စိတ်ညို့လူသတ်သမား

++++++++

တစ်နှစ်ခန့်အကြာ…

“ ‌နောက်ကလူတွေ အရမ်းမတိုးနဲ့လေ… ဒီမှာလဲကျတော့မယ်”

“ ကျုပ်တို့တိုးနေတာမဟုတ်ဘူးဗျ. ဟိုးအနောက်ဘက်ကနေတွန်းနေကြတာ”

“ ဟေ့ကောင်… မင်းမလှည့်မကျော်နဲ့… သူများတွေလို အလှည့်ကျတန်းစီလေ”

ဆူညံပွက်လောရိုက်နေတဲ့ လူအုပ်ကြီးက ဆန်ဝေနေတဲ့ ခြံရှေ့မှာ ဆူညံပွက်လောရိုက်နေခဲ့တယ်။

“ ဟိုနှစ်ယောက် မင်းတို့အလှည့်ကျော်မလို့ရှေ့တက်လာတာလား၊ အနောက်ပြန်ဆင်း”

ဝါးခမောက်ဆောင်းထားတဲ့ လူရဲ့စကားကြောင့် လမ်းလျောက်လာတဲ့သူနှစ်ယောက်က စောင်းငဲ့ကြည့်လိုက်ပြီး

“ ကျုပ်တို့က ဆန်ဝေတာကိုလာယူတာမဟုတ်ဘူးဗျ၊ ကိုယ့်လမ်းသွားနေတာကို လာဟောက်နေတယ်”

“ အော်… ကျုပ်က ဆန်ဝေတာယူမယ့်သူတွေထင်လို့ ပြောမိတာ၊ တောင်းပန်ပါတယ်”

“ ထားပါတော့… နောက်ဆို လူတွေ့တိုင်း ဟိန်းဟောက်ဖို့မတွေးနေနဲ့”

ရုပ်တည်နဲ့ပြောပြီး ထွက်သွားတဲ့လူနှစ်ယောက်က ဆိုက်ကားဂိတ်အဟောင်းတစ်ခုရှေ့အရောက်မှာ ရပ်လိုက်ကြတယ်။

“ ခွန်းလှ… မင်းပြောတာ ဒီမြို့လား”

“ ရွှေပြည်စံမြို့က နှစ်ခုရှိသေးလို့လားအကို”

“ မင်း ငါ့ကိုမရွဲ့နဲ့နော်…”

“ မရွဲ့ပါဘူးဗျာ… နာမည်တူတဲ့ နောက်တစ်နေရာများရှိမယ်ထင်ပြီးမေးတာပါ”

“ မင်းမြင်တာက သေချာလို့လား”

“ သေချာပါတယ်… မြိ့အဝင်ဆိုင်းဘုတ်ပေါ်ကနေ သွေးတွေစီးကျနေတာကို နှစ်ခါတောင်မြင်တာ”

“ အခုမြို့ကိုကြည့်တာ အေးအေးချမ်းချမ်းပါပဲ”

“ နှစ်ရက်သုံးရက်လောက်စောင့်ကြည့်လိုက်ပါဦး၊ အဲဒီတော့မှ ဘာမှမဖြစ်ဘူးဆိုရင် အခြားနေရာသွားကြတာပေါ့”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ သဘောတူညီချက်ယူပြီးတာနဲ့ တည်းခိုဖို့အတွက် အနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုဆီကို ထွက်လာခဲ့လိုက်တယ်။

+++++

“ တုံ တုံ တုံ တုံ…”

ဆွမ်းစားအုန်းမောင်းခေါက်သံကြားပြီး မကြာခင်မှာပဲ မောင်ကောင်းတို့ တည်းတဲ့အဆောင်ထဲကို ဘုန်းကြီးကျောင်းသားတစ်ယောက် ဝင်လာခဲ့တယ်။

“ ဧည့်သည်တွေကို ထမင်းစားဖို့ ဘုန်းကြီးခေါ်ခိုင်းလိုက်တယ်”

“ အေးအေး… လာခဲ့မယ်နော်”

မောင်ကောင်းနဲ့ ခွန်းလှတို့ ဆွမ်းစားဇရပ်ကိုရောက်တော့ အခြားလူဧည့်သည်သုံးယောက်ပါရှိနေတာမြင်လိုက်ရတယ်။

“ ဒကာလေးတို့ စားကြနော်… အားမနာနဲ့”

“ အားမနာပါဘူးဗျာ… စားမှာ‌ဗျ”

“ ဟေ့ကောင် ငဒိန်း… နင့်ကိုပြောနေတာမဟုတ်ဘူး၊ ဒီက ဧည့်သည်နှစ်ယောက်ကိုပြောတာ”

ဘုန်းကြီးစကားကြောင့် ထမင်းဝိုင်းမှာရှိနေတဲ့သူတွေအားလုံး ရယ်လိုက်ကြတယ်။

မောင်ကောင်းတို့လဲ ဆွမ်းကျန်တွေထဲမှာ ရှိတဲ့သက်သက်လွတ်ဟင်းတွေနဲ့ ထမင်းစားနေတဲ့အချိန်

“ ဧည့်သည်တွေက အရွက်ကြော်တွေပဲစားနေပါလား၊ အသားဟင်းလဲထည့်စားပါဦး”

“ နေပါစေ‌ဗျာ… ကျုပ်တို့က သက်သက်လွတ်ပဲ စားလို့ပါ”

“ အဲလိုလား… ကျုပ်ကမသိလို့ပြောမိတာ တောင်းပန်ပါတယ်”

“ ရပါတယ်‌… ဒါနဲ့ မိတ်ဆွေတို့က ဒီကျောင်းမှာပဲနေကြတာလား”

“ ကျုပ်တို့က မြို့ထဲမှာနေတာ… အခုတစ်လော အလုပ်ကလဲမရှိတာနဲ့ ဘုန်းကြီးကျောင်းမှာ တောက်တိုမယ်ရလုပ်ရင်း ကပ်စားနေတာဗျို့”

“ ငဒိန်းက အရင်က ဒီကျောင်းမှာကိုရင်ဝတ်ခဲ့တာလေ၊ ဒါကြောင့် ထမင်းတစ်လုပ်ကတော့ ဘယ်အချိန်တက်စားစား အဆင်ပြေနေတာ”

“ ကိုဇော်မြင့်… ငဒိန်း လူထွက်ရတဲ့အကြောင်းပြောပြပေးလိုက်ဦး”

“ ဟေ့ကောင် မှုံကြီး… ဧည့်သည်တွေအရှေ့မှာ သောက်ရှက်မခွဲနဲ့”

ငဒိန်းက မှုံကြီးဆိုတဲ့သူကို လှမ်းပြောရင်း ဘဲဥတစ်ခြမ်းကို ပါးစပ်ထဲထိုးထည့်လိုက်တယ်။

“ လုပ်စမ်းပါဦး… ဘယ်လိုကြောင့် လူထွက်လိုက်တာလဲ”

“ အချစ်ကြောင့်ထွက်လိုက်တာ… ဟဲဟဲ… နားလည်အောင်ပြောရရင် ငဒိန်းဆွမ်းခံကြွတဲ့ အိမ်မှာအလုပ်လုပ်နေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်ဗျ၊ သူ့နာမည်က မြပုလဲသွယ်တဲ့”

မြပုလဲသွယ်ဆိုတဲ့နာမည်ကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ တိုင်ပင်မထားပဲ အချင်းချင်းကြည့်လိုက်ကြတယ်။

“ ဟေ့ကောင် မှုံကြီး… မပြောနဲ့တော့လို့”

ငဒိန်းအသံက နည်းနည်းကျယ်သွားတာကြောင့် မောင်ကောင်းက အရိပ်အခြေကြည့်လိုက်ပြီး

“ သူမကြိုက်ရင်မပြောပါနဲ့ဗျာ… ကျုပ်တို့က အပျော်သဘောနဲ့မေးလိုက်တာပါ”

“ ဧည့်သည်တွေကိုအားနာပါတယ်ဗျာ… ဒီကောင်က ကျုပ်မကြိုက်တာဆို အမြဲလိုက်စနေတာ”

“ ကျုပ်တို့ကြောင့်ဖြစ်သွားတာ တောင်းပန်ပါတယ်ဗျာ၊ ဒါနဲ့ နေ့ခင်းဘက် ပျင်းရင် ကျုပ်တို့ဆီစကားလာပြောလို့ရတယ်နော်”

“ လာခဲ့မယ်ဗျာ… ဒီနေ့လည် ဘုန်းကြီး မြို့ထဲကြွမှာဆိုတော့ ခိုင်းမယ့်သူမရှိဘူးဗျ”

မှုံကြီးက မောင်ကောင်းတို့ကို ပြောပြီး ပန်းကန်ဆေးရန် ကျောင်းအနောက်ဘက်ကိုထွက်သွားခဲ့တယ်။

++++

နေ့လည် နှစ်နာရီလောက်ကျတော့ မှုံကြီးနဲ့ ဇော်မြင့်တို့ မောင်ကောင်းတို့ရှိတဲ့ အဆောင်ကိုရောက်ချလာခဲ့တယ်။

“ ကိုမှုံကြီးတို့ပါလား… ငဒိန်းရော မပါလာဘူးလား”

“ သူ့ကို ဘုန်းကြီးခေါ်သွားတယ်လေ… ညနေလောက်မှပြန်ရောက်မယ်ထင်တယ်”

“ အော်… ဒါနဲ့ ထမင်းစားဝိုင်းမှာ ငဒိန်းကို တကယ်အားနာသွားတာ”

“ ဒီကောင်က မြပုလဲသွယ်နဲ့ပတ်သတ်ရင် အထိကိုမခံတာဗျ”

“ ငဒိန်းက သူ့ကိုအတော်ချစ်မယ့်ပုံပဲ”

“ တကယ်တော့ ငဒိန်းက မမှီတဲ့ပန်း လှမ်းခူးတာပါဗျာ၊ မြပုလဲသွယ်က သင်္ကန်းဝတ်နဲ့မို့ ရိုသေလေးစားတာကို ဒင်းက အဟုတ်ကြီးမှတ်ပြီး လူဝတ်လဲပြီး ရည်းစားစကားလိုက်ပြောတာ”

“ ဟ… အဲလောက်တောင်လား”

“ ဟုတ်တယ်ဗျ… ဟိုက ဒီကောင်ရန်ကိုကြောက်ပြီး ရွာပါပြန်ပြေးရတဲ့ထိပဲ”

“ ဒါဆို မြပုလဲသွယ်ဆိုတဲ့ကောင်မလေး ပြန်သွားတာ ကြာပီပေါ့”

“ တစ်နှစ်လောက်တော့ရှိပြီထင်တယ်.. ဟုတ်တယ်မလား ကိုဇော်မြင့်”

“ တစ်နှစ်ပတ်ချာလည်တော့ထင်တာပဲ…”

“ နောက်တော့ကော ဘာသတင်းကြားသေးလဲ”

“ မကြားရတော့ဘူးဗျ…”

“ ငဒိန်းကရော ဘုန်းကြီးပြန်မဝတ်တော့ဘူးလား”

“ ဒီကောင်က မြပုလဲသွယ်ပြန်လာတာကိုစောင့်နေတာလေ၊ ဘယ်လိုမှနားချလို့ကိုမရတာပါဗျာ”

မောင်ကောင်းတို့လဲ မှုံကြီးတို့နဲ့ အလိုက်သင့်စကားပြောနေပေမယ့် စိတ်ထဲကတော့ မြပုလဲသွယ်ဆိုတဲ့နာမည်ကိုသာ တတွတ်တွတ်ရေရွတ်နေခဲ့မိတယ်။ မှုံကြီးတို့ပြန်တော့ ခွန်းလှက

“ အကို… သူတို့ပြောတဲ့မြပုလဲသွယ်ဆိုတာ ကျီးအာရွာမှာ ကျွန်တော်တို့ကြုံခဲ့ရတဲ့သူများဖြစ်နေ မလား”

“ အတိအကျတော့ ပြောလို့မရသေးဘူး… မဟုတ်ပါစေနဲ့လို့ပဲဆုတောင်းရတော့မယ်”

“ ကျွန်တော့်စိတ်တွေတော့ လေးနေတယ်ဗျာ၊ ဒီမြို့မှာ ဘာတွေဆက်ဖြစ်ဦးမလဲ မသိဘူး”

မောင်ကောင်းတို့လဲ မြပုလဲသွယ်အကြောင်းပြောနေတဲ့အချိန် ဘုန်းကြီးကျောင်းအနောက်ဘက်ကနေ ဆူဆူညံညံအသံတွေထွက်လာခဲ့တယ်။ ခဏနေတော့ မှုံကြီးနဲ့ ဇော်မြင့်တို့ အဆောင်ဘေးကနေ အလောတကြီးဖြတ်သွားတာမြင်လိုက်ရတယ်။

“ မှုံကြီး… ကျောင်းအနောက်ဘက်မှာ ဘာဖြစ်ကြတာလဲ”

“ ကျောင်းအနောက်ဘက် အင်တောထဲမှာ အလောင်းပေါ်တယ်လို့ပြောတယ်ဗျ၊ အဲဒါသွားကြည့်မလို့၊ လိုက်ခဲ့ဦးမလား”

“ မလိုက်တော့ပါဘူး… နောက်မှပဲအကျိုးကြောင်းမေးတော့မယ်”

နာရီဝက်လောက်အကြာမှာတော့ မှုံကြီးတို့ပြန်ရောက်ချလာခဲ့တယ်။

“ အခြေအနေဘာထူးလဲ”

“ အလောင်းမြုပ်ထားထာတော့ ဟုတ်တယ်၊ ဘယ်သူဘယ်ဝါဆိုတာတော့မသိသေးဘူး”

“ သေတဲ့သူက ယောင်္ကျားလား မိန်းမလား”

“ မိန်းမလို့ပြောတယ်…”

“ ဘယ်သူကများ လူသေအလောင်းကို အင်တောထဲ လာမြုပ်ထားပါလိမ့်”

မောင်ကောင်းနဲ့ မှုံကြီးတို့စကားပြောနေတဲ့အချိန် ကျောင်းထဲကို ခပ်သုတ်သုတ်ဝင်လာတဲ့ ငဒိန်းကို မြင်လိုက်ရတယ်။

“ ဟေ့ကောင် မှုံကြီး… မင်းကြားပြီးပြီလား”

“ အလောင်းကိစ္စလား”

“ အေး… ဟုတ်တယ်၊ သေတဲ့သူက မြလေးစိန်ဆိုပဲ”

“ မြလေးစိန် ဟုတ်လား… ဟို… ငါးရံ့ကိုယ်လုံးလေးနဲ့ ကောင်မလေးလား”

“ အရေးထဲ တဏှာရူးနဲ့လာတိုးနေတယ်၊ အေး ဟုတ်တယ် အဲဒီကောင်မလေးပဲ”

“ နောက်တော့ကော ဘာကြားသေးလဲ”

“ ဘာမှတော့မကြားဘူး… ရဲတွေတော့ အလောင်းကို စစ်ဆေးဖို့ ဆေးရုံကိုယူသွားကြပြီ”

“ ငါတို့မြို့မှာလဲ ဘာတွေဘယ်လိုဖြစ်နေလဲမသိပါဘူး၊ ဒီတစ်နှစ် နှစ်နှစ်အတွင်း မိန်းကလေးတွေကြီး ပျောက်နေတာ”

မှုံကြီးစကားကြောင့် မောင်ကောင်းက အံ့ဩတဲ့လေသံနဲ့

“ အရင်ကရော မိန်းကလေးတွေပျောက်တာရှိခဲ့ဖူး လား”

“ ရှိတာပေါ့… ကျုပ်သိရသလောက် သုံးလေးယောက်တော့ရှိမယ်ထင်တယ်”

“ သူတို့အကြောင်းရော ဘာမှသတင်းမကြားဖူးလား”

“ သတင်းအစအနကိုတောင်မကြားရဘူး၊ အချို့မိဘတွေဆို သူတို့သမီး ပြန်လာနိုး ပြန်လာနိုးနဲ့ အခုထိစောင့်နေကြတာ”

“ နယ်မြေခံရဲတွေကရော

စုံစမ်းစစ်ဆေးမှုတွေမလုပ်ကြဘူးလား”

“ မလုပ်ပဲနေမလားဗျာ… လုပ်တာပေါ့၊ ဒါပေမယ့် ပြန်တွေ့တယ်လို့လဲမကြားမိဘူး၊ အဲ ပြောရဦးမယ် ပျောက်သွားတဲ့မိန်းကလေးတိုင်းက ချောချောလှလှ တွေကြီးပဲ”

“ အခုအလောင်းတွေ့တဲ့ မိန်းကလေးကရော ပျောက်နေတဲ့ထဲမှာပါလား”

“ ဟအင်း… သူ့ကို လွန်ခဲ့တဲ့နှစ်ရက်ကတောင်တွေ့လိုက်သေးတယ်”

“ ခွန်းလှရေ မင်းပြောသလိုဖြစ်ပြီထင်တယ်ဟေ့”

မောင်ကောင်းက မချိတင်ကဲလေသံနဲ့ရေရွတ်ရင်း တစ်စုံတစ်ခုကိုအလေးအနက်စဉ်းစားနေခဲ့တယ်။

++++++++

“ ဒေါက် ဒေါက် ဒေါက် ဒေါက်”

စားပွဲခုံကို လက်နဲ့ခေါက်ကာ ထိုင်နေတဲ့ လူက သူ့ရှေ့မှာရပ်နေတဲ့ မိန်းကလေးကို စူးစိုက်ကြည့်ပြီး

“ မင်းနာမည် မြကြည်ဖြူနော်”

“ ဟုတ် ဟုတ်ပါတယ် သူဌေး”

“ အရင်က ဘယ်မှာလုပ်ခဲ့ဖူးလဲ”

“ စပါးပွဲရုံသုံးခုမှာ စာရင်းကိုင်လုပ်ခဲ့ဖူးပါတယ်”

“ ဒါဆို စာရင်းဇယားပိုင်းတော့ ကျွမ်းကျင်မှာပေါ့”

“ စာရင်းပိုင်းကိုတော့ သေချာအောင်လုပ်နိုင်ပါတယ်”

“ ဒါကို ဘာကြောင့် အဲဒီပွဲရုံတွေကနေ ထွက်လိုက်ရတာလဲ”

“ အဓိကကတော့ အဖေကျန်းမာရေးကြောင့်ပါ၊ တစ်နယ်တစ်ကျေးမှာလုပ်တာထက်စာရင် ကိုယ့်မြို့မှာလုပ်တာကပိုသင့်တော်မယ်ထင်လို့ အခုလိုဆုံးဖြတ်လိုက်တာပါ”

“ အင်း..ငါ့အလုပ်မှာလဲ စာရင်းကိုင်တစ်ယောက် လိုနေတာဆိုတော့ မင်းအတွေ့အကြုံနဲ့ဆိုရင် အဆင်ပြေမှာပါ”

“ ဟုတ်ကဲ့”

“ ငါတို့အလုပ်ရဲ့အသက်က စာရင်းပိုင်းဖြစ်လို့ မင်းအနေနဲ့ သေချာလုပ်ဖို့လိုမယ်”

“ ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ်”

“ ကောင်းပြီလေ… ဒါဆိုရင် အလုပ်ဆင်းရမယ့်ရက် ပြန်ပြောခိုင်းလိုက်မယ်၊ သွားလို့ရပြီ”

စားပွဲရှေ့မှာရပ်နေတဲ့မိန်းကလေးထွက်သွားတာနဲ့ အသက်၅၀အရွယ် လူကြီးတစ်ယောက် အခန်းထဲ ဝင်လာခဲ့တယ်။

“ အလုပ်မဲ့သင့်တော်မယ့်သူ တွေ့ပြီလား ဆရာလေး”

“ နောက်ဆုံးအလုပ်လာလျောက်တဲ့သူကတော့ မဆိုးပါဘူး၊ ကျုပ်သဘောကျတဲ့ ပုံစံလေးပါပဲ”

“ ဒါဆိုရင် သူ့ကိုဘယ်နေ့အလုပ်ဆင်းခိုင်းရမလဲ”

“ အရမ်းမလောပါနဲ့ဦး… ချက်ချင်းကြီးအလုပ်ခန့်လိုက်ရင် တစ်မျိုးမြင်နေပါဦးမယ်”

“ ဆရာလေးကို ဘာလို့တစ်မျိုးမြင်ရမှာလဲ၊အလုပ်ခန့်ပေးလို့ ကျေးဇူးတောင်တင်နေဦးမှာပါဗျာ”

“ အဲလိုလား… ဒါဆိုလဲ နောက်အပတ် တနင်္လာနေ့ကစပြီး အလုပ်လာဆင်းဖို့ပြောလိုက်လေ”

“ ဟုတ်ကဲ့ဆရာလေး… အလုပ်ဆင်းတာနဲ့ကျွန်တော် သူ့အိမ်သွားပြောလိုက်ပါ့မယ်”

“ အော် … ဦးတင်ထွန်း.. ဒီနေ့ မြို့ထဲမှာ လူသေလောင်းပေါ်တယ်ဆို”

“ ဟုတ်တယ်ဆရာလေး… ဘုန်းကြီးကျောင်းအနောက်ဘက်က အင်တောထဲမှာ မြုပ်ထားတာလို့ပြောတယ်၊ ကြားရတာကတော့ သတ်ပြီးမှ အလောင်းကိုလာမြုပ်ထားတာတဲ့”

“ ကျွတ် ကျွတ်… သေသွားတဲ့ကောင်မလေးအတွက် စိတ်မကောင်းလိုက်တာ၊ မနက်ဖြန်ကျရင် သူ့မိဘတွေဆီ နာရေးအကူငွေသွားထည့်ပေးလိုက်ပါ”

“ ဟုတ်ကဲ့ဆရာလေး… ကျွန်တော်ကိုယ်တိုင်သွားလိုက်ပါမယ်၊ ဒီမြို့မှာတော့ ဆရာ‌လေးတစ်ယောက်ရှိတာ တစ်အားပဲဗျာ၊ မြို့ရဲ့ သာရေးနာရေးကအစ အလှူအတန်းအဆုံး နှမျောတွန့်တိုတယ်ဆိုတာမရှိဘူး၊ သာဓု သာဓု သာဓုပါဗျာ”

“ ဒါနဲ့ အောင်မောင်းရော ဘယ်တော့ပြန်ရောက်မလဲ”

“ ညနေဆိုပြန်ရောက်ပြီထင်တယ်… သူလာတာနဲ့ ဆရာလေးဆီလွှတ်ပေးလိုက်ပါ့မယ်”

“ ဒါဆိုရင် ဦးလူမုန်းလဲ လုပ်စရာရှိတာ လုပ်လိုက်ပါဦး”

ဦးလူမုန်းထွက်သွားတော့ ကျော်စွာက လည်ပင်းမှာ တပ်ထားတဲ့ကြယ်သီးကို ဖြုတ်လိုက်ပြီး စာရင်းစာအုပ်တစ်အုပ်ကိုဆွဲယူကာကြည့်နေလိုက်တယ်။

+++++++

“ ကိုကောင်း… ငဒိန်းကိုတွေ့မိသေးလား”

မှုံကြီးစကားကြောင့် ဆွမ်းကျောင်းအတွက် ထင်းခွဲပေးနေတဲ့ မောင်ကောင်းက နဖူးကချွေးစတွေကို လက်နဲ့သုတ်လိုက်ပြီး

“ မနက်ကတော့ တွေ့လိုက်တယ်၊ ဒီနေ့လည်တော့မတွေ့သေးဘူး၊ ဘာဖြစ်လို့လဲ”

“ ဒီကောင်ဗျာ… နာရေးအိမ်မှာ ခေါင်းပျဉ်ရိုက်ဖို့ပြောထားတာကို ဘယ်ရောက်သွားပြန်ပီလဲမသိဘူး”

“ ဘယ်သူဆုံးသွားလို့လဲ မှုံကြီး”

“ အသိတစ်ယောက်ဆုံးသွားလို့ပါ”

“ အရေးကြီးရင် ငါတို့လိုက်ခဲ့ပေးမယ်လေ၊ ခေါင်းပျဉ်ရိုက်တာ ငါလဲရိုက်တတ်ပါတယ်”

“ ဒါဆို ကိုကောင်းတို့ကိုပဲ အကူအညီတောင်းတော့မယ်”

မောင်ကောင်းတို့လဲ မှုံကြီးစကားကြောင့် လုံချည်ပြင်ဝတ်လိုက်ပြီး အသုဘရှိတဲ့အိမ်ကို ထွက်လာခဲ့လိုက်တယ်။

“ ဟေ့ကောင် မှုံကြီး… မင်းဘယ်ရောက်နေတာလဲ၊ ဒီမှာအခေါင်းပျဉ်ရိုက်မလို့စောင့်နေတာ”

“ ငါ့လခွမ်း… ငါကမင်းကိုလိုက်ရှာနေတာမတွေ့လို့ ကိုကောင်းတို့ကို ခေါ်လာတာ”

“ အေး… ကောင်းရောကွာ၊ ငါကမင်းကိုရှာ မင်းကငါ့ကိုရှာနဲ့ ဟုတ်နေတာပဲ၊ ကိုကောင်းတို့လဲ ရောက်တုန်းရောက်လိုက် နာရေးလိုက်ပို့သွားပါဦး၊ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့ သင်္ချိုင်းသွားပြီး ကုသိုလ်လေးဘာလေးယူပေါ့ဗျာ”

“ ဟုတ်ပါပြီ… ကျုပ်တို့ဘာလုပ်ပေးရမလဲ”

“ လောလောဆယ် ရေနွေးကြမ်းနဲ့ လက်ဖက်သုတ် စားနေလိုက်၊ ခေါင်းပျဉ်ရိုက်တာ ကျုပ်တို့လုပ်လိုက်မယ်”

ငဒိန်းက အိမ်ရှေ့မှာချထားတဲ့ ပျဉ်တွေကို သွက်လက်စွာဆွဲယူပြီး အခေါင်းတစ်ခုရိုက်နေခဲ့တယ်။ အဲဒီအချိန် ခြံဝင်းထဲကို သန့်သန့်ပြန့်ပြန့်ဝတ်စားထားတဲ့ လူတစ်ယောက်ဝင်လာလို့ ကြည့်လိုက်ရာ ခွန်းလှ ခေါင်းထဲ စူးခနဲဖြစ်လာတာကို သတိထားမိလိုက်တယ်။

“ မှုံကြီး အဲဒီလူက ဘယ်သူလဲ”

“ အော်… သူက ရွှေပြည်စံမြို့မျက်နှာဖုံးသူဌေးလေ၊ နာမည်ကကျော်စွာတဲ့”

“ ငယ်ငယ်လေးပဲရှိသေးတာပဲ”

“ ဟုတ်တယ် ကိုကောင်း၊ သူ့အသက် ၁၆နှစ်လောက်ထဲက ဆန်စက်ဆီစက်တွေကိုဦးစီးလာတာလေ၊ နောက်ပြီး အသက်ငယ်သလောက် အလှူအတန်းကလဲ ရက်ရောပါ့ဗျာ၊ မြို့ကမရှိဆင်းရဲသားတွေအတွက် အပတ်စဉ် သူ့အိမ်ရှေ့မှာဆန်တွေလှူသေးတာ”

“ အော်… မှတ်မိပြီ၊ ကျုပ်တို့ဒီကိုစရောက်တုန်းက ဆန်ဝေဝာာနဲ့ဆုံခဲ့သေးတယ်”

“ ဟုတ်တယ် အဲဒါသူ့အိမ်ပဲ…၊ အခုဆုံးသွားတဲ့သူက အရင်ကသူ့ဆန်စက်ကအလုပ်သမားလေ၊ ဒါကြောင့် လာတာဖြစ်မယ်”

ငဒိန်းစကားကြောင့် မောင်ကောင်းက ဆန်စက်သူဌေးဆိုသူကို မသိမသာလှမ်းကြည့်လိုက်တယ်။

အသုဘပြီးလို့ပြန်လာတဲ့လမ်းမှာ ခွန်းလှကအနားကကပ်လာပြီး

“ အကို… နာရေးအိမ်မှာတုန်းက ဆန်စက်သူဌေးဆိုတဲ့သူနဲ့အကြည့်ချင်းဆုံသေးလား”

“ ဘာဖြစ်လို့လဲ”

“ ကျွန်တော်သူ့ကိုမြင်လိုက်တဲ့အချိန် ခေါင်းထဲစူးခနဲ ဖြစ်သွားလို့”

“ နောက်ကော ဘာဖြစ်သေးလဲ”

“ ဘာမှတော့မဖြစ်ပါဘူး…စိတ်ထဲတစ်မျိုးကြီး ဖြစ်နေလို့”

“ အရမ်းကြီးစိတ်ထဲမထားနေနဲ့… အမှန်တရားဆိုတာ တစ်ချိန်ချိန်ပေါ်လာမှာပါ”

မောင်ကောင်းတို့ ဘုန်းကြီးကျောင်းပြန်ရောက်တော့ နောက်ကျနေပြီမို့ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားဝတ်ပြုဖို့ တက်လာခဲ့လိုက်တယ်။

ဘုန်းကြီးကျောင်းပေါ်ရောက်တော့ ငဒိန်းက ဆရာတော်ကို ခြေဆုပ်လက်နယ်ပြုနေတာမြင်လိုက်ရတယ်။

“ ကိုကောင်းတို့ ထမင်းစားပြီးပြီလား”

“ မစားတော့ဘူး ငဒိန်း… ညနေက အသုဘအိမ်မှာ လက်ဖက်တွေစားပြီးရင်ပြည့်နေလို့”

မောင်ကောင်းတို့လဲ ဆရာတော်ကို ကန်တော့ပြီး ဘုရားရှိခိုးရန်ထွက်သွားခဲ့ကြတယ်။ ဘုရားရှိခိုးပြီးလို့ ပြန်ထွက်လာတဲ့အချိန် လှေကားရင်းမှာ ထိုင်စောင့်နေတဲ့ ငဒိန်းကိုမြင်တော့

“ ငဒိန်း… မင်းမအိပ်သေးဘူးလား”

“ မအိပ်သေးဘူး ကိုကောင်း၊ ကျွန်တော် ပြောစရာရှိလို့စောင့်နေတာ”

“ ဘာကိစ္စလဲပြောပါဦး”

“ မြပုလဲသွယ်ကိစ္စပြောမလို့ပါ၊ သူ့အကြောင်းကို မှုံကြီးပြောပြထားပြီးပြီထင်တယ်”

“သိသင့်သလောက်တော့ သိထားပြီးပါပြီ”

“ ကျွန်တော် မြပုလဲသွယ်ကို အိမ်မက်မက်နေတာ အတော်ကြာပြီ၊ ဒီကိစ္စ ဘယ်သူ့ကိုမှလဲမပြောပြရဲဘူး၊ ပြောပြရင် ကျုပ်ကို ဟာသလုပ်ကြမှာ”

“ ဒါဖြင့် ကျုပ်တို့ကရော ဟာသလုပ်မှာ မစိုးရိမ်ဘူးလား”

“ ကိုကောင်းတို့က လောကီဆရာတွေမဟုတ်လား”

“ ဟင်…”

“ ကျုပ် မှုံကြီးကိုလိုက်ရှာတဲ့နေ့က ကိုကောင်းတို့ဆီမှာရှိနေမလားဆိုပြီး ရောက်ခဲ့တယ် ၊ အဲဒီအချိန် တိုင်မှာချိတ်ထားတဲ့ လွယ်အိတ်က အောက်ကိုပြုတ်ကျနေတယ်။ ဒါနဲ့ ကျွန်တော်လဲ ပြန်တင်ပေးမလို့ ကောက်လိုက်တဲ့အချိန် အထဲမှာ အင်းတွေဆွဲတဲ့အခါသုံးတဲ့ပစ္စည်းတွေအပြင်၊ အင်းတွေဆွဲထားတဲ့စာရွက်တွေကိုမြင်လိုက်တယ်”

“ ဟုတ်ပါတယ်… ကျုပ်တို့က လောကီဆရာတွေပါ”

“ ဒါဆိုရင် ကျုပ်ပြောတာသေချာနားထောင်ပေးပါ၊ အိမ်မက်ထဲမှာ မြပုလဲသွယ်က အဝါဖျော့ရောင် ပုလဲလုံးဝမ်းဆက်တတ်ထားတာ၊ သူ့မျက်နှာက သွေးမရှိသလိုဖြူဖျော့နေတာပဲ၊ သူက ကျုပ်ကိုတွေ့တော့ငိုနေတာ၊ သူ တစ်ခုခုများ ဖြစ်နေလားမသိပါဘူးဗျာ”

“ ကျုပ်တို့သိသလောက်ပြောရရင် မြပုလဲသွယ်က အသက်ရှင်လျက်မရှိတော့ဘူး”

“ ဗျာ… ကိုကောင်းတို့ မြပုလဲသွယ်ကို သိတာလား”

“ အင်း…သူက ယက်ကန်းစင်ရွာမှာနေတာလို့ ပြောတယ်”

“ ယက်ကန်းစင်ရွာ ဟုတ်လား… ဒါတော့ ကျုပ်မသိဘူး၊ မြို့ထဲမှာတော့ ကျုပ်နှောက်ယှက်လို့ ရွာပြန်သွားတယ်လို့ပဲ ပြောနေကြတာ၊ တကယ်တော့ ကျုပ်ကသူ့ကိုချစ်တာဗျ၊ သူ့မျက်နှာလေးညိုးတာကိုတောင် မကြည့်ရက်တဲ့သူကကျုပ်ဗျ”

“ ငဒိန်း… ငါတို့မင်းစိတ်ကိုနားလည်ပါတယ်”

“ ကျုပ် စိတ်ထဲ မတင်မကျဖြစ်နေတာတစ်ခုရှိတယ်”

“ ဘာများလဲ”

“ သူ ကျုပ်ကြောင့်ရွာပြန်သွားတယ်လို့ သတင်းလွှင့်တဲ့သူတွေ တစ်ခုခုသိထားတာရှိရမယ်၊ ကိုကောင်း ကျုပ် မြပုလဲသွယ်ကို တကယ်ချစ်တယ်ဆိုတာယုံလား”

“ ယုံပါတယ်ကွာ”

“ ကျုပ် သူ့ကို ရွာပြန်ရလောက်တဲ့ထိ စိတ်ဒုက္ခမပေးခဲ့ဘူးဆိုတာရော ယုံလား”

“ အင်း… ဒါလဲယုံလို့ရတယ်”

“ ဒါဆို ကိုကောင်းတို့ ကျုပ်ကို တစ်ခုကူညီပေးနိုင်မလား၊ ဒီကိစ္စအောင်မြင်ရင် မြပုလဲသွယ် ‌အမှန်တကယ်ရွာပြန်တာဟုတ်မဟုတ်သိရမှာ”

“ ငါတို့က ဘယ်လိုကူညီရမှာလဲ”

“ ဒီည ဒေါ်မေမြိုင်တို့အိမ်ထဲ ခိုးဝင်ပြီး အမှန်တရားကိုမေးမယ်၊ ကိုကောင်းတို့က ကျုပ်အနောက်ကအဖော်လိုက်ပေး”

“ ငဒိန်း… မင်းဟာက သူများအိမ်ထဲ ခိုးဝင်တာနော်၊ မတော်လို့ ထအော်ရင် ငါတို့ပါ သူခိုး၊ဓါးပြတွေဖြစ်ကုန်မှာ”

“ ကိုကောင်းတို့ မကူညီဘူးဆိုရင် ကျုပ်တစ်ယောက်ထဲသွားမယ်၊ အော်ရင်လဲ ကျုပ်ပဲ အဖမ်းခံမယ်ဗျာ”

“ ဟေ့ကောင် ငဒိန်း… ခဏလေးနေပါဦး၊ ငါတို့ တိုင်ပင်ပါရစေဦး”

“ အဲလိုဆိုရင် မြန်မြန်တိုင်ပင်ဗျာ၊ အချိန်တောင်နောက်ကျနေပြီ”

ငဒိန်းက စိတ်မရှည်တဲ့အသံနဲ့ပြောနေတာကြောင့် မောင်ကောင်းနဲ့ခွန်းလှတို့နှစ်ယောက် ခပ်လှမ်းလှမ်းမှာတိုင်ပင်ပြီး အနားကိုပြန်လာခဲ့ကြတယ်။

“ ငဒိန်း… မင်းအခုဘယ်အိမ်ကိုဝင်မှာလဲ”

“ ဒေါ်မေမြိုင်တို့အိမ်လေ… အဲဒီမှာ ကပ်စေးကုပ်အပျိုကြီးသုံးယောက်ပဲရှိတယ်”

“ ဟင်း… မင်းနဲ့တွေ့မှပဲ ငါတို့လဲ ကြံရာပါတွေဖြစ်တော့မယ်၊ တစ်ခုရှိတာက အိမ်ရှင်တွေကို လက်ဖျားနဲ့တောင် ထိဖို့စိတ်မကူးနဲ့၊ မင်းသိချင်တာမေးပြီးတာနဲ့ပြန်ရမယ်”

“ ကျုပ်သဘောတူတယ်… ဒါဆို ကျုပ်ကို ခဏစောင့်”

ငဒိန်းက သွက်လက်တဲ့ခြေလှမ်းတွေနဲ့ ဘုန်းကြီးကျောင်းအောက်ထဲဝင်သွားပြီး ခဏနေတော့ လုံချည်သုံးထည်ကိုင်ကာ ပြန်ထွက်လာတယ်။

“ ဒါတွေက ဘာလုပ်ဖို့လဲ”

“ သူများအိမ်ထဲဝင်ရင် မျက်နှာမမှတ်မိအောင်လုပ်ရမယ်လေ၊ ရုပ်ရှင်ထဲမှာ မမြင်ဖူးဖူးလား”

“ သောက်ကျိုးနည်း အကြံပါလားကွာ… မင်းရဲ့ နံစော်နေတဲ့လုံချည်တွေထားခဲ့စမ်းပါ၊ အိမ်ထဲဝင်လို့ရအောင် ငါတို့လုပ်ပေးမယ် လိုက်ခဲ့”

မောင်ကောင်းတို့လဲ ငဒိန်းကိုခေါ်ပြီး ဒေါ်အေးမြိုင်တို့အိမ်ရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ သော့ခတ်ထားတဲ့ ခြံတံခါးရှေ့မှာထိုင်ကာ အစောင့်အရှောက်တွေကို ဝင်ခွင့်ပြုဖို့ခွင့်တောင်းနေတဲ့အချိန်

“ ကိုကောင်း အပြင်မှာပဲစောင့်နေတော့၊ ကျုပ်အထဲရောက်ပြီ” ဆိုတဲ့အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ခြံထဲကိုရောက်နေတဲ့ ငဒိန်းကိုမြင်လိုက်ရတယ်။

“ ဟာ… ဒီကောင် ဘယ်လိုအထဲရောက်သွားတာလဲ”

“ မသိဘူးလေ… ကျွန်တော် အကိုနဲ့တူတူ ရှိနေတာပဲကို”

“ စိတ်မပူနဲ့ ကိုကောင်း၊ ကျုပ်အုတ်တံတိုင်းပေါ်ကနေ ကျော်ဝင်လာတာ၊ ကိုကောင်းတို့က လောကီဆရာတွေဆိုတော့ သူများအိမ်ကိုခွင့်မတောင်းပဲဝင်မရဘူးဆိုတာသိပါတယ်”

ငဒိန်းက မျက်နှာကို လုံချည်နဲ့ပတ်ပြီး ပြုတင်းပေါက်နဲ့ကပ်လျက်ရှိနေတဲ့ သရက်ပင်ပေါ်ကို ကုတ်တွယ်တက်သွားခဲ့တယ်။

မောင်ကောင်းတို့လဲ ခြံဝမှာ ငုတ်တုတ်လေးထိုင်ပြီး ငဒိန်းကိုစောင့်နေခဲ့ရာ နာရီဝက်လောက်အကြာမှာတော့

“ မြပုလဲသွယ်ရွာပြန်တာမဟုတ်ဘူး… ဒီအိမ်ကနေ ဈေးသွားဝယ်ရာကနေ ပျောက်သွားတာ၊ မြပုလဲသွယ် ရွာပြန်တာမဟုတ်ဘူး” ဆိုတဲ့အသံနက်ကြီး ထွက်လာခဲ့တယ်။

အဆိုပါအသံနဲ့မရှေးမနှောင်းမှာပင် ဒေါ်မေမြိုင်တို့ မောင်နှမတစ်စုရဲ့ အော်ဟစ်တဲ့အသံတွေ ထွက်လာတာကြောင့် မောင်ကောင်းတို့လဲ အိမ်ရှေ့ကနေ သုတ်ခြေတင်ပေးရပါလေရော။

“ ဒေါမေမြိုင်တို့ အိမ်ဘက်မှာအော်သံကြားတယ်.. သူခိုးကပ်တာလားမသိဘူး”

“ လိုက်ဟေ့ လိုက်… သူခိုးကပ်တာသေချာပြီ”

အိမ်နီးချင်းတွေရဲ့အော်သံနဲ့အတူ တုတ်ဓါးဆွဲကာ ထွက်လာတဲ့ လူအုပ်ကြီးကြောင့် မောင်ကောင်းနဲ့ခွန်းလှတို့ရဲ့ခြေလှမ်းတွေရပ်လိုက် ပြီး ရောတိရောယောင်လုပ်ကာ ပြန်လိုက်လာခဲ့ကြတယ်။

အိမ်ရောက်တော့ မျက်နှာငယ်လေးနဲ့ ငုတ်တုတ်ထိုင်နေတဲ့ ငဒိန်းကို သစ်သားဓါးတိုလေးတစ်ချောင်းနဲ့အတူမြင်လိုက်ရတယ်။

“ ငဒိန်း… မင်းကွာ…”

“ တောက်စ်.. ဒီကောင်ကွာ လုပ်ရက်လိုက်တာ”

“ ငဒိန်း… မင်းကို မထင်ထားဘူး”

လူအုပ်ကြီးရဲ့အသံက တစ်ယောက်တစ်ပေါက်ထွက်ပေါ်လာခဲ့တယ်။

“ ဒေါ်မေမြိုင်တို့ ဘာဖြစ်သွားသေးလဲ”

“ ဘာမှမဖြစ်ပါဘူး… ဒီကောင်ကို မြန်မြန်ဖမ်းခေါ်သွားကြပါ… ငါတို့ဖြင့် ရင်တွေတုန်လိုက်တာ”

အဖွားကြီးသုံးယောက်က ငဒိန်းကို ဓါးပြတိုက်တယ်ဆိုပြီး ထပ်ကာတလဲလဲပြောနေတာကြောင့် ခွန်းလှက ဝင်ပြောဖို့အလုပ် မောင်ကောင်းက လက်ကိုဖမ်းဆွဲကာ အိမ်အပြင်ကို ဆွဲခေါ်လာခဲ့တယ်။

“ ဒီအဖွားကြီးတွေ ငဒိန်းကို ဒုက္ခရောက်အောင် လုပ်နေတာဗျ”

“ ထားလိုက်ပါ… ငဒိန်းက သူသိချင်တာကို ရအောင်မေးခဲ့ပြီးပြီ၊ ကျန်တာ ငါတို့တာဝန်ပဲ၊ သစ်သားဓါးအတိုနဲ့ ဓါးပြတိုက်တဲ့စွဲချက်က ချက်ချင်းသေဒဏ်မပေးပါဘူး သိပ်စိတ်မပူနေနဲ့”

မောင်ကောင်းတို့လဲ ငဒိန်းကို နောက်ဆုံးတစ်ခေါက် ဝင်ကြည့်ပြီး ခေါင်းညိမ့်ပြကာ ဘုန်းကြီးကျောင်းကိုပြန်လာခဲ့လိုက်တယ်။

++++++++

“ သူဌေး… ကြည်ဖြူ စာရင်းတွေအားလုံး လုပ်ပြီးပါပြီ”

“ အောင်မောင်းကို သွားပြလိုက်လေ”

“ ဟုတ်ကဲ့ သူဌေး”

မြကြည်ဖြူလဲ စာရင်းစာအုပ်ကိုယူပြီး ဆန်အိတ်တွေအတင်အချလုပ်နေတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။

“ ကိုအောင်မောင်း… သူဌေးက စာရင်းစာအုပ်ပေးခိုင်းလိုက်လို့”

“ နင်က စာရင်းကိုင်အသစ်လား”

“ ဟုတ်ပါတယ်…”

“ငါအခုမှမြင်ဖူးလို့မေးကြည့်တာ…စာအုပ်ထားခဲ့လေ၊ အားရင်စစ်ထား လိုက်မယ်”

မြကြည်ဖြူထွက်သွားတော့ အောင်မောင်းက စာရင်းစာအုပ်ကိုယူပြီး ကျော်စွာရှိတဲ့ အခန်းထဲ ဝင်လာခဲ့လိုက်တယ်။

“ ကျော်စွာ… မင်းစာရေးမအသစ်ခန့်ထားတာ ငါ့ကိုတောင်မပြောပါလား”

“ မင်းခရီးထွက်နေလို့ မပြောမိတာပါကွာ၊ ဘာဖြစ်လို့လဲ သဘောမကျလို့လား”

“ မဟုတ်ပါဘူး… သူ့ပုံစံလေးက သွက်သွက်လက်လက်ရှိပါတယ်၊ စာရင်းပိုင်းလဲပိုင်မယ့်ပုံပဲ”

“ အောင်မောင်း… မင်း ဘာတွေကြံနေလဲငါသိတယ်နော်”

“ ဟက်ဟက်… ‌ကျော်စွာရယ် ငါကသဘောရိုးကိုပြောပြတာပါ”

“ ဒါနဲ့ မြလေးစိန်အတွက် စိတ်မကောင်းပါဘူး”

“ ဘယ်တတ်နိုင်မလဲ ကျော်စွာရယ်၊ ငါလဲ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို စိတ်ပျက်မိတယ်၊ သဘောကျတဲ့မိန်းကလေး‌တိုင်း ငါ့အနားမှာကြာကြာမရှိဘူးကွာ”

“ တစ်နေ့တော့ မင်းဆန္ဒနဲ့ဘဝ တစ်ထပ်ထဲကျလာမှာပါ၊ ဒါနဲ့ အခု အသစ်ခန့်ထားတဲ့ စာရေးမလေးကို မင်းသဘောကျလား”

“ သဘောကျတယ်ပြောရင် မင်းငါ့ကိုလိုက်တောင်းပေးမလို့လား ဟားဟား”

“ ငါ့သူငယ်ချင်းအတွက် ဒီလောက်တော့လုပ်ပေးရမှာပေါ့၊ ငါအခုလိုအောင်မြင်နေတာ မင်းရဲ့အကူအညီလဲပါတယ်လေ”

“ မင်းအခုလိုပြောတော့ ငါလဲပွင့်ပွင့်လင်းလင်း ပြောမယ်၊ မြကြည်ဖြူလေးက ချစ်ဖို့ကောင်းတယ်၊

ဒါပေမယ့် ငါဖွင့်မပြောတော့ပါဘူး၊ ငါဖွင့်ပြောတဲ့သူတိုင်း ငါ့အ‌နားကနေ ပျောက်ကွယ်သွားတာကြောင့် သူ့ကိုတော့ ဒီတိုင်းလေးပဲအနားမှာရှိစေချင်တယ်”

“ ငါ့သူငယ်ချင်းကြီးကတော့ အရမ်းချစ်တတ်တဲ့သူပဲဟေ့”

“ ငါ့ကိုပဲပြောမနေနဲ့ ကျော်စွာ၊ မင်းလဲ အိမ်ထောင်ပြုဖို့ စဉ်းစားဦး”

“ အေးပါ.. အခုလောလောဆယ် အဲဒီအကြောင်းတွေ မတွေးချင်သေးဘူး.. မင်း မနက်ဖြန် ဘယ်သွားဖို့ရှိသေးလဲ”

“ မရှိပါဘူး… မနက်ဖြန်က ဆန်စက်ပိတ်တယ်မဟုတ်လား”

“ ဟုတ်တယ်… ဒါကြောင့် မင်းကိုတစ်နေရာခေါ်သွားမလို့”

“ ငါတို့ငယ်ငယ်က အမြဲသွားနေကြ အိမ်ကိုပဲလား”

“ မဟုတ်ပါဘူး… မြို့ပြင်မှာ ငါအသစ်ဝယ်ထားတဲ့ နေရာတစ်ခုရှိတယ်၊ မင်းလဲတစ်ခါမှမရောက်ဖူးဖူး မဟုတ်လား”

“ အေး… မင်းမှမပြောတာ ငါကဘယ်လိုသိမှာလဲ”

“ မနက်ဖြန် နေ့လည် ငါလာခေါ်မယ် အိမ်မှာပဲစောင့်နေ”

“ ကောင်းပြီလေ… ငါအိမ်မှာပဲစောင့်နေမယ်”

အောင်မောင်းထွက်သွားတော့ ကျော်စွာက စားပွဲပေါ်မှာတင်ထားတဲ့ နာရီလက်တံကို နောက်နေ့ထိရောက်အောင်လှည့်ရင်း လူခေါ်ခေါင်းလောင်းကို ဒေါင်ခနဲမြည်အောင် တီးလိုက်ပါလေရော။

++++++

အလင်းရောင် လုံလောက်စွာရှိနေတဲ့ အခန်းတစ်ခုထဲမှာတော့ မိန်းကလေးတစ်ယောက် မလှုပ်မယှက်ထိုင်နေခဲ့တယ်။ သူ့အရှေ့မှာတော့ ကျောပေးထားတဲ့လူတစ်ယောက်က နံရံမှာရေးဆွဲထားတဲ့ အနီစင်းတွေကို တစ်ခုချင်းရေတွက်နေခဲ့တယ်။

“ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်၊ ဟင်း… ဒီနေ့တော့ ကိုးကြောင်းမြောက် မျဉ်းတစ်ခု ရေးဆွဲရတော့မှာပါလား” လို့ရေရွတ်ရင်း ကျောက်ရုပ်လိုထိုင်နေတဲ့ မိန်းကလေးရဲ့မျက်စိနှစ်လုံးရှေ့မှာ လက်ဖျောက်တစ်ချက်တီးပြီး လက်မနဲ့နဖူးကိုထိလိုက်ရာ ကောင်မလေးက သတိပြန်ဝင်လာခဲ့သလို ခွန်းလှလဲ အိမ်မက်မက်နေရာကနေ လန့်နိုးလာခဲ့တယ်။

“ အကို… ထဦး… ထဦးဗျ”

“ ဘာဖြစ်တာလဲ”

“ ကျွန်တော် ကောင်မလေးတစ်ယောက်ကို အိမ်မက်မက်တယ်၊ နောက်ပြီး ယောင်္ကျားတစ်ယောက်လဲပါသေးတယ်”

“ မင်းအိမ်မက်ကလဲ သာမန်ပဲကို”

“ မဟုတ်ဘူးဗျ… ကောင်မလေးရှေ့မှာရပ်နေတဲ့လူကို တစ်နေရာမှာမြင်ဖူးနေသလိုခံစားနေရတယ်”

“ မင်းသူ့ကိုမြင်ရလို့လား”

“ မျက်နှာတော့မမြင်ရဘူး… ဒါပေမယ့် သူခန္ဓာကိုယ်ပုံစံကို သိနေတယ်”

“ ကောင်မလေးကိုရောမြင်ရလား”

“ ကောင်မလေးကိုတော့ သေသေချာချာမြင်ရတယ်”

“ ထင်ရှားတဲ့အမှတ်အသားတစ်ခုခုရောမပါဘူးလား”

“အဲလိုတော့မတွေ့မိဘူး”

“ အဲဒါ‌ဆိုပြန်အိပ်လိုက်၊ ဆရာသခင်တွေက ငါတို့ကို ဒီတိုင်းပို့ထားတာတော့မဟုတ်လောက်ဘူး၊ တစ်ခုခုတော့ ထူးခြားတာလာပြလိမ့်မယ်”

မောင်ကောင်းက ခွန်းလှကို အားပေးစကားပြောပြီး အိပ်ချလိုက်ပေမယ့် စိတ်ထဲမှာတော့ ဆရာဖြစ်သူကို ရည်စူးကာ ဖြစ်ကြောင်းကုန်စင်ပြောပြနေခဲ့တယ်။

မနက်အရုဏ်တက်အချိန်ရောက်တော့

“ မောင်ကောင်း… ထစမ်း… ထစမ်း” ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ ယောဂီဝတ်စုံဝတ်ဆင်ထားတဲ့ ဆရာဖြစ်သူက မောင်ကောင်းကို စူးစိုက်ကြည့်ပြီး

“ မနက်အလင်းရောင်ရတာနဲ့ ရေအိုးစင်သုံးလုံးရှိတဲ့ လမ်းလေးခွဆုံကိုသွားပြီးစောင့်နေ၊ မိန်းကလေးတစ်ယောက်ရေလာသောက်လို့ ရေအိုးကွဲသွားရင် အဲဒီမိန်းကလေးကို မျက်ခြေမပြတ်လိုက်ပေတော့၊ သူက မင်းတို့ကို လမ်းပြသွားလိမ့်မယ်” လို့ပြောကာ ပျောက်ကွယ်သွားခဲ့တယ်။

မောင်ကောင်းလဲ အိမ်မက်ကနိုးနိုးချင်း အပြင်ကိုထွက်ကြည့်လိုက်ရာ ရောင်နီလာနေပြီမို့ ခွန်းလှကိုနိုးကာ ရေအိုးသုံးလုံးရှိတဲ့ လမ်းလေးခွဆုံကိုလိုက်ရှာခဲ့ကြတယ်။

မနက်ဆယ်နာရီထိုးတဲ့အထိ ရေအိုးသုံးလုံးရှိတဲ့ လမ်းလေးခွဆုံကို ရှာမတွေ့တာကြောင့် နှစ်ယောက်သားစိတ်ပျက်လက်ပျက်နဲ့ သစ်ပင်အောက်မှာထိုင်နေတဲ့အချိန် မိန်းကလေးတစ်ယောက် ရေအိုးတစ်လုံးပိုက်ပြီး ထွက်လာတာကိုမြင်လိုက်ရတယ်။

“ သူ… သူပဲ.. အိမ်မက်ထဲက မိန်းကလေးက သူပဲ”

ခွန်းလှက ဝမ်းသာအားရနဲ့ထအော်တော့ မောင်ကောင်းက အသာနေဖို့သတိပေးပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။

ရေအိုးပိုက်လာတဲ့မိန်းကလေးက လမ်းလေးခွဆုံကိုရောက်တော့ ‌သောက်ရေအိုးနှစ်လုံးအလယ်မှာ ယူလာတဲ့အိုးကိုထားပြီး ရေခပ်သောက်လိုက်တဲ့အချိန် မြေအိုးက ခွပ်ခနဲမြည်ပြီးထက်ခြမ်းကွဲသွားခဲ့တယ်။

မိန်းက‌လေးက ရေအိုးကွဲသွားတာမြင်တော့ အံ့ဩသွားပေမယ့် အိုးကွဲတွေကို ဘာမှမလုပ်ပဲ လာရာလမ်းအတိုင်းပြန်သွားခဲ့တယ်။ ‌

မောင်ကောင်းတို့လဲ မိန်းကလေးအနောက်ကို နောက်ယောင်ခံလိုက်ကြပြီး ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေခဲ့ကြတယ်။

မွန်းတည့်၁၂နာရီအရောက်မှာတော့ အိမ်ရှေ့ကို ကားတစ်စီးထိုးရပ်လာပြီး အထဲကနေ လူတစ်ယောက် ထွက်လာတာမြင်လိုက်ရတယ်။

“ ခွန်းလှ မင်းအိမ်မက်ထဲကလူကအဲဒီပုံစံလား”

“ ဝေးနေတော့ သေချာပြောလို့မရဘူး… အဲဒါထက် သူတို့ကားအနောက်ကို ဘာနဲ့လိုက်ကြမလဲ”

“ မင်းပြောမှ ငါလဲတွေးမိတယ်… ဘယ်လိုလုပ်ရင်ကောင်းမလဲ”

မောင်ကောင်းတို့ စဉ်းစားနေရင်း

လာခေါ်တဲ့သူက မိန်းကလေးကို ကားနောက်ခန်းမှာတင်ပြီး မောင်းထွက်သွားတဲ့အချိန်

“ ကိုကောင်းတို့ ဘယ်သွားကြမလို့လဲ” ဆိုတဲ့အသ့ကြောင့်ကြည့်လိုက်ရာ အရှေ့ဖုံးဖြုတ်ထားတဲ့ကားတစ်စီး‌ကိုမောင်းလာတဲ့ မှုံကြီးကိုမြင်လိုက်ရတယ်။

“ မှုံကြီး အရှေ့က ကားအနောက်ကို လိုက်ပေးစမ်းပါကွာ”

“ အဲဒီကားက ဆန်စက်သူဌေးကားလေ… ဘာကိစ္စရှိလို့လဲ”

“ မင်းမေးတာအရင်မဖြေနိုင်သေးဘူး… မြန်မြန်လေးမောင်းစမ်းပါကွာ၊ လမ်းမှာပြောပြပါ့မယ်”

မောင်ကောင်းစကားကြောင့် မှုံကြီးလဲ မီးခိုးတထောင်းထောင်းထနေတဲ့ ကားကို တဒုန်းဒုန်းမြည်အောင်မောင်းကာ လိုက်သွားခဲ့တယ်။

“ မင်း ဒီကား ဘယ်က‌နေရလာတာလဲ”

“ ကျွန်တော် ကားဝပ်ရှော့မှာအလုပ်ရနေပြီလေ၊ အခု ကားဆီလိုက်မလိုက်စမ်းမောင်းခိုင်းလို့ မောင်းလာတာ”

“ အေးကွာ… ကျေးဇူးတင်ပါတယ်၊ မင်းအရှိန်ဒီထက်တင်လို့မရတော့ဘူးလား၊ ရှေ့ကသွားနေတဲ့ကားကို သေးသေးမှုန်မှုန်ပဲမြင်ရတော့တယ်”

“ ဒါမိုင်ကုန်ပဲကိုကောင်းရ”

မှုံကြီးစကားကြောင့် မောင်ကောင်းနဲ့ခွန်းလှတို့နှစ်ယောက် ငြိမ်ကျသွားခဲ့တယ်။

“ မှုံကြီး…”

“ဗျာ ကိုခွန်း ပြောလေ”

“ မြိုပြင်မှာ လူမနေတဲ့ အိမ်တွေရှိလား”

“ မြို့ပြင်မှာ အိမ်မှမရှိတာ၊ ဆန်တွေလှောင်တဲ့ဂိုဒေါင်ပဲရှိတယ်”

“ ဟုတ်တယ် ဟုတ်တယ် အဲဒီဂိုဒေါင်ကိုမောင်း”

“ကိုခွန်းတို့ကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ”

“ အရင်ဆုံး မြန်မြန်လေးမောင်းပါကွာ၊ ငါနောက်မှရှင်းပြပါ့မယ်”

ခွန်းလှက စိတ်မရှည်စွာပြောရင်း အရှေ့ကိုလှမ်းကြည့်လိုက်ရာ ရှေ့ကားရဲ့နောက်မြှီးကိုတောင်မမြင်ရတော့ပေ။

“ မှုံကြီး ရောက်တော့မလား”

“ ရောက်မရောက်တော့မသိဘူး… ဆီကုန်တော့မယ် ကျွန်တော်တော့ အလုပ်ပြုတ်ပီထင်တယ်”

“ ဒီကနေ ဂိုထောင်ကို လမ်းလျောက်သွားရင် ဘယ်လောက်ကြာလဲ”

“ မိနစ်နှစ်ဆယ်လောက်တော့ကြာမှာပေါ့”

“ ပြေးမယ်ဆိုရင် ဆယ်မိနစ်ကျော်ကျော်ပေါ့”

“ အင်းလေ… အပြေးလေ့ကျင့်မလို့လား”

မှုံကြီးစကားမဆုံးခင်မှာပဲ ခွန်းလှက လွယ်အိတ်ကို လွယ်ကာ အရှိန်သေစပြုနေတဲ့ကားပေါ်ကနေ ခုန်ချပြီး ပြေးပါလေရော။

“ ခွန်းလှ ငါ့ကိုစောင့်ဦး”

မောင်ကောင်းက ဆင်းပြေးမယ်အလုပ် မှုံကြီးက လွယ်အိတ်ကိုဆွဲထားပြီး

“ မြို့ပြင်မှာ တစ်ယောက်ထဲမထားခဲ့နဲ့လေ.. ကားက‌ဆီကုန်နေပြီဗျ”

“ ဟာ… မင်းကားပေါ်မှာစောင့်နေ၊ ငါတို့ခဏနေပြန်လာမယ်”

မောင်ကောင်းက လွယ်အိတ်ကို အတင်းဆွဲပြီး ကားပေါ်ကခုန်အချ ဂီယာတံနဲ့ လွယ်အိတ်နဲ့ချိတ်ကာ လူက လမ်းဘေးကို ဇောက်ထိုးဆင်းသွားခဲ့သလို မေးစေ့နဲ့ ကားလမ်းမိတ်ဆက်သွားခဲ့တယ်။

+++++

“ အလင်းရောင် လုံလောက်စွာရှိနေတဲ့ အခန်းတစ်ခုထဲမှာတော့ မိန်းကလေးတစ်ယောက် မလှုပ်မယှက်ထိုင်နေခဲ့တယ်။ သူ့အရှေ့မှာတော့ ကျောပေးထားတဲ့လူတစ်ယောက်က နံရံမှာရေးဆွဲထားတဲ့ အနီစင်းတွေကို တစ်ခုချင်းရေတွက်နေခဲ့တယ်။

“ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်၊ ဟင်း… ဒီနေ့တော့ ကိုးကြောင်းမြောက် မျဉ်းတစ်ခု ရေးဆွဲရတော့မှာပါလား” လို့ရေရွတ်ရင်း ကျောက်ရုပ်လိုထိုင်နေတဲ့ မိန်းကလေးရဲ့ နဖူးကို လက်မနဲ့ဖိနှိပ်လိုက်ရာ

“ ကြည်ဖြူ… ကြည်ဖြူ ခုနက ကားပေါ်မှာ မဟုတ်လား၊ အခုဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ”

“ ကိစ္စရှိလို့ ခေါ်လာတာလေ”

“ သူဌေးရယ် ကြည်ဖြူကိုမနောက်ပါနဲ့နော်၊ ကြည်ဖြူကြောက်လို့ပါ”

“ ဒီတစ်ခေါက်က အရမ်းပျော်ဖို့ကောင်းမှာ၊ အရင်ကဆို ငါတစ်ယောက်ထဲကစားရတာ၊ အခုက အောင်မောင်းတစ်ယောက်အပိုပါသေးတယ်”

အရူးတစ်ယောက်လိုပြောနေတဲ့ ကျော်စွာရဲ့အမူအယာကြောင့် မြကြည်ဖြူ ထိုင်နေရာကနေ ထပြီးထွက်ပြေးဖို့အလုပ်

“ အောင်မောင်း… ဒင်းကို ဖမ်းချုပ်ထားလိုက်”

ကျော်စွာရဲ့အမိန့်ပေးသံနဲ့အတူ အပြင်မှာရှိနေတဲ့ အောင်မောင်းက ဂိုဒေါင်ထဲကိုဝင်လာပြီး မြကြည်ဖြူကိုလှုပ်မရအောင် ချုပ်နှောင်ထားခဲ့တယ်။

“ ကိုအောင်မောင်း… ကြည်ဖြူကိုလွှတ်ပေးပါ.. ကိုအောင်မောင်း”

“ အောင်မောင်းက ငါပြောတာကိုပဲ နားထောင်တာလေ၊ နင်က သူ့ကို မြူစွယ်လို့မရတော့လို့ စိတ်ပျက်နေတာလား”

“ မကစားခင် နင့်သိအောင်ပြောပြရဦးမယ်၊ အောင်မောင်းက နင့်ကိုစိတ်ဝင်စားတယ်တဲ့၊ ငါကလဲ အောင်မောင်း စိတ်ဝင်စားတဲ့သူမှန်သမျှကို လောကကြီးကနေ ပျောက်ကွယ်အောင်လုပ်ပေး ချင်တာ”

“ ရှင် အရူးပဲ… ကျွန်မကို ရှင်ကိုယ်တိုင်ကားနဲ့ခေါ်လာတာ၊ ကျွန်မ တစ်ခုခုဖြစ်ရင် ရှင်အပြစ်ကင်းမယ်ထင်နေလား”

“ ငါက အဲဒီလောက် အ ပါ့မလား၊ နင်တောင် ဒီကို ဘယ်လိုရောက်လာမှန်းမသိဘူးမဟုတ်လား ဟက်ဟက်၊ နင်ဒီလောကကြီးထဲကနေ ပျောက်ကွယ် သွားတာရင်တောင် နင့်မိဘတွေက သူတို့သမီး အိမ်ကနေ စိတ်ဆိုးပြီးထွက်သွားတယ်လို့ပြော ကြမှာ”

“ ရှင်… လူယုတ်မာ… အထင်ကြီးလေးစားခဲ့သမျှ အလကားပဲ ထွီ”

“ အောင်မောင်းရေ ငါတို့ရဲ့ ပျော်စရာအချိန်လေးတွေ ကုန်နေပီနော်၊ ဒီကောင်မကို ကြိုးနဲ့ချည်လိုက်တော့”

ကျော်စွာအမိန့်ပေးလိုက်ရာ အောင်မောင်းက အသိစိတ်ကင်းမဲ့နေတဲ့သူတစ်ယောက်လို ကြည်ဖြူရဲ့ခြေတွေ လက်တွေကို ကြိုးနဲ့တုပ်နေခဲ့တယ်။

“ ဒီတစ်ခေါက် ငါကပွဲကြည့်ပရိတ်သတ်လုပ်မယ်၊ အောင်မောင်းက ဖျော်ဖြေပေး”

ကျော်စွာက တစ်ထွာသာသာရှိတဲ့ ဓါးတစ်ချောင်းကို ပစ်ချပေးလိုက်ရာ အောင်မောင်းက အသာကောက်ယူပြီး ငူငိုင်ငိုင်ကြီးရပ်နေခဲ့တယ်။

“ အရင်ဆုံး ဒီကောင်မရဲ့ ပါးကို နှစ်ချက်စီ မွန်းလိုက်”

အောင်မောင်းက ကျော်စွာရဲ့စကားကို မလွန်ဆန်နိုင်ပဲ ကြည်ဖြူရဲ့ပါးကို ဓါးနဲ့မွှန်းပစ်လိုက်တယ်။

“ အား….”

နာကျင်စွာထွက်ပေါ်လာတဲ့အော်သံကိုကြားတော့ ကျော်စွာတစ်ယောက် သဘောကျစွာရယ်လိုက်ပြီး

“ နောက်တစ်ဖက်ကျန်သေးတယ်၊ ခပ်နာနာလေး မွှန်းပစ်လိုက်” လို့ပြောလိုက်တဲ့အချိန်

“ ဝုန်း”ဆိုတဲ့အသံနဲ့အတူ ဂိုဒေါင်ထဲကို ခွန်းလှ တိုးဝင်လာခဲ့တယ်။

ဒါပေမယ့် အပေါက်ဝမှာထိုင်နေတဲ့ ကျော်စွာက ဆတ်ခနဲထရပ်လိုက်ပြီး ခွန်းလှ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ကာ

“ စိတ်ကိုလျော့ချလိုက်… ဒေါသစိတ်တွေလျော့ချလိုက်၊ အခုချိန်ကစပြီး နင်က ငါရဲ့ကျေးကျွန်တစ်ယောက်ဖြစ်သွားပြီ၊ ငါ့အမိန့်ကိုပဲနာခံရမယ်၊ ငါပြောတဲ့အတိုင်းလုပ်ရမယ်…” လို့ပြောလိုက်ရာ ခွန်းလှတစ်ယောက် အသိစိတ်တွေလွတ်ကာ စိတ်ညို့ခံထားရသူတစ်ယောက်လိုဖြစ်သွားခဲ့တယ်။

“ ကစားမယ့်သူတစ်ယောက် ထပ်တိုးပြီဟေ့၊ အောင်မောင်းရေ ဒီကောင်မရဲ့ ကြောက်လန့်နေတဲ့မျက်နှာကို ကြည့်ချင်လှပြီ၊ မြန်မြန်လက်စသတ်လိုက်တော့” လို့ပြောလိုက်ရာ အောင်မောင်းက ကြာဖြူရဲ့ လည်ပင်းကို ဓါးဦးချွန်နဲ့ ထိုးစိုက်ဖို့အလုပ်

“ ဖွတ် ဖွတ် ဖွတ် ဂျုတ် ဂျုတ်” ဆိုတဲ့အသံအတူ ကားတစ်စီးအရှိန်နဲ့မောင်းဝင်လာခဲ့တယ်။

“ဝုန်း… ဒုန်း… ဒုန်း” ဆိုတဲ့အသံနဲ့အတူ တံခါးပေါက်ဝမှာရပ်နေတဲ့ ကျော်စွာတစ်ယောက် လွင့်ထွက်သွားခဲ့သလို အောင်မောင်းလဲ ဘေးကိုလွင့်ထွက်သွားခဲ့တယ်။

“ မှုံကြီး ကားပေါ်ကဆင်း… ဟိုကောင်မလေးကို သွားခေါ်”

မှုံကြီးပြေးဆင်းသွားတော့ မောင်ကောင်းက စပါးအိတ်တွေကြားထဲ လဲကျနေတဲ့ ကျော်စွာကိုတက်ခွပြီး ထိုးပါလေရော။

မောင်ကောင်းရဲ့ လက်သီးချက်တွေက ကျော်စွာရဲ့ မျက်နှာတစ်ဝိုက်ကို မိုးသီးကြွေသလိုထိုးဆင်းလာခဲ့တယ်။

“ ခွန်းလှ …ဘာရပ်လုပ်နေလဲ..ဟေ့ကောင်… ဟာ ဒီကောင် ဘာဖြစ်နေတာလဲမသိဘူး”

မောင်ကောင်းက ဆန်အိတ်တွေကြားထဲမှာ သတိလစ်နေတဲ့ ကျော်စွာကို တွန်းထုတ်လိုက်ပြီး ခွန်းလှရဲ့ ခေါင်းကိုလက်နဲ့ကိုင်လိုက်တော့မှ တအင်းအင်းတအဲအဲနဲ့ သတိပြန်ရလာခဲ့တယ်။

“ အကို… ဘယ်တုန်းကရောက်လာတာလဲ၊ မေးစေ့မှာလဲသွေးတွေနဲ့ပါလား”

“ အဲဒါအသာထား… ဟိုကောင်ကိုချည်ဖို့ကြိုးရှာလာခဲ့”

ခွန်းလှကြိုးသွားရှာနေတဲ့အချိန် ဓါးကိုင်ပြီး ရပ်နေတဲ့ အောင်မောင်းအနားကိုသွားကာ

“ ဒီကောင်လဲအလိုတူအလိုပါပဲလား”

“ မဟုတ်ဘူး… သူလဲ စိတ်ညို့ခံထားရတာ”

“ ဟိုကောင်မလေးရော

ဘာဖြစ်သွားသေးလဲ”

“ ပါးမှာနည်းနည်းထိသွားတာကလွဲပြီး အဆင်ပြေပါတယ်”

မောင်ကောင်းလဲ စိတ်ညို့ခံထားရတဲ့ အောင်မောင်းကို သတိပြန်ရအောင်လုပ်ပေးလိုက်ရာ အိပ်ရာကနေနိုးလာတဲ့သူလို မှင်သက်သွားခဲ့တယ်။

“ မင်းတို့က ဘယ်သူတွေလဲ… ကျော်စွာရော ကျော်စွာဘာဖြစ်သွားလဲ”

“ ဒီကောင်အခုထိ မသိသေးဘူးထင်တယ်၊ မင်း သူငယ်ချင်းကျော်စွာက စိတ္တဇလူသတ်သမားကွ”

“ မဖြစ်နိုင်ဘူး… ကျော်စွာက လူသတ်ဖို့နေနေသာသာ တိရိစ္ဆာန်တစ်ကောင် တောင်သတ်ဖူးတာမဟုတ်ဘူး”

“ ဟုတ်တယ် ကိုအောင်မောင်း… ဒီကအစ်ကိုတွေပြောတာအမှန်ပဲ၊ သူက ကိုအောင်မောင်း စိတ်ဝင်စားတဲ့သူမှန်သမျှ စိတ်ညို့ပြီးသတ်ခဲ့တာ”

“ ဟင်… သူ သူပြောတာ တကယ်ပဲလား”

“ ဒါကတော့ ရဲစခန်းရောက်ရင် သိရမှာပေါ့၊ လောလောဆယ် ဒီကောင်မျက်လုံးမပေါ်အောင် ဖုံးသွားရမယ်”

မောင်ကောင်းက အနားမှာရှိနေတဲ့ ဂုန်နီအိတ်ကို ကျော်စွာခေါင်းမှာစွပ်ပေးပြီး ကားပေါ်ဆွဲခေါ်လာခဲ့တယ်။

“ မင်းက ဒီကောင်မလေးကိုခေါ်ပြီး ရဲစခန်းလိုက်ခဲ့၊ မှုံကြီးက ငါတို့ကို ခေါ်သွားပေး”

မောင်ကောင်းက ဂုန်နီအိတ်စွပ်ထားတဲ့ ကျော်စွာကို ကားပေါ်ဆွဲတင်ပြီး ခြေထောက်နဲ့ နှစ်ချက်ဆင့်လိုက်တယ်။

မကြာခင် ကားတစ်စီးက မြို့ပြင်လမ်းမတစ်လျောက် တထုတ်ထုတ်နဲ့မောင်းနှင်လာခဲ့ရာ မြို့အဝင်ဆိုင်းဘုတ်နားအရောက်မှာတော့

“ ကိုကောင်း ကားဆီကုန်သွားပြန်ပြီ”

“ အလာတုန်းကလဲ ဆီကုန်လို့ လမ်းမှာတွေ့တဲ့ကားကိုတားပြီး ဆီဖြည့်ရတယ်၊ အခုလဲ ဆီထပ်ကုန်တယ်ဆိုတော့ မထူးတော့ဘူး လမ်းလျောက်ပဲသွားရအောင်” လို့ပြောကာ ဂုန်နီအိတ်ခေါင်းစွပ်ထားတဲ့ကောင်ကို ထမ်းပြီး ရဲစခန်းရှိတဲ့ဘက်ကိုထွက်သွားခဲ့ကြတယ်။

+++++++

သွေးသံတရဲရဲနဲ့ ရဲစခန်းထဲဝင်လာတဲ့ သူတွေကိုကြည့်ပြီး တာဝန်ကျတဲ့သူတွေပြာပြာသလဲလဲဖြစ်သွားခဲ့ကြတယ်။

“ မြို့ပေါ်မှာ ပျောက်နေတဲ့မိန်းကလေးတွေကို သတ်တဲ့တရားခံဖမ်းခေါ်လာတယ်”

“ ဒီလူက တရားခံဟုတ်လား”

“ ဒီကောင်က မိန်းကလေးတွေကိုစိတ်ညို့ပြီး သတ်ခဲ့တာ၊ မယုံရင် ကိုယ့်ဘာသာစစ်မေးကြ၊ စစ်မေးနေတဲ့အချိန် သူ့မျက်လုံးကိုဖော်ထားရင်တော့ ခင်ဗျားတို့‌အကုန်လုံးဒုက္ခရောက်ပြီ”

“ ကျုပ်တို့စစ်ဆေးတဲ့အချိန် မိတ်ဆွေတို့ရဲ့ ထွက်ဆိုချက်တွေလိုတာကြောင့် တစ်လအတွင်း ဒီမြို့ကနေဘယ်မှမသွားဘူးဆိုတဲ့ ခံဝန်ထိုးရပါလိမ့်မယ်”

“ ရတယ် အခုထိုးပေးဆိုလဲထိုးပေးမယ်၊ ဒီကောင်ကို သေချာပေါက်ထောင်ချပေးမယ်ဆိုတဲ့ကတိတော့ ‌ပေး”

“ ပြစ်မှုကျူးလွန်ထားရင်တော့ သေချာပေါက်အပြစ်ဒဏ်ခံရမှာပါ”

“ ခဏနေ ဖြောင့်ချက်ပေးမယ့်သူတွေလာလိမ့်မယ်၊ ဒါနဲ့ ဓါးပြဗိုလ်ငဒိန်းရော အချုပ်ထဲမှာအဆင်ပြေရဲ့လား”

“ နစ်နာသူတွေရဲ့ထွက်ဆိုချက်အရ ဘာပစ္စည်းမှ တောင်းယူခြင်းမရှိတဲ့အပြင် အသုံးပြုတဲ့ ဓါးကလဲ သစ်သားဓါးဖြစ်နေတာကြောင့် နောက်မလုပ်ရဲအောင် နှစ်လလောက်ချုပ်ထားပါတယ်”

“ ဒါဆိုရင် ကျုပ်‌လဲဆေးခန်းသွားလိုက်ဦးမယ်၊ မေးစေ့က တစ်ဆစ်ဆစ်နဲ့ကိုက်နေပြီ”

မောင်ကောင်းက စခန်းမှူးကိုနှုတ်ဆက်ပြီး အပြင်ထွက်လာတဲ့အချိန် အောင်မောင်းနဲ့ မြကြည်ဖြူတို့ကားပေါ်ကနေဆင်းလာတာမြင်လိုက်ရတယ်။

++++++

တစ်ပတ်ခန့်အကြာ…

“ ကိုကောင်း…ကိုကောင်း”

“ ဟေ… ဘယ်သူလဲ”

“ မှုံကြီးပါဗျ”

“ အေး… ကျောင်းအနောက်လာခဲ့၊ ထင်းခွဲနေရင်းဖြစ်နေလို့”

“ သတင်းကြားပြီးပြီလား”

“ ဘာသတင်းလဲကွ”

“ ကျော်စွာဆေးရုံတင်ထားရတယ်တဲ့”

“ ဟမ်… ဘာဖြစ်လို့လဲ”

“ ညအိပ်နေတဲ့အချိန် မျက်လုံးကို အပ်နဲ့ထိုးဖောက်ခံထိလို့ဆိုပဲ”

“ ဟေ… ဘယ်သူလုပ်တာလဲသိပြီလား”

“ မသိဘူးဗျ…ဘယ်သူလုပ်တယ်ဆိုတာ လက်သည်မပေါ်ဘူး၊ ကျော်စွာကို အခြားအကျဉ်းသားတွေနဲ့မရောပဲသီးသန့်ခန်းမှာပဲထားတာကို ဘယ်လိုလုပ် မျက်လုံးဖောက်ခံထိသွားလဲမသိဘူး”

“ သူကရော လုပ်ထားတာတွေကို ဝန်ခံပြီလား”

“ မြပုလဲသွယ်အပါအဝင် အခြားမိန်းကလေး ရှစ်ယောက်ကိုသတ်ခဲ့တယ်ဆိုတဲ့အကြောင်း ဝန်ခံလိုက်ပြီ”

“ အခြားမိန်းကလေးတွေရဲ့အလောင်းတွေရော ပြန်တွေ့လား”

“ မြလေးစိန်အလောင်းတောင် ဘုန်းကြီးကျောင်းအနောက်က အင်တောထဲမှာ လာမြုပ်ထားလို့သိရတာ၊ ဒီကောင်က အလောင်းဖျောက်တဲ့အခါ သူ့အလုပ်သမားတွေကိုစိတ်ညို့ပြီးခိုင်းတာဆိုပဲ”

“ ဒီလိုကောင်မျိုးက လောကကြီးမှာကိုမရှိသင့်တာ၊ အတော်ကိုကျက်သရေယုတ်တဲ့ကောင်”

“ ကိုကောင်းတို့လဲ ငဒိန်းဆီသွားတွေ့လိုက်ဦး၊ မနက်ကတောင် သူမေးနေသေးတယ်”

“ အေးအေး… ညနေ သွားတွေ့လိုက်မယ်”

မောင်ကောင်းတို့လဲ ညနေရောက်တာနဲ့ ငဒိန်းဆီသွားတွေ့ခဲ့ကြတယ်။ ငဒိန်းက မောင်ကောင်းတို့ကိုမြင်တာနဲ့ မှိုရတဲ့မျက်နှာနဲ့ ကြည့်လိုက်ပြီး

“ ကိုကောင်း… လက်ဆောင်ပေးစရာရှိလို့”

“ အမယ်… အချုပ်ထဲနေတဲ့ကောင်က ဘာလက်ဆောင်ပေးမလို့လဲ”

“ ဒီမှာ သေချာသိမ်းထားတာ၊ ကျောင်းရောက်မှဖွင့်ကြည့်နော်”

“ အေးပါ… ဒါနဲ့ မင်းက အချုပ်ထဲမှာပျော်နေတဲ့ပုံပဲ”

“ ပျော်စရာလားဗျာ… မလွှတ်ပေးသေးလို့ နေနေတာ”

“ ငဒိန်း…”

“ ဗျာ.. ကိုကောင်း”

“ မင်းအတွက် လက်ဆောင်တစ်ခုပေးစရာရှိတယ်”

“ ဘာများလဲဗျ… အချုပ်ထဲမှာတော့ လက်ဆောင်ယူလို့မရဘူးနော်”

“ မင်း လွှတ်တဲ့နေ့ ဆရာတော်ဆီမှာ တောင်းယူလိုက်၊ ငါပေးထားခဲ့မယ်”

“ တုတ်ပီးဓါးပီးအဆောင်များလား…”

“ ဒီကောင်တော့ အခုထိ မျက်နှာပြောင်နေသေးတယ်”

“ ကိုကောင်းနဲ့ ကိုခွန်းလဲ ကျန်းမာရေးဂရုစိုက်ပါဗျ၊ ပြန်ထွက်လာမှတွေ့မယ်ဗျာ”

“ အေးပါ… နောက်မှဆုံကြတာပေါ့”

မောင်ကောင်းနဲ့ခွန်းလှလဲ ငဒိန်းကို နှုတ်ဆက်ပြီး ရဲစခန်းထဲကနေ ပြန်ထွက်လာခဲ့တဲ့အချိန် ကောင်းကင်ပေါ်ကနေ ထစ်ချုန်းလိုက်တဲ့ မိုးခြိမ်းသံတစ်ချက်ကိုကြားလိုက်ရတယ်။

အဆိုပါမိုးခြိမ်းသံရဲ့နောက်ကွယ်မှာ ဘယ်လိုမျိုး ဆန်းကြယ်မှုတွေရှိလာမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် သေရွာပြန်ဖိုးဒေါင်းဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)