ကျက်တွေကတဲဇာတ်ပွဲ

.”

ဟု…ဒေါ်ဝင်းနိုးစေရန်အော်ပြောလိုက်လေတော့

သမီးဖြစ်သူနန်းကြိုင်လေးနဲ့အတူအိပ်နေခဲ့သော

ဒေါ်ဝင်းလည်းနိုးလာခဲ့ပြီး မီးခွက်ထထွန်းလေသည်။

ဘွားမယ်စိန်လည်းသူ၏ဆံပင်က်ို

သေချာစွာပြန်ထုံး၍အိပ်ရာအတွင်းမှထလာခဲ့တော့သည်။

ဒေါ်ဝင်းကမီးပြပေး၍အိမ်အောက်ကိုဆင်းလာခဲ့ကြပြီး

ခြံတံခါးဆီသွားလေတော့ သူကြီးနဲ့ရွာသားတွေကို

ဦးဆုံးမြင်လိုက်ရ၏။

“ဘာဖြစ်လာကြတာလဲ”

ဟု…ဘွားမယ်စိန်ကမေးတော့…

“ရွာသစ်ကဘိုးတင့်တို့မိသားစုဗျ…

ဘာတွေဖြစ်လာတယ်မသိဘူး…

သူ့မိန်းမတော့လှည်းပေါ်မှာသတိလစ်နေတယ်ဘွားရဲ့”

ဒေါ်ဝင်းကခြံတံခါးဖွင့်ပေးလိုက်သည်။

ဘိုးတင့်နဲ့သူ့သားတွေကတော့

မိခင်ဖြစ်သူကိုပွေ့ကာချီလာကြ၏။

“ဟိုကွပ်ပျစ်ပေါ်မှာတင်လိုက်…

မိဝင်းခေါင်းအုံးလေးသွားယူချည်…”

“ဟုတ်…ဟုတ်…အမေ”

ဒေါ်ဝင်းအိမ်ပေါ်ကိုပြာပြာသလဲတက်သွားသည်။

​ပြန်ဆင်းလာတော့ခေါင်းအုံးလေးပါလာခဲ့ပြီး

ထိုခေါင်းအုံးလေးကို ဘိုးတင့်မိန်းမ၏ခေါင်းအောက်၌

ခုပေးလိုက်၏။

ဘွားမယ်စိန်ခြံဝိုင်းထဲမှာတော့ ရွာသားများကိုင်လာသော

မီးတုတ်များ၏အလင်းကြောင့်အတော်အလင်းရနေသည်။

“ကဲ…လူတွေက မအုံကြနဲ့လေ…”

“ဟေ့…ဘွားပြောတာကြားကြလား…

ခပ်လှမ်းလှမ်းကပဲ ကြည့်ကြ”

သန်းခေါင်ကျော်အချိန်ကြီး၌

ရွာလန့်ရသည့်ကိစ္စပေမို့

အားလုံးကစိတ်ဝင်တစားလာကြည့်ကြသည်။

ဘွားမယ်စိန်က…

“ဘာဖြစ်လာကြတာလဲကွဲ့”

ဟု…ဘိုးတင့်ကိုမေးလေတော့

ဘိုးတင့်မှာအတော်မောနေပုံရသည်။

“မောင်နောင်ချို…သူတို့ကို

ရေအရင်တိုက်လိုက်ကြဦး…”

“ဟုတ်ကဲ့ဘွား”

မောင်တိုးနဲ့မောင်အုန်းကရေသွားခပ်ကြသည်။

ပြီးနောက်ဘိုးတင့်တို့သားအဖတွေကိုပေးလိုက်၏။

ဘွားမယ်စိန်က ဘိုးတင့်မိန်းမကိုသေချာကြည့်နေသည်။

သူ၏လက်ကို ဘိုးတင့်မိန်းမ၏နဖူးပေါ်တင်လိုက်

ခေါင်းကိုသပ်လိုက်လုပ်နေ၏။

ထိုသို့လုပ်ပြီးလေမှ…

“ဘိုးတင့်…နင့်မိန်းမကဘာတွေလန့်လာတာလဲ…

မောင်တိုး…သွား…ဘုရားစင်ပေါ်မှာ

ရေမန်းဘူးရှိတယ်သွားယူခဲ့ချည်”

ဘွားမယ်စိန်က

ဘိုးတင့်ကိုမေးလိုက်ပြီးနောက်

မောင်တိုးကိုလည်းရေမန်းဘူးသွားယူခိုင်းသည်။

မောင်တိုးကအိမ်အပေါ်ထပ်ဘုရားခန်းရှိရေမန်းဘူးကိုသွား

လို့ယူပေး၏။

ရေမန်းဘူးရလေတော့ ဘွားမယ်စိန်ကသူ၏

လက်ဖဝါးထဲရေမန်းများထည့်ပြီး…

“သွားဟဲ့…ထိတ်စရာလန့်စရာတွေသွားဟဲ့…

ဖယ်ဟဲ့…ရှားဟဲ့….”

ဟုပြောရင်း ဘိုးတင့်မိန်းမ၏

ခေါင်းနှင့်ကိုယ်ပေါ်သို့ရေမန်းနဲ့တောက်ပေးလေသည်။

ရေမန်းတောက်ပေးပြီးလေမှ သတိလစ်နေသူ၏

ပါးစပ်ထဲသို့ရေမန်းအနည်းငယ်ထည့်လေးလိုက်သည်။

ထိုသို့လုပ်ပေပြီးလေမှ ဘိုးတင့်လည်း

အမောပြောသွားဟန်ဖြင့်…

“ကျုပ်တို့မြို့တက်ဘုရားဖူးတာပါဗျာ…”

ဟု…အစချီကာပြောလေတော့သည်။

 

 

ရွာသစ်ရွာမှ ဘိုးတင့်တို့မိသားစုမြို့တက်ဘုရားဖူးကြသည်။

ဘိုးတင့်မိသားစု၌ဘိုးတင့်အပါအဝင်

သားဖြစ်သူမောင်နိုင်နဲ့မောင်ပိုင်ရယ်

ဘိုးတင့်မိန်းမဒေါ်ရီရယ် လေးယောက်သာရှိသည်။

သားနှစ်​ယောက်မှာကနှစ်ဆယ်ကျော်နဲ့သုံးဆယ်ကျော်ဖြစ်ပြီး

မောင်နိုင်ကအကြီးဖြစ်၏။

“အဘ…”

“ဟေ…”

“ကျုပ်ကိုပိုက်ဆံလေးပေးပါဦးဗျာ…

ရွာကမိစိုးက အထည်လေးမှာလိုက်လို့

ကျုပ်ဝယ်ရဦးမှာဗျ…”

“အမယ်လေးကွာ…မင်းလည်း

ဒီမိန်းကလေးအတွက်များ

ငွေကုန်ခံရတယ်လို့”

ဘိုးတင့်က ကုပ်စီးနည်းသူပင်။

ဒါကိုသိသော ဒေါ်ရီမှ…

“ပေးလိုက်ပါတော်…နောက်နှစ်ဆိုသူတို့လည်း

ယူကြတော့မှာပဲဟာ…

ဒီလောက်လေးနဲ့အငြိုငြင်မခံစမ်းပါနဲ့တော်…”

“ဟုတ်ပါတယ်အဖေရာ…ပေးလိုက်စမ်းပါ”

ညီဖြစ်သူမောင်ပိုင်ကလည်းဝင်ကူကာပြောပေးသည်။

“အေးပါကွာ…အေးပါ”

ထိုအခါမှဘိုးတင့်လည်း

ပိုက်ဆံထုတ်ပေးလိုက်သည်။

ဘိုးတင့်တို့မိသားစု

ဘုရားဖူးအပြီးမြို့စျေး၌ စျေးဝယ်ကြ၏။

ဘိုးတင့်က ကုပ်စီးနည်းသော်လည်း

သူပိုင်သည့် ထန်းတောနှင့်လယ်များကြောင့်

ဝင်ငွေကရှိသည်။

လူချမ်းသာဟုပင်ပြောနိုင်၏။

ထိုသို့ဖြင့်ဘုရားဖူးစျေးဝယ်ပြီး

ရွာကိုပြန်ဆင်းကြသည်။

(ရွာကိုပြန်ဆင်းတယ်ဆိုတာရွာကိုပြန်ခြင်းဟုခေါ်သည်။

အညာဒေသရှိရွာအချို့၌ထိုစကားသုံးတတ်၏)

တစ်နေကုန်မြို့၌အချိန်ကုန်ခဲ့ကြ၍

ရွာပြန်ဆင်းချ်ိန်၌ မိုးချုပ်လေသည်။

လသာသည့် ညပေမို့ ဘိုးတင့်တို့လှည်းကလေးသည်

လှည်းလမ်းကြောင်းလေး

အတိုင်းခပ်မှန်မှန်လေးမောင်းလာခဲ့၏။

ဒေါ်ရီနဲ့အငယ်ကောင်မောင်ပိုင်တို့က

လှည်းပေါ်၌ခွေခွေလေးအိပ်နေကြပြီး

အကြီးကောင်မောင်နိုင်ကပဲ

လှည်းမောင်းနေခဲ့သည်။

ဘိုးတင့်ကတော့မောင်နိုင်၏နံဘေး၌ ဆေးလိပ်ကြီး

ဖွာရှိုက်ရင်းထိုင်လိုက်လာခဲ့၏။

ညနက်သန်းခေါင်အချိန်ထိလှည်းလမ်းလေးအထက်၌

သူတို့၏လှည်းတစ်စီးသာရှိနေခဲ့သည်။

ထိုသို့မောင်းနှင်လာကြရင်း

ရွာကြီးတစ်ရွာသို့ရောက်ရှိလာကြသည်။

ထိုရွာထဲ၌ဇာတ်ပွဲကနေသံများကလည်း

ဆူညံစွာထွက်ပေါ်နေခဲ့၏။

ထိုအသံများကြောင့်အိပ်ပျော်နေသော

ဒေါ်ရီနဲ့ မောင်ပိုင်တို့ပင်နိုးလာခဲ့ကြသည်။

လှည်းမောင်းနေသောမောင်နိုင်က…

“အဘ…ကျုပ်တို့လမ်းတော့မှန်ပါတယ်နော်…”

“အေး…မှန်ပါတယ်ကွ”

“မဟုတ်ဘူးနော်အဘ…ကျုပ်တို့

မနေ့ကလာတော့ဒီရွာကိုမမြင်ဖူးဘူးလားလို့”

“မင်းသတိမထားမိလို့နေမှာပါကွာ…”

ဘိုးတင့်ကသူ့၏ဆေးလိပ်ကြီးကို

ပါးစပ်၌ခဲရင်းပြောလိုက်သည်။

လမ်းကလည်းထိုရွာထဲကဖြတ်သွားမှ

ဖြစ်မှာကြောင့်မောင်ပိုင်လည်း

ရွာ၏အလယ်ရောက်တော့ ကြီးကျယ်သော

မဏ္ဍပ်ရှေ့တွင်လူများစည်ကားနေသည်ကိုတွေ့လိုက်ကြရ၏။ဘိုးတင့်တို့မိသားစုမှာလည်း ဇာတ်ပွဲဆီကိုငေးနေခဲ့ကြသည်။

ဘိုးတင့်တို့လှည်းလေးလည်း မဏ္ဍပ်ကြီးရှေ့အရောက်

အဝတ်အစားတောက်တောက်ပြောင်ပြောင်နဲ့

ယောကျာ်းကြီးတစ်ဦးနဲ့အဖော်တစ်စုက

ဘိုးတင့်တို့လှည်းအနီးသို့ရောက်လာကြပြီး…

“ခရီးသွားတွေလားဗျ”

ဟု…မေးလေတော့ ဘိုးတင့်မှ…

“ဟုတ်ပါတယ်…ကျုပ်တို့က ခရီးသွားတွေပါဗျာ…”

ဟု…ဖြေလိုက်လေသည်။

“ဒါဆိုရင်ဇာတ်ပွဲဝင်ကြည့်ကြပါလားဗျ…

ပွဲကအတော်ကောင်းတာနော် …

မင်းသား…မင်းသမီးတွေကလည်း

အဆိုကောင်းအကကောင်းတွေထဲကပဲဗျ”

ဟုပြောပြန်​လေတော့…

“မကြည့်တော့ပါဘူးဗျာ…

ကျုပ်တို့ခရီးဆက်စရာလေးရှိလို့ပါ…”

ဟုဘိုးတင့်ကပြောတော့…ထိုလူစုမှာ

ဇာတ်ပွဲကောင်းသည့်အကြောင်း…

ကြည့်သွားစေလိုကြောင်းများဝိုင်းပြောကြလေတော့

ဘိုးတင့်လည်းငြင်းရမှာပင်အားနာလာခဲ့သည်။

ဒါ့အပြင်ဇာတ်ပွဲကြိုက်သော

ဒေါ်ရီမှ…

“ဟုတ်သားပဲတော်…

ကျုပ်တို့လည်းဒီလှည်းပေါ်ကနေ

ကြည့်လို့ ရတာပဲကို…

ခဏလောက်ဖြစ်ဖြစ်

ကြည့်ရအောင်ကိုတင့်ရယ်…”

ဟုပြောလေတော့ မယားစကားမငြင်းနိုင်သော

ဘိုးတင့်လည်း…

“ဒီလိုဆိုရင်ကျုပ်တို့

လှည်းပေါ်ကနေပဲကြည့်ပါ့မယ်ဗျာ…”

ဟုပြောလိုက်လေတော့ ရွာသားကြီးတို့မှာ

ဝမ်းသာသွားပုံရသွားသည်။

ထိုရွာသားကြီးတို့လူစုသည်

ဘိုးတင့်တို့အားလက်ဖက်ပွဲများ…

စားစရာများဧည့်ခံကြ၏။

သို့သော် ဘိုးတင့်တို့မှာ ဇာတ်ပွဲကိုသာအာရုံရပြီး

စားစရာများကိုမစားမိကြ။

ရွာသားတို့လူစုမှာဘိုးတင့်တို့လှည်း၏မလှမ်းမကမ်း၌

ဇာတ်ပွဲကြည့်နေကြသည်။

ထိုသို့ကြည့်နေကြရင်း မောင်ပိုင်မှ….

“အဘ…ဒီရွာကလူတွေက

အတော်ချမ်းသာပုံရတယ်ဗျ”

“ဟေ…ဟုတ်လား”

“ဟုတ်တယ်လေ…အဘမတွေ့ဘူးလား…

လူတိုင်းလိုလိုအဝတ်အစား

တောက်တောက်ပြောင်ပြောင်တွေနဲ့ကြီးပဲ…

ဘယ်သူမှနွမ်းတာဝတ်ထားတာရယ်လို့မရှိဘူးဗျ”

“အေး..ဟုတ်သားကွ”

ဘိုးတင့်လည်းမောင်ပိုင်၏

စကားအတိုင်းလိုက်လံကြည့်လေတော့

အမှန်ပင်ဖြစ်နေပေသည်။

ဒေါ်ရီကတော့ဇာတ်ပွဲကို

မျက်တောင်မခတ်တမ်းကြည့်နေခဲ့သည်။

မင်းသားနဲ့မင်းသမီးနှစ်ပါးသွားကချိန်တွင်

ပွဲကြည့်နေသူများမှ…

“မြောက်ရိုးက မျက်ပြူးတဲ့ဟေ့…ကပါကွ…”

“ဟဲ့…တို့တောင်ပိုင်းကမိစောရယ်ကပြလိုက်စမ်းပါ”

ဟူသောအော်ဟစ်အားပေးသံများမှာ

ဒေါ်ရီတို့အတွက်တစ်မျိုးဖြစ်နေခဲ့သည်။

ထိုသို့မင်းသားနဲ့မင်းသမီးအပြိုင်ကနေစဥ်

လူပြက်မှ…

“ဟေးးး…တော်လိုက်တဲ့မင်းသမီး…”

ဟုအော်ရင်းထိုင်နေရာမှ ထ ထခုန်လေရာ…

ခုန်သည့်အခါတိုင်းသူ၏ရှိရင်းအရပ်ထက်

ပိုပိုရှည်လာလေရာ အောက်ကပွဲကြည့်

ပရိသတ်ကလည်း သဘောကျစွာ

တဟားဟားနဲ့ရယ်မောကြသည်။

ဒါ့အပြင်မင်းသားက မင်းသမီး၏ပုဝါကို

ဆွဲကာယူလိုက်သည့်အချိန်

မင်းသား၏လက်မှာအပေါ်ကိုခြောက်ပေလောက်ထိ

ရှည်လျားထွက်လာသည်ကိုမြင်တော့ လူပြက်မှ…

“ဒါမျိုးကြိုက်သဟေ့…”

ဟုအော်ပြန်လေတော့ ပရိသတ်ကလည်း

သဘောအကျကြီးကျနေကြပြန်သည်။

“ဟာ….”

ဘိုးတင့်သတိဝင်လာခဲ့သည်။

“လှည်းမောင်းဟေ့…မောင်းဟ…

သူတို့က လူတွေမဟုတ်ဘူးဟေ့…”

ဟုအော်ကာ သားဖြစ်သူအား

လှည်းကိုမောင်းထွက်စေသည်။

မောင်နိုင်ကလည်းဖခင်ဖြစ်သူအသံကြောင့်သတိဝင်လာကာ

နွားလှည်းကိုအသောနှင်ခဲ့ရှာ၏။

ဒေါ်ရီတို့ကိုလှည့်ကြည့်တော့ ဒေါ်ရီခမြာ

သတိပင်လစ်လို့နေသည်။

“လိုက်ကြဟေ့…မလွှတ်စေနဲ့….လိုက်ကြ”

အနောက်ကလည်းမီးတုတ်များကိုင်ကာ

အပြေးလိုက်ကြသည်။

မောင်ပိုင်နဲ့မောင်နိုင်မှာကြောက်လွန်းလို့

အသားများပင်တုန်ရီနေခဲ့သည်။

ဘိုးတင့်ကလည်း လိုရင်သုံးဖို့ယူလာသော လှည်းထိပ်ကငှက်ကြီးတောင်ဓားကိုဆွဲထုတ်၍…

“ငါ့သား…မင်းအမေကိုပေါင်ပေါ်တင်ထားလိုက်”

ဟုမောင်ပိုင်ကိုပြောအပြီးသူကလှည်းအနောက်ကို

ရွှေ့ကာထိုင်လိုက်သည်။

ငှက်ကြီးတောင်ဓားကိုလက်၌ မြဲမြံစွာဆုပ်ကိုင်ထားရင်း

အနောက်မှအပြေးလိုက်လာသော ရုပ်ပျက်ဆင်းပျက်

ပုံသဏ္ဌာန်တို့ကိုကြည့်၍…

“လာခဲ့ကြ…လှည်းအနားကပ်တဲ့အကောင်

ငါ့ဓားနဲ့အတွေ့ပဲဟေ့…

ရွာသစ်ကဘိုးတင့်တဲ့ကွ……”

ဟု…​အော်ဟစ်ကြိမ်းဝါးလိုက်သည်။

မောင်နိုင်ကလည်းနွားတွေကိုကြိမ်ဖြင့်

တဖြန်းဖြန်းရိုက်၍မောင်းသည်။

နွားတွေကလည်းရုန်းကန်ကာပြေးနေကြ၏။

ဘိုးတင့်ကလည်းလှည်းနားရောက်လာသောအကောင်

ကြီးကြီးငယ်ငယ်ဟူသမျှတို့ကို…

သူ၏ဓားဖြင့်ခုတ်ချလေသည်။

ဘိုးတင့်ဓားနဲ့ထိမိသူများမှာ

ခေါင်းပြတ်…လက်ပြတ်ပြုတ်ကျပါသော်လည်း

မရမကအတင်းလိုက်ကြပြန်သည်။

မောင်ပိုင်မှာတော့မိခင်ကိုပွေ့ထားပြီး

အနောက်မှအော်ဟစ်လိုက်လာကြသည့်

အုပ်စုကြီးကိုကြည့်၍တစ်ကိုယ်လုံးနတ်ပူးသည့်

အလားတုန်ရီလို့နေရှာသည်။

မောင်နိုင်ကတော့အနောက်ကိုကြည့်လိုက်…

နွားတွေကိုအော်ဟစ်မောင်းလိုက်ဖြင့်

ဗျာများနေခဲ့ရသည်။

ဘိုးတင့်မှာလည်းလှည်းအနီးကပ်လာသမျှကို

ဓားဖြင့်ခုတ်၏။

ဓားကိုင်၍ခုတ်ရတာပင်

ဘိုးတင့်မောဟိုက်၍လာသည်။

သို့သော်လည်းအံ့ကိုကြိတ်…မာန်ကိုတင်း၍

မရပ်မနားခုတ်လေတော့မှ ထိုအုပ်စုကြီးသည်

ဆက်မလိုက်လာကြတော့ဘဲ အနောက်၌

ကျန်ရစ်ခဲ့ကြတော့၏။

“သောင်ထွန်းရွာဆီကိုအရင်မောင်းငါ့သား…”

ဘိုးတင့်က မောဟိုက်သံကြီးဖြင့်

သားဖြစ်သူ မောင်နိုင်ကိုပြောလိုက်သည်။

ရွာသစ်ကိုတန်းမသွားသေးဘဲ

သောင်ထွန်းရွာကိုအရင်မောင်းခိုင်းလိုက်၏။

 

ဘွားမယ်စိန်တို့ကို ဘိုးတင့်လည်းပြောပြ၍အပြီး၌

ဒေါ်ရီတစ်ယောက်သတိရလာခဲ့သည်။

ဒေါ်ရီမှာသူ၏နံဘေးကိုကြည့်၍

အကြောက်အလန့်ကမပြယ်သေးသောပုံစံဖြင့်

သူ၏ယောကျာ်းဘိုးတင့်ကို…

“ကိုဘိုးတင့်…

ဟိုလက်အရှည်ကြီး….လက်အရှည်ကြီးလေ”

“မိန်းမအဲ့တာတွေမရှိတော့ဘူး…

ငါတို့အခုသောင်ထွန်းရွာကိုတောင်

ရောက်နေပြီကွ…”

“အမယ်လေး…ကျုပ်…

ကျုပ်ကြောက်လိုက်တာတော်…”

“မကြောက်ပါနဲ့ကွာ…

ဒီမှာဘွားမယ်စိန်အိမ်ကိုရောက်နေပါပြီကွ…

မင်းရဲ့သားတွေကောငါကောအပြင်

ဘွားမယ်စိန်တို့အားလုံးလည်း

မင်းအနားမှာရှိပါတယ်ကွာ….”

ဟုပြောလေမှ ဒေါ်ရီတစ်ယောက်

ဟိုကြည့်ဒီကြည့်လုပ်ပြီး

စိတ်ကိုလျော့ချလိုက်ရှာသည်။

သောင်ထွန်းရွာသားတွေကလည်း

ဘိုးတင့်ကိုချီးကျူးနေကြ၏။

“ဒါ…ကျတ်သရဲတွေပါဘိုးတင့်ရယ်….

နင်တို့အခန့်မသင်လို့ကြုံခဲ့ကြရတာပါ…”

“အခန့်မသင့်လို့သာပဲဘွားရယ်…

ဒီမှာကျုပ်တို့ဖြင့်သူတို့မိလို့ရှိရင်ဆိုပြီး

အ​ကြောက်ကြီးကြောက်ခဲ့ရတာပါဗျာ”

ဟုမောင်နိုင်ကဝင်ပြောလေသည်။

“ဒါပေါ့ကွယ်…ကျတ်ရွာဆိုတာဘွားတို့မှမဟုတ်ဘူး…

ဟိုးရှေးရှေးလူကြီးတွေတုန်းကလည်း

အခန့်မသင့်ရင်သူတို့ရပ်ရွာကိုရောက်ခဲ့

ကြရတာပါပဲ…

အခုလည်းမောင်ရင်တို့အားလုံးကံကြီးကြပေလို့ပေါ့”

ဘွားမယ်စိန်စကားကိုအားလုံးကခေါင်းညိတ်ကြသည်။

ထိုသို့ဖြင့်ဘိုးတင့်တို့လည်း

မိုးလင်းမှ ရွာသစ်ကိုပြန်ကြ၏။

သောင်ထွန်းရွာနဲ့ရွာသစ်ရွာတို့မှာတော့

ဘိုးတင့်တို့မိသားစု၏

အဖြစ်အပျက်ကိုပြောမဆုံးနိုင်အောင်

ဖြစ်နေကြသလို…ကျတ်သရဲတွေကိုဓားနဲ့ခုတ်ခဲ့​သော

ဘိုးတင့်၏သတ္တိကိုလည်း

ချီးမွှန်းလို့မဆုံးဖြစ်နေခဲ့ကြတော့သည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)