ကိုင်းသမား

တွေ့ရသည်။

ကိုင်းသမားကောင်းပီပီ အပြန်အသွား ခြေရာ မရောသောကြောင့် ငတောတို့ မကျေနပ်။

တောခွေးအ, အဝင်အထွက် အသွားအပြန်ကို ရေဆုံးရေဖျား ကြိုးစား၍ သေချာသည်ထက် သေချာရန် ထပ်မံ ခံသည်။

ခက်သည်က ဖွဲ့ဂျမ်းအို၏ တည်နေရာ အနေအထားသည် တော၌ စိုက်ပျိုးထားသော သီးနှံခင်းများ ရှိသလို ကြီးမားသော ကဇာခင်တန်းကြီးများ၊ ဖုန်းဆိုးတောကြီးများ၊ ထူးချိုင့် ဂလိုဏ်များ လွန်စွာ ပေါလှပါဘိတောင်း။

ကဇာဟူသည် ကြီးမားသော သစ်ပင်ကြီးများ၊ ချုံပုတ် ချုံနွယ်များနှင့် တောင်ပို့များ ပေါများသော တောအုပ်အုပ်ကို ခေါ်သည်။ ထိုကဇာမှ ဖွဲ့ ဂျမ်းအို တော၌ ကြီးမား ကျယ်ပြန့်လှ၍ ကောက်ရိုး ဆယ့်လေးငါးစီးတိုက်ထဲ ကျသွား သော အပ်ကို ရှာရသည့်သဖွယ် အရှာရ ခက်ခဲလှပါဘိတောင်း။

တောခွေးအ, ခြေရာကို ဘယ်က စထွက်သည်၊ ဘယ်သို့ ပတ်သွား သည်၊ ဘယ်နေရာမှာ နှစ်ကောင် လာရာက လမ်းခွဲသည်၊ ဘယ်နေရာမှာ ပြန်သည်။ ဘယ်တော၌ ဆုံစည်းသည်ဟု ငတောတို့ စိတ်ရှည်လက်ရှည် စူးစမ်းသည့်တိုင် စူးစမ်းမရ။

နောက်ဆုံး၌ ဘယ်ကလာ၍ ဘယ်သွားသွား ညစဉ် ညစဉ် သည်လမ်းမှ တောခွေးအ, အနည်းဆုံး တစ်ကောင် အများဆုံး နှစ်ကောင် အမြဲ ပြန်တတ် ကြောင်း သုံးသပ်ပြီး ရရှိထားသော ခြေရာခံမိသည့် သဲလွန်စကို အလဟဿ အဖြစ် မခံနိုင်ဘဲ ငတောတို့ ကိုင်းထောင်ရသည်။

“အဖေ”
“ဟေ”
“ခု ပန်းတိမ်ဖိုတော ထောင်ပြီးရင် ဖွဲ့ဂျမ်းအိုတော ဆက်ထောင်မှာလား”

“အေး ခုထောင်နေတဲ့ ပန်းတိမ်ဖိုတောပြီးရင် ဖွဲ့ဂျမ်းအိုတော ဆက် ထောင်မယ်။ ညအိပ် စောင့်တာတော့ ဖွဲ့ဂျမ်းအိုတောမှာ အိပ်စောင့်မယ်”

ပန်းထိမ်ဖိုတောနှင့် ဖွဲ့ဂျမ်းအိုတောမှာ လူနှစ်ခေါ်မျှသာ ဝေးရာ၊ တစ်တောတော စောင့်အိပ်သည့်တိုင် ည၌ သားကောင်မိက ညသံမို့ ကြားနိုင် သည်။ ညသံက ပြေးသည်။

ပန်းထိမ်ဖိုတောကို ငတောတို့ ကိုင်း ယခု စထောင်နေပြီ။ သည်တောပြီးမှ ဖွဲ့ဂျမ်းအို ဆက်ရမည်။

ငတောနှင့် ငလုံးတို့အဖို့ ကိုင်းထောင် နေကျမို့ ဘာပြီးလျှင် ဘာဆက် လုပ်ရမည်ကို သိနေသူများ ဖြစ်သည်။

ပထမဦးဆုံး ကွင်းလျှော့ချရမည့် ကျင်းကို တစ်ထွာ ပတ်ပတ်လည် လေးထောင့်ပုံစံ တူးပြီး အနက်ကိုလည်း တစ်ထွာကျော်ကျော် ထားသည်။ ငတောသည် ကျင်းအတိမ်အနက်ကို လက်ဖြင့် ထွာကြည့်ပြီး နောက်တစ်ကျင်း တူးရန် ငလုံးကို တိုင်းခိုင်းသည်။

ကိုင်းတစ်ကိုင်း ထောင်ရာ၌ ကျင်းနှစ်ကျင်း တူးရမည်။ ကွင်းလျှော့ချမည့် ကျင်းက တစ်ကျင်း။ ကိုင်း ရိုက်စိုက်မည့် ကျင်းက တစ်ကျင်း။

အဖေဖြစ်သူ ငတောက ခိုင်းလိုက်သည်ကို သဘောပေါက်ပြီး ဖြစ်သည့် ငလုံးက ကွင်းလျှော့ချမည့် ကျင်းမှ ကိုင်းဝါး တစ်ပြန် တိုင်းလိုက်သည်။ ကိုင်းဝါး တစ်ပြန် အဝေးကို နောက်ထပ်တစ်တောင် ထပ်ပေါင်း တိုင်းထွာကာ ကိုင်း ရိုက်စိုက်မည့် ကျင်းကို စတူးသည်။

ကွင်းလျှော့ချမည့် ကျင်းနှင့် ကိုင်းစိုက်မည့် ကျင်းတို့ အချိန် အဆ မှန်ကန်မှ သားကောင်ကို မိက မြေနှင့်မလွတ်တလွတ် တန်းလန်း ဖြစ်နေပြီး ရုန်းကန်အား နည်းစေသည်။

အချိန်အဆ မမှန်ကန်ဘဲ ကိုင်းကွေးလျှင်ပြီးရော သဘောထားကာ သွားထောင်က ကိုင်းရိုက်ပြုတ်ကာ သားကောင်ကို မိသည့် ကိုင်းကြိုး အိုက်ကျ နေခြင်းကြောင့် ဝါးကျည်ထောက် ဖုံးကွယ်ထားရာမှ လွတ်သောကြိုးကို သား ကောင်က ကိုက်ဖြတ်တတ်သည်။

ငလုံး အတိုင်းအထွာက သားကောင်ကို မိလိုက်သည်နှင့် တစ်ပြိုင်နက် သားကောင်၏ လက် သို့မဟုတ် ခြေကို မြှောက်လျက် ဖြစ်နေစေပြီး လှုပ်ရှားနိုင် အားကို ထိန်းထားသလို ဖြစ်သွားစေသည်။ ထို့ကြောင့် ငလုံးက သေသေချာချာ တိုင်းသည်။

ငလုံး တိုင်းပြီးသော နေရာကို ကိုင်းစိုက်မည့် ကျင်း တူးသည်။

ကိုင်းကျင်း အနက်ကို တစ်တောင်ကျော်ကျော် တူးပြီး ကိုင်း စိုက်သည်။ မြေကို ဆောင့်ဆောင့် ဖို့၍ ခိုင်မခိုင် စစ်ပြီး ကျေနပ်မှ ကွင်းလျှော့ချမည့် ကျင်းဆီ ပြန်လှည့်ကြသည်။

ကွင်းလျှော့ချမည့်ကျင်း ဘယ်ထိပ် ညာထိပ်၌ ဝါးငုတ် နှစ်ငုတ်ကို ငတောက ရိုက်သည်။

ငလုံးက တစ်ထွာခန့်ရှိ ဝါးမာစိတ်ချော တစ်ချောင်း ယူလာပြီး ဘယ်ညာ ထိပ် အငုတ်ကို အလျားလိုက် လှမ်း၍ ကလန့် ဆက်သည်။

အလျားလိုက် ကန့်လန့်ထားသော ဝါးမာစိတ် အပေါ်ဘက်မှာရော ညာဘက်မှာပါ ဝါးမာစိတ် အတိုလေးများကို ခပ်ပါးပါးတင်သည်။ ဘယ်ညာ ခပ်ပါးပါး တင်ထားသည့် ဝါးမာစိတ်များ အထက်သို့ ငတောက အဝတ်စုတ် တစ်စုတ် ဖုံးပြီး ငလုံးက မြေမှုန့်ပါးပါး ဖြူးသည်။

ကျင်းအပေါ် အုပ်ထားသော အဝတ်။ အဝတ်ပေါ် ဖြူးထားသော မြေမှုန့် များ အထက်သို့ ငတောသည် စိုက်ထားသော ကိုင်း၏ ထိပ်၌ ချည်ထားသော ကြိုးကို ကိုင်းညွတ်သွားသည်အထိ အားကုန် ဆွဲယူလိုက်သည်။

အဝတ်စုတ်အောက် ရောက်နေသော အလျားလိုက်ခံထားသည့် ဝါးမာ စိတ် အချောဆက်ထားရာ ကျင်းထိပ်ရှိ ငုတ်နှင့် ဆွဲလာသောကြိုးမှပါလာသည့် ဝါးကလန့်လေးဖြင့် ခလုတ် ဆင်လိုက်သည်။

ခလုတ်နှင့် ဆက်သွယ်ထားသော ကြိုးကို ကွင်းလျှောချည် ချည်ကာ ကွင်းပုံသဏ္ဌာန်ပြုပြီး အဝတ်စုတ်နှင့် မြေမှုန့် အပေါ် ကွင်းလိုက်ချထားသည်။

သားကောင်က ကွင်းလျှော ချထားသည့် ကျင်းကိုနင်းမိက အဝတ် အောက်၌ ရှိသော ဝါးမာစိတ်လေးများ ကျွံကျသွားမည်။

ဝါးမာစိတ်လေးများ ကျွံကျသွားက အလျားလိုက် ခံထားသော ဝါးမာလည်းပြုတ် ခလုတ်လည်းပြုတ်ကာ ကွေးညွတ်နေသည့် ကိုင်း ဖြောင်းခနဲ စန့်ပြေးမည်။

ကိုင်းဆန့်ပြေးချိန်နှင့် ကွင်းလျှောက သားကောင်ကို ရုတ်တရက် ချည်နှောင် ခံရသလို ချည်မိသွားချိန်တို့ ဆက်တိုက် ဖြစ်သွားမည်။ သားကောင် သတိရချိန်၌ ကိုင်းက ကွေးရာမှစန့်၊ သားကောင်က တွဲလောင်းဖြစ်ကာ မြေနှင့် မလွတ်တလွတ် ဖြစ်နေမည်။

ခလုတ်လည်းပြုတ်၊ ကွင်း​ေလျှာဖြင့်လည်း မိသော သားကောင်က ကြိုးကို ကိုက်ဖြတ်၍ မပြေးနိုင်စေရန် ကိုင်းအထက်ပိုင်း ကြိုးအရင်း၌ ဝါးကျည် တောက်ကို ကွင်းလျှော ထောင်သည့် ကြိုးအပေါ်ပိုင်းဖြင့်ပင် ငတော ခေါက်တွန့် ချည်ထားခဲ့သည်။

သားကောင် နင်းလိုက်၍ ခလုတ်ပြုတ်၊ ကွင်း​ေလျှာကြိုး ထောင့်ခနဲ ဖြစ်ကတည်းက ခေါက်တွန့်ကို ဆွဲဖြုတ်လိုက်သလို ဖြစ်ပြီး ဝါးကျည်ထောက် သည် ကြိုးရင်းမှ ကြိုးဖျား ဆင်းပြေးလာမည်။

ဝါးကျည်ထောက်က သားကောင်မိနေသော ကွင်း​ေလျှာကြိုးအထိ ရောက်ရှိလာမည်ဖြစ်ရာ သူ့ကို မိထားသော ကြိုးအား သားကောင်က ကိုက်ရန် ဘယ်မျှ ကြိုးစား ကြိုးစား ဝါးကျည်ထောက်အောက်က ကြိုးမှာ ဘေးကင်း ရန်ကင်း။

သားကောင်မိလျှင် မိသည့်အကြောင်းကို ကိုင်းထိပ်၌ ခြူလုံးလေး တစ်လုံးကို တပ်ထားကြစမြဲဖြစ်ရာ ငတောတို့ ကိုင်းထိပ်၌လည်း ခြူလုံးလေး တစ်လုံးပါသည်။ ခြူလုံးလေးသည် သားကောင်မိလျှင် အချက်ပေးမည့် အချက်ပြမှူး။

ပန်းထိမ်ဖိုတော၌ ကိုင်းတစ်ကိုင်း ထောင်ပြီး ဖွဲ့ဂျမ်းအိုတောသို့ ကိုင်း များနှင့် သူတို့ ပစ္စည်းများ ထမ်းပိုးသယ်ဆောင်ကာ ငတောတို့ ပြောင်းရွှေ့ ကြသည်။

ဖွဲ့ဂျမ်းအိုတော၌ ငတောတို့ ကိုင်းထောင်ပြီးသော အချိန်တွင် နေဝင်ချိန် ရောက်သဖြင့် တိမ်တောက်သည့် အရောင်က နီနီရဲရဲ။

သားကောင်က ညမှာသာ အစာရှာ ထွက်လေ့ ရှိသော တောကြောင်နှင့် တောခွေးအ။ ယခုမှ နေဝင်ဆည်းဆာ။

သည်တော့ သူတို့ ထောင်ထားသည့် ကိုင်းများကို ဖွဲ့ဂျမ်းအိုတော ကိုင်းရိုက်အနီးရှိ ညောင်ပင်ကြီး မှောင်ရိပ်ခိုကာ စောင့်ရဦးမည်။

ညဦးပိုင်းမှာပင် သားကောင် လာမည်လား၊ ညလယ်ပိုင်းမှပင် သား ကောင် လာမည်လား၊ မနက်လင်းပိုင်းမှပင် သားကောင် လာမည်လား။ ငတောနှင့် ငလုံးတို့သည် အချိန်ကို မမှန်းဆနိုင်သည့်အတွက် နားနှင့် မျက်လုံး များကို အစွမ်းကုန် ဖွင့်ထားရသည်။ အရာရာသည် သတိ။

နေဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အညာဆောင်းပီပီ မိုးပြိုလာသလို နှင်းများ သိပ်သိပ်သည်းသည်း ကျဆင်းလာသည်။ မိုးမှုန် မိုးဖွဲများ ဖျန်းပက် သွန်းကျသလို နှင်းမှုန်များ တဖွဲဖွဲ့။

နှင်းထုကို ဖြတ်သန်းတိုက်ခတ်လာသော မြောက်ပြန်လေက သူ တိုးမိရာ လူအသားကို ဖျင်ကြမ်းဖြင့် ပွတ်တိုက်ခံရသလို စပ်ဖျဉ်းဖျဉ်း ရှတတ စတင် ဖြစ်ပေါ်ပြီး နောက်ပိုင်း၌ ထုံကျဉ်သွားသည်။ ခြေမှန်းလက်မှန်း သိအောင် ကွေးဆန့် လှုပ်ကြည့်ရသည်။ အေးစက်ထုံကျဉ်ပြီး တခိုက်ခိုက် တုန်စေသည်။

ရိုးတွင်းချဉ်ဆီခိုက်အောင် အေးသော်လည်း တော၌ ခြုံစရာဟူ၍ ပုဆိုးစုတ်လေးများသာ ပါ၍ တင်းတင်းကျပ်ကျပ် ဖြစ်အောင် ခြုံထားသည့်တိုင် မြောက်ပြန် လေကြမ်းက ဝင် ကလူကျီစယ်သောအခါ တုန်တုန် တုန်တုန် သွားသည်။

စောင်မပါသော်လည်း မီးလှုံရလျှင် အအေးဒဏ် ခံနိုင်၏။

မီးရောင်ကို မြင်က သားကောင်ကို လှန့်ခြောက်သလို ဖြစ်မည်မို့ ငတောတို့ မီးလည်း မလှုံ၏။

ဖုန်နှင့်သဲနှင့် ဆုပ်ပြီး ပက်သလို ဇွတ်ဝင် ဇွတ်တိုး ဇွတ်ကိုက်သော ခြင်အုပ်မှာ မည်မျှ မောင်းထုတ်ထုတ် ချောက်ချောက်၊ မောင်းမရ၊ ချောက်မရ။ ဇွတ်တိုး ဇွတ်ဝင် ဇွတ်ကိုက်သည်။ လက်မောင်းများ အောင့်အောင် ချောက်သည့်တိုင် နိုင်အောင် မတားနိုင်။ မနိုင် အတူတူ ကိုက်ဟာဟု ပေယျာလကန်ပြု၍ နေပြီး အလွန့်အလွန် ပူထူစပ်ဖျင်းလာမှ လက်နှင့်သပ်ချကာ သွေးဝလွန်း နေသော တောခြင်တို့ မပြေးနိုင်။ သေကုန်ကြောင်း လက်၌ သွေးစေးထန်းထန်း ဖြစ်လာမှုကြောင့် သိရသည်။

လဆုတ် ဆယ်ရက်ညမို့ လရောင် လုံးဝ မရှိ။ ကြယ်ရောင် မှိတ်တုတ် မှိတ်တုတ် ထဲတွင် ညငှက်တို့ အစာရှာသံ၊ မာန်ဖီသံက စိုးမိုးမင်းမူနေ၏။ မည်မျှ အေးအေးချမ်းချမ်း၊ မည်မျှ မြောက်လေ သရမ်းရမ်း၊ မည်မျှ ခြင်ကိုက် ကိုက် နေ့မှာတော့ လုပ်ငန်း အငှားလိုက်၍ ပင်ပန်းထားကာ ညမှာလည်း အနားမယူရ သေး၍ နွမ်းလျလာသော ငတောနှင့် ငလုံးတို့သည် စိတ်ဆောင် သော်လည်း ခန္ဓာကိုယ်ကို မတင်းနိုင်တော့။

ပုဆိုးစုတ်ကလေးများကို ခြုံ၍ ညောင်ပင်အောက်ရှိ မြေကြီးပေါ် ပက်လက်လှန်ကာ ကျောဆန့်ကြသည်။ မြေကြီး အအေးဓာတ်က သူတို့ကို တုန်ခိုက်သွားစေသည်။

တုန်ခါမှ တုန်စေတော့။

နေ့ပင်ပန်း ည မနားရ သူများမို့ ကျောဆန့် ခြေဆန့် ခါးဆန့် လက်ဆန့် သူတို့ နားချင်လှပြီ။

ထို့ကြောင့် မြေကြီးပေါ် ဖြစ်စေကာမူ နတ်ခင်းသော ပန်းမွေ့ရာထက် အိပ်စက် အနားယူရသလို သူတို့ နှစ်နှစ်ခြိုက်ခြိုက်။

“ချွင် ချွင် ချွင် ချွင် ချွင် ချွင်” ငတောတို့ နားကြားများ လွဲလေသလား။

အာရုံကို တစ်ခုတည်း ထား၍ အသံကိုသာ နားစွင့်နေသဖြင့် စိတ်စွဲကာ နား၌ ခြူသံ ပြန်ကြားနေသည်လား မသိ။

ခြူသံ ချွင် ချွင်ကို ပန်းထိမ်ဖိုတော ကိုင်းဆီမှ ကြားနေရ၏။

လဆုတ် ဆယ်ရက် ညမို့ လရောင် မဲ့သော ည။ ကြယ်ရောင် ဖြိုးဖြိုး ပြက်ပြက်သာ ဝင်းလဲ့နေသော ည။

မနက် ကြက်ဦးတွန်ချိန် ရောက်မှသာ လဆုတ် ဆယ်ရက် လက ပေါ်ထွက်မည့် ည။ တောသမားပီပီ အချိန်ကို ခန့်မှန်းရာ၌ ကောင်းကင်ရှိ ကြယ်များကိုသာ အားကိုးရသဖြင့် ထိုအချိန်တွင် ကြည့်ပါက ခုနစ်စဉ်ကြယ် အမြီး ထောင်သည်ကို မြင်ရမည် ဖြစ်သော သန်းခေါင်ချိန် ကာလ။

တော၏ တိတ်ဆိတ်ခြင်းက နက်နက်ရှိုင်းရှိုင်း။ လေတိုက်၍ သစ်ရွက် လှုပ်သံသည်ပင်လျှင် ကျယ်လောင်လွန်းနေသော ည။ ထိုညတွင် ည၏ တိတ် ဆိတ်မှုကို ဖြိုဖျက် ပေါ်ထွက်လာသော ကိုင်းထိပ်ဖျားမှ သံ။

“ချွင် ချွင် ချွင် ချင် ချွင် ချွင်”

သေချာပြီ၊ နားကြားလွဲခြင်း မဟုတ်။ ကိုင်းထိပ်၌ တပ်ထားသော ခြူက သားကောင် မိကြောင်း ကြေညာနေသံ၊ သေချာပြီ။

သားကောင်သည် “ကိုင်း၌ မိနေပါပြီ။ ရုန်းနေပါပြီ။ ကိုငတောနဲ့ ကိုငလုံး ခင်ဗျားတို့ အမြန် လာကြပါဗျ” ဟု ခေါ်သော သဘောဆောင်သည့် ခြူသံက အဆက်မပြတ် ထွက်ပေါ်လာပြီ။

ပန်းထိမ်ဖိုတော သားကောင် ခြေရာက တောကြောင်ခြေရာ၊ တောကြောင် ခြေရာဟူသည် ထူးထူးခြားခြား ဉာဉ်ရှိသည့် အစွဲအလမ်း ကြီးမားသော သတ္တဝါ။

ညဘက် အစာရှာရာ၌ သည်လမ်းက ထွက်လျှင် သည်လမ်းမှ ပြန် သည်။ အပြန်အသွား လုပ်သည်မှာလည်း တစ်ရက် မဟုတ်။ တစ်လ မဟုတ်။ နှစ်လ မဟုတ်။ အသိုက်အမြုံ မပြောင်းမချင်း ဘေးဆိုး အန္တရာယ်ကြောင့် သေရေးရှင်ရေး မဖြစ်မချင်း တောကြောင်သည် သူ့ သွားလမ်း ပြန်လမ်းမှသာ အန္တရာယ်ကင်း လိုင်စင်ယူထားသည်လားဟု လူသား အံ့အားသင့်ရသည် အထိ အမြဲပြန်သည်။ သွားသည်။

ထူးခြားသော သူ့ဉာဉ် သူ့ဓလေ့ သူ့စရိုက်ကို သိထားသော ကိုင်းသမား က တောကြောင် သွားလမ်း ပြန်လမ်း ရှာဖွေကာ ကိုင်းဖြင့် ထောင်လေတိုင်း ဆယ်ကောင်မှ ကိုးကောင်ခန့် အသေခံ လာသကဲ့သို့ ဖြစ်ဖြစ်သွားသည်။ ယခုလည်း တောကြောင်ခြေရာ တွေ့သောတော၌ ကိုင်းရိုက်မိနေပြီ။

“အဖေ အဖေ ထဗျ၊ ကျုပ်တို့ အရှေ့ကိုင်း အကောင် မိနေပြီ။ ခြူသံ ´တချွင်ချွင်နဲ့”

ကိုင်းစောင့်ရင်း သားအဖ နှစ်ယောက် မှေးခနဲ ဖြစ်သွားရာ နားက ကြားနေရသော်လည်း ငတော ရုတ်တရက် မထဖြစ်သေး။

ငလုံး ပက်လက်လှန် အိပ်နေရာမှ ဘယ်အချိန်က ရုတ်တရက် ထ၍ ဓားဆွဲကာ သွားရန် လာရန် ပြင်နေသည်ကို ငတော သတိ မထားမိ။ ငလုံး ပြောလာမှ ဖွဲ့ဂျမ်းအို ကိုင်းအနီးရှိ ညောင်ပင်ရိပ် အောက်မှ ငတော လူးလှိမ့် ထကာ တုတ်မီးနှင့် ဓားလှံကို ယူသည်။

“ငလုံးရေး လာဟ သွားရအောင်၊ အဖေ နားကြားထဲ ကြားနေတာကွ၊ လူကသာ မထဖြစ်တာ၊ မင်း အဖေ့ထက် ဝီရိယ ကောင်းတယ်”

“ကျုပ်လည်း အိပ်မက် မက်သလို၊ စိတ်ထဲ စွဲနေသလို ကြားနေရာက ထ.နားထောင်မှ သေချာ သိတာ”

ခြူသံ တချွင်ချွင် မြည်နေရာသို့ သားအဖ နှစ်ယောက် ဓားလှံ ဆွဲ၊ တုတ်မီး ကိုင်၍ ထွက်လာခဲ့သည်။ သူတို့ နီးလာလေလေ ခြူသံ ပိုမြည် လေလေ။

တုတ်မီး(လက်နှိပ်မီး)ဖြင့် မိနေသော သားကောင်ကို ထိုးကြည့်သည်။ သူ့ကို မီးထိုးလေလေ၊ ကိုင်းဖြင့် ဖိထားသော သားကောင်က ကိုင်းတုန်ခါသည် အထိ ဆောင့်ရုန်းလေလေပင်။

တုတ်မီးရောင် အောက်တွင် တွေ့လာသည်က တောကြောင်ကြီး တစ်ကောင် လက်တစ်ဖက်ကို ဖိထား၍ မြေနှင့် မလွတ်တလွတ် ဖြစ်ရာ ရုန်းလည်း ရုန်းသည်။ မိနေသော သူ့လက်ဘေးရှိ ကြိုးအဖျားမှ ဝါးကျည်တောက် ကိုလည်း ရုန်းမရသည့်အခါ အားပါးတရ ကိုက်သည်။ မည်မျှ ပြင်းပြင်း ထန်ထန် ကိုက်ကိုက် ဝါးကျည်တောက်က မတုန်လှုပ်။

မီးရောင် အောက်မှ တောကြောင်ကြီးကို ကြောင်မြင်းလား၊ ကြောင် ဝံပိုက်လား၊ ကြောင်နံ့သာလား၊ ကြောင်ကတိုးလား၊ ကြောင်ဦးကျည်လား၊ ကြောင်တံငါလား၊ ကြောင်ဘားလာ၊ ကြောင်ညို လား ငတော ခွဲခြား ကြည့်ရာ တောကြောင်ကြီးမျိုးတွင် ပါဝင်သော ကြောင်ဘားကြီး။

“ကြောင်ဘားကြီးကွ၊ မီးထိုးထား အဖေ ကြည့်ရှင်းမယ်”

လူစကား ပြောသံ၊ သူ့အနီး လှုပ်ရှားသံကြောင့် ပိုမို ထိတ်လန့်ကာ အငန်းမရ ရုန်းနေသော ကြောင်ဘားကြီး အငြိမ်စောင့်ပြီး လှုပ်ရှားရ လွန်း၍ မောပန်းကာ မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြတ်မျှ ငြိမ်ယောင်ပြုသည့် တစ် ပြိုင်နက် ဓားလှံရိုးဖြင့် ခေါင်းကို ငတောက ခွပ်ခနဲ နေအောင် ရိုက်လိုက်သည်။

ရိုက်နေကျလက်ဆဖြစ်၍ ငတော ရိုက်ချက် မလွဲ။ တစ်ချက်က နှစ်ချက် မရိုက်ရ။

တစ်ချက်တည်းဖြင့် ငြိမ်ကျသွားသော ကြောင်ဘားကြီးကို ငလုံးက ကွင်း​ေလျှာမိနေသည့် ကြိုးမှ ဖြေလိုက်သည်။

**** ****

ဝုန်းဝုန်းဗြုန်းဗြုန်း အသံကြောင့် ညောင်ပင်ကြီးအောက် မြေကြီးပေါ်၌ ပုဆိုးစုတ်လေးများကို ခြုံ ကာကွေးနေသော ငတောရော ငလုံးပါ ရုတ်တရက် ထထိုင်သည်။

သူတို့ ကိုင်းထောင်ထားသော နေရာနှင့် မနီးမဝေးမှ ထွက်လာသော အသံများ။ အသံများမှာ ဝုန်းဝုန်း ဗြုန်းဗြုန်းဖြင့် တစ်စထက်တစ်စ ကျယ်ကျယ် လောင်လောင် ပြင်းပြင်းထန်ထန်။

ဘာသံပါလိမ့်ဟု ငတော ဝေခွဲမရ။ ငလုံးလည်း မမှန်းဆတတ်။

အန္တရာယ် တစ်ခုခုများလားဟု ခေတ္တ စောင့်၍ နားထောင်သည်။ သူတို့ ကိုင်းစောင့်ရာ ညောင်ပင်ကြီးဘေးမှ ထွက်ပေါ်လာရာ အန္တရာယ်ဖြစ်က အရန်သင့် ခုခံနိုင်ရန် ဓားလှံ ကိုင်သူကိုင်၊ ကိုင်းဓားရှည် ကိုင်သူကိုင်နှင့် သတိ အနေအထား။

အသံများက ပျောက်မသွား ကြားစထက် ပြင်းပြင်းထန်ထန်

“မီး အရမ်း မထိုးနဲ့ ငလုံး။ အသံရှင်တွေဟာ ငါတို့ ညောင်ပင်ကြီး အောက်မှာ ရှိမှန်း မသိသေးတဲ့ ပုံပဲ၊ ဘာသံလဲဆိုတာ ချောင်းကြည့်၊ နားထောင် မယ်။ ငါက မီးထိုးဆိုမှ ထိုး”

ငတောရော ငလုံးပါ ညောင်ပင်ကြီး အရိပ်အောက်မှ ထွက်ကာ ညောင်ပင် ရှေ့ရှိ မိုးချုံကြီးကို ကွယ်၍ အသံကြားရာ နေရာဆီ လှမ်းကြည့်လိုက်သည်။

လဆုတ် ဆယ်ရက်ည လသည် နေသာသကဲ့သို့ လင်းလင်းလက်လက် ရွှန်းမြကြည်စင် လင်းလက်ရုံ၊ နေ့ခင်းအလား ပီပီသသ ထင်ထင်ရှားရှား မြင်ရ၏။

လရောင် အောက်၌ ပြတ်သတ်ကျလာသော နဘူးကိုင်းများ၊ တစ်ဖက် နှင့် တစ်ဖက် အလစ် မပေးဘဲ ဆက်လက် တိုက်ခိုက်ရန် ပြင်ဆင်နေသော အသွင်သဏ္ဌာန်များကို မြင်နေရသည်။

လာသမျှ အန္တရာယ်ကို လေးဖက်ကုန်း မာန်သွင်းကာ တိုက်ခိုက်ရန် ဒေါသဟူးဟူး ထွက်နေသည့် တောကြီးဖွတ် တစ်ကောင်၊ လူ့ခြေသလုံး သေးသေးခန့် ရှိမည်။ ကုန်း၍ မာန်သွင်းကာ ခါးကို ကော့ထားပြီး အမြီးကြီးကို လက်နက်အဖြစ် အသုံးပြုရန် တလှုပ်လှုပ်။

အစာ ဇောကျကာ အစာ ရမ္မက်အရောင် တဝင်းဝင်း ထနေသည့် မျက်လုံးများ ပိုင်ရှင် တောခွေးအ,ကြီး နှစ်ကောင်။

တိုက်ကွင်း တိုက်ကွက်၊ ကိုက်ကွင်း ကိုက်ကွက်ကို ချောင်းမြောင်း၍ အခွင့်အရေး စောင့်နေဟန်ဖြင့် နှစ်ဖက်စလုံး မျက်ခြည်ပြတ် မခံ၊ ဆက်ဖြစ် လာမည့် တိုက်ပွဲအတွက် အားစိုက်နေဟန် ပေါ်ပေါ်လွင်လွင်။

ခေတ္တငြိမ်သက်မှုကို တောခွေးအကြီး တစ်ကောင်က စတင် ချေဖျက်ပြီး တိုက်ပွဲသစ် စသည်။

တောကြီးဖွတ် ဇက်နေရာဆီ ချိန်ဆ၍ တောခွေးအ,ကြီး တစ်ကောင်က ဖြုန်းခနဲ ခုန်အုပ်သည်။ ကျန်တစ်ကောင်ကလည်း ဆက်တိုက်ပင် တစ်ချက် ဟိန်းလျက် တိုက်ခိုက်ရန် ထိုးဝင်သည်။

သတိပြု၍ အသင့် စောင့်နေသော တောကြီး ဖွတ်ကလည်း တောခွေးအ. နှစ်ကောင် လှုပ်ရှားလိုက် ကတည်းက သူ့ကိုယ်ကြီးနှင့် မလိုက်အောင် မြန်ဆန် သွက်လက်စွာ ကိုယ်ကို တစ်ပတ် လှည့်လိုက်သည်။ အမြီးကြီးဖြင့် တဖြောင်းဖြောင်း တဖျင်းဖျင်း မြည်အောင် ဆက်တိုက် ရိုက်ချသည်မှာ တစ်ချက် ပြီး တစ်ချက် သွက်သွက်လက်လက်။

တောကြီးဖွတ်သာ နေရာ မရွှေ့ပါက ပထမ ခုန်အုပ်သော တောခွေးအ ကြီး၏ ခုန်အုပ်ချက်သည် ဇက်ပိုး ဖြစ်မည်။

ယခုမူ ကိုယ်ကို တစ်ပတ်လှည့်လိုက်ရာ တောကြီးဖွတ်၏ ရိုက်ကွင်းသို့ တည့်တည့် ထိုးခံသလို ဖြစ်သွားသည်။ တောခွေးအ,ကြီး ခါးတည့်တည့်ကို အမြီး ရိုက်ချက် တိုက်ရိုက်ကျရာ ဝူခနဲ ဝူခနဲ ကုန်းအော်လျက် ခွေခွေလေး လဲကျသွားသည်။ နောက်ထပ် ဝင်လာသော တောခွေးအကြီးမှာလည်း အမြီးဖြင့် တစ်ချက် ရိုက်မိပြီး ဝူခနဲ အော်လျက် ဘေးသို့ လွှင့်စဉ် ထွက်ကာ ဒလိမ့် ကောက်ကွေး။

လဲကျသွားသော တောခွေးအ,ကြီးမှာ ပြန်ထမည် လုပ်လိုက် အမြီး ရိုက်ချက် ကျလာလိုက်၊ လဲကျသွားလိုက်၊ ပြန်အားယူထလိုက်၊ အမြီး ရိုက်ချက် ကျလာလိုက်နှင့် စန့်စန့်ကြီးဖြစ်ကာ မလှုပ်မယှက်နိုင်တော့။

ဤကဲ့သို့ တောခွေးအကြီးတစ်ကောင်နှင့် တောကြီးဖွတ်တို့ သဲသဲသဲမဲမဲ တိုက်ခိုက်နေခိုက် ဒလိမ့်ကောက်ကွေး ကျသွားသော ကျန် တောခွေးအကြီး တစ်ကောင်က အငြိုးတကြီးဖြင့် အချက်ကောင်း ယူကာ တောကြီးဖွတ် ဇက်ပေါ် ခုန်ဝင်သည်။

ဇက်ပေါ် ရောက်ရောက်ကိုက်ကိုက် ခဲခဲခါခါ လုပ်ရာ တောကြီးဖွတ် စက္ကန့်ပိုင်းမျှ ဖွတ်မေ့ ပုတတ်မေ့ဖြစ်ပြီး လစ်ဟာသွားသည်။

ဤအချိန်ပိုင်းကို အခွင့်ကောင်း ယူ၍ တောခွေးအ,ကြီးသည် တောကြီးဖွတ်အား အပေါ်မှ ခွစီးထားပြီး အစွယ် မြုပ်သည်အထိ ကိုက်သည်။ တောကြီး ဖွတ်က အပြင်းအထန် လှန်ချ၊ အမြီးနှင့် ပြန်ရိုက်သော်လည်း တောခွေးအကြီး ကို ခွာချ မရတော့။

ကုပ်ကပ် ဖက်တွယ်နေသော တောခွေးအကြီးကို အမြီးဖြင့် ရိုက်သည့်တိုင် ထိရောက်အောင် ရိုက်မရတော့။ တောကြီးဖွတ်၏ လှုပ်ရှားမှုမှာ တဖြည်းဖြည်း လေးလံရာမှ တစ်စတစ်စ ငြိမ်သက်သွားသည်။ ငြိမ်သက်သည့်တိုင် တောခွေးအကြီးသည် ကုပ်ခွစီးပြီး ကျားခဲ ခဲထားရာမှ အကိုက်အခဲ မလျှော့။ ဆွဲဆွဲခါခါ ခါခါကိုက်ကိုက် မလျှော့။

“တောက် တကယ့် ပွဲကြီးပွဲကောင်းပါပဲ အဖေရာ” ငလုံး မအောင့်နိုင်၍ ယောင်ယမ်း ပြောမိသော စကား။

ထိုစကားက တောခွေးအကြီးကို သတိ ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး တောခွေးအ,ကြီး သတိပြန်ဝင်လာသည်။

သေရေးရှင်ရေး အချိန်က သတိ မထားမိသော သူနှင့် မနီးမဝေး၌ ရှိသော လူသား။

သူ့ဘေး၌ ရောက်နေမှန်း သတိမထားမိသော လူသား၏ စကားသံ။

နီးကပ်နေသော လူသားကို ထိတ်လန့်ရမှန်း၊ လူ့စကားကို ထိတ်လန့်ရ မှန်း ယခုမှ သိလာသည့် တောခွေးအကြီးသည် လဲနေသော သူ့အဖော် တော ခွေးအ.ကြီးကို တစ်ချက်မျှ ကြည့်၏။ ထို့နောက် သူ အောင်ပွဲရသည်အထိ ကိုက်ထားသော တောကြီးဖွတ်ကို တရွတ်တိုက် ဆွဲကာ ကြည်ရွှန်းလဲ့သာယာ နေသော လရောင်အောက်၌ ဒရောသောပါး ထွက်ပြေးသည်။

တောခွေးအကြီးက တောကြီးဖွတ်ကို တရွတ်တိုက်ချီ ဆွဲပြေးသည့်တိုင် ငတောနှင့် ငလုံးတို့မှာ အံ့အားသင့်လွန်း၍ မှင်တက်မိလျက်သားရှိသည်။

တောခွေးအ,ကြီး ပြေးထွက်သွားရာ လမ်းဆီမှ ဖြောင်းခနဲ ဝှီးခနဲ ကိုင်းပြုတ်သံ ချွင် ချွင် ချွင် ချွင်နှင့် ခြူသံတို့ကြားမှ ငတောရော ငလုံးပါ မှင်တက် မိရာက ပြန်အသက်ဝင် သကဲ့သို့ ဖြစ်ကာ သတိရလာသည်။

ခြူသံကား သားကောင် ရုန်းနေကြောင်း သက်သေခံအဖြစ် ချွင် ချွင် ချွင် ချွင်နှင့် မြည်နေဆဲ။

ခြူသံ ကြားရာ သူတို့ကိုင်း ဆီသို့ ငတောနှင့် ငလုံး အပြေး သွားခဲ့ကြ သည်။

ကြည်စင်ရွှန်းမြသော လရောင်ခြည် အောက်၌ သူတို့ကိုင်းကို သူတို့ ကြည့်ရင်း တအံ့တသြ။

တောခွေးအ, အပြန် ခြေရာခံပြီး ထောင်ထားခဲ့သော ငတော ကိုင်း၌ ထွက်ပြေး သွားသည့် တောခွေးအကြီးကို မိနေသည်။

တောခွေးအကြီး ကိုက်ချီ ပြေးသော တောကြီးဖွတ်မှာ ကိုင်းနှင့် တစ်တောင် ကွာကွာခန့်၌ လွင့်စဉ်ကျလျက် ခွေခွေခေါက်ခေါက်။

စာစီ – မီးမီး