ပျောက်မှာစိုးလို့ ခြင်ထောင်ထဲထည့်ပြီးအိပ်တဲ့လူဗျာ။
ကိုဂျမ်းက ကြက်သမားဆိုတော့ သွားလေရာကြက်ခေါ်သွားတာမဆန်းဘူးဗျ၊ ဒါပေမယ့် အခုတစ်ခေါက်ရွာကိုရောက်လာတယ်ဆိုတာကတော့ ဆန်းတယ်ဗျို့၊ ကြက်လည်းပါလာပုံထောက်တော့ ရွာဘက်နားမှာ ဝိုင်းကောင်းရှိလို့လာတာဖြစ်မှာဗျ။ ကိုဂျမ်းက ထောက်ရှာရိုးရွာသားဗျ၊ အမေက ထောက်ရှာရိုးရွာသူကိုးဗျာ၊ အမေ့အမျိုးတွေတော်တော်များများ ထောက်ရှာရိုးမှာရှိသဗျ၊ ထောက်ရှာရိုးရွာဆိုတာ ကျုပ်တို့ရွာနဲ့ တော်တော်တော့လှမ်းသဗျ၊ ရွာကနေ လှည်းနဲ့တောင်မှ မနက်မိုးလင်းခါနီးထွက်ရင် ထောက်ရှာရိုးကို ညမိုးကြီးချုပ်လောက်မှရောက်တတ်တာဗျ။
ဒီနေရာမှာ ကိုဂျမ်းအကြောင်းလေး ကြုံတုန်းပြောပြချင်သဗျာ၊ ကိုဂျမ်းက အမေ့မောင်အငယ်ဆုံးဗျ၊ အမေတို့ကလည်း ဆွေကြီးမျိုးကြီးထဲကပဲဗျာ၊ မွေးချင်းတယ် ဆယ်ယောက်ရှိတယ်၊ ဒါပေမယ့် ကိုဂျမ်းက အမေနဲ့တော့ ဖအေတူမအေကွဲတွေဗျ၊ အမေရဲ့အဖေ၊ ကျုပ်တို့အဘိုးက အသက်ခြောက်ဆယ်ရှိတော့မှ အသက်နှစ်ဆယ်အရွယ်မိန်းကလေးကိုယူတယ်တဲ့ဗျာ၊ အဲဒီမိန်းကလေးက ကိုဂျမ်းကိုမွေးခဲ့တာပေါ့၊ ဒါကြောင့် ကိုဂျမ်းက ကျုပ်ဦးလေးဆိုပေမယ့် ကျုပ်နဲ့အသက်က မတိမ်းမယိမ်းပဲဗျ၊ အလွန်ဆုံးရှိလှ သုံးဆယ်ပေါ့ဗျာ။
စနေသား နေတက်ရေတက်မှာမွေးလို့ အေးအေးချမ်းချမ်းဖြစ်အောင်ဆိုပြီး နာမည်ကို ကိုရေချမ်းလို့ပေးထားသဗျာ၊ ကိုရေချမ်းက ငယ်ငယ်ကတည်း မိုက်တယ်၊ ဂျစ်ကန်ကန်ပဲဗျ၊ ဒါကြောင့် ရေချမ်းနာမည်က ချမ်းဆိုတာပျောက်ပြီးတေ့ ဂျမ်းဆိုတဲ့နာမည်ဖြစ်သွားသဗျာ၊ တစ်ရွာလုံးကလည်း ငဂျမ်းလို့ခေါ်တာကြောင့် ရေချမ်းကနေ ကိုဂျမ်းဖြစ်သွားပါရောလား၊ ကိုဂျမ်းကနာမည်အတိုင်း ခပ်ကြမ်းကြမ်းပဲဗျ၊ ရွာခံလူမိုက်ဆိုရင်လည်း မမှားဘူးပေါ့ဗျာ၊ ဒါပေမယ့် ကိုဂျမ်းဝါသနာအပါဆုံးကတော့ ကြက်ပဲဗျ၊ ဘယ်လောက်တောင ဝါသနာပါသလဲဆိုရင် ငယ်ငယ်က ဘုန်းကြီးကျောင်းမှာစာသင်ရင်း ကျောင်းဝင်းထဲကကြက်တွေကို အိုးမဲသုတ်၊ ပြာလူးပြီးတော့ အချင်းချင်းပြန်ခွပ်ခိုင်းတာဗျ၊ အိမ်ကြက်ချင်းအိုးမဲသုတ်ပြီးခွပ်ခိုင်းတယ်ဆိုတာ ဒါမျိုးပေါ့၊ ဒါကြောင့်လည်း ရွာကျောင်းက သူ့ကိုမောင်းထုတ်လိုက်တော့ အဲဒီကနေ ကြက်သမားလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါရောဗျာ။ ခုတော့ ကြက်သမားကြီးလုံးလုံးဖြစ်နေပြီပေါ့ဗျာ။
အဖေမတူပေမယ့် အမေတို့မောင်နှမတွေက ကိုဂျမ်းကိုတော့ ချစ်ရှာသားဗျ၊ မောင်နှမဆိုတာထက်ကို သားလေးတစ်ယောက်ကိုချစ်သလိုမျိုးချစ်ရှာတာ၊ ထောက်ရှာရိုးက အမျိုးတွေဆိုရင်လည်း ကိုဂျမ်းဆိုးတာမိုက်တာသိပေမယ့် ချစ်လိုက်ကြတာ တုန်လို့ဗျ၊ ကိုဂျမ်းကချစ်မွှေးပါတယ်လို့တော့ ပြောလို့ရတယ်၊ ပြဿနာဖြစ်ရင်လည်း အမျိုးတွေက လိုက်ရှင်းတာပဲဗျာ၊ ဒါကြောင့်လည်း သူက အမျိုးအားကိုးနဲ့ ဆိုးနေတာဖြစ်မှာဗျ။
ထမင်းဝိုင်းရောက်တော့ အမေက ကိုဂျမ်းကို ဟင်းတွေဘာတွေခပ်ထည့်ပေးရှာတယ်၊ ကိုဂျမ်းက အကိုကြီးထက်တော့ တစ်နှစ်လားငယ်တယ်ဗျ၊ ဒါပေမယ့်လည်း ဝါစဉ်ကကြီးတယ်ဆိုတော့ သူ့ကိုလေးလေးစားစားဆက်ဆံကြပါတယ်။
“စားနော် ငဂျမ်း၊ နင်ရောက်လာလို့ ထမင်းနှစ်လုံးထပ်ချက်ထားတယ်၊ ကုန်မှာမကြောက်နဲ့ စားသာစား”
ကိုဂျမ်းက ပလုပ်ပလောင်းနဲ့ကိုစားတာဗျာ၊ တစ်ထွာလောက်ရှိတဲ့ ယာထွက်သခွားသီးကြီးကိုင်ပြီး ငါးပိချက်ထဲတို့ပြီး တဂျွမ်းဂျွမ်းကိုက်လိုက် ထမင်းတွေကျုံးစားလိုက်နဲ့ ကိုဂျမ်းစားတာ အားရစရာကြီးဗျာ၊
“ကောင်းလိုက်တာ မလတ်ရာ၊ ပြောမယ့်သာပြောတာ မောင်နှမတွေထဲမှာ မလတ်က ဟင်းချက်အတော်ဆုံးပဲဗျာ၊ ဒီငါးပိချက်တစ်ခုနဲ့တင် တခြားဟင်းကိုမလိုလောက်အောင် ကောင်းတာဗျ”
အမေကတော့ ပြုံးဖြီးဖြီးနဲ့ဗျ၊ အဖေက ကိုဂျမ်းကိုမျက်စောင်းထိုးပြီးတော့
“ရောက်တဲ့အိမ်တိုင်း မင်းဒီစကားပြောနေကျဆိုတာ ငါမသိဘူးထင်နေလား ငဂျမ်းရ”
“ဟာ၊ ဒါတော့ ကျုပ်လိမ်မပြောပါဘူးသူကြီးရာ”
အဖေက လက်ဆေးရင်း
“ဒီမှာ ငဂျမ်း ငါတစ်ခုကြိုပြောလိုက်မယ်၊ မင်းတို့ကြက်ဝိုင်းထောင်တာလည်း ထောင်တာပေါ့၊ ရှုပ်ရှုပ်ယှက်ယှက်တွေ ငါမကြားချင်ဘူးနော်၊ ကြားများကြားရလို့ကတော့ မင်းဒီငါးပိချက်ကို ခုနစ်ရက်လောက် စားသွားရမယ်မှတ်”
“ခုနစ်ရက်လောက်ကတော့ စားနိုင်ပါတယ်ဗျာ”
“ဟ၊ ငါကမင်းကိုရွဲ့ပြောနေတာဟ၊ ကြက်ဝိုင်းကနေ ပြဿနာစတယ်ကြားလို့ကတော့ မင်းကိုငါကိုယ်တိုင်ဖမ်းပြီး တစ်ပတ်လောက်ထိပ်တုံးခတ်ပစ်လိုက်မယ်ကွ”
အဖေပြောတော့မှ ကိုဂျမ်းကငိုင်ကျသွားတယ်၊ အမေက ကိုဂျမ်းကိုကြည့်ရင်း
“ငဂျမ်းရင် နင်လည်းသားနဲ့မယားနဲ့ဖြစ်နေပါပြီ၊ အပျော်အပါးတွေလျော့ပါဟဲ့”
“အို အမလတ်ကလဲ ကျုပ်က ဘာမဟုတ်တာလုပ်နေလို့လဲဗျ၊ အရက်ဆိုရင်လည်း ကျုပ်နေ့တိုင်းတောင်မသောက်ဘူးဗျာ၊ မိန်းမကိစ္စဆိုရင်လည်း ရှင်းတယ်၊ ဖဲတို့၊ ဖိုးတို့၊ ဖာတို့ဆိုတာလည်း ခပ်ကင်းကင်းပဲ၊ ရွာမှာလယ်ထွန်ပြီး ကောင်းရာကောင်းကြောင်းလုပ်ကိုင်စားနေတာပါဗျ”
“ကြက်တိုက်တာ ဖျင်းတာပေါ့ကွ၊ ဒါလည်းအပျော်အပါးပဲ ငဂျမ်းရ”
“အို၊ သူကြီးကလဲဗျာ၊ ဒါကတော့ လူတိုင်းမှာ ဝါသနာတစ်ခုတော့ရှိတယ်မဟုတ်လား၊ စာဖတ်ဝါသနာပါတဲ့လူက စာဖတ်တာပဲ၊ ငါးဖမ်းတာဝါသနာပါတဲ့လူကျတော့ ဟင်းစားရှိရှိမရှိရှိ ရိုးချောင်းဘေးသွားထိုင်တတ်ကြတာပဲမဟုတ်လား၊ ကျုပ်ကတော့ ဒီကြက်ဆိုတာကို သိပ်ဝါသနာပါတာဗျ၊ ကိုယ်ဝါသနာပါတာလေး ကိုယ်လုပ်တာကို ဖျင်းတယ်တော့ မပြောပါနဲ့ဗျာ”
အဖေက လက်လျော့လိုက်တော့တယ်၊ ကိုဂျမ်းက ကြက်သမားဆိုပေမယ့် အချိန်ပြည့်ကြက်တိုက်ပြီးတော့ လောင်းကစားလုပ်နေတာလည်းမဟုတ်ဘူးဗျ၊ ပြီးတော ကျုပ်တို့တုန်းက ကြက်ဝိုင်းဆိုတာ ပိုက်ဆံနဲ့ချည်းကစားတာမဟုတ်လေတော့ အဖေကလည်း ဆက်မပြောတော့ဘူးပေါ့ဗျာ။
“ဟင်းကတော့ ကောင်းပါတယ်အမလတ်ရာ၊ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် အမချက်တဲ့ တောကြက်သားဟင်းတော့ စားချင်သားဗျ”
အမေက အကိုကြီးကိုကြည့်တယ်။
“အကြီးကောင်၊ တောကြက်က ဒီအချိန်ရှိသေးလို့လား”
“ရှိတာပေါ့အမေရ၊ ခင်မတန်းကြားမှာ တောကြက်တွေဆိုရင် ပေါဌေးလို့ပေါ့ဗျ”
“ဒါဖြင့် နင်တို့မနက်ဖြန် ကြက်သွားထောင်ကြစမ်းဟာ၊ ငဂျမ်းကိုလည်း တောကြက်ချက်ကျွေးရမယ်၊ နင့်အဖေလည်း တောကြက်သားဆို သိပ်ကြိုက်တယ်မဟုတ်လား၊ ကာလသားခေါင်း ငမြင့်ဆီမှာ တည်ကြက်မတစ်ကောင်ရှိတယ်၊ နင်တို့ခဏငှားပြီး ကြက်သွားတည်ကြပေါ့”
အမေက သူ့မောင်စားဖို့အတွက်ကျတော့ အကွက်ကျကျနဲ့ကို စီစဉ်ပေးနေတော့တာပဲဗျာ၊ အကိုကြီးက ကိုဂျမ်းနဲ့သိပ်မတည့်ဘူးဆိုတော့
“မနက်ဖြန်တော့ ကျုပ်မအားဘူးအမေရ”
ဒါနဲ့ နောက်ဆုံးတော့ ဒီတာဝန်က ကျုပ်ပခုံးပေါ်ရောက်လာတယ်ဆိုပါတော့ဗျာ၊ ကျုပ်လည်း သိပ်တော့မလုပ်ချင်ဘူးဗျ၊ ခင်မတန်းဆိုတာ သရဲခြောက်တယ်မဟုတ်လားဗျာ၊ အဲဒီမှာ တောကြက်ပေါတယ်ဆိုပေမယ့် ရွာကလူတွေသွားပြီးမထောင်ကြတာပဲကြည့်လေဗျာ။
“ဟိုအမေ၊ ကျုပ်လည်း မနက်ဖြန် ရွာထိပ်ကိုသွားစရာရှိ . . .ရှိ”
“မလိုချင်ဘူးအလတ်ကောင်၊ ငါကသွားဆိုရင် သွားလိုက်စမ်းပါ၊ ငါပြောတာနားမထောင်ရင် နင်ဘာဖြစ်မယ်ဆိုတာကိုသာ တွေးထားလိုက်”
အမေက ဗီတိုအာဏာကိုထုတ်သုံးတယ်ဗျာ၊ ကျုပ်က အဖေ့ကိုတစ်ချက်ကြည့်လိုက်သေးတယ်၊ အဖေလည်း တောကြက်သားစားချင်ပုံရတယ်ဗျ၊ ဘာမှမပြောဘဲ ပြုံးစိစိနဲ့ပြန်ကြည့်တယ်၊ နောက်ဆုံးတော့ ကျုပ်လည်း ခေါင်းညိတ်လိုက်ရတော့တယ်၊ သိတယ်မဟုတ်လား၊ အိမ်ကလူတွေက ခိုင်းဖို့ပြုဖို့ဆိုရင် ကျုပ်ပဲမြင်ကြတာကိုးဗျ။
(၂)
နောက်တစ်နေ့မိုးလင်းတော့ ကျုပ်မှာ မထချင်ထချင်နဲ့ထရတယ်ဗျ၊ အမေက ကျုပ်ကိုတွန်းနေပြီလေဗျာ။
“အလတ်ကောင် စောစောထပြီးသွားဟဲ့၊ နင်က မနိုးသေးပေမယ့် နင့်ပထွေးကြက်တွေက နိုးပြီးလို့ မနက်စာတောင်ဝနေလောက်ပြီ”
ကျုပ်အိပ်ရာက ကုန်းထရတော့တယ်၊ ဘေးနာမှာခွေခွေလေးအိပ်နေတဲ့ အငယ်ကောင့်ကိုလှုပ်နှိုးရင်း
“အငယ်ကောင်၊ ငါနဲ့အတူတူ ခင်မတန်းဘက် လိုက်ခဲ့စမ်းပါကွာ”
“ဟာဗျာ၊ အကိုလတ်ပဲသွား ကျုပ်မလိုက်ချင်ဘူး”
“လုပ်စမ်းပါကွ၊ ငါအဖော်မရှိလို့ပါ၊ မင်းလည်းတောကြက်သားစားရတာပေါ့ကွာ”
“ဟာ၊ ကျုပ်ကိုခိုင်းတာမှမဟုတ်တာ၊ ကျုပ်မလိုက်ဘူး၊ ကျုပ်မသွားဘူးဗျာ”
အငယ်ကောင်က တစ်ဖက်ကိုလှည့်လိုက်ပြီးတော့ ပုဆိုးခြုံပြီးအိပ်ပါရောဗျာ၊ အငယ်ကောင်ဆိုတဲ့ကောင်ကလည်း စောက်ပျင်းဗျ၊ တစ်ခါမှ ခိုင်းလိုက်ရင် လုပ်တယ်ဆိုတာမရှိဘူး၊ အငယ်ကောင့်ကို ကျိန်ဆဲရင်း ကျုပ်မျက်နှာသစ်လိုက်တယ်၊ ပြီးတော့ ပုခုံးပေါ်ပုဆိုးတင်၊ ခမောက်တစ်ခုကိုဆောင်းလိုက်ရင်း ဓါးမခါးကြားထိုးပြီးတော့ အိမ်ကနေထွက်လာခဲ့ပါရောဗျာ။
ကာလသားကိုမြင့်အိမ်ရောက်တော့ ကိုမြင့်ဆီက တည်ကြက်ငှားတယ်ဗျ၊
“ဟေ့အလတ်ကောင်၊ တည်ကြက်ငှားရင် ဟင်းစားပေးရတယ်နော်ကွ၊ တစ်ကောင်မပေးချင်ရင်တောင် တစ်ခြမ်းတော့ပေးကွာ”
“ပေးမယ်ဗျာ၊ တစ်ကောင်ပေးမယ်၊ ဒါနဲ့ ကိုမြင့်အားရင် ကျုပ်နဲ့ ခင်မတန်းဘက်ကိုလိုက်ခဲ့ပါလား”
ကိုမြင့်က မျက်ခုံးပင့်လိုက်ပြီး
“ဟေ့အေး၊ ငါမအားဘူးကွ၊ လိုက်လို့မရဘူး”
ကျုပ်ကိုခပ်ပြတ်ပြတ်ပြောပြီး အိမ်ထဲဝင်သွားပါရောဗျာ၊ အချိန်က မနက်နေထွက်စ ခြောက်နာရီလောက်အချိန်ပေါ့ဗျာ၊ ကျုပ်တည်ကြက်ကလေးပိုက်ရင်း ရွာလမ်းအတိုင်းလျှောက်လာတော့ ရွာထိပ်နားမှာ ဦးဘသာနဲ့ နွားတစ်အုပ်ကိုတွေ့လိုက်ရပါရောဗျာ၊ ဒီတော့မှ ကျုပ်လည်းအားတက်သွားတယ်။
“ဦးဘသာ . . .ဗျို့ ဦးဘသာ”
ဦးဘသာက လှည့်ကြည့်ရင်း
“အောင်မယ် ကျားသားမိုးကြိုး အလတ်ကောင်တို့အစောကြီးနိုးနေပါလားဟေ့၊ လက်ထဲမှာလည်း ကြက်ကြီးနဲ့ပါလားကွ”
“ခင်မတန်းဘက်သွားပြီး တောကြက်ထောင်မလို့ပါ ဦးဘသာရဲ့၊ ဒါနဲ့ ဦးဘသာ ကျုပ်နဲ့လိုက်ခဲ့ပါလား”
“ခင်မတန်းဘက်က မြေကြမ်းတယ်ကွ၊ အရင်တုန်းကဆို ကျတ်ကုန်းလို့ပြောကြတယ်မဟုတ်လား၊ တစ်လောက မောင်မြင့်တို့ကာလသားခြောက်ယောက် ကြက်သွားထောင်ရင်း သရဲခြောက်ခံရလို့ ထွက်ပြေးလာကြတာ ပုဆိုးတောင်ပါမလာဘူးမဟုတ်လားကွ”
ဦးဘသာပြောတာကြားတော့ ကျုပ်ဖြင့် ခေါင်းမွှေးတွေပါထောင်တက်သွားပါရောဗျာ၊ ဒါကြောင့်နေမှာဗျ၊ ခင်မတန်းမှာ ကြက်ထောင်မယ်လို့ခေါ်တော့ ကိုမြင့်မျက်နှာပျက်သွားတဲ့အကြောင်းကို ကျုပ်အခုမှသိတော့တယ်။
“ဦးဘသာရာ ကျုပ်အဖော်မပါလို့ လိုက်ခဲ့ပေးစမ်းပါဗျ”
“ဒီတစ်ခါတော့ ငါမကူညီနိုင်တော့ဘူးအလတ်ကောင်ရေ၊ ငါ့မှာလည်း နွားတစ်အုပ်နဲ့ကွ၊ သတိထားသွားအုံးအလတ်ကောင်ရေ၊ တော်ကြာ တောကြက်မမိဘဲ ကျတ်ကမိန်းမယောင်ဆောင်ပြီး မင်းကိုဖျားယောင်းထားလို့ ကျတ်မနဲ့ငြားနေပါအုံးမယ်ကွ၊ ဟား . .ဟား”
ဦးဘသာက ကျုပ်ကြောက်မှန်းသိလို့ အရောက်ပို့တယ်ဗျာ၊ ကျုပ်လည်းမသွားဝံ့တော့ဘူးဗျ၊ ဒါနဲ့ ခပ်လှမ်းလှမ်းရောက်နေတဲ့ဦးဘသာကို အနောက်ကနေပြေးဖက်လိုက်တယ်၊ ဦးဘသာက အံ့သြသွားတယ်ဗျ။
“ဟာ အလတ်ကောင် ဘာလုပ်တာလဲ”
“ကျုပ်နဲ့လိုက်မလား မလိုက်ဘူးလား ဦးဘသာ”
“မလိုက်ဘူးကွ”
“ကဲဗျာ၊ မလိုက်ချင်အုံး မလိုက်အုံး”
ကျုပ်က ဦးဘသာချိုင်းကြားတွေ ခါးတွေကိုလက်နဲ့တို့ပြီး ကလိလှိမ့်ထိုးတော့တာပဲဗျာ၊ ဦးဘသာ သိပ်ယားတတ်တာ ကျုပ်သိတယ်မဟုတ်လား၊ ဦးဘသာက ပါးစပ်က တဟားဟားအော်ရင်း ရုန်းကန်နေတာပဲဗျာ။
“ဟေ့ကောင် လခွမ်း . . . တော်ပြီဟ၊ လိုက်ဆိုလိုက်ပါ့မယ်ကွာ၊ ကလိတော့မထိုးပါနဲ့”
ဦးဘသာက ကတိပေးတော့မှ ကျုပ်လွတ်လိုက်တယ်၊ ဦးဘသာက ပဆိုးကိုပြင်ဝတ်နေသဗျ။
“မင်းမလဲ လုပ်လိုက်ရင် အသည်းအသန်ကြီးပဲအလတ်ကောင်ရာ၊ ငါရယ်ရလွန်းလို့ သေးတောင်နည်းနည်းထွက်ကျသွားတယ်ဟ”
“ဒါအကင်းပဲရှိသေးတာဗျ၊ ကျုပ်နဲ့မလိုက်ရင် သေးဗြန်းဗြန်းထွက်အောင် ကလိထိုးထည့်လိုက်မှာ”
ဒီလိုနဲ့ ဦးဘသာနဲ့ကျုပ် ခင်မတန်းဘက်ကို အတူတူထွက်ခဲ့တာပေါ့ဗျာ၊ နွားအုပ်ကိုလည်း အဲဒီဘက်ကိုမောင်းခဲ့ကြတာပေါ့၊ ဦးဘသာက နဂိုကတည်းက ကျုပ်နဲ့လိုက်ချင်ပါတယ်ဗျာ၊ တမင်အိုက်တင်ခံပြီးလုပ်နေတာ ကျုပ်သိတာပေါ့ဗျ။
တစ်အောင့်လောက်သွားတော့ ခင်မတန်းဘက်ကို ရောက်လာပါရောဗျာ၊ အဲဒီမှာက တောကြက်တွေသိပ်ပေါတာဗျ၊ ခင်မတန်းဆိုတာကလည်း ရာဇဝင်ရှိတယ်ဗျ၊ ဟိုးအရင်ခေတ်က အဲဒီနေရာမှာ ရွာစုကလေးတစ်ခုရှိတယ်ဆိုပဲဗျ၊ ဆယ့်လေးငါးအိမ်လောက်ရှိတဲ့ ရွာစုကလေးပေါ့ဗျာ၊ အဲဒီရွာစုကို ခင်မတန်းလို့ခေါ်တာဗျ၊ ဒါပေမယ့် အင်္ဂလိပ်ခေတ်က အဲဒီရွာမှာ ပလိပ်ရောဂါဖြစ်သတဲ့ဗျာ၊ တစ်ရွာလုံး ပလိပ်ရောဂါဖြစ်ပြီး တစ်ပတ်နှစ်ပတ်အတွင်းမှာပဲ သေကြရောဗျို့၊ တစ်ယောက်စ နှစ်ယောက်စပဲ လွတ်တယ်ပြောတယ်၊ အဲဒီကတည်းက ခင်မတန်းကို ကျတ်ကုန်းကြီးလို့ပြောကြတာပဲဗျာ၊ အခုထိလည်း နေ့ခင်းကြောင်တောင်တောင် အခြောက်အလှန့်က ကြမ်းတယ်ဗျ။
ခင်မတန်းမရောက်ခင် မြက်ခင်းကြီးထဲမှာ ဦးဘသာက နွားအုပ်ကိုဖြန့်ပြီးလွှတ်လိုက်ပါရော၊ ခင်မတန်းမှာ သစ်ကြီးဝါးကြီးသိပ်မရှိဘူးဗျ၊ ဝါးရုံပင်တွေပဲ အုပ်အုပ်ဆိုင်းဆိုင်းရှိတာဆိုတော့ တောတော့သိပ်မနက်ပေမယ့် အရိပ်အာဝါသတော့ ကောင်းသဗျ။
“နေပါအုံး မင်းက ဘာစိတ်ကူးပေါက်ပြီး တောကြက်လာထောင်ရတာလဲကွ”
“အိမ်ကို ကိုဂျမ်းရောက်နေတယ်ဗျ၊ သူက တောကြက်သားစားချင်တယ်လို့ပြောတာနဲ့ လာထောင်ရတာ”
“အော် ကြက်သမားငဂျမ်းရောက်နေတာကိုး၊ သူစားလည်း စားချင်စရာပဲကွ၊ ကြက်တွေထဲမှာ အိမ်မွေးကြက်ထက်စာရင် တောကြက်က ပိုပြီးချို၊ ပိုပြီးစားကောင်းတာကိုးကွ”
“အိမ်ကြက်လည်း ကြက်ပါပဲဗျာ”
“မတူဘူးကွ၊ ကြက်မှာတောင်မှ ယေဘုယျအားဖြင့် သုံးမျိုးရှိတယ်၊ မွေးကြက်၊ အိမ်ကြက်၊ တောကြက်ပေါ့ကွာ၊ မွေးကြက်ဆိုတာကတော့ တို့တောမှာ မပေါ်သေးဘူးကွ၊ မြို့ကြီးတွေမှာတော့ ကြက်ခြံကြက်တဲကြီးတွေထိုးပြီးတော့ အသားတိုးကြက်တွေမွေးကြတယ်၊ လူဦးရေထူထပ်တဲ့နေရာကျတော့ ဒီလိုမွေးမှကိုက်တာကိုးကွ၊ မွေးကြက်က အစာထဲမှာ ကြက်အသားတိုးအောင် ဆေးတွေထည့်စပ်ထားတော့ အကောင်ကြီးပြီးအသားဆူတယ်ကွ၊ ဒါပေမယ့် သူ့အသားက အသားပွပြီး အရသာကတော့ အိမ်ကြက်တစ်ဝက်တောင်မမှီဘူး၊ အရသာမရှိဘူးပေါ့ကွာ”
“အိမ်ကြက်ကတော့ ဗမာကြက်ခေါ်မယ်ပေါ့ကွာ၊ မင်းတို့ငါတို့အိမ်တွေမှာ လွှတ်ကျောင်းစနစ်နဲ့မွေးထားတဲ့ကြက်တွေပေါ့၊ လူတွေကျွေးတဲ့အစာစားကြတယ်၊ ကိုယ့်ဖာသာလည်းရှာစားကြတာပဲ၊ အဓိက အရသာရှိတဲ့အကြောင်းအရင်းကတော့ ခုန်ပျံသွားလာနေလို့ပဲကွ၊ ဒီတော့သူတို့က အသားကကျစ်ပြီးတော့ ချိုတယ်ကွ”
“တောကြက်ဆိုတာကရောဗျာ”
“တောကြက်ကတော့ ထူးတယ်ကွ၊ သူတို့က ဝါတွင်းသုံးလ ကာလပတ်လုံးတောထဲနေပြီး အမွှေးအတောင်တွေကိုချွှတ်ကြတယ်၊ အတောင်အသစ်ပေါက်အောင်လုပ်တာပေါ့ကွ၊ ပြီးတော့ ဝါးတွင်းကာလာမှာလည်း မတွန်ကြဘူးကွ၊ ဝါကျွတ်ကျမှသာ တွန်ကြတာ၊ တောထဲနေတဲ့အကောင်တွေဆိုတော့ တောထဲက သစ်ဥသစ်ဖုတွေ၊ အညွန့်အခက်တွေစားတယ်၊ တောထဲက ကင်းခြေများတို့ အင်းဆက်ပိုးမွှားတွေကို ဖမ်းယူစားသောက်ကြတယ်ကွ၊ သဘာဝအရာတွေကိုစားတာမို့လို့ သူ့ကြက်သားက ပိုမာတယ်၊ ပိုပြီးလည်းချိုတယ်၊ ဆေးဖက်လည်း ပိုဝင်သကွ၊ ဒါကြောင့် တောကြက်သားကို လူတွေကြိုက်ကြတာ”
“ကျုပ်ကတော့ ကြက်ဆိုတာနဲ့ စားပြီးသားပဲဗျ”
“တောကြက်မှာလည်း ကြက်ဖြူ၊ ကြက်မည်း၊ ကြက်နီ၊ ကြက်တိမ်ညင်ဆိုပြီးရှိသေးတယ်ကွ၊ များသောအားဖြင့်ကတော့ ကြက်ရဲ့အမွှေးအတောင် အသွေးအရောင်ကိုကြည့်ပြီးဆုံးဖြတ်တာပေါ့ကွာ၊ ကြက်ဖြူဆိုတာ တစ်ကိုယ်လုံးအမွှေးကလည်းဆွတ်ဆွတ်ဖြူ၊ အမောက်ကလည်းဖြူသလို၊ သူ့အသားကလည်း ထုံးလိုဖြူဖြူကြီးကွ၊ သူ့အသားက သည်းခြေ၊ နှလုံးကိုအားပေးတယ် အများအားဖြင့် ကလေးတွေစားလို့သင့်တော်တယ်ကွ”
“ကြက်မည်းကျတော့ သူလည်းဆန်းတာပဲ တစ်ကိုယ်လုံးအမည်းချည်းဘဲကွ၊ သူ့အသားကလည်း မီးသွေးခဲလို အမည်းပဲ၊ ကြက်မည်းကျတော့ တဏှာရာဂကိုအားပေးတယ်၊ အိမ်ထောင်သည်တွေအတွက်အားတိုးစေတယ်၊ အိမ်ထောင်သည်တွေအထူးစားကြတယ်၊ ပြီးတော့ သားသမီးမရတဲ့လူတွေ၊ သားအိမ်အားနည်း၊ သုတ်ဓါတ်နည်းတဲ့လူတွေ စားကြတာများတယ်၊ လူမမာတွေစားရင် နာလန်မြန်မြန်ထတယ်ဆိုပဲ”
“ဒါမျိုးကြက်ဖြူ ကြက်မည်းဆိုတာတော့ မမြင်ဖူးသေးဘူးဗျ”
“နောက် ကြက်နီကျတော့ ခပ်သေးသေး ခပ်နီနီကွ၊ သူ့အသားက နီကျင်ကျင်နဲ့ရယ်၊ အဲဒီကြက်ကျတော့ အသွေးအသားကိုအားပေးတယ်၊ အထူးသဖြင့် မိန်းမတွေနဲ့သင့်တယ်ကွ၊ ကလေးမွေးပြီးတဲ့သူတွေ၊ မီးယပ်ရောဂါရှိသူတွေ၊ ဓမ္မတာ မမှန်တဲ့လူတွေစားပေးရင် ချက်ချင်းသက်သာစေတယ်၊ ကောင်းစေတယ်ကွ၊ မိန်းကလေးဆိုတာ သွေးသားကောင်းမှ စိုပြေတာဆိုတော့ ရှေးက ကြက်နီမရရင် အနောက်ဆောင်ကိုဆက်သရတယ်တဲ့ကွ”
“ဒါလည်းမမြင်ဖူးဘူးဗျာ”
“ရှားတာကိုးကွ၊ ကြက်တိမ်ညင်ဆိုတာကတော့ ကြက်ကခပ်သေးသေးပဲကွ၊ လျင်တာကတော့ တော်တော့်ကိုလျင်မြန်တာ၊ ဒါကြောင့် သူ့အသားကိုစားရင် အားတိုးတယ်၊ ပေါ့ပါးဖြတ်လတ်စေတယ်၊ လေဖြတ်ထားတဲ့လူတွေ၊ ဒူလာ၊ မြင်းသရိုက်၊ အကြောအားနည်းတဲ့လူတွေစားသင့်တယ်ကွ”
ကျုပ်တို့စကားပြောရင်းလာတုန်း ဝါးရုံတစ်ခုထဲကနေ တောကြက်နှစ်ကောင် တဖြတ်ဖြတ်နဲ့ထပျံသွားပါရောဗျာ၊ ကျုပ်က ဒီကြက်တွေကိုကြည့်ုလိုက်ပြီး
“ဒီကြက်တွေကတော့ အရောင်စုံပဲဗျနော်၊ ဒါဘာကြက်တွေလည်း”
“ကြက်ဆိုတာ တစ်မျိုးနဲ့တစ်မျိုးစပ်နိုင်လို့ ဒီကြက်တွေကျတော့ ဘာမျိုးလို့ သတ်မှတ်လို့မရအောင် မျိုးရောသွားပြီကွ၊ အလွယ်ပြောရရင်တော့ တောကြက်ပဲခေါ်ကြတာပေါ့ကွာ”
ကျုပ်လည်း ဝါးရုံတစ်ခုက ဝါးတစ်လုံးခုတ်လိုက်ပြီးတော့ ကြက်ထောင်ဖို့အတွက် ဝါးကြောရှပ်နေမိတယ်ဗျ၊ ကြက်ထောင်ဖမ်းဖို့ ထောင်ချောက်ကို ဝါးကြောနဲ့လုပ်ကြတာများတာကိုး၊ ကြက်ထောင်တာလည်း သူ့ဒေသနဲ့သူ နည်းအမျိုးမျိုးရှိတယ်၊ တစ်ချို့ကျတော့ ဝါးညှပ်နဲ့ထောင်ထားကြတယ်၊ ညမှာထောင်ပြီး နေ့မှာသွားကောက်ကြတဲ့လူလည်းရှိတယ်၊ ဒါကတော့ တည်ကြက်မရှိတဲ့လူတွေဖမ်းတဲ့နည်းပေါ့ဗျာ၊ တည်ကြက်ရှိရင်တော့ တည်ကြက်ကိုတစ်နေရာမှာတည်ထားပြီးတော့ အနားမှာကျော့ကွင်းထောင်ပြီး ကြက်ကိုဖမ်းတဲ့နည်းဗျ၊ အခုကျုပ်သုံးမယ့် နည်းပေါ့ဗျာ။
တည်ကြက်ကို ခြေမျက်စိလောက်မြက်ပင်တွေရှိတဲ့ မြေပြောင်ပြောင်ကလေးမှာ ကြိုးချည်ပြီးချထားရတယ်၊ အနားမှာတော့ ကျော့ကွင်းတွေကို မြက်နဲ့ဖုံးပြီး ထောင်ထားတာပေါ့ဗျာ၊ ကျုပ်တို့ကြက်ထောင်တဲ့နည်းကတော့ မြေမှာငုတ်နာနာရိုက်ပြီးတော့ ဝါးကြောကိုလိမ်ကျစ်ပြီး ကျော့ကွင်းလုပ်တဲ့နည်းပေါ့ဗျာ၊ ကြက်တွေထောင်ပြီးတော့ တည်ကြက်ကိုအလယ်မှာထားပြီး ကျုပ်နဲ့ဦးဘသာက ချုံကွယ်တစ်ခုကနေ ချောင်းကြည့်နေကြတာပေါ့ဗျာ။
တည်ကြက်က ကြက်မဗျ၊ ကြက်မပဲ သုံးကြတာများပါတယ်၊ တည်ကြက်ထောင်ပြီးခနနေရင် တည်ကြက်က မသံပေးပြီး အော်ပါလေရောဗျာ၊ မသံပေးတာက အသံတစ်မျိုးလေးဗျ၊ လူတွေဆိုသီချင်းဆိုတယ်ခေါ်မှာပေါ့ဗျာ၊ အဲဒီအခါ တောကြက်ဖကြီးတွေက ကြက်မမြင်တော့ ငမ်းငမ်းတက်ပြီးပြေးလာကြတယ်ဗျ၊ တည်ကြက်နားကို တဖြည်းဖြည်းကပ်လာရင်း ကံမကောင်းတဲ့ကောင်ကတော့ ခုနက ကျော့ကွင်းနဲ့ မိပြီပေါ့ဗျာ။ သိပ်မကြာပါဘူး အစိမ်းရောင်အမွေးတွေရှိတဲ့ တောကြက်ဖတစ်ကောင်က ဝါးရုံတစ်ခုပေါ်ကနေ ပျံပြီးဆင်းလာသဗျ၊ တည်ကြက်မကို အခြေအနေကြည့်နေပါသေးတယ်၊ နောက်တော့မ ခေါင်းထောင်ပြီး ကြက်မဆီပြေးတာပဲဗျို့၊ ကျုပ်ထောင်ထားတဲ့ ကျော့ကွင်းကိုနင်းမိတော့ ကြက်ဖကခုန်ထည့်လိုက်တယ်၊ မြေမှာငုတ်ခိုင်ခိုင်ရိုက်ထားတာမို့ ဒီကောင်ပြေးမရ ခုန်မရဖြစ်နေပါရောဗျာ၊ ရုန်းတော့လည်း ဝါးကြောဆိုတော့ ခြေထောက်တွေပြတ်ပြီး နာကုန်တာပေါ့ဗျ။ ကျုပ်လည်း အမြန်ထပြီးတော့ ကြက်ဖကြီးကိုပြေးဖမ်းရတယ်ဗျာ၊ ခြေထောက်မှာကြိုးတန်းလန်းနဲ့ဆိုတော့ ဖမ်းရတာလွယ်ပါတယ်။
တောကြက်ဖကြီးကိုလည်းရပြီးရော ကြက်ဖကြီးရဲ့ခေါင်းကနီရဲလာတယ်၊ အမောက်တွေပါနီလာပြီး ကြက်သွေးရောင်ဖြစ်လာတယ်ဗျ၊ မကြာပါဘူး တောကြက်ဖကြီးက ဂုတ်ကျိုးကျပြီး သူ့အလိုလိုသေသွားပါရောလားဗျာ၊ ကျုပ်နဲ့ဦးဘသာက ကျုပ်ပြောင်းထောင်ဖို့ တည်ကြက်ဖြုတ်ပြီး တစ်နေရာကိုထပ်ထွက်လာကြတာပေါ့။
“တောကြက်တွေက အသက်အောင့်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ကြတာလည်း ထူးတာပဲနော် ဦးဘသာ”
“အေး၊ မသိတဲ့လူကတော့ ကြက်က ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ထင်တာပေါ့ကွ၊ တကယ်ကတော့ ဒီလိုမဟုတ်ဘူးကွ၊ ဓါတ်သဘောနဲ့ပြောရရင် ကြက်ဆိုတာ တေဇောဓါတ်လွန်ကဲနေတဲ့ သတ္တဝါကွ၊ လူတွေဖမ်းမိတဲ့အခါ တောကြက်တွေက စိတ္တဇတေဇောဆိုတဲ့ စိုးရိမ်စိတ်တစ်ခုဝင်တယ်၊ အဲဒီအခါ အပူလွန်ကဲပြီးတော့ ဦးခေါင်းက သွေးတွေခမ်းခြောက်ပြီးတော့ သွေးခဲပြီးသေသွားတာကွ”
“အော်၊ မသိပါဘူးဗျာ၊ ကျုပ်တို့ကတော့ တောကြက်က သူများဖမ်းတာမခံချင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ထင်တာဗျ”
“ကြက်ဆိုတာ အပူများတာကိုးကွ၊ ဒါကြောင့် ရှေးလူကြီးတွေက လူနာတွေကိုယ်တအားပူနေရင် “ကြက်ကိုယ်ကျနေပြီ” လို့ပြောတတ်တယ်မဟုတ်လား၊ ကြက်ကိုယ်လုံးက သိပ်ပူတာကိုးကွ၊ ကြက်ဝမ်းတွင်းမီးက ပိုပြီးပူသတဲ့ကွ၊ ဒါကြောင့် ကြက်တွေက သွားတွေမရှိလို့ အစာတွေကို ဝါးမချေနိုင်ပေမယ့် ဝမ်းထဲရောက်တဲ့အစာကတော့ ပါစကဝမ်းမီးကြောင့် ကြေပျက်သွားကြတာပဲ၊ ဒါကြောင့် “ကြက်ချေးလိုကြေတယ်”ဆိုတဲ့ စကားလည်းရှိရဲ့ကွာ၊ ကြက်ကဘာစားစား ကြက်ချေးမှာ ကြေသွားတာမို့လို့ တစ်ခုခုကိုကြိုးစားပြီး တစ်ဖက်ကမ်းခတ်တတ်မြောက်သွားတဲ့လူကို ကြက်ချေးလိုကြေနေပါပြီ လို့ တင်စားပြောကြတာပေါ့”
ကျုပ်နဲ့ဦးဘသာဆက်သွားရင်း တစ်နေရာရောက်တော့ ကျုပ်တို့အရှေ့ကနေ တောကြက်မနဲ့ ကြက်သားပေါက်ကလေးတွေ ထွက်လာပါရောဗျာ၊ ကျုပ်လည်း တောကြက်မတွေ့လိုက်တာနဲ့ လိုက်ဖမ်းမယ်ဆိုပြီးလုပ်တော့ တောကြက်မက မိုးပေါ်ကိုပျံပြီး ပြေးပါရောဗျာ၊ ကြခတ်ဝါးရုံတစ်ခုထဲကိုပြေးတော့ လိုက်ရမလွယ်တော့ဘူးပေါ့၊ မြေပြင်မှာကျန်တဲ့ ကြက်သားပေါက်ကလေးတွေကလည်း ဟိုတစ်ကောင်ပြေး၊ ဒီတစ်ကောင်ပြေးထွက်ပြေးရင်းနဲ့ မျက်စိရှေ့တင်ပဲ တစ်အုပ်လုံးပျောက်သွားကြပါရော။
“ဟာ၊ ဘယ်ရောက်ကုန်တာလဲဗျာ၊ မြန်လိုက်တာ”
“အဲဒါ ကြက်ပျောက် ငှက်ပျောက် ပျောက်တယ်ခေါ်တာပေါ့ကွာ၊ မိခင်ကြီးက ကိုယ်လွတ်ရုန်းပြီးပြေးရင် ကျန်တဲ့ကြက်ကလေးတွေကလည်း သစ်ရွက်အောက်၊ ဂလိုင်ပေါက် တွေ့တဲ့နေရာကိုဝင်ပုန်းကြတယ်ကွ၊ ဒါကြောင့် မျက်စိရှေ့မှာပဲ ပျောက်သွားတယ်ဆိုရင် လူတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်လို့ ပြောကြတယ်မဟုတ်လား”
“တကယ်ပါပဲဗျာ၊ မျက်စိရှေ့တင် ခဏလေးပဲ ပျောက်သွားကြတာဗျ”
“ကဲပါကွာ၊ ဟိုးဘက်နားက ဝါးရုံမှာ ကြက်တွေတွန်နေကြသကွ၊ အဲဒီဖက်ကိုသွားကြည့်တာပေါ့။
“အဲ ခုနက အကြောင်းပြောရရင် ကြက်ဆိုတာ အပူမျိုးကွ၊ ဒါကြောင့် ကြက်ကရေသောက်ပေမယ့် သူ့ကိုယ်ကနေ ဆီးထွက်တယ်ဆိုတာမှမရှိတာ၊ သူသောက်တဲ့ရေဓါတ်တွေက သူ့ကိုယ်ထဲမှာပဲ အငွေ့ပျံပြီးပျောက်သွားတာကိုး၊ ဒါကြောင့် အရေမရမဖတ်မရတွေလုပ်နေတရင် ကြက်ရေသောက်သလို လုပ်နေတယ်ဆိုပြီး ပြောကြသေးတယ်”
“ဦးဘသာကတော့ ကြက်ကိုတော်တော်လေ့လာထားတာပဲဗျ”
“တစ်ခါ ကြက်တောင်ပြန်၊ စကုဗြတ်၊ မယားတစ်ခုလပ် ဆိုတဲ့ စာလည်းရှိသေးတယ်၊ စာရဲ့သဘောအရတော့ ကြက်မှာ တောင်ပြန်ကြက်မျိုးက အကောင်းဆုံးပဲတဲ့ကွ၊ စားလို့လဲကောင်းသလို အာဟာရလည်းအပြည့်ပဲပေါ့ကွာ၊ စကုဗြတ်ဆိုတာကတော့ စကုမြို့ကထွက်တဲ့ ဗြတ်ဆန်က ထမင်းအကောင်းဆုံးပဲတဲ့ကွ၊ မယားတစ်ခုလပ်ဆိုတာကတော့ မယားအဖြစ်ရွေးတဲ့အခါ တစ်ခုလပ်တွေသည်သာ အကောင်းဆုံးလို့ ဆိုသကွ”
“တစ်ခုလတ်က ဘာကောင်းလို့လဲဗျ”
“ဟ၊ ဒါတော့ ငါလည်းသိမလားကွ၊ သိချင်ရင် မင်းလည်းတစ်ခုလတ်ယူကြည့်ပေါ့ကွာ၊ ကြက်တောင်ပြန် စကုဗြတ် မယား တစ်ခုလတ်ဆိုပြီးတော့ အချုပ်တန်းဆရာဖေက တေးထပ်တောင်ရေးခဲ့သေးတယ်၊ ဒါပေမယ့် အချိန်ကြာလာတော့ စကားတွေက ချဲ့ကားလာပြီးတော့ ကြက်တောင်ပံ၊ စတူးဝက်၊ ကုလား တစ်ခုလတ်ဆိုပြီးဖြစ်ကုန်တယ်ကွ၊ ကြက်ထဲမှာ တောင်ပံက စားအကောင်းဆုံး၊ ဝက်ဆိုရင် စတူးချက်မှ စားလို့ကောင်းတယ်၊ ကုလားက တစ်ခုလတ်မှကြိုက်တယ်ဆိုတဲ့ သဘောတွေဖြစ်ကုန်ရောဟေ့၊ ဘယ်ပညာရှိက စပ်ဆိုလိုက်တယ်မသိပါဘူးကွာ၊ ဟဲ ဟဲ”
“အဲဒါတော့ဟုတ်တယ်ဗျ၊ ကြက်ထဲမှာ တောင်ပံကစားအကောင်းဆုံးလို့ပြောလို့ ကျုပ်တောင်အိမ်မှာ တောင်ပံပဲစားတာဗျ”
“အေးကောင်းတာပေါ့ကွာ၊ မင်းတောင်ပံစားတော့ တခြားသူက ပေါင်သားစားရတာပေါ့ကွ၊ ဟား၊ ဟား”
နေ့တစ်ပိုင်းလောက် ကြက်လိုက်ထောင်လိုက်တော့ ကြက်သုံးကောင်လောက်ရပြီဗျ၊ ဒီလောက်ဆိုတော်ပြီပေါ့ဗျာ၊ တည်ကြက်ငှားပေးတဲ့ ကိုမြင့်ကို ကြက်တစ်ခြမ်း၊ အဖော်လိုက်ပေးတဲ့ ဦးဘသာကိုကြက်တစ်ခြမ်း၊ ကျန်တဲ့နှစ်ကောင်ကိုတော့ အိမ်မှ အဝစားမယ်ဆိုပြီး ခွဲခြမ်းရေးလုပ်နေရပါရောဗျာ၊ ဒီအချိန် ကျုပ်တို့အနောက်က တောတိုးသံကြားရတယ်ဗျ၊ ကျုပ်တို့ကြည့်နေတုန်းမှာပဲ ကိုဂျမ်းက တောထဲရောက်လာတယ်။
“ဟာ၊ ကိုဂျမ်း ဘယ်လိုလုပ်ပြီးတော့ တောထဲလိုက်လာရတာလဲဗျ”
“မင်းတို့ပြန်လာတာကို စောင့်မနေနိုင်တော့လို့ပါကွာ၊ ပေးပေး ငါ့ကိုကြက်တွေပေး”
ကျုပ်လည်း ကြက်တွဲကိုပေးဖို့လုပ်သေးတယ်ဗျ၊ ဒါပေမယ့် ကြက်တွဲက ထမ်းထားတာဆိုတော့ လက်ထဲကတည်ကြက်ကိုပဲ ကိုဂျမ်းကိုပေးလိုက်တာပေါ့ဗျာ။ ဦးဘသာက ကိုဂျမ်းကိုကြည့်ရင်း
“ဟေ့ကောင်ငဂျမ်း ကြက်တွေယူမသွားနဲ့၊ ငါတို့အတူတူပြန်ကြမယ်လေကွာ”
ိကိုဂျမ်းက ဦးဘသာကိုတွေတွေကြီးကြည့်နေတယ်ဗျ၊ နောက်တော့ သူ့လက်ထဲကိုင်ထားတဲ့ တည်ကြက်မကို ခြေထောက်နှစ်ချောင်းကနေကိုင်ပြီး ဆွဲဖြဲထည့်လိုက်ပါရော၊ တည်ကြက်မခင်ဗျာ အရှင်လတ်လတ်ကနေ နှစ်ခြမ်းကွဲထွက်သွားပါရောဗျာ၊ ကျုပ်အံ့သြပြီးကြည့်နေုတုန်းမှာပဲ ကိုဂျမ်းက တည်ကြက်မပေါင်ကို အစိမ်းလိုက်ကိုက်စားပါရော၊ ဦးဘသာက ကျုပ်ကိုလက်ကုပ်ရင်း
“အလတ်ကောင်သွားကြမယ်ဟေ့”
“နေအုံး ကိုဂျမ်းက ဘာလုပ်တာလဲဗျ”
“အလတ်ကောင် အဲဒါမင်းရဲ့ကိုဂျမ်းမဟုတ်ဘူးကွ၊ ဒီတောထဲက သရဲကြီးပဲ”
ဟုတ်မယ်ဗျာ၊ ဒီတောထဲက သရဲက ကိုဂျမ်းယောင်ဆောင်ပြီးတော့ ကျုပ်ဆီက ကြက်တောင်းစားတာနေမှာဗျ၊ သာမန်လူတစ်ယောက်က ကြက်ကိုမချက်ဘဲနဲ့ ဘယ်လိုလုပ်ပြိး ဒီအတိုင်းစားနိုင်မှာလဲဗျ။ ကျုပ်ဖြင့်ကြည့်နေရင်း ကြက်သီးမွေးညှင်းတွေထလာတယ်၊ ဦးဘသာက လက်ကုပ်တာနဲ့ ကျုပ်တို့အသာလေး လစ်လာကြတယ်ဗျာ။
“ဦးဘသာ အဲဒီသရဲက ဘယ်လိုဖြစ်လို့ ကိုဂျမ်းပုံဖြစ်နေတာလဲဗျ”
“အဲဒါ မင်းမြင်နေရတာမို့ပါကွ၊ ပရလောကသားတွေမှာလည်း အချိန်ကြာလာရင် ကမ္မဇိဒ္ဓိဆိုတဲ့ တန်ခိုးအစွမ်းရှိသကွ၊ အဲဒီအစွမ်းနဲ့ မင်းမြင်စေချင်သလို ပုံစံကိုပြောင်းလို့ရတယ်”
“ဒါပေမယ့် တည်ကြက်ပါသွားပြီလေဗျာ၊ ဒီသရဲကို မကျေနပ်ဘူးဦးဘသာရာ၊ သွားပြန်ပြီး တစ်ခုခုလုပ်ရအောင်”
“ဒီနေရာက သူ့အိမ်သူ့ယာ သူ့တောသူ့တောင်ကွ၊ သူ့နယ်မြေမှာ သူ့ကိုသွားစော်ကားလို့မကောင်းဘူးကွ၊ ဧည့်သည်က အိမ်ပေါ်တက်ပြီးတော့ အိမ်ရှင်ကိုပါးရိုက်သလိုဖြစ်နေမှာပေါ့ကွာ၊ ကဲပါ လာလာသွားရအောင်”
ဦးဘသာဆွဲခေါ်တာနဲ့ ကျုပ်လည်း လိုက်လာခဲ့မိတော့တယ်ဗျာ။ ရွာရောက်တော့ တောကြက်တစ်ကောင်ကို အကောင်လိုက်ပဲ ကိုမြင့်ကိုသွားပေးလိုက်တယ်ဗျ၊ ကိုမြင့်က ပျော်သွားတယ်။
“ဟာ၊ တောကြက်ဖတော့ စားရတော့မယ်ဟေ့၊ ဒါနဲ့ ငါ့တည်ကြက်မလေးရောကွ”
“ဟို . . ဟိုလေ တောထဲကျန်ခဲ့ပြီဗျ”
“ဘာကွ၊ ကြက်သွားထောင်တဲ့ကောင်က တည်ကြက်ကျန်ခဲ့ရတယ်လို့ကွာ၊ တော်ပြီဟေ့ကောင် မင်းကြက်ကိုငါမယူဘူးမင်းပြန်ယူသွား၊ ငါ့တည်ကြက်မပဲ ပြန်ယူလာပေး”
ကျုပ်လည်း ကြံရာမရတော့တာနဲ့ ကိုမြင့်ကို အိမ်ခေါ်ချသွားပါရောဗျာ၊ အမေက အဖြစ်အပျက်တွေအကုန်နားထောင်ပြီးတော့
“အောင်မယ်လေးအလတ်ကောင်ရယ်၊ နင့်ကိုကြက်သွားထောင်ခိုင်းတာ တည်ကြက်ပျောက်လာခဲ့ရတယ်လို့ နင်ဟာလေ ဘာခိုင်းခိုင်အသုံးကိုမကျဘူး”
ကိုမြင့်က ငိုသံပါနဲ့
“ခင်ဗျားတို့သားကိုဆူတာ နောက်မှဆူဗျာ၊ အခုကျုပ်တည်ကြက်မလေး ပျောက်သွားပြီဗျ၊ ဒီတည်ကြက်မက ညာဉ်ကောင်းတယ်၊ လိမ်လည်းလိမ်မာတယ်၊ သူနဲ့ကြက်ထောင်ဖမ်းလာတာ အကောင်ငါးဆယ်မက ဖမ်းပေးခဲ့တာဗျ”
“အေးပါ မောင်မြင့်ရယ်၊ အဒေါ်ကပဲ တောင်းပန်ပါတယ်၊ ရော့ ရော့ ငွေငါးဆယ်ယူလိုက်နော်၊ မောင်မြင့်ကြက်မအတွက် အဒေါ်ပြန်လျော်ပေးတာပါ”
ှအဲဒီခေတ်က ငါးဆယ်ဆိုတာလည်း မနည်းဘူးဗျ၊ ကိုမြင့်က အမေပေးတဲ့ ပိုက်ဆံငါးဆယ်ကိုယူလိုက်တာတောင်မှ ငိုမဲ့မဲ့ရယ်ဗျ၊ ကျုပ်ကိုယ်ချင်းစာပါတယ်ဗျာ၊ တည်ကြက်ဆိုတာကလည်း သေချာလက်ထပ်ပြီးသင်ပေးရတာကိုးဗျ၊ တည်ကြက်တစ်ကောင်ရဖို့ လွယ်မှမလွယ်ပဲဗျာ၊ ကိုမြင့်ထွက်သွားတော့ အမေ့လက်ထဲက ထင်းချောင်းက ကျုပ်ပခုံးပေါ်ကျလာတယ်။
“ဟင်၊ ခိုင်းလိုက်ရင် တလွဲချည်းပဲလုပ်တဲ့ကောင်၊ နင့်ကို ငွေငါးဆယ်ဖိုးတန်အောင် သမမယ်ဟဲ့”
အမေရိုက်လို့ ကျုပ်လည်းအိမ်ကနေပြေးထွက်လာရတာပေါ့ဗျာ၊ တကယ်ပါ ကျုပ်ကိုက ကံမွဲပါတယ်ဗျာ၊ အိမ်က ဘယ်သူမှမလုပ်ချင်တဲ့အလုပ်ကို လုပ်ပေးတာတောင်မှ အပြောအဆိုက မလွတ်ဘူးဗျ။
(၃)
အမေ့လက်သံကလည်း နာသဗျ၊ ကျောကုန်းပွတ်ရင်း ရွာထဲကိုလာခဲ့တော့ ကြက်ပိုက်ပြီးလမ်းလျှောက်လာတဲ့ ကိုဂျမ်းကိုတွေ့လိုက်ရပါရောဗျာ၊ ကိုဂျမ်းက ကျုပ်ကိုပြုံးဖြီးဖြီးနဲ့ နှုတ်ဆက်တယ်။ ကျုပ်မှာ ကိုဂျမ်းမြင်ရင် ကြောက်နေပြီလေဗျာ။
“အလတ်ကောင် မင်းဘယ်သွားမလို့လဲဗျ”
“ဟို၊ ကိုဂျမ်း . . . ကိုဂျမ်းအစစ်ဟုတ်ပါတယ်နော်”
“ဟာ၊ ငါမှငါပါကွ၊ ဘာလဲ မင်းတို့ရွာမှာ ငဂျမ်းအတုတွေဘာတွေများရှိသေးလို့လားကွ”
ကျုပ်ဘာမှမပြောတော့ဘဲ ခေါင်းခါလိုက်တယ်၊ ကိုဂျမ်းက ကျုပ်အနားကိုကပ်လာပြီးတော့
“ဒါနဲ့ ငါဒီရွာကိုရောက်လာတာ အကြောင်းမဲ့မဟုတ်ဘူးဆို မင်းရိပ်စားမိမှာပေါ့”
“သိတာပေါ့ဗျာ၊ ကိုဂျမ်းက အကြောင်းမရှိဘဲ ကျုပ်တို့ရွာကို ဘယ်လိုလုပ်ပြီးလာမလဲဗျ၊ ဧကန္တတော့ ဝိုင်းကြီးဝိုင်းကောင်းရှိပြီထင်တယ်”
“သိပ်သေချာတာပေါ့ကွာ၊ ဝိုင်းကတော့ ရှယ်ဝိုင်းပဲဟေ့”
“ဟုတ်လား၊ ဘယ်လောက်ကြေးလဲဗျ”
“ကြေးကတော့ မကောင်းပါဘူးကွာ၊ ဒီလိုကွ ငါ့ကြက်ကြီးနာမည်က ပွဲတိုင်းကျော်တဲ့ကွ၊ တို့ရွာအနီးပါးမှာ ကြက်ပွဲတိုက်ပြီဟေ့ဆိုရင် ငါ့ကောင်ကြီးက ပွဲတိုင်းနိုင်တယ်ကွ၊ ဒါနဲ့ပွဲတိုင်းကျော်လို့ နာမည်ပေးထားတာကွ၊ ဒါပေမယ့် လှည်းလမ်းကူးရွာဘက်မှာလည်း ပွဲတိုင်းကျော်ဆိုတဲ့ ကြက်တစ်ကောင်ရှိတယ်ဆိုပဲကွ၊ အဲဒီကောင်နဲ့ ငါနဲ့ငြိကြတာပေါ့ကွာ ဒါနဲ့ပဲ ဝိုင်းချိန်းလိုက်တာပေါ့ဟေ့၊ ဒီဝိုင်းမှာ ကြေးတော့ ကြီးကြီးမားမားမပါပေမယ့် ပွဲတိုင်းကျော်နှစ်ကောင် တိုက်ပြီး ဘယ်ကောင်က ပွဲတိုင်းကျော်အစစ်လဲဆိုတာ သိရအောင် စမ်းမယ့်ပွဲကွ”
“ဟာ၊ စိတ်ဝင်စားလိုက်တာဗျာ၊ လက်ဝှေ့စကားနဲ့ပြောရရင် ရွှေခါးပတ်လုပွဲပေါ့ဗျ”
“အေးပေါ့၊ အခုပွဲကတော့ နာမည်ထိန်းမယ့်ပွဲပဲကွ၊ ကြက်နှစ်ကောင်ထဲမှာ ဘယ်ကောင်က ပွဲတိုင်းကျော်အစစ်လဲ၊ ဘယ်ကောင်က ပွဲတိုင်းကျော်မဟုတ်ဘူးလဲဆိုတာ သိရမယ့်ပွဲကွ”
“ပွဲကဘယ်နေ့လဲဗျ”
“နက်ဖြန်လုပ်မှာ၊ နေရာကတော့ ပေတောရွာအပြင်ဘက်က မုနိခင်တန်းနားမှာလုပ်မှာကွ”
“ဒါဖြင့် ကျုပ်လည်းလိုက်ခဲ့မယ်ဗျာ”
“အေးလိုက်ရင်လိုက်ခဲ့ပေါ့ကွာ၊ အခုတောင် ငါပေတောရွာဘက်သွားပြီး ကြက်ကောင်းသွားကြည့်မလို့ကွ မင်းလိုက်မလား”
ကျုပ်အိမ်ပြန်ရင်လည်း အမေက ငါးဆယ်ဖိုးပြည့်အောင်ရိုက်မယ့်အတူတူတော့ ကိုဂျမ်းနဲ့ပဲလိုက်သွားပါတော့တယ်ဗျာ။
“ကြက်သမားတွေစုပြီး ကြက်ရောင်းတဲ့နေရာကို ကြက်သမားတွေက လောလို့ခေါ်တယ်ကွ၊ အခုလည်း ပေတောရွာအသွားလမ်းက ဇရပ်မှာ လောကောင်းကောင်းဖြစ်နေတယ်ကြားလို့ သွားကြည့်မလို့ဟေ့”
ပေတောရွာဘက်လျှောက်လာရင်း လမ်းခုလတ်ဇရပ်ရောက်တော့ ထူးထူးဆန်းဆန်း ဇရပ်မှာလူတွေစုနေကြတယ်ဗျာ၊ ဒီဇရပ်ကလေးက အရင်ကဆိုရင် လူရိပ်လူယောင်တောင် သိပ်ရှိတာမဟုတ်ဘူးဗျ၊ အခုတော့ ဇရပ်ပေါ်မှာရော အောက်မှာပါ လူတွေအများကြီးပဲဗျာ၊ လူတွေအားလုံးလိုလိုက ကြက်တွေပိုက်ထားကြသဗျ။
“လောဝိုင်းဆိုတာ ဒါပဲကွ”
ကိုဂျမ်းရောက်သွားတော့ ကြက်သမားတွေက ကိုဂျမ်းကိုနှုတ်ဆက်ကြတယ်ဗျ၊ ကိုဂျမ်းက သာမန်ဆိုရင်သာ ဘယ်သူမှမဟုတ်ပေမယ့် ကြက်သမားတွေကြားထဲမှာတော့ ဆရာတစ်ဆူပဲကိုးဗျ၊ ကိုဂျမ်းက ဇရပ်ပေါ်ထိုင်လိုက်တော့ လူသုံးလေးယောက်က ရောက်လာသဗျ။
“ကိုဂျမ်းကို ကြက်ပြချင်လို့ပါ”
“ပြစမ်းမင်းကြက်”
ကိုဂျမ်းပြောတော့ အဲဒီလူက ကြက်ကိုကြမ်းပေါ်ချပေးလိုက်သဗျာ၊ ကိုဂျမ်းက သေချာကြည့်ရင်း
“မင်းကြက်က အသံရောလည်ပြီလားကွ”
“အခါလည်ကျော်ပြီဆိုတော့ အသံလည်ပြီပေါ့ဗျာ”
ကျုပ်က ထူးဆန်းသွားပြီးတော့
“ကိုဂျမ်းရေ အသံလည်တယ်ဆိုတာ ဘာလဲဗျ”
“ဒီလိုပါကွာ၊ ကြက်ဖက တစ်နှစ်သားကျော်လာရင် တွန်သံမှန်လာတယ်ကွ၊ အဲဒါကို အသံလည်တယ်လို့ခေါ်တာ”
ကိုဂျမ်းက ဟိုလူ့ကြက်ကိုကြည့်ရင်း
“ကြက်ကိုကြည့်တဲ့အခါ အောက်နဲ့ဒေါက်က အရေးကြီးတယ်ကွ၊ အောက်ဆိုတာကတော့ အတက်ကိုခေါ်တာ၊ အတက်က တစ်လက်မအပြည့်ရှိရင်တော့ အပြည့်လို့ခေါ်တယ်၊ တစ်လက်မအောက်ဆိုရင်တော့ တစ်ဝက်ဆိုရင်မူး လေးပုံတစ်ပုံဆိုရင်တော့ မတ်ပေါ့ကွ၊ ဒီကြက်ရဲ့အောက်ကတော့ မူးတက်လောက်ပဲရှိတယ်ကွ”
“ဒါဖြင့် ဒေါက်ဆိုတာကရောဗျာ”
“ဒေါက်ဆိုတာကြက်ရဲ့အရပ်ကိုပြောတာ၊ အရပ်ကိုတိုင်းတဲ့အခါကျတော့ လူတွေကို ပေတွေ၊ လက်မတွေနဲ့မတိုင်းဘဲနဲ့ အကြွေပြားကို ဒေါင်လိုက်ဆင့်ပြီးတိုင်းတယ်၊ ခုခေတ်တော့ ကျပ်စေ့တွေအသုံးများတယ်၊ ရှေးကနည်းအတိုင်းပေါ့ကွာ”
ကိုဂျမ်းက ကြက်ပြတဲ့လူကိုကြည့်ရင်း
“ဒါနဲ့ မင်းကြက်က ဒေါင်ဘယ်လောက်ရှိသလဲကွ”
“ဆယ်ပြားရှိပါတယ်”
“ငယ်တော့ငယ်သားကွ၊ ဒါနဲ့ ရေချပြီးပြီလား”
“အဲဒါကိုပဲ ကိုဂျမ်းကိုမေးတော့မလို့ ကြက်အသံလည်ရင် ရေချရတယ်ပြောတယ်၊ အဲဒါတကယ်လား၊ ကျုပ်ကြက်ကိုရေချလိုက်လို့ ကြက်သေသွားမှာစိုးလို့ပါဗျာ”
“ဟာ၊ မင်းတို့ကလည်း၊ အသံလည်ရင်ရေချရတာထုံးစံပဲ၊ ရေချတယ်ဆိုတာက ကြက်ကိုရေကူးခိုင်းတာ၊ ရေဇလားတစ်ခုထဲထည့်ပြီး ကူးခိုင်း၊ ဒါမှကြက်က ရေတက်တယ်ခေါ်တာကွ၊ လူတွေလိုဆိုရင် သက်လုံကောင်းတယ်ပေ့ါကွာ၊ ရေချတဲ့အခါ သိပ်အကြာကြီးမချနဲ့ကွာ ကြက်ဖျားပြီးသေအုံးမယ်”
“ဟုတ်ကဲ့ ကိုဂျမ်း”
“ရေချပြီးရင် ခွပ်လက်ချကြည့်၊ ခွပ်လက်ချတယ်ဆိုတာ ကြက်တစ်ကောင်နဲ့ တိုက်ခိုင်းတာကိုပြောတာကွ၊ ခွပ်လက်ချကြည့်တော့မှ မင်းကြက်က လှုပ်ရှားဟန်၊ မင်းကြက်ရဲ့ တိုက်ကွက်တွေကို မင်းသိမှာကွ”
ဘေးကနားထောင်နေတဲ့ကျုပ်တောင်မှ ကိုဂျမ်းကိုလေးစားသွားသဗျာ။
“ဒါနဲ့ကိုဂျမ်း၊ ကြက်ကရော တိုက်ကွက်တွေရှိသေးတာလား”
“သိပ်ရှိတာပေါ့ကွာ၊ ကြက်တွေကို တိုက်ပုံတိုက်နည်းကြည့်ပြီး အမျိုးအစားတွေခွဲထားသကွ၊ တိုက်ပုံတိုက်နည်း ခုနစ်မျိုးရှိတယ်၊ ကြက်ဝင်၊ ကြက်ဘိုင်၊ ကြက်စောင့်၊ ကြက်လိုက်၊ ကြက်ပစ်၊ ကြက်လူး၊ ကြက်ဆုတ်မြီးနင်းဆိုပြိးတော့ရှိသကွ၊ ထပ်ရှင်းပြရရင်တော့ ကြက်ဝင်ဆိုတာက တစ်ဖက်သားကြက်ရဲ့တောင်ပံအောက်ကိုလျျိဝင်ပြီးတော့မှ တောင်ပံအောက်ကနေထွက်ပြီး ခေါင်းကိုပြန်လှည့်ဆိတ်တဲ့ကြက်ကွ၊ ကြက်ဘိုင်ကတော့ တစ်ဖက်သားကြက်ကိုရောပူးပြီးခွပ်တဲ့ကောင်မျိုးကိုခေါ်တာ၊ ကြက်စောင့်ကတော့ တစ်ဖက်ကြက်ရဲ့အခွပ်ကိုစောင့်ပြီးတော့မှ ခွပ်တဲ့ကောင်၊ ကြက်လိုက်ဆိုတာကျတော့ တစ်ဖက်သားမခွပ်ခင်မှာ မိမိကအရင်စပြီး လိုက်ခွပ်တဲ့ကြက်ပေါ့ကွာ၊ ကြက်ပစ်ဆိုတာကျတော့ တစ်ဖက်ကြက်ကို ခေါင်းနဲ့မဆိတ်ပဲနဲ့ အတင်းဝင်ပြီး အတက်နဲ့ ပစ်ပစ်ထိုးတဲ့ကြက်ကိုပြောတာ၊ ကြက်လူးဆိုတာကတော့ တစ်ဖက်သားကြက်ကို ဂနာမငြိမ်အောင်လို့ လူးလွန့်ဟန်ပြပြီး တိုက်တဲ့ကြက်ပေါ့၊ ကြက်ဆုတ်မြီးနင်းဆိုတာကတော့ အဲဒီကြက်က ကိုယ့်အမြှီးကိုယ်တက်နင်းပြီးတော့ အမြှီးဆုံးရင်တစ်ဖက်သားကြက်ကို ပစ်ခွပ်တဲ့ကောင်မျိုးကို ခေါ်တာဟေ့”
“ဒါဆိုရင် ဒီနည်းတွေထဲက ဘယ်နည်းက အကောင်းဆုံးလဲကွ”
“အကောင်းဆုံးဆိုတာလို့တော့မရှိဘူးကွ၊ ကြက်တစ်ကောင်က ခွပ်သားကျတော့မှ တိုက်နည်းသုံးလေးနည်းတတ်တာ၊ အဲဒီတိုက်နည်းတွေကို ဘယ်နည်းကို ဘယ်လိုဖျက်ရမယ်ဆိုတာ တဖြည်းဖြည်းနဲ့ကြက်ကသိသွားလိမ့်မယ်၊ ဥပမာကွာ ကြက်လိုက်ဆိုတဲ့ကောင်က အရင်ဆုံးဝင်တယ်မဟုတ်လား၊ အဲဒီလိုတိုက်ရင် ကြက်စောင့်၊ ဒါမှမဟုတ် ကြက်ဝင်နဲ့ပြန်ဖျက်ရတယ်ကွ၊ ကြက်စောင့်ကတော့ ဒီကောင်ပြေးဝင်လာတာကို စောင့်ပြီးခွပ်တာကိုး၊ ကြက်ဝင်ကျတော့ ပြေးဝင်လုံးတဲ့ကြက်ရဲ့တောင်ပံအောက်ကို ဝင်ပြီးဆိတ်တာဆိုတော့ ဒီလိုနည်းနဲ့ပြန်ဖျက်တာပေါ့၊ တစ်ခါ ကြက်စောင့်ကိုကျတော့ ကြက်ပစ်က ပြေးဝင်ပစ်ပြီးခွပ်လို့မရဘူး၊ ကြက်စောင့်ဆိုတာက သူကတည်တည်ငြိမ်ငြိမ်နဲ့အခွင့်အရေးကိုစောင့်နေတတ်တဲ့ကောင်၊ ဒီလိုမျိုးကြက်စောင့်ကိုတော့ ကြက်လူးကနိုင်တယ်၊ ကြက်လူးက ဟိုကဝင်မလို ဒီကဝင်မလိုလိုနဲ့လုပ်နေတဲ့အခါ ကြက်စောင့်အာရုံထွေလာပြီးတော့ ထိတော့တာပဲဗျာ”
“ဒါကြောင့် ကြက်တိုက်တာကလည်း ပညာရှိသေးတယ်လို့ပြောတာကိုးဗျ”
ကြက်သမားတွေကို ကိုဂျမ်းက ပညာပြပြီးတဲ့အခါ ကြက်ရောင်းမယ့်လူတွေတက်လာပါရောဗျာ၊ ကိုဂျမ်းက ရောင်းမယ့်ကြက်တွေကိုကြည့်ပြီးတော့
“မင်းတို့ကောင်တွေမှတ်ထားလို့ရအောင် ပြောပြရအုံးမယ်ကွ၊ ကြက်မှာလည်း အမျိုးတွေအများကြီးရှိတယ်၊ အမျိုးသုံးဆယ်ကျော်တယ်ကွ၊ ဒါပေမယ့် ငါနည်းနည်းပဲပြောမယ်၊ ဥပန်းဆိုတဲ့ကြက်မျိုးက အဝါရောင်မှာ ကျားလိုအနက်စင်းတွေနဲ့ကောင်ကွ၊ ဒီကောင်က အကောင်းဆုံးပဲ၊ အမာခံတယ်၊ အမောခံတယ်၊ ဖောင်းဆိုတာကတော့ အနက်များတယ်ကွ၊ ဒီကောင်က ခွပ်တဲ့အခါ နည်းနည်းပျော့တယ်၊ နောက်ပြီးတော့ ဗျာဆိုတာရှိသေးတယ်၊ ဒီကောင်ကျတော့ အပြာနုရောင်ပြေးပြေးကလေးပါတယ်၊ တအားခွပ်တဲ့ကောင်တွေပေါ့ကွာ၊ မဂိုကြက်၊ မဂဲကြက်ကတော့ ကြက်မနဲ့ပုံစံတူတယ်ကွ၊ ဘန်တိုကြက်ဆိုတာကတော့ အမြီးမပါတဲ့ကောင်တွေ၊ အနီဖောက်တဲ့ကောင်ကို ချိပ် လို့ခေါ်တယ်၊ မာတာကတော့ ရှယ်မာတာကွ၊ ဒါပေမယ့် ချိပ်က လှုပ်ရှားတာလေးတယ်၊ အနက်ရောင်တွေကိုတော့ အရောင်ကလွင်ပြီးစိုရင် ကျီးလို့ခေါ်တယ်၊ အရောင်မွဲရင်တော့ မဲလို့ခေါ်ကြတယ်၊ ယိုးဒယားကြက်ကတော့ အရောင်စုံပဲ၊ ခြေထောက်အမွှေးက အရှည်ကြီးတွေကွ၊ တိမ်ညင်ကြက်တော့အကောင်သေးသေး စိတ်အရမ်းကြီးတယ်၊ စစ်တကောင်းက တိမ်ညင်ထက်ပိုပြီးဒေါသကြီးတယ်၊ တောင်ပျံဆိုတဲ့ကြက်ကတော့ မွေးကတည်းက အမွေးအတောင်တွေက ကော့လန်ပြီးလိမ်ကောက်နေတဲ့ကြက်ကွ၊ ဒီကောင်လည်း ခွပ်အားကောင်းတာပဲ”
“ကြက်နဲ့ ပတ်သက်တဲ့ လင်္ကာလေးတွေလည်းရှိသကွ၊ မင်းတို့လိုက်မှတ်ကြ၊ “မဂို၊ မဂဲ မယားဆဲတဲ့” မဂိုမျိုး၊ မဂဲမျိုးတွေက ဇွဲမရှိဘူးကွ၊ နှစ်ရေလောက်ကျတာနဲ့ အရှုံးပေးလိုက်ကြတာပဲ၊ “ခြေကြီးသုံးဆယ် ဝိုင်းလုံးပယ်” တဲ့၊ ကြက်ခြေထောက်က အကြေးခွံအဖတ်က အဖတ်သုံးဆယ်ရှိရင်ခြေကြီးတယ်၊ ခြေအားပြင်းတယ်ခေါ်တယ်၊ ဒီလိုကြက်ခွပ်ရင် သေတတ်တာများလို့ တော်ရုံဝိုင်းက ခြေကြီးရင် လက်မခံဘူး”
“ခြေဖြူ နှုတ်ဖြူ ရအောင်ယူတဲ့၊ ဒီကောင်မျိုးကျတော့ ရှားတယ်၊ ကောင်းတယ်ပေ့ါကွာ၊ နောက်ပြီး “ဥပန်းယောင်ယောင် ဖောင်းယောင်ယောင် အိမ်ကမယားပေါင်တဲ့” ဥပန်းတို့ ဖောင်းတို့က ကောင်းပေမယ့် ဟိုယောင်ယောင် ဒီယောင်ယောင်ဆိုရင်တော့ ရှုံးတတ်လို့ အိမ်က မယားပါ ပေါင်ရမယ့်ကိန်းလို့ဆိုတာ၊ မျိုးမကောင်းတာတွေကတော့ “မြေဝါမျက်ပြဲဆီမနဲ၊ ခြေစိမ်းမျက်ပုတ် ဆီနဲ့တုတ်” တဲ့ကွ၊ ခြေဝါပြီးမျက်ပြူးတဲ့ကြက်၊ ခြေထောက်စိမ်းပြီး မျက်လုံ့းအောက်မှာအရစ်ရှိတာမျိုးဆိုရင် မျိုးမကောင်းဘူး ချက်စားမှကောင်းတာတဲ့ကွ ဟား . . .ဟား”
ကိုဂျမ်းရဲ့ ကြက်လက်ဆင်တွေကို နားထောင်ပြီးတော့ အတူတူပြန်လာကြတယ်ဗျ၊ ကိုဂျမ်းကတော့ ရွာထဲမဝင်သေးဘဲ တစ်နေရာသွားစရာရှိတယ်ဆိုပြီး ထွက်သွားပါရော၊ ကျုပ်ဖြင့် သူနဲ့လိုက်မိတာ မှားတာပါပဲဗျာ၊ နေမွန်းလွဲလို့ ညနေတောင်စောင်းတော့မယ် အခုထိ ဘာမှမစားရသေးဘူးကိုးဗျ၊ စိတ်ညစ်ညစ်နဲ့ ဦးဘသာအိမ်ရှေ့က ဖြတ်အလျှောက်မှာ ဦးဘသာက ကျုပ်ကိုမြင်တော့
“ဟာ၊ အလတ်ကောင် ဘယ်ကပြန်လာတာလဲဟ”
ကျုပ်လှမ်းကြည့်လိုက်တော့ ဦးဘသာက သူ့အိမ်ရှေ့က ကွပ်ပျစ်မှာ ထမင်းစားဖို့ပြင်ဆင်နေပါရောဗျာ၊ ထမင်းဒန်အိုးကိုလည်း သူ့ဘေးမှာချလို့ဗျ၊ ကျုပ်က ရပ်ကြည့်နေတော့ ဦးဘသာက
“အလတ်ကောင်၊ ထမင်းစားပါအုံးကွာ၊ မင်းပေးတဲ့ တောကြက်တစ်ခြမ်းကို ဆီပြန်ချက်စားသကွ”
ပြောနေကြပါတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာခြံထဲကိုပြေးဝင်လိုက်ပြီးတော့ ကွပ်ပျစ်မှာထိုင်ချလိုက်တယ်။ ပြီးတော့ လက်ကိုတန်းဆေးလိုက်တာပါပဲဗျာ။ ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“ဟ အလတ်ကောင်၊ မင်းက တကယ်စားမယ့်သောက်မယ့်ပုံပါလားကွ၊ ငါက လောကွတ်လုပ်ပြီး ခေါ်လိုက်တာကို”
“အိုဗျာ၊ ဦးဘသာက စားပါအုံးဆိုတော့လည်း စားရတာပေါ့ဗျာ”
ကျုပ်လည်း ပြောပြောဆိုဆိုနဲ့ ဦးဘသာဘေးနားချထားတဲ့ ထမင်းဒန်အိုးအဖုံးကိုယူလိုက်ပြီးတော့ ဒန်အိုးဖုံးထဲကို ထမင်းတွေခူးထည့်ပါရောဗျာ၊ ပြီးတော့ ဦးဘသာချက်ထားတဲ့ ကြက်သားနဲ့အာလူးဟင်းကိုခပ်ထည့်ပြီး နယ်ဖတ်စားပါရော၊ ဗိုက်ကလည်းဆာဆာနဲ့ဆိုတော့ စားလို့ကောင်းလိုက်တာ ပြောမနေပါနဲ့ဗျာ။
“ဟ၊ အလတ်ကောင်ရ စားလှချည်လားဟ၊ မင်းကွာ ထမင်းမစားရသေးဘူးလားကွ”
ကျုပ်လည်းပြန်မဖြေချင်တာနဲ့ ဦးဘသာကို ပြန်မေးခွန်းထုတ်လိုက်တယ်။
“ဦးဘသာကြီးကရော ပြန်လာဖြင့်ကြာပြီ ဘာဖြစ်လို့အခုမှ ထမင်းစားနေတာလဲဗျာ”
“မင်းရဲ့တောကြက်ဖကြီးက တော်တော်ချက်ရတာကွ၊ ကဲကွာ ရော့ ခေါင်းလေးစားလိုက်”
“ဟာဗျာ၊ ခေါင်းကြီးမစားချင်ပါဘူး”
“အောင်မာ ကြက်တို့သရေ ခေါင်းမှာနေသတဲ့ကွ၊ ခေါင်းစားရင်မင်းဖြစ်တယ်ဆိုတာ မင်းမကြားဖူးဘူးလား”
ကျုပ်လည်း ကြက်ခေါင်းကိုဖဲ့ရင်း
“အဲဒါတကယ်လားဗျ”
“တကယ်ပေါ့ကွာ၊ ငါတို့ပြောပြောနေတဲ့ ကျက်သရေ ကျက်သရေဆိုတာ အဲဒီကြက်ကိုပြောတာပေါ့ကွ၊ ဘုရားက တိကနိပါတ်၊ သီရိဇတ်မှာ ကြက်သရေအကြောင်းဟောထားတာပဲ၊ ကြက်သရေဆိုတဲ့နေရာမှာ ကြက်ဆိုတာ ငါတို့ပြောနေတဲ့ကြက်ကောင်ပေ့ါကွာ၊ သရေဆိုတာ အဆီအနှစ်လို့ခေါ်တယ်ဆိုပြီး ကန်တော်မင်းကျောင်း မေတ္တာစာမှာလည်း ထည့်ဆိုထားသကွ၊ အဲဒီကြက်ရဲ့သရေအဆီနှစ်ကခေါင်းမှာရှိတယ်၊ ဒီကြက်ရဲ့ခေါင်းကိုစားရင်မင်းဖြစ်တယ်၊ အသည်းကို ယောက်ျားစားရင်အိမ်ရှေ့မင်း၊ မိန်းမစားရင် မိဖုရားခေါင်၊ အသားကိုစားရင်တော့ ရဟန်းစားရင် မင်းဆရာ၊ လူစားရင် ပညာရှိ၊ အရိုးကိုက်ရရင် စစ်သူကြီးဖြစ်တာပဲကွ”
“ဟာဗျာ၊ ဒါဆို ကြက်ခေါင်းတွေချည်း ရွေးစားမှဗျ”
“ကြက်ဆိုတာ လူတွေကိုအချိန်ပြပြီးအကျိုးပြုသေးတယ်ကွ၊ ရှေးက မြို့တော်တွေဆိုရင် ဗဟိုရ်စည်သံနဲ့အချိန်သိနိုင်ပေမယ့် တောရွာတွေဆိုရင်တော့ ကြက်ရဲ့အသံကို နားထောင်ရတာပဲဟေ့၊ ကြက်မှာက ဇီဝနာရီလို့ခေါ်တဲ့ အရာတစ်ခုပါတယ်၊ အချိန်ကို သူတို့အတွင်းစိတ်ထဲကနေ သိနိုင်သကွ”
“ကျုပ်တို့ရွာလည်း ဒီလိုပါပဲဗျာ၊ ကြက်ဖတွန်သံကိုနားထောင်ပြီး အလုပ်တွေလုပ်ကြတယ်မဟုတ်လားဗျ”
ကျုပ်စားထည့်လိုက်တာ ဦးဘသာထမင်းအိုးပြောင်ပါရောဗျာ၊ ကြက်သားအာလူးချက်ကလည်း တယ်ကောင်းတာကိုးဗျ၊ စားသောက်ပြီးတော့ စကားစမြည်ပြောပြီး ညနေစောင်းမှ အိမ်ကိုပြန်ခဲ့တယ်၊ အိမ်မှာတော့ တောကြက်ကို ဘူးသီး၊ ကျောက်ဖရုံသီးရောပြီးတော့ ကာလသားချက် ချက်ထားသဗျာ၊ တောကြက်က အသားနည်းအကောင်သေးတယ်ဆိုတော့ သူ့ချည်းစားတာထက် တစ်ခုခုနဲ့ရောပြီးစားမှ စားလောက်တာကိုးဗျ၊
(၄)
နောက်တစ်နေ့တော့ ကျုပ်ယာထဲမဆင်းဘဲ အိမ်မှာပေကပ်ကပ်လုပ်နေတယ်၊ မနက်စာစားပြီးတော့ ကိုဂျမ်းက ကြက်ပိုက်ပြီးထွက်သွားပါရောဗျာ၊ ဒါနဲ့ကျုပ်လည်း အသာကလေးလိုက်ထွက်လာခဲ့တယ်၊ အကိုကြီးလည်းမရှိတော့ဘူး၊ အဖေကတော့ ထုံးစံအတိုင်း ရွာပတ်နေပြီထင်တာပါပဲဗျာ၊ အိမ်နဲ့အတော်လှမ်းတော့မှ ကိုဂျမ်းနဲ့စကားပြောဖြစ်တယ်ဗျ၊ စကားတပြောပြောနဲ့သွားရင်း မုနိကုန်းကို ရောက်ပါလေရောဗျာ။ ကျုပ်လည်း အဲဒီတော့မှ အံ့သြသွားတာဗျ၊
မုနိကုန်းမှာ လူတွေမနည်းဘူးဗျ၊ ရွာကလူတွေတင် တော်တော်များတယ်ဗျာ၊ တစ်ရွာလုံးကလူတွေ ကုန်ပြီလားထင်ရတယ်၊ မုနိကုန်းဆိုတာလည်း အရင်တုန်းက သရဲခြောက်တဲ့ကုန်းဗျ၊ အခုလည်းခြောက်တာပါပဲ၊ မြေကခပ်ပြန့်ပြန့်နဲ့ ဝါးရုံပင်ကြီးလေးငါးရုံက ဆက်တိုက်ပေါက်နေတာဆိုတော့ အရိပ်အာဝါသကလည်း ကောင်းသဗျာ၊ ကြက်ဝိုင်းထောင်ဖို့ နေရာကောင်းပဲပေါ့။
ကျုပ်တို့ရွာတွေဘက်မှာ အရင်တုန်းက ယောက်ျားတိုင်း ကြက်ဝိုင်းကြည့်ကြတယ်ဗျ၊ အခုခေတ်လို လက်ဝှေ့ပွဲတွေဘာတွေလည်း ကြည့်လို့မရဘူးဆိုတော့ ကြက်ဝိုင်းပဲ အားပေးကြတာဗျ၊ ကြက်ဝိုင်းကိုတော့ တရားဝင်ထောင်ခွင့်ပြုမထားဘူးပေါ့ဗျာ၊ လောင်းကစားဆိုတာမျိုးလည်းဖြစ်ပြန် တစ်ခါ ကြက်ဝိုင်းကနေ မကျေမနပ်ကြရင်း ထိုးကြကြိတ်ကြ ရိုက်ပုတ်ကြနဲ့ ရန်ပွဲတွေသတ်ပွဲတွေဖြစ်ကုန်တာကိုးဗျ၊ ဒါကြောင့် ရွာလူကြီးတွေက ကြက်ဝိုင်းကိုခွင့်မပြုတာ၊ ဒါပေမယ့်လည်း ဝါသနာပါတဲ့လူတွေကတော့ ကြိတ်ဝိုင်းတွေလုပ်ကြပါတယ်ဗျာ၊ အဖေကလည်း ဒီကြက်ဝိုင်းအကြောင်းကို မသိဘဲတော့ မနေဘူးဗျ၊ ဒါပေမယ့် ရွာသားတွေပျော်ပါစေဆိုပြီး မသိချင်ယောင်ဆောင်ထားပုံရတယ်။
ကြက်ဝိုင်းရောက်တော့မှ ဝိုင်းရှေ့ထိုင်နေတဲ့ အကိုကြီးကိုတွေ့တာပဲဗျာ၊
“အကိုကြီး၊ ကျုပ်ကိုတောင်မခေါ်ဘူးဗျာ၊ အကိုကြီးက ညီအကိုချင်းဘာအထာလဲဗျ”
“မသိဘူးလေကွာ၊ မင်းစိတ်မဝင်စားဘူးထင်လို့ မခေါ်တာကွ”
“မှန်မှန်ပြောစမ်းပါအကိုကြီးရာ၊ အကိုကြီးက ကြက်ဝိုင်းမှာ လောင်းကြေးထပ်မလို့မဟုတ်လား”
“အေးပေါ့ကွ၊ ဒီအတိုင်းကြည့်တာထက် လောင်းကြေးလေးထည့်လိုက်တော့မှ ပိုကြည့်ကောင်းတာကွ၊ မင်းမရီးမသိအောင်လို့ ပိုက်ဆံတစ်ရာ ဘတ်လာတယ်ကွ၊ နိုင်တော့မှ ဟန်မပျက်ပြန်ထားလိုက်မယ်”
ကျုပ်ကျောကိုပုတ်ခံလိုက်ရလို့ လှည့်ကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်၊ ဦးဘသာက ကျုပ်နဲ့အကိုကြီးဘေးမှာ ဝင်ထိုင်လိုက်တော့
“ဦးဘသာလည်း လာကြည့်တယ်နော်”
“မသိပါဘူးကွာ၊ ရွာထဲမှာ ဝိုင်းကောင်းတယ်ကြားလို့ လာကြည့်တာပါ”
“ဝိုင်းကတော့ ကောင်းတယ်ဗျာ၊ ကိုဂျမ်းရဲ့ ပွဲတိုင်းကျော်ဆိုတဲ့ကြက်ကြီးနဲ့ လှည်းလမ်းကူးက ငတောရဲ့ ပွဲတိုင်းကျော်ဆိုတဲ့ကြက်နှစ်ကောင် ဆော်မယ့်ပွဲဗျ၊ ဒီနှစ်ကောင်လုံးကလည်း အာဂကောင်တွေနော်ဗျ၊ တစ်ကောင်ကို ပွဲတစ်ရာလောက် နိုင်ဖူးတယ်ပြောတယ်”
“စောင့်ကြည့်ရတာပေါ့ကွာ၊ ဒါနဲ့ မင်းကဘယ်ကြက်ဘက်ကလဲကွ”
“မေးနေစရာလားဗျာ၊ ကျုပ်ကတော့ ကိုဂျမ်းကိုအားပေးမှာပေါ့၊ အကိုကြီးလည်း ကိုဂျမ်းကြက်ကို လောင်းနော်ဗျ၊ ကိုဂျမ်းကြက်နိုင်မယ်လို့ ကျုပ်ယုံကြည်တယ်”
အလယ်ကမြေပြောင်ပြောင်မှာ စည်းဝိုင်းတစ်ခုတားလိုက်တယ်ဗျ၊ လောင်းကစားဝါသနာပါတဲ့လူတွေကတော့ လောင်းကစားတွေလုပ်နေကြပြီပေါ့ဗျာ၊ မကြာပါဘူး ကြက်ဒိုင်လုပ်မယ့်လူက ဝါးဆစ်ပိုင်းကို တဒေါက်ဒေါက်ခေါက်တယ်ဗျ၊ ပွဲစတော့မယ့် သဘောပေါ့ဗျာ။
“ကဲ ဒီပွဲမှာ မင်းတို့ဘယ်လိုတိုက်ချင်လဲ”
“အသေအကြေတိုက်မယ်”
“ကောင်းပြီ၊ ဒါဆိုရင် အရေအတွက်မထားတော့ဘူး၊ ကျိုး၊ ကန်း၊ သေတဲ့ကြက်က အရှုံးပေါ့ကွာ”
ပြောဆိုပြီးတော့ ကြက်နှစ်ကောင်ကို ကွင်းထဲချပေးလိုက်တယ်ဗျ၊ ကြက်နှစ်ကောင်စလုံးက တကယ့်ချန်ပီယံကြက်ကြီးတွေဆိုတော့ ရှယ်ကြီးတွေပဲဗျာ၊ ကြက်နှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် မတိုက်ခင်မှာ တစ်ကောင်မျက်နှာကိုတစ်ကောင် သေချာစိုက်ကြည့်နေကြတယ်ဗျ၊ ကြက်အခေါ်အရဆိုရင် ကြက်တဲတယ်လို့ ခေါ်တယ်ဗျာ၊ လူတွေလိုဆိုရင်တော့ လက်ဝှေ့မထိုးခင် တစ်ယောက်နဲ့တစ်ယောက်စိန်ခေါ်ကြတယ်ပေါ့။
ပြီးတာနဲ့ ဝေါခနဲစခွပ်ကြတာပါပဲဗျာ၊ ပရိသတ်ကလည်း အားပေးကြတယ်ဗျ၊ ကိုဂျမ်းကြက်က တော်တော်တော့သွက်တယ်ဗျာ၊ ငတောကြက်ကလည်း လျှင်တယ်ဗျ၊ ဒီလိုနဲ့ခွပ်နေရင်း ငတောကြက်က အနောက်ဆုတ်သွားရင်းနဲ့နောက်ဆုံးတော့ စည်းဝိုင်းအပြင်ကိုရောက်သွားတယ်၊ ငတောက သူ့ကြက်ကိုပြေးကောက်တယ်၊ ဒီလိုမျိုးကြက်က ဝိုင်းအပြင်ရောက်သွားတာကို တစ်ရေလို့ခေါ်တယ်ဗျ၊ လက်ဝှေ့အခေါ်ဆိုရင်တော့ အချီပေါ့ဗျာ၊ လက်ဝှေ့တစ်ချီ၊ နှစ်ချီဆိုသလို ကြက်ဝိုင်းမှာတော့ တစ်ရေ၊ နှစ်ရေပေါ့ဗျာ။
ကိုဂျမ်းက သူ့ကြက်ကို ခေါင်း၊ လည်ပင်း၊ ဂျိုင်းကားတွေနဲ့ လက်နဲ့ဆုပ်နယ်ပေးတယ်ဗျ။
“သားကြီး၊ ဒီကောင့်ကိုခွပ်ထည့်လိုက်စမ်းပါကွာ၊ မင်းလုပ်နိုင်ပါတယ်”
“ဟုတ်တယ်ကိုဂျမ်း၊ ပထမတစ်ရေမှာ ကိုဂျမ်းကြက်က အခြေအနေကောင်းတယ်ဗျ”
ပြီးတော့ ကြက်နှစ်ကောင်ကို ပြန်ဆိုင်ပေးတာပဲဗျာ၊ ဒီကောင်တွေလည်း ဆော်ကြပါရော၊ ဒီတစ်ခါတော့ ကိုဂျမ်းရဲ့ကြက်က ငတောကြက်ကိုချည်း ခွပ်လိုက်ဆိတ်လိုက်နဲ့ဗျာ၊ ငတောကြက်က လှိမ့်ချည်းလှိမ့်ခံနေရတာဗျာ၊ ဒုတိယတစ်ရေမှာလည်း ကိုဂျမ်းကြက်က သာပါတယ်၊ ကိုဂျမ်းက သူ့ကြက်ကို ရေပူရေနွေးတွေပေးပြီး ရေလှည့်နေတယ်ဗျ။
“သားကြီးရာ မင်းခွပ်တာက အားနည်းတယ်ကွ၊ ဟိုကောင်နာနာကလေးထိသွားအောင် ဆော်စမ်းဟေ့”
ကြက်နှစ်ကောင်က တတိယတစ်ရေမှာ ခွပ်ပြန်ပါရောဗျာ၊ ဒီတစ်ခါလည်း ကိုဂျမ်းကြက်က ဆီးခွပ်လိုက်၊ ရောခွပ်လိုက်၊ ပစ်ခွပ်လိုက်နဲ့ကိုခွပ်နေတာဗျ၊ ကြာလာတော့ ခွပ်နေတဲ့ကောင်က မောလာတယ်ဗျ၊ ငတောကြက်က ဘယ်လိုမှကိုမနေတာဗျာ၊ ကိုဂျမ်းကြက်က ခြေရည်ကျလာတော့မှ ငတောကြက်က ပိတ်ပိတ်ခွပ်တာပဲဗျာ၊ ငတောက ကိုဂျမ်းကိုကြည့်ပြီး
“ဟား၊ ဟား မင်းရဲ့ကြက်က ဇောင်းထောင်နေပြီကွ၊ အရှုံးပေးလိုက်စမ်းပါ ငဂျမ်းရာ”
ကိုဂျမ်းကတော့ မခံချင်ဖြစ်သွားတယ်၊ ဇောင်းထောင်တယ်ဆိုတာ ကြက်က ကြောက်သွားလို့ လည်ဆံမွှေးတွေသိမ်းပြီး ခေါင်းအနောက်က အမွှေးတွေထောင်တက်လာတာကိုပြောတာဗျ၊ တိုက်ကြက်တွေဒီလိုဇောင်းထောင်လာပြီဆိုရင် ထွက်ပြေးကြတာများတယ်။
ကြည့်နေရင်း ငတောကြက်က ကိုဂျမ်းကြက်ကို ပြေးဝင်ပြီးခွပ်ပစ်ထည့်လိုက်တာ ကိုဂျမ်းကြက်က လွင့်ထွက်သွားပြီး စည်းအပြင်ကိုကျတယ်ဗျာ၊ ကိုဂျမ်းက ကြက်ကိုပြေးကောက်တယ်၊ ကျုပ်တို့လည်း ကိုဂျမ်းကြက်နားမှာ သွားအုံလိုက်တယ်။
“ဟာ၊ ကြက်က သေနေပြီကွ”
ကိုဂျမ်းက နမြောတဲ့ပုံပါပဲဗျာ၊ အနားမှာရှိနေတဲ့ဦးဘသာက
“ငါကြည့်နေတာ ငတောကြက်က မရိုးသားဘူးကွ၊ အရှေ့မှာ သုံးရေလောက်အခွပ်ခံထားရတာကိုတောင် ဘာမှမဖြစ်ပုံထောက်ရင် တစ်ခုခုတော့ တစ်ခုခုပဲဟေ့”
“ဘယ်လိုတစ်ခုခုလဲဗျ”
“ဒီကောင့်ကြက်ခြေထောက်အောက်မှာ ဘတ်လတ်ဘတ်လတ်ဖြစ်နေပုံထောက်ရင် အင်းစီရင်ပြီး လုပ်ထားတာလားပဲ”
“ဗျာ၊ ဒီလိုလုပ်လို့ရလို့လား”
“ရတာပေါ့ကွ၊ ဘိုးဘိုးအောင်ငယ်ငယ် ဘုန်းကြီးကျောင်းသားဘဝတုန်းကဆိုရင် အင်းတစ်ကွက်ဆွဲပြီး စမ်းကြည့်ချင်တာနဲ့ ဘုန်းကြီးကျောင်းက ကြက်ကြီးလည်မှာဆွဲပေးထားလိုက်ပြီးတော့ ကျောင်းက ကျောင်းသားတွေအကုန်လုံးကို ရိုက်ခိုင်းတာကွ၊ ကျောင်းသားတွေက ကြက်ကိုဝိုင်းရိုက်ကြပေမယ့် ရိုက်တဲ့လူသာမောသွားတယ် ကြက်ကဘယ်လိုမှကို မနေဘူးတဲ့ကွာ”
“ဖြစ်နိုင်တယ် ဦးဘသာ၊ ဒီကောင်တွေ သက်သက်ယုတ်မာတာပဲဗျာ၊ ကျုပ်တို့ ဒီကောင်တွေကိုဆော်ကြမယ်”
ဦးဘသာက ကျုပ်ကိုလက်ကာပြရင်း
“မလုပ်နဲ့အလတ်ကောင် မင်းတို့အခုပွဲထဆူရင် မနိုင်လို့ ပွဲဆူတယ်ဆိုပြီးထင်သွားလိမ့်မယ်ကွ၊ နေနေ ငါကြည့်လုပ်မယ်”
“ဦးဘသာက ဘယ်လိုလုပ်မှာလဲဗျ၊ ဒီမှာကြက်က သေနေပြီကို”
ကိုဂျမ်းကြက်က ကိုဂျမ်းလက်ထဲတင် ပျော့ခွေကျနေပြီဗျာ၊
“မင်းတို့ ကြက်ကိုမသေချင်ဟန်ဆောင်ထား၊ ပြီးတော့ ငါ့ကိုရေတစ်ခွက်ပေး”
ဦးဘသာဘာလုပ်တယ်ဆိုတာနားကိုမလည်တော့ဘူးဗျာ၊ ဒီအခါ ငတောက သူ့ကြက်ပိုက်ရင်း လှမ်းအော်တယ်။
“ဟေ့ကောင်တွေ၊ မင်းတို့ကြက် မတိုက်နိုင်တော့ရင်လည်း အရှုံးပေးလိုက်စမ်းပါကွာ၊ စောင့်ရတာ ကြာတယ်ကွ”
ကိုဂျမ်းက ထပြီးထိုးဖို့လုပ်တယ်၊ ကျုပ်ကလက်ဆွဲထားရတယ်ဗျာ၊ ဦးဘသာက ရေတစ်ငုံငုံပြီးတော့ သေနေတဲ့ကြက်ကို ဖူးခနဲမှုတ်တယ်ဗျာ၊ နောက်တော့ ကြက်ခေါင်းနားကပ်ပြီး ပွစိပွစိလုပ်နေတုန်းမှာပဲ ကြက်ကမျက်လုံးပြန်ပွင့်လာသဗျ။ ပြီးတော့ ခေါင်းထောင်လာပါရော။
“အသာနေစမ်းပါ ငဂျမ်းရာ၊ စည်းဝိုင်းထဲက ကိစ္စကို စည်းဝိုင်းထဲမှာပဲ ရှင်းတာပဲကောင်းတယ်ကွ”
ကိုဂျမ်းဆိုရင် ယုံကိုမယုံနိုင်ဘူးဗျ၊ ဒါနဲ့ ကြက်ကို စည်းထဲချပေးလိုက်ပါရော။
ဒီတစ်ခါတော ငတောကြက်က အရင်စတာဗျ၊ ကိုဂျမ်းကြက်ကရှောင်လိုက်ပြီးတော့ ငတောကြက်ရဲ့ခြေထောက်ကို ဆိတ်ပါရောဗျာ၊ ငတောကြက်ရဲ့ ခြေထောက်အလယ်တည့်တည့်ကနေ တစ်လက်မတောင်မရှိတဲ့ စာရွက်ကလေးတစ်ခုက ကွာကျသွားတယ်၊ တစ်ခါ ငတောကြက်က ပြေးခွပ်တာကို အသာရှောင်ပြီးတော့ နောက်ခြေထောက်တစ်ခုက အင်းကိုခွာပစ်ပါရောဗျာ၊ အားလုံးပြီးတော့မှ ငတောကြက်ပြေးအဝင်မှာ တောင်ပံအောက်ကနေငုံ့ရှောင်ပြီးတော့ ငတောကြက်ရဲ့ကိုယ်လုံးပေါ်ကိုလွှားခနဲခုန်တက်ပြီး ခေါင်းကိုချည်းဆိတ်တော့တာပဲဗျာ၊ ငတောကြက်က အင်းပြုတ်သွားပြီဆိုတော့ ခံလိုက်ရတာပြောမနေပါနဲ့ဗျာ၊ ကိုဂျမ်းကြက်ကလည်း ဆိတ်သလားတော့မမေးနဲ့ဗျာ၊ ငတောကြက်ရဲ့အမောက်တွေဆို စုတ်ပြတ်သတ်နေတာပဲ၊ နှုတ်သီးဆိတ်ချက်ကြောင့် ခေါင်းကပေါက်သွားပြီးတော့ သွေးတွေစီးကျလာပါရောလား၊ ငတောကြက်လည်း မြေပေါ် မှောက်လျက်လဲတာပဲဗျာ၊ ကိုဂျမ်းကြက် ဒါတောင်မှ အဆိတ်မရပ်ဘူးဗျို့။ ပြီးတော့ ငတောကြက်ခေါင်းကို ခြေတွေနဲ့ဆောင့်နင်းပါရောဗျာ။
အနိုင်အရှုံးကတော့ ကွက်ကွက်ကွင်းကွင်းပါပဲဗျာ၊ ငတောကြက်ကမြေပြင်မှာလူးနေပြီး ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတယ်၊ ကိုဂျမ်းရဲ့ကြက်ကတော့ အမောက်တထောင်ထောင်နဲ့ တွန်တောင်တွန်နေသေးတယ်ဗျာ၊ လောင်းကစားသမားတွေတော့ အလျော်အစားတွေလုပ်နေကြပြီဗျ၊ ကိုဂျမ်းက သူ့ကြက်ကိုကောက်မယ်အလုပ်မှာ ငတောတို့က ပြဿနာရှာတော့တာပဲ။
“ဟေ့ကောင် ငဂျမ်း၊ မင်းအောက်လမ်းနည်းတွေနဲ့ ကြက်ကိုလုပ်ထားတယ်မဟုတ်လားကွ”
“အိုကွာ၊ မင်းသာအောက်လမ်းနည်းသုံးထားတာပါ၊ စည်းထဲကျနေတဲ့ အင်းကွက်ကလေးတွေက မင်းလုပ်ထားတဲ့ အင်းတွေမဟုတ်လား”
ငတောက သူညစ်တာလူမိသွားတော့မှ သူ့နောက်လိုက်နောက်ပါတွေဘက်လှည့်ပြီး
“ဟာ၊ ဒါတွေမကြားချင်ဘူး၊ ဟေ့ကောင်တွေ၊ ငဂျမ်းကို မှတ်လောက်အောင် ဆော်လိုက်ကြစမ်း”
ငတောအနောက်မှာ လူအယောက်နှစ်ဆယ်လောက်ရှိတယ်ဗျ၊ သူတို့က ဖွက်ယူလာတဲ့ တုတ်တွေ၊ ဓါးတွေကိုထုတ်လိုက်ကြတယ်၊ ကျုပ်တို့ဘက်မှာက ကျုပ်တို့လောက်ပဲရှိတာကိုးဗျ၊ ဒီကောင်တွေက မနိုင်ရင်လုပ်မယ်ဆိုပြီး တခါတည်းတွေးထားပုံပဲဗျာ၊ ဒီအချိန် စည်းထဲက ကိုဂျမ်းကြက်ဖကြီးက တဖြည်းဖြည်းကြီးလာသဗျ၊ နောက်တော့ ပုတ်လောက်နီးနီးအရွယ်ကြီးဖြစ်သွားပါရောဗျာ၊ မျက်လုံးကြီးကလည်း နီနီကြီးလင်းလို့ဗျို့၊ ပြီးတာနဲ့ ငတောတို့ဘက်လှည့်ပြီး လိုက်တော့တာပါပဲ။
“ကြက်သရဲကြီးဟေ့။ ပြေးဟ၊ ပြေးကြဟ”
ငတောတို့တင်မကဘူး လာဝိုင်းကြည့်တဲ့လူတွေအားလုံးလည်း ခြေကုန်သုတ်ပြီးပြေးကြပါရောဗျာ၊ ကျုပ်နဲ့ကိုဂျမ်းလည်း ကြောက်ကြောက်နဲ့ပြေးကြတာ ဦးဘသာတောင် ဘယ်နားကျန်ခဲ့မှန်းမသိပါဘူးဗျာ။ အိမ်ရောက်တော့ အားလုံးအမောဆို့နေကြတယ်ဗျ၊ ဒီအခါ မရီးက အိမ်ပေါ်ကနေဆင်းလာတယ်။ အကိုကြီးကို သူ့ပိုက်ဆံပျောက်သွားလို့ ရန်တွေ့တော့တာပဲဗျာ၊ အကိုကြီးကလည်း မျက်လုံးကလေး ကလယ်ကလယ်နဲ့ အပြောခံရှာတယ်ဗျာ၊ မရီးလစ်တော့မှ အကိုကြိးနားကပ်ပြီး
“အကိုကြီးက ကိုဂျမ်းကြက်ကိုမထိုးဘူးလား”
“ငဂျမ်းကြက်ကိုမယုံလို့ ငတောကြက်ကိုထိုးလိုက်တာကွ”
“ကောင်းတယ်ဗျာ၊ နည်းတောင်နည်းသေးတယ်၊ ခံခံ မရီးပြောတာသာခံပေတော့”
ဒီလိုနဲ့ ကြက်ဝိုင်းတစ်ခုက ပြီးသွားပါရောဗျာ၊ ပွဲတိုင်းကျော်နှစ်ကောင်လုံးလည်း သေရှာတယ်ဗျ၊ ကိုဂျမ်းကတော့ လက်မလျော့ပါဘူးဗျာ၊ နောက်ထပ်ကြက်ကြီးတစ်ကောင်ထပ်မွေးလိုက်သေးသဗျ၊ ကြက်နာမည်ကလည်း တိုက်တိုင်းအောင်တဲ့၊ ငတောကတော့ ကြက်မတိုက်နိုင်ရှာတော့ပါဘူးဗျာ၊ ကြက်မြင်ရင်လန့်နေလို့ မနည်းကုလိုက်ရတယ်ဆိုသဗျ။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply