အိမ်ထဲမှာလဲမှောင်နေပြီ၊ ကျုပ်မီးထွန်းဖို့လိုက်ရှာတော့လဲ ဖယောင်းတိုင်မတွေ့ဘူး၊ ကျုပ်မိန်းမ မထွေးဖယောင်းတိုင်သွားဝယ်တာဖြစ်မှာပေါ့။ အိမ်ရှေ့ခန်းမှာတော့ ပုခက်ကလေးဆင်ထားပြီးတော့ ကျုပ်သမီးအကြီးမလေးအိပ်နေတာ။ သူက အဲဒီတုန်းက တစ်နှစ်တောင်မပြည့်သေးဘူးပေါ့။
ကျုပ်လဲ ကလေးပုခက်ထိုင်လွှဲနေရင်းနဲ့ ဆေးပေါ့လိပ်ကလေးဖွာနေမိတယ်၊ အဲဒီတုန်းက ဆင်းရဲတာမို့လို့ ဆေးပေါ့လိပ်တောင်မှ နေ့လည်ကသောက်ပြီးမီးသတ်ထားတဲ့ ဆေးလိပ်အတိုကလေးဖွာနေတာဗျ၊ ဒီအချိန်မှာပဲ ကျုပ်မိန်းမပြန်လာတယ်၊ အိမ်ထဲမှာတော့ အတော်မှောင်နေပြီဗျ။
“မထွေးပြန်လာပြီလား”
ကျုပ်မိန်းမအနောက်မှာ ယောက်ျားတစ်ယောက်ပါလာတယ်၊ သေချာကြည့်တော့မှ ဘကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။
“ဪ၊ ဘကြီးမြင့်လဲပါတာကိုး”
သူတို့နှစ်ယောက်က အိမ်ပေါ်မတက်သေးဘဲ လှေကားနားမှာ ယောင်ပေပေလုပ်နေတယ်။
“ဟဲ့ မိန်းမ၊ မင်းတို့တစ်တွေအိမ်ပေါ်တက်ခဲ့ကြလေ”
သူတို့အိမ်ပေါ်တက်လာတော့ ကလေးကလဲ လန့်ပြီးငိုတော့တာပဲဗျာ၊ ကျုပ်လဲကလေးကို ပြေးပြီးတော့ ပုခက်လွှဲပြီးချော့လိုက်ရတယ်။ သူတို့က အိမ်ရှေ့ခန်းမှာထိုင်လိုက်ကြတယ်၊ ကျုပ်တို့အိမ်မှာ ပရိဘောဂမရှိဘူးဆိုတော့ ကြမ်းပြင်ပေါ်ပဲ ထိုင်ကြရတာပေါ့ဗျာ။
“ငါတို့ဗိုက်ဆာတယ်”
ဘကြီးဖြစ်သူက ပြောရော၊ ဒါနဲ့ကျုပ်လဲကျုပ်မိန်းမကို လှည့်ကြည့်ပြီး
“မိန်းမရေ၊ မင်းထမင်းခူးခပ်ကျွေးလိုက်လေကွာ”
မိန်းမလဲ မယောင်မလည်နဲ့ထပြီး အိမ်နောက်ဖေးဝင်သွားတယ်၊ ကျုပ်လဲ ထမင်းစားတဲ့စားပွဲဝိုင်းကလေးကိုယူပြီးတော့ ချခင်းပေးလိုက်တယ်။
“ဒါနဲ့ဘကြီးနားက ငါးညှီနံ့ နံလို့ပါလား၊ ငါးတွေဘာတွေ သွားပက်လာတာလား”
“မ၊ မဟုတ်ပါဘူးကွာ”
“ဒါနဲ့ဘာလို့ အိမ်ကိုဝင်လာရတာလဲ၊ ပြောစရာရှိရင်ကျုပ်ကိုခေါ်လိုက်ပေါ့”
“ရပါတယ်ကွာ”
ဘကြီးကအဲဒီလိုပြောပြီး ဆက်ထိုင်နေတယ်ဗျ။ ကျုပ်ကသမီးကိုလွှဲနေရသေးတာ၊ ပုခက်လုပ်ထားတဲ့စောင်ကလေးက တိုနေတော့ ကျုပ်သမီးခြေထောက်တွေက ပုခက်ထဲကနေထွက်ကျနေတာကို ဘကြီးကလှမ်းပြီးကြည့်နေတယ်ဗျ။
မကြာပါဘူး အိမ်နောက်ဖေးခန်းထဲမှာ အိုးသံခွက်သံတွေကြားလိုက်ရတယ်။
“မိန်းမရေ၊ အိမ်ထဲမှောင်နေပြီကွာ၊ ဖယောင်းတိုင်လေးဘာလေး ဝယ်လာတာမဟုတ်ဘူး”
အဲဒီတော့မှ မိန်းမကထွက်လာတယ်။ လက်တစ်ဖက်မှာ ကျုပ်တို့လင်မယားစားဖို့ချက်ထားတဲ့ ထမင်းအိုးကို ကိုင်လာပြီးတော့ နောက်လက်တစ်ဖက်မှာတော့ ဟင်းချက်ထားတဲ့ ဒယ်အိုးသေးသေးလေးကိုင်ထားတယ်ဗျ။
နောက်တော့စားပွဲပေါ်အိုးတွေတင်ပြီးတော့ ဘကြီးနဲ့အတူတူဖွင့်စားကြတယ်။
“ဟာ၊ ဒီမိန်းမကလဲ ပန်းကန်လေးဘာလေးနဲ့ထည့်ကျွေးပါဟ”
ဘကြီးကလက်ကာပြပြီး
“ရပါတယ်ငါ့တူရယ်”
အဲဒီလိုပြောပြီးတော့ ဒယ်အိုးထဲကို ထမင်းတွေခပ်ထည့်ပြီးစားသောက်နေကြတယ်ဗျ။ ကျုပ်လဲတွေးမိသား၊ ဖယောင်းတိုင်မီးမရှိတော့ ပန်းကန်ရှာလို့မတွေ့လို့များ ဒီလိုစားရတာလားပေါ့၊ နောက်တော့ကျုပ်လဲစိတ်ထဲထူးဆန်းလာတယ်။
“ဘကြီးက သူဌေးဖြစ်ပြီးတော့ ဘာလို့ကျုပ်အိမ်က မကောင်းမကန်းဟင်းကို လာကပ်စားနေရတာလဲ၊ ဘာလဲ ကြီးဒေါ်က ဘကြီးကို အိမ်ပေါ်ကနေ မောင်းချလိုက်လို့လား”
ဘကြီးက အင်းမလုပ်၊ အဲမလုပ်ပဲ ထမင်းတွေသာပါးစပ်ထဲကြုံးထည့်နေတယ်။ ဘကြီးအိမ်မှာ တစ်ခုခုဖြစ်ခဲ့မှန်းကို ကျုပ်သိပြီ။ ထူးဆန်းတာက ကျုပ်မိန်းမကလဲစားသားဗျ၊ မထွေးက ပုံမှန်ဆိုအစားနည်းတယ်၊ ကျုပ်သာ ထမင်းတစ်လုံးချက်လောက်စားတာ၊ သူက တစ်ပန်းကန်လောက်ပဲစားတာဗျ၊ အခုတော့ စားလိုက်တာဗျာ မြိန်ရေရှက်ရေနဲ့၊ ကျုပ်တို့လင်မယားစားဖို့ချက်ထားတဲ့ ထမင်းအိုးကြီးလဲပြောင်၊ ဒယ်အိုးလေးထဲချက်ထားတဲ့ ငါးခြောက်တွေလဲ ပြောင်သွားပါလေရော။
(၂)
ဒါတင်အားမရသေးလို့ ဒန်အိုးမှာကပ်နေတဲ့ ထမင်းတွေကို လက်နဲ့သိမ်းပြီးစားနေသေးတာ၊ ကျုပ်လဲစိတ်ပူလာတယ်၊ ကျုပ်ထမင်းမစားရသေးဘူးမဟုတ်လား၊ အခုတော့ သူတို့နှစ်ယောက် စားလိုက်တာနဲ့ပြောင်ပြီ။
ဒီအချိန်မှာကောင်းကင်မှာ လျှပ်ပန်းလျှပ်နွယ်တွေထွက်လာတယ်။ တစ်ခါတစ်ရံမိုးခြိမ်းသံတွေ တဂျိန်းဂျိန်းနဲ့ထွက်ပေါ်လာခဲ့တယ်။ လျှပ်စီးတစ်ချက်လက်တဲ့အချိန်မှာ ကျုပ်မိန်းမလက်ကို ကျုပ်ကြည့်လိုက်မိတယ်။ သူ့လက်ချောင်းတွေက သွယ်သွယ်ဖြူဖြူလေးတွေဖြစ်နေပြီး လက်ထိပ်တွေက ချွန်နေတယ်ဗျ။ နောက်ပြီးသူ့မှာ လက်ချောင်းက (၇) ချောင်းတောင်ဖြစ်နေတာ၊ လက်မမပါဘဲနဲ့သွယ်သွယ်လေး (၇)ချောင်းက ညီနေလို့ဗျ။ အမှန်ပြောရရင် ကျုပ်အဲဒီအချိန်တုန်းက လျှပ်ပျက်တဲ့အချိန်မှာ လက်ချောင်းတွေကို ရိပ်ခနဲတွေ့လိုက်ရတာဗျ။ ဘယ်နှချောင်းဆိုတာ ရေတွက်လို့မရပေမယ့် ငါးချောင်းမကတာတော့ ကျုပ်မျက်စိက ကျိန်းသေတွေ့လိုက်တာ။
ကျုပ်လဲ မျက်စိမှားတယ်ထင်ပြီးတော့ တွေးနေမိလိုက်သေးတယ်။ သူတို့က စားပွဲခုံမှာမျက်နှာသေကြီးတွေနဲ့ထိုင်လို့ဗျ၊ နောက်ပြီးတော့ ကျုပ်သမီးပုခက်ကို နှစ်ယောက်စလုံးက စိုက်ကြည့်နေကြတာဗျာ။ ဒီအချိန်မှာ လျှပ်စီးတစ်ချက်လက်သွားတယ်။ ကျုပ်လဲအံ့ဩသွားတာပေါ့။ သူတို့ကမျက်ထောင့်နီကြီးတွေနဲ့ သမီးလေးပုခက်ကို ကြည့်နေတာကလား။
“ငါစားချင်တယ်”
ကျုပ်မိန်းမအသံက ခပ်ဩဩကြီးနဲ့ ခပ်ရှရှကြီးဖြစ်နေတာ။ ကျုပ်လဲအဲဒီအချိန်အထိတော့ မဟုတ်တာမတွေးမိသေးဘူး။
“ဘာစားချင်တာလဲ အိမ်မှာထမင်းကုန်ပြီလေ”
ဒီတော့မှ ကျုပ်မိန်းမက ပုခက်ကိုလက်ညှိုးထိုးပြတာဗျာ၊ ကျုပ်ဖြင့်လန့်သွားတယ်၊ စိတ်ထဲလဲတစ်မျိုးကြီးဖြစ်သွားမိတာပေါ့။ ဒီအချိန်မှာပဲ ဓါတ်မီးလက်လက်နဲ့ လူတစ်ယောက်ကျူပ်တို့အိမ်ရှေ့က ဖြတ်လျှောက်နေတယ်။ နောက်တော့ ကျုပ်တို့ခြံထဲကိုဝင်လာတယ်။ ဓါတ်မီးအလင်းရောင်နဲ့ အဲဒီလာတဲ့သူရဲ့မျက်နှာကိုမြင်လိုက်ရတော့မှ ကျုပ်အံ့ဩသွားတယ်။ ခြံထဲကိုဝင်လာတဲ့သူက ကျုပ်မိန်းမဖြစ်နေတယ်။
“မင်း၊ မင်းဘယ်သူလဲ”
အိမ်ထဲထိုင်နေတဲ့ ကျုပ်မိန်းမကိုကြည့်လိုက် လှေကားကနေတက်လာတဲ့ ကျုပ်မိန်းမကိုကြည့်လိုက်နဲ့ ကျုပ်တော်တော်ကြောက်နေမိတာ၊ ဒီအချိန်အိမ်ထဲထိုင်နေတဲ့ ကျုပ်မိန်းမက လှေကားကတက်လာတဲ့သူကို
“ဟဲ့၊ ဒါငါ့အိမ်၊ နင်မတက်လာနဲ့”
အဲဒီလိုလက်ညှိုးထိုးပြီးပြောလိုက်တော့ လှေကားက တက်လာတဲ့ကျုပ်မိန်းမလဲ လန့်သွားတယ်ဗျ။
“နင်၊ နင်ဘယ်သူလဲ”
ကျုပ်ဖြင့်ဝေခွဲမရအောင်ဖြစ်သွားတယ်။ ကျုပ်မိန်းမနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တစ်ပုံစံတည်းတူနေတယ်မဟုတ်လား။
အပြင်က ဝင်လာတဲ့ကျုပ်မိန်းမကလဲ ကျုပ်ကိုလှမ်းကြည့်တယ်။
“အဲဒါဘယ်သူလဲတဲ့”
ကျုပ်လဲဘာမှမပြောနိုင်တော့ဘူး၊ အပြင်ကနေဝင်လာတဲ့ မိန်းမလက်ထဲမှာ ဓါတ်မီးကိုထွန်းထားတယ်၊ ဓါတ်မီးအလင်းရောင်နဲ့ ကျုပ်တို့အိမ်ကလေးထဲ မှုန်ပြပြကလေးမြင်နေရတယ်။ ကြမ်းပြင်မှာထိုင်နေတဲ့ ကျုပ်ဘကြီးခြေထောက်မှာ ရွံ့တွေပေနေတယ်။ နောက်ပြီးတစ်ခုထူးဆန်းတာက ကြမ်းပြင်မှာဆောင့်ကြောင့်ထိုင်နေပေမယ့် သူ့ခြေချောင်းတွေက တင်ပါးနားကိုရောက်ပြီး အပြင်ကိုထွက်နေတယ်။
ဆောင့်ကြောင့်ထိုင်ရင် ခြေချောင်းတွေနဲ့ခြေဖဝါးက အရှေ့မှာပဲရှိရမယ်ဟုတ်လားဗျ။ ဒီခြေထောက်ကိုကြည့်ပြီး ကျုပ်လဲတော်တော်ကိုထူးဆန်းသွားတာ။ ဒီအချိန်မှာပဲ ကျုပ်မိန်းမက အိမ်ပေါ်ထိုင်နေတဲ့ မိန်းမမျက်နှာကို ဓါတ်မီးနဲ့ထိုးလိုက်တယ်။ ကျုပ်မိန်းမတော့ ကျုပ်မိန်းမမျက်နှာပါပဲဗျာ၊ ဒါပေမယ့် အသားကတော်တော်ဖြူတာဗျ။ အဖြူကလဲ ရုပ်ရှင်မင်းသားမင်းသမီးတွေဖြူနေသလိုမဟုတ်ဘူး၊ ထုံးသုတ်ထားတဲ့နံရံကြီးကို ဖြူဆွတ်ဆွတ်ကြီးနဲ့ဗျ။
ဒီအချိန်မှာပဲ ကျုပ်သိလိုက်ပြီ၊ ကျုပ်လဲထိုင်နေရာကနေထပြီးတော့ ပုခက်ဆီပြေးသွားလိုက်တယ်။ ဒီအချိန်မှာပဲ ထိုင်နေတဲ့ကျုပ်မိန်းမကလဲ ပုခက်ဆီကိုပြေးလာပါရော၊ ကံကောင်းလို့ဗျာ၊ ကျုပ်ကခြေတစ်လှမ်းပိုဦးသွားတယ်။ ပုခက်ကိုကိုင်ပြီးတော့ ကျုပ်ကိုယ်လုံးနဲ့အုပ်ထားလိုက်တယ်။ ကျုပ်မိန်းမလက်တွေက ပုခက်ကြိုးတွေကိုကိုင်ပြီးဆွဲနေတယ်။ ကျုပ်လဲသူ့ကိုတွန်းထုတ်ပြီးတော့ သမီးကလေးကို ပုခက်ထဲကနေဆွဲထုတ်လိုက်တယ်။ နောက်တော့ အိမ်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ ကျုပ်တို့အိမ်က အိမ်ရှေ့မှာ ပြတင်းပေါက်တွေရှိတယ်၊ ညဘက်အိပ်ခါနီးမှ အဲဒီပြတင်းပေါက်တွေကို လိုက်ကာစတွေ၊ ပလတ်စတစ်စတွေနဲ့ ကာလိုက်တာဆိုတော့ ပုံမှန်အချိန်ဆို တံခါးပွင့်နေတတ်တယ်။
ကျုပ်အိမ်အောက်ကို ဘယ်လိုရောက်မှန်းမသိရောက်သွားတယ်၊ သမီးကလေးကိုလဲ ပိုက်ထားလို့ပေါ့။ အိမ်အောက်ရောက်တော့ လှေကားအတက်က ကျုပ်မိန်းမကိုပြောလိုက်တယ်။
“မိန်းမရေ၊ ပြေး၊ ပြေး ဘကြီးအိမ်ကိုပြေးဟေ့”
ကျုပ်လဲအော်ပြီးထွက်ပြေးတော့တာပါပဲ၊ ရွာစွန်ဆိုတော့ ကျုပ်တို့အိမ်ကလေးဘေးမှာ ဘာအိမ်မှမရှိဘူးဗျ၊ တခြားအိမ်တွေနဲ့အတော်ကလေးလှမ်းတာကိုး၊ ကျုပ်ပြေးတော့ ကျုပ်မိန်းမလဲအနောက်ကနေပြေးလိုက်လာတာကိုတွေ့ရတယ်။
ဒါပေမယ့်ဗျာ၊ အယောင်ယောင်အမှားမှားနဲ့ပြေးတာကလဲတစ်ကြောင်း၊ ကျုပ်ခြေထောက်တွေကလဲ တုန်ယင်နေတာဆိုတော့ အားမရှိသလိုကြီးဖြစ်နေတာဗျာ၊ ပြန်ကိုမပြောပြတတ်ဘူး၊ ပြေးနေပေမယ့် အရှေ့ကိုသိပ်မရောက်ဘူးဗျာ။
အနောက်ကိုကြည့်တော့လဲ သရဲမကြီးက အိမ်ပေါ်ကနေခုန်ချလာတာဗျို့၊ သူ့နောက်က ကျုပ်ဘကြီးကလဲ လှေကားကနေ နောက်ပြန်ကြီးခုန်ချလာတာ။ ကျုပ်မိန်းမက ကျုပ်ထက်ပိုမြန်တယ်။ အရှေ့ကနေပြေးနေတဲ့ကျုပ်ကိုမီလာတယ်။ ကျုပ်စိတ်ကလဲထိန်းမရဘူးဗျ။ အနောက်ကနေလိုက်လာမလားဆိုပြီး လှည့်ကြည့်မိလိုက်တယ်။ အဲဒီအခါမှာ ကျုပ်ကျောဘက်မှာ သရဲမကြီးက ရောက်နှင့်နေပြီဗျ။ မျက်နှာဖြူဖြူကြီးနဲ့။ ကျုပ်လှည့်ကြည့်လိုက်တဲ့အချိန် သူနဲ့ကျုပ်နဲ့မျက်နှာချင်းဆိုင်လုနီးပါးဖြစ်သွားတယ်။
ကျုပ်လဲသမီးလေးကို ရင်ခွင်ထဲ အတင်းအကြပ်ဖက်ထားလိုက်တယ်။ ဒီအချိန်မှာပဲ ကျုပ်နောက်ကျောမှာချမ်းပြီးတက်လာတယ်။ တစ်ကိုယ်လုံးလဲ ကြက်သီးတွေထောင်ထနေတော့တာဗျာ။ သရဲမလက်ကြီးက ကျုပ်ကိုယ်လုံးပေါ်ကိုရောက်လာပြီး ကျုပ်ကိုဆွဲထားတာ။
ကျုပ်လဲဘာလုပ်ရမလဲမသိတော့ဘူး၊ ခေါင်းထဲလဲဘာမှမပေါ်တော့ဘူး၊ ကြံမိကြံရာနဲ့ ကယ်ကြပါအုံးလို့ထအော်လိုက်တယ်။ နောက်တော့
“ကွင်းပိုင်ကြီးကယ်ပါ”
အဲဒီလိုအော်လိုက်မိတာ။ ပါးစပ်ထဲရှိတာအော်မိတယ်ဆိုပေမယ့် ကျုပ်တို့လယ်ယာလုပ်ငန်းလုပ်တဲ့အခါ လယ်ပိုင်ကွင်းပိုင်တွေကို ပူဇော်ရတယ်။ ကျုပ်လဲအဲဒါကိုသတိရသွားတာ။ အဲဒီအချိန်တုန်းက ကျုပ်က ဘုရားတရားဘာမှမလုပ်ဘူး၊ တစ်ပတ်မှာ တစ်ရက်တောင် ဘုရားမရှိခိုးဘူး၊ ကျုပ်မိန်းမကလဲ ဘုရားတရားအားနည်းတာလဲပါတယ်။ ဘုရားစာရွတ်ဖို့မပြောနဲ့ ဘာဘုရားစာမှ ခေါင်းထဲမရှိဘူးဗျာ။
ထူးတော့ထူးဆန်းတယ်၊ ကျုပ်အော်လိုက်ပြီးတော့ ကျုပ်တို့ပြေးနေတဲ့လမ်းဘေးက ကွင်းထဲကနေ နွားရိုင်းကြီးတစ်ကောင်ပြေးလာတာဗျာ၊ နည်းတဲ့ကောင်ကြီးမဟုတ်ဘူး၊ ဒါပေမယ့် အရိပ်ကြီးလိုပဲ မြင်နေရတယ်။ အဲဒီအကောင်ကြီးလာတော့ သရဲလက်တွေက လျှော့သွားတယ်။ ကျုပ်လဲအားကုန်ပြေးတော့တာပေါ့။ နောက်တော့ ရွာလမ်းဘေးနားမှာရှိတဲ့ ရွာတော်ရှင်နန်းကိုကျော်လာခဲ့တယ်။ ဒီအခါမှာ သရဲမကြီးက ဆက်မလိုက်တော့ဘူးဗျ။ အဲဒီနတ်နန်းမတိုင်ခင်မှာ မတ်တပ်ကြီးရပ်နေတယ်။ ကောင်းကင်က တဖြန်းဖြန်းနဲ့လက်နေတဲ့ လျှပ်စီးအလင်းရောင်တွေကြောင့် တစ်ချက်တစ်ချက် သရဲမကြီးကိုမြင်ရတယ်။ မတ်တပ်ရပ်နေပေမယ့် ခြေထောက်ကြီးတွေက ပြောင်းပြန်ကြီးဗျာ၊ ဖနောင့်က အရှေ့မှာဖြစ်နေတာ။ ကျုပ်တို့လင်မယားလဲ ဘကြီးအိမ်ကိုရောက်မှန်းမသိရောက်လာကြတာပေါ့ဗျာ။
“အေး၊ မင်းတို့ကရွာစွန်မှာနေတာဆိုတော့ သရဲသဘက်နှောင့်ယှက်တာဖြစ်မှာပေါ့”
ဘကြီးက ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်က ဘကြီးမျက်နှာကိုကြည့်ပြီးတော့တောင် သရဲကြီးက ယောင်ဆာင်ထားတာများလားဆိုပြီး ကြောက်နေသေးတာဗျ။ အဲဒီညတော့ ကျွန်တော်တို့အိမ်မပြန်ရဲတော့ဘူး၊ ဘကြီးက ပရိတ်ရည်တွေတိုက်ပြီးတော့ သူ့အိမ်မှာပဲ ကျုပ်တို့အိပ်ကြတယ်။ ဒါပေမယ့်အိပ်မပျော်ပါဘူးဗျာ၊ အိပ်မက်ထဲ သရဲမကြီးကိုပဲ မြင်နေရတာ၊ ကျုပ်လန့်လန့်ပြီးထအော်တာ လေးငါးခါမကဘူး။
(၃)
မနက်မိုးလင်းတော့မှာ ကျုပ်တို့လဲအိမ်ကိုပြန်လာခဲ့ကြတာ၊ ကျုပ်ဖြင့် ကျုပ်တို့အိမ်ထဲမဝင်ဝံ့သေးဘူး၊ ရွာသားလေးငါးယောက်ပါလို့တော်သေးတယ်၊ ထူးဆန်းတာက ကျုပ်တို့အိမ်တစ်အိမ်လုံး ပွစလောင်းလန်နေတာပါပဲဗျာ၊ အိမ်ကြီးကို တစ်ယောက်ယောက်က မွှေသွားသလိုကို ရှိသမျှအရာအားလုံး ပွနေတာ။ ရွာကလူတွေကတော့ သူခိုးမွှေတယ်လို့ထင်ကြမယ်၊ ကျုပ်ကတော့ အဲဒီလိုမထင်ဘူး၊ ကျုပ်တို့ရွာမှာ သူခိုးမရှိဘူးဗျ။ တံခါးတွေဆိုဖွင့်အိပ်ကြတာ၊ သူခိုးက ခိုးမယ်ဆိုရင်လဲ ဘာလို့ဆင်းရဲတဲ့ကျုပ်တို့အိမ်ကိုလာခိုးမလဲဗျာ၊ စဉ်းစားသာကြည့်ကြပါတော့။
ကျုပ်တို့အဲဒီနေရာမှာ ဆက်မနေရဲတော့ဘူး၊ ဒါနဲ့ ကျုပ်တို့အိမ်ကလေးကိုပစ်ထားပြီးတော့ ဘကြီးအိမ်အောက်မှာ ခဏနေကြတယ်၊ ကျုပ်တို့သတင်းလဲ ရွာထဲပြန့်သွားတော့တာပေါ့။ ဒီတော့မှ ကျုပ်မိန်းမရဲ့ မိဘတွေက ကျုပ်တို့ကိုသနားသွားပြီး သူတို့အိမ်ခြံဝန်းထဲမှာ တစ်ထပ်အိမ်ကလေးဆောက်ပေးတယ်။ မြေးမျက်နှာနဲ့ဘာနဲ့ဆိုတော့လဲ ကျုပ်တို့ပြန်ပြီးအဆင်ပြေသွားတော့တာပေါ့ဗျာ။
ကျုပ်တို့လည်းအဲဒီနောက်ပိုင်းကစပြီး ဘုရားတရားလုပ်တော့တယ်၊ ကျုပ်မိန်းမရဲ့ မိဘတွေကလဲ ဘုရားတရားကိုင်းရှိုင်းတဲ့သူတွေဗျ။ ကျုပ်ဆိုအဲဒီနောက်ပိုင်းဘုရားကို တစ်နေ့သုံးကြိမ်လောက်ရှိခိုးတော့တာပဲဗျို့၊ သမီးလေး တစ်နှစ်ပြည့်တော့ ရွာဦးကျောင်းက ဆရာတော်ကိုပင့်ပြီး မွေးနေ့ဆွမ်းကျွေးလေး လုပ်တာပေါ့ဗျာ၊ ဆရာတော်ကို ဒီအကြောင်းလျှောက်တင်တော့
“အင်း၊ ဒါဟာ ဘွားဖြူကြီးလက်ချက်ဖြစ်ရမယ်”
ဆရာတော်ကလဲ အဲဒီလိုပြောတယ်၊ ရွာကလူတွေကလဲ ဒီလိုတွေပြောကြတာကိုးဗျ။ ဒီတော့ဘွားဖြူကြီးက ဘယ်သူလဲဆိုတာကျုပ်သိချင်တယ်။
“ဘွားဖြူကြီးက ဘယ်သူပါလဲဘုရား”
“ဦးဇင်းတော့ သိပ်ပြီးမသိလိုက်ဘူး၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက် ဦးဇင်းတို့လူငယ်ဘ၀တုန်းက ဒီလိုပဲရွာမှာဖြစ်ခဲ့ဖူးတယ်”
“အပန်းမကြီးရင် မိန့်တော်မူပါဘုရား၊ တပည့်တော်သိချင်လို့ပါ”
“အဲဒီတုန်းက ဦးဇင်းတို့က လူငယ်ပေါ့၊ အသက် နှစ်ဆယ်ကျော်လောက်ပေါ့၊ အဲဒီတုန်းက ရွာမှာ မိညှက်ဆိုတဲ့ ကလေးတစ်ယောက်ရှိတယ်၊ မိညှက်က ဦးဇင်းတို့နဲ့ ဆွေမျိုးမကင်းလဲတော်ပါတယ်၊ တစ်ရက်တော့ မိညှက်အမေ ဒေါ်လုံးတင်တို့ ရိုးမပေါ်တက်ကြတယ်၊ အဲဒီအချိန်က မှိုရာသီဆိုတော့ မှိုဆွတ်ဖို့သွားကြတာပေါ့”
“ဒကာကြီးသိတဲ့အတိုင်း ရိုးမနဲ့တို့ရွာက နေ့တစ်ပိုင်းသာသာလောက်သွားရတာမဟုတ်လား၊ ဒေါ်လုံးတင်ကြီးထွက်သွားပြီး ညနေရောက်တော့ ရွာကိုတစ်ယောက်တည်းပြန်လာတယ်၊ သွားကြတုန်းကတော့ လေးငါးယောက် စုပြီးသွားတာ၊ ပြန်လာပုံကလဲ ငူငူငိုင်ငိုင်ကြီးတဲ့၊ နေကလဲ စောင်းတော့မယ့်အချိန်ကြီးပေါ့၊ အဲဒီအချိန်မှာ ရွာလမ်းမပေါ်ဆော့နေတဲ့ မိညှက်ကိုကောက်ပြီးပွေ့ချီသွားပါရောလား၊ ပြီးတော့ ရွာလမ်းအတိုင်းရွာပြင်ကိုထွက်သွားတယ်၊ မိညှက်ဆိုတာ ငိုလိုက်တာမပြောပါနဲ့”
“ဦးဇင်းတို့က အဲဒီတုန်းက လယ်ထဲကနေ နွားတွေသိမ်းပြီးပြန်လာတာပေါ့၊ ဒေါ်လုံးတင်ကြီးက ငိုယိုနေတဲ့မိညှက်ကိုချီပြီးတောစပ်ကိုဝင်သွားပါရော၊ ဦးဇင်းတို့ကလဲ သူ့အမေနဲ့သူ့သမီးဆိုတော့လဲ ဘာထူးဆန်းမှာလဲပေါ့၊ နောက်တော့ ရွာထဲပြန်ရောက်တော့ ညနေတော်တော်မိုးချုပ်မှ ဒေါ်လုံးတင်တို့ မှိုသွားဆွတ်တဲ့သူတွေ ရောက်လာပါရော၊ အားလုံးကလဲမိညှက်ကိုချီသွားတာတွေ့တော့ မိညှက်အကြောင်းမေးတာပေါ့”
“ဒေါ်လုံးတင်ကြီးက သူအခုမှရွာကိုပြန်ရောက်တာဖြစ်ကြောင်း၊ မိညှက်ကိုသူမခေါ်ကြောင်းပြောတော့ အစကတော့မယုံကြဘူး၊ ဒါပေမယ့် သူနဲ့အတူတူလိုက်သွားတဲ့သူတွေက အာမခံပြီးပြောတော့မှ မိညှက်ခေါ်သွားတာ ဒေါ်လုံးတင်မဟုတ်မှန်းသိလိုက်ရတာ”
“တင်ပါ့ဘုရား၊ အဲဒီမိညှက်ကိုရော ပြန်တွေ့သေးလား”
“ရွာကလူတွေ သုံးလေးရက်လောက် တောနင်းရှာတာတောင်မှ မတွေ့တော့ပါဘူးဒကာကြီး၊ တို့ရွာအနောက်ကတောဆိုတာ ဘယ်လောက်နက်တာမှတ်လို့၊ ချုံပင်တွေလောက်ပဲရှိတာကလား၊ နောက်တော့မှ တို့ရွာအနားနဲ့ အနီးအနားရွာတွေမှာ လူယောင်ဆောင်ပြီးတော့ အဲဒီလိုကလေးတွေကို ဖမ်းခေါ်သွားတတ်တဲ့ သတင်းတွေကြားရတယ်၊ အဲဒီသရဲမကြီးကို အဘွားဖြူလို့ခေါ်ကြသတဲ့”
ကျုပ်လဲ ဆရာတော်စကားကိုနားထောင်ရင်း တစ်ကိုယ်လုံးကြက်သီးတွေထလာခဲ့တယ်၊ ကံကောင်းလို့သာပေါ့ဗျာ၊ ကျုပ်သာမမြန်ရင်၊ ကျုပ်သာ ပုခက်ဆီသွားတာနောက်ကျရင် အခုလောက်ဆို ကျုပ်သမီးလေးကို သရဲကဖမ်းသွားပြီဗျ။ ကျုပ်သမီးကလေးကလဲ အသားဖြူဖြူ ၀၀ကစ်ကစ်ကလေးကိုဗျ။
ကျုပ်ကတစ်ကယ်ဖြစ်ခဲ့တာပါလို့ပြောရင် နားထောင်နေတဲ့သူတွေတောင် ယုံချင်မှယုံမယ်။ ဒါပေမယ့် ဘုရားပေးပေးကျမ်းပေးပေးပါဗျာ၊ ကျုပ်တို့ရွာကိုလာခဲ့ရင် လူယောင်ဆောင်ပြီး ကလေးကိုလာလုတဲ့ ကျုပ်တို့အဖြစ်ကို ရွာသားတွေက တစ်ယောက်တစ်ပေါက် ပြောပြကြပါလိမ့်မယ်။
ကျုပ်သမီးလေးနာမည်ကို နှင်းဖြူလို့နောက်တော့ နာမည်ပေးလိုက်ကြတယ်။ အဲ ထူးဆန်းတာက ကျုပ်သမီးကပဲ လိပ်ပြာလှလို့လား ဘာလို့လားတော့မသိဘူး၊ ကျုပ်သမီး လေးငါးနှစ်အရွယ်မှာ အဲဒီအဘွားဖြူဆိုတဲ့ သရဲမကြီးက နောက်တစ်ခါလာပြီး ခေါ်ပြန်ရောဗျာ။
ခင်ဗျားတို့သိချင်သွားပြီမဟုတ်လား၊ အခုတော့တော်ပြီပေါ့၊ နောက်ရက်ကျတော့ ကြုံရင်ကျုပ်ပြောပြမယ်၊ ကျုပ်တို့ရွာမှာ အခုထိ ကလေးတွေကို လွှတ်မထားရဲဘူး၊ ကလေးတွေအိမ်ထဲမှာ၊ အခန်းထဲမှာ တစ်ယောက်တည်းအိပ်နေရင် မျက်နှာမလွဲထားရဲဘူးဗျို့၊ ဘာလို့လဲဆိုတော့ သိတယ်မဟုတ်လား၊ အဲဒီအဘွားဖြူဆိုတဲ့သရဲမကြီးကို ကြောက်လို့ပေါ့ဗျာ။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်
Leave a Reply