ကျောက်ခဲအပင်း

“ အမေကြီး မြေးမလေးက ကျောင်းမှာ စာတော်တယ်လို့ကြားတယ်”

“ သူက ဉာဏ်ကောင်းတယ် သမီးရဲ့… ကျောင်းကပြန်လာတာနဲ့ စာပဲလုပ်နေတာ၊ ကစားတာတောင်ခပ်ရှားရှားပဲ”

“ အမေကြီးလဲ မြေးတစ်ယောက်အတွက် ပင်ပန်းနေရှာပါပြီ”

“ ပင်ပန်းတယ်လဲမဟုတ်ပါဘူးကွယ်၊ ကိုယ်က မိဘလိုဖြစ်နေတော့ နိုင်သလောက်ရှာကျွေးရမှာပေါ့”

ဟင်းရွက်ဗန်းကို ခေါင်းပေါ်ရွက်ပြီး ထွက်သွားတဲ့ ဒေါ်မယ်တင်ရဲ့ အတွေးထဲမှာတော့ ဒီနေ့ ထမင်းစောစောချက်နိုင်ဖို့ဆိုတာက စိုးမိုးနေခဲ့တယ်။

+++++

“ အဖွားရေ အဖွား”

“ ဟေ မြေးလေး ကျောင်းကပြန်ရောက်ပီလား”

“ ဒီနေ့ ထမင်းအစောကြီးကျက်နေပါလား”

“ မြေးလေး ကျောင်းနောက်မကျအောင် ချက်ထားပေးတာလေ၊ ကဲကဲ လွယ်အိတ်ကိုချ ထမင်းစားလိုက်ဦး”

ဆောင်းနှင်းဖြူလဲ အဖွားချက်ထားပေးတဲ့ ထမင်းနဲ့ဟင်းကို မြိန်ယှက်စွာစားပြီး ကျောင်းကိုပြန်လာခဲ့လိုက်တယ်။

ဒီနေ့ ကျောင်းကိုအစောကြီးရောက်နေတာကြောင့် စာသင်ခုံမှာထိုင်ပြီး ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ ကလေးတွေကို ငေးကြည့်နေခဲ့တယ်။

“ ဒီနေ့ ထမင်းချက်တာ နောက်မကျတော့ဘူးထင်တယ်”

ကျောအနောက်ကနေ ထွက်လာတဲ့အသံကြောင့် စန္ဒာခင်တို့အုပ်စုရောက်နေပီဆိုတာ သိလိုက်ရတယ်။

“ ဟိတ်… မေးနေတာလဲမဖြေဘူး… ဘာလဲ နင်က ငါတို့ကိုစကားမပြောချင်လို့လား”

“ ငါ့ဘာသာအေးဆေးနေတာ မနှောက်ယှက်ပါနဲ့”

“ အောင်မာ… ငါ့အမေဆီက ယူထားတဲ့ ‌အကြွေးနဲ့ ထမင်းစားနေတဲ့ကောင်မကများ… လေကြီးလေကျယ်တွေပြောနေလိုက်တာ”

“ နင် တရားမလွန်လာနဲ့ စန္ဒာခင်”

“ ငါကအမှန်ပြောတာလေ… ငါပြောတာမယုံရင် နင့်အဖွားနင်ပြန်မေးလိုက်”

အခြားလူတွေရှေ့မှာ ပြောခံလိုက်ရတာကြောင့် ရှက်တဲ့စိတ်နဲ့ ခံပြင်းတဲ့စိတ်ရောထွေးပြီး

“ နင်ငါ့ကို လူကြားထဲအရှက်ခွဲရတာ ကျေနပ်တယ်မဟုတ်လား… အေး… ငါအခုလို ခံစားရသလို နင်လဲ ပြန်ခံစားရမယ်” လို့ပြောပြီး စာသင်ခန်းအပြင်ဘက်ကိုထွက်ပြေးသွားခဲ့တယ်။

အဲဒီနေ့ကစပြီး ဆောင်းနှင်းဖြူနဲ့ အဖွားမယ်တင်တို့ကို ရွာမှာမတွေ့ရတော့ပေ။

++++++

ဒီကိစ္စတွေဖြစ်ပြီး ဆယ်နှစ်ခန့်အကြာ…

“ အရှေ့ကိုလျှောက်ပါလို့… အနောက်ကိုတဲ့ မျှော်လိုက်ရင်… မျှော်လိုက်ရင်” ဆိုတဲ့ သီချင်းသံက ရွာဦးဘုန်းကြီးကျောင်းဆီကနေ ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။

ဘုန်းကြီးကျောင်းဝင်းထဲမှာတော့ ရှင်လောင်းလှည့်မယ့်သူတွေနဲ့ရွာရဲ့အချောအလှတွေက ဟန်တပြင်ပြင်ဖြစ်နေခဲ့ကြတယ်။

“ ရှင်လောင်းတွေကို ရွာတစ်ပတ် ပတ်မယ်ဟေ့”

ရွာဆော်ကိုတရုတ်ကြီးရဲ့အသံကြောင့် အလှူရှင်တွေ၊ ရှင်လောင်းတွေ၊ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေက အသီးသီးနေရာယူလိုက်ကြပြီး မကြာခင် ဆိုင်းသံဗုံသံတွေနဲ့အတူ ရှင်လောင်းလှည့်ပွဲကြီး စတင်လာခဲ့ကြတယ်။

“ စန္ဒာခင်… နင် ဒီနေ့အရမ်းလှနေတာနော်”

“ ခစ်ခစ်… နင်လဲ လှပါတယ် မြရီရဲ့”

ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တွေက အချင်းချင်းစကားပြောရင်း လိုက်ပါလာခဲ့ကြပေမယ့် သူတို့ကို ခပ်ပြုံးပြုံး မျက်နှာထားနဲ့ စိုက်ကြည့်နေတဲ့သူတစ်ယောက်ရှိနေတာကိုတော့ သတိမထားမိခဲ့ကြပေ။

ရှင်လောင်းလှည့်အပြီး ညဘက်မှာတော့ မြို့ပေါ်ကနေ ငှားထားတဲ့အငြိမ့်အဖွဲ့နဲ့ ထပ်မံဧည့်ခံတာကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းအပြင်မှာ လူတွေကြိတ်ကြိတ်တိုးစည်ကားနေခဲ့တယ်။

“ ဒုန်း….”

ပခုံးချင်းတိုက်မိလိုက်တာကြောင့် စန္ဒာခင်လက်ထဲကိုင်ထားတဲ့ ကောက်ညှင်းကျဉ်တောက်အထုပ်က မြေကြီးပေါ်ပြုတ်ကျသွားခဲ့တယ်။

“ တောင်းပန်ပါတယ်ရှင်… ကျွန်မ တကယ်မမြင်လိုက်လို့ပါ…ဘာများဖြစ်သွားသေးလဲ”

“ ရပါတယ် ဘာမှမဖြစ်ပါဘူး… နောက်ဆို သတိထားပြီးလျောက်လေနော်”

စန္ဒာခင်က လွတ်ကျသွားတဲ့ ကောက်ညှင်းကျည်တောက်အထုပ်ကို ပြန်ကောက်ယူပြီး အငြိမ့်ကတဲ့ဘက်ကို ထွက်သွားတဲ့အချိန် ပခုံးချင်းတိုက်မိတဲ့မိန်းမက မဲ့ပြုံးတစ်ချက်ပြုံးကာ ပွဲခင်းထဲကနေ ပြန်ထွက်သွားခဲ့တယ်။

“ စန္ဒာခင် … နင်ဘယ်ရောက်သွားတာလဲ”

“ ကောက်ညှင်းကျည်တောက်သွားဝယ်တာလေ… နင်တို့လဲစားကြဦး”

“ ငါတို့လဲ ဗိုက်ဆာနေတာနဲ့အတော်ပဲ… ပေးပေး ငါခွာလိုက်မယ်”

မြရီက ကောက်ညှင်းကျဉ်တောက်ကို ကျွမ်းကျင်စွာခွာလိုက်ပြီး စန္ဒာခင်ကိုကမ်းပေးလိုက်တယ်။

ပွဲခင်းထဲမှာလဲ လူပျက်တွေရဲ့ ရယ်စရာပျက်လုံးကြောင့် တဝါးဝါးတဟားဟားနဲ့ ရယ်မောနေသလို လူသူမရှိတိတ်ဆိတ်တဲ့ တဲအိမ်တစ်လုံးထဲမှာလဲ မိန်းမတစ်ယောက်ရဲ့ သဘောကျစွာရယ်သံတစ်ခု ထွက်ပေါ်နေခဲ့တယ်။

+++++++

“ မြရီ… မြရီ ရှိလား”

“ ရှိတယ်လေ သူငယ်ချင်း… အိမ်ပေါ်တက်ပါဦး”

“ မတက်တော့ဘူး… စန္ဒာခင် နေမကောင်းဖြစ်နေတယ်ဆိုလို့ သွားကြည့်မလို့ နင်လိုက်ဦးမလား”

“ သူဘာဖြစ်လို့လဲ”

“ ရှင်ပြုပွဲပြီးထဲက တရှောင်ရှောင်ဖြစ်နေတယ်ပြောတာပဲ…ငါလဲ မနေ့ကမှ သူ့အမေနဲ့တွေ့လို့သိရတာ”

“ ငါက နင်ပြောမှသိတာ… ခဏလေးနော် ငါအဝတ်လဲလိုက်ဦးမယ်”

“ အေး ရတယ်… ဖြေးဖြေးလုပ်”

မြရီတို့လဲ လူနာသတင်းမေးဖို့ စန္ဒခင်တို့ အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ မျက်နှာအနည်းငယ် ချောင်ကျနေတဲ့ သူငယ်ချင်းဖြစ်သူကိုမြင်လိာက်ကြရတယ်။

“ စန္ဒာခင်… နင်သက်သာရဲ့လား”

“ ဒီလိုပါပဲ မြရီရယ်”

“ နင် ဆေးခန်းမပြဘူးလား”

“ ပြတယ်… မြို့ထိတက်ပြပြီပြီ… ဒါပေမယ့် ဆရာဝန်က အကုန်ကောင်းတယ်ပဲပြောနေတာ”

“ အခု နင် ဘယ်လိုခံစားနေရတာလဲ”

“ ငါအစားစားချင်စိတ်ကိုမရှိတာ… စားလိုက်ရင်လဲ ပါးစပ်ထဲဘာအရသာမှမရှိဘူး”

“ နင်ပါးစပ်ပျက်နေတာဖြစ်မှာပေါ့… ငါ့အမေသောက်တဲ့ သွေးဆေးသောက်ကြည့်ပါလား”

“ ငါဆေးတွေအကုန်သောက်ပြီးပြီ…”

“ ဟုတ်တယ် သမီးတို့ရေ… သူက ဘာစားစား အရသာမရှိဘူးပဲပြောနေတာ၊ မြို့ပေါ်ကဆရာဝန်ပြောတာကတော့ လျာမှာရှိတဲ့အာရုံခံအကြောထိခိုက်တာလဲ ဖြစ်နိုင်တယ်တဲ့”

“ အမေကလဲ အာရုံခံအကြောထိရင် ဘာအရသာမှ ခံစားလို့ရမှာမဟုတ်ဘူး… အခုက ထမင်းစားရင်သာ ဖြစ်တာ အခြားမုန့်ပဲသရေစာ စားရင် ဘာမှမဖြစ်ဘူးလေ”

“ နင့်ရောဂါကလဲ အဆန်းကြီးပါအေ… ထမင်းစားမရမှတော့ အဟာရပြတ်ပီပေါ့”

“ အဲဒါပြောတာပေါ့… အဟာရဖြစ်အောင် ကြက်သားစွပ်ပြုတ်တိုက်တော့လဲ သစ်ခေါက်ဖတ်ဝါးနေရသလိုပဲတဲ့”

မြရီတို့လဲ စန္ဒာခင်ခံစားနေရတာကို ကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိဖြစ်နေတဲ့အချိန်

“ သရက်သီးချဉ်ငံစပ်တွေရမယ်နော်…” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

“ မြရီ… သရက်သီးသည်ခေါ်လိုက်ဦး.. ချဉ်ငံစပ်လေးစားရင် ပါးစပ်ပျက်တာသက်သာမလားပဲ”

စန္ဒာခင်စကားကြောင့် မြရီလဲ သရက်သီးသည်ကို လှမ်းခေါ်လိုက်ရတယ်။

“ သရက်သီးဘယ်လိုရောင်းလဲ”

“ တစ်လုံးကို တစ်ရာကျမယ်ရှင့်”

“ နင့်ဟာက ဈေးများလိုက်တာ… လျော့ပေးဦး”

“ မချစ်စုသီးမို့လို့ပါ… ဈေးမများပါဘူး”

“ အဲဒါဆိုရင် သုံးလုံးထည့်ပေး…”

သရက်သီးသည်ကောင်မလေးက အိပ်ယာ‌ပေါ်မှာ ထိုင်နေတဲ့ စန္ဒာခင်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး သရက်သီးကို အိတ်နဲ့ထုပ်ကာကမ်းပေးလိုက်တယ်။

“ ခဏနေဦး…”

စန္ဒာခင်အသံကြောင့် မြရီက လှည့်ကြည့်လိုက်ပြီး

“ ဘာဖြစ်လို့လဲ”

“ ခုနက သရက်သီးသည်ကို မြင်ဖူးနေသလိုပဲ”

“ ဒီလိုပဲ ရွာနီးချုပ်စပ်က ဈေးသည်တွေလာရောင်းနေကြကို မြင်ဖူးတာအဆန်းလုပ်လို့”

“ မဟုတ်သေးပါဘူးနော်… သူ့ကို ရင်းရင်းနှီးနှီး မြင်ဖူးနေတာ”

“ နေမကောင်းရတဲ့ထဲ ဘာတွေလျောက်တွေးနေလဲမသိဘူး… ရော့ သရက်သီးစားလိုက်”

မြရီက ဆားတို့ထားတဲ့ သရက်သီးစိပ်ကို စန္ဒာ‌ခင်ထံကမ်းပေးလိုက်တယ်။

++++++

ဒီလိုနဲ့ နှစ်လလောက်ကြာတော့ စန္ဒာခင်တစ်ယောက် အစားစားမရတဲ့ရောဂါကို ပိုခံစားလာရတယ်။ ဘာစားစား အန်ထွက်နေတဲ့အတွက် အစာအိမ်ကြောင့်ဖြစ်မလားဆိုပြီး ဆေးခန်းပြတော့လဲ အစာအိမ်ကဘာမှမဖြစ်ဘူးဆိုတဲ့အဖြေပဲရခဲ့တယ်။ လနဲ့ချီအစားစားမရတာကြောင့် လူတစ်ကိုယ်လုံး ပိန်ချုံးလာပေမယ့် ဝမ်းဗိုက်တစ်ခုကတော့ ရေဖျင်းတည်သလို ဖောင်းကားလာခဲ့တယ်။

ရွာနီးချုပ်စပ်မှာ အချောအလှဆုံးဖြစ်ခဲ့တဲ့ စန္ဒာခင်တစ်ယောက် အခုခါမှာတော့ အိမ်ထဲကအိမ်ပြင်မထွက်ရဲလောက်တဲ့ထိ ပိန်ချုံးသွားခဲ့တယ်။ မိဘဆွေကလဲ နာမည်ကြီးဆရာဝန်‌၊ နာမည်ကြီးသမားတော်တွေနဲ့ လိုက်ကုပေမယ့် မသက်သာတဲ့အတွက် သတ္တဝါတစ်ခု ကံတစ်ခုလို့သတ်မှတ်ကာ လက်လျော့တဲ့အဆင့်ထိရောက်လာခဲ့တယ်။

တစ်ရက်မှာတော့ စန္ဒာခင်တို့အိမ်မှာ သံဃာတွေဆွမ်းကပ်ပြီးတဲ့အချိန် စကားစပ်မိရာမှ ကျောင်းထိုင်ဆရာတော်က

“ ဒကာမလေး ရောဂါက သိပ္ပံနည်းနဲ့ အဖြေရှာမရရင် ဝိဇ္ဇာနည်းနဲ့အဖြေရှာကြည့်ဖို့ အကြံပေးချင်တယ်”

“ ဝိဇ္ဇာနည်းဆိုတာ ဘာကိုရည်ညွှန်း

တာလဲဘုရား”

“ မြန်မာနည်း မြန်မာဟန်နဲ့ ပယောဂစစ်ကြည့်ဖို့ပြောတာပါ ဒကာကြီး”

“ တပည့်တော်တို့က အဲလိုမျိုးတွေအယုံအကြည်မရှိပေမယ့် ဆရာတော်တိုက်တွန်းတာကြောင့် စစ်ကြည့်လိုက်ချင်ပါတယ်၊ ဒါပေမယ့် ပယောဂကုတဲ့ဆရာတွေနဲ့ အဆက်အသွယ်မရှိတာက ဆိုးတယ်ဘုရား”

“ အိမ်း… တိုက်ဆိုင်မှုလို့ပြောရမလားပဲ… မနေ့ညက ဘုန်းကြီးကျောင်းကို ပယောဂကုတဲ့ဆရာသုံးယောက် ရောက်လာတယ်၊ ဒီနေ့လည် ဆွမ်းစားပြီးချိန် ခရီးဆက်ကြမယ်လို့လဲ ပြောတယ်ကွယ့်၊ ဒကာကြီးတို့ဘက်က သဘောတူတယ်ဆိုရင် ကပ္ပိယကို အခုသွားခေါ်ခိုင်းလိုက်မလို့”

“ ဒီအခြေအနေထိရောက်လာမှတော့ စမ်းကြည့်ရမှာပေါ့ဘုရား”

“ ဟဲ့ ကပ္ပိယကြီး… ကျောင်းက ဆရာတွေကို အမြန်သွားခေါ်လာခဲ့”

“ တင်ပါဘုရား… အခုသွားခေါ်လိုက်ပါ့မယ်”

ကပ္ပိယကြီးထွက်သွားပြီး နာရီဝက်လောက်အကြာမှာတော့ အသက်၃၀ကျေယ်အရွယ်ခန့်ရှိတဲ့ လူငယ်သုံးယောက်နဲ့အတူပြန်ရောက်လာခဲ့တယ်။

“ ဆရာတော် ဘုရားအခေါ်လွှတ်တယ်ဆိုလို့ ရောက်လာတာပါဘုရား”

“ အေးကွယ့် မောင်ရင်တို့က ပယောဂကုတယ်ဆိုလို့ ဟောဒီက လူနာကို ကြည့်ပေးလို့ရအောင် ခေါ်ခိုင်းလိုက်တာ”

ဆရာတော်စကားကြောင့် ပါလာတဲ့လူသုံးယောက်ထဲက အရပ်မြင့်မြင့် အသားဖြူဖြူပုဂ္ဂိုလ်က လူနာကို ခေတ္တမျှစိုက်ကြည့်လိုက်ပြီး

“ တပည့်တော်တို့ ပယောဂရှိမရှိ စစ်ဆေးပါမယ်ဘုရား… တကယ်လို့ ရောဂါက ပယောဂကြောင့်ဆိုရင် ချက်ချင်းအမြစ်ပြတ်တဲ့ ကုပေးပါမယ်”

“ သာဓု သာဓု သာဓု ကွယ်… ဘုန်းကြီးလဲ မောင်ရင်တို့ကုတာ ကြည့်လိုက်ပါဦးမယ်”

“ အရှင်ဘုရား အပေါ်ဘက်ကိုကြွပါဘုရား”

ပယောဂဆရာတွေက ကျောင်းထိုင်ဆရာတော်ကို မြင့်တဲ့နေရာမှာ ထိုင်စေပြီး ပယောဂကုတဲ့အမှုကိုစတင်ခဲ့ကြတယ်။

“ လူနာက ဘာနေ့သမီးလဲ”

“ အင်္ဂါသမီးပါဆရာ”

“ နာမည်ကရော”

“ စန္ဒာခင်ပါဆရာ”

“ ကောင်းပြီ… စနေသမီး မစန္ဒာခင်ရဲ့ အသက်နဲ့ ခန္ဓာကို ဆရာတို့ဆီအပ်ပါ”

“ အပ်ပါတယ်ဆရာ”

“ ဆရာကလဲ စ‌နေသမီးရဲ့ အသက်နဲ့ခန္ဓာကို အထက်ဆရာကြီးတွေထံ ပြန်လည်အပ်နှံပါတယ်၊ ကဲ မောင်ကောင်း လူနာကို စကုဖို့ပြင်ပေတော့”

လူသုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက မောင်ကောင်းဆိုတဲ့သူထံ အပ်ပြီး အခြားတပည့်တစ်ယောက်နဲ့အတူ

ဘေးကို ဖယ်နေလိုက်တယ်။

“ ရေတစ်ခွက်လောက်ရနိုင်မလား”

“ ရပါတယ်ဗျ”

မောင်ကောင်းက ရေတစ်ခွက်ရတာနဲ့ ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ပြီး အထက်ဆရာတွေထံ ကုသခွင့်အရင်တောင်းခံလိုက်တယ်။ ပြီးတာနဲ့ ရေခွက်ထဲ လက်ညိုးထည့်ပြီး မွှေ့ကာ လူနာရဲ့ ဖခင်ဖြစ်သူထံကမ်းပေးလိုက်တယ်။

“ ဒီရေက လူနာမျက်လုံးထဲဝင်သွားတဲ့အခါ စပ်နေရင် ပယောဂရှိနေလို့ပဲ၊ ပယောဂမရှိရင် အေးနေလိမ့်မယ်”

“ရေကိုမျက်စဉ်းခပ်ရမှာလားဆရာ”

“ ဟုတ်တယ်.. မျက်စဉ်းခပ်ပေးလိုက်ပါ”

လူနာရဲ့ဖခင်ဖြစ်သူက ဖန်ခွက်ထဲက ရေကို လူနာရဲ့မျက်လုံးထဲ အစက်ချလိုက်ရာ

“ အား… စပ်တယ် အဖေ… စပ်တယ်”

“ ဘာမှသွားမလုပ်နဲ့ ခဏနေ သက်သာသွားလိမ့်မယ်”

ခဏနေတော့ စပ်နေတဲ့ဝေဒနာက တစ်ဖြေးဖြေးသက်သာလာခဲ့တယ်။

“ ကြည့်နေတဲ့သူတွေ သံသယကင်းသွားအောင် ဒီရေကို ဦးလေးမျက်လုံးထဲခပ်ကြည့်ပါ”

လူနာရဲ့ဖခင်လဲ ဖန်ခွက်ထဲကရေကို မျက်လုံးထဲခပ်လိုက်ရာ

“ အေးတာပဲသိတယ်… ပူတာစပ်တာမခံစားရဘူးဆရာ”

“ ဒါကဘာကိုပြလဲဆိုရင် ပယောဂရှိသူနဲ့ ပ‌ယောဂမရှိသူကိုပြတာ၊ အခု လူနာက ပယောဂရှိတာသေချာပီဆိုတော့ ဘယ်လိုပယောဂနဲ့ ပြုစားထားလဲဆိုတာ စစ်ရဦးမယ်”

မောင်ကောင်းက လူနာရဲ့ ဦးခေါင်းထက်မှာ ညာလက်ကိုတင်ပြီး ခန္ဓာကိုယ်ကိုမထိပဲသပ်ချနေတဲ့အချိန်

“ အား… ဆရာ… ဗိုက်ထဲကနေ လေထိုးသလိုအောင့်လာတယ်”

“ ဟုတ်ပီ… ဒါဆို အခုဘယ်လိုနေလဲ ပြောပေးနော်”

မောင်ကောင်းက ဝမ်း‌ဗိုက်ကို လက်ဝါးနဲ့အုပ်ပြီး လေထဲကနေ ဂျုံမှုန့်လုံးသလို ပွတ်လိုက်ရာ ဗိုက်ထဲကနေ အပြင်ကိုတိုးထွက်လာတဲ့ အဖုအလုံးတွေကို အရှင်းသားမြင်လိုက်ရတယ်။

“ ဝမ်းဗိုက်ထဲ အပင်းထည့်ထားတာပဲ… ရေဇလုံတစ်ခုရနိုင်မလား”

မောင်ကောင်းက ရေဇလုံတစ်လုံးတောင်းပြီးတာနဲ့ လေးကွက်အင်းကို မီးရှို့ကာ ရလာတဲ့ပြာကိုတိုက်လိုက်တဲ့အချိန် လူနာက ပျို့တက်လာခဲ့တယ်။

“ အန်ချင်ရင် အန်ချလိုက် အောင့်မထားနဲ့”

“ ဝေါ့… ဂလောက် ဂလောက်..”

“ ဟင်… ကျောက်စရစ်ခဲတွေ အန်ထွက်လာပါလား”

လူနာရော ကြည့်နေတဲ့သူတွေပါ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ကြတယ်။

“ ဘာမှမဖြစ်ဘူး… စိတ်ကိုမချုပ်ထားနဲ့ အန်ချလိုက်”

“ ဝေါ့…. ဂဒေါက် ဂဒေါက် ဂဒေါက်”

အပျစ်အချွဲတွေနဲ့ ကျောက်စရစ်ခဲတွေထပ်ပြီး အန်ထွက်လာခဲ့တယ်။ အတန်ကြာအန်ထုတ်ပြီးချိန်မှာတော့ ကျောက်ခဲအလုံးပေါင်း ၂၀ကျော်ထွက်လာခဲ့ပြီး လူနာရှင်ရဲ့ဝမ်းဗိုက်လဲ သိသိသာသာ ပိန်ကျသွားခဲ့တယ်။

“ ‌အန်ချင်နေသေးလား”

“ မအန်ချင်တော့ဘူးဆရာ”

“ အပင်းတွေကုန်မကုန်သိရအောင် အင်းပြာရေထပ်သောက်လိုက်ဦး”

လူနာလဲ အင်းပြာရည်ကိုထပ်သောက်လိုက်ရာ နောက်ထက်ပျို့တက်လာပြီး အချွဲအချို့အန်ထွက်လာခဲ့တယ်။

“ အပင်းတွေကုန်သွားပြီထင်တယ်၊ နေရတာသက်သာရဲ့လား”

“ သက်သာပါတယ်ဆရာ”

“ အခုလောလောဆယ် လူနာလဲ ပင်ပန်းနေပီဆိုတော့ မနက်ဖြန် ကျမှ ထပ်ကုပေးပါမယ်… ဒီနေ့တော့ နားလိုက်ပါဦး”

မောင်ကောင်းရဲ့ ကုသပုံကိုကြည့်ပြီး လူနာရှင်တွေရော ကျောင်းထိုင်ဆရာတော်ပါ သဘောကျသွားခဲ့တယ်။

“ ကျေးဇူးတင်ပါတယ်ဆရာတို့ရယ်… သမီးလေးက ဆရာတို့ပေးတဲ့အသက်ပဲရှိတော့တာ”

“ ရပါတယ်ဗျာ… ဒါက ကျွန်တော်တို့လုပ်ပေးရမယ့် တာဝန်ပဲလေ”

“ ဘယ်သူတွေကများ ဒီလိုမျိုးလုပ်တာလဲဆိုတာ သိခွင့်ရှိမလားဆရာ”

“ အဲလိုမျိုးတော့ ပြောလို့မရဘူး… ဒါက ကျွန်တော်တို့စောင့်ထိန်းရမယ့် စည်းတစ်ခုဖြစ်နေလို့ပါ”

“ ဟုတ်ကဲ့ဆရာ… ဒါဆိုရင် မနက်ဖြန် ဘယ်အချိန်လာပင့်ရမလဲဆရာ”

“ သံဃာတွေဆွမ်းစားပြီးချိန် လာခဲ့လိုက်ပါ…”

“ ဟုတ်ကဲ့ပါဆရာ…”

“ ကဲ ကိစ္စလဲပီးသင့်သလောက်ပီးပီဆိုတော့ ဘုန်းကြီးလဲကျောင်းကိုပြန်ရတော့မယ်၊ ဒကာလေးတို့လဲတူတူလိုက်ခဲ့လေ”

“ တင်ပါဘုရား… တပည့်တော်တို့ လိုက်လာခဲ့ပါ့မယ်”

++++++++

ဘုန်းကြီးကျောင်းပြန်ရောက်တော့ ကျောင်းထိုင်ဆရာတော်က

“ ဒကာလေးတို့ရဲ့ပညာကိုမြင်တော့ ဘုန်းကြီးငယ်ငယ်က ဆုံခဲ့ဖူးတဲ့လူတစ်ယောက်ကို သတိရသွားတယ်”

“ တင်ပါဘုရား… အဲဒီလူက အခုချိန်ဆို ရှိတောင်ရှိပါတော့မလား”

“ ဘယ်ရှိပါတော့မလဲ… သူကလဲ ဒကာလေးတို့လို အင်းစမတွေကိုအသုံးပြုပြီး ဆေးကုတာ၊ အာဏာစက်ကလဲပြင်းသလားမမေးနဲ့၊ တောပိုင်တောင်ပိုင်တွေတောင် သူ့အာဏာစက်နဲ့ခေါ်ရင် စက္ကန့်ပိုင်းအတွင်းဝင်လာရတာပဲ၊ အဲဒီတုန်းက သူတို့လဲ လူသုံးယောက်ပဲကွယ့်…”

ဆရာတော်စကားကြောင့် အောင်မြတ်သာက နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုကို အနည်းငယ်တွန့်လိုက်ပြီး

“ ဆရာတော်က ဘယ်ဇာတိလဲဗျ”

“ ဘုန်းကြီးဇာတိက ကရင်ပြည်နယ်ဘက်ကလေ၊ အဇိုင်းရွာလို့ခေါ်တယ်”

အဇိုင်းရွာဆိုတဲ့စကားက အောင်မြတ်သာရဲ့ နားထဲကိုတိုးဝင်သွားပြီး အတွေးထဲမှာလဲ ကညင်ပင်ပေါ်မှာကြီးစိုးနေတဲ့ ပုဂ္ဂိုလ်ကိုဆုံးမခဲ့တဲ့

ပုံရိပ်တွေရုပ်ရှင်ပြသလိုပေါ်လာခဲ့တယ်။

(ဒီအကြောင်းအရာကို အောင်မြတ်သာနှင့် ကညင်ပင်စောင့်နတ်ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

“ ဆရာတော်က ကရင်တိုင်းရင်းသားလား”

“ ဟုတ်တယ် ဒကာလေး… ဘုန်းကြီးက ရွာကနေ ထွက်လာပြီး ပရိယတ္တိစာပေတွေသင်ရင်း ဒီကျောင်းမှာ ကျောင်းထိုင်လိုက်ရတာ၊ ရွာမှာလဲ မိဘတွေမရှိတော့တာမို့ မပြန်ဖြစ်တာတောင်ကြာပါပြီ”

“ တင်ပါဘုရား…လူ့ဘောင်က ကျဉ်းကျဉ်းလေးမို့ သံသရာတစ်ကွေ့ကွေ့မှာပြန်ဆုံကြနိုင်တာပဲလေ”

“ ဒကာလေးတို့ကိုမြင်တော့ သူတို့ကိုသတိရသွားလို့ပါ၊ ကဲကဲ နေ့လည်နေ့ခင်း နားလိုက်ကြဦး”

ဆရာတော်က စကားစကိုဖြတ်ပြီး ကျက်သရေခန်းထဲကိုဝင်သွားတဲ့အချိန် အောင်မြတ်သာက

“ ဒီနေ့ ကုရတဲ့လူနာအပေါ် ဘယ်လိုမြင်လဲ”

“ ကျွန်တော်ကတော့ အငြိုးအတေးတစ်ခုခုကြောင့် လုပ်တာလို့ထင်တယ်”

“ ခွန်းလှကရော ဘယ်လိုမြင်လဲ”

“ သူငယ်ချင်း အချင်းချင်း မနာလိုလို့ လုပ်တာလို့ထင်တယ်၊ ဘာကြောင့်လံဆိုတော့ ကောင်မလေးက အတော်ကိုပိန်ချုံးကျသွားပြီး နဂိုရုပ်နဲ့လုံးဝမတူတာ သတိထားမိလိုက်တယ်”

“ နဂိုရုပ်ကို မင်းက ဘယ်လိုသိတာလဲကွ… ပြောစမ်းပါဦး”

“ အကိုကလဲ လူနာရဲ့ ဓါတ်ပုံကို နရံမှာကပ်ထားတယ်လေဗျာ… ရှင်ပြုတုန်းက ရိုက်ထားတယ်ထင်တာပဲ… ဘယ်လိုသိလဲမမေးနဲ့နော်… လက်ထဲမှာ ကွမ်းတောင်ကိုင်ထားလို့ သိတာ”

မောင်ကောင်းနဲ့ ခွန်းလှစကားကြောင့် အောင်မြတ်သာ ပြုံးလိုက်ပြီး

“ မင်းတို့နှစ်ယောက်လုံးတွေးတာဖြစ်နိုင်တယ်… လုပ်တဲ့သူကလဲ ဒီရွာထဲကဖြစ်ဖို့များတယ်… ဒါကြောင့် စွဲရင်းကိုမခေါ်ခိုင်းခဲ့တာ”

“ ဒီတိုင်းလွှတ်ပေးလိုက်တော့မလို့လားဆရာ”

“ လွှတ်ပေးလိုက်ရင် ပိုအတင့်ရဲလာမှာလဲစိတ်ပူတယ်၊ ဒါကြောင့် ညကျရင် စွဲရင်းခေါ်ပြီး ဆုံးမဖို့စဉ်းစားထားတယ်”

“ ကောင်းတယ်ဆရာ… ကျွန်တော်တို့ စွဲရင်းခေါ်တာကို ဆရာတော်ကိုတော့အသိပေးရမယ်ထင်တယ်နော်”

“ ဆရာတော်ကိုပါ ခေါ်ထားရမှာပေါ့… ဒီကျောင်းမှာ ငါတို့က ဧည့်သည်ဖြစ်နေတာမို့ ကိုယ့်ထင်သလိုလုပ်လို့မကောင်းဘူးလေ”

“ ဟုတ်ကဲ့ဆရာ… ဒါဆို ကျွန်တော်တို့ လိုအပ်တာတွေပြင်ဆင်ထားလိုက်ပါမယ်”

++++

ညဦးပိုင်းရောက်တော့ ဆရာတော်ကို အကျိုးကြောင်းပြောပြလိုက်ရာ

“ ဘုန်းကြီးလဲ ဒီလိုမျိုးဖြစ်စေချင်တာ… ဒကာလေးတို့ စွဲရင်းခေါ်တဲ့အခါ အာဂန္တုတွေ လာရင်တည်းဖို့ဆောက်ထားတဲ့ ကျောင်းကိုအသုံးပြုလို့ရတယ်နော်၊ ဒီမှာက ကပ္ပိယတွေနဲ့ သံဃာတော်တွေ အဝင်အထွက်များတာကြောင့် မလိုလားအပ်တာတွေဖြစ်မှာစိတ်ပူလို့ပါ”

“ ဆရာတော် စီစဉ်ပေးတာ ကျေးဇူးတင်ပါတယ်၊ တပည့်တော်တို့ ညဆယ်နာရီ စွဲရင်းခေါ်တဲ့အခါ ဆရာတော်ကို လာပင့်ပါ့မယ်ဘုရား”

“ အေးအေး… ဘုန်းကြီးအသင့်ပြင်ထားလိုက်မယ်”

ညဆယ်နာရီရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေရော၊ ဆရာတော်ပါ ကျောင်းပေါ်ကိုရောက်လာခဲ့ကြတယ်။ မောင်ကောင်းက ဆရာတော်ကို နေရာထိုင်ခင်း စီစဉ်ပေးပြီးတာနဲ့ အလင်းရောင်ရအောင် ဖယောင်းတိုင်တွေလိုက်ထွန်းနေခဲ့တယ်။

အားလုံးပြင်ဆင်ပြီးချိန်မှာတော့ အောင်မြတ်သာက ဘုရားရှိခိုး သီလခံယူပြီး ပွင့်တော်မူပြီးသော ဘုရားလေးဆူနဲ့ အထက်ဆရာတွေဆီ ခွင့်ပြုမိန့်တောင်းခံလိုက်တယ်။ ပြီးတာနဲ့ လှေကားအတက်အဆင်းကို စိုက်ကြည့်ပြီး

“ အင်္ဂါသမီး၊ မစန္ဒာခင်၏ ခန္ဓာကိုယ်ထဲသို့ ကျောက်ခဲအပင်းထည့်သွင်းနှိပ်စက်ထားတဲ့ ပညာသည် ကျုပ်ထိုင်နေတဲ့ရှေ့ကို မူလပုံစံအတိုင်း ရောက်စေ၊ တကယ်လို့ အမိန့်ကို မနာခံပဲ တင်းခံနေပါက ခန္ဓာကိုယ်နဲ့ထိစပ်တဲ့နေရာတိုင်း ငရဲမီးတောက်ပေါ်လာစေသား” လို့ပြောပြီး ကြမ်းကို လက်ဝါးနဲ့ရိုက်ကာ ‌ထိုင်ကြည့်နေခဲ့တယ်။

ဒီလိုနဲ့ ဆယ်ငါးမိနစ်လောက်ကြာတော့ ဘုန်းကြီးကျောင်းအပြင်တံစက်မြိတ်မှာမိုးထားတဲ့ ဖက်တွေက လေမတိုက်ပဲ တဖျတ်ဖျတ်နဲ့ လှုပ်ခါလာတာကို မြင်တွေ့လိုက်ရတယ်။

“ အရှင်ဘုရား… တံဆက်မြိတ်က ဖက်တွေလှုပ်နေတာကိုမြင်တယ်မဟုတ်လား”

“ မြင်တယ် ဒကာလေး… လေမတိုက်ပဲ ဘာကြောင့် လှုပ်ခါနေတာလဲ”

“ အဲဒါက ပညာသည်ရဲ့ စက်တွေရောက်လာလို့ဘုရား… သူလာနေပြီဖြစ်ကြောင်း သတင်းအရင်ပေးတာလို့လဲ ယူဆလို့ရတယ်”

“ ရွာမှာနေတဲ့သူဆိုရင်တော့ ဘုန်းကြီးသိမှာပဲ… ဒါပေမယ့် သိခဲ့ရင်တောင် စိတ်ထဲမှာပဲ သိမ်းထားမှာပါ”

“ ယုံကြည်ပါတယ်ဘုရား… ဒါကြောင့် ဆရာတော်ကိုပါပင့်ထားတာပါ”

အောင်မြတ်သာနဲ့ ဆရာတော်တို့ စကားစမြည်ပြောနေတဲ့အချိန် ကျောင်းအနောက်ဘက်အပေါက်ကနေ လမ်းလျောက်လာတဲ့ လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရတယ်။

ပဝါကို မျက်နှာမပေါ်အောင်ခြုံထားတဲ့ မိန်းမတစ်ယောက်က ကျောင်းလှေကားရင်းရောက်တော့ ရပ်လိုက်ပြီး

“ ဆရာခေါ်လို့ အရောက်လာခဲ့ပါတယ်၊ ဘာကိစ္စရှိလို့လဲ”

“ ကျောင်းပေါ်ကိုအရင်တက်လာခဲ့ပါ”

“ မတက်ချင်ပါဘူး… အနားကပ်လာရင် ပိုပူလို့ အောက်ကနေပဲပြောပါမယ်”

“ ဒါဆိုရင်လဲ ကျုပ်မေးတာကို အမှန်တိုင်းဖြေပါ၊ လိမ်ညာပြောဆိုရင် သင်လဲနာကျင်မှုကိုခံစားရလိမ့်မယ်၊ ကျုပ်အနေနဲ့လဲ သင့်ကိုနာကျင်အောင်မလုပ်ချင်ဘူး”

“ ကျွန်မက လုပ်ရဲသလို လုပ်ထားတာကိုလဲ ပြန်ခံရဲပါတယ်.. ဆရာမြင်ဖူးတဲ့ပညာသည်တွေလို လိမ်ညာပြောမယ့်သူမဟုတ်ဘူး”

ခပ်ပြတ်ပြတ်ပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာ သဘောကျစွာပြုံးလိုက်ပြီး

“ အင်္ဂါသမီးကို အပင်းသွင်းထားတာ သင်လား”

“ ဟုတ်တယ်… အစကတော့ သေတဲ့ထိရည်ရွယ်ထားပေမယ့် ဆရာတို့ ကုပေးလိုက်တာကြောင့် သေတဲ့အထိတော့မရတော့ဘူးပေါ့”

“ ဘာကြောင့် အခုလိုလုပ်ရတာလဲ”

“ နှစ်ပေါင်းများစွာမြိုသိပ်လာရတဲ့ နာကျဉ်းချက်တွေကြောင့် လုပ်တာ”

“ သူက သင့်အပေါ်ဘာတွေလုပ်ခဲ့လို့ ဒီလောက်နာကျဉ်းနေတာလဲ”

“ ဒီအကြောင်းတွေကိုသိတော့ရော ဆရာတို့အနေနဲ့ ဘာမှထူးလာမှာမဟုတ်ပါဘူး… အခု ကျွန်မဆရာတို့ပညာကို မလွန်ဆန်နိုင်လို့ ခေါ်တဲ့အတိုင်းရောက်လာပါပြီ၊ ကျွန်မကို အပြစ်ပေးမယ်ဆိုရင်လဲ ခံယူပါမယ်”

“ ဟိတ် ကောင်မလေး… စကားပြောတာ ရိုင်းလှချည်လား… ငါ လုပ်လိုက်ရ”

ဆရာတော်က စိတ်မရှည်တဲ့ဟန်နဲ့ ဟိန်းဟောက်လိုက်ရာ အောင်မြတ်သာက

“ တပည့်တော် ပြောကြည့်ပါဦးမယ်ဘုရား… ကဲ သင်က ခပ်ပြတ်ပြတ်ပြောတော့လဲ ကျုပ်လဲ ခပ်ပြတ်ပြတ်ပြောမယ်…. သင် ပြုစားထားတဲ့ ပညာတွေအားလုံးကို ဒီညထဲအပြီးပြန်နှုတ်ပါ၊ မနက်ဆွမ်းစားပြီးချိန်ရောက်လို့ လူနာမှာ ပယောဂတစ်စုံတစ်ခုကျန်နေသေးတယ်ဆိုရင် ကျုပ်အဆိုးမဆိုပါနဲ့”

“ ဟက်ဟက်… မနိုင်မှန်းသိလျက်နဲ့ ကျွန်မအသက်ကိုအဆုံးခံပြီး မပြိုင်ပါဘူးရှင်… ဆရာတို့ပြောတဲ့အတိုင်း ပညာတွေပြန်နှုတ်လိုက်ပါမယ်၊ ဒီလောက်ဆို ကျွန်မပြန်လို့ရပြီလား”

“ မရသေးဘူး… သင်ပြောတဲ့အတိုင်း တည်ဖို့အတွက် သစ္စာရေသောက်ရဦးမယ်”

သစ္စာရေဆိုတဲ့အသံကြောင့် ကျောင်းအောက်မှာရပ်နေတဲ့ မိန်းကလေးက ခေါင်းကိုမော့ကြည့်လိုက်ရာ ခြုံထည်အောက်ကနေ ဖျတ်ခနဲပွင့်လာတဲ့ မျက်ဝန်းညိုညိုတစ်စုံကို မြင်လိုက်ရတယ်။

“ သင့်မှာ ရွေးချယ်စရာတစ်ခုရှိတယ်… ပညာကိုစွန့်မလား၊ သစ္စာရေသောက်မလား”

“ တောက်စ်… ဒင်းနဲ့အပေါင်းအပါတွေ ခံစားရတာကြည့်မလို့ ပြန်လာပါတယ်ဆိုမှ ဆရာတွေနဲ့လာတိုးနေတယ်”

“ သင်က စန္ဒာခင်ကိုအတော်မုန်းနေတာပဲ”

“ ဆရာတို့ခံသွားလို့နော် မဟုတ်ရင် ဒီကောင်‌မတွေ အကုန်သေတယ်”

“ သင်တို့ရဲ့အညိုးအတေးတွေဘယ်လိုရှိခဲ့တယ် ဆိုတာ ကျုပ်မသိချင်ဘူး… အခု ကျုပ်ပြောတဲ့အတိုင်းလိုက်နာမှာလား၊ မလိုက်နာဘူးလား”

“ မလိုက်နာလို့လဲမရဘူးလေ… ဘေးနားမှာဝိုင်းထားတဲ့ အစောင့်တွေက ကျွန်မကို ရစရာမရှိအောင် ခုတ်ပိုင်းလိုက်မှာပေါ့”

“ ဒါဆို သစ္စာဆို… မောင်ကောင်း ရေတစ်ခွက်သွားပေးလိုက်”

မောင်ကောင်းလဲ ရေအိုးထဲကရေတစ်ခွက်ခပ်ပြီး ကျောင်းအောက်မှာရပ်နေတဲ့သူကို ကမ်းပေးလိုက်တယ်။

“ ကျုပ်ဆိုတဲ့အတိုင်း လိုက်ဆို၊ ကျွန်မသည်”

“ ကျွန်မသည်”

“ အင်္ဂါသမီးနှင့် အခြားအပေါင်းအပါများအား”

“ အင်္ဂါသမီးနှင့် အခြားအပေါင်းအပါများအား”

“ အသက်အန္တရာယ်ထိခိုက်စေအောင် ဘယ်သောအခါမှ မပြုစားတော့ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ယခုဘဝထက်ကောင်းမွန်သောဘဝကို ရရှိပါစေသား၊ အကယ်၍ သစ္စာဖောက်ဖျက်ခဲ့ပါက သွေးပွက်ပွက်အန်၍သေဆုံးပါစေ၊ သေဆုံးပြီးလျှင်လည်း အဝီဇိငရဲသို့ကျရောက်ပါ‌စေသား”

အောင်မြတ်သာတိုင်ပေးတဲ့စကားကို နောက်ဆုံးအချိန်မှာ လိုက်မဆိုပဲ တင်းခံနေတာကြောင့်

“ ဟိတ်… ဘာလို့လိုက်မဆိုတာလဲ”

“ အဟီးအဟီး အဟင့်… အဖွားကိုပေးထားတဲ့ကတိ သမီးမတည်နိုင်တော့ဘူး… ဒင်းတို့ကို ကလဲ့စားမချေနိုင်တော့ဘူး အီးဟီးဟီး”ဆိုပြီး ငိုကြွေးပါလေရော။ အတန်ကြာငိုပြီးကာမှ မျက်ရည်တွေကိုသုတ်ကာ နောက်ဆုံးသစ္စာကိုဆိုပြီး သောက်ချခဲ့တယ်။

“ သင်ရဲ့ အမုန်းကကြီးလိုက်တာ”

“ ကျွန်မ သူတို့ကို ကလဲ့စားချေဖို့ ဆယ်နှစ်တိတိ ကြိုးစားခဲ့တာ၊ ဒါပေမယ့် မျှော်မှန်းထားသလို မဖြစ်လာခဲ့ဘူး၊ ဆရာတို့ တော်ပါတယ် ဟက်ဟက် တကယ်ကိုတော်ပါတယ်”

“ စိတ်လျော့ပါ မိန်းကလေး… အမုန်းတရားဆိုတာ ကိုယ့်ကိုအရင်ပူလောင်စေတယ်၊ သင်ကိုယ်တိုင် အေးချမ်းချင်ရင် အမုန်းတွေကို စိတ်ထဲကနေ ထုတ်ပစ်လိုက်ပါ၊ အခုတော့ သင်လိုရာသွားနိုင်ပါပြီ”

အောင်မြတ်သာခွင့်ပြုလိုက်တော့ ခြုံထည်ခြုံထားတဲ့မိန်းကလေးက လေးပင်တဲ့ခြေလှမ်းတွေနဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်အမှောင်ထုထဲကို ထွက်သွားခဲ့တယ်။

++++

ဒီကိစ္စတွေဖြစ်ပြီး နှစ်ရက်လောက်အကြာမှာတော့ လူနာက ပြန်လည်ထူထူထောင်ထောင်ဖြစ်လာပြီး အစားလဲပြန်စားနိုင်ပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။

အောင်မြတ်သာတို့လဲ ဆရာတော်ရဲ့ မေတ္တာရပ်ခံမှုကြောင့် ရွာမှာရှိတဲ့သူတွေကို တန်ပြန်အဆောင်တွေပြုလုပ်ပေးပြီး သူတစ်ပါး နှောက်ယှက်လို့မရအောင် စီမံပေးခဲ့ကြတယ်။

ရွာမှာနေတာ ခြောက်ရက်မြောက်နေ့ အရုဏ်တက်ချိန်မှာတော့ ဆရာတော်ကို ခွင့်တောင်းကာ ရွာထဲကနေ တိတ်တိတ်လေး ထွက်လာခဲ့ကြတယ်။

အောင်မြတ်သာတို့ ရွာအပြင်ကွင်းစပ်အရောက်မှာ မျက်နှာကိုပဝါအုပ်ထားတဲ့ အမယ်အိုတစ်ယောက် အမှောင်ထုထဲကနေတိတ်တဆိတ်ချောင်းကြည့်ရင်း

“ ငါ့မြေး စိတ်ထိခိုက်အောင် လုပ်တဲ့သူတွေ မယ်တင်အကြောင်း ကောင်းကောင်းသိစေရမယ်”လို့ အသံအုပ်အုပ်နဲ့ ကြိမ်းဝါးလိုက်တဲ့အချိန် အနားမှာရှိတဲ့ ညောင်ပင်ကနေ ပုဆိုးကိုမြောက်နေအောင်ကျိုက်ထားပြီး ခေါင်းပေါင်းပေါင်းထားတဲ့ အဖိုးအိုတစ်ယောက် လမ်းလျောက်ဆင်းလာတာကိုမြင်လိုက်ရတယ်။

“ ဟဲ့ မယ်တင်… နင်က ကျောက်ဆောင်ကို ကြက်ဥနဲ့ပေါက်ဦးမလို့လား”

“ သူတို့ကြောင့် ကျွန်မမြေးမလေး စိတ်ဆင်းရဲနေရပြီ၊ ဒါကို ကြည့်မနေနိုင်ပါဘူး”

“ နင်နဲ့တော့ ခက်ပြီ မယ်တင်ရေ… နင်အံတုမယ့်ဆိုရင်လဲ အံတုမယ့်သူရဲ့အကြောင်းကို စုံစမ်းရတယ်ကွယ့်”

“ သူတို့လဲ သတိလျော့တဲ့အချိန်ရှိမှာပဲလေ…အဲဒီအချိန်ကိုစောင့်ပြီး ဆုံးမရမှာပေါ့”

“ အဲဒီပုဂ္ဂိုလ်က နင်တို့ရဲ့အချုပ် ရေယဉ်ကတော်ကိုတောင် ဆင့်ခေါ်နိုင်တဲ့ အင်းဝိဇ္ဇာတစ်ပါးပဲ”

“ ဒီလူရွယ်လေးက အင်းဝိဇ္ဇာ ဟုတ်လား.. ဖိုးကြာပန်း”

“ လူရွယ်လို့မခေါ်နဲ့… သူ့ရဲ့အသက်အမှန်က ငါတို့သက်တမ်းနှစ်ဆလောက်ရှိတယ်”

“ အမလေး တော်ပါသေးရဲ့… ဆရာအစစ်အမှန်ကိုပစ်မှားမိတော့မလို့”

“ သွား သွား ကိုယ့်နေရာကိုယ်ပြန်… သူတို့မှာလဲ အခြားသူတွေကို ကယ်တင်ရမယ့်တာဝန်ရှိသေးတယ်၊ လိုက်မနှောက်ယှက်နဲ့တော့”

ဖိုးကြာပန်းဆိုသူက မယ်တင်ဆိုတဲ့ အဖွားကြီးကို မောင်းထုတ်လိုက်ပြီး ညောင်ပင်ပေါ်ကို လမ်းလျောက်ကာပြန်တက်သွားခဲ့တယ်။

+++++

ဖိုးကြာပန်းဆိုတဲ့သူက အောင်မြတ်သာတို့နဲ့ ဘယ်လိုပတ်သတ်နေတာလဲဆိုတဲ့အကြောင်းအရာကိုတော့ ‌ “ အောင်မြတ်သာနှင့် ကြာပန်းရတနာသိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)