ပြောကြသေးသဗျ။
“ပေတလူရေ ကျုပ်တို့ ထနောင်းကုန်းရွာနဲ့
ရွာသူရွာသားတွေကို စောင့်ရှောက်ပါနော်”
လို့ပြောကြတာ။နေဦးဗျ ။ စောင့်ရှောက်တယ်လို့ပဲ
ပြောရတော့ပေါ့ဗျာ ။ တစ်ခါက ကျုပ်တို့ရွာကို
ဓါးမြအဖွဲ့တစ်ဖွဲ့ က မြင်းတွေနဲ့ လာပြီး
တိုက်ဖို့ ကြံစည်တာဗျ။
အဲဒါကို ပေတလူက အနောက်ပိုင်းက
အရီးမယ်မစိုကြီးကို ဝင်ပူးပြီးပြောတာဗျ။
“ငါ ပေတလူကွ။
နင်တို့ရွာကိုလကွယ်နေ့ညမှာ ဓါးမြတိုက်လိမ့်မယ်
ဓါးမြက နှစ်ဆယ်လောက်ရှိတယ်
ရှင်မတောင်ဘက်က လာမှာ
နင်တို့ ကြိုပြီးကာနိုင်ရင် ကာကြ
မကာလို့ကတော့ ရွာတောင် မီးရှိ့ချင်ရှို့မှာ”
လို့ ပေတလူက ပြောတာဗျ။
ဒီသတင်းက ရွာထဲမှာ ပျံ့သွားတော့တာပေါ့ဗျာ။
လကွယ်ညရောက်ဖို့က သုံးရက်တောင်လိုသေးတော့
ပြင်ဆင်ချိန်လည်း ရကြတာပေါ့ဗျာ။
ဒီမှာတင် ဘန့်ဘွေးကုန်းသားတွေနဲ့
ထနောင်းကုန်းသားတွေ ပေါင်းပြီး
လက်နက်ကိုယ်စီပြင်ကြတာပေါ့ဗျာ။
ပထမဆုံးလက်နက်က ဒူးလေးဗျ။
ဒူးလေးမှာ ယမ်းမြားတပ်ပြီး ပစ်တာ။
ထီးရိုးအချောင်းကို နောက်ဘက်က မြားတံတပ်ပြီး
ထိပ်ဖူးက ကျည်ဆံထိပ်ဖူးလို
သစ်သားကိုချွန်ပြီး တပ်ရတာဗျ။
ပြီးရင် ထီးရိုးထဲမှာ ယမ်းမှုန့်ကိုစပ်ပြီး
ဖွဖွလေးထောင်းသပ်ရတယ်။
အဲဒီနေရာမှာ မကျွမ်းကျင်ကတော့
‘အုန်း’ကနဲ ထပေါက်ပြီး
လက်တောင်ပြတ်တောက်တယ်ဗျ
ဒူးလေးကျွမ်းတဲ့ လူတွေက ဒူးလေးနဲ့
ယမ်းမြားဆယ်ချောင်းစီလောက်ကို
မြားကျည်တောက်နဲ့ လွယ်ကြလို့ပေါ့ဗျာ။
ဒုတိယလက်နက်က ခဲသီးဗျ။
မြစ်ချောင်းထဲမှာ ပိုက်ချတဲ့အခါ
ပိုက်မှာဆွဲတဲ့ခဲသီးကို ဖြတ်ပြီး
လုံးအောင်သွေးထားတာဗျ။
ပြောရရင်တော့ ခဲလောက်စာလုံးပေါ့ဗျာ။
အဲဒါကို လောက်လေးခွနဲ့ ထည့်ပြီး
ပစ်မှာဗျ။ ကျန်တဲ့လူတွေကတော့
အနားကပ်လာရင်ခုတ်ဖို့
ဓါးရှည်တွေ လှံတွေနဲ့ဗျ။
လကွယ်ညနေ့ ညရောက်တော့
အဖွဲ့တွေ ဖွဲ့ပြီး ရှင်မတောင်ဘက်က
ဆင်းလာမယ့်လမ်းမှာ ကင်းပုန်းတွေဝပ်ပြီး
စောင့်ကြပ်တာပေါ့ဗျာ။
ဟုတ်ပါ့ဗျာ။
သရဲပေတလူပေးတဲ့ သတင်းက
အမှန်ပဲဗျို့။
ညကိုးနာရီလောက်ရောက်တာနဲ့
ရှင်မတောင်ဘက်ကနေ
မြင်းတွေ လာကြတာဗျို့။
မြင်းကဆယ်ကောင်လောက်ရှိမယ်။
ကျန်တဲ့လူတွေက
မြင်းတွေနောက်က လျှောက်ပြီး
လိုက်လာကြတာ။
ကင်းပုန်းဝပ်စောင့်နေတဲ့
ဘန့်ဘွေးကုန်းသားနဲ့ ထနောင်းကုန်းသားတွေက
မြားတစ်ပစ်လောက်ရောက်တော့မှ
ဒူးလေးတွေနဲ့ ပစ်ကြတာဗျို့။
ယမ်းမြားတွေက တအုန်းအုန်းထပြီးပေါက်ရောဗျို့။
ဒီမှာတင် ကျုပ်တို့ ခဲလောက်စာလုံးအဖွဲ့ကလည်း
လောက်လေးခွတွေနဲ့ မြင်းအုပ်ထဲကို
ပစ်ကြတာဗျို့။
ပထမတော့ ဓါးမြတွေက ခံတန်တန်လုပ်နေသေးတာဗျ
နောက်တော့ခဲလောက်စာလုံးတွေ
မိုးရွာသလို ရွာချတော့မှ ရှေ့မတိုးရဲတော့ဘဲ
မြင်းတွေက ဦးတည်ရာ ပြေးတော့တာဗျို့။
ကျုပ်တို့လည်း ဒီတော့မှ
ညာသံပေးပြီး ထွက်လိုက်ကြတာ။
လူတစ်ရာကျော်ရဲ့ အော်သံကြီးက ညဘက်မှာ
ဟိန်းထွက်လာတော့ ဓါးမြတွေဆိုတာ
ရှင်မတောင်ဘက်ကို တန်းပြေးသွားတာဗျို့။
နောက်ညမှာ ထနောင်းကုန်းသားတွေက
သရဲပေတလူကို မန်ကျည်းပင်အောက်မှာ
အစားအသောက်တွေ သွားကျွေးကြသဗျို့။
ပေတလူကို ကျွေးတော့မွေးတော့
ကျုပ်ကိုပဲ လုပ်ခိုင်းကြတာပေါ့ဗျာ။
ငှက်ပျောဖက်ထဲမှာ ထမင်းတစ်ပြည်ချက်နဲ့
အမဲသားတွေ ချက်လို့ဗျ။
“မန်ကျည်းပင်မှာနေတဲ့ ပေတလူဗျာ။
ခင်ဗျားကျေးဇူးကြောင့်
ကျုပ်တို့ထနောင်းကုန်းရွာသားတွေ
ဓါးပြရန်က လွတ်ခဲ့တာပါ ပေတလူဗျာ။
ဒီကျေးဇူးကိုတုန့်ပြန်တဲ့အနေနဲ့
ထမင်းနဲ့အမဲသားကို ကျွေးပါတယ် ။
ဆေးလိပ်လည်း အဆင်သင့်
မီးညှိပေးထားပါတယ် ပေတလူဗျာ။
စားပါ သောက်ပါဗျာ။စားပါသောက်ပါ”
မျက်ကွင်းဆေးရဲ့အစွမ်းကြောင့်
ကျုပ်က ပေတလူကြီးကို မြင်ရတာပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်တို့ ခပ်လှမ်းလှမ်းကသွားပြီး
ကြည်ကြရတာဗျ။
ပေတလူကြီးက မန်ကျည်းပင်ပေါ်ကနေ
ဇောက်ထိုးဆင်းလာတာဗျို့။
နည်းတဲ့အကောင်ကြီးမှ မဟုတ်တာဗျာ။
စားတော့တာပဲဗျို့။
ကျုပ်တို့ထနောင်းကုန်းသားတွေကျွေးတဲ့
ထမင်းတွေဟင်းတွေကို
အားရပါးရကို စားတာဗျ။
ထမင်းတွေ စားသောက်ပြီးတော့မှ
အဆင်သင့်မီးညှိပြီး
အုတ်ခဲကျိုးပေါ်မှာတင်ထားတဲ့
မစိန်ညွန်ဆေးပေါ့လိပ်ကြီးကို
သောက်တော့တာပဲဗျို့။
မီးကိုရဲကနဲ ရဲကနဲ နေအောင် ဖွာတာဗျို့။
ဒါကိုတော့ တခြားသူတွေလည်း မြင်ရတာဗျ။
“ဟာ ဆေးလိပ်သောက်နေပြီဟေ့
မီးကို ရဲကနဲ ရဲကနဲ နေတာပဲဟေ့”
ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်
လက်တို့ပြီးပြောကြတာဗျ။
တစ်ခါတော့ ကျုပ်တို့ရွာက အသက်နှစ်ဆယ်ကျော်
သုံးဆယ်လောက်ကာလသားတွေ
ဘောလုံးအသင်းဖွဲ့ပြီး မီးလောင်းကုန်းက
ကာလသားတွေနဲ့ ဘောလုံးကန်ကြရောဗျို့။
ကျုပ်တို့ရွာက ကာလသားတွေက
တစ်ရက်ကြိုပြီး
ပေတလူကို သွားပြောတယ်။
ဘောလုံးနိုင်အောင် လုပ်ပေးရင် ပေတလူကို
အမဲသားနဲ့ထမင်းကျွေးမယ်လို့ ပြောသဗျ။
ဘောလုံးပွဲကလည်း ရွာအနောက်က ဘိုးစုံတို့
ယာထဲမှာ လုပ်တာဆိုတော့ ပေတလူကြီးနေတဲ့
မန်ကျည်းပင်နဲ့လည်း သိပ်မဝေးဘူးပေါ့ဗျာ။
မီးလောင်ကုန်းကလူတွေဆိုတာ ဘောလုံးပွဲ
စတည်းက တဘုန်းဘုန်း လဲချည်းနေတာဗျ။
ကျုပ်တို့ ထနောင်းကုန်းဘက်ကို ဂိုးသွင်းဖို့
ဘောလုံးဆွဲလာပြီဆိုတာနဲ့ ဘိုင်းကနဲလဲတော့တာပဲဗျို့။
ဘောလုံးပွဲပြီးတော့ ကျုပ်တို့ ထနောင်းကုန်းက
ကိုးဂိုးဂိုးမရှိနဲ့ နိုင်တာပေါ့ဗျာ။
လောင်းကြေးကလည်း မနည်းဘူးဗျ။
အဲဒီညက ကာလသားတွေဆိုတာ
ပျော်ပြီးသောက်ကြစားကြနဲ့ ပေတလူကြီးကိုလည်း
ပေးထားတဲ့ ဂတိအတိုင်း အမဲသားနဲ့
ထမင်းကျွေးကြတယ်ဗျ။
ဒါပေမဲ့ ဒီသတင်းကို သူကြီးကြားသွားပြီး
ဘောလုံးအသင်းကို ခေါ်ယူပါလေရောဗျာ။
နောက်ကို ဒါမျိုးမလုပ်ဖို့ ရိုးရိုးသားသား
မကစားရင် ဘယ်တော့မှ ကစားခွင့်မပေးဘူးလို့
သူကြီးက ပြောတော့တာဗျ။
တစ်ခါကတော့ ပေတလူရဲ့ လက်ဝှေ့ပွဲဗျို့။
ညဘက်ဗျ။
အဲဒီညက လသာတယ်။ယာခင်းတွေထဲမှာ
လရောင်ကလင်းထိန်နေအောင် သာတာဗျ။
အံ့သြစရာပဲဗျို့။တစ်ရွာလုံးက ခွေးတွေ
ရွာမြောက်ဘက်ကို ပြေးထွက်ပြီး
ဝိုင်းဟောင်နေကြတာဗျို့။
ခွေးအကောင် တစ်ရာနီးပါး ဝိုင်းဟောင်နေတဲ့
အသံက ဆူညံနေတော့တာပေါ့ဗျာ။
“ဝုတ်…ဝုတ်…ဝုတ်.…ဝုတ်”
ရွာထဲမှာ ကျန်တဲ့ခွေးတွေကလည်း
နောက်ကျသွားမှစိုးတဲ့ပုံမျိုးနဲ့
ရွာမြောက်ပိုင်းကို ပြေးထွက်သွားကြတာဗျို့။
ခွေးတွေရဲ့ ဟောင်သံက မတူဘူးဗျ။
အကြောင်းအရာပေါ်မှာလိုက်ပြီး ကွာတယ်။
အခုဟောင်သံက သူတို့အတွက်
တော်တော်ကို ထူးခြားနေပုံပဲဗျ။
ရွာစည်းရိုးက တံခါးပိတ်ထားပြီလေဗျာ။
ဒီကောင်တွေ ရွာပြင်တော့ ထွက်လို့ မရဘူးဗျ။
ရွာစည်းရိုးအပေါက်ကနေ အပြင်ကိုချောင်းကြည့်ပြီး
ဟောင်နေတာဗျ။ရွာထဲကလူတွေကလည်း
ဘာဖြစ်မှန်း မသိတော့ မြောက်ပိုင်းကိုပြေးပြီး
စပ်စုကြတာပေါ့ဗျာ။
“ကိုကြီးတာတေ ကိုကြီးတာတေ”
ဟော ကျောက်ခဲဗျ။ဒီကောင်မြောက်ပိုင်းက
ပြန်လာပြီထင်တယ်။
“ကိုကြီးတာတေ ရွာအပြင်မှာ ဘာဖြစ်တယ်မသိဘူး”
“ဟေ…ဘာဖြစ်လို့တုန်းကွ ကျောက်ခဲရ”
“တစ်ရွာလုံးက ခွေးတွေမြောက်ပိုင်းကိုပြေးပြီး
စည်းရုံးကနေ အပြင်ကို ချောင်းကြည့်ပြီး
ဟောင်နေတာဗျ။ကျုပ်သစ်ပင်ပေါ်တက်ပြီး
ရွာပြင်ကို ကြည့်တောလည်း ဘာမှတော့ မမြင်ဘူးဗျ”
တကယ်တော့ ကျုပ်က မြောက်ပိုင်းကို
တစ်ခေါက်ရောက်ပြီးသားဗျ။
ကပျာကယာ အိမ်ပြန်လာပြီး မျက်ကွင်းဆေးကွင်းတာ။
အခု အိမ်ကထွက်တာက နောက်တစ်ခေါက်ထွက်လာတာ။
ကျောက်ခဲက ကျုပ်အခုမှ အိမ်ကထွက်လာတယ်ထင်ပြီး
ပြောနေတယ်။ကျုပ်မျက်နှာကွင်းဆေးပြန်ကွင်းတာကို
ဒီကောင်မသိဘူးလေဗျာ။
ကျောက်ခဲနဲ့ ကျုပ်နဲ့ မြောက်ပိုင်းရောက်တော့
စည်းရိုးနဲ့ ကပ်နေတဲ့ သရက်ပင်ကြီးပေါ်ကို
တက်ခဲ့ကြတယ်ဗျ။
ကိုင်းကြီးကြီးတစ်ကိုင်းကိုကူးပြီး ရွာပြင်ကို
လှမ်းကြည့်လိုက်တော့ ဟာ …သရဲကြီးနှစ်ကောင်
သတ်ပုတ်နေတာပဲကိုး ။ ဒါကြောင့် ခွေးတွေ
ဝိုင်းဟောင်နေတာဗျ။ခွေးတွေက နာနာဘာဝကို
မြင်ကြရတယ်လေဗျာ။
“ဝုတ်” “ဝုတ်” “ဝုတ်” “ဝုတ်” “ဝုတ်”
ခွေးဟောင်သံတွေ ဆူညံနေတဲ့ကြားမှာ
သရဲကြီးနှစ်ကောင်ကလည်း အသေအကြေကို
သတ်ပုတ်နေကြတာဗျို့။တစ်ကောင်က
ပုဆိုးကွက်တုံးကြီးနဲ့ ကျုပ်တို့ပေတလူကြီးဗျ။
နောက်တစ်ကောင်ကတော့
ဘယ်ကရောက်လာတဲ့ကောင်လည်း
မသိဘူး။ကြည့်ရတာကတော့
နယ်ကျွံလာတဲ့သရဲကြီးနဲ့
သတ်ပုတ်နေတာထင်ပါရဲ့ဗျာ။
ကျုပ်က မျက်ကွင်းဆေးကို နားတွေပါလိမ်းပြီး
ဒိဗ္ဗသောတ ဂါထာရွတ်ထားတော့
အသံပါ ကြားရတော့တာပေါ့ဗျာ။
“ဘုန်း” “ဘုန်း” “ဘုန်း” “ဘုန်း” “အီး” “အား”
သရဲကြီးနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်
အသေအလဲကို ထိုးကြိတ်သတ်ပုတ်နေကြတာဗျို့။
ဟော…တစ်ကောင် လဲသွားပြီဗျို့။
ဟာ…ပက်လက်ကြီးလန်ပြီး လဲသွားတာဗျ။
ပေတလူကြီးက အပေါ်က ကားယားကြီးခွစီးပြီး
လက်သီးနဲ့ တရစပ်ကို ထိုးနေတော့တာဗျို့။
“အား” “အား”
ဟော…အော်ပြီဗျို့။အောက်ကအထိုးခံရတဲ့
သရဲကြီးပါ။ ပါးစပ်ကြီးဖြဲပြီး အော်နေတော့တာဗျို့။
“ဘုန်း” “ဘုန်း” “အီး” “အား”
ဟော အောက်ကသရဲကြီးက အပေါ်ကပေတလူကြီးကို
ဆောင့်တွန်းပစ်လိုက်တာ။ပေတလူကြီးနောက်ကို
နှစ်လံသုံးလလောက်ကို လွင့်ထွက်သွားရောဗျာ။
ဟော ပြေးပြီ။ ပြေးပြီ ။ ပြေးပြီဗျို့။
အောက်က ရှုံးသွားတဲ့ သရဲကြီးက
ပေတလူကြီးကို ဆောင့်တွန်းလိုက်ပြီး
ပေတလူကြီးလွင့်ထွက်အသွားမှာ
ဖျက်ကနဲ ထပြီး ပြေးတော့တာဗျို့။
ဟာ လိုက်တယ်ဗျို့။လိုက်တယ် ။
ပုဆိုးကွက်တုံးကြီး ဝတ်ထားတဲ့ ပေတလူကြီးက
နောက်က ပြေးလိုက်သေးတယ်။
ဒါပေမဲ့ သူတို့မှာ နယ်ရှိပုံရတယ်ဗျ။
တစ်နေရာရောက်တော့ ပေတလူက
တုံ့ကနဲ ရပ်သွားပြီး ဆက်မလိုက်တော့ဘူးဗျ။
နယ်ကျွံလာတဲ့ သရဲကြီးက ပေတလူထက်တောင်
အရွယ်ကြီးသေးတာဗျ။
တစ်ကိုယ်လုံးအမွေးအမျှင်တွေ ဖုံးနေတာဗျ။
နည်းနည်းနောနော အကောင်ကြီး မဟုတ်ဘူးဗျ။
ဒါပေမဲ့ ကျုပ်တို့ ပေတလူက ဟိုကောင်ကြီးက
အသတ်အပုတ်သာပုံရတယ်ဗျ။
အဲဒီညက သရဲကြီးနှစ်ကောင်ရဲ့ လက်ဝှေ့ပွဲမှာ
ပေတလူ နိုင်သွားတာပေါ့ဗျာ။
“တာတေ ဘာမြင်တုံး”
လို့ ကျုပ်ကို ဝိုင်းမေးကြတယ်။
မပြောလို့လည်း မရတော့ ကျုပ်တစ်ယောက်
နှစ်ယောက်ကိုပဲ ခပ်တိုးတိုးပြောပြခဲ့တာဗျ။
ဒါပေမဲ့ ကျုပ်သိတာပေါ့ဗျာ။
တစ်ယောက် နှစ်ယောက်ပြောလည်း
တစ်ရွာလုံး သိမှာဆိုတာ။
ကျုပ်နဲ့ ကျောက်ခဲမြောက်ပိုင်းကပြန်တော့
ခွေးတွေပါ ပြန်လာကြတာဗျ။ဒီကောင်တွေက
ပွဲကြီးပွဲကောင်း ကြည့်လာရတာဆိုတော့
ကျေနပ်နေကြပုံပဲဗျ။မော့မော့မော့မော့နဲ့
ကိုယ်ဝိုင်းကိုယ် ပြန်ကြတော့တာပေါ့ဗျ။
တစ်ခါတော့ ဆောင်းတွင်းကြီးဗျ။
အေးလိုက်တာမှ အရိုးထဲအထိကို စိမ့်နေသလား
မှတ်ရတာဗျို့။ဘယ်လိုကဘယ်လို ဖြစ်တယ်တော့
မသိဘူးဗျ။ကျုပ်တို့ရွာက မြင်းကြီးတိမ်ညို
လွတ်သွားတာဗျို့။
အင်မတန်ဖြစ်ခဲတဲ့ အဖြစ်ပါဗျာ။
မနက်အစောကြီး ရွာတံခါးတွေဖွင့်တဲ့အချိန်မှာ
ထွက်သွားတာဖြစ်မယ်ဗျ။ညကတည်းက
မြင်းစောင်းက လွတ်နေတာ ဖြစ်လိမ့်မယ်။
ယာကွက်တွေထဲမှာ လိုက်ရှာတာလည်း
မတွေ့ဘူးဗျ။အနီးအနားရွာတွေမှာလည်း
စုံစမ်းလို့မရဘူး။
ဒီအနီးအနားရွာကလည်း တိမ်ညိုကြီးကို
မသိတဲ့သူ မရှိဘူးဗျာ။နောက်ဆုံးတော့
ကျုပ်တို့ရွာက လူတွေက တိမ်ညိုကြီးကို
ခိုးသွားတာလို့ပဲ ထင်ကြေးပေးကြတော့တာဗျ။
ဘယ်လိုမှ ကြံလို့ စည်လို့ မရတော့တဲ့အဆုံး
ကျုပ်ဆီကို ရောက်လာကြတော့တာပေါ့ဗျာ။
“တာတေရေ ကိုကြီးတို့လည်း တိမ်ညိုကို
ရှာဖွေကြတာ နှံ့နေပြီကွာ။ဘယ်မှာမှကို
မတွေ့တာကွ။မင်းမှာ အကြံရှိပြောစမ်းပါဦးကွာ”
ကျုပ်လည်း စဉ်းစားတယ်ဗျ။
မဖဲဝါကို ပင့်ပြီးမေးရင် ကောင်းမလားပေါ့ဗျာ။
ဒါပေမဲ့ မြင်းပျောက်တာကအစ
သူ့ကိုမေးလို့ မသင့်တော်မှန်း ကျုပ်တွေးမိတယ်။
နောက်တော့ ကျုပ်ခေါင်းထဲမှာ အကြံတစ်ခု
ရလာတယ်ဗျ။
“ဒီလိုလုပ်ဗျာ အမဲသားရရ ကြက်သားရရပေါ့ဗျာ
ဟင်းချက်ပြီး ထမင်းတစ်ပြည်ချက်နဲ့
ကျုပ်ပေတလူကို ပြောကြည့်စမ်းမယ်”
“အေး ကောင်းသားပဲကွ တာတေရ ။
အမဲသားတော့ မရှိဘူးကွ။ကြက်နှစ်ကောင်ချက်ပြီး
ကျွေးကွာ”
ကျုပ်ပြောတဲ့အတိုင်း မြင်းရှင်တွေက
လုပ်ပေးကြပါတယ်လေ။
တိမ်ညိုကြီးရဲ့ ပိုင်ရှင်ကို ခင်ဗျားမှတ်မိမှာပါ။
‘ကျောက်တလားချောင်း’ဝတ္ထုမှာ
တစ္ဆေကိုက်ခံရတဲ့လူလေဗျာ။
ညရောက်တော့ ထမင်းတောင်းလေး ထမ်းပြီး
ရွာနောက်ဘက်တံခါးက ထွက်ခဲ့တယ်။
ကျုပ်နဲ့ အတူတူ ရွာကကာလသားနှစ်ယောက်
ပါလာတယ်ဗျ။
ကျုပ်က ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ ထမင်းထုပ်ကို
ဖြည်ပြီး မန်ကျည်းပင်ကြီးအောက်မှာ
ထမင်းပွဲကြီး ပြင်လိုက်တယ်။
“ထနောင်းကုန်းရွာသူရွာသားတွေရဲ့
မိတ်ဆွေကြီးပေတလူဗျား။
ကျုပ်တို့ရွာက တိမ်ညိုလို့ခေါ်တဲ့ မြင်းကြီးတစ်ကောင်ဟာ
ပျောက်ခြင်းမလှ ပျောက်သွားလို့ပါဗျာ။
နေရာအနှံ့လိုက်ရှာပေမဲ့လည်း ဘယ်မှာမှ မတွေ့ဘူးဗျာ။
အဲဒီကိစ္စကို ပေတလူ ကူညီနိုင်ရင်
ကူညီပါဗျာ။ပေတလူစားဖို့
ထနောင်းကုန်းရွာသားတွေကိုယ်စား
ထမင်းဟင်းတွေကို ကျုပ်က လာပို့ပေးပါတယ်ဗျာ”
ကျုပ်က မျက်ကွင်းဆေး ကွင်းလာတာဗျ။
ပေတလူကြီး သစ်ပင်ပေါ်က ဇောက်ထိုးကြီး ဆင်းလာပြီး
ကျုပ်ယူလာတဲ့ ထမင်းတွေကို စားတယ်ဗျ။
ပြီးတော့ သူ့လက် နှစ်ဖက်နဲ့ မြင်းစီးသလို လုပ်ပြတယ်။
ပေတလူကြီး ဘာကိုပြောချင်မှန်းတော့ ကျုပ်မသိဘူးဗျ။
ဒါပေမဲ့ ကျုပ်ပြောတဲ့မြင်းကိစ္စကိုတော့ သူသိသွားတဲ့ပုံပဲဗျ။
စားသောက်ပြီးတာနဲ့ ပေတလူက ကျုပ် အဆင်သင့်ညှိပေး
ထားတဲ့ မစိန်ညွှန့်ဆေးပေါ့လိပ်ကြီးကို ဖွာနေပြန်ရောဗျ။
ပြီးတော့ သူ့လက်နှစ်ဖက်နဲ့ မြင်းစီးသလိုလုပ်ပြန်ရောဗျ။
ပြီးတာနဲ့ မန်ကျည်းပင်ပေါ်ကို
ဇောက်ထိုးကြီးတက်သွားပြန်ရောဗျို့။
ကျုပ်တို့လည်း ရွာထဲကို ပြန်လာခဲ့ကြတယ်။
ညသန်းခေါင်လောက်ရောက်တော့ …
“တာတေ တာတေရေ တာတေ”
” ဟဲ့ ဘယ်သူတုံး ညကြီးမိုးချုပ်”
“အရီး ကျုပ်တို့ပါဗျ။ဦးမြဒင်သားတွေပါ”
“သြော်…”
“ဟဲ့ တာတေ…မြဒင်သားတွေ နင့်ကို လာနှိုးနေကြလို့ဟဲ့”
အမေဝိုင်းထဲကို လှမ်းမေးနေကတည်းက
ကျုပ်နိုးနေတာဗျ။
“အမေ ကျုပ်နိုးပြီ”
“တာတေ နင် ဘာတွေ လုပ်ထားလို့တုံး”
အမေက ကျုပ်ကို စိတ်မချလို့ မေးတာဗျ။
“ကျုပ်က ကူညီတာပါအမေရ။သူတို့ မြင်းတိမ်ညိုကြီး
ပျောက်သွားလို့ ကျုပ်က အကူအညီတစ်ခု ပေးထားတာပါ”
“ဘာလဲ နင်မဖဲဝါကို မြင်းရှာခိုင်းတာလား”
“ဟာ မဟုတ်ပါဘူး အမေရ ။
မဖဲဝါ မဟုတ်ပါဘူး ပေတလူကြီးကို ရှာခိုင်းတာပါ”
“နင်ကတော့လေ တစ်ခုခုကိုမှ မပွေလီရရင်
နေနိုင်တဲ့ကောင် မဟုတ်ဘူးနော်”
ကျုပ်က ဝိုင်းထဲကို ပြေးဆင်းလာခဲ့တယ်။
“တာတေ တိမ်ညိုကြီး ရွာပြင်မှာ ပတ်ပြေးနေတယ်ကွ”
“ဟာ ဟုတ်လားဗျ။ဒါဆိုရင် ထွက်ပြေးဆွဲလိုက်တော့ပေါ့”
“ဟ…ငါတို့ မဆွဲရဲဘူးကွ ။ မင်းနဲ့ပေတလူနဲ့
ဘာတွေ ပြောဆိုထားမှန်းမှ မသိတာ။
တာတေရ”
“သြော် …ဒါကြောင့်လား ဒါဆိုရင် ခဏနေကြဦးဗျာ”
ကျုပ်က အိမ်ပေါ်ကို ပြေးတက်ပြီး မျက်ကွင်းဆေး
ကွင်းလိုက်တယ်။ပြီးတာနဲ့ ကျုပ် သူတို့နဲ့ လိုက်ခဲ့တာပေါ့ဗျာ။
တောင်ဘက်တံခါးကို ဖွင့်ပြီး ရွာပြင် ထွက်လိုက်တော့
ဟုတ်တယ်ဗျို့။တိမ်ညိုကြီးက ရွာပြင်မှာဒုန်းစိုင်ပြီး
ပြေးနေတာဗျ။ဟော အနောက်ဘက်ကနေ အရှေ့ဘက်ကို
ပြေးတာဗျို့။မြင်းပေါ်မှာ ပေတလူကြီး ထိုင်လို့ဗျ။
ပေတလူက မြင်းစီးနေတာဗျို့။
ဟော …ကျုပ်တို့နဲ့ နီးလာပြီဗျို့။
“ခွပ် ” “ခွပ်” “ခွပ်” ခွပ်”
ပေတလူက မြင်းစီးကောင်းဗျ။
မြင်းစီးလာလိုက်တာများ
တကယ့်ကို စစ်သူကြီးတစ်ယောက်ပဲဗျာ။
ဟော ရပ်လိုက်ပြီဗျို့။ကျုပ်တို့နှင့် မလှမ်းမကမ်းမှာ
ရပ်လိုက်တာဗျ။မြင်းပေါ်မှာ ခန့်ခန့်ကြီး ထိုင်နေတဲ့
ပေတလူက ဆံပင်ဖားလျားကြီးနဲ့ဗျ။
မျက်လုံးနီနီကြီးနှစ်လုံးကလည်း ပြူးထွက်လို့ဗျို့။
ပါးစပ်ထဲက လျှာနီနီကြီးက တွဲလောင်းကြီး
ကျနေတာဗျ။အပေါ်ပိုင်းမှာ ဗလာကျင်းပြီး
အမွေးအမျှင်တွေနဲ့ဗျ။အောက်ဘက်မှာတော့
ပုဆိုးကွက်တုံးကြီးနဲ့ဗျ။
ကျုပ်က ရှေ့ကို နည်းနည်းထွက်လိုက်တယ်။
“ပေတလူကို ကျေးဇူးတင်ပါတယ်ဗျာ”
ဟော …ဆင်းပြီဗျို့။
ဆင်းလိုက်ပြီဗျိုိ့။
ပေတလူကြီး မြင်းပေါ်က ခုန်ဆင်းသွားတယ်။
ဒါပေမဲ့ မသွားဘူးဗျ။
ကျုပ်ကို စိုက်ကြည့်နေတယ်။
ကျုပ်လည်း ပေတလူ ဘာပြောချင်တာလဲဆိုတာ
မတွေးတတ်ဘူးဗျ။ဒါနဲ့ပဲ…
“ပေတလူ တိမ်ညိုကြီးကို ဘယ်ကပြန်ရှာတွေ့ခဲ့တာတုံး”
ဟာ ဟုတ်သွားပြီဗျို့။
ပေတလူက အဲဒါကို ပြောပြချင်နေပုံပဲဗျို့။
ဟော ဟော ပေတလူက
ကျုပ်ကို အမူအရာလုပ်ပြတယ်ဗျ။
သူ့ခေါင်းပေါ်မှာ လက်ထောင်ပြတယ်။
နားနှစ်ဖက်မှာ လက်တွေကပ်ပြတယ်ဗျ။
ဟော ဟော သူ့ရှေ့မှာ လက်နှစ်ဖက်ကာပြတယ်။
ပေတလူ ဘာပြောချင်တာလဲ ဆိုတာ ကျုပ်တွေးနေတာဗျ။
သြော် သိပြီဗျို့။သိပြီ။ကျုပ်သိပြီ။တိမ်ညိုကြီးကို
နတ်ဖွက်ထားတာလို့ ပြောတာဗျ။
“ပေတလူကြီး တိမ်ညိုကို နတ်ဖွက်ထားတာ ဟုတ်လား”
လို့ ကျုပ်လှမ်းမေးလိုက်တော့ ပေတလူက
ဝမ်းသာသွားတဲ့ပုံနဲ့ ကျုပ်ကို ခေါင်းကြီးညိတ်ပြတယ်ဗျ။
သူခေါင်းညိတ်လိုက်တော့ သူ့ခေါင်းက ဖားလျားကြီးကျနေတဲ့
ဆံပင်တွေ ဖတ်လပ်ဖတ်လပ်နဲ့ ဖြစ်သွားတာဗျို့။
သူ့ပါးစပ်က တွဲလောင်းကျနေတဲ့ လျှာနီနီကြီးကလည်း
လှုပ်လှုပ်လှုပ်လှုပ် ဖြစ်သွားတယ်။
သူပြောချင်တာကို ပြောပြပြီးတော့မှ ပေတလူက
ကျေကျေနပ်နပ်နဲ့ ထွက်သွားတာဗျို့။
ကျုပ်က တိမ်ညိုကို ပြေးဆွဲလိုက်တယ်။
ပြီးတော့ သူပိုင်ရှင်တွေလက်ထဲ ပြန်အပ်ပေးလိုက်တယ်။
ဦးမြဒင်သားတွေကတော့ ဝမ်းသာသွားကြတာပေါ့ဗျာ။
“တာတေ မင်း ပေတလူကြီးကို တွေ့လိုက်လား”
ကျုပ်က ခေါင်းညိတ်ပြလိုက်တယ်။
“ပေတလူက မင်းကို ဘာပြောသွားတုံးကွ”
“တိမ်ညိုကို နတ်ဖွက်ထားတာလို့ ပြောသွားတယ်ဗျ”
“ဟာ…ဟုတ်လား ။ဒါ ဒါဆိုရင် ဘာလုပ်ရမှာတုံး တာတေ”
“ပေတလူက အဲဒါကို ပြောသွားတာဖြစ်မယ်ဗျ။
တိမ်ညိုက နတ်မြင်းအမျိုးအစားထဲက ထင်တယ်ဗျ။
ဒီတော့ တိမ်ညိုကို ပွဲတစ်ပွဲပြင်ပြီး နတ်အပ်လိုက်ဗျာ
ဆိုင်ရာပိုင်ရာနတ်ပေါ့ ကိုကြီးရာ”
“အေး အေး ဟုတ်ပြီ ။ တိမ်ညိုနဲ့ဆိုင်ရာပိုင်ရာနတ်ကို
ရည်ရွယ်ပြီး ပင့်လိုက်မှာပေါ့ကွာ။
မနက်ဖြန်ပဲလုပ်လိုက်မယ်ဟေ”
XXXXXXX
အညာနွေကတော့ ပူချက်ဗျာ။
ကျုပ်ဒီနေ့ ရေစည်တိုက်ရတယ်ဗျ။
ရေစည်တိုက်ပြီး ပြန်လာတော့ ထမင်းစားချိန်ပေါ့ဗျာ။
အမေချက်တဲ့ ဝက်ပုန်းရည်ကြီးဟင်းလေးနဲ့
ပဲကြီးဆူးပုတ်ဟင်းလေးစားပြီး မျက်လုံးလေးကလည်း
စင်းလာရောဗျို့။
ဝိုင်းထဲမန်ကျည်းပင်ကြီးအောက်က သစ်သားကွပ်ပျစ်ပေါ်မှာ
ဝါးဘိုးခြမ်းလေးခေါင်းအုံးပြီး နဂါးဆေးလိပ်ကလေး
ဖွာနေတာဗျ။ဆေးလိပ်တောင် သုံးလေးဖွာရသေးတယ်။
မျက်စိပိတ်ကျလာတော့တာဗျို့။
သောက်လက်စ ဆေးလိပ်တိုလေးကို ဆေးလိပ်ခွက်ကလေးထဲ
ထည့်ထားလိုက်ရတော့တာပေါ့ဗျာ။အညာနွေမှာ
တိုက်တဲ့လေကလည်း လေပူကြီးဗျ။
ဒါပေမဲ့ ကျုပ်တို့ကတော့ ရိုးနေပြီပေါ့ဗျာ
ပူလည်းအိပ်ပျော်တာပဲဗျ။
မနက်က ရေစည်တိုက်ထားတော့လည်း
ပင်ပန်းနေတာကိုး။ကျုပ် အိပ်မက် မက်တယ်ဗျ။
ဒီလောက် ပူအိုက်နေတဲ့ အချိန်ကြီးမှာကို
မက်တာဗျ။နေ့လည် အိပ်မက်ဗျ။ပေတလူကြီးကို
သစ်ပင်ကြီးတစ်ပင်မှာ ကြိုးနဲ့ တုပ်ထားတာဗျို့။
ပေတလူက ရုန်းနေတာဗျ။
နှုတ်ခမ်းမွေးကားကားနဲ့ လူကြီးတစ်ယောက်က
ကြိမ်လုံးကြီးတစ်လုံးနဲ့ ပေတလူကို ရိုက်နေတာဗျို့။
“ရွှမ်း”…”ရွှမ်း”…”ရွှမ်း”
လေထဲမှာ ကြိမ်လုံးဝေ့တဲ့အသံကိုတောင် ကျုပ်နားထဲမှာ
ကြားနေရတာဗျ။’ရွှမ်း’ဆိုတစ်ချက်ရိုက်လိုက် ပေတလူကြီးက
ကျောကြီးကော့သွားလိုက်နဲ့ပေါ့ဗျာ။
နှုတ်ခမ်းမွေးနဲ့ လူကြီးက လွယ်အိတ်ကြီးတစ်လုံးလည်း
လွယ်ထားသေးတာဗျ။ဒီလူကြီးက ပေတလူကို
ဘာအတွက် ဖမ်းပြီး ရိုက်ပုတ်နေတယ်ဆိုတာတော့
ကျုပ် နားမလည်ဘူးဗျ။
“အား …အီး…အား”
ပေတလူကြီး နာလွန်းလို့အော်တဲ့ အသံကြီးဗျ။
“ကိုကြီးတာတေ ကိုကြီးတာတေ”
ကျုပ် အိပ်မက်က လန့်နိုးသွားတယ်ဗျ။
ဒါပေမဲ့ ဝက်သားနဲ့ ပုန်းရည်ကြီးအရှိန်ရယ်
ဆူးပုတ်နဲ့ ပဲကြီးစားထားတဲ့ အရှိန်ရယ်
ပေါင်းပြီး မျက်စိဖွင့်မရအောင် တက်နေတာဗျို့။
“ကိုကြီးတာတေ”
“ဟေ”
ဒီတစ်ခါတော့ ကျုပ်မျက်လုံးတွေ ဖျက်ကနဲကို
ပွင့်သွားတာဗျို့။မပွင့်လို့လည်း မရဘူးလေဗျာ။
ဒီကောင်ကျောက်ခဲက ကျုပ်နားထိရောက်လာပြီး
အော်ခေါ်လိုက်တာဗျ။
“ကိုကြီးတာတေဗျာ။
နေ့ခင်းဘက်ကြီး အိပ်တာနှိုးလို့တောင် မရအောင်ကို
အိပ်တော့တာပါလား”
“ဟာ ကျောက်ခဲကလည်း ငါက အိပ်မက် မက်နေတာကွ”
“ဗျာ ။ အိပ်မက်ဟုတ်လား။ကိုကြီးတာတေရာ
ဒီလောက်ပူတဲ့အချိန်ကြီးမှာ ဘယ်ကအိပ်မက်လာ လာပြီး
မက်နေရတာတုံးဗျ”
“ပေတလူအိပ်မက်ကွ ကျောက်ခဲရ ”
“ဘာဗျ။ပေတလူအိပ်မက် ဟုတ်လား။ကျုပ်ဖြင့်
တစ်ခါမှ မကြားဖူးပါဘူးဗျာ။ဘယ်ပေတလူတုံး။
မန်ကျည်းပင်က ပေတလူလား။ဟိုတလောကလေးတင်
ပေတလူက တိမ်ညိုကို လိုက်ဖမ်းပေးသေးတာပဲ
မဟုတ်လားဗျ”
“အေးကွ ကျောက်ခဲရ။ငါ့အိပ်မက်ထဲမှာတော့
ပေတလူ ဒုက္ခရောက်နေတယ်ကွ”
“ဟင် ဘယ်လိုဖြစ်လို့တုန်း ကိုကြီးတာတေရာ”
“နှုတ်ခမ်းမွေးကားကားကြီးနဲ့ ဆရာကြီးတစ်ယောက်က
ပေတလူကို သစ်ပင်တစ်ပင်မှာ ကြိုးနဲ့တုပ်ပြီး
ရိုက်နေတာကွ”
“ဗျာ ဟုတ်လား ကိုကြီးတာတေ”
“အေးကွ ကျောက်ခဲရ။
ဒီအိပ်မက်သာမှန်ရင်တော့
ပေတလူကြီး ဒုက္ခရောက်နေပြီကွ
ဒါပေမဲ့လည်း နေ့ခင်းအိပ်မက်ဆိုတော့
ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ကွာ”
“ကိုကြီးတာတေ ထမင်းစားများသွားလို့
ဗိုက်တင်းပြီး မက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျ”
“ကျောက်ခဲရ ငါကြိုက်တဲ့ ဟင်းချက်တဲ့နေ့ဆိုရင်
ဗိုက်ကတော့ အမြဲတင်းနေတာကွ”
“ကိုကြီးတာတေနဲ့ စကားကောင်းနေတာနဲ့ ကျုပ်လာတဲ့
ကိစ္စတောင် မေ့သွားတယ်ဗျ”
“အေး ငါလည်း မင်းကို မေးမလို့ကွ။
ဒီလောက်နေပူနေတဲ့အချိန်မှာ ခေါင်းဆောင်းမပါ
ဘာမပါနဲ့ လျှောက်သွားနေတာ။
ဘာတွေအရေးကြီးနေလို့တုံး ကျောက်ခဲရဲ့”
“အရေးကြီးတယ်လို့တော့ မဟုတ်ပါဘူး
ကိုကြီးတာတေရာ။ ဒါပေမဲ့ နည်းနည်းထူးဆန်းနေလို့ဗျ”
“ဟေ ဘာတွေများ ထူးဆန်းနေလို့တုံးကွ ကျောက်ခဲရ”
“ရွာမြောက်ပိုင်းက ကိုမိုးညိုတို့ မနက်တို့ လင်မယားကို
သိတယ်မို့လား ကိုကြီးတာတေ”
“ဟ ကျောက်ခဲရဲ့။ထနောင်းကုန်း တစ်ရွာလုံးမှာ
မသိတဲ့သူရယ်လို့ ရှိမလားကွ။ကိုမိုးညိုတို့ အစ်မနက်တို့
ဘာဖြစ်လို့တုန်း”
“ဖျားတာဗျ။ဗိုက်တွေလည်းအောင့်လို့
အိပ်ယာထဲ လဲနေကြတယ်။ထမင်းဟင်းတောင်
ထမချက်နိုင်လို့ ကလေးနှစ်ယောက်ကို မနက်အမေက
လာခေါ်သွားရတယ်ဗျ”
“ဟာ ဆေးလေးဘာလေး မထိုးကြဘူးလားကွ။
မနေ့ကတောင် ဆေးထိုးဆရာ ကိုဘမောင်ကို
ငါမြင်လိုက်ပါသေးတယ်”
“ဆေးမှူး ကိုဘမောင်လည်း ဆေးထိုးတာပဲဗျ။
ခုထိမကောင်းသေးဘူး။အဲဒါထက် ဆိုးတာက
သူတို့အနီးအနားက အိမ်တွေမှာပါ သူတို့လိုပဲ
ဖြစ်ကုန်ကြတာဗျ”
“ဟေ…ဘယ်လိုကွ ကျောက်ခဲရဲ့”
“သူ့အရှေ့ဘက်က အိမ်လေးအိမ်။
သူတို့အနောက်ဘက်က အိမ်နှစ်အိမ်
သူတို့ပါဆိုရင် အိမ်ခုနှစ်အိမ်တိတိ
သူတို့ဖြစ်သလို လိုက်ပြီး ဖြစ်ကြတာဗျ”
“ဟာ ဒါတော့ မဟုတ်သေးပါဘူးကွာ”
“ဟုတ်ပါတယ်ဆိုဗျာ။
တဖြည်းဖြည်းကူးသွားတာ အားလုံးခုနှစ်အိမ်တိတိ
ဖြစ်လို့ဗျ။တစ်အိမ်မှာ တစ်ယောက်နှစ်ယောက်ပဲဖြစ်တာ
တစ်အိမ်လုံးဖြစ်တာတော့ မဟုတ်ဘူးဗျ”
“ဖျားပြီး ဗိုက်အောင့်တာပဲလား”
“ဟုတ်တယ်ဗျ။
တစ်အိမ်နဲ့တစ်အိမ် ဖြစ်တာတစ်ပုံစံတည်းပဲဗျ”
“အေးကွ ဆန်းတော့ ဆန်းနေတာပဲ”
“အဲဒါကြောင့် ဒီအကြောင်းကို ကျုပ်လာပြောတာပေါ့ဗျ”
“ဆေးမှူးကိုဘမောင်လည်း ကုနေတာပဲမို့လား”
“ကုနေတာပဲဗျ။ဒါပေမဲ့ ဘယ်သူမှ သက်သာမလာဘူး”
“ဆေးမှူးက ဘာပြောတုံး”
“ဒီမနက်ပဲ ဆေးမှူးက ပြောသွားတယ်တဲ့ဗျ။
မြို့ကဆေးရုံသွားတက်ကြဖို့တဲ့ဗျာ။သူကုလို့တော့
ပျောက်မှာမဟုတ်ဘူးတဲ့ဗျ”
“ဟာ အဲဒီလိုပြောလား။သူလည်းပြန်သွားပြီလား”
“မြို့ပြန်သွားပြီတဲ့ဗျ”
“ဟင် ဒါဆိုရင် ဘယ်လိုလုပ်ကြမတုံး”
“အဲဒါ ကျုပ်ပြောမလို့ဗျ။
ခုပဲ ကျုပ် မြောက်ပိုင်းရောက်ခဲ့တယ်။
ဗမာဆရာကြီးတစ်ယောက် ရောက်နေတယ်ဗျ”
“ဟေ…ဘယ်ကရောက်လာတာတဲ့တုံး”
“ဒါတော့ မသိဘူးဗျ။
ရွာထဲကို ဒီအတိုင်း ဝင်လာတာဆိုပဲ။
‘နေမကောင်းတဲ့သူတွေဘာတွေ ရှိသလား။
ကျုပ်က ဆေးဆရာပါ။
ဆေးဝါးကောင်းကောင်းကုတတ်ပါတယ်’လို့ ပြောသတဲ့ဗျ”
“ဟေ…ဟုတ်လားကွ”
“ဒါနဲ့ မြောက်ပိုင်းကလူတွေက ကိုမိုးညိုတို့
လင်မယားကစပြီး ခုနှစ်အိမ်တိတိဖျားနာပြီး
ဗိုက်တွေအောင့်နေတဲ့အကြောင်း ပြောပြတော့
ကျုပ်ကိုပြပါ။ကျုပ်ကုပေးပါမယ်လို့ ပြောသတဲ့ဗျ။
ဒါနဲ့ ဆေးဆရာကို ကိုမိုးညိုတို့ မနက်တို့ အိမ်ကို
အရင်ဆုံး ပင့်သွားတာဗျ”
“အဲဒီဆေးဆရာကို မင်းတွေ့ခဲ့လား။
ဘယ်လိုပုံစံတုံးကွ ကျောက်ခဲရ”
“အသားညိုညို လူကဂင်တိုတိုဗျ။
နှုတ်ခမ်းမွေးကားကားကြီးနဲ့ဗျ။
ဒါပေမဲ့ ဒီဆရာရဲ့ မျက်လုံးကြည့်ပုံတွေကို
ကျုပ်တော့ သိပ်မကြိုက်လှဘူးဗျာ”
“ဟေ…ဟုတ်လား ။ဘယ်လိုများ ကြည့်လို့တုံးကွ”
“တွေ့သမျှ လူတွေကို အကုန်လိုက်ပြီး
အကဲခတ်နေသလိုပဲဗျ။
သူ့မျက်လုံးတွေက ဂဏှာမငြိမ်ဘူး”
ကျောက်ခဲပြောတဲ့ နှုတ်ခမ်းမွေးကားကားကြီးနဲ့ဆိုတဲ့
စကားကိုကြားတော့ ကျုပ် နည်းနည်းတော့ အံ့သြသွားတယ်ဗျ။
ကျုပ် စောစောကမက်တဲ့ အိပ်မက်ထဲမှာ
ပေတလူကို ကြိုးတုပ်ပြီး ရိုက်နေတဲ့ လူကြီးကလည်း
နှုတ်ခမ်းမွေးကားကားကြီးနဲ့ပဲဗျ။
“မင်း အခြေအနေကို စောင့်ကြည့်ထားလေ ကျောက်ခဲရာ။
အဲဒီဆရာကုတာ သက်သာသလား။မသက်သာလား။
ပြီးတော့ ဒီဆရာက တခြားအကြံအစည်ရှိနေတုန်း
ဆိုတာကို အကဲခတ်ကြည့်ကွာ”
“ကောင်းပြီ။ဒီအတွက်တော့ စိတ်ချ ကိုကြီးတာတေ
မျက်ပြူးတို့ ခေါင်းကြီးတို့ကို ဆရာနဲ့ဝင်ရောပြီး
ဆရာခိုင်းတာတွေ လုပ်ပေးဖို့ ဆရာမေးတာတွေကို
သေသေချာချာ မှတ်ထားဖို့ ကျုပ်မှာပြီးပြီဗျ”
ကျုပ်တို့ရွာမှာ မျက်ပြူးတို့ ခေါင်းကြီးတို့ အဖွဲ့တွေက
ရှစ်နှစ်သားလေးတွေဗျ။ဒီကောင်တွေက
ဒီရွာမှာ အိမ်ပေါက်စေ့ရောက်နေကြတာဗျ။
ဘယ်အိမ်မှာ ဘာဖြစ်တယ်ဆိုတာ ဒီကောင်တွေ
အကုန်သိတယ်။ပြီးတော့ ဒီကောင်တွေက
ကျုပ်ကောင်ကျောက်ခဲတို့ သံမဏိတို့ရဲ့တပည့်တွေဗျ။
ကျောက်ခဲခိုင်းတာဆိုရင် ဘာမဆိုလုပ်ပေးတဲ့ကောင်တွေဗျ။
“အေး ကောင်းတယ် ကျောက်ခဲ ကောင်းတယ်”
ကျောက်ခဲ ပြန်သွားတော့ နေ့ခင်းကြောင်တောင်
ပူလောင်ကြီးမှာမက်တဲ့ ကျုပ်ရဲ့ အိပ်မက်အကြောင်းကို
ကျုပ်ဆက်တွေးနေတာဗျ။
နောက်နှစ်ကြာတော့မှ ကျောက်ခဲကျုပ်ဆီ ရောက်လာတယ်။
“ဘယ်လိုလဲကွ ကျောက်ခဲရဲ့။
မြောက်ပိုင်းက လူတွေနေကောင်းသွားကြပြီလားကွ”
“အဲဒါ ပြောမလို့ လာတာဗျ။
အကုန်လုံး ကောင်းသွားကြပြီဗျ။
ဆရာက ဆေးနှစ်ခွက်ပဲ တိုက်ရသေးတာ။
အားလုံးကောင်းသွားကြရောဗျို့။
ပြီးတော့လည်း ဆရာတိုက်တဲ့ဆေး နည်းနည်းလေးဆိုပဲဗျ”
“သြော် ဒါကတော့ ကျောက်ခဲရယ်။
ဆေးကောင်းရင် သန်းခေါင်လို့တောင် ပြောကြတာပဲလေကွာ”
အခုဆရာကတော့ ဆေးတော်တော်စွမ်းတဲ့ဆရာပဲဗျ။
“နို့ ဒီဆရာက တည်းတော့ ဘယ်မှာတည်းတာတုံးကွ”
“ကိုမိုးညိုတို့ အရှေ့ဘက်ကပ်လျက်က
ဘိုးရင်မောင်ဝိုင်းမှာတဲ့ဗျ။
ဘိုးရင်မောင်တို့က အဘိုးကြီး
အဘွားကြီးလင်မယားနှစ်ယောက်ပဲ
နေတာဆိုတော့ ဆရာကို
သူတို့အိမ်မှာပင့်ထားတာဗျ။
ဟိုနေ့က ဖျားတဲ့အထဲမှာ
ဘိုးရင်မောင်ကြီးလည်းပါတာကိုး။
ကိုကြီးတာတေရဲ့”
“သြော် …အေး …အေး…ဟုတ်တာပေါ့။
ဘိုးရင်မောင်တို့အိမ်က ဘယ်သူ့မှ ရှိတာမှ မဟုတ်တာ။
အိမ်ကလည်းကျယ်တာပဲလေ”
“ကျုပ်တို့ထနောင်းကုန်းသားတွေကတော့
ကိုကြီးတာတေ သိတဲ့အတိုင်းပဲလေဗျာ။
ဒီသတင်းမျိုးကြားလို့ကတော့ မရှိ ရှိတဲ့
ရောဂါကို သွားပြီးပြနေကြတော့တာပေါ့ဗျာ။
အခုဆိုရင် ဘိုးရင်မောင်ရဲ့အိမ်မှာ
လူကိုစည်လို့ဗျ။
လူများလို့ ထိုင်တောင်စောင့်နေရတာဆိုပဲ။
ဒီကြားထဲ တောင်ပိုင်းက ဘာဖြစ်လို့ဆိုပြီး
လာပင့်လိုက်။အနောက်ပိုင်းက ဘာဖြစ်လို့ဆို
လာပင့်လိုက်နဲ့ ဆရာဆိုတာ ထမင်းစားချိန်တောင်
မရပါဘူးဗျာ။ထမင်းကျွေးဖို့လည်း
ဟိုအိမ်က ဟင်းတစ်ခွက်ပို့။
ဒီအိမ်က ဟင်းတစ်ခွက်ပို့နဲ့ ဘုန်းကြီးပွဲလား
မှတ်ရတယ်ဗျို့”
ကျုပ်က ကျောက်ခဲပြောတာကို ခေါင်းညိတ်ပြီးတော့ပဲ
နားထောင်နေတာဗျ။နဂါးဆေးပေါ့လိပ်ကလေးလည်း
ဖွာလို့ပေါ့ဗျာ။
“ကျွိ ကျွိ ကျွိ ဟဲ့ …နွား ။
တယ် ။ ဒီနွား တည့်တည့်ဆွဲလေ။
ဟာ …ဘယ်တုံး ဖျန်း”
နွားလှည်းတစ်စီး မောင်းလာတဲ့အသံကို
ခပ်လှမ်းလှမ်းက ကြားနေရတာဗျ။
ဒါက ကျုပ်တို့အညာသားတွေ လှည်းမောင်းရင်
နွားငေါက်တဲ့ အသံလေဗျာ။
“နေဦးဗျ ကိုကြီးတာတေရ။
ဒီလှည်းက ဆရာကိုလာပင့်တဲ့လှည်းလားမသိဘူးဗျ။
ကျုပ် ကြည့်လိုက်စမ်းမယ်”
ပြောပြောဆိုဆိုနဲ့ ကျောက်ခဲက ဝိုင်းဝကို
ပြေးထွက်ပြီး လှည်းမောင်းတဲ့ဘက်ကို လှမ်းကြည့်တယ်။
ပြီးတာနဲ့ ကျုပ်ဘက်ကို လှည့်ပြီးလက်ယပ်ခေါ်တယ်ဗျ။
ကျုပ်လည်း ဝိုင်းဝကို ခပ်သုတ်သုတ်ထွက်ပြီး
မောင်းလာတဲ့လှည်းကို မသိမသာကြည့်လိုက်တယ်။
“ကိုကြီးတာတေ ကြည့်ကြည့်
အဲဒါကျုပ်ပြောတဲ့ ဆရာဗျ”
ကျုပ်တို့ဝိုင်းရှေ့က လှည်းဖြတ်သွားတော့
လှည်းပေါ်က နေကထိုင်ဖျာလေးပေါ်မှာ
တင်ပလ္လင်ခွေထိုင်လျက်ပါသွားတဲ့
ဆရာကို ကျုပ်ကြည့်လိုက်တယ်။
လည်ကတုံးအင်္ကျီအဖြူပေါ်ကနေ
တိုက်ပုံအင်္ကျီ ခပ်ညိုညိုတစ်ထည်ဝတ်လို့
ပုဆိုးကလည်း ခပ်ညိုညိုအကွက်ကလေးနဲ့ဗျ။
ခေါင်းမှာတော့ ကျေးတစ်ရာဆင်လို့ခေါ်တဲ့
ပုဝါလေးကိုပေါင်းလို့ဗျ။
ဒါပေမဲ့ ဆံပင်က သျှောက်မဟုတ်ဘူး။
ဘိုဆံတောက်ပဲဗျ။
ထူးခြားတာက နှုတ်ခမ်းမွေးကြီးဗျ။
နှုတ်ခမ်းမွေးကြီးတွေက ကားကားကြီးဗျ။
ကျုပ် ဒီလူကို မြင်ဖူးပါတယ်။
ဟာ …ကျုပ် ချက်ချင်းသတိရသွားတယ်ဗျို့။
ကျုပ်အိပ်မက်ထဲမှာ သရဲကြီးပေတလူကို
သစ်ပင်မှာ ကြိုးတုပ်ပြီး ကြိမ်လုံးနဲ့
ရိုက်နေတဲ့ လူရဲ့ပုံစံနဲ့ လှည်းပေါ်မှာပါသွားတဲ့ဆရာရဲ့
ပုံစံနဲ့က တစ်ပုံစံတည်းပဲဗျို့။
ကျုပ်မန်ကျည်းပင်အောက်က ကွပ်ပျစ်ကို
ပြန်လာခဲ့ပြီး နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်ကို
မီးညှိပြီးဖွာလိုက်တယ်။ကျောက်ခဲလည်း
ကျုပ်နောက်ကလိုက်လာပြီး
ကျုပ်ဘေးမှာ ဝင်ထိုင်လိုက်တယ်။
“ကိုကြီးတာတေ မြင်ပြီမို့လား
ဘယ်လိုအကဲခတ်မိတုံးဗျ”
“ဒီဆရာရဲ့ မျက်လုံးတွေက တစ်မျိုးပဲကွ။ကျောက်ခဲရ။
တစ်ခုကို ဖုံးကွယ်ထားသလိုပဲ”
“အဲဒါကြောင့် ကျုပ်ပြောတာပေါ့ ကိုကြီးတာတေရ။l
လူတွေကို အကဲခတ်လွန်းနေတယ်ဗျ”
“အေးကွ ကျောက်ခဲရ။
မင်းတော့အလုပ်ရှုပ်တော့မယ်ဟေ့”
“ဟာ…ပြောသာပြောပါဗျာ။
ကျုပ်က အလုပ်ရှုပ်မှာကို ကြောက်တဲ့ကောင် မဟုတ်ဘူးဗျ။
အလုပ်မရှိမှာကိုသာကြောက်တဲ့ကောင်ဗျ”
a”အေး…ငါပြောမယ်။ဒီဆရာမှာ အကြံတစ်ခုခုရှိတဲ့ပုံပဲကွ။
ဘာဆိုတာလည်း ငါလည်းမပြောတတ်ဘူး။
မင်းကိုငါ နှစ်ခုပြောမယ်”
“ပြောစမ်းပါ ကိုကြီးတာတေရာ”
“ဒီလိုကွ။ပထမတစ်ခုက ဒီဆရာရောက်မှ
ငါတို့ရွာတစ်ရွာလုံး
ဟိုလူနေမကောင်းလိုက် ။
ဒီလူဖျားလိုက် ။ဟိုလူဗိုက်အောင့်လိုက် ။
ဒီလူခေါင်းမူးလိုက်နဲ့ တစ်ရွာလုံးပတ်ပြီး
ဖြစ်နေတာကို မင်းသတိထားမိသလား”
“ဟုတ်ပါ့ဗျာ ကိုကြီးတာတေထောက်ပြတော့မှ
ကျုပ်မြင်တာဗျို့။ဟုတ်တယ်။မြောက်ပိုင်းမှာ
ခုနှစ်အိမ်ဆက်တိုက်နေမကောင်းဖြစ်တဲ့အချိန်မှာ
ဒီဆရာရောက်လာတာဗျ။ပြီးတော့ ဆေးမှူးကုလို့
မပျောက်တဲ့အချိန်မှာ သူဝင်ကုလိုက်တာ
ဆေးလေးတစ်ခွက် နှစ်ခွက်တိုက်ရုံနဲ့
ပျောက်သွားတာဗျ။ဒီမှာတင် ဒီဆရာက
ချက်ချင်းနာမည်ကြီးသွားပြီး သူ့သတင်းက
ကျုပ်တို့တစ်ရွာလုံးပျံ့သွားတာ။အဲဒီနောက်
ရွာတောင်ပိုင်းမှာဖြစ်လိုက် ရွာအရှေ့ပိုင်းမှာဖြစ်လိုက်
ရွာနောက်ပိုင်းမှာဖြစ်လိုက် အလယ်ပိုင်းမှာဖြစ်လိုက်နဲ့
နေမကောင်းတဲ့လူတွေဆိုတာ တစ်ရက်မပြတ်ပဲဗျ။
ဒီဆရာလည်း ကုလိုက်ရတာ
လက်မလည်အောင်ပါပဲဗျာ။
ဆေးကုခငွေတွေလည်း တော်တော်ရမှာပဲဗျို့”
“ဟာ…ရမှာပေါ့ကွာ။
ဒီလူက နာမည်တစ်လုံးရဖို့နဲ့
ငွေရှာဖို့ ဒီလောက်လွယ်နေတာ
ရိုးပါ့မလားလို့ ငါတွေးမိတယ်”
“ဟာ…ဟုတ်တာပေါ့ ကိုကြီးတာတေရာ”
“ပြီးတော့ မင်းကို ငါပြောချင်တဲ့ နောက်တစ်ခုက
ဟိုတစ်နေ့က မင်းလာတော့ နေ့ခင်းဘက်ကြီးအိပ်နေတုံး
ငါ အိပ်မက်မက်တယ်လို့ ပြောပါရောလား”
“ဟုတ်တယ်လေ။ကိုကြီးတာတေ ကျုပ်ကို ပြောသားပဲ”t
“အေး အဲဒီအိပ်မက်က ဘာအိပ်မက်လို့ မင်းထင်တုံး”
“ပေတလူကို ကြိုးတုပ်ပြီးရိုက်တာဆို
ကိုကြီးတာတေပြောတယ်လေ”
“အေး ဟုတ်တယ် ငါ့အိပ်မက်ထဲမှာ ရွာအနောက်ဘက်
မန်ကျည်းပင်မှာနေတဲ့ ပေတလူကြီးကို လူတစ်ယောက်က
သစ်ပင်မှာ ကြိုးနဲ့တုပ်ပြီး ကြိမ်လုံးနဲ့ရိုက်နေတာကွ”
“ပေတလူက ဒီလူကိုဘာမှ ပြန်မလုပ်ဘူးလားဗျ”
“ဟကောင်ရ လုပ်လို့မရလို့ ဖြစ်မှာပေါ့ကွ
ရိုက်တဲ့လူက တော်တော်ကို အစွမ်းထက်တဲ့
အောက်လမ်းဆရာတစ်ယောက်
ဖြစ်ချင်ဖြစ်နေမှာပေါ့ကွ”
“ဒါလည်း ဟုတ်တာပဲဗျ”
“အေး…အိပ်မက်ထဲမှာ ပေတလူကို ကြိုးတုပ်ပြီး
ရိုက်နေတဲ့ လူဟာ ဘယ်သူလို့မင်းထင်တုံး”
ကျုပ်မေးတော့ ကျောက်ခဲကမျက်လုံးလေး
ပြူးပြူးနဲ့ကျုပ်ကို ကြည့်ပြီး ခေါင်းခါပြတယ်ဗျ။
“တခြားမဟုတ်ဘူးကွ ကျောက်ခဲရ။
စောစောက လှည်းပေါ်မှာ ပါသွားတဲ့ဆရာပဲကွ”
“ဗျာ…ဟုတ်လား ကိုကြီးတာတေ”
“ဟုတ်တယ် ကျောက်ခဲ။ဒီလူမှ
ဒီလူအစစၸဲ”
“ဒုက္ခပါပဲဗျာ။
ကျုပ်တို့ရွာတော့ ဒုက္ခဖြစ်တော့မယ်ထင်တယ်”k
“ဟကောင် ကျောက်ခဲရ။
ဒုက္ခဖြစ်တော့မှမဟုတ်ဘူးကွ။ဒုက္ခက
အခုဖြစ်နေပြီလေကွာ။ရွာထဲကလူတွေ
တော်တော်များများမကျန်းမမာ ဖြစ်နေကြပြီလေ”
“ဒါဆိုရင် ဒီအတိုင်းကြည့်နေလို့တော့
မဖြစ်တော့ဘူးဗျ ကိုကြီးတာတေရဲ့”
“ဟုတ်တယ် ကျောက်ခဲ ။တို့ တစ်ခုခုတော့လုပ်မှဖြစ်မယ်
ဒါပေမဲ့ ဒီကိစ္စသိပ်လွယ်မှာတော့ မဟုတ်ဘူးကွ။
ပေတလူကို ဒီလူဘာလုပ်ထားသလဲဆိုတာ
ငါတို့မသိနိုင်ဘူးကွ။ဒီတော့ ဒီည မဖဲဝါကို မေးမှဖြစ်မယ်”
“ဟာ…လုပ်လေဗျာ။ကျုပ် ကြက်သွားဝယ်ရမလားပြော”
“နေဦး ကျောက်ခဲ ။တို့လုပ်တာတွေကို
ရွာထဲကလူတွေ သိလို့ မဖြစ်ဘူးကွ။
တို့ရွာသားတွေက ဒီဆရာကို လွှတ်ကြည်ညိုနေကြတာ
အခုနေတစ်ခုခုဖြစ်ရင်တောင် ဒီဆရာဘက်က
ရပ်တည်ကြမှာ”
“ဒါဆိုရင် ဘယ်လိုလုပ်မှာတုံး”
“ငါဒီည မဖဲဝါကိုမေးမယ်ကွာ။
ဒါပေမဲ့ ကြက်ဝယ်ဘာဝယ်လုပ်ပြီး
သင်္ချိုင်းထဲသွားမေးရင် တစ်ယောက်မဟုတ်
သိသွားမှာကွ။ပြီးတော့ ဒီဆရာမှာ အစွမ်းရှိရင်
သူလည်းသိသွားနိုင်တယ်။ဒီတော့ ငါ့ဟာငါပဲ
တခြားသူမသိအောင် မဖဲဝါကိုမေးလိုက်မယ်။
နောက်နေ့မနက်ကျရင် မင်းလာခဲ့ကျောက်ခဲ”
“ကောင်းပြီ ကိုကြီးတာတေ”
hကျောက်ခဲပြန်သွားတော့ ဒီအကြောင်းကို
ကျုပ် ဆက်တွေးတယ်ဗျ။ဒီဆရာကို
ကျုပ်က ဘာဖြစ်လို့ အိပ်မက်မက်ရတာတုံး။
ပြီးတော့ ဒီဆရာကပေတလူကို ဘာကြောင့်
ကြိုးတုပ်ပြီး ရိုက်ရတာတုံး။
အဲဒါကရော တကယ်လား။
ပေတလူကိုတကယ် ရိုက်ပုတ်နှိပ်စက်တာဆိုရင်တော့
ဒီလူဟာ အထက်လမ်းဆရာတော့ မဖြစ်နိုင်ဘူး။
အောက်လမ်းဆရာပဲ ဖြစ်မယ်ထင်တယ်။
အောက်လမ်းဆရာ ဟုတ်ရင်တော့
ကျုပ်တို့ရွာကို တစ်ခုမဟုတ်တစ်ခု
ဒုက္ခပေးတော့မှာ သေချာတယ်ဗျ။
ဒီကိစ္စ မဖဲဝါကို မေးမှရတော့မှာဗျ။
ဒါပေမဲ့ ခါတိုင်းလို ထမင်းတောင်းနဲ့ ထွက်လို့တော့
ဖြစ်မယ်မထင်ဘူး။ရွာထဲကလူတော်တော်များများက
ဒီဆရာကို လွှတ်ကြည်ညိုနေကြတဲ့အချိန်မှာ
ကျုပ်က ဒီဆရာကိစ္စ မဖဲဝါကိုပင့်ပြီး
မေးတယ်ဆိုရင် ရွာနဲ့ ကျုပ်နဲ့ ပြဿနာ
ဖြစ်လာနိုင်တယ်ဗျ။
ကျုပ်တို့တောသူတောင်သားဆိုတာကလည်း
အခက်သားလားဗျာ။လူတစ်ယောက်ကို
အထင်ကြီးမိပြီဆိုရင် ဘာကိုမှသိပ်စဉ်းစားတော့တာ
မဟုတ်ဘူးဗျ။ညအိပ်ရာဝင်တော့
မဖဲဝါ ကျုပ်ကိုပေးထားတဲ့
ကိုယ်တူကိုယ်ခွဲအရုပ်ကလေးကို
လက်ထဲမှာ ဆုပ်ထားပြီးတော့
မဖဲဝါကို ကျုပ်က အကြောင်းပြုလိုက်တယ်။
“သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ။
ကျုပ်တို့ရွာမှာ ဆရာတစ်ယောက်ရောက်နေတယ်ဗျ။
ဒီလူကို ကျုပ် သိပ်မသင်္ကာဘူးမဖဲဝါ အဲဒါ ဒီလူအကြောင်းကို
ကျုပ်သိချင်လို့ပါ။ကျုပ်ကို မဖဲဝါပြောပြပေးပါ”
ကျုပ်က မဖဲဝါအရုပ်ကလေးကိုကိုင်ပြီး
မဖဲဝါကိုစိတ်ညွှတ်ပြီး တမ်းတလိုက်တယ်ဗျ။
“ဝူး ဝူး ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ”
ကျုပ်နားထဲမှာ တော်တော်ဝေးဝေးနေရာတစ်ခုကနေပြီး
မဖဲဝါရဲ့ ခွေးနက်ကြီးအူတဲ့အသံကို
ကျုပ်ကြားလိုက်ရသလိုပဲဗျ။
ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ မဖဲဝါအရုပ်ကလေးက
ဆတ်ကနဲ တုန်သွားတယ်ဗျ။အရုပ်ကလေးကို
ခေါင်းအုံးအောက်မှာထားပြီး ကျုပ်အိပ်လိုက်တယ်။
ကျုပ်အိပ်ပျော်သွားတော့ အိပ်မက်မက်တယ်။
လေတွေ တဝူးဝူးတိုက်နေတဲ့ နေရာပေါ့ဗျာ။
ကျုပ်ရှေ့မှာ တစ်ပင်လုံး အဝါတွေပွင့်နေတဲ့
ဆယ့်နှစ်ရာသီပင်ကြီးဗျ။
လေတွေ ဘယ်လောက်တိုက်တိုက်
ဆယ့်နှစ်ရာသီပင်ကြီးကတော့
အရွက်ကလေးတစ်ရွက်တောင် မလှုပ်ဘူးဗျ။
ဟော မဖဲဝါပေါ်လာပြီဗျို့။
ဆယ့်နှစ်ရာသီပင်ကြီးရဲ့ နောက်ဘက်က
ထွက်လာသလိုလို လေထဲကပေါ်လာသလိုလိုပဲဗျ။
ကျုပ်နဲ့ရွယ်တူလောက်ရှိမယ့်
ကောင်မလေးတစ်ယောက်ပုံပေါ့ဗျာ။
ထဘီက သရက်ထည်လုံချည်လေးနဲ့ဗျ။
အပေါ်မှာတော့ ခါးတောင်းအင်္ကျီဝါဖျော့ဖျော့လေး
ဝတ်ထားတယ်။နားရွက်ရဲ့အပေါ်မှာ
ဆယ်နှစ်ရာသီအဝါလေးတစ်ပွင့်ပန်ထားတယ်ဗျ။
“တာတေ နင်တို့ရွာကို ရောက်နေတဲ့ဆရာက
ကိုးသင်္ချိုင်းအောင်ထားတဲ့ အောက်လမ်းဆရာ။a
ကိုးသင်္ချိုင်းစံညိုတဲ့။ဒီကောင်ပညာက
နည်းနည်းနှောနှောမြင့်တာ
မဟုတ်ဘူးဟဲ့။ဒါပေမဲ့ ဒီကောင်က
သူများသားပျိုသ္မီးပျိုကို ဖျက်ဆီး။
သူများမယားကို ကျူးလွန်နေတဲ့ အကောင်ဟဲ့။
ဒီတော့ဒီကောင်က အမြဲတမ်းစည်းပေါက်နေတဲ့
အယောင်ဆောင်ဆရာဟဲ့ တာတေရဲ့။
အခုလည်း နင်တို့ရွာမှာ သူကြိုက်တဲ့မိန်းမတွေ့ရင်
ဆေးဝါးတွေနဲ့လုပ်ပြီး ရအောင်ယူသွားမှာ။
ဒီကောင်က ရောက်လေရာမှာ
ဆေးကုတဲ့ဆရာဟန်ဆောင်ပြီး
ဆေးကုနေတာ။တကယ်တော့ ဒီကောင်က
သူရောက်တဲ့ရွာအနီးအနားက သရဲတစ်ကောင်ကို
သူ့ပညာနဲ့ဖမ်းချုပ်ပြီး ရွာထဲကလူတွေ
နေမကောင်းအောင် လုပ်ခိုင်းတယ်။
ပြီးရင် သူကရောဂါပျောက်အောင် အသာလေး
ကုပြလိုက်တယ်။သရဲတိုက်ထားတာကို
ဆေးကုရတာ လွယ်လွယ်လေးပါဟယ်။
အဲဒီလိုဆေးကုရင်း ရသမျှကိုယူတယ်။
ပြီးတော့ သူကြိုက်တဲ့မိန်းမ တွေ့ရင်
ဆေးဝါးနဲ့လုပ်ပြီး ယူတယ်။အခု ပေတလူကို
ဒီကောင်ဖမ်းချုပ်ပြီး ခိုင်းစားနေတာ။
ပေတလူက နင်တို့ရွာသားတွေကို သိပ်ခင်တာ။
ဒါပေမဲ့ ကိုးသင်္ချိုင်းစံညိုကိုကြောက်လို့
သူ ခိုင်းတာတွေတွေကို
လုပ်ပေးနေရတာဟဲ့”
“ဟာ ဒါဆိုရင် ဒီအောက်လမ်းကြီးကို
ဘယ်လိုလုပ်ရမှာတုံး”
“နင်မပူနဲ့ တာတေ ။ဒီကောင် ပေတလူကို
အစားကျွေးဖို့ မေ့နေတာ တစ်ပတ်ရှိသွားပြီ။
သရဲနဲ့အလုပ်လုပ်တဲ့လူက
သိပ်ဂရုစိုက်ရတာ။အဲဒီလို ကတိပျက်သွားရင်
သရဲက ပြန်သတ်လို့ရတယ်။
နင်သွားပြီး ပေတလူကိုလွှတ်ပေးလိုက်”
“ဗျာ။ ပေတလူက ဘယ်မှာတုံး မဖဲဝါ”
“သင်္ချိုင်းမြောက်ဘက်က ကုက္ကိုပင်ကြီးမှာ။
စံညိုက ခြေမန်းကွင်းစွပ်ပြီး ကြိုးတုပ်ထားတယ်။
နင့်ကို ဆရာကြီးတွေ ပေးထားခဲ့တဲ့ စမအင်းနဲ့
ပစ်လိုက်ရင် ပေတလူကို ချုပ်နှောင်ထားတာတွေ အားလုံး
ပြတ်ထွက်သွားလိမ့်မယ်။နင် ဘာမှလုပ်စရာမလိုဘူး။
စံညိုကို ပေတလူ သတ်လိမ့်မယ်။ဒီကောင်က
စည်း အကြိမ်ကြိမ်ပေါက်နေတဲ့အကောင်။
သူ့အတတ်သူစူးပြီး သရဲသတ်လို့သေမယ့်ကောင်ဟဲ့။
မနက်ဖြန်ညမှာ ပေတလူကိုခိုင်းဖို့
သင်္ချိုင်းထဲကို လူမသိအောင် လာလိမ့်မယ်။
ပေတလူရဲ့မန်ကျည်းပင်အောက် ရောက်တာနဲ့
သစ်ပင်ပေါ်ကပေတလူ ခုန်ချပြီး
စံညိုကိုသတ်လိမ့်မယ်”
ကျုပ်အိပ်မက်က လန့်နိုးသွားတယ်။
ပြန်အိပ်လို့လည်း ကောင်းကောင်းမပျော်တော့ပါဘူးဗျာ။
မိုးလင်းတာနဲ့ ကျုပ်ရဲ့ ဆေးလွယ်အိတ်ထဲမှာ
မဖဲဝါပြောတဲ့ စမအင်းကိုရှာတယ်။တွေ့တာပေါ့ဗျာ။
ဒီအင်းက ကျုပ်ကို ဆရာနွံဖပေးခဲ့တာဗျ။
ခုမှပဲ အသုံးဝင်တော့တယ်ဗျို့။
ညမိုးချုပ်တာနဲ့ ကျုပ်က ထမင်းထုပ်တစ်ထုပ်ကို
ဖွတ်ယူပြီး ထနောင်းကုန်းသင်္ချိုင်းထဲကို လာခဲ့တာဗျ။
ရွာထဲက လူခြေတိတ်တာနဲ့ မဖဲဝါပြောတဲ့ ကုက္ကိုပင်ကြီးကို
ကျုပ်သွားရှာတယ်။ဟုတ်ပါ့ဗျာ။ပေတလူကို
ကြိုးနဲ့တုပ်ထားတာဗျို့။ကျုပ်က မျက်ကွင်းဆေး
ကွင်းလာတာဆိုတော့ မြင်နေရတာပေါ့ဗျာ။
ပေတလူက ကျုပ်ကိုတွေ့တော့
အားကိုးတကြီးနဲ့ကြည့်နေတယ်ဗျ။
ကျုပ်က သူ့ကိုလက်ဟန်ခြေဟန်နဲ့ပြပြီး
ကျုပ် သူ့ကို လွတ်အောင်လုပ်ပေးမယ့်အကြောင်းပြောတယ်။
ပေတလူနားလည်တယ်ဗျ။
ကျုပ်က အချိန်မဆိုင်းတော့ဘဲ လက်ထဲမှာ အသင့်ကိုင်လာတဲ့
အင်းနှိုးပြီးသား စမအင်းနဲ့ပေတလူကို ပစ်လိုက်တယ်ဗျို့။
“ဝုန်း”
ဟာ’ဝုန်း’ဆိုတဲ့အသံကြီးနဲ့ အခိုးအငွေ့တွေထွက်လာတာဗျ။
ကျုပ်လည်းပေတလူကို မမြင်ရတော့ဘူး။
လွတ်ပဲ လွတ်သွားသလား။မလွတ်ဘူးလားဆိုတာ
ကျုပ်လည်း မပြောတတ်တော့ဘူးဗျ။
ခဏနေတော့ အခိုးတွေ တဖြည်းဖြည်း ပျယ်သွားတယ်။
ဟော တွေ့ပြီဗျို့။တွေ့ပြီ။
ပေတလူကြီးကို ကျုပ်တွေ့ပြီဗျို့။
ဟာ ပေတလူကြီး လွတ်သွားပြီဗျို့။
ကျုပ်ကို စိုက်ကြည့်နေတယ်။
ကျုပ်က အုတ်ဂူတစ်လုံးပေါ်မှာ
ထမင်းထုပ်ကိုဖြည်ပြီး ထားလိုက်တယ်။
“ပေတလူ ထမင်းနဲ့ဟင်းကို စားလိုက်ဦး။
ဆာနေရောပေါ့။အောက်လမ်းက
အစာမကျွေးဘဲ ခိုင်းထားတာ
တစ်ပတ်ကျော်ပြီမို့လား။
အောက်လမ်းကို ကြောက်စရာမလိုတော့ဘူး။
စားပေတော့။ပြီးတော့ ကျုပ်တစ်ခုပြောချင်တယ်။
အခု ဒီကောင်က ကျုပ်ဒို့ထနောင်းကုန်းရွာသားတွေကို
ဒုက္ခပေးတော့မှာဗျ။ဆေးကုချင်ယောင်ဆောင်ပြီး
မိန်းမရှာနေတာ။
ဒီလူ ကျုပ်တို့ကို ဒုက္ခပေးတော့မှပေတလူရဲ့”
ကျုပ်က ဒါလောက်ပဲပြောပြီး ပြန်လာခဲ့တာဗျို့။
ကျုပ်ဘာလုပ်လိုက်တယ်ဆိုတာ ကျုပ်တို့တစ်ရွာလုံး
မသိလိုက်ကြဘူးဗျ။လူမသိအောင် လုပ်ရတဲ့ကိစ္စဆိုတာ
တစ်ယောက်တည်းလုပ်မှ စိတ်ချရတာဗျ။
ဒါကြောင့် ကျုပ် ကျောက်ခဲကိုတောင်
ဘာမှမပြောတာ။ဒီကောင်ကတော့ လာမေးပါတယ်
ဒါပေမဲ့ ကျုပ်ကငါစဉ်းစားနေတုန်းကွ
ကျောက်ခဲရလို့ ပြောလိုက်ရတာဗျ။
အိမ်ပြန်ရောက်တော့ နဂါးဆေးပေါ့လိပ်ကလေး
တစ်လိပ်ကုန်အောင် သောက်ပြီး ကျုပ်အိပ်ရာဝင်ခဲ့တယ်။
ကျုပ်လည်း ပင်ပန်းနေတော့ တစ်ချိုးတည်းကို
အိပ်သွားတာဗျို့။
“ကိုကြီးတာတေ။ကိုကြီးတာတေ”
“ဟဲ့ တာတေ ။ နင့်ကို ကျောက်ခဲလာခေါ်လို့”
ကျောက်ခဲခေါ်သံရော အမေကျုပ်ကို
နှိုးတဲ့အသံရောကြားတော့မှ
ကျုပ်နိုးသွားတာဗျ။
အိပ်ရာက ကပျာကယာထပြီး …
“ဟေ့ကောင် ကျောက်ခဲ လာလေ”
လို့ ခေါ်လိုက်ရတယ်ဗျ။ဒီကောင်အိမ်ပေါ်ကို
လှေကားကနေ ပြေးတက်လာတာဗျို့။
“ကိုကြီးတာတေ ။ ဟို ဟိုဆရာ သေပြီဗျ”
“ဟေ…ဘယ်ဆရာတုံးကွ”
“ဟာ…ကိုကြီးတာတေကလည်းဗျာ။
ကျုပ်တို့ရွာသားတွေ လွှတ်ကြည်ညိုနေတဲ့
ဆေးဆရာကိုပြောတာဗျ။ပေတလူကြီးနေတဲ့
မန်ကျည်းပင်အောက်မှာ
လျှာတစ်လစ်ကြီးထွက်ပြီး သေနေတာဗျို့။
ပေတလူကြီးများ သတ်လိုက်တာလားမသိဘူးနော် ကိုကြီးတာတေ”
ကျုပ်က အံ့သြဟန်လုပ်ပြပြီး ပြောရတာပေါ့ဗျာ။
“ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ကျောက်ခဲရာ”
“ရွာထဲကလူတွေတောင် ဒီဆရာကို နည်းနည်းသံသယ
ဝင်ကုန်ကြပြီဗျ ကိုကြီးတာတေရ”
“ဟေ…ဘာဖြစ်လို့တုန်း ကျောက်ခဲရ”
“ညအချိန်မတော် တိတ်တိတ်ကလေးထပြီး
ရွာပြင်ကို ထွက်တာ မရိုးဘူးလို့ သူတို့ထင်နေကြတယ်ဗျ။
ပြီးတော့ ပေတလူက ကျုပ်တို့ရွာကို
စောင့်ရှောက်တဲ့သရဲလေဗျာ။
အခုသေတာကလည်း ပေတလူနေတဲ့
မန်ကျည်းပင်အောက်မှာ လျှာတစ်လစ်ကြီးထွက်ပြီး
သေနေတာဆိုတော့ ရွာထဲကလူတွေလည်း
စဉ်းစားကြတာပေါ့ဗျာ။လူတွေသွားကြည့်နေကြတာဗျ။
ကိုကြီးတာတေရော သွားမကြည့်ဘူးလား”
“ဟာ မကြည့်ချင်ပါဘူးကွာ။
သေသွားတော့လည်း သင်္ဂြ ိုဟ်လိုက်ရုံပေါ့ကွာ”
“ကိုကြီးတာတေပြောတာ နောက်တောင်ကျနေပြီဗျ။
သူကြီးအမိန့်နဲ့ သင်္ချိုင်းထဲမှာ မြေကျင်းတောင် တူးနေကြပြီဗျ”
ကျုပ်က ဘာမှပြန်မပြောတော့ဘဲ
နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်ကို
မီးညှိပြီး ဖွာနေလိုက်တော့တာပေါ့ဗျာ။
ပြီးပါပြီခဗျာ
စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
.ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့ အားပေးသွားပါအုံးဗျာ
Leave a Reply