သည်။
ကိုဗျိုင်း၏အသံမှာ ဒေါသသံများပါသင်နေပေရာ
မပန်းဖြူမှာ ကြောက်လန့်နေမိ၏။
“ဟဲ့…ငါမေးနေတယ်လေ…ဒီပန်းတွေဘယ်ကရသလဲလို့…
နင်ပြောမလား…ငါပြောရမလား…
ငါပြောရင်နင်မလွယ်ဘူးနော်မိပန်းဖြူ”
“ဟိုလေ…ဟို…အဲ့တာရွာလယ်ပိုင်းက ဖိုးတုတ်တို့ခြံကပါ
အစ်ကို…ကျုပ်နှင်းဆီပန်းဘုရားကပ်ချင်တာနဲ့
မ…မတင်သန်းကို မှာထားတာပါ……..”
“အဲ့တော့ ဖိုးတုတ်ဆိုတဲ့အကောင်က ငါ့ခြံဝန်းထဲထိ
လာပေးတယ်ပေါ့ ဟုတ်လား”
“ဟုတ်…ဟုတ်ပါတယ်အစ်ကို…”
“အေး…နင့်ကိုငါပြောထားတယ်နော်
ဘယ်ယောကျာ်း…ဘယ်အကောင်နဲ့မှအရောတဝင်မနေဖို့…
တစ်ခုခုဆိုနင်မလွယ်ဘူးမိပန်းဖြူ…
ငဗျိုင်းတို့က သူသေကိုယ်သေပဲ သတ်မှာ ကြားသလားဟဲ့”
“ဟုတ်..ကျုပ်…ကျုပ်ကြားပါတယ်တော်…”
ကိုဗျိုင်းသည် မပန်းဖြူကို ချစ်မြတ်နိုးသကဲ့သို့
လွန်စွာလည်းအနိုင်ယူလေ့ရှိသည်။
မပန်းဖြူကတော့ တစ်နေ့တစ်နေ့ ကိုဗျိုင်းသဝန်တိုမှာကိုပင်
ကြောက်ရွံနေရသည်။
ထို့ကြောင့် အသွားအလာဆင်ခြင်ပြီး
အိမ်၌သာအမြဲလိုလိုနေရှာသည်။
ထိုသို့နေရင်းတစ်ရက်မှာတော့ ကိုဗျိုင်းအိမ်၌
ထင်းခွဲ၊ရေခပ် အလုပ်လုပ်ပေးသော ဆွေမရှိ၊မျိုးမရှိ
လူအေး ဆိုသော သူသည် မပန်းဖြူကို
ကိုဗျိုင်းအလှစ်၌ ချစ်စကားကြိုက်စကားများပြော၏။
မပန်းဖြူမှာ…
“ဟဲ့…လူအေး…နင့်စကားဒီမှာတင်ရပ်…
ငါ့ယောကျာ်းသိရင်နင်လိုအကောင်ခွေးပြေးဝက်ပြေး
ထွက်ပြေးရလိမ့်မယ်ဆိုတာကိုနင်သိထားလိုက်”
ဟုပြောပါသော်လည်း လူအေးသည်
ယုတ်မာကောက်ကျစ်လှ၏။
မပန်းဖြူကို ကိုဗျိုင်းအလှစ်၌ ချစ်စကားကြိုက်စရာများ
ပြောမြဲပြောလေသည်။
မပန်းဖြူမှာတော့ လူအေးကိုငြင်းဆန်၊ဆဲဆိုသော်လည်း
လူအေးမှာနည်းနည်းမှလက်မလျော့။
ကိုဗျိုင်းသိလျှင် မလိုလားအပ်သော
ရန်ပွဲများဖြစ်ပေါ်လာမည်ကို မပန်းဖြူကြောက်၏။
ထို့ကြောင့်…
“အစ်ကို…ကျုပ် အမေတို့ရွာကိုခဏပြန်နေချင်တယ်…”
“ဘာလို့လဲ ပန်းဖြူ…”
“ကျုပ်အမေတို့ကိုလွမ်းလို့ပါတော်…”
“ဒါဆိုငါလည်းလိုက်ခဲ့မယ်လေ…
မင်းတစ်ယောက်ထဲတော့စိတ်မချပါဘူးဟာ…”
“ကျုပ်ကိုရွာထိလိုက်ပို့လေအစ်ကို…
ပြီးရင်တော့ပြန်ပေါ့…ဒီမှာလည်းထန်းတောက
အစ်ကိုရှိမှဖြစ်တာမလား”
“အေး…ဒီလိုဆိုလည်းဖြစ်တာပဲ…
ဟိုရွာမှာတော့ငါ့ယောက်ဖတွေရှိတော့
မင်းကိုစိတ်ချရပါတယ်လေ…”
“အစ်ကိုကတော့ ကျုပ်ကို
အမြဲစိတ်မချနေတာကြီးပဲတော်…”
မပန်းဖြူသည်မျက်နှာကိုဆူအောင့်၍ပြောလိုက်လေတော့
ကိုဗျိုင်းမှ…
“မဟုတ်ပါဘူးပန်းဖြူရယ်…အစ်ကိုက မင်းကိုချစ်လို့
စိတ်မချဖြစ်နေရတာပါကွာ…နော်ကိုယ့်မိန်းမလေး…”
“အမယ်…အမယ်…ကျုပ်ကိုမိန်းမလေးဆိုတော့
တော့်မှာ မိန်းမကြီးရှိနေတာပေါ့လေ…
ဟုတ်လား”
“ဟာ….မဟုတ်တာကွာ…မင်းကလည်း…
ဟဲ….ဟဲ…ဟဲ…ငါ့များအရမ်းအထင်တွေကြီးနေရတယ်လို့”
ကိုဗျိုင်းသည် မပန်းဖြူစကားကိုသဘောကျစွာဖြင့်
ရယ်မောလေသည်။
မပန်းဖြူကတော့ ကိုဗျိုင်းကို
မျက်စောင်းလှလှလေးထိုးလေသည်။
နောက်တစ်နေ့နံနက်မှာတော့ ကိုဗျိုင်းသည် မပန်းဖြူ၏ရွာ
ဆီသို့ ကိုယ်တိုင်နွားလှည်းမောင်း၍လိုက်ပို့ပေးရှာသည်။
မပန်းဖြူရွာနှင့်ကိုဗျိုင်းတို့ယခုနေသောရွာကြား၌
ရွာနှစ်ရွာသာခြား၏။
မပန်းဖြူရွာသို့ရောက်လေတော့…
“အမေရေ….ဒီမှာ ကျုပ်ယောက်ဖကြီးရောက်လာပြီဗျ…”
“ဟဲ့…အကောင်…ဒီမှာနင့်အစ်မကိုရောမမြင်ဖူးလား”
မပန်းဖြူသည်.အိမ်သို့ရောက်ရောက်ခြင်း
ဝမ်းသာအားရကြိုဆိုနေသော မောင်ဖြစ်သူကြက်တောကို
မကြည်သလိုပြောလေတော့ ကြက်တောသည်
ကိုဗျိုင်းအနီးသို့သွား၍…
“ယောက်ဖကြီးသွားနားလိုက်…
ကျုပ်လှည်းဖြုတ်ပါ့မယ်ဗျာ….
အမေရေ…ဒီမှာယောက်ဖကြီးတို့ရောက်နေပါတယ်ဆိုဗျာ…”
“အမယ်လေး…ကြက်တောရယ်…
နွားလှည်းသံကြားကတည်းက အမေသိပါတယ်ဟဲ့…
နင်ကလည်းတော်ရုံအော်စမ်းပါဟယ်……..”
“ဟီး…..ဟီး…..ဟီး……..”
မပန်းဖြူသည်မောင်ဖြစ်သူကြက်တောကို
နှုတ်ခမ်းကိုဆူ၍စိတ်ဆိုးဟန်ဖြင့်ကြည့်လေတော့
ကြက်တောသည် လျှာကိုထုတ်၍ပြောင်ပြလေသည်။
ကိုဗျိုင်းနဲ့မပန်းဖြူတို့အိမ်အတွင်းဝင်လာလေတော့
ကြက်တောမှာခြံဝိုင်းထဲ၌ နွားလှည်းဖြုတ်နေခဲ့တော့၏။
“ကဲ…လာကြ…ငါ့သမီးတို့က လာမယ့်လာတော့လည်း
အကြောင်းကိုမကြားပါလား”
“ဟုတ်ပါ့အမေရာ…အမေ့သမီးပေါ့…
အမေတို့ကိုလွမ်းလှပါတယ်ဆိုလို့ ကျုပ်ကိုယ်တိုင်လိုက်ပို့ပေးရတာပါဗျာ….သြော်…ဒါနဲ့…
အဖေနဲ့ အစ်ကိုဘကျော်ကောမတွေ့ပါလား
ဘယ်သွားကြတာလဲ………”
“အေး…မင်းအဖေနဲ့အစ်ကိုက ယုန်ပစ်သွားတယ်
ငါ့သားရဲ့…မင်းလာတာနဲ့အတော်ပဲ…ယုန်မိလာရင်
အမေယုန်သားကိုရှယ်ချက်ကျွေးဦးမယ်”
မပန်းဖြူ၏မိဘ…မောင်ဘွားများသည် ကိုဗျိုင်းကို
သားအရင်း…ညီအစ်ကိုရင်းတမျှချစ်ခင်ကြလေသည်။
ကိုဗျိုင်းကလည်းမိဘမရှိ…မောင်နှမ မရှိသူမို့
မပန်းဖြူ၏မိသားစုအပေါ်၌ အလွန်ချစ်ခင်ရှာသည်။
ထိုသို့လေးကိုပင် မပန်းဖြူလွန်စွာသဘောကျလေသည်။
“မစားတော့ပါဘူးအမေရယ်…ကျုပ်ခဏနားပြီးတာနဲ့
ပြန်တော့မှာ…ထန်းတောကလည်းရာသီချိန်ဆိုတော့
လွှတ်ထားလို့မရဘူးဗျ……..”
“အယ်ကွယ်…ငါ့သားကလည်းနားနားနေနေနေဦးမှပေါ့”
“အမေ့သားကပြောမရဘူးအမေရယ်…
ရွာကိုတောင်ကျုပ်ကိုစိတ်မချလို့သာလိုက်ပို့တာ…
သိပ်ပြီးလိုက်ချင်တာမဟုတ်ဘူးတော့်…”
“ပန်းဖြူ…မင်းကလည်းကွာ…….”
“မဟုတ်လို့လား………”
“ကဲပါအေ…ခဏထိုင်နေဦးနော်သား
အမေ တစ်နေ့က ဆိတ်သားခြောက်လေးဝယ်ထားတာ
အဲ့တာကိုမီးဖုတ်ပေးမှာမလို့
ထမင်းလေးတော့စားသွားရမယ်နော်…”
“ဟုတ်ကဲ့ပါအမေ…….”
ကိုဗျိုင်းလည်းယောက္ခမဖြစ်သူ၏မိခင်မေတ္တာကြောင့်
မငြင်းဆန်တော့ဘဲလက်ခံပေးလိုက်လေသည်။
“တော်တစ်ယောက်ထဲဖြစ်ပါ့မလား…
ကျုပ်မောင်ကြက်တောဖြစ်ဖြစ်…အစ်ကိုဘကျော်ကိုဖြစ်ဖြစ်တစ်ယောက်ယောက်အဖော်ခေါ်သွားပါလား…
ကျုပ်ကိုပြန်လာခေါ်တဲ့နေ့မှအတူပြန်လာခဲ့ကြလေ”
“မဖြစ်ပါဘူးကွာ…မင်းမောင်နဲ့အစ်ကိုက
သူတို့ရွာမှာပဲနေပျော်ကြတာမင်းလည်းသိရဲ့သားနဲ့”
“ဟင်း……ကျုပ်စိတ်မချလို့ပါတော်…”
“ခါတိုင်းလည်းဒီလိုနေနေတာပါပဲ ပန်းဖြူရာ”
“တော့်သဘော… တော့်သဘော”
မပန်းဖြူမှဆူဆူအောင့်အောင့်ပြောလေတော့
ကိုဗျိုင်းပြုံးနေလေသည်။
“ဘာပြုံးတာ”
“အဟဲ….မင်းက ငါ့ကိုစိတ်ပူနေတာလေး
သဘောကျလို့ပါကွာ…”
ကိုဗျိုင်းအပြောကြောင့် မပန်းဖြူလည်း
ပြုံးရယ်လာတော့သည်။
“ကဲ…ဒီလိုဆိုရင်လည်း… ကြက်တောနဲ့အစ်ကိုဘကျော်
တစ်ယောက်ယောက်တော့ခေါ်သွားလိုက်ပါ့မယ်…
အဲ့လိုဆိုရင် မင်းစိတ်ချပြီမဟုတ်လား”
“အင်း……”
မပန်းဖြူသည် ခေါင်းကိုညိတ်၍ပြုံးလေသည်။
ထို့နောက် ကိုဗျိုင်းတစ်ယောက် ယောက္ခမကြီးခူးကျွေးသော
ထမင်းဝိုင်းကို မပန်းဖြူနှင့်အတူစား၏။
ထမင်းစားသောက်ပြီး၍ စကားထိုင်ပြောနေကြသောအခါမှ
မပန်းဖြူ၏အဖေနဲ့ အစ်ကိုဖြစ်သူတို့ပြန်ရောက်လာကြသည်။
“အဖေ…ဘယ်နှယ့်လဲ..ယုန်မိခဲ့သလား”
“ဟ…ငါ့သားတို့ရောက်နေတာပဲ…ကြာပြီလား”
“ကြာတော့ကြာပြီဗျ……”
“အေး…ဒီမှာ အဖေတို့
ယုန်ကြီးတစ်ကောင်တော့ရခဲ့တယ်ကွ…”
ယောက္ခထီးဖြစ်သူမိလာသောဆူးဖြိုးလှသောယုန်ကြီးကို
ကြည့်၍ ကိုဗျိုင်းသဘောကျနေလေသည်။
“အစ်ကိုဘကျော်…ကျုပ်ခဏနေရွာပြန်မှာဗျ…
အဲ့တာအစ်ကိုလိုက်ခဲ့ပါလား”
ကိုဘကျော်သည်စကားနည်း၏။
အငယ်ကောင် ကြက်တောကဲ့သို့ မဟုတ်။
ကိုဗျိုင်းပြောသောစကားကြောင့်…
“ဘာလို့လဲ”
“အစ်ကို့ညီမပေါ့ဗျာ…ကျုပ်ရွာမှာတစ်ယောက်ထဲစိတ်မချလို့
အစ်ကိုတို့ညီအစ်ကိုထဲကတစ်ယောက်ကိုခေါ်သွားပါလို့
ပြောနေတာ..ဟိုကောင်ကြက်တောကသူလိုက်ရမှာဆိုးပြီး
ရွာထဲထွက်သွားပြီဗျ…အဲ့တာအစ်ကိုဘကျော်ကိုပဲ
ခေါ်ရတော့မယ်ဗျို့”
“ဟုတ်သားပဲဘကျော်ရာ….မင်းညီနဲ့လိုက်သွားပေးလိုက်စမ်းပါ
မင်းနှမကိုပြန်လာခေါ်ရင်မင်းလည်းပြန်လာခဲ့ပေါ့…”
“ဟုတ်ပါတယ်အစ်ကိုဘကျော်ရယ်…
လိုက်သွားလိုက်ပါ..မဟုတ်ရင်ကျုပ်ကဒီမှာနေပြီး
တော့်ညီကိုစိတ်မချဖြစ်နေရမှာ…”
ကိုဘကျော်ကိုဖခင်ဖြစ်သူနှင့်မပန်းဖြူတို့က
တိုက်တွန်းကြလေသည်။
ထိုအခါ…
“အေး…ဒါဆိုရင်လည်းငါလိုက်သွားမယ်…
ပန်းဖြူနင်ကဒီမှာဘယ်နှစ်ရက်နေမှာလဲ”
“အလွန်ဆုံးကြာရင် တစ်ပတ်ပဲပေါ့…
တစ်ပတ်ပြည့်ရင်အစ်ကိုနဲ့အစ်ကို့ညီတို့ပြန်လာခဲ့ကြပေါ့”
“အေးပါ…အေးပါ…….”
ကိုဗျိုင်းတစ်ယောက်ဝမ်းသာသွားသည်။
ကိုဗျိုင်း၏အပြန်ခရီး၌
ကိုဘကျော်လည်းလိုက်ပါလာခဲ့တော့၏။
ကိုဘကျော်သည် စကားနည်းယုံတင်မက…
သိပ်ပြီးအရောတဝင်မရှိလှ။
ကိုဗျိုင်းမှာလည်း မပန်းဖြူစိတ်ချမ်းသာစေဖို့သာ
ခေါ်လာခဲ့ရသော်လည်း ကိုဘကျော်၏
အရောတဝင်မရှိမှုကြောင့် အနေရခက်နေလေသည်။
မိမိတို့ရွာသို့ပြန်ရောက်တော့…
“အစ်ကိုဘကျော်…အိမ်ထဲမှာနားနေခဲ့ဦး…
ကျုပ်ထန်းတောကိုသွားဦးမယ်”
“အေး…အေး……”
ကိုဘကျော်သည် အိမ်အတွင်းသို့ဝင်သွားလေတော့
ကိုဗျိုင်းလည်းထန်းတောဘက်သို့ထွက်လာခဲ့၏။
ထန်းတော၌ ထန်းရည်သောက်နေသောလူများကို
တစ်ချက်ကြည့်ပြီးနောက် ထန်းရည်ချသည့်အိုးများကို
စစ်ဆေးကြည့်ပြန်သည်။
ထန်းရည်ချပေး…အမြည်းလုပ်ပေးဖြင့်အလုပ်ရှုပ်နေသော
သံဗြောက…
“ဆရာ…ရောက်တာစောတယ်နော်…”
“အေးဟေ့…ရွာလိုက်ပို့ပြီးတန်းပြန်လာခဲ့လိုက်တာ…
ဘယ်လိုလဲ မင်းကောအဆင်ပြေလား”
“ပြေပါတယ်ဆရာ…”
“အေး…အေး…….”
ကိုဗျိုင်းသည် သံဗြောကိုပြောပြီးသည်နှင့် မလှမ်းမကမ်းရှိ
ထန်းလက်ခုံ၌ကျောကိုမှီ၍ဝင်ထိုင်နေခဲ့သည်။
ထိုစဉ်…လှမ်းမကမ်း ထန်းရည်ဝိုင်းဆီမှအသံများသည်
ကိုဗျိုင်း၏နားဆီသို့ပျံ့လွှင့်လာခဲ့၏။
“မမကလေ…ငါ့ကိုအတော်ချစ်တာကွ…
သူ့လင်ငဗျိုင်းမသိအောင်လည်း
တို့တွေမကြာမကြာ ခိုးခိုးတွေ့ဖြစ်ကြတယ်ကွ”
“ဟား….ဒါဆို သူကမင်းဘက်မှာပေါ့”
“ဒါပေါ့ကွာ….”
“အားကျလိုက်တာကွာ”
“အားကျရင်မင်းလည်းရှာလေကွာ…
ငါ့မမက အခုသူ့ရွာပြန်တာတောင်ငါ့ကိုလိုက်စေချင်နေတာ
ငါကမဖြစ်လို့သာနေခဲ့ရတာဟေ့..
လိုက်ချင်တာများတပိုင်းကိုသေလို့…….”
ကိုဗျိုင်း ထန်းရည်ဝိုင်းရှိရာသို့ လှမ်းကြည့်လိုက်သည်။
ပြီးလေတော့…
“သံဗြော…အဲ့တာလူအေးမဟုတ်လား”
ကိုဗျိုင်းအမေးကြောင့်သံဗြောလည်း လှမ်းကြည့်လိုက်ပြီး
“ဟုတ်တယ်ဆရာ…အဲ့တာလူအေးဗျ”
“တောက်…ပေးစမ်း ထန်းလှီးဓား…….”
“ဗျာ….ဆရာဘာလုပ်မလို့လဲ”
“ပေးစမ်းဆိုကွာ………”
“ဆ…..ဆရာ………”
“ဟာကွာ………”
ကိုဗျိုင်းကို သံဗြောကြောက်နေမိသည်။
ကိုဗျိုင်းလည်း သံဗြောထံမှ ထန်းလှီးဓားကိုတောင်းမရသောအခါ ဝါးရင်းတုတ်တစ်ချောင်းကိုဆွဲ၍…
“ခွေးမသား………”
ဟု…ဒေါသတကြီးဆဲဆို၍ လူအေးတို့ထန်းရည်ဝိုင်းဆီသို့
ခြေလှမ်းကျဲကြီးဖြင့်လှမ်းလာခဲ့သည်။
လူအေးကတော့ ကိုဗျိုင်းလာရာနှင့်ကျောပေးထိုင်နေ၍
မသိရှာ။
ကိုဗျိုင်းအားမြင်သော လူအေး၏အပေါင်းအသင်းများမှာ
ဝါးရင်းတုတ်ကြီးကိုင်ထားသော ကိုဗျိုင်းကိုမြင်လေတော့
ချက်ချင်းနေရာမှ ထွက်ပြေးကြလေသည်။
“ဟာ….ဟိုမှာကိုဗျိုင်း……..”
“ပြေးဟေ့…မဟုတ်ရင်တို့ခေါင်းကွဲကိန်းပဲ”
“ဟင်…….”
“ဖောင်း…..”
“အင့်…….”
လူအေး အံ့သြနေမိစဉ်လူအေး၏ခေါင်းထံသို့
ကိုဗျိုင်းမှဝါးရင်းတုတ်ဖြင့်ရိုက်ချထည့်လိုက်သည်။
“ဟာ…ဆွဲကြပါဟ”
“ဆရာ…ဆရာ စိတ်ကိုလျော့ပါဆရာ……”
လူအေးသည် ခေါင်းပင်မထောင်တော့…
သူ၏ခေါင်းမှသွေးများကလည်း
အဆက်မပြတ်ကျဆင်းနေလေသည်။
“လူအေး…ခွေးမသား…….”
ကိုဗျိုင်းကိုထန်းရည်သောက်နေကြသောသူများမှ
ထ၍ဆွဲထိန်းထားကြရ၏။
ဝါးရင်းတုတ်ကြီးကို လူအေးထံသို့ရွယ်ရင်း…
“ခွေးမသား….ငါ့မိန်းမကို သိက္ခာမချနဲ့….
မင်းငါ့မိန်းမကိုလာကပ်တာတွေ…
ငါမိန်းမကမင်းကို ဆဲဆိုလွှတ်တာတွေ
ကအစငါသိတယ်…အေး….ငါကပြဿနာမဖြစ်ချင်လို့
ဒီတိုင်းနေနေတာကိုမင်းက ငါ့မိန်းမကိုသိက္ခာချတယ်နော်….
မင်းကိုအသေသတ်ပစ်မယ်…ခွေးသတောင်းစား……”
ကိုဗျိုင်းသည် ဒေါသအလွန်ထွက်နေ၏။
အမှန်မှာ လူအေးတစ်ယောက်မပန်းဖြူကို ပြောဆိုသည့်စကားများကို ကိုဗျိုင်းအမှတ်မထင်ကြားလိုက်ရသည်။
သို့သော် မပန်းဖြူ၏စိတ်ထားကြောင့် ကိုဗျိုင်း
မသိချင်ယောင်ဆောင်နေခဲ့သည်။
ယခုတော့ မိမိတို့ကွယ်ရာ၌မဟုတ်မမှန်စကားများပြောဆိုနေသောလူအေးအား ကိုဗျိုင်းဒေါသထွက်လာခဲ့တော့၏။
အများကဝိုင်းဆွဲမှုကြောင့်သာ လူအေး
အသက်ချမ်းသာရသွားခဲ့သည်။
သို့သော် ရွာသူကြီးမှ…
“ဟေ့ကောင်လူအေး…မင်းက မင်းရဲ့ကျေးဇူးရှင်ကို
အတော်စော်ကားတာပဲကွ…
အေး…အဲ့သည်အကျိုးကြောင့်အခုဆိုမင်းလိုကောင်ကို
ဘယ်သူကမှခေါ်မခိုင်းချင်တော့ဘူးကွ”
ဟု…ခေါ်၍ဆူလေသည်။
လူအေးခမြာတော့ အာချောင်မှုကြောင့်
အပယ်ခံဖြစ်သွားရတော့၏။
သုံးရက်ခန့်ကြာလေတော့…
“ကိုဗျိုင်းသေပြီဗျို့…ကိုဗျိုင်းသေပြီ”
“ဟဲ့…ဘာတွေအော်နေတာလဲ”
“ကိုဗျိုင်း ဓားကြီးတန်းလန်းနဲ့ရွာပြင်မှာသေနေတာဗျ….
လာကြ…လိုက်ခဲ့ကြဗျို့………”
ကိုဗျိုင်း ဓားကြီးတန်းလန်းဖြင့်သေနေသည်ဆိုသော
သတင်းသည် ရွာထဲ၌ ပျံ့နှံ့လာပြီး
ကိုဗျိုင်း၏အလောင်းရှိရာဆီကို
အပြေးအလွှားသွားကြည့်ကြတော့သည်။
ကိုဗျိုင်း၏ယောက်ဖ ကိုဘကျော်သည်လည်း
ကိုဗျိုင်း၏အလောင်းကြီးနားထိုင်၍
ဒေါသတကြီးဖြင့်…
“ကျုပ်ယောက်ဖကိုဘယ်သူသတ်တာလဲ…
တောက်….ဟိုကောင်လူအေးပဲဖြစ်ရမယ်…
ခွေးမသား…..ကျုပ်ယောက်ဖသေသလို
ဒင်းလည်းသေကိုသေရမယ်ဗျို့…….”
ကိုဘကျော်သည် ဒေါသတကြီးထွက်သွား၏။
“ဟ…ဆွဲကြဦးဟေ့…ဆွဲကြပါဦးဟ……”
“ဟေ့ကောင်လေး…ငါသူကြီးတစ်ယောက်လုံးရှိပါတယ်ဟ…
ငါဖြေရှင်းပေးပါ့မယ်ကွာ….လာပါ…ဒီမှာနေစမ်းပါ”
ရွာလူကြီးနှင့်ရွာသားများမှ ကိုဘကျော်ကို
တားဆီးကြလေသည်။
ထို့နောက်ရွာသူကြီးနှင့်မြို့ဂတ်ကိုအကြောင်းကြား၍
ကိုဗျိုင်းသေဆုံးမှုကိုစစ်ဆေးကြတော့သည်။
ကိုဗျိုင်းဝမ်းဗိုက်၌စိုက်နေသောဓားသည် လူအေး၏
ဓားဖြစ်ကြောင်းသိရှိသွားချိန်၌ လူအေးတစ်ယောက်
အတင်းငြင်းဆန်နေပါသော်လည်း
မြို့ဂတ်မှဖမ်းဆီးခေါ်ဆောင်သွားတော့၏။
မပန်းဖြူမှာတော့ ကိုဗျိုုင်းသတင်းကြောင့်အိပ်ရာထဲ
ဗုန်းဗုန်းလဲသွားရှာသည်။
မိဘများမှာလည်းကိုဗျိုင်းအတွက်
ဝမ်းနည်းကြရသလို မပန်းဖြူအတွက်လည်းစိုးရိမ်နေကြရှာသည်။
ကိုဗျိုင်းမရှိတော့၍ ကိုဗျိုင်း၏ထန်းတောကို
ကိုဘကျော်နှင့်ကြက်တောတို့က
ဦးစီးကာလုပ်ကိုင်ကြလေသည်။
မပန်းဖြူမှာလည်း မိဘများကိုခေါ်၍
ကိုဗျိုင်းအိမ်၌သာနေထိုင်ခဲ့တော့၏။
သန်းခေါင်အချိန်၌ ရွာထဲသို့ဝင်ရောက်လာသော
မည်းမည်းပုံပန်းသဏ္ဌာန်တစ်ခု…။
ထိုမည်းမည်းပုံပန်းသဏ္ဌာန်မှာ
လူတစ်ယောက်ဖြစ်သည်။
ထိုလူသည် အလောတကြီးဟန်ဖြင့်
သူ၏ဦးတည်ရာသို့သွားနေခဲ့၏။
ရွာရှိခွေးများမှာလည်းသူ၏သွားရာသို့
နောက်ပါးမှအတူလိုက်ပါ၍အူကြ…ဟောင်ကြလေရာပတ်ဝန်းကျင်၌ခွေးအူသံတို့ဖြင့်ဆူညံနေခဲ့တော့သည်။
“တောက်……”
ထိုလူသည်သူ့အားဟောင်နေသောခွေးများကို
ကြည့်၍တောက်ခေါက်လိုက်သည်။
ပြီးနောက်အိမ်တစ်အိမ်ဆီသို့ရောက်လေတော့
အိမ်ထဲသိုဝင်ရန် ခြံတံခါးအနီးဆီတိုးကပ်လိုက်သောအခါ
သူဝင်၍မရ…။
သူသည် ရွာတံခါးမှအတင်းတောင်းပန်၍ဝင်လာခဲ့ရသည်။
ယခုအိမ်ခြံအနားသို့တိုးကပ်ဝင်ဖို့ရန်ပင်သူ့မှာဝင်မရရှာ။
“တောက်………”
အကြိမ်ကြိမ်ကြိုးစားပြီးနောက်
တောက်တစ်ချက်ခေါက်လိုက်သည်။
ပြီးနောက် လာရာလမ်းအတိုင်းပြန်သွားလေသည်။
ခွေးများကလည်း သူ့နောက်သို့လိုက်၍
ဟောင်ကြ…အူကြပြန်၏။
ရွာပြင်သို့ထွက်လာပြီး သင်္ချိုင်းကုန်းဆီကို
သူရောက်လာခဲ့သည်။
ခွေးများကတော့ရွာထဲ၌သာကျန်ရစ်ခဲ့တော့၏။
ယခုကဲ့သို့ ညသန်းခေါင်ကျော်သည်နှင့်ရွာထဲသို့ဝင်ခွင့်တောင်းလိုက်…အိမ်ဆီသို့ရောက်ပြန်လေတော့ဝင်လို့မရသောကြောင့်
သင်္ချိုင်းသို့ပြန်လာလိုက် လုပ်နေရသည်မှာသူ့အတွက်
တစ်ရက်မဟုတ်…တစ်ပတ်မဟုတ်…
တစ်လတိုင်တိုင်ကြာနေခဲ့လေပြီ။
အမျှအတန်းဝေကုသိုလ်ပြုတိုင်းသူ၏နာမည်ခေါ်သံကိုကြားရပါသော်လည်းသူ့ဘက်မှ သာဓုမခေါ်ခဲ့။
အဘယ့်ကြောင့်ဆိုသော် သူ၏ နာကြည်း ချက်သည်
ယခုဘဝထက်ဆိုးဝါးနေသောကြောင့်ပင်။
သင်္ချိုင်းသို့ပြန်ရောက်လာတော့ သူနေရာရထားသောသစ်ပင်၌
ပြန်ကပ်နေရင်း ဟိုသည်ငေးမောနေခဲ့ရှာသည်။
ထိုစဥ် သင်္ချိုင်းအတွင်းအုတ်ဂူတစ်ခုအပေါ်၌
တရားထိုင်နေသော ဘုန်းကြီးတစ်ပါးကို မြင်လိုက်လေတော့
သူချက်ချင်းအပင်ပေါ်မှဆင်း၍
ဘုန်းကြီးနှင့်ခပ်လှမ်းလှမ်းမြေပေါ်တွင်ထိုင်၍
လက်အုပ်ချီလေသည်။
“ဘာအကြောင်းရှိလို့လဲ ဒကာ……”
ဘုန်းကြီးသည် မျက်စိမှိတ်လျက်သားဖြင့်မေး၏။
ထိုအခါ သူသည်လည်း ဝမ်းသာအားရဖြင့်…
“ဆရာတော်ဘုရား…တပည့်တော်ကိုမြင်ရတယ်ပေါ့…
ဟား……ဝမ်းသာလိုက်တာဗျာ…ဝမ်းသာလိုက်တာ…”
သူအလွန်ပျော်ရွှင်သွားသည်။
“ဒကာ့ကိုတင်မကဘူး…ဟောသည် သင်္ချိုင်းမှာ
မှီတင်းနေတဲ့သတ္တဝါကြီးငယ်ဟူသမျှကို ဆရာတော်မြင်ပါတယ်ကွယ်……..”
“တင်ပါ့ဘုရား….တပည့်တော်က ဆရာတော်သီတင်းသုံးတဲ့
ရွာက ငဗျိုင်းပါဘုရား”
“အင်း….. ဒကာ ငဗျိုင်း….ဘာအကြောင်းရှိလို့လဲ…”
ဘုန်းကြီးသည် ကိုဗျိုင်းကိုမေးလေတော့
ကိုဗျိုင်းခမြာသူ၏နာကျည်းချက်များကိုတွေးရင်း…
“တပည့်တော်အသတ်ခံရတာပါဘုရား…
ဒါပေမယ့်တရားခံက လူအေးမဟုတ်ပါဘူးဘုရား…
တရားခံကသက်သက်ရှိနေသေးပါတယ်…..
ဒါကို တပည့်တော်မိန်းမနဲ့ရွာကလူတွေကိုပြောချင်ပါတယ်ဘုရား…တပည့်တော်ပြောဖို့လည်း
ကြိုးစားနေတာပါ…
ဒါပေမယ့် တပည့်တော် ကြိုးစားလို့မရဘူးဖြစ်နေပါတယ်ဘုရား”
“ဒကာ ငဗျိုင်း… ဒကာရဲ့ဘဝအကြောင်းကိုဆရာတော်သိပါတယ်…ဒါပေမယ့်လို့ဆရာတော်ကလူတွေရဲ့အရေးအရာမှာမပါဝင်ချင်ဘူး ဒကာ…….”
“ဆရာတော်သာမကူညီရင်
တပည့်တော်ဒီဘဝကနေ
မကျွတ်လွှတ်နိုင်တော့ဘူးပေါ့ဘုရား….
တပည့်တော်ကိုကယ်ဆယ်ပေးပါဦးဘုရား…..
အီး….ဟီး….ဟီး……”
“ဒကာ…မငိုပါနဲ့… ဒကာ့ကိုဆရာတော်
မကူညီနိုင်ပေမယ့်ကူညီပေးနိုင်သူကို
ဆရာတော်ညွှန်ပေးနိုင်ပါတယ်ကွယ်”
“ဝမ်းသာလိုက်တာဘုရား…
တပည့်တော်ကိုကူညီပေးနိုင်သူဆိုတာဘယ်သူများလဲဘုရား…
ဘယ်အရပ်မှာနေထိုင်ပါသလဲဘုရား”
ကိုဗျိုင်းဝမ်းသာသွား၍မျက်ရည်များသုတ်ဖယ်၍
မေးတော့သည်။
“ဒကာ့ကိုကူညီနိုင်သူက ဒီရွာနဲ့ငါးရွာအကျော်က
ဘွားမယ်စိန်လို့ခေါ်တဲ့ ဒကာမကြီးပဲ ဒကာ…
အဲ့သည်ဒကာမကြီးကသာ ဒကာ့ကိုကူညီနိုင်လိမ့်မယ်ကွဲ့”
“တပည့်တော်သွားလို့ရပါ့မလားဘုရား…”
“ရတာပေါ့ဒကာရယ်… ဒကာ့ကိုဆရာတော်
အိမ်မက်ပေးနိုင်ဖို့သင်ပေးပါ့မယ်…
ဒါကလည်းဆရာတော်နဲ့အတူ
ဒကာတရားထိုင်နိုင်ရင်ပေါ့ကွယ်….”
“တင်ပါ့ဘုရား…တပည့်တော်ကြိုးစားပါ့မယ်ဘုရား…”
ကိုဗျိုင်းဝမ်းသာအားရဖြင့်လက်ခံလိုက်တော့သည်။
“အမယ်…ခြေဖဝါးတွေက အတော်ယားနေတာပါလားဟဲ့”
ဘွားမယ်စိန်သည် ကွပ်ပျစ်၍ သူ၏သောက်နေကြ
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရှိုက်နေစဥ်
ခြေဖဝါးမှယားယံလာ၍ ငြီးတွားလိုက်လေသည်။
ထိုအခါ သူ၏နံဘေး၌ဆန်ရွေးနေသော ဒေါ်ဝင်းမှ…
“ခြေဖဝါးယားနေရင်…အမေတော့ခရီးထွက်ရဦးမယ်
ထင်ပါတယ်တော်”
“အေး…အဲ့သလိုထင်ပါရဲ့အေ”
“ဒီတစ်ခေါက်အမေခရီးထွက်ရင်တော့ ကျုပ်အမေ့အတွက်
တဘက်တစ်ထည်အသစ်ဝယ်ထားတာလေး
ထည့်ပေးလိုက်မယ်နော်အမေ”
“ညည်းအေ..အပိုတွေကုန်အောင်လို့ဝယ်ပြန်ပြီ”
“အို…အမေကလည်း ကျုပ်တောင်မသုံးရက်ပါဘူးတော်…
အမေကျတော့ လူကြီးဆိုတော့ဘယ်နေရာသွားသွား
ကျုပ်ကအသစ်လေးနဲ့တောက်တောက်ပြောင်ပြောင်ဖြစ်စေချင်လို့ပါတော့်…….”
ဘွားမယ်စိန်သည် သမီးဖြစ်သူဒေါ်ဝင်းကိုကြည့်၍ပြုံးလိုက်သည်။
အိမ်ထောင်မပြုနိုင်ဘဲမိခင်နှင့်အတူနေထိုင်သော
သမီးဖြစ်သူအပျိုကြီးဒေါ်ဝင်းကို ဘွားမယ်စိန်အခြားသောသား၊သမီးများထက်ပိုချစ်၏။
ဒေါ်ဝင်းကလည်းဘယ်အရာနေနေ မိခင်ဖြစ်သူကို
ဦးစားပေးရှာသည်။
မိဘမရှိသော နန်းကြိုင်လေးကိုမွေးစားလိုက်ချိန်မှစ၍
သူတို့သားအမိ၏ဘဝမှာပို၍ပျော်ရွှင်စရာကောင်းလာခဲ့၏။
“မြေးလေးကောဘယ်သွားတုန်း”
“အမေ့မြေးလား…အမေဘုရားခန်းထဲရောက်တာနဲ့
ခိုးထွက်သွားပြီလေ…ဒီချိန်ဆို
ရွာအလယ်မှာဆော့နေရောပေါ့တော်”
“အေး…ညည်းကလည်းအလိုလိုက်လွန်းတယ်အေ…
ကလေးဆိုတာဆော့ချိန်ဆော့ရမှာတော့မှန်ပါတယ်အေ…
ဒါပေမယ့်ညည်းသမီးက မိုးလင်းတာနဲ့အိမ်ကိုမကပ်ဘူး။
အဲ့တာတော့အမေမကြိုက်ဘူးနော် မိဝင်း”
“ကျုပ်ပြောပါ့မယ်အမေ…အမေ့မြေးကအမေမကြိုက်ဘူးလို့ပြောရင်တော့ နားထောင်ရှာပါတယ်…”
“အေးပါအေ…ဒါနဲ့ခြံနောက်က နှင်းဆီပွင့်တွေဘုရားကပ်လိုက်ဦးအေ့…လူသာအရောင်အဆင်း မွဲချင်မွဲပါစေ…ဘုရားခန်းတော့အရောင်မမွဲစေနဲ့ငါ့သမီး…
သေသေချာချာဘုရားပန်းကပ်ပေး”
“ဟုတ်ကဲ့အမေ…ကျုပ်ဆန်ရွေးပြီးတာနဲ့သေချာပန်းကပ်ပြီး
ဘုရားစင်ပေါ်ရှင်းပေးပါ့မယ်”
“အေး…အေး…ဒါဆိုရင် အမေသူကြီးအိမ်ခဏသွားဦးမယ်…
ရွာလမ်းပြင်ဖို့ကိစ္စဘယ်လိုရှိသလဲသွားမေးဦးမယ်”
“အမေကလည်းထုံးစံအတိုင်းတစ်ရွာလုံးပါဝင်ရမယ့်ကိစ္စပဲနေမှာပါတော်…”
“အိုအေ…အကြောင်းအရင်းသေချာသိမှကောင်းတာပေါ့…
ကဲ…ကဲ…သွားပြီအေ…နေ့လယ်စာစားချိန်ပြန်ခဲ့မယ်”
“သေချာသွားဦးနော်အမေ…ကျောက်ခဲတွေမနင်းမိစေနဲ့ဦး”
“အေး…အေး……..”
ဘွားမယ်စိန်သည် နှီးခမောက်ကြီးဆောင်း၍
သူကြီးဦးနောင်ချိုအိမ်ထိသို့ထွက်သွားတော့လေသည်။
တိတ်ဆိတ်မှောင်မိုက်နေသော်လည်း မည်သည်က
လာမှန်းမသိသော အလင်းရောင်သည် ဘွားမယ်စိန်
တင်ပုလ္လင်ခွေထိုင်နေသောနေရာဆီသို့ ကျရောက်နေခဲ့၏။
ဘေးပတ်ပတ်လည်၌ အမှောင်ထုများကြီးစိုးနေခဲ့ပြီး
ဘွားမယ်စိန်သည်က မျက်လုံးကိုမှိတ်၍
တရားထိုင်နေ၏။
ထိုသို့နေရင်းမှ…
“ဘယ်သူလဲ…….”
ဟု…ဘွားမယ်စိန်၏နှုတ်မှအမေးစကားထွက်လာသောအခါ
အမှောင်ထုအတွင်းထွက်လာသူမှာက ကိုဗျိုင်းဖြစ်နေခဲ့၏။
ကိုဗျိုင်းသည် ဘွားမယ်စိန်နှင့်မဝေးကွာသောနေရာ၌ ထိုင်၍
ဘွားမယ်စိန်ကိုဦးချ ကန်တော့လေသည်။
ရုတ်တရက် ဘွားမယ်စိန်၏မျက်လုံးများပွင့်လာခဲ့ပြီး
ကိုဗျိုင်းကိုကြည့်နေခဲ့၏။
“မောင်ရင်ကဘယ်သူတုန်းကွဲ့…….”
“ကျုပ်နာမည်က ကိုဗျိုင်းလို့ခေါ်ပါတယ်ဘွား…”
“အင်း…ဘွားဆီကိုရောက်လာတာက
ဘာအကြောင်းများရှိလို့လဲ”
ကိုဗျိုင်းသည်လက်အုပ်ကိုချီထားရင်းမှ…
“ကျုပ်ကသူများသတ်လို့သေခဲ့ရတာပါဘွား…
ဒါပေမယ့် ကျုပ်ကိုသတ်ခဲ့တဲ့သူကိုမဖမ်းကြပဲ…
မဆိုင်တဲ့သူကိုဖမ်းသွားကြပါတယ်…။
ဒီအကြောင်းတွေကိုလည်း
ကျုပ်မိန်းမနဲ့ကျုပ်ယောက္ခမတွေကိုပြောပြဖို့
ကျုပ်ကြိုးစားပေါင်းများပါပြီ…
ဒါပေမယ့် ကျုပ်ကသေလူလေဗျာ…
ကျုပ်ဘာမှလုပ်လို့မရဘူး ဘွားရယ်…
အဲ့တာနဲ့ ကျုပ်နေနေရတဲ့သင်္ချိုင်းမှာ
တရားလာထိုင်တဲ့ဆရာတော်က ဘွားဆီကို
ညွှန်လို့သာကျုပ်ဘွားကိုအိမ်မက်ပေးရတာပါ”
“အင်း…ဒါဆိုရင်တော့ ဘွားဘက်ကနေကူညီနိုင်ဖို့
မောင်ရင့်ရဲ့အဖြစ်အပျက်ကိုသေချာပြောပြပါလားကွယ်”
“ဟုတ်ကဲ့ပါဘွား…ကျုပ်ကပေါက်ကံရွာသားကိုဗျိုင်းပါ
ကျုပ်မိန်းမနာမည်က မပန်းဖြူလို့ခေါ်ပါတယ်…………”
ထိုနေ့က…
“အစ်ကိုဘကျော်…ကျုပ်ဒီနေ့ထန်းတောက
မိုးချုပ်မှပြန်ရောက်မှာ…အဲ့တာအစ်ကိုဘကျော်အိမ်မှာပျင်းနေလိမ့်မယ်ဗျ…ကျုပ်နဲ့အတူထန်းတောလိုက်ခဲ့ပါလားဗျာ”
“အေး…ဒါဆိုရင်လည်းနေစောင်းမှပဲငါလာခဲ့မယ်ကွာ”
“ဟုတ်ကဲ့အစ်ကို…ဒါဆိုရင်ကျုပ်သွားပြီနော်…”
ကိုဗျိုင်း ထိုနေ့က သံဗြောမရှိ၍
ထန်းတော၌အလုပ်ရှုပ်နေခဲ့သည်။
သံဗြောနေမကောင်း၍ သူ၏ထန်းတောသို့
မလာနိုင်ကြောင်းကြိုတင်ပြောထားခြင်းဖြစ်၏။
ထန်းတော၌ သောက်သုံးသူများနေ၍ ကိုဗျိုင်းမှာ
ထန်းရည်ချပေးလိုက် အမြည်းလုပ်ပေးလိုက်ဖြင့်
လက်မလည်နိုင်ဖြစ်နေရှာသည်။
မိုးချုပ်စပြုလာတော့ သောက်သုံးသူများလည်း
ပြန်ကုန်ကြလေပြီ။
ထိုအချိန်မှ ကိုဘကျော်ထန်းတောသို့ရောက်လာခဲ့၏။
ကိုဗျိုင်းလည်းသိမ်းစရာများသိမ်းနေရင်း
ကိုဘကျော်ကိုလှည့်မကြည့်အား
“ငဗျိုင်း…….”
“ဗျာ…အစ်ကို…”
“မင်း…ငါ့ဘက်ကိုလှည့်လိုက်စမ်းပါ………”
“ဘာလို့လဲအစ်ကိုဘကျော်……”
“စွပ်……..”
“အွတ်…….အ…အစ်ကို…ဘကျော်………”
ကိုဗျိုင်းနောက်သို့လှည့်လိုက်သောအခါ ကိုဘကျော်သည်
ကိုဗျိုင်း၏ဝမ်းဗိုက်ထံသို့ ဓားဖြင့်အားကုန်ထိုးချလိုက်သည်။
ကိုဗျိုင်းမှာလည်းဓားဖြင့်အထိုးခံရသော ဝမ်းဗိုက်ကို
ကြည့်ရင်း ကိုဘကျော်အားနားမလည်နိုင်ဖြစ်နေရှာသည်။
ထိုအခါကိုဘကျော်သည် သူ့ထက်လူကောင်သေးသော
ကိုဗျိုင်းကိုလည်ပင်းကိုလက်နှစ်ဖက်ဖြင့်ဆွဲညှစ်ရင်း…
“ငဗျိုုင်း….ငါမင်းကိုဒီလိုသတ်ပစ်ချင်နေတာကြာပြီကွ….
အခုမှပဲငါ့အကြံအောင်တော့တယ်ဟေ့……”
ကိုဗျိုင်းသည်မျက်လုံးပြူးကြီးဖြင့်
ကိုဘကျော်ကိုကြည့်နေခဲ့၏။
“ငါက ပန်းဖြူမိဘတွေရဲ့မွေးစားသားဆိုတာမင်းသိတယ်နော်…
အေး…ငါကလည်းပန်းဖြူကိုသိပ်ချစ်ခဲ့တဲ့အကောင်ကွ…
ဒင်းတို့ကတော့ငါ့ကိုသားရယ်အစ်ကိုရယ်နဲ့
စည်းတွေဘောင်တွေခတ်ထားကြတာ…
ငါ့မှာ ငါသိပ်ချစ်တဲ့ပန်းဖြူကိုမင်းလိုကောင်ကအရယူသွားကတည်းက
မင်းကိုအသေသတ်ချင်နေခဲ့တာ …အခုတော့ ဓားကလည်း
လူအေးအိမ်ကနေသူ့အလှစ်မှာငါသွားယူလာခဲ့တယ်လေ…
ဟင်း…..မင်းသေရင်တောင်မှ
လူအေးသတ်တာပဲဆိုပြီးအားလုံးကထင်ကြလိမ့်မယ်…
ဟား….ဟား….ဟား… ငါ့အကြံ
မကောင်းဘူးလားကွဟေ….”
“ခင်…ခင်ဗျား…..လူယုတ်မာ……”
“ခွပ်…….”
ကိုဗျိုင်း သည်.ကိုဘကျော်ကိုနာနာကျည်းကျည်းအော်ဟစ်၍
လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်းကိုဘကျော်၏
မျက်နှာကိုထိုးချလိုက်သည်။
ကိုဗျိုင်း၏လက်သီးချက် ပြင်းသွားပုံရသည်။
ကိုဘကျော်တစ်ယောက်အနောက်သို့လဲကျသွား၏။
ထိုအခါ ကိုဗျိုင်းတစ်ယောက်ဓားတန်းလန်းကြီးဖြင့်
နေရာမှထွက်ပြေးတော့သည်။
ထန်းတောမှာရွာအပြင်ဘက်တွင်ရှိသည်မို့
ကိုဗျိုင်းကူကယ်ရာမဲ့နေခဲ့သည်။
နောက်သို့လှည့်ကြည့်လိုက် အမှောင်ထဲပြေးလိုက်ဖြင့်
နောက်ဆုံးကိုဗျိုင်းတစ်ယောက် ဗိုက်မှဓားချက်ကြောင့်
ပြေးနေရင်းပင်လဲကျသွားတော့သည်။
နောက်မှလိုက်လာသောကိုဘကျော်သည်
ကိုဗျိုင်း၏ အသက်မဲ့နေပြီဖြစ်သောအလောင်းအားကြည့်၍….
“သွားပေတော့ငဗျိုင်းရေ…မင်းမိန်းမပန်းဖြူကို
ငါတစ်သက်လုံးစောင့်ရှောက်လိုက်ပါ့မယ်ကွာ
ဟား……”
ဟု ဝမ်းသာအားရ ရယ်မောရင်းရွာထဲသို့ပြန်ဝင်သွားတော့၏။
နောက်ရက်မှာတော့ကိုဗျိုင်း၏အလောင်းကိုတွေ့ရှိသွားကြပြီး
ကိုဗျိုင်းနှင့်ရန်စရှိသော လူအေးကိုဖမ်းဆီးသွားကြတော့သည်။
အဖြစ်အပျက်အစုံကိိုနားထောင်ပြီးသောအခါ၌
ဘွားမယ်စိန်သည်…
“အင်း…လူတွေရဲ့တပ်မက်မှုက
အလွန်ကြောက်စရာကောင်းတာပါလား….”
“ကျုပ့်ဘဝက ဆွေမရှိ….မျိုးမရှိတစ်ကောင်ကြွက်ပါဘွားရယ်…
ကျုပ်မိန်းမ ပန်းဖြူကသာကျုပ်ရဲ့ဘဝပါ…
ကျုပ်သေသွားလို့ကျုပ်မိန်းမနောက်ယောကျာ်းယူရင်တောင်
ဟိုကောင်ဘကျော်ရဲ့ ရန်ကလွှတ်မယ်မထင်ဘူး…
ဒါကြောင့်ကျုပ်က အဲ့ကောင်ဘကျော်ရဲ့အပြစ်ကို
အများသိအောင်ပြောပြချင်တာပါဘွား”
“အင်း…ဒီလိုဆိုရင်တော့ဘွားကိုယ်တိုင်ပေါက်ကံရွာကို
သွားရမှာပေါ့ကွယ်…စိတ်ချပါ…မောင်ရင်ဖြစ်စေချင်တဲ့
ကိစ္စကိုဘွားဘက်ကဖြစ်အောင်ကူညီပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ်ဗျာ…
ကျုပ်ကျေးဇူးတင်ပါတယ်ဘွားရယ်”
ကိုဗျိုင်းသည် ဘွားမယ်စိန်ကိုဦးချကန်တော့၍
ကျေးဇူးတင်စကားများပြောလေသည်။
နောက်တစ်နေ့နံနက်ခင်း၌ ဘွားမယ်စိန်သည်
ဒေါ်ဝင်းကိုအဝတ်အစားတချို့ကိုသူ၏ချည်လွယ်အိတ်ထဲသို့
ထည့်စေပြီး မြေးဖြစ်သူနန်းကြိုင်လေးကိုခေါ်၍…
“ငါ့မြေး…ညည်းအစ်ကိုမောင်တိုးနဲ့မောင်အုန်းကို
ဘွားက ခရီးသွားစရာရှိတယ်ဆိုပြီးတစ်ခါထဲခေါ်လာခဲ့လိုက်…
အယ်…နောက်ပြီးအဝတ်အစားအပိုထည့်ယူခဲ့ဖို့လည်း
ပြောလိုက်ဦးကြားလား”
“ဟုတ်ကဲ့ဘွား……..”
နန်းကြိုင်လေးအိမ်မှထွက်သွားလေပြီ။
ဒေါ်ဝင်းကတော့ဘွားမယ်စိန်အတွက်ပြင်ဆင်ပေးပြီး၍
ကွပ်ပျစ်ခင်းသို့ရောက်လာကာ…
“မနေ့ကမှအမေခရီးထွက်ရမလားဆိုပြီး
ကျုပ်တို့ပြောနေကြတာကို…
အခုကျ ချက်ချင်းကြီးပါလားအမေရယ်…
ဒီတစ်ခေါက်က ဘယ်ရွာကိုသွားရမှာလဲ
ဝေးများဝေးသလားအမေ”
“ဒီနားက ပေါက်ကံရွာတင်ပါအေ…”
“တော်သေးတာပေါ့အမေရယ် ခရီးကသိပ်မဝေးလို့ပေါ့….
ရာသီဥတုကလည်းအတော်ပူတာ ခရီးဝေးသွားရင်
အမေပင်ပန်းမှာဆိုးလို့ပါကျုပ်က”
“အေးပါငါ့သမီးရယ်…ညည်းအမေကျုပ်က
အဲ့သည်လိုသွားလာရမှ စားဝင်အိပ်ပျော်တာညည်းလည်းအသိပဲအေ”
“သိပါ့အမေရယ်…အမေတင်မကဘူး…
အမေ့မြေးကလည်း ဆော့ကစားနေရမှ
စားဝင်အိပ်ပျော်တာထင်တယ်…
သိပ်လိုက်တဲ့မြေးအဘွားပဲတော်”
ဒေါ်ဝင်းစကားကြောင့်ဘွားမယ်စိန်ပြုံးလေသည်။
“အမေ့မြေးကိုလည်းတရားထိုင်တာလေးဘာလေး…
အမေ့ပညာလေးတွေ သင်ပေးပါဦး…
ကျုပ်ကိုရွာထဲကလူတွေကပြောနေကြတယ်…
နန်းကြိုင်လေးကိုလည်းဘွားရဲ့
ပညာဆက်ခံပေးနိုင်ရင်သိပ်ကောင်းမှာပဲတဲ့တော်”
“တယ်လည်းလောဘကြီးကျတာပဲအေ့…
ငါ့မြေးလေးသူ့အရွယ်နဲ့သူနေပါစေဦးအေ…
အမေကိုယ်တိုင်တောင်ဘဝကမအေးချမ်းခဲ့လို့
အခုလိုပညာတွေသင်ခဲ့ရတာ…နေပါစေဦးအေ…
နေပါစေဦး………..”
ဘွားမယ်စိန်ပြောလေတော့ ဒေါ်ဝင်းမည်သည့်စကားမှ ဆက်မပြောရဲတော့။
ခဏမျှကြာတော့မောင်တိုးသည်နွားလှည်းကြီးကိုခြံပေါက်ဝထိ
မောင်းနှင်လာခဲ့၏။
နွားလှည်းပေါ်၌မောင်အုန်းနှင့်နန်းကြိုင်တို့လည်းပါရှိပေသည်။
သူတို့သုံးဦးနွားလှည်းပေါ်မှဆင်းလာကြပြီး
မောင်တိုးမှ…
“ဘွားခရီးသွားမလို့ဆို….ချက်ချင်းကြီးပါလားဗျ”
“အေးကွယ် ကိစ္စကလည်းအရေးတကြီးဖြစ်နေတာမို့လေ…
ဒါ့ထက်မောင်ရင်တို့ဘက်ကရောအားကျရဲ့လားကွဲ့”
“အားပါတယ်ဘွားရဲ့…ကျုပ်ကမေးကြည့်တာပါဗျ”
“အေး…အေး…အေး… ဒါဆိုရင်လည်းသွားကြတာပေါ့လေ”
“အခုကဘယ်ကိုသွားမှာလဲဗျ “
“ ဘွားတို့သွားမှာက ပေါက်ကံရွာကိုကွဲ့”
“ပေါက်ကံရွာ….”
မောင်တိုးနဲ့မောင်အုန်းတို့သည်ရွာနာမည်အား
ပြိုင်တူရေရွတ်လိုက်မိ၏။
ပြီးနောက်မှာတော့ဘွားမယ်စိန်သည်
တောင်ဝှေးကိုယူဆောင်၍ ပေါက်ကံရွာသို့သွားဖို့လှည်းအထက်သို့တက်လာခဲ့တော့သည်။
မောင်တိုးမောင်းနှင်သော နွားလှည်းအထက်၌
ဘွားမယ်စိန်နဲ့မောင်အုန်းလိုက်ပါလာခဲ့ကြသည်။
ထိုသို့ဖြင့်ပေါက်ကံရွာခရီးစဉ် စတင်ခဲ့ကြတော့၏။
မနက်ပိုင်းအသောနှင်လာခဲ့သောဘွားမယ်စိန်တို့၏
နွားလှည်းကလေးသည်နေ့ခင်းပိုင်းအချိန်၌
ပေါက်ကံရွာသို့ရောက်ရှိလာခဲ့သည်။
လမ်းခရီး၌ ကိုဗျိုင်း၏အကူအညီတောင်းမှုကို
မောင်တိုးတို့ကိုပြောပြထားသည်မို့ မောင်တိုးတို့လည်း
ထိုရွာသို့လာရခြင်းအကြောင်းကိုသိရှိထားကြသည်။
“ဘွား…ပေါက်ကံရွာကိုတော့ရောက်ပြီဗျ…
ဘယ်လိုဆက်လုပ်ဖို့စီစဥ်ထားသေးလဲ”
မောင်တိုး၏အမေးကို ဘွားမယ်စိန်သည်…
“ငဗျိုင်းကမိဘဆွေမျိုးမရှိရှာဘူးလို့ဘွားသိထားရတယ်…
ဒါပေမယ့် ငဗျိုင်းပိုင်တဲ့အိမ်ကိုဝင်ဖို့ဆိုတာက
ဘွားတို့အားလုံးငဗျိုင်းနဲ့ရင်းနှီးတယ်လို့ပြောမှ
ရလိမ့်မယ်ကွဲ့……”
“သူတို့ကယုံကြပါ့မလားဘွား”
“မယုံရင်လည်းတခြားနည်းသုံးရမှာပေါ့ကွယ်…
အဓိကအရေးကြီးတာက ဘကျော်မရိပ်မိဖို့ပဲ…
ဘကျော်က သူငဗျိုင်းကိုသတ်တာ ဘွားတို့သိထားတယ်ဆိုရင်
ထွက်ပြေးသွားလိမ့်မယ်…အဲ့တာကြောင့်
မောင်ရင်တို့ဘက်ကသတိထားကြရလိမ့်မယ်ကွဲ့”
“ဟုတ်ကဲ့ပါဘွား…”
ဘွားမယ်စိန်သည် မှာကြားစရာများကိုမှာကြားပြီးသောအခါ
ကံပေါက်ရွာထဲသို့နွားလှည်းကိုမောင်းဝင်ခိုင်းလိုက်တော့သည်။
ကိုဗျိုင်း၏အိမ်ကိုစုံစမ်းပြီးလေတော့
ပျဥ်ထောင်နှစ်ထပ်ဆောက်ထားပြီး
ရေနံဂျီးများရွဲရွဲစိုအောင်သုတ်လိမ်းထားသော
ကိုဗျိုင်း၏အိမ်ဆီသို့ရောက်လာခဲ့ကြတော့၏။
“အိမ်ရှင်တို့…အိမ်ရှင်တို့ရှိပါသလား………….”
“ရှိတယ်ဗျို့…လာပြီ…လာပြီ……..”
ခြံဝိုင်းတံခါးဆီသို့အပြေးအလွှားရောက်လာသော
လူငယ်ကိုဘွားမယ်စိန်တို့တွေ့လိုက်ရသည်။
ခြံဝိုင်းတံခါးဖွင့်လိုက်ရင်းဘွားမယ်စိန်တို့အား
ထိုလူငယ်သည်လှမ်းကြည့်လိုက်၏။
“ဘယ်သူတွေလဲခင်ဗျ….”
ဟုမေးလေသောအခါ…
“ဘွားတို့ကမောင်ငဗျိုင်းရဲ့ဧည့်သည်တွေပါကွယ်…
မောင်ငဗျိုင်းတစ်ယောက်အိမ်မှာရှိသလားကွဲ့”
“ဗျာ……ဟိုလေ….အိမ်ထဲအရင်ဝင်ကြပါခင်ဗျ….
လှည်းကိုခြံထဲထိမောင်းသွင်းလိုက်ပါနော်…”
ဟုပြောပြီးခြံတံခါးကိုနွားလှည်းဝင်နိုင်ရန်ဖွင့်ပေးလိုက်၏။
ပြီးနောက်အိမ်အတွင်းသို့ပြေးဝင်သွားလေသည်။
“အမေ…အမေ……..”
“အေး…အမေဒီမှာငါ့သားရေ……”
မီးဖိုအတွင်းရောက်နေသော ဒေါ်ဝါနုသည် သားဖြစ်သူ
ကြက်တောအားအသံပြုလိုက်လေတော့
ကြက်တောတစ်ယောက်မီးဖိုထဲဝင်လာခဲ့သည်။
“အမေ…အိမ်ရှေ့မှာဧည့်သည်တွေရောက်နေတယ်ဗျ…”
“ဟေ…ဘယ်သူတွေလဲ…အမေတို့ရွာကလား”
“မဟုတ်ဖူးအမေ…အစ်ကိုဗျိုင်းရဲ့ဧည့်သည်တွေတဲ့ဗျ…
အဝေးကလာကြပုံရတယ်…”
“အယ်…ဟုတ်သလား…ဒါဆိုရင်လည်း
အိမ်ထဲနေရာချပေးလေငါ့သားရဲ့…
ဟင်းအိုးချပြီးရင်အမေလာခဲ့မယ်…ခဏပဲ”
“ဟုတ်ကဲ့အမေ”
ကြက်တောတစ်ယောက်အိမ်အပြင်သို့ပြန်ထွက်လာသည်။
ဘွားမယ်စိန်တို့က နွားလှည်းပေါ်မှဆင်း၍ခြံဝန်းထဲ၌ပင်
မတ်တပ်ရပ်နေကြသည်။
“ဟို…ဒီကဧည့်သည်တွေ အိမ်ထဲကြွကြပါခင်ဗျ…။
အစ်ကို…ကျုပ်နွားကူဖြုတ်ပေးပါ့မယ်…
ဘွားတို့ကတော့ဧည့်ခန်းမှာထိုင်စောင့်ပေးကြပါဗျ…
ကျုပ်အမေတော်နေလာပါလိမ့်မယ်နော်”
“အေးကွယ်…
ကျေးဇူးတင်ပါတယ်မောင်ရင်လေးရယ်…….”
ကြက်တောသည် မောင်တိုးနှင့်အတူ
နွားလှည်းကူဖြုတ်ပေးသည်။
ဘွားမယ်စိန်နှင့်မောင်အုန်းကတော့အိမ်အတွင်း
ဧည့်ခန်း၌ဝင်ထိုင်နေကြ၏။
“ဒီကသားငဗျိုင်းရဲ့ဧည့်သည်တွေဆိုတာလား တော့်”
“ဟုတ်ပါတယ်…ငါ့သမီးကဘယ်သူတုန်း…”
“ကျုပ်က သားငဗျိုင်းရဲ့ယောက္ခမ ဒေါ်ဝါနုလို့ခေါ်ပါတယ်”
“သြော်…ဒါကြောင့်ကိုး… ငဗျိုင်းကသူ့မှာမိဘတွေမရှိဖူးလို့ပြောဖူးတယ်…ရွာရောက်ရင်လည်း
အေးအေးလူလူလာတည်းပါဆိုလို့
ဘွားတို့ရောက်လာခဲ့ကြတာ…အခု
အဲ့ကလေးကောဘယ်သွားလဲကွဲ့”
“သားငဗျိုင်းဆီဘွားတို့ကလာတာဆိုတော့
သားနဲ့အတော်ရင်းနှီးကြမှာပဲပေါ့…
ကျုပ်လည်းပြောရမှာတော့ပြောရခက်ခက်ပါဘွားရယ်…”
“ဘာကြောင့်များလဲကွဲ့”
“သားငဗျိုင်းကလွန်ခဲ့တဲ့တစ်လက
အသတ်ခံရလို့ဆုံးသွားရှာပြီ တော့်…
အီး……ဟီး……”
“အလိုလေး…ဟုတ်ရဲ့လားကလေးမရဲ့”
“ဟုတ်ပါတယ်တော်…ကျုပ်သမက်လေးဆုံးသွားလို့
ကျုပ်တို့သမီးခမြာလည်းအခုချိန်ထိကို
အိပ်ရာထဲကနေမထနိုင်ဘဲ
လူမမာကြီးလိုဖြစ်နေရှာပါတယ်ဘွားရယ်……..”
“အေးကွယ်…ကြားရတာစိတ်မချမ်းသာစရာပါပဲ…
ဒီလိုဆိုရင်လည်းဘွားတို့ကမောင်ငဗျိုင်းဆီတစ်ပတ်လောက်နေမယ်ဆိုပြီးလာခဲ့ကြတာ…
အခုတော့ညည်းတို့မိသားစုကိုလည်းအပူတွေမပေးချင်တော့ပါဘူး…
ခဏနားပြီးတာနဲ့ဘွားတို့ပြန်ပါ့မယ်လေ”
“ဗျာ…ဘွား…ကျုပ်တို့ကအဝေးကြီးကလာရတာလေဗျာ…”
“ဟုတ်ပါ့ဘွားရယ်…ကျုပ်တို့သောင်ထွန်းရွာကို
ခုချိန်ပြန်ရင်ခရီးပန်းကြမှာပေါ့ဗျ”
နွားလှည်းချွတ်ပြီး၍ဝင်လာသောမောင်တိုးကဝင်ပြောလေတော့ မောင်အုန်းကလည်း မောင်တိုးနည်းတူပြောလေသောအခါ ဒေါ်ဝါနုသည်…
“အဲ့သည်လိုတော့မလုပ်ပါနဲ့တော်…
ကျုပ်သားမက်လေးဆီကိုလာတဲ့ဧည့်သည်တွေကို
သူရှိလို့ပဲဖြစ်ဖြစ်….မရှိလို့ပဲဖြစ်ဖြစ် ကျုပ်တို့က
ဧည့်ဝတ်ကျေပေးနိုင်ပါတယ်ဘွားရယ်….”
“ညည်းတို့မိသားစု ဘွားတို့ကြောင့်အလုပ်များမှာ
ဆိုးတာကြောင့်ပါအေ…”
“အလုပ်မများပါဘူးဘွားရယ်…
အဲ့တာကြောင့်တော့ မပြန်ပါနဲ့ဦးတော်….”
“အေးပါကွယ်…အေးပါ…ကျေးဇူးတင်ပါတယ်သမီးရယ်…”
“ရပါတယ်ဘွားရယ်…သြော်….
ဒါနဲ့လေ ဘွားနာမည်ကဘယ်လိုခေါ်သလဲ တော့်”
“ကျုပ်တို့ဘွားရဲ့နာမည်ကဘွားမယ်စိန်တဲ့…
သောင်ထွန်းရွာကဘွားမယ်စိန်ဆိုရင်တော့
ဒီနယ်တဝိုက်မှာမသိသူမရှိသလောက်ပါပဲအရီးရာ”
မောင်တိုးသည်အားရဝမ်းသာစွာဖြင့်
ဝင်ပြောလိုက်သည်။
ဒေါ်ဝါနုမှာလည်းအံ့သြဝမ်းသာသွားပုံရ၏။
“ကျုပ်တို့ကြားဖူးတာပေါ့တော်…ကြားဖူးတာပေါ့…
အခုလိုဆုံရတာဝမ်းသာပါတယ်ဘွားရယ်…
ဝမ်းသာမိပါတယ်တော်…”
ဒေါ်ဝါနု၏စကားကြောင့်ဘွားမယ်စိန်ပြုံးလေသည်။
ထို့နောက်ဒေါ်ဝါနုကဘွားမယ်စိန်တို့အနားယူဖို့ရန်စီစဉ်ပေး၏။
ကြက်တောနဲ့မောင်တိုး၊မောင်အုန်းတို့ကတော့
အဖွဲ့ကျနေကြသည်။
“ဒါဆို…အစ်ကိုတို့ကဘွားနဲ့အတူလိုက်ပြီးသရဲတွေနှိမ်နင်းကြတာပေါ့နော်…”
“အဲ့သည်လိုလည်းမဟုတ်ပါဘူးကွာ…
တို့ကဘွားနောက်ကိုလိုက်ပြီးကူပေးယုံတင်ပါ ကြက်တောရ”
“ဘာပဲဖြစ်ဖြစ်ဗျာ…ကျုပ်တော့အစ်ကိုတို့ကိုလေးစား
သွားပြီဗျို့……”
ဒေါ်ဝါနု၏ယောကျာ်းဦးပြောင်ကြီးရောက်လာလေတော့လည်း
ဘွားမယ်စိန်တို့နှင့်ဒေါ်ဝါနုကမိတ်ဆက်ပေးလေသည်။
အညာသားပီပီရိုးရှင်းလှသော ဦးပြောင်ကြီးကတော့
ဘွားမယ်စိန်တို့ကိုပျော်သလောက်နေဖို့ရန်လည်း ပြောရှာသည်။
မောင်တိုးနှင့်မောင်အုန်းကိုရေချိုးဖို့ ရွာအနောက်ရှိချောင်းလေးသို့ ကြက်တောကလိုက်ပို့ပေးမည်ဟုပြောလေသည်။
ဘွားမယ်စိန်ကတော့ အိမ်ရှိရေတွင်းတွင်သာရေချိုး၏။
“ငါ့ညီရ.အစ်ကိုတို့အလောတကြီးလာခဲ့ရလို့ရေလဲ
ပုဆိုးမပါဘူးဖြစ်နေတာ…အဲတာ
မင်းဆီကပုဆိုးလေးခဏငှားပေးပါလားကွာ”
မောင်တိုးပြောလေတော့ကြက်တောသည်တွေးတွေးစစဖြင့်…
“ကျုပ်ပုဆိုးဆိုရင်အစ်ကိုကကျုပ်ထက်အသက်ကြီးတော့
အဆင်မပြေပါဘူးဗျာ…ကျုပ်အစ်ကိုဘကျော်ကတော့
သူ့ပစ္စည်းယူကိုင်တာမကြိုက်ဘူးဗျ…
အယ်နေဦးဗျာ…ကိုကြီးဗျိုင်းရဲ့ပုဆိုးတွေတော့ရှိတယ်…
ကျုပ်အစ်မ မသိအောင်ယူပေးမယ်…ခဏနော်အစ်ကိုတို့”
ပြီးနောက်ကြက်တောယူလာသောပုဆိုးကိုယူ၍
ချောင်းရှိရာသို့သွား၍ရေချိုးကြတော့သည်။
ညနေသို့ရောက်တော့ဘွားမယ်စိန်တစ်ယောက်
မောင်တိုးပေးသော ပုဆိုးစလေးကို
ယူ၍အလုပ်များနေတော့သည်။
အဝတ်စလေးကိုမန်းမှုတ်၍
တစ်စုံတစ်ခုကိုခေါ်နေပုံရလေသည်။
ထို့နောက်ထိုအဝတ်စလေးအား
ဘကျော်အိပ်သော ကုတင်ပေါ်ရှိဖျာကြမ်းအောက်တွင်
မောင်တိုးအားသွားထားခိုင်းလေသည်။
မောင်တိုးနှင့်မောင်အုန်းမှာကြက်တောကိုအပီအပြင်
ပေါင်းထားကြ၍မည်သည့်နေရာ၌မည်သူအိပ်သည်ကအစ
သိရှိကြ၏။အားလုံးစီစဉ် ပြီးလေမှ ဘွားမယ်စိန်သည်
ဒေါ်ဝါနုအား…
“ဝါနုရေ….ဘွားကိုညည်းသမီးဆီကိုလိုက်ပို့ပေးပါဦး…
မကျန်းမာတဲ့လူဆိုတော့ဘွားတွေ့ချင်သေးတယ်ကွယ်”
“ဟုတ်ကဲ့ပါဘွား…ကျုပ်သမီးကအပေါ်ထပ်မှာပဲနေတာ…
ကျုပ်တို့လင်မယားကလည်းသူ့ကိုစိတ်မချရတာနဲ့
သူနဲ့ဘေးချင်းကပ်အခန်းမှာပဲ နေကြရတယ် ဘွားရယ်…
လာတော်…ကျုပ်လိုက်ပို့ပေးပါ့မယ်”
“အေး…အေး…အေး……..”
ဘွားမယ်စိန်သည် ဒေါ်ဝါနုနှင့်အတူ မပန်းဖြူရှိရာသို့
သွားကြည့်လေသည်။
ဘွားမယ်စိန်တွေ့ရသောမပန်းဖြူမှာက
အိပ်ရာပေါ်၌ခွေခွေလေးလှဲနေရှာသည်။
ဘေးတစ်ဖက်သို့စောင်းကာအိပ်နေသည်မို့…
“သမီး…ပန်းဖြူ…………”
ဟု…ဒေါ်ဝါနုမှခေါ်လိုက်သောအခါ
မပန်းဖြူသည်လှုပ်ရှားလာခဲ့သည်။
ပြီးလေတော့ ခန္ဓာကိုယ် ကိုတည့်တည့်လှည့်လာပြီး
ဒေါ်ဝါနုနှင့်ဘွားမယ်စိန်ကိုကြည့်လေသည်။
“သမီး…ဒါ…ညည်းယောကျာ်းရဲ့ဧည့်သည်လေ…
သောင်ထွန်းရွာကဘွားမယ်စိန်တဲ့ငါ့သမီးရဲ့…
ဘွားနာမည်ကတော့အမေတို့ကြားဖူးပြီးသားပါပဲအေ…
ငါ့သမီးလည်းကြားဖူးတယ်မဟုတ်လား”
ဟု…မေးလေတော့မပန်းဖြူသည်.ဖြူဖက်ဖြူလျော်မျက်နှာထားလေးဖြင့်ခေါင်းညိတ်ပြရှာသည်။
“ကဲ…ဒါဆိုရင်ဘွား…ဒီမှာခဏနေခဲ့ဦး…
ကျုပ်ဘွားတို့ညစာစားဖို့အတွက်သွားပြင်လိုက်ဦးမယ်…
ပြီးရင်တော့ကျုပ်လာခေါ်မယ်နော်”
ဒေါ်ဝါနုထွက်သွားလေသည်။
ဘွားမယ်စိန်သည် မပန်းဖြူကိုကြည့်၍…
“သမီး…ညည်းရင်ထဲမှာ အပူမီးတွေ
တောက်လောင်နေတယ်မဟုတ်လား”
ဟု…မေးတော့မပန်းဖြူ၏မျက်ဝန်းမှ
မျက်ရည်များထွက်လာပြီး
ခပ်ဖြေးဖြေးလေးခေါင်းကိုညိတ်ပြ၏။
“တကယ်တော့ဘွားက ညည်းယောကျာ်းမောင်ဗျိုင်းနဲ့
အသိမဟုတ်ပါဘူးကွယ်…ဒါပေမယ်လို့
ညည်းယောကျ်ားက အကူအညီတောင်းလို့သာ
ဘွားဒီဆီကိုရောက်လာခဲ့ရတာကွဲ့”
“ရှင်…….”
မပန်းဖြူအံ့သြသွားပြီး ထထိုင်လေတော့
ဘွားမယ်စိန်ထွေးပွေ့ထူလိုက်သည်။
“ဟုတ်တယ်သမီး…ညည်းယောကျာ်းက
သူရောက်နေတဲ့ဘဝမှာတောင်ညည်းကိုစိတ်ပူနေရှာတာ…
ဒီ့အပြင်လည်းအခြားကိစ္စတွေနဲ့ဘွားကိုအကူအညီတောင်းထားသေးတယ်ကွဲ့…..”
“ဘာ…ဘာအကြောင်းများလဲဘွားရယ်…
ကျုပ်…ကျုပ်ယောကျာ်းက ကျုပ်ဆီကျမလာပါလားတော်…
သူကျုပ်ကိုပစ်ထားရက်တယ်ဘွားရယ်…
အီး….ဟီး….ဟီး…..”
မပန်းဖြူသည်ဝမ်းနည်းပတ်လက်ဖြင့်ငိုကြွေးရှာသည်။
ဘွားမယ်စိန်သည်မပန်းဖြူ၏ကျောလေးကိုပုတ်၍နှစ်သိမ့်ပေးရင်း…
“အကြောင်းအရင်းသေချာသိချင်ရင်တော့
ညည်းအရင်လိုပြန်ကျန်းမာမှပဲရလိမ့်မယ်…
ဒါမှလည်းဘွားဘက်ကပြောသင့်တာကိုပြောပြနိုင်မှာကွဲ့……
နောက်ပြီးတော့ရှိသေးတယ်…အခုဘွားပြောတဲ့
ကိစ္စတွေကိုသမီးအိမ်က ဘယ်သူ့ကိုမှသမီးပြောပြလို့မရဘူးနော်…
ဒီကတိကိုသမီးဘက်ကပေးနိုင်မှသာ
ဘွားဘက်ကလည်းညည်းယောကျာ်းကို
ကူညီပေးနိုင်လိမ့်မယ်အေ့”
မပန်းဖြူသည်ငိုနေရင်းမှခေါင်းညိတ်လေသည်။
“ကျုပ်…ကျုပ် ကတိပေးပါတယ်ဘွားရယ်…
ကျုပ်ကတိပေးပါတယ်……”
“အင်း….ဒါဆိုရင်ကျန်းမာရေးပြန်ကောင်းအောင်သာ
ကြိုးစားပေတော့အေ…….”
ဘွားမယ်စိန်နှင့်မပန်းဖြူတို့စကားပြောပြီးလေတော့
ဒေါ်ဝါနုမှထမင်းစားဖို့လာခေါ်လေသည်။
ထိုအချိန်၌ မပန်းဖြူသည်အိပ်ရာမှထ၍ အဝတ်အစားများလဲလှယ်ကာထမင်းအတူလိုက်စားလေသည်။
သမီးဖြစ်သူ၏ပြောင်းလဲမှုကြောင့်ဒေါ်ဝါနုတို့လင်မယား
အံ့သြဝမ်းသာကုန်ကြတော့သည်။
ညစာစားပြီးချိန်၌ ကိုဘကျော်တစ်ယောက်ထန်းတောမှပြန်ရောက်လာခဲ့သည်။
အိမ်၌တွေ့သော မောင်တိုးတို့နှင့်ဘွားမယ်စိန်ကိုကြည့်၍…
“သူတို့ကဘယ်သူတွေလဲအမေ”
“သူတို့ကမင်းညီငဗျိုင်းရဲ့အသိတွေသားရဲ့…
မင်းညီရှိတယ်ထင်ပြီးလာလည်ကြတာလေ…”
“အိုဗျာ…ဟုတ်ကောဟုတ်ရဲ့လား”
“ဟဲ့…ငါ့သားဘယ်လိုပြောလိုက်တာတုန်း”
“ဟုတ်တယ်လေအမေကလည်း…ငဗျိုုင်းသေတာလည်း
အားလုံးအသိပဲကို….အဲ့တော့လူလိမ်လူကောက်တွေက
အယောင်ဆောင်ပြီးလာတယ်ဆိုရင်ဘယ်လိုလုပ်မလဲ”
“ဟဲ့…ဘကျော် နင်ရိုင်းလှပါလား…
ဘွားရယ်ကျူပ်တောင်းပန်ပါတယ်တော်…
သူ့ကအဲ့သည်လိုပဲအပြောအဆိုမတတ်တာမို့
အပြစ်မယူကြပါနဲ့တော်….”
“ရပါတယ်အေ…ဘွားခွင့်လွှတ်ပါတယ်…
ဟောသည်ကမောင်ရင်ပြောတာလည်းမှန်ပါတယ်…
သစ်ကောက်ဝါးကောက်တာကိုသာ
ဘွားတို့လူတွေကမြင်ကြတွေ့ကြရတာမဟုတ်လား…
လူကောက်…စိတ်ကောက်…တွေကိုကျဘယ်လိုမှ မမြင်နိုင်ကြဘူးလေ…လူဆိုတဲ့အမျိုးကလည်းအလိုလောဘကြီးကြတဲ့
သူတွေမဟုတ်ဘူးလားကွဲ့”
ဘွားမယ်စိန်သည် ကိုဘကျော်၏မျက်ဝန်းအိမ်ကို
စူးစိုက်ကြည့်ကာပြောလေတော့ ကိုဘကျော်
ကြက်သီးမွှေးများဖြန်းခနဲထသွားလေသည်။
“အမေတို့ကျေနပ်ရင်ပြီးတာပဲဗျာ…ကဲ….ကျုပ်ရေချိုးတော့မယ်…
သြော်…အမေဒါနဲ့ပန်းဖြူအခြေအနေကောဘယ်လိုရှိသလဲ”
“ဟယ်…ဟုတ်သားပဲ….မင်းညီမအခုဆို ထမင်းတောင်ပြန်စားနေပြီငါ့သားရဲ့…အစောလေးကမှထမင်းစားပြီးလို့
အိမ်ပေါ်ပြန်တက်သွားတယ်လေ…”
“ဟား….ဒါဆိုပန်းဖြူအရင်လို
ပြန်ကောင်းလာပြီပေါ့အမေ”
“ဘွားကအားပေးစကားပြောလိုက်လို့ထင်ပါရဲ့ငါ့သားရယ်…
ဘွားနဲ့သားညီမစကားပြောပြီးတော့ ဒီကလေးမအဝတ်အစားတွေလဲ….ထမင်းတွေလိုက်စားတယ်လေ…
ဒီကလေးပြောင်းလဲလာတာ ဘွားရဲ့ကျေးဇူးပေါ့ငါ့သားရဲ့……”
“သြော်…ဟုတ်လား”
ကိုဘကျော်သည်.ဘွားမယ်စိန်တို့အားအမြင်မကြည်ပေ။
ပိုဆိုးသည်ကမောင်တိုးတို့နှစ်ယောက်ကိုပင်ဖြစ်သည်။
မောင်တိုးနှင့်မောင်အုန်းကလည်း
အဖြစ်အမှန်ကိုသိထားကြသည်မို့
ကိုဘကျော်ကိုရွံမုန်းနေကြ၏။
ညသို့ရောက်လေတော့ ဘွားမယ်စိန်သည်အောက်ထပ်ရှိ
အခန်းတွင်အိပ်လေသည်။
ဘွားမယ်စိန်၏အခန်းဘေး၌ ကိုဘကျော်၏အခန်းရှိ၏။
မောင်တိုးနှင့်မောင်အုန်းသည်က ကြက်တောနှင့်အတူ
အိမ်အပြင်ရှိကွပ်ပျစ်ပေါ်တွင်အိပ်ကြလေသည်။
ညသန်းခေါင်းကျော်လာလေတော့…
“ဘုတ်…ဘုတ်…ဘုတ်…….ဘုတ်……….”
“ဟင်….”
ကျောကုန်းကိုအဆက်မပြတ်ပုတ်နိုးနေသောကြောင့်
ကိုဘကျော်နိုးလာခဲ့သည်။
အိပ်မှုန်စုံဖွားဖြင့် ထလာခဲ့ပြီးနံဘေးသို့ကြည့်လေတော့
မည်သူ့ကိုမှမတွေ့ရပေ။
စိတ်ကြောင့်ပေလားဆိုပြီး ပြန်အိပ်လေတော့
အိပ်ပျော်ခါနီး၌ ကိုဘကျော်၏ခြေထောက်ကိုကုတင်ပေါ်မှဆွဲချခံလိုက်ရသည်။
“ဝုန်း……”
ကုတင်ပေါ်မှပြုတ်ကျသွားသောကိုဘကျော်မှာ
ဒေါသထွက်လာပြီး…
“တောက်…ဒါဟိုခွေးမသားငဗျိုင်း…”
ဟု…တောက်တစ်ချက်ခေါက်၍အသံတိတ်ကြိမ်းဝါးလေသည်။
“ခွေးမသား…ထပ်သေချင်လို့ငါ့ကိုလာစမ်းတာလား…”
ကိုဘကျော်ပြောချင်တာပြောပြီး
ကုတင်အထက်သို့ပြန်တက်လေသည်။
သို့သော် ထိုတစ်ညလုံး ကိုဘကျော်အိပ်မရခဲ့။
သူ၏ခြေထောက်ကိုဆွဲဆွဲချနေမှုကြောင့်
တစ်ညလုံးအိပ်လို့မရနိုင်ဖြစ်ခဲ့ရသည်။
ကိုဘကျော်မှာမိုးလင်းတာနှင့်ထန်းတောသို့သွားရပြန်သည်။
ဘွားမယ်စိန်တို့မှာလည်းကိုဘကျော်၏
အခြေအနေကိုစောင့်ကြည့်နေကြသည်။
ဒေါ်ဝါနုတို့လင်မယား၏သဘောကောင်းမှုကြောင့်
ဘွားမယ်စိန်တို့တည်းခိုရန်အဆင်ပြေခဲ့၏။
ကြက်တောနီးတူ မပန်းဖြူမှာလည်း
မောင်တိုးတို့နှင့်အဖွဲ့ကျလေသည်။
အရင်လိုအိပ်ရာထဲ၌ လှဲမနေတော့ဘဲ
စားချိန်စား…အိပ်ချိန်အိပ်၏။
“ဟဲ့…ငတိုး နင်သိလား…ငါ့ယောကျာ်းကိုဗျိုင်းကလေ
အုန်းနှစ်ခိုင်အသာမ နိုင်တယ်ဟဲ့”
“အမယ်…ဟုတ်ကောဟုတ်လို့လားဗျာ…”
“အစ်ကိုရေ..ကျုပ်အစ်မပြောတဲ့အုန်းနှစ်ခိုင်က
အုန်းသီးမပါဘူးဗျ…ဟား….ဟား…ဟား…ဟား…”
“ဟား….ဟား…ဟား..ဟား…. အဲ့သည်လိုလားကွ”
“တယ်…ငါထုလိုက်ရ….ကောင်စုတ်တွေ”
မပန်းဖြူသည်မောင်တိုးတို့ကို
သူ့ယောကျာ်းကိုဗျိုင်း၏အကြောင်းများပြောပြ၏။
ကိုဗျိုင်း၏ချစ်ခင်မှုများ…သဝန်တိုမှုများကိုပြောရင်း
မျက်ရည်လေးတစမ်းစမ်းဖြစ်လာပြန်ရင်လည်း
မောင်တိုးတို့က စကြနောက်ကြဖြင့်ပြန်လည်ရယ်မောရှာသည်။
မပန်းဖြူတို့အိမ်၌ဘွားမယ်စိန်တို့တည်းခိုကြသည်မှာ
လေးရက်ရှိလေပြီ။
ကိုဘကျော်တစ်ယောက်လည်းညဘက်ဆိုလျှင်
ကောင်းကောင်းမအိပ်ရ၍
လူသည်ကမလန်းမဆန်းဖြစ်နေရှာ၏။
လေးရက်မြောက်သောညနေနေဝင်ရီတရောအချိန်၌
ကိုဘကျော်ထန်းတောမှပြန်ရောက်လာသည်။
မပန်းဖြူနှင့်မောင်တိုးကစစနောက်နောက်ဖြင့်
စကားကောင်းနေကြ၏။
သူတို့နံဘေးတွင်ကြက်တောနှင့်မောင်အုန်းရှိပြီး…
အိမ်ထဲ၌ဘွားမယ်စိန်နှင့် ဒေါ်ဝါနုတို့ကသူတို့အား
ကြည့်၍ပြုံးနေကြလေသည်။
ထိုစဥ်ကိုဘကျော်သည် ဒေါကြီးမောကြီးဖြင့်
မောင်တိုးတို့ထိုင်နေသော
အိမ်အပြင်ရှိကွပ်ပျစ်သို့ရောက်လာကာ…
“ခွေးမသား ငဗျိုင်း”
ဟု…အော်ဟစ်၍ မောင်တိုးကိုလက်သီးဖြင့်ထိုးလေတော့သည်။
မောင်အုန်းနှင့်ကြက်တောမှာ ကိုဘကျော်ကိုဆွဲထိန်းကြရင်း
ကိုဘကျော်သည်…
“ခွေးမသား…မင်းကိုငါသတ်မယ်…
မင်းကိုငါသတ်ပစ်မယ်…….”
ဟုအော်ဟစ်ပြန်သည်။
ရုတ်တရက်အဖြစ်အပျက်ကြောင့်မပန်းဖြူမှာ.ထိတ်လန့်နေခဲ့ပြီး အိမ်ထဲမှဒေါ်ဝါနုသည်လည်းအပြေးထွက်လာပြီး…
“ဘကျော်…နင်ဘာတွေလုပ်လိုက်တာလဲ….
ဧည့်သည်ကိုနင်မို့ဟယ်……….”
ဟုပြော၍…ကိုဘကျော်ကိုထုရိုက်တော့၏။
မောင်တိုးမှာ နှုတ်ခမ်းမှထွက်လာသော သွေးများကိုလက်ဖြင့်သုတ်ဖယ်၍ ကိုဘကျော်ကိုပြုံးရယ်ပြလေတော့
ကိုဘကျော်၏မျက်ဝန်းအတွင်း၌မောင်တိုးဟုမြင်ပုံမရဘဲ
မောင်တိုးကို ကိုဗျိုင်းဟုထင်နေပုံရသည်။
မောင်အုန်းကလည်းအခြေအနေကိုကြည့်၍ ကိုဘကျော်ကို
ဆွဲထိန်းထားရာမှလွှတ်ပေး လိုက်သည်။
ကိုဘကျော်ကလည်းကြက်တောကိုတွန်းဖယ်၍
မောင်တိုးကိုရန်မူတော့၏။
“ခွေးမသား…ငါမင်းကိုသတ်မယ်…
ငါမင်းကိုသတ်မယ်……….”
ဟုအော်ဟစ်၍ မောင်တိုးကိုဝင်လုံးတော့၏။
ကွပ်ပျစ်ပေါ်မှနှစ်ဦးသားလုံးထွေးလေတော့
မပန်းဖြူခမျာ ဘေးသို့ရှောင်တိမ်းရလေသည်။
“ငဗျိုင်း…..မင်းသေရမယ်….မင်းသေကိုသေရမယ်……”
ကိုဘကျော်၏နှုတ်မှထွက်လာသောစကားများကြောင့်
မပန်းဖြူတို့သားအမိတတွေအံ့သြကုန်ကြသည်။
“ဟင်…အမေ…အစ်ကိုဘကျော်…
အစ်ကိုဘကျော်ဘာတွေပြောနေတာလဲ”
“ညည်းယောကျာ်းငဗျိုင်းကိုသတ်တာ..
လူအေးမဟုတ်ဘူးအေ့…အဲ့သည်အကောင်ဘကျော်ပဲ….
ကဲ….ကဲ…ကဲ….မောင်အုန်း ဒင်းကိုဝိုင်းချုပ်ထားလိုက်တော့”
ဘွားမယ်စိန်သည်အိမ်ပြင်ဘက်သို့ထွက်လာခဲ့ပြီး
မပန်းဖြူတို့အားပြောလိုက်သည်။
မပန်းဖြူတို့မှာအံ့သြလွန်း၍မည်သည့်စကားမှမပြောနိုင်။
မောင်အုန်းကလည်းမောင်တိုးနှင့်အတူ
ကိုဘကျော်ကိုဝိုင်းချုပ်တော့၏။
ကိုဘကျော်ကတော့ အော်ဟစ်ရုန်းကန်နေသည်။
“လွှတ်…ငါ့ကိုလွှတ်…ငါဒင်းကိုသတ်မယ်…
ငါသတ်မယ်ကွ”
“ဘကျော်ကိုညည်းတို့မွေးစားထားတာမဟုတ်လားနုဝေ…”
“ဟုတ်…ဟုတ်ပါတယ်ဘွား”
“အေး…ညည်းတို့မွေးစားထားတဲ့အကောင်က
ညည်းသမီးပန်းဖြူကိုလိုချင်နေခဲ့တာလေ
ပန်းဖြူ…ငဗျိုင်းနဲ့အိမ်ထောင်ကျတော့လည်း
ငဗျိုင်းကိုသူကမုန်းနေတာ….
အဲ့သည်အမုန်းနဲ့ပဲငဗျိုုင်းနဲ့လူအေးကြားက
ရန်ပွဲကိုခုတုန်းလုပ်ပြီး လူအေးရဲ့ဓားကိုခိုးပြီး
ဒင်းကငဗျိုင်းကိုသတ်ခဲ့တာအေ့…”
“ရှင်….”
“အမယ်လေး…..လေး…..”
“အေး…ဘွားဒီကိုလာရတဲ့အကြောင်းကလည်း
မောင်ငဗျိုင်းရဲ့ဝိညာဥ်က သူ့ကိုသတ်ခဲ့တာဘကျော်ဆိုတာ
ညည်းတို့ကိုသိစေချင်ပါတယ်ဆိုလို့…
ဘွားတို့ကလာခဲ့ရတာပဲ…”
“အမယ်လေးတော်…ကျုပ်တော့ကိုယ်ကျိုးနည်းပါပေါ့လား…
မိမရှိ…ဖမရှိဖြစ်ရှာ လို့မွေးစားခဲ့တာကိုဒင်းကဒီလိုမျိုးလုပ်ရက်ပါပေ့တော်…….
အီး….ဟီး…”
“အီး…ဟီး….ဟီး…..ကျုပ်မှားတာပါအမေရဲ့…
ကျုပ်ယောကျာ်းကိုစိတ်မချလို့ဒင်းကိုထည့်ပေးလိုက်မိတာ…
ကျုပ်မှားတာပါတော့်….အီး….ဟီး….ဟီး…..”
မပန်းဖြူနှင့်ဒေါ်ဝါနုတို့ငိုကြွေးနေကြသည်။
ကိုဘကျော်ကတော့ရုန်းရင်းကန်ရင်းဖြင့်
သူ၏စိတ်များမှာမူမမှန်ချင်။
ဘွားမယ်စိန်လည်းကိုဘကျော်ကိုကြည့်၍…
“ဘကျော်….နင့်စိတ်ထဲမှာဒါကိုမှားတယ်လို့
မထင်ဘူးမဟုတ်လား…ကိုယ်လုပ်တဲ့အမှားကို
ကိုယ်ပြန်ခံရမှာပဲမောင်ရင်ရေ…”
မောင်တိုးတို့သည် ကိုဘကျော်ကို တိုင်၌ကြိုးချည်ထား၏။
ကြက်တောကလည်းသူ့အစ်ကိုဖြစ်သူကို
ကြည့်၍စိတ်မကောင်းမိသလိုဒေါသလည်းထွက်နေရှာသည်။
“တောက်…ကျုပ်တို့ကအစ်ကိုအရင်းလိုသတ်မှတ်ထားတာကို
ခင်ဗျားမို့လုပ်ရက်တယ်ဗျာ………….”
ဟုပြောနေပါသော်လည်း ကိုဘကျော်သည်ပါးစပ်မှ…
“ငဗျိုင်း….မင်းကိုငါသတ်မယ်….မင်းကိုငါသတ်မယ်…”
ဟုအော်ဟစ်နေတော့၏။
ဒေါ်ဝါနု၏ယောကျာ်းဦးပြောင်ကြီးရောက်လာသောအခါ
ဒေါ်ဝါနုရှင်းပြလေတော့ ဦးပြောင်ကြီးလည်းငိုချင်းချတော့လေသည်။
ထို့နောက် ကိုဘကျော်ကိုခွင့်မလွှတ်နိုင်ကြ၍
ရွာသူကြီးကိုခေါ်၍ အကြောင်းစုံပြောလေသောအခါ
ရွာသူကြီးသည်မြို့ဂတ်သို့အကြောင်းကြားပြီး
နောက်တစ်နေ့နံနက်၌ ကိုဘကျော်ကိုလာဖမ်းသွားကြတော့၏။
ကိုဘကျော်မြို့ဂတ်သို့ဖမ်းသွားလေတော့…
“အခုလိုတွေဖြစ်လာတော့လည်းစိတ်မကောင်းပါဘူးအေ”
“ဘယ်တတ်နိုင်မလဲဘွားရယ်…အပြစ်လုပ်သူကတော့
အပြစ်ခံရမှာပဲပေါ့”
“ဒါနဲ့နေပါဦးဗျ…ကျုပ်တို့သားဘကျော်အကြောင်းကျူပ်သိတယ်…ဒီကောင်ကဘာအမှားလုပ်လုပ်လွယ်လွယ်နဲ့
ဝန်ခံမယ့်အကောင်မဟုတ်ဘူး….
အခုလိုဝန်ခံလာအောင်ကလည်းဘွားဘက်က
ဘယ်လိုများစီစဉ်လိုက်တာလဲဗျ”
ဦးပြောင်ကြီးကမေးသောအခါ….
“မောင်ငဗျိုင်းဝတ်တဲ့ပုဆိုးကပုဆိုးစလေးကိုယူပြီး
ဘွားကမောင်ငဗျိုင်းဝိညာဉ် ကိုခေါ်ထားခဲ့တာလေ…
အဲ့သည်ပုဆိုးစကိုလည်းဘကျော်အိပ်တဲ့ဖျာကြမ်းအောက်မှာ
ထားခိုင်းထားတာ…
ညဘက်ရောက်ရင်မောင်ငဗျိုင်းရဲ့ဝိညာဉ် က
ဘကျော်ကိုအိပ်မရအောင်နှောက်ယှက်တယ်လေ…
လူတစ်ယောက်အိပ်ရေးမဝရင်ကျန်းမာရေးမကောင်းဘူးကွဲ့…
အဲ့သည်လိုလေးရက်လောက်ကြာတော့
ထန်းတောသွားပြီးပြန်လာတဲ့ဘကျော်တစ်ယောက်
မောင်တိုးကိုငဗျိုင်းလို့မျက်စိမှားပြီးရန်လိုတော့တာပဲလေ…
သူ့ရဲ့စိတ်ကလည်းတဖြေးဖြေးမူမမှန်လာပုံရပါတယ်…
ဒါကြောင့်သာ သူငဗျိုင်းကိုသတ်ပစ်မယ်ဆိုပြီးစကားတွေ
ထွက်လာတော့တာပေါ့……..”
“သြော်…”
“ဘုရား… ဘုရား…ဘုရား”
“ အခုလိုတရားခံအစစ်မိတာတော့ဝမ်းသာမိပါတယ်ဗျာ…
ဒါပေမယ့်ဟိုကောင်လူအေးခမျာတော့ထောင်ထဲမှာရန်ဖြစ်လို့
သေပြီတဲ့ခင်ဗျ…….”.
ရွာသူကြီး၏စကားကြောင့်ဘွားမယ်စိန်တို့လည်းလူအေးအတွက်စိတ်မကောင်းကြပေ။
“ကဲ… ဘယ်တတ်နိုင်မလဲ…လူဆိုတာသူ့ရဲ့ဘဝပေးအတိုင်းပဲ
ရှင်သန်ကြရတာ…အခုတော့မောင်ငဗျိုင်းအကူအညီတောင်းတာလည်းဘွားတို့ဘက်ကကူညီပေးနိုင်လိုက်ပြီဆိုတော့
ဘွားတို့လည်းပြန်ဖို့အချိန်ကျပြီလေ…..”
“အို…နေပါဦးလားဘွားရယ်…
နောက်နှစ်ရက်ရောက်ရင်ကျုပ်သားမက်လေးအတွက်
အလှူလေးလုပ်ပေးမလို့ကျုပ်တို့စီစဉ် ထားတာ…
သမီးပန်းဖြူဘွားကိုပြောဦးလေကွယ်…..”
“ဟုတ်ပါတယ်ဘွားရယ်….နေမယ့်နေတော့လည်း
အလှူလေးပြီးတဲ့ထိနေပါတော်…ဒါမှကျုပ်ယောကျာ်းကလည်း
သူရောက်နေတဲ့ဘဝကနေ ဝမ်းသာနေရှာမှာပါ”
“အင်းလေ…အဲ့သလိုဖြစ်စေချင်ကြတယ်ဆိုတော့လည်း
ဘွားတို့နေပေးကြရမှာပေါ့ကွယ်……….”
ဘွားမယ်စိန်တို့လည်းငဗျိုင်းအတွက်
အလှူလုပ်ပေးသည့်နေ့ထိနေကြလေသည်။
အလှူပြီးမှရွာသို့ပြန်ကြ၏။
ငဗျိုင်းသည်လည်းသာဓုလာခေါ်၍ကျွတ်လွှတ်သွားပြီး
ကိုဘကျော်တစ်ယောက်ကတော့ထောင်ထဲ၌
စိတ်များမူမမှန်တော့ပဲရူးသွပ်သွပ်ဖြစ်သွားတော့သည်။
ပြီးပါပြီ။
ယဉ် မင်း(ကန့်ဘလူ)
Leave a Reply