တယ်၊ ဒါကြောင့် သူတော်စင်ကြီးက ကျွန်မတို့ညီအမတွေကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
ကျုုပ်လည်း သူတို့ကိုမဝံ့မရဲနဲ့ကြည့်လိုက်မိတယ်ဗျ၊ မိန်းကလေးငါးယောက်ရဲ့ခေါင်းမှာ အိုးတွေကိုယ်စီရွက်ထားတယ်ဗျ၊ မြေအိုးတွေကလည်း ခုခေတ်အိုးတွေနဲ့မတူဘဲ အဝကျယ်ကျယ် ခပ်တုတ်တုတ်အိုးတွေပါ။ အိုးတွေကိုလှမ်းကြည့်တာနဲ့တင် အိုးအဝက အပူငွေ့တွေထွက်နေတာကို အတိုင်းသားမြင်ရပါတယ်ဗျာ၊ တစ်ခါတစ်ခါ အိုးထဲကနေ မီးတောက်တွေဟုန်းခနဲတောက်သွားပါသေးတယ်၊ အဲဒီအိုးတွေကို ခေါင်းဖုမပါဘာမပါနဲ့ ရွက်ထားကြတဲ့မိန်းကလေးတွေကိုကြည့်ရင်း သူတို့ဘယ်လောက်တောင်ပူလောင်လိုက်မလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ်။
“မင်းတို့ အဲဒီအိုးတွေကို ချလို့မရဘူးလား”
“ချလို့မရပါဘူးရှင်၊ ဒီအိုးတွေက ကျွန်မတို့ရဲ့ခေါင်းပေါ်မှာ ကပ်နေသလိုမျိုးပါ”
“အင်း၊ တော်တော်ဒုက္ခကြီးတာပဲ၊ ကဲ ကဲ မင်းတို့ရဲ့ခေါင်းပေါ်က မီးတောက်တွေအကုန်ငြိမ်းပြီးတော့ မင်းတို့တွေအကုန်လုံး ဟောဒီစမ်းရေကြည်အေးမှာ စိမ်လိုက်ရသလို ငြိမ်းအေးကြပါစေကွယ်”
ကျုပ်မေတ္တာပို့ပေးလိုက်တဲ့ခဏမှာပဲ မိန်းကလေးတွေက ပျော်ရွှင်ပြီးတော့ အော်ဟစ်ကြတယ်ဗျ။
“ဟယ်၊ အမတော်၊ အေးလိုက်တာပြောမနေပါနဲ့”
“ဟုတ်ပါရဲ့တော်၊ အကျွန်တို့ ဒီလိုမအေးချမ်းရတာ နှစ်ပေါင်းထောင်ချီရောပေါ့”
သူတို့အချင်းချင်းပြောဆိုနေတယ်ဗျ၊ နှစ်ပေါင်းများစွာ ပူလောင်ခဲ့တဲ့လူတွေ အေးချမ်းသွားတာက သဲကန္တာရခရီးကြမ်းထဲ ခရီးသွားနေတဲ့လူက ရေတစ်ပေါက်သောက်လိုက်ရသလို ဖြစ်လိမ့်မယ်လို့တွေးပြီးတော့ ကျုပ်လည်းသူတို့အစားပီတိဖြစ်ပြီး ပျော်ရွှင်နေမိပါတယ်ဗျာ၊ ဒါပေမယ့်် ဒီအပျော်က ကြာကြာမခံပါဘူးဗျာ၊ သိပ်မကြာခင်မှာပဲ သူတို့ခေါင်းပေါ်က အိုးတွေထဲက မီးတောက်မီးလျှံ အပူခိုးတွေပြန်ထွက်လာပြီးတော့ သူတို့တွေအကုန်လုံး ပြန်ပြီးပူလောင်ကြရတယ်ဗျ။
“ကယ်ပါအုံး သူတော်စင်ကြီးရယ်”
“ဒီမီးတွေကို ထာဝရငြိမ်းအေးစေနိုင်မယ့် နည်းလမ်းမရှိဘူးလား၊ မိန်းကလေးတို့”
မိန်းကလေးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စိတ်ပျက်သွားတဲ့ပုံစံနဲ့
“ငြိမ်းမရလို့ နှစ်ပေါင်းထောင်ချီအခုလိုပူလောင်နေရတာပါ သူတော်စင်ကြီးရယ်”
ကျုပ်လည်း ရေကန်ပေါ်ကိုပြန်တက်လိုက်ပြီးတော့ အဝတ်အစားတွေအမြန်ကောက်ဝတ်လိုက်တယ်ဗျ၊ မိန်းကလေးတွေကတော့ ကျုပ်ကိုအထူးအဆန်းနဲ့ ငေးမောကြည့်နေကြတယ်။ အဝတ်အစားတွေဝတ်ပြီးတော့မှ မိန်းကလေးတွေဘက်ကိုလှည့်လိုက်ပြီး
“မင်းတို့ ဒီရေကန်ထဲကိုဆင်းလို့မရဘူးလား”
အရှေ့ဆုံးကနေ မီးအိုးရွက်ထားတဲ့မိန်းကလေးက သူ့ခြေထောက်တစ်ဖက်ကိုကန်ရေပြင်ထဲကို ထည့်လိုက်တယ်ဆိုရင်ပဲ ကန်ရေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီးတော့ ရေကန်ထဲရေတစ်စက်တောင်မှ မကျန်တော့ဘူးဖြစ်သွားတယ်ဗျာ၊ သူ့ခြေထောက်ကိုပြန်တင်လိုက်တဲ့အချိန်မှာတော့ ရေကန်ထဲက ရေတွေက ပြန်ပြီးပေါ်လာသဗျ၊ ကျုပ်လည်း သူတို့အဖြစ်ကိုကြည့်ပြီးတော့
“အကျိုးကြောင့် အကြောင်းဖြစ်တယ်လို့ဆိုကြတယ်၊ ဒါဆိုရင် မင်းတို့ခေါင်းပေါ်ကို ဘာဖြစ်လို့ဒီမီးအိုးတွေ ရောက်လာရတယ်ဆိုတာ မင်းတို့ပြောပြနိုင်မလား”
မိန်းကလေးတွေက ခေါင်းညိတ်တယ်ဗျ၊ အဲဒီမိန်းကလေးတွေထဲ ခန္ဓာကိုယ်အပေါ်ပိုင်းကို ခြုံထည်ပါးကလေးတစ်ခုပတ်ထားတဲ့မိန်းကလေးက
“ပြောပြပါ့မယ်သူတော်စင်ကြီးရယ်”
အဲဒီလိုပြောပြီးတော့ ကျုပ်နဲ့ခပ်လှမ်းလှမ်းက နေရာကလေးမှာ ပုဆစ်တုတ်ပြီးထိုင်လိုက်ကြပါရော။
(၂)
“သီရိခေတ္တရာပြည်ကို ဒွတ္တဘောင်မင်းကြီးတည်ထောင်စဉ်က ဟောဒီနေရာတစ်ဝိုက်ကို မယ်ကံသာဆိုတဲ့ မိဖုရားငယ်တစ်ပါးကို အပိုင်စားပေးခဲ့ပါတယ်၊ ကျွန်မတို့ညီအမတွေက မယ်ကံသာရဲ့ အလုပ်အကျွေးငယ်ကျွန်တွေပါ”
ကျုပ်လည်းခေါင်းညိတ်ပြလိုက်တယ်။
“အဲဒီမယ်ကံသာက ဟောဟိုနားက ကန်ဦးရွာကို အစားရပါတယ်၊ ကန်ဦးရွာမှာ အိမ်ကြီးတစ်ဆောင်ဆောက်ပြီးတော့ ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ရေကန်ကြီးတစ်ကန်ကို တည်ထားပြီး စည်းစိမ်ခံစားပါတယ်၊ မယ်ကံသာက တခြားအရာတွေထက် သူ့ရဲ့ရေကန်ကြီးကို သိပ်မြတ်နိုးပါတယ်၊ ရေကန်ဘေးနှားမှာ တဲနန်းဆောက်ပြီးတစ်နေ့လုံးစံနေသလို၊ တစ်ခါတလေကျရင်လည်း ကန်ထဲကိုလောင်းလှေနဲ့ဆင်းပြီးတော့ ကြာပန်းခူးလေ့ရှိပါသေးတယ်”
“မိုးနဲ့ဆောင်းမှာ ရေကန်ကြီးက တင့်တယ်တယ်ဆိုပေမယ့် နွေရာသီရောက်တဲ့အခါမှာတော့ ကန်ရေခမ်းပြီး ရွံ့နွံတွေအပြည့်ပေါ်လာပါတယ်၊ အဲဒီတစ်နှစ်က မိုးခေါင်ပြီး နွေကာလရှည်တာမို့လို့ ကန်ရေတွေခမ်းပြီး ကန်က ပက်ကြားအက်လာပါတယ်၊ ကြာတွေလည်း သေတာမနည်းပါပဲ၊ မယ်ကံသာက သူ့ကံကိုကြည့်ပြီးတော့ ကျေးကျွန်တွေကို ရေဖြည့်ခိုင်းပါတယ်၊ ရေမခမ်းတဲ့နေရာတွေကနေ ရေတွေရှာပြီးတော့ အိုးတွေနဲ့ထည့်ပြီး ဖြည့်ရပါတယ်၊ ဒါနဲ့ ကျွန်မတို့ ညီအမငါးယောက်လည်း အိုးတွေနဲ့ ဒီနေရာကိုရေလာခပ်ရင်း ပူပြင်းတာကြောင့် ရေဆော့ကစားမိပါတယ်”
“အဲဒါနဲ့ မယ်ကံသာက မင်းတို့ကိုအပြစ်ပေးရောလား”
“ဟုတ်ပါတယ်၊ ရေဆော့ကစားပြီး မိန်းမောနေကြရာက ညနေရောက်တော့မှသတိရပြီး ရေအိုးတွေရွက်ပြီးပြန်လာခဲ့ပါတယ်၊ မယ်ကံသာက သူ့ကန်ရေမပြည့်တော့ မကျေနပ်ပါဘူး၊ ဒါနဲ့ကျွန်မတို့တွေကို ရေဘယ်နှခေါက်ခပ်သလဲဆိုပြီးမေးတဲ့အခါ ကျွန်မတို့တွေက ရေကိုအခေါက်ခေါက်အခါခါ ခပ်တယ်လို့ လိမ်ပြောမိပါတယ်ရှင်၊ မယ်ကံသာယုံအောင်လည်း ကျိန်ဆိုမိပါတယ်”
“မင်းတို့က ဘယ်လိုကျိန်မိလို့လဲ”
“ဒီနေ့ရေငါးခေါက်ကျအောင်ခပ်ပါတယ်၊ မခပ်ဘူးဆိုရင် မီးအိုးတွေရွက်ရပါစေလို့ ကျိန်ဆိုမိပါတယ်”
ကျုပ်လည်းအခုမှ နားလည်သွားတယ်ဗျ၊ ဒါနဲ့ခေါင်းညိတ်လိုက်ရင်း
“အင်းလေ၊ ဝစီဗေဒထိတိုင်းရှတဲ့၊ မင်းတို့က မယ်ကံသာရဲ့အဆူအငေါက်ခံရမှာစိုးလို့ လိမ်ပြီးကျိန်ပြောလိုက်တယ်ဆိုပေမယ့် မင်းတို့က မမှန်ထွက်ဆိုခဲ့လေတော့ မင်းတို့ပြောတဲ့အတိုင်း မင်းတို့ပြန်ခံစားရတာပဲ”
“ကျွန်မတို့လည်း မသိလိုက်ဘဲ လုပ်မိလိုက်တာပါ၊ အဲဒါကျွန်မတို့သေလွန်ပြီးတဲ့အခါ မယ်ကံသာလက်အောက်မှာ လက်အောက်ငယ်သားဖြစ်နေပါတယ်၊ မယ်ကံသာက ကျွန်မတို့ကို မီးအိုးတွေရွက်ခိုင်းထားတာ အခုထိပါပဲရှင်၊ ကျွန်မတို့ငါးယောက်မှာ ကန်ဦးရွာနဲ့ ဟောဒီတောင်ခြေနဲ့ကို တစ်နေ့ငါးခေါက်ကျအောင် သွားလာနေရပါတယ်”
“အင်း၊ ခက်တာပဲ၊ မင်းတို့ဒီလောက်ပေးဆပ်ပြီးတာတောင်မှ မယ်ကံသာက မကျေနပ်သေးဘူးလား”
“ဟုတ်ပါတယ်၊ သူတော်စင်ကြီး၊ ကျွန်မတို့ကို သူတော်စင်ကြီး ကယ်တင်ပေးပါ”
“ကောင်းပါပြီ၊ အခုမင်းတို့ကို ကျုပ်ကယ်တင်ပေးပါ့မယ်၊ မင်းတို့တစ်ယောက်စီ ကျုပ်အနားကိုလာခဲ့ကြ”
ကျုပ်လည်း သူတို့ကိုခေါ်ပြီးတော့ သူတို့ခေါင်းပေါ်က မီးအိုးကြီးကိုလက်နဲ့ထိလိုက်တယ်ဗျ၊ မီးအိုးကြီးက ပူလိုက်တာပြောမနေပါနဲ့ဗျာ၊ ကျုပ်လက်တစ်ဖက်ကတော့ ရေကန်ထဲကရေတွေကိုလက်ခုပ်နဲ့ခပ်လိုက်ရင်း
“ကိုင်း၊ မင်းတို့ရဲ့အပူမီးတွေအကုန်လုံး ငါ့ရဲ့မေတ္တာရေစင်အစွမ်းကြောင့် အေးချမ်းကြပါစေကွာ”
ကျုပ်ပြောပြီး ရေစက်နဲ့လောင်းလိုက်တဲ့အခါမှာ မီးအိုးကြီးက ရှဲခနဲမြည်သွားပြီးတော့ မီးခိုးမဲမဲကြီးတွေ အူတက်လာတော့တာပါပဲ၊ ကျုပ်လက်နှစ်ဖက်က အဲဒီအိုးကြီးကိုသေချာကိုင်ပြီး မယူလိုက်တဲ့အခါ အိုးက ဒီမိန်းကလေးရဲ့ဦးခေါင်းကနေ ကျွတ်ထွက်သွားတယ်ဗျ၊ ကျုပ်လည်း အိုးကိုမြေကြီးပေါ်ကိုပစ်ချလိုက်တော့ အိုးက တစ်စစီကွဲထွက်သွားသဗျာ၊ ဒီနည်းနဲ့ မိန်းကလေးငါးယောက်စလုံးကို ကယ်တင်ပေးလိုက်ပါတယ်၊ သူတို့တွေလည်း သိပ်ဝမ်းသာကြတာနဲ့ ကျုပ်ကိုရှိခိုးကြသဗျ။
“ကိုင်း၊ ငါပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့ပါကကို မင်းတို့အတွက် အမျှပေးဝေပါတယ်၊ မင်းတို့သာဓုခေါ်ပြီးတော့ ကျွတ်ထိုက်ပြီဆိုရင် ကောင်းရာမွန်ရာရောက်ပါစေကွာ”
ကျုပ်အမျှပေးဝေလိုက်တဲ့အခါ မိန်းကလေးငါးယောက်စလုံးက သာဓုခေါ်ကြတယ်ဗျာ၊ ပြီးတော့ သူတို့ငါးယောက်စလုံးရေကန်နံဘေးက သစ်တောအုပ်ထဲကို ပြန်ဝင်သွားကြတယ်၊ အလာတုန်းကတော့ မီးအိုးတွေရွက်ပြီးတော့ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ လာကြပေမယ့် အပြန်မှာတော့ မြူးတူးပျော်ရွှင်ပြီးပြန်သွားတာကိုကြည့်ရင်း ကျုပ်ရင်ထဲမှာ သူတို့အစားပီတိတွေဖြစ်လာမိပါတော့တယ်ဗျာ။ ရေကန်အနားမှာတော့ အနှစ်နှစ်အလလ လောင်မြိုက်ခံထားရတဲ့ မီးအိုးကွဲမဲမဲကြီးတွေက တစ်စစီကြေမွလို့ဗျို့။
(၃)
ပုတီးက တဖြည်းဖြည်းရှည်လာတာမို့လို့ လက်မှာမပတ်တော့ဘဲ လည်ပင်းမှာပဲချိတ်ဆွဲထားတော့သဗျာ။ နောက်တစ်နေ့မနက် နေထွက်အပြီးမှာ ကျုပ်လည်းဘုရားရှိခိုးမေတ္တာပို့နေတုန်း တောင်ကုန်းကလေးအခြေကို လှည်းတစ်စီးလာရပ်တာ တွေ့သဗျ၊ နောက်တော့ လှည်းပေါ်ကနေ လူကြီးတစ်ယောက်နဲ့ အသက်ခပ်ရွယ်ရွယ်ကောင်လေးတစ်ယောက်တို့တက်လာကြတယ်၊ လူကြီးရဲ့လက်ထဲမှာတော့ အုပ်တစ်လုံးကိုင်ထားသလို၊ အနောက်က ကောင်လေးကတော့ တောင်းကြီးတစ်လုံးထမ်းလာလို့ဗျ၊ သူတို့က ဆိုက်ဆိုက်မြိုက်မြိုက်ဆိုသလို ကျုပ်ထိုင်နေတဲ့ တန်ဆောင်းအပျက်ထဲကိုဝင်လာကြတယ်။
“ဘာကိစ္စနဲ့များ ကျုပ်ဆီကိုလာခဲ့ကြတာလဲ”
“သူတော်စင်ကြီးတစ်ယောက် ဒီတောင်ပေါ်မှာ တရားကျင့်ကြံနေတယ်လို့ညက အိပ်မက်မက်လို့ ဒီကိုရောက်လာတာပါ”
လူကြီးက အုပ်ကြီးကိုဖွင့်ပြတယ်ဗျ၊ အထဲမှာတော့ ထမင်းဟင်းတွေစုံလင်နေတာပါပဲဗျာ၊ လူရွယ်က တောင်းကိုချပြီးတောင်းထဲက ငှက်ပျောသီးခပ်ရင့်ရင့်တစ်ခိုင်နဲ့အတူ ဖရဲ၊ သခွားလို သီးနှံတွေလည်းပါတယ်ဗျ။ ကျုပ်ကိုရိုရိုသေသေနဲ့စားဖို့ပြောတော့ ကျုပ်လည်း မနက်စာကိုစားလိုက်တာပေါ့ဗျာ၊ စားပြီးတာနဲ့ အဲဒီလူကြီးကိုကြည့်ပြီးတော့
“ကျုပ်အထင်တော့ မိန်းကလေးငါးယောက်က အိပ်မက်ပေးခဲ့ပုံရတယ်”
ဒီလူကြီးက လက်အုပ်ချီပြီးတော့
“ဟုတ်ပါတယ် သူတော်စင်ကြီး၊ ကျုပ်က ကန်ဦးရွာစွန်မှာ ဖရဲခင်းစိုက်တဲ့လူတစ်ယောက်ပါ၊ ညကအိပ်မက်ထဲမှာ ပျူခေတ်က မိန်းကလေးငါးယောက်က ကျုပ်ကိုလာနှိုးပြီးတော့ ဒီတောင်ကုန်းပေါ်ကိုညွှန်ပြရင်း သူတော်စင်ကြီးတစ်ပါးရောက်နေတယ်လို့ အိပ်မက်ပေးလို့ပါ”
ကျုပ်လည်း ဟိုညီအမငါးယောက်က ကျုပ်ကိုကူညီတယ်လို့ပဲ ထင်လိုက်ပါတယ်ဗျာ၊ ဒီလောကကြီးထဲမှာ သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး ကျေးဇူးတရားနဲ့ အမှီသဟဲပြုနေတယ်မဟုတ်လား၊ ကျုပ်သူတို့ကို ကူညီလိုက်သလို၊ သူတို့ကလည်း ကျုပ်ကိုပြန်ကူညီတာနေမှာပါ။
“ဒါနဲ့ဦးလေး၊ ကန်ဦးရွာမှာ မယ်ကံသာဆိုတာရှိသလားဗျ”
ဦးလေးကြီးက တအံ့တသြနဲ့
“မယ်ကံသာကို သူတော်စင်ကြိးက သိလို့လား”
“သိတာပေါ့ဗျာ၊ နောက်ပြီးတော့ ကျုပ်ကိုသူတော်စင်ကြီးလို့မခေါ်ပါနဲ့၊ တကယ်တော့ကျုပ်က ဝိဇ္ဇာလမ်းစဉ်ရဲ့အခြေခံကိုတောင် မအောင်မြင်သေးတဲ့လူတစ်ယောက်ပါ”
“ဒါပေမယ့် လေးစားသမှုနဲ့တော့ ဆရာကြီးလို့ခေါ်ပါရစေ”
သူက တောင်းတောင်းပန်ပန်နဲ့ပြောတာမို့လို့ ခေါင်းညိတ်လိုက်ရတော့တယ်။
“ဒါနဲ့ မယ်ကံသာ အကြောင်းကိုဆက်ရအောင်ဗျာ”
“ဟုတ်ကဲ့ဆရာကြီး၊ မယ်ကံသာဆိုတာတော့ ကျုပ်တို့ရွာထိပ်က ကန်သာကန်မှာနေထိုင်တဲ့ နတ်စိမ်းတစ်ပါးပါ၊ ရွာကိုလည်းပိုင်စားတယ်လို့ဆိုကြတယ်၊ ကျုပ်တို့ရွာကလူတွေကတော့ မယ်ကံသာကို ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ယုံကြည်လာခဲ့ကြပါတယ်၊ မယ်ကံသာကလည်း တန်ခိုးအတော်ကြီးတယ်လို့ပြောတယ်၊ သူ့ကိုမကောင်းပြောတဲ့လူဆိုရင် တစ်ခုမဟုတ်တစ်ခုဖြစ်ရောတဲ့ ဆရာကြီး”
“ဟေ၊ ဒီလောက်တောင်ပဲလား”
“ချတဲ့နေရာမှာတော့ မယ်ကံသာကိုတခြားနတ်တွေမီမယ်မထင်ပါဘူးဆရာကြီးရယ်၊ ပြီးတော့ မယ်ကံသာက သိပ်စိတ်ကြီးတယ်၊ ကျုပ်တို့ရွာသားတွေအကုန်လုံးကတော့ မယ်ကံသာခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်ကြရတယ်ဗျ၊၊ မလုပ်ရင်မယ်ကံသာက ဒဏ်ခတ်တယ်”
“ဘယ်လိုများ ပါလိမ့်ဗျာ”
“သူများအတွေ့အကြံကိုတော့ မပြောလိုပါဘူးဆရာကြီးရယ်၊ ကျုပ်ကိုယ်တိုင်ဖြစ်ခဲ့တဲ့အတွေ့အကြံကို ပြောပြချင်ပါတယ်၊၊ ကျုပ်က ခုလိုနွေမတိုင်ခင်ဆို ဖရဲစိုက်ပါတယ်၊ တစ်ရက်တော့ မယ်ကံသာက ကျုပ်ကိုပြောပါတယ်၊ ကျုပ်အိမ်က နွားကြန်စုံရဲ့ခေါင်းကို ဗလိနတ်စာအဖြစ် နတ်စာချပေးရမယ်လို့ပြောပါတယ်၊ ဆရာကြီးပဲစဉ်းစားကြည့်ပါဗျာ၊ ကျုပ်တို့လိုတောင်သူတွေမှာ နွားကြန်စုံမပြောနဲ့ နွားတစ်ကောင်တောင် အနိုင်နိုင်ပါ၊ ဒါနဲ့ကျုပ်လည်း မယ်ကံသာပြောတာကို မနားထောင်ခဲ့ပါဘူး၊၊ အိမ်သာတွေသားသမီးတွေကိုလည်း မတိုင်ပင်တော့ဘဲ ဒီအတိုင်းမသိကျိုးကျွန်ပြုပြီးနေခဲ့ပါတယ်”
“နေပါအုံးဗျ၊ မယ်ကံသာက ခင်ဗျားကိုဘယ်လိုပြောတာလဲ၊ အိပ်မက်ပေးတာလား”
“မဟုတ်ပါဘူးဆရာကြီး ကန်ဦးရွာမှာ မယ်ကံသာဓါတ်စီးတဲ့ နတ်ကတော်ကြီးရှိပါတယ်၊ သူကပြောတာပါ”
“ခင်ဗျားတို့ဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ၊ နတ်ကနည်းနည်း ကတော်က ကဲကဲဆိုသလိုဖြစ်နေအုံးမယ်”
“ဟုတ်တာတော့ ဟုတ်တယ်ဆရာကြီးရဲ့၊ နတ်ကတော်ကြီးဆိုရင် ရွာလယ်မှာနှစ်ပင်တိုင် သစ်သားအိမ်ကြီးနဲ့ လူတစ်လုံးသူတစ်လုံးနဲ့နေတာဗျ၊ ခုနက အကြောင်းဆက်ပြောရရင်တော့ မယ်ကံသာက ကျုပ်အိမ်က နွားခေါင်းကိုမစားမသောက်ရလို့ဆိုပြီး ကျုပ်အိမ်ကိုမီးရှို့ပါရောဗျာ၊ ဒါတင်မကသေးဘဲ နွားအုပ်ကြီးတစ်အုပ်နဲ့ ကျုပ်ဖရဲခင်းတွေကို ဝင်ဖျက်ပစ်တာ အဲဒီနှစ်က ကုန်ရောပဲဗျာ”
“ဒါမယ်ကံသာလက်ချက်ဆိုတာ ဦးလေးလက်ခံသလား၊ ကျုပ်ပွင့်ပွင့်လင်းလင်းမေးမယ်နော် ဦးလေး၊ မယ်ကံသာကို ဦးလေးယုံသလား”
ဦးလေးကြီးက ပြောဖို့ဝန်လေးနေတယ်ဗျ၊ ကျုပ်မျက်နှာကို အကြိမ်ကြိမ်ကြည့်နေတယ်၊ ဒီအခါ ဦးလေးကြီးနဲ့အတူတူပါလာတဲ့ လူရွယ်က
“အမှန်အတိုင်းပြောရရင် ကျုပ်ကတော့မယုံဘူးဗျာ”
ကျုပ်လည်း လူငယ်ကိုကြည့်ရင်း
“ပြောပါအုံးကွ၊ မင်းကဘာလို့မယုံတာလဲ”
“ဒီက ဦးလေးက ကျုပ်ရဲ့ဘကြီးပါ၊ အမှန်အတိုင်းပြောရရင်တော့ နတ်ကတော်ကြီးက အမဲခေါင်းနဲ့မယ်ကံသာကို ဆက်သရမယ်လို့ပြောရင် တကယ်တမ်းကျတော့ တစ်ကောင်လုံးကို သိမ်းယူပြီးတော့ အမဲဖျက်ပြီး မယ်ကံသာကိုခေါင်းပဲပေးတာပါ၊ ကျန်တဲ့အသားတွေကိုတော့ သူနဲ့အတူတူ လက်ဝေခံတွေက စားသောက်လိုက်တာများပါတယ်၊ ပြီးရင် ရွာထဲနတ်ရေစင်ဖိုး တစ်ပတ်တစ်ခါဆက်ရမယ်၊ မဆက်သရင် ရွာကိုမီးနဲ့တိုက်ရမယ်ဆိုလို့ ကျုပ်တို့ရွာသားတွေက ရှိလည်းပေးရ၊ မရှိရင်လည်း ချေးငှားပြီးတော့ သူ့ကိုပေးနေရပါတယ်”
ကျုပ်သိလိုက်ပါပြီဗျာ၊ ဧကန္တတော့ မယ်ကံသာဆိုတာ နတ်ကောင်းတစ်ပါးဟုတ်မယ်မထင်ဘူးဗျ၊ နတ်ဆိုးတစ်ပါးဖြစ်ရမယ်၊ အဲဒီနတ်ဆိုးကို အကြောင်းပြုပြီးတော့ ဒီနတ်ကတော်ကြီးက လုပ်စားနေတာဖြစ်ရမယ်လို့ကျုပ်ထင်တယ်၊ ဦးလေးကြီးတို့ပြန်သွားတာနဲ့ ကျုပ်လည်းလုပ်စရာရှိတာဆက်လုပ်ပြီး အဓိဌာန်ပုတီးစိပ်လိုက်၊ တရားထိုင်လိုက်၊ မေတ္တာပို့လိုက်နဲ့အလုပ်များနေခဲ့ပါတယ်။
(၃)
ညနေရောက်တော့ ကျုပ်မေတ္တာပို့နေတဲ့အချိန်မှာပဲ ကျုပ်အနောက်ကို ခြေသံပြင်းပြင်းနဲ့နင်းတက်လာတဲ့အသံကိုကြားရသဗျ၊ ကုန်းပေါ်က ဘုရားပျက်ကလေးရဲ့ရင်ပြင်က ရှေးအုတ်တွေစီထားတာပါ၊ အုတ်စီထားတဲ့နေရာမှာတောင်မှ ခြေသံတဘုန်းဘုန်း ကြားရပုံထောက်တော့ တော်တော်ဒေါသကြီးတဲ့လူဖြစ်မှာပဲလို့တွေးမိတယ်၊ ကျုပ်လည်း သူ့ဘက်ကိုမလှည့်ဘဲနဲ့ မေတ္တာဆက်ပွားနေမိတယ်ဗျ။
“ဟဲ့ မကောင်းတဲ့အကောင် ငါ့ကိုကြည့်စမ်း”
ကျုုပ်လည်းပထမတော့ သူ့ကိုဥပေက္ခာပြုထားလိုက်တယ်၊ ဒါပေမယ့် သူက သုံးလေးငါးခါခေါ်တော့မှ အနောက်လှည့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တယ်။ ကျုပ်က အဲဒီလူရုပ်ကိုတွေ့ပြီး လန့်သွားပါတယ်ဗျာ၊ တစ်ကိုယ်လုံးအစိမ်းရော်ဝတ်စုံကိုဝတ်ထားတယ်ဗျ၊ မျက်ခုံးထူထူ၊ မျက်မှောင်တွန့်တွန့်နဲ့ ပွယောင်းယောင်းနှာခေါင်းကြီးကလည်း ထိပ်မှာလန်နေပါသေးတယ်၊ ရုပ်က လူရုပ်သူရုပ်မပေါက်ဘဲ ဘီလူးတစ်ကောင်နဲ့တောင်မှ တူနေပါရောဗျာ။
“ခင်ဗျားဘယ်သူလဲ၊ ဘာလို့ကျုုပ်ကို ကြမ်းကြမ်းတမ်းတမ်းတွေပြောနေတာလဲ”
“ဟဲ့အကောင်၊ ငါ့အစေအပါးငါးယောက်ဘယ်မလဲ၊ ဒီကောင်မငါးကောင်ကို နင်ခေါ်ထားတယ်မဟုတ်လား၊ ငါ့လူတွေ ငါ့ကိုပြန်ပေးစမ်း”
“ဒီမယ် မအဝှါ၊ ကျုပ်အနားမှာ ဘယ်သူတွေကိုတွေ့နေရလို့ ခင်ဗျားက ကျုပ်ကိုစွပ်စွဲနေရတာလဲ”
“ငါ့နာမည် မအဝှါမဟုတ်ဘူး၊ ငါ့နာမည် မယ်ကံသာ၊ ဟောဒီကန်ဦးရွာတစ်ဝိုက်ကို နှစ်ထောင်ချီအစိုးရတဲ့ ကန်တော်ရှင်မယ်ကံသာဆိုတာ ငါပဲ”
လတ်စသတ်တော့ သူကမယ်ကံသာကိုး၊ ဒါဆိုရင် မနေ့က မိန်းကလေးငါးယောက်ပြောခဲ့သလို ရက်စက်ကြမ်းကြုတ်မယ့်လူပဲဗျာ၊ လူဆိုတာထက် ဘီလူးပေါ့။ ကျုပ်လည်းခေါင်းညိတ်လိုက်ပြီး
“မီးအိုးရွက်ထားတဲ့ မိန်းကလေးငါးယောက်ကို လွှတ်ပေးလိုက်တာ ကျုပ်ပဲ”
မယ်ကံသာက ဒေါသထွက်သွားပြီးတော့
“ဟင်၊ သေနာကောင်၊ အခုဒီကောင်မတွေဘယ်မှာလဲ”
“သူတို့နဲ့ဆိုင်တဲ့နေရာကိုထွက်သွားကြတာဖြစ်မှာပေါ့”
“အောင်မာ၊ နင်ကများငါ့ကို အာခံနေသေးတယ်၊ ငါ့လူကို ငါမသိဘဲလွှတ်ပေးလိုက်တာ နင်စည်းဖောက်တာပဲဟဲ့၊ နင့်ကိုငါမကျေနပ်ဘူး၊ နင့်ကိုငါသတ်ရလိမ့်မယ်”
ကျုပ်လည်း ဘာမှမပြောတော့ဘဲ ဒီအတိုင်းဆက်ထိုင်နေရင်း
“ကဲ၊ ခင်ဗျားစွမ်းသလိုသာလုပ်တော့ဗျာ”
“အောင်မာ၊ မလောက်လေးမလောက်စားလူကများ ငါ့ကိုလာစိန်ခေါ်နေသေးတယ်၊ တွေ့မယ်၊ နင့်ကိုဖမ်းပြီး အစိမ်းလိုက်ဂုတ်ချိုးပြီး ဝါးစားမဟဲ့”
မယ်ကံသာက သူ့လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီးတော့ ကျုပ်ကိုဖမ်းဆွဲလိုက်တယ်ဗျ။ ဒါပေမယ့် ကျုပ်ကထိုင်နေလျှက်သား အနောက်ကိုရွေ့သွားတော့ သူကဖမ်းမမိတော့ဘူးပေါ့ဗျာ၊ ဒါနဲ့အရှေ့ကိုတိုးလာပြီးတောာ့ ကျုပ်ကိုဖမ်းပြန်တယ်၊ ကျုပ်လည်း ထိုင်ရာကမထပေမယ့် သူ့အလိုလိုရွေ့သွားပြီး မယ်ကံသာရဲ့ပတ်ပတ်လည်မှာ ဟိုနေရာသွားပေါ်လိုက်၊ ဒီနေရာမှာသွားပေါ်လိုက်နဲ့ဖြစ်နေသဗျာ။
မယ်ကံသာက အတော်မောပန်းနေတယ်ဗျ၊ နောက်တော့ကျုပ်ကိုကြည့်ရင်း
“နင့်ကိုငါက ဘာလို့ဖမ်းမရတာလဲ”
“ဒီမှာမယ်ကံသာ၊ ကိုယ့်ကိုမုန်းတီးနေတဲ့လူကိုပဲ ဖမ်းချုပ်ဆုပ်ကိုင်လို့ရပေမယ့် ကိုယ့်ကိုချစ်ခင်မေတ္တာဓါတ်ဝင်နေတဲ့လူကို ဖမ်းချုပ်ဆုပ်ကိုင်လို့မရနိုင်ဘူးမယ်ကံသာ၊ မယ်ကံသာကို ကျုပ်ရဲ့သားသမီးတစ်ယောက်လို မေတ္တာထားပါတယ်၊ မယ်ကံသာ မကောင်းမှုတွေကို စွန့်လွှတ်နိုင်ပြီးတော့ ကောင်းမွန်တဲ့လမ်းကို ရှာဖွေတွေ့ပါစေ”
“အောင်မယ်၊ ပြောနေတာတောင်မှ နင်ကအထွန့်တက်နေသေးတယ်၊ ဒီတစ်ခါတော့ နင့်ကိုရဲဒင်းနဲ့အစိတ်စိတ်အမွာမွာဖြစ်အောင် ပိုင်းမဟဲ့”
မယ်ကံသာက လက်ခုပ်တီးလိုက်တဲ့အခါ သူ့လက်နှစ်ဖက်က ရဲဒင်းတွေပေါ်လာတယ်ဗျ၊ ရဲဒင်းကြီးတွေက ညနေ နေရောင်ခြည်မှာ ဝင်းလက်နေတာပါပဲဗျာ၊ အဲဒီရဲဒင်းကြီးနဲ့ ကျုပ်ကိုလွှဲလွှဲခုတ်တယ်ဗျ၊ ကျုုပ်ကတော့ မယ်ကံသာရဲ့မျက်နှာကိုသေသေချာချာကြည့်ပြီး သူ့ကိုမေတ္တာပို့ပေးနေမိတယ်၊ မယ်ကံသာခုတ်လိုက်တိုင်း ကျုပ်ကိုတစ်ချက်မှမထိဘဲ သူ့ရဲဒင်းချက်တွေက တဝှီးဝှီးနဲ့လွဲသွားတယ်ဗျ၊ ကြာတော့သူလည်း လက်ပန်းကျလာတယ်ထင်ပါတယ်ဗျာ။
“နင့်ကိုခုတ်မရမယ့်အတူတူ ရဲဒင်းနဲ့ပေါက်မယ်ဟေ့”
ကျုပ်ဆီကိုရဲဒင်းနဲ့ပေါက်ပါရောဗျာ၊ သူပစ်လွှတ်လိုက်တဲ့ရဲဒင်းက ကျုပ်အရှေ့နားရောက်တဲ့အခါ ကြာပန်းတစ်ပွင့်ဖြစ်သွားတော့တယ်၊ လန်းဆန်းပြီးမွှေးပျံ့နေတဲ့ကြာပန်းကို ကျုပ်ကကောက်ယူလိုက်ပြီးတော့ ဘုရားငုတ်တိုကလေးမှာတင်ထားပြီး ဘုရားကိုကပ်လိုက်တယ်ဗျ၊ မယ်ကံသာက မကျေနပ်လို့ ထပ်ပစ်၊ ကျုပ်ကလည်း ကြာပန်းတွေတစ်ပွင့်ပြီးတစ်ပွင့်ကောက်ပြီး ဘုရားကပ်နဲ့ ဘုရားငုတ်တိုအနီးမှာ ကြာပန်းတွေအပွင့်ချင်းထပ်နေတော့တယ်။
“မယ်ကံသာ ကုသိုလ်တော်တော်ရနေပါပြီ၊ ကျုပ်က မယ်ကံသာပေးတဲ့ကြာတွေကို ဘုရားကိုလှူပေးနေတာ”
မယ်ကံသာက ဘာမှမပြောတော့ဘဲ ကျုပ်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်ပြီး ဘုရားကုန်းပေါ်က ပြန်ဆင်းသွားတော့တယ်ဗျ။ ကျုပ်ကတော့ မယ်ကံသာကိုကြည့်ပြီးသက်ပြင်းတစ်ချက်ချလိုက်မိပါတော့တယ်။
(၄)
ညခုနစ်နာရီလောက်ရှိတော့မယ်ဗျ၊ ဘုရားကုန်းတော်တစ်ခုလုံးကလည်း တိတ်ဆိတ်နေတယ်၊ မယ်ကံသာရဲ့ ရဲဒင်းတွေက ဖြစ်သွားတဲ့ ကြာပန်းတွေက ကြာဝတ်ဆံရနံ့တွေနဲ့ ထုံသင်းနေတယ်ဗျ၊ ကျုပ်အဓိဌာန်ပုတီးစိပ်ပြီးတဲ့အချိန်မှာပဲ ကုန်းတော်အောက်က ဆူညံသံတွေကြားရတယ်၊ ကျုပ်လှမ်းကြည့်တော့ မီးတုတ်ကိုင်ထားတဲ့လူတွေ ဖွေးဖွေးလှုပ်ပဲဗျာ၊ ဒီလူတွေက ကုန်းနဲ့နီးလာတယ်ဗျ၊ သူတို့အရှေ့မှာတော့ မြင်းကြီးစီးထားတဲ့ လူ၀၀ကြီးတစ်ယောက်ပါလာတယ်၊ အဲဒီလူကြီးရဲ့ခေါင်းမှာတော့ နတ်တွေခေါင်းပေါင်းသလို ခေါင်းပေါင်းပေါင်းထားပြီး ရင်စည်းမှာလည်း ရှန်ဖြူရှန်နီအစတွေ စည်းထားတယ်ဗျ။
ဒီလူကြီးက ဓါးလွှတ်တစ်လက်ကိုင်ပြီးတော့ ကုန်းပေါ်တက်လာတယ်၊ အနောက်ကနေလည်း ရွာသားတွေအကုန်လိုက်လာတယ်ဗျာ၊၊ ကျုပ်နဲ့လက်တစ်ကမ်းအကွာလောက်ရောက်တော့
“ကဲ ရွာသားအပေါင်းတို့ ကန်တော်ရှင်မယ်ကံသာက အမိန့်ရှိတယ်၊ ဟောဒီအရှေ့မှာရပ်နေတဲ့ ကလိမ်ကကျစ် လူလိမ်လူညာကို သတ်ဖြတ်ပြီးနှိမ်နင်းရမယ်တဲ့”
ရွာသားတွေအားလုံးက ဓါးလှံလက်နက်တွေကိုင်ထားပေမယ့် ပုတီးကြီးဆွဲပြီး ယောဂီဝတ်စုံကြီးဝတ်ထားတဲ့ကျုပ်ကို တအံ့တသြနဲ့ကြည့်နေကြသဗျာ၊ နတ်ကတော်က လူတွေကိုကြည့်ပြီး
“ဒီလူကိုသတ်ရင်သတ်၊ မသတ်ရင် ကန်တော်ရှင်မယ်ကံသာက ရွာကိုမီးနဲ့တိုက်မယ်တဲ့”
ဒီလူပြောမှ အားလုံးက လှုပ်လှုှုပ်ရှားရှားဖြစ်ကုန်တယ်ဗျာ၊ ကျုပ်လည်း လူတွေအားလုံးကိုကြည့်ပြီးတော့
“ကျုပ်က ဒီလူပြောသလို လူလိမ်မဟုတ်ပါဘူး၊ ကျုပ်က ဝိဇ္ဇာဓရလမ်းစဉ်ကိုလိုက်ပြီးတော့ ဗုဒ္ဓမဟာဂန္ဓာရီလမ်းစဉ်ကို လိုက်နေတဲ့လူတစ်ယောက်ပါ၊ ဒီတော့ ကျုပ်ကိုသတ်ပါ၊ မသတ်နဲ့လို့မပြောချင်ဘူး၊ ခင်ဗျားတို့သတ်ချင်ရင် ကျုပ်သေမှာပဲ”
ကျုပ်လည်း သူတို့အရှေ့မှာထိုင်ချလိုက်ပြီး
“ကျုပ်ဒီနေရာမှာ သေရမယ့်ကံပါလာရင်တော့ သေပါစေတော့၊ ခင်ဗျားတို့တွေအကုန်လုံးကို ကျုပ်ဗွေမယူပါဘူး၊ ခင်ဗျားတို့ကျုပ်ကိုသတ်လို့ဖြစ်ပေါ်လာမယ့် ဝဋ်ကြွေးတွေမဖြစ်ပါစေနဲ့လို့ပဲ ကျုပ်ဆုတောင်းပေးပါတယ်”
ကျုပ်ပြောလိုက်တော့ လူတွေက အရှေ့ကိုမတိုးရဲတော့ဘူးဗျ၊ နတ်ကတော်က သူ့အနောက်က ရွာသားတွေကိုကြည့်ရင်း
“ဘာလုပ်နေကြတာလဲ ဒီလူကို တုတ်နဲ့ရိုက်ကြပါတော့လား၊ ဓါးနဲ့ခုတ်ကြပါတော့လား”
သူပြောပေမယ့် လူတွေက တစ်ယောက်မှ အရှေ့တိုးမလာတဲ့အပြင် အနောက်ကိုခြေတစ်လှမ်းဆီဆုတ်သွားကြတယ်ဗျ၊ နတ်ကတော်ကြီးကရွာသားတွေကိုလှည့်ကြည့်ပြီး
“မင်းတို့သူ့ကိုမသတ်ရင် မယ်ကံသာက ရွာတစ်ရွာလုံးကုန်အောင် မီးတိုက်မတဲ့နော်”
သူပြောပေမယ့် ဘယ်သူမှတုတ်တုတ်မလှုှုပ်ကြတော့ပါဘူးဗျာ၊ မနက်က ထမင်းလာပို့တဲ့ဦးလေးကြီးနဲ့ လူငယ်က သူတို့ကိုင်ထားတဲ့ လက်နက်တွေကိုပစ်ချလိုက်ကြတယ်ဗျ၊ ဦးလေးကြီးက ဒူးထောက်ထိုင်ချရင်း
“ကျုပ်တို့အိမ်တွေမီးလောင်ပြီး အကုန်ကုန်စမ်းပါစေဗျာ၊ ဒါပေမယ့် သူတော်ကောင်းသူတော်စင်တစ်ယောက်ကိုတော့ ကျုပ်တို့မသတ်ပါရစေနဲ့”
ဒီလူကြီးတွေထိုင်လိုက်တာနဲ့ တစ်ချို့လူတွေလည်း လက်နက်တွေကိုချပြီးတော့် ငုတ်တုတ်ထိုင်ကြတယ်ဗျ၊ နတ်ကတော်ကြီးက ဘယ်လိုခြိမ်းချောက်ပေမယ့် ရွာသားတွေက မမှုတော့ဘူးဗျာ။ နတ်ကတော်က ဆွေ့ဆွေ့ခုန်လုနီးပါး ဒေါသထွက်သွားတယ်။
“သုံးစားမရတဲ့လူတွေ၊ နင်တို့မသတ်ရင် ငါကိုယ်တိုင်သူ့ကိုသတ်မယ်”
အဲဒီလိုပြောပြီးတော့ ဓါးလွတ်ကိုင်ပြီး ကျုပ်ဘက်လှည့်လိုက်တယ်၊ ကျုပ်ကြည့်လိုက်တော့ နတ်ကတော်ရဲ့မျက်နှာက လူမျက်နှာဖြစ်သွားလိုက်၊ မယ်ကံသာရဲ့မျက်နှာကြီးဖြစ်သွားလိုက်နဲ့ပေါ့ဗျာ၊ ကျုပ်ထင်တာကတော့ နတ်ကတော်ကို မယ်ကံသာက ဝင်ပြီးပူးကပ်လိုက်တဲ့ပုံစံပဲဗျ၊ နတ်ကတော်ကြီးက ကျုပ်ဆီကိုတစ်လှမ်းချင်းလျှောက်လာပြီးတော့ ကျုပ်ခေါင်းကိုအုပ်မိုးပြီးခုတ်ဖို့ ဓါးကိုမြှောက်ထည့်လိုက်တယ်။
ကောင်းကင်ကြီးက တစ်ချက်ဖြန်းခနဲဝင်းလက်သွားသဗျာ၊ ပြီးတော့ မီးလုံကြီးတစ်လုံးဆင်းလာပြီး နတ်ကတော်ကြီးရဲ့အရှေ့က မြေပြင်ကိုထိသွားတော့တယ်၊ ပြီးတော့မှ ဂျိန်းခနဲအသံအကျယ်ကြီးကို ကြားလိုက်ရတယ်၊ ကန်ဦးရွာသားတွေဆိုရင် ကြောက်လိုက်ကြတာ တုန်လို့ဗျ၊ နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ချလို့လေဗျာ။ နတ်ကတော်ကြီးက မြေပေါ်မှာကုန်းကုန်းကြီးဖြစ်သွားတယ်၊ ကျုပ်လည်း သူ့ကိုကြည့်ရင်း
“မယ်ကံသာ၊ ခင်ဗျားကိုကျုပ်ကခွင့်လွှတ်ပေမယ့်၊ ခင်ဗျားကိုခွင့်မလွှတ်တဲ့သူတွေရှိနေပြီနော်”
နတ်ကတော်ကြီးရဲ့ကိုယ်လုံးက တဆတ်ဆတ်တုန်ယင်လာပြီးတော့ နောက်ဆုံးကျုပ်ကိုလက်အုပ်ချီလိုက်တယ်ဗျ။
“မှားပါတယ်၊ ကျွန်မမှားပါတယ်ရှင်”
“မှားတာကို မှားမှန်းသိတာ လူတော်၊ မှားနေမှန်းသိလို့ အမှန်ကိုပြင်နိုင်တာ လူကောင်းပဲ မယ်ကံသာ၊ မင်းက အရင်ဘဝက ဒေါသကြီးတဲ့လူဖြစ်ခဲ့တယ်၊ ဒေါသခိုးတွေနဲ့သေဆုံးခဲ့လို့ အခုဘဝမှာ ဘီလူးကြီးအဖြစ်နဲ့နေရတယ်၊ ဒါတောင်မှ မကောင်းမှုအကုသိုလ်တွေဆက်လုပ်နေမယ်ဆိုရင် ရှေ့လျှောက်မင်းရဲ့လားရာကတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံ ဝဲဂယက်ကနေ လွတ်မြောက်နိုင်ဖို့လမ်းမမြင်တော့ဘူး”
နတ်ကတော်ကြီးတစ်ဖြစ်လဲ မယ်ကံသာက ကျုပ်ကိုမော့ကြည့်ရင်း
“ကျွန်မကိုလမ်းမှန်ပြသပေးပါ၊ ကျွန်မကို ကောင်းမွန်တဲ့အရာကို သွန်သင်ပေးပါ”
ကျုပ်လည်း ဘုရားငုတ်တိုလေးကိုတစ်ချက်ကြည့်ပြီးတော့
“မင်းရဲ့ကုသိုလ်တွေ ဟောဒီမှာအများကြီးရှိသေးတယ်မယ်ကံသာ၊ မင်းပေးထားတဲ့ ကြာပွင့်တွေကို ဘုရားမြတ်စွာကို ယုံကြည်လေးစားစွာနဲ့ လှူဒါန်းလိုက်စမ်းပါ”
နတ်ကတော်ကြီးက အရှေ့ကိုတိုးသွားပြီးတော့ ကြာပန်းတစ်ပွင့်ကိုကိုင်လိုက်တယ်၊
“ကဲ ဘုရားရှင်ကိုအခုလိုကြာဖြူကြာပန်းတွေ လှူဒါန်းရတဲ့အကျိုးကြောင့် မယ်ကံသာတစ်ယောက် နိမ့်ကျတဲ့ဘုံဘဝကနေ မြင့်မြတ်တဲ့ဘုံဘဝကို ကူးပြောင်းနိုင်ပါစေ”
မယ်ကံသာက ကြာပန်းကိုဘုရားငုတ်တိုရဲ့အုတ်မြစ်ပေါ်ကိုတင်လိုက်ပြီးတော့ တစ်ချက်ကုန်းကန်တော့လိုက်ပါတော့တယ်ဗျာ။ ဒီအချိန်မှာပဲ နတ်ကတော်ကြီးက လဲကျသွားပြီးတော့ ဘုရားရှေ့မှာ အဖြူရောင်ပိတ်စတွေနဲ့ ပျူခေတ်သဏ္ဍာန်ဝတ်ဆင်ထားတဲ့ မိန်းမလှကလေးတစ်ယောက် ပေါ်ပေါက်လာပါတော့တယ်၊ ရွာသားတွေက အဲဒီလူကိုကြည့်ပြီး
“ဟာ၊ မယ်ကံသာဆိုတာ တယ်ချောတာကိုးကွ”
“ဒီလောက်ချောမောလှပလို့လည်း ဒွတ္တဘောင်မင်းကြီးရဲ့ မိဖုရားငယ်ဖြစ်တာကိုး”
မယ်ကံသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့ ကျုပ်ကိုလက်အုပ်ချီတယ်၊ ကျုပ်က မယ်ကံသာကိုလက်ကာပြပြီး
“ကျုပ်က လက်အုပ်ချီကန်တော့ခံဖို့ မတန်ပါဘူးဗျာ”
“မဟုတ်တာဘဲ ဆရာကြီးရယ်၊ ဆရာကြီးက ကျွန်မကိုလမ်းမှန်ရောက်အောင် သွန်သင်ဆုံးမခဲ့တဲ့ဆရာတစ်ယောက်ပါ၊ ဆရာဆိုတာ အနန္တဂိုဏ်းဝင်မို့ ကန်တော့အပ်ပါတယ်”
ဒီတော့မှ ကျုပ်လည်း မယ်ကံသာကန်တော့တာကို မငြင်းတော့ဘဲ ကြည်ကြည်ဖြူဖြူလက်ခံလိုက်ပါတော့တယ်၊ မယ်ကံသာတစ်ယောက် နိမ့်ကျတဲ့ဘဝကနေ မြင့်မြတ်တဲ့ဘဝကို ရုတ်ခြည်းကူးပြောင်းသွားတာကိုကြည့်ရင်း သူ့အစား ဝမ်းသာပီတိဖြစ်မိနေပါသေးတယ်ဗျာ။
“အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ”
စိတ္တကုန်းမှာ ကိုးရက်မြောက်တဲ့နေ့မှာပဲ ကျုပ်ရဲ့ပြည်တော်ဝင်အဓိဌာန်က အောင်မြင်သွားခဲ့ပါပြီဗျာ၊ ကျုပ်လည်း လက်သီးလက်မောင်းတန်းပြီးတော့ ဝမ်းသာစွာနဲ့ အော်ဟစ်လိုက်မိပါတယ်၊ အဓိဌာန်အောင်ပြီဖြစ်လို့ ပြည်မြို့ကိုပြန်ဝင်ဖို့လုပ်ရတယ်၊ ကန်ဦးရွာသားတွေက ကျုပ်ကိုလှည်းနဲ့လိုက်ပို့ကြတယ်ဗျ၊ အပြန်မှာတော့ ကန်ဦးရွာထဲကနေ လှည်းနဲ့ဖြတ်ပြန်တယ်၊ ကန်ဦးရွာမှာနေကြတဲ့လူတွေက တောသူတောင်သားတွေဖြစ်ပြီးတော့ ရွာတစ်ဝန်းမှာလည်း ပဲခင်း၊ နှမ်းခင်း၊ ဖရဲ၊ သခွား စိုက်ခင်းတွေနဲ့ စိမ်းလန်းလို့နေပါတယ်၊ ကန်ဦးရွာထိပ်ရောက်တော့ စိမ်းလန်းနေတဲ့ရေကန်ကြီးတစ်ကန်ကိုမြင်တွေ့လိုက်ရတယ်။
နွေရာသီရောက်တာတောင်မှ ရေကန်ကြီးထဲက ရေတွေက ရေကန်ပေါင်ကို ဇလုပ်တိုက်အောင်ပြည့်လျှံနေတာကလည်း ထူးခြားမတစ်ခုပါပဲ၊ ရေကန်ထဲမှာ ကြာဖြူ၊ ကြာညိုတွေက ပွင့်လန်းနေပြီးတော့ ကန်အလယ်မှာလည်း လောင်းလှေကြီးတစ်စီးကိုတွေ့ရတယ်၊ လောင်းလှေအပေါ်မှာတော့ ပြဿဒ်ကြီးတစ်ဆောင်ကိုမြင်တွေ့လိုက်ရပါသေးတယ်၊ ကျုပ်ကြည့်နေတဲ့အချိန်မှာပဲ ဖြူလွလွဝတ်စုံကိုဝတ်ဆင်ထားတဲ့ မယ်ကံသာကိုလှမ်းမြင်မိပါသေးတယ်၊ ဒါနဲ့ပဲ ရေကန်ကြီးကိုလက်ပြပြီး နှုတ်ဆက်ပြန်ခဲ့တာပေါ့ဗျာ။
အခုလည်း စိတ္တကုန်းရဲ့မြောက်ဘက်မှာ ကန်သာဦးကန်ကြီးရှိနေအုံးမှာပါ၊ အဲဒီကန်သာဦးကန်ထဲမှာတော့ ရေကန်ကိုအလွန်နှစ်သက်တဲ့ တစ်ချိန်က မိဖုရားတစ်ပါးဖြစ်ခဲ့တဲ့ မယ်ကံသာတစ်ယောက် ပျော်စံနေမှာကတော့မလွဲဧကန်ဖြစ်ပါတယ်ခင်ဗျာ။
ပြီးပါပြီ****
Leave a Reply