ကြုံကြိုက်ခဲ့သောမိုးသည်းည

ဖြင့်သာပြည့်နှက်နေခဲ့ပေသည်။

“မမယ်တင်တို့ဘဝများအားကျပါ့တော်…”

ဟု…မယ်ခင်သည် မကြာခဏဆိုသလို
မမယ်တင်အားပြောတတ်၏။ထိုအခါ မမယ်တင်မှ…

“အားမကျနဲ့မယ်ခင်ရေ…
လူတိုင်းပြည့်စုံတယ်ဆိုတာမရှိပါဘူးအေ”

ဟု​ပြောလေသောအခါ၌ မယ်ခင်သည်
မမယ်တင်၏ကွယ်ရာ၌ မျက်စောင်းထိုး၊နှာခေါင်းရှုံ့တတ်၏။

ထိုသို့​ဖြင့်နေလာကြရင်းမှ မမယ်တင်တယောက်…

“အမေ…အမေ…အို…အစ်ကို အမေ့ကိုလည်းခေါ်လို့မရပါလား
လုပ်ပါဦး…ဆေးဆရာပင့်ပါဦးတော်…”

အဖျားကြီးဖျားပြီးခေါ်မရလေသော မမယ်တင်အတွက်
သားဖြစ်သူနဲ့သမီးဖြစ်သူတို့မှာ လွန်စွာစိုးရိမ်ကြတော့၏။
သားဖြစ်သူငြိမ်းမောင်မှာဆေးဆရာကိုအပြေးအလွှားပင့်ရှာသည်။ဆေးကုသပေး၍မမယ်တင်သတိပြန်လည်လာပါသော်လည်းကျန်းမာရေးမှာမကောင်းရှာ။
အကြောင်းမှာ မမယ်တင်သည် ယခင်ကဲ့သို့
အစားပင်မစားနိုင် အိပ်ရာထဲ၌လှဲ၍သာနေ၏။
တနေကုန်မည်သည့်စကားမှမပြော…
ငေးမော၍သာနေတတ်သည်။

မမယ်တင်၏သားနဲ့သမီးမှာလည်း
မိခင်ဖြစ်သူအတွက်ယူကျုံးမရကြ။
ဆိတ်ဖလူးကုန်းရွာတရွာလုံးလိုပင် မမယ်တင်အတွက်
စိတ်မကောင်းဖြစ်နေမိကြသည်။
သားဖြစ်သူ ငြိမ်းမောင်သည်က အားမလျော့…

“ညီမလေး…အမေ့ကိုသေချာဂရုစိုက်နော်။
အိမ်ခြံတံခါးတွေကိုလည်းသေချာပိတ်ထား…
ညည်းအဖော်ရအောင်
အေးမာကိုခေါ်ထား ကြားသလား”

“ဟုတ်ကဲ့ပါ အစ်ကိုရယ်…အစ်ကိုလည်းဂရုစိုက်ဦးနော်…”

“အေးပါဟာ…”

အမေနှင့်ညီမကိုရွာ၌ ထားရစ်ပြီးကုသပေးနိုင်သော
ဆေးဆရာကိုနယ်စုံလိုက်၍ရှာဖွေတော့သည်။

ရှာဖွေနေရင်း တနေ့သ၌…
မိုးကြီးလေကြီးများကျရောက်လာသော ညနေခင်းအချိန်တွင်
ငြိမ်းမောင်တစ်ယောက်တောလမ်းလေးအတိုင်း
နွားလှည်းကိုမောင်းနှင်နေခဲ့သည်။
မိမိရွာနှင့် သုံးရွာအကျော်၌ နာမည်ရှိသော
ဆေးဆရာရှိသည်ဟူသောကြောင့်
သွားရောက်ပင့်ဆောင်ဖို့ဖြစ်၏။
မိုးသည်လည်း တဂျုံးဂျုံး၊တဂျန်းဂျန်း မြည်သံများပေး၍
သည်းကြီးမည်းကြီးရွာသွန်းနေခဲ့သည်။
လမ်းတလျှောက်မှာလည်း မိုးကြောင့်
အတော်အမှောင်ကျနေခဲ့၏။
ငြိမ်းမောင်ဝါးခမောက်လေးကိုဆောင်းထားပြီး
မိုးဒဏ်ကို ရင်ဆိုင်နေခဲ့ချိန်တွင် လမ်း၌
ဝင်နားစရာအိမ်ဟူ၍မရှိခဲ့။
သူ၏နွားလှည်းလေးကိုလည်းခရီးဆက်မောင်းနှင်လာခဲ့ရာ
တနေရာဆီသို့အရောက်အိမ်ကြီးတလုံးကိုတွေ့လိုက်ရပေသည်။
အိမ်ကြီးသည်အလင်းရောင်မရှိဘဲ လူမနေသော
အိမ်အိုအိမ်ပျက်ကြီးနှင့်တူနေ၏။
ငြိမ်းမောင် ထိုအိမ်ကြီး၌
မိုးခိုလျှင်ကောင်းလေမလား အတွေးဝင်လာခဲ့သော်လည်း
အိမ်အိုကြီး၏တိတ်ဆိတ်နေမှုကြောင့်
လူမနေဘူးဟုထင်မှတ်ကာ
လှည်းကိုဆက်မောင်းလာခဲ့တော့သည်။
အိမ်ကြီးနှင်မလှမ်းမကမ်းနေရာဆီသို့ရောက်တော့…

“ဟေ့…ဟေ့…လူလေး”

ဟူသော ခေါ်သံမှာ ငြိမ်းမောင်၏
လှည်းအနောက်ဆီမှ ထွက်ပေါ်လာခဲ့သည်။
နွားလှည်းကိုရပ်၍ ငြိမ်းမောင်အနောက်ဘက်ဆီသို့
လှည့်ကြည့်မိလေတော့ အသက်ခြောက်ဆယ်ကျော်အရွယ်
အဘိုးအိုတဦးဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
ထိုအဘိုးအိုသည် ငြိမ်းမောင်အား…

“လူလေး…မိုးတွေလေတွေကျနေတာကို ခရီးဆက်မလို့လား”

“ဟုတ်ကဲ့အဘ…”

“မိုးလေးဘာလေးခိုပါလားကွယ်…
ဟိုအိမ်ကြီးက အဘအိမ်ပါ…
လာလိုက်ခဲ့ပါ”

“နေပါစေအဘ…ကျုပ်တဖက်ရွာရောက်မှနားလိုက်ပါ့မယ်”

“အိုကွာ…မင်းတကိုယ်လုံးအခုတောင် ရွဲရွဲဆိုနေတာ
တဖက်ရွာထိသာဆက်သွားရင် မင်းတော့နေမကောင်းဖြစ်မှာအမှန်ပဲကွဲ့…လာပါလူလေးရာ…အဘနဲ့လိုက်ခဲ့”

အဘိုးအိုသည် ငြိမ်းမောင်ကိုတတွင်တွင်ခေါ်နေ၏။
ငြိမ်းမောင်လည်း ဆက်၍ ငြင်းဆန်နေလျှင်မကောင်းတတ်တာ
တကြောင်း၊ သူကိုယ်တိုင်လည်း ခိုက်ခိုက်တုန်အောင်
ချမ်းနေသည်က တကြောင်းပေမို့…

“ဟုတ်ကဲ့…ဒါဆို ကျုပ်လိုက်ခဲ့ပါ့မယ်အဘ”

ဟုပြောလိုက်တော့လေသည်။
အဘိုးအိုသည်လည်းသူ၏နေအိမ်ဆီသို့ ငြိမ်းမောင်ကို
ခေါ်ဆောင်သွားတော့၏။
အိမ်၏အောက်ထပ် နွားများထားရာ၌ ငြိမ်းမောင်၏နွားများကိုသေချာစွာထားရစ်ခဲ့ပြီးငြိမ်းမောင်ကို
အိမ်ကြီးအပေါ်ထပ်ဆီသို့ခေါ်ဆောင်သွားလေသည်။
အိမ်ကြီးအတွင်းပိုင်း၌ လူများနေထိုင်မှုမရှိသကဲ့သို့
အမှိုက်များ၊ပင့်ကူမျှင်များဖြင့် ရှုပ်ထွေးနေခဲ့၏။
ကြမ်းပြင်အပေါ်၌လည်းဖုန်များက ထူပြောနေလေသည်။
ထိုအချင်းရာကိုကြည့်၍
ငြိမ်းမောင်မှာ အဘိုးအိုအား သင်္ကာမကင်းဖြစ်နေရှာသည်။

“အဘ…ဒီအိမ်ကြီးမှာအဘတစ်ယောက်ထဲနေတာလား”

ဟုမေးလိုက်လေတော့ အဘိုးအိုမှ ငြိမ်းမောင်ကို
ဖျာကြမ်းတခုပေါ်၌ထိုင်ရန်ညွှန်ပြရင်း…

“ဘယ်ဟုတ်မလဲ…အဘသမီး မိသားစုကောရှိတယ်ကွဲ့…
ဟဲ့…မိပိုက်…မီးလာထွန်းစမ်း”

ဟုပြောလေတော့အခန်းတစ်ခုအတွင်းမှ
အသက်၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်ဖယောင်းတိုင် တစ်တိုင်ကိုကိုင်ဆောင်၍
ရောက်ရှိလာခဲ့သည်။
ဖယောင်းတိုင်၏အလင်းဖြင့်မြင်ရသော ထိုအမျိုးသမီး၏အသွင်သည် တည်တင်းလွန်းနေ၏။
ခဏမျှကြာလေတော့အခန်းအတွင်းမှ
ကလေးငယ်လေးတဦးအပြင်သို့ထွက်လာခဲ့ပြန်သည်။
ထိုကလေးငယ်သည်
အသက် ရှစ်နှစ်အရွယ်ယောကျာ်းလေးဖြစ်၏။

“ဒါအဘမြေးနဲ့သမီးပဲမောင်ရင်…”

အဘိုးအိုကမိတ်ဆက်ပေးသည်။

“ဟုတ်ကဲ့အဘ..ကျုပ်ဒီမှာတညတည်းခိုလို့ရလားခင်ဗျ…”

“ရတာပေါ့ကွယ်…တည်းပါ…တည်းပါ”

အဘိုးအိုတို့၏အိမ်၌သာ ညအိပ်ဖို့ရန်ငြိမ်းမောင်တွေးလိုက်တော့၏။
ထိုစဥ် အိမ်ပေါ်သို့ ဒုန်းစိုင်းတက်လာသော လူတစ်ဦး…။
ထိုလူသည်.မျက်နှာ၌အဆီများကတဝင်းဝင်း…
မုတ်ဆိတ်တို့ဖြင့် လွန်စွာအကျည်းတန်လှ၏။

“မိပိုက်…ငါ့ကိုပိုက်ဆံပေးစမ်း…”

ဟု…တောင်းနေလေတော့…

“ကိုဘကျော်…ကျုပ်မှာဘယ်ကပိုက်ဆံရှိမှာလဲ”

“မင်းဆီမရှိရင် မင်းအဖေဆီကတောင်းပေးကွာ…
မြန်မြန်ပေးစမ်းပါ မိပိုက်ရာ…”

ဟု…အသည်းအသန်တောင်းနေလေရာ
အဘိုးအိုမှာမကြားဟန်ဖြင့် ရေနွေးကြမ်းသောက်နေလေသည်။
အမျိုးသမီးမှာ မျက်နှာအထက်၌ ပူပန်နေဟန်များဖြင့်
အဘိုးအိုကိုတလှည့် ထိုလူ့အားတလှည့်ကြည့်နေခဲ့၏။

“ဟေ့…မိပိုက်…ငါတောင်းနေတာပေးနော်…”

“အို…ကိုဘကျော်…တော်နဲ့လည်းအတော်ခက်တာပဲ”

“ဘာကွ…ဒီငွေလေးတောင်းတာခက်သလား…
မင်းအဖေတနေ့က စပါးရောင်းရငွေတွေရှိတာငါသိတယ်…
အခုငါ့ကိုအဲ့ထဲကယူပေး”

“ဟား…ဘကျော်…မင်းက တယ်တတ်နေတာပါလားကွ…
ငါ့ငွေကိုမင်းဆီဘာကြောင့်ပေးရမှာလဲ”

အဘိုးအိုမှာလက်သီးလက်မောင်းတန်း၍ ထပြောလေသည်။
ငြိမ်းမောင်မှာ​တော့ အပြင်လူပေမို့ ဝင်မပြောသာ…။
အမျိုးသမီးကြီးမှာ ဖခင်နှင့်လင်သားကြား၌
ပျာယာခက်နေ၏။
ကလေးငယ်မှာလည်းကြောက်ရွံ့၍
မိခင်ဘေးသို့တိုးကပ်နေရှာသည်။

“ပေးရမယ်…ပေးရမယ်….ဒီစပါးဖြစ်ဖို့
ကျုပ်လုပ်အားတွေလည်းပါတယ်…
ဒီတော့ ကျုပ်ယူသုံးပိုင်ခွင့်ရှိတယ်…”

ဘကျော်ဆိုသူသည် ခက်ထန်လှသော မျက်နှာထားဖြင့်
အဘိုးအိုကို သတ်တော့မည့်အတိုင်းပြောလေသည်။

“ဟေ့…ငါ့အိမ်ပေါ်တက်အခန့်သားစားသောက်နေတဲ့
မင်းကဒီစကားပြောတယ်ပေါ့…မ်ိပိုက် နင့်လင်အရက်သမားကို
နင်ထိန်းမလား…အေး…မဟုတ်ရင်ငါ့ဓားကလူမရွေးဘူးဟေ့”

ဟု…အဘိုးအိုမှာသမီးဖြစ်သူကိုပြောလိုက်တော့သည်။

“သြော်…ခင်ဗျားကြီးကအဲ့သလိုလား…ရတယ်လေ…
မပေးတော့လည်းရအောင်ယူရတာပေါ့ဗျာ…”

ဟုပြောရင်း အဘိုးအိုအရှေ့မှထွက်ကာ
အခန်းတစ်ခုအတွင်းသို့ဝင်သွားတော့၏။
အဘိုးအိုမှာ နံရံ၌ရှိသောဓားကိုဆွဲဖြုတ်လေတော့…

“အဖေ…အဖေလွန်မယ်နော်…”

အမျိုးသမီးကြီးသည် အဘိုးအိုကိုတားဆီးလေသည်။
ကလေးငယ်သည်က ငိုယို၍နေလေပြီ။
ငြိမ်းမောင်မှာလည်း ထိုင်နေရာမှထ၍…

“အဘ…အဘ…စိတ်လျော့ပါဗျာ…”

ဟုတားမြစ်လေသည်။

“ဝုန်း….ဒုန်းးး………..”

အခန်းအတွင်းမှပြိုလဲသံများထွက်ပေါ်လာလေတော့
အဘိုးအိုမှာချက်ချင်းထိုနေရာဆီသို့အပြေးသွားတော့၏။

“မင်းလားကွ………”

“ကျုပ်ကိုဘာထင်နေတာလဲ….အကုန်သတ်ပစ်မယ်…”

“အေး…စမ်းကြည့်စမ်း…ငါ့လက်ကလွှတ်မယ်ထင်သလား”

“ဒုန်း….”

“ဘုန်း…”

“ဝုန်းးး….”

“စွပ်…”

“အားးးးးးးးး”

“စွပ်…”

“အ…”

အခန်းအတွင်းမှလုံးထွေးသတ်ပုတ်သံများ….
အော်သံများကြောင့် အမျိုးသမီးကြီးမှာ
အပြေးအလွှားသွားကြည့်တော့သည်။
ငြိမ်းမောင်လည်းနောက်မှလိုက်ကြည့်လေတော့
မြင်ရသည်မှာ…သွေးသံရဲရဲဖြင့်သေဆုံးနေသော
ဘကျော်ဆိုသူကိုလည်းကောင်း၊ထိုသူ၏အနီး၌ မှောက်ရက်လေး လဲကျနေသော အဘိုးအိုကိုလည်းကောင်း
တွေ့လိုက်ရလေသည်။
ထိုသူနှစ်ဦးမှာ သွေးအိုင်အတွင်းအသက်ပျောက်နေကြပြီဖြစ်၏။

“အဖေ……..အဖေ…..
အီးးးးးဟီးးးးးးးဟီးးးးးးးးးးး
အမလေးးးးးးးးကယ်ကြပါဦးတော့်”

“အီးးးးဟီးးးးးးးးးဟီးးးးးးးးးးးးးး”

အမျိုးသမီးကြီးနှင့်ကလေးငယ်မှာ ရှိုက်ကြီးတငင်ငိုကြွေး
နေတော့၏။
ငြိမ်းမောင်မှာတော့ ရုတ်တရက် ဖြစ်ပျက်သွားသော
အဖြစ်အပျက်ကြောင့် မည်သည့်စကားမှမဆိုနိုင်တော့ဘဲ
ကြမ်းအထက်ထိုင်ချလိုက်ပြီးငေးမောကြည့်နေခဲ့သည်။
အမျိုးသမီးကြီးနှင့်ကလေးငယ်သည် အချိန်အတော်ကြာ
ငိုရှိုက်နေပြီးနောက် အမျိုးသမီးကြီးသည် ကလေးငယ်ကို
လက်မှကိုင်ဆွဲ၍ ဝရံတာဆီသို့ထွက်သွားတော့၏။
ငြိမ်းမောင်မှာတော့သူတို့အားငေးကြည့်နေခဲ့သည်။
ထိုသို့ငေးကြည့်နေရင်း ဝရံတာမှ ခုန်ချသွားသော
မြင်ကွင်းကြောင့်…

“ဟင်………..”

“ဘုန်း…”

“အားးးးး….ကယ်ကြပါဦး…ဘာတွေဖြစ်ကုန်တာလဲ”

ဟု…ကြောက်လန့်တကြားအော်ဟစ်၍…
နေရာမှထွက်ပြေးတော့လေသည်။
ငြိမ်းမောင် စိတ်များမူမမှန်ချင်တော့…
ခြေဦးတည့်ရာကိုပြေးလွှားနေမိတော့၏။

ထိုသို့ပြေးလွှားရင်း ရွာတရွာ၏ထိပ်သို့ရောက်လေတော့
ငြိမ်းမောင်သတိမေ့မြောသွားတော့လေသည်။

***********************************
အင်တိုင်းရွာထိပ်၌လူများဝိုင်းအုံနေလေသည်။
အကြောင်းမှာ လူတစ်ဦးလဲကျနေသောကြောင့်ပင်။
အင်တိုင်းရွာသူကြီးရောက်လာချိန်၌…

“ဟေ့…ဒီသူငယ်ကိုငါ့အိမ်သယ်ခဲ့ကြ…
ကြာရိုး…ဆေးဆရာပင့်ခဲ့”

ဟု…ပြောလေမှ လူများဖယ်ပေးလေသည်။
သတိမေ့မြောနေသောလူငယ်အားဆေးဆရာပင့်၍
ကုသပေးပြီးအချိန်ကြာတော့ ထိုလူငယ်သတိရလာလေသည်။
သတိရလာသော်လည်း သူ၏နှုတ်မှ…

“လူ…လူ….လူတွေသေကုန်ကြပြီ….
ကယ်ကြပါဦး…ကယ်ကြပါဦး…..”

ဟု…တုန်တုန်ရီရီအော်ဟစ်နေပြန်သည်။
ထိုအခါ အင်တိုင်းရွာသူကြီးမှာ…

“ဒါသမားရိုးကျမဖြစ်နိုင်ဘူး…ကြာရိုး…သွား
သောင်ထွန်းရွာက ဘွားမယ်စိန်ကိုအကျိုးအကြောင်းပြောပြီး
ပင့်ခဲ့စမ်း…ဘုရား…ဘုရား…ဘွားခရီးမသွားပါစေနဲ့”

ဟုပြောရင်း ဂယောင်ခြောက်ခြားဖြစ်နေသော
လူငယ်ကိုကြည့်နေခဲ့တော့သည်။
ကြာရိုးဆိုသူမှာလည်း နွားလှည်းဖြင့် တဖက်သောင်ထွန်းရွာကိုအပြေးသွားတော့၏။
သောင်ထွန်းရွာရှိဘွားမယ်စိန်နေအိမ်သို့ရောက်လေတော့အကျိုးအကြောင်းပြောပြကာ
အင်တိုင်းရွာသို့ပင့်ခေါ်လာခဲ့တော့သည်။

ဘွားမယ်စိန်သည် ထိုလူငယ်၏အသွင်နှင့်စကားများကို
နားထောင်ရင်အင်တိုင်းရွာသူကြီးအား…

“ဒီကလေးကြည့်ရတာ ထိတ်လန့်စရာတခုခုကြုံလာပုံပဲကွဲ့”

ဟု…ပြောလေတော့…

“ဟုတ်မယ်ဗျ…ကျုပ်တို့ရွာထိပ်မှာလဲကျနေတာပဲ…
ဘယ်ရွာကလဲတော့ ခုထိမသိသေးဘူးဘွားရဲ့”

ဘွားမယ်စိန်သည် ခေါင်းကိုညိတ်ပြီး…

“အင်းလေ…ကဲ…ဘွားကိုရေလေးတစ်ခွက်ပေးကြ”

ဘွားမယ်စိန်ရေတစ်ခွက်တောင်းလေတော့
ကြာရိုးမှယူပေး၏။
ရေခွက်လေးလက်ထဲမှာကိုင်၍ လက်ညိုးလေးဖြင့်
မွှေနောက်ရင်းဘွားမယ်စိန်သည် နှုတ်မှတိုးတိတ်စွာ
ဂါထာကိုရွတ်ဆို၏။
ရွတ်ဆိုပြီးလေတော့ ထိုလူငယ်၏အနီးသို့သွားပြီး
လူငယ်၏ခေါင်းလေးကိုလက်ဖြင့်သပ်၍…

“ရော့…ငါ့သား…ဒီဆေးရည်ကိုသောက်…
ငါ့သားမှာဖြစ်နေတာတွေလုံးဝပျောက်ကင်းသွားလိမ့်မယ်”

ဟု…ဆိုကာ ရေခွက်ကိုပေးလေတော့ လူငယ်သည်
တွန့်ဆုတ်ခြင်းမရှိ ချက်ချင်းယူသောက်တော့၏။
သောက်ပြီးခဏမျှကြာလေတော့ လူငယ်မှာသက်သာလာပုံရပြီး
ဘေးဘီကိုကြည့်နေခဲ့ရှာသည်။
နှုတ်မှလည်း…

“ကျုပ်ဘယ်ရောက်နေတာလဲ”

ဟု…မေးတော့၏။
ထိုအခါမှ အင်တိုင်းရွာသူကြီးသည်…

“မောင်ရင်ကကျုပ်တို့ရွာထိပ်မှာသတိမေ့နေလို့
ကျုပ်အိမ်ကိုခေါ်ပြီး ကုသပေးထားရတာကွဲ့”

ဟု…ပြောသောအခါ လူငယ်သည်အကြောင်းအရာများကို
စဥ်းစားနေရင်း…သတိရသွားဟန်ဖြင့်…

“ကျုပ်က…ဆိတ်ဖလူးရွာကငြိမ်းမောင်လို့ခေါ်ပါတယ်…
ကျုပ်အမေအတွက်ဆေးဆရာလာပင့်ရင်း
မိုးခိုတဲ့အိမ်မှာရှိတဲ့လူတွေအချင်းချင်းသတ်ကုန်ကြလို့
ကြောက်ပြီးထွက်ပြေးလာတာပါ…
အခုမှပဲသတိရတယ်ဗျာ…မိပိုက်လို့ခေါ်တဲ့အမျိုးသမီးနဲ့သူ့ကလေးလေး ဝရံတာပေါ်က ခုန်ချသွားတယ်…
လုပ်ကြပါဦး…သူတို့အသက်ရှင်ကြသေးမယ်ထင်တယ်…
ကယ်ကြပါဦးဗျာ………….”

ငြိမ်းမောင်မှာ ညကအဖြစ်အပျက်များကိုသတိရသွားပြီး…
အားလုံးကိုအကူအညီတောင်းတော့သည်။
ထိုအခါ အင်တိုင်းရွာသူကြီးမှ…

“ဟေ………ဘိုးပဆိုင်နဲ့မိပိုက်တို့လား”

ဟု…မေးပြန်လေတော့…

“ကျုပ်အဲ့အဘနာမည်ကိုတော့မသိခဲ့ရဘူး…
သူ့သမီးကိုမိပိုက်လို့ခေါ်သံကြားပြီး…
သူ့သမီးယောကျာ်းကိုတော့ ဘကျော်လို့ခေါ်တယ်ဗျ…”

ငြိမ်းမောင်၏အဖြေကြောင့် အင်တိုင်းရွာသူကြီးမှာ
ခေါင်းတညိတ်ညိတ်…
ဘေးရှိလူများမှာက အံ့သြနေကြပုံပင်။
ဘွားမယ်စိန်မှာ…

“ဘယ်အိမ်များတုန်း…မောင်ရင်တို့သိကြသလား”

ဟုမေးလေတော့ အင်တိုင်းရွာသူကြီးမှ…

“ကျုပ်တို့ရွာပြင်ကအိမ်ပါဘွား…လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကပေါ့လေ…ဘိုးပဆိုင်ဆိုတဲ့အဘိုးကြီးက
သူ့သမီးနဲ့အတူနေတယ်ဗျ…သူ့သမီးယောကျာ်းရတော့
အိမ်ပေါ်ခေါ်ထားပေးရှာတာ…
ဘကျော်ဆိုတဲ့ကောင်ကအရက်သမား၊ဖဲသမား
နေ့ရှိသ၍ဒါတွေနဲ့ပဲအချိန်ကုန်နေတာ……….”

“ဒီကဦးကြီးတို့ပြောချင်ရင်နောက်မှပြောပါဗျာ…
ဟိုမှာသေရေးရှင်ရေးကိစ္စဖြစ်နေတယ်ဗျ…”

ငြိမ်းမောင်မှာအင်တိုင်းရွာသူကြီး၏စကားကိုဖြတ်၍ပြောသည်။

“နားထောင်ပါဦးကွယ်…ဦးကြီးပြောပါရစေဦး”

ဟု…ပြောလေတော့ငြိမ်းမောင်အလိုမကျစွာဖြင့်နေရ၏။

“မနေ့ကလိုပါပဲမိုးတွေ၊လေတွေတိုက်တဲ့ညမှာ
ဘကျော်နဲ့ဘိုးပဆိုင်တို့ရန်ဖြစ်ကြရင်းလက်လွန်ခြေလွန်နဲ့
အချင်းချင်းသတ်ဖြတ်ကြတော့တာပဲ…
အဲ့လိုနဲ့မိပိုက်နဲ့သူ့ကလေးလည်း ဝရံတာကခုန်ချပြီး
အဆုံးစီရင်သွားကြတာ မနေ့ကဆယ်နှစ်ပြည့်တာပဲ…..”

“ဗျာ……ဆယ်နှစ်ပြည့်…ဆယ်နှစ်ပြည့်တာ…”

အင်တိုင်းရွာသူကြီး၏စကားဆုံးလေတော့ ငြိမ်းမောင်မှာ
အံ့သြသွားရှာသည်။
ဘွားမယ်စိန်မှာလည်း အဖြစ်အပျက်ကိုနားလည်သွား၏။

“ဒါဆို…ဒါဆို…ကျုပ်တွေ့တာ ကျုပ်တွေ့တာ
လူတွေမဟုတ်ဘူးပေါ့…”

ဟု…ငြိမ်းမောင်မယုံကြည်စိတ်ဖြင့်မေးလေသည်။
အင်တိုင်းရွာသူကြီးမှာခေါင်းညိတ်လိုက်သလို နံဘေးရှိလူများကလည်း ခေါင်းညိတ်ထောက်ခံကြရှာသည်။
အချိန်အတော်ကြာမှငြိမ်းမောင်လက်ခံလိုက်ရပြီး
သူ၏နွားနှင့်လှည်းထိုနေရာ၌ကျန်ရစ်ခဲ့ကြောင်းပြောလေသည်။
ပြီးလေတော့ သူ၏မိခင်နာမကျန်း၍
ဆေးဆရာပင့်လိုကြောင်းပါပြောတော့၏။
ထိုအခါအင်တိုင်းရွာသူကြီးမှဆေးဆရာကို
ငြိမ်းမောင်တို့ရွာသို့လိုက်သွားစေပြီး ထိုအိမ်ကြီး၌ကျန်ရစ်သော
လှည်းနှင့်နွားကိုယူပေးရှာသည်။
လှည်းနှင့်နွားမှာ အိမ်အို၊အိမ်ပျက်ကြီး၏အောက်ထပ်၌
ငြိမ်းမောင်ထားခဲ့သည့်အတ်ိုင်းတွေ့ရှိခဲ့ကြသည်။
ဘွားမယ်စိန်မှာ ငြိမ်းမောင်၏မိခင်အတွက်
ပရိတ်ကြိုးလေးလက်ဆောင်ပေးလေရာ
ငြိမ်းမောင်မှာ ဘွားမယ်စိန်ကိုကန်တော့၍
သူ၏ရွာသို့ဆေးဆရာပင့်၍ ပြန်သွားရှာသည်။

နောက်ရက်၌ဆိတ်ဖလူးရွာမှပြန်လာသော ဆေးဆရာသည်
ငြိမ်းမောင်၏မိခင်သက်သာကြောင်းများပြော၍
အင်တိုင်းရွာသူကြီးမှာဝမ်းသာရှာ၏။
ဘွားမယ်စိန်ပေးသော ပရိတ်ကြိုးကိုလက်၌ဝတ်ဆင်ထားပြီး
သူ၏ဆေးဝါးများဖြင့်ကုသပြီးသည်နှင့်သက်သာကြောင်းများကို ဆေးဆရာမှာလည်း
ဝမ်းသာအားရပြောဆိုနေတော့သည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)