်လိုက်တာဖြစ်မယ်”
“အေး ဖြစ်နိုင်တယ် ဒါဆို မနက်ဖြန် သူ့အမေဒေါ်လုံးကို ငါးတစ်ပိဿာသွားပေးလိုက် နောက်ပြီးတော့လဲ ငပြူး အမိုက်အမဲလေးမို့ ခွင့်လွတ်ပေးဖို့ တောင်ပန်းချင်တယ် ဆိုတာလည်း ပြောခဲ့ဦးနော့်”
ကိုပြူးတစ်ယောက် သန်းအေးသူ့ကို ငါးပြန်မပေး၍ လက်ဝါးဖြင့်ရိုက်လိုက်သည်ဟု ထင်ေနမိသည်
အမှန်တော့ ထိုသို့မဟုတ် သန်းအေးသည် ကိုလှသောင်း၏ကျောကို ရိုက်လိုက်ခြင်းဖြစ်ပြီး ကိုလှသောင်းဖိနပ်ပြတ်သွား၍ ကုန်းကောက်လိုက်သဖြင့် သူ့ရှေ့မှကိုပြူးကိုရိုက်မိလိုက်ခြင်းဖြစ်သည်။
သန်းေအး၏လက်တစ်ဘက်သည် အမဲသားခုတ်ရာမှာအရှိန်လွန်ပြီး လက်ညှိုးတစ်ချောင်း ဓါးနောက်ပါသွား၍ သူ၏လက်ဝါးတစ်ဘက်မှာ လက်ချောင်းလေးချောင်သာ ကျန်ရှိနေတာကို တစ်ရွာလုံးသိထားကြသည် ထို့ကြောင့် ကိုပြူးသည် သူ၏ကျောပေါ်မှလက်ဝါးရာသည် လက်လေးချောင်းရာဆိုကတည်းက သန်းအေး၏လက်ဝါးရာဖြစ်မှန်း သိလိုက်ချင်းဖြစ်သည်။
(၃)
ထိုသို့ဖြင့် တဖြည်းဖြည်းမိုးချုပ်လာတော့ သန်းအေးတစ်ယောက် မန်ကျီးပင်ပေါ် ထိုင်နေရသည်မှာ ပျင်းလာပြီဖြစ်သည်
ဒါကြောင့် သူ မန်ကျီးကိုင်းကိုခိုကာ အောက်သို့ဘုတ်ခနဲ ခုန်ချလိုက်ပြီး အိမ်သို့ပြန်ရန်လှည်းလမ်းအတိုင်း ရွာဘက်ကို ထွက်ခဲ့လိုက်သည်
သူ ထိုသို့ထွက်လာပြီး ရွာနားရောက်၍ရွာထဲကိုဝင်မည် လုပ်တော့ သူ့ရှေ့၌ ရွာစောင့်နတ်ကြီး ဘွားကနဲပေါ်လာပြီး သူကိုမေးလိုက်သည်
“သန်းအေး နင်ဘယ်သူတုန်း”
ထိုအခါ သန်းအေးက
“ကျွန်မ ရွာစောင့်နတ်ကြီးပါ သန်းအေး”
သန်းအေး ထိုသို့ပြောပြီး ရွာစောင့်နတ်ကြီးကို ကြောင်ပြီးကြည့်နေသည် ရွာစောင့်နတ်ကြီကလည်း သူမေးတာလွဲသွာသဖြင့် သန်းအေးကို ကြောင်ကြည့်နေပြီး
“ဟုတ်ဘူးလေ နင်က ရွာစောင့်နတ် ငါက သန်းအေးဟ
ဟာ ဟုတ်ပါဘူး ငါက သန်းအေးပါ နင်က ရွာစောင့်နတ်
လေ ဟာ ဟုတ်သေးပါဘူး ငါက ရွာစောင့်နတ် နင်က သန်းအေး”
ရွာေစာင့်နတ်ကြီး သူကိုသူ မျက်စိလည်နေပြီး ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်ေနသည် ထို့ေကြာင့် ပါးစပ်ထဲတွေ့ရာ မေခွန်းတစ်ခုကိုကောက်မေးလိုက်သည်
“သန်းအေး နင်နေရောကောင်းရဲ့လား”
“ဟုတ် ကောင်းပါတယ် ရွာစောင့်နတ်ကြီး”
“အေး ဒါဆို နင်အခုဘယ်မှာနေတုန်း”
ထိုအခါ သန်းအေးက
နောက်သို့လှည့်လိုက်ပြီး သလဲကုန်းသုဿန်ကို လက်ခလည်ဖြင့် ထိုးပြလိုက်သည်
ထိုသို့ သူ့ကိုလက်ခလည်ဖြင့် ညွှန်ပြတာမြင်တော့ ရွာစောင့်နတ်ကြီး စိတ်စိုးပြီး သန်းအေးကို ငေါက်ငမ်းရန်ပြင်သည်
ဒါပေမဲ့ သူ သန်းအေး၏လက်တွင် လက်ညှိုးမပါတာမြင်တော့မှ ဘာမှမပြောပဲ နေလိုက်သည် ထိုအခါ သန်းအေးက
“ရွာစောင့်နတ်ကြီး ဟိုမှာ အုတ်ဂူဖွေးဖွေးလေးတွေနဲ့ အုံ့ဆိုင်းဆိုင်းသစ်ပင်တွေ ရှိတဲ့နေရာကိုမြင်လား”
သန်းအေးထိုသို့ ပြောလိုက်တော့ ရွာစောင့်နတ်ကြီးကထိုနေရာကိုကြည့်ပြီး
“အေးမြင်တယ်လေ ဘာဖြစ်လို့တုန်း”
“အဲ့ဒါကို သုဿန်လို့ခေါ်တယ်”
“အေး သိတယ်လေ နင်အဲ့ဒီမှာနေတာလား”
“မဟုတ်ပါဘူး အဲဒီသုဿန်ကနေပြီး ဒီဘက်ကိုလာလိုက်ရင်”
သန်းအေး သူ၏လက်ခလယ်ကိုထောင်ပြီး ဒီဘက်ကိုဆိုတဲ့ ပုံစံကိုလုပ်ပြသည် ရွာစောင့်နတ်ကြီးလည်း သူပြသည့်နေရာကို မကြည့်နိုင်ပဲ သူ၏လက်ကိုသာ လိုက်ကြည့်နေရ၏ ထိုအခါ သန်းအေးကဆက်ပြီး
” လမ်းဘေးမှာ ထန်းပင်မြင့်မြင့်ကြီးကိုေတွ့လား”
သန်းအေးထိုသို့ပြောရင်း ထောင်ထားသောလက်ခလယ်ကို အပေါ်သို့ဆိုသည့်ပုံစံလုပ်ပြသည် ထိုအခါ ရွာစောင့်နတ်ကြီးက
“အေး တွေ့တယ် ဒါဆိုနင် အဲဒီထန်းပင်မှာနေတာပေါ့ ဟုတ်လား”
“မနေပါဘူး အဲ့ဒီထန်းပင်ကြီးရဲ့အောက်မှာ မှ”
သန်းအေးသူ၏ လက်ခလယ်ကို အောက်သို့ဆိုက်ပြလိုက်ပြီး
“မန်ကျီးပင် တစ်ပင်ရှိတယ် အဲဒီအပင်မှာ ကျွန်မနေပါတယ်”
သန်းအေးလဲ စကားဆုံးရော ရွာစောင့်နတ်ကြီးက သန်းအေး၏နားရင်းကို ဖြောင်းကနဲအုပ်ချလိုက်သည် ထိုအခါ
သန်းအေးက ရှေ့သို့ စိုက်ထိုးစိုက်ထိုးဖြစ်သွားပြီး
“ရွာစောင့်နတ်ကြီး ကျွန်မနားရင်းကို ဘာကြေင့်အုပ်ထာတုန်း”
“ဂန်းမ စောစောထဲက အဲ့ဒီမန်ကျီးပင်မှာ နေတယ်လို့ တစ်ခါတည်း ပြောလိုက်ပါလား အခုတော့ ငါ့ကို လက်ခလည်နဲ့ ဟိုထိုးပြဒီထိုးပြ လုပ်နေေသးတယ်”
ထိုအခါ သန်းအေးက
“ကျွန်မလည်း မဖဲဝါကြီး ပြောတဲ့အတိုင်းပြောရတာပဲ”
“ကဲ နင်အခု ဒီကိုဘာလာလုပ်တာတုန်း”
“ကျွန်မ အိမ်ကိုခဏ ပြန်ချင်လို့”
“အဲ့ဒါဆိုလဲ မြန်မြန်သွားပြီးမြန်မြန်ပြန် မိုးမချုပ်စေနဲ့”
ရွာစောင့်နတ်ကြီး ထိုသို့ပြောလိုက်တော့ သန်းအေး ရွာစောင့်နတ်ကြီးကို ကြည့်ပြီး
“အခုဟာ မိုးချုပ်နေပြီလေ”
ထိုအခါမှ ရွာစောင့်နတ်ကြီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး
“အေး ဟုတ်သားပဲ သန်းခေါင်မကျော်စေနဲ့လို့ ပြောတာ ကဲမြန်မြန်သွား”
သန်းအေးလဲ ရွာစောင့်နတ်ကြီး၏ ခွင့်ပြုချက်ရသည်နှင့် ရွာထဲကို ခပ်မြန်မြန်ဝင်လိုက်သည်
(၄)
သန်းအေး ရွာထဲကိုရောက်ေတာ့ လမ်းလည်ခေါင်မှာ ခွေအိပ်နေသောခွေးတစ်ကောင်က သူ့ကိုမြင်သွားပြီး သွားကြီးဖြဲလျှက် တဟီးဟီးလုပ်နေသည်
သန်းအေး ထိုခွေးကိုမြင်ေတာ့ ရုတ်တရက် လမ်းဘေးကိုပြေးကပ်လိုက်သည် သန်းအေးသည် ယုခုအချိန်ထိ သူ့ကိုသူ တစ်ခါတစ်ရံ လူတစ်ယောက်အဖြစ် ထင်နေမိသည် ဒါ့ကြောင့် ခွေးမြင်လျှင် လမ်းဘေးပြေးကပ်သော အကျင့်ကပါနေသေးသည်
သန်းအေး ထိုခွေးကိုသေချာကြည့်ရင်း ခြံစည်းရိုးဘေးမှနေပြီး တဖြည်းဖြည်းသွားနေသည် ထိုအခါ ခွေးက သန်းအေး သူ့ကို အန္တရာယ် မပြုမှန်သိ၍ ထ မဟောင် အိပ်လျှက်နဲ့သာ တဟီးဟီးလုပ်နေသည်
သန်းအေးလည်း ထိုခွေးကို ဖြတ်ကျော်လာပြီး သူ့အမေ ဒေါ်လုံးအိမ်သို့ သွားလိုက်သည် သန်းအေး သူ့အိမ်သိုရောက်တော့ သူ့အမေဒေါ်လုံး အိမ်မကြီးပေါ်မှာ လူလေးငါးရောက်နှင့် ထိုင်ပြီးစကားပြောနေတာကို အိမ်ဝိုင်းထဲမှနေပြီး လှမ်းမြင်လိုက်ရသည်
သန်းအေး သူ့အမေကိုမြင်ပြီး အိမ်မကြီးေပါ်သို့မတက်ရဲ သန်းအေး အိမ်ပြန်နောက်ကြလျှင် သူ့အမေဒေါ်လုံးသည် အမြဲတမ်းဆူငေါက်တတ်သည်
ထိုကြောင့် ယခုလည်း သန်းအေးတစ်ယောက် သူ့အမေဒေါ်လုံးမြင်သွားပြီး သူ့ကို ဆူပူကြိမ်းမောင်းနေမှာဆိုး၍ သူ့အမေ မမြင်အောင် အိမ်မကြီးနှင်တွဲလျှက်ဆောက်ထားသည့် မီးဖိုချောင်အောက်သို့ ဝင်လိုက်သည်
ထို့နောက် မီးဖိုတိုင်မှနေပြီး ရေစွန်ပေါ်သို့ တက်လိုက်သည် ထို့နောက် ရေစွန်မှနေပြီး သူအခန်းထဲသို့သွားရန် မီးဖိုခန်းကိုဖြတ်ပြီး ခပ်ဖွဖွလျှောက်လာလိုက်သည်
သန်းအေး ထိုသို့ လုပ်နေရသည်မှာ ယခုအချိန် သူကိုသူ လူတစ်ယောက်ဖြစ်သည်ဟုထင်နေပြီး သူ့အမေ မသိအောင် အိမ်ပေါ်သို့ ခိုးတက်လာခြင်းဖြစ်သည်
သန်းအေးတစ်ယောက် ထိုသို့ မီးဖိုခန်းကို ဖြတ်လျှောက်လာရင်း သူ့နှာခေါင်းဝ၌ အမဲသားဟင်းနံ့ကို
ရလိုက်သည် ထို့ကြောင့် သူအခန်ထဲသို့ ဆက်မသွားသေးပဲ အမဲသားဟင်းအိုးနားသွားကာ ဟင်းအိုးရှေ့တွင်
ဆောင့်ကြောင့် ထိုင်ချလိုက်သည်
ထို့နောက် ဟင်းအိုးအဖုံးကိုဖွင့်ပြီး အမဲသားဟင်းများကို အားရပါးရစားနေလိုက်သည်
သန်းအေး ဟင်းအိုးအဖုံးကိုဖွင့်ပြီး ေဘးသို့ချလိုက်သည့်အသံကြောင့် အိမ်ရှေခန်းမှ စကားပြောနေကြသူများ ရုတ်တရက် တိတ်ဆိတ်သွားကြပြီး မီးဖိုထဲမှ အသံကိုနားစွင့်နေကြသည်
ထို့နောက် ထိုအထဲမှ လူနှစ်ယောက်ထလာပြီး မီးဖိုခန်းထဲသို့ လက်နှိပ်ဓာတ်မီးဖြင့် လှမ်းထိုပြီး လျှောက်လာနေသည်
ထိုသို့ မီးဖိုခန်းထဲသို့ ဓာတ်မီးအလင်းရောင်တစ်ခု ဖြတ်ခနဲဝင်လာတော့ အမဲသားဟင်းအိုးကိုရှေ့ချပြီး အားရပါးရ စားနေသည့် သန်းအေးတစ်ေယာက် ရုတ်တရက်လန့်ဖြန့်သွားပြီး ဓာတ်မီးအလင်းရောင်
အောက်မှနေ၍ မီးဖိုခန်းပြူတင်းေပါက်သို့ေပြးပြီး အောက်သို့ခုန်ချလိုက်သည်
ထိုသို့သူ လက်နှိပ်ဓာတ်မီးအလင်းရောင်အောက်မှ ဖြတ်ပြေးတာကို မြင်လိုက်ရသည့် ရွာသားနှစ်ဦးကတော့
သရဲသရဲဟုပါးစပ်ကပြောပြီး အိမ်ရှေ့ခန်းရှိ လူများဆီသို့ လှည့်ပြေးတော့သည်
သူလည်းအိမ်အောက်ရောက်ရော သူ့၏အိမ်ပေါ်တွင်
အမျှဝေသူဝေ သံဗုဒ္ဓေရွတ်သူရွတ်ဖြစ် ပွစိပွစိဖြစ်ကုန်ကြသည်
သန်းအေးလဲ အိမ်ဝိုင်းထဲမှ ပြေးထွက်လိုက်ပြီး လမ်းမပေါ်အရောက် ရွာထဲမှခွေးများ ဝိုင်းဟောင်ကြတာကိုခံလိုက်ရသည်
သူလည်းခွေးများကို ခြောက်လှန့်ထုတ်ရင်း ရွာထဲသို့လျှောက်သွားနေလိုက်သည် သူသည် ရွာထဲကို လျှောက်သွားနေရင်း လက်ကအညိမ်မနေ ခြံစည်းရိုးကိုလက်ဖြင့်ခြစ်သွားသည်
ထိုသို့ သန်းအေး ခြံစည်းရိုးကို ခြစ်လိုက်သည့်အသံကိုကြားတော့ ရွာထဲရှိအိမ်များ မီးမှိတ်လိုက်ကြသည်
သန်းအေးလည်း ရွာထဲကိုလျှောက်သွားနေသည်မှာ မည်မျှကြာသွားသည်မသိ သန်းခေါင်ယံကြက်တွန်သံကြားမှ
ရွာစောင့်နတ်ကြီး ပြောလိုက်တာကိုသတိရလိုက်မိသည်
ထိုနောက် သူရွာထဲက ထွက်ရတော့မည်ဆိုတာကိုသိေတာ့ဝမ်းနည်းလာသည် သန်းအေး သူ့အမေအိမ်ကို တစ်ခေါက်ပြန်သွားကာ လမ်းပေါ်မှနေပြီး အိမ်ကြီးကိုကြည့်လိုက်သည်
ထိုအခါ ဤအိမ်ကြီးမှာ သူနေလို့မရတော့မှန်းသိတော့ ပိုပြီးဝမ်းနည်လာသည် သန်းအေးအိမ်ကြီးကိုအကြာကြီးစိုက်ကြည့်နေလိုက်သည်
ထိုနောက်သူ လေးပင်သောခြေလှမ်းတို့ဖြင့် ရွာအထွက်ဆီသို့ လျှောက်လာခဲ့လိုက်သည် သူရွာကထွက်လာတော့ ရွာစောင့်နတ်ကြီးသည် သူကိုကြည့်နေသည်
သန်းအေးသည် ရွာထဲသို့ ဝင်စဉ်တုန်းကနဲ့မတူပဲ
လေးကန်သော ခြေလှမ်းတို့ဖြင့် သူနေရမည့် မန်ကျီးပင်ဆီကို သွားနေတာမြင်တော့ ရွာစောင့်နတ်ကြီးလည်း
သူ့ကို ကြည့်ပြီးစိတ်မကောင်းဖြစ်နေသည် ထို့ကြောင့်
“သန်းအေး”
ရွာစောင့်နတ်ကြီး ခေါ်သံကြားတော့ သန်းအေးလှည့်ကြည့်လိုက်သည် သူလှည့်ကြည့်တာမြင်တော့ ရွာစောင့်နတ်ကြီးက
“နင့်အတွက် ဆွမ်းသွပ်အမျှဝေတဲ့ နေကြရင်နင်ပြန်လာလို့ရသေးတယ်”
ရွာစောင့်နတ်ကြီး၏ စကားသံကိုကြားလိုက်တော့ သန်းအေး ဝမ်းသာသွားသည် ဒါကြောင့် သူအတွက် ဆွမ်းသွပ်အမျှပေးဝေမည့်နေ့ကို သူနေသည့်မန်ကျီးပင်မှစောင့်ရန် ခပ်သွက်သွက် လျှောက်လာခဲ့တော့သည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
Leave a Reply