ကပ္ပလီကဝေမ

လုပ်နေတာဗျို့။

” ဆရာ ထနောင်းကုန်းကို အလည်လာတာလား”

လို့ ကျုပ်က ဆရာနွံဖကို မေးလိုက်တော့ ဆရာ
နွံဖက ခေါင်းကို ခပ်ဖြည်းဖြည်း ခါပြလိုက်တယ်
ဗျ။ပြီးတော့မှ ပြုံးနေတဲ့မျက်နှာကို တည်လိုက်ပြီး

“ဆရာတော်ဘုရား မောင်တာတေကို အကျိုးအ
ကြောင်း မိန့်ပေးပါဦးဘုရား”

ဆရာတော် ဦးဂုဏက ကျုပ်ကို စေ့စေ့ကြည့်ရင်း
ခေါင်းကို တဆတ်ဆတ်ညိတ်တယ်။

“ဒီလိုကွ တာတေရ၊ ဆရာနွံဖနဲ့ သူ့ဆရာကြီး ဦး
မင်းအောင်တို့မှာ တော်တော်ကို အရေးကြီးတဲ့
ကိစ္စကြီးတစ်ခုကို ဆောင်ရွက်ကြဖို့ ရှိတယ်ကွ၊
အဲဒါ မင်းရဲ့ အကူအညီ လိုနေကြလို့တဲ့”

“သြော် …ဒီလိုလား၊ ဟိုတစ်ခါလို သစ်စုန်းနှုတ်
ရမှာလားဘုရား”

ကျုပ်က ဆရာတော်ကို လျှောက်ရင်း ဆရာနွံဖ
ကို တစ်ချက်ကြည့်လိုက်တယ်။ ဆရာနွံဖက
ခေါင်းရမ်းပြတယ်။ ဆရာတော်က ဆက်ပြီး မိန့်
တယ်။

“တာတေ မင်းနားလည်အောင် ဘုန်းဘုန်း ပြော
မယ်၊ဒီလောကမှာ ဘယ်လောက်ခေတ်မီမီ ဘယ်
လောက်တိုးတက် တိုးတက် အင်မတန်ရှေးကျ
တဲ့ ကဝေပညာကြီးကတော့ ရှင်သန်တုန်းပဲကွ”

“အလို ဟုတ်ရဲ့လားဘုရား”

“ဟုတ်တယ်ကွ တာတေရ၊ အင်မတန် အတ္တကြီး
တဲ့လူတွေက သူတို့ရဲ့ ဘဝတိုးတက်ဖို့၊ ကြိုးစား
ချမ်းသာဖို့ ရှေးဟောင်းပညာတွေ တတ်ထားတဲ့
ကဝေတွေကို တိတ်တိတ်ကလေး ကိုးကွယ်ကြ
တယ်၊ အားကိုးအားထား ပြုကြတယ်ကွ”

“ဒီပညာက ဘယ်တုန်းကတည်းကများ ရှိနေ
တာလဲဘုရား”

ကျုပ်မေးလိုက်တဲ့ စကားကို ဆရာနွံဖက ပျာပျာ
သလဲ ဝင်ဖြေတယ်ဗျ။

“အေးကွ တာတေရ၊ မင်းလည်း အတန်းပညာ
သင်ခဲ့ဖူးတာပဲမို့လား၊ အာဖရိကတိုက်က စခဲ့
တာကွ။ အဲဒီက လူရိုင်းကြီးတွေကနေ စခဲ့တာ
ကွ၊ နောက်တော့ တစ်ကမ္ဘာလုံးကို ပြန့်သွား
တာပေါ့ကွာ။အခုတော့ ဒီပညာတွေဟာ ကမ္ဘာ
ပေါ်ကနေ ပျောက်သွားသလိုထင်ရပေမယ့် တ
ကယ်ကတော့ မပျောက်ဘူးကွ၊ ပုန်းလျှိုးကွယ်
လျိုးနဲ့ လျို့ဝှက်ပြီး ရှိနေဆဲပဲ တာတေရ၊ သိပ္ပံ
ပညာရပ်ကြီး ထွန်းကားလာတော့ ဒီပညာက
နောက်ကွယ်ကို ရောက်သွားတာပေါ့။ ဒါပေမဲ့
တိတ်တဆိတ် ရှင်သန်နေဆဲပါပဲကွာ”

“သြော် …ဒီလိုကိုး”

ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ စုန်းပြုစားတယ်
တို့၊ ရွာသူကပ်တယ်လို့ ဆိုတာလောက်တော့
ကျုပ် ကြားဖူးတာပေါ့။ တစ်ကမ္ဘာလုံးမှာကို ဒီ
ကဝေပညာကြီး ရှင်သန်နေတယ်ဆိုတာတော့
အခုမှပဲ ကျုပ်ကြားဖူးတာဗျ။

“မှန်ပါ့ဘုရား တပည့်တော် ဘာများကူညီပေးရ
မှာလဲ ဘုရား”

“အေး..ဒီလိုကွ တာတေရ၊ တို့ဆီကနေ ဆိုရင်
တော့ အတော်ကလေး ဝေးတာပေါ့ကွာ၊ ယိုးဒ
ယားပြည်နဲ့ နယ်စပ်က မြို့ကလေးတွေမှာ
တော်တော်ကို ဆိုးရွားတဲ့ အဖြစ်တစ်ခု ဖြစ်
နေတယ်တဲ့ဟေ့”

“ဟာ ဒါဆိုရင် ဆရာနွံဖရဲ့ ဆရာကြီး ဦးမင်း
အောင်ကကော ဒီကဝေကြီးကို နိုင်ပါ့မလား
ဘုရား”

“ဟာ …နိုင်ပါပြီလား တာတေရာ၊ ဦးမင်းအောင်
ဆိုတာက တော်တော်ကို အဆင့်မြင့်တဲ့ အ
ထက်လမ်းဆရာကြီးကွ၊ပြီးတော့ သာမန်ညောင်
ညမဟုတ်ဘူး၊ ခေတ်ပညာတက် ဆရာဝန်ကြီး
ကွ၊ နိုင်ငံခြားတိုင်းပြည်တွေမှာ နှစ်ပေါင်းများစွာ
လှည့်လည်သွားလာပြီး ဆေးကုလာခဲ့တာကွ။
အခုတော့ ဆေးကုတဲ့အလုပ်ကို ရပ်လိုက်ပြီး
အောက်လမ်းတွေ ကဝေတွေကို နှိမ်နင်းနေ
တာဆိုပဲကြ”

“ဟာ …ဟုတ်လားဘုရား၊ တော်တော်ကို အံ့သြ
စရာ ကောင်းတဲ့ ဆရာကြီးပါလား”

“အေး …အဲဒီဆရာကြီး ဦးမင်းအောင်က အခု
ကိစ္စကို ဆောင်ရွက်ဖို့ အင်မတန်သတ္တိကောင်း
တဲ့စနေသားလူငယ် တစ်ယောက် လိုတယ်တဲ့
ဆရာနွံဖကို ပြောတယ်ဆိုပဲကွ တာတေရ။ အဲ
ဒီတော့ ရောက်လာတာကွ၊ အဲဒါနွံဖက သိချင်
တာဟေ့ တာတေရ”

“သြော် ဒီလိုလား ခရီးတော့ ဝေးသားဘုရား”

“အေး အဲဒါကြောင့် ပြောတာကွ၊ တစ်ခုခုတော့
ရှိတာပေါ့ တာတေရာ။ ဗဟုသုတကို လိုချင်
တော့ ယောက်ျားဆိုတာ ဒီလို ငယ်တုန်း ရွယ်
တုန်း သွားရလာရမှာပဲကွ”

“မှန်ပါတယ်ဘုရား၊ တပည့်တော်ကလည်း ဒါ
မျိုးဆိုရင် လွှတ်ပြီး စိတ်ဝင်စားတာပါဘုရား၊
အဘနဲ့ အမေ့ကို ပြန်ပြီးတော့ ပြောပါရစေဦး
ဘုရား”

“ဟာ ပြောရမှာပေါ့ တာတေရ၊ ဒကာကြီးနဲ့ ဒ
ကာမကြီးကို ဗဟုသုတရှာဖို့ ခရီးသွားမယ့်အ
ကြောင်း ပြောပြပေါ့ တာတေရာ”

“မှန်ပါ့ဘုရား”

ဆရာနွံဖကတော့ ကျုပ်ကို အဓိပ္ပါယ်ပါပါနဲ့
ကြည့်တယ်ဗျ။ လိုက်ဖြစ်စေချင်တဲ့သဘောပေါ့
ဗျာ။ ကျုပ်ကလည်း လိုက်ချင်လိုက်တာမှ တစ်
ပိုင်းကို သေနေတာပေါ့ဗျာ။

XXXXX

အဘနဲ့ အမေကို ပြောပြတော့ ပထမတော့ စိတ်
မချကြဘူးဗျ။ နောက်တော့ ကျုပ်က သိပ်သွား
ချင်နေတာကိုသိတော့ အဘနဲ့ အမေက ကျုပ်
ကို ခွင့်ပြုလိုက်ကြတာပေါ့ဗျာ။ ကျုပ်ဆရာနွံဖ
ကတော့ ကျုပ်လိုက်မယ်ဆိုတော့ ဝမ်းသာလိုက်
တာ မပြောပါနဲ့တော့ဗျာ။ဆရာနွံဖနဲ့ ကျုပ်နဲ့ ရက်
သိပ်မဆိုင်းတော့ဘဲ ရန်ကုန်ကို ထွက်ခဲ့ကြတယ်
ဗျို့။ရန်ကုန်ကိုရောက်တော့ ဗဟန်းဘက်ကို သွား
ကြတယ်။ ဗဟန်းကို ရောက်တော့ ခြံဝင်းကြီးတွေ
နဲ့ တိတ်ဆိတ်ပြီး သစ်ပင်ကြီးတွေ ညို့မှိုင်းနေတဲ့
လမ်းထဲကို ဝင်ခဲ့ကြတယ်။

ခြံနံပါတ် ‘၂၇’။ ခြံတံခါးကို ဆရာနွံဖက တွန်းဖွင့်
ပြီး ဝင်ခဲ့တယ်။ဆင်ဝင်မြင့်မြင့်ကြီးထုတ်ဆောက်
ထားတဲ့ ကျွန်းအိမ်မည်းမည်းကြီးတစ်လုံးနဲ့ ဝင်
ပေါက်က ဘာဂျာတံခါးနားမှာ ရပ်လိုက်မိတော့
အရပ်ပုပြတ်ပြတ်နဲ့ လူတစ်ယောက် ပြေးထွက်
လာတတယ်။ အဲဒီလူက ဆရာနွံဖကို တွေ့တော့
ခေါင်းညွှတ်ပြီး အရိုအသေပေးတယ်ဗျ။ ပြီးတော့
ကျုပ်ကိုလည်း ပြုံးပြပြီး နှုတ်ဆက်ပါတယ်။ကျုပ်
နဲ့ ဆရာနွံဖ အိမ်ထဲကို ဝင်လိုက်တော့…

“ဆရာကြီးရော”

လို့ ဆရာနွံဖက မေးလိုက်တယ်

“အပေါ်ထပ်က စာကြည့်ခန်းထဲမှာပါ၊ ကျနော်
သွားပြောလိုက်ပါ့မယ်၊ ဆရာနွံဖတို့ ဧည့်ခန်း
မှာ ထိုင်ပြီး စောင့်ကြပါခင်ဗျာ”

လို့ ရိုရိုသေသေ ပြောတယ်ဗျ။ ပြီးတော့ အိမ်
နောက်ဘက်ကို လှမ်းကြည့်ပြီး …

“အေးခင်ရေ ဆရာနွံဖတို့ကို ကော်ဖီလေး မုန့်
လေး ချပါဟေ့”

လို့ ပြောရင်း အပေါ်ထပ်ကို တက်သွားတယ်

“အဲဒါ မောင်အေးတဲ့ကွ၊ ဆရာကြီးရဲ့ တပည့်
ပေါ့ကွာ၊ အိမ်မှာ မောင်အေးနဲ့ သူ့ညီမ အေးခင်
က ဆရာကြီးကို လိုလေသေးမရှိအောင် ပြုစု
ကြပါတယ်”

မအေးခင် လာချပေးတဲ့ ကော်ဖီနဲ့ မုန့်ကို ဆရာ
နွံဖနဲ့ ကျုပ်နဲ့ စားကြသောက်ကြ လုပ်နေတုန်း
မှာပဲ…

“နွံဖ ပြန်ရောက်လာပြီလားကွဲ့ ”

အသားညိုညို အရပ်ထောင်းထောင်းနဲ့ ဥပဓိရုပ်
အတော်ကောင်းတဲ့ လူတစ်ယောက် ဧည့်ခန်းထဲ
ကို ဝင်လာတယ်ဗျ။ ပုဆိုးအပြာကွက်ကို အပေါ်
က ဟာဝေယံရှပ်အင်္ကျီအပြာဖျော့ချဝတ်ထား
တယ်။ ဆရာနွံဖက ဆတ်ကနဲ မတ်တတ်ထရပ်
လိုက်တော့ ကျုပ်လည်း ရောယောင်ပြီး ထရပ်
လိုက်မိတယ်။

“ပြန်လာပါပြီ ဆရာကြီး၊ ဟောဒါ ကျတော်ပြော
တဲ့ မောင်တာတေပါ ဆရာကြီး”

“သြော် ဒါ မောင်တာတေလား၊ ခုလို လိုက်လာ
တာ ဆရာကြီး အလွန်ဝမ်းသာသကွယ်၊ နွံဖက
တော့ မောင်တာတေရဲ့ သတ္တိရှိပုံကို အားကြီး
ချီးမွမ်းတာကွဲ့၊ အင်း အခုသွားရမယ်ကိစ္စက
လည်း သိပ်လွယ်လွယ်ကူကူတော့ ဟုတ်မယ်
မထင်ဘူးကွဲ့၊ မောင်တာတေလို သတ္တိကောင်း
တဲ့ လူငယ်တစ်ယောက်က ကူညီမှဖြစ်မှာ”

“ဟုတ်ကဲ့ပါ ဆရာကြီး၊ ဒီလိုကိစ္စမျိုးတွေဆိုရင်
ကျုပ်က လွှတ်စိတ်ဝင်စားတာပါဗျာ။ ဘာပဲရင်
ဆိုင်ရ ရင်ဆိုင်ရ ကျုပ် ကူညီပါမယ်”

“ဟာ နေရာကျလိုက်တာကွယ်။ကဲ ဆရာတပည့်
နှစ်ယောက် အေးအေးဆေးဆေးထိုင်ကြကွဲ့၊
ကော်ဖီ အေးအေးဆေးဆေး သောက်ကြ”

ပြောပြောဆိုဆို ဆရာကြီး ဦးမင်းအောင်က
ဧည့်ခန်းထဲက ပြန်ထွက်သွားတယ်။ မျက်နှာ
က အလွန်တည်ငြိမ်ပြီး အေးချမ်းတဲ့အသွင်
ကို ဆောင်နေတာ သိပ်ပေါ်လွင်နေတယ်။
အရပ်က ၆ ပေနီးပါးရှိပြီး ကိုယ်လုံးက ထွား
ကျိုင်းကျိုင်း၊ တောင့်တောင့်ခိုင်ခိုင်၊ တကယ့်
ကို မြန်မာပီသတဲ့ ရုပ်ရည်ပါပဲ။

ဆံပင်ကိုလည်း ဆီလိမ်းပြီး သေသေသပ်သပ်
ဖြီးထားတယ်ဗျ။ အထူးခြားဆုံးကတော့ ဆရာ
ကြီးရဲ့မျက်လုံးတွေပဲ။ နက်မှောင်ပြီး အရောင်
တောက်နေသလိုကို ထင်ရတာဗျ

ပြောပုံဆိုပုံ နေပုံထိုင်ပုံကို ကြည့်ရတာနဲ့တင်
အင်မတန် ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ပြော
စရာကို မလိုလောက်တာဗျို့။ အသက်ကတော့
၆၀ ကျော်လောက် ရှိမယ်ထင်တယ်။ ဆရာကြီး
က ကိုမောင်အေးနဲ့ မအေးခင်ကို ကျုပ်တို့ အ
တွက် အခန်းတွေလုပ်ပေးဖို့ သွားစီစဉ်ပုံရတယ်
ဗျ။ထနောင်းကုန်းရွာသား တာတေအဖို့ကတော့
အားလုံးဟာ အသစ်အဆန်းချည်း ဖြစ်နေတာ
ပေါ့ဗျာ။ ခဏနေတော့ ကိုမောင်အေး ရောက်
လာပြီး…

“ဆရာနွံဖနဲ့ ကိုတာတေတို့အတွက် အခန်းတွေ
ပြင်ပြီးပါပြီ၊ ခရီးပန်းလာလို့ နားလိုက်ကြပါလို့
ဆရာကြီးက ပြောသွားပါတယ်”

ကျုပ်နဲ့ ဆရာနွံဖကို အိမ်ကြီးရဲ့ ခေါင်းရင်းဘက်
က အခန်းကြီး နှစ်ခန်းမှာတစ်ယောက် တစ်ခန်း
ပြင်ပေးထားတာဗျို့။အခန်းကြီးတွေများ ကောင်း
လိုက်တာဗျာ။ ကျွန်းကုတင်ပေါ်မှာ အိစက်နေတဲ့
မွေ့ယာကြီးတွေနဲ့ဗျ။ တာတေဆိုတဲ့ကောင်က
ခင်ဗျားသိတဲ့အတိုင်းပဲလေ။

မန်ကျည်းပင်အောက်က သစ်သားကြမ်း ကွပ်ပျစ်
ပေါ်မှာ ဝါးပိုးခြမ်းကို ခေါင်းအုံးလုပ်ပြီး အိပ်နေတဲ့
ကောင်လေဗျာ။ ကြွားပြောတယ်လို့တော့ မထင်
ကြပါနဲ့ဗျာ။ တကယ်ပါ။ ဒီလိုအိမ်မျိုး ဒီလိုအိပ်ရာ
မျိုးမှာ တာတေ တစ်ခါမှ မနေဖူး၊ မအိပ်ဖူးပါဘူး။

အဲဒါကြောင့်လား ခရီးပန်းလာလို့လားတော့
မသိဘူးဗျို့။ အဲဒီညက တာတေ အိပ်လိုက်တာ
နောက်နေ့မနက် ဆယ်နာရီထိုးမှကို နိုးတော့
တာဗျို့။ တာတေ နိုးလာတော့ ကိုမောင်အေးက
အိပ်ခန်းဝက အဆင်သင့်စောင့်ပြီး ရေချိုးဖို့ ရေ
ခံလုံချည်၊ တဘက်၊ သွားတိုက်တံ၊ သွားတိုက်
ဆေးတွေ ပေးတယ်။ ပြီးတော့ ရေချိုးခန်းကို
လိုက်ပို့တယ်။

တာတေ ခရီးပန်းလာတာဆိုတော့ ရေကို တစ်
ဝကြီး ချိုးပစ်လိုက်တယ်ဗျ။ တာတေ ရေချိုးခန်း
က ထွက်တော့ အိပ်ခန်းထဲ ပြန်ဝင်ပြီး အဝတ်
အစားလဲပြီးတော့ …

“ကိုတာတေ ဧည့်ခန်းမှာ ဆရာကြီးနဲ့ ဆရာနွံဖ
စောင့်နေတယ်။ ကော်ဖီလည်း အေးခင်က အ
ဆင်သင့် ဖျော်ထားတယ်”

လို့ ကိုမောင်အေးက ပြောတော့ ကျုပ် သူ့နဲ့အ
တူ အိမ်ရှေ့ကို ထွက်ခဲ့တယ်

“လာကွဲ့ မောင်တာတေ ခရီးပန်းလာတော့ အိပ်
လို့ ကောင်းတယ်ထင်ရဲ့ ”

လို့ ဆရာကြီးက ပြုံးပြီး ပြောတယ်ဗျ

“လာဟေ့ တာတေ၊ ဟောဒီမှာ ကော်ဖီသောက်
ပြီးတော့ မုန့်စိမ်းပေါင်းကလေးလည်း စားလိုက်ဦး”

လို့ ဆရာနွံဖကလည်း ပြောတယ်။ တာတေ ဆ
ရာကြီးနှင့် ဆရာနွံဖရှေ့မှာ ခပ်ယို့ယို့ဝင်ထိုင်
လိုက်တယ်

“အေးကွ၊ မောင်တာတေရဲ့၊ နားမလည်တဲ့သူ
တွေကတော့ ကျုပ်တို့ကို ခပ်ကြောင်ကြောင်လူ
တွေလို့တောင် ထင်ဖို့ရှိတာပေါ့ကွာ၊ ဒါပေမဲ့ မ
ယုံမရှိနဲ့ မောင်တာတေရေ၊ ဒီလောကမှာ မှော်
ပညာဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက
ရှိခဲ့တာကွဲ့”

ကျုပ် ကော်ဖီသောက်နေတုန်းမှာ ဆရာကြီးက
ဗဟုသုတ ရစေလိုတဲ့သဘောနဲ့ ပြောပြတယ်ဗျ

“အေး အဲဒီမှော်ပညာစကတည်းက အလင်းဓါတ်
မှော်ပညာနဲ့ အမှောင်ဓါတ် မှော်ပညာ ဆိုပြီး ကွဲ
ကွဲပြားပြား ရှိခဲ့တာလေ မောင်တာတေရဲ့”

“သြော် ဟုတ်ကဲ့ပါ ဆရာကြီး”

တာတေ တစ်ခါမှ မကြားဖူးတဲ့စကားတွေကို ကြားရတာတော့ သိပ်ကို အံ့သြမိတာပေါ့ဗျာ။

“အလင်းပညာသည်တွေကတော့ လူတွေကောင်း
ကျိုးအတွက် လုပ်ဆောင်ကြတယ်။ ဘာသာ သာ
သနာကို စောင့်ရှောက်တယ်၊ ဆေးကုကြတယ်။
မကျွတ်မလွတ်ကြတဲ့ ဝိညာဉ်တွေကို လမ်း
ကြောင်းပေါ်ရောက်အောင် လုပ်ပေးကြတယ်။
ပြီးတော့ အမှောင်ပညာသည်တွေကို ဖျောင်းဖျ
ပြီး ပညာတွေ စွန့်ခိုင်းတယ်။ တစ်ချို့က ဒါကို
အထက်လမ်းလို့ ခေါ်ကြတာပေါ့ကွယ်၊ ဒါတော့
မောင်တာတေ ကြားဖူးမှာပေါ့”

“ဟုတ်ကဲ့ ကြားဖူးပါတယ် ဆရာကြီး”

“ဆရာကြီးတို့က အလင်းပညာသည်တွေ၊ အ
ထက်လမ်းပညာတွေပေါ့ကွယ်၊ အေး…အလင်း
ပညာပဲဖြစ်ဖြစ်၊ အမှောင်ပညာသည်ပဲ ဖြစ်ဖြစ်
ကိုယ်ကျင့့်စဉ်ကိုယ် စွမ်းစွမ်းတမံ ကျင့်ကြံနိုင်
ရင် ပညာခန်းမှာ အထွက်အထိပ်ကို ရောက်ကြ
တာချည်းပါပဲ။ ဒါပေမဲ့ အောက်လမ်းလို့ခေါ်တဲ့
အမှောင်ပညာသည်တစ်ယောက် ပညာခန်းမှာ
အထွတ်အထိပ်ကို ရောက်ပြီဆိုရင်တော့ တော်
တော်ကို အန္တရာယ်ကြီးတာပေါ့ကွယ်”

“ဟင် ဘာတွေများ လုပ်ကြလို့လဲ ဆရာကြီး”

“အို..ဘယ့်နှယ်မေးပါလိမ့် မောင်တာတေရယ်၊
လောကလူသားတွေဟာ လောဘသားတွေကွဲ့။
ကိုယ်လိုချင်တာ ရဖို့ဆိုရင် လူသတ်ရမှာလည်း
မကြောက်ကြဘူး၊ တစ်ဖက်သားကို ရူးအောင်
လုပ်ဖို့၊ စီးပွားပျက်အောင်လုပ်ဖို့၊ မိသားစုတွေ
ပြိုကွဲအောင် လုပ်ဖို့ ဆိုတာလောက်ကတော့
အသေးအဖွဲ့ကိစ္စလို့ကို သဘောထားတာကွဲ့”

“ဟာ ကြောက်စရာကောင်းလိုက်တာ ဆ
ရာကြီးရယ်”

“အေး အဲဒီလို လောဘဇောတက်ပြီး တစ်
ဘက်သားကို မကောင်းကြံတော့မယ်ဆိုရင်
ခုနက ပြောတဲ့ အမှောင်ပညာသည်အောက်
လမ်းပညာသည်တွေကို တိုးတိုးတိတ်တိတ်
စုံစမ်းပြီး လိုက်ရှာကြတော့တာပေါ့ကွာ။အဲဒီမှာ
သူတို့က အပူဇော်ခံ ဆရာတွေ အဖြစ်နဲ့ ကြီး
ပွားချမ်းသာကြတော့တာပေါ့လေ”

“တော်တော်ကို အန္တရာယ်များတဲ့လူတွေ
ပါလားဗျာ”

“အေး အခုခေတ်က ပိုတောင်ဆိုးလာသေးသ
ကွဲ့၊ အဖြူဝတ် အညိုဝတ်ကလေးဝတ်ပြီး အ
ထက်လမ်း ဆရာယောင်ဆောင်နေတဲ့ အောက်
လမ်းတွေတောင် ရှိနေတာ မောင်တာတေရဲ့။
အေး ကျုပ်တို့ အလင်းဓါတ်ပညာသည်တွေရဲ့အ
လုပ်က အဲဒီအောက်လမ်းကောင်တွေ၊ အောက်
လမ်းမတွေ လုပ်ထားတဲ့ ပညာတွေကို လိုက်ပြီး
ဖျက်ဆီးကြရတယ်။ ပြီးတော့ အဲဒီအောက်လမ်း
ကောင်တွေ၊ ကောင်မတွေကို မိအောင်ဖမ်းပြီး
သူတို့ပညာတွေကို စွန့်ခိုင်းရတယ်။မစွန့်ရင်တော့
ပျက်အောင် ဖျက်ပစ်ရတာပေါ့လေ။ တစ်ခါတ
လေ ခေါင်းမာတဲ့ အကောင်တွေ ကောင်မတွေ
နဲ့ တွေ့ရင်တော့ ပညာတွေကို ဖျက်ပစ်ရင်း ဒင်း
တို့ အသက်ပါ ဆုံးရှုံးကုန်ကြတာပေါ့”

ကျုပ်က ဆရာကြီးပြောတာတွေကို နားထောင်
ရင်း တွေးနေမိတယ်ဗျ။ ကျုပ်ကို အကဲခတ်နေ
တဲ့ ဆရာကြီးက…

“မောင်တာတေ ဘာများမရှင်းလို့လဲကွဲ့၊ သိချင်
တာကို ပွင့်ပွင့်လင်းလင်း မေးစမ်းပါကွာ”

ဆရာကြီးက တော်တော်ကို ပွင့်ပွင့်လင်းလင်း
ရှိတာဗျ။

“သြော် ဒီလိုပါ ဆရာကြီး၊ ဆရာကြီး ဒီပညာ
တွေကို ဘယ်မှာများ သင်ယူသလဲလို့ တွေးမိ
သွားလို့ပါဗျာ”

“အေး ကျုပ်ဆေးပညာသင်ယူနေတုန်းမှာပဲ ပ
ထမံဆရာကြီး ဦးအောင်နဲ့ ဆုံတွေ့ပြီး အထက်
လမ်းပညာတွေကိုစပြီး သင်ခဲ့တယ်။ ပထမံဆ
ရာကြီး ဦးအောင်ဆိုတာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်
ကြီးကွဲ့၊သူပြည်တော်ဝင်လာတဲ့အချိန် လူ့လော
ကထဲကို ကိစ္စရှိလို့ ပြန်လာရတဲ့အချိန်မှာ ကျုပ်
ကို သင်ပေးခဲ့တာပေါ့။ နောက်တော့ ဆရာကြီး
ရဲ့ ခိုင်းစေမှုနဲ့ပဲ ကျုပ် ကုလသမဂ္ဂရဲ့ဆရာဝန်
အဖြစ်နဲ့ နိုင်ငံတကာ လှည့်ရတယ်။ အဲဒီလို က
မ္ဘာလှည့်ပြီး ဆေးကုရင်းနဲ့ ဒီပညာတွေကို ထပ်
ပြီးဆည်းပူးခဲ့ရပြန်တယ်။ နိုင်ငံရပ်ခြားမှာလည်း
ဒီလိုပညာရှင်တွေ အများကြီး ရှိနေတာကွဲ့
မောင်တာတေရဲ့၊ကျုပ် နိုင်ငံခြားတိုင်းပြည်တွေ
လှည့်သွားလာနေရင်းနဲ့ အောက်လမ်းတွေကို နှိမ်နင်းနေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး
ကွယ်”

ကျုပ်ဖြင့် ဆရာကြီးကို ကြည်ညိုလွန်းလို့ ချက်
ချင်း လက်အုပ်ချီပြီး ကန်တော့မိတာပေါ့ဗျာ

“အေး မောင်တာတေ၊ သာဓုကွယ် သာဓု သာ
ဓု၊ ကျုပ်ကို အခုလို ဆရာလို့ သတ်မှတ်တော့
လည်း ကျုပ်က တပည့်လို့ သတ်မှတ်ပါတယ်
ကွယ်၊ သြော် ဒါနဲ့ မနက်ဖြန်ဆိုရင် ကျုပ်တို့
သုံးယောက် ခရီးထွက်ကြရမယ်နော်၊ ကျုပ်
ခရီးအတွက် အားလုံးစီစဉ်ပြီးပြီကွဲ့ မောင်
တာတေ”

“ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျုပ်ကတော့ အချိန်
မရွေး ထသွားဖို့ အဆင်သင့်ပါပဲဗျာ”

“အေး ကောင်းတယ်ကွဲ့၊ မောင်တာတေရဲ့ ဒီ
လိုစိတ်ဓါတ်မျိုးကိုမှ ဆရာကြီးကလည်း ကြိုက်
တာဗျ၊ သြော် နွံဖရေ မောင်တာတေ ရောက်
တုန်းရောက်ခိုက် ဘုရားဖူးရအောင် ရွှေတိဂုံ
ဘုရားကြီးကို ပို့လိုက်ပါဦးကွယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျတော် ပို့လိုက်ပါ့မယ်”

ဆရာကြီးက ကျုပ်ကို ပြုံးပြီးနှုတ်ဆက်တယ်။
ပြီးတော့ ထိုင်ရာကထပြီး အပေါ်ထပ်ကို တက်
သွားတယ်ဗျ

“မောင်အေးနဲ့ အေးခင်ရေ ဒီမနက်စာတော့
ကျုပ်နဲ့ မောင်တာတေကို မစောင့်နဲ့တော့ဟေ့၊
မောင်တာတေကို ဘုရားပို့ရင်း အပြင်မှာပဲ စား
ခဲ့မယ်ဟေ့၊ ညစာကျမှပဲ အိမ်မှာစားမကွယ်”

“သြော် ဟုတ်ကဲ့ပါ ဆရာနွံဖ”

လို့ မအေးခင်က ဆရာနွံဖကို ရိုရိုသေသေ ပြော
တယ်ဗျ။ ခဏနေတော့ ကျုပ်နဲ့ ဆရာနွံဖ အပြင်
ကို ထွက်ခဲ့ကြတယ်။ဘုရားကြီးဘက်ကို ဦးတည်
ပြီးတော့ပေါ့ဗျာ။

XXXX

ကျုပ်တို့ ခရီးထွက်ပြီဗျို့။

ဆရာနွံဖက ရှမ်းတိုက်ပုံနဲ့ ရှမ်းဘောင်းဘီပွပွ။
အပေါ်ကလည်း ပင်နီ၊ အောက်က ဘောင်းဘီ
ကလည်း ပင်နီနဲ့ဗျ၊ ပြီးတော့ ရှမ်းလွယ်အိတ်ကြီး
လွယ်လို့ပေါ့ဗျာ။ ဆရာကြီးကတော့ နိုင်ငံတကာ
မှာ နေလာတယ်ဆိုပေမယ့် ဘောင်းဘီတွေဘာ
တွေ ဝတ်လိမ့်မယ် မထင်နဲ့ဗျို့။

ပလေကပ်ပုဆိုးအပြာကွက်လုံချည်နဲ့ အပေါ်က
ရှပ်အင်္ကျီအဖြူ ခပ်နွမ်းနွမ်းကလေး ဝတ်လို့ဗျ။
ပြီးတော့ ဆရာကြီးကလည်း လွယ်အိတ်ကြီးတစ်
လုံး လွယ်ထားတယ်။

တာတေကတော့ သိတဲ့အတိုင်းပေါ့ဗျာ။ထနောင်း
ကုန်းသား၊ တောသားမို့လား၊ ချည်လုံချည် တစ်
ပတ်နွမ်းလေးနဲ့ ရှမ်းအင်္ကျီကလည်း ပိတ်အင်္ကျီ
ဝါတာတာလေး ဝတ်လို့ပေါ့ဗျာ။ ပထမဆုံး မော်
လမြိုင်ကို သွားကြတာဗျ။ မော်လမြိုင်ကိုရောက်
တော့ ဆရာကြီးရဲ့ တပည့်တစ်ယောက် အိမ်မှာ
တည်းကြတယ်။ ဆရာနွံဖပြောတာကတော့ ဒီလူ
ကလည်း ဆရာကြီးဆီကနေ ပညာယူထားတဲ့
တပည့်တဲ့ဗျ။ သူလည်း အဆင့်တော်တော် ရှိနေ
ပြီဆိုပဲ။

နာမည်က ကိုအေးမောင်တဲ့။ လူက အရပ်ရှည်
ရှည်၊ အသားညိုညို မျက်လုံးမျက်ခုံးကောင်း
ကောင်း၊ အသက် ၄၅ နှစ်လောက် ရှိပြီဗျ။ ဆ
ရာကြီးကိုလည်း လွှတ်ရိုသေတဲ့ဗျာ။ ကျုပ်တို့
ကို ဆရာကြီးတပည့်တွေ ဆိုပြီး တော်တော်ကို
ဂရုစိုက်ပါတယ်ဗျာ။ အဲဒီညက စားသောက်ပြီး
စကားဝိုင်းမှာ ဆရာကြီးက မေးတယ်ဗျ။

“ဘယ်လိုလဲ မောင်အေးမောင်ရဲ့၊ ဒီမှာကော
အောက်လမ်းတွေ ထသေးလားကွဲ့”

“ထပါပြီလား ဆရာကြီးရယ်၊ ဟိုတလောက
လေးတင် မိုင်ဒါကွင်းနားက ကလေးမတစ်
ယောက် ကိုယ်ဝန်ကြီး အရင့်အမာနဲ့ ကျနော်
ဆီ ရောက်လာကြတယ်။ ဒီရောက်တော့ ကျ
တော် စမ်းသပ်ကြည့်တဲ့အခါ သူ့ဗိုက်ထဲမှာ
ကလေး မဟုတ်ဘဲ မြွေတွေ အထွေးလိုက်ကြီး
လုံးနေတာ ဆရာကြီးရေ”

“ဟေ ဒါ တော်တော်အဆင့်မြင့်တဲ့ ကဝေရဲ့
လက်ချက်ပဲကွ”

“ဟုတ်ပ ဆရာကြီးရယ်၊ ကျတော်လည်း ဆရာ
ကြီး ပေးထားတဲ့ အင်းချပ်ကို သူငယ်မရဲ့ ဗိုက်
ပေါ်တင်ပြီး အပေါ်က မီးထွန်းပေးလိုက်တော့မှ
ဗိုက်ထဲက မြွေတွေ စဉ်းစဉ်းကို သေတော့တာပဲ
ဗျာ။ဒါနဲ့ ကျွမ်းကျင်တဲ့ လက်သည်မနှစ်ယောက်
ခေါ်ပြီး နောက်ဖက်က အဆောင်ထဲတင် မွေး
ခိုင်းလိုက်တာ။ မြွေမှ ငါးကောင်တောင် ဆရာ
ကြီးရေ။လုံးထွေးပြီး ခြင်းလုံးလိုကို ကျစ်နေတာ
ဗျို့။ အရွယ်ကတော့ လက်သန်းလုံးသာသာ
လောက် ရှိလိမ့်မယ်”

“အင်း …မောင်အေးမောင်ရယ်၊ ဒီကဝေတွေက
တော်တော်ကို ဆိုးတာပါကွာ။ ဒါထက် အဲဒီက
ဝေကို မင်း မခေါ်ဘူးလား”

“ခေါ်ပါပြီလား ဆရာကြီးရယ်၊ ဗမာမဟုတ်ဘူး
ဗျို့။ ယိုးဒယားဘက်ကပဲ၊ ရှမ်းလား၊ ယိုးဒယား
လားတောင် မကွဲပါဘူးဗျာ၊ ကြောက်လန့်ပြီး
သူ့ပညာတွေ စွန့်သွားလေရဲ့။ ဒီသူငယ်မ က
လေးကို သက်သက်မနာလို မရှုစိမ့်ဖြစ်ပြီး လုပ်
လိုက်တာတဲ့၊ ကဝေမပဲဗျ။ သူ့ကို ဒီပညာသင်
ပေးတာက ယိုးဒယားက ကပ္ပလီမကြီးဆိုပဲ ဆ
ရာကြီးရဲ့၊ အဲဒီကဝေမကြီးက တော်တော်ကို
အဆင့်မြင့်ဆိုပဲဗျ”

“ဘယ်လိုကွဲ့ မောင်အေးမောင်ရဲ့၊ ယိုးဒယားက ကပ္ပလီမကြီး ဟုတ်လား”

“ဟုတ်တယ် ဆရာကြီး၊ ကျတော့်ဆီမှာ ပညာ
စွန့်သွားတဲ့ ကဝေမက အဲဒီအတိုင်းပြောသွား
တာပါ ဆရာကြီး”

“ဆရာကြီးတို့ အခုလာခဲ့တဲ့ကိစ္စက အဲဒီကပ္ပလီ
မ ကိစ္စပဲ မောင်အေးမောင်ရဲ့။ မောင်အေးမောင်
မကြားသေးဘူး ထင်တယ်။ ယိုးဒယားနယ်စပ်မှာ
လူလေးယောက်ရှိပြီကွဲ့၊ အကောင်းသားကနေ
ခေါက်ကနဲ ဇက်ကျိုးပြီး သေကြတာ”

“ဟင် ဟုတ်လား ဆရာကြီး”

ကိုအေးမောင်က တအံ့တသြ မေးတယ်ဗျ။ ဆ
ရာကြီးက ကိုအေးမောင်ကို လက်ကာပြပြီး…

“နေဦး မောင်အေးမောင်၊ မအံ့သြနဲ့ဦးကွဲ့၊ အဲ
ဒီလို သေသွားတဲ့ လူတွေကို အလောင်းပြင်
ထားတဲ့အခါ ရင်ဘတ်မှာ အပေါက်ကြီး ဖြစ်နေ
ပြီး အတွင်းက အသည်းတွေ၊ နှလုံးတွေ ဘာမှ
မရှိတော့ဘူးဆိုပဲကွဲ့”

“ဟာ ကြောက်စရာကြီးပါလားဗျာ”

“အဲဒီလို ဖြစ်တော့မယ်ဆိုရင် အသုဘ အ
လောင်းစောင့်တဲ့ လူတွေက အိပ်ပျော်သလို
လှစ်ခနဲ ဖြစ်သွားကြတယ်ဆိုပဲ။ အဲဒီအချိန်က
လေးမှာ အလောင်းကိုဖောက်ပြီး နှလုံးတွေကို
နှိုက်သွားတာကွဲ့”

“ဖြစ်မှ ဖြစ်ရလေ ဆရာကြီးရယ်။ ဒါနဲ့ ယိုးဒ
ယားက ကပ္ပလီကဝေမနဲ့ ဒီကိစ္စဆိုင်နေလို့
လား ဆရာကြီး”

“ဆိုပါပြီလား မောင်အေးမောင်ရယ်၊ အဲဒါသူ
လုပ်နေတာပေါ့ကွဲ့၊ ဒီကဝေမအကြောင်း ကျုပ်
ကောင်းကောင်း ကြားဖူးပါတယ်။ အသက်က
ရာချီပြီး ရှိနေပြီကွဲ့၊ အရင်ကတော့ အာဖရိက
ဘက်မှာ ကျက်စားနေတာ။ ကျုပ် အဲဒီမှာ နေ
တုန်းက ဒီကဝေမကို လိုက်ဖူးသေးတယ်။ ဒီ
တုန်းက ကျုပ်က ပညာကလည်း ဒီလောက်မစုံ
သေးဘူး၊ ပြီးတော့ ခုလိုမျိုး တပည့်ကောင်းတွေ
ကလည်း မရှိသေးတော့ ကျုပ်တစ်ယောက်
တည်း ဘယ်လိုမှကို လိုက်လို့မရခဲ့ဘူးကွဲ့၊ သူတို့
လမ်းစဉ်က ထုံတစ်ဆင့်ကူးဖို့။ အဲ မောင်တာတေ
နားလည်အောင် ပြောရရင် အသက်ထပ်ရှည်ဖို့
ပေါ့လေ။ အချိန်အခါ ရောက်လာရင် လူသတ်ပြီး
အခုလိုမျိုး လူ့နှလုံးကို ဖောက်စားရတယ်ကွဲ့။ သူ
တို့ရဲ့ အသက်တစ်ပြန် ထပ်ရှည်ဖို့ လူ၁၃ယောက်
ပြည့်အောင် သတ်ပြီး နှလုံးကို အစိမ်းစားရတာ
တဲ့ကွ၊ ပြီးတော့ ဒီကပ္ပလီကဝေမကြီးက ဒါမျိုးလုပ်
ရင် နယ်စပ်မြို့တွေ၊ ရွာတွေမှာပဲ လုပ်လေ့ရှိတယ်
ကွ။ဒီတစ်ခါတော့ ဒင်း ကျုပ်လက်က မလွတ်တော့
ပါဘူးလေ”

ဆရာကြီးက သံလိုက်ဓါတ်အပြည့်ပါတဲ့ အသံနဲ့
ခပ်အေးအေးပဲ ကြုံးဝါးတယ်ဗျ။ ကျုပ်ဆိုတာ
ကြက်သီးတွေတောင် တဖျန်းဖျန်း ထသွားတော့
တာဗျို့။ တာတေဆိုတဲ့ ကောင်က သတ္တိရှိတယ်
သာ ဆိုတယ်။ ကြက်သီးကတော့ တဖျန်းဖျန်း
ထတဲ့ကောင်ဗျ။

“ဒါဆို ဆရာကြီးတို့ ဘယ်တော့ တောင်ပေါ်
တက်ကြမှာတုံး”

လို့ ကိုအေးမောင်က မေးတယ်ဗျ။ နယ်စပ်မြို့
တွေက တောင်ပေါ်မှာ ရှိတာဆိုတော့ အဲဒီမြို့
တွေကိုသွားရင် တောင်ပေါ်တက်တယ်လို့ အဲ
ဒီဒေသမှာ သုံးတာဗျ

“အချိန်မဆိုင်းဘူး မောင်အေးမောင်၊ မနက်ဖြန်
ဆို ကျုပ် ခရီးဆက်မယ်”

“ဟာ ဒါဆို ဆရာ့တပည့်အေးမောင်၊ မနက်ဖြန်
ဆို လိုက်ပါရစေ ဆရာ၊ ဒီလိုပွဲမျိုးကို ဆရာကြီး
နဲ့အတူ နွှဲခွင့်ပေးပါဗျာ”

“အေး …ကောင်းတာပေါ့၊ မောင်အေးမောင်ရဲ့။
မင်းပါတော့ ကျုပ်မှာ ပိုပြီးအားရှိတာပေါ့၊ နွံဖ
ရယ် မင်းရယ်ဆိုရင် ကျုပ်မှာ အားပြည့်သွား
တာပေါ့”

“ဟာ နေရာကျလိုက်လေ ဆရာကြီးရယ်၊ ဒါဆို
မနက်ဖြန် ခရီးဆက်ဖို့ ကျတော် အားလုံးစီစဉ်
လိုက်ပါ့မယ်၊ ဆရာကြီးတို့၊ ဆရာနွံဖတို့၊ မောင်
တာတေတို့ အေးအေးဆေးဆေး အနားယူကြ
ပါဗျာ”

XXXXX

ဆရာကြီးရယ်၊ ဆရာနွံဖရယ်၊ ဆရာကိုအေး
မောင်ရယ်၊ ကျုပ်ရယ် မြဝတီမြို့မှာ စခန်းချပြီး
နယ်စပ်တစ်လျှောက်က မြို့ရွာတွေကို လူလွှတ်
ပြီး စုံစမ်းကြတယ်။ ဒီကိစ္စမျိုး ဖြစ်သွားခဲ့တာ
လေးနေရာရှိတာ ဟုတ်တယ်။ ကျုပ်တို့ စခန်းချ
တဲ့ နေရာက ဆရာနွံဖဆီကို ရောက်လာပြီး ဆ
ရာ လာရှာတဲ့ လူတွေရဲ့ ခြံဝင်းကြီးထဲမှာဗျ။

အဲဒီလူတွေရဲ့ အစီအစဉ်နဲ့ပဲ လူလွှတ်ပြီး သ
တင်းထောက်လှမ်းနေရတာလေ။ ကျုပ်တို့
ရောက်တာ တစ်ပတ်ကျော်လာပြီ။ အခုထိ
တော့ ဒီကိစ္စမျိုး ထပ်မဖြစ်သေးဘူးဗျို့။ ကျုပ်
တော့ အိပ်လိုက် စားလိုက်နဲ့ ပျင်းတောင် ပျင်း
လာပြီဗျာ။ ဆရာကြီးက အပြင်လည်း ထွက်
လည်ပတ်ခွင့်မပေးဘူးဗျ။ ဒီလိုနဲ့ ခြံဝင်းကြီးထဲ
မှာနေရင်း သတင်းစောင့်နေကြတာပေါ့ဗျာ

ဆရာကြီးရယ်၊ ဆရာနွံဖရယ်၊ ဆရာကိုအေး
မောင်ရယ်ကတော့ ပုတီးစိပ် တရားထိုင်လုပ်
နေတာ။ တစ်နေကုန်ပဲဗျို့။ ညတောင် အိပ်ကြ
ရဲ့လား မသိဘူးဗျ။ အဲ ထူးတော့ ညဘက်ကြီး
ဗျ။ ည ရှစ်နာရီလောက် ရှိပြီ သတင်းထောက်
လှမ်းတဲ့ လူတစ်ယောက် ခြံထဲကို ပြေးဝင်လာ
တယ်။ ဆရာကြီးဆီကို အရောက်လာပြီး မော
ကြီးပန်းကြီး ပြောတော့တာပဲဗျို့

“ဆရာကြီး ဖြစ်ပြီဗျို့၊ ဖြစ်ပြီ၊ မြို့အနောက်ဘက်
က ရွာကလေးမှာဗျ၊ အဲဒီမှာက ယိုးဒယားနဲ့ မွန်
တွေချည်းနေတာ။ ညနေလေးနာရီလောက်မှာ
လူငယ်တစ်ယောက်ပဲဗျ။ အဲ ဟောဒီသူငယ်
လောက်ရှိတဲ့ လူငယ်တစ်ယောက်ပေါ့ ရုတ်တ
ရက်ကြီး ဇက်ကျိုးပြီး သေသွားတယ်ဗျ”

သတင်းယူလာတဲ့လူက တာတေဘက်ကို လက်
ညှိုးကြီးနဲ့ ထိုးပြီး ပြောတာဗျို့။ ကျုပ်ဆိုတာ
ကြက်သီးတွေ ဖျန်းခနဲကို ထသွားရောဗျာ။

“အဲဒါ ရွာကလူတွေ အခုပဲ အလောင်းပြင်ပြီး
သွားကြတယ်။ သူတို့လည်း သိတယ်ဆရာကြီး
ရဲ့။ ဒီည အလောင်းရဲ့ နှစ်လုံးကို အထုတ်ခံရ
မယ်ဆိုတာ။ အဲဒါ ရွာရှိယောက်ျားတွေ အကုန်
စောင့်ဖို့ သူကြီးက ဆော်သြနေလေရဲ့”

“ကဲ အချိန်ကျပြီ နွံဖတို့ အေးမောင်တို့ တာတေ
တို့ သွားကြစို့ဟေ့”

အားလုံး လွယ်အိတ်တွေကိုယ်စီလွယ်ပြီး ဆရာ
ကြီးက ရှေ့ကထွက် ကျုပ်တို့က နောက်က
လိုက်ကြပေါ့ဗျာ။ ကျုပ်ကတော့ လွယ်အိတ်မပါ
ပါဘူး၊ လူချည်းပါပဲ။ သတင်းလာပို့တဲ့လူက ရှေ့
က လမ်းပြတယ်ဗျ။ မဝေးပါဘူးဗျာ။ နာရီဝက်
လောက် ခပ်ပြင်းပြင်း လျှောက်လိုက်တယ်ဆို
ရင်ပဲ အဲဒီရွာကို ရောက်တာဗျ။

ရွာကတော့ အကြီးသားဗျ။ အိမ်ခြေလည်း နည်း
မယ်မထင်ဘူး။ အသုဘအိမ်ရောက်တော့ ဝင်း
ကြီးထဲမှာ အောက်လမ်းဓါတ်မီးတွေ ထွန်းလို့။
သေတဲ့လူငယ်ရဲ့ မိဘတွေက ပစ္စည်းရှိပုံပဲ။ခြေ
တံရှည် အိမ်ကြီးကလည်း တော်တော်ကြီးသား
ဗျ။ အိမ်အောက်က ကွပ်ပျစ်တွေပေါ်မှာ ယော
က်ျား အယောက် ၅၀ ကျော်လောက်စုပြီး ထိုင်
နေကြလေရဲ့။ ဆရာကြီးရဲ့ သတင်းကို ကြိုပြီး
ပြောထားပုံရတယ်ဗျ။ ကျုပ်တို့လည်း ခြံဝိုင်းထဲ
ရောက်ရော အိမ်ရှင်တွေက မျက်ရည်ကလေး
တစမ်းစမ်းနဲ့ ကြိုရှာပါတယ်ဗျာ။

“ကဲ သန်းခေါင်ဆိုရင် ဒီမကောင်းဆိုးဝါးမကြီး
လာမှာ အသေအချာပဲဗျ။ ဒီတော့ အားလုံး
ကျုပ်ပြောသလိုလုပ်ပါ”

” ဟုတ်ကဲ့ ဆရာကြီး၊ အမိန့်ရှိတဲ့အတိုင်း ကျုပ်
တို့ လုပ်ပါမယ်”

လူငယ်ရဲ့အဖေဖြစ်ပုံပေါ်တဲ့ လူကြီးက ဆရာ
ကြီးကို ရိုရိုသေသေ ပြောတယ်ဗျ။ ဆရာကြီးက
အိမ်ပေါ်ထပ်ကနေပြီး ခြံဝင်းကြီးရဲ့ အနောက်
ဘက်မှာ ပြင်ထားတဲ့ အလောင်းစင်ကို လှမ်း
ကြည့်တယ်ဗျ။သူတို့ဒေသဓလေ့ ထင်ပါရဲ့။ ဝါး
တိုင်လေးတိုင်နဲ့ ကုတင်ပုံစံလုပ်ပြီး အလောင်း
ရဲ့ခေါင်းရင်းဘက်မှာတော့ ခုံမြင့်ကလေးတစ်
လုံးနဲ့ သောက်ရေခွက်တစ်လုံး၊ ထမင်းတစ်ပွဲ
ပြင်ပြီး တင်ထားလေရဲ့၊ အလောင်းကိုတော့
စောင်ကြားကြီးတစ်ထည်အုပ်ထားလို့ မျက်နှာ
ကို မတွေ့ရဘူးဗျ။ အလောင်းက စင်ပေါ်မှာ
စန့်စန့်ကြီးပေါ့ဗျာ။

“ကဲ မောင်တာတေ သေသေချာချာ နားထောင်
နော်၊ ဆရာကြီး မင်းကိုပြောပြမယ်”

ဆရာနွံဖရော ကိုအေးမောင်ရော ကျန်တဲ့ရွာ
သားတွေရော ဆရာကြီး ပြောတာကို နားစွင့်
နေကြတယ်ဗျို့။

“ဒီကပ္ပလီကဝေမကြီးက ပညာအဆင့် တော်
တော်ကို မြင့်တဲ့ လူသားစားကဝေမကြီးကွဲ့။
ကမ္ဘာအရပ်ရပ်မှာ လှည့်ပတ်နေထိုင်နေတာ၊
အသက်ကလည်း ရာချီနေပြီ။ ဒီတော့ ဒီက
ဝေမကြီးက ရောက်လာရင် မြင်ရမှာ မဟုတ်
ဘူး၊ သေချာတယ်။ ဒီတော့ နွံဖက မောင်တာ
တေကို မျက်ကွင်းဆေး ကွင်းပေးလိုက်။ ပြီး
ရင် အလောင်းကို အိမ်အောက်ထပ်ကို ရွှေ့
ပြီး သေသေချာချာ ဝှက်ထားကြ။ အလောင်း
စင်ပေါ်ကို မောင်တာတေက တက်နေရမယ်။
အလောင်းနဲ့တူအောင် နေပေတော့ မောင်
တာတေ။ ဘာမှမကြောက်နဲ့နော်၊ ဆရာကြီး
ရှိတယ်။ နွံဖတို့ ကိုအေးမောင်တို့လည်း ရှိ
တယ်၊ မင်းဘာမှမဖြစ်နိုင်ဘူး။ ကဲ ခင်ဗျားတို့
က ညနေက အလောင်းပြင်တဲ့အတိုင်း မောင်
တာတေကို ပြင်ကြပေတော့”

ဆရာကြီးရဲ့ စကားဆုံးတာနဲ့ ယောက်ျားနှစ်
ယောက် သုံးယောက်က ကျုပ်ကို သနပ်ခါးတွေ
ဖွေးနေအောင် လိမ်းတော့တာပဲဗျို့။ ပြီးတော့
ကျုပ်ခေါင်းမှာ ဆံပင်တွေ စုစည်းပြီး ခေါင်ရမ်း
ပန်းအနီကြီး တစ်ပွင့် ပန်ပေးကြတယ်။ မှန်မ
ကြည့်ပေမယ့် ကျုပ် သိပါတယ်။ ကျုပ်မျက်နှာ
ဟာ တကယ့်ကို အသုဘကြီးနဲ့ တူနေမှာပါဗျာ
ဆရာနွံဖကလည်း ကျုပ်ကို မျက်ကွင်းဆေး
ကွင်းပေးတယ်ဗျ

“ကဲ မောင်တာတေ ပြီးရင် မင်းနဲ့ အလောင်းနဲ့
လဲမယ်ဟေ့၊ မင်းနားထောင် မောင်တာတေ၊
ညသန်းခေါင်ဝန်းကျင်မှာ ကပ္ပလီကဝေမကြီး
လာလိမ့်မယ်ကွ၊ မင်းက အလောင်းယောင်
ဆောင်ရင်းကနေ မျက်စိကလေး မပွင့်မပွင့်
လုပ်ပြီး ကြည့်နေ သိလား၊ ဒီဟာမကြီးက
လက်ကြီးမြှောက်ပြီး မင်းနှလုံးကို ဖောက်မယ်
အလုပ်မှာ အလောင်းစင်ပေါ်ကနေ အောက်
ကို လှိမ့်ချလိုက်။ ပြီးရင် ကျုပ်တို့နောက်မှာ
မောင်တာတေက ဝင်ရပ်ပေတော့။ ပြီးတော့
မင်းတွေ့သမျှတွေ ဆရာကြီးကို ပြောပြပေ
တော့ကွဲ့။ကျုပ်တို့က သူ့ကို မြင်ရမှာ မဟုတ်
ဘူး၊ မောင်တာတေကသာ မျက်ကွင်းဆေး
ကွင်းထားလို့ မြင်ရမှာမို့လား၊ ခက်တာက
အဲဒီမျက်ကွင်းဆေးက ဆရာတွေ မကွင်းရ
ဘူးကွဲ့။ ဒါကြောင့် မောင်တာတေကို ခေါ်
ခဲ့ရတာပေါ့၊ ဒီမှာ မောင်တာတေ ကပ္ပလီ
မကြီး ရှိတဲ့နေရာကို လက်ညှိုးနဲ့သာ တည့်
တည့်ထိုးပြပေတော့။ ပြီးတော့ ဒီကောင်မ
ဘာလုပ်တယ်ဆိုတာ ဆရာကြီးကို မြန်မြန်
ဆန်ဆန်ပြော ဟုတ်လားကွဲ့”

“ဆရာကြီး ဒီကဝေမကြီး ထွက်ပြေးသွားရင်
ဘယ်လိုလုပ်မလဲဗျ”

“ဟာ မောင်တာတေ မပူနဲ့၊ ဆရာကြီးက ‘က
ဝေထောင်ချောက်’အင်းကြီးကို အလောင်းစင်
ဘေးမှာ ချထားမှာ၊ မောင်တာတေ လှိမ့်ချ
လိုက်တာနဲ့ ကျုပ်က မန္တန်တစ်ခုကို ရွတ်လိုက်
ရင် အင်းက ချက်ချင်းအသက်ဝင်လာပြီး ဒီက
ဝေမ ထွက်မပြေးနိုင်တော့ဘူးကွဲ့”

“သြော် ဒီလိုလား၊ ကဲ ကျုပ်တော့ အဆင်သင့်
ဖြစ်ပါပြီ ဆရာကြီး”

“အင်း မောင်တာတေ၊ မင်းရဲ့သတ္တိကိုတော့
ဆရာကြီး ချီးမွမ်းပါရဲ့ကွယ်။ ဒါကြောင့်လည်း
မင်းကို နွံဖက အားကြီးချီးမွမ်းတာကိုး။ ကဲ ခင်
ဗျားတို့ ရွာသားတွေ အလောင်းကို ရွှေ့ကြပေ
တော့။ ပြီးတော့ အလောင်းကို လုံအောင် ဝှက်
ကြနော်၊ နည်းနည်းမှ ခြေရာ လက်ရာ မပျက်
ကြစေနဲ့”

“ဟုတ်ကဲ့ပါ ဆရာကြီး”

လို့ ရွာသားတွေက ပြောပြီး အလောင်းစင်ပေါ်
က အလောင်းကြီးကို အိမ်ထဲရွှေ့သွားကြရော
ဗျို့။ ကျုပ်လည်း အောက်ထပ်ဆင်းပြီး အ
လောင်းစင်ပေါ်ကို အသာကလေးတက်၊ စန့်
စန့်ကလေး လှဲချလိုက်ရတော့တာပေါ့ဗျာ။
သနပ်ခါးဖွေးဖွေးကြီးနဲ့ ခေါင်ရမ်းပန်းအနီကြီး
ပန်ထားတဲ့ ကျုပ်မျက်နှာဟာ ဘယ်လိုကြည့်
ကြည့် အလောင်းကောင်ကြီးနဲ့ တူနေမှာပါဗျာ

အလောင်းစင်ရဲ့ ခေါင်းရင်းမှာ ဝါးတိုင်ကလေး
စိုက်ပြီး ထွန်းထားတဲ့ ရေနံဆီမှန်အိမ်ကလေး
ရဲ့ အလင်းရောင်ဖျော့ဖျော့အောက်မှာဆိုတော့
အလောင်းပြင်ထားတဲ့ အတိုင်းပေါ့ဗျာ။ ဘယ်
သူက ရိပ်မိတော့မှာလဲ။

ကျုပ်ကိုလည်း အလောင်းကောင်ကို လုပ်သ
လိုပဲ မုဒုံစောင်ပါးကလေးတစ်ထည် လွှမ်းထား
လိုက်ကြတယ်ဗျ။ ဒါပေမဲ့ ဆရာကြီးက မသိမ
သာ စောင်မှာ အပေါက်ကလေးတွေ ဖောက်
ပေးလိုက်တယ်။ ကျုပ် နှာခေါင်းပေါက်မှာ တစ်
ပေါက်၊ မျက်စိတည့်တည့်မှာ နှစ်ပေါက်ဗျ။ကျုပ်
အသက်ရှုဖို့လည်း မခက်ဘူးပေါ့ဗျာ။

အပြင်ကိုလည်း အပေါက်ကလေးကနေ ချောင်း
ကြည့်လို့ရတာပေါ့။ အင်းချတယ်ဗျ။ ဆရာကြီး
ပါးစပ်က မန္တန်ရွတ်တဲ့ အသံကို ကျုပ်က အ
လောင်းစင်ပေါ်ကနေ ကြားနေရတယ်

“ကဲ မောင်တာတေရေ၊ ကျုပ်တော့ ကဝေ
ထောင်ချောက်အင်းကြီးချပြီးပြီကွဲ့၊ ဘာမှ
မကြောက်နဲ့နော်၊ ဆရာကြီးပြောတဲ့ အတိုင်း
သာ လုပ်ပေတော့ ဟုတ်ရဲ့လား”

အလောင်းကြီးလို စန့်စန့်ကြီး အိပ်နေတဲ့ ကျုပ်
ကို ဆရာကြီး အလောင်းစင်ဘေးကနေကပ်ပြီး
ခပ်တိုးတိုးပြောပြီး ထွက်သွားတယ်ဗျို့။

အလောင်းစင်မှာ ခင်ထားတဲ့ ဝါးကြမ်းခင်းက
မညီမညာဆိုတော့ ကျောက အောင့်သလို
ဖြစ်လာရောဗျို့။ ဒါပေမဲ့ ကျုပ်ပေခံရတာပေါ့
ဗျာ။ စောင်ပေါက်ကလေးတွေကနေ ကျုပ် အ
ပြင်ကို ချောင်းကြည့်တယ်ဗျ

အိမ်အောက်က ကွပ်ပျစ်မှာ လူတွေ ဆယ်
ယောက်တစ်ဝိုင်းလောက် ဝိုင်းပြီး ပိုကာဆွဲ
နေကြတယ်ဗျ။ အောက်လင်းဓါတ်မီးရောင်က
ထိန်နေတာလေ။ အဲ ကျုပ်ရှိတဲ့ အလောင်း
စင်မှာသာ မှန်အိမ်ကလေး ထွန်းထားတာဆို
တော့ မှိန်ပျပျကလေးပေါ့ဗျာ။

ဆရာကြီးတို့ကိုတော့ မတွေ့တော့ဘူးဗျ။
ကျုပ်က မလှုပ်မယှက်ငြိမ်နေရတော့ ညောင်း
လာတာပေါ့ဗျာ။ ဒီတော့ အညောင်းပြေအောင်
ခြေထောက်ကို ဆန့်ထုတ်လိုက်တော့ ပိုပြီး
တောင့်တောင့်ကြီး ဖြစ်လာတော့ အလောင်း
ကြီးနဲ့ ပိုတူနေတာပေါ့ဗျာ။

နာရီဝက်လောက်ကြာတော့ အေးလာပြီဗျို့။
အအေးဓါတ်ဝင်လာပြီပေါ့။ ညနက်လာပြီလေ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ဝူး”

ဟော ခွေးအူသံတွေဗျို့။ ရွာအနောက်ဘက်
က ကြားတာဗျ

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ဖျန်း ဖျန်း ဖျန်း”

ခွေးအူသံတွေက တဖြည်းဖြည်း နီးလာတယ်ဗျ။
သစ်ပင်ပေါ်က ညအိပ်ငှက်တွေတောင် လန့်ပြီး
ထပျံကုန်ကြတယ်။ ကျုပ်စောင်အပေါက်ကလေး
ကနေ အိမ်ထဲကို ချောင်းကြည့်လိုက်တယ်။

ဟာ အံ့သြစရာပဲဗျာ။ အောက်လင်းဓါတ်မီးကြီး
တွေ တထိန်ထိန်နဲ့ ဖဲရိုက်နေတဲ့လူတွေ အသံ
တိတ်သွားပြီး ခေါင်းငိုက်စိုက်ကြီးတွေကျပြီး
အိပ်ကုန်ကြပြီဗျို့။ ဆရာကြီးတို့သုံးယောက်
လည်း အိမ်ပေါ်က ပြေးဆင်းလာပြီး အလောင်း
စင်နဲ့ မလှမ်းမကမ်းက သစ်ပင်ကြီးတွေနောက်
ကို ဝင်ပြီး ပုန်းလိုက်ကြပြီဗျို့။

တာတေဆိုတဲ့ ကျုပ်ကလည်း သတ္တိရှိပါတယ်
ဆိုမှ ထလိုက်တဲ့ ကြက်သီးတွေဗျာ ဖျန်းခနဲ
ဖျန်းခနဲ နေတာပဲဗျို့။

ဟော လေမတိုက်ဘဲနဲ့ သစ်ရွက်တွေ တရှဲရှဲ လှုပ်နေပါရောလား။ကျုပ် စောင်ပေါက်ကလေး
က ချောင်းကြည့်နေတယ်။ မျက်တောင်တစ်
ချက်တောင် မခတ်ရဲဘူးဗျို့။ ကျုပ် တစ်ချက်
လစ်သွားတာနဲ့ ကျုပ်ရင်ဘတ်ထဲက နှလုံးကြီး
ပါသွားမှာလေဗျာ။

ဟာ အမယ်လေး၊ ဘုရား၊ ဘုရား၊ ခြံဝင်းထဲကို
ဝင်လာပြီဗျို့။ ဟုတ်ပဗျာ။ ဆရာကြီးပြောတဲ့အ
တိုင်း ကပ္ပလီမ မည်းမည်းကြီးပဲဗျ။ အရပ်က
ခုနှစ်ပေလောက် ရှိမယ်ထင်တယ်။ ဆံပင်ဖား
လျားကြီးချလို့ဗျို့။ မျက်လုံးကြီးတွေက မီး
တောက်နေသလား ထင်ရတယ်။ ဝတ်ထား
တာက ဂါဝန်ကြီးဗျ။ ထဘီ မဟုတ်ဘူး။ ဂါဝန်
ကြီးကလည်း စုတ်ပြဲနေတာဗျ။ အလောင်းစင်
ဘက်ကို လျှောက်လာရင်း တုံ့ခနဲ ရပ်သွား
တယ်ဗျ။ အိမ်ထဲက ငုတ်တုတ်အိပ်နေတဲ့
လူတွေကို တစ်ချက် လှမ်းကြည့်တယ်။

“ဟီး ဟီး ဟီး ဟီး ဟီး”

ဟာ ကပ္ပလီကဝေမကြီးက တဟီးဟီးရယ်နေ
သေးတယ်ဗျ။ ပြီးတော့မှ ကျုပ်ရှိတဲ့ အလောင်း
စင်ကို တစ်ချက်လှမ်းကြည့်တယ်။

“ဒုံး ဒုံး ဒုံး ဒုံး”

အောင်မယ်လေးဗျာ၊ အရေးထဲကျမှပဲ ကျုပ်နှ
လုံးကလည်း ခုန်နေလိုက်တာ။ ကဝေမကြီး
ကြားသွားမှဖြင့် မတွေးဝံ့စရာပါပဲ။ ဘုရား။
ဘုရား။ လာပြီဗျို့။ ကျုပ်ဆီကို လာနေပြီ။
အမယ်လေး ကျုပ်ဘေးကို ရောက်လာပြီဗျ။

မျက်လုံးပြူးကြီးနဲ့ ကျုပ်ကို ငုံ့ကြည့်နေတယ်။ ကျုပ်ကိုယ်ပေါ်က လွှမ်းထားတဲ့ စောင်ကို ဆွဲပြီး
ဖယ်ပစ်လိုက်တယ်။ ကျုပ်ဆိုတာ အသက်ကို
လုံးဝမရှုရဲဘူးဗျို့။ အခုနေဆိုရင် ဒီကဝေမကြီး
ဟာ ဆရာကြီး ချထားတဲ့ ကဝေထောင်ချောက်
အင်းကြီးထဲကို ရောက်နေမှာပဲလို့ ကျုပ် အလု
အယက် တွေးလိုက်မိတယ်ဗျ

ဟော မျက်လုံးကြီးတွေ ပိုပြီးပြူးလာတယ်ဗျို့။
ဟာ ခေါင်းကြီးကို အပေါ်မော့ပြီး ပါးစပ်ကနေ
ဘာတွေလည်း မသိဘူးဗျာ ရွတ်နေလေရဲ့။
အလို လက်ကြီးတစ်ဖက် လေထဲကို မြောက်
တက်သွားပြီဗျို့။ ကျုပ်နှလုံးကို ဖောက်ထုတ်
တော့မယ်။ ဖောက်ထုတ်တော့မယ်၊ ကဲ ဆရာ
ကြီးပြောတဲ့ အချိန်ရောက်ပြီ။ ကဲဟာ ကျုပ်အ
လောင်းစင်ဘေးကို လှိမ့်ချလိုက်ပြီဗျို့။

“ဘုတ်”

ကျုပ်မြေကြီးပေါ်ကို ဘုတ်ခနဲ အကျမှာ ဆရာ
ကြီး ပြေးထွက်လာပြီးတော့ အလောင်းစင်ဘေး
ကို လက်ညှိုးနဲ့ ထိုးပြီး မန္တန်တစ်ခုကို အသံ
အောင်အောင်ကြီးနဲ့ ရွတ်တော့တာပဲဗျာ။ ကျုပ်
လည်း မြေကြီးပေါ်က ကပျာကယာ လူးလဲထ
ပြီး ဆရာကြီးနောက်ကို ကပ်လိုက်တယ်။ ဆရာ
နွံဖနဲ့ ဆရာကိုအေးမောင်လည်း ပြေးထွက်လာ
ကြပြီး ဆရာကြီးရဲ့လက်ဝဲနဲ့ လက်ယာမှာ ရံ
လိုက်ကြတယ်။ ကျုပ်တာဝန်က ကဝေမကြီး
ကို ကြည့်ပေးရမှာလေဗျာ။

“မောင်တာတေ ပြောလေ”

“ဟုတ်ကဲ့ ဆရာကြီး၊ ဆရာကြီးတို့ကို မျက်လုံး
ပြူးကြီးနဲ့ ကြည့်ပြီး လက်ထဲက တစ်ခုခုနဲ့ ပစ်
ဖို့ လုပ်နေတယ်ဗျ။ ပါးစပ်နားကို လက်ကိုကပ်
ပြီး ပွစိ ပွစိနဲ့ ရွတ်နေတယ်ဗျို့။ ဟော ပစ်တော့
မယ် ပစ်တော့မယ်၊ ပစ်ပြီ ဆရာကြီးရေ”

ဟာ ကဝေမကြီးရဲ့ လက်ထဲက ဝင်းဝင်း ဝင်း
ဝင်းနဲ့ အရောင်တွေ လက်သွားပြီ။အလင်းစက်
ကလေးတစ်ခု ပြေးထွက်လာတယ်ဗျ။ ဆရာ
ကြီးကလည်း လက်ထဲမှာ အသင့်ကိုင်ထားတဲ့
အင်းချပ်တစ်ခုနဲ့ ပစ်လိုက်တာ ကွက်တိပဲဗျို့။
လွင့်ထွက်လာတဲ့ အလင်းစက်ကို တိုက်ရိုက်
သွားထိပြီး…

” ဝုန်း”

ဆိုတဲ့ အသံကြီး မြည်သွားတယ်ဗျို့။ မီးခိုးတွေ
လို မြူတွေလို အခိုးတွေတောင် ထွက်သွားပြီး
ကဝေမကြီး ဖင်ထိုင်ရက် လဲကျသွားရောပေါ့
ဗျာ။ ကျုပ်မြင်တာတွေ ဆရာကြီးတို့ကို အကုန်
ပြောပြနေရတာပေါ့ဗျ။

“ဟော ပြန်ထလာပြီ ဆရာကြီးရေ၊ ဒီတစ်ခါ
တော့ သူ့ဆံပင်တွေကို ဆွဲနှုတ်လိုက်တယ်ဗျို့။
ဟော ပါးစပ်မှာ မန်းမှုတ်နေပြီ”

“ဟာ ဒါ သူ့ကိုယ်တွေ ခွဲထုတ်တော့မှာကွ။
သူရှိတဲ့နေရာကို လက်ညှိုးတည့်တည့်ထိုးပြ
စမ်း မောင်တာတေ”

“ဟိုမှာ ဆရာကြီး”

ကျုပ်က ကဝေမကြီးကို လက်ညှိုးနဲ့ တည့်တည့်
ထိုးပြလိုက်တယ်

“ကဲ နွံဖနဲ့ အေးမောင် အချိန်မရှိဘူး၊ ကဝေ
သက်ဖြတ်အင်းတော်ကြီးနဲ့ ပြိုင်တူပစ်ရမယ်
မြန်မြန်ထုတ်ကြ”

“ဟုတ်ကဲ့ ဆရာကြီး”

ဆရာနွံဖရော ဆရာကိုအေးမောင်ရော အင်းချပ်
ကိုယ်စီ ကိုင်ပြီး ကျုပ်လက်ညှိုးထိုးထားတဲ့နေ
ရာကို စိုက်ကြည့်နေကြတယ်ဗျို့။ ဆရာကြီးက
မန္တန်တစ်ခုကို ရွတ်လိုက်ပြီး…

“ပစ်ကြဟေ့”

လို့ အော်ရင်း သူကိုယ်တိုင်လည်း ပစ်တယ်။
ဆရာနွံဖနဲ့ ဆရာကိုအေးမောင်ကလည်း ဆ
ရာကြီးနဲ့ ပြိုင်တူပစ်ကြတာဗျို့။

“ဝုန်း”

“အောင်မယ်လေး၊ ဘုရား၊ ဘုရား”

ကျုပ်တောင် ဘုရားတ,မိလေဗျာ၊ စောစောက
အသံထက် ဆယ်ဆလောက်ကျယ်တဲ့ အသံ
ကြီးဗျို့။ မီးခိုးတွေဆိုတာ မှောင်သွားတာပဲဗျ။
ကျုပ်လည်း ဘာမှကို မမြင်ရတော့ဘူးဗျို့။

ကျုပ် အံ့သြတာက တစ်ခုတော့ ရှိတယ်ဗျ။
ကဝေမကြီးနဲ့ ဒီလောက်တိုက်ခိုက်နေတာ
တောင် ငုတ်တုတ်အိပ်ပျော်နေတဲ့ လူတွေ
တစ်ယောက်မှကို မနိုးတာပဲဗျို့။ မီးခိုးတွေ
တဖြည်းဖြည်းပျယ်သွားတော့ ကျုပ်ဖြင့် အံ့
သြလိုက်တာဗျာ။ ကဝေမကြီး မတွေ့တော့
ဘူးဗျို့။ ဒါနဲ့ ကျုပ် လန့်ပြီး လိုက်ရှာလိုက်
တော့ ကျုပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါ
မှ တွေးတောင် မတွေးဖူးတဲ့ အဖြစ်ပါပဲဗျာ။

“ဟာ ဟိုမှာ ဆရာကြီး၊ ဟိုမှာ မြေကြီးပေါ်မှာ
လဲနေတယ်ဗျို့။ အမယ်လေးဗျာ၊ တစ်ထွာ
ထွာသာသာလောက်ကလေး ဖြစ်သွားပြီဗျို့”

“ဟာ အေး ဟုတ်တယ် မောင်တာတေရေ၊
ကျုပ်တို့ မြင်ရပြီဟေ့။ အင်း ဇီဝိန်ချုပ်သွားပြီ
ဟေ့။ အဲဒါ’ကဝေရုပ်ကြွင်း’လို့ ခေါ်တယ်ကွဲ့။
အင်မတန် အစွမ်းထက်ပါပြီလားကွယ်၊ အဲဒီ
တစ်ထွာသာသာလောက်ရှိတဲ့ ကဝေရုပ်ကြွင်း
ကို မီးကင်ပြီး စားလိုက်ရင် အဲဒီကပ္ပလီကဝေ
မကြီးရဲ့ ပညာအဆင့်ကို ချက်ချင်းရသွားရော
ကွဲ့။ အေး ဘာနဲ့တူလဲဆိုတော့ တို့မြန်မာတွေ
ပြောလေ့ရှိတဲ့ ဇော်ဂျီဖိုဝင်သားလိုပေါ့ကွယ်။
ကဲ နွံဖ သွား၊ ကဝေရုပ်ကြွင်းကို ကောက်ယူ
လိုက်တော့”

ဆရာနွံဖက ဆရာကြီးအမိန့်အတိုင်း ‘ကဝေ
ရုပ်ကြွင်း’ကလေးကို ကောက်ယူလိုက်တယ်
ဗျ။ အောင်မလေးဗျာ။ ကျုပ်ဖြင့် လန့်ကိုသွား
ရောဗျို့။ ကပ္ပလီကဝေမကြီးရဲ့ ပုံစံအတိုင်းပဲ
ဗျာ။ သူဝတ်ထားတဲ့ ဂါဝန်အစုတ်ကြီးလည်း
ဝတ်လို့ဗျို့။ ဆံပင်ကလည်း ဖားလျားကြီး ချ
လို့ဗျ။ မျက်စိတွေကတော့ မပြူးတော့ဘူးဗျ။

ပိတ်နေပြီ။ အရပ် ၇ပေလောက် ရှိတဲ့ ကဝေမ
ကြီးကဗျာ တစ်ထွာလောက်ရှိတဲ့ အရုပ်ကလေး
အရွယ် ဖြစ်သွားတာ။ ကျုပ်ဖြင့် အံ့သြလိုက်တာ
မပြောပါနဲ့တော့ဗျာ။

‘ကဝေရုပ်ကြွင်း’ကလေးကို ဆရာနွံဖက ဆရာ
ကြီးကို အပ်တယ်။ ဆရာကြီးက လွယ်အိတ်ထဲ
က သတင်းစာစက္ကူတစ်ရွက် ထုတ်ပြီး သေသေ
ချာချာ ပတ်ပြီး သူ့လွယ်အိတ်ကြီးထဲကို ထည့်
လိုက်တယ်

“ဟင်၊ ဟာ၊ ဘယ်လိုဖြစ်သွားတာတုံး”

ဟော ငုတ်တုတ်အိပ်နေတဲ့ လူတွေ နိုးလာကြ
ပြီဗျို့။ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ကျုပ်တို့ကို
ကြည့်နေကြလေရဲ့ဗျာ။ စောစောက ကျုပ်တို့
နဲ့ တိုက်ခိုက်ကြတာတွေကို နည်းနည်းမှကို
သိပုံမပေါ်ဘူးဗျို့။ အိမ်ရှင်တွေလည်း အောက်
ကို ပြေးဆင်းလာကြတယ်ဗျ။ အခုမှ သတိပြန်
ဝင်လာကြတာဗျ။

“ကဲ အလောင်းကို အလောင်းစင်ပေါ် ပြန်တင်
လိုက်ပေတော့ဗျို့။ ကိစ္စအားလုံးပြီးသွားပြီ။ ခင်
ဗျားတို့ သားရဲ့နှလုံးကို ဖောက်ထုတ်မယ့်သူ
မရှိတော့ဘူးဗျို့။ နောက်လည်း ဘယ်တော့မှ
ရှိမှာ မဟုတ်တော့ပါဘူးလေ”

ဖဲချနေတဲ့ လူတွေလည်း ရုတ်ရုတ် ရုတ်ရုတ်နဲ့
ထပြီး အလောင်းကြီးကို ပြန်သယ်လာကြရပြန်
ရောဗျို့။ အလောင်းကို အလောင်းစင်မှာ ကျကျ
နန ပြန်ပြင်ကြတယ်။ ကျုပ်ကတော့ ခေါင်းမှာ
ပန်ထားတဲ့ ခေါင်ရမ်းပန်းအနီကြီးကို ဖြုတ်ပစ်
ပြီး မျက်နှာသစ်လိုက်ရတာပေါ့ဗျာ။

အားလုံး ပြောဆိုလုပ်ကိုင်ပြီးတော့ ဆရာကြီး
က ကျုပ်တို့ကို ဦးဆောင်ခေါ်လာတဲ့ လမ်းပြ
ကိုခေါ်ပြီး ညတွင်းချင်း မြဝတီကို ပြန်လာခဲ့
ကြတယ်။

ကျုပ်တို့တွေ မြဝတီကိုရောက်တော့ ညတစ်
ချက်တီးပြီ။ ကပ္ပလီကဝေမကြီး နှိုက်လိုကိ
တာ မခံလိုက်ရပေမယ့် တာတေ့နှလုံးတွေ
ကတော့ အခုထိကို တဒုန်းဒုန်းနဲ့ လွှတ်ခုန်နေတုန်းပါဗျာ။

ပြီးပါပြီခဗ်ာ

စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share
လေးနဲ့ အားပေးသွားပါအုံးဗျာ