မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။
“ဟိုဘက်ရွာ ခဏသွားမလို့ဗျ”
ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး
လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။
“ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ”
ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။
လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ်
“ကိုကြီးတာတေ ။ ကိုကြီးတာတေ”
ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း
ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။
ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။
စောစောက အိပ်မက်ထဲမှာ လှည်းမောင်းသွားတဲ့
ကျောက်ခဲရဲ့ယောက်ဖ ကိုသိန်းမောင်က ရှိမှ မရှိတော့တာ။
ဆုံးသွားတာ တစ်နှစ်တောင် ကျော်ပြီပဲ။ သေသွားတဲ့လူကို
အိပ်မက် မက်တာ မကောင်းဘူးလို့ လူကြီးတွေပြောသံ
ကျုပ် ကြားဖူးတယ်။
ကျောက်ခဲက ကျုပ် ဘေးနားမှာ ဝင်ထိုင်တယ်
ကျုပ်ကလည်း အိပ်နေရာက ထထိုင်ပြီး ဒီကောင်နဲ့
စကားပြောတယ်။
“ကျောက်ခဲ မင်း ဘယ်သွားမလို့တုံး။နေပြင်းလိုက်တာ”
‘ဘယ်မှာမသွားဘူးဗျ။ ကျုပ်က ကိုကြီးတာတေနဲ့
စကားလေး ဘာလေး ပြောချင်လို့ လာတာပါ”
ဒီကောင် နေပူထဲကလာတော့ မောလာတယ်ဗျ။
ကျုပ်ဘေးမှာ ချထားတဲ့ ရေနွေးအိုးကို ငှဲ့သောက်တော့တာဗျို့။
“တိုက်ဆိုင်တယ်ပဲ ပြောရမလားတော့ မသိဘူးကွ
ငါက နေ့ခင်းကြောင်တောင်ကြီးမှ မင်းအစ်မ
အစ်မခင်စိန်ရီနဲ့ ကိုသိန်းမောင်ကို အိပ်မက် မက်နေတာကွ”
“ဟင် ဟုတ်လား ကိုကြီးတာတေ ။ဒါဆိုရင်တော့
တိုက်ဆိုင်တာပဲ ပြောရမှာပဲဗျ။ ကျုပ်ကလည်း
အစ်မခင်စိန်ရီအကြောင်း လာပြောတာ”
“ဟေ ဟုတ်လား အစ်မ ခင်စိန်ရီ ဘာဖြစ်လို့တုံး”
“မဖြစ်ပါဘူးဗျာ။ မနေ့က ယာထဲက အပြန်မှာ
ရွာနောက်ပိုင်းက ကိုတိုးက အစ်မခင်စိန်ရီကို ရိသဲ့သဲ့လုပ်လို့
အစ်မခင်စိန်ရီနဲ့ စကားတွေ များကြလို့တဲ့ဗျ”
“ဟာ ကိုတိုးဆိုတာ အရက်မူးမူးနေတဲ့ လူမို့လား”
“ဟုတ်တယ်လေဗျာ ။ ကျုပ် သူငယ်ချင်း အောင်မိုးရဲ့
အစ်ကိုလေဗျာ ။ဒီလူ့နာမည်က အောင်တိုးဗျ။
ဘာအလုပ်မှလည်း မယ်မယ်ရရ မလုပ်ပါဘူးဗျာ။
အရက်သောက်လိုက် ။ ကြက်တိုက်လိုက်ပဲ လုပ်နေတာပါ။
သူ့ကို သူ့ငယ်ချင်းတွေက ‘ကြက်ငတိုး’လို့တောင်
ခေါ်ကြတာ”
“အင်း …လူတွေကလည်း ခက်တယ်ကွ ကျောက်ခဲရ။
အစ်မခင်စိန်ရီက မုဆိုးမမို့လား။ ဒီတော့
သွေးထိုးစမ်းကြည့်တာပေါ့ကွာ”
“ဒါပေမဲ့ မိန်းမသားအဖို့ မကောင်းဘူးပေါ့ဗျာ”
“ဟာ …ဟုတ်တာပေါ့ ကျောက်ခဲရ။
တစ်ရွာတည်းနေတဲ့ လူတွေပဲဟာ ဆင်ခြင်သင့်တာပေါ့ကွ”
“အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အံ့သြစရာကိစ္စလေးတွေ
ပြောချင်ဆိုချင်လို့ ကိုကြီးတာတေဆီကို ကျုပ်လာတာဗျ”
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း ကျောက်ခဲနဲ့
စကားပြောနေတာပေါ့ဗျာ။
“ဟေ …ဘာတွေများ အံ့သြစရာရှိလို့တုံးကွ ကျောက်ခဲရ”
“ကိုကြီး တာတေ သတိမထားမိလို့ဗျ ။ ကျုပ်အစ်မ ခင်စိန်ရီက
ကိုကြီးသ်ိန်းမောင်နဲ့ အိမ်ထောင်ကျတော့ ဘထွေးထွန်းကြည်ရဲ့
ဝိုင်းထဲမှာပဲ အိမ်သေးသေးတစ်လုံး ဆောက်ပြီး
အ်ိမ်ခွဲနေတာလေဗျာ”
“အေးလေ ငါသိသားပဲ ကျောက်ခဲရ”
“ဒါပေမဲ့ ကိုကြီးသိန်းမောင် ဆုံးတော့ အစ်မခင်စိန်ရီက
သူ့အဖေရဲ့ အိမ်ကြီးပေါ်မှာ ပြန်မနေဘဲ ဒီနေ့အထိ
သူတို့အိမ်လေးမှာပဲ နေတာဗျ”
“ဟေ ဟုတ်လား။ အဲဒါတော့ ငါမသိဘူးကွ”
“အဲဒါတော့ ပြောချင်လို့ ကျုပ်လာခဲ့တာလေဗျာ။
အစ်မခင်စိန်ရီရဲ့ညီမ ခင်စိန်ကြည်က ကျုပ်ထက်
နှစ်နှစ်ပဲကြီးတာဗျ။ ကစားဖော် မောင်နှမတွေလေဗျာ။
ခင်စိန်ကြည် ကျုပ်ကို ပြောပြတယ်။ ဘထွေးထွန်းကြည်
မနက်စောစော ယာထဲဆင်းပြီး ယာထွန်တဲ့အခါ ဘထွေးက
တအားအိပ်ချင်ပြီး ထနောင်းပင်အောက်မှာ ထိုင်ရက်
အိပ်ပျော်ပျော်သွားတာတဲ့ဗျာ။ဘထွေးနိုးလို့ ကြည့်လိုက်ရင်
ယာက ထွန်ပြီးသား ဖြစ်နေရောတဲ့ဗျာ”
“ဟေ …ဟုတ်လား”
“ထွန်တာမှ အပေါ်ယံ မဟုတ်ဘူးတဲ့ဗျ ညက်နေတာဆိုပဲ။
တောထဲမှာ ထင်းသွားခုတ်ရင်လည်း ဘထွေးက
သိပ်မခုတ်ရသေးဘူးတဲ့ ။ လှည်းက မောက်နေပြီတဲ့ဗျာ”
“ဟာ …ဒါ ဘယ်လိုဖြစ်တာတုံးကွ”
“ဘထွေးထွန်းကြည်တို့ အစ်မခင်စိန်ရီတို့ မိသားစုတောင်းတွေ
ဘာတွေ ယက်လက်စကို ဒီအတိုင်းထားလိုက်ရင် နောက်နေ့မနက်
အကုန်လုံးယက်ပြီးသား ဖြစ်နေတာတဲ့ဗျာ။ ဒီတော့ ဘထွေးက
စမ်းကြည့်ချင်တာနဲ့ ယာထွန်တဲ့အခါ ဘထွေးက တစ်စပ်
နှစ်စပ်လောက် ထွန်ပြီးရင် ထနောင်းကုန်းပင်အောက်မှာ
အိပ်ချင်ယောင်ဆောင်နေတာတဲ့ဗျ။
ဟာ ပြောကောင်းမတုံးဗျာ။ ထွန်တော့တာပဲတဲ့ဗျို့”
“ဟေ …ဘယ်သူ လာထွန်တာတုံး”
“ဘယ်သူမှတော့ မတွေ့ရဘူးတဲ့ဗျ။ တစ်ခါ တစ်ခါတော့
နွားငေါက်သံတိုးတိုးလေး တစ်ချက် တစ်ချက်ကြားရတယ်ဆိုပဲ။
နွားတွေနဲ့ ထွန်တုံးက သူ့ဟာသူ သွားနေတာတဲ့ဗျ”
“နေပါဦးကွ။ နွားတွေကရော လန့်တာ ပြုတာ ရှိသတဲ့လား”
“ဟာ မရှိဘူးတဲ့ဗျ။ နွားတွေကလည်း ပုံမှန်ပဲတဲ့ဗျ။
ဘာမှ ထူးထူးခြားခြား မရှိဘူးတဲ့။ နောက်တော့
ဘထွေးက လူတွေ မနိုးခင် ဝေလီဝေလင်း သွားသွား
ထွန်တော့တာဆိုပဲ။ ယာတွေ အကုန်လုံး ဘထွေး
လုံးဝမထွန်ဘဲ ညက်သွားတာတဲ့ဗျို့”
“ဟာ …ထူးတော့ ထူးတာပဲကွ ကျောက်ခဲရ”
“နှမ်းနှုတ်ချိန်ကျတော့လည်း နှမ်းထောင်စောင့်ဖို့
မလိုဘူးတဲ့ဗျ ။ လူမပြောနဲ့ ခွေးတောင် မလာဘူးဆိုပဲ
နှမ်းပုတ်ချိန်ကျပြီ ဆိုရင် ညတည်းက နှမ်းတွေ
ပုတ်ထားတာ။မနက်ဆိုရင် အပုံလိုက် အိပ်သွတ်ရုံပဲတဲ့ဗျာ”
“ဟာ ဒီအကြောင်းတွေကို ရွာထဲကလူတွေ
မသိကြဘူးလားကွ”
“ဘထွေးတို့က အုပ်ထားရတာပေါ့ဗျာ ကျုပ်တောင်
စိန်ကြည်မပြောလို့ သိရတာ။ ကျုပ်လည်း ဒီအကြောင်းတွေ
ဘယ်သူ့မှ မပြောဘူး ဒါတွေ ဖြစ်နေတာ
တစ်နှစ်ကျော်လောက် ရှိပြီပဲဗျာ”
“မင်းက အဲဒါတွေ ဘယ်လိုဖြစ်တယ်လို့ ထင်လို့တုံး”
“ဟာဗျာ ကိုကြီးတာတေကလည်း ဘာကို
ထင်စရာရှိသေးလို့တုံးဗျာ။ အဲဒါ ကျုပ်ယောက်ဖကြီး
ကိုကြီးသိန်းမောင်တစ္ဆေလုပ်ပေးနေတာပဲပေါ့ဗျာ”
“အစ်မခင်စိန်ရီကရော သူ့ယောင်္ကျားလုပ်နေတာမှန်း သိရဲ့လား”
“ဟာဗျာ ကိုကြီးတာတေကလေ တစ်ခါ တစ်ခါ
တော်တော်ကို ချော်တာဗျ။ အစ်မခင်စိန်ရီက
သူ့ယောင်္ကျား မရှိပေမဲ့ အခုထက်ထိ သူတို့အိမ်ကလေးမှာပဲ
ဆက်နေတယ်ဆိုတာ ထည့်မှ မတွေးတော့ဘဲကိုး”
“ဟာ ဟုတ်သားပဲ ကျောက်ခဲရ ။ ငါ အဲဒါတွေ
ထည့်မတွေးမိဘူးကွာ ”
ကျုပ်ကလည်း ကျောက်ခဲ ပြောမယ်ဆိုလည်း ပြောစရာပေါ့ဗျာ။
တွေးရမယ့်အချက်ကို ကျုပ်က မေ့လို့ မေ့နေတာဗျ။
“ကျုပ်ကို စိန်ကြည်မ ပြောတာဗျ။ သူ့အစ်မ အစ်မခင်စိန်ရီက
တစ်ခါ တစ်ခါကျရင် သူ့အိမ်ထဲမှာ တစ်ယောက်တည်း
စကားတွေ ပြောနေတာ သူ့တွေ့တယ်တဲ့ဗျ”
“ဟေ ဒါဆိုရင်တော့ တော်တော်ကို ထူးဆန်းတဲ့ကိစ္စပဲကွ
ကျောက်ခဲရ”
“အဲဒါကြောင့် ကိုကြီးတာတေကို ကျုပ်က ဒီအကြောင်း
တိုးတိုးတိတ်တိတ် လာပြောတာပေါ့ဗျာ။ ရွာထဲကလူတွေ
သိလို့လည်း မဖြစ်ဘူးဗျ”
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း
တွေးနေမိတာပေါ့ဗျာ။
“ကိုကြီးတာတေ တစ္ဆေဆိုတာ ဒီလိုမျိုး ယာတွေထွန်
နှမ်းတွေနှုတ် ။ နှမ်းတွေပုတ် ။တောင်းတွေယက်
လုပ်နိုင်လို့လားဗျ”
ကျောက်ခဲမေးတာ ဟုတ်တယ်ဗျ။ ကျုပ်လည်း
ဒါမျိုးတော့ တစ်ခါမှ ကြုံလည်း မကြုံဖူးဘူး
ကြားလည်း မကြားဖူးဘူးဗျ။
“ငါတော့ ဒါမျိုး တစ်ခါမှတောင် မကြားဖူးဘူးကွ
ကျောက်ခဲရ”
အဲဒီနေ့က ညနေစောင်းမှ ကျောက်ခဲ ပြန်သွားတယ်
ကျောက်ခဲက ကျုပ်ဆီကို ဒီလိုပဲ လာနေကြဆိုတော့
အဘနဲ့ အမေကလည်း ဘာမှမမေးကြဘူးဗျ။
ကျုပ်ကလည်း ဘာမှ စကားမစဘူး ။ဒီကိစ္စက
ဘယ်သူမှ မသိတာ အကောင်းဆုံးပါပဲဗျာ
နောက်နေ့မနက်ကျတော့ နှင်းကြွင်းနှင်းကျန်လေးတွေ
ကျတယ်ထင်ပါရဲ့ဗျာ ။ ခေါင်မိုးပေါ်မှာ တပေါက်ပေါက်နဲ့
နှင်းကျသံလေးတွေ တစ်ချက် တစ်ချက် ကြားနေရတယ်။
ကျုပ်လည်း အိပ်ရာထ ဘုရားရှိခိုးပြီး ရေနွေးကြမ်း
ထိုင်သောက်နေတယ် ။ အဘနဲ့ အမေကတော့
ဘုရားရှိခိုးပြီး ထမင်းကြမ်းစားဖို့ လုပ်နေကြတယ်
“ကိုကြီးတာတေ ”
ဟာ ကျောက်ခဲဗျ။ ကျုပ်ကိုခေါ်ရင်း ဝိုင်းထဲကို
ပြေးဝင်လာတာ။ ဒီကောင် ဘာဖြစ်လာတာပါလိမ့်ဆိုပြီး
ကျုပ်က လှေကားထိပ်ကနေ ထွက်စောင့်နေလိုက်တယ်
ပြီးတော့ လှေကားကို အမောတကော တက်လာတဲ့
ကျောက်ခဲကို ဆီးမေးလိုက်တယ်
“ဟေ့ကောင် ကျောက်ခဲ ဘာဖြစ်လာတုံး”
“ဟာ သွားပြီ။ကိုကြီးတာတေရေ”
“ဘာကွ ဘာသွားတာတုံး”
“မနေ့က ကျုပ်ပြောတဲ့ ရွာနောက်ပိုင်းက
ကြက်ငတိုးဆိုတဲ့ လူတော့ သေသွားပြီတဲ့ဗျို့”
“ဟေ ဟုတ်လား ။ ဘာဖြစ်ပြီး သေတာတုံးကွ”
“ကိုကြီးတာတေ သိတယ်မို့လား အနောက်ပိုင်းကို
သွားတဲ့ လမ်းခွဆုံက ဇောင်ချမ်းပင်ကြီးလေဗျာ”
“ဟာ သိတာပေါ့ကွ ကျောက်ခဲရ”
“အဲဒီဇောင်ချမ်းပင်ကြီးရဲ့ အောက်မှာ ဇက်ကြီးကျိုးပြီး
သေနေတာဗျို့။ မှောက်ခုံကြီး လဲနေတာဗျ”
“ဟာ ဟုတ်လား။ မင်း သွားကြည့်ပြီးပြီလား”
“ကြည့်ပြီးပြီဗျ။ ကျုပ် အခုပဲ အဲဒီက လာတာ”
ကျုပ်နဲ့ ကျောက်ခဲ ချက်ချင်းရောက်သွားကြတာပေါ့ဗျာ။
လူတွေမှအုံလို့ဗျို့။ ဟုတ်ပါ့ဗျာ။ ကြက်ငတိုးဆိုတဲ့လူက
ဇောင်ချမ်းပင်အောက်မှာ မှောက်ခုံကြီးလဲပြီး သေနေတာဗျ။
ပုဆိုးကွက်တုံးပြာပြာကြီး ဝတ်ထားတယ်။
အပေါ်ပိုင်းကတော့ ဖျင်အင်္ကျီ
အဖြူတစ်ထည် ဝတ်ထားတာဗျ။
ကျုပ် သေသေချာချာ ကြည့်တယ်။ ဒီလူ အရက်မူးပြီး
အန့်ဖက်ဆို့တာများလားလို့ပေါ့ဗျာ။ အန့်ဖတ်ဆို့တာ
မဟုတ်ဘူးဗျ။ ခေါင်းကြီးက တစ်ပတ်လည်ပြီး
နောက်ကျောဘက်ကိုတောင် မျက်နှာကြီး
ရောက်နေတော့တာဗျ။
ဇက်ကို တစ်ချက်တည်း လိမ်ချိုးထားတဲ့ပုံပဲ။
တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ။ ဘန့်ဘွေးကုန်းကို ကိစ္စတစ်ခုနဲ့
ရောက်လာတဲ့ မြို့က ရဲတွေကို သူကြီးက သွားခေါ်ခိုင်းလို့
ရဲတွေတောင် ရောက်လာကြပြီဗျ။
ရဲကတော့ သေသေချာချာ စစ်ဆေးပြီးတော့
ဒါ လူသတ်မှုလို့ ပြောတယ်ဗျ။ ပြီးတော့ ရွာထဲက
လူတွေကို စစ်ဆေးတော့တာပေါ့ဗျာ။ အထူးသဖြင့်တော့
ကြက်ငတိုးနဲ့ သောက်ဖော်သောက်ဖက်တွေ။ ကြက်တိုက်ဖော်
တိုက်ဖက်တွေကို စစ်တာပေါ့ဗျာ။ နည်းနည်းပါးပါးလောက်
စစ်ဆေးပြီးတော့ အလောင်းကို မြို့သယ်သွားရတာပေါ့ဗျာ။
မြို့ဆေးရုံက ဆရာဝန်နဲ့ စစ်ရဦးမှာပေါ့ဗျာ။
ဆရာဝန်ရဲ့ ဆေးစာမှ ရဲက ဆက်ပြီး စစ်ဆေးရမှာပေါ့လေ။
ကျုပ်နဲ့ ကျောက်ခဲ အိမ်ပြန်လာပြီး မန်ကျည်းပင်အောက်မှာ
ထိုင်ကြတယ်။
“ဟဲ့ တာတေ။ ကြက်ငတိုးက လူသတ်ခံရတာဆို”
အမေက ကျုပ်မေးတယ်။
“ဟုတ်တယ် အမေ ။ လူသတ်တဲ့ပုံပဲဗျ”
“ဒီကောင် ငတိုးက သောက်လည်း အားကြီးသောက်တာဟဲ့
သူ့ဟာသူ ချော်လဲပြီး ဇက်ကျိုးသွားတာလားမှ မသိတာ”
“အဲဒီလို မဖြစ်နိုင်ဘူး အမေရ။ ဇက်ကြီးကျိုးပြီး
မျက်နှာကြီးက ကျောကုန်းဘက်တောင် ရောက်မလို
ဖြစ်နေတာဗျ”
“ဟေ ဟုတ်လား တာတေရယ် နင်ပြောတာနဲ့
ငါတောင် ကြောက်လိုက်တာဟယ်”
အမေ့က ကြည့်ရတာ တကယ်ကြောက်သွားတဲ့ပုံပဲဗျ။
“ကိုကြီးတာတေ ကျုပ်တော့ စိတ်ထဲမှာ သိပ်ပြီး
မသင်္ကာဘူးဗျ”
ကျောက်ခဲက တော်တော်ကို လေးလေးနက်နက်
တွေးပြီး ပြောတာဗျ။
“ခုအချိန်မှာ ဘာဆိုတာ ပြောလို့မရသေးဘူးကွ။
အခြေအနေကို စောင့်ကြည့်ရဦးမှာ ရဲတွေလည်း
ကြက်ငတိုးကို သတ်တဲ့ လူသတ်သမားဟာ
ရက်ရက်စက်စက် သတ်သွားတာဆိုတော့
သူတို့လည်း မိအောင်ဖမ်းကြမှာပဲကွ”
ကျုပ်ပြောတော့ ကျောက်ခဲ ခေါင်းညိတ်တယ်။
ဒါပေမဲ့ ငါးလ ။ ခြောက်လသာ ကြာသွားတယ်
တရားခံက မပေါ်ဘူးဗျ။ ရွာထဲမှာလည်း
ဟို့လူ ခေါ်စစ် ။ ဒီလူ့ ခေါ်စစ်နဲ့ ကြက်ငတိုးနဲ့
ပတ်သတ်တဲ့လူဆိုတာ တစ်ယောက်မှကို
မကျန်တော့တာဗျ။
နွေရာသီကုန်ပြီး မိုးရာသီရောက်။ မိုးရာသီကုန်လို့
ဆောင်းရာသီတောင် ရောက်ပြန်ရောဗျို့။
အေးတာပေါ့ဗျာ ။ဒါပေမဲ့ မီးတော့ မလှုံရသေးဘူးဗျ။
အဘနဲ့ ကျုပ်တောင် ဆောင်းမြေပဲတွေ စိုက်ဖို့
ပြင်ဆင်နေကြပြီပေါ့ဗျာ။ မနက်ဆိုရင် အေးတော့
ခါတိုင်းလောက်တော့ စောစောမထနိုင်ကြဘူးပေါ့ဗျာ။
အဘနဲ့ ကျုပ် ယာထဲရောက်ပြီး ပဲစိုက်မယ့်
နောက်ဆုံးအကွက်ကလေးကို ထွန်တယ်။
ကျုပ်ထွန်တာပေါ့ဗျာ။အဘက လိုတာလေးတွေ
ပြောပေးတာပေါ့။ အဘနွားကြီးနှစ်ကောင်နဲ့
ကျုပ်နဲ့ မနားတမ်း ထွန်လိုက်ကြတာ
ခြောက်နာရီကျော်ကျော်လောက်မှာတင်
အလုပ်ပြီးသွားတယ်ဗျ။ ကျုပ်လည်း
ဒီတော့မှ နားပြီး အဘယူလာတဲ့
ဓါတ်ဘူးထဲက ရေနွေးကြမ်းကို
သောက်လိုက်တယ်။
“ကိုကြီးတာတေရေ…ကိုကြီးတာတေ”
အဘရော ကျုပ်ရော ထိုင်နေတဲ့ သမုန်းပင်ကလေး
အောက်ကနေ အသံကြားတဲ့ဘက်ကို
လှမ်းကြည့်လိုက်ကြတယ်။
ကျောက်ခဲဗျ။ ကျုပ်ကိုတွေ့သွားပြီး
တန်းပြေးချလာတာ။
သူ့ခမျာ ပဲခင်းတွေကို ကွေ့ပတ်ပြီး
လျှောက်ပြေးလာရတာဆိုတော့ ကျုပ်တို့ဆီကို
အရောက်မှာ တော်တော်ကို မောနေပြီဗျို့။
ကျုပ်က ရေနွေးကြမ်း သောက်ခိုင်းတယ်
ရေနွေးကြမ်း တစ်ခွက်သောက်ပြီးမှ ဒီကောင်
နည်းနည်း အမောပြေသွားတယ်။
“ကျောက်ခဲ ဘာဖြစ်လာတာတုံးကွ”
အဘကလည်း စိုးရိမ်တကြီး ကြည့်နေတယ်ဗျ။
” ကိုကြီးတာတေ ရွာမှာ နောက်တစ်ယောက် သေပြန်ပြီဗျ”
“ဟေ ဟုတ်လားကွ ဘယ်သူတုံး ဘာဖြစ်တာတုံး”
“ရွာတောင်ပိုင်းက ဇိုးငသောင်း ဆိုတဲ့လူဗျ”
“ကိုကြီးသောင်း ဟုတ်လား ။ ဟာ ငါနဲ့ ခင်တယ်ကွ
ကိုကြီးသောင်းက သောက်တာ စားတာကလွဲရင်
လွှတ်သဘောကောင်းတဲ့လူကွ နေပါဦးကွ။
ဘာဖြစ်လို့ သေတာတုံး အရက်မူးလွန်သွားတာလား”
“ဟာ ကိုကြီးတာတေကလည်းဗျာ ဇိုးသမားတစ်ယောက်
အရက်မူးလွန်ပြီး သေသွားတာဆိုရင် ကျုပ်က ဒီအထိ
လိုက်လာပြီး ပြောမလားဗျာ”
“အေး ဟုတ်သားပဲကွ နို့ ဘာဖြစ်လို့ သေတာတုံး”
“ကြက်ငတိုး သေသလို သေတာဗျ။
ရွာတောင်ပိုင်းလမ်းမကြီးပေါ်မှာ
ညောင်လန်းပင်ကြီး ရှိတယ်မို့လား”
“အေး ရှိတယ်”
“အဲဒီညောင်လန်းပင်ကြီးအောက်မှာ မှောက်လျားထိုးကြီး
သေနေတာဗျ။ ဇက်ကြီးကျိုးပြီး ကြက်ငတိုး သေသလိုပဲ
မျက်နှာက ကျောကုန်းဘက်ကို ရောက်နေတာဗျ”
“ဟာ ဒါဆိုရင် ကြက်ငတိုးကို သတ်တဲ့လူပဲ
သတ်တာနေမှာပေါ့ကွ”
“ရွာထဲကလူတွေကလည်း ဒီအတိုင်း ပြောတာပဲဗျ”
“ကိုကြီးသောင်း ဒီရက်ထဲမှာ ဘယ်သူနဲ့ ဘာဖြစ်သလဲ
မသိဘူး ကျောက်ခဲ”
ကျောက်ခဲက ကျုပ်ထွန်ဖြုတ်တဲ့နောက်ကို
ကပ်လိုက်လာတယ်။ ပြီးတော့ ကျုပ်ကို ထွန်တုံး
ကူဖြုတ်ပေးတယ်။နွားကြီးတွေကို သူ တစ်ကောင်
ကျုပ်တစ်ကောင် ဆွဲပြီး လှည်းကောက်လိုက်တယ်။
ထွန်တုံးကို လှည်းပေါ်တင်တယ်။ ဒီတော့မှ
ကျောက်ခဲက ကျုပ်ကို တိုးတိုးကပ်ပြောတယ်
“ညက ခင်စိန်ကြည်က ကျုပ်ကို လာပြောတယ်
သူနဲ့ သူ့အစ်မခင်စိန်ရီ ဘန့်ဘွေးကုန်းကအပြန်
မိုးနည်းနည်းချုပ်သွားတယ်တဲ့။ အဲဒါ ဇိုးငသောင်းနဲ့
လမ်းမှာတွေ့ပြီး အစ်မခင်စိန်ရီကို ဇိုးငသောင်းက
ဆွဲလားလွဲလားလုပ်လို့ အစ်မခင်စိန်ရီက
ပါးရိုက်လွှတ်လိုက်တယ်တဲ့ဗျ”
“ဟေ ကိုကြီးသောင်း ဘယ်လိုဖြစ်သွားတာတုံးကွ”
“အဲဒါ ခင်စိန်ကြည်က ကျုပ်ကို ဆက်ပြောပြတယ်ဗျ။
အစ်မခင်စိန်ရီက ပါးရိုက်တော့ ဇိုးငသောင်းက
ဘာမှပြန်မလုပ်ဘဲ ပြောတယ်တဲ့ဗျ။ ရိုက်ပါ ခင်စိန်ရယ်
နင့်ကို ထီးဂလိုင်သား သိန်းမောင် မကြိုက်ခင်ကတည်းက
ငါက ကြိုက်ခဲ့တာပါ။ ငါ မပြောရဲလို့ မပြောခဲ့ရတာပါလို့
ပြောရင်း ကျန်ရစ်ခဲ့တယ်တဲ့ဗျ”
“ဟေ ဟုတ်လား”
“နေပါဦး ခင်စိန်ကြည်က ကျုပ်ကို ဆက်ပြောသေးတယ်
သူ့အစ်မခင်စိန်ရီက လမ်းမှာ ပြောလာတယ်ဆိုပဲ။
ဒီမသာတော့ ကိုသိန်းမောင် သတ်တော့မှာပဲတဲ့ဗျို့”
“ဟေ အဲဒီလို ပြောသတဲ့လား မင်းကို ခင်စိန်ကြည်က
ဒီအတိုင်း ပြောတာ အမှန်ပဲလား ကျောက်ခဲ”
“ဟာ ကိုကြီးတာတေရာ။ကျုပ်က ကိုကြီးတာတေကို
ဘယ်တုံးကများ မဟုတ်တာ ပြောဖူးခဲ့လို့တုံး”
လှည်းပေါ်မှာ အဘပါလာတော့ ကျုပ်တို့ ဒီအကြောင်းကို
မပြောဘဲ လူသတ်သမားအကြောင်းပဲ ပြောကြတာပေါ့ဗျာ။
“လူလေး အဘစိတ်ထင် ပြောရရင်တော့
ဒီလူသတ်သမားဟာ ထောင်ထောင်မောင်းမောင်း
ဗလကောင်း ဖြစ်ရမယ်ကွ။ လူ့ဗလံတွေထဲမှ
မဟုတ်တာ ။ နှစ်ယောက်လုံး အရပ်ရှည်ရှည်တွေပဲကွ
ဒီကောင်တွေကို လည်ပင်းလိမ်ချိုးပြီး သတ်ဖို့ဆိုတာ
သူ့တို့ထက် အရပ်ပိုမြင့်ပြီး ဗလတော်တော်
ကောင်းမှ ဖြစ်မှကွ”
ကျုပ်နဲ့ ကျောက်ခဲလည်း အဘနဲ့ အလိုက်အထိုက်
ပြောပြီး ပြန်လာကြတာပေါ့ဗျာ
“ဘိုးဥာဏ် ပြောသလို ဗလကောင်းကောင်း
ထောင်ထောင်မောင်းမောင်းဆိုတာ ဘယ်ရှိနိုင်တုံး ဘိုးရဲ့”
“ဟိုရွာနောက်ပိုင်းက စည်းရိုးကပ်ဆောက်ထားတဲ့
အိမ်တန်းက ကောင်တွေထဲမှာ အဲဒီလို ကောင်မျိုးကြီးတွေ
ရှိတယ်ကွ”
ကျောက်ခဲက အဘပြောတာကို ပြန်ပြောတယ်
“ကြက်ငတိုး သေတုန်းကလည်း အဲဒီအစုက
လူတွေကို ဖိစစ်တာပဲ ဘိုးရ။ ဒါပေမဲ့ မဟုတ်ပါဘူး”
“နေဦးကွ ကျောက်ခဲရ သူကြီးက မြို့ကို
အကြောင်းကြားလိုက်ပြီလား”
‘သူကြီးတပည့် ကိုကျောက်လုံးကို မြင်းတစ်စီးနဲ့
အစောကြီး လွှတ်လိုက်တယ်တဲ့ဗျ”
ကျောက်လုံးက မြင်းစီးကောင်းကွ။ ဒါဆို မကြာဘူး။
ရဲတွေ ရောက်လာလိမ့်မယ် ။သူတို့က သူတို့ကားနဲ့
လာမှာပဲ”
အဘက ကျောက်ခဲပြောတာကိုတွေးရင်း ပြောတယ်
အိမ်ပြန်ရောက်တော့ အဘက ပြောတယ်
“တာတေ မင်းသွားကြည့်ချင် ကြည့်လေ ။
အဘ လှည်း ဖြုတ်လိုက်မယ်”
အဘပြောတော့ ကျုပ်နဲ့ ကျောက်ခဲ ရွာထဲကို ထွက်ခဲ့တယ်
အို လူတွေအုံနေပြီဗျို့။ ညောင်လန်းပင်ကြီးအောက်ကို
ကျုပ်ကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ။ ကိုကြီးသောင်းဗျာ
မှောက်ခုံကြီးသေနေတာဗျ။လူကသာ မှောက်ခုံကြီးဗျ။
ဇက်ကြီးကကျိုးပြီး လိမ်နေတယ် မျက်နှာက ကျောဘက်ကို
ရောက်လို့ဗျ။ မျက်လုံးကြီးတွေ ပြူးထွက်နေလိုက်တာ
ကြောက်စရာကြီးပါဗျာ ။ ပါးစပ်ကြီးကလည်း ဟလို့ဗျ။
ကိုကြီးသောင်း မသေခင်က လည်ပင်းကို အညှစ်ခံရတဲ့
ပုံပဲဗျ။မချိမဆန့်ကို ဝေဒနာခံခဲ့ရတဲ့ပုံဗျို့။ ပြီးတော့မှ
လည်ပင်းကို တစ်ချက်တည်း လိမ်ချိုးလိုက်ပုံရတယ်ဗျ။
ကျုပ်နဲ့ ကျောက်ခဲ ပြန်လာပြီးတော့ မန်ကျည်းပင်ကြီး
အောက်မှာ ထိုင်နေကြတယ်။
ကျုပ်က နဂါးဆေးလိပ်ကလေးကို ဖွာရင်း စဉ်းစားတယ်။
ကျောက်ခဲ ကျုပ်ကို ပြောခဲ့တဲ့ကိစ္စကို ကျုပ်စဉ်းစားရပြီပေါ့ဗျာ။
ဒါပေမဲ့ ဒီကိစ္စမျိုးဟာ အင်မတန်မှ ဖြစ်နိုင်ခဲတဲ့ကိစ္စမို့လားဗျာ။
အစ်မခင်စိန်ရီရဲ့ယောင်္ကျား ကိုသိန်းမောင်က
သူ့မိန်းမကို စွဲလန်းလို့ တစ္ဆေဖြစ်နေတယ်ပဲထားဦး။
တစ္ဆေတစ်ကောင်က ယာထွန်တာတို့
နှုမ်းနှုတ်တို့ နှုမ်းပုတ်တာတို့ တောင်ယက်တာ
ကြိုးကျစ်တာတို့တွေကို လုပ်နိုင်ပါ့မလား။
ကျုပ်စဉ်းစားလိုက်တယ် ။ ဘာလုပ်ရမယ်ဆိုတာ။
ကျုပ်တွေးမိပြီဗျ
“ကျောက်ခဲ ဘထွေးထွန်းကြည်တို့ဝိုင်းနဲ့
ကပ်လျက်ဝိုင်းက ဘယ်သူဝိုင်းတုံးကွ”
“မြောက်ဘက်ဝိုင်းက ဦးချက်ကြီးတို့ဝိုင်းလေဗျာ
တောင်ဘက်ဝိုင်းက သံမဏိတို့ဝိုင်းလေ”
“ဟေ ဟုတ်လား သံမဏိတို့ ဝိုင်းလား ဒါပေမဲ့
ကျောက်ခဲရ။ သံမဏိတို့ဝိုင်းက တောင်ဘက်ကဆိုတော့
ဘထွေးထွန်းကြည်တို့အိမ်ကြီးပဲ မြင်ရမှာကွ။
ဦးချက်ကြီးတို့ ဝိုင်းကမှ ကိုသိန်းမောင်တို့
အစ်မ ခင်စိန်ရီတို့ အိမ်ကလေးနဲ့ နီးမှာပေါ့”
“ဒါတော့ ဟုတ်တယ်လေဗျာ”
“ကဲ ဒီလိုလုပ်ကွာ ။ ငါ လေးလေးချက်ကြီးကို
အကျိုးအကြောင်း ပြောထားမယ် မင်း ညဆယ်နာရီထိုးရင်
ငါ့ဆီ လာခဲ့။ ဒီအကြောင်းက လူသိခံလို့ မဖြစ်ဘူးနော် ကျောက်ခဲ”
“ကျုပ် သိတယ် ကိုကြီးတာတေ”
ညကျတော့ ကျောက်ခဲ ရောက်လာတယ်
ကျုပ်က မျက်ကွင်းဆေးကွင်းပြီး စောင့်နေတာဗျ။
ကျုပ်တို့ လေးလေးချက်ကြီးတို့ဝိုင်းကို ရောက်တော့
ဝိုင်းတံခါးကို မပိတ်ဘဲ လေးလေးချက်ကြီးက
ဖွင့်ပေးထားတယ်။
ကျုပ်နဲ့ ကျောက်ခဲ ဝိုင်းထဲကို လှစ်ခနဲ ဝင်ပြီး
ဝိုင်းရဲ့ တောင်ဘက် စည်းရိုးကိုကပ်ပြီး နေရာရှာလိုက်တယ်
သရက်ပင်ပုလေးအောက်က မှောင်နေတော့ ကျုပ်တို့
အဲဒီအောက်ကိုဝင်ပြီး ကပ်လိုက်တယ်
ပြီးတော့ ခြံစည်းရိုးပေါက်ကနေ ဘထွေးထွန်းကြည်တို့
ဝိုင်းကို ချောင်းကြည့်ကြတယ်။ ကျောက်ခဲကတော့
ကြည့်တာပဲ ရှိတာပေါ့ဗျာ။ ဘာမြင်မှာတုံး။
ကျုပ်လည်း ဘာမှတော့ မမြင်သေးဘူးဗျ။
ညသန်းခေါင်ကျော်လောက်ကျတော့ အစ်မခင်စိန်ရီတို့
အိမ်လေးထဲက လူတစ်ယောက် ထွက်လာတယ်
ဟာ ကိုသိန်းမောင်ကြီးဗျာ။ ခါတိုင်းလိုပဲ အဝတ်အစား
သပ်သပ်ရပ်ရပ်နဲ့ဗျို့။ ဟော ဟော ဝိုင်းထဲဆင်းလာပြီ။
ဟိုကြည့် သည်ကြည့် လုပ်နေတယ် ကျုပ်တောင်
လန့်ပြီး နောက်ကို ကွယ်လိုက်တယ်။
ပြီးတော့မှ ပြန်ကြည့်လိုက်ရတယ် ။ နှမ်းအိတ်တွေကို
မ,မပြီး ထပ်နေတာဗျို့။ ပျဉ်ပြားတွေလည်း မ,ပြီး
သေသေချာချာ ခင်းနေတာဗျ။
ဟော ကိုသိန်းမောင်ကြီး ထိုင်ချလိုက်ပြီး ဟာ
စကောတစ်ချပ် ယက်နေတာဗျို့။ ဒီလူက ဟိုတုန်းကတည်းက
စကော ။ စကာ ယက်တာ သိပ်ကောင်းတယ်လို့
ပြောသံကြားဖူးတယ်။
ဟာ အိမ်တံခါး ပွင့်လာပြန်ပြီဗျို့။ ဟာ အစ်မခင်စိန်ရီ
အိမ်ထဲက ထွက်လာတာဗျို့။ ဟော ကိုသိန်းမောင်ကြီးဆီကို
တန်းသွားတာဗျ။ ဟာ ကိုသိန်းမောင်ကြီးဘေးမှာ
ဝင်ထိုင်ပြီး စကာကူယက်ပေးနေတာဗျ။
လင်မယားနှစ်ယောက် စကားတပြောပြောနှင့်
အလုပ်လုပ်နေကြတာဗျ။ ဒါပေမဲ့ စကားကတော့
ခပ်တိုးတိုးပြောကြတာဗျ။ ကျုပ် မကြားရဘူး။
ကျောက်ခဲက ကျုပ်ကို လက်ကုတ်ပြီး မေးငေါ့ပြတယ်။
ကျုပ်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။
တစ်နာရီလောက်ကြာတော့ စကောပြီးသွားပြီဗျ။
ဟော လင်မယားနှစ်ယောက် အတူတူထလာပြီး
အိမ်ကလေးဆီကို ပြန်လာပြီဗျို့။ ဟာ ကိုသိန်းမောင်က
အစ်မခင်စိန်ရီရဲ့ ပခုံးလေးကို ဖက်လိုက်လို့ဗျ။
သူတို့နှစ်ယောက် အိမ်ပေါ်ကို တက်သွားကြတော့မှ
ကျုပ်နဲ့ ကျောက်ခဲ ပြန်လာကြတယ်။ လေးလေးချက်ကြီးတို့
ဝိုင်းတံခါးကိုလည်း ကျုပ်တို့ သေသေချာချာ
ပိတ်ထားလိုက်တယ်။
“ဘယ်လိုတုံး ကိုကြီးတာတေ မြင်လားဗျ”
“ငါမြင်တယ် ကျောက်ခဲ။ ကိုကြီးသိန်းမောင်က
ကျွတ်မှ မကျွတ်ဘဲကိုး။ ဒါပေမဲ့ သူက တခြားတစ္ဆေတွေလို
မဟုတ်ဘူးကွ။ လူအတိုင်းပဲကွ ကျောက်ခဲရ”
“ဒါဆိုရင် အစ်မခင်စိန်ရီနဲ့ ဆက်ပြီးပေါင်းသင်းနေကြတာပေါ့
ဟုတ်လား”
“အေး ဒါတော့ သေချာတာပေါ့ကွာ။ သူတို့နှစ်ယောက်
လူ့ဘဝတုန်းကလိုပဲ အတူတူနေနေကြတာကွ။
ကိုကြီးသိန်းမောင်ကလည်း ဘထွေးထွန်းကြည်ကို
အလုပ်တွေအာလုံး ကူလုပ်ပေးနေတာပဲ။
ယာတောင်ထွန်ပေး နှမ်းပုတ်ပေးဆိုတော့
လူအတိုင်းပဲပေါ့ကွာ။ ဒါပေမဲ့ သူ့မိန်းမတစ်ယောက်ပဲ
သူ့ကို မြင်ရတွေ့ရ စကားပြောလို့ ရပုံပဲကွ”
“ဒါဆိုရင် ကြက်ငတိုးနဲ့ ဇိုးငသောင်းကို သတ်ပစ်တာ
ကိုသိန်းမောင်ကြီးပဲ ဖြစ်မှာပေါ့ဗျ”
“ဒါကတော့ မပြောနိုင်သေးဘူးကွ ကျောက်ခဲရ။
ငါ ဒီည မဖဲဝါကို မေးမယ်”
“ဒါဆိုရင် ကျုပ်မီးလောင်ကုန်းက ဒေါ်တုတ်ကို
သွားခေါ်ရမလား”
ကျောက်ခဲက ကျုပ်ကို မေးတယ် ။
“ဟာ မခေါ်နဲ့ ကျောက်ခဲရ ။ ဒီကိစ္စက လူသတ်မှုတွေနဲ့
ဆက်ရင် ဆက်နေမှာ။ လူသိခံလို့ မဖြစ်ဘူးကွ။
ငါ ဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကနေပြီးတော့ပဲ
မေးလိုက်မယ်”
“ဘာဗျ။ မဖဲဝါရဲ့ ကိုယ်ခွဲရုပ် ဟုတ်လား ကိုကြီးတာတေ။
ကျုပ်လည်း တစ်ခါမှ မမြင်ဖူးပါလားဗျ”
“အဲဒီကိုယ်ခွဲရုပ်က ဘယ်သူ့ကိုမှ ပြလို့မရဘူးကွ
ကျောက်ခဲရ”
“သြော် ဒီလိုလား”
ကျုပ် ကျောက်ခဲကို လိုက်ပို့ပြီး ပြန်လာခဲ့တယ်
အိမ်ရောက်တော့ မဖဲဝါကိုယ်ခွဲရုပ်ကလေးကို
ထုတ်ယူပြီး မဖဲဝါကို ပြောလိုက်တယ်
“သင်္ချိုင်းရှင်မကြီး မဖဲဝါ။ ကျုပ် တာတေက
ရိုသေစွာ ပင့်ဖိတ်ပါတယ် ကျုပ်တို့ရွာမှာ
အင်မတန် ထူးဆန်းတဲ့ အဖြစ်အပျက်ကြီး ဖြစ်နေလို့
ကျုပ်ကို အိပ်မက်ထဲမှာ တွေ့ခွင့်ပေးပါဗျာ”
ကျုပ်က မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို ခေါင်းအုံး
အောက်မှာ ထည့်ပြီး အိပ်လိုက်တယ်။လေတွေ
တအားတိုက်နေတာဗျို့။သစ်ရွက်တွေကို
လေတိုးတဲ့ အသံကြီးတွေကိုက ကြောက်စရာကြီးဗျာ။
ကျုပ်ဆံပင်တွေဆိုတာ လေထဲမှာ ထောင်တောင်နေတယ်ဗျို့။
လေကလည်း လေအေးကြီးဗျ။
ကျုပ်ဖြင့် ခဏအတွင်းမှာတင် ချမ်းတောင်လာတယ်ဗျာ။
“တာတေ ”
မဖဲဝါရဲ့ အသံဗျ။ ဟိုကောင်မလေးရဲ့အသံဗျို့။
ကျုပ်လိုက်ကြည့်တော့ ခါတိုင်းလိုပဲ ဆယ့်နှစ်ရာသီ
အဝါပင်ကြီးအောက်မှာ ရပ်လို့ဗျ။
မဖဲဝါက ကျုပ်လန့်မှာစိုးလို့ ကျုပ်နဲ့ ရွယ်တူလောက်
ခါတိုင်းတွေ့နေကျကောင်မလေးပုံ ဖန်ဆင်းပေးထားတယ်
သူ့ရဲ့ဆံပင်မှာ ဆယ့်နှစ်ရာသီပန်းအဝါလေး တစ်ပွင့်ကို
ပန်ထားတယ်။
ထူးဆန်းတာကတော့ လေတွေ တဝေါဝေါ တိုက်နေပေမယ့်
မဖဲဝါရဲ့ ဆံပင်တွေ အဝတ်အစားတွေက လုံးဝမလှုပ်ဘူးဗျ။
“မဖဲဝါ ကျုပ်တို့ရွာမှာ ထူးဆန်းတဲ့ အဖြစ်တစ်ခု
ဖြစ်နေလို့ဗျ။ ကျုပ်တို့ရွာက အစ်မခင်စိန်ရီရဲ့
ယောင်္ကျား ကိုသိန်းမောင်ဆိုတာ သေတာ တစ်နှစ်လောက်
ရှိပြီဗျ။ဒါပေမဲ့ ကိုသိန်းမောင်က လူလိုပဲ သွားလာပြီး
သူ့မိန်းမနဲ့ အိမ်မှာ ဆက်နေထိုင် ပေါင်းသင်းနေတာဗျ
ယာထွန်တယ် တောင်သူလုပ်တယ် ကျုပ်ကိုယ်တိုင်
တွေ့တာဗျ မဖဲဝါရဲ့”
“တာတေ သိန်းမောင် တစ္ဆေဖြစ်နေတာ နင်တို့ မသိကြလို့
တစ္ဆေဆိုတာ မျိုးစုံရှိတယ် ။ သူ လူ့ဘဝက ပြုခဲ့တဲ့
ကောင်းမှုတစ်ခုခုကြောင့် သူ့မှာ ကမ္မဇိဒ္ဓိတွေ ရနေတာဟဲ့
တာတေရဲ့။တချို့တစ္ဆေတွေဆိုရင် ဗိမာန်နဲ့တောင်
နေနိုင်တယ် ။ မသိရင် နတ်လို့တောင် ထင်နိုင်တယ် တာတေ။
တစ္ဆေဆိုတာ သူ့ကုသိုလ် သူ့ကံ သူ့ကမ္မဇိဒ္ဓိရှိရင်
လူနဲ့ပေါင်းသင်းနေထိုင်နိုင်ရုံတင်မကဘဲ
သားသမီးပါ မွေးလို့ရတယ်ဟဲ့”
“ဗျာ”
ကျုပ် မဖဲဝါပြောတာကို အံ့သြလိုက်တာဗျာ။
ကျုပ် ကြားမှ မကြားဘူးတာ။
“ဒါပေမဲ့ သိန်းမောင်က လူနှစ်ယောက် သတ်လိုက်ပြီ
သူ့ကို ကျွတ်အောင် လုပ်ပေးလိုက် တာတေ။
ကြာလာရင် သူ့မှာ အကုသိုလ်တွေ များသထက်
များလာလိမ့်မယ်။အခုလို တစ္ဆေဘဝကနေ
ဘာမှ မသိတော့တဲ့ တစ္ဆေအရိုင်းအစိုင်းကြီး
ဖြစ်သွားလိမ့်မယ် ။ အဲဒီအချိန်ကျရင် နင်တို့ရွာ
သည့်ထက် ဒုက္ခရောက်လိမ့်မယ် ။ အဲဒီအခါကျရင်
လုပ်ရတာလည်း ခက်လိမ့်မယ် ။ အခုနေလုပ်ရင်
ရပါသေးတယ် ။ သူ့မိန်းမကို နားချခိုင်းပါ”
“ဒါဆိုရင် ကြက်ငတိုးနဲ့ ဇိုးသသောင်းကို သတ်တာ
တစ္ဆေကိုသိန်းမောင်ပေါ့ ဟုတ်လား မဖဲဝါ”
“ဟုတ်တယ် တာတေ။ သိန်းမောင် သတ်တာ။
သူ့မိန်းမကို စွဲပြီး တစ္ဆေဖြစ်တဲ့အကောင်။ မိန်းမကို
လာပြီးထိတဲ့အကောင်တိုင်း သတ်နေမှာပဲ ”
ကျုပ် တော်တော်ကို စိတ်ညစ်သွားတယ်ဗျို့
လူတိုင်းက အစ်မခင်စိန်ရီကို မုဆိုးမလို့ပဲ သိထားကြတာ။
အစ်မခင်စိန်ရီက လှလည်း လှတော့ လိုချင်ကြမှာပဲ။
သူ့ယောင်္ကျားနဲ့ ပေါင်းသင်းနေဆဲပဲဆိုတာ ဘယ်သူက
သိမှာတုံးဗျာ။
“ဟဲ့ တာတေ ထတော့လေ ။ နင့်အကောင် ကျောက်ခဲတောင်
ရောက်နေပြီ”
အမေက ကျုပ်ကို လှုပ်နိုးလို့ ကျုပ် နိုးသွားတာဗျို့။
“ဟင် ကျောက်ခဲ ရောက်နေလား အမေ”
“အေး ရောက်နေလို့ ငါ ထမင်းကြမ်းတောင် ကျွေးထားတယ်
မနေ့က ချက်ထားတဲ့ ဆတ်သားတွေ ရှိတာနဲ့ ကျောက်ခဲကို
ငါ ထမင်းကျွေးနေတာလေ။ နင်လည်း ထတော့လေ။
မျက်နှာပါ သစ်ပြီး ထမင်းကြမ်း စားတာပေါ့”
“အေဘရာ”
“နင့်အဘ ယာထဲဆင်းသွားတယ် နင်မလာခဲ့နဲ့တဲ့
မှာသွားတယ်”
ကျုပ် ထမင်းကြမ်းစားဖို့လုပ်တော့ ဟိုကောင် ကျောက်ခဲက
ဝတောင်သွားပြီဗျ။ ကျုပ် ထမင်းစားရင်းပဲ ဒီကောင်နဲ့
စကားပြောရတော့တာပေါ့ဗျာ။
“ကိုကြီးတာတေ ဘယ်လိုတုံးဗျ ။ သိပြီလား”
“သိပြီ ကျောက်ခဲရေ ။ ငါ သိပြီ”
“ဟိုလူနှစ်ယောက်ကို ဘယ်သူ သတ်တာတဲ့တုံး”
“ကိုသိန်းမောင်တစ္ဆေ သတ်တာတဲ့ကွာ။
ဒီအကြောင်းကို မင်းနဲ့ငါ နှစ်ယောက်ပဲ သိတာကောင်းတယ်
ကျောက်ခဲ ဘယ်သူမှ မသိစေနဲ့ ကြားလား။
သံမဏိတောင် မသိစေနဲ့ကွာ”
“ဟာ စိတ်ချပါ ကိုကြီးတာတေရာ ။အစ်မခင်စိန်ရီက
ကျုပ်အစ်မဝမ်းကွဲလေဗျာ။ ကိုသိန်းမောင်က
ကျုပ်ယောက်ဖပဲဟာ။ ကျုပ်ယောက်ဖ တစ္ဆေဖြစ်နေပြီး
လူနှစ်ယောက်ကို ရက်ရက်စက်စက် သတ်ပစ်တဲ့
ကိစ္စကို ကျုပ် ဘယ်ပြောရဲပါ့မလဲ ကိုကြီးတာတေရာ”
“အေး ဟုတ်တယ် အဲဒါကို ငါပြောတာ
ငါ အစ်မခင်စိန်ရီနဲ့ တွေ့ပြီး စီစဉ်စရာတွေ စီစဉ်ရမယ်ကွ”
ကျုပ်က အစ်မခင်စိန်ရီနဲ့ သွားတွေ့တယ်
ဘထွေးထွန်းကြည်ရောပေါ့ဗျာ။
ဘထွေးထွန်းကြည်ရဲ့မိန်းမ အရီးစိန်ပုလည်း
ရှိပါတယ်။ ကျုပ်က အကျိုးအကြောင်းတွေ
အားလုံးကို ပြောပြတယ် ။
ဘထွေးထွန်းကြည်တို့အိမ်မှာ ပြောပြတာပေါ့ဗျာ
အစ်မခင်စိန်ရီတို့ အိမ်မှာပြောတာ မဟုတ်ဘူးလေ။
ကိုသိန်းမောင် လူနှစ်ယောက် သတ်လိုက်တဲ့ကိစ္စရော
နောက်လည်း အစ်မခင်စိန်ရီကို လာပြီး ပတ်သက်တဲ့
လူတိုင်းကို သူသတ်မှာဆိုတာရောပေါ့ဗျာ။
ဒီတော့ ကိုကြီးသိန်းမောင်ကို ကျွတ်လွတ်အောင်
လုပ်ပေးဖို့ ကိစ္စကို ကျုပ်က ပြောပြတယ်
အစ်မခင်စိန်ရီက ငိုတော့တာပေါ့ဗျာ။
ငိုတာမှ ရှိုက်ကြီးတငင်ကို ငိုတာဗျာ။
ကျုပ်ဖြင့် အစ်မခင်စိန်ရီကို ကြည့်ရင်း
မျက်ရည်တွေ ဝဲလာတယ်။
ကျုပ်သိတာပေါ့ဗျာ။ အစ်မခင်စိန်ရီရင်ထဲမှာ
ဘယ်လို ခံစားရမယ်ဆိုတာ ကျုပ်သိပါတယ်။
ကျုပ်ချစ်သူ လှယဉ် သေတော့ ကျုပ်ရင်ထဲမှာ
နှလုံးကွဲထွက်မတတ် ကျုပ် ခံစားခဲ့ရဖူးတာပဲ။
လူကွယ်ရာမှာ ကျုပ်လည်း အစ်မခင်စိန်ရီ
ငိုသလိုကို ငိုခဲ့ဖူးပါတယ်။
အစ်မခင်စိန်ရီ ရှိုက်ကြီးတငင် ငိုတဲ့အသံကို
ကြားတော့ ကိုကြီးသိန်းမောင်တစ္ဆေက သူ့တို့
အိမ်ကလေးထဲက ပြေးထွက်လာတယ်။
ကျုပ်က မျက်ကွင်းဆေး ကွင်းလာတော့ မြင်နေရတာပေါ့ဗျာ
ကိုသိန်းမောင်တစ္ဆေက ဘထွေးထွန်းကြည်တို့
အိမ်ကြီးပေါ်ကို မတက်ဘူးဗျ။ အိမ်ရှေ့ကပဲ ရပ်ပြီး
နားထောင်နေတာ။ သူကြားတာပေါ့ဗျာ။
အိမ်ပေါ်မှာ ကျုပ်တို့ ပြောဆိုနေတာတွေကို
သူ အိမ်ရှေ့က ကြားနေရတော့တာပေါ့။
“သမီးခင်စ်ိန်ရီ တာတေ လာပြောတာ ဟုတ်တယ် သမီး။
သမီးနဲ့ မောင်သိန်းမောင် တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လောက်ချစ်ကြတယ်ဆိုတာ အဖေတို့ သိပါတယ်
သမီးရယ်။ အခု တာတေ လာပြီး ရှင်းပြတော့မှပဲ
အဖေလည်း သဘောပေါက်တာ သမီးရဲ့။ တစ္ဆေတွေ
ဆိုတာလည်း ကံပေါ်မှာ မူတည်ပြီး အဆင့်အတန်း
ကွဲပြားကြတာပေါ့လေ။ တချို့ တစ္ဆေတွေက
အကုသိုလ်ကံ ကြီးမားလွန်းလို့ ရုပ်ရည်ရူပကာကလည်း
လူမကြည့်ရဲလောက်အောင် ဆိုးဝါးနေကြတယ်။
အစားအသောက်ကလည်း တစ်နေကုန်လို့တောင်
ထမင်းတစ်စေ့ ရှာမရတဲ့ တစ္ဆေတွေလည်း ရှိကြသတဲ့။
ငါ့သမက် မောင်သိန်းမောင်ကတော့ တစ္ဆေဖြစ်တာတောင်
ကမ္မဇိဒ္ဓိရှိပြီး လူလို ပြန်ပြီးနေနိုင်တယ်။
ဒါပေမဲ့ သမီးခင်စိန်ရီ ။ ဘဝချင်းက ခြားသွားကြပြီ သမီးရဲ့။
တာတေ ပြောပြတာတွေ အဖေ သဘောပေါက်တယ်
ကြာလာရင် မောင်သိန်းမောင်မှာ သမီးနဲ့ ပတ်သက်ပြီး
အကုသိုလ်ကံတွေ များလာလိမ့်မယ် သမီး။
အဲဒီအခါကျရင် သူ ဒီလို နေနိုင်မှာ မဟုတ်တော့ဘဲ
ပုံဆိုးပန်းဆိုး ဘဝဆိုးကြီး ဖြစ်သွားလိမ့်မယ်။
ဒီတော့မှ သမီး ယူကြုံးမရ ဖြစ်ရမှာ သမီး။
ဒီတော့ မောင်သိန်းမောင်ကို ကျွတ်လွတ်အောင်
လုပ်ပေးလိုက်ပါတော့ကွယ်”
“ဟီး ဟီး ဟီး ဟီး”
အစ်မခင်စိန်ရီ ရှိုက်ကြီးတငင် ငိုပြန်ပြီဗျို့။
ကျုပ်လည်း မျက်ရည်သုတ်ရပြီ။ ဘထွေးထွန်းကြည်တို့
လင်မယားလည်း မျက်ရည်တွေတွေကျကြရတာပေါ့ဗျာ။
ကျုပ် ကိုသိန်းမောင်တစ္ဆေကို လှမ်းကြည့်လိုက်တော့
လက်သီးကြီးဆုပ်ပြီး အံကြီးကြိတ် ငိုနေတာဗျ။
အိမ်ပေါ်က အစ်မခင်စိန်ရီကငို အိမ်ရှေ့က
ကိုကြီးသိန်းမောင်ကငိုနဲ့ဗျာ။
ကျုပ်ဖြင့် ဘာပြောရမှန်းတောင် မသိတော့ဘူးဗျို့။
နောက်တော့ အစ်မခင်စိန်ရီရော ကိုကြီးသိန်းမောင်ရော
စိတ်လျှော့လိုက်ကြပုံပဲဗျ။ကိုကြီးသိန်းမောင် ကျွတ်လွတ်ဖို့
စီစဉ်ပါတော့လို့ ပြောပြီး သူတို့အိမ်ကလေးထဲကို
ဝင်သွားကြတယ်။
လင်မယားနှစ်ယောက် ငိုနေကြမှာပေါ့ဗျာ။
ကျုပ်နဲ့ ဘထွေးတို့နှင့် တိုင်ပင်ပြီး ကျုပ်
ဆရာတော် ဦးဂုဏကို ပင့်တယ်။ ဆရာတော်ကို အလှူဒါနပြုတယ်။
အိမ်နီးနားချင်းတွေကိုလည်း ကိုသိန်းမောင် နှစ်ပတ်လည်ဆိုပြီး
ထမင်းကောင်း ဟင်းကောင်းတွေ ကျွေးမွေးလှူဒါန်းတယ်။
ကျုပ်က မျက်ကွင်းဆေးကွင်းပြီး ကြည့်နေတာ
ဆရာတော် ဟောတဲ့တရားကို ကိုသိန်းမောင်တစ္ဆေက
ကောင်းကောင်းကို နာနေတာဗျ။
တရားဆုံးတော့ ရေတစ်ခွက်ကို အစ်မခင်စ်ိန်ရီက ကိုင်တယ်။
ကိုသိန်းမောင်ကလည်း ကိုင်တယ်။ ရေစက်ချပြီးလို့
အားလုံး သာဓုခေါ်တဲ့အချိန်မှာ ကိုသိန်းမောင်လည်း
သာဓုခေါ်တယ်။ ဟော ပျောက်သွားပြီဗျို့။
ကိုကြီးသိန်းမောင်တစ္ဆေ ဖျက်ကနဲကို ပျောက်သွားတာဗျ။
ဘဝတစ်ခုရဲ့အစကို ရောက်သွားပြီ နေမှာပေါ့ဗျာ။
“တာတေ နင့်အစ်ကို ဘယ်လိုလဲ”
အစ်မခင်စိန်ရီက မျက်ရည်တွေနဲ့ ကျုပ်ကို လှမ်းမေးတယ်
ဆရာတော် အပါအဝင် အားလုံးက ကျုပ်ကို
လှမ်းကြည့်ကြတာပေါ့ဗျာ။
ကျုပ်က ခေါင်းညိတ်ပြလိုက်တယ်…
“ကိုကြီးသိန်းမောင် ကျွတ်သွားပါပြီ”
လို့လည်း တိတိကျကျ ပြောလိုက်ပါတယ်ဗျာ။
ပြီးပါပြီ။
“မဖဲဝါ မဝင်ရ”စာအုပ်မှ ကောက်နှုတ်တင်ပြထားသည်။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။
စာဖတ်ပရိတ်သတ်များအားလုးပဲ စိတ်ရွှင်လန်းပါစေခဗျာ
Leave a Reply