ဝယ်လို့မဖြစ်။ တစ်မတ်ဖိုးကိုတောင်မှ ရွာလယ်ဈေးသည်ဒေါ် ကြီးမှင်က သိပ်ရောင်းချင် တာ မဟုတ်။ ပြားနှစ်ဆယ်ဖိုး ရောင်းပါ့မလားဟု မိဒိုး ပူပန်မိ၏။
“ဟဲ့ မိဒိုး … မီးဖိုပေါ်ကအိုးဝေကျနေပြီ၊ ဘာအိုးလဲ”
“ရပါတယ် အဖေရဲ့၊ အဝေရာရွက်ပြုတ်ထားတာပါ၊ ဒီနေ့ည အဝေရာသုပ်နဲ့ မန်ကျည်းရွက်ဟင်း”
မီးဖိုပေါ် က အိုးကိုမိဒိုးသွားဖွင့်လိုက်သည်။ စိမ်းဝါဝါအရည်များက ပွက်ပွက်ဆူ နေကြသည်။ အဝေရာရွက် တစ်ခက်ကို ဆတ်ခနဲ ဆိတ်ကြည့်လိုက် ၏။ မနူးသေးပေ။ မီးဆွပေးလိုက်ပြီး ပိုက်ဆံကို ထည့်သိမ်း လိုက်၏။
“ဟေ့ … ငါက ခြောက်ဆင့်ရောက်ပြီနော်၊ ခြောက်ဆင့်ခုန်ရမှာ”
ဖန်ခုန်တမ်းကစားနေသော နေရာမှ အလတ်မ၏ အသံစူးစူးက ဝမ်းသာအားရ ထွက်ပေါ်လာသည်။ သူ့ညီမသုံးယောက် ဖန်ခုတ်တမ်းကစားနေသည်ကို ကြည့် ရင်းမိဒိုး ရုတ်တရက်ကစားချင်စိတ် ပေါ်လာသည်။ မိဒိုး မကစားရတာကြာလှပြီ။ အမေရှိတုန်းကဆို ရွာလယ်ပိုင်းထိတောင် သွားကစားရ၏။ မြစ်ဆိပ်သောင်ပြင် ပေါ်တွင်လည်း သူငယ်ချင်းများနှင့် ဘိုအိမ် မဆောက်ရသည်မှာလည်း ကြာပြီ။
မိဒိုးသည် ထဘီကို ခပ်တင်းတင်းပြင်ဝတ်ပြီး တဲရှေ့သို့ပြေးသွားလျက် အလတ်မ ခုန်မြည်ပြုနေသော ခြောက်ဆင့် ကို လွှားခနဲ ခုန်ကျော်လိုက်၏။ ပါးစပ်ကလည်း ငါခုန်တာ တွေ့လားဟေ့ ဟု ဝမ်းသာအားရ အော်၏။ အလတ်မ နှုတ်ခမ်းစူ၏။
“ငါခုန်နေတာ ဘာလုပ်နင် ဝင်ခုန်တာလဲ၊ သွားမပါဘူး”
“အိုး … ပါမှာပေါ့၊ နင်မခုန်နိုင်တိုင်း ….. နင်က အီးဘောသော”
မိဒိုးက သူ့ညီမကို စ၏။
အလတ်မ ပိုပြီးစိတ်ဆိုးလာ၏။
“နင်နော် နင်၊ အပျိုက အပျိုလိုနေပါလား၊ အပျိုဆိုတာ ကလေးတွေထဲ မပါဘူး၊ သွား”
“ဘာ … ကြည့်စမ်း၊ ဘာအပျိုလဲ … ငါလဲ ကလေးပဲ”
ကလေးစိတ်တစ်ဝက် နှင့် မိဒိုးပြန်အော်၏။
“အမယ် …နင် ကလေးဆိုရင် နင်ဘာပြုလို့ ရေချိုးတုန်းက အဖေ့ ရေလဲနဲ့ ချိုးလဲ၊ ငါတို့လို ချိုးပါလား.. ကဲ”
မိဒိုး ရှက်သွား၏။ အဖေ့ဆီကို မလုံမလဲ လှမ်းကြည့်ရင်း ရှက်ရှက်နှင့် အလတ်မ ခေါင်းကို ‘ဒေါက်’ ခနဲ နေအောင် ခေါက်ပစ်လိုက်လေသည်။
မန်ကျည်းရွက် ခူးတိုင်း မိဒိုး ကောက်လာသော မန်ကျည်းကိုင်းများနှင့် ဆူးစည်းလုပ်နေသော အဖေ့ဘေး တွင် မိဒိုးတို့ ညီမတစ်တွေ ဝိုင်းနေကြလေသည်။ အဖေက အကိုင်းအခက်ရှုပ်သော မန်ကျည်းကိုင်းများကို စု၍ အရင်းမှ ကြိုးဖြင့် တင်းနေအောင် ချည်သည်။
“ပြီးပြီလားအဖေ၊ မြစ်ထဲကို အခု သွားချရအောင်နော် အဖေ”
အငယ်ဆုံးမက စိတ်အားထက်သန်စွာ ပြောသည်။ မိဒိုးတို့တစ်ရွာလုံးလိုလို ဆူးစည်းချလေ့ရှိ၏။ မန်ကျည်းကိုင်းနှင့် လုပ်သော ဆူးစည်းမှာ ငါးသိပ်မပါသော် လည်း နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ဖော်လျှင် တစ်ချက်စာ လောက်တော့ ရတတ်လေသည်။ ဆူးစည်းကို ရေတိမ်တိမ် တွင်ချရ၏။ ရေတိမ်တွင်သွားနေ တတ်သော ငါးသေးလေးများမှာ မန်ကျည်းကိုင်း ရှုပ်ရှုပ်တွင် ဝင်တိုးမိပြီး မထွက်နိုင် ကြတော့ပေ။ တချို့ နည်းနည်း တတ်နိုင်သူ များက ကြိုးတန်း အရှည်ကြီးဖြင့် မျှားတန်း တန်းကြလေသည်။
ဆူးစည်းကို ထမ်းလျက်သွားသော အဖေ့နောက်မှ မိဒိုးတို့ခုန်ပေါက်လိုက်လာကြ ၏။ အဖေက ရေတိမ်တိမ် တွင် ဆူးစည်းကို မြုပ်အောင်ချပြီး စိုက်ထားသော ငါးလုံးတိုင်း ချည်နေ၏။ အငယ် သုံးယောက်လုံး ရေထဲတွင် တဝုန်းဝုန်း ကူးနေ ကြပြီ။ အလတ်မက သဲကြမ်းများနှင့် ချေးတွန်းရင်းမိဒိုးကို လှမ်းပြောင်ပြနေ၏။ ညီမက အငယ်နှစ်ယောက်က ရေထဲတွင် ငုပ်လိုက်ဖော်လိုက်နှင့် ကူးခတ်နေကြ၏။ မိဒိုးသည် လက်မောင်း ပိန်ပိန်လေး ပေါ်သို့ မကြာခဏ လျှောကျနေသော ရှင်မီးအင်္ကျံပေါ်ဆွဲဆွဲတင်ရင်း ဟိုတုန်းကလို အဝတ်အစားများကို အမြန်ချွတ်ကာ ရေထဲပြေးဆင်းချင်စိတ် ပေါ်လာသည်။ အဖေက ဝါးလုံးတိုင်မြဲအောင် အုတ်ခဲကျိုးနှင့် ထုနေရင်း လှမ်းပြောသည်။
“ဟဲ့ … မိဒိုး၊ ရေချိုးမှာ ချိုးလေ၊ ဘာလုပ်နေတာလဲ”
မိဒိုးသည် အဖေဝတ်ထားသော ရေလဲပုဆိုးကို မသိမသာကြည့်ရင်း ခပ်တိုးတိုးပြန်ပြောလိုက်သည်။
“တော်ပြီ အဖေ … ဒီနေ့ ရေမချိုးတော့ဘူး”
အေးစိမ့်စွာ တိုက်ခတ်လာသော လေ၏ အထိအတွေ့ကြောင့် မိဒိုး ဖျတ်ခနဲ လန့်နိုးလာခဲ့သည်။ မိဒိုး ကိုယ်ပေါ် တွင် စောင်မရှိတော့ပေ။ အငယ်သုံးယောက်သည် စောင်ကို သူတို့ဘက် ဆွဲယူသွားပြီး ပူးကပ် ခြုံကာ အိပ်ပျော်နေကြသည်။ မိုးလင်းတော့မည်။ အလင်းရောင် မှုန်ပျပျကို မြင်နေရပြီ၊ မိဒိုးက ထဘီကို အသာ ဆွဲခြုံကာ မျက်လုံးများကို ပြန်မှိတ် လိုက်သည်။ ဗိုက်ထဲတွင် ဟာနေသည်။ ဗိုက်ဆာသည် ဆိုကာမှ သည်နေ့ မနက် ဟင်းချက်စရာ မရှိ။ မန်ကျည်းရွက်ဖြစ်ဖြစ်၊ အဝေရာရွက်ဖြစ်ဖြစ် သွားခူး ရလိမ့်မည်။
ငါးပိနည်းနည်း ရှိသေးသည်။ ငါးပိ နည်းနည်းကို သည်နေ့အတွက် ခွဲချန်လိုက်သဖြင့် မနေ့ ညက မန်ကျည်းရွက်ဟင်း မှာ ချဉ်လိုက်သည်မှ စုတ်စုတ်လန့်နေသည်။ အငယ်ဆုံးမက မျက်နှာရှုံ့မဲ့မဲ့ နှင့် .. “အဖေ ဆူးစည်း သွားမဖော်သေးဘူးလား” ဟု ထမင်းစား မပြီးမချင်း တတွတ်တွတ် မေးလေသည်။ မိဒိုးသည် အိပ်ရာ မှ ကပျာကယာ ခုန်ထလိုက်သည်။ ဟုတ်သားပဲ။ ဆူးစည်းချထားတာ ဒီနေ့ဆို နှစ်ရက် တောင် ရှိသွားပြီ။ မိဒိုးသည် တဲအောက်ကို ခုန်ဆင်းလိုက်၏။ အဖေ့ကို ကြည့်တော့ အိပ်မောကျနေ တုန်းပင်။
မိဒိုးသည် မြစ်ဆိပ်သို့ ခပ်သွက်သွက် လျှောက်ခဲ့၏။ မြစ်ပြင်ကို ဖြတ်တိုက် လာသော အရုဏ်ဦး လေက အေးမြလှ သည်။ မိဒိုး ထဘီကို ဆွဲခြုံလိုက်သည်။ မြစ်ဆိပ်တွင် မည်သူမျှ မရှိသေးပေ။ မိဒိုးတို့ ဆူးစည်း မှာ တခြားဆူးစည်းများနှင့် အတော်လေး လှမ်းလေသည်။ သို့သော် မိဒိုးသည် ဆူးစည်း ဖော်ဖို့ကိုသာ စိတ်စော နေသဖြင့် ကြောက်ရကောင်းမှန်း မသိပေ။ ထဘီကို ခပ်တိုတို ပြင်ဝတ်ပြီး မိဒိုး ရေထဲသို့ ဆင်းလိုက်သည်။ ဆူးစည်းကို အသာမပြီး ကုန်းပေါ်သို့ ချသည်။ ကျလာပါစေ ငါးတွေ အများကြီး အများကြီ။ မိဒိုးသည် စိတ်အား ထက်သန်စွာ ဆူးစည်းကို လှုပ်ခါလိုက်၏။ မိဒိုး မျက်နှာ ရှုံ့မဲ့သွား၏။ ငါးက တစ်ကောင် တစ်မြီးမှ ကျမလာပေ။ ဘာလို့ပါလိမ့်။ ရေနီကျနေလို့လား။ မိဒိုး စိတ်ပျက် လက်ပျက် ဖြင့် ဆူးစည်းကို ရေထဲပြန်ချပြီး နီရဲသော မြစ်ပြင်ကို လှမ်းကြည့်လိုက်၏။ အလို။ မိဒိုး မျက်လုံးများ ဝင်းလက်သွား၏။ ရေနက်ပိုင်းတွင် တန်းထားသော များတန်းတစ်နေရာသည် လှုပ်ရှား ယိမ်းထိုးနေ ပေသည်။
ထောင်ထားသော ငါးအရှင်က သေလောက်ပြီ။ ရှင်နေလျှင်လည်း ဒါလောက် မလှုပ်ယမ်းနိုင်။ ဟုတ်ပြီ။ ငါးကြီးတစ်ကောင်မိနေတာပဲ ဖြစ်ရမည်။ မိဒိုး ဘာကိုမှ စဉ်းစားမနေတော့။ ရေထဲသို့ အမြန်ဆင်းရင်း မျှားတန်းဆီသို့ ကူးသွား လိုက်သည်။ မိဒိုးသည် လှုပ်နေသော နေရာတွင် ကိုယ်ကို အသာဖော့ထားရင်း ကြိုးကို မကြည့်လိုက်သည်။ မိဒိုးထင်သည့်အတိုင်းပင်၊ ငါးပတ်ကြီ။ နည်းတဲ့အကောင်ကြီး မဟုတ်။ ဝမ်းသာ လိုက်သည်မှာ ပြောစရာမရှိ။ မည်သူ့ မျှားတန်းပဲဖြစ်ဖြစ် ဖြုတ်မည်။
မိဒိုးသည် ခြေထောက်နှစ်ချောင်းကို အားပြုကာ ရေကို ယက်၍ ယက်၍ ကိုယ်ဖော့ရင်း လက်နှစ်ဖက်လုံးဖြင့် ငါးကို ဖြုတ်လေ သည်။ ငါးပတ်ကြီးကား တဖြန်းဖြန်း ရုန်းကန်နေပေသည်။ ဖြုတ်ရသည်မှာ မိဒိုး ထင်သလောက် မလွယ်။ အမှန်မှာ မျှားတန်းဖော်လျှင် လှေပေါ်မှနေ၍ အေးအေးဆေးဆေး ဖော်လေ့ ရှိကြသည်။
ရေစီးသည် မိဒိုးအောက်ပိုင်းကို အရှိန်ဖြင့် တွန်းထိုးနေပေသည်။ ရေစီးထဲတွင် ပါသွားမလို ဖြစ်နေ သည်။ ခြေထောက်နှစ်ဖက်ကိုသာ အဆက်မပြတ် ကူးယက်ရင်း ငါးကိုသာ မဲဖြုတ်သည်။ ခုနေများ မျှားတန်းဖော်တဲ့လူ ရောက်လာ မှဖြင့် ဟူသော အတွေးဖြင့် ဇောချွေးများပင် ပြနလာသည်။ အားစိုက် ကာ မိဒိုး ဆက်ဖြုတ် ပြန်သည်။ ငါးပတ်ကြီး မော၍ နည်းနည်းအငြိမ်တွင် တအား ဆောင့်ဆွဲ ပစ်လိုက် သည်။ ရပြီ။ ငါးပတ်ကြီး ကို မလွတ်စေရန် လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ရင်း ကမ်းစပ်သို့ ခြေထောက်ဖြင့်သာ အမြန်ကူးသည်။ ဝမ်းသာလိုက်သည် မှာ မိဒိုး တုန်ယင်၍တောင်နေသည်။ မိဒိုး ကုန်းပေါ်သို့ အမြန်ပြေးတက်လိုက်သည်။
“အို … အမယ်လေး”
မိဒိုး အလန့်တကြား အော်ရင်း မြေကြီးပေါ်တွင် ထိုင်ချလိုက်မိ၏။ မိဒိုး ကိုယ်ပေါ်မှ ထဘီလေး မရှိတော့ ပြီ။ ရေစီးနှင့် အတူ မျောပါသွားခဲ့ပြီ။ ဇောနှင့် ငါးကိုသာ မဲဖြုတ်နေသည်မို့ မိဒိုး ထဘီ ကျွတ်ကျသွားမှန်း ကိုပင် မသိနိုင်တော့။ မိဒိုး တစ်ကိုယ်လုံး ရှက်စိတ်ဖြင့် တုန်ယင်လာ၏။ သွားပြီ။ အမေ့ထားခဲ့သော မိဒိုး၏ တစ်ထည် တည်းသော ထဘီလေး။ မျက်ရည်တွေ ဝဲလာ၏။ အိမ်ကို မည်သို့ ပြန်ရမည်နည်း။ မိုးလင်း စပြု နေပြီ။ လူတွေနိုးနေကြပြီ။
ရွာလယ်လမ်းမကြီးကို မိဒိုး ဘယ်လို ဖြတ်ပြန်ရပါမလဲ။ မြေကြီးပေါ်တွင် ငါးပတ်ကြီးသည် ပါးဟက်ကြီးကို ဟလျက် အသက်ရှူနေ၏။ မြစ်ညာဆီမှ ငှက်အချို့ စုန်ဆင်းလာကြ ပြီ။ မကြာမီ လူတွေ လာကြတော့မည်။ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ အိမ်ကို ဘယ်လို ပြန်ရ ပါ့မလဲ ဟု တွေးရင်း ရုတ်တရက် ဗိုက်ထဲက ဆာလောင်လာပြန်သည်။ မိဒိုးသည် ငါးပတ်ကြီးကို ဆတ်ခနဲ ကောက်ယူလိုက်၏။ အံကို တင်းတင်းကြိတ်ကာ မျက်စိ ကို စုံမှိတ်ပြီး တအားကုန်ပြေးလေသည်။ ရွာလယ်လမ်းမသို့ ရောက်တော့မည်။ ဘုရားရေ။ လူတွေ ထွက်လာ နေကြပြီ။ ရှက်စရာကောင်းလိုက် တဲ့ဖြစ်ခြင်း။ မိဒိုး တအားပြေးရင်း မျက်ရည်များ စီးကျလာ၏။
“အို … ဟဲ့ … မိဒိုး”
“ဟဲ့ ကောင်မလေး ဘာဖြစ်လာ …”
လူတွေ၏ အံ့သြကြီးစွာ အော်လိုက်သော အသံများကို မိဒိုး မကြားပေ။ အံကို တင်းတင်းကြိတ်ထား သော မိဒိုး သည် မျက်ရည်များ စီးကျလျက် ငါးပတ်ကြီးကို တင်းကျပ်စွာ ဆုပ်ရင်း အိမ်ဆီသို့ တအား ပြေးနေပေသည်။
□ □ □ □ □
✍ နုနုရည်အင်းဝ
📖 ပေဖူးလွှာမဂ္ဂဇင်း (မတ်၊ ၁၉၈၄)
📘 ထဘီလေးတစ်ထည်နှင့် အခြားဝတ္ထုများ
Leave a Reply