မင်းအင်းသိင်္ခ

    (၂)

    မင်းအင်းကို ကျုပ်တို့ ဂျစ်ကားလေးနဲ့ သွားနေတယ်။ဘိုးကာ ကတော့ မျက်နှာခပ်တည်တည်နဲ့ဗျ သူတည်တာက ရယ်စရာကြီးဗျာ ဘိုးကာက အသက်ကြီးနေပြီဗျ ပိန်ပိန်လေး ကွမ်းက တော့ ဝါးသလားမမေးနဲ့ အတော်လေးကို စားတာ မင်းအင်းဘုန်းကြီးက ကျုပ်တို့ကို လှည့်ကြည့်ပြီး မေးတယ်ဗျ ။

    “ဘိုးကာ ခင်ဗျားကတော့ လုပ်လိုက်ရင် အဆန်းပဲ ခင်ဗျားတို့ ဘုန်းကြီးက အတော်ကိုစိတ်ဆိုးနေတာနော် “

    “စိတ်ဆိုးလည်း မတတ်နိုင်ပါဘူး ဘုရား သူ့ဒကာက အတော်ကို အမြင်ကပ်စရာကောင်းတာကို “

    “ဟုတ်ပါပြီ ကဲ ဘိုးကာ ခင်ဗျားနဲ့ ဦးဇင်းက လူရင်းတွေ ဆိုတော့ သိပ်ပြောစရာမလိုဘူး ဟိုက ကျောင်းသားသစ် စနေကို တုတ်ပေါအကြောင်း ပြောထားဦး တော်ကြာ ရန်တွေဘာတွေ ဖြစ်နေမှာစိုးလို့ “

    “တင်ပါ့ ဘုရား”

     မင်းအင်းဦးဇင်းနဲ့ ဘိုးကာပြောနေတာကို ကျုပ်် သိပ်နားမလည်ဘူးဗျ ကျုပ်လည်း ကျန်တာသိပ်စဉ်းစားမနေဘူး ကားလေးကို မှီပြီး အေးအေးဆေးဆေး စီးနေလိုက်တယ်။မြို့က ထွက်တော့ လမ်းကကြမ်းပြီဗျို့ ဂျစ်ကားမို့လို့ တော်သေးတယ်  မင်းအင်းရွာက မြို့နဲ့ နည်းနည်းတော့ လှမ်းတယ်ဗျ မကြာပါဘူး  မင်းအင်းရွာထိပ်က အုံ့အုံ့ဆိုင်းဆိုင်းဘုန်းကြီးကျောင်း၀န်းထဲ ကားက ဝင်သွားတယ် ကားလည်း ရောက်လာရော ခြင်းခတ်နေတဲ့ ကိုရင်နဲ့ ကျောင်းသားလေးတွေ ဟိုယောင်ယောင်ဒီယောင် ယောင် လုပ်နေတယ်ဗျာ ဒါမျိုး ကျုပ်တို့လည်း လုပ်ခဲ့ဖူးတာဆိုတော့ သိတာပေါ့ဗျာ ကျုပ်လည်း ကားပေါ်က ဆင်းလိုက်တာနဲ့ မင်းအင်းဦးဇင်းက သူရဲ့ ကားဆရာကို ပြောတယ်ဗျ

    “ဝင်းထူး မင်း ဘိုးကာတို့ကို သိမ်ထဲမှာ နေရာချပေးလိုက်ဦး “

    “တင်ပါ့ ဘုရား “

    “ညစာလည်း သေချာကျွေးလိုက်ဦး ကြားလား “

    “တင်ပါ့ ဘုရား “

    ဦးဇင်းက သူရဲ့ကားဆရာကို ပြောပြီးနောက် ကျုပ်တို့ကို လှည့်ပြောတယ်ဗျ

    “ဘိုးကာ နဲ့ စနေ သိမ်ထဲကကောင်တွေကို မေတ္တာရပ်ခံနိုင်ရင် ခင်ဗျားတို့ကို ဆုချမယ်ဗျာ “

    “ဆုတွေ ဘာတွေမလိုပါဘူး ဘုရား ကျောင်းကိုသာ မြန်မြန်သာ ပြန်လိုက်ပို့ရင် ရပြီ “

   “ဟုတ်ပါပြီ ဦးဇင်းကတော့ သိမ်ကိုလက်မြှောက်ထားတာနော်”

    “တပည့်တော်တို့လည်း အမှန်အတိုင်းပြောရရင် ဘာမှမလုပ်တတ်ပါဘူး ဘုရား “

    ” အဲ့တာတော့ ဦးဇင်းလည်း မပြောတတ်ဘူး ဘိုးကာတို့ ဘုန်းကြီးပဲ ထည့်လိုက်တာ “

    “သိပါတယ် ဘုရား ကျောင်းက ဘုန်းကြီး နဲ့ ကိုရင်နှစ်ပါးက တပည့်တော်တို့ နှစ်ယောက်ကို ချောက်ချနေတာ “

    “စတာနေမှာပါ ဘိုးကာရယ် ကဲ ကဲ ဝင်းထူးနောက်ကို လိုက်သွားကြ “

    ဘုန်းကြီးက အဲ့ဒီလိုပြောပြီး ကျောင်းပေါ်တက်သွားတယ်ဗျာ ကျုပ်တို့ နှစ်ယောက်ကတော့ ကားဆရာကိုဝင်းထူးရဲ့ နောက် လိုက်ရတာပေါ့ မကြာပါဘူးဗျာ ကျောင်းတွေနဲ့ နည်းနည်းလှမ်း တဲ့ သစ်ပင်တွေကြားထဲက သိမ်ကို ပို့ပေးပါရော သိမ်က နေ့လည်နေ့ခင်းမှာတောင် မှောင်နေတယ်ဗျို့ ညဆိုရင်တော့ ပြော မနေနဲ့ ကိုဝင်းထူးကလည်း တော်တော် တော်ရှာပါတယ် ဒီနေရာ လို့ ပြပြီး ကျောင်းဘက်တန်းထွက်သွားတော့တာပဲ သူကြည့်ရတာ ဒီနေရာကို ကြောက်နေတဲ့ပုံပဲဗျ ကျုပ်နဲ့ ဘိုးကာလည်း သိမ်ထဲဝင်ပြီး ပြုတင်းတံခါးတွေ လိုက်ဖွင့်တာပေါ့ ကျုပ်တို့ လာမှာမို့ စောင်တွေခေါင်းအုံးတွေလည်း ပြင်ဆင်ပေးထားတယ်ဗျကျုပ်တို့လည်း တံမြက်စည်းလေးဘာလေး လှည်းနေတဲ့အချိန်မှာပဲ သိမ်ခေါင်မိုးပေါ် ကနေ ဝုန်းကနဲအသံကြီးနဲ့ တခုခုပြုတ်ကျလာတာဗျာ ကျုပ်လည်း ဗြုန်းခနဲဆိုတော့ လန့်တာပေါ့ လန့်တော့ ဘာလုပ်လဲဆိုတော့ ဘိုးကာအနားကို ကပ်ရတာပေါ့ ဘိုးကာက ပြောတယ်ဗျ

    “စနေ ကြောက်မနေနဲ့ ဦးဟ နေ့လည်ခင်းကြီးကို “

    “ကြောက်တာ မဟုတ်ပါဘူးဗျာ “

    “မင်းကလည်း မကြောက်လို့သာပဲ တံမြက်စည်းကြီးချပြီး ငါ့ဆီ တန်းပြေးလာတာ “

    “ဟာ မကြောက်ပါဘူးဗျာ “

    ကျုပ်တို့နှစ်ယောက်ပြောနေတုန်းမှာပဲ သိမ်ထဲကို ဝတုတ် တုတ်နဲ့ ကျုပ်အရွယ်နီးပါးလူတယောက် ဝင်လာတယ်ဗျ ပြီးတော့ ကျုပ်ကိုကြည့်ပြီး ရယ်တယ်။ရယ်ရင်းနဲ့ ကျုပ်ကို စကား ပြောတာပေါ့ဗျာ သူပြောတာလည်း ကြည့်ဦး

    “ငကြောက်ကြီး ငါက သိမ်ပေါ်ကို ခဲလာပစ်ချတာ ကြောက် နေတယ် ငကြောက်ကြီး “

    “မင်းက ဘာကောင်မို့ ငါ့ကို လာပြောနေတာလဲ “

    ကျုပ်လည်း ဒီဝတုတ်တုတ်ငနဲကို ဆော်မလို့ ရှေ့တိုးလာတော့ ဘိုးကာက ကျုပ်လက်ကို ဆွဲပြီး တိုးတိုးကပ် ပြောတယ်ဗျ

    “‌စနေ စိတ်လျှော့ တုတ်ပေါက နည်းနည်းလွတ်နေတာ ဒီ ကျောင်းက ဘုန်းကြီးရဲ့အမျိုးကွ “

    ဘိုးကာပြောပြမှ ကျုပ်လည်း စိတ်လျှော့လိုက်တယ်။ ဒီ ကောင်က ကျုပ်ကို ‌ပြစ်ပြစ်နှစ်နှစ်ကို ပြောပြီး ထွက်သွားတာ ဗျာ စိတ်လွတ်နေတယ်ဆိုလို့ ကျုပ် စိတ်ထိန်းလိုက်ရတာ နာမည်က စနေ၊သောကြာနေ့မှာ မွေးပေမဲ့ နာမ်စီးနေတော့ စိတ်ကတော့ ကြီးတယ်ဗျ၊အဲ့ဒီလိုနဲ့ ကျုပ်လည်း စိတ်လျော့ပြီး သိမ် ထဲမှာ ထိုင်နေတာပေါ့ဗျာ ကားစီးရတာ နည်းနည်းပင်ပန်းတယ် ဆိုတော့ ကျုပ်လည်း တုံးလှံးလှဲလိုက်တာ ခဏနေတော့ အိပ်ပျော်သွားရောဗျာ ။

    (၃)

“စနေ စနေ ထတော့ ညနေစာ စားကြ‌ရအောင် “

    ကျုပ်ကို လှုပ်နိုးနေလို့ ကျုပ်နိုးလာတယ်ဗျ ဘိုးကာက ကျုပ်ကို နှိုးနေတာနဲ့ ကျုပ်လည်းထလိုက်တယ် ညနေတောင် စောင်းနေပြီဗျ ကျုပ်လည်း မျက်နှာသစ်ပြီး ဘိုးကာခေါ် တဲ့နောက်ကို လိုက်သွားတာပေါ့ မကြာဘူး ဆွမ်းစားကျောင်းအဝမှာ ကို၀င်းထူးက ကျုပ်တို့ကို စောင့်နေတယ်  ပြီးတော့ စကားပြောလာတယ်ဗျ

    “ဘိုးကာရေ ခင်ဗျားတို့သာ အခုအချိန်ရောက်မလာရင် ကျုပ်လည်း ထိန်းနိုင်တော့မှာမဟုတ်ဘူး “

    “အဲ့ဒီလောက်တောင်ပဲလားဟ “

    “အဲ့တာထက်တောင် ဆိုးတယ်ဗျာ တကယ်ကို ထိန်းမရတဲ့ အကောင်တွေ “

    ကျုပ် သူတို့နှစ်ယောက် ပြောနေတာကို နားထောင်ပြီး မျက် လုံးတောင် ပြူးတယ်ဗျို့ ဒီနေရာကကောင်တွေတောင် ထိန်းမရဘူးဆိုရင် ဒီကကျောင်းသား ကိုရင်တွေတောင် မအိပ်ရဲတဲ့ သိမ် ဆိုတော့ ကျုပ်တွေးရင်း ကြက်သီးတွေ ဘာတွေတောင် ထလာ သေးတယ်ဗျာ ကျုပ်လည်း ဘိုးကာနောက်ကနေ ကုပ်ချောင်း ချောင်းနဲ့ လိုက်လာပြီး ဆွမ်းစားကျောင်းဆီကိုလည်းရောက်ရော တုတ်ပေါ အပါအဝင် တခြားကျောင်းသားနှစ်‌ယောက် ရှိတယ်ဗျာ ဒီကောင်တွေက တဝိုင်းထဲ ထမင်းစားနေတာ ကျုပ်တို့အတွက် ပြင်ထားတဲ့ ထမင်းဝိုင်းကို စောင်းကြည့်ပြီး ကျုပ်ကို ဘုကြည့်ကြည့်နေတယ်ဗျာ ဒီကောင်တွေကိုကြည့်ရတာ လွယ်တဲ့ပုံတော့ မဟုတ်ဘူး ဒါနဲ့ နေပါဦး ကိုဝင်းထူးပြောတဲ့ ထိန်းမရဘူးဆိုတဲ့ အကောင်တွေ မတွေ့ပါလား ကျုပ်လည်း ဟိုကြည့် ဒီကြည့် ကြည့်နေတာပေါ့ အဲ့ဒီအချိန်မှာ ဘိုးကာက ကျုပ်ကို  တိုးတိုးမေးလာတယ်ဗျ

    “ဟေ့ကောင် စနေ မင်း ဘာတွေ ကြည့်နေတာလဲ “

    “ကိုဝင်းထူးပြောတဲ့ ထိန်းမရဘူးဆိုတဲ့ အကောင်တွေကိုပေါ့ဗျာ “

    “မင်းပထွေးတွေကို ပြောတာကွ ခဏနေရင် မင်းသိလိမ့်မယ် “

    အမှန်အတိုင်းပြောရရင် ကျုပ်လည်း သိပ်နားမလည်ပါဘူး ဗျာ အဲ့တာနဲ့ ထမင်းစားကြတယ်ပေါ့ ကျုပ်တို့က ဧည့်သည်မို့ထင်တယ် ဟင်းကိုစုံလို့ပဲ အဲ့တာကြောင့် ဟိုသကောင့်သား ဘုန်းကြီး‌ကျောင်းသားလေးတွေ ကျုပ်တို့ကို ဘုကြည့် ကြည့်နေတာကိုး သူတို့ စိတ်ထဲထင်မပေါ့ အရူးက တမူးသာတယ်ဆိုပြီး ကျုပ်လည်း ဒီကောင်တွေကို ကြည့်မရတာနဲ့ ဟင်းကောင်းတော်တော်များများကို စားပစ်လိုက်တယ်ဗျာ။အဲ့ဒီကောင်တွေက ကျုပ်ကို ကြည့်ပြီး အံတကြိတ်ကြိတ်ပေါ့ ကျုပ်တို့လည်း စားပြီးသားပန်းကန်းလေး သွားဆေးမလို့ ထလိုက်တာနဲ့ သကောင့်သားတွေက ဝိုင်းခုန်ကူးပြီး လွေးနေကြပါရောဗျို့ တယောက်တလက်ကျောင်းသားလက်ဆိုတာ ဒါကို ပြောတာထင်တယ်။ဘာလို့လဲဆိုတော့ ဟင်းခွက်တွေကို နှိပ်လိုက်တာ တက်တက်ကို ပြောင်ပါရောဗျာ အဲ့ဒီအချိန်က တမိနစ်တောင် ပြည့်မယ်လို့ ကျုပ်မထင်ဘူး  အဲ့ဒီအချိန်မှပဲ ဒီကောင်တွေရဲ့ မျက်ခွက်တွေ က ပြုံးဖြဲဖြဲတွေ ဖြစ်ကုန်တာ တုတ်ပေါဆိုတဲ့ကောင်က ပိုဆိုးတယ်။ကျုပ်တို့လည်း ထမင်းစားပြီးတော့ ကျောင်းရှေ့စောင်းတန်းမှာထိုင်ပြီး စကားပြောကြတာပေါ့။ဟိုကောင်တွေကတော့ မြိုဆို့နေတုန်း ကျုပ်လည်း တုတ်ပေါကြောင့် ဒီကောင်တွေကို စေတနာ မကောင်းနိုင်တော့ဘူးပေါ့ဗျာ  ကိုဝင်းထူးက ကျုပ်ကို မေးတယ်ဗျ

    “စနေ မင်းက ဘုန်းကြီးကျောင်းသားသာ ပြောတယ် ဆံပင်ကေက မိုက်သားဟ  ဓာတ်ရှင် မင်းသားကျနေတာပဲ “

    “ကျုပ်ဆံပင်က မရှည်ပါဘူးဗျာ ဘုန်းကြီးကျောင်းကလူတွေက ဆံပင်ပြောင်ပြောင် နဲ့ ဗိုလ်ကေပဲ မြင်နေကြမို့ ကျုပ်ကို ဆံ ပင်ရှည်နေတယ် ထင်တာ “

    “အေး အဲ့တာတော့ ဟုတ်တယ်ကွ မြို့ထဲကကောင်တွေက မင်းထက်တောင် ဆံပင်ရှည်တာရှိသေး “

    “မြန်မာ့ရိုးရာလေဗျာ ဆံပင်ကိုသျှောင်ထုံး ထုံးကြတာမလား “

    “အေး ဟုတ်တယ်ကွ “

    “အဲ့‌တော့ ကျုပ်လည်း ရိုးရာကို ထိန်းချင်လို့ပါ “

    ကိုဝင်းထူးကတော့ ကျုပ်ပြောတာကို အဟုတ်ထင်နေတာဗျို့ တကယ်တော့ မဟုတ်ဘူးဗျ ကျုပ်တို့ရွာက တောကျတော့ ဆံပင်ညှပ်‌ဖို့ ဆံပင်ညှပ်ဆိုင်မရှိဘူးလေဗျာ ကျုပ်အဖေဆို မသိရင် တောပုံးကြီးကျနေတာပဲဗျို့ နောက်တော့ ကျုပ်တို့ ရွာသားတွေက ဆံပင်ညှပ်ရမှာကို မညှပ်ချင်တော့ဘူး မှတ်ပုံတင်မှာတောင် ကျုပ်တို့က ဆံပင်ရှည်ရှည်နဲ့ဗျ ကဲ ဒါတွေထားတော့ဗျာ ကိုဝင်းထူးက ဘိုးကာကို မေးတယ်ဗျ

    “ဘိုးကာ ခင်ဗျားသိမ်ထဲက သရဲကို တကယ်ပဲ နောက်ထပ်မနှောက်ယှက်ရအောင် နှင်ထုတ်နိုင်တာလား “

    “အဲ့တာထားဦး မင်းတို့ကျောင်းက ဘုန်းကြီးက ဘာလို့ သိမ် ထဲက သရဲကို နှင်ထုတ်ချင်တာလဲကွ သူ့ဘာသာ သူနေပါစေပေါ့ “

    “ဟ နေခိုင်းလို့ရမလားဗျ ကျုပ်တို့မှာ ကျောင်းဆိုလို့ ခင်ဗျား မြင်တဲ့အတိုင်း သိပ်မရှိတာ တကယ်လို့ ကိုရင်တွေ ဘုန်းကြီးတွေဝတ်ရင် အဲ့ဒီသိမ်မှာပဲထားရမှာ နောက်ပြီး သိမ်ဝင်တဲ့ အချိန်တွေတောင် နှောက်ယှက်နေတာ “

    “သိမ်ထဲမှာ ကမ္မဝါရွတ်တယ် မဟုတ်လား “

    ” ကမ္မဝါကိုတောင် ဟိုက လိုက်ဆိုတာ “

    ဘိုးကာ နဲ့ ကိုဝင်းထူးပြောနေတာ နားထောင်ပြီး ကျုပ် ကြားဖူးတာကို တွေးမိတယ်ဗျ သိမ်ဆိုတာ တော်ရုံတန်ရုံသရဲတွေ ဘာတွေ မကပ်နိုင်ဘူးလို့ ကြားဖူးတာပါ ဒီမှာကြ ဘယ်လိုဖြစ်ပြီး သိမ်ထဲကိုမှ သရဲခြောက်နေပါလိမ့်လို့ပေါ့ ကျုပ်ကလည်း သိချင်တာကို စိတ်ထဲထားတတ်တဲ့ သူမျိုး မဟုတ်တော့ မေးလိုက်တာပေါ့ဗျာ ။

    “ဘိုးကာ နဲ့ ကိုဝင်းထူး ကျုပ် တကယ်မသိလို့ မေးပါရစေ။ သိမ်ထဲမှာ သရဲကနေနိုင်လို့လား “

    “နေနိုင်တာပေါ့ကွာ သရဲတစ္ဆေဆိုတာ မြတ်စွာဘုရားကျောင်း မှာတောင် နေရဲတာ ငါတို့လို သာမာန်ဘုန်းကြီးကျောင်း‌တွေက ကတော့ ပြောမနေ‌နဲ့ပေါ့။တရားရှိတဲ့သူတွေအနားမှာ သူတို့က ပိုနေရဲတယ်ကွ။မင်းကို ဥပမာပြောမယ်ကွာ တောထဲက တိရိစ္ဆာန် တွေက မေတ္တာတရားရှိတဲ့သူတော်စင်တွေအနား နေရဲသလိုပေါ့ကွာ “

    “ကျုပ် သိပြီ ဘိုးကာ နားလည်ပါပြီ “

    “နားလည်ရင်လည်း တို့ရဲ့ပထမဆုံးညကို သိမ်ထဲမှာ ဖြတ် သန်းကြဦးစို့ ဝင်းထူး မင်းရော “

    “တော်ပြီ တော်ပြီ ကျုပ် သွားအိပ်တော့မယ် “

    ကိုဝင်းထူးက ဘိုးကာ စကားတောင်မဆုံးသေးဘူး ဘယ့်နှယ်ဗျာ တခါထဲ ထပြီးထွက်သွားတယ်။ကျောင်းထဲက သကောင့်သားတွေကတော့ ခုထိ ထမင်းမြိုတုန်းဗျို့ ကျုပ်တို့လည်း  ဘာမှ လုပ်စရာမရှိတာနဲ့ သိမ်ထဲ သွားလိုက်တယ်ဆိုပါတော့ဗျာ ။

    (၄)

    သိမ်ထဲမှာ ဘက်ထရီမီးချောင်းလေး ရှိတယ်ဗျ။ကျုပ်လည်း မီးကို ဖွင့်လိုက်တာပေါ့။ကျုပ်က ဘိုးကာရဲ့ အိပ်ယာဘေးက လွယ်အိတ်ကြီးကို စိတ်ဝင်စားနေတာ သိတယ် မဟုတ်လား။ကျုပ်စိတ်ထဲထင်ထားတာကတော့ ဘိုးကာက သရဲတွေနိုင်တဲ့ ပစ္စည်းတွေ အဆောင်တွေ ထည့်လာနိုင်တယ်ပေါ့ သူ့ရဲ့ အိတ် ကြီးက အကြီးကြီးကိုးဗျ အဲ့တာနဲ့ ကျုပ်လည်း မအိပ်ချင်သေး တာနဲ့  ဘိုးကာကို မေးလိုက်တယ်

    “ဘိုးကာ လွယ်အိတ်ကြီးက အကြီးကြီးပဲ ဘာတွေ ထည့်ထားတာလဲဗျ “

    ကျုပ်မေးတာကို ဘိုးကာက ချက်ချင်းမဖြေဘူးဗျို့ သိမ်ထောင့်က ထွေးခံကို လက်ညှိုးထိုးပြတယ်။ကျုပ်လည်း သိချင်တဲ့သူ ပြီးတော့ သူက အသက်တော်တော်ကြီးနေပြီမို့ ယူပေး လိုက်‌တာပေါ့ဗျာ ထွေးခံရတော့ ဘိုးကာက ကွမ်းတံတွေးကို ထွေးလိုက်တယ် ပြီးတော့ သူရဲ့ လွယ်အိတ်ကြီးထဲကို တခုခုကို နှိုက်ပြီး စကားပြောတယ် ။

    ” အေး စနေရ အပျင်းပြေကျားထိုးရအောင်လို့ ကျားကွက်ခုံ နဲ့ ကျားကောင်တွေလေ ပြီးတော့ ဓာတ်မီး၊ဝယ်လာတဲ့ ကွမ်းလေးတွေ ကုန်ရင် ယာစားလို့ရအောင်လို့ ကွမ်းအစ်လေးတွေ ထည့်လာတာပေါ့ကွာ “

    “ဟိုလေ အဆောင်လေးတွေ ဘာလေးတွေ မပါ”

    “ပါတယ်လေကွ ရော့ ဒီမှာ “

    ကျုပ်က အဆောင်ပါတယ်ဆိုလို့ အားတက်သွားတာဗျို့ သူထုတ်ပြတဲ့ ဟာကြီးမြင်တော့ ကျုပ် စိတ်ဓာတ်ကျသွားတယ် ။ အ‌ဆောင်ဆိုလို့ ဘာဖြစ်ရမှာလဲ လေးဂွကြီးဗျ လေးဂွကြီး သူက လေးဂွကိုဆွဲပြီး ပစ်တဲ့ ဟန်ပြပြီးတောင် စကားဆိုလိုက်သေးတယ် ။

    “ငါတို့အတွက် အကောင်းဆုံးအဆောင်က လေးဂွ “

    ကျုပ်လည်း စိတ်ဓာတ်ကအတော်ကျနေပြီ  ဘိုးကာကိုလည်း သိပ်ပြီး ကြည်တော့တာမဟုတ်ဘူး။ဒါကို ဘိုးကာက မသိပါဘူးဗျာ သူရဲ့ ကျားကွက်ကြီးကို ထုတ်ပြီးကျုပ်ကို ခေါ်တယ်

    “စနေ “

    “ဗျ “

    “ကျားထိုးရအောင်ကွာ “

    “မထိုးချင်ပါဘူးဗျာ ပြီး‌တော့ ဘိုးကာကို တခါမှလည်း မနိုင် ဘူး “

    “ဒီအတိုင်းကြီးနေရတာ ပျင်းစရာကြီးကွာ လာပါကွ ကစားရအောင်လို့ “

    ဘိုးကာ ကျုပ်ကို ခေါ်နေတာ သနားစရာလေးဗျာ သူက သီရီဇောတိကာရုံမှာဆို ဒိုးပု သရဲ နဲ့ ကျားထိုးတာလေဗျာ ခုတော့ သူ့မှာအဖော်မရှိတော့ ကျုပ်ကို ခေါ် နေတာပေါ့ ကျုပ်ကလည်း တကယ်ကို မထိုးချင်တာ ဘိုးကာက ကျားထိုးတာ အတော်ကို တော်တာဗျာ ဒါနဲ့ ကျုပ်လည်း အတွေးတခု ဝင်လာတယ် ကျားအနိုင်ကစားလို့ကတော့ ဘိုးကာကို နိုင်ဖို့က မဖြစ်နိုင်ဘူး အဲ့‌ဒီ တော့  ကျား အရင်ကုန်တဲ့သူ နိုင်ကြေးဆိုပြီး ကျားကုန်ကစားဖို့တွေးမိတယ် အဲ့တာနဲ့ ဘိုးကာကို ပြောလိုက်တာပေါ့

    “ဘိုးကာ ကျားနိုင်တော့ မကစားချင်ဘူးဗျာ ကျားကုန် ကစားမလား “

    “ဟ ဘာကျားကုန်လည်း တခါမှ မကြားဖူးဘူး “

    ” ရှင်းရှင်းလေးဗျာ ဘိုးကာ ကစားနေကြအကောင် ကျန်တဲ့ သူက နိုင်တာမဟုတ်လား ကျုပ် ကစားမဲ့နည်းက ကျန်တဲ့ သူက ရှုံးတာ “

    “မင်းက ပြောင်းပြန်ပေါ့ ဟုတ်လား “

    “အင်း အဲ့ဒီလိုဆိုမှ ကစား မယ် “

    “အေးကွာ အဲ့တာဆိုလည်း ချကွာ “

    ဘိုးကာ နဲ့ ကျုပ် ကျားထိုးနေတယ်ဗျ ကျားကုန်ဆိုတော့ ကျုပ်ချည်း နိုင်တာလေဗျာ ပွဲရေ နည်းနည်းများလာတော့ ဘိုးကာ စိတ်ပျက်လာတယ် ကျုပ်ကလည်း ကျားကုန်ပဲ ကစားမှာ ကို အဲ့အချိန် အသံတသံ ထွက်လာတယ်ဗျ

    “အဓိပ္ပါယ် မရှိတာ “

    အဲ့ဒီအသံက ကျုပ်တို့သိမ်ထဲကပဲလာတာ အဲ့တာနဲ့ ဘိုးကာ ‌နဲ့ ကျုပ် တယောက်မျက်နှာတယောက်ကြည့်ပြီး သိမ်ထဲလှည့် ပတ်ကြည့်လိုက်တာ့  သိမ်ထောင့်နားမှာ မတ်တပ်ရပ်ပြီး  ကျုပ်တို့ ကျားထိုးတာကို ကြည့်နေတဲ့ ဖိုးသူတော်ဝဝကြီးကို တွေ့ရပါရောဗျာ သူက အဖြူရောင်ပိတ်စကို ပတ်ထားတာ လူကဝတော့ ဗိုက်ပူပူကြီးက ထွက်နေတာပေါ့ဗျာ အသားကလည်း မဲတယ်ဗျ အရပ်ကြီးကလည်း သိမ်ထဲဝင်ရတဲ့  ခြောက်ပေကျော်တံခါး ပေါက်က သူ့လည်ပင်းပဲ ထိတာဗျို့ ကျုပ်ကတော့ ဘိုးကာအနား ကပ်သွားတာပေါ့  ဘိုးကာက အဲ့ဒီဖိုးသူတော်ကြီးကို ကြည့်ပြီး မေးတယ်ဗျ

    “ဘာ ဘာအဓိပ္ပါယ်မရှိတာလဲ ဦးသူတော်ကြီး “

    “ဘာရမှာလဲ မင်းတို့ ကျားထိုးနေတာ ပြောင်းပြန်ကြီးမို့ ပြောတာပေါ့ “

    “ဟုတ်တယ် ဒီကောင်က ကျားကုန်”

    “တော်စမ်း ကျားဆိုတာ ကျန်တဲ့ သူကသာ နိုင်တာ မင်း ငါနဲ့ကျားထိုးမလား “

    “ကျုပ် အိပ် အိပ်ချင် “

    “အလုံးက ပြူးနေပြီး ဘာအိပ်ချင်တာလဲ “

    ဖိုးသူတော်ကြီးက အဲ့ဒီလိုပြောပြီး အမဲရောင်အခိုးတွေ နည်းနည်းထွက်လာတယ်ဗျ အခြေအနေကို ရိပ်စားမိတဲ့ ဘိုးကာက ချက်ချင်းပြောင်း ပြောတယ်

    “မအိပ်ချင်သေးဘူးလို့ ပြောမလို့ပါ ဦးသူတော်ကလည်း ကစားမယ်လေ “

    ဦးသူတော်က ကစားမယ်ဆိုတာနဲ့ ချက်ချင်း ပျောက်သွားတာ ဘိုးကာလည်း ကြောက်နေတယ် ထင်တယ်ဗျ သူတွေ့ဖူးတဲ့ သရဲ တွေက သေးသေးလေး အခုသရဲကြီးက အကြီးကြီးပဲ အခုတော်သေးတယ် ပျောက်သွားလို့  ကျုပ်တို့ နှစ်‌ယောက် တွေးနေတုန်းပဲ  ဗြုန်းဆို ကျုပ်ထိုင်ခဲ့တဲ့ ဘိုးကာ နဲ့  မျက်နှာချင်းဆိုင် နေရာမှာ ချက်ချင်းကြီးပေါ်လာတာဗျာ ကျုပ်ဆို လန့်လို့ နောက်  ကို ဆုတ်ပြီး စောင်တောင် ကောက်ခြုံလိုက်မိတယ် ဘိုးကာလို သတ္တိခဲကြီးတောင် ကြောက်နေတာဗျို့ ပြီးတော့  သူတော်ကြီးက ကျုပ်ကိုကြည့်ပြီး လက်ယပ်ခေါ်တာ

    “ကောင်လေး မင်းက ဒီအနားမှာထိုင် ဒိုင်လုပ် ညစ်တာတွေ ဘာတွေ လုပ်လို့ကတော့ သူတော်ဖိုး‌အောင်အကြောင်း သိမယ် “

    “ဟုတ် ဟုတ်ကဲ့ပါ “

     ပြီးတော့ ဘိုးကာကို ကြည့်ပြီး ကျားကွက်တွေကို စီတယ်ကျားကွက်စီလို့ပြီး‌တော့  ဘိုးကာကို  စထိုးခိုင်းတယ်

    “ကဲ ထိုးကွာ မင်းအရင် အလောင်းအစားတခု လုပ်ရမယ်  မင်း ဘာလောင်းမလဲ “

    ” ကျုပ်မှာ ပိုင်ဆိုင်တာ ဘာမှ မရှိဘူးဗျ”

    “အဲ့တာဆို ဒီလိုလုပ်ကွာ မင်းငါ့ကို နှင်ထုတ်ဖို့ လာတယ်ဆိုတာ ငါသိတယ် မင်းက ငါ့ကို နှင်မထုတ်နိုင်ဘူး ဟုတ်တယ်မဟုတ်လား “

    “ဟုတ်ပါတယ် “

    “အဲ့ဒီတော့ ငါနိုင်ရင် မင်းတို့ နှစ်‌ယောက် ဒီက ထွက်သွား အခု ည ချက်ချင်းနော်  မင်းနိုင်ရင် ငါ ချက်ချင်း ထွက်သွားမယ် ဘယ်လိုလဲ “

    “ရ ရပါတယ် ဘယ်နှစ်ပွဲ ကစားရမှာလဲ “

    “ဆယ်ပွဲပေါ့ကွာ ဆယ်ပွဲမှာ ခြောက်ပွဲနိုင်တဲ့ ကောင်က နိုင်ပြီ “

    “ဟုတ် ရ ရပါတယ် “

     ဒီ တခါတော့ ကျုပ်ဘိုးကာရဲ့ ပရိတ်သတ် ဖြစ်သွားပြီဗျို့  သူတော်ကြီးသာနိုင်ရင် ကျုပ်တို့နှစ်ယောက် ဒီသိမ်ပေါ်က တင် မဟုတ်ဘူး သီရိဇောတိကာရုံကျောင်းကပါ မောင်းချခံရမှာ အဲ့ဒီတော့ တခါမှ ဘိုးကာကို မနိုင်စေချင်တဲ့ ကျုပ် နိုင်ပါစေလို့ ဆုတောင်းနေမိတယ် ပွဲက စပြီဗျို့ သူတော်ကြီးကလည်း အတော်ကို တော်တာဗျာ ဘိုးကာဆို တော်တော်စဉ်းစားနေရတာ ကျုပ်တို့ကျောင်းရဲ့ ကျားဘုရင်ကြီး ချွေးပြန်နေရပြီ  သူချွေး ပြန်‌တော့  ကျုပ်လည်း ပြန်တာပေါ့ဗျာ  ဘတပြန် ကျားတပြန် ပဲ တယောက် တပွဲစီနိုင်နေတာဗျို့ အချိန်ကလည်း တော်တော်ကြာလာပြီ ကျုပ်လည်း ကျားပွဲကို အာရုံစိုက်နေတာနဲ့ ဘေးဘီဝဲယာကို သိပ်ပြီး သတိမထားမိဘူးပေါ့ဗျာ ညောင်းလာလို့ အညောင်းဖြေ  ကျောဆန့်ရင်း ဘေးကို ကြည့်မိလိုက်‌တော့  အမလေးဗျာ  ကျုပ်ဖြင့် လန့်ပြီး ဘိုးကာနောက်ကို ဝင်လိုက်မိတယ် သင်္ကန်းမဲမဲကြီးကို ရုံထားတဲ့ ဘုန်းကြီးတပါးရော  သျှောင်ပေစူး နဲ့ ကောင်လေးကိုရော ကျုပ် နောက်ကနေ ကျား ထိုးတာကို ကြည့်နေကြတာဗျ ကျုပ် လန့်သွားတာကို သတိ ထားမိတဲ့ သူတော်ကြီးက ပြောတယ်

    “ဟေ့ကောင်လေး မလန့် နဲ့ ဒီဘုန်းကြီး နဲ့ ကျောင်းသားကို ငါ ခေါ်ထားလို့ ဒီထဲ လာလို့ရတာ ငါမရှိရင် သူတို့လည်း ဒီအထဲ မလာဘူး သွား မင်းနေရာ မင်းထိုင်နေ “

    ကျုပ်က ကြောက်ကြောက်လန့်လန့် ဖြစ်နေတော့ သူတော်ကြီးက စိတ်မရှည်တဲ့ပုံစံနဲ့ ပြောတယ်ဗျ

    “ဒီကောင်လေးကတော့  ခြေထောက်ကဆွဲပြီး လွှတ်ပစ်လိုက်ရကွာ “

    သူတော်ကြီးက အဲ့ဒီလိုပြောတော့ ကျုပ်လည်း  ဘုန်းကြီး သရဲ နဲ့ ကျောင်းသားသရဲရှေ့ ပြန်ထိုင်လိုက်ရတာပေါ့  သူတော် ကြီးက ငါးပွဲနိုင်သွားပြီး  ကျုပ်တို့ ဘိုးကာက လေးပွဲနိုင်ထားတယ် အခုတပွဲကလည်း သူတော်ကြီးအခြေအနေကောင်းနေတယ် သူတော်ကြီးသာနိုင်ရင်တော့ ကျုပ်တို့ဘဝက ကွင်းပြင်မှာလွှတ်တဲ့ ခွေးလေးတွေလို ဖြစ်တော့မယ် ဘိုးကာကလည်း ဆွေမျိုးရှိပုံ မပေါ်ဘူး သူလည်း ချွေးတွေပြန်နေပြီဗျ။အဲ့တာနဲ့ ကျုပ်လည်း ဘိုးကာာကို  အားပေးရတော့တာပေါ့

    “ဘိုးကာ စိတ်ကို ခိုင်ခိုင်ထား ကျုပ်တို့ နိုင်မယ်လို့ ယုံကြည်ထားဗျာ ကျုပ်နဲ့ကစားနေရတယ်လို့သာတွေး ရှေ့က ဖိုးသူတော်ကြီးကို မေ့လိုက် “

    ကျုပ် အဲ့လိုပြောတော့ သူတော်ကြီးက ကျုပ်ကို ကြည့်တယ်ဗျ နောက်ကဘုန်းကြီးသရဲနဲ့ ကျောင်းသားသရဲကလည်း ကြည့်တယ် ကျုပ်ဘာကိုမှ မတွေးနိုင်တော့ဘူးဗျို့ ဘိုးကာ နိုင်ပါစေ လို့ပဲ ကြိတ်ဆု‌တောင်းနေတယ် ဘိုးကာလည်း သက်ပြင်းကြီး  တချက်ချပြီး သူ့ပုဆိုးစနဲ့ ထွက်နေတဲ့ ချွေးတွေကို သုတ်တယ်ဗျ  ပြီး‌တော့ မျက်လုံးကို မှိတ်ပြီး စိတ်တည်ငြိမ်အောင် လုပ်နေတယ် ထင်ပါတယ်ဗျာ သုတ်ပြီးတော့ ကျားပြန်ထိုးတာ အဟုတ်ဗျာ ကျုပ်တို့နိုင်သွားရောဗျို့ တယောက်ကို ငါးပွဲဆို‌တော့ အပို တပွဲ ထိုးရတော့မယ်လေဗျာ ကျားထိုးတဲ့ပွဲက အမှန်ဆို ဆယ်ပွဲ မကဘူးဗျာ ဆယ့်လေးပွဲလောက်ရှိနေပြီ။သရေကတင် လေးပွဲ လောက်ရှိတယ် သန်းခေါင်ကလည်း ကျော်နေပြီ ဘယ်အချိန်တွေ ရှိမှန်းတောင် ကျုပ် မသိပါဘူးဗျာ နောက်ဆုံးပွဲကစားတော့ ဘိုးကာက ချွေးမပြန်တော့ဘူး အခုတခါ ချွေးပြန်တာက သူတော်ကြီးဗျို့  သူတော်ကြီးလည်း ကျုပ်တို့လိုပဲ သူရှုံးရင် ထွက်သွားရမှာကိုး  အဲ့လိုနဲ့ ဘိုးကာကို သူတော်ကြီးက ရှုံးရော ဗျာ  ရှုံးပြီဆိုတာနဲ့ ဘုန်းကြီးသရဲ နဲ့ ကျောင်းသားက တန်းလစ်တာ ဗျို့။သူတော်ကြီးကိုတောင် နှုတ်မဆက်ဘူး။ကျုပ်တို့ လည်း နိုင်တော့ တော်တော်ဝမ်းသာတာပေါ့ဗျာ သူ‌တော်ကြီးက ကျုပ်တို့ကို  ဘာမှမပြောပဲ သိမ်ပေါ်က ဆင်းဖို့ လုပ်နေတုန်း ဘိုးကာက လှမ်းခေါ်တယ်ဗျ ။

    “သူတော်ကြီး ဒီသိမ်ကနေ ထွက်သွားရင် ဘယ်မှာနေရမှာလဲ ဗျ”

    “နေစရာက မရှိပါဘူး ဟိုအပင်ကပ် ဒီ အပင်ကပ်ပေါ့ “

    သူတော်ကြီးက အဲ့လိုပြောတော့ ကျုပ်နဲ့ ဘိုးကာ စိတ်မကောင်း ဖြစ်သွားတယ်ဗျ နိုင်ပေမဲ့လည်း ကျုပ်တို့မပျော်ပါဘူး ဗျာ တကယ်ဆို သူတော်ကြီးက အိမ်ရှင်လေ ဘိုးကာက ဆက် ပြောတယ်ဗျာ

    “သူတော် ကျုပ်တို့ကို တခုကတိပေးရင် ဒီမှာ ဆက်နေနိုင်တယ် “

    “ငါက ဘာကတိပေးရမှာလဲ “

    “ဒီသိမ်ထဲမှာ နေတဲ့သူတွေကို ဆွဲချတာတို့ ခြောက်လွှတ်တာတို့ မလုပ်ဘူးလို့ပေါ့ “

    သူတော်ကြီး ခဏငြိမ်သွားတယ်ဗျ ပြီးတော့ ခေါင်းညိတ်ပြီး လက်ခံလိုက်တယ် သူလက်ခံတဲ့အချိန်မှာ အစောက ထွက်သွားတဲ့ ဘုန်းကြီးနဲ့ ကျောင်းသား ပြန်ရောက်လာတယ်။သူတို့ နှစ်ယောက် ပြန်ရောက်လာတာကိုလည်းမြင်ရော သူတော်ကြီးက စိတ်တိုပြီး ပြောဆို နှင်ထုတ်ပါလေရောဗျာ

    “အလကား မင်းတို့ထွက်သွားကြ ဒီသိမ်ထဲကို နောက်တခါ လာရဲလာကြည့်  ငါ့အကြောင်းသိမယ် ဟိုတောထွက်ဘုန်းကြီးက လူ့ဘဝကလိုပဲ အဆောင်အယောင်ရှိမှ ကပ်တာ မင်းတို့ ငါ့ဆီလာပြီး ခြောက်လွှတ်နေလို့ သိမ်နာမည်ပျက်နေတာ နောက် တခါ လာရဲလာကြည့်”

    ဘုန်းကြီးသရဲ နဲ့ ကျောင်းသား သရဲ သိမ်ပေါ်မနေရဲတော့ဘူးဗျို့ သူတော်ကြီးကိုတော့ အတော်အကြောက်သား  ပြီးတော့ သူတော်ကြီးက ကျုပ်တို့ကိုပြောတယ် အရင်က ခြောက်လွှတ်နေတာ အစောက သရဲနှစ်ကောင်တဲ့ဗျ  သူ‌တော်ကြီးလည်း  ကျုပ်တို့ကို ပြုံးပြပြီး တဖြည်းဖြည်း ပျောက်သွားတယ် ကျုပ်နဲ့ ဘိုးကာလည်း အခုမှ သက်ပြင်းရှည်ကြီးချပြီး အိပ်ဖို့ ပြင်လိုက်တာပေါ့  မနက်ဖြန်ဆို ကျုပ်တို့  ကျောင်းပြန်လို့ရပြီလေ ကျုပ်လည်း ခေါင်းအုန်းပေါ် ခေါင်းတင်လိုက်တာနဲ့ အိပ်ပျော်သွားတော့တာပါပဲဗျာ ။

     ‌မကြာမီ နောက်စာစဉ်များကို တင်ဆက်ပေးပါမယ်။

🙏🙏Page လေးကို Follow ပေးထားကြပါဦး ဗျ။