ငုံးသမား

ခုမှ သတိပြုမိသည်။

လင်းစ ဆောင်းနံနက်မို့ နှင်းတွေ ဝေနေအောင် ကျသည်။

တောတောင် တစ်ခုလုံး မြရည်ရွန်းသစ်ရွှ စိမ်းလဲ့လဲ့။ ရှင်မတောင်ကြီး ကို ကြည့်နေကျ ဝသီပါ၍ လှမ်းကြည့်လိုက်ရာ နှင်းငွေရည် စိန်ပွင့်တို့ ဖုံးလွှမ်း နေသဖြင့် မမြင်ရ အိပ်တန်း ထစ ကျေးငှက် သရကာတို့ မြည်ကျူးသံစုံက ချိုင့်ကြီးဒေသ၏ သဘာဝ တေးသံသာအဖြစ် ထွက်ပေါ်လျက်ရှိသည်မှာ ငြိမ့်ငြိမ်ညောင်းညောင်း ညှင်းညှင်းသွဲ့သွဲ့ သာသာယာယာ။

ဘုတ်ပူသံ’ ချိုးကူသံ ခါတွန်သံ ငုံးမြည်သံၢ တောစာများ အိပ်တန်း ဆင်းသံ ဆက်ရက်ငှက်တို့၏ အုပ်လိုက်မြည်သံ အဝေးဆီမှ တောကြက် တွန်သံတို့က ပြန်လည် အသက် ဝင်တော့မည့် နေ့သစ် တစ်နေ့၏ အစဦးကို ကြွေး​ေကြာ်နေဟန် ရှိသည်။

မြောက်ပြန်လေ အဝှေ့၌ ကဇာချူံတန်းများ ဆီမှ တောပန်း မြိုင်ပန်း ရနံ့တို့က ငလုံး နှာဝလာရောက် မွေးကြူပြီး စိတ် ကြည်လင်ရွှင်ပျစေသည်။

ရုပ်သိမ်းထားသော ပြောင်းခင်းပြင်ကြီးများ။

ပင်မ သီးနှံတို့ ရိတ်သိမ်းပြီး ဖြစ်သော်လည်း သီးညှပ်သီးနှံ့ ပဲမျိုးစုံ ကျန်ရှိနေသေးသည့် နှမ်းရိတ်ထားသည့် နှမ်းခင်းကြီးများ။

အသီးတွေ ဝေဆာအောင် သီးနေသော ငရုတ်ခင်းများ။

အဆန် ထည့်လာပြီဖြစ်သော ဇက်ကျိုးကျသကဲ့သို့ ငိုက်စိုက် ကျနေသော ​ေနကြာခင်းများ။ ရိတ်သိမ်းချိန် နီးကပ်လာပြီဖြစ်သော ပဲစဥ္းငုံခင်းကြီးများ။ နို့ရည်ခဲစအချိန် ရောက်နေသော ဂျုံခင်းများ။ ယာခင်းများသည် အသီးအပွင့် တဝေဝေဖြင့် ကြည်နူး အားတက်စရာ။ အိမ်သို့ ပြန်ရင်းမှ ငလုံး မျက်စိအစုံ ဝင်းခနဲ တစ်ချက် ဖြစ်သွားသည်။ သည်နေရာကို ငလုံး အိမ်ပြန်ရင်း ၀င်ရမည်။ သည်နေရာကို သွားနေ ပြန်နေသည်မှာ ငါးရက်ရှိပြီး ကိုင်းထောင် မရသဖြင့် ညစ်ညူးခဲ့သော စိတ်ၢ မကျေနပ် ဖြစ်ခဲ့သော စိတ်တို့ တစ်မုဟုတ်ချင်း ပျောက်သွားပြီး ခြေလှမ်း သွက်လာသည်။ သူ့ တစ် ကိုယ်လုံး ပေါ့ပေါ့ပါးပါး ဖြစ်သည်။ ဟုတ်သည်။ ငလုံး သည်နေရာကို သွားခဲ့ပြန်ခဲ့သည်မှာ ငါးရက်ရှိပြီး ပထမရက်မှ စတင်ကာ ပြောင်းဖျင်းများကို ရှစ်နေရာ ခွဲခြား ပုံခဲ့သည်။
ပြောင်းဖျင်း ဆိုသည်မှာ ပြောင်းလုံး ရစေရန် ပြောင်းနှံကို နယ်ပြီ လေဖြင့် လှေ့ရာ၌ လုံးပိန် လုံးညပ်နှင့် ပြောင်းနှံမှ ပါသွားသော အမှုန်အမွှားတို့ ရောလျက် ရှိနေသည်တို့ကို ပြောင်းဖျင်းဟု ခေါ်သည်။
ပြောင်းဖျင်းသည် လူစားရန် မဖြစ်သလို နွားကျွေးရန်မှာလည်း အအောက်စေ့များ ပါနေ၍ မဖြစ်, လုံးပိန်လုံးညှပ်, အမှော်အဖျင်းတို့ ရောနေ သော ပြောင်းဖျင်းကို တောင်သူက တလင်းမှ လွတ်ရာ လှည်းလမ်းကြောင်း၌ အမှုန်အမွှားသဘော ထား၍ ကျုံးပစ်သည်။
တောင်သူက ပြောင်းဖျင်းကို အသုံးမကျ။
ငလုံးတို့ တောသမားအဖို့ အသုံးကျသည်။ ပြောင်းဖျင်းကို သိမ်းကျုံးယူ ပြောင်လုံးအကောင်း နို့ဆီဘူး တစ်လုံးခန့်ရော ရောမွှေ, ငုံးပေါရာ ​ေတာသွား၍ နေရာ ခွဲကာ ခွဲကာ စုပုံထားလျှင် ငုံးကို ခေါ်သလို စုပေးသလို ဖြစ်၏။
အချိန်က ဆောင်းရာသီ။ ပြောင်းနှင့် နှမ်းရိတ်သိမ်းပြီးချိန် လဲကျနေသော ပြောင်းပင်မှ ပြောင်းနှံကြီးများ အမှည့်လွန်၍ ကွဲကျနေသော နှမ်းစေ့ကလေးများ ကို တမက်တမော စား​ေလ့ ရှိသည့် ငုံးအုပ်များ ဒုက္ခ စတင် တွေ့ချိန်။ ပြောင်းခင်း မရှိ နှမ်းကွဲ မရှိသဖြင့် အစာ ရှားစ ပြုပြီ။

ပြောင်းရိတ်ရာမှ ပြောင်းပင်ကို မြေကြီးပေါ် အချ၌ လွင့်စဉ်လာသည့်
ပြောင်းစေ့လေးများ၊ အချိန်လွန် နှမ်းပင်မှ ကွဲကျ ထားခဲ့သော နှမ်းစေ့လေး
များကိုသာ ခက်ခက်ခဲခဲ ရှာစားကြရသည်။
သည်အချိန်မှာ ပြောင်းဖျင်းများကို သွားပုံထားပါက အစုလိုက် တွေ့
သော ပြောင်းဖျင်းပုံကို ငုံးတို့ မက်မောမဆုံး၊ ပြောင်းဖျင်းကို ငုံးတို့ အုပ်လိုက်
အုပ်လိုက် လာစားကြသည်။ ပြောင်းဖျင်းမှာ ပါသော ရောထားသည့် ပြောင်းစေ့
ကောင်းများ၊ လုံးပိန် လုံးညှပ်များကို လွယ်လင့်တကူ စားရသောအခါ ပြောင်း
ဖျင်းပုံ ဝန်းကျင်၌ ငုံးတို့ ပျော်လာကြသည်။
ပထမရက် ပြောင်းဖျင်းကို ပုံပြီး ငုံးအုပ်တို့ တွေ့ရှိကာ စားပြီဆိုလျှင်
ပုံထားသူက နောက်ရက်၌ အစာသစ် ဖြည့်ပေးရသည်။ အစာသစ် ဖြည့်ပေး
လိုက်၊ စားလိုက်၊ ကုန်လိုက်၊ ဖြည့်ပေးလိုက်၊ စားလိုက်နှင့် ငုံး တစ်အုပ်ပြီး
တစ်အုပ် ရှေ့ဆင့် နောက်ဆင့် လာကြရာမှ ရက်ကြာလာသောအခါ ပြောင်းဖျင်း
ပုံမှ မခွာတော့ ပြောင်းဖျင်းပုံဘေး ငုံး တရုန်းရုန်း ဖြစ်လာလေ့ရှိသည်။
ပြောင်းဖျင်း ပုံထားသူ သမားက ငုံး စုမိချိန်မှာ ငုံး ခြောက်ရသည်။
သည်လို ခြောက်က ငုံးအများအပြား ရတတ်သည်။
ငလုံး စိတ်ထဲ၌ သူ့ ပြောင်းဖျင်းပုံနှင့် ငုံးအုပ် အနေအထားအား
စဉ်းစားရင်း အခြေအနေကို ချိန်ဆနေသည်။
သည်မနက် အကဲခတ်ပြီး ခြောက်သင့်လျှင် ခြောက်မည်။
ဟုတ်သည်။ ကိုင်းထောင်မရ အတူတူ ခြောက်တန် သူ ခြောက်ရမည်။
ငါး မရလျှင် ရေချိုးပြန်မည်ဟူသော စကား လုံး သတိရ၍ ယောင်ရမ်းပြုံးမိ
သည်။ ကိုင်းထောင်၍ အဆင်မပြေ အတူတူ ငုံး ခြောက်၍ အဆင်ပြေလျှင်
ငုံး ခြောက်တန် ခြောက်ရန် သို့ ပြောင်းဖျင်းပုံကို သူ ဝင်ကြည့်သည်။
ပြောင်းဖျင်းပုံထားသော နေရာ ရှစ်နေရာကို ငလုံး စေ့စေ့ကြည့်ရင်း
ရှေ့နောက် ချိန်ဆသည်။
ငုံးအုပ်တို့ သူ ထင်သည်ထက် များပြားလှပါဘိတောင်း။
မနေ့မနက်က သူ လာဖြည့်ထားသော ပြောင်းဖျင်းတို့ ကုန်လုလု ဖြစ်နေ
ပြီ။ ကနေ့ ခြောက်လျှင်ပင် ရနိုင်သော်လည်း ငလုံးက သေချာကျနစွာ အကဲခတ်
လိုသေးသည်။
အစာကို ကနေ့ ထပ်ဖြည့်ကြည့်မည်။
ကနေ့ အစာစား ကြမ်းက မနက်ဖြန် ခြောက်မည်။
အိမ်ပြန်၍ ခဏနားကာ သည်နေရာ ပြန်လာမည်။
ငလုံး သည်သို့ ဆုံးဖြတ်ပြီး အိမ်သို့ ပြန်ခဲ့သည်။

(၂)
“ငလုံး ပြန်လာပြီလားဟ၊ နားနေပြီ၊ ဆန်ပြုတ် ပူပူလေး
သောက်
ဆန်ပြုတ်တွေ အများကြီးပဲ”
ဆန်ပြုတ် သောက်ရင်း ငလုံးကို နှုတ်ဆက်သော ငတော။
သူ့အဖေ ထူထူထောင်ထောင် ဖြစ်ကာ ဆန်ပြုတ်ကို နှစ်နှစ်ခြိုက်ခြိုက်
သောက်နေသဖြင့် ငလုံး ဝမ်းသာမဆုံး။
သူ့အဖေ သေတွင်းထွက်ကြီး၏ အခန်းကဏ္ဍသည် မည်မျှ ကြီးမား
ကြောင်း၊ အဖိုး မဖြတ်နိုင်အောင် ထိုက်တန်ကြောင်းကို လက်တွေ့ သိထားသည့်
ငလုံးအဖို့ မိသားစု တစ်ခုလုံး အားကိုး မှီတွယ်ရာ မေရု ရွှေမြင့်မိုရ် တောင်ကြီး
ကို တလေးတစား ကြည့်သည်။
လူရေးလူရာ အတော် အကင်းပါးသည့် အဖေဟု ငလုံး ကျိတ် ချီးကျူး
မိသည်။
သူ တောပြန်လာမှန်း သူ့အဖေ သိ၏။ သူ တစ်ညလုံး ကိုင်းထောင်မှန်း
သူ့အဖေ သိ၏။ သိပင် သိငြားသော်လည်း ဘာကောင် ရခဲ့သလဲဟု ငတော
မမေး။ မမေးသော်လည်း ငတောသည် ငလုံး အခြေအနေ ကြည့်ကတည်းက
ဘာကောင်မှ မရခဲ့မှန်း ထိုင်ရာမထ သိသည်။
တောသမား စရိုက်ကို တောလိုက်ခဲ့သူ ငတောသိမည်ပါလေ။
တောသမားစရိုက်ဟူသည် သားကောင်တန်ဖိုး အနည်း အများကို
အဓိက မထား။ မိမိတို့ ဖမ်းဆီးသွားသော သားကောင် ရ မရကိုသာ အဓိက
ထားသည်။ သားကောင် ရလျှင် ဘာသားကောင်ရရ မေးစရာ မလို။ မမေးဘဲ
နှင့်ပင် ​ေတာသမား လူတွေ့သမျှကို ပြောချင်လွန်းနေသည်မှာ အူယား
လျှာ ပါးစပ်ယားတတ်သော စရိုက် ရှိ၏။
သည်လိုစရိုက် ရှိသူက မပြောဘဲ သာလိကာ နှုတ်ဆိတ်နေပြီဆို
ကတည်းက ဘာမှ မရ
ခဲ့ကြောင်း အဖြေ ရှင်းနေသည်။ င​ေတာက မေးမြန်း
စုံစမ်းခြင်း မပြုသည့်တိုင် ငလုံး မနေနိုင်
ဆန်ပြုတ်ကို တစ်ဇွန်းချင်း အရသာခံ သောက်နေသော သူ့အဖေ အနီး
ထိုင်လိုက်ပြီး ရေနွေးကြမ်း တစ်ခွက် ငှဲ့ကာ မှုတ်သောက်သည်။ ပြီးမှ ငလုံးက…
“ကျုပ် ဘာကောင်မှ ကနေ့ မရခဲ့ဘူး အဖေ”
“အဲ့ဒါ အဖေ မေးချင်လို့ဗျ၊ ထူးနေလို့”
“မေးလေ”
“တောကြောင် ခြေရာရော၊ တောခွေးအ, ခြေရာတွေရော ဒီလို ဒီလို
တွေ့တာ အဖေ၊ ကျုပ်က ဒီလို ဒီလို ကိုင်းထောင်တာ”
သူ တွေ့ ခဲ့သမျှ၊ သူ လုပ်ခဲ့သမျှကို ငလုံး အသေးစိတ် ပြောသည်။
ငတော ဆန်ပြုတ် ပန်းကန်ကို မိဂျမ်းအား သိမ်းဆည်းခိုင်းပြီး၊ ရေနွေးကြမ်း
တစ်ခွက် တောင်းသောက်သည်။ ငလုံး ပြောသမျှထဲက သူ မရှင်းသည့် အချက်
တို့ကို ထပ်မေးသည်။ ငလုံးက အပြည့်အစုံ ဖြေကြားပြီး ငတောကို ဘာလို့လဲဟု
မေးရာ ငတော ပြုံးယောင်ပြု၏။
“ရှေ့က ကြောင်နှစ်ကောင် ခြေရာ ဟုတ်လား”
“ဟုတ်”
“နောက်ကတော့ တောခွေးအ,ခြေရာ၊ ခြေရာမှ သုံးကောင် ခြေရာ၊
အကြီးရော အငယ်ရော၊ ခွေးအ,ခြေရာ ပါတယ်။ ကြောင်နဲ့ ခွေးအ ခြေရာချင်း
တစ်ခါတစ်ခါ ကပ်လျက်ကျ၊ တစ်ခါတစ်ခါ ထပ်လျက်ကျ ဒီလိုမဟုတ်လား”
“ဟုတ် ဟုတ်တယ် အဖေ”
“ဘယ် ကိုင်းထောင်ရမလဲ ငါ့သားရာ တောကြောင်ကို တောခွေးအ
သားမိ သားဖအုပ်က သဲသဲမဲမဲ လိုက်တဲ့ ပွဲပဲ၊ နီးစပ်ရာ သစ်ပင်ကြီး မရှိလို့
ကတော့ တောကြောင် မောပြီး ထိုးလဲအောင် လိုက်မှာ၊ တောကြောင် ပြေးရာ
ဦးတည်လိုက်မှာဆိုတော့ တောကြောင်ကလည်း ဒီလမ်း ဘယ်ပြန်လာတော့
မလဲ။ တောခွေးအ,လည်း ဒီလမ်းကို ဘယ်လာတော့ မလဲ။ အဲဒါကြောင့် ငါ့သား
ကိုင်းတွေ မမိတာ။ အဲဒီ ကြောင်ကို လိုချင်ရင် သူ့ခြေဦး တည့်တဲ့ဆီမှာရှိတဲ့
သစ်ပင်ကြီးတွေပေါ် ရှာရတယ်။ ခွေးအ လိုချင်ရင် ခြေရာ အဆုံးထိ ကိုယ်က မျက်ခြည် အပြတ်မခံဘဲ လိုက်ပြီး ခြေရာဆုံးမှာရှိတဲ့ တောင်ပို့၊ ထူး၊
ဂလိုင်တွေ ထဲမှာ ရှာရတယ်။ ကိုင်းထောင်လို့ မရဘူး။ ပုံမှန် အစာရှာ လမ်း
ကြောင်းမှာ တွေ့တဲ့ ခြေရာလမ်းကြောင်းမှ ကိုင်းထောင်ရတာ အရေးပေါ်
သေရေးရှင်ရေး သွားတဲ့ ခြေရာ လမ်းကြောင်းကို ကိုင်းထောင်လို့ မရဘူး။
လူလေး
သတိလစ် သွားလို့ပါ”

ငလုံး ပက်လက်လန် လဲကျ မသွားစေရန် သူ့ကိုယ်သူ ထိန်းရ၏။
သူ တစ်မနက်လုံး စဉ်းစား မရသော အဖြေကို ထိုင်ရာမထ သူ့အဖေက
ပြောပြသည်။ သည်လို အရည်အချင်း ကွာခြား၍ ကျွမ်းကျင် ဝါရင့်သမား၊
နောက်လိုက် ဝါရင့်သမား၊ လက်သင်သမားဟု တောလိုက်သမားကို သုံးဆင့်
ခွဲခြင်း ဖြစ်သည်။
ပြောလက်စနှင့် သူ့နှင့် ပြောင်းဖျင်းပုံ အခြေအနေကို ငလုံး ပြောပြပြီး
သူ့အဖေ ထင်မြင်ချက် တောင်းသည်။

“ကနေ့ ပြောင်းဖျင်း ထပ်ထည့်ရာမှာ ပြောင်းလုံး အကောင်း များများ
ရောပေးကွ၊ မနက်ဖြန် မနက်ပိုင်းမှာ ခြောက်ရင် ဆွမ်းခံပြန်ချိန် လောက်မှာ
ခြောက်။ စောပြီး ဝီရိယ ကောင်းလို့ နေထွက်၊ နေ ထန်းတစ်ဖျား မခြောက်နဲ့၊
မင်း ပြောင်းဖျင်းပုံ ငုံးအုပ် စုံသေးမှာ မဟုတ်ဘူး။ ညနေပိုင်းမှ ခြောက်ရင်
နေစွယ် ကျိုးချိန်နဲ့ နေအေးချိန်မှာ ခြောက်၊ မင်း အထူးရှောင်ဖို့က မွန်းတည့်ချိန်
နဲ့၊ နေစောင်းချိန်နဲ့၊ နေ့ကျချိန် မခြောက်နဲ့၊ အဲဒီ အချိန်တွေဟာ ငုံးနားချိန်မို့
ဆောင်းရာသီမှာ မခြောက်ရဘူး။ အစာ စားချိန်မှ ငုံးအုပ်စုံမှာမို့ အဲဒီ အချိန်ကို
ဆောင်းရာသီမှာ မှန်းခြောက်မှ ငုံးရမယ်”

ငလုံး အနေဖြင့် သူ့အဖေ စကားကို များစွာ သဘောကျ၏။ သူ့လုပ်ငန်း
မှာ မပြီးသေး သူ့အဖေ အကြံပေးသလို အိမ်မှာ ကျုံးထားသော ပြောင်းဖျင်းထဲသို့
ပြောင်းလုံး အကောင်း နို့ဆီဘူး သုံးဘူး ရောမွှေကာ တောယူရန် တောင်းတစ်လုံး
ထဲ သူ ထည့်သည်။
ဆန်ပြုတ် သောက်ပြီးမှ ငုံးအုပ်တို့ စားလက်စရှိသော သူ ပုံထားသည့်
ပြောင်းဖျင်း ရှိရာသို့ သွား၍ သည်အစာသစ်ကို ထပ်ဖြည့်ရဦးမည်။

(၃)
“ခင်ဗျားက ကိုလုံး မဟုတ်လား”
ပြောင်းဖျင်းပုံ ရှိရာသို့ အစာသစ် ထပ်မံထည့်ပြန်လာပြီး သူ့စိတ်ကူးနှင့်
သူ အူမြူးနေသော ငလုံး ရုတ်တရက် အတွေး ပြတ်သွားသည်။
သူ့ဘေး ထိုးရပ်လိုက်သော စက်ဘီး တစ်စီးပေါ်မှ အသံ။
အသံရှင်ကို ကြည့်လိုက်ရာ ချိုင့်ကြီး တွဲဖက် အထကသို့ လာရောက်၍
လေးမိုင် ဝေးသော ထနောင်းရွာမှ တွဲဖက် အထက ဆရာ လုပ်နေသည့်
သူ့ညီ ငမုံး၏ ဆရာ။
တွဲဖက် အထက ဆရာသည် စက်ဘီးပေါ်မှ ဆင်းပြီး ယဉ်ကျေး
ပျူငှာစွာဖြင့် နှုတ်ဆက်သည်။

“ဆရာ ကျောင်းတက် လာပါသလား ခင်ဗျာ”
“ဟုတ်ပါတယ် ကိုလုံး။ ကိုလုံးကို စကားလေး နည်းနည်း ပြောချင်လို့
ခုလို ရပ်ရတာပါ။ ကိုလုံးအဖေ ဦးတော​ေကာ အတော်လေး ကျန်းမာလာပြီလား”
“ဟုတ်ကဲ့ ခင်ဗျာ၊ ဆန်ပြုတ်လေး ဘာလေး သောက်နိုင်ပါပြီ”
ဆရာလေးက လမ်းဘေးသို့ စက်ဘီးတွန်းပြီး ဒေါက် ထောက်သည်။
ဘေးဘီသို့ လူကြည့်ပြီး လူစန မမြင်မှ ငလုံးကို စကားဆက်၏။
“ဒီလိုပါ ခင်ဗျာ၊ ကျွန်တော် ခုလို ဆွေးနွေးတာကို ကိုလုံးရယ်၊ ကျွန်တော်
ရယ်က လွဲပြီး ဘယ်သူမှ မသိစေချင်ပါဘူး။ ကျွန်တော့် တပည့် ကိုလုံးရဲ့ညီ
မောင်မုံး အကျိုးစီးပွား အတွက်ပါ”

တည့်တည့် ပြောရာမှ ငမုံးဆို၍ ငလုံး စိတ်တထင့်ထင့်။
“သူ ကျောင်း မတက်တာ နှစ်ရက်ရှိပြီး၊ သိပါသလား ကိုလုံး”
ငလုံး ဘာမှ မသိ။
မသိ ဆိုခြင်းထက် ဂရုမစိုက်နိုင်ဟု ပြောမှ မှန်မည်။
“ဆရာလေးရယ် ကျုပ် မလိမ်ပါဘူး အဖေက နေမကောင်း၊ အမေက
ရွာဟယ် ဖွေဟယ်၊ ကျုပ်ကလည်း ပြေးဟယ် လွှားဟယ်ဆိုတော့ သူ ကျောင်း
တက် မတက် မသိတာ အမှန်ပါ။ ကျုပ်အဖေ နေမကောင်းတော့ နေ့ရောညရော
ဇယ်စက်သလို ကျုပ် ပြေးလွှား နေရတာပါ”
“ယုံကြည်ပါတယ်ဗျာ၊ ခု မောင်မုံး ကျောင်း မတက်တာ ကျောင်းလခ
ကိစ္စဗျ”
“ဟင်”
ငလုံး ရင်ထဲ မထားနိုင်၍ ပွင့်ထွက်လာသော `ဟင်´။
ခါတိုင်းမှာတော့ ငတောရော ငလုံးပါ ငမုံးအတွက် မျက်ခြည်ပြတ်မခံ။
ယခုတော့ ငတော ကျန်းမာရေး ကိစ္စကို အာရုံပြုနေရသဖြင့် ငမုံး
ကျောင်းလခ သတိ မရ။
“အလျင်လ ကတည်းက သူ့ ကျောင်းလခကို ကျွန်တော်တို့ တွဲဖက်
ဆရာလေးဦးက သူ့ကို နားလည်တာနဲ့ သူ့အတွက် စိုက်ပေးထားတာပါ။ ဒီလ
ကျောင်းလခ ပေးချိန် ရောက်တော့ သူ မျက်နှာပူပုံ ရတယ်။ ကျောင်း မလာတာ
နှစ်ရက် ရှိပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆရာတွေနဲ့ တွဲဖက် ကော်မတီ
လူကြီးတွေ ဆီက သဒ္ဓါ တတ်အားသမျှ အလှူခံပြီး သူ့အတွက် ကျောင်းလခ
စိုက်ပေးနိုင်ဖို့ လုပ်ပြီးကြပါပြီ။ အဲဒါ သူ့အတန်းက ကျောင်းသားတွေ အပြော
လွတ်ပေမဲ့ ရှက်လို့ဆိုပြီး ကျောင်း မလာဘူး၊ စာမေးပွဲက နီးကပ်လာပြီ”
ငမုံးအစား ငလုံး စိတ်မောမိသည်။ ဆင်းရဲနွမ်းပါးသည့်တိုင် ရှက်တတ်စ
အရွယ်မို့ သူ့ညီ ငမုံး ခံစားရမည့် ဝေဒနာကို ငလုံး ကိုယ်ချင်းစာသည်။
“ကျုပ် ဘာလုပ်ပေးရလဲ ဆရာလေး” ၊
“အားပေးစေချင်ပါတယ်၊ အလှူခံ ပေးတာမို့ ရှက်လို့ ကျောင်းမတက်
ဖြစ်ဘူးဆိုရင် သူ မသိအောင် ကျပ်နဲ့ ကိုလုံး လာတွေ့ပါ။ ကျုပ်တို့ ဆရာလေးဦး
စုပေးတဲ့ ငွေကို ယူပြီး ကိုလုံးက ပေးတဲ့ အနေနဲ့ မောင်မုံးကို ပေး,ပေးပါ”
ဆရာလေးကို ကြည့်၍ ငလုံး တအံ့တဩ၊ ဆရာ တစ်ဦး၏ သူ့တပည့်
အပေါ် ထားရှိသော မေတ္တာ စေတနာကို ငလုံး အံ့ဩမဆုံး။
“ကျေးဇူး ကြီးလှပါတယ် ဆရာလေး၊ သူ့ကို ဘယ်လို ပြောပေးရမလဲ”
“ကနေ့ သောကြာနေ့၊ ဒီတော့ သူ ကျောင်းမတက်တာ ဘာလုပ်
နေသလဲ၊ ဘယ်သွား နေသလဲ၊ ဘာလို့ ကျောင်းလခ အတွက် မပြောဘဲ
နေသလဲ မမေးနဲ့၊ အကောင်းဆုံးက ဘာမှ မသိသလို မင်မပျက် ကိုလုံးကနေ၊
အိမ်က လူကြီးတွေလည်း မသိပါစေနဲ့၊ တနင်္ဂနွေနေ့ မနက်မှ ကျွန်တော့်ကို
ဆရာဝမ်း အိမ် ကိုလုံး လာတွေ့ လှည့် ကျွန်တော် အဲဒီနေ့မှာ ဆရာဝမ်း
အိမ်ကို မဖြစ်မနေ လာစရာ ရှိတယ်။ အဲဒီကျမှ ကျောင်းလခအတွက် ငွေကို
ကျွန်တော် ပေးမယ်။ တနင်္လာနေ့ မနက်မှ ကျောင်းလခ ပေးဖို့ အချိန် ရောက်ပြီလား ရောက်ရင် ပေးရအောင် ရော့ဆိုပြီး မောင်မုံး လက်ထဲထည့် ဘာမှ
မသိသလို ပိပိရိရိပေါ့ဗျာ”
“ဟုတ်”
“မောင်မုံး ဖြစ်နေတာက သူ့မိဘတွေ သေရေး ရှင်ရေး ကြုံနေချိန်မှာ
သူ့အတွက် တာဝန်ကြီး တစ်ခု တက်သလို ဖြစ်ပြီး ဝန်ထုပ် ဝန်ပိုးကြီးလို
လေးမနေ စေချင်တာဗျ၊ အဲ့ဒါ သူ့စိတ်ရင်း အမှန်ပဲ၊ သူများ ပေးလို့ ကမ်းလို့
သူ့ ကျောင်းလခ ပြေလည်သွားတယ် ဆိုတာကို ကိုလုံးတို့ မိသားစု ကြား
သွားရင် စိတ်ဆင်းရဲမှာဆိုပြီး ဇွတ်ကြိတ်မှိတ် ခံစားတဲ့ ပုံဗျ။ သူ ရှက်လို့
ကျောင်းမတက်တာ မဟုတ်ဘူး၊ ခင်ဗျားတို့ သိလို့ စိတ်ဆင်းမှာ စိုးပြီး ပေကတ်
ခံနေပုံ”
ဆရာလေးမှာ ကြီးလှမှ ငလုံးထက် လေးငါး နှစ်ကြီးမည်။
ပညာတတ်ပီပီ တွေးခေါ်ရာ၌ ငလုံးထက် အဆမတန် မြင်သည်။
နောက်မှ သူ့ သုံးသပ်ချက်ကို ကိုယ်ချင်းစာနာ ပြောသည်။
မည်သို့ဖြစ်စေ လောကပန်းဥယျာဉ်၌ ပန်းတစ်ပွင့် ခံ့ထည် တင့်တယ်
စေရေးအတွက် ပြုစု ပျိုးထောင် ပေးနေသော လောက ဥယျာဉ်မှူးသည် သူ
ပျိုးထောင် ပြုစုခဲ့သည့် ပန်းတစ်ပွင့် လန်းစွင့်စေရန် စေတနာ အနန္တဖြင့်
အကြံပြု ပြောကြား တိုက်တွန်းသွားသည်။
အနန္တောအနန္တ ငါးပါးမှာ ဆရာ့ကို ထို့ကြောင့် အပါး အပါအဝင်အဖြစ်
ကိုးကွယ် ဆည်းကပ်စရာအဖြစ် သတ်မှတ် ထားကြခြင်း ဖြစ်လိမ့်မည်စု ငလုံး
ယူဆမိ၏။
မည်သို့ပင် ဖြစ်စေ ရှဉ်လည်း လျှောက်သာ ပျားလည်း စွဲသာ အနေ
အထားသို့ ရောက်အောင် ဆရာ အကြံပြုသလို ငလုံး လိမ္မာ ပါးနပ်စွာဖြင့်
ငမုံးကို ဆက်ဆံရမည်။ ကိုင်တွယ်ရမည်။

(၄)
“ငမုံး”
“ဗျာ”
“မင်း ကနေ့ ကျောင်းဖွင့်လား”
ကျောင်းပိတ်ရက် စနေနေ့မှန်း သိလျက်နှင့် ငလုံး မေးသော အမေး။
“ကျောင်းပိတ်တယ် အစ်ကို၊ ကနေ့ စနေ”
“မင်း အရေးတကြီး စာကျက်စရာ တွက်စရာ မရှိရင် ငါနဲ့ ငုံးခြောက်
လိုက်ခဲ့ဟာ၊ ငါ တစ်ယောက်တည်း ဖြစ်နေလို့ စာကျက်စရာ တွက်စရာ ရှိရင်
တော့ နေခဲ့လေ၊ တို့မိသားစုမှာ တစ်မိပေါက် တစ်ယောက်ထွန်း ဆိုသလို
မင်းက ဉာဏ်လည်းကောင်း၊ စာလည်းကြိုးစားဆိုတော့ ဝိုင်းဝန်း အားပေး
နေရတာ၊ စာတတ်ပေတတ် ဖြစ်ပြီး ကိုယ့် ထမင်းလေး ကိုယ် အေးအေး
သက်သာ ရှာစားနိုင်ရင် တို့လို နေ့ညမရှောင် ပြေးရလွှားရတဲ့ ဘဝကလည်း
လွတ်ရော။ တို့လို အောက်တန်းကျ လူရာမဝင် တောသမား ဘဝကလည်း
လွတ်ရော၊ ဒါကြောင့် စာ အရေးကြီးရင် နေခဲ့လို့ ပြောတာ”
ငလုံး တကယ့် ခံစားချက် အစစ်အမှန်လည်း ဖြစ်သည်။ သွယ်ဝိုက်၍
ငမုံးကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ငလုံး စကားများသည် ငမုံး နှလုံးသားကို တိုက်ရိုက် ထိမှန်သည်။
မျက်နှာ တစ်ချက် ကွက်ခနဲ ပျက်ပြီး ပြုံးသည်။ ငမုံး အပြုံးက မဲ့ပြုံး။
“ရတယ် အစ်ကို၊ စာကျက်စရာရှိတာ ညမှ ကျက်မယ်၊ ကျုပ် လိုက်မယ်”
“အေး…ဒါဖြင့် ဆွမ်းခံစည် တီးလောက်မှ ကျက်တဲ့ ထမင်း ဟင်း
ခူးစား သွားကြတာပေါ့”
ငလုံး သူ့အဖေ ပြောကတည်းက ငုံးခြောက်သည့် အချိန် သဘောပေါက်
ခဲ့သည်။ ငုံးခြောက်သမား တစ်ယောက်အဖို့ ရာသီအလိုက် သွားလာ လှုပ်ရှား
တတ်သော ငုံးတို့၏ ဓလေ့စရိုက် သဘာဝကို သိဖို့လိုသည်။
နွေရာသီမှာ ငုံးခြောက်ရမည့် အချိန်နှင့် ဆောင်းရာသီမှာ ငုံးခြောက်
ရမည့် အချိန်က တိုက်ရိုက် ဆန့်ကျင်ဘက်။
ချိုင့်ကြီးဒေသသည် မိုးနည်းရပ်ဝန်း ဒေသ။ နွေရာသီ အပူချိန် ပြင်းထန်
သော ဒေသ။ အပူချိန်ဒဏ်ကို ငုံးလည်း ခံစားရသည်။
နွေအပူချိန်ကြောင့် ငုံးတို့ အစာ ရှာရာတွင် နံနက်စောစော၌ တစ်ကြိမ်၊
ညနေပိုင်း တစ်ကြိမ် အစာရှာပြီး နေ့လယ်ခင်း၌ တစ်နေ့လယ်လုံး နားသည်။
နွေရာသီမှာ စိုက်ခင်း ပျိုးခင်း မှန်သမျှကလည်း ရိုးပြတ်ငုတ် အတိမို့ ခိုနားရာမရ။ အထက်မှ နေရိပ် ကာပေးသော သစ်ပင်ကြီး ဝါးပင်ကြီးများ အောက်၌
လည်း ငုံးတို့ မနားဝံ့၊ သဘာဝ ရန်သူတို့ ပေါများလှ၍ သစ်ပင်ကြီး ဝါးပင်ကြီး
တို့ကို ငုံးတို့ ရှောင်လေ့ ရှိသည်။
ငုံးမှန်သမျှ ကဇာခင်တန်းရိုးများ၌သာ နွေနေ့လယ်၌ နေသည်။ ကဇာ
ခင်တန်းဟူသည် လှည်းလမ်း တစ်ဖက်တစ်ချက်၌ သဘာဝ အလျောက် ပေါက်
ရောက်နေသော ချုံပုတ် ချုံနွယ်များကို ကဇာဟူ၍လည်းကောင်း၊ ခင်တန်းဟူ၍
လည်းကောင်း ခေါ်သည်။
ယာခင်း တစ်ခင်းနှင့် တစ်ခင်းကြား ချုံပုတ် ချုံနွယ်များ၊ ချုံပုတ်
ချုံနွယ် အစုအပေါင်းကို မွေးထားသော နေရာများအား ကဇာဟု ခေါ်သည်။
ကဇာ၏ သဘာဝအရ ချုံပုတ် ချုံနွယ် ချုံတန်းများ မိုးနည်း ရေရှားရပ် သဘာဝ
ပေါက်ပင်များ ထူထပ်ရာ အထက်ရှုပ်၍ အောက်ခြေ ရှင်းနေသည်။ အထက်ရှုပ်
အောက်ခြေ ရှင်းသော ကဇာခင်တန်းသည် ငုံးတို့၏ သဘာဝ ရန်သူကို
ကာကွယ်ပေးရာ ရောက်သကဲ့သို့ အပူဒဏ် သက်သာစေရန် ဖန်တီး
ပေးရာလည်း ရောက်သည်။ သည်သဘောကြောင့် ကဇာခင်တန်းမှာ နွေ
နေ့လယ်၌ အုပ် မှန်သမျှ နေခိုစုစည်းသည်။
ငုံးခြောက်သမားက သည်အထာ မသိဘဲ နွေရာသီ မနက်ပိုင်းနှင့်
ညနေပိုင်း သွားခြောက်လျှင် မျက်စိ တစ်ဆုံး ကျယ်ပြောသော ကွင်းခေါင်ခေါင်
၌ ငုံးတစ်ကောင်မျှ ပိုက်ဆီ လာအောင် ခြောက်မရ။ နယ်ပယ် ကျယ်ပြော၍
ဝေ့ကာ ရှောင်ကာ တိမ်းကာ ငဲ့ကာဖြင့် ငုံးတို့ ထွက်သွားတတ်သည်။
ငုံးခြောက်သမားက နွေနေ့လယ်ခေါင်ခေါင် ပူဆိုသည့် အချိန်၌
လိုက်ပြီး ကဇာခင်တန်း၌ ဝ ထိုးကာ ထောင်ပြီး ခြောက်မှ နွေ၌ ငိုရသည်။
ဆောင်းရာသီကား နေခြည်ပျပျနွေးနွေး ရှိသည့်အချိန် ပူချင်သမျှ
ပူစေဦး ခိုနားရန် စိုက်ပျိုးထားသော သီးနှံခင်းတို့ ရှိနေသည်။ မနက်ပိုင်း
အစာ ရှာရာ ညနေပိုင်း အစာ ရှာရာ၌ အစာ ရှိရာသို့ အုပ်လိုက် အုပ်လိုက်
သွားတတ်သော ငုံးသည် နေ့လယ်ပိုင်းရောက် သူတို့ နားချင်ရာ နားနေချင်ရာ
နေသည်။ ငုံးအုပ် ပြန့်ကြဲနေသည်။
ငုံးခြောက်သမားအဖို့ ၏ ဓလေ့စရိုက် သဘာဝကို သိဖို့ လိုသည်။
မျက်ခြည် မပြတ်ဖို့ လိုသည်။
ငလုံး အနေဖြင့် အစာအဖြစ် ချထား၊ ပုံထားခဲ့သော ပြောင်းဖျင်းများ
ရှိရာသို့ ငုံးတို့ နံနက်ပိုင်း အစာ စားချိန်အမီ သွားကာ ခြောက်ရမည်။ နေ့လယ်
အုပ် ကွဲချိန်အထိ အရောက် မခံနိုင်
ငလုံးနှင့် ငမုံးအိမ်မှ ထွက်လာသောအခါ ငလုံးက ပိုက် လေးဆယ်ကို
စုစည်း ကိုင်လာပြီး ငမုံးက လွယ်အိတ်ကြီး တစ်လုံး လွယ်လာသည်။ ဆောင်း
ရာသီမို့ ခမောက် မဆောင်း။
ခမောက်မဆောင်း၊ရေဘူး မယူဘဲ ညီအစ်ကို နှစ်ယောက် ငုံးခြောက်
ထွက်လာရာ သူတို့ ဖြတ်သန်းသွားသော ယာခင်းများ ဆီမှ ရှီ ရှီ ရှီ ရှီ ရှီဖြင့် ငုံးအုပ်တို့ ပြိုင်တူ တွန်သံ ကြားရ၏။
ငုံးခြောက်သမား ငလုံး၏ ခြေလှမ်းတို့ သွက်လက်မြန်ဆန် နေသလို
ခြောက်ရမည့် နေရာ ရောက်လိုဇောကြောင့် စိတ်မောမိသည်။


“ဝ ထိုးစို့ ဟေ့ ငမုံး”
ငုံးခြောက်မည့် လူတိုင်း လုပ်ရသည့် လုပ်ငန်းစဉ်။
ငတော ပြောင်းဖျင်းပုံ လေးပုံ ပုံထားသော ပထမ ယာ၏ တောင်ဘက်၌
ရှိသည့် ယာခင်းမှာ ပြောင်းခင်း ရိတ်သိမ်းထား၍ ပြောင်းရိုးငုတ်များသာ ရှိသည်။
ထိုပြောင်းခင်း မြောက်ဘက်ဘေးက နှမ်းခင်း၊ နှမ်းခင်းမှာ နှမ်းရိတ်
သွားပြီ ဖြစ်၍ သီးညှပ် ပဲကြီးပင်များသာ ရှိသည်။
လုံး ပြောင်းဖျင်း ပုံထားသော နေရာက ပြောင်းခင်းစပ်နှင့် နှမ်းခင်း
စပ်ကြား ဖြစ်သည်။ နှမ်းခင်း မြောက်ဘက်၌ ပဲစဉ်းငုံခင်းကြီး ရှိသည်။ ပဲစဉ်းငုံ
ခင်းမှာ မခုတ်ရသေးဘဲ အသီးဖြင့် ယိုင်၍ မှိုင်းမှိုင်းကြီး။
တောင်ဘက်ဆုံးက ပြောင်းခင်း ပြောင်းရိုးငုတ်၊ ပြီးတော့ ယာ ကန်သင်း
၌ ပုံထားသော ပြောင်းဖျင်းပုံ။ မြောက်ဘက်က နှမ်းခင်း၊ နှမ်းခင်းရိုးငုတ်နှင့်
ပဲကြီးပင်များ နှမ်းခင်း မြောက်ဘက်က ပဲစဉ်းငုံခင်းဟု သူ သိပြီးသော ယာခင်း
တည်နေရာကို ငလုံး သူ့ဘာသာ အကြိမ်ကြိမ် တွက်ဆပြီး တွက်ချက်ကာ
ပဲစဉ်းငုံ ခင်းကြီး မြောက်ဆုံးဘေး၌ ‘ဝ” ထိုးရန် ငလုံး စီစဉ်သည်။

ပဲစဉ်းငုံခင်းကြီး မြောက်ဘက်က အပင်လိုက် ရိတ်သိမ်းသွားသော
မိုးလယ် ပဲတီခင်း၊ သည်တော့ ကွက်လပ်။
ကွက်လပ် ဘက်မှ ငလုံးတို့ ဝင်ကာ ‘ဝ’ ထိုးသည်။
ငုံး ပြေးလာမည့် လမ်းကို မှန်းဆပြီး ငုံး ပြေးလာပါက အဟန့်အတား
အနှောင့်အယှက် ဖြစ်စေရန် သစ်ခက်စိမ်းများ အမှိုက်များဖြင့် တားဆီးခြင်းကို
“ဝ” ထိုးသည်ဟု ခေါ်သည်။
ငုံးသည် ခြောက်လိုက်က သာမန် ငှက်ကဲ့သို့ ပျံသည်။
သူ့ ထူးခြားသော စရိုက်က တောက်လျောက် ပျံသန်းပြီး သူ ရပ်နား
လိုရာ နေရာ ရောက်မှ ဆင်းသက်သည့်ငှက် မဟုတ်။
ခြောက်လိုက်က ပျံသန်းပုံသာ သာမန်ငှက်နှင့် တူ၏။
ပျံသန်းရာမှ မြေကြီးပေါ် ထိုးဆင်းမည်။
ထိုးဆင်းပြီးမှ သူနားလိုသောနေရာ မရောက်မချင်း တာမှ လွှတ်သော
အပြေးသမားလို ဒုန်းရာ၌ အခြားငှက်နှင့် ကွာခြား၏။ ငုံးက ဒုန်းပြေး၏။
သို့ ပြေးလမ်း၌ အနှောင့်အယှက် အဟန့်အတား ရှိနေက ထိုအကားအဆီးကို
ရှောင်ကွင်းပြီး အတားအဆီး မရှိသည့် ဘက်မှ ပြေးလေ့ ရှိသည်။
ငုံးခြောက်သမားက သည်ဓလေ့စရိုက် သိ၍ ငုံးမခြောက်မီ ငုံး ပြေးလာ
မည်ဟု ခန့်မှန်းရသော နေရာများ၌ အမှိုက်ချခြင်း၊ ပြောင်းရိုးချောင်း အခြောက်
များ ချထားခြင်း၊ သစ်စိမ်းသစ်ခက်ဖြင့် တားခြင်းပြု၍ ‘ဝ’ ထိုးကာ ငုံးပိုက်ကို
အလယ်မှ ညှပ်၍ ထောင်သည်။
”ဝ ထိုးထားသည့် နေရာက ငုံး မနှစ်သက်သော အဟန့်အတား၊
အနှောင့်အယှက် အဆီးအပိတ် ရှိသော နေရာ၊ ငုံး ရှောင်သည့် နေရာ။
ပိုက်ထောင်ထားသည့် နေရာက ရှေ့၌ ဘာမျှ မရှိဘဲ လင်းရှင်းနေသည့်
နေရာ။ငုံးပိုက်မှာ နိုင်လွန် အဖြူရောင်ဖြစ်ရာ ထောင်ထားသည့်တိုင် ငုံးတို့
သံသယ မရှိဘဲ တိုးသည့် နေရာ။
ထို့ကြောင့် ”ဝ” ထိုးရာတွင် ဂရုတစိုက် ၀’ ထိုးရသည်။
ငလုံးတို့ ခြောက်မည့် ပဲစဉ်းငုံခင်းမှာ အတန်းလိုက် စိုက်ပျိုးထားသော
ပဲစဉ်းငုံခင်း။ အတန်းလိုက် အတန်းလိုက် ရှိနေသော ပဲစဉ်းငုံတန်း တစ်တန်းနှင့်
တစ်တန်းကြား ပိုက်တစ်ခု ထောင်ရန် ငလုံးတို့ ‘ဝ’ ထိုးရာ ပဲစဉ်းငုံတန်းတို့ကြောင့် ငလုံးတို့ ငမုံးတို့ လုပ်ငန်း ပိုမို အဆင်ပြေ ချောမွေ့သည်။
‘ဝ’ ထိုးသူက ထိုးနေပြီး ပြောင်းဖျင်းပုံ ဆီမှ ငုံးအုပ်တို့ တွန်သံမှာ
တရွှီရီှဖြင့် အပြိုင်အဆိုင် ငလုံးနှင့် ငမိုး တို့ကို ကြိုးစားပါတော့လားဟု အားပေးနေသလိုပင်။
‘၀’ ထိုးသည်ကို စိတ်ချရမှု ရှိမရှိ ငလုံး စိစစ်ပြီး စိတ်ချရမှ ပိုက်ထောင်
ရန် ကြိုးဖြင့် စုစည်းထားသော ပိုက်များကို ငလုံး စဖြုတ်သည်။
သာမန်အချိန် ကိုင်လာပါက ငုံးပိုက်သည် ပစောက်ပုံ ရှိသည်။
ထောင်လိုက်သောအခါ ဂငယ်ပုံ ဖြစ်သွားသည်။ ငုံးပိုက်ကို အကွက်စိပ်စိပ် ထိုးထားသည်။ စာလေး၊ ပြေလုံ လေးခေါင်
ပင်လျှင် ထွက်မရ။ အကျယ်က ပတ်ပတ်လည် တောင်ဆုပ်ခန့် ကျယ်သည်။
နိုင်လွန်ချည်ဖြစ်ဖြစ်၊ ရိုးရိုးချည်ဖြစ်ဖြစ် ဆွတ်ဆွတ်ဖြူနေမှ ငုံးတိုးသည်။
ဝါနေခြင်း၊ အခြား အရောင်အသွေး စွန်းထင်နေခြင်း၊ အရောင်ပြောင်းခြင်း
ရှိပါက ငုံး မတိုးတော့
ငလုံးတို့ ပိုက်က နိုင်လွန်ချည် အဖြူဖြင့် ထိုးထားသော ပိုက်။ ထိုပိုက်
ကိုင်းမှာ ဖဲထီး သံချောင်းကိုင်း။ ဖဲထီး သံချောင်းကို ကွေးပြီး ကွေးထားသည့်
အပေါ် ပိုက်တင်ကာ ပိုကြိုးဖြင့် ထိန်းထားရသည်။
”ဝ” ထိုးစဉ်က ချန်လှပ်ထားသော နေရာအား ဖဲထီးသံကိုင်း အကွေး
ဘယ်ညာ၌ပါသော သံချွန်ဖြင့် မြေပေါ် ထိုးစိုက်ပြီး ထောင်သည်။ ငုံးပိုက်တိုင်း
ဖဲထီး သံကိုင်းမှာ ဂငယ်ပုံ ဖြစ်သွားသည်။ ဖဲထီး သံကိုင်းကွေးကို မြေပေါ်
မြဲမြဲ ထိုးပြီးမှ ငုံး လာမည့်ဘက် မျက်နှာလှည့်ကာ ပိုက်ကို ထိုအပေါ်တင်သည်။
ပိုက်အကွေးပေါ် တင်ပြီးသော ပိုက်၏ “ပိုကြိုး’ကို ဘယ် ညာ တစ်ဖက်
တစ်ချက်စီ မြေစိုက်ထားသော ပိုက်အကွေး ဖဲထီး သံကိုင်း အောက်ခြေ၌
ချည်နှောင် ထားလိုက်သည်။
ငုံး တိုးလာက ပိုက်အကွေးပေါ် တင်ထားသော ပိုက် ပြုတ်ကျပြီး
ငုံးနှင့် ပိုက်နှင့် လုံးထွေးနေမည်။
လုံးထွေးနေရာမှ လွတ်မြောက်ရန် ငုံးက ကြိုးစား ရုန်းကန်လျှင်
မလွတ်မြောက်စေရေး၊ ငုံးနောက် ပိုက် ပါမသွားစေရေး အတွက် ပိုကြိုးက
ပိုက်ကွေး အောက်ခြေ၌ ချည်ထားသည်မို့ ထိန်းပေးထားမည်။
ပိုက်တစ်ထည်ကို တစ်ဖောင်ဟုလည်း ငလုံးတို့ ခေါ်ကြသည်။ ထိုပိုက်
တစ်ထည်၊ ပိုက်တစ်ဖောင်မှ တစ်ခါတစ်ရံ တိုးလျှင် သုံးလေးကောင်က
ရတတ်သည်။
“ဝ” ထိုးပြီးပြီ။
ပိုက်လေးဆယ်ကို ထောင်ပြီးပြီ။
ပိုက်ကို ငလုံး လိုက်လံ၍ အသေးစိတ် ကြည့်သည်။
ပိုက်အကွေးပေါ် ပိုက်တင်တာ သေချာရဲ့လား။
“ပိုကြိုး ချည်နှောင်ထားတာ သေချာရဲ့လား။
ပိုက်ထောင်တာ သေချာရဲ့လားဟု ငလုံး စိစစ်၏။
စိတ်မချရသည်များကို သူ ကိုယ်တိုင် ပြင်ဆင်ပြီးမှ ငလုံးသည် ငမုံးကို
ခေါ်ကာ ငုံးခြောက်ရန် အတွက် ယာ တစ်ကွက်ကျော်မှ ပတ်တက်ကာ ပြောင်း
ဖျင်းပုံ ထားရာဆီသို့ သွားခဲ့သည်။
ငုံးအုပ်တို့မှာ စားကြသောက်ကြ တရွှီရီဖြင့် ဖိုမသံ ပေးပြီး မြည်ကြ
ကျူးကြ ပျော်ရွှင်ကြနဲ့ ဆူဆူညံညံ။

(၆)
အစာပုံ ပုံခါစကပင် တောသမားအတွက် ငလုံး တွက်ခဲ့သည်။
ပြောင်းရိုးငုတ် ဘာပင်မှ မရှိသော နေရာ သည်နေရာက ငုံးခြောက်
သမား ဝင်ကောင်းမည့် နေရာ။
ပြောင်းရိုးငုတ်နှင့် နှမ်းရိတ်ပြီး ပဲကြီးပင်သာ ကျန်သည့် ယာကြား၌
ရှိသော အစာပုံ။ ပြောင်းဖျင်းပုံကို ငုံးအုပ်တွေ၊ ငုံးအုပ်တွေ လာစားပြီ ဆိုပါတော့၊
သူ ခြောက်ပြီ ဆိုပါတော့။
ငုံး ထုံးစံအရ ပျံသန်းဦးမည်။ ဝီှးခနဲ တစ်အားကုန် ပျံရမှ ကျေနပ်သော
ငုံးတို့ ပဲကြီးခင်း လွတ်အောင် ပျံမည်။ အပျံလွန်သော ငုံးဖြစ်သည့်တိုင် ပဲစဉ်းငုံ
ခင်း တစ်ဝက်မှာ သို့မဟုတ် ဆုံးခါနီးမှာ ကျမည်။
ပဲစဉ်းငုံခင်း ဟိုဘက်က ပဲတီခင်းကျွတ် ဟာလာဟင်းလင်း မြေသားပြင်
ဆိုတော့ ငုံးတို့ ဘယ်နည်းနှင့်မျှ ကျော်မပျံ။
ပဲစဉ်းငုံခင်း မြောက်ဖျား ပိုက်ထောင်ကာ ပျံသန်းရာမှ ကျလာပြီး
အပြေး၌ ငုံးပိုက်ထဲ လုံးထွေး မိနေမည်။

အဆင်အခြင် မရှိဘဲ ပဲစဉ်းငုံခင်းနှင့် ပဲကြီးခင်း အစပ် ငုံးစား ပြောင်းဖျင်း
သွားချပါက ခြောက်သည့် အချိန်၌ ပဲစဉ်းငုံခင်း ကျော်၊ ယာသားပြင် ကျော်ပြီး
ဟိုဘက်က ငရုတ်ခင်းထဲ ငုံးတို့ ပျံချမည်။ ငရုတ်ခင်းရှင်က အထောင်
ခံမည် မဟုတ်။ ဇွတ် သွားထောင်လျှင် ပြဿနာ ချက်ချင်းတက်မည်။
သူ့ စိတ်ကူး၌ အပြန်ပြန် အလှန်လှန် တွက်ဆပြီးမှ ငလုံး သည်နေရာ၊
သည်ခြောက်ကွင်းကို တောသမား မျက်စိ၊ တောသမား ခေါင်းဖြင့် ရွေးချယ်ခဲ့
သည်။ သူ့ စိတ်ကူး မှန်မမှန် လက်တွေ့သိရတော့မည်။

“ငမုံး”
“ဗျာ”
“ရိုက်ခြောက်ဖို့ ဟို နဘူးကိုင်းခြောက် နှစ်ခု ယူခဲ့”
“ဟုတ်”
ငမုံးက ယူလာပြီး သူ တစ်ချောင်း ကိုင်ကာ၊ ငလုံးကို တစ်ချောင်း
ပေးသည်။
“မှန်မှန်နဲ့ မြန်မြန်ခြောက်၊ ပဲကြီးခင်း ကျော်ရင် ပဲစဉ်းငုံခင်းထဲစွပ်ပြေးပြီး အတင်းခြောက် ကြားလား”
“ဟုတ် ဟုတ်”
သည်မျှ ပြောပြီး နဘူးကိုင်းခြောက်ဖြင့် မြေပြင်ရိုက်ကာ ဟိုး ဟိုး၊
ဟေး၊ ဟိတ် ဟိတ်၊ ယား ဟား၊ ဖျောင်း ဖြောင်း
အသံပေးကာ ငုံးတို့ကို ငလုံးစတင် ခြောက်လှန့်သည်။
ပြောင်းဖျင်း အစာကို မက်မက်မောမော စားသုံး နေကြသော ငုံးတို့ကမ္ဘာပျက်လေပြီ။ အစာ ရှာရာမှ ရပ်တန့်ကာ အခြေအနေကို အကဲခတ်ကြသည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း မြည်သံများ။
ဟေးဟေး ဟိုးဟိုး ဟားဟား ဟိတ်ဟိတ် ဟေးဟေး အသံများ။
တောင်ဘက်ဆီမှ သူတို့ဆီ တန်းဆင်းလာပြီမို့ ငုံးတို့ ရပ်မနေဝံ့တော့
ဝီးခနဲ ဝီးခနဲ ဝီးခနဲ အသံပေးကာ နှမ်း ရိုးပြတ် ပဲကြီးခင်းကို ဖြတ်ကျော်
ပျံသည့် အကောင်ကပျံသည်။ ပဲစဉ်းငုံခင်းထဲ အရောက် ပျံသည့် အကောင်က
ပျံသည်။

နောက်မှ လိုက်လာသော ဖြောင်းဖြောင်း ဗြင်းဗြင်း အသံများက မလျှော့
တိုး၍ တိုး၍ ဆူဆူညံညံ ဟေးခနဲ ဟိုးခနဲ ဟိုခနဲ ဟားခနဲ အသံက သူတို့ဆီ
ဦးတည် လာနေ၍ ငုံးတို့ ဆောက်တည်ရာမရ ပျံသန်းရာမှ မြေပေါ်ကျပြီး
ပဲစဉ်းငုံခင်းထဲ တောက်လျှောက် စွပ်ပြေးသည်။
စွတ်ပြေးသည်တိုင် နောက်မှ အသံမရပ်။ ပဲစဉ်းငုံခင်းထဲသို့ အတင်း
တိုးဝင် ခြောက်လှန့်ရာ ငုံးတို့ ရပ်တည်ရာ မရတော့။ ပဲစဉ်းငုံခင်းထဲမှ ထပျံရန်
ကလည်း ညိုညိုမှိုင်းမှိုင်း အုပ်အုပ်ဆိုင်းဆိုင်းဖြင့် နေပြောက်မှ မထိုးနိုင်ဘဲ
ထိစပ်နေရာ ပျံလည်း မရ၊ ရပ်လည်း မနေဝံ့၊ သည်တော့ ငုံးတို့ ပြေးပြီးရင်း
ပြေးရင်း တစ်ပြေးထဲ ပြေးရသည်။
သေရေးရှင်ရေး ပြေးခါမှ ရှေ့က သစ်ခက်စိမ်းများ ပြောင်းရိုးချောင်း
များ၊ အမှိုက်များက အတားအဆီး ဖြစ်နေ၍ ငုံးတို့ ရှောင်ကြသည်။ ရှင်းရာ
လင်းရာ လမ်းကို စွတ်အပြေး၌ တုံ့ခနဲဖြစ်ကာ ရှေ့တိုး မရတော့၊ ရှေ့က ငုံး
ပိုက်ထဲ မိနေသည် သိသည့်တိုင် နောက်မှ ငုံးက အရှိန် မထိန်းနိုင်ဘဲ စွတ်တိုးရာ
နောက်ငုံးပါမိသည်။ တချို့ ငုံးတို့ကလည်း ပြိုင်တူ ပြေး ပြိုင်တူ လုဝင်ရာ
ပိုက်ထဲ တစ်ပြိုင်နက် အမိခံရသည်။
ငလုံးနှင့် ငမုံးတို့သည် ပဲစဉ်းငုံခင်းထဲ ခွေးတိုးဝက်ဝင် ဝင်လာပြီး
ပိုက်များဆီ အငမ်းမရ ကြည့်လိုက်ကြသည်။
မိနေပြီ။ သူတို့ ခြောက်လွှတ်သော ငုံးအုပ်တို့ ပိုက် အသီးသီး၌ မိနေရာ
ရုန်းသံ အော်သံတို့ ဖုံးလွှမ်းနေပြီ။
နီးရာနီးရာ ပိုက်များမှ စတင်၍ မိနေသော ငုံးများကို ငလုံးနှင့် ငမုံး
ပြိုင်တူ ဖြုတ်သည်။ အားလုံး ဖြုတ်ပြီးသောအခါ ငမုံးက စတင် အော်သည်။
“အစ်ကို ရတယ်ဗျ၊ ကျုပ်ပိုက်ကချည်း ငုံး သုံးဆယ့်တစ်ကောင်”
“ငါ့ပိုက်က ဒါကြီးနဲ့ ငုံး အကောင်သုံးဆယ်ဟေ့”
“ဟင် ဒါလည်း ရတယ်”
“ရတာပေါ့ ပုတ်တိုးလို့ကတော့ ပိုက်နဲ့ ဆုံတဲ့ အကောင်ဆို အကုန်ရ”
ငလုံး ပြလိုက်သည့် အကောင်က မြေဝပ်ကောင်၊ ပိုက်များကို ဖြုတ်၍
ညီအစ်ကို နှစ်ယောက် ခေတ္တ နားနေကာ အမောအပန်း ဖြေကြ၏။
ဒုတိယ ယာဖြစ်သော ပြောင်းဖျင်း လေးပုံ ပုံထားသည့် နေရာဆီ
ဆက်လက် ခြောက်ရန် အမောအပန်း ပြေချိန်၌ ထွက်ခဲ့ကြ၏။

ဒုတိယ နေရာမှ ငုံးအကောင် ငါးဆယ်ကျော်နှင့် ပြေလုံး ရှစ်ကောင်
သူတို့ ရခဲ့ပါ၏။
သူတို့ ရခဲ့သော ငုံးများကို သုံးမျိုး သုံးစား ခွဲလိုက်သည်။
အကြီးဆုံး ဖြစ်သော ငုံးမွဲက တစ်စု။
အလတ် ဖြစ်သော ငုံးနီပု တစ်စု။
အငယ်ဆုံး ဖြစ်သော ငုံးစလိပ်က တစ်စု။ သုံးစု ခွဲပြီးမှ အကောင်
နှစ်ဆယ်ကို ငုံးမွဲ ထဲမှာ ငလုံးက ငမုံးအား သီးသန့် ရွေးထုတ်ခိုင်းသည်။
ဘာလုပ်ဖို့ဟု နားမလည်သော်လည်း သီးခြား အကြောင်းကိစ္စရှိ၍ ငုံးမွဲ
အကောင် နှစ်ဆယ် ခွဲထုတ်ခိုင်းခြင်းဟု ငမုံး နားလည်သည်။
ငုံးမွဲကြီး အကောင် နှစ်ဆယ်ကို ခွဲခြား ရွေးထုတ်၍ ကြိုးဖြင့်ချည်ပြီး
ငမုံးက ပြောသည်။
“ရွေးပြီးပြီ အစ်ကို ဘာလုပ်ဖို့လဲ”
“မင်း ပေးဖို့”
“ဗျာ ကျုပ်ပေးဖို့ ဟုတ်လားအစ်ကို”
“ဟုတ်တယ် အဲ့ဒါ မင်းယူ၊ မင်း သီးသန့်ရောင်း၊ ကျောင်းလခလေး
ဘာလေး ပေးဖို့ လိုလို၊ စာအုပ်ဖိုးလေး သွားရည်စာ မုန့်ဖိုး ပဲဖိုးလေး လိုလို၊
မင်း သုံးဖို့ သိမ်းထား၊ တော်ကြာ မင်းက ကျောင်းသား၊ သုံးဖို့ စွဲဖို့ လိုနေရင်
မင်း လက်ထဲ ငွေမရှိမှ အိမ်တောင်းရအခက် ဘာအခက် ဖြစ်နေမယ်။ တို့
တောသမားဆိုတာ စရပ်ကြမ်းပိုး၊ ကြုံမှ ထိုးနိုင်တာ။ ခုလို ရတုန်းရခိုက်
ဖောက်သည်ဆီ သီးခြား အပ်ပြီး ရတဲ့ငွေ မင်းဘာသာ သိမ်းထား။ မင်း
အသုံးလိုတဲ့ အချိန်မှ ထုတ်သုံး”
ငမုံးက သူ့အစ်ကို ငလုံးကို စူးစူးစိုက်စိုက် ကြည့်သည်။
“အစ်ကို အဟုတ် ပြောတာလား၊ အဟုတ် ပေးတာလား”
“ဟာ မင်းကလည်းကွာ၊ ညီအစ်ကိုချင်းတောင် မယုံတော့ဘူးလား။
တကယ်ပါကွ၊ တို့မှာလည်း ဒီအကောင် နှစ်ဆယ် နုတ်တောင် အကောင်
ရှစ်ဆယ်ကျော် ကျန်သေးတာပါ၊ မင်းကို အဟုတ် ပေးတာပါ၊ အဖေကတောင်
ကျောင်းသားကို ဂရုစိုက်ပါကွာ။ မုန့်ဖိုး ပဲဖိုး စာအုပ်ဖိုး လိုနေပါဦးမယ်၊ ငါ
နေမကောင်းတာ မကောင်းတာပဲ၊ တို့မိသားစုမှာ တစ်မိပေါက် တစ်ယောက်
ထွန်း ပါလာတဲ့ ကျောင်းသားကို ကျောင်းလခက အစ၊ စာအုပ်ဖိုး မုန့်ဖိုးအထိ မဲမတင်း ရပါစေနဲ့လို့ ပြောတာ တဖွဖွပဲ၊ အမေကလည်း ဟုတ်တယ်၊ သူ
တစ်ယောက် ပညာရေးမှာ ထူးချွန်တာမို့ ဂရုစိုက်ပြီး လိုအပ်တာ မှန်သမျှ
ဖြည့်ဆည်း ပေးရမယ်နဲ့ မင်း ကွယ်ရာမှာ ပြောတာ တတွတ်တွတ်ပဲ”
“ဟာ ဒါဆိုပွတာပဲ အစ်ကို၊ နောက်ရက်ဆိုရင် ကျောင်းလခ ပေးဖို့
အချိန် ရောက်တော့မှာ။ ကျုပ် ဒီငွေရတာနဲ့ ကျောင်းလခ ပေးချိန်နဲ့ သွားကိုက်
နေတော့ အဖေတို့၊ အမေတို့၊ အစ်ကိုတို့ ဆီက ကျုပ် မတောင်းရတော့ဘူး။
ကျုပ်ကို ကျောင်းလခ သီးသန့် မပေးရတော့ အိမ် သက်သာ သွားတာပေါ့။
ကျုပ်လည်း အဆင်ပြေတာပေါ့”
ငမုံးသည် သူ့ အခက်အခဲကို ငလုံးတို့၊ သူ့ မိသားစုတို့ မသိဟုထင်နေ၍
အားတက်သရော ပြောကြားလာ၏။ ငလုံး အနေဖြင့် မသိဟန် ဆောင်လက်စနှင့်
မသိသလို နေလိုက်၏။
ငမုံးသည် အိမ်သို့ပြန်ရင်း ပျော်ရွှင်စွာဖြင့် သူ့ ငုံးနှစ်ဆယ်မှ ရနိုင်မည့်
ငွေကို စိတ်တွက် တွက်ကြည့်နေသည်။
သူတို့ ချိုင့်ကြီးဒေသမှာရှိသော ငုံး သုံးမျိုးအနက် ငုံးအရွယ်အစား
အကြီးဆုံးဖြစ်သော ငုံးမွဲ တစ်ကောင်ကို ရှစ်ကျပ်နှုန်း ဖောက်သည်ဈေး
သွင်းရသည်။
ဒုတိယ အကြီးဆုံးဖြစ်သော ငုံးနီပုကို ခြောက်ကျပ်နှုန်း ဖောက်သည်ဈေး
သွင်းရသည်။
ငုံးစလိပ်မှာ အသေးဆုံးဖြစ်၍ တစ်ကောင်မှ လေးကျပ်နှုန်း ဖောက်သည်
ဈေး သွင်းရသည်။
ငုံမွဲ အကောင် နှစ်ဆယ်ကို သူ ရောင်းက ငွေတစ်ရာ့ခြောက်ဆယ်
ရမည်။
ယခု ရောက်နေသော ကာလက ဖေဖော်ဝါရီလ။
မတ်လဆိုလျှင် ငမုံး စာမေးပွဲ စစ်မည်။
သည်နှစ်အဖို့ ကျောင်းလခအတွက် ပူပင်စရာ မရှိတော့၊ စာအတွက်
မပူပင်ရဘဲ ကျောင်းလခအတွက် သူသည် အမြဲ ပူပင်ခဲ့ရသူ တစ်ယောက်ဖြစ်၏။
ယခုမူ ကျောင်းလခအတွက် ပူပင်စရာ သူ မရှိတော့ဟု ယုံယုံကြည်ကြည်
သိလိုက်ရသော အချိန်၌ ငမုံး အတိုင်းမသိ ကြည်နူးမိ၏။
မိရိပ် ဖရိပ်သည် ခိုကိုးရာဖြစ်၏။
ဆရာအရိပ်သည် ခိုကိုးရာဖြစ်၏။
အစ်ကိုကြီးအဖရာ ဟူသကဲ့သို့ ဆွေရိပ်မျိုးရိပ်သည် ခိုကိုးရာဖြစ်၏ ဟူသောအသိနှင့် သူ့အစ်ကို ငလုံးကို ငမုံးကြည့်၏။
မိဘကျေးဇူး ဆပ်ခွင့်ရနေခြင်း။
ညီငယ်ကို ပြုစုပျိုးထောင်ခွင့် ရနေခြင်းကြောင့် ငလုံးသည်လည်း ပီတိဖုံးသောအပြုံးဖြင့် ရှေ့မှ ပေါ့ပါးတက်ကြွစွာ သွားနေကြောင်း ငမုံးမသိ။ သူ့အစ်ကို ငလုံးပြုံးနေသည်သာ ငမုံးသိသည်။

တွင်းကြီးဝမ်းမောင်

စာစီ – မီးမီး