ထိုလူ့အား မတွေ့ရတော့။
ချက်ချင်းကြီးပျောက်ကွယ်သွားသောကြောင့်
ဆက်မပြေးတော့ဘဲ တွေ့နိုးနိုးဖြင့်ရှာလေသည်။
သို့သော် ထိုလူသည် ချက်ချင်းလက်ငင်း
ပျောက်ကွယ်သွားလေသည်။
ခင်ချို စိတ်ထဲ အတွေးတစစဖြင့် အိမ်သို့ပြန်လာခဲ့ရသည်။
အိမ်ရောက်တော့…
“သမီး…ညည်းလည်းကြာတာအေ…
အမေကစိုးရိမ်နေတာအေ့…။
အဖော်လေးဘာလေးခေါ်သွားဦးမှပေါ့”
“အဖော်တွေက လယ်ထဲပျိုးနုတ်လိုက်သွားကြတယ်အမေရဲ့…
ဒါမို့ ကျုပ်တစ်ယောက်ထဲသွားလိုက်တာ…”
“အေးပါအေ…”
“ကဲ…အမေ ဒါဆို ကျုပ် အဝေရာရွက်တွေရေဆေးလိုက်ဦးမယ်။ပြီးရင် ငါးပိချက် ချက်မယ်…ငပိချက်ပြီးမှ အေဝရာကို ပြုတ်လိုက်မယ်နော်…”
“ကောင်းသလိုသာလုပ်အေ…။အမေကတော့
ခါးနာလို့ မီးဖိုမဝင်နိုင်ဘူး …ငါ့သမီးပဲပင်ပန်းရဦးမှာ”
“သားအမိချင်းပဲအမေရယ်…ကျုပ်ဘာများပင်ပန်းရတုန်း။
သူများတွေလို လယ်ထဲကောက်စိုက်ပျိုးနုတ်လည်းမလိုက်ရ…
ဟောပေါင်းသင်လည်းမလိုက်ရ…ကျုပ်မှာအိမ်နဲ့
အမေ့ပဲပြုစုရတာ မပင်ပန်းပါဘူးတော်…”
“အေးပါ ငါ့သမီးရယ်…ညည်းအစ်ကိုလည်း
ဒီတစ်ခေါက်သုံးလပြည့်တာတောင်ပြန်မလာသေးပါလား…
ဒီကလေးနှယ် အမေနဲ့ညီမကိုပစ်ထားရက်လေတယ်”
“အို…အမေကလည်း အစ်ကို ကုန်ရောင်း၊ကုန်ဝယ်
နယ်လှည့်ရတာ လွယ်တာမဟုတ်ဘူးလေ…၊
ဒါမို့ကြာနေတာနေမှာပါ”
ခင်ချို မိခင်ဖြစ်သူကို စကားပြန်ပြောရင်း
မီးဖိုထဲသို့ဝင်သွားလေသည်။
ခင်ချိုတို့၌ ဖခင်မရှိတော့။
ခင်ချိုအစ်ကို သွင်ထူးနဲ့ ခင်ချိုတို့မောင်နှမအား မိခင်ကြီးက
ပြုစုကျွေးမွေးခဲ့ရသည်။
ခင်ချိုတို့က တောသူဌေးများပင်ဖြစ်သည်။
ပိုင်ဆိုင်သော.လယ္မ်ားကို လယ်ငှားများခေါ်၍ခိုင်းစေသည်။
ခင်ချိုအစ်ကိုဖြစ်သူက ကုန်ရောင်း၊ကုန်ဝယ်ကိုသာစိတ်ဝင်စား၏။
မိခင်ကြီးက တားပါသော်လည်း မရ….၊သူ၏အလုပ်ကိုသာ လုပ်ဆောင်ဖို့ပြင်းပြလေသည်။
****************************
လလေးသည် တိမ်များအကြားဖုံးကွယ်နေ၏။
ထိုအချိန်၌ ခပ်စွာစွာ…ဟောင်လိုက်…အူလိုက်ဖြစ်နေသော
ခွေးအုပ်စု၏အသံသည် ပို၍ကျယ်လောင်လာခဲ့သည်။
ခွေးအူသံတို့၏အသံကြောင့် ခင်ချို တစ်ယောက်
နိုးလာခဲ့သည်။
နိုးလာရင်း ရေဆာလာသော ခံစားမှုကြောင့်
ခင်ချိုရေသောက်ဖို့ထလာခဲ့၏။
သောက်ရေအိုးဆီရောက်တော့ ရေကိုအဝသောက်လိုက်သည်။
ပြတင်းတံခါးနှင့်နီးသည်မို့ ပြတင်းတံခါးနားသို့တိုးကပ်သွားပြီး
ပတ်ဝန်းကျင်ကိုငေးမောမိပြန်သည်။
ခင်ချို ရှိသော အပေါ်ထပ်ပြတင်းတံခါးနေရာသည် ပတ်ဝန်းကျင်ကို ကြည့်၍မြင်သာလှသည်။
မှောင်မဲနေသော ပတ်ဝန်းကျင်ကို ခင်ချိုငေးကြည့်နေရင်း…
“ဟင်…………”
ခြံဝိုင်းအပြင်ဆီမှ လူရိပ်ကို ခင်ချိုမြင်လိုက်ရသည်။
လူရိပ်ဆိုသည်ထက် လူတစ်ယောက်ဆိုတာပို၍မှန်ပေမည်။
အမှောင်ထဲ၌ ရှိသော ထိုသူ့ကို
ခင်ချိုမြင်ရခြင်းကထူးဆန်းလှသည်။
ထိုလူသည်မျက်လုံးအပြူးသားဖြင့်ခင်ချိုကို
စိုက်ကြည့်နေသည်။
ခင်ချိုသည်လည်းထိုသူ၏အကြည့်စူးစူးကြီးကို
ကြောက်ရွံ့လာ၍
ပြတင်းတံခါးကို အမြန်ပိတ်ပြီးနောက်
မိမိအခန်းသို့ အပြေးဝင်သွားတော့သည်။
ထိုနေ့ တညလုံး ခင်ချိုအိပ်မပျော်ခဲ့။
မျက်ဝန်းထဲ၌ ထိုလူကိုသာမြင်ယောင်နေမိသည်။
ပုံပန်းသဏ္ဌာန်ကိုမသိပါသော်လည်း သူ၏မျက်လုံးများက
ရင်းနှီးနေသယောင် ထင်မိသည်။
ထိုသို့သော အတွေးများဖြင့် ခင်ချို မိုးလင်းခဲ့ရ၏။
“သမီးရေ…ခင်ချို…ခင်ချိုရေ………”
ဒေါ်ခင်မ တစ်ယောက် သမီးဖြစ်သူခင်ချိုကို ခေါ်နေခဲ့သည်။
“ဒီကလေးမတစ်ယောက်… ဘယ်ရောက်နေတာလဲမသိဘူး…”
ဟု…ဆိုကာ မီးဖိုချောင်၏အနောက်ဘက်သို့ ရောက်လာခဲ့၏။
မီးဖိုချောင်၏အနောက်ဘက်၌
ဆူးပုပ်ပင်များစိုက်ပျိုးထားသည်။
ခင်ချိုထိုနေရာ၌ရှိလေမလား အတွေးဖြင့်
ဒေါ်ခင်မ ရောက်လာခြင်းဖြစ်၏။
ဒေါ်ခင်မ တွေးသည့်အတိုင်းပင် ခင်ချိုတစ်ယောက်
ဆူးပုပ်ပင်များအနား၌ရှိနေခဲ့သည်။
သို့သော်…
“ဟင်…သမီး ခင်ချို…ဘာဖြစ်တာလဲ သမီး…ခင်ချို…….။
လာကြပါဦးတော်…ကျုပ်သမီးလေးဘာဖြစ်တယ်မသိဘူး”
ခင်ချိုသည် ဆူးပုပ်ပင်များ အနီး၌ လဲကျနေခြင်းဖြစ်သည်။
ဒေါ်ခင်မ လည်း သမီးအတွက် စိတ်များပူကာ ပတ်ဝန်းကျင်ကို
အော်ဟစ်အကူအညီတောင်းရတော့၏။
ဘေးခြံများ၏အကူအညီဖြင့် ခင်ချိုအား
သူ၏ အိပ်ရာ၌ အသာချပေးထားသည်။
ဆေးဆရာပင့်ဖိတ်၍ ကုသ သင့်သည်များကုသပေးကြ၏။
ဆေးဆရာကလည်းမပြန်သေး ခင်ချိုသတိလည်လာသည်အထိ စောင့်ပေးရှာသည်။
ဘေးခြံမှ အသိများအပြင်ဆွေမျိုများကလည်း
ခင်ချိုသတင်းလာမေးကြ၏။
ထိုသို့နေရင်း ခင်ချို၏ မျက်လုံးများ ပွင့်လာခဲ့လေသည်။
ခင်ချိုသည် သတိပြန်ရလာသော်လည်း
မျက်လုံးကြီးအပြူးသားဖြင့် လူများကိုစိုက်ကြည့်နေခဲ့သည်။
“သမီး…သက်သာရဲ့လား…ဘယ်လိုများဖြစ်ရတာလဲကွယ်…”
ဒေါ်ခင်မ၏အမေးကို ခင်ချိုက
မျက်လုံးအပြူးသားဖြင့်ကြည့်နေပြန်သည်။
“ကဲ…လူနာလည်းသတိရပြီဆိုတော့၊
ရော့… ကလေးမ ဒီဆေးလေးသောက်လိုက်ဦးကွယ်…”
ဟု ဆေးဆရာကပြောရင်း ဆေးရည်များထည့်ထားသော
ခွက်အား ခင်ချိုကို ကမ်းပေးလေသည်။
ခင်ချိုသည် ဆေးဆရာကိုရော ဆေးခွက်ကိုပါ တစ်ချက်ကြည့်ရင်း လှမ်းယူလိုက်ကာ…
“ခွမ်းးး………”
“ထွက်သွားးးးးးးး… ငါ့အိမ်ကအခုထွက်သွားကြ…….”
“ဟင်…”
“အမလေးးးး……”
“ဟာ………..”
ဆေးခွက်ကို ခင်ချို ပေါက်ခွဲပစ်လိုက်ယုံမက
ခင်ချို၏ နှုတ်မှထွက်ပေါ်လာသော ယောကျာ်းသံကြီးကြောင့်
ရှိသမျှလူအားလုံးထိတ်လန့်ကုန်ကြသည်။
“သှားးးကွ…သှားးးးးကွ…ငါ့အနားမလာကွနဲ့….
နင်တို့ဆီကအပူတွေ ငါမလိုချင်ဘူးးးးး…သွားကြ”
“သမီး…စိတ်ထိန်းလေ…သမီး………”
ခင်ချိုဒေါသတကြီးအော်ဟစ်နေလေရာ…ဆေးဆရာအပါအဝင်ဆွေမျိုးသားချင်းများ
နောက်သို့ဆုတ်ခွာကုန်ကြသည်။
ခင်ချိုအမေ ဒေါ်ခင်မကတော့ သမီးဖြစ်သူကို ချော့မော့နေသည်။
သို့သော်လည်း ခင်ချိုက ဒေါ်ခင်မကို ကျောပေး၍
ငုပ်တုပ်ကြီးထထိုင်နေပြန်သည်။
“မခင်မ…ခင်ဗျားသမီးမှာ အနှောက်အယှက်ဝင်နေပုံပဲဗျို့….
ဒီကိစ္စတော့ ကျုပ်လည်းမနိုင်ပေဘူး…။
အဲ့သည်တော့ ဒီဟာမျိုးတွေကုသနိုင်တဲ့
သောင်ထွန်းရွာက ဘွားမယ်စိန်ကိုသာ အပြေးပင့်ပေတော့ဗျို့…
မဟုတ်ရင် ခင်ဗျားသမီး
ဒုက္ခရောက်တော့မယ်….ကဲ… ကျုပ်ပြန်ပြီ…..”
ဆေးဆရာသည် သူ၏ ဆေးအိတ်ကို ယူ၍
ဒေါ်ခင်မတို့အိမ်မှ ပြန်သွားတော့သည်။
ဒေါ်ခင်မကတော့ သမီးဖြစ်သူ ခင်ချိုအား အခန်းထဲ၌ သော့ခတ်ထားခဲ့ပြီးနောက် ဆွေမျိုးသားချင်းများနှင့်
တိုင်ပင်နေခဲ့သည်။
ထိုအချိန် အင်တိုင်းရွာသူကြီး ဦးဖိုးမှန်ရောက်လာတော့၏။
“ဟဲ့…ခင်မ…နင့်သမီး အပမှီနေတယ်ဆို”
“ဟုတ်…ဟုတ်တယ်သူကြီး…အဲ့အတွက် ကျုပ်တို့လည်း
ဝိုင်းဖွဲ့တိုင်ပင်နေကြတာ”
သူကြီး ဦးဖိုးမှန်က ဒေါ်ခင်မ စကားအား အလိုမကျစွာ…
“ဟဲ့…ခင်မ…နင်က အယုံအကြည်မရှိတိုင်း တိုင်ပင်နေလိုက်…
ဟိုမှာ နင့်သမီး ဒုက္ခရောက်သွားရင် နင်ဘာတတ်နိုင်တော့မလဲ…
လုပ်စရာရှိတာ အရင်လုပ်စမ်းပါဟာ…”
“ကျုပ်ဘာလုပ်ရမလဲ သူကြီးရယ်…၊
ဆေးဆရာ ပြောသွားတာတော့ တစ်ဖက်သောင်ထွန်းရွာက ဘွားမယ်စိန်ကိုသာပင့်တဲ့…အဲ့တာ ဘွားမယ်စိန်က
ကျုပ်တို့သွားပင့်တော့ လိုက်လာပါ့မလားလို့”
“သြော်…မခင်မရယ်…ဘွားမယ်စိန်ကိုသာ သွားပင့်ဖို့လုပ်ပါဗျာ…ဘွားအားရင်လိုက်မှာပေါ့ဗျ…အင်း…နေ…နေ….
ကျုပ်ပဲသွားပင့်ပေးမယ်…ခင်ဗျားတို့သာ နေခဲ့ကြတော့”
“ဟုတ်…ဟုတ်…ဟုတ်ကဲ့သူကြီး…”
ဒေါ်ခင်မနှင့်ဆွေမျိုးတသိုက်တို့သည်
သူကြီးဦးဖိုးမှန်၏စကားအား
နားထောင်ကာနေရစ်ခဲ့တော့၏။
သူကြီးဦးဖိုးမှန်သည်လည်း သူ၏အဖော်တချို့ကိုခေါ်ယူပြီး
သောင်ထွန်းရွာသို့ထွက်လာခဲ့တော့သည်။
သောင်ထွန်းရွာသို့ရောက်တော့
သောင်ထွန်းရွာသူကြီးဦးနောင်ချိုအား
အကျိုးအကြောင်းရှင်းပြလိုက်ပြီး…
“အဲ့လိုဟေ့…နောင်ချိုရေ…ဘွားကို ဒီတစ်ခါလည်း
မင်းကိုယ်တိုင်လိုက်ပင့်ပေးဦးကွာ…နော့…”
“ရပါတယ် ဖိုးမှန်ရာ…မင်းနဲ့ငါကသူငယ်ချင်းပါ…မင်းရွာအရေးလည်း ငါ့အရေးပဲပေါ့…။နောက်ပြီး ဘွားကလည်း
ကူညီပေးနိုင်မှာပါကွာ…ဘာမှစိတ်မပူကြနဲ့ဟေ့”
သူကြီးဦးနောင်ချိုနှင့်ပြောဆိုကြပြီးသောအခါ
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့ကြတော့သည်။
ဘွားမယ်စိန်ကို အသင့်တွေ့လိုက်ကြ၍
သူကြီးဦးနောင်ချိုက ဦးဆောင်၍ အင်တိုင်းရွာက်ို ပင့်ခေါ်သောအခါ…
“ဘွား ကူညီပေးမှာပါမောင်ရင်တို့ရယ်…
ဘာမှ စိတ်မပူကြနဲ့ ဘွားလိုက်ခဲ့ပါ့မယ်ကွယ်…”
ထို့သို့ဖြင့် သူကြီးဦးဖိုးမှန်နှင့်သူကြီးဦးနောင်ချိူတို့အဖွဲ့က လှည်းတစ်စီး…။
ဘွားမယ်စိန်နှင့် မောင်တိုး၊မောင်အုန်းတို့က လှည်းတစ်စီး
အသီးသီးဖြင့် အင်တိုင်းရွာသို့ရောက်လာခဲ့ကြတော့သည်။
အင်တိုင်းရွာသူ၊ရွာသားတို့သည် လှည်းထက်၌ လိုက်ပါလာသော ဘွားမယ်စိန်ကိုမြင်သောအခါ အပြုံးများဖြင့်
နှုတ်ဆက်ကြပြန်သည်။
နှုတ်ဆက်ကြယုံသာမက
လှည်းနောက်မှ လိုက်ပါလာခဲ့ကြ၏။
ဒေါ်ခင်မ၏ နေအိမ်ဆီသို့ရောက်သောအခါ.ဒေါ်ခင်မနှင့် ဆွေမျိုးများက ကြိုဆိုကြပြန်သည်။
ဘွားမယ်စိန်လည်း သူ၏တောင်ဝှေးကြီးကိုထောက်…
ချည်လွယ်အိတ်ကို ဘေးစောင်းလွယ်၍ ဒေါ်ခင်မတို့ နေရာပေးသော ကုလားထိုင်၌ ဝင်ထိုင်လေသည်။
ဒေါ်ခင်မသည်ကား ဘွားမယ်စိန်ကို စကားပြောဖို့ရန်
မဝံ့မရဲဖြစ်နေလေသည်။
“ဟဲ့…ခင်မ…နင်ပြောစရာရှိတာပြောလေ ဘွားကို”
“ရှင်…”
အင်တိုင်းသူကြီးဦးဖိုးမှန်က တိုက်တွန်းလေမှ
ဒေါ်ခင်မ စကားသံထွက်လာ၏။
“ကဲပါကွယ်…ဘွားလည်းသိထားပြီးပြီပဲ…ဒီတော့
ကလေးမရှိတဲ့နေရာကိုသာ ဘွားကိုခေါ်သွားပေး…။
အင်း…ပြီးတော့ အားလုံးကိုပြောရဦးမယ်…ကလေးမ
ရှိတဲ့နေရာကို လိုက်ကြည့်မယ်ဆိုရင်
လူနည်းလေပိုကောင်းလေပဲ…
ဒါမို့ လူတွေအများကြီးခေါ်မလာမိကြစေနဲ့……..”
“စိတ်ချပါဘွား…ကျုပ်စီစဥ်ပေးပါ့မယ်…”
သူကြီးဦးဖိုးမှန်က ဘွားမယ်စိန်ကို ပြောလိုက်သည်။
ဒေါ်ခင်မကိုယ်တိုင်ပင် ဘွားမယ်စိန်ကို
ခင်ချိုရှိသောအခန်းသို့လိုက်ပို့လေသည်။
ဘွားမယ်စိန်နှင့်အတူ မောင်တိုး၊မောင်အုန်းပါရှိ၏။
တဖန် ဒေါ်ခင်မ၏ ဆွေမျိုးအနည်းငယ်နှင့်
သူကြီးတို့ပါရှိခဲ့သည်။
ကျန်သူများကတော့ အိမ်အောက်ထပ်၌သာစောင့်နေရစ်ကြ၏။
“ကဲ…အခန်းပြင်ကပဲစောင့်ကြတော့…ခင်မ…
ဘွားနောက်က ညည်းလိုက်ခဲ့”
“ဟုတ်ကဲ့ ဘွား……..”
အခန်းအတွင်းသို့ဘွားမယ်စိန်နှင့်
ဒေါ်ခင်မ သာဝင်လာကြသည်။
ကျန်သူများက အခန်းတံခါးဝမှသာ ကြည့်နေခဲ့ရ၏။
ဒေါ်ခင်မသည် ဘွားမယ်စိန်နောက်ပါးမှလိုက်လာခဲ့သည်။
ဘွားမယ်စိန်သည် အခန်းအတွင်းအိပ်ရာ၌
လှဲလျောင်းအိပ်စက်နေသော ခင်ချိုအနီးသို့ရောက်လာ၏။
ခင်ချို၏ခေါင်းအားဘွားမယ်စိန် သူ၏လက်ဖြင့် ကိုင်လိုက်သောအခါ အိပ်ပျော်နေသော ခင်ချိုသည် ချက်ချင်းပင်မျက်လုံးပွင့်လာခဲ့ပြီး ဘွားမယ်စိန်၏လက်ကို တွန်းဖယ်ကာ
အိပ်ရာမှဆင်း၍ အခန်းထောင့်၌ သွားထိုင်လေသည်။
“မင်း…ဘယ်သူလဲ”
ဘွားမယ်စိန်သည် တောင်ဝှေးကြီးကိုဟန်ပါပါထောက်ထား၏။
အခန်းထောင့်၌ ဖားပြုပ်ထိုင်ထိုင်နေသော ခင်ချိုသည်
ဘွားမယ်စိန်၏အမေးကိုမဖြေသေးဘဲ စိုက်ကြည့်နေခဲ့သည်။
“ငါမေးနေတယ်လေ…မင်းဘယ်ကလဲ…ဒီကလေးမဆီမှာ
ဘာလို့ပူးကပ်နေရတာလဲ”
ဘွားမယ်စိန်ထပ်မေး၏။
သို့သော် မဖြေသေးဘဲ ပြူးကြောင်ကြောင်မျက်နှာဘေးဖြင့် စိုက်ကြည့်နေခဲ့သည်။
“အင်း…ကောင်းပြီလေ…မင်းမဖြေရင်
ဘွားကိုယ်တိုင်မင်းဖြေလာအောင်လုပ်ရမှာပေါ့…ကဲ……….”
“ဒုတ်……….”
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုကြမ်းပေါ်သို့
ဆောင့်ချလိုက်ပြီး နှုတ်မှဂါထာများရွတ်ဆိုတော့သည်။
ထိုအခါ အစောပိုင်းက ပြူးကြောင်ကြောင်ကြည့်နေသော
ခင်ချိုတစ်ယောက် လှုပ်ရှားလာတော့၏။
ခန္ဓာကိုယ် တစ်ခုလုံးနေရာလွတ်မကျန် ကုပ်ဖဲ့နေပြီး…
“အမလေးးးးးးးပူတယ်…ပူတယ်….အမလေးးးးဗျ….
တော်ပါတော့…ကျုပ်ပူလှပါပြီ….ထပ်မရွတ်ပါနဲ့တော့……”
ဟု အော်ဟစ်နေရှာ၏။
ထိုအခါမှ ဘွားမယ်စိန်သည်
ဂါထာရွတ်ခြင်းကိုရပ်တန့်လိုက်ပြီး…
“အင်းးး….ဒါဆိုရင် အစောက
ဘွားမေးတဲ့မေးခွန်းကို ဖြေပေတော့…။
မင်းက ဆိုးဝါးတာမဟုတ်ဘူးဆိုတာတော့ဘွားသိတယ်…
ကဲ…မင်းပြောပေတော့ကွယ်…….”
ဘွားမယ်စိန်ပြောသောအခါ ခင်ချိုသည် ဒေါ်ခင်မအား
ဝမ်းနည်းသော မျက်နှာထားဖြင့် တချက်လှမ်းကြည့်ပြီး…
“အမေ…ကျုပ်ပါ….
ကျုပ်က အမေ့သား သွင်ထူးပါဗျ…..”
“ဟင်…ငါ့သား…..”
ခင်ချိုပြောသော စကားများကြောင့်ဒေါ်ခင်မ
ထိတ်လန့်သွားသည်။
မယုံကြည်နိုင်သော စိတ်များကြောင့် ခေါင်းကိုတသွင်သွင်ခါရင်း….
“မ…မဟုတ်တာ….ငါ့….ငါ့သားက
ကုန်သွားရောင်းနေတာ….မဟုတ်ဘူး……..”
ခင်ချိုကလည်း မျက်ရည်များ တလဟောကျရင်း…
“အမေ……ကျုပ် အမေ့သားပါဗျ….။
ကျုပ်…ကျုပ်သေပြီအမေရဲ့…ကျုပ်ကိုဓားပြတွေ
သတ်သွားတာကျုပ်သေပြီဗျ……”
“ဟင်….ငါ့သား…ငါ့သားသွင်ထူးသေပြီ….အမလေးးးး….
မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူးးးးး…….”
ဒေါ်ခင်မ မျက်ရည်များကျရင်းအမှန်တရားကို
လက်မခံနိုင်ဖြစ်နေရှာသည်။
တံခါးဝမှလူများသည်လည်းစိတ်မကောင်းဖြစ်နေကြရှာ၏။
“ကျုပ်အလောင်းကို မိုးကောင်းရွာနားက
တောစပ်မှာမြုပ်ထားခဲ့ကြတယ်…ကျုပ်သေတာ
အခုဆိုနှစ်လကျော်ပြီအမေရဲ့….ကျုပ် အမေတို့ဆီလာမရသေးလို့သာ ကြာနေခဲ့တာ…
အခုကျုပ်ရောက်လာပြီလေအမေ….
အီးးးးဟီးးးးဟီးးးးးးးးဟီးးးးးးးးးးးးးးးးးး”
ခင်ချိုတဖြစ်သွင်ထူးသည် ပြောရင်းငိုကျွေးနေရှာ၏။
ဒေါ်ခင်မလည်း သားဖြစ်သူ၏အဖြစ်အပျက်ကြောင့်
ဝမ်းနည်းစွာရှိုက်ငိုကျွေးနေခဲ့ရ၏။
“အမလေးးးးငါ့သားလေးမှ….
အမေ့သားလေးမှဖြစ်ရတယ်လို့….အီးးးဟီးးးးးးဟီးးးးးးး”
“ကျုပ်လေ…ညီမလေးကိုယ်ထဲနေပြီး…
အမေ့ကိုစောင့်ရှောက်ပေးချင်ခဲ့တာ…
အခုတော့ ကျုပ်ကြောင့်ညီမလေးကိုလည်း
ဒုက္ခမရောက်စေချင်ဘူး…ကျုပ်ဒီဘဝတော့
အမေတို့နဲ့ခွဲရပါရောလား….ကျုပ် သားမိုက်ကြီးကို
ခွင််လွှတ်ပါအမေရယ်…ကျုပ်ကိုခွင့်လွှတ်ပါဗျာ…
အီးးးဟီးးးးဟီးးးးးးးး ”
“အမေခွင့်လွှတ်ပါတယ်သားကြီးရယ်….
အမေခွင့်လွှတ်ပါတယ်…….”
သားအမိနှစ်ယောက်ငိုကျွေးနေကြရှာသည်။
ဘွားမယ်စိန်သည်လည်းစိတ်မကောင်းဖြစ်နေခဲ့၏။
“ကဲ…မောင်သွင်ထူး…မောင်ရင့်ညီမကိုယ်ထဲလည်းမောင်ရင်
ဝင်ပူးကပ်နေတာကြာပြီ…ဒီတော့မောင်ရင့်ဝိညာဥ်
ပြန်ခွာလိုက်ပေတော့…
နောက်ပြီး မောင်ရင်မခွာခင် ဘွားမှာလိုက်မယ်…
ဟောဟိုမှာရှိတဲ့သူကြီးဦးဖိုးမှန်တို့က မောင်ရင့်ရဲ့ အလောင်းကိုပြန်ရှာပြီး ကောင်းမွန်အောင် သဂြိုလ်ပေးကြလိမ့်မယ်…
မောင်ရင့်အမေနဲ့နှမကလည်း မောင်ရင့်အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြမှာမို့…မောင်ရင်သာဓုခေါ်ပြီး ဘဝကောင်းကိုရောက်ဖို့သာ ပြင်ဆင်ထားပေတော့ကွယ်…..”
“ဟုတ်ကဲ့ပါဘွား…ကျုပ်လေ…
ဘွားပညာကိုရော ဘွားကိုပါ
လေးစားရိုသေပါတယ်ဗျာ….
အမေ… ကျုပ်ကန်တော့ခဲ့ပါတယ်…
သားမိုက်ကြီးကိုခွင့်လွှတ်ပေးပါအမေ…ညီမလေးကိုလည်း
ကျုပ် သိပ်ချစ်တယ်ဆိုတာလေးပြောပေးပါဗျာ……..”
သွင်ထူးသည် မိခင်ကြီးအားကန်တော့ခဲ့ရှာ၏။
“ငါ့သားကြီး ကောင်းမွန်တဲ့အရပ်မှာနေနိုင်ပါစေ…
ဒီအဖြစ်ဆိုးမျိုးနဲ့ဘဝအဆက်ဆက်ဝေးပါစေကွယ်………”
ဒေါ်ခင်မတစ်ယောက် မျက်ရည်များဖြင့် ဆုပေးလေသည်။
ထို့နောက် သွင်ထူးသည် ညီမဖြစ်သူ ခင်ချို၏ ခန္ဓာကိုယ် မှထွက်ခွာသွားတော့၏။
သွင်ထူးထွက်သွားသော အခါ ခင်ချိုလဲကျသွားရှာသည်။
သတိမလည်သေးသော ခင်ချိုအား.ဘွားမယ်စိန်ကအသင့်ပါလာသော ရေမန်းများဖြင့် ပတ်ဖြန်းပေး၏။
ထိုအခါမှ သတိပြန်ရလာခဲ့သည်။
သတိပြန်ရလာသော ခင်ချိုသည် ငိုကြွေးနေသော မိခင်ကိုလည်းကောင်း…မမြင်ဘူးသော ဘွားမယ်စိန်တို့အားလည်းကောင်းငေးကြည့်ရင်း….
“အမေ…ကျုပ် ဆူးပုပ်ရွက်ခူးနေတုန်း ကျုပ်နောက်ကနေ ဘယ်သူဝင်တိုက်လိုက်တာတုန်း…ကျုပ်ဖြင့် အဲ့ကတည်းက
လန့်ပြီး ဘာမှမသိတော့တာ….”
ဟု…ပြောသောအခါ ဒေါ်ခင်မက…
“သမီး…ညည်းအစ်ကိုသေပြီအေ့…ညည်းအစ်ကိုကြီးအမေတို့ကိုခွဲသွားရှာပြီ….အီးးး….ဟီးးးးးး….ဟီးးးးးး”
“ဟင်…အမေ….အမေကလည်း….
ဘာ….ဘာတွေပြောနေတာတုန်း”
ခင်ချို ကြောင်အမ်းအမ်းမေးသောအခါ သူကြီးဦးဖိုးမှန်မှ
ခင်ချိုအား ပြောပြရတော့၏။
အကြောင်းစုံသိသော အခါ ခင်ချိုလည်း မိခင်နည်းတူငိုကြွေးရှာသည်။
“ကျုပ်…ဒါကြောင့်သိသလိုရှိနေတာ…အမေရဲ့….
ကျုပ် အစ်ကို ကိုမြင်တာ နှစ်ခါရှိပြီတော့်…
ကျုပ်ညံ့ပါ့အမေရယ်….
ကျုပ်အစ်ကိုကို ကျုပ်မမှတ်ခဲ့ဘူးးးးးးအီးးးးဟီးးးးဟီးးးးးးး”
ခင်ချိုနှင့်ဒေါ်ခင်မတို့သားအမိ တစ်ဦးနှင့်တစ်ဦးဖက်၍
ငိုကြွေးရှာတော့သည်။
“ကဲ…ခင်မ…ညည်းတို့ငိုနေလို့မပြီးဘူး…ငါနဲ့ရွာသားတွေက
သွင်ထူးပြောတဲ့နေရာမှာအလောင်းသွားတူးမယ်…
ကြည့်ရတာ နင့်သား ရွာအပြန်မှာ
အသတ်ခံရတာနေမှာဟ…
မိုးကောင်းရွာဆိုတာတို့ရွာနဲ့နှစ်ရွာပဲခြားတော့တာ…
ကဲပါလေ…
နင်တို့က ပြင်စရာရှိတာပြင်ထားကြတော့ဟေ့….”
သူကြီးဦးဖိုးမှန်ကပြောစရာများပြောအပြီး
သူ၏ရွာသားများအားခေါ်ကာ သွင်ထူး၏အလောင်းအားသွားရှာတော့သည်။
ဘွားမယ်စိန်တို့သည်က ဒေါ်ခင်မတို့အိမ်၌သာနေရစ်ခဲ့ကြ၏။
ဒေါ်ခင်မနှင့်ခင်ချိုတို့ကိုလည်း ဘွားမယ်စိန်ကိုယ်တိုင်
နှစ်သိမ့်ပေးနေခဲ့သည်။
“ကဲ…ခင်မ….သေသူလည်းသေသွားပြီ…ဝမ်းနည်းတာလည်းနည်းတာပေါ့…သူ့အတွက်လည်း စိတ်ကိုနှစ်မချနဲ့…
ညည်းမှာဒီသမီးလေးရှိသေးနေတာပဲ
အားတင်းထားဦးမှပေါ့…”
“ဟုတ်ကဲ့ပါဘွားရယ်…ကျုပ်သမီးလေးအတွက် .ကျုပ် အတင်းထားပါ့မယ်တော်…..”
ထိုနေ့သန်းခေါင်ကျော်၍ မိုးလင်းခါနီးမှ သူကြီးဦးဖိုးမှန်တို့အဖွဲ့
ပြန်ရောက်လာကြ၏။
“သွင်ထူးပြောတဲ့အတိုင်းပဲဟေ့…
အလောင်းကအဲ့နေရာမှာပဲတွေ့တာ…”
ဟုပြောအပြီး အသုဘကို ပြင်ဆင်ကြတော့၏။
ထိုသို့ဖြင့် သွင်ထူးအား ရည်စူး၍ ဒေါ်ခင်မတို့
သားအမိမှာလည်း
အလှူအတန်းများလုပ်ဆောင်ဖို့ပြင်ဆင်ကြရှာသည်။
အသုဘလည်းပြီး အလှူအတန်းများလည်းလုပ်ပြီးသောအခါ
သွင်ထူး၏ဝိညာဥ်သည် ဒေါ်ခင်မတို့ထံသို့
ရောက်မလာတော့ချေ။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply