အလှူဗြောသံ

“စားကြဗျာ၊ ဆိုင်းကလည်း သိပ်ကောင်း၊ ဦးလူလှသမီးကလည်း ကတာသိပ်ကောင်းတာပဲဗျာ၊ ကျုပ်တို့တော့ ဖြစ်နိုင်ရင် ဒီအငြိမ့်ကို မိုးလင်းပေါက်တောင်ကြည့်ချင်တာဗျ”

“အင်းဗျာ၊ အလှူရှင်တွေ ကျေနပ်တယ်ဆိုတော့ ကျုပ်တို့လည်း ကျေနပ်ပါတယ်၊ ဒါနဲ့ အလှူရှင်က ဘယ်သူတုန်းဗျ”

ရွာလူကြီး ဦးဖော့က ဟိုဟိုဒီဒီကြည့်ရင်း

“အလှူရှင်တွေ ပြန်သွားပြီထင်ပါ့၊ အလှူရှင်နာမည်က ကိုချစ်ချောတဲ့ဗျ”

“သြော်၊ ဒီလောက်အလှူကို လှူနိုင်တာ သာဓုခေါ်စရာပဲဗျာ”

“ပြောရရင်တော့ ခင်ဗျားတို့ယုံချင်မှယုံမယ် ဦးလူလှရေ၊ ချစ်ချောဆိုတဲ့လူက တံငါသည်ဗျ၊ တစ်သက်လုံးငါးပဲဖမ်းစားလာတာ”

ကျုပ်ဖြင့် ထမင်းစားရင်း အံ့သြသွားတယ်။

“ဗျာ၊ တံငါသည်က ဒီလောက်အလှူကို လှူနိုင်တယ်တဲ့လား”

“ဒါကြောင့် ပြောတာပေါ့ဗျ၊ ချစ်ချောဆိုတဲ့လူက အချိန်ပြည့်ငါးဖမ်း၊ ငါးထောင်၊ ပြီးရင် အရက်သောက်တယ်၊ မူးတယ်၊ မိန်းမကိုလည်း အမြဲနှိပ်စက်နေတဲ့လူဗျ၊ ဘာသာရေးဆိုတာလည်း ဘာမှန်းတောင်သိတဲ့လူမဟုတ်ဘူး”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဒီလူဘယ်လိုများပြောင်းလဲသွားပါလိမ့်ဗျာ”

“ဒီလူအသက်ငါးဆယ်ပြည့်တဲ့နေ့မှာ အင်းထဲရေနစ်ပါရောဗျာ၊ ရေနစ်တော့ ရေအောက်မှာပရလောကသားတွေ၊ ပြိတ္တာတွေ မြင်ခဲ့ရတယ်တဲ့ဗျ၊ နောက်တော့ သူ့အဖေနဲ့တွေ့တယ်၊ သူ့အဖေကလည်း တစ်ဘဝလုံးဘာမှမလုပ်ခဲ့လို့ ရေအောက်မှာ သရဲကြီးဖြစ်နေတယ်လို့ ပြောပြီး သူ့ကိုရေထဲကနေ ကုန်းပေါ်ပြန်တင်ပေးခဲ့တယ်ဆိုတာပဲဗျ”

“နေပါအုံး၊ သူ့အဖေက ဘယ်သူမို့လဲ”

“သူ့အဖေက တစ်ပွဲစား ဦးသံခဲပေါ့ဗျ၊ ဒါနဲ့ ချစ်ချောက သေရွာပြန်လာတယ်ဆိုပါတော့ဗျာ၊ အဲဒီမှာ အသိတရားရပြီး ဘုရားတရားတွေစလုပ်တောာ့တာပဲ၊ သုံးနှစ်လောက်ကြာတော့ အလှူပေးချင်တဲ့စိတ်ဖြစ်တယ်တဲ့ဗျာ၊ သူ့သားကိုလည်း ရှင်ပြုပေးချင်တယ်၊ ချစ်ချောက အသက်ကြီးမှ အိမ်ထောင်ကျပြီး သားသမီးရတာဆိုတော့ သူ့သားက ငယ်သေးတယ်၊ အဲဒီမှာ ထူးဆန်းတာဖြစ်တာပဲဗျာ၊ တစ်နေ့ ငါးကြီးတစ်ကောင် အင်းထဲကမိပြီး ဝမ်းကိုခွဲကြည့်တော့ ဝမ်းဗိုက်ထဲကနေ လောက်စာလုံးလောက်ရှိတဲ့ ကျောက်အပြာကြီးတွေ့သတဲ့ဗျာ”

“ဟာဗျာ၊ ထူးဆန်းလိုက်တာ”

“အဲဒီကျောက်အပြာကြီးကို မြိုင်သာက သူဌေးတစ်ယောက်ဆင်းဝယ်သွားတယ်၊ အဲဒီက ရတဲ့ပိုက်ဆံတစ်ဝက်ကို အခုအလှူလုပ်တာပဲဗျာ၊ ကျန်တဲ့ပိုက်ဆံတွေကိုတော့ သူတို့လင်မယား ယာလုပ်စားဖို့အတွက် ယာခင်းဝယ်လိုက်တယ်၊ အကုသိုလ်များတဲ့ တံငါအလုပ်ကို စွန့်လွတ်လိုက်ပြီဆိုပဲဗျ”

“ကောင်းလိုက်တာဗျာ၊ ကြားရတာ ကျက်သရေရှိလိုက်တာ၊ သာဓုပါဗျာ”

(၂)

အလှူနေ့ကြီးစပြီဆိုရင်ဖြင့် ဆိုင်းဆရာက လာတဲ့ဧည့်သည်တွေကို ဆိုင်းနဲ့ဧည့်ခံရတော့တာပဲဗျာ၊ ဆိုင်းအဖွဲ့က ညတုန်းက ညနက်မှ အိပ်ရပေမယ့် မနက်ကျတော့လည်း အစောကြီးကတည်းက ထရတာဗျ။ ဧည့်သည်တွေက မဏ္ဍပ်ထဲထိုင်ပြီး ဆိုင်းကြည့်ကြတာပေါ့၊ ထမင်းစားမယ့်သူကတော့ ထမင်းကျွေးရုံတွေဆီသွားပြီး ထမင်းစားကြတယ်၊ ပြီးရင် မဏ္ဍပ်ထဲဝင် ဆိုင်းလက်သံနားထောင်ပြီး ကွမ်းစား၊ ဆေးသောက်၊ လက်ဖက်ဝါးကြတာပေါ့ဗျာ။

“ဂျိန်း . . . ဂျလိမ်း”

အလှူက မစရသေးဘူးဗျာ၊ မိုးရိပ်လေရိပ်တွေ တက်လာတယ်ဗျာ၊ ကွေးကောက်အင်းကြီးထဲမှာ တိမ်မည်းတွေစုနေတယ်ဗျ၊ ရွာလူကြီးနဲ့ အလှူဦးစီးတဲ့လူတွေ ခေါင်းချင်းဆိုင်ကုန်ကြတာပေါ့ဗျာ၊

“မိုးသာရွာရင် မလွယ်ဘူးဗျို့”

“ဟုတ်ပါရဲ့ဗျာ၊ မဏ္ဍပ်ကလည်း စက္ကူတွေ၊ ပိတ်တွေနဲ့ဆောက်ထားတာဆိုတော့ မိုးရွာရင်ပျက်မှာပဲ၊ ထမင်းကျွေးရုံကလည်း အရိပ်ရအောင်ထန်းလက်တွေ တင်ထားတာပဲရှိတာ၊ မိုးလုံမှာမဟုတ်ဘူး”

“ဘာထူးလဲဗျာ၊ ထမင်းချက်တဲ့နေရာကလည်း ကွင်းကြီးထဲမှာ မိုးရွာရင် အကုန်ပျက်မှာဗျို့”

ရွာလူကြီးတွေက တိမ်တိုက်ကြီးကိုကြည့်ပြီးတော့ ပူပန်နေကြတာပေါ့ဗျာ။ ဦးလူလှက ပတ်လုံးတွေကိုပတ်စာတပ်ရင်းတော့

“ခင်ဗျားတို့ မိုးမတားဘူးလားဗျ၊ ကိုဖော့ရ”

“အိုဗျာ၊ ဒီလိုရာသီမှာ မိုးမရွာဘူးထင်လို့ပေါ့ဗျ၊ ခုတော့ မိုးတားရတော့မှာပေါ့”

ကိုဖော့ဆိုတာ ကွေးကောက်ရွာသူကြီးဗျ၊ ဒါနဲ့ မိုးတားဖို့လုပ်ကြတယ်၊ ပွဲတစ်ပွဲပေးပြီးတော့ ကြွေပန်းကန်ထဲ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး မိုးတားဖို့စီစဉ်တာပေါ့ဗျာ၊ ရွာထဲက သက်ကြီးဝါကြီး ဦးလေးကြီးတစ်ယောက်က မိုးတားနေကျဆိုတော့ သူကလုပ်ပေးမယ်ဆိုပဲ၊ မိုးတားတဲ့အခါ အဲဒီပန်းကန်ပြားထဲက ဖယောင်းတိုင်ကို မငြိမ်းအောင်ထားရတယ်၊ ဖယောင်းတိုင်ကို စောင့်ကြည့်နေပြီးတော့ တစ်တိုင်ပြီးတစ်တိုင် မီးမသေစေဘဲ လဲလှယ်ပေးရတယ်ဆိုပဲဗျ။

အဲဒီဦးလေးကြီးက ရွတ်ဖတ်ပြီးမိုးတားနေတဲ့အချိန်မှာပဲ အင်းထဲက လေကြမ်းတွေတိုက်လာပါရောဗျာ၊ လေဘယ်လောက်ကြမ်းသလဲဆိုရင် မိုးတားဖို့လုပ်ထားတဲ့ ကန်တော့ပွဲကြီးတောင်မှ လွင့်ထွက်သွားပါရော၊ ဒါပေမယ့် ထူးဆန်းတာက မဏ္ဍပ်မှာဆင်ထားတဲ့ ဖော့တွေနဲ့ ထမင်းကျွေးရုံက အကောင်းအတိုင်းပဲဗျ၊ လေက မိုးတားတဲ့အနားကိုပဲ ပတ်ကြမ်းတိုက်သွားတာ။

“ဟာ၊ ဒါမကောင်းဘူး၊ ကျုပ်တို့အလှူတော့ အဖျက်ဝင်ပြီဗျ”

“ဘယ်လိုလုပ်ကြမလဲဗျာ၊ တစ်ခုခုလုပ်ကြပါအုံး”

“တစ်ခုခုများ မှားသလားဗျာ၊ ခင်ဗျားတို့ လုပ်ကြစမ်းပါအုံး”

ရွာခံလူကြီးတွေ ခေါင်းချင်းဆိုင်ပြီးတိုင်ပင်ကြတယ်၊ ကျုပ်လည်း မဏ္ဍပ်ထဲ ရေနွေးထိုင်သောက်နေတဲ့ ဦးဘသာအနားကိုကပ်ပြီးတော့

“ဦးဘသာ၊ တစ်ခုခုတော့ဖြစ်နေပြီဗျ”

“အေး၊ မှားတော့မှားနေပြီကွ၊ တစ်ယောက်ယောက်ကတော့ မကျေမနပ်ဖြစ်နေပြီဟေ့”

ရွာလူကြီးတွေက အလှူကိုဟန်မပျက်ဆက်လုပ်ဖို့ ဆုံးဖြတ်တယ်၊ ဒါနဲ့ ဦးလူလှတို့က ဆိုင်းကိုတီးတော့တာပေါ့ဗျာ၊ ရွာခံတွေလည်း မိုးအခြေအနေမကောင်းပေမယ့် အလှူကိုတဖွဲဖွဲရောက်လာကုန်ကြတာပေါ့၊ ဦးဘသာက မတ်တပ်ရပ်ပြီးတော့

“အင်းထဲဖြစ်တာဆိုတော့ ဦးသံခဲအသိဆုံးဖြစ်မှာကွ၊ သူ့မေးကြည့်မှရမယ်”

ဒါနဲ့ ဦးဘသာနဲ့ကျုပ်လည်း အင်းစပ် လှေဆိပ်ကိုဆင်းလာခဲ့ကြတယ်၊ အင်းအစပ်နားရောက်တော့ လေတွေတဝူးဝူးနဲ့တိုက်ပြီး မိုးတွေလည်းမှောင်လို့ဗျ၊ တိမ်တိုက်ကြီးတွေကြားထဲမှာ လျှပ်စီးတွေလက်ရင်း တဂျိန်းဂျိန်းနဲ့အသံပေးနေပါရော၊ ရွာလူကြီးတွေ ပူလည်း ပူရှာမှာပေါ့ဗျာ။ လှေဆိပ်မှာလူရှင်းနေတယ်ဗျ၊ ဦးဘသာက ဆိပ်ကမ်းတစ်ခုမှာရပ်ရင်း ရေထဲကိုကြည့်ပြီးတော့

“ကဲ၊ တစ်ပွဲစား ဦးသံခဲ၊ ဒီကိုကြွလာစမ်းပါအုံးဗျာ”

မကြာခင် ဦးဘသာအရှေ့က ရေပြင်က ပွက်ခနဲထပွက်ပြီးတော့ ဦးသံခဲက ရေထဲပေါ်လာတာပဲဗျ၊ ရေထဲကနေ ကိုယ်တစ်ပိုင်းပေါ်လာပြီး ရပ်နေတယ်။

“ဒီမိုးတိမ်တိုက်တွေက ခင်ဗျားလုပ်တာလား”

ဦးသံခဲက ခေါင်းခါပြီးတော့

“ကျုပ်လုပ်တာမဟုတ်ဘူး”

“ခင်ဗျား အင်းအပေါ်မှာဖြစ်နေတာကို ခင်ဗျားမသိဘူးလား”

“ကျုပ်ဘာမှမသိဘူး၊ သူ့အလိုလိုဖြစ်လာတာပဲဗျ၊ ဒါပေမယ့် ထူးတော့ထူးဆန်းတယ်”

ဦးဘသာက မျက်မှောင်ကြုတ်ပြီးတော့

“ခင်ဗျားမသိဘူးဆိုတော့ ခင်ဗျားထက် တန်ခိုးရှိတဲ့လူက လုပ်တာနေမှာ”

ဦးဘသာက တိမ်တိုက်တွေကို သေသေချာချာစိုက်ကြည့်တယ်၊ ပြီးတော့ မျက်လုံးမှိတ်ပြီး အင်းကိုဖြတ်တိုက်တဲ့ လေတွေကို ရှူရှိုက်လိုက်တယ်ဗျ။

“စုန်းနံ့ရတယ်၊ မှော်နံ့ရတယ်”

“ဟာ၊ ဒါဆို စုန်းတစ်ယောက်ယောက်ကများ ဝင်နှောင့်နေတာများလား”

ဦးဘသာက ခေါင်းညိတ်တယ်။

“ဒါပေမယ့် စုန်းတွေက ဒီလိုမျိုးမိုးတိမ်တိုက်တွေလုပ်နိုင်လို့လား ဦးဘသာ”

“အဆင့်မြင့်တဲ့စုန်းတွေဆိုရင် လုပ်နိုင်တာပေါ့ကွ၊ သူတို့ရဲ့ပညာနဲ့ တိမ်တွေရွေ့လာအောင်၊ မိုးရွာကျလာအောင် လုပ်နိုင်တယ်၊ အလားတူပဲ မိုးခေါင်အောင်၊ နှင်းခါးကျအောင်လုပ်ပြီး ဒုက္ခပေးနိုင်သေးတယ်”

ဦးဘသာက မုတ်ဆိတ်မွှေးတွေကို ပွတ်လိုက်ပြီး

“ဦးသံခဲ၊ အင်းထဲမှာ စုန်းတွေဘာတွေရှိသလား”

ဦးသံခဲက ခေါင်းညိတ်တယ်ဗျ။

“ဟောဒီအင်းထဲက ညောင်ခြေထောက်ကျွန်းမှာ စုန်းမကြီးတစ်ယောက်ရှိတယ်”

ဦးဘသာလည်းခေါင်းညိတ်ပြီး

“ဒါဖြင့် ကျုပ်တို့ကိုအဲဒီကိုရောက်အောင် ပို့ပေးစမ်းဗျာ”

ဦးသံခဲက ရေထဲပြန်ဆင်းသွားတယ်ဗျ၊ ပြီးတော့ ကျုပ်တို့အရှေ့မှာ ရေအောက်ကနေ လှေကလေးတစ်စင်းဘွားခနဲပေါ်လာတယ်၊ ရေအောက်က ပေါ်လာတယ်ဆိုပေမယ့် လှေက ရေမစိုဘူးဗျ၊ ဦးဘသာက လှေပေါ်တက်ထိုင်လိုက်တော့ ကျုပ်လည်း လိုက်တက်ထိုင်ရတာပေါ့ဗျာ၊ ကျုပ်တို့ထိုင်ပြီးတာနဲ့ ဦးသံခဲက လှေပဲ့ပိုင်းမှာပေါ်လာတယ်ဗျ။

“သေသေချာချာကိုင်ထားကြနော်”

ကျုပ်လည်း လှေနံရံကိုကိုင်ထားလိုက်တယ်၊ ဦးသံခဲက ရေမျက်နှာပြင်ကို သူ့လက်နဲ့ထိလိုက်တာနဲ့ လှေက စက်တပ်ထားသလို ဦးမော့ပြီး ပြေးတော့တာပဲဗျာ၊ အင်းကြီးတစ်ခုလုံးလည်း လူသူရှင်းလို့ဗျ၊ အလှူနေ့မို့ အကုသိုလ်အလုပ်တွေ မလုပ်ဘူးထင်ပါ့၊ ကုက္ကိုကျွန်းကိုကျော်တော့ ကျွန်းပေါ်က ကိုဘသိန်းတို့ အရက်ဆိုင်ကလေးတောင်မှ ပိတ်ထားလို့ဗျို့၊ ကျုပ်အထင် ကိုဘသိန်းတို့လင်မယား အငြိမ့်ကိုက်ပြီး ရွာထဲက အိမ်မှာပဲအိပ်ဖြစ်တယ်ထင်တာပဲ။

မိုးတိမ်တွေအနားရောက်လာတာနဲ့ ပတ်ဝန်းကျင်က မှောင်အတိကျသွားတယ်ဗျ။ ဟိုးအရှေ့ ခပ်လှမ်းလှမ်းမှာ ကျွန်းကလေးတစ်ကျွန်းမြင်ရတယ်၊ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကလေးပေါ့ဗျာ၊ ကျွန်းပေါ်မှာတော့ ထန်းပင်ကြီးတစ်ပင်ရှိတယ်၊ ဒါပေမယ့် အဲဒီထန်းပင်ရဲ့ခါးလည်လောက်ကနေ ညောင်ပင်တစ်ပင်ပေါက်ပြီးတော့ ထောင်တက်နေတာဗျ၊ ဦးသံခဲက အဲဒီကျွန်းကိုလက်ညှိုးထိုးပြပြီးတော့

“အဲဒါ ညောင်ခြေထောက်ကျွန်းပဲ”

ပြောနေရင်း ကျွန်းအနားရောက်လာတာပဲဗျာ၊ ထန်းပင်အောက်နားမှာ တဲကုပ်ကလေးတစ်လုံးရှိတယ်၊ တဲကုပ်အရှေ့ မြေပြောင်ပြောင်မှာ အဘွားကြီးတစ်ယောက်က ခါးထောက်ရပ်နေပြီးတော့ မိုးပေါ်ကို မော့ကြည့်နေတာပဲဗျာ၊ ကျွန်းအနားမှာ ကျုပ်တို့လှေကလေးက တန့်ခနဲရပ်သွားတာပဲ၊ ဦးသံခဲလည်း မတွေ့တော့ဘူးဗျ၊ ဦးဘသာက အဘွားကြီးကိုလှမ်းကြည့်ပြီးတော့

“ဟေ့ မင်းလုပ်နေတာတွေ ရပ်တန်းကရပ်လိုက်”

ဦးဘသာအော်တော့မှ အဘွားကြီးက မိုးပေါ်ကိုမကြည့်တော့ဘဲ ဦးဘသာကိုလှမ်းကြည့်တယ်ဗျ၊ အဘွားကြီးက ဆံပင်တွေတစ်ခေါင်းလုံးဖြူနေတာပဲဗျာ၊ ဘီးဆံပတ်ကြီးပတ်ထားလို့ဗျ၊ အပေါ်က ချည်ထည်အပါးနဲ့ အောက်က ချည်ထမီကွက်ကြားကိုဝတ်ထားတယ်၊ ဦးဘသာကို စူးစူးစိုက်စိုက်ကြည့်ပြီးတော့

“အောင်မာ၊ ဟဲ့ကောင်၊ နင်လည်းပညာသည်၊ ငါလည်းပညာသည်ပဲ ကိုယ့်လမ်းကိုယ်သွား၊ ဝင်မရှုပ်နဲ့”

ဦးဘသာကလည်း လှေပေါ်ကနေပြန်အော်တယ်။

“ရွာထဲမှာ အလှူရှိတာ မင်းမသိဘူးလားကွ၊ သူများတကာ ကောင်းရာကောင်းမှုလုပ်နေတာကို မင်းကဘာလို့ ဖျက်ဆီးချင်နေရတာလဲ”

အဘွားကြီးက ခပ်ထေ့ထ့ရယ်တယ်ဗျ။

“အဟင်း၊ ဟင်း၊ ကောင်းရာကောင်းမှုလုပ်တာကို ဖျက်ရမှာ ကျုပ်တာဝန်ပဲလေတော့၊ ကျုပ်အလုပ်ကျုပ်လုပ်တာဆန်းသလား”

ဦးဘသာက တော်တော်ဒေါသထွက်ထွက်နဲ့ တောက်ခေါက်လိုက်တယ်။

“တောက်၊ ဒီကောင်မ အဖျက်မပဲ”

ပြီးတော့ အဘွားကြီးကိုလက်ညှိုးထိုးရင်း

“အေး၊ ကောင်းမှုလုပ်နေတာကို ဖျက်ရမှာက မင်းရဲ့အလုပ်ကို၊ မင်းလုပ်နေတဲ့ မကောင်းမှုကို တားဆီးရမှာကလည်း ငါ့အလုပ်ပဲဟေ့”

“တားစမ်း၊ တားစမ်း၊ တော် တားနိုင်ရင်တားစမ်း”

အဘွားကြီးက ကောင်းကင်ကိုပြန်မော့ကြည့်တယ်ဗျ၊ သူမော့ကြည့်လိုက်တော့ ကောင်းကင်ကြီးက တဖြည်းဖြည်းပိုမည်းလာပြီးတော့ ပိုမှောင်လာတယ်၊ နောက်ပြီး လေပြင်းတွေလည်း တဝူးဝူးနဲ့တိုက်လာတာပဲဗျာ၊ ဦးဘသာကလည်း လှေပေါ်မှာ မတ်တပ်ကောက်ရပ်လိုက်ပြီးတော့ ခါးထောက်ရင်း တိမ်တိုက်ကြီးကို စိုက်ကြည့်တယ်ဗျ။

လျှပ်စီးတွေ တဝုန်းဝုန်းလက်ပြီး ထစ်ချုန်းနေတဲ့ တိမ်တိုက်ကြီးက တဖြည်းဖြည်းကြီးထွားလာလိုက်၊ နောက်ပြီးတော့ တိမ်စိုင်တွေက ပြန်ပြီးကျုံ့ဝင်သွားလိုက်နဲ့ဖြစ်နေတယ်၊ ဒါကိုကြည့်ရတာ ဦးဘသာနဲ့ ဒီအဘွားကြီး ပညာပြိုင်နေတဲ့ပုံပဲဗျ၊ တိမ်တိုက်ကြီးက တဖြည်းဖြည်းနဲ့သေးသွားတယ်ဗျ၊ အဘွားကြီးက ဦးဘသာကိုတစ်ချက်လှည့်ကြည့်ပြီးတော့ တိမ်တိုက်ကိုပြန်စိုက်ကြည့်တယ်၊ ဒီတစ်ခါတော့ လက်ညှိုးနှစ်ချောင်းနဲ့ပါ ထိုးပြီး စိုက်ကြည့်တာပဲ၊ ဦးဘသာလုပ်လို့ သေးသွားတဲ့တိမ်တိုက်ကြီးက တစ်ခါပြန်ပြီးကြီးထွားလာပြန်ရောဗျို့၊ တိမ်တိုက်ကြီးက တဖြည်းဖြည်းကြီးလာပြီး သေးမသွားဘူးဆိုတော့ ဦးဘသာတစ်ယောက် မဟန်တဲ့ပုံစံပဲဗျ၊ တိမ်တိုက်က နောက်ဆုံးတော်တော်ကြီးလာပြီးတော့ မိုးတွေရွာချတော့တာပဲဗျာ၊ အဘွားကြီးက ဒေါသထွက်ထွက်နဲ့ မြေကြီးကိုဖနောင့်နဲ့ပေါက်နေတာပဲ။

“နင်တော်တော်ရှုပ်တဲ့အကောင်၊ နင်ငါ့အကြောင်းသိရမယ်”

ဦးဘသာကတော့ ပြီတီတီပဲဗျ။

“ဦးဘသာ၊ ဦးဘသာ ဘာလုပ်လိုက်တာလဲ”

“သြော်၊ သူ့တိမ်ကိုသေးအောင်လုပ်မရတော့ ပိုကြီးအောင်လုပ်ပေးလိုက်တာပေါ့ဗျာ”

မိုးစက်မိုးပေါက်တွေက ကျုပ်တို့ကိုလာမှန်တယ်ဗျ၊

“တိမ်တိုက်အရမ်းကြီးသွားရင် မိုးရွာတာမဆန်းပါဘူးကွာ၊ မိုးရွာရင် ဒီတိမ်တိုက်ကို သူလိုတဲ့နေရာကို ရွေ့မရတော့ဘူးကွ”

“သြော်၊ ဒါ့ကြောင့် ဘွားတော်ကြီး တော်တော်စိတ်ဆိုးသွားတာကိုး”

အဘွားကြီးက ခါးထောက်ရင်း

“ရွှေ့လို့မရတော့ဘူးလို့ ဘယ်သူပြောသလဲဟေ့”

ပြီးတော့ လေကိုတစ်ချက် ၀၀ရှူသွင်းလိုက်ပြီးတော့ ခါးကိုကုန်းပြီး တိမ်တိုက်ကြီးကို ရွာဘက်ကိုမှုတ်ထုတ်တော့တာပဲဗျာ၊ တိမ်တိုက်ကြီးက တဖြည်းဖြည်းနဲ့ရွေ့သွားတယ်ဗျ၊ ဒီတိမ်တိုက်ကြီးသာ ရွာဘက်ရောက်သွားလို့ကတော့ အလှူပျက်မှာ ကြိမ်းသေတယ်ဗျာ၊ ဦးဘသာက ညာဘက်လက်ဝါးကို ဖြန့်လိုက်ပြီးတော့ “ဟိတ်” ခနဲအသံပေးရင်း မိုးပေါ်က တိမ်ကိုလှမ်းဖမ်းတဲ့ဟန်လုပ်လိုက်တာနဲ့ မိုးတွေရွာချနေတဲ့ တိမ်တိုက်မည်းမည်းကြီးက ယူပြစ်လိုက်သလို ပျောက်သွားတော့တာပဲဗျာ၊ အံ့သြပါရဲ့၊ တိမ်တိုက်ကြီးပျောက်သွားတာနဲ့ နေက ပြဲနေအောင်ပူပါရော၊ ဒီတော့မှ အဘွားကြီးက နည်းနည်းမျက်နှာပျက်သွားတယ်။

“ဟဲ့ကောင်၊ နင်ဘယ်လောက်တတ်လို့လဲ၊ နင်နဲ့ငါနဲ့ ပြိုင်မလားဟဲ့”

ဦးဘသာက တဟင်းဟင်းနဲ့ရယ်မောရင်း

“လာစမ်းပါ၊ သာဒင်တို့က အချိန်မရွေး နေရာမရွေးဘူးဟေ့”

ပြောရင်းဆိုရင် ဦးဘသာက လှေပေါ်ကနေ ရေထဲကိုခြေထောက်လှမ်းချတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာရေနစ်သွားမှာစိုးတာနဲ့ လှမ်းတားလိုက်သေးတယ်၊ ဦးဘသာ ခြေထောက်တစ်ဖက်က ရေမျက်နှာပြင်ပေါ်ကိုကျတယ်ဗျ၊ ဒါပေမယ့် ရေလုံးဝမစိုတဲ့အပြင် ရေအောက်ကိုလည်း နစ်ဝင်မသွားဘူးဗျို့၊ ကျုပ်ဖြင့်အံံ့သြလို့ ပါးစပ်တောင်မပိတ်နိုင်ဘူးဗျာ၊ ဦးဘသာက ခြေထောက်နှစ်ဖက်စလုံး ရေမျက်နှာပြင်ပေါ်ကိုချပြီးတော့ ရေပေါ်မှာ မတ်တပ်ရပ်ပြတယ်၊ ပြီးတော့ ရေပေါ်မှာ ခြေလှမ်းလှမ်းပြတယ်ဗျာ၊ မသိရင် ရေမျက်နှာပြင်က ကြမ်းပြင်ကြီးလိုဖြစ်နေတာပဲ၊ ကျုပ်လည်း ဦးဘသာများ ရေကိုတစ်ခုခုလုပ်ထားသလားဆိုပြီး ရေထဲလက်နှစ်ကြည့်တာ ကျုပ်လက်က ရေအောက်ကိုနစ်ဝင်သွားတယ်ဗျာ။

ဦးဘသာက ရေထဲမှာ ဘယ်ပြန်ညာပြန်လျှောက်ပြရင်း

“ကဲ မင်းငါ့လောက်အစွမ်းရှိလို့လား၊ ငါ့လို ရေထဲလမ်းလျှောက်နိုင်လို့လား”

အဘွားကြီးက လက်ခုပ်လက်ဝါးတီးရင်း

“စိန်လိုက်လေ၊ ဟောဒီကလည်း စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်မယ့် မိချောတဲ့ဟေ့”

အဘွားကြီးက ရေထဲကိုဆင်းတယ်ဗျ၊ သူဆင်းတာလည်း ဦးဘသာလိုပဲဗျာ၊ ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ပြီး ဦးဘသာအနားကို ဘောက်ဆတ်ဘောက်ဆတ်နဲ့ရောက်သွားပါရော။ ဦးဘသာနဲ့ တစ်လံလောက်အကွာရောက်တော့ ဦးဘသာကို ခါးခါးသီးသီးနဲ့ စိုက်ကြည့်တယ်။ မျက်နှာပေးကတော့ နင်လျှောက်သလို ငါလည်းလျှောက်တတ်တယ်ဆိုတဲ့ မျက်နှာပေးနဲ့ပေါ့ဗျာ။

ဦးဘသာက ပြီတီတီနဲ့ကြည့်ရင်း

“ရေပေါ်လမ်းလျှောက်ရတာ လွယ်ပါတယ်ကွ၊ လူတစ်ယောက်ကို ရေထဲကျအောင်လုပ်ရတာက ခက်တာ”

အဘွားကြီးက မဲ့ရွဲ့ပြီးတော့

“ဘာခက်လည်း၊ ဘာများခက်လို့လဲတော့”

အဲဒီလိုပြောရုံရှိသေးတယ်၊ အဘွားကြီးက ရေထဲကိုဝုန်းခနဲနစ်ကျသွားပါရောဗျာ၊ ရေထဲနစ်သွားတော့ ယက်ကန်ယက်ကန်နဲ့ ကူးနေရှာတယ်၊ ဦးဘသာကတော့ မတ်တပ်ရပ်လျှက်ပဲဗျ၊

“တွေ့လား၊ မင်းကိုရေထဲကျအောင်ငါလုပ်လိုက်ပြီ၊ မင်းအစွမ်းရှိရင် ငါ့ကိုရေထဲကျအောင်လုပ်စမ်းပါ”

အဘွားကြီးက ရေထဲနစ်လိုက်ပေါ်လိုက်ဖြစ်နေပါရောဗျာ၊ ဦးဘသာက ရေထဲကိုတစ်ချက်ကြည့်ရင်း

“ကဲ ဦးသံခဲရေ၊ ဒီမိန်းမ ရေထဲရောက်ပြီဆိုတော့ ခင်ဗျားပိုင်တဲ့အပိုင်းဖြစ်သွားပြီ၊ ကျန်တာ ခင်ဗျားဆက်လုပ်လိုက်တော့”

အဘွားကြီးက ဆဲဆိုနေရင်း တစ်ယောက်ယောက်က ဆွဲချလိုက်သလိုမျိုး ရေအောက်ထဲကို ဝုန်းခနဲနစ်ကျသွားပြီးတော့ ပြန်မပေါ်လာတော့ဘူးဗျ၊ ဦးဘသာက လှေဆီကိုလမ်းလျှောက်လာပြီးတော့ လှေပေါ်ပြန်တက်တယ်၊ ပြီးတာနဲ့ လှေကသူ့အလိုလိုကွေ့ပြီးတော့ စွေ့ခနဲရွေ့ပြီးသွားတာပဲဗျာ၊ အချိန်သိပ်မကြာလိုက်ခင်မှာပဲ ကျုပ်တို့ ဆိပ်ကမ်းဆီကိုပြန်ရောက်ခဲ့သဗျ၊ ကျုပ်နဲ့ဦးဘသာလည်း အလှူဆီကိုပြေးလာခဲ့ကြတာပေါ့ဗျာ။

(၃)

အလှူရှင်တွေက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီးပြီဆိုတော့ ရှင်လောင်းလှည့်ဖို့အချိန်ပဲဗျ၊ တခြားအရပ်မှာတော့ ရှင်လောင်းလှည့််တယ်လို့ ခေါ်ပေမယ့် ကျုပ်တို့အရပ်မှာတော့ နတ်ပြတယ်လို့ခေါ်ကြတာများတယ်၊ နတ်ပြဖို့ဆိုရင် အရင်ဆုံး ရှေ့က ကာလသားနှစ်ယောက်က မောင်းကြီးထမ်းပြီးထွက်ရတယ်၊ အဲဒီအနောက်က အဘိုးကြီး၊ အဘွားကြီးတွေလိုက်ကြတယ်၊ အဘိုးကြီး အဘွားကြီးတွေအနောက်က မိန်းမတွေက ကန်တော့ပွဲတွေရွက်ကြတယ်၊ နတ်အတွက်ပြင်ထားတဲ့ ပွဲတွေရွက်ပြီးတော့ တန်းစီကြရတယ်၊ သူတို့အနောက်ကမှ ကွမ်းတောင်၊ ပန်းတောင်ကိုင်ထားတဲ့ ရွာကအချောဆုံးအလှဆုံး ကာလသမီးတွေက စီတန်းပြီးလိုက်ကြတယ်၊ ကွမ်းတောင်ပန်းတောင်ကိုင်တွေပြီးရင် သပိတ်လွယ်၊ သင်္ကန်းပိုက်ထားတဲ့ မောင်ရင်လောင်းမိဘတွေလိုက်ကြတယ်၊ ဒီအလှူက စုပေါင်းရှင်ပြုဆိုတော့ မောင်ရင်လောင်းမိဘတွေ တော်တော်များတာပေါ့ဗျာ။

အဲဒီနောက်ကမှ မောင်ရင်လောင်းတွေတင်ထားတဲ့ လှည်းတွေလိုက်ကြပါတယ်၊ တောရွာအလှူဆိုတော့ မြင်းတွေဘာတွေ မငှားနိုင်ကြသလို၊ မောင်ရင်လောင်းတွေကိုလည်း ရှင်ဘုရင်တွေလို လှလှပပမပြင်ဆင်ပေးနိုင်ကြပါဘူူး၊ သနပ်ခါးဝိုင်းဝိုင်းလူး၊ ပန်းပန်တာလောက်ပဲလုပ်ကြတာပေါ့၊ နောက်ပိုင်းခေတ်ကျတော့မှ မောင်ရင်လောင်းတွေကို မင်းလောင်းလိုပြင်ကြဆင်ကြ၊ မြင်းတွေငှားကြနဲ့ ချဲ့ကားလာခဲ့ကြတာ၊ နောက်တော့ ဆင်တွေဘာတွေနဲ့တောင် ငှားပြီးလှည့်ကြသေးတယ်။

မောင်ရင်လောင်းတွေနောက်မှာတော့ နှဲဆရာကိုမြကြီးရယ်၊ မောင်းဆိုင်းတီးတဲ့ ဘကြီးနောင်ရယ်၊ ကိုဗလက ခြောက်လုံးပတ်နဲ့၊ ငသောင်းက လင်းကွင်းတီးပြီးတော့ လှည်းတစ်စီးနဲ့ အတီးအမှုတ်လှည်းလိုက်တယ်ဗျ၊ အရင်ဆုံး ကွေးကောက်ရွာကို တစ်ပတ်ပြည့်အောင်ပတ်ကြတာပေါ့ဗျာ၊ ရွာကိုပတ်ပြီးတော့ ရွာထိပ်က အင်းအစပ်နားမှာ ဆောက်ထားတဲ့ နတ်ကွန်းရှေ့မှာ နတ်ပြကြမှာပေါ့ဗျာ။

“ဟာ၊ ကိုအလတ်ကောင် ဘယ်ရောက်နေတာလဲ”

ချိုတူးက ကျုပ်ကိုလှမ်းပြီးဆွဲခေါ်တယ်ဗျ၊ ခုနက မိုးတွေရွာထားတာဆိုတော့ ကျုပ်အဝတ်အစားတွေက စိုရွှဲလို့ပေါ့ဗျာ။

“ဟောဗျာ၊ အဝတ်အစားတွေလည်း ရေတွေရွှဲလို့ပါလား၊ မဟုတ်မှလွဲရော အင်းထဲမှာများ ရေဆင်းကူးခဲ့သလား”

ကျုပ်လည်း ဘာပြောရမှန်းမသိတော့ဘူး။

“အေးအေး၊ ရာသီဥတုက နည်းနည်းပူလို့ပါကွ”

ကျုပ်ဖြေတာကိုနားထောင်ပြီးတော့ ချိုတူးတစ်ယောက် ခေါင်းကုပ်လို့ဗျ၊ မောင်ရင်လောင်းလှည့််မယ်ဆိုတော့ ကျုပ်တို့လို လူပျိုတွေအဖို့ စိတ်ဝင်စားတာကတော့ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်တဲ့ အပျိုတွေပဲပေါ့ဗျာ၊ ကျုပ်လည်း ကွေးကောက်ရွာက အပျိုတွေချောမချောသိရအောင်လို့ ကွမ်းတောင်ကိုင်တွေအနားကိုအပြေးလာခဲ့တာပေါ့။

ဟောဗျာ၊ အနားကိုရောက်တော့မှ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲကြတာပဲဗျာ၊ ကွမ်းတောင်ကိုင်တွေကလည်း သွားခေါတဲ့လူနဲ့၊ ဗီုက်ပူဖင်ကောက်လူနဲ့၊ ဝါးခြမ်းပြားကို အဝတ်စပတ်ထားသလို ပိန်ချောင်နေတဲ့လူနဲ့၊ မျက်နှာမှာ ကျောက်ပေါက်မာဗလပွထ နေတဲ့သူ၊ မျက်လုံးပြူးပြူးနဲ့လူ၊ ဒီကြားထဲ မပြင်တတ်မဆင်တတ်နဲ့ နှုတ်ခမ်းနီကြီးကို ရဲလန်နေအောင်ဆိုး၊ မိတ်ကပ်တွေ ပြာနှမ်းနေအောင်ရိုက်ထားတဲ့သူနဲ့ အစုံပါပဲဗျာ၊ ကျုပ်နဲ့ချိုတူးလည်း အပျိုတွေကိုကြည့်ပြီးတော့ မှတ်ချက်တွေပေးကြ၊ ရယ်လိုက်မောလိုက်နဲ့ပေါ့ဗျာ၊ အပျိုတွေကလည်း ကျုပ်တို့ကို မျက်စောင်းတထိုးထိုးနဲ့ဗျ။

ဟော ရွာထိပ်ရောက်တာနဲ့ နတ်စင်အရှေ့မှာ ဖျာတွေခင်းပြီးတော့ ပါလာတဲ့ကန်တော့ပွဲတွေ၊ ပန်းအိုး၊ အမွေးရည်ခွက်၊ ကွမ်းတောင်၊ ပန်းတောင်တွေကိုချတယ်ဗျ၊ ပြီးတော့ မောင်ရင်လောင်းတွေကိုလည်း ဖျာတစ်ချပ်မှာ ထိုင်ခိုင်းပြီး နတ်ပြတာပေါ့ဗျာ၊ ရှင်လောင်းထိန်းက နတ်ပင့်ဖို့လုပ်တော့ ကိုဗလက ဒိုးပတ်တီး၊ ကိုမြကြီးက နှဲမှုတ်ပြီး နတ်ပင့်ကြတယ်။

ဒီအချိန်မှာပဲ အရပ်လေးမျက်နှာကနေ လေတွေတိုက်လာတယ်ဗျ၊ လေတွေမှ တော်တော်ကြမ်းကြမ်းကိုတိုက်တာပါ၊ ကွမ်းတောင်၊ ပန်းတောင်တွေဆိုရင် လေတိုက်ပြီးတော့ လဲကျကုန်တယ်၊ ရှင်လောင်းထိန်းဆို ဘာလုပ်ရမှန်းမသိတော့ဘူး၊ နတ်များမကျေနပ်တာလားဆိုပြီး နတ်စင်ကိုဖင်ကုန်းပြီး ကန်တော့တာပဲဗျို့၊

နောက်တော့ ရေစပ်ကနေ အဘွားကြီးတစ်ယောက် တက်လာတယ်ဗျ၊ တစ်ကိုယ်လုံးလည်း ရေတွေစိုရွှဲလို့ပေါ့ဗျာ၊ ဒီအဘွားကြီးကို သေချာကြည့်တော့မှ ခုနက မိချောဆိုတဲ့စုန်းမကြီးဖြစ်နေသဗျ၊ ကျုပ်လည်း ပြဿနာတော့တက်ပြီဆိုပြီး ဦးဘသာကြီးကို တနေမိတာပေါ့ဗျာ၊ တစ်ရွာလုံးက လူတွေကလည်း အဘွားကြီးကိုလှမ်းကြည့်ပြီးတော့ ကြောက်လန့်ကြတယ်။

“ဟာ၊ ဒေါ်မိချောကြီး”

“ဟာ၊ ဘွားမိချောကြီးလာတယ်ဟေ့”

မောင်ရင်လောင်းလှည့်လာတဲ့လူမှန်သမျှ ကြောက်လန့်ကုန်တာကိုကြည့်ရတာ ဒီဘွားတော်ကြီးက သိပ်ဆိုးပုံရတယ်ဗျ၊ သူကခါးထောက်ပြီးတော့ အလှူ့ရှင် ဦးချစ်ချောကိုပြောတယ်။

“ဟေ့ကောင်၊ ဒီအလှူကို ငါမကျေနပ်ဘူး၊ ဒီအလှူကို ငါခွင့်မပြုနိုင်ဘူး၊ ငါကန့်ကွက်တယ်”

ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်တော့ ဦးဘသာက ခပ်အေးအေးပဲ ကြည့်နေသဗျ၊ အလှူရှင် ဦးချစ်ချောက မတ်တပ်ထရပ်ပြီးတော့ မျက်ရည်တွေစီးကျလာတယ်။

“အမေ၊ သားအလှူလုပ်တာကို မတားပါနဲ့ဗျာ၊ သား ကောင်းမှုကုသိုလ်လုပ်တာကို မတားပါနဲ့”

“တားရမယ်၊ တားရမယ်၊ နင်ဒီလို ဘုရားတရားတွေလုပ်မနေပါနဲ့သားရယ်၊ အရင်လို သောက်သောက်စားစားနေစမ်းပါ၊ ငါ့သားငါးလိုရင် အမေ့ဆီလာတောင်းပေါ့၊ အမေပေးမယ်လေ”

“တိတ်စမ်း”

အသံနက်ကြီးတစ်ခုကြားလိုက်ရလို့ လူတွေအကုန်လှမ်းကြည့်လိုက်တော့ ရေစပ်မှာ ဦးသံခဲက မတ်တပ်ရပ်နေသဗျ၊ ရေက ဒူးလောက်နက်တဲ့နေရာမှာပေါ့ဗျာ။ ဦးသံခဲက ဒေါ်မိချောကို လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့

“မိချော၊ နင်ငါ့ကို ပြိတ္တာဖြစ်အောင်လုပ်တာ မဝသေးလို့၊ ငါ့သားကိုပါ ငရဲပြည်ဆွဲချမလို့လား”

ဒေါ်မိချောတွေဝေသွားတယ်။ ဦးသံခဲကဆက်လက်ပြီးတော့

“ငါသေပြီးတော့မှ ကန်စောင့်နတ်နဲ့တွေ့ပြီး ငါအသိတရားရတယ်၊ တစ်သက်လုံး ငါကောင်းမှုတစ်ခုမှ မလုပ်ခဲ့တာကို နောင်တရလို့မဆုံးဘူး၊ နင် သွန်သင်မဆံုံးမခဲ့လို့ ငါ့သားတစ်ယောက် ငါ့လိုအဖြစ်နဲ့ အပါယ်သွားရမှာကို ငါမလိုလားဘူး၊ ဒါကြောင့်မို့ ငါဒီကောင့်ကို အသိတရားရအောင်လုပ်ခဲ့တာပဲ”

ဒေါ်မိချော မျက်လုံးကြီးပြူးပြီး

“ဒါဆို ရှင် . . . ရှင်”

“ဟုတ်တယ်၊ ချစ်ချောကို ရေနစ်အောင်လို့ လှေပေါ်က ဆွဲချတာငါပဲ၊ ပြီးတော့ ရေကန်ထဲမှာ ကျင်လည်နေကြရတဲ့ မကျွတ်မလွတ်တဲ့ ပြိတ္တာဘုံသားတွေကို ငါလိုက်ပြခဲ့တယ်၊ ဒီကောင်ကြောက်တတ်ပြီးတော့ အသိတရားရသွားအောင် ငါလုပ်ခဲ့တယ်”

ဦးချစ်ချောက ငိုတော့တာပဲဗျာ၊

“သူအလှူလုပ်ချင်တာသိလို့ ငါးဖမ်းတဲ့အခါ သူရတဲ့ငါးရဲ့ ပါးစပ်ထဲကို ကျောက်ပြာနီလာ ထည့်ပေးခဲ့တာလည်းငါပဲ၊ တကယ်တော့ အဲဒီကျောက်က ကန်တော်ရှင်နတ်ဆီက ငါကအလှူအတန်းလုပ်ဖို့အတွက်ဆိုပြီး တောင်းပေးခဲ့တာပဲ”

တစ်ရွာလုံးလည်း အံ့သြနေတာပေါ့ဗျာ။

“မိဘဆိုတာ သားသမီးကို မွေးထားရုံနဲ့မပြီးဘူးကွ၊ သားသမီးကို သွန်သင်ဆုံးမပြီး လမ်းမှန်ပြဖို့လည်း အရေးကြီးခဲ့တယ်၊ ငါတို့က အဲဒီလိုမိဘနဲ့ဝေးခဲ့တော့ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာကို မသိခဲ့ရဘူး၊ သွန်သင်ဆုံးမမှုဆိုတာ မရရှိခဲ့ဘူး၊ ဒီတော့ အခုလို . . . အခုလို အင်းထဲမှာကပ်ပြီးနေရတဲ့ ပြိတ္တာသရဲကြီးဘဝကို ရောက်ခဲ့ရတာပဲ”

ဦးသံခဲပြောရင်း အသံတွေဆို့နင့်လာတယ်ဗျ။

“ဒီတော့ ငါ့သားကို ငါ့လို ပြိတ္တာမဖြစ်စေချင်ဘူး၊ နင့်လိုလည်း ငရဲအိုးဇောက်ထိုးကျမယ့်အဖြစ်ကို မဖြစ်စေချင်ဘူး၊ ငါ့သားသမီးကို ကောင်းရာကောင်းကြောင်း လုပ်ကိုင်စေချင်တယ်၊ ကောင်းရာမွန်ရာ ရောက်စေချင်တယ်၊ အဲဒါကြောင့် ငါသူ့အတွက်စီစဉ်ပေးခဲ့တယ်၊ အဲဒါ ငါမှားသလား မိချော”

ဒေါ်မိချောဘာမှမပြောနိုင်တော့ဘူးဗျာ၊

“မိချော၊ နင့်သားကို နင်ကောင်းစားစေချင်တယ်ဆိုရင် ဒီအလှူကို နင်မတားနဲ့၊ နင်ဝင်မရှုပ်နဲ့”

ဒေါ်မိချောကြီးက ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားတယ်ဗျ၊ ဒေါ်မိချောကို ကျုပ်တို့လိုက်ကြည့်နေတုန်း ဦးသံခဲကြီးလည်း ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ ဒီတော့မှ မောင်ရင်လောင်းတွေကို နတ်ပြပြီး ထမင်းခွံ့ကြတယ်၊ ပြီးတော့ ခပ်မြန်မြန်ပဲ ဘုန်းကြီးကျောင်းကိုဝင်ပြီးတော့ ငါးပါးသီလခံပြီး မဏ္ဍပ်ဆီကိုပြန်ခဲ့တာပေါ့ဗျာ၊

နေ့တစ်ဝက်လည်းကျိုးနေပြီဆိုတော့ မဏ္ဍပ်ရောက်တော့ အလှူကိုရေစက်ချတရားနာကြတာပေါ့၊ အလှူရှင် ဦးချစ်ချောတစ်ယောက် ရေစက်ခွက်ကိုင်ပြီး ငိုလို့မဆုံးပါဘူးဗျာ၊

“ကျုပ်လုပ်တဲ့ကုသိုလ်ကောင်းမှုကို အဖေနဲ့အမေ သာဓုခေါ်ပါဗျာ၊ သာဓုခေါ်နိုင်ပါစေဗျာ”

ဦးချစ်ချောကိုကြည့်ပြီး တစ်ရွာလုံးကလည်း မျက်ရည်တွေကျကြတော့တာပဲဗျာ၊ အလှူပြီးပြီဆိုတော့ ဆိုင်းအဖွဲ့က ဗြောတီးပြီး အလှူကိုအဆုံးသတ်ပေးလိုက်ပါတော့တယ်ဗျာ၊ မောင်ရင်လောင်းတွေကို ကျောင်းကိုပို့ကြတဲ့အချိန်မှာ ဦးလူလှတို့ ဆိုင်းအဖွဲ့ကတော့ ဆိုင်းပစ္စည်းတွေ သိမ်းဆည်းပြီးတော့ ဖြုတ်သိမ်းနေကြတာပေါ့ဗျာ။

ဆိုင်းအဖွဲ့မပြန်ခင် နောက်ဆုံးအနေနဲ့ မဏ္ဍပ်ထဲမှာပဲ စားပွဲခင်းပြီး ထမင်းကျွေးတယ်ဗျ၊

“ကဲ ကိုဘသာ၊ ကျုပ်တို့လည်း ဒီရွာကလှည်းတွေငှားပြီး နိဗ္ဗာန်ရွာပြန်တော့မယ်၊ ခင်ဗျားတို့ မလိုက်တော့ဘူးမဟုတ်လား”

“ဒါပေါ့ လူလှရာ၊ ကျုပ်တို့ မြကြီးပြောတဲ့ ရွှေတဆင်ရိုးလမ်းကနေ ပေတောရွာကို ဖြတ်တက်ကြမယ်”

ထမင်းစားနေရင်း တန့်သွားတာကတော့ ချိုတူးပဲဗျ၊ နောက်တော့ မျက်ရည်တွေပါကျလာတယ်။ ကျုပ်လည်း ခွဲရတော့မယ်ဆိုတော့ စိတ်ထဲတစ်မျိုးကြီးပဲဗျ။ ဒါပေမယ့်လည်း ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း

“ထမင်းဝိုင်းမှာ ငိုမနေပါနဲ့ချိုတူးရာ၊ တို့တွေက အဝေးကြီးသွားတာမဟုတ်ပါဘူးကွ၊ မင်းလည်းငါတို့ရွာကိုသိသားနဲ့၊ အချိန်ရရင် လာလည်ပေါ့ကွ”

ချိုတူးက ဘာမှမပြောတော့ဘူးဗျ၊ မျက်ရည်ပေါက်ကြီးငယ်ကျပြီးတော့ ငိုနေတော့တာပဲ။ ကိုမြကြီးက ထမင်းစားရင်း

“ဦးဘသာတို့ သွားမယ်ဆိုရင်လည်း မြန်မြန်သွားမှဗျ၊ ခုချိန်သွားရင်တောင် ပေတောရွာကို မိုးချုပ်လောက်မှ ဝင်နိုင်မှာဗျ”

“အေးအေး၊ ထမင်းစားပြီးတော့ သွားတာပေါ့ကွာ”

ကျုပ်လည်း ထမင်းဆက်မစားနိုင်တော့ပါဘူးဗျာ၊ စားနေတဲ့ထမင်းက အရသာမရှိတော့သလိုပဲ၊ ငညိုက ကလေးဆိုတော့ ဘာမှမသိဘူးဗျ၊ ခက်တာက ချိုတူးပဲ။

စားသောက်ပြီးတော့ မဏ္ဍပ်ထဲမှာလည်း သိမ်းတဲ့သူတွေကသိမ်းနေပြီဗျ၊ ဦးလူလှတို့ကတော့ လှည်းတွေစောင့်နေပုံရတယ်၊ ဦးဘသာက ရွာထဲအပ်ထားတဲ့ နွားဆယ်ကောင် ဆွဲယူလာခဲ့တယ်၊ ဦးလူလှက ကျုပ်တို့အနားကိုကပ်လာတော့ ဦးဘသာက ပြုံးရင်း

“ချိုတူးလေးကို သေသေချာချာကြည့်ရှုပေးပါကွာ၊ ဒီကောင်က လူကောင်သာကြီးပေမယ့် ကလေးစိတ်ဗျ၊ နောက်ပြီးတော့ ငညိုကလေးလည်းရှိသေးတယ်၊ ငညိုကတော့ လိမ်မာပါတယ်”

“စိတ်ချပါ ကိုဘသာရာ၊ ချိုတူးက ညကအငြိမ့်ထွက်တော့ သိပ်သင်စရာမလိုဘူးမဟုတ်လား၊ ငညိုကိုလည်း ကျုပ်ဆိုင်းပညာတစ်ခုခုသင်ပေးပြီးတော့ ပျိုးထောင်ပေးလိုက်ပါ့မယ်၊ စိတ်ချစမ်းပါဗျ”

“အေးကွာ၊ ဘာပဲပြောပြော သူတို့ကို ကျွေးမွေးပေးတာနဲ့တင် မင်းကိုကျေးဇူးတင်နေပါပြီ လူလှရာ”

“ရပါတယ် ကိုဘသာရာ၊ နောက်တော့ နိဗ္ဗာန်ရွာရောက်ရင် ဝင်ခဲ့ပေါ့ကွ၊ အလတ်ကောင်၊ မင်းလည်း အားရင်တို့ရွာကိုလာခဲ့ပေါ့”

ကျုပ်စိတ်ထဲ ငိုချင်သလိုလိုကြီးဖြစ်နေလို့ ဘာမှပြန်မပြောဘဲ ခေါင်းပဲညိတ်ပြလိုက်တယ်၊ ချိုတူးက မဏ္ဍပ်ထဲကနေထွက်လာပြီးတော့ ကျုပ်တို့ကိုကြည့်နေတယ်၊ နောက်တော့ ကျုပ်ဆီပြေးလာပြီး

“ကိုအလတ်ကောင်၊ ကျုပ်ကိုမထားခဲ့ပါနဲ့ဗျာ၊ ကျုပ်ကိုအလတ်ကောင်တို့ဆီကိုလိုက်ခဲ့မယ်”

ကျုပ်လည်း ချိုတူးကိုတွန်းထုတ်ရင်း

“သွားစမ်းပါကွာ၊ တို့အိမ်မှာလူများတယ်ကွ၊ မင်းအတွက်နေရာမရှိဘူး”

“အိုဗျာ၊ နေရာမရှိဘူးဆိုရင်လည်း ခွေးကတက်မှာဖြစ်ဖြစ် နေပါ့မယ်၊ ကျုပ်လိုက်ခဲ့မယ်”

“ဟေ့ကောင်ချိုတူး၊ မင်းငါတို့နဲ့လိုက်လို့ ဘာမှမဖြစ်လာမှာမဟုတ်ဘူးကွ၊ ငါတို့လို့ နွားတွေနဲ့ရွံ့ထဲဗွက်ထဲဖက်ရုန်းရတဲ့ တောင်သူလောက်ပဲဖြစ်မှာ၊ ဦးလူလှနဲ့နေရင် မင်းမှာတက်လမ်းအများကြီးရှိပါတယ်ကွ၊ နောက်ပြီး မင်းရဲ့ဝါသနာနဲ့ အံကိုက်ပဲမဟုတ်လား၊ ဦးလူလှတို့နဲ့ နေခဲ့နော်ကွ”

“မရဘူး၊ ကျုပ်လိုက်ခဲ့မယ်”

ကျုပ်လည်း ချိုတူးကိုဆောင့်တွန်းရင်း

“ဟေ့ကောင်၊ ထပ်လိုက်မလာနဲ့နော်၊ ထပ်လိုက်လာရင် မင်းကိုငါထိုးမှာနော်”

“ထိုးဗျာ၊ ထိုးဗျာ၊ လိုက်မှာပဲ”

ချိုတူးက အရှေ့တက်လာတော့ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ချိုတူးမျက်နှာကိုလက်သီးနဲ့ပိတ်ထိုးလို်က်တယ်ဗျာ၊ ကျုပ်လက်သီး အားပြင်းသလားမပြင်းလား ချိုတူးဆိုရင် တစ်ပတ်လည်ထွက်သွားပြီးတော့ မြေပေါ်ကိုခွေခနဲကျသွားတာဗျ၊ ကိုဗလက ပြေးဆွဲပေလို့သာပေါ့၊ ကျုပ်လည်း ဘာမှမပြောတော့ဘဲ နွားတွေကိုဆွဲရင်း မဏ္ဍပ်ရှေ့ကနေ ခြေလှမ်းကျဲကြီးနဲ့ထွက်လာခဲ့တယ်၊ အနောက်ကိုလှည့်မကြည့်တော့ဘူးဗျာ၊ ကျုပ်လှည့်ကြည့်လို့လည်းမဖြစ်ဘူးဗျ၊ လှည့််ကြည့်ရင် ကျုပ်မပြတ်သားကြောင်းပြသလိုဖြစ်သွားမယ်၊ ဟိုကောင်ချိုတူးက ကျုပ်အနောက်ကို ထပ်ပြေးလိုက်လာနေမှာဗျ၊ ကျုပ်အဝေးမရောက်ခင် ချိုတူးရဲ့ အသံပြဲကြီးနဲ့ သံကုန်ဟစ်ငိုတဲ့အသံကြိး ကြားလိုက်ရတယ်ဗျာ။

“ဟေ့ကောင်ခင်မောင်၊ မင်းလှည့်မကြည့်နဲ့၊ မင်းလှည့်မကြည့်စမ်းနဲ့၊ မင်းဆုံးဖြတ်တာမှန်တယ်”

ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေနှစ်သိမ့်ရင်း ဆက်လျှောက်လာခဲ့တာပေါ့ဗျာ။

သူများဘဝကောင်းစားစေချင်လို့ လက်သီးနဲ့ထိုးတယ်လို့ပြောရင် ခင်ဗျားတို့ယုံမလားဗျာ၊ အဲဒီလက်သီးချက်က ကျုပ်ဘဝမှာ အခံရအခက်ဆုံးလက်သီးချက်ပဲ၊ သူများကိုထိုးတယ်ဆိုပေမယ့် ထိုးတဲ့ကျုပ်က ပိုနာရတယ်ဗျ၊ လက်သီးထိပ်မှာ နာရတာမဟုတ်ဘဲ၊ ကျုပ်ရဲ့နှလုံးသားထဲမှာ တဆစ်ဆစ်နဲ့ နာကျင်နေရတာကိုပြောတာပါ။ ချိုတူးအကြောင်းပြန်တွေးလိုက်မိတိုင်း အဲဒီခံစားချက်၊ အဲဒီနာကျင်မှုကို ကျုပ်ပြန်သတိရနေတုန်းပါပဲ။

ချိုတူးက နောက်ပိုင်းတော့ နာမည်ကြီးတဲ့လူရွှင်တော်တစ်ယောက်ဖြစ်သွားတယ်ဗျ၊ လူရွှွင်တော်ချိုတူးဆိုတဲ့ နာမည်နဲ့ပါပဲ၊ ကွေးကောက်ရွာက ထွက်လာပြီးတော့ ကျုပ်တို့ထပ်မတွေ့ဖြစ်ခဲ့ကြတာ၊ နောက်ဆုံး ချိုတူးနဲ့ ရွှေမိ မင်္ဂလာဆောင်တော့မှပဲ တွေ့ဖြစ်ခဲ့ကြတယ်၊ ငညိုကလေးဆိုရင် ကျုုပ်တို့ကိုတောင် သေသေချာချာ မမှတ်မိချင်ဘူးဗျ။

ခုဆိုရင်တော့ နှစ်တွေတော်တော်ကြာခဲ့ပြီ၊ ငညိုကတော့ ဆိုင်းဆရာကြိးတစ်ယောက်ဖြစ်နေပြီ၊ ဦးလူလှရဲ့ အနုပညာအမွေကို ရခဲ့တယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့ဗျာ၊ ချိုတူးရဲ့သားလေးကတော့ ဇာတ်အဖွဲ့ထောင်ထားတယ်၊ သူလည်း သူ့ပရိသတ်နဲ့သူပါပဲ၊ ချိုတူးကတော့ မရှိတော့ပါဘူး၊ သူက ကျုပ်ထက်အရင်သွားနှင့်ပြီလေ၊ သေသောသူကြာရင်မေ့ဆိုပေမယ့် ကျုပ်မေ့မရတဲ့အထဲမှာ ချိုတူးတစ်ယောက်လည်း ပါပါတယ်၊ ခုချိန်ထိ ကျုပ်မှာ ဆိုင်းသံဗုံသံကြားရင် တစ်ချိန်က သဒိုးဖြစ်ခဲ့တဲ့ ချိုတူးနဲ့ သူ့တူ ငညိုကို သတိရနေတုန်းပါပဲဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်