ဆိပ်ကြီးရွာမှကလေးပျောက်မှု့

…”
“ဗျာ…”
မောင်ဖေမျက်လုံးပြူးသွားသည်။
ဘွားမယ်စိန်ကမောင်ဖေ့ကိုသေချာစိုက်ကြည့်၍…
“အဲ့ကောင်မက လူမဟုတ်ဘူး…
စုန်းမဟဲ့စုန်းမ…”
“ဗျာ…စုန်းမ…”
မောင်ဖေမျက်လုံးပြူးယုံတင်မက
အလန့်တကြားပါ​ဖြစ်သွားခဲ့သည်။
“အေး…ကြည့်ရတာမောင်ရင်တို့ရွာထဲကိုဝင်ပြီး
ကလေးတွေခိုးနေတာ
ဒင်းတစ်ခုခုကြံစည်နေပုံရတယ်ကွဲ့”
“ဟာဗျာ…ဒီလိုဆိုကျုပ်တို့ဘာဆက်လုပ်ရမလဲအမေကြီး…
ကျုပ်တို့ရွာကဟာတွေကဒါတွေကို
ယုံကြည်တာမဟုတ်ဘူးဗျ…
ကလေးတွေပျောက်တာဓားပြတွေ
လက်ချက်လို့ပဲထင်နေကြတာ…”
“ဓားပြက ကလေးတွေကိုခေါ်ပြီး
ဘာလုပ်မှာလဲဟယ်…
ဒင်းတို့သာ ရွာထဲကိုဝင်ပြီး ကလေးခိုးနိုင်ရင်
အခုအချိန်ဆို…
နင်တို့ရွာတစ်ရွာလုံးရှိသမျှ
အဖိုးတန်ပစ္စည်းတွေပါကုန်ပြီပေါ့”
ဟု…ဒေါ်ဝင်းကဝင်ပြော​လေတော့
မောင်ဖေကခေါင်းကိုညိတ်၍…
“ကျုပ်လည်းအဲ့တာပြောတာဗျ…
အဲ့သည်တစ်ရွာလုံးမှာ
ကျုပ်လောက်ဦးနှောက်ကောင်းတာ
ဘယ်သူမှမရှိဘူး…
သူကြီးဆိုတာကလည်းမျိုးရိုးဆက်ခံလို့သာ
သူကြီးဖြစ်လာတာ
ဦးနှောက်ရှိတာမဟုတ်ဘူးအရီးရဲ့…
ရွာမှာကလေးတွေစပျောက်ကတည်းက
ကျုပ်က ဘွားဆီကိုသွားကြဖို့ပြောပါတယ်ဗျာ…
ဒါကိုကျုပ်ကိုတောင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့
ဝိုင်းပြီးအပြစ်တင်ကြတာ”
ဟု…ပြောလေသည်။
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“အင်း…မောင်ရင်ကဘွားအကြောင်းကို
ဘယ်လိုသိတာလဲကွဲ့…
မောင်ရင်တို့ရွာနဲ့ဆိုဘွားတို့ရွာက
အစပ်အဆက်နည်းလှတယ်လေကွယ်…”
“ဒါက…တစ်​ယောက်စကားတစ်​ယောက်
ကြားလို့ပါအမေကြီး…
ကျုပ်တို့ရွာထဲလာရောင်းတဲ့စျေးသည်တွေက
သူတို့ပစ္စည်းရောင်းချင်တော့…
စကားဝင်ပြောကြရင်းနဲ့…ကျုပ်တို့လည်း
တစ်ခြားရွာကသတင်းတွေသိရတယ်လေအမေကြီးရဲ့”
“အေးကွယ်….ဒါဆိုရင်
မောင်ဖေပြောပုံအရဆို…မောင်ရင်တို့ရွာကလူတွေက
ဘွားကိုမယုံကြည်ကြဘူးပေါ့”
“အသိမရှိ…အကြားမရှိတွေဆိုတော့
မယုံကြ​တာပါဗျာ…
ဒါပေမယ့်ဘွားအကြောင်းသေချာသိလာကြရင်
သူတို့လည်းကျုပ်လိုဖြစ်လာမှာပါဗျ”
မောင်ဖေစကားကိုဒေါ်ဝင်းကခေါင်းလေး
တညိတ်ညိတ်ဖြင့်ထောက်ခံလေသည်။
“ဒါနဲ့လေ…ကျုပ်ရွာကို
အမေကြီးလိုက်မယ်မဟုတ်လား”
မောင်ဖေကမျှော်လင့်တကြီးဖြင့်ဘွားမယ်စိန်ကမေးလိုက်၏။
“မောင်ဖေရယ်…မောင်ရင်တို့ရွာကလူတွေ
ဘွားကို မယုံကြည်ရင်တောင်
ကလေးတွေအတွက်အမေကြီးလိုက်ခဲ့မှာပေါ့ကွယ်…”
ဟု…ပြောလေတော့မောင်ဖေပျော်သွားသည်။
သို့သော်ချက်ချင်းပင် မောင်ဖေရဲ့မျက်နှာက
ညိုးသွားပြန်သည်။
“တစ်ခုတော့ရှိတယ်ဗျ…
ကျုပ်လာတာနွားလှည်းမပါဘူးအမေကြီးရဲ့…
မပါဆိုကျုပ်မှာနွားလှည်းမပြောနဲ့
နွားတစ်ကောင်တောင်မရှိဘူးဗျ…
အမေကြီးဆီလာဖို့နွားလှည်းငှားတာတောင်
ကျုပ်ကိုဘယ်သူမှမငှားပေးလိုက်ဘူး”
“ဟယ်…ဒါဆိုနင်ဒီအထိဘာနဲ့လာတာလဲမောင်ဖေ”
ဒေါ်ဝင်းကအံသြတကြီးဖြင့်မောင်ဖေကိုမေးလိုက်သည်။
“လှည်းကြုံတစ်လှည့်ခြေလျင်တစ်လှည့်ပေါ့ဗျာ”
မောင်ဖေ့စကားကိုကြားတော့ဒေါ်ဝင်းမှာ
မောင်ဖေကိုသနားသွားရှာသည်။
လူဆင်းရဲသော်လည်းရွာအရေးကိုအလေးထားသော
မောင်ဖေ့စိတ်ဓာတ်ကိုလည်း
ဒေါ်ဝင်းလေးစားသွားခဲ့သည်။
“ဒီအတွက်ဘာမှမပူ​လေနဲ့…
ဘွားတို့နွားလှည်းနဲ့အတူသွားကြတာပေါ့ကွဲ့…”
“ဟုတ်ကဲ့ဘွား”
“ကဲ…မိဝင်း ဒီကလေးကိုထမင်းလေး
ဘာလေးကျွေးလိုက်ဦး…
ညည်းသမီးကိုတော့မောင်တိုးကို
သွားခေါ်ခိုင်းလိုက်ချေအေ့”
“ဟုတ်အမေ…ငါ့တူခဏထိုင်နေဦးနော်…”
ဒေါ်ဝင်းသည်မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။
ခဏမျှကြာတော့ မောင်ဖေစားဖို့ထမင်းပန်းကန်နှင့်
ဟင်းပန်းကန်များသယ်ယူလာပေးရှာသည်။
ထမင်းပန်းကန်၊ဟင်းပန်းကန်များကို
စားပွဲအထက်သို့ တင်ပေးပြီး…
“ငါ့တူရေ…အားမနာနဲ့အဝစားနော်သိလား…
ထမင်းထပ်လိုချင်လည်းဒီမှာယူလို့ရတယ်…”
“ဟုတ်ကဲ့အရီး”
မောင်ဖေလည်းထမင်းနှင့်ဟင်းများကို
ဆာဆာဖြင့် အဝစားတော့သည်။
ဒေါ်ဝင်းကလည်းဘေးခြံ၌ ဆော့ကစားနေသော
နန်းကြိုင်လေးအား မောင်တိုးကိုသွားခေါ်ခိုင်းလေသည်။
“ဘွားကျုပ်ကိုခေါ်တယ်ဆို”
ဟုမေးရင်မောင်တိုးခြံဝိုင်းထဲဝင်လာတော့
မောင်ဖေကထမင်းစားပြီးလို့လက်ဆေးနေပြီဖြစ်သည်။
သျှောင်တစောင်းနဲ့မောင်ဖေကိုမြင်တော့မောင်တိုးက
သေချာကြည့်နေ၏။
“သူကဧည့်သည်ကွဲ့”
ဟုဘွားမယ်စိန်ကပြောလိုက်သည်။
“သြော်…ဟုတ်ကဲ့”
“အေး…မောင်ရင်ကိုခေါ်ရတာက
ဘွားတို့ နေအေးတာနဲ့ဆိပ်ကြီးရွာကိုလိုက်သွားရလိမ့်မယ်”
“ဆိပ်ကြီးရွာ…ဒါဆိုဒီလူကဆိပ်ကြီးရွာကလား”
“ဟုတ်ပကွာ…ငါ့နာမည်ကမောင်ဖေလို့ခေါ်တယ်ကွ…
မင်းကမောင်တိုးထင်တယ်”
“ဟုတ်တယ်ဗျ ကျူပ်နာမည်ကမောင်တိုး”
“အေး…နေကြဦးအချင်းချင်းနှုတ်ဆက်တာခဏထား…
မောင်တိုး…မောင်ရင်ကဒီမောင်ဖေကိုအိမ်ခေါ်သွားချေ…
ရေမိုးချိုးခဏနားခိုင်းလိုက်ဦးကွဲ့…
နေအေးတာနဲ့မောင်ရင့်အစ်ကိုမောင်အုန်းကိုပါခေါ်ပြီး
အတူပြန်လာခဲ့ကြပေါ့”
“ဟုတ်ကဲ့ဘွား…
ကျုပ်ခေါ်သွားလိုက်ပါ့မယ်…”
ဘွားမယ်စိန်ကမောင်ဖေ့ကိုရေမိုးချိုးအနားယူနိုင်စေရန်
မောင်တိုးကိုလာခေါ်ခိုင်းခြင်းဖြစ်၏။
ခဏမျှကြာတော့မောင်တိုးလည်း မောင်ဖေကိုခေါ်ပြီး
ပြန်သွားလေတော့သည်။
“အမေ”
“ဟေ…ပြောလေ”
“ကျုပ်ထမင်းထုပ်လေးတွေထုပ်ပေးရမလား”
“အေး…ကောင်းတာပေါ့အေ…
ညည်းတူတွေကခရီးသွားရင်
ဗိုက်ကဆာတတ်ကြပါဘိနဲ့”
“ဟုတ်အမေ”
ဒေါ်ဝင်းကလည်းထမင်းထုပ်များထုပ်ပေးဖို့ပြင်ဆင်ရသည်။
ညနေနေစောင်းတော့မောင်တိုးတို့ကနွားလှည်းဖြင့်
ရောက်ချလာတော့သည်။
“ဘွား…ကျုပ်တို့ရောက်ပြီဗျို့”
“အေးကွယ်…ဘွားလည်းပြီးနေပြီ…
သွားကြတာပေါ့”
ဘွားမယ်စိန်ကသူ့ရဲ့လက်စွဲတော် တောင်ဝှေးကို
ထောက်၍ခြံဝိုင်းထဲမှထွက်လာသည်။
အနောက်မှဒေါ်ဝင်းနှင့်နန်းကြိုင်တို့ကအတူလိုက်လာကြ၏။
“မောင်တိုး…ရော့ဒါလမ်းမှာစားဖို့
ထမင်းထုပ်နဲ့ရေ…”
“ဟုတ်အရီး…”
“ဒါကအမေ့အဝတ်အစားလေးတွေထည့်ထားတာ…
လမ်းလည်းဂရုစိုက်သွားကြဦးနော်…”
“ဟုတ်ကဲ့အရီး”
“အမေကျုပ်စိတ်ချမယ်နော်…”
“အေးပါမိဝင်းရယ်…
ညည်းလည်းခရီးတစ်ခါထွက်တစ်ခါစိတ်မချနေတော့တာပဲ…
စိတ်ချပါအေ…”
“ကျုပ်ကစိတ်ပူလို့ပါအမေရယ်…”
“စိတ်မပူပါနဲ့အရီးရာ…
ကျုပ်တို့ပါနေတာပဲကို”
“အမယ်လေး…အဲ့ကျုပ်တို့က ပိုဆိုးတာ…
သွားကြ…သွားကြ မိုးချုပ်နေဦးမယ်”
ဘွားမယ်စိန်သည်ဒေါ်ဝင်းတို့ကိုနှုတ်ဆက်ပြီး
နွားလှည်းပေါ်သို့တက်လာခဲ့၏။
မောင်အုန်းနဲ့မောင်ဖေကနွားလှည်းအနောက်ပိုင်း၌
ထိုင်လိုက်လာခဲ့ကြသည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့၏
ဆိပ်ကြီးရွာခရီးစဥ်စတင်ခဲ့တော့သည်။
နေစောင်းကတည်းကခရီးဆက်လာကြရာ
သန်းခေါင်ကျော်လောက်မှ ခရီးတစ်ထောက်နားကြရ၏။
လူသူဝေးလှသော နေရာ၌အနားယူနေကြရာ
မောင်အုန်းကခြင်မကိုက်စေရန်ထင်းခြောက်လေးများကောက်၍မီးမွှေးပေးထား၏။
ဒေါ်ဝင်းထည့်ပေးလိုက်သော ထမင်းထုပ်များကို
ဖြည်စားကြပြီး ထိုနေရာ၌တစ်ညကုန်ဆုံးခဲ့ကြသည်။
နံနက်မိုးမလင်းခင်လောက်မှ
နွားလှည်းပြန်တပ်၍ခရီးဆက်လာခဲ့ကြရာ…
“ဘွား…ရှေ့မှာရွာတစ်ရွာဗျ”
ဟုမောင်တိုးကပြောတော့ဘွားမယ်စိန်တို့
လှမ်းကြည့်လိုက်ကြသည်။
“ဟုတ်သား…ဘွားကျုပ်တ်ို့
မနက်စာလေးဝင်ဝယ်ကြရအောင်ဗျ”
မောင်အုန်းကပြောလေတော့
ဘွားမယ်စိန်ကသဘောတူ​လေသည်။
​မောင်အုန်းက…
ရွာထဲရှိအကြော်ဆိုင်၌အကြော်နှင့်
ကောက်ညှင်းပေါင်းများဝင်ဝယ်နေစဥ်ဘွားမယ်စိန်တို့က
ထိုအကြော်ဆိုင်ရှေ့၌လှည်းခဏရပ်၍စောင့်နေခဲ့ကြသည်။
ထိုစဥျ…
“ရိုက်ကွာ…ဒီခွေးမသားကို
ပြောပေါင်းလည်မနည်းတော့ဘူး…”
ဟုသောဆူညံသံများကိုကြားလိုက်ကြရ၏။
ဘွားမယ်စိန်လှည့်ကြည့်လိုက်တော့ ရွာလမ်းမပေါ်၌
လူများဝိုင်းအုံနေပြီး အသက်ဆယ့်ငါးနှစ်အရွယ်
ကောင်​လေးတစ်ဦးအားရိုက်သူကရိုက်…ဆဲဆိုသူကဆဲဆို…
ဝင်ဆွဲသူကဆွဲဖြင့်…ရုန်းရင်းဆန်ခတ်ဖြစ်လို့
နေတာကိုတွေ့လ်ိုက်ရသည်။
“ဘာဖြစ်တာလဲမသိဘူးဗျ”
ဟုဆိုကာမောင်ဖေက နွားလှည်းပေါ်မှ
ဆင်း၍သွားကြည့်၏။
ခဏမျှကြာတော့မောင်ဖေ
အပြေးတပိုင်းပြန်ရောက်လာခဲ့ပြီး…
“အမေကြီး…ကလေးလေးကိုဝိုင်းရိုက်နေကြတာဗျ…
ကျုပ်တို့ဝ်ိုင်းဆွဲမှရမယ်ထင်တယ်…
မဟုတ်ရင်ဟိုကလေးကအရိုက်ခံရတာနဲ့သေတော့မယ်ဗျ”
ဟုပြောလေတော့…
“ကဲ..ဒါဆိုလည်းမောင်ရင်တို့
သုံးယောက်အတူလိုက်ခဲ့ကြပေါ့”
ဟု…ပြောပြီးဘွားမယ်စိန်နွားလှည်းပေါ်မှဆင်းလိုက်သည်။
မောင်အုန်းကလည်းအကြော်ဆိုင်ထဲမှထွက်လာပြီး
ဘွားမယ်စိန်တို့နှင့်အတူလိုက်လာခဲ့၏။
လူအုပ်ဆီသို့ရောက်တော့…
“ဟဲ့…ကလေးကိုဘာလို့ဝိုင်းရိုက်နေကြတာလဲ…
လူကြီးတွေဖြစ်ပြီး ရပ်ကြစမ်းဟဲ့”
ဟုဘွားမယ်စိန်ကအော်တော့ရွာသားတွေက
ဘွားမယ်စိန်ကိုသေချာစိုက်ကြည့်ရင်း…
“ခင်ဗျားကဘယ်ကလဲ…
ကိုယ်နဲ့မဆိုင်ဝင်မပါနဲ့အဘွားကြီး”
“ဟ…မင်းတို့မိုက်ရိုင်းလှချည်လား…
ဖယ်ကြစမ်းကွာ”
မောင်တိုးတို့လည်းဒေါသထွက်လာကြပြီး
ထိုရွာသားတွေကိုတွန်းဖယ်ပစ်ကြ၏။
ကလေးငယ်ကိုဝိုင်းရိုက်နေသောရွာသားငါးယောက်မှာ
မောင်တိုးတို့နဲ့သူတွန်းငါတွန်းဖြစ်နေခဲ့လေသည်။
ငါးယောက်သုံးယောက်ဖြစ်သော်လည်း
မောင်တိုးနဲ့မောင်အုန်းမှာထိုရွာသားတွေနှင့်
ခွန်အားခြင်းယှဥ်နိုင်နေခဲ့၏။
မောင်ဖေကတော့လူကောင်ကသေး၍ ကလေးငယ်က်ိုသာ
ဆွဲခေါ်ထုတ်ခဲ့လေသည်။
“ဟေ့…ရပ်ကြစမ်း…ဘာဖြစ်နေကြတာလဲ…
စောစောစီးစီးကွာ”
သူကြီးဖြစ်ပုံရသောလူကြီးတစ်ယောက်ရောက်လာခဲ့သည်။
ထိုလူ့အသံကြားမှရွာသားတွေငြိမ်ကုန်သည်။
“ဘာဖြစ်ကြတာလဲ”
သူကြီးက မျက်နှာတစ်ခုလုံးစဖူး​ယောင်ပြီးသွေးများ
ထွက်နေသော ကလေးငယ်က်ိုတစ်ချက်ကြည့်ပြီး
ရွာသားတွေကိုမေးလေသည်။
ရွာသားတစ်ယောက်က…
“ဒီကောင်ပေါ့…မနေ့က ကျုပ်တို့ခိုင်းဖို့
ခေါ်ထားတာရောက်မလာဘူးလေ…
အဲ့တာကြောင့်မှတ်လောက်သားလောက်ဖြစ်အောင်
ဆုံးမနေတာ…”
ဟုပြောလိုက်သည်။
သူကြီးကဘွားမယ်စိန်နဲ့မောင်တိုးတို့ကိုကြည့်ပြီး…
“ဒါနဲ့ အမေကြီးတို့ကရောဘာလို့ဝင်ပါနေကြတာလဲ…”
ဟုမေးလေသည်။
“မောင်ရင်ကဒီရွာကသူကြီးလား”
“ဟုတ်ပါတယ်…ကျုပ်ကဒီရွာကသူကြီးပါ”
“အေးကွယ်…သူကြီးဆိုရင်လည်း
မေးစမ်းပါဦးမယ်…ဟောသည်ကကောင်လေးက
မိဘတွေမရှိကြဘူးလား”
“ဒီ​ကောင်လား…ဒီကောင်က
မိမရှိ၊ဖမရှိပါဗျာ…
မအေကဘယ်ကကောင်နဲ့ရတဲ့
ကိုယ်ဝန်မှန်းတောင်မသိဘူး…
သူ့မွေးပြီးသူ့အမေလည်းသေတာပဲလေ…
အဲ့ကောင်က…
ကျုပ်တို့ရွာအတွက်တော့ဂြိုလ်ကောင်ပါဗျာ”
ဟု…သူကြီးက ကောင်လေးကိုကြည့်ပြီး
နှာခေါင်းရှုံ့ကာပြောလိုက်သည်။
ဘွားမယ်စိန်လည်းသူကြီးတို့ကိုကြည့်ပြီး
ခေါင်းလေးတညိတ်ညိတ်ဖြင့်…
“အင်း…ဒီလောက်ဆိုနားလည်ပါပြီ…
ဒါပေမယ့်တစ်ခုတော့​ပြောမယ်ကွဲ့…
ကိုယ်ကရွာကိုအုပ်ချုပ်တဲ့သူကြီးဆိုရင်
တတ်နိုင်သမျှကိုယ့်ရွာမှာရှိတဲ့
လူတွေအတွက်ကြည့်ပေးရတယ်
အားနည်းသူကိုထူပေးရတယ်…
အခုမောင်ရင့်ပုံစံကြည့်ရတာ…
အားနည်သူကိုထပ်ပြီးလဲကျအောင်ကန်ချနေသလိုပဲ…”
“ဘာဗျ…”
“ကဲပါ…သူများရွာအရေးဆိုတော့လည်း
ဘွားအနေနဲ့ဝင်မပြောတော့ဘူး…
မောင်ရင်ဘွားတို့ရွာဘက်ရောက်ရင်ဝင်လည်နိုင်ပါတယ်…
သောင်ထွန်းရွာကဘွားမယ်စိန်လို့မေးရင်
သိကြပါတယ်ကွယ်…”
“ဗျာ…ဘွားမယ်စိန်…
ဟို…ဘွားမယ်စိန်ဆိုတော့…
သရဲတွေနိုင်တယ်ဆိုတဲ့အမေကြီးများလား”
သူကြီးကပြာပြာသလဲဖြင့်မေးလိုက်သည်။
ထိုအခါမောင်တိုးက…
“ဟုတ်တယ်…အဲ့တာကျုပ်တို့ဘွားပဲ”
ဟုဝင်ဖြေလိုက်သည်။
“ဟာ…ကျုပ်မသိလို့ပါအမေကြီးရယ်…
အားနာလိုက်တာဗျာ…
ကဲ…ဟေ့ကောင်တွေမင်းတို့လည်းပြန်ကြတော့…
နောက်ဒီကောင်လေးကိုထပ်ပြီးအနိုင်မကျင့်ကြနဲ့…
အေး…ငါပြောတာမှနားမထောင်ရင်
မင်းတို့ကိုငါကိုယ်တိုင်အပြစ်ပေးရလိမ့်မယ်…”
ဟု…ရွာသူကြီးကရွာသားတွေကိုပြောလိုက်သည်။
ရွာသားတွေလည်းပြောင်းလဲသွားသောသူကြီး၏ပုံစံကြောင့်
ခေါင်းလေးတကုပ်ကုပ်ဖြင့်ပြန်သွားကြလေသည်။
“အမေကြီး…လာပါ…ကျုပ်အိမ်ကိုသွားကြတာပေါ့”
ဟုသူကြီးကပြောတော့ဘွားမယ်စ်ိန်ကခေါင်းကိုခါရမ်းပြီး…
“ဘွားတို့ခရီးဆက်စရာရှိနေလို့
မလိုက်တော့ပါဘူးကွယ်…
ခရီးကအပြန်လမ်းသင့်ရင်ဝင်ခဲ့ပါ့မယ်”
ဟုပြောလေတော့သူကြီးလည်း
အတင်းမခေါ်ရဲသောကြောင့်
“ဟုတ်ကဲ့…ဒါဆိုရင်အပြန်တော့ဝင်ဖြစ်အောင်
ဝင်ခဲ့ပါဗျာ…”
ဟု​သာပြော​လေသည်။
“ကောင်လေး…”
“ဗျာ…”
“ဘွားတို့နဲ့အတူလိုက်ခဲ့ချင်လား”
“အဘွားတို့ကဘယ်ကိုသွားကြမှာလဲ”
“ဘွားတို့ကဆိပ်ကြီးရွာကိုသွားကြမှာ…
ကောင်လေးလိုက်ခဲ့ချင်ရင်လိုက်ခဲ့လို့ရတယ်”
ကောင်လေးကဘွားမယ်စိန်နဲ့​မောင်တိုးတို့ကို
သေချာကြည့်သည်။
သူ့အားကာကွယ်ပေးသောကြောင့်ခင်တွယ်နေပုံရ၏။
“ကျုပ်လိုက်ခဲ့မယ်”
ကောင်လေးကလိုက်ခဲ့မည်ဟုပြောတော့
မောင်ဖေကဝမ်းသာသွားသည်။
“ကဲ…သူကြီး..
ဒီကလေးကအုပ်ထိန်းသူမရှိဘူးဆိုတော့
သူကြီးကိုပဲခွင့်တောင်းခဲ့တော့မယ်…
ဘွားတို့ဒီကလေးကိုခေါ်သွားမယ်ကွယ်…”
“ဟုတ်ကဲ့…ခေါ်…ခေါ်သွားလို့ရပါတယ်ခင်ဗျ”
သူကြီးကလည်း ခွင့်ပြု၍
ကောင်လေးလည်းပျော်သွားလေသည်။
ထိုသို့ဖြင့်အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ
ဘွားမယ်စိန်တို့နှင့်အတူလိုက်ခဲ့​တော့၏။
“မင်းနာမည်ဘယ်လိုခေါ်လဲ….”
“ကျုပ်နာမည်က ဖိုးပိန်လို့ခေါ်ကြတယ်ဗျ”
“အေး…ဖိုးပိန်…ငါ့နာမည်ကမောင်အုန်း…
ရှေ့ကလှည်းမောင်းသူကမောင်တိုး…
ဟောသည်ကမောင်ဖေလို့ခေါ်တယ်…
ဘွားနာမည်ကိုတော့မင်းသိတယ်မလား”
“ဟုတ်သိပါတယ်…စောစောကသူကြီးနဲ့ပြောတာတွေ
ကျုပ်ကြားတယ်လေ”
မောင်ပိန်ကိုကြည့်ပြီးမောင်အုန်းတို့မှာသနားနေမိကြသည်။
မောင်ဖေကမောင်ပိန်၏ဖူးယောင်နေသောမျက်နှာကို
ကြပ်ပူထိုးပေးရှာ၏။
ဘွားမယ်စိန်တို့နှင့်လိုက်လာရသည်ကိုပင်
မောင်ပိန်မှာပျော်ရွှင်နေရှာသည်။
ဘွားမယ်စိန်နှင့်ဆိပ်ကြီးရွာမှကလေးပျောက်မှု
စာမူ…၁၂၀
ဇာတ်သိမ်းပိုင်း
လမ်းခရီးတစ်လျှောက်…
ဖိုးပိန်နှင့်မောင်ဖေတို့မှာ
အတော်ရင်းနှီးမှုရသွားကြသည်။
ဖိုးပိန်ကလည်းမောင်တိုးတို့ထက်ပင်မောင်ဖေကို
ခင်တွယ်လို့နေခဲ့၏။
ဖိုးပိန်ခင်တွယ်ဆိုလျှင်လည်းခင်တွယ်စရာပင်
မောင်ဖေက ဖိုးပိန်ကိုညီတစ်ယောက်ကဲ့သို့ပင်
ပြောဆိုလုပ်ကိုင်ပေးတတ်လွန်းရှာသည်။
“ကိုကြီးဖေ…”
“ဟေ…ပြောလေ”
“ကိုကြီးဖေမှာညီအစ်ကိုတွေရှိလား”
ဟု…ဖိုးပိန်ကမေးတော့…
“အေး…မရှိပါဘူးဖိုးပိန်ရာ…
ငါကလည်းမင်းနဲ့မခြားနားပါဘူးကွ…”
“ဗျာ…ဒါဆိုကိုကြီးဖေက ကျုပ်လိုပေါ့”
“အေးအဲ့သည်လိုပါပဲကွာ…
ငါငယ်ငယ်ကတည်းကအဖေကဆုံးသွားတာကွ…
အမေကလည်းရှေ့နှစ်ကပဲ
အဖေ့နောက်လိုက်သွားတာဆိုတော့
မင်းနဲ့ထူးမခြားနားတဲ့တစ်ကောင်ကြွက်ပါပဲဖိုးပိန်ရာ”
“အခုဆိုနှစ်ကောင်ကြွက်ဖြစ်နေပြီလေဗျာ…
ဘာအားငယ်စရာရှိလဲဗျ ကိုကြီးဖေရဲ့…”
ပြောနေရင်းမှ မောင်ဖေကမျက်နှာညိုးသွား၍
ဖိုးပိန်းကထိုစကားကိုပြောလိုက်လေတော့
မောင်ဖေပြုံးသွားခဲ့သည်။
သူတို့နှစ်ယောက်ပြောဆိုနေသံများကို
နားထောင်နေကြသော
ဘွားမယ်စိန်တို့မှာလည်းပြုံးနေကြ၏။
“ဒါနဲ့ဖိုးပိန်…အဲ့ရွာမှာမင်းဘယ်လိုများနေခဲ့တာလဲ…
အခုလိုငါတို့ရှေ့မှာတောင်မင်းကိုရိုက်ကျဆဲကြနဲ့ကွာ…”
ဟု…မောင်ဖေကမေးတော့
ဖိုးပိန်မျက်နှာညိုးသွားလေသည်။
“ကျုပ်အမေကအဲ့သည်ရွာသူမဟုတ်ဘူး
ကိုကြီးဖေရဲ့…
အဲ့သည်ရွာမှာဒေါ်မြင့်ဆိုတဲ့အမေ့အဒေါ်ရှိတယ်…
မိဘတွေမရှိတော့အမေကလည်းအဒေါ်ရှိတဲ့ရွာကို
လိုက်လာခဲ့တာတဲ့…
အဲ့သည်လိုနဲ့နေရင်းကနေ..
အမေ့မှာကိုယ်ဝန်ရှိတယ်လည်းဆိုကော
အဒေါ်ကအိမ်ပေါ်ကနှင်ချလိုက်တယ်တဲ့…
တစ်ရွာလုံးကလည်းအမေ့ကိုဆိုအမျိုးမျိုး
ပြောဆိုကြတော့
အမေ့ခမျာ…ရွာပြင်ကဇရပ်လေးမှာပဲ
ကျုပ်မွေးတဲ့အထိနေသွားခဲ့ရတယ်တဲ့လေ…
ကျုပ်မွေးပြီးတော့အမေလည်းဆုံးသွားကော
မကြည့်ရက်တဲ့ရွာကျောင်းကဆရာတော်က
ကျုပ်ကိုခေါ်ပြီးမွေးစားခဲ့တယ်ဗျ…
ကျုပ်သိတတ်တဲ့အရွယ်လေးလည်း​ရောက်ကော
ကျုပ်ကိုမွေးစားတဲ့ဆရာတော်လည်း
ပျံလွန်တော်မူသွားတယ်ဗျ…
ဘုန်းကြီးကျောင်းကကိုရင်ကြီးတွေ…
ဘုန်းကြီးကျောင်းသားတွေကဆရာတော်လည်းမရှိရော
ကျုပ်ကိုအမျိုးမျိုးအနိုင်ကျင့်ကြတော့တာပဲ…
အဲ့သည်ဒဏ်မခံနိုင်လို့ အမေနေခဲ့တဲ့ရွာပြင်က
ဇရပ်လေးမှာပဲသွားနေနေခဲ့ရတာပါဗျာ”
“မင်းအဖြစ်ကလည်းကွာ…”
မောင်ဖေမှာ ဖိုးပိန်အတွက်ဝမ်းနည်းလွန်း၍
မျက်ရည်များဝဲသွားလေသည်။
“ဘယ်တတ်နိုင်မှာလဲကွယ်…
ဖိုးပိန်လည်းသူ့ဝဋ်ကြွေးကိုသူဆပ်ခဲ့ရတာပဲ…
ဝဋ်ကြွေးကျေရင်တော့ဖိုးပိန်ဘဝလေးအေးချမ်းလာမှာပါ
မောင်ဖေရယ်…”
ဘွားမယ်စိန်က ဝမ်းနည်းနေသော
မောင်ဖေ့ကိုပြောလိုက်သည်။
မောင်ဖေကလည်းခေါင်းညိတ်ပြရှာသည်။
ထိုသို့ဖြင့်ညနေစောင်းတော့
ဆိပ်ကြီးရွာသို့ရောက်လာခဲ့ကြသည်။
ရွာထဲဝင်လာသောဘွားမယ်စိန်တို့နွားလှည်းလေးကို
ရွာသူ၊ရွာသားတွေကလှမ်း၍ကြည့်နေခဲ့ကြ၏။
ထိုထဲမှတချို့က…
“ဟေ့ မောင်ဖေ…
အဲ့တာမင်းပြောတဲ့အဘွားကြီးလားကွ…”
ဟုလှမ်းအော်မေးသူကမေး…
“မောင်ဖေရေ…
မင်းဟုတ်မှလုပ်နော်…
တော်နေ…နေစရာပါပျောက်နေဦးမယ်ကွ”
ဟုပြောသူကပြောကြသည်။
မောင်ဖေလည်းထိုလူတို့ကိုမကျေမနပ်စိုက်ကြည့်နေ၏။
ထိုသို့ကြည့်ပြီးလေတော့…
ဘွားမယ်စိန်ဘက်သို့လှည့်၍…
“အမေကြီး…သူတို့အမေကြီးအကြောင်းကို
မသိကြသေးလို့ပါဗျာ…စိတ်မခုပါနဲ့နော်…”
“အမယ်လေးကွယ်…
ဘွားဘာစိတ်မှမဖြစ်ပါဘူး…
မောင်ရင်တို့အားလုံးလည်း
မကြားမသိသလိုသာနေလိုက်ပါကွယ်…
မသိတဲ့သူတွေကတော့မသိသလိုပြောကြမှာပဲကွဲ့…”
ဟု…ဘွားမယ်စိန်ကပြောလေတော့မောင်ဖေလည်း
ခေါင်းကိုညိတ်၍”ဟုတ်ကဲ့”ဟုပြောလေသည်။
မောင်ဖေကသူ၏အိမ်ဆီသို့
ဘွားမယ်စိန်တို့ကိုခေါ်သွားသည်။
မောင်ဖေ၏အိမ်ကဝါးထရံကာဖြင့်
ဆောက်ထားသောနှစ်ထပ်အိမ်လေးဖြစ်၏။
ဝါးထရံကာ…သက်ကယ်မိုးပြီး အခင်းကအစ
ဝါးခြမ်းပြားလေးများဖြင့်
ကျိုးတိုးကျဲတဲခင်းလို့ထားသေးသည်။
“အမေကြီး…ဒါကျုပ်အိမ်ပဲဗျ…
ကျုပ်အိမ်ကချူချာတော့အမေကြီးတို့
နေလို့အဆင်ပြေပါ့မလားဗျာ”
မောင်ဖေက ဘွားမယ်စိန်ကို
အားနာနေဟန်ဖြင့်ပြောလေသည်။
“ဘွားတို့အဆင်ပြေပါတယ်မောင်ဖေရယ်…
အရေးမကြီးတဲ့အရာတွေကိုစိတ်မပူပါနဲ့ကွယ်…”
“ဘွားပြောတာ ဟုတ်တယ်ဗျ…ကိုမောင်ဖေရဲ့
ကျုပ်တို့လည်းအဆင်ပြေပါတယ်ဗျာ…”
မောင်တိုးတို့ကပါ ဝိုင်းကူ​ပြောလေတော့မှ
မောင်ဖေဝမ်းသာသွားသည်။
“ဒါဆိုခဏနားကြဦးနော်…
ကျုပ်ရွာထဲဟင်းချက်စရာလေးသွားဝယ်ပြီး
သတင်းလေးဘာလေးစုံစမ်းခဲ့ဦးမယ်ဗျ”
“အေး…အေး…သွားသွား”
မောင်ဖေက ရွာထဲသို့ထွက်သွားသည်။
ကျန်ရစ်ခဲ့သောမောင်တိုးတို့ကတော့
မောင်ဖေ၏အိမ်ကိုရှင်းလင်းပေးနေကြ၏။
အတော်လေးကြာမှ
မောင်ဖေတစ်ယောက်ပြန်ရောက်လာခဲ့သည်။
သူလက်ထဲ၌ကန်စွန်းရွက်များအပြင်
ကြက်တစ်ကောင်လည်းပါလာခဲ့၏။
“ဒီမှာ…အမေကြီးတို့အတွက်
ရွာထဲကကြက်ဝင်ဝယ်လာတာ…
ကြက်သားချက်လေးရယ်…
ကန်စွန်းရွက်ကြော်လေးရယ်…ငရုပ်သီးကိုလည်း
မီးဖုတ်ပြီးထောင်းပေးမယ်ဗျာ…”
ဟု…မောင်ဖေကပြော၏။
“သတင်းထူးကောပါသေးလားမောင်ဖေ”
“ကလေးတွေပျောက်တာဆယ့်တစ်ယောက်ရှိပြီလို့
သိခဲ့ရတယ်ဗျ…”
“အင်း…ဒါဆိုရင်တစ်​ယောက်ပဲလိုတော့တာပေါ့”
ဘွားမယ်စိန်ပြောတော့မောင်ဖေတို့ငြိမ်သွားသည်။
“ကဲ…မင်းအရွက်တွေ…
ကြက်တွေကိုခဏချထား…
မောင်ရင့်ကိုဘွားစုံစမ်းခိုင်းချင်တာရှိတယ်ကွဲ့”
“ဟုတ်ကဲ့…ပြောပါအမေကြီး”
“အေး…အခုပျောက်သွားတဲ့ကလေးတွေရဲ့
အမည်နဲ့နေ့နံတွေကိုဘွားသိချင်တယ်…
မောင်ရင်စုံစမ်းလို့ရမလားကွဲ့”
“ဒီလောက်ကတော့ရပါတယ်အမေကြီးရယ်…
ကျုပ်စုံစမ်းခဲ့ပါ့မယ်ဗျ”
“အေး…အေး…”
“ဒါဆိုကျုပ်ပြန်လာမှပဲဟင်းချက်တော့မယ်ဗျ”
“နေ…နေ…ကျုပ်ချက်လိုက်ပါ့မယ် ကိုမောင်ဖေရာ…
ခင်ဗျားကစုံစမ်းစရာရှိတာကိုသာ
သေချာစုံစမ်းခဲ့ပါဗျ…”
ဟုမောင်တိုးကဝင်ကာပြောလေတော့…
“ဖြစ်ပါ့မလားကွ”
“ဖြစ်ပါတယ်ဗျာ…ကျုပ်လက်ရာလေး
စားကြည့်စမ်းပါ…
ကြိုက်သွားစေရမယ်ဗျာ”
“အေးပါကွာ…ဒါဆိုလည်း
ငါ့အတွက်ပိုအဆင်ပြေတာပေါ့…
ကဲ…ဒါဆိုရင်သွားလိုက်ဦးမယ်…
သြော်…မေ့နေတာ…
ဖိုးပိန်…ခြံနောက်ဖေးမှာသြဇာသီးတွေမှည့်နေပြီ
ခူးပြီးအမေကြီးတို့နဲ့အတူစားလိုက်ကွ”
“ဟုတ်ကဲ့ကိုကြီးဖေ…”
မောင်ဖေလည်းရွာထဲသို့နောက်တစ်ခေါက်
ထွက်သွားပြန်သည်။
မောင်တိုးနဲ့မောင်အုန်းကတော့မီးဖိုခန်းမရှိသောကြောင့်
ခြံထဲ၌ကျောက်ခဲများကိုဖိုခနောက်ခံ၍
ထမင်းဟင်းချက်ကြတော့သည်။
“တော်သေးတာပေါ့ဗျာ…
ကျုပ်လှည်းပေါ်မှာဆားတွေ၊ဆီတွေ
နည်းနည်းစီတင်ယူလာခဲ့လို့…
မဟုတ်လို့ကတော့ရေလုံပြုတ်နဲ့ညားရတော့မှာပဲ…”
“ဟားးး…ဟားး….ဟားးး…ဟားးး…ဟားးး…”
မောင်တိုးစကားကိုမောင်အုန်းကသဘောကျသွား၍
တဟားဟားရယ်မောလေသည်။
သဘောကျဆိုလျှင်မောင်ဖေအိမ်၌
ဟင်းခတ်ပစ္စည်းများမှာမရှိသည်က
များနေသောကြောင့်ပင်။
ထမင်း၊ဟင်းများကျက်လေတော့ မောင်တိုးက
မောင်ဖေရဲ့ခြံနောက်ဖေး၌ရှိသောငှက်ပျောပင်မှ
ငှက်ပျောရွက်များကိုခူး၍ရေဖြင့်သန့်စင်အောင်
ဆေးလေသည်။
ထိုအချိန်မောင်ဖေပြန်ရောက်လာခဲ့၏။
“ဟေ့…ထမင်းနဲ့ဟင်းတောင်ကျက်နေပြီလားကွ”
“မိုးတောင်မှောင်နေပြီပဲဗျာ…
ကျက်ပြီပေါ့ဗျ”
“အေး…အေး…ငါလည်းလူစုံမေးရတာဆိုတော့
ကြာသွားတယ်ကွာ…”
မောင်တိုးတို့နဲ့စကားပြောပြီးလေတော့မောင်ဖေသည်
ဘွားမယ်စိန်နှင့်စကားထိုင်ပြောနေ၏။
စုံစမ်းရသမျှကိုဘွားမယ်စိန်ကိုပြောပြလေသည်။
“ထမင်းစားကြစို့ဗျ…”
မောင်အုန်းကလှမ်းခေါ်လေမှ
ဘွားမယ်စိန်တို့လည်းထလာခဲ့ကြသည်။
ငှက်ပျောရွက်များထဲ၌ထမင်းများခူးပြီး
စားကြလေသည်။
ထမင်းစားပြီးလေတော့…
“ဒီညရွာထဲမှာကလေးတစ်ယောက်
ထပ်ပျောက်ဦးမှာပဲကွဲ့…
ဒါပေမယ့်ဒီကလေးပျောက်ပြီးရင်တော့
နောက်ထပ်ပျောက်မှာမဟုတ်တော့သလို…
အရင်ပျောက်သွားတဲ့ကလေးတွေလည်းဘယ်လိုမှရွာကို
ပြန်ရောက်လာကြမှာမဟုတ်တော့ဘူးကွဲ့”
“ဗျာ…ဒီလိုဆိုကျုပ်တို့ဘယ်လိုလုပ်ရမလဲအမေကြီး”
“အင်း…ဒါကတော့
ဘွားစီစဥ်ရမှာပေါ့ကွယ်…”
ဟုပြောပြီးဘွားမယ်စိန်သည်မောင်ဖေ၏
အိမ်၌ရှိသောဘုရားစင်သေးသေးလေးအရှေ့၌
ဘုရားကန်တော့ပြီး ပုတီးစိပ်နေခဲ့သည်။
မောင်တိုးတို့ကလည်းအလိုက်သိစွာ
ခြံထဲ၌သွားထိုင်ကြလေသည်။
မောင်ဖေကတော့ကလေးတွေအတွက်စိတ်ပူနေပုံရပြီး
သက်ပြင်းကိုအကြိမ်ကြိမ်ချနေခဲ့သည်။
“ကိုမောင်ဖေ…စိတ်ပူတာလည်း
ပူတာပေါ့ဗျာ…ကျုပ်တို့ဘွားပြောတဲ့အတိုင်းသာလုပ်…
ဒါဆိုရင်ခင်ဗျားတို့ရွာက
ကလေးတွေပြန်တွေ့ရမှာအသေချာပဲဗျ”
“အေးပါကွာ…
အမေကြီးကူညီမယ်ဆိုတာငါယုံပါတယ်ကွ….
ဒါပေမယ့်စိတ်ကတော့ပူနေရတာပဲလေကွာ…”
“ကျုပ်က ကျန်တာတော့မသိပါဘူးဗျာ…
ဒါပေမယ့်ဘွားအကြောင်းကိုတော့သေချာသိတယ်ဗျ…
ဘွားက ကူညီမယ်လို့ဆုံးဖြတ်ထားပြီးရင်
သူ့အသက်ကိုရင်းပြီးတောင်ကူညီတဲ့သူဗျ…
ဘွားစေတနာမှန်တာကော…
ဘွားရဲ့ပညာကလည်းမတရားမြှင့်တော့
ကူညီခဲ့သမျှအဆင်ပြေပြေဖြစ်ခဲ့တာကြီးပဲဗျ”
“အေး…မင်းကအဲ့သည်လိုပြောတော့လည်း
ငါစိတ်မပူတော့ပါဘူးကွာ…”
မောင်တိုးစကားကြောင့်
မောင်ဖေစိတ်ပူတာလျော့သွားခဲ့သည်။
ဘွားမယ်စိန်ဘုရားကန်တော့ပြီးတော့
သူတို့လေးယောက်ကိုအနားခေါ်၏။
အနားကိုခေါ်ပြီးရေတစ်ခွက်တောင်း၍ထိုရေခွက်ကို
မန်းမှုတ်ပြီးနောက်သူတို့လေးယောက်ကို
နည်းနည်းစီသောက်စေသည်။
ရေမန်းသောက်ပြီးလေတော့…
“ရော့…ဒီချည်မန်းကြိုးတွေမောင်ရင်တို့
နှစ်ယောက်စလုံးလက်မှာဝတ်ထား​ကြကွဲ့”
မောင်တိုးနဲ့မောင်အုန်းဆီတွင်ချည်မန်းကြိုးများရှိ၍
မောင်ဖေနဲ့ဖိုးပိန်ကိုသာချည်မန်းကြိိုးများပေးလိုက်သည်။
“ဒီည…ဟိုကောင်မက ဒီရွာတစ်ရွာလုံးကို
အိပ်မွေ့ချပြီးတာနဲ့ ကလေးကိုလာခိုးလိမ့်မယ်…
မောင်ရင်တို့ရွာကံကောင်းသွားတာတော့ရှိတယ်…”
“ဘာများကံကောင်းတာလဲအမေကြီး”
“အေး…အဲ့တာက စုန်းမဖြစ်နေလို့ပဲကွဲ့…
စုန်းထီးသာဆိုရင်မောင်ရင်တို့ရွာက
အပျိုလေးတွေအတွက်အတွေးဝံ့စရာပဲ…”
“အယ်…ဟုတ်သားဗျ”
“ကဲ…ဒါဆိုရင်ဘွားတို့ရွာအနောက်ဖက်ကနေ
သွားစောင့်ကြမယ်…
ဒီကောင်မရွာထဲဝင်တာကိုစောင့်ကြည့်ပြီး…
ရွာထဲကပြန်ထွက်တာနဲ့အရဖမ်းကြတာပေါ့”
“ဟုတ်ကဲ့ဘွား”
“ဟုတ်ကဲ့အမေကြီး”
ဘွားမယ်စိန်ပြောတဲ့အတိုင်း
မောင်ဖေကရွာအနောက်ဖက်သို့ခေါ်သွားသည်။
“ဘွား…မှောင်ကလည်းမှောင်နေပြီဆိုတော့
ကျုပ်တို့ကိုဘယ်သူမှမမြင်ဘူးဗျ…
ဟော…ဟိုနားကခြုံအကွယ်ကနေသွားစောင့်ကြတာပေါ့”
မောင်ဖေကခြုံတစ်ခု၏အကွယ်သို့
ဘွားမယ်စိန်တို့ကိုခေါ်သွားသည်။
အချိန်ကလည်းသန်းခေါင်နားသို့ရောက်နေပြီဖြစ်သည်။
လကွယ်ညဖြစ်တာမလို့ပို၍မှောင်မိုက်နေခဲ့၏။
“ဟော…ဟိုမှာလာနေပြီဗျ”
ရွာအနောက်ဖက်ကိုလှမ်း၍အခြေအနေစောင့်ကြည့်နေသော
မောင်ဖေထံမှအသံထွက်လာသည်။
ခြုံကြားမှချောင်းကြည့်ကြတော့
မီးအိမ်တစ်လုံးကိုင်ထားသော
မိန်းမကြီး တစ်ယောက်ကိုမြင်လိုက်ကြရ၏။
မိန်းမကြီး၏မျက်နှာကခက်ထန်လှသည်။
ဆံပင်ကိုဆံထုံးကြီးထုံး၍ရွာအဝင်၌ခါးကြီးကို
ထောက်၍ရပ်ကြည့်နေပြန်သည်။
ထဘီကိုခပ်တိုတိုဝတ်ထားသောထိုမိန်းမကြီး၏
လက်တစ်ဖက်၌ သစ်ရွက်ပုံစံ
အစိမ်းရောင်အရွက်လေးများကိုဆုပ်ကိုင်ထားသည်။
ထိုအရွက်လေးများကိုရွာလမ်းအထက်၌
အပုံလေးတွေပုံကာချထားလိုက်ပြန်သည်။
ထိုအရွက်လေးများကိုချပြီးသည်နှင့်
သူ၏မီးအိမ်ကိုမြေပေါ်ချလိုက်သည်။
ပြီးနောက်သစ်ရွက်များကိုမီးခတ်​လေးခတ်၍
မီးရှို့လိုက်ပြန်၏။
မောင်တိုးတို့မောင်ဖေတို့မှာလည်းထိုမိန်းမကြီး
လုပ်ကိုင်သမျှကိုမျက်တောင်မခတ်တမ်း
ခြုံအကွယ်မှကြည့်နေခဲ့ကြသည်။
“ဟော…အငွေ့တွေထွက်လာပြီဗျ”
ထိုအသံက
မောင်ဖေနှုတ်မှထွက်ခြင်းဖြစ်သည်။
အစိမ်းရောင်သစ်ရွက်လေးများကိုမီးတောက်ကဝါးမြိုသွားပြီးအဖြူရောင်အငွေ့များက ရွာထဲသို့ပျံ့လွှင့်သွားခဲ့သည်။
အငွေ့များကလည်းမြူများအလားရွာထဲ၌ အုံ့ဆိုင်းလို့နေခဲ့၏။
ပြီးနောက်ထိုမိန်းမကြီးလည်း
ရွာထဲသို့ဝင်သွားလေတော့သည်။
“အမေကြီး…ရွာထဲဝင်သွားပြီဗျ”
ဟုမောင်ဖေကဘွားမယ်စိန်ကိုပြောတော့
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“ရွာကရှိသမျှလူကောခွေးပါမကျန်အိပ်ငွေ့ချပြီးမှ
ရွာထဲကိုဝင်တာကွဲ့…
ဒါမှသူလုပ်ကိုင်သမျှဘယ်သူမှမသိတာလေ”
ဟုပြောတော့မောင်ဖေကတအံ့တသြဖြင့်…
“ဗျာ…ဒါဆိုစောစောကသူမီးရှို့နေတာက
ရွာကိုအိပ်ငွေ့ချတာပေါ့နော်…”
“ဟုတ်တာပေါ့ကွယ်…
အဲ့ကောင်မသုံးတဲ့သစ်ရွက်တွေက
အတော်ရှားတယ်…ပညာမြှင့်တဲ့သူတွေမှသာ
ဒီအပင်ကိုရှာလို့တွေ့တာ…အရွက်ကိုမီးရှို့…
အဲ့အငွေ့ကိုရှုမိတဲ့သူတိုင်းကလည်း
အိပ်ပျော်ကုန်ကြတယ်ကွဲ့”
“ဗျာ…ဒါဆိုကျူပ်တို့ကရော…
ဘာလို့အိပ်မပျော်ကြတာလဲဗျ”
ဟုမောင်ဖေကမေးပြန်တော့ မောင်တိုးက…
“အ လိုက်တာဗျာ…
ကျုပ်တို့ကိုဘွားက ဂါထာတွေမန်းထားတဲ့
ရေကိုတိုက်ထားတယ်လေကိုမောင်ဖေရဲ့…
ဒါကြောင့်မလ်ို့ကျုပ်တို့ဘာမှမဖြစ်တာပေါ့”
“ဟေ…အဲ့လိုလား”
“ကဲ…မောင်ရင်တို့…တော်ကြတော့…
ဟိုကောင်မပြန်ထွက်လာရင်…
ဘွားအဲ့သည်ကောင်မကိုတားနေတဲ့အချိန်…
မောင်ရင်တို့ကဟောသည်ရေမန်းပုလင်းကိုယူပြီး
ရွာကလူတွေကိုသွားနိုးခဲ့ကြ…
သူတို့ကိုလက်ဆုပ်လက်ကိုင်ပြမှ
ရမှာမလို့အရအမိသာခေါ်ခဲ့ကြကွဲ့…”
ဘွားမယ်စိန်ကရေမန်းပုလင်းလေးကို
မောင်တိုးဆီပေးလိုက်သည်။
“ရွာထဲရောက်ရင်ရေနဲ့ပွားယူပြီး
သူတို့မျက်နှာကိုဖြန်းခဲ့…
ဒါမှရေမန်းကလောက်မှာ…”
“ဟုတ်ကဲ့ဘွား”
“ဟော…ဟိုမှာ…”
ဘွားမယ်စိန်တို့ပြောနေကြစဥ် မိန်းမကြီးကရွာထဲက
ပြန်ထွက်လာသည်။
မီးအိမ်ကိုင်ကာထွက်လာသောမိန်းမကြီး၏အနောက်၌
လေပေါ်၌အိပ်လျှက်ပါလာသောကလေးငယ်တစ်ဦးကိုပါ
မြင်လိုက်တော့မောင်ဖေတို့မျက်လုံးပြူးသွားကြ၏။
“အနောက်ကသူ့တပည့်သရဲက ကလေးကို
မချီလာတာကွဲ့…ကဲသွားကြစို့”
ဘွားမယ်စိန်ပြောလိုက်မှနားလည်သွားကြသည်။
“ဟဲ့…ရပ်စမ်း”
ခြုံအကွယ်မှတောင်ဝှေးကြီးကိုထောက်၍
လျှောက်လာသောဘွားမယ်စိန်နှင့်မောင်တိုးတို့ကိုမြင်တော့
မိန်းမကြီး၏ခြေလှမ်းများရပ်သွားခဲ့သည်။
“သွားကြတော့”
မောင်တိုးတို့ကိုဘွားမယ်စိန်ကပြောတော့
မောင်တိုးတို့လည်းရွာထဲသို့အပြေးသွားကြသည်။
“နင်ဘယ်သူလဲ…ငါ့လမ်းကိုဘာလို့လာပိတ်နေတာလဲ
အသက်မသေချင်ရင်အခုဖယ်စမ်း”
ဟုမိန်းမကြီးကပြောတော့ဘွားမယ်စိန်ကပြုံးလေသည်။
“ဘာပြုံးတာလည်းနားကန်းနေလား…
ငါ့လမ်းကိုဖယ်…”
ဟုထပ်မံကာပြောပြန်သည်။
“အေး…နင်ဒီလမ်းကိုဆက်လျှောက်ချင်ရင်တော့
ငါ့ကိုနိုင်မှပဲရလိမ့်မယ်…”
“အမယ်လေး…ဟားးးး..
ဟားး…ဟားးး…ဟားးး…ဟားးးးးးး”
ဟုရယ်မောပြီး…
“ဟဲ့…မည်းကြီး…အဲ့ကလေးကိုချထားခဲ့ပြီး
ဟိုကောင်မကိုအရင်ဂုတ်ချိုးသတ်စမ်း…
အချိန်မကြာစေနဲ့…ကြားလား”
ဟုပြောတော့သူ့တပည့်သရဲကြီးကလည်း
ကလေးကိုမြေပေါ်ချထားပြီး
သူ၏ရှည်လျားသောလက်သည်းကြီးများကိုထုတ်၍
ဘွားမယ်စိန်ဆီသို့အပြေးသွားလေသည်။
ကြီးမားသောထွားကျိုင်းလှသောသရဲကြီးသည်
ဘွားမယ်စိန်ကိုဂုတ်ချိုးသတ်ဖို့အနီးသို့ရောက်လာသော်လည်း
ဘွားမယ်စိန်၏တောင်ဝှေးအနီးသို့ပင်မကပ်နိုင်ဘဲ
အဝေးသို့လွှင့်ထွက်သွားခဲ့၏။
“အီးးးးအီးးးးးးအီးးးးးးးးးအီးးးးးးး”
သရဲကြီးသည်တအီးအီးအော်ဟစ်ပြီးနောက်
မြေပေါ်မှကုန်းရုန်းထ၍အဝေးသို့ထွက်ပြေးသွားတော့၏။
“ဟဲ့အကောင်…ဘာတွေကြောက်နေတာလဲ…
နေဦး…နင့်ကိုနောက်မှငါအပြစ်ပေးမယ်…”
မိန်းမကြီးကဒေါသတကြီးကျိန်းဝါးနေ၏။
“ဟဲ့ကောင်မ…နင့်အကောင်တော့ပြေးပြီဟဲ့…
အခု…နင်ငါ့ဆီကိုလာခဲ့စမ်း….”
ဟုဘွားမယ်စိန်ကပြောတော့မိန်းမကြီးသည်
ဘွားမယ်စိန်ကိုစိုက်ကြည့်၏။
ပြီးနောက်သူလက်အတွင်းမှတလက်လက်တောက်ပနေသော
အရာများဖြင့်ပစ်ပေါက်လေတော့သည်။
ထိုစက်များကိုဘွားမယ်စိန်ကတောင်ဝှေးဖြင့်
ပြန်လည်ခုခံတားစည်းထား၏။
ဘွားမယ်စိန်နှင့်စုန်းမကြီးတို့၏တိုက်ပွဲပြင်းထန်နေချိန်
မောင်တိုးတို့နှင့်အတူရွာသူ၊ရွာသားတွေလည်း
ရောက်လာခဲ့ကြသည်။
ရွာသူ၊ရွာသားတွေမှာ
အံ့တသြတကြီးဖြင့်ကြည့်နေခဲဲ့ကြ၏။
အချိန်ကြာလာတော့
စုန်းမကြီးလက်ပန်းကျသွားဟန်တူသည်။
သူ၏စက်တန်းများကအားဖျော့ကုန်၏။
“ဟဲ့ကောင်မ…ဒါအကုန်ပဲလား…
အေး…ဒါဆိုငါ့အလှည့်လာပြီ…”
ဟုဘွားမယ်စိန်ကပြောတော့စုန်းမကြီးလန့်သွားသည်။
ချက်ချင်း ထဘီကြီးကိုခေါင်း၌ခြုံလိုက်၏။
ထဘီကြီးကိုခေါင်း၌ခြုံလိုက်သည်နှင့်လင်းတကြီးအဖြစ်သို့
ပြောင်းလဲသွားပြီးနေရာမှထ၍ပျံသွားသည်။
သို့သော်ဘွားမယ်စိန်ကလည်းအလွှတ်မပေးဘဲ
ခပ်ဝေးဝေးသို့ပျံဖို့ရန်ပြင်နေသော
လင်းတကြီးကိုစိုက်ကြည့်ပြီး…
“​တောက်…”
တစ်ချက်ခေါက်ဖနောင့်တစ်ချက်ပေါက်လိုက်လေတော့…
“အားးး…”
“ဘုန်း….”
ဟုသောအသံများနှင့်အတူလင်းတကြီးသည်
မြေပေါ်သို့ပြုတ်ကျလာခဲ့တော့သည်။
မြေပေါ်သို့ကျလာတော့မိန်းမကြီးအသွင်သို့ပြန်ပြောင်းသွားပြီး
အမြင့်မှကျလေတော့ပါးစပ်မှသွေးများဖြင့်
မလှုပ်ရှားနိုင်တော့ဘဲဇတ်ကြီးကျိူး၍
ငြိမ်သက်သွားသည်။
“ဝေးဝေးနေကြ…
ဒီကောင်မကသေပြီ…
မကြာခင်မီးတောက်တော့မယ်…”
ဟုဘွားမယ်စိန်ကသတိပေးတော့
ရွာသူ၊ရွာသားတွေလည်းခပ်ဝေးဝေးသို့သွားကုန်ကြသည်။
ခဏအတွင်းမှာပင်စုန်းမကြီး၏
ကိုယ်မှမီးများထတောက်လာခဲ့၏။
မီးများကစုန်းမကြီးကိုဝါးမြိုသွားပြီး
ပြာအဖြစ်ပင်ချန်မထားဘဲ မြေကြီးထဲသို့
စုပ်ယူသွားခဲ့တော့သည်။
ရွာသူ၊ရွာသားအားလုံးမှာလည်း
အံ့သြပြီးရင်းအံ့သြနေကြ၏။
“မောင်ရင်တို့လာကြဦး”
ဘွားမယ်စိန်ကမောင်တိုးတို့ကိုခေါ်လိုက်သည်။
မောင်တိုးတို့ရောက်လာတော့…
“ဒီလမ်းအတိုင်းသွားကြ…
တစ်နေရာရာမှာ…
ကလေးတွေကိုတွေ့လိမ့်မယ်..
ဒါနဲ့ရေမန်းကောကျန်သေးရဲ့လား”
“ကျန်သေးတယ်ဘွား”
“အေး…အေး…ရေမန်းကျန်တာလေးနဲ့
ကလေးတွေကိုဖြန်းပြီးပြန်ခေါ်လာခဲ့ကြ…
ရွာသားတွေကောခေါ်သွားပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား”
မောင်တိုးတို့လည်းရွာသားတွေကိုခေါ်ပြီး
စုန်းမကြီးလာရာလမ်းအတိုင်းထွက်သွားကြတော့သည်။
ကျန်ရစ်သောရွာသူတွေကတော့ဘွားမယ်စိန်ကို
ရွာထဲသို့ခေါ်လာခဲ့ကြသည်။
“အမေကြီး…ကျုပ်တို့ကိုခွင့်လွှတ်ပါတော်…
ကျုပ်တို့မသိလို့အမေကြီးရယ်”
ဟုဘွားမယ်စိန်ကိုဝိုင်းဝန်းတောင်းပန်ကြလေတော့…
“ဘွားခွင့်လွှတ်ပါတယ်ကွယ်…
အပြစ်မမြင်လို့လည်းအခုလိုကူညီတာပေါ့ကွဲ့”
ဟု…ဘွားမယ်စိန်ကပြောလေတော့
သူတို့ခမျာလည်းဝမ်းသာသွားကြသည်။
စုန်းမကြီးက ကလေးဆယ့်နှစ်ယောက်စုံမှအစီအရင်ကို
စလုပ်မှာဖြစ်တာကြောင့်ဘွားမယ်စိန်တို့ဘက်မှ
ကလေးတွေကိုကယ်နိုင်ခဲ့သည်။
မောင်တိုးတို့ပြန်ခေါ်လာသောကလေးတွေကို
မြင်တော့တစ်ရွာလုံးမှာဝမ်းသာလွန်းလို့
မျက်ရည်များပင်ကျနေကြ၏။
ကလေးမိဘများကလည်းဘွားမယ်စိန်ကို
လာကန်တော့ကြသလို…
ရွာသူကြီးကိုယ်တိုင်လည်းဘွားမယ်စိန်ကို
ကျေးဇူးတင်စကားများ
အထပ်ထပ်ပြောလေသည်။
“ဘွားကိုကျေးဇူးမတင်ပါနဲ့ကွယ်…
ဟောသည်ကမောင်ဖေ​ကြောင့်သာ
ဘွားဒီရွာကိုရောက်လာတာပါ…
သူ့ကိုသာကျေးဇူးတင်ပါကွယ်”
ဟုပြောတော့ရွာသူကြီးကလည်းမောင်ဖေကို
ကျေးဇူးတင်စကားပြောသည်။
ကလေးများ၏မိဘတွေကလည်းမောင်ဖေ့ကိုကျေးဇူးတင်၍
မောင်ဖေ့အိမ်ကိုပြင်ပေးသူကပြင်ပေးသလို…
မောင်ဖေ့အတွက်နွားတစ်ရှဥ်းနဲ့လှည်းတစ်စီးကိုလည်း
စုပေါင်း၍ဝယ်ပေးကြရှာသည်။
အစစအရာရာအဆင်ပြေသွားသောမောင်ဖေကလည်း
ဖိုးပိန်ကိုသူနှင့်တစ်သက်လုံးအတူခေါ်ထားတော့မည်ဟု
ဘွားမယ်စိန်ကိုခွင့်တောင်းပြန်သည်။
ဘွားမယ်စိန်ကလည်းခွင့်ပြုပေးလိုက်တော့
မောင်ဖေ့မှာညီတစ်ယောက်ရ၍အလွန်ပျော်နေရှာသည်။
တစ်ကောင်ကြွက်အချင်းချင်းညီအစ်ကိုအရင်းပမာချစ်ခင်ရှာသောမောင်ဖေနှင့်ဖိုးပိန်ကိုကြည့်ပြီးဘွားမယ်စိန်မှာ
ပြုံးနေခဲ့သည်။
ထိုသို့ဆိပ်ကြီးရွာမှကလေးပျောက်မှုကို
ဖြေရှင်းပေးပြီးနောက်ဘွားမယ်စိန်တို့လည်း
ဆိပ်ကြီးရွာမှပြန်လာခဲ့ကြတော့၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)