ဒုံရင်းစိုက်တဲ့ကိန်း

ပြေးလိုက်လို့ဗျ။

ကျုပ်လည်းပြေးရင်း ဖက်လိပ်ရွာထဲရောက်သွားတယ်ဗျ၊ ရွာလယ်က အိမ်ကြီးအိမ်ကောင်းကြီးတစ်ခုကတော ကျုပ်အဘိုးအိမ်ပေါ့ဗျာ၊ အဲဒီအိမ်ရှေ့ရောက်တော့ ကျုပ်လည်း ခလုပ်တိုက်ပြီးတော့ လဲကျသွားတယ်၊ အနောက်ကိုအမြန်လှည့်ကြည့်တော့ ခုနက တွေ့ခဲ့တဲ့ခွေးနက်ကြီးက ပျောက်ချင်းမလှကိုပျောက်သွားတာဗျ၊ ကျုပ်လည်း ဖုတ်ဖတ်ခါထပြီးတော့ လူတွေစည်ကားနေတဲ့ သူကြီးအိမ်ထဲကိုဝင်ကြည့်တာပေါ့ဗျာ။

သူကြီးအိမ်ကတော့ လူတွေစည်နေတာပြောမနေပါနဲ့ဗျာ၊ ခြေတံရှည်အိမ်ဆိုတော့ အိမ်အောက်ထပ်မှာတော့ ရွာသားတွေက ချက်ဖို့ပြုတ်ဖို့ပြင်ဆင်နေကြတယ်၊ အိမ်အပေါ်တက်တဲ့လှေကားမှာတော့ ဖိနပ်တွေချွတ်ထားတာ မနည်းပဲဗျ၊ ကျုပ်တက်သွားတော့ ကျုပ်ကိုဘယ်သူမှ မြင်ရတယ်မထင်ဘူး၊ သူ့ဖာသာသူ စကားပြောနေကြတာ။ ဘုရားခန်းအရှေ့နားမှာတော့ ကော်ဇောကြီးခင်းထားပြီးတော့ လူကြီးတွေထိုင်နေကြတယ်ဗျ။

“ကျုပ်၊ ကျုပ်အနူးအညွတ်တောင်းပန်ပါတယ်ဆရာကြီးတို့၊ ဒီစုန်းမက ကျုပ်တို့ရွာကို ဒုက္ခပေးပေါင်းများပြီ၊ ဆရာကြီးတို့ အဲဒီစုန်းမကို နည်းနည်းလောက်ထိန်းကျောင်းပေးစေလိုပါတယ်”

ကျုပ်အဘိုးသူကြီးက ကုန်းပြီးကန်တော့တာပဲဗျာ၊ ဒီတော့ ထိုင်နေတဲ့လူကြီးတွေထဲက မီးခိုးရောင်လိုလိုတိုက်ပဝတ်ထားတဲ့လူကြီးက

“ဘာမှမပူပါနဲ့သူကြီးရာ၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး၊ ကျုပ်တို့နှိမ်နင်းပေးပါ့မယ်ဗျ၊ ကျုပ်တို့ မတစ်လုံးဂိုဏ်းဆိုတာက နယ်တကာလှည့်ပြီးတော့ အဲဒီလိုစုန်းတွေကဝေတွေကို လိုက်လံနှိမ်နင်းပြီး ပညာတွေအလှူခံခဲ့တာ များပြီဗျ”

“ကောင်းပါပြီဆရာကြီးတို့ရာ၊ ဆရာကြီးတို့ ကောင်းသလိုသာစီစဉ်ပါ၊ လိုအပ်တာကိုသာ ကျုပ်ကိုပြောပါ”

“ဒါနဲ့ စုန်းက ဘယ်နှစ်ယောက်မို့လို့လဲဗျ”

“နှစ်ယောက်ပါ၊ အမေကတော့ သိပ်မစွမ်းဘူး၊ သမီးကတော့ တော်တော်စွမ်းတယ်ဆရာကြီးတို့”

“ဟား၊ ဟား စုန်းနှစ်ယောက်လောက်များကတော့ ကျုပ်တို့တစ်ဂိုဏ်းလုံး ပင့်စရာမလိုပါဘူးဗျာ၊ ကျုပ်တို့က စုန်းသိုက်မှတ်လို့ လိုက်လာကြတာကိုး”

“စုန်းသိုက်ဆိုတာက ဘာလဲဆရာကြီးတို့”

“လွန်ခဲ့တဲ့ခြောက်လလောက်က ရှမ်းပြည်နယ်ဘက်က ကျေးရွာတစ်ရွာမှာ စုန်းတွေသောင်းကျန်းလို့ဆိုပြီး သွားနှိမ်နင်းပေးရဖူးတယ်၊ အဲဒီရွာမှာ စုန်းချည်း သုံးဆယ်လောက်ရှိတာ၊ အဲဒီသုံးဆယ်ကိုတောင် ကျုပ်တို့ဂိုဏ်းတည်ထောင်သူ ဟောဒီဘက်က ဆရာကြီးဇေယျက တစ်ယောက်တည်း အပြိုင်တိုက်ခိုက်ခဲ့တာပေါ”

ဇေယျလို့ခေါ်တဲ့ဆရာကြီးကတော့ ခပ်အေးအေးပဲထိုင်နေတာဗျ၊ ပင်နီတိုက်ပုံဝတ်ထားပြီးတော့ သျှောင်ထုံးကြီးကလည်း အကြီးကြီးဗျို့၊ ပိုထူးခြားတာကတော့ မျက်ခုံးမွှေးတွေက သူများတွေလိုမဟုတ်ဘဲ အရှည်ကြီးတွေနဲ့ ကော့ပျံံံလန်တက်နေတာပဲဗျာ၊ ကွမ်းကလည်း မြနေသေးရဲ့။ ဒီအချိန်မှာပဲ အိမ်အောက်ဘက်မှာ လူတွေဆူညံဆူညံံနဲ့အသံကြားရတယ်၊ နောက်တော့ အိမ်လှေကားပေါ်ကိုတက်လာတဲ့သူက ဒေါ်ပျင်းကြီးဗျ။ အိမ်ပေါ်မှာရှိတဲ့ရွာသားတွေအကုန်လုံးက ဒေါ်ပျင်းကိုတွေ့တော့ လန့်သွားကြတာပေါ့၊ ဒေါ်ပျင်းက ဧည့်သည်တွေဘက်ကိုကြည့်ပြီး

“သြော်၊ ဧည့်သည်တွေ ရောက်နေတဲ့ပံုံပဲ၊ ဟင်း၊ ဟင်း”

သူကြီးက လှည့်ကြည့်ပြီးတော့

“ဟဲ့စုန်းမ၊ နင်ငါ့အိမ်ကို ဘာလာလုပ်တာလဲ”

“ဘာမှမဟုတ်ပါဘူး၊ ကျုပ်တို့ရွာကို ဧည့်သည်တွေရောက်နေတယ်ဆိုလို့ မမြင်ဖူးလို့လာကြည့်တာ”

မတစ်လး ဂိုဏ်းဆရာတစ်ယောက်က ဒေါ်ပျင်းကိုလက်ညှိုးထိုးပြီး

“အောင်မယ်၊ စုန်းမ၊ နင်က ငါတို့ကိုမခန့်လေးစားနဲ့ ဒီကိုဘာလာလုပ်တာလဲ၊ ငါနင့်ကိုကြိုပြောလိုက်မယ်၊ နင်ရွာကို ဒုက္ခပေးနေတာတွေကို အခုချက်ချင်းရပ်”

ဒေါ်ပျင်းကတော့ ခပ်ပြုံးပြုံးပဲဗျ။

“ဘယ်သူ့ကိုလက်ညှိုးလာထိုးနေတာလဲရှင်၊ ယောက်ျားကြီးတန်မဲ့နဲ့ စကားပြောတာ လက်ညှိုးတထိုးထိုးနဲ့ မိန်းမကြီးကျနေတာပဲ”

ဒေါ်ပျင်းလည်းပြောလိုက်ရော အဲဒီဂိုဏ်းဆရာကြီးရဲ့ လက်ညှိုးက ခေါက်ခနဲလှန်ပြီးကျိုးသွားတာဗျာ၊ လက်ညှိုးထိပ်က လက်သည်းဆိုရင် လက်ဖမိုးသားနဲ့ထိအောင်လို့ကို ကွေးကျသွားတာ၊ အထက်လမ်းဆရာကြီးက နာပုံရပေမယ့် အံံံကြိတ်ပြီးခံတယ်ဗျ။ ဒီအချိန်မှာပဲ ဘေးနားက ထိုင်နေတဲ့ဆရာတစ်ယောက်က သူ့လည်ပင်းမှာဆွဲထားတဲ့ ပုတီးကိုဖြုတ်ပြီးတော့ ဒေါ်ပျင်းဆီကို အခွေလိုက်လှမ်းပစ်တယ်ဗျ၊ ဒေါ်ပျင်းက အဲဒီပုတီးကုံးကို ကြည့်လိုက်တာနဲ့ ပုတီးကုံးက လေပေါ်မှာတင်ပဲ ဖြန်းခနဲပြတ်ထွက်သွားပြီးတော့ ပုတီးစေ့တွေက တစ်အိမ်လုံးအနှံ့ပြန့်ကျဲသွားတာပဲဗျာ။ နောက်တော့ အဲဒီပုတီးနဲ့ပစ်တဲ့ဆရာလည်း တစ်ခါတည်းခွေကျသွားပြီးတော့ ဗိုက်ကိုလက်နဲ့ဖိပြီး အော်နေတော့တာပဲ၊ ဒီတော့မှ ဆရာကြီးဇေယျက ထလာတယ်ဗျ၊ ပုတီးနဲ့ပစ်တဲ့ တပည့်ရဲ့ ဗိုက်ကိုလက်နဲ့သပ်လိုက်တာနဲ့ အဲဒီလူက အကောင်းအတိုင်းပြန်ဖြစ်သွားရောဗျာ၊ နောက်တစ်ခါ လက်ညှိုးကျိုးသွားတဲ့တပည့်ရဲ့ လက်ဖဝါးကိုပွတ်သပ်လိုက်တော့ လက်ညှိုးက အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားပြန်ရောဗျို့။

နောက်တော့ ဆရာကြီးဇေယျက ဒေါ်ပျင်းဘက်ကိုကြည့်တယ်ဗျ။

“ဟဲ့စုန်းမ၊ နင်က အလာသားပါလား၊ ကဲ ဒီနေ့တော့ ခရီးရောက်မဆိုက်မို့ နင်နဲ့ငါနဲ့မတွေ့ချင်သေးဘူး၊ နောက်ရက်ကျတော့ ငါ့အကြောင်းနင်သိမယ်”

“အင်းပါ၊ ဆရာကြီးတို့ နားကြအုံးပေါ့၊ ကျုပ်ပညာသိချင်ရင်တော့ ကျုပ်ဆီကိုလာခဲ့ပါ၊ ကျုပ်က အချိန်မရွေး၊ နေရာမရွေးဘူး”

ဒေါ်ပျင်းက ပြောဆိုပြီးတော့ ချာခနဲလှည့်ထွက်သွားပါပဲဗျာ၊ အဲဒီအချိန်မှာ ကျုပ်ဇက်ပိုးတွေလေးလံလာတယ်၊ နောက်ပြီးတော့ လူကလည်းနေရတာတစ်မျိုးပဲဗျ၊ ကျုပ်မျက်နှာပေါ်ကိုလည်း ရေစက်လေးတွေလာစင်တယ်၊ ကျုပ်လည်း အိမ်ထဲမှာထိုင်နေရင်း ဘယ်ကရေစက်တွေ ကျလာသလဲဆိုပြီးမော့ကြည့်လိုက်တော့ ရေတွေအများကြီးပဲ ကျုပ်မျက်နှာပေါ်ကို ကျလာတော့တာပဲဗျာ။

“ဖွီး . . . ဖွီး”

ကျုပ်လည်း ပါးစပ်ထဲဝင်လာတဲ့ ရေတွေကို မှုတ်ထုတ်လိုက်ပြီးတော့ ငုတ်တုတ်ကောက်ထိုင်လိုက်တာပေါ့ဗျာ၊ အကိုကြီးနဲ့ အငယ်ကောင်က ကျုပ်ကိုကြည့်ပြီး တဟားဟားနဲ့ ရယ်မောနေကြတယ်။

“အလတ်ကောင်ရာ မင်းတော်တော်အိပ်ပုတ်ကြီးတဲ့ကောင်ပဲကွ၊ အိပ်စရာနေရာရှားလို့ သချိုင်းကုန်းထဲလာအိပ်နေရသလား”

အချိန်က ညနေစောင်းကလေးဗျ၊ ကျုပ်မှတ်မိသလောက်ပြန်စဉ်းစားတော့ ဒီနေရာမှာ ဦးဘသာနဲ့ကျုပ်နဲ့ထိုင်နေကြတယ်မဟုတ်လားး၊ နောက်တော့ ဦးဘသာထွက်သွားပြီးတော့ ဒေါ်ပျင်းကြီးပေါ်လာပြီး ကျုပ်ပါးစပ်ထဲကိုဝင်သွားတာပဲလေ၊ ကျုပ်မှတ်မိသလောက်ကတော့ ဒီလောက်ပဲ၊ ဒါနဲ့ အကိုကြီးနဲ့ အငယ်ကောင်တို့အနောက်ကို လိုက်ခဲ့ရတာပေါ့ဗျာ။

(၂)

နောက်နေ့မနက်ကျုပ်တို့ထမင်းစားပြီးတော့ အကိုကြီးက နွားတွေသွားဆွဲလာတယ်ဗျ၊ ကျုပ်တို့လယ်တွေမှာ မျိုးတွေကြဲဖို့အချိန်ရောက်ပြီပေါ့ဗျာ၊ ဒီအချိန်မှာပဲ အိမ်က နွားပြာကြီးက ပေကပ်ကပ်လုပ်နေတယ်ဗျ၊ အကိုကြီးဆွဲတာတောင်မှ တင်းကုပ်ထဲကနေ မလိုက်ချင်လိုက်ချင်နဲ့ထွက်လာတယ်၊ ဆွဲလာရင်းမကြာသေးဘူး အိမ်ရှေ့နားရောက်တာနဲ့ ခွေပြီးလှဲချလိုက်တယ်ဗျ၊ အကိုကြီးက နွားပြာကြီးကို ကြိမ်းမောင်းပေမဲ့ မထတော့ဘဲ မှိန်းနေတယ်။ အဖေက အကိုကြီးကိုကြည့်ရင်း

“အကြီးကောင်၊ သိပ်ရိုက်ပုတ်မနေနဲ့ကွ၊ ဒီကောင်ကြီးကြည့်ရတာ အခြေအနေသိပ်မဟန်ဘူးကွ၊ တန်တော့ နေမကောင်းဘူးထင်တယ်”

အဖေက ထလာပြီးကြည့်တယ်ဗျ၊ ကျုပ်တို့တောမှာတော့ နွားမွေးတဲ့အိမ်တိုင်းက နွားအကြောင်းတော့ အနည်းအကျဉ်းသိကြတာချည်းပဲဗျ၊ ဒီတော့ နွားပြာကြီးကိုအကဲခတ်ကြည့်နေရင်း အဖေက ခေါင်းခါတယ်။

“သာမန်ရောဂါမဟုတ်ဘူးထင်တယ်ကွ၊ ကိုယ်သားကိုယ်ရေတွေကလည်း ပူနေတာပဲ၊ အလတ်ကောင် ဦးဘသာ သွားခေါ်ခဲ့ကွာ”

ကျုပ်တို့ရွာမှာ နွားစပါယ်ရှယ်လစ်က ဦးဘသာဆိုတော့ ဦးသာပဲပြေးခေါ်ရတာပေါ့ဗျာ၊ သူက နွားဆရာဝန်ဆိုလည်းဟုတ်တယ်၊ ကျုပ်တို့ဘက်တော့ နွားဆရာလို့ခေါ်ကြတယ်၊ ဒါပေမယ့် ဦးဘသာကတော့ သူ့ကိုယ်သူအဲဒီဂုဏ်ပုဒ်မတပ်ပါဘူးဗျာ၊ အခြားရွာတွေဆိုရင်တော့ နွားဆရာဆိုပြီးတော့ ပိုက်ဆံယူပြီးကုစားတဲ့သူရှိပေမယ့် ကျုပ်တို့ရွာကတော့ ဦးဘသာပဲ အားကိုးရတာဗျ။

ဦးဘသာကို စုန်းဆိုပြီး ကြောက်လို့ မခေါ်မပြောရင်တောင်မှ ကိုယ့်ခိုင်းနွားတွေတစ်ခုခုဖြစ်လာပြီဆိုရင် ဦးဘသာဆီပြေးပြီ၊ ဘယ်လိုဘယ်အကြောင်းလို့ပြောလိုက်တာနဲ့ ဦးဘသာက ဘယ်သစ်ရွက်၊ ဘယ်ဆေးကို ဘယ်လိုခတ်တိုက်လိုက်လို့တော့ ပြောလိုက်တာပဲဗျ၊ သူပြောတဲ့အတိုင်းတိုက်ရင် တကယ်ယူပစ်သလိုပျောက်တာဆိုတော့ တစ်ရွာလုံးက အားကိုးရတာပေါ့ဗျာ၊ အခုလည်း အိမ်ကနွားပြာကြီးဘာဖြစ်မှန်းမသိဘူးဗျ၊ ကျုပ်ကတော့ ရိုးမှ ရိုးပါ့မလားလို့တွေးနေမိတယ်။

“ဦးဘသာ . . . ဗျို့ ဦးဘသာ”

“ဟေ၊ ဘာတုန်းဟ”

“အိမ်က နွားပြာကြီး ဘာဖြစ်မှန်းမသိလို့ အဖေကလာခဲ့ပါအုံးတဲ့ဗျာ”

“အေးအေး၊ ငါလာပြီ”

ဦးဘသာလည်း နွားထွက်ကျောင်းဖို့ထင်တယ်ဗျ၊ ကျုပ်ခေါ်တော့ ကျုပ်အနောက်ကိုလိုက်လာတယ်၊ လမ်းတစ်လျှောက် ဘာစကားမှမပြောတာနဲ့ ကျုပ်လည်း ပြောမနေတော့ဘူးပေါ့ဗျာ၊ ခြံံံထဲရောက်တာနဲ့ နွားပြာကြိးကိုတစ်ချက်သွားကြည့်တယ်။ လှဲအိပ်နေတဲ့ နွားပြာကြီးကိုလှည့်ပတ်ပြီးတော့ကို ကြည့်တာဗျ၊ ပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့ ကျောကအမွှေးတွေကို လက်နဲ့ပွတ်ကြည့်တယ်၊ နောက်တော့ နားရွက်ကိုလက်နဲ့ထောင်ကြည့်နေပြန်တယ်၊ နောက်ဆုံးကတော့ နွားရဲ့ကိုယ်လုံးကိုစမ်းကြည့်တယ်ဗျ၊ အဖေကလည်း သိချင်လို့ ဘေးနားကသွားကြည့်နေတာပေါ့ဗျာ။

“ဘာဖြစ်တာလဲ ဦးဘသာ”

“သူကြီးနွားပြာက သရက်ရွက်ကြီးနေတာဗျ”

ကျုပ်လည်း အံ့သြသွားတာပေါ့ဗျာ။

“ဗျာ၊ သရက်ရွက်ကြီးတာကို ဦးဘသာက ဘယ်လိုလုပ်ပြီးသိတာလဲဗျ”

“ကိုယ်သားကိုယ်ရေတွေပူနေတယ်ကွ၊ အမွှေးတွေကလည်း ထောင်မတ်မနေဘူး ခပ်စောင်းစောင်းရယ်၊ နောက်ပြီးတော့ နားရွက်လည်းမထောင်နိုင်ဘူးမဟုတ်လား၊ အဲဒါ သရက်ရွက်ကြီးတာပေါ့ကွ၊ မင်းမယုံရင် လက်တွေ့စမ်းပြမယ်၊ မီးဖိုထဲက ဆားလက်တစ်ဆုပ်လောက် သွားနှိုက်ခဲ့ကွာ”

ကျုပ်လည်း ဦးဘသာပြောတဲ့အတိုင်း ဆားလက်တစ်ဆုပ်နှိုက်ပြီးတော့ ပြန်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာက ဆားတွေကိုယူပြီးတော့ နွားရဲ့ကျောကုန်းအလယ်က ဗွေပေါ်မှာ အဲဒီဆားတွေကို အပံုံကလေးဖြစ်အောင်ပုံလိုက်တယ်ဗျ၊ ကျုပ်တို့ကြည့်နေတဲ့အချိန်မှာပဲ ဆားတွေက အရေပျော်လာပါရောဗျာ၊ ဆားပံုံအောက်ဘက်က ဆားတွေအရေပျော်တော့ ဆားပုံလည်းပျက်သွားတာပေါ့၊ ဆားရေတွေစီးကျနေတာကို အတိုင်းသားမြင်ရတယ်ဗျာ။

“တွေ့လား၊ အဲဒီဆားအရည်ပျော်ရင် အဲဒါသရက်ရွက်ကြီးတဲ့ရောဂါပဲကွ”

“ထူးဆန်းလိုက်တာဗျာ”

“ဒါ ငါတို့ရှေးဗမာ့နည်းကွ”

“ကုလို့ရော ပျောက်ပါ့မလား ဦးဘသာ”

အဖေက ဝင်မေးတော့ ဦးဘသာက ခေါင်းညိတ်တယ်ဗျ။

“ပျောက်တာပေ့ါသူကြီးရာ၊ ဆေးစုံကွမ်းစုံ ကျွေးရင် ဒိဋ္ဌပျောက်တာပေါ့ဗျ”

“ဒါဆိုရင်လည်း ကုပေးပါဦးဘသာရာ၊ ကျုပ် ဦးဘသာကို သမားပွဲကန်တော့ပါ့မယ်”

“မလိုပါဘူးသူကြီးရာ၊ ကျုပ်က ဘယ်တုန်းက သမားပွဲဆိုပြီးတောင်းဖူးလို့လဲဗျ”

သမားပွဲဆိုတာကတော့ ကျုပ်တို့ဆီမှာ နွားတွေရောဂါဖြစ်လို့ ဆေးကုရင် ဆေးကုပေးတဲ့လူကို တောင်းတစ်လံုံးနဲ့ ဆန်၊ ဆီ၊ ဆားနဲ့ စားသောက်ဖွယ်ရာတွေ ပြင်ပေးတာကိုခေါ်တာပါ၊ ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ကန်တော့တဲ့ပုံပေါ့ဗျာ၊ အခကြေးငွေယူတဲ့ နွားဆရာတွေဆိုရင်လည်း အဲဒီသမားပွဲထဲမှာ ပိုက်ဆံကိုကန်တော့ထိုးပြီးထည့်ပေးလိုက်ရတာပဲ။

“အလတ်ကောင်၊ မင်းတို့အိမ်မှာ ငရုတ်ဆံုံသန့်သန့်ရှိသလားကွ”

“ရှိတယ်ဗျ၊ သံဆံုံတစ်ခုရှိတယ်”

ကျုပ်လည်း အိမ်ပေါ်ထပ်ကနေ သံံဆုံကြီးယူပေးလိုက်တာပေါ့ဗျာ၊ သံဆံုံက ငရုတ်သီးအမှုန့်ထောင်းတာတို့၊ ဆေးထောင်းတာတို့မှာသံုံးတာကိုးဗျ၊ ဦးဘသာက ကျုပ်ကိုပါဝင်ပစ္စည်းတွေရှာခိုင်းတယ်ဗျ။

“ကွမ်းရွက် အစိတ်သား၊ ကွမ်းသီး၊ ရှားစေး၊ နွယ်ချို၊ စမုန်စပါးက ငါးကျပ်သားစီကွ၊ ဆေးရွက်ကြီးနဲ့ ထုံးနဲ့ကတော့ နှစ်ကျပ်သားလောက်ဆိုရပါတယ်”

ကျုပ်လည်း သူရေးပြတာကိုကြည့်ရင်း

“ဦးဘသာဆေးအမည်တွေကလည်း ကွမ်းစားတဲ့အခါသံုံးတဲ့ ပစ္စည်းတွေချည်းပါပဲလားဗျ”

“အေးလေ၊ အဲဒါကြောင့်လည်း ဆေးစုံကွမ်းစံုံလို့ ခေါ်တာပေါ့ကွ”

“ဒါနဲ့၊ ဒီအမည်တွေနဲ့ကုရင် ပျောက်ပါ့မလား”

ကျုပ်ကမေးတော့ ဦးဘသာက ကျုပ်ကိုမော့ကြည့်တယ်ဗျ။

“ဒီဆေးက ဟိုးရှေးကတည်းက သုံးလာတဲ့ဆေးနည်းကွ၊ ဆေးနည်းလွယ်တယ်ဆိုပြီး အထင်မသေးနဲ့ တမြန်နှစ်က ရွာနောက်ပိုင်းက ဖိုးထူးတို့ ငါနဲ့မကုချင်လို့ဆိုပြီးတော့ မြိုင်သာက တိရစ္ဆာန်ဆရာဝန်သွားပင့်ကုတာတောင် ပျောက်တာမှမဟုတ်တာကွ၊ ငွေကုန် လူပန်းပဲအဖတ်တင်တာမဟုတ်လား၊ ငါကနောက်တော့ ဖိုးထူးယောက္ခမကို ခေါ်ပြောရတယ်၊ အဘိုးကြီးကလည်း သိပ်မယံုံဘူး၊၊ ဒါနဲ့ တစ်ဆုံထောင်းတိုက်လိုက်တော့ တစ်ပတ်မကြာဘူး ပျောက်ပါရောလား၊ ဒါနဲ့ ဖိုးထူးက သူ့ယောက္ခမကိုတောင် ပုဆိုးအချောတစ်ထည် ကန်တော့သေးတယ်ဆိုပဲ”

“ဟာဗျာ၊ တကယ်တော့ အဲဒါဦးဘသာပေးတဲ့နည်းလမ်းမဟုတ်ဘူးလားဗျ၊ ဒီအဘိုးကြီးက တကယ်ဆိုရင် ဦးဘသာကိုပေးသင့်တာနော်”

ဦးဘသာက ပြုံးရင်း

“ဒီလိုစိတ်ထားရင် ပင်ပန်းတာပေါ့အလတ်ကောင်ရ၊ ငါကတော့ ဘာမှမမျှော်လင့်ဘူး၊ ငါ့နည်းလမ်းနဲ့ သူ့နွားကောင်းသွားတယ်၊ ရောဂါသက်သာသွားတယ်ဆိုရင်ပဲ ငါကျေနပ်တယ်၊ သတ္တဝါတစ်ကောင်ရဲ့အသက်ကိုကယ်တယ်ဆိုပြီး ပျော်တယ်၊ ဒီလောက်ပဲစိတ်ထဲထားတယ်ကွ၊ မှတ်ထားအလတ်ကောင်ရေ၊ သူများကို ကူညီတယ်ဆိုတာ မျှော်လင့်ချက်မထားရဘူးကွ၊ မျှော်လင့်ချက်ထားရင် စိတ်ပင်ပန်းရမယ်၊ သူ့အလှည့်တုန်းက ငါလုပ်ပေးထားတယ်၊ ငါ့အလှည့််ကျရင် လုပ်ပေးရမယ်ဆိုပြီး တထစ်ချမတွက်ထားတဲ့၊ ကဲ စကားတွေတောင်ရှည်နေပြီ၊ အဲဒီပစ္စည်းတွေရှာပြီး ဆုံထဲထည့်၊ ညက်အောင်ထောင်းကွာ၊ ကွမ်းရွက်ကိုတော့ နောက်ဆုံးမှထည့်၊ မဟုတ်ရင် ကွမ်းရွက်တွေက အထောင်းလွန်ပြီး အရည်ပျော်သွားမယ်”

ဦးဘသာပြောတဲ့ ပစ္စည်းတွေရှာရတာပေါ့ဗျာ၊ ပစ္စည်းတွေကလည်း သိပ်ခက်ခက်ခဲခဲမှမဟုတ်တာဗျ၊ ပြီးတော့ ကျုပ်လည်း သံံဆုံထဲထည့်ထောင်းပါရောဗျာ၊ ဆယ့်ငါးမိနစ်လောက်ထောင်းမိတော့ အကုန်လံံုံးညက်သွားပါရောဗျာ၊ ထံုံးလည်းပါတယ်ဆိုတော့ ခပ်စေးစေးလေးဖြစ်နေတာပေါ့၊ ဦးဘသာက နွားပြာကြီးကိုကြည့်ပြီးတော့

“အခြေအနေတော့ သိပ်မဆိုးသေးပါဘူးကွ၊ ဒီတော့ ဆေးကိုနှစ်ပုံခွဲလိုက်၊ ခုမနက် တစ်ပုံတိုက်၊ ညနေကျရင် ကျန်တဲ့တစ်ပုံတိုက်လိုက်ကွာ”

ဦးဘသာပြောသလို ဆေးဆုံထဲက ဆေးတွေကို နှစ်ပုံခွဲပြီးတော့ တစ်ပံုံကိုလက်နဲ့သေသေချာချာလုံးပြီး နွားပြာကြီးပါးစပ်ထဲ အတင်းထိုးထည့်တာပေါ့ဗျာ၊ နွားဆိုတာကလည်း လူစကားနားလည်တယ်ဆိုတော့ ဆေးတိုက်မှန်းသိရင်သောက်တာပဲ၊ နောက်တော့ ပါးစပ်ဖြဲပြီးရေတစ်ခွက်လောင်းထည့်တော့ တဂွတ်ဂွတ်နဲ့သောက်ရှာတယ်ဗျ၊ ဒါနဲ့ အဲဒီနေ့ကတော့ နွားကြီးကို အနားပေးလိုက်တာပေါ့ဗျာ၊

(၃)

ဦးဘသာအိမ်ပြန်တော့ အဖေနဲ့အမေက ပဲတွေ၊ ဟင်းချက်စရာ ငရုတ်၊ ကြက်သွန်နဲ့ ဆီတစ်ပုလင်းထည့်ပေးလိုက်သေးတယ်ဗျ၊ ကျုပ်လည်း အဲဒီတောင်းကလေးပိုက်ပြီး လိုက်ပို့တာပေါ့ဗျာ၊ ဦးဘသာက အိမ်ထဲမှာ မနားပါဘူး။

“ငါ့နွားတွေ ဆာနေလောက်ပြီကွ၊ နွားကျောင်းသွားမယ်ဟေ့”

ကျုပ်လည်း လုပ်စရာမရှိတော့ဘူးဆိုတော့ ဦးဘသာအနောက်ကိုလိုက်ခဲ့တာပေါ့ဗျာ၊ လယ်ကွင်းထဲမှာ ရိုးပြတ်တွေဖုံးနေပေမယ့် ချောင်းကမ်းစပ်မှာတော့ မြက်တွေစိမ်းစိုနေသေးတယ်ဗျ၊ ကျုပ်နဲ့ဦးဘသာကတော့ အဲဒီအနားက လူတစ်ရပ်လောက်မြင့်တဲ့ တာပေါင်ရိုးပေါ်တက်ပြီး ကျောခင်းလှဲနေကြတာပေါ့ဗျာ။

“ဒါနဲ့ ဦးဘသာကြီးက ဘာဖြစ်လို့ နွားအကြောင်းတွေအကုန်သိနေတာလဲဗျ”

“သိဆို၊ လေ့လာထားတာကိုးကွ၊ ပြီးတော့ နွားလည်းမွေးတာဆိုတော့ သိထားမှလည်း တော်ကာကျမှာကိုး”

“ကျုပ်သိသလောက်တော့ ဦးဘသာက ဟိုးအရင်ကတည်းက နွားတွေမွေးလာတယ်မဟုတ်လား၊ အရင်တုန်းကလည်း နွားတွေတစ်ပြုံတစ်ခေါင်းကြီးရှိသေးတယ်မဟုတ်လား၊ ကျုပ်သိချင်တာတစ်ခုကတော့ ဦးဘသာက နွားတွေကိုဘာကြောင့်မွေးနေတာလဲဆိုတာပဲ”

ဦးဘသာက ကွင်းပြင်ကြီးကိုငေးကြည့်နေရင်း

“မင်းကိုငါမေးမယ်ကွာ၊ မင်းအကိုကြီးက ဘာလို့ခွေးနီမကို ထမင်းကျန်ဟင်းကျန်တွေကျွေးနေတာလဲ”

“ဟာ၊ အဲဒါကတော့ သူချစ်လို့ပေါ့ဗျ”

“မင်းအမေကရော ဟင်းခိုးစားတတ်တဲ့ ကြောင်ကျားကြီးကို ထမင်းတွေ၊ ဟင်းတွေ ကျွေးနေရတာလဲ”

“အိုဗျာ၊ ဒါကလည်းချစ်လို့ပေါ့”

“အေး၊ သူတို့တောင် ခွေးတွေ၊ ကြောင်တွေကို ချစ်ကြသေးတာ၊ ငါကရော နွားတွေကိုချစ်လို့မရဘူးလားကွ”

ကျုပ်လည်း ခေါင်းခါလိုက်တယ်ဗျ။

“နွားကို ချစ်လို့မရဘူးလို့တော့ မပြောပါဘူးဗျာ၊ ဒါပေမယ့် နွားဆိုတာက သံုံးမျိုးပဲရှိတယ်မဟုတ်လားဗျ။ ခိုင်းနွားရယ်၊ အသားတိုးရယ်၊ နို့စားရယ်လေဗျာ၊ ဦးဘသာမှာ လယ်တွေရှိတယ်ဆိုပေမယ့် ဒီနွားတွေအားလံံုံးလည်း ခိုင်းလို့ရတာမဟုတ်ဘူး၊ အသားတိုးဆိုရအောင်ကလည်း ဦးဘသာက သဒိုးသမားကို တစ်ခါမှနွားရောင်းတာမတွေ့ဖူးဘူးဗျ၊ နောက်ပြီး နို့စားရအောင်ကလည်း ဒီနွားတွေက နို့မှသိပ်မထွက်တာပဲ”

ဦးဘသာက ခေါင်းခါရင်း

“အိုကွာ၊ ချစ်လို့မွေးပါတယ်ဆိုမှပဲ၊ မင်းအကိုကြီးမွေးတဲ့ ခွေးနီမကိုရော မင်းတို့သတ်စားကြသလားကွ၊ မင်းအမေရဲ့ ကြောင်ကျားကိုမွေးထားကျွေးထားတာကရော အချိန်တန်ရင်ခိုင်းစားဖို့လား၊ မင်းနှယ်”

“ဟုတ်ပါပြီ၊ အဲဒီတော့ နွားကိုချစ်လို့ ဘာရသလဲဗျ”

ဦးဘသာက ပြူးကြောင်နေတဲ့မျက်လုံးတွေနဲ့ ကျုပ်ကိုလှည့်ကြည့်တယ်။

“နွားကိုချစ်လို့ ဘာရသလဲတဲ့လား၊ မေးမှ မေးတတ်တယ်အလတ်ကောင်ရာ၊ မင်း ဗုဒ္ဓဘာသာမဟုတ်ဘူးလား”

လုပ်ပြီဗျာ၊ ဦးဘသာလို ဘုရားမသိ၊ တရားမသိ ဘာသာခြားက ကျုပ်ကိုများ ဗုဒ္ဓဘာသာမဟုတ်ဘူးလားလို့ မေးတော့ ကျုပ်အခံံရခက်တာပေါ့။

“နေပါအုံးဗျ၊ ဗုဒ္ဓဘာသာဖြစ်တာနဲ့ နွားနဲ့က ဘာဆိုင်လို့လဲ၊ ဘုရားက နွားမသတ်ရလို့ ပြောခဲ့တာမှမဟုတ်တာ”

ဦးဘသာက ကျုပ်ကိုခပ်ထေ့ထေ့ပြုံးရင်း

“အလတ်ကောင်ရဲ့ ဗုဒ္ဓဘာသာက ဘုရားတွေ့ရင် ဖင်ပူးတောင်းထောင်ပြီး ကန်တော့ဖို့တတ်တဲ့ ဗုဒ္ဓဘာသာပဲကွ၊ မှတ်ထား၊ ဘုရားက ကျွဲနွားတွေကို မညှင်းဆဲဖို့ကို ဟောခဲ့ပြီးသားကွ၊ သုတ္တနိပါတ်၊ ဗြဟ္မဏဓမ္မိသုတ်တော်မှာ ဟောခဲ့တာ”

“ကျုပ်ဖြင့်အခုမှ ကြားဖူးတာဗျ၊ ပြောပြပါအံုံး ဦးဘသာရာ”

“ပါဠိလိုတော့ မပြောတော့ဘူးကွာ၊ ပြောရင်လည်း မင်းလိုဒုံးဝေးတဲ့ကောင်က ခွေးအနားမှာစာအံသလိုဖြစ်နေမှာပဲ၊ ဘုရားအလောင်းတော် သာကီဝင်မင်းမျိုးတွေရဲ့ ဟိုးအစမင်းက ဥက္ကာမုခမင်းတဲ့ကွ၊ အဲဒီမင်းလက်ထက် ဟိုးကမ္လာဦးအစက လူတွေက ကျွဲနွားတွေကို မညှင်းပန်း၊ မနှိပ်စက်ကြဘူးကွ၊ မညှင်းပန်းတဲ့အပြင် ကျွဲနွားတွေက လူတွေကိုအလုပ်အကျွေးပြုတယ်၊ လယ်ယာတွေထွန်ယက်ပေးတယ်၊ နောက်ပြီး နွားနို့၊ ထောပတ်၊ ဆီဦး စတာတွေကိုဖန်တီးပေးတယ်ဆိုပြီးတော့ ကျေးဇူးရှင်တွေလို ဆက်ဆံံကြသတဲ့ကွ”

“အဲဒီတော့ဘာဖြစ်သလဲ”

“အဲဒီတော့ ကျွဲနွားတွေကို ကျေးဇူးရှင်လိုဆက်ဆံတဲ့လူတွေကို နတ်ကောင်းနတ်မြတ်တွေက ရိုသေလေးမြတ်ကြသတဲ့ကွ၊ လူ့လောကကို နတ်တွေက စောင့်ရှောက်ကြလို့ ရောဂါ၊ ကပ်ဘေးတွေမဖြစ်ဘူးတဲ့၊ ဒီတော့ လူတွေမှာ အဲဒီအချိန်က ရောဂါသုံးမျိုးပဲရှိတယ်ကွ၊ အဲဒါကတော့ ကိုယ့်မှာမရှိတဲ့အရာကို လိုချင်တဲ့ရောဂါ၊ စားချိန်တန်ပြီး မစားရလို့ ဆာလောင်တဲ့ရောဂါ၊ အိုချိန်ကျရင် အိုရတဲ့ရောဂါ ဒီသံုံးမျိုးပဲရှိသတဲ့ကွ”

“ဟုတ်လို့လားဗျ၊ ကျုပ်တော့ မယုံချင်ပါဘူး”

“အေး၊ အဲဒါငါပြောတာမဟုတ်ဘူးကွ၊ ဘုရားဟောတာ၊ နောက်ပိုင်း လူတွေကပြောင်းလဲလာပြီးတော့ ကျွဲနွားတွေကို သတ်ဖြတ်ညှည်းဆဲ စားသောက်ကြတဲ့အခါမှ ရောဂါတွေပေါ်လာတယ်၊ ကိုးဆယ့်ရှစ်ပါးရောဂါတွေက ကျွဲနွားတွေကို သတ်ဖြတ်တဲ့အချိန်ကစပြီးဖြစ်လာတယ်လို့ သုတ္တနိပါတ် ပါဠိတော်မှာ ဟောထားပြန်ရော၊ ဒါကြောင့် ငါက ကျွဲနွားတွေကိုသနားတယ်၊ ကျွဲနွားတွေကို ငါချစ်တယ်၊ ဒါကြောင့် ငါက ဂရုတစိုက်မွေးတယ်၊ ခိုင်းချိန်တန်လို့ ခိုင်းရရင်တောင်မှာ သခင်က ကျွန်တစ်ယောက်ကို ခိုင်းတယ်လို့ သဘောမထားပဲ၊ မိဘတစ်ယောက်က သားသမီးတစ်ယောက်ကို ခိုင်းတယ်လို့ပဲ သဘောထားပြီးခိုင်းတာကွ”

ဦးဘသာက မြက်တွေစားနေတဲ့ သူ့နွားတွေကိုကြည့်ပြီးတော့

“တကယ်လို့ လူတွေအားလုံးက ကျွဲနွားတွေကို မချစ်မြတ်နိုးနိုင်ကြရင်တောင်၊ ငါကတော့ ကျေးဇူးရှင်လို့သဘောထားပြီး၊ ငါ့ရဲ့သွေးသားဆွေမျိုးုတွေလို့ သဘောထားပြီးတော့ ချစ်တယ်ကွ၊ ဒီလိုချစ်ရတာကလည်း အနည်းဆုံးတော့ ငါ့ပတ်ဝန်းကျင်၊ ငါ့ရပ်ရွာကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်ကြပါစေဆိုတဲ့သဘောလည်းပါတာပေါ့ကွာ”

ဦးဘသာစကားနားထောင်ပြီးတော့မှ ကျုပ်လည်းအသိတစ်ခုဝင်သွားတယ်ဗျာ၊ ကျုပ်တို့က နွားဆိုရင် တိရစ္ဆာန်ပဲဆိုပြီးတော့ အော်ချင်အော်၊ ရိုက်ချင်ရိုက်၊ ထုချင်ထုနဲ့ လုပ်ကြတာကိုတွေးရင်း ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့လူပါလားဆိုပြီးတော့တောင် တွေးမိသွားတာဗျ။

“ဒါနဲ့ ဦးဘသာက ဗုဒ္ဓဘာသာမှမဟုတ်တာ၊ ဘုရားပြောတာကျတော့ လိုက်လုပ်တယ်တဲ့လား”

“ဒီမယ်အလတ်ကောင်ရ၊ သူများအသတ်ကိုသတ်တာမကောင်းဘူး၊ သူများကိုညှင်းဆဲတာ မကောင်းဘူးဆိုတာကို သိနေဖို့က ဘယ်ဘာသာဝင်မှ ဖြစ်ဖို့မလိုပါဘူးကွ၊ လူဖြစ်နေရင်ရပြီကွ၊ လူစိတ်ရှိတယ်ဆိုတာ တခြားအရာတွေကိုသွားလိုက်တွေးမနေနဲ့၊ ကိုယ်ချင်းစာစိတ်ရှိတာက လူစိတ်ရှိတာပဲ၊ ဒီတော့ လူဖြစ်နေသရွေ့ လူစိတ်ရှိနေဖို့လို့တယ်၊ မင်းနားလည်သလား”

ကျုပ်လည်းခေါင်းညိတ်လိုက်မိတော့တယ်ဗျာ၊ တကယ်ပါ၊ ဦးဘသာက စကားပြောရင် ဘောက်ဆတ်ဆတ်ဆိုပေမယ့် တကယ်တမ်း အခြေအချပြောရင် သူ့ကိုကျုပ်ပြောလို့မနိုင်ပါဘူးဗျာ။

ကွမ်းကြိုက်တဲ့ဦးဘသာက သွားလေရာ ကွမ်းအစ်ကလေးတော့ပါတယ်ဗျ။ အခုလည်း ကျုပ်နဲ့စကားပြောရတာမောလို့လားတော့မသိ၊ ကွမ်းအစ်ကလေးဖွင့််ပြီး ကွမ်းယာနေတုန်း ကျုပ်ခေါင်းကြီးဘယ်လိုဖြစ်လာသလဲမသိဘူးဗျာ၊ ကိုယ့်နှလုံးခုန်သံတွေကို ကိုယ်ပြန်ကြားနေရသလိုပဲ၊ သွေးကြောထဲမှာ သွေးတွေတဒုတ်ဒုတ်စီးနေတာကိုလည်း ခံံံံစားနေမိသလိုပဲဗျာ၊ ဒီလိုနဲ့ ကျုပ်ယိုင်ကျသွားတော့တယ်၊ ဦးဘသာက သူ့လက်ထဲက ကွမ်းကို အမြန်ပါးစပ်ထဲထည့်ပြီးတော့ ကျုပ်ပုခုံးကိုဆွဲပြီး ဖမ်းထိန်းလိုက်တယ်ဗျ။

“အလတ်ကောင်၊ အလတ်ကောင်”

ဦးဘသာခေါ်သံတွေက တဖြည်းဖြည်းနဲ့ဝေးဝေးပြီး တိမ်သွားတယ်ဗျာ။

(၄)

“အီး . . ဟီး”

ကျုပ်နားထဲငိုသံကြားတော့မှ မျက်လုံးဖွင့်ကြည့်လိုက်မိတယ်ဗျ၊ ဒီတစ်ခါတော့ ကျုပ်ကအိပ်နေတာမဟုတ်ဘူးဗျာ၊ မတ်တပ်ကြီးရပ်လို့ဗျ၊ ကျုပ်အရှေ့မှာတော့ ဖျာတစ်ချပ်ပေါ်မှာ ဒေါ်ပျင်းက ပက်လက်လန်ပြီးတော့ တောင့်တောင့််ကြီးအိပ်နေတယ်ဗျ၊ သူ့အနားမှာတော့ သာစံံက ငိုယိုလို့ဗျာ၊ အိမ်ကလည်း သူကြီးအိမ်မှာဗျ၊ လူတွေလည်းဝိုင်းလို့။

ဦးဇေယျဆိုတဲ့လူကြီးက ဒေါ်ပျင်းဘေးနားမှာထိုင်နေရင်း

“ကဲ သူကြီး၊ စုန်းမကိုတော့ ကျုပ်တို့နိုင်ခဲ့ပြီ၊ ကျန်တာဘာဆက်လုပ်မလဲ”

အဘိုးသူကြီးက မျက်လုံးကိုမှေးစင်းလိုက်ရင်း

“သူ့လို အကျိုးမပေးတဲ့ကောင်မကို လူ့လောကမှာထားနေရင်အပိုပါပဲဗျာ၊ သူ့ကိုသတ်သာ သတ်ပစ်လိုက်ပါ”

ဒီတော့ သာစံကလေးက ငိုတော့တာပဲဗျာ။

“ဟေ့လူကြီးတွေ၊ ခင်ဗျားတို့ပြောတော့ ကျုပ်အမေကို မသတ်ဘူးဆို၊ ကျုပ်အမေကို မဆိုးတော့အောင်လုပ်ပေးမှာဆိုဗျ၊ ကျုပ်အမေ မဆိုးတော့ဘူးဆိုရင် ကျုပ်တို့ကိုရွာထဲပြန်ခေါ်နေမယ်ဆို၊ အီး . . . ဟီး”

သူကြီးကပြုံးရင်း

“ဟဲ၊ဟဲ ကောင်လေးရေ၊ ဒီဟာကို ပရိယာရ်လို့ခေါ်တယ်ကွ၊ စိတ်ချပါ မင်းအမေသေသွားပြီးရင် မင်းဒီရွာမှာ လွတ်လွတ်လပ်လပ်နေလို့ရပြီ”

“အိုဗျာ၊ သူကြိးကတော့ စုန်းမရဲ့ကလေးဟာ စုန်းကလေးပဲဖြစ်မှာပေါ့၊ သူ့ကိုရွာထဲအဝင်မခံနိုင်ပါဘူး၊ မယ်ပျင်းသေရင် ကျုပ်တို့ သူတို့မြေးအဘွားကိုပါ ရွာကနေနှင်ထုတ်မယ်”

သူကြီးက သာစံကိုကြည့်ရင်း

“ကဲ၊ ကြားတယ်နော်ကောင်လေး၊ မင်းကိုငါကထားချင်ပေမယ့်၊ တစ်ရွာလုံးက မထားချင်ကြဘူးကွ”

သာစံံကလေးကတော့ ငိုယိုနေတာပေါ့ဗျာ၊ နောက်တော့ သူကြီးလူနှစ်ယောက်က သာစံကိုဖမ်းချုပ်ထားကြတယ်၊ ဦးဇေယျက သူကြီးကိုကြည့်ပြီးတော့

“ပညာပြိုင်ပွဲမှာ မယ်ပျင်းရှုံးခဲ့တယ်ဆိုပေမယ့် ကျုပ်တို့က အထက်ဂိုဏ်းဖြစ်လို့ လူသတ်လို့မရဘူးသူကြီး၊ ဒီတော့ သူကြီးဖာသာလုပ်ရလိမ့်မယ်”

ဦးဇေယျက မျက်ပါးရွှေဆိုင်းကလေးတစ်ချပ်ကိုထုတ်လိုက်တယ်ဗျ၊ ပြီးတော့ ဒေါ်ပျင်းရဲ့ဗိုက်ကိုလှန်လိုက်ပြီးတော့

“ဟောဒီရွှေပြားကလေးကို ချက်ကိုကပ်လိုက်တာနဲ့ သူ့ပညာတွေအကုန်ပျောက်သွားပြီးတော့ လူလည်းသေသွားလိမ့်မယ်သူကြီး”

သူကြီးလက်ကို ရွှေဆိုင်းကလေးလှမ်းပေးတယ်ဗျ၊ သူကြီးကလည်း လှမ်းယူပြီးတော့ ဒေါ်ပျင်းရဲ့ချက်ကိုကပ်ထည့်ုလိုက်တာပေါ့ဗျာ၊ လဲနေတဲ့ဒေါ်ပျင်းက တစ်ချက်ဆတ်ခနဲတုန်သွားပြီးတော့ ပြန်ငြိမ်ကျသွားတယ်၊ သာစံံဆိုရင် ငိုလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ။

“စုန်းမသေပြီ၊ မယ်ပျင်းသေပြီဟေ့”

တစ်ရွာလုံးက ထအော်တာဗျ၊ လက်ခုပ်လက်ဝါးတီးတဲ့လူနဲ့၊ ရွာလမ်းပေါ်မှ ကွေးနေအောင် ကတဲ့လူနဲ့ စံုံနေတာပဲဗျာ၊ နှစ်ရှည်လများ ရွာကိုဒုက္ခပေးတဲ့ စုန်းမသေတယ်ဆိုတော့လည်း ပျော်ရှာမှာပေါ့ဗျာ၊ သူကြီးက အလောင်းကြီးကိုကြည့်ပြီးတော့

“ခုတော့ အချိန်နှောင်းနေပြီဆိုတော့ မယ်ပျင်းအလောင်းကိုယူသွားပြီးတော့ ရွာပြင်မှာထားထားလိုက်၊ မနက်ဖြန်မနက်ကျတော့မှ ထင်းများများနဲ့မီးရှို့ကြမယ်”

ထို့နောက် ဦးဇေယျတို့ဘက်သို့လှည့်လိုက်ပြီး

“ဆရာကြီးတို့ကိုတော့ ကျုပ်တို့တစ်ရွာလုံးက ထိုက်ထိုက်တန်တန်ပူဇော်ပါရစေဗျာ”

သာစံကလေးကတော့ ငိုနေရှာတာပေါ့ဗျာ၊ နောက်တော့ သာစံကိုလွှတ်ပေးပြီး ဒေါ်ပျင်းအလောင်းကို ရွာသားတွေက ကပ်နဲ့ထမ်းထုတ်သွားတာပေါ့ဗျာ၊ ရွာအပြင်မှာ ဝါးနဲ့အလောင်းစင်လေးအဖြစ်ရိုက်ပြီးတော့ တင်ထားခဲ့တာပေါ့ဗျာ၊ အဲဒီအလောင်းစင်ရိုက်ထားတဲ့နေရာကတော့ နွားပျောက်ကုန်းရဲ့အနားက ကုန်းကလေးတစ်ခုမှာပဲဗျာ၊ ခုခေတ် လင်ပျောက်ကုန်းလို့ ခေါ်တဲ့နေရာကလေးပေါ့ဗျာ။

ရွာသားတွေပြန်သွားပေမယ့် သာစံကလေးတစ်ယောက်ထဲကျန်နေခဲ့တယ်ဗျ၊ သူ့အမေအလောင်းနံဘေးမှာ မတ်တပ်ရပ်ရင်း ငိုနေတာပေါ့ဗျာ၊ မကြာပါဘူး ဘွားမယ်ဖြူကြီးရောက်လာတယ်။ ဒေါ်ပျင်းအလောင်းကိုတွေ့တော့ သူလည်းငိုတာပဲ။

“သမီးရယ်၊ အဲဒီလူတွေနဲ့ သွားမပြိုင်ပါနဲ့လို့ အမေပြောထားရက်နဲ့၊ အခုတော့”

သာစံကလည်း သူ့အဘွားရောက်လာတော့ သူ့အဘွားကိုဖက်ပြီးငိုရောဗျာ၊ မြေးအဘွားနှစ်ယောက်ဖက်ငိုနေတာ အချိန်တော်တော်ကြာသွားတယ်ဗျ၊ ပတ်ဝန်းကျင်တစ်ခွင်လံုံးကို အမှောင်ထုက အုပ်ဆိုင်းလာပြီးတော့ မိုးချုပ်သွားပါလေရော၊ သာစံနဲ့ဘွားမယ်ဖြူကတော့ အလောင်းအနားမှာပဲရှိနေတုန်းပဲဗျ၊ ဒီအချိန်မှာ ဘွားမယ်ဖြူက သာစံကိုဆွဲခေါ်တယ်။

“မြေးလေး၊ မိုးချုပ်ပြီကွဲ့၊ အိမ်ကိုပြန်ကြရအောင်နော်”

“မပြန်ဘူးဘွားဘွားကြီး၊ အမေမပါဘဲနဲ့ သားအိမ်ကိုမပြန်ဘူး”

“နင့်အမေက သေသွားပြီမြေးရဲ့၊ နင့်အမေကို လူတစ်စုလုပ်လို့ သေသွားပြီ”

ဘွားမယ်ဖြူက သာစံလက်ကိုဆွဲပြီးအတင်းခေါ်တယ်၊ သာစံကလည်း အလောင်းစင်ကတိုင်ကို ကိုင်ထားပြီးတော့ ဆွဲထားလို့ ခေါ်မရဘူးပေါ့ဗျာ၊

“ဟဲ့၊ ဘာတွေဒီလောက်တောင် ငိုနေကြတာလဲ”

အသံကြားလို့ ကြည့်လိုက်တော့ အလောင်းစင်ပေါ်မှာ ဒေါ်ပျင်းကြီးက ငုတ်တုတ်ထိုင်နေပါရောဗျာ။ သာစံတို့မြေးအဘွားမပြောနဲ့ ကျုပ်တောင်မှ အတော်လန့်သွားတာဗျ။

“သမီး”

“အမေ”

သာစံကအော်ရင်းသူ့အမေဆီပြေးသွားတယ်ဗျ၊ ဒေါ်ပျင်းက အလောင်းစင်ပေါ်ကနေခုန်ချလိုက်တော့ သာစံကပြေးဖက်တယ်။

“အမေ၊ အမေမသေဘူးနော်”

“မသေပါဘူးသားရယ်၊ အမေက ခဏသေပေးလိုက်တာ၊ ငါ့သားကိုဗန်းပြပြီး အကျင့်ယုတ်တဲ့ဒင်းတို့ကို အမေက ကောင်းကောင်းကြီးလက်စားချေပြအုံးမှာ”

ဒေါ်ပျင်းက ရေရွတ်ပြီးတော့ လက်နှစ်ဖက်မိုးပေါ်ထောင်လိုက်တာနဲ့ မီးရှူးမီးပန်းလိုအရာတွေထွက်လာပြီးတော့ သူတို့အနားမှာ တဖုန်းဖုန်းနဲ့ပေါက်နေတော့တာပဲဗျာ၊ ရွှေရောင်တွေ၊ ငွေရောင်တွေ၊ အစိမ်းရောင်တွေနဲ့ ရောင်စုံပေါက်နေတာဆိုတော့ ကြည့်လို့ကောင်းလိုက်တာဗျာ။ မကြာပါဘူးဗျာ၊ ရွာထဲကလူတွေထွက်လာကြတယ်၊ ဟိုဆရာကြီးတွေလည်း ပါတာပေါ့ဗျာ၊ အနားကိုရောက်လာတော့ ဒေါ်ပျင်းက သာစံကိုတွန်းထုတ်လိုက်တယ်ဗျ၊ သာစံကိုဘွားမယ်ဖြူက ချီပြီးတော့ အနောက်ဆုတ်သွားတာပေါ့ဗျာ။

“ဟဲ့ စုန်းမ၊ နင်မသေဘူးလား”

“လွယ်လွယ်နဲ့သေမှတော့ မယ်ပျင်းလို့ ဘယ်ခေါ်မလဲရှင်၊ အခုနက ရှင်တို့က ကျုပ်သားကို ဓါးစာခံလုပ်ထားလို့ ကျုပ်ကရှင်တို့ကို အရှုံးပေးလိုက်တာ၊ ရှင်တို့စိတ်တိုင်းကျ ခဏသေပေးလိုက်တာ”

ဒီတော့ မတစ်လုံးဂိုဏ်းက တိုက်ပုံအပြာရောင်တစ်ထည်ဝတ်ထားတဲ့ ဆရာကြီးတစ်ယောက်က အရှေ့ကိုတက်လာတယ်ဗျ။

“ဟယ်၊ မိန်းမယုတ်၊ ဒီတစ်ခါတော့ နင်ပြေးမလွတ်ဘူးမှတ်”

ဆရာကြီးအရှေ့ကိုတက်သွားတော့ သူကြီးနဲ့ရွာသားတွေက ကြောက်ကြောက်နဲ့အနောက်ကိုဆုတ်သွားတယ်ဗျ၊ ဒီတော့ ကုန်းကလေးပေါ်မှာ ဒေါ်ပျင်းနဲ့ မတစ်လုံးဂိုဏ်းက တပည့်တပန်းငါးဆယ်လောက် ကုန်းပေါ်မှာတွေ့ကြတာပေါ့ဗျာ၊ ဒေါ်ပျင်းက မတစ်လုံးဂိုဏ်းရှေ့နားက မြေပြင်ကိုလက်ညှိုးလှမ်းထိုးလိုက်တော့ စည်းတစ်ခုပေါ်လာတယ်ဗျ။

“နင်တို့ထဲက အဲဒီစည်းကို ဖြတ်ဝံ့တဲ့သူဖြတ်လာခဲ့၊ ဖြတ်တဲ့လူမှန်သမျှ၊ သေရမယ်”

အပြာရောင်တိုက်ပုံနဲ့လူကြီးက စည်းကိုခုန်ကျော်လိုက်တာပေါ့ဗျာ၊ ပြီးတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ ကြိမ်လုံးကိုဝင့်လိုက်ပြီးတော့ ဂါထာတွေရွတ်နေတာပေါ့၊ ဒေါ်ပျင်းက အဲဒီလူကြီးကို မျက်စောင်းထိုးပြီးကြည့်နေတာဗျာ၊ အဲဒီလူကြီးက ဂါထာတွေရွတ်နေရင်း သွားကြားကနေ သွေးတွေပွက်ခနဲစီးကျလာပြီးတော့ သွေးတွေထိုးအန်ပါရော။ ဒီတော့ ဒေါ်ပျင်းက ကြောက်စရာအသံနဲ့အော်တာဗျ၊ အဲဒီလူကြီးက သူ့ရင်ဘတ်ကိုသူူ လက်သီးနဲ့တဒုန်းဒုန်းထုပြီးတော့ မျက်နှာကြီးကလည်း အစ်လို့ဗျ၊ တော်တော်ဝေဒနာခံစားနေရတဲ့ပုံပဲဗျာ၊ ပြီးတာနဲ့ မြေပေါ်ကိုလဲကျသွားပြီးတော့ သေသွားပါရောလား။

ဒီတစ်ခါတော့ ရှမ်းအင်္ကျီဝတ်ထားတဲ့ ဆရာကြီးက အရှေ့ကိုခုန်တက်လိုက်တယ်ဗျ၊ လက်ထဲမှာတော့ နှစ်လံလောက်ရှိတဲ့ ဝါးလုံးတုတ်တစ်ချောင်းကိုင်ထားတယ်။

“ဟဲ့စုန်းမ၊ ငါ့ရဲ့စုန်းရိုက်တုတ်အစွမ်းကို နင်ခံနိုင်ရင် ခံဝံ့စမ်း”

ဝါးတုတ်ဖြူဖြူမှာ ဆေးနီဆေးနက်တွေနဲ့ စာတွေရေးထားတယ်ဗျ၊ ရေးထားတယ်ဆိုတာထက် ထွင်းထားသလိုမျိုးပဲ၊ တုတ်အလယ်လောက်မှာ အင်းကွက်တွေပါတယ်ဗျ၊ အဲဒီလူကြီးက ဒေါ်ပျင်းကြီးဆီကိုခုန်ဝင်သွားပြီးတော့ လက်ထဲကတုတ်နဲ့ ဒေါ်ပြင်းငယ်ထိပ်ကို တအားလွှဲရိုက်ချထည့်လိုက်တာပေါ့ဗျာ။

ဒေါ်ပျင်းက ရှောင်တောင်မရှောင်ဘူးဗျ၊ ခေါင်းကိုအရှေ့ကိုထိုးပေးပြီး တမင်ကိုခံလိုက်သေးတာ၊ စုန်းရိုက်တုတ်က ဒေါ်ပြင်းငယ်ထိပ်ပေါ်တည့်တည့်ကျပြီးတော့ ငယ်ထိပ်ပေါ်ကိုထိနေတယ်ဗျ၊ ရှမ်းကြီးက တော်တော်အံ့သြသွားပုံပဲ

“နင်၊ နင် ဘာမှမဖြစ်ဘူးလား”

“ရှင့်တုတ်က ကျုပ်လိုစုန်းကိုမပြောနဲ့ ချေးစားခွေးကို ရိုက်ရင်တောင်မှ ပြေးပါ့မလား”

ချက်ချင်းပဲ စုန်းရိုက်တုတ်က ရှစ်စိတ်ကွဲပြီးတော့ ဝါးခြမ်းတွေဖြစ်သွားတယ်ဗျာ၊ ရှမ်းကြီးက အံ့သြနေတဲ့အချိန်မှာပဲ ဒေါ်ပျင်းက ရှမ်းကြီးရဲ့ရင်ဘတ်ကို လက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်ပါရော၊ ရှမ်းကြီးမှာ အနောက်ကို ပေနှစ်ဆယ်လောက် တရွတ်တိုက်ဆွဲပြီး ဆုတ်သွားတာဗျာ၊ ပြီးတော့ သူ့ရင်ဘတ်ကိုသူ ငကြည့်တယ်ဗျ၊ အကျီကြီးက ပေါက်နေပြီးတော့ သူ့ရင်ဘတ်တည့်တည့်မှာ အနီရောင်လက်ဝါးရာကြီးက ထင်းနေတာပဲဗျာ၊ ကျုပ်အထင်တော့ သွေးလက်ဝါးဆိုတာနေမယ်၊ ရှမ်းကြီးက လက်ဝါးရာကိုငုံ့ကြည့်ရင်း ခေါင်းငိုက်စိုက်ပြီးတော့မြေပေါ်ကိုလဲကျသွားတာ ပြန်မထလာနိုင်တော့ပါဘူးဗျာ။

“ဆရာကြီး၊ ဆရာကြီး”

မတစ်လုံးဂိုဏ်းသားတွေ တော်တော်ကြောက်လန့်သွားကြတယ်ဗျာ၊ ဒါနဲ့ သူတို့အားကိုးတဲ့ ဂိုဏ်းချုပ်ဆရာကြီး ဦးဇေယျကို ခေါ်ကြတာပေါ့၊ ဦးဇေယျကလည်း ကွမ်းလေးတမြုံ့မြနဲ့ စည်းကိုဖြတ်ပြီးတော့ ဒေါ်ပျင်းနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်ဗျ။

“စုန်းမ၊ နင်င့ါကိုနိုင်ရင်နိုင်မယ်၊ ဘုရားစက်ကိုတော့ နင်နိုင်မှာမဟုတ်ဘူး”

ဦးဇေယျက ပြောပြီးတော့ သူ့တိုက်ပုံအတွင်းအိတ်ထဲကနေ အုတ်ခွက်ဘုရားကလေးထုတ်တယ်ဗျ၊ ဘုရားက တစ်လက်မသာသာလောက်ပဲရှိမယ်၊ ဖြူဖြူကလေးဗျ၊ အဲဒါကိုမန်းမှုတ်ပြီးတော့ လက်ထဲမှာကိုင်ထားရင်း

“ချုပ်ကြဟေ့”

လို့အော်လိုက်တာနဲ့ ဒေါ်ပျင်းခြေတွေလက်တွေက ကားယားကြီးဖြစ်သွားတယ်ဗျ၊ ဒေါ်ပျင်းလည်း ပြန်ပြီးဖြေနေတဲ့ပုံပဲ၊ ဒီအချိန်မှာ ဦးဇေယျက ခုနက အုတ်ခွက်ဘုရားလေးကို ဒေါ်ပျင်းဆီကိုလှမ်းပစ်လိုက်ပါရောဗျာ၊ လေပေါ်မှာပျံနေတဲ့အုတ်ခွက်ဘုရားက မသိရင် ငှက်တစ်ကောင်ပျံသွားသလိုပဲ တဖတ်ဖတ်နဲ့ပျံသွားတာဗျ၊ ကျုပ်တော့ ဒေါ်ပျင်းသေပြီထင်တာ။

အဲဒီအချိန်မှာပဲ ဘွားမယ်ဖြူကြီးက ဒေါ်ပျင်းဆီကိုပြေးဝင်သွားတာဗျာ၊ ဒေါ်ပျင်းအရှေ့မှာ ကျောပေးကာလိုက်ပြီးတော့ ဒေါ်ပျင်းရဲ့ပါးကိုလည်း ဖြန်းခနဲနေအောင် ရိုက်ထည့်လိုက်တာ၊ ဦးဇေယျပစ်လိုက်တဲ့ အုတ်ခွက်ဘုရားကလေးကတော့ ဘွားမယ်ဖြူကြီးရဲ့ ကျောကုန်းကိုကပ်သွားတယ်ဗျ၊ ဘွားမယ်ဖြူအော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ နောက်ပြီးတော့ သူ့တစ်ကိုယ်လုံးကို မီးတောက်မီးလျှံတွေက ဝါးမြိုသွားတယ်ဗျ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘွားမယ်ဖြူအသားတွေမီးလောင်ပြီးတော့ အရိုးခြောက်ကြီးလိုဖြစ်သွားပြီးတော့ ပုံကျသွားတော့တာပဲဗျာ။

“ဘွားဘွားကြီး”

“အမေ”

သာစံနဲ့ ဒေါ်ပျင်းတို့နှစ်ယောက် ပြိုင်တူအော်ကြတယ်ဗျ၊ ချက်ချင်းပဲ ဒေါ်ပျင်းရဲ့မျက်စိကနေ အရောင်တွေလက်လာပြီးတော့ လှစ်ခနဲပြေးပြီး ဦးဇေယျရဲ့ လည်ပင်းကိုလက်တစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တယ်ဗျ၊ ဦးဇေယျလည်း ရုတ်တရက်ဆိုတော့ မရှောင်နိုင်ဘူးပေါ့၊ ပြီးတော့ ဒေါ်ပျင်းကြီးက ဦးဇေယျကို မြှောက်တင်လိုက်တာ အတော်မြင့်မြင့်ကိုမြောက်သွားတာဗျ၊ ဦးဇေယျခြေထောက်ဆိုရင် လေပေါ်မှာတွဲလောင်းဖြစ်ပြီး လှုပ်ယမ်းနေတော့တာ။

“သူတောင်းစားကြီး၊ သေပေတော့”

ဒေါ်ပျင်းက အော်ဟစ်နေတုန်းမှာပဲ ဦးဇေယျတစ်ကိုယ်လုံး ဓါတ်လိုက်သလို လှုပ်လာတာဗျ၊ ပြီးတော့ မီးခိုးငွေ့တွေလည်းထွက်လာတယ်၊ မျက်စိတစ်မှိတ်အတွင်းပဲ ဦးဇေယျတစ်ယောက် အရိုးကျပြီးတော့ မည်းခြောက်သွားတော့တယ်ဗျာ၊ ဦးဇေယျသေတာကိုမြင်တော့ မတစ်လုံးဂိုဏ်းကလူတွေအကုန်လုံးပြန်လှည့်ပြေးတာပေါ့ဗျာ၊ ဒီတော့ ဒေါ်ပျင်းကြီးက အသံကွဲကြီးနဲ့ရယ်လိုက်ရင်း

“ဟား၊ ဟား ဘယ်ပြေးကြမလို့လဲ၊ ပြန်လာခဲ့၊ ပြန်လာခဲ့ကြစမ်း”

ဒီလူကြီးတွေပြေးနေပေမယ့် အရှေ့ကိုမရောက်ဘူးဗျ၊ ပြီးတာနဲ့ အနောက်ကနေတစ်ယောက်ယောက်က ကြိုးနဲ့ဆိုသလိုမျိုး အနောက်ကိုပြန်ရောက်ကုန်တော့တာပဲ၊ ဒေါ်ပျင်းကြီးက အရူးမကြီးလို ရယ်မောနေရင်း မြေကြီးကိုခြေဖနောင့်နဲ့ပေါက်လိုက်တော့ ဒီလူတွေအားလံုံး မီးခိုးတွေထွက်လာပြီးတော့ လဲကျကုန်တော့တာပဲဗျာ၊ တစ်ချို့ကတော့ မြေကြီးမှာ လူးလွန့်ရင်းနဲ့ တွားသွားနေသေးတယ်၊ သွားနေရင်းနဲ့ပဲ တစ်ကိုယ်လုံးပိန်ခြောက်ပြီးတော အရိုးစုကြီးလိုပိန်ကပ်သွားတော့တာပဲ။

“ဟား၊ ဟား ကောင်းတယ်၊ နင်တို့မိန်းမတွေ လင်ပျောက်မတွေဖြစ်ကုန်ပြီ၊ ဟား၊ ဟား”

အခုမှကျုပ်လည်းသိတော့တယ်ဗျ၊ ဘာလို့ ဒီကုန်းကလေးကို လင်ပျောက်ကုန်းလို့ ခေါ်ကြတာလဲဆိုတာလေဗျာ၊ လတ်စသတ်တော့ ဒေါ်ပျင်းကြီးသတ်ခဲ့လို့ မတစ်လံုံးဂိုဏ်းက ဂိုဏ်းသားတွေအကုန်သေခဲ့တာကိုး၊ သူပြောခဲ့တဲ့ လင်ပျောက်မဆိုတာကို အစွဲပြုပြီး ဒီကုန်းကို လင်ပျောက်ကုန်းလို့ နာမည်ပေးခဲ့တာပဲ။ ကုန်းတစ်ကုန်းလုံး အရိုးစုတွေပြန့်ကျဲနေတာပဲဗျာ၊ ဒေါ်ပျင်းကြီးရယ်မောနေတုန်း ဒေါ်ပျင်းအရှေ့ကိုလူတစ်ယောက်ရပ်လာတယ်ဗျ။

“အမေ၊ ရပ်လိုက်တော့”

ကျုပ်ကြည့်လိုက်တော့ ဦးဘသာဖြစ်နေတယ်၊ ကျုပ်က အဲဒီကုန်းနဲ့ခပ်လှမ်းလှမ်းကနေ ကြည့်နေတာကိုးဗျ၊ ဒါနဲ့ ဘေးနားက သာစံံကိုကြည့်လိုက်တော့ သာစံမရှိတော့ဘူး။

“ဘာဖြစ်လို့လဲဟဲ့ သာစံံံရဲ့”

“အမေရှေ့ဆက်တိုးလို့မဖြစ်တော့ဘူး”

“ဘာလို့ ငါကရှေ့ဆက်တိုးလို့ မဖြစ်တာလဲ”

“အမေဆက်တိုးရင် ဒီထက်ပိုပြီးမှားတော့မယ်မဟုတ်လား၊ အမေက နဂိုကတည်းက တစ်ရွာလုံးကိုသတ်ဖို့ အကြံအစည်ရှိခဲ့တယ်မဟုတ်လား၊ အရင်တစ်ခါတုန်းကလည်း ကျုပ်တားခဲ့လို့ ရွာကလူတွေအသက်ရှင်ခဲ့တယ်၊ အခုလည်း ကျုပ်တားရမယ်အမေ၊ အတိတ်က မဖြစ်ခဲ့တဲ့အရာတစ်ခုကို ပုံရိပ်ယောင်ထဲမှာ ဖြစ်အောင်အမေလုပ်လို့မရဘူး”

ဒေါ်ပျင်းက ရယ်မောလိုက်ရင်း လက်တစ်ဖက်ကိုဘေးကိုဆန့်တန်းလိုက်တယ်ဗျ၊။ နောက်တော့ ကျုပ်ကိုလက်ယပ်ခေါ်လိုက်တော့ ကျုပ်လေပေါ်မှာလွင့်သွားပြီးတော့ ဗြုန်းဆို သူ့လက်ထဲကိုရောက်သွားတော့တာပဲဗျာ၊ ဒေါ်ပျင်းက ကျုပ်လည်းပင်းကို လက်နဲ့ညှစ်ထားတယ်။

“ဒါဆို နင်နှစ်ခုရွေးဘသာ၊ ငါ့ပုံရိပ်ယောင်က အစွမ်းတွေပျောက်ကုန်တော့မယ်၊ ဒီတော့ ငါဒီအစွမ်းတွေကို တစ်ယောက်ယောက်ကို ထည့်ပေးခဲ့မှရတော့မယ်”

ကျုပ်လည်း ရုန်းကန်နေတာပေါ့ဗျာ၊ ဒါပေမယ့် သူ့လက်ကနေမရုန်းနိုင်ဘူးဗျ။

“ပညာကို နင့်ဆီကိုပေးရမလား၊ ဒါမှမဟုတ် သူ့ဆီကိုထည့်ပေးရမလား”

“မလုပ်ပါနဲ့အမေ၊ မလုပ်ပါနဲ့၊ ကျုပ်ဒီပညာတွေကို ထပ်ပြီးမလိုချင်တော့ဘူး”

ဒေါ်ပျင်းက ကျုပ်ဘက်ကိုလှည့်ကြည့်ရင်း

“ဒါဆို ဒီကောင်လေးဆီကိုပဲ ထည့်ပေးခဲ့ရမှာပေါ့”

“မလုပ်ပါနဲ့အမေရာ၊ ကျုပ်တောင်းပန်ပါတယ်၊ ဒီကောင်လေးသာ ဒီပညာတွေရသွားခဲ့ရင် သူပျက်စီးသွားလိမ့်မယ်၊ သူဟာ ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်သေးဘူး၊ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိသေးဘူး၊ ဒီတော့ ပညာတွေသူ့ဆီရောက်သွားရင် ပညာတွေက သူ့ကိုထိန်းချုပ်သွားလိမ့်မယ်၊ ကျုပ်ဒါမျိုးအဖြစ်မခံဘူး”

“ဟား၊ ဟား ဒါဆိုလည်း နင့်ပညာနင်ပြန်ယူပေါ့ ငါ့သားရယ်”

ဦးဘသာက ချီတုံချတံုံဖြစ်နေတယ်ဗျ၊ ဒီအချိန်မှာပဲ ဒေါ်ပျင်းက သူ့ပါးစပ်ကိုဖွင့်ပြီး ကျုပ်ဘက်ကိုမျက်နှာလှည့်လိုက်တော့တာပဲဗျာ၊ သူ့ပါးစပ်ထဲက အဝါရောင်၊ အစိမ်းရောင်အလင်းတန်းတွေက တဖြည်းဖြည်းချင်းထွက်လာတယ်ဗျ၊ ကျုပ်လည်းအော်ဟစ်နေပေမယ့် ကျုပ်မျက်နှာအနားကို ပျံသန်းလာကြတာပေါ့ဗျာ။

“တော်ပြီအမေ၊ ကျုပ်ကိုပဲပေးတော့”

ဒေါ်ပျင်းက ဦးဘသာဘက်ကိုချက်ချင်းလှည့်လိုက်တယ်၊ ဒေါ်ပျင်းပါးစပ်ထဲက အလင်းတန်းတွေက ဦးဘသာရဲ့ပါးစပ်ထဲကို တိုးဝင်ကုန်တယ်ဗျ၊ နောက်တော့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက အရောင်တွေပြောင်းလာတယ်၊ ကျုပ်မျက်လုံးတွေ အမြင်ဝါးသွားတယ်၊ မျက်လုံးအမြင်တွေပြန်ကြည်သွားတော့ ကျုပ်က ဦးဘသာကြီးရဲ့လက်မောင်းကိုဖက်ထားရင်းနဲ့ ကျုပ်ပါးစပ်က ဦးဘသာပါးစပ်အနားကို ရောက်နေတယ်ဗျ၊

ဦးဘသာကတော့ မျက်ဖြူကြီးလန်နေပြီးတော့ ပါးစပ်ကြီးပွင့်လို့ပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း လက်ကိုလွှတ်ချလိုက်တယ်။

“ဦး . . . ဦးဘသာ”

ဦးဘသာက ပက်လက်လန်ပြီးတော့ အရုပ်ကြိုးပြတ်လဲကျသွားတာပဲဗျာ။ ခဏတာအတွင်းမှာပဲ ဦးဘသာရဲ့ ဖြူဖျော့နေတဲ့အသားက သွေးရောင်ပြန်သမ်းသွားတယ်ဗျ၊ ဦးဘသာက ပက်လက်လှန်ရင်း

“ခွီးတဲ့မှပဲကွာ”

လို့ရေရွတ်လိုက်တယ်၊ ကျုပ်လည်း ဦးဘသာကိုတွဲထူလိုက်တာပေါ့။

“ဘာတွေဖြစ်သွားတာလဲ ဦးဘသာ”

ဦးဘသာက ငိုင်ငိုင်ကြီးဖြစ်နေရင်းနဲ့

“မင်း ဒီပညာတွေကိုတတ်လို့မရဘူးအလတ်ကောင်၊ ငါမင်းကို ဘယ်နည်းနဲ့မှ ဒီပညာတွေကို မတတ်စေချင်ဘူး၊ ဒီပညာတွေဆိုတာ လူတွေရဲ့စိတ်ကိုအမျိုးမျိုးထိန်းချုပ်ဖမ်းစားတယ်၊ ပညာရဲ့တန်ခိုး၊ ပညာရဲ့အစွမ်းကို မထိန်းချုပ်နိုင်ဘူးဆိုရင် အဲဒီလူက အဆိုးဘက်ကိုရောက်သွားလိမ့်မယ်၊ ငါ့အမေလိုပေါ့”

ကျုပ်လည်းငိုင်ကျသွားတော့တယ်။

“ကျုပ်အမှားပါဦးဘသာ၊ ကျုပ်က ဦးဘသာကို စုန်းပညာတွေပြန်တတ်စေချင်ခဲ့တာ၊ ဒါတွေအကုန်လုံးက ကျုပ်အမှားပါ”

ဦးဘသာက ခေါင်းခါရင်း ကွမ်းအစ်ကလေးပြန်ကောက်ကိုင်ပြီးတော့ မတ်တတ်ရပ်လိုက်တယ်ဗျ။

“မင်းအမှားမဟုတ်ပါဘူးအလတ်ကောင်ရာ၊ တကယ်တော့ ငါ့အမှားပါ”

“ဘာဖြစ်လို့လဲဗျ”

“စာဆိုတစ်ခုရှိတယ်ကွ၊ တစ်ခါစုန်းဖြစ်ရင် တစ်သက်လုံးစုန်းဖြစ်ပြီတဲ့၊ ကြည့်ရတာ ငါလည်း ဒီစာဆိုကို မလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ”

နောက်တော့ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး တစ်ခုခုရေရွတ်လိုက်တယ်ဗျ၊

“ကျုပ်၊ ကျုပ်ကိုဘာလုပ်လိုက်တာလဲ”

“မင်းမှာအစွမ်းတွေရှိနေသေးလားလို့ စမ်းသပ်လိုက်တာ၊ အခုတော့ မင်းဟာဖြူစင်သွားပြီ၊ မင်းမှာ ဘာမှမရှိတော့ဘူး”

ဦးဘသာကပြောပြီးတော့ ချောင်းရိုးထဲကိုဆင်းချသွားတယ်ဗျ၊ သူ့နွားနှစ်ကောင်ကို လှမ်းခေါ်ပြီးတော့ ပြန်သွားတော့တယ်၊ ကျုပ်တစ်ယောက်တည်းသာ တာရိုးပေါ်မှာကျန်နေခဲ့တာပေါ့ဗျာ၊ ကျုပ်လက်နှစ်ဖက်ကို ကျုပ်ပြန်ကြည့်ရင်း စိတ်ထဲဝမ်းနည်းသလိုလိုကြီးဖြစ်လာတယ်။ အမှန်ဆိုရင် ဦးဘသာကြီး ပညာတွေအားလုံးပြန်ရသွားတာကို ကျုပ်က ဝမ်းသာနေရမှာလေဗျာ၊ အခုတော့ ရင်ထဲဆို့နင့်နင့်ကြီးဖြစ်နေတယ်။ ကျုပ်နဲ့မလှမ်းမကမ်းမှာ သစ်ကိုင်းခြောက်ကလေးတစ်ခုကျနေတာနဲ့ သစ်ကိုင်းခြောက်ကိုကြည့်ပြီးတော့

“မြွေဖြစ်စမ်း”

ကျုပ်ပြောလိုက်ပေမယ့်လည်း အလကားပါပဲဗျာ၊ သစ်ကိုင်းခြောက်က သစ်ကိုင်းခြောက်ပါပဲ၊ ကျုုပ်လည်း မတ်တပ်ရပ်လိုက်ပြီးတော့ ဖုတ်ဖတ်ခါလိုက်တယ်၊ ဘာပဲဖြစ်ဖြစ် ဦးဘသာဆုံးဖြတ်တာ မှန်ပါတယ်၊ တကယ်လို့ ကျုပ်သာပညာတွေတတ်သွားခဲ့ရင်၊ ကျုပ်စေခိုင်းသမျှ၊ ကျုပ်ကြံစည်သမျှက တကယ်ဖြစ်လာခဲ့ရင် ကျုပ်စိတ်ကိုကျုပ်ထိန်းနိုင်မှာမဟုတ်ဘူးဗျ၊ ကျုပ်ဦးဘသာလို သိုသိုဝှက်ဝှက် နေနိုင်မှာမဟုတ်ဘူး၊ ဒီလိုသာဖြစ်ခဲ့ရင် ကျုပ်မိသားစု၊ ကျုပ်ရဲ့ဘဝ၊ ကျုပ်ရဲ့ရွာ အားလုံးက အပြောင်းအလဲတွေဖြစ်ကုန်မှာပဲဒ ဦးဘသာကတော့ ဒီလိုမဟုတ်ခဲ့ဘူး၊ ဦးဘသာက ငယ်ငယ်ကတည်းက ဒီပညာတွေရဲ့အကျိုးဆက်ကိုသိတဲ့လူမို့လို့ ပညာတွေကိုဘယ်လိုထိန်းကွပ်ရမယ်ဆိုတာကို သူသိတယ်၊ သူ့စိတ်ကိုသူ နိုင်တယ်ပေါ့ဗျာ။

ဘာပဲပြောပြော နောက်ဆုံးတော့ ဒုံရင်းပြန်ဖြစ်သွားတာပေါ့ဗျာ၊ ဦးဘသာကြီးလည်း ပညာတွေပြန်ရသွားတာပေါ့ဗျာ၊ ရွာကို ကာကွယ်မကာကွယ်ကတော့ သူ့ဆုံးဖြတ်ချက်ပါ၊ ဒါပေမယ့် ကျုပ်ပြောနိုင်တာတစ်ခုကတော့ ဦးဘသာကြီးမှာ ပညာတွေရှိနေသရွေ့ လူတစ်ဖက်သား သူ့ရှေ့မှာ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်နေမယ့််သူ မဟုတ်ဘူးဆိုတာကိုပါပဲ။

နွားအကြောင်းမှာ အရှင်နာဂသိန်သားငါးကျေးငှက် အဘိဓါတ်မှလည်းကောင်း၊ ရောဂါများအကြောင်းမှာ မဟာနိဒ္ဒေသပါဠိမှလည်းကောင်း မှီငြမ်းပါသည်။
ပြီးပါပြီ။

အဂ္ဂဇော်