ဦးဘသာနှင့်ဘုံဆိုင်ပင်

လူတွေကို ဘာမှအရေးမလုပ်ပါဘူးဗျာ၊

လူတွေက ပါးစပ်နဲ့အော်ပေမယ့် တကယ်ရောက်သွားတာက ကျုပ်ဗျ၊ ကျုပ်လည်း ဒီလောက်မိန်းမကို နှိပ်စက်တဲ့လူကို ကြည့်မရတာနဲ့၊ အနားမှာကျနေတဲ့ ထန်းဖလက်လို့ခေါ်တဲ့ ထန်းလက်အရိုးကြီးကောက်ပြီး ကိုကြွက်နီကို ဝင်ရိုက်တာပဲဗျာ၊ နှစ်ချက်လောက်ပဲ ရိုက်ရသေးတယ် ကိုကြွက်နီတစ်ယောက် မှောက်သွားပါရော၊ ထန်းဖလက်က ဆူးတွေပါတယ်ဆိုတော့ ကိုကြွက်နီကျောကုန်းကွဲပြီးတော့ သွေးတွေလည်းထွက်လာတာပေါ့ဗျာ၊ ဒီတော့ သူ့မိန်းမက ထိတ်လန့်တကြားနဲ့ သူ့ယောက်ျားကိုပြေးထူတယ်ဗျ။

“လာကြပါအုံးရှင်၊ ကျွန်ယောက်ျားသေပြီလားမသိဘူး”

ကျုပ်က ဒေါသထွက်နေသေးတာ

“အောင်မာ၊ ခင်ဗျားယောက်ျားကို ကျုပ်သာမတားရင် ခင်ဗျားသေလောက်ပြီဗျ၊ ဘာအခုမှ သူ့ဘက်က ဝင်နာနေတာလဲ”

ကိုကြွက်နီမိန်းမက ကျုပ်ကိုလက်ညိုးငေါက်ငေါက်ထိုးရင်း

“ဟဲ့၊ ဒါငါ့ယောက်ျားပါဟဲ့၊ ငါ့ယောက်ျားအကြောင်း ငါအသိဆုံးပဲ၊ သူက ငါ့ကိုဒီလောက်ချစ်တာ ငါ့ကိုရိုက်သတ်ပါ့မလား”

“ဟာ၊ ခုနက ဝါးရင်းတုတ်ပြေးကောက်တာ မတွေ့ဘူးလား”

“သူက အဲဒီလိုပဲဟဲ့၊ သွားပါပြီဟယ်၊ နင်လုပ်တာ ငါ့ယောက်ျားတစ်ခုခုဖြစ်ကြည့် နင့််ကို မြို့တက်ပြီးတော့ လူရိုက်မှုနဲ့ ရဲတိုင်မယ်အလတ်ကောင်”

ကျုပ်ဖြင့် မျက်လုံးကိုပြူးသွားတာပဲဗျာ၊ ကိုကြွက်နီမိန်းမကတော့ သူ့ယောက်ျားဖက်ပြီးငိုလို့ပေါ့ဗျာ၊ နောက်တော့ အဖေ့ကိုတိုင်ပါရောဗျာ၊ အဖေကတော့ ကျုပ်ကိုဘယ့်နှယ့်ရှိစဆိုတဲ့ မျက်နှာပေးနဲ့ကြည့်တယ်။

“ညည်းယောက်ျားက အရေပြားလန်သွားတာလောက်ပါဟာ၊ ဆေးဆရာဦးမှတ်ကြီးက ဘာမှမဖြစ်ဘူးလို့ ပြောတယ်မဟုတ်လား”

“ဒါပေမယ့် မကျေနပ်ဘူးတော့၊ သူက ကျွန်မယောက်ျားကို ဝင်ရိုက်သွားလို့ အခုထိစကားမေးမရသေးဘူးမဟုတ်လား၊ တစ်ခုခုသာဖြစ်ကြည့်နော် ကျွန်မဒီအတိုင်းသည်းခံနေမှာမဟုတ်ဘူး၊ ကျွန်မယောက်ျားက ကျွန်မတို့မိသားစုကို ပင်ပင်ပန်းပန်းလုပ်ကိုင်ကျွေးနေတဲ့ သူတော်ကောင်းကြီးပါရှင်၊ ကိုကြွက်နီ အီး . . . ဟီး၊ ရှင်ထပါအုံးတော့”

အဖေက အကိုကြီးကိုကြည့်ပြီးတော့

“အကြီးကောင်၊ အလတ်ကောင်ကို ထိပ်တုံးခတ်လိုက်”

ကျုပ်ဖြင့် လန့်သွားတာပဲဗျာ။

“ဗျာ၊ တကယ်ကြီးလား”

အကိုကြီးကလည်း အဖေ့အမိန့်ဆိုတော့ ကျုပ်ကိုဖမ်းခေါ်ပြီး အိမ်အောက်က ထိတ်တုံးကို နေပူထဲကိုချတယ်၊ ပြီးတော့ ကျုပ်ခြေထောက်ကိုထည့်ပြီး ခတ်လိုက်တာပေါ့ဗျာ၊ အဖေက ကိုကြွက်နီမိန်းမကိုကြည့်ရင်း

“စိတ်ချစမ်းပါအေ၊ ညည်းယောက်ျားတစ်ခုခုဖြစ်ရင် ညည်းမပြောနဲ့ ငါကိုယ်တိုင် ဒီကောင့်ကို ရဲလက်အပ်မှာပါ၊ သွားသွား၊ ပြန်တော့”

ကိုကြွက်နီကို လူတွေက ထမ်းပိုးပြိးတော့ အိမ်ကနေပြန်သွားတာပေါ့ဗျာ၊ လူတွေပြန်သွားတော့ အဖေက ကျုပ်အနားကိုလျှောက်လာတယ်။

“အဖေ၊ ကျုပ်ကို ပြန်လွှတ်ပေးလေဗျာ၊ ကျုပ်ဘာမှားလို့လဲ”

“အေး၊ မင်းမှားတာပေါ့ကွာ၊ သူများလင်မယားကြားဝင်ပြီး လက်ပါတဲ့ မင်းကမှားတာပေါ့၊ မင်းကိုမလွတ်ပေးဘူးကွ၊ မှတ်လောက်သားလောက်ဖြစ်သွားအောင်လို့ နေ့တစ်ပိုင်းလောက်တော့ နေပူခံခိုင်းမယ်”

အဖေကပြောပြီး လှည့်ထွက်သွားပါရောဗျာ၊ ဒါနဲ့ ကျုပ်လည်း နေ့တစ်ဝက်လောက် နေပူခံံလိုက်ရတာပေါ့။ အဲဒီကတည်းက ကျုပ်လည်း သူများလင်မယားကြား ရန်ဖြစ်ရုံမကလို့၊ သတ်ပဲသတ်သတ် ရွာကလူတွေလို ဘေးကပဲထိုင်ကြည့်နေတော့တာပေါ့။

(၂)

ဆူညံသံတွေဆီကို ကျုပ်ရောက်သွားတော့ ရန်ဖြစ်နေကြတာဗျ၊ ဖြစ်တာကတော့ ညီအမချင်းရန်ဖြစ်တာဗျ၊ ရန်ဖြစ်ရင်းနဲ့ သူတို့ယောက်ျားတွေ၊ သားသမီးတွေပါ ပါလာကြတော့ ရန်ပွဲက မြိုင်သွားတာပေါဗျာ၊ ကျုပ်လည်း စောစောစီးစီး ပွဲကြည့်ရတယ်ဆိုပြီးကြည်နေတာပေါ့၊ နောက်ဆုံးတော့ သူတို့အမေကြီးက ထွက်လာတယ်။

“ငါတစ်ယောက်လုံး ရှိပါသေးတယ်ဟယ်၊ နင်တို့ ငါ့မျက်နှာကိုမထောက်ကြဘူးလား”

အကြီးမက သူ့အမေကိုလက်ညှိုးထိုးတယ်ဗျ။

“အဲဒါအမေ့ကြောင့်၊ အမေက အဖေပိုင်တဲ့လယ်တွေကို ညီမတို့လင်မယားကို ပေးလုပ်ခိုင်းတော့ တစ်ချိန်ကျရင် သူတို့ပိုင်ပါတယ်ဆိုပြီး ဆွဲသိမ်းသွားတော့ဘယ်လိုလုပ်မလဲ”

ဒီမှာပဲ ရန်ပွဲဆက်ဖြစ်ပါရောဗျာ၊ နောက်ဆုံးတော့ အဘွားကြီးက သူကြီးဆီကို ခေါ်ရှင်းမယ်ဆိုတာနဲ့ အိမ်ကိုရောက်လာကြတယ်ပေါ့။ အဖေက သူတို့ကိုကြည်ပြီးတော့

“ညည်းတို့တကယ်အမွေခွဲမှာလား”

“ခွဲမယ်”

“ဒေါ်၀ ကရော အမွေခွဲပေးတော့မှာလား”

“ခွဲပါ့မယ်သူကြီးရယ်၊ သူတို့ညီအမလေး နှစ်ယောက်ထဲရှိတာ အခုလို အမွေကိစ္စနဲ့ရန်ဖြစ်နေတာ နားရှက်ဖို့ကောင်းပါတယ်ရှင်”

“ဟဲ့ မကြီးနဲ့ မငယ် နင်တို့ငါခွဲပေးတာကို လိုက်နာမလား”

နှစ်ယောက်လံုံးကလည်း ခေါင်းညိတ်တယ်ဗျ။ ဒါနဲ့အဖေက ပိုင်ဆိုင်တဲ့လယ်တွေ၊ ယာတွေနဲ့ ခြံဝိုင်းကြီးကိုလည်း နှစ်ပိုင်းအညီအမျှခွဲပေးလိုက်တာပေါ့ဗျာ၊ အဲဒီမှာတင် ကိစ္စကမပြီးသေးဘူးဗျ၊ ခြံဝိုင်းထဲမှာ ကျန်နေတဲ့ မန်ကျည်းပင်၊ သရက်ပင်တွေက ရှိသေးတယ်။

“ကျန်တဲ့ မန်ကျည်းပင်လေးပင်နဲ့ သရက်ပင် နှစ်ပင်ကိုတော့ နင်တို့အဖေကြီးစိုက်သွားတာဖြစ်လို့ နင်တို့သားအမိသုံးယောက် ဘုံဆိုင်တယ်၊ ဒီတော့ ဒီအပင်တွေအကုန်လုံးက ဘုံဆိုင်ပင်ပဲ”

အဖေ့ဆုံးဖြတ်ချက်ကို မကြီးနဲ့မငယ်က ခေါင်းညိတ်ပြီးကျေနပ်လိုက်တာပေါ့ဗျာ၊ အားလံုံးပြေလည်သွားပြီဆိုတော့ အမေက ဆီစိမ်ထားတဲ့လက်ဖက်ပန်းကန်ကို ကြက်သွန်ကြော်၊ နှမ်းလှော်ဖြူးပြီးတော အလယ်မှာချပေးတယ်၊ ဒါက ရွာဓလေ့ထုံးစံပေါ့ဗျာ၊ အမှုအခင်းပြီးသွားရင် တစ်ပန်းကန်ထဲက လက်ဖက်ကို နှစ်ဖက်စလုံး နှိုက်စားရတယ်ဗျ၊ မကြီးကလည်း လက်ဖက်ပန်းကန်ထဲက လက်ဖက်ကို လက်နဲ့နှိုက်စားတယ်၊ မငယ်ကလည်း တစ်လုပ်နှိုက်စားတယ်ပေါ့ဗျာ။

“ပြီးပြီနော်၊ နင်တို့မကျေလည်တာတွေ ဒီမှာပဲ ပြေပြီနော်၊ နောက်ဆို အရင်အတိုင်း ညီအမတွေ ချစ်ချစ်ခင်ခင်ပြန်နေကြ၊ အမွေနဲ့ပတ်သက်ပြီး မတည့်တာ မကြားချင်ဘူးနော်”

အခုမှ ရန်ဖြစ်ထားတာဆိုတော့ သိပ်တော့မကြည်ကြဘူပေါ့ဗျာ၊ ဒါပေမယ့် လက်ဖက်စားပြီးပြီဆိုတော့လည်း ရှိသမျှ ဒေါသတွေ အာဃာတတွေကို ခဝါချလလိုက်တဲ့သဘောပါပဲ။ ပြီးတော့ နှစ်ဦးနှစ်ဖက်စလုံးပြန်သွားကြတယ်၊ နောက်ဆုံးတော့ ဒေါ်ဝကြီးပဲကျန်ခဲ့တော့တယ်။ အဖေက ဒေါ်ဝကိုကြည့်ပြီး

“ကဲ ဒေါ်၀ လက်ဖက်ဖိုး သုံးကျပ်ကျမယ်ဗျာ”

ဒေါ်ဝကမျက်လးပြူးသွားပြီးတော့

“အောင်မယ်လေးသူကြီးရယ်၊ သူကြီးအမွေခွဲပေးတဲ့အထဲမှာ ကျွန်မဖို့ဘာများပါလို့လည်း၊ ကျွန်မကတော့ ဒီလက်ဖက်ဖိုးကို မပေးနို်င်ပါဘူး”

ဒေါ်ဝက ဒေါ်နဲ့မောနဲ့ပြောပြီးတော့ ထသွားတယ်ဗျ၊ ဒီတော အဖေ့မှာ ရန်ပွဲလည်းရှင်းပေးရ၊ လက်ဖက်ဖိုးလည်း ဆုံးရတာပေါ့ဗျာ၊ ဒါနဲ့ပဲ နောက်ဆိုရင် စည်းကမ်းတစ်ခုထုတ်လိုက်ရတယ်၊ ပြဿနာဖြစ်ရင် လက်ဖက်ဖိုးကို နှစ်ဖက်က မျှခံံရမယ်လို့ပေါ့ဗျာ၊ များသောအားဖြင့် စုံဂဏန်းဖြစ်တဲ နှစ်ကျပ်၊ လေးကျပ် လောက်ပဲကောက်တာပါ၊ မဂဏန်းသွားကောက်လိုက်ရင် ဟိုလူက ပိုတယ်၊ ဒီလူက ပိုတယ်နဲ့ ရန်ဖြစ်ကြလွန်းလို့ပါဗျာ။

(၃)

မန်ကျည်းသီးပေါ်ပြီ၊ သရက်သီးပေါ်ပြီဆိုရင်တော့ အဲဒီဘုံဆိုင်ပင်က သရက်သီးတွေ၊ မန်ကျည်းသီးတွေကို ခူးဆွတ်ကြရတယ်ဗျ၊ ပြီးရင် အဲဒီအပင်အောက်မှာပဲ ဖျာကြမ်းကြီးတွေခင်းပြီးတော့ ဘံံုံဆိုင်တဲ့လူတွေ အညီအမျှခွဲဝေယူကြတာပဲဗျာ။ သရက်ပင်တွေ မန်ကျည်းပင်တွေက နှစ်ချပင်တွေဆိုရင် သားစဉ်မြေးဆက်အထိ ဘဝေစုရကြတယ်ဗျ၊ အမျိုးအဆွေတွေဆိုတော့လည်း မပေးတဲ့လူမရှိပါဘူးဗျာ၊ ဥပမာ မန်ကျည်းသီး ကိုးတင်းရတယ်ဆိုပါစို့ဗျာ၊ သားသမီးသုံးယောက် ဘုံဆိုင်တယ်ဆိုရင် တစ်ယောက်ကို မန်ကျည်းသုံးတင်းရတယ်၊ အဲဒီသားသမီးမှာ မြေးသုံးယောက်ရှိတယ်ဆိုရင် မိဘက တစ်တင်းကိုယူပြီး ကျန်တဲ့နှစ်တင်းကို သားသမီးသုံးယောက်အတွက် သုံးပုံပြန်ပုံရတယ်ဗျ။ ဒီလိုနဲ့ ဟိုးမြေးမြစ်အထိ ဝေပုံကျ ဘုံဝေစုခွဲရင် မြေးများတဲ့သူတွေဆို အောက်ဆုံးမြစ်လောက်က မန်ကျည်းသီး လက်တစ်ဆုပ်လောက်၊ နှစ်ဘူးသုံးဘူးလောက်ပဲ ရကြတော့တာဗျ။

ဒါပေမယ့် အထင်တော့မသေးနဲ့ဗျ၊။ ကျုပ်တို့ဆိုရင် ရွာထဲအမျိုးများတာကိုးဗျာ၊ ဘုံဆိုင်ပင်တွေက အသီးတွေဆွတ်ပြီဆိုရင် ဘဝေစုဆိုပြီးတော့ ဟိုအိမ်က မန်ကျည်းသီးတစ်ပြည်၊ ဒီအိမ်က မန်ကျည်းသီး နှစ်ဘူးလောက်နဲ့ ဘုံဝေစုတွေပေါင်းပြီးတော့ မန်ကျည်းသီးတစ်တင်း၊ နှစ်တင်းလောက်ကတော အသာကလေးရတာဗျ၊ ဒါကလည်း အဘိုးကျေးဇူးတွေလို့ ပြောရမှာပဲပေါ့ဗျာ၊ ဟဲ၊ ဟဲ။ ကျုပ်တို့အညာရဲ့ ရိုးရာဓလေ့ကလေးတစ်ခုလို့ ပြောရမှာပေါ့ဗျာ၊ တစ်ခုခုဆိုရင် ဆွေမျိုးတွေအတွက် ရသင့်ရထိုက်တာကို ခွဲဝေပေးတတ်ကြတဲ့ဓလေ့ပေါ့၊ ဘုံဝေစုက များသောအားဖြင့် သွားတောင်းစရာကိုမလိုဘူးဗျ၊ ဘံုံဝေစုခွဲတဲ့လူကလည်း ညီညီမျှမျှပဲ ခွဲပေးကြတာ၊ ကိုယ့်အတွက် ကောင်းတာကိုပိုယူပြီး၊ သူများကိုကျတော့ မကောင်းတာပေးမယ်ဆိုတဲ့ စိတ်တွေနည်းသေးတဲ့ခေတ်ကိုးဗျ။

ဒါပေမယ့် လူတွေဆိုတော့ ပြဿနာတွေ၊ စိတ်ယုတ်၊ စိတ်ပုတ်တွေတော့ရှိကြတာပေါ့၊ အဲဒီအခါမှာ ဘုံဆိုင်ပင် ပြဿနာတွေ တက်ကြတော့တာပဲဗျာ၊ ဟိုလူက အရနည်းတယ်၊ ဒီလူက ပိုယူတယ်လို့ပြောဆိုငြင်းခုန်ရင်း ရန်တွေဖြစ်ကြတာပေါ့ဗျာ၊ အဲဒီလိုဖြစ်ရင်တော့ ဘုံဆိုင်ပင်ကို မီးနဲ့ရှို့သတ်တတ်ကြတယ်ဗျ။ အပင်က မီးလောင်ပြီးသေပါရော၊ ဒါဆိုရင် အပင်က သီးတာတွေ ထွက်တာတွေ မစားရတော့ဘူးပေါ့ဗျာ၊ မစားရလည်း ဘာမှမဖြစ်ဘူး ရန်တစ်ရန်အေးတယ်ဆိုပြီးတော့ မီးရှို့သတ်ကြတာ၊ ဒါပေမယ့် ဒီအဖြစ်ကလည်း တစ်ရွာလုံးနဲ့ယှဉ်ရင် နည်းပါတယ်၊ များသောအားဖြင့်ကတော့ အလကားရတဲ့အသီးပဲဆိုတော့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ပြီးသွားကြတာပါပဲ၊ တစ်ချို့မောင်နှမနည်းတဲ့လူကျတော့လည်း တစ်နှစ်ကိုတစ်ယောက်စီ အလှည့်ကျခူးဆွတ်ရတယ်၊ ဒါကလည်း တစ်မျိုးကောင်းတယ်ဗျ၊ တစ်ယောက်တစ်နှစ် အကုန်သိမ်းရတာဆိုတော့ ပြဿနာမများတော့ဘူးပေါ့ဗျာ၊ ဘုံဆိုင်ပင်တွေထဲမှာ လူတိုင်းမလိုချင်ကြဆုံးအပင်ကတော့ ထန်းပင်ပဲဗျ၊ ထန်းပင်ဆိုတာ လူတိုင်း တက်တတ်ကြတာမှ မဟုတ်တာပဲ၊ ဒါပေမယ့် ထန်းပင်တွေကိုတော့ ထန်းသမားတွေဝယ်ရယ် ရောင်းလိုက်ကြပြီးတော့ ရတဲ့ငွေကိုတော့ ပြန်ခွဲယူကြတယ်။

ဘုံဆိုင်ပင်တွေပြီးတော့ တစ်ဦးဆိုင်ပင်ဆိုတာ ရှိသေးတယ်ဗျ၊ အဲဒါကတော့ သားသမီးနည်းတဲ့ ဘိုးဘွားတွေပိုင်တဲ့အပင်မျိုးပေါ့ဗျာ၊ အဲဒီအပင်က တစ်ဦးဆိုင်ဆိုတော့ သွားတော့မခူးလေနဲ့ဗျ၊ ပြဿနာအကြီးအကျယ် တက်တတ်တယ်။ ကျုပ်တို့ရွာမှာ တစ်ဦးဆိုင်ပင် အများဆုံးရှိတဲ့သူကို ပြောပါဆိုရင်တော့ ဦးဘသာကြီးပဲဗျ။

တစ်ရက်တော့ ဦးဘသာက ကျုပ်တို့အိမ်ကိုရောက်လာတယ်။

“မသန်း၊ နင့်သားကို ငါ့ကိုမန်ကျည်းသီးဆွတ်ခိုင်းဖို့ ခေါ်မလို့ဟ၊ ငါမန်ကျည်းသီး ရတဲ့ထဲက တစ်ဝက်ခွဲပေးပါ့မယ်”

မီးဖိုချောင်းကိစ္စဆိုရင်တော့ အဖေက အမေ့ကိုလွှဲထားတာကိုးဗျ၊

“တစ်ဝက်ကတော့ များတာပေါ့ရှင်၊ သုံးပုံတစ်ပုံံလောက်ပဲပေးပါ၊ ဒါနဲ့ ဘယ်နားကအပင်သွားဆွတ်မလို့လည်း”

“ဖက်လိပ်ရွာဟောင်း၊ ငါတို့အိမ်နောက်ဖေးနားက အပင်ပေါ့ဟ”

အမေ့မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ။

“ဖြစ်ပါ့မလားရှင်”

“စိတ်ချပါ၊ နင့်သားကို ငါတာဝန်ယူပါတယ်”

“ဒါဖြင့် အငယ်ကောင် . . .”

အမေ့အသံံကြားတော့ အငယ်ကောင်က ဆင်းသွားတယ်။

“ဖက်လိပ်ရွာဟောင်းက မန်ကျည်းပင်ကို နင်တက်မလား”

“ဟာဗျာ၊ ဖက်လိပ်ရွာဟောင်းက ဒီလောက်သရဲခြောက်တာကို”

ဦးဘသာက အငယ်ကောင့်ကိုကြည်ရင်း

“မင်းကလည်းကွာ နေ့ခင်းကြောင်တောင်ကြီးသွားမှာပါကွ”

အငယ်ကောင်ကတော့ နေ့ခင်းပဲဖြစ်ဖြစ်၊ ညနေစောင်းပဲဖြစ်ဖြစ် အဲဒီဘက်ကို မသွားဝံံ့တာတော့အမှန်ဗျ၊ ဒါနဲ့ပဲ ကျုပ်လည်း အိမ်ပေါ်ကနေဆင်းလာတာပေါ့။

“ကျုပ်ဆွတ်ပေးမယ်ဗျာ”

ဒီတော့မှ အမေကလည်းခေါင်းညိတ်တယ်ဗျ၊ ကျုပ်လည်း ပုဆိုးစုတ်ကြီးပတ်ခဲ့ပြီး တင်းတောင်းကြီးထမ်းလို့ပေါ့ဗျာ၊ ဦးဘသာကတော့ တံချူလုပ်ထားတဲ့ ဝါးလုံးကြီးတစ်လုံးဆွဲလာပြီးတော့ ကျုပ်တို့နှစ်ယောက် ရွာကနေထွက်ခဲ့တာပေါ့။ ကိုးနာရီလောက်ဆိုပေမယ့် နေကအတော်ပူနေပြီဗျ၊ ကျုပ် ဖက်လိပ်ၤရွာဘက်လိုက်ခဲ့ရတာကလည်း အကြောင်းရှိတာကိုး၊ နေ့ခင်းဆိုတော့လည်း ရွာဟောင်းကြီးက ငှက်အော်သံံံလေးတွေနဲ့ သာသာယာယာပဲဗျ၊ ဦးဘသာက ရွာဟောင်းလမ်းအတိုင်းလျှောက်လာရင်း

“ဦးဘသာ၊ ဦးဘသာအိမ်က ဘယ်အိမ်လဲဆိုတာ မှတ်မိသေးရဲ့လား”

“ဟ၊ တစ်သက်လုံးနီးပါး နေခဲ့တာပဲကွ၊ မှတ်မိတာပေါ့”

ရွာဟောင်းကြီးမှာက တစ်ချို့သစ်ကြီးဝါးကြီးတွေနဲ့ဆောက်ထားတဲအိမ်က အိမ်တိုင်ကြီးတွေရယ်၊ ကျန်တဲ့အိမ်တွေကတော့ ခြံံံံဝိုင်းအကွက်လိုနေရာကလေးတွေပဲ ကျန်နေတော့တာဗျ၊ လျှောက်လာရင်း သစ်ပင်တွေကို လက်ညှိုးထိုးပြတယ်။

“ဟောဟို ဥသျှစ်ပင်လည်း ငါ့အမေစိုက်ခဲ့တာ၊ ဒီဖက်က မန်ကျည်းပင်သုံးပင်ကလည်း သူစိုက်ခဲ့တဲအပင်ပေါ့ကွာ”

ဒီလိုနဲ့လျှောက်လာရင်း ခြံဝိုင်းတစ်ခုရှေ့နားကိုရောက်လာတယ်ဗျ၊ ခြံံဝိုင်းထဲမှာတော့ တိုင်ဟောင်းရာတွေ၊ ဒူးလောက်ရှိတဲ့ သစ်သားတိုင်တွေပဲကျန်တယ်၊ မြေပြင်ကလည်း မသိရင် မီးသင့်ထားသလို ပြောင်ရှင်းလို့ဗျ။ အဲဒီခြံဝိုင်းရဲ့အနောက်ဘက်မှာတော မန်ကျည်းပင်ကြီးတစ်ပင်ရှိတယ်၊ သူလည်း နှစ်တွေကြာပြီဆိုတော့ အပင်ကြီးကြီး အုပ်အုပ်ဆိုင်းဆိုင်းကြီးဗျာ။

ဦးဘသာနဲ့အတူတူ ခြံံဝိုင်းထဲဖြတ်လျှောက်လာရင်း ဦးဘသာက ကျုပ်ကို အဲဒီမန်ကျည်းပင်ကြီးကို လက်ညှိုးထိုးပြတယ်ဗျ။

“အလတ်ကောင် မင်းတက်လို့ရရဲ့လား”

“ရပါတယ်ဗျ၊ မန်ကျည်းကိုင်းဆိုတာမျျိုးက သိပ်ခိုင်တာမဟုတ်လား၊ အသီးတွေကလည်း ပြွတ်ခဲနေတာဗျို့၊ ကျုပ်အထင်တော့ သုံးတင်းလောက်အသာလေးရမယ်ထင်တယ်”

“တော်ပါပြီကွာ၊ ငါက တစ်ယောက်တည်းစားမှာကွ၊ တစ်ခွဲလောက်ဆိုရင် တစ်နှစ်ပတ်လုံး စားပါလိမ့်ပဲ”

ကျုပ်လည်း သစ်ပင်တက်ဖို့ပြင်တာပေါ့၊

“ဒါနဲ့ဦးဘသာ ဒီအိမ်က ဦးဘသာ ငယ်ငယ်ကနေခဲ့တဲ့အိမ်လား”

ဦးဘသာက မန်ကျည်းပင်အောက်မှာ ထိုင်ရင်း ကွမ်းအစ်လေးဖွင့်တယ်ဗျ။

“ဒါပေါ့ကွာ၊ ဒီအိမ်မှာ ငါနဲ့ငါ့အမေနဲ့ ငါခုနစ်နှစ်၊ ရှစ်နှစ်အရွယ်လောက်အထိ နေခဲ့တာပေါ့ကွ”

“ဗျာ၊ ဒါဆို အဲဒါပြီးတော့ ဘယ်သွားနေကြတာလဲ”

ဦးဘသာက တစ်ချက်တွေဝေသွားတယ်ဗျ၊ နောက်တော့ သူ့အိမ်ခြံဝိုင်းကြီးကို ငေးကြည့်နေတယ်၊ အိမ်ခြံံံဝိုင်းကလည်း ချုံပင် မြက်ပင်တောင်မရှိဘဲ ကုန်းခေါင်ခေါင်ကြီးဗျာ။ ကျုပ်ကလည်း သူထူးခြားသွားပြီဆိုတာကို သိလိုက်တာနဲ့။

“ဦးဘသာနဲ့ ကျုပ်နဲ့ခင်တာကြာလှပြီ၊ ဦးဘသာ အမေအကြောင်းကို တစ်ခါမှ မပြောပြဖူးဘူးနော်ဗျ၊ အခုအားရင် နည်းနည်းလောက်ပြောပြစမ်းပါဗျာ၊ ကျုပ်လည်း မန်ကျည်းသီးဆွတ်ရင်း ပျင်းပျင်းနဲ့ နားထောင်ရတာပေါ့”

ကျုပ်ပြောလိုက်တော့ ဦးဘသာက ခေါင်းညိတ်သွားတယ်ဗျ၊ ဒီအချိန်မှာပဲ ပတ်ဝန်းကျင်က တဝုန်းဝုန်းနဲ့ လေတိုက်သလိုမျိုးဖြစ်လာပါရောဗျာ၊ မီးလောင်ရာနေရာက တိုင်ငုတ်တိုကြီးတွေက တဖြည်းဖြည်းမြေကြီးထဲကနေ ရှည်တက်လာတာဗျ။ ပြီးတော့ အိမ်တိုင်ကြီးတွေဖြစ်သွားပြီးတော့ ထရံတွေ၊ ခေါင်မိုးတွေလည်း ပေါ်လာတယ်၊ ကျုပ်ဖြင့် ကြည့်နေရင်း အတော်အသြနေတာပေါ့၊ နောက်တော့ ကျုပ်မျက်စိရှေ့မှာပဲ အိမ်ကြီးတစ်လံုံးဖြစ်သွားပါရောလားဗျာ။

“ဦးဘသာ . . . ဦးဘသာ”

ကျုပ်အနားမှာထိုင်နေတဲ့ ဦးဘသာလည်း ပျောက်သွားတယ်ဗျ၊ ကျုုပ်ဘေးဘီကိုကြည့်လိုက်တော့ ရွာကြီးတစ်ရွာထဲမှာ ရောက်နေတာဗျို့။ ပြီးတော့ အိမ်ရှေ့နားက ငိုသံံံကြားရတယ်။ ဒါနဲ့ ကျုပ်လည်း အိမ်ရှေ့ကိုပြေးသွားလိုက်တာပေါ့။ အိမ်ရှေ့ခြံစည်းရိုးတံခါးကို တွန်းဖွင့်ပြီးအပြင်ကိုထွက်လိုက်တော့ ရွာလယ်လမ်းမကြီးက ဖြူးလို့ဗျ၊ အဲဒီရွာလယ်လမ်းမကြီးပေါ်မှာ ကောင်လေးနှစ်ယောက်ရှိတယ်၊ ကောင်းလေးတစ်ယောက်ကတော့ ယောင်ပေစူးလေးနဲ့ မတ်တပ်ရပ်လို့ဗျ၊ နောက်ကောင်လေးတစ်ယောက်ကတော့ ကတုံးလေးပါ၊ မြေမှာခွေခွေကလေး လဲကျနေပြီးတော့ ငိုယိုနေတယ်။

ဒီအချိန်မှာပဲ ကျုပ်ထွက်ခဲ့တဲ့ ခြံဝိုင်းထဲကနေ မိန်းမကြီးတစ်ယောက်ထွက်လာတယ်ဗျ၊ အသက်ကတော့ သုံးဆယ့်ငါး၊ လေးဆယ်လောက်ရှိမယ်ထင်တယ်၊ ပိန်ပိန်ပါးပါး အသားကတော့ ခပ်ဖြူဖြူပဲဗျ၊ ဆံထုံးကြီးကလည်း အကြီးကြီးပဲဗျို့၊ အဲဒီမိန်းမကြီးက ငိုနေတဲ့ကောင်လေးအနားကို တိုးကပ်သွားတယ်။

“ဟဲ့ နင့်ကိုဘယ်သူလုပ်တာလဲ”

ကောင်လေးက ငိုပဲငိုနေတာဗျ။ ဒါနဲ့ မိန်းမကြီးက အဲဒီကောင်လေးအနားမှာ မတ်တပ်ရပ်နေတဲ့ ယောင်ပေစူးနဲ့ကောင်လေးကို မျက်စောင်းထိုးပြီးကြည့်တယ်။

“နင်ငါ့သားကို လုပ်လိုက်တာလား ငအောင်”

ယောင်ပေးစူးနဲ့ကောင်လေးက ခေါင်းခါပြတယ်။ ဒီတော့ အဲဒီမိန်းမကြီးက ငအောင်ဆိုတဲ့ကောင်လေးကို လက်ညှိုးနဲ့ထိုးလိုက်တော အဲဒီကောင်လေးက သူ့ဗိုက်ကိုသူလက်နဲ့ဖိပြီးတော့ မြေပြင်မှာလူးလှိမ်ပြီး ငိုတော့တာပဲဗျာ။

“မှတ်ထား၊ ငါ့သားကို ငိုအောင်လုပ်ရင် နင့်တို့ အဲဒီထက် ဆယ်ဆမက ငိုရမလိမ့်မယ်”

ငအောင်ဆိုတဲ့ကောင်လေးရဲ့ ဗိုက်က အထဲကိုခွက်ဝင်နေတာဗျာ၊ ကျောရိုးနဲ့ဗိုက်သားနဲ့ ကပ်နေပြီလားလို့ထင်ရတယ်၊ ငအောင်လည်း ငိုတာအသည်းအသန်ပဲဗျာ၊ ဒီတော့မှ ကတးနဲ့ကောင်လေးက အငိုရပ်ပြီးတော့

“သူ့ကိုမလုပ်ပါနဲ့အမေ၊ သူလုပ်တာမဟုတ်ပါဘူး၊ သူနဲ့သားနဲ့ ဆော့နေရင်း သားဖာသာသား ချော်လဲပြီးတော့ နာသွားလို့ငိုတာပါ”

“မင်းတကယ်ပြောတာလား သာစံံ”

ကောင်လေးက ခေါင်းညိတ်တယ်ဗျ၊ ဒီအချိန်မှာပဲ ရွာထဲက မိန်းမကြီးတွေပြေးလာကြတယ်၊ ငိုနေတဲ့ ငအောင်ကလေးကိုတွေ့ပြီးတော့ တော်တော်လန့်သွားကြတာ။ အဲဒီထဲက ခပ်၀၀နဲ့မိန်းမကြီးက မြေပြင်မှာဒူးတုပ်ထိုင်ချပြီးတော့ လက်အုပ်ချီလိုက်တယ်ဗျ။ ပြီးတော့ အသားဖြူဖြူနဲ့မတ်တပ်ရပ်နေတဲ့မိန်းမကြီးကို ကုန်းကုန်းကန်တော့တာပါပဲ။

“ကျုပ်သားလေးကို မလုပ်ပါနဲ့ အမပျင်းရယ်၊ ကျုပ်ရှိကြီးခိုးပါတယ်၊ မှားတာရှိရင် ခွင့်လွှတ်ပေးပါ၊ လုပ်ချင်ရင်လည်း ကျုပ်ကိုသာလုပ်ပါတော့၊ အီး . . . ဟီး”

ဒါဆို ကျုပ်မြင်နေရတာက ဒေါ်ပျင်းကြီးပေါ့၊ ဟိုက ငိုနေတဲ့ကလေးလေးက သာစံံဆိုတော့ ဦးဘသာကြီးငယ်ငယ်တုန်းကပေါ့ဗျာ၊ ဒေါ်ပျင်းကြီးက ဒီတော့မှ တစ်ဖက်ကိုလှည့်သွားပြီးတော့ လက်ဖျောက်တစ်ချက်တီးလိုက်တယ်၊ ပြီးတော့ ခြံံဝိုင်းထဲကို လှမ်းဝင်သွားရင်း

“ဟဲ့ သာစံံ၊ လာလိုက်ခဲ့လေ”

အဲဒီလိုပြောပြီး ဝင်သွားတော့ ကတံုံးနဲ့ကောင်လေးက ခြံဝိုင်းထဲကိုပြေးဝင်သွားတာပဲ၊ ဒါပေမယ့် ခြံဝိုင်းထဲကိုမရောက်ခင် ခြံံံတံံံခါးကိုကိုင်ပြီးတော့ ရပ်ကြည့်နေသေးတယ်၊ မြေပြင်မှာ လူးလှိမ့်နေတဲ့ ငအောင်က ဒီတော့မှ အငိုတိတ်တယ်ဗျာ၊ ဗိုက်ကလည်း ပုံမှန်အတိုင်းဖြစ်သွားတာ၊ သူ့အမေက ငအောင်ကိုဆွဲထူပြီးတော့ မြေကြီးကိုတံံံတွေးထွေးပြီး ဖနောင့်နဲ့သုံးချက်လောက်ပေါက်လိုက်တယ်။ ပြီးတော့ ငအောင်ရဲ့နားရွက်ကို လိမ်ဆွဲတယ်။

“နင့်ကိုငါ ဘာမှာထားလဲငအောင်၊ သာစံနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့လို့ ငါမပြောထားဘူးလား”

ငအောင်ကတော့ ဘာမှမပြောဘဲ ငိုနေတယ်ဗျ။

“နင်ကြပ်ကြပ်သူနဲ့ဆော့၊ နောက်ဆို နင့်ကို သူ့အမေက သေအောင်လုပ်လိမ့်မယ်၊ လာစမ်း”

ငအောင်ရဲ့အမေက ငအောင်ရဲ့နားကိုဆွဲပြီးတော့ ထွက်သွားကြတာပဲ၊ ကျန်တဲ့မိန်းမကြီးတွေကလည်း သာစံံကိုကြည့်ပြီးတော့ မဲ့ရွဲ့ပြပြီး ထွက်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ဒီတော့မှ ခြံဝိုင်းထဲဝင်လာခဲ့တယ်၊ ဒေါ်ပျင်းက အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အုန်းမှုတ်ခွက်ခံံပြီးတော့ ဖွာနေတယ်ဗျ၊ သာစံံကတော့ သူ့အမေနားမှာ ငုတ်တုတ်သွားထိုင်တာပေါ့။

“အမေရာ၊ အမေဒီလိုမျိုး တစ်ခုခုဆိုရင် ပညာထုတ်ထုတ်သုံးးတာကို သာားတော့ဖြင့်မကြိုက်ဘူး”

ဒေါ်ပျင်းက ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးတော

“အောင်မာ၊ ကောင်လေး အသက်က ငယ်ငယ်ရှိသေးတယ်၊ မအေကို မကြိုက်ဘူးတွေ ဘာတွေပြောနေပြီပေါ့”

“အမေဒီလိုမျိုးအမြဲလုပ်နေလို့ အခုသားကိုဆိုရင် ရွာထဲမှာဘယ်သူမှ မခေါ်ကြတောဘူး၊ ဘယ်သူမှ မဆော့ကြတော့ဘူးဗျ”

“ဟဲ့သာစံ၊ သူတို့မခေါ်လည်း မဆော့နဲ့ပေါ့၊ နင့်ဟာနင်ဆော့ပါလား”

“အမေကလည်း ဘာသိလို့လဲ၊ ကျည်းသားရိုက်တမ်းတို့ ဂုံညင်းခင်းတာတို့၊ စိန်ပြေးတမ်းတို့က တစ်ယောက်တည်းဆော့လို့ရတာမှမဟုတ်တာအမေရ”

“တယ်၊ ဒီကောင်လေးတော့ ငါခေါက်လိုက်ရင် နာတော့မယ်”

ဒေါ်ပျင်းက ပြောပြောဆိုဆိုနဲ့ သာစံခေါင်းကိုလှမ်းခေါက်လိုက်တော့ သာစံံက ထိုင်နေရင်းနဲ့ ဘေးနားကို တစ်ပေလောက် စွေ့ခနဲရွေ့သွားတာဗျ၊ ဒီအချိန်မှာပဲ အိမ်အပေါ်လှေကားထပ်ကနေ အဘွားကြိးတစ်ယောက်ဆင်းလာတယ်၊ အသားကလည်းး ခပ်ဖြူဖြူဗျ၊ ထမီရင်လျားကြီးနဲ့ ဆံံပင်ကိုလည်း ဖားလျားချလို့ဗျ။

“ဟဲ့ မိပျင်း၊ နင် ငါ့မြေးကို ဘာမှကိုယ်ထိလက်ရောက် လုပ်စရာမလိုဘူးဟဲ့”

ဒီတော့ ကွပ်ပျစ်မှာထိုင်နေတဲ့ သာစံံက လှေကားပေါ်ပြေးတက်သွားရင်း လှေကားထိပ်နားမှာထိုင်နေတဲ့ မိန်းမကြီးကိုဖက်လိုက်တယ်။

“ဘွားဘွားကြီး”

“ပြောစမ်း၊ ငါ့မြေးကို ဘာဖြစ်လို့ အမေကဆူတာလဲ”

“သားဆော့ချင်တယ်၊ သားကစားချင်တယ်၊ ဒါပေမယ့် ရွာထဲက ဘယ်သူမှ သားနဲ့မဆော့ဘူး၊ သားနဲ့မကစားကြဘူး”

“သြော်၊ ငါ့မြေးကက ဆော့ဖော်မရှိတာလား၊ ဒါများ ဘွားဘွားကိုပြောပေါ့ မြေးရဲ့”

အဘွားကြီးက ခြံထောင့်တစ်နေရာကိုကြည့်ပြီး လက်ခုပ်တီးပြလိုက်တော ခြံထောင့်သစ်ပင်ကြီးက တရှဲရှဲနဲ့လှုပ်သွားပြီးတော့ မဲမဲအကောင်ကြီးသုံးကောင် ဆင်းလာကြတာဗျာ၊ လူတော့ လူပုံစံံံပဲဗျ၊ ဒါပေမယ့် ကြောက်စရာကြီးတွေပေါ့၊ ကျုပ်အနားကဖြတ်သွားတော့ ကျုပ်ဖြင့် လန့်သွားပြီး အနောက်ဆုတ်လိုက်မိသေးတယ်၊ အဲဒီကောင်ကြီးသုံးကောင်က လှေကားရင်းမှာ ရပ်သွားတယ်။

“ဟဲ့ နင်တို့ပုံစံတွေကလည်း ကလေးကြောက်စရာပုံတွေဟဲ့၊ ပြောင်းစမ်း၊ နင်တို့အခွက်တွေကို နင်တို့ပြောင်းကြ”

အဘွားကြီးပြောလိုက်တော့ မဲမဲကြီးသုံးကောင်က ချက်ချင်းပုသွားပြီးတော့ ကလေးပုံံစံံလေးတွေဖြစ်သွားတာဗျ၊ အဝတ်အစားမပါဘဲ ခါးမှာ လံကွတ်တီပတ်ထားတဲ့ ပုံလေးတွေပေါ့ဗျာ၊ ပုပု၀၀နဲ့ မသိရင် ဖိုးဝရုပ်နဲ့တောင် တူကြသေးတယ်၊ အရွယ်ကတော့ ငါးနှစ်ခြောက်နှစ် ဝန်းကျင်လောက်ပဲနေမှာ။ သာစံက အဲဒီကလေးတွေကိုကြည့်တော့ အဲဒီကလေးတွေက ပုံစံအမျိုးမျိုးနဲ့ ပြောင်ပြတယ်၊ ပြီးတော့ ကျွမ်းတွေဘာတွေ ထိုးပြတယ်ဗျ။

“ဘွားဘွားကြီး၊ သူတို့ကဘယ်သူတွေလဲ”

“အဲဒါက ငါ့မြေးရဲ့ဘိုးဘိုးတွေပေါ့ကွဲ့”

“ဘိုးဘိုးတွေကလည်း ကလေးလေးတွေလား”

“အေးပေါ့ ငါ့မြေးရဲ့၊ ကဲ ဒီနေ့ကစပြီးတော့ ငါ့မြေးနဲ့ဘယ်သူမှမဆော့လို့ အားငယ်မနေနဲ့တော့၊ ဟောဟိုက ဘိုးဘိုးသုံးယောက် နဲ့သွားဆော့ချည်”

သာစံက လှေကားပေါ်ကနေဆင်းသွားပြီးတော့ ပုဆိုးတစ်ထည်ကို ဖုထုံးချည်ပြီးတော့ အဲဒီသရဲကလေးသုံးကောင်ကို လိုက်ရိုက်တော့တာပဲဗျာ၊ ဟိုသရဲကလေးတွေကလည်း ပြေးလိုက်တာမှ လှစ်ခနဲလှစ်ခနဲပဲဗျ၊ လှေကားပေါ်ထိုင်နေတဲအဘွားကြီးက လှမ်းကြည့်ပြီး

“ဟဲ့ကောင်တွေ၊ ကလေးနဲ့ဆော့တာကို နည်းနည်းပါးပါးအလျော့ပေးလိုက်ကြပါတော့လား၊ ငါမပြောချင်ဘူးနော်”

ဒီတော့မှ သရဲကလေးတွေက ရပ်ပေးတယ်ဗျ၊ သာစံက သရဲကလေးတွေကို လိုက်လိုက်ရိုက်ပြီးတော့ ပျော်နေပါရော၊ နောက်တော့ သရဲကလေးတစ်ကောင်က မြင်းလိုလုပ်ပေးတယ်၊ သာစံံံက တက်စီးလိုက်တော ခြံံံတစ်ပတ် မြင်းလိုပတ်ပြေးပါရောဗျာ၊ ဒီတော့ လှေကားမှာထိုင်နေတဲ့ အဘွားကြီးက ဒေါ်ပျင်းကိုကြည့်ရင်း

“မိပျင်း၊ နင်လည်း ဒေါသလေးဘာလေးလျော့နော်၊ ငါ့မြေးကိုထိရင် နင်လည်းနာမယ်မှတ်”

“အောင်မယ်၊ အမေကများ သမီးကိုလာပြီးစိန်ခေါ်နေသေးတယ်၊ မကျေနပ်ရင် အမေနဲ့သမီးနဲ့ ဘယ်သူပညာပိုထက်သလဲဆိုတာ ပြိုင်မလား”

အဘွားကြီးက မျက်နှာတစ်ချက်ပျက်သွားပြီး

“နင်က ငါမွေးထားတဲ့ငါ့သမီးပါ၊ ဒီတော့ နင့်မှာ ငါပြောတဲ့စကားကို နားထောင်ရမယ့်တာဝန်ရှိတယ်”

အဲဒီအခါ ဒေါ်ပျင်းကြီးက ရယ်တယ်ဗျ။

“ဟား၊ ဟား မယ်ပျင်းတို့ကတော့ ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်မယ်၊ မိဘသော ဘာသော နားလည်နေမှာမဟုတ်ဘူး”

အဘွားကြီးက ဘာမှပြန်မပြောတော့ဘဲ အိမ်ပေါ်ကိုတက်သွားတော့တယ်ဗျ။ ကျုပ်ကြည့်နေရင်း ခပ်မှိုင်းမှိုင်းဖြစ်နေတဲ့ ပတ်ဝန်းကျင်က နေရောင်တွေလင်းလာတယ်ဗျ၊ ဒေါ်ပျင်းကြီးလည်းပျောက်သွားသလို အိမ်ကြီးတစ်ခုလုံးကလည်း ရုတ်ခြည်းပျောက်ကွယ်သွားပြီးတော့ ခြံံဝိုင်းအလွတ်ကြီးသာ ကျန်နေခဲ့တော့တာဗျ၊ ကျုပ်လှည့််ကြည်လိုက်တော့ ဦးဘသာတစ်ယောက် မန်ကျည်းပင်ကြီးအောက်မှာ ကလေးတစ်ယောက်လို ငုတ်တုတ်ကလေးထိုင်လို့ဗျ၊ ကျုပ်လည်း သူ့အနားကိုကပ်ခဲ့တာပေါ့။

“ဦးဘသာ၊ ဗျို့၊ ဦးဘသာ”

ကျုပ်ခေါ်တာကို မကြားဘဲနဲ့ တစ်ခုခုကိုတွေးနေတဲပုံပဲဗျ၊ ဒါနဲ့ ကျုပ်လည်း မန်ကျည်းပင်အပေါ်ကို တက်မယ်ပြင်ရင်း သစ်ပင်ကိုလက်အုပ်ချီပြီး ခွင့်တောင်းလိုက်တယ်၊ ပြီးတော့ သစ်ပင်ကိုတက်မယ်အလုပ်မှာ

“နေအုံးအလတ်ကောင်၊ မင်းတက်စရာမလိုတောဘူူး”

“ဘာဗျ၊ ဒါဆိုမန်ကျည်းသီးတွေ မဆွတ်တော့ဘူးလား”

ဦးဘသာက မတ်တပ်ရပ်လိုက်ပြီးတော့

“အရင်တုန်းကတော့ ဘိုးဘိုးတွေက ဆွတ်ပေးတာပဲကွ”

ဦးဘသာက မန်ကျည်းပင်ကြီးရဲ့ ပင်စည်ကိုလက်နဲ့ပုတ်ပြီးတော့ အပင်ပေါ်ကိုမော့ကြည်တယ်။

“ဘိုးဘိုးတို့ရေ၊ ထုံးစံံံံအတိုင်း မန်ကျည်းတစ်တင်းလောက် ဆွတ်ပေးစမ်းပါ”

ဒီလိုအော်လိုက်တော့ မန်ကျည်းပင်အောက်မှာ ကျုပ်ချထားတဲ့ တင်းတောင်းကြီးထဲကို မန်ကျည်းသီးတွေ တဖြုတ်ဖြုတ်ပြုတ်ကျတော့တာပဲဗျာ၊ ကျလာတဲ့မန်ကျည်းသီးတွေကလည်း ကောင်းပေ့၊ ညွန့်ပေ့ဆိုတဲ့အသီးတွေဗျ၊ ကျုပ်တို့ဆွတ်ရင်တော့ ကိုယ်မီတဲ့နေရာလောက်က ရှိသမျှအသီး အကုန်ဆွတ်တာမဟုတ်လား၊ အဲဒီထဲမှာ ပိုးထိုးထားတဲ့အသီးတို့၊ နေလောင်ပြီးခြောက်နေတဲ့အသီးတို့လည်း ပါတာပေါ့၊ အခုကတော့ ဒီလိုမဟုတ်ဘူးဗျာ၊ အသီးတွေက တကယ့်ကိုအကောင်းဆိုတဲ့အသီးတွေချည်းပဲဗျ။ ဦးဘသာကတော့ ပြုံးနေရင်း သစ်ပင်ပေါ်ကိုမော့ကြည့်နေတယ်။ သစ်ပင်ကြီးက တဖြန်းဖြန်းလှုပ်လို့ဗျ။

တစ်တင်းဆိုတဲ့အတိုင်းပဲ တင်းတောင်းကြီးမောက်လျှံံသွားတော့ ရပ်တန့်သွားတော့တာပဲဗျာ၊ ကျုပ်လည်း တင်းတောင်းပေါ်မှာ ပုဆိုးလွှမ်းပြီးတော့ တောင်းကြီးကိုထမ်းလိုက်တာပေါ့၊ ပြီးတော့ ဦးဘသာကြီးနဲ့အတူတူ အဲဲဒီခြံဝိုင်းထဲကနေထွက်လာခဲ့ကြတယ်၊ အပြန်လမ်းတော့ ဦးဘသာက စကားတစ်ခွန်းမှမပြောဘူးဗျ၊ ကျုပ်လည်း မေးမနေတော့ပါဘူး၊ ရွာအဝင်နားရောက်တော့မှ ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့

“အလတ်ကောင်၊ မင်းပြောတာများ ဟုတ်နေပြီလားမသိဘူးကွ”

“ဘာလဲဗျ၊ အဆုံးမရှိ၊ အစမရှိနဲ့ ဘာကိုဟုတ်တာလဲ”

“ငါ့အမေလည်းစုန်း၊ ငါလည်း စုန်းဆိုတာလေကွာ”

ကျုပ်လည်း ဘာမှမပြောတော့ဘဲ ပြံံုံးပြီးတော့ပဲ ကြည့်နေလိုက်တယ်ဗျ၊ ဒီအတိုင်းဆို ကျုပ်ထင်တာမှန်နေပါပြီဗျာ၊ ဦးဘသာက သူ့အမေနဲ့ပတ်သက်တာတွေ ပြန်တွေးမိရင် တစ်ခုခုကိုတော့ ပြန်သိလာတဲ့ပုံပဲဗျ၊ ဒါနဲ့ ကျုပ်တို့လည်း ရွာထဲကိုဝင်ခဲ့တာပေါ့ဗျာ။

(၄)

ဘုံဆိုင်ပင်ထဲမှာ အကြီးအကျယ်ဆုံး၊ ပြဿနာအတက်ဆုံးဘုံဆိုင်ပင်ကိုပြောပါဆိုရင်တော့ ရွာလယ်က မန်ကျည်းပင်ကြီးပေါ့ဗျာ၊ မန်ကျည်းပင်ကြီးသက်တမ်းက နှစ်ပေါင်းဘယ်လောက်ရှိသလဲဆိုတာ ဘယ်သူမှသိဘူး၊ တစ်ချို့ကတော့ နှစ်ပေါင်းနှစ်ရာရှိပြီ၊ သုံးရာရှိပြီလို့မှန်းကြတယ်၊ ဖက်လိပ်ရွာကနေ ကပ်ဆိုးကျလို့ ဇီးကုန်းရွာကိုပြောင်းလာကတည်းက ဒီအပင်ကြီးရှိနေတာကိုးဗျ၊ ဒီတော့ ရွာလူကြီးဖြစ်တဲ့အဘိုးက ဒီအပင်က ရွာသားတွေအားလံုံးနဲ့ဆိုင်တဲ့ ဘုံဆိုင်ပင်လို့ ပြောလို့တစ်ရွာလုံးနဲ့ ဆိုင်တဲ့အပင်ကြီးဖြစ်သွားပါရောလား။ မန်ကျည်းပင်ဆိုပေမယ့် တစ်ပင်တည်းမဟုတ်ဘူးဗျ၊ သုံးပင်အတန်းလိုက်ကြီးပေါက်နေတာဗျ၊ မန်ကျည်းပင်ကြီးတွေ အသက်ကြီးသွားပြီဆိုပြီး အထင်မသေးနဲ့ဗျို့၊ သီးအားခဲအားကတော့ လွှတ်ကောင်းဗျာ၊ အဲဒီမန်ကျည်းပင်ကြီးက မန်ကျည်းသီးဆွတ်ပြီဆိုရင်တော့ ပြဿနာတစ်ခုပေါ်ပြီပေါ့၊ မန်ကျည်းသီးကို ဘုံခွဲတဲ့ကိစ္စပေါ့ဗျာ။

အဖေ့အတွက်လည်း စိန်ခေါ်မှုတစ်ခုလို့ ကျုပ်ကတော့ထင်တယ်၊ တစ်ရွာလုံးနဲ့ဆိုင်တာဆိုတော့ တစ်ရွာလုံးရမှဖြစ်တော့မှာပေါ့ဗျာ၊ လူတွေဆိုတော့လည်း အလကားတော့ ရချင်ကြသား၊ အဲဒီမှာအဝေမတည့်လို့ကတော့ ဟိုလူ့ကိုမျက်နှာလိုက်တယ်၊ ဒီလူ့ကိုမျက်နှာလိုက်တယ်နဲ့၊ မန်ကျည်းသီး လက်တစ်ဆုပ်လောက်နဲ့ ရန်တွေစောင်ကုန်ကြတာပေါ့ဗျာ။

ဟိုတစ်နှစ်ကလည်း အဖေခွဲဝေပေးတာ မမျှဘူးဆိုပြီး ပြဿနာတွေ တက်ထားဖူးတယ်ဗျ၊ နောက်ဆးအဖေက ဒီလောက်ဖြစ်လှတာဆိုပြီး မန်ကျည်းသီးတွေအကုန်လုံးကို ရွာဦးကျောင်းဆရာတော်ကို လှူထည့်လိုက်တော့မှပဲ ပြဿနာတစ်ရန်အေးသွားတယ်ဗျ၊ ဆရာတော်ကိုလှူတယ်ဆိုတော့လည်း ဘယ်သူကပြောရဲတော့မှာလဲဗျာ၊ ရွာဦးကျောင်းက ကပ္ပိယကြီးကတော့ မန်ကျည်းသီးတွေ စားရလွန်းလို့ သွားတွေကြိမ်းပြီး၊ ပါရလွန်းလို့ ဖင်တွေလည်းကြိမ်းနေတာပဲတဲ့ဗျာ။

ဒီနှစ်လည်း လူတွေက တော်တော်ကိုမျှော်လင့်ထားတယ်ဗျ၊ အဖေက ရွာဦးကျောင်းကိုလှူမှာစိုးလို့တောင် မလှူဖို့ဝိုင်းပြောနေကြသေးတာ၊ သူကြီးဆိုတော့ ခေါင်းရှောင်လို့လည်းမကောင်းဘူးပေါ့ဗျာ၊ အဖေကတော့ အဲဒီကိစ္စကို ဓါတ်တော်ဝေတယ်လို့ တင်စားပြီးခေါ်သဗျ။

“အဖေကလည်း မန်ကျည်းသီးခွဲတာကိုများ ဘာလို့ ဓါတ်တော်ဝေတယ်လို့ ပြောရတာလဲဗျ”

“ဟ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ကြွင်းကျန်ရစ်တဲ ဓါတ်တော်တွေကိုလိုချင်ကြလို့ တိုင်းပြည်ရှစ်ခုက ဘုရင်တွေက စစ်အင်္ဂါခင်းပြီးတော့ စစ်ဖြစ်ဖို့လာတယ်မဟုတ်လား၊ အဲဒီမှာ ဒေါဏပုဏ္ဍားကြီးက အညီအမျှခွဲဝေပေးလိုက်လို့ စစ်မဖြစ်တော့ဘဲ အေးအေးချမ်းချမ်းနဲ့ပြီးသွားကြတယ်လေ၊ အခုလည်း အဲဒီမန်ကျည်းသးပင်ကိစ္စကလည်း ဒီလိုပဲကွ၊ ငါဖြင့် ဒေါဏ ပုဏ္ဍားကြီးသာရှိရင် သူ့ကိုပဲ ခွဲဝေခိုင်းချင်တယ်ကွာ၊ ဒီမန်ကျည်းသီးလောက်နဲ့ ရပ်ထဲရွာထဲမှာ ရန်မဖြစ်စေချင်တော့ဘူးကွ”

ဒီလိုနဲ့ အဖေကြောက်တဲ့ နေ့ကိုရောက်လာပါရောဗျာ၊ မန်ကျည်းသးပင်က အသီးတွေကိုခူးဆွတ်ပြီးတော့ အပင်အောက်မှာပဲ ဖျာကြမ်းကြီးတွေခင်းပြီး ပုံထားကြတာပေါ့၊ ရွာကလူတွေလည်း အဖေဘယ်လိုခွဲမလဲဆိုတာ သိချင်တာကလည်းတစ်ကြောင်း၊ ပညာစမ်းချင်တာကလည်း တစ်ကြောင်းနဲ့ ရောက်နေကြတာပေါ့ဗျာ၊ ခွဲတောင်မခွဲရသေးဘူး မန်ကျည်းသီးဘယ်လောက်ရှိသလဲဆိုပြီး ရေတွက်နေရုံနဲဲ့တင် ပြဿနာထဖြစ်ကြပါရောလား၊

ဒီလိုဆူဆူညံံံံညံဖြစ်နေတုန်း ဦးဘသာကြီးက ရောက်ချလာတယ်ဗျ၊ ပြီးတော့ အဖေ့ကိုကြည့်ပြီး

“သူကြီး၊ ကျုပ်အညီအမျှခွဲပေးရမလား”

အဖေကလည်း အကူအညီရမလားဆိုပြီးတော့ ခေါင်းညိတ်လိုက်တာပေါ့ဗျာ၊ အဲဒီမှာ ဦးဘသာက မန်ကျည်းသီးပုံနားမှာရပ်ပြီးတော့ ပြည်တောင်းတစ်လုံးကောက်ယူလိုက်တယ်ဗျ။

“ကဲ၊ ကဲ၊ တစ်ရွာလုံးကလူတွေ တစ်အိမ်တစ်ယောက် လာကြစမ်း၊ တစ်အိမ်ကို တစ်ပြည်ရမယ်ဟေ့”

ရွာကလူတွေက ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးကုန်တာပေါ့ဗျာ၊ ဒါနဲ့ လူတွေ သူ့ထက်ငါ အလုအယက်တန်းစီတယ်ဗျ၊ တစ်အိမ်ကိုတစ်ပြည်တောင်ရမှာဆိုတော့ နောက်ကျလို့ ကုန်သွားမှာစိုးတာကိုး၊ ဦးဘသာကလည်း မန်ကျည်းသီးပုံကြီးထဲကို ပြည်တောင်းနဲ့ခပ်ခပ်ပြီးထည့်ပေးတယ်၊ လူတွေကလည်း တစ်အိမ်တစ်ပြည်ယူပြီး ပြန်ကြတာပေါ့ဗျာ၊ တစ်ချို့များဆိုရင် ဦးဘသာကိုင်ထားတဲ့ ပြည်တောင်း မပြည့်မှာစိုးလို့ဆိုပြီးတော့ သူတို့ပြည်တောင်းထဲကို ပြန်ချင်ကြည့်ကြသေးသဗျ၊ ပြန်ချိန်ကြည့်တော့လည်း ကွက်တိပဲပေါ့။

ဒီလိုနဲ့ တစ်အိမ်ကိုတစ်ပြည် ဝေလာလိုက်တာ၊ နောက်ဆံုံးတစ်ပြည်ပဲကျန်တယ်ဗျ၊ အိမ်ပေါက်စေ့လူတွေလည်း စုံအောင်ရသွားတာ အံ့သြစရာကြီးပါဗျာ၊ ဒါနဲ့ ကျုုပ်လည်း ကျန်တဲဲ့တစ်ပြည်ကိုလက်ညှိုးထိုးလိုက်တယ်။

“ဦးဘသာ၊ ဒီတစ်ပြည်ကရော ဘယ်သူ့အတွက်လဲ”

“ဟေ့ကောင်၊ ဒီသစ်ပင်ကြီးက တစ်ရွာလုံးနဲ့ဆိုင်တယ်လေကွာ၊ ဒီတော့ ကျန်တဲ့တစ်ပြည်က ငါ့အတွက်ပေါ့ကွ”

ဦးဘသာ မန်ကျည်းသီးဝေကတည်းက မလောက်မငှဖြစ်ရင်၊ အချိန်မှားရင်၊ နည်းတာပိုတာဖြစ်ရင်ဆိုပြီးတော့ ဘေးနားက ရန်တွေ့ဖို့ ဝိုင်းပြီးကြည့်နေတဲ့သူတွေလည်း အကုန်လုံးသက်ပြင်းချပြီး ပြန်သွားလေရဲ့ဗျာ၊ တိကျတာမှ ဖျာကြမ်းကြီးပေါ်မှာ မန်ကျည်းသီးတစ်တောင့််တောင် မကျန်ခဲ့ဘူးဗျ။ အဖေလည်း အဲဒီတော့မှ သက်ပြင်းချနိုင်တော့တာပဲ။

“တော်ပါသေးရဲ့၊ ဒေါဏပုဏ္ဍားကြီးနဲ့ တွေ့လို့” ဆိုပြီး တိုးတိုးလေး ရေရွတ်လိုက်တာကို ကျုပ်ကြားမိအောင် ကြားလိုက်သေးတယ်ဗျာ။

ကျုပ်ကတော့ စဉ်းစားမိတယ်ဗျာ၊ တစ်အိမ်ထောင်တစ်ပြည်ဆိုတာ မနည်းဘူးဗျ၊ ဒီတော့ ဒီမန်ကျည်းသီးတွေကပဲ ပွားလာတာလား၊ ဦးဘသာပဲဲ ပြည်တောင်းကို တစ်ခုခုလုပ်ထားတာလားဆိုတာ ကျုပ်တော့မတွေးတတ်တော့ပါဘူးဗျာ၊ ကျုပ်ကတော့ ဦးဘသာကြီး ပညာနဲဲ့လုပ်လိုက်တယ်လို့ပဲ မှတ်တယ်။ ဒီလိုနဲ့ တစ်နှစ်တစ်ခါကြုံရတဲ့ ဘုံဝေစုခွဲတဲ့ ဘုံဆိုင်ပင်ကိစ္စကြီးလည်း ပြီးသွားတော့တာပေါ့ဗျာ၊

ပြီးပါပြီ။

အဂ္ဂဇော်