ပျားလေးသမား

သီးနှံခင်းအားလုံး မြမြမောင်းမောင်း မှိုင်းမှိုင်းညို့ညို့ ညို။

ပဲစင်းငုံခင်းများ၊ နှမ်းခင်းများ၊ ငရုတ်ခင်းများ၊ နေကြာခင်းများ၊ ပဲလွန်းခင်းများသည် အပွင့် ဝေဝေဖြာဖြာ။

– အညာဒေသ သဘာဝ ပေါက်ပင်များဖြင့် တန်ဆာဆင် ထားသော ကဇာခင်တန်းရိုး၌ပင်လျှင် အပင်အားလုံး ချုံပုတ် ချုံနွယ် အားလုံး ရွှန်းမြမြစိမ်း။

အစိမ်းရောင် အကိုင်း အခက် အလက်များပေါ်၌ ငွေပွင့် ဖူး ဖူးသလို မြူးကြွဟန်ဖြင့် ပွင့်ဖူးနေသော နဘူးပန်းခိုင် လှလှလေးများ၊ ပတ္တမြား နားကပ် ကဲ့သို့ သဏ္ဌာန်ရှိသော ကောင်းဖူး၊ ကဖောင်းပွင့်များ၊ မွှေးပျံ့သော ရနံ့ ထုံနေသည့် ဆီးပွင့်များ၊ အချို့ သော ဆီးဦးတို့မှာ ဆီးသီးနု ကပ်သည်တိုင် နှောင်းကျန် ဆီးပင်များက အမီလိုက်မည့် သဏ္ဌာန် ပင်လုံးကျွတ် ဆီးပွင့် တဝေဝေ။

ကဇောင်ချုံနှင့် နဘူးချုံများပေါ်မှ ခေါင်းထောင်နေသော ကင်းပုံပွင့်များ၊ ရှုလေရာ ဝန်းကျင်တစ်ခိုတွင် တောပန်း မြိုင်ပန်း မှန်သမျှ အပြိုင်အဆိုင် ပွင့်ကြ ဖူးကြ တဝေဝေ။

စိုက်ပျိုးထားသော သီးနှံခင်းများမှ သီးနှံပင်များကလည်း ဖူးကြပွင့်ကြ တဝေဝေ။

ဆောင်းနေ့သည် ဆွမ်းခံပြန်ချိန်မို့ ပျပျနွေးနွေး။ နေခြည် နွေးနွေး အောက်တွင် ပန်းမျိုးစုံ ရနံ့ သင်းသင်းမွှေးမွှေး။ နေခြည်နွေးနွေး ပန်းမျိုးစုံ ရနံ့မွှေးမွှေး ဆီသို့ အပြေးအလွှား လာရောက် ဝတ်ရည် သယ်ယူကြသော ပျားတို့မှာ အုပ်လိုက် အုပ်လိုက် ရှုပ်ရှုပ်ထွေးထွေး။

ဝင်လာသော ပျားများကလည်း အုပ်လိုက် အုပ်လိုက် ဝင်ဝင်လာသည်မှာ မရပ်မစဲ။

ဝတ်ရည်စုတ်ယူရာမှ ပျံသန်းသော အပြန်ပျား များကလည်း အုပ်လိုက် အုပ်လိုက် တဖွဲဖွဲ။

သူ့ကို ဤသို့ မြင်မမြင် သူ့အဖေ မေးမည်ဟု ငလုံး ထင်၏။

“ကျုပ်တော့ ပန်းတွေ အများကြီးပွင့်တာ၊ ပျားတွေ အများကြီး ဝင်လာ တာ၊ ပြန်ထွက်သွားတာ မြင်တယ်အဖေ”

ငလုံး အဖြေကို ငတော ပြုံးသည်။
“နောက်တော့ ဘာမြင်သေးလဲကွ”
ငလုံး အူကြောင်ကြောင် ဖြစ်သွားသည်။ နောက်ကော ဘာမြင်သေးလဲကွတဲ့။ ဒါပဲ သူမြင်သည်၊ သည့်ထက် သူ ပိုမမြင်။

“ကျုပ်မြင်တာတော့ ဒါပဲ၊ အဖေက အဲဒါအပြင် ဘာတွေ မြင်သေးလို့ လဲဗျ”

ငတော ပြုံး၍ လက်ညှိုး ညွှန်ပြရင်း ပြောသည်။

“အဖေလည်း မင်းလို သာမန် သဘောထားပြီး ကြည့်လိုက်တဲ့အခါ ပျားတွေရယ်၊ ပန်းပွင့် ပွင့်တာတွေရယ်၊ ဒါပဲ မြင်တာပေါ့ကွာ၊ ပျားသမား မျက်စိနဲ့ ကြည့်လိုက်တော့ ဟောဟို ကဇောင်းပင် အုပ်အုပ်တွေထဲမှာ ကဇောင်းပွင့် ဝတ်ရည်ကို စုပ်နေတဲ့ ပျားတွေဟာ အရှေ့ဘက်ကလာပြီး၊ အရှေ့ဘက်ကို ပြန်သွားတယ်။ ဟောဟို ဆီးပင်ကြီးက ဆီးပွင့်တွေကို ဝတ်ရည် စုပ်နေတဲ့ ပျားတွေက မြောက်ဘက်က လာပြီး မြောက်ဘက်ကို ပျံသွားတယ်။ အဖေ သတိပြု မိတာ ဟုတ်မဟုတ်ကို ပျားတွေပျံဝင့်လာတုန်း၊ ပြန်ပျံထွက်သွားတုန်း မင်း စောင့်ကြည့်ပါလား”

တည့်တည့်ပြောမှ ငလုံး သတိပြုမိသည်။ မျက်လုံးချင်း တူပါလျက် အကြည့် စူးရှပုံချင်း မတူ။ အကြည့် စူးရှပုံချင်း မတူတော့ အသိ မတူ။

ယခု အသိတူရန် အကြည့်ကို သတိပြုပြီး နေရောင်ခံ၍ ငလုံး ကြည့် လိုက်သည်။ ကြည့်ရင်း ကြည့်ရင်းပင် သူ့အဖေ ပြောသည်တို့ အားလုံး မှန်ကန် ကြောင်း သူ တွေ့ရသည်။

ကဇောင်းပင် အုပ်အုပ်ဆီသို့ ကဇောင်းပွင့် ဝတ်ရည် လာရောက် စုပ်ယူသော ပျားများသည် အရှေ့ဆီမှ လာပြီး အရှေ့ဆီ ပြန်သည်။

ဆီးပင်အုပ်ဆီသို့ ဆီးပွင့်ဝတ်ရည် လာရောက် စုပ်ယူသော ပျားများသည် မြောက်ဘက်က လာပြီး မြောက်ဘက်သို့ ပြန်သည်။

“ဟုတ်တယ် အဖေ၊ အဖေပြောတာ ဟုတ်တယ်ဗျ၊ အဟီး ကျုပ် ခုမှ ဂရုစိုက်မိတာ”

“ကဲ ဟုတ်တယ်ဆိုရင် ဘယ်လို ပျံတယ်ဆိုတာ မင်း သေသေချာချာ ကြည့်ပြီး အဖေ့ကို ပြော”

ငလုံးအဖို့ တောရေးတောရာ၌ သည်မျှ မအ မန။ တောလိုက်နေကျ မျက်စိရှင် နားပါးပီပီ သည်မျှ အရိပ်ပြလျှင် အကောင် မြင်လွယ်သည်။

“အရှေ့ဘက်ပျားက အမြင့်ကြီးတောင် ပျံတယ် အဖေ။ မြောက်ဘက် ပျံတဲ့ ပျားက နိမ့်နိမ့်လေး၊ စိုက်ထားတဲ့အပင်တွေ ချုံတွေ လွတ်ရုံလောက်သာပဲ ပျံတယ်”

“လာ အရှေ့ဘက် ပျံသွားတဲ့ ပျားကို ခြေရာခံပြီး ပျားအုံ ရှာဖွပ်မယ်”

ငတော ပြောပြောဆိုဆို ရှေ့မှ ထွက်သွားသည်။ ငလုံး နောက်ကနေ၍ သူ့အဖေခြေ မီအောင် လိုက်သည်။ သွားရင်း လာရင်း ပျံသန်းနေသော ပျားများ ကို နေရောင်ခံကာ ကြည့်သည်။ ကြည့်ရင်း ရှေ့သွားရင်းမှ ငတောက ပြောသည်။

“ရှေ့နားမှာ ပျားအုံ တွေ့တော့မယ်ကွ”
“ဟာ အဖေဟာ မြန်လှချည်လား”

ငလုံး အသံက အံ့အားသင့်သံ။ ငတောက သူ့ကိုယ်သူ ယုံကြည် စိတ်ချဟန် အပြည့်အဝဖြင့်။

“မမြန်နဲ့လေကွ၊ ပညာလေ ပညာ။ ပျားရဲ့ ပညာ၊ သူ့ ပညာကို မသိသေး ခင်ကတော့ မျက်စိ လည်ချင်လည်မှာပေါ့။ မှားချင် မှားမှာပေါ့၊ တို့ချိုင့်ကြီးရွာ၊ ချိုင့်ကြီးဒေသမှာ ပျားလေးရယ်၊ ပျားကြီးရယ်၊ သစ်ခေါင်းပျားရယ်၊ ဒီသုံးမျိုးကို ပျားရည်အတွက် အားကိုး ရှာဖွေနေကြတာ မဟုတ်လား။ ပျားလေးဖြစ်ဖြစ်၊ ပျားကြီးဖြစ်ဖြစ်၊ သစ်ခေါင်းများဖြစ်ဖြစ်၊ နိမ့်နိမ့် ပျံသလား၊ မြင့်မြင့် ပျံသလား၊ သေသေချာချာ ကြည့်။ ဝတ်ရည် စုပ်ရာက အပြန်မှာ မိုးပေါ် အမြင့်ကြီး ပျံတက်ပြီဟု ဆိုရင် သူ့ပျားအုံနဲ့ သူ့နေရာ နီးတာမို့ သူ့ရန်သူဟာ သူ့ကို အလွယ်တကူ ခြေရာခံ မရအောင် လှည့်စားတာပဲ၊ ပျားရဲ့ မာယာ ပရိယာယ်ပဲ။ အမြင့်ကြီး ပျံပြတဲ့ ပျားဟာ များသောအားဖြင့် လူတစ်ခေါ် နှစ်ခေါ် အကွာအဝေး အတွင်းမှာ ပျားအုံကို တွေ့တတ်တာပဲ”

လူနှစ်ခေါ်ခန့် အဝေး၌ ရှိသော ညောင်ပင်ကြီးပေါ်၌ အုံနေသည့် ပျားအုံကို ငတောတို့ အလွယ်တကူ တွေ့သည်။

အမြင့်ပျံပျားအုံမှ ပျားရည်ကို ရအောင် ဖွပ်ခဲ့ပြီးပြီ။
အနိမ့်ပျံ ပျားအုံကကော ဘယ်မှာ ရှိမည်နည်း။

“အေးကွ၊ မင်းပြောတာ ဟုတ်တယ်။ ဆီးပွင့်စုပ်တဲ့ ပျားတွေဟာ ချုံလွတ်ရုံ သစ်ပင်လွတ်ရုံ နိမ့်နိမ့်လေး ပျံတယ်။ မြောက်ကလာတယ်၊ မြောက် ပြန်တယ်။ ဒါကတော့ ရှင်းနေတာပဲ။ သူတို့ ပျားအုံက မြောက်မှာပေါ့၊ အင်း နိမ့်နိမ့်ပျံတာ ဆိုတော့ ဝေးလိမ့်မယ်”

မြင့်မြင့်ပျံသော ပျားအုံကို ဖွပ်ပြီး၊ ငတောတို့ သားအဖ နှစ်ယောက် ပျားကျနေသော ဆီးပင်အုပ်အုပ်ရှိရာ မူလ စတွေ့ခဲ့သည့် နေရာသို့ တစ်ပတ် ပြန်လာသည်။ ဆီးပွင့်စုပ် ပွားများအား စောင့်ကြည့်၍ ခြေရာခံကာ ပျား ဖွပ်ရမည် ဖြစ်သောကြောင့် သေချာသည်ထက် သေချာရန် ငတောတို့ ထပ်ကာ ထပ်ကာ ကြည့်၏။

သေချာပြီဟု ယူဆရမှ မူလ စတင်၍ ပျားတို့ကို တွေ့သော ဆီးပင်အုပ် ၏ မြောက်တည့်တည့်သို့ ငတောတို့ သွားသည်။

သွားရင်းလာရင်း ငတောနှင့် ငလုံး စကား တပြောပြော။

“စောစောက မြင့်မြင့်ပျံတဲ့ ပျားဟာ သူ့ပျားအုံက နီးနီးမို့ သူ့ပျားအုံ အန္တရာယ် မရှိအောင် မြင့်မြင့် ပျံပြတာကွ။ ၊ ဟော ခုလို နိမ့်နိမ့်ပျံတဲ့ ပျားကျတော့ သူ့ ဝတ်ရည်စုပ်ရာ နေရာနဲ့ သူ့ပျားအုံနဲ့ ဝေးတော့ အန္တရာယ် မရှိဘူး ယူဆပြီး နိမ့်နိမ့်ပျံတာ၊ ဒါပေမဲ့ သူ့အုံ သူ့နေရာနဲ့ နီးတာနဲ့ တစ်ပြိုင်နက် မိုးပေါ်အမြင့် ကြီး ထောင်တက် ပျံပြမှာ ပြီးမှ အောက်ကို စိုက်ချပြီး အုံဆီ ဝင်မှာ”

“လမ်းမှာ မနားဘူးလားအဖေ”

“မနားဘူးကွ၊ ပျားရဲ့ ဓလေ့က ဝတ်ရည်စုပ်တဲ့ ပျားဟာ သူစုပ်တဲ့ ပန်းပွင့် ရဲ့ ဝတ်ရည်ကို အားရအောင် စုပ်တယ်။ သူ အားရမှ ပျားအုံရှိရာ ပျံတယ်။ လမ်းမှာ ဆင်းနားတာတခြား ပန်းပွင့် ဆင်းစုပ်တာတို့ မလုပ်ဘူး”

ဒီလောက် ဇွဲကောင်းတဲ့ ပျားတွေဟာ ဘယ်ချိန်လောက်က စ ဝတ်ရည် စုပ်သလဲ၊ ဘယ်ချိန်လောက်ထိ စုပ်သလဲ၊ ဘယ်နှခေါက်လောက် စုပ်သလဲ အဖေ”

“အဖေတို့ ချိုင့်ကြီးဒေသ များတွေကတော့ နွေမှာဆိုရင် မိုးလင်းကနေ ညနေ နေစွယ်ကျိုးတဲ့အထိ ဝတ်ရည်စုပ်လိုက်၊ ပျားအုံ ပြန်ပို့လိုက်နဲ့ ခေါက်တုံ့ ခေါက်ပြန်ပဲ။ ဆောင်းမှာ ဆိုရင် မနက် ဆွမ်းခံ ပြန်ချိန်ကနေ ညနေ နေစွယ် ကျိုးချိန် အထိပဲ။ ပြန်လိုက် ပို့လိုက် လာလိုက်ပေါ့ကွာ။ မိုးမှာ ဆိုရင်တော့ မိုးမရွာတဲ့ နေ့ကလွဲရင် နွေအတိုင်းပဲ၊ ဆောင်းမှာဆိုရင် နှင်းကွဲတဲ့ ဆွမ်းခံပြန်ချိန် ကနေ ညနေ နေစွယ်ကျိုးတဲ့ အချိန်ထိပဲ၊ အဲ့လို များသောအားဖြင့် တွေ့ရတယ်”

“ဒါဖြင့် ဝတ်ရည် စုပ်ရတဲ့ ပျားတွေဟာ ခေါက်တုံ့ ခေါက်ပြန်နော်”

“ဒါပေါ့ဗျာ၊ ပျားပန်းခတ်သလို ရှုပ်ယှက်ခပ်ဆိုတာ ဒါမျိုးပေါ့။ အနံ့ရတဲ့ ပန်းဝတ်ရည် ရှိရာ လာပြီး သွားပြီး ဝတ်ရည် စုပ်ကြ၊ ပျားအုံသယ်ကြနဲ့ သယ်ရင်း သယ်ရင်း ခြေရာခံတတ်တဲ့ ပျားသမားနဲ့ တွေ့ရင် သူ့ပျားအုံ ခုလို အရှာခံရ၊ တွေ့တော့ အဖွပ်ခံရတာပါပဲကွာ”

တွေ့ထားသော ပျား၏ ပျံသန်းမှုကို ခြေရာခံပြီး ငတောတို့ ပျားအုံ ရှာကြသည်မှာ မမောနိုင် မပန်းနိုင်။

ခြေရာခံသည်ဆို၍ မြေပေါ် ခံရသည် မဟုတ်။

နေရောင်ခံ၍ ပျားကိုကြည့်ပြီး များပျံရာ အရပ်ကို လိုက်ရ၏။ တောလိုက် နေကျ ခြေများဖြစ်၍ ငတောတို့၏ ခြေလှမ်းများမှာ သွက်သွက်လက်လက် လျင်လျင်မြန်မြန်။

အရင်ပျားအုံက စလိုက်ရာမှ နှစ်ခေါ် အဝေးခန့်၌ တွေ့၏။ အနိမ့်ပျံ ပျား၏ ‘ပျားအုံက စလိုက်ရာမှ အခေါ် သုံးဆယ့်ငါး၊ လေးဆယ်ခန့် ဝေးသော နေရာမှ တွေ့၏။

“ပျားအုံ နှစ်အုံတွေ့တာ ပျားရည် နှစ်ပိဿာလောက် ရပြီကွ။ ပျားကြီးအုံ တွေ့တာဆိုရင် ပိဿာ လေးငါးဆယ်တော့ အပျော့ပေါ့ကွာ၊ ပျားလေးသမားက တောကြီးမြိုင်ကြီးထဲဝင်၊ ညအိပ်ညနေ ဒုက္ခ သုက္ခများနဲ့ မဟုတ်ဘဲ ခုလို
ဆူလွယ် နပ်လွယ် ဆိုတော့ ပျားကြီးသမားတော့ ဘယ်တုနိုင်ပါ့မလဲ။ အကျိုး ခံစားခွင့်ချင်း ကွာမှာပေါ့၊ ပျားလေးသမားလည်း ဖိုးနည်းဝန်ပါ ဝန်ကျဉ်း အရလွယ် ဆိုတော့ သူ့နည်းနဲ့သူ တွက်ခြေကိုက်ပါတယ်”

ငတောက ငလုံးကို သည်စကား ပြောပြီး နှစ်သိမ့် အားပေးကာ ပျားများ ပျံသန်းမှု အကဲခတ်ပြီး ပျားအုံ ဆက်ရှာသည်။

ပဲစဉ်းငုံခင်းနှင့် ပြောင်းခင်းကြား ပေါက်နေသော ထန်းပင်ငယ်၏ အလက်၌ စွဲနေသည့် ပျားအုံ တစ်အုံကို ငတောတို့ ထပ်တွေ့ပြန်သည်။

“ငါ့သား ဒီပျားအုံကို သေသေချာချာ ကြည့်စမ်း”
ငလုံး ကြည့်သည်မှာ စေ့စေ့စပ်စပ် သေသေချာချာ။ ယခင် ဖွပ် ခဲ့သော ပျားအုံများနှင့် မတူ။ ပျားသလက်နေရာ၊ ပျားချေးနေရာ၊ ပျားလပို့နေရာသည် အချိုးကျ မဟုတ်ဘဲ လုံးလုံးထွေးထွေး။ ပျားကောင် အဆုပ်အခဲကြီးလို ပြွတ်သိပ်၍ ပျားကောင်များ ဂနာမငြိမ် လှုပ်လှုပ်ရွရွ။ ဝင်လိုက်ထွက်လိုက်၊ ဣန္ဒြေမရ။

ငတောက ထန်းလက်ကို ဓားဖြင့် ခေါက်လိုက်သည်။

လျှပ်တစ်ပြတ်မျှမြင်လိုက်ရရုံဖြင့် ငလုံး သိလိုက်သည်။ အခြား နေရာမှ ပျားဖွပ်သမားများက ပျားအုံဖွပ်၍ အုံပျောက်လာသည့် ပျားကောင်များ၊ အုံပျောက်လာသော ပျားကောင်များပီပီ အုံအသစ် တည်ဆောက်နိုင်ရေးအတွက် ကြိုးစား နေကြသည်။

“အဲဒါမျိုးကျတော့ ပျားထွေးလို့ ခေါ်တယ် ငါ့သား။ အုံတည်ခါစ ပျားလို့လည်း ခေါ်တယ်။ ပျားအုံတစ်အုံတွေ့ရင် ပျားလပို့ကို အလျင်ကြည့်၊ ပျားလပို့နဲ့ ပျားသလက် ခွဲခြားရရုံမက ပို့ကြီးက မို့မောက်နေပြီဆိုရင် ပျားအုံ သက်ရင့်ပြီလို့သိ။ ပို့နဲ့ ပျားသလက် ညီနေရင် အရည်တော့ထည့်ပြီး ပျားရည် နုသေးတယ်လို့မှတ်၊ ခုဟာမျိုးကတော့ မင်း အမြင်ပဲကွာ ရှောင်ပေါ့။ တချို့ ကျွမ်းကျင် ပျားသမားကြီးတွေကျတော့ နေ့မှာတွေ့တဲ့ ပျားအုံကို မဖွပ်ဘဲ ညမှ ပျားလပို့ကို သီးသန့် လာဖဲ့ယူတာ ရှိတတ်ကြတယ်။ ပျားကောင်လည်း မထိခိုက်မိရဘူး။ ပျားသလက်လည်း မထိခိုက်မိရဘူး။ ပျားသလက်နဲ့ ပို့ကို ခြားနားစည်း သတ်မှတ်ထားတဲ့ ပျားချေးအထက်က ကျွမ်းကျွမ်းကျင်ကျင် ဖဲ့ယူတာ၊ ပို့ကုန်ရုံလောက်ပေါ့ကွာ”
“ပို့ပေါ်က ပျားတွေက ဘယ်သွားနေလို့ ပျားတွေမထိ ခိုက်မိတာလဲ”

“ပြောမယ်လေ၊ မိဘမေတ္တာပေါ့ကွာ၊ ခုလို ဆောင်းရာသီမှာ ပျားကောင် အားလုံးဟာ ပျားသလက်ထဲမှာ ရှိနေတဲ့ ပျားကောင် ပေါက်စလေးတွေ၊ သားလောင်းတွေကို အအေးဒဏ် မခံရအောင် ညဘက်ရောက်တိုင်း ရောက်တိုင်း ပျားလပို့ပေါ်မှာ ပျားကောင် တစ်ကောင်တစ်မြီးမှ မနေဘဲ အောက်ဘက်မှာ ရှိတဲ့ ပျားသလက်ပေါ် အကုန်ဆင်းပြီး ပျားကောင်ပေါက်စလေးတွေနဲ့ သားလောင်းတွေကို ကာကွယ်တယ်၊ နွေဘက်မှာဆိုရင် ပျားကောင် ပေါက်စ လေးတွေနဲ့ သားလောင်းတွေ လေကောင်း လေသန့်ရအောင်၊ အပူဒဏ်ကြောင့် မပျက်စီးအောင် ပျားရှိသမျှ တတ်နိုင်သလောက် တက်ရသမျှ ပျားလပို့ပေါ် တက်နေကြတယ်။ ဒီပျားရဲ့ ဓလေ့စရိုက် သဘာဝကို သိတဲ့ ပျားသမားကြီး တွေဟာ ခုလို ဆောင်းရာသီမှာ ခရီးသွားဖို့ နီးတယ်။ သွားရလာရလည်း လွယ်တယ်ဆိုရင် ညမှသာလာပြီး ပျားလပို့ကို ဖဲ့ယူတယ်။ အကျိုးကျေးဇူးက ပျားဖွပ်သလို တစ်ကြိမ်တည်း အုံဖျက်မပစ်လိုက်တော့ အချိန်တန် ပျားလပို့မှာ ပျားပြန်ပြည့် လာတာပဲ။ ဆောင်းကနေ နွေဦးကာလအထိလေးမှာပဲ သုံးလေးကြိမ် ပျားလပို့ ဖဲ့ပြီး ပျားရည်ယူ ရတယ်”

ပျား၏ သဘာဝ လျှို့ဝှက်ချက်ကို ကြားသိလာရ၍ တအံ့တဩ ဖြစ်ကာ နေရသူ ငလုံးက လှေကြီးထိုး ရိုးရိုးသမား။

“အဖေပြောသလို မသိပါဘူးဗျာ၊ ကျုပ်တို့တော့ ပျားအုံ တွေ့တယ်ဆိုရင် ဖွပ်ချလိုက်တာပဲ၊ ပျားရည်ရတဲ့အခါ များတဲ့အခါများ၊ နည်းတဲ့အခါနည်း၊ ဘာမှ မရတဲ့အခါ မရ။ ဒါကြောင့် ဖြစ်ဖြစ်နေတာကိုး။ အဖေပြောတဲ့ ညဘက်မှာ ပျားတွေ ဒီလိုပြောင်းရွှေ့ အိပ်တတ်တာ ကျုပ်လည်း နောက် သတိထား ကြည့်ဦးမယ်”

“ကြည့်ဟေ့ကြည့် ၊ အဖေ့တုန်းကလည်း မင်းလိုပဲ၊ ကြားစက မယုံတစ်ဝက် ယုံတစ်ဝက်၊ စူးစမ်းချင်စိတ်တွေနဲ့ မရိုးမရွဗျ။ လက်တွေ့ ကြည့်တော့ ဟုတ်တယ် ငါ့သားရေ ဟုတ်သမှ ကွက်တိပဲ။ အဲဒါကြောင့် အဖေ ပြောတာပေါ့ ပျားသမားဆိုတာ သာမန်လူထက် မြင်တတ်၊ ကြားတတ်၊ သိတတ်၊ နားလည်တတ် ရတယ်လို့ ။ အရာရာကို သတိနဲ့ကြည့်၊ စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်၊ ကြည့်ရင်မြင်တယ်၊ သိရင်ကျင်တယ်၊ သွားရင်ရောက်တယ်၊ ကဲ ငါ့သား အဖေတို့ ရောက်ဖို့ သွားကြစို့”

ငတော ရယ်ကျဲကျဲပြောကာ ပျားဆက်လက်ရှာရန် ရှေ့မှ ထွက်ခဲ့၏။ ငလုံးသည်လည်း အပ်သွားရာ လိုက်သော ချည်ပမာ နောက်မှ ထက်ကြပ်မကွာ ပါလာ၏။

“ဟ ပျားသံတွေဟ”
ဆီးပင်ရိပ်၌ ခေတ္တမျှ နားနေစဉ် ငတောနှုတ်မှ လွှတ်ခနဲ ထွက်သွား
သော စကား။

ငတောတို့ ပျားအုံရှစ်အုံ ရအပြီး၌ တစ်မနက်ခင်းလုံးနှင့် တစ်နေ့လယ် လုံး ရပ်တည်ရာ မရ လျှောက်သွားနေသော ခြေထောက်လည်းညောင်း၊ ခါးတွေ လည်းတောင့်၊ နားမှ လေတွေ ထွက်တော့ကာ တဝီဝီမြည်လာ၍ ငတောတို့ နားရ၏။

ငတောက ဘူးသီးခြောက်ရေဘူးမှ ရေကိုသောက်ပြီး ကွမ်းထုပ် ဖြေကာ ကွမ်းတစ်ရာ ဝါးသည်။ ကွမ်းတစ်ညက်ခန့်ရှိမှ အပိုပါလာသော ပုဆိုးစုတ်လေး ကို မြေကြီးပေါ် ဖြန့်ခင်းပြီး ဆီးပင်ကြီးအောက် တုံးလုံးလှဲသည်။

ငလုံးက ရေ အဝသောက်ပြီး လူငယ်ပီပီ မြေကြီးပေါ် ကျောဆန့်ကာ ခြေပစ်လက်ပစ် နေသည်။

ပျားရလိုဇောဖြင့် ဟိုတောတိုး သည်တောတိုး ဟိုအပင်တက် သည်အပင် တက်၊ ဟိုသွားသည်လာရှိစဉ်က ပင်ပန်းရမှန်း မသိ။ အနားယူလိုက်မှ တောင့် နေသော ခြေသလုံး ကိုက်နေသောခါးနှင့် ညောင်းနေသော ဇက်တို့က သူတို့ ဝန်ပိခဲ့ကြောင်း ပြသလာသည်။

ဆီးပင်ကြီးမှာ အတောင်နှစ်ဆယ် ပတ်ပတ်လည်ခန့် ဖြန့်မိုးထားသလို ဖြစ်နေပြီး ဆယ့်လေးငါးတောင်ခန့် မြင့်ရာ နေပြောက်ပင် မထိုး၊ နား၍ နေ၍ ကောင်းသည်။

ဟို အဝေးဆီမှ ချိုးကူသံက ငြိမ့်ငြိမ့်ညောင်းညောင်း။ ကဇာခင်တန်းမှ ဘုတ်ပူသံက ကြည်နူးစရာ အပြည့်။

ချိုးကူသံ၊ ဘုတ်ပူသံ၊ ခါတုပ်သံ။ ဆက်ရက်ငှက်တို့ မြည်သံများက တော၏ ဂီတသဖွယ် အေးအေးမြမြ။

ပင်ပန်းထားသော ငတောနှင့် ငလုံးသည် ဆီးပင်ကြီးရိပ်၌ မျောက်မှေးသလို မှေးခနဲ အိပ်ပျော်သွားကြသည်။

မှေးခနဲ အိပ်ပျော်နေရာမှ ငတောနားထဲ အိပ်မက် မက်သလို သိမေ့ သိမေ့ဖြင့် ဖြစ်ကာ ပျားပျံသန်းသံတွေ အဆက်မပြတ် ကြားလာရသည်ဟု ထင်၏။

စိတ်ထဲ ထင်ရာမှ ဖျတ်ခနဲ လန့်နိုးသည်။

ဟုတ်သည်။ ပျားများ ပျံသန်းလာသံမှာ သေချာသည်။ ထို့ကြောင့် ငတော နှုတ်မှ “ဟ ပျားသံတွေဟ’ဟု ရုတ်တရက် ထွက်သွားသည်။

ကြက်အိပ်ကြက်နိုး အိပ်နေသော တောသမားပီပီ ငလုံးသည်လည်း သူ့အဖေသံ ကြားကတည်းက ဆက်ခနဲ ခေါင်းထောင်ကြည့်သည်။

“ဟုတ်တယ်နော် အဖေ၊ ပျားတွေပျံသံပဲ၊ ပျံသံက အုပ်လိုက်ပျံသံဗျ”

“ငါ ထကြည့်စမ်းမယ်ကွာ”

ပြောပြောဆိုဆို ထသော ငတော၊ ထထကြည့်ကြည့် ငတော ကြည့်သလို ငလုံးသည်လည်း ထလာပြီး ပျားပျံသန်းသံ ကြားရာဆီသို့ ကြည့်သည်။

ရုန်းရုန်း ရုန်းရုန်း၊ ရွှန်းရွှန်း ရွှန်းရွှန်း အသံများ ငတောတို့နှင့် နီးကပ် လာသည်။

ငတောတို့နေရာ ဆီးပင်ကြီး၏ လက်ဝဲဘက်၌ရှိသော ညောင်ပင်ကန် တောဆီမှ ပျားအုပ်ကြီးတစ်အုပ် ပျံသန်းလာကြောင်း ငတောရော ငလုံးပါ သိလိုက်သည်။

ဟုတ်သည်။ ဆီးပင်ကြီး၏ လက်ဝဲဘက်၌ ရှိသော ညောင်ပင်ကန် တောဆီမှ ပျားအုပ်ကြီး တစ်အုပ်သည် ပျားကောင်ရေ သောင်းသိန်းချီကာ ငတောနားနေရာ ဆီးပင်ကြီးဆီသို့ ဦးတည်လာနေပြီ။

ဆီးပင်ကြီး အရောက်၌ တောင်ဘက်သို့ ဆက်လက် ပျံသန်းလေမည် လားဟု ငတောတို့ ထင်မှတ်သည့်တိုင် ပျားအုပ်ကြီးသည် ဆက်၍ မပျံသန်း။

ဆီးပင်ကြီးအပေါ်သာ ရုန်းရုန်းရုန်းရုန်း၊ ရှုန်းရွှန်း ရွှန်းရွှန်းဖြင့် ပျားအုပ် ကြီး ချာလည် ချာလည်၊ စုရုံး စုရုံး၊ လုံးထွေး လုံးထွေး။

ဆူညံစွာ အသံပေးနေသော ပျားအုပ်ကြီးသည် ဆီးပင်ကြီး၏ ခေါင်ကိုင်း ကို စတင်စွဲသည်။ ပျားအုံတည်မည့် သဘော ဖြစ်သည်။

ဆီးပင်ကြီး ခေါင်ကိုင်း တည့်တည့်ကို ပျားအုံတည်ကာ စတင်စွဲသည်မှာ ထူးဆန်းသော ကိစ္စမဟုတ်၍ ငတောနှင့် ငလုံးတို့ မတ်တတ်ရပ် ကြည့်ရာမှ ပြန်ထိုင်ကြသည်။

ဘာမျှမကြာ၊ ကွမ်းတစ်ရာညက်ခန့် အကြာတွင် ရုန်းရုန်း ရွှန်းရွှန်း အသံများ ထပ်မံ၍ ဆူဆူညံညံ ကြားရပြန်သည်။ ပျားကောင်တွေ ပျားအုံလုပ်ရန် စတင်စွဲနေသော ဆီးပင်ကြီး ခေါင်ကိုင်း တည့်တည့်ကို နေရာမကြိုက်သေးသဖြင့် အုံပြောင်းရန် နေရာရွှေ့တော့မည်လားဟု ငလုံး မော့ကြည့်လိုက်ရာ မယုံနိုင် ဖွယ်ရာ ဖြစ်ရပ်တစ်ခုကို တွေ့ရသည်။

ဆီးပင်ကြီး၏ လက်ယာဘက်၌ရှိသော အိုဓိတောဆီမှ တရကြမ်း ပျံသန်းလာသော ပျားအုပ်ကြီး တစ်အုပ်သည် ဆီးပင်ကြီးဆီ တည့်တည့် ဦးတည် လာသည်။ ဝီဝီသံ ရုန်းရုန်းသံ ရှုန်းရှုန်းသံတို့က ဆတက်ထမ်းပိုး တိုး၍တိုး၍ ကျယ်ကျယ်လောင်လောင်။

လက်ယာဘက် အိုဓိတောဆီမှ ပျံသန်းလာသည့် ပျားအုပ်ကြီးက ဆီးပင်ကြီး၏ ခေါင်ကိုင်း တောင်ဘက်၌ရှိသော လက်မောင်းခန့် တုတ်သည့် ဆီးကိုင်းကြီး တစ်ကိုင်းကို စတင် ဝင်စွဲသည်။

လက်ဝဲဘက် ညောင်ပင်ကန်တောဆီမှ လာ၍ ခေါင်ကိုင်း တည့်တည့်၌ အုံစွဲသော ပျားအုပ်ကြီး။

လက်ယာဘက် အိုဓိတောဆီမှ လာ၍ ခေါင်ကိုင်း၏ တောင်ဘက်ကိုင်း၌ အုံစွဲသော ပျားအုပ်ကြီး။

ပျားများသည် အုံလုပ်ရန် နေရာကို စတင် စွဲဆဲဖြစ်သော်လည်း များ အားလုံး သူ့ပျားအုံ ကိုယ့်ပျားအုံ အသားသေ အရှိန်ရ ပုံမှန် တည်ပြီးသော နေရာကဲ့သို့ မဟုတ်။

အချို့များက ဆီးကိုင်း တွယ်ကပ်လျက်။ အချို့ပျားများက ဆီးပင်ပေါ် ပျံသန်းလျက်။ ဝီဝီသံ ရုန်းရုန်းသံ ရှုန်းရှန်းသံတို့က ကျယ်ကျယ် လောင်လောင်။

လက်ဝဲဘက် ပျားများက ဘက်ယာဘက် ပျားများကို စတင် တိုက်ခိုက် သည်လား။ လက်ယာဘက် ပျားများက လက်ဝဲဘက် ပျားများကို စတင် တိုက်ခိုက် သည်လား။ ပြိုင်တူ စတင် တိုက်ခိုက်သည်လား။ ဆီးပင်ကြီးအောက်၌ ရှိနေသော ငတောတို့ မသိလိုက်။

“ဟာ ပျားတွေ၊ တစ်အုပ်နဲ့ တစ်အုပ် တိုက်ကုန်ကြပြီ၊ ကိုက်ကုန်ကြပြီ”
ဟု ငလုံးက အော်မှ ငတောရော ငလုံးပါ အပြင်ထွက်၍ ပြိုင်တူ ကြည့်မိကြ သည်။

ဆီးပင်ကြီးထက်၌ ပျားအုပ် နှစ်အုပ် တိုက်ပွဲက အရှိန် ပြင်းပြင်း ထန်ထန်။

ပျားအုပ် ပျားအုပ်ချင်း လုံးလုံးထွေးထွေး ဖြစ်သွားလိုက်၊ ကွဲကွဲသွား လိုက်၊ ပြန်၍ ပြန်၍ လုံးလုံးထွေးထွေး ဖြစ်သွားလိုက်နှင့် ပျားတစ်အုပ်နှင့် တစ်အုပ်၊ ပျားတစ်ကောင်နှင့် တစ်ကောင် အသေအကျေ ကိုက်ကြခဲ့ကြသံမှာ ကြောက်ခမန်းလိလိ။

အဆိပ်ရှိသော အဆိပ်ပိုင်ရှင် အချင်းချင်း တိုက်ကြသည့် ပွဲ။

လက်ဝဲများနှင့် လက်ယာများတို့ ကိုက်ကြ တိုက်ကြသည့် ပွဲ။

တိုက်ပွဲ၏ ရလဒ်အဖြစ် ဆီးပင်ကြီး အောက်ရှိ မြေပြင်ပေါ်သို့ ပျားကောင် ခေါင်းပြတ်များ၊ ခြေပြတ်များ၊ အတောင်ပြတ်များ၊ ကိုယ်လက်အင်္ဂါပြတ်များ ကျလာသည်မှာ တစ်စထက်တစ်စ ပိုများလာသည်။

ဆီးပင်ကြီး အထက်၌ ပျံသန်းရင်း တိုက်ကြ ခိုက်ကြ ကိုက်ကြသံကို ဆီးကိုင်း နှစ်ကိုင်းတွင် စွဲနေသော ပျားများက နားလည်ဟန်ရှိသည်။

ဆီးကိုင်းကို အုံဖွဲ့ရန် စတင် ကြိုးစားနေသော ပျားများက အုံဖွဲ့ ရန် ကြိုးစားနေမှုအား စွန့်ပစ်ပြီး အရှိန်ပြင်းစွာဖြင့် ထပျံလာကြသည်။ လုံးထွေး တိုက်ခိုက် ကိုက်နေကြသော ပျားအုပ်ကြီးထဲ တိုးဝင်ကာ သူတို့ပါ တိုက်သည်။ ကိုက်သည်။

တိုက်ခိုက်နေသော ပျားများကို လက်ဝဲပျားရော လက်ယာပျားရော ဆိုင်ရာ ဆိုင်ရာမှ စစ်ကူပေးသလို ဇွတ်ဝင်ကူသည်။

တိုက်ပွဲ အရှိန်ကား ရှေ့ပျား နောက်ပျား ကူပျားတို့ဖြင့် ပေါင်းစုမိကာ အထွတ်အထိပ် ရောက်သွားပြီး သူသေ ငါသေအတင်း တိုက်ခိုက်နေကြ၊ ကိုက်နေကြသည်မှာ ကြောက်ခမန်းလိလိပင်။

ဝါရင့် သမ္ဘာရင့် ပျားသမားကြီး ငတောသည် ပျားအုပ်ကြီး နှစ်အုပ် တိုက်ခိုက် နေကြသည်ကို ဝမ်းနည်းပမ်းနည်းဖြင့် ကြေကွဲစွာ ကြည့်နေမိ၏။

သူလည်း မတားနိုင်၊ မဆီးနိုင်။ သူ၏ ပျားသင်ဆရာများ။ ရှေးရှေးက ဝါရင့် ပျားသမားကြီးများ၏ ဆုံးမစကားကို ယခုမှ ငတော ပို၍ ပို၍ သဘောပေါက်ကာ ပို၍ ပို၍ သတိရမိသည်။

သစ်ပင်ကြီးတစ်ပင်၌ ဖြစ်စေ၊ ချုံကြီးတစ်ချို့၌ ဖြစ်စေ၊ ပျားအုံ တစ်အုံ မကဘဲ နှစ်အုံ သုံးအုံ လေးအုံ ငါးအုံ ခြောက်အုံ ခုနစ်အုံ မှစ၍ ဆယ်အုံ ဆယ့်နှစ်အုံ အထိ အတူ ယှဉ်တွဲလျက် ရှိနေသော ပျားအုံများကို စည်ကားသော ပျားအုံ သို့မဟုတ် ပျားစည် သို့မဟုတ် မင်္ဂလာအုံဟု အယူအဆရှိပြီး ရှေးရှေး ပျားသမားကြီးများ ငတောတို့ ပျားသင်ဆရာများက ဘယ်သောအခါမှ မဖွပ်။

သည်လို မင်္ဂလာအုံ စုပေါင်း တည်ရှိနေသော ပျားစည်ရှိသည့် သစ်ပင် ကို သို့မဟုတ် ချုံပေါက်ရာတောသည် စည်ကားတတ်သည်။ ကျက်သရေမင်္ဂလာ အဖြာဖြာ ရှိသည်ဟု ဆရာစဉ်ဆက် ပျားသမားကြီး အစဉ်အဆက် အယူအဆ ရှိကြသည်။

မိမိ ဝမ်းစာ မိမိ အေးချမ်းစွာ ရှာဖွေရေး။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး။
တစ်ဦးကို တစ်ဦး ပျက်စီးလိုစိတ်၊ ချေမှုန်း သုတ်သင်လိုစိတ် မမွေးမြူဘဲ အပြန်ပြန် အလှန်လှန် နားလည်မှုရှိကာ နှစ်ဖက် ရေရှည် ရပ်တည်နိုင်ရေး ဝပြောစည်ပင်ရေးကို ရည်ညွှန်းသည်ဟု ရှေးရှေး ပျားသမားကြီးများ၊ ဆရာ ဆရာကြီးများက အယူအစွဲ ရှိသောကြောင့် ပျားအုံ တစ်အုံမက ယှဉ်တွဲ တွေ့ရှိ လာသော အပင်ကြီးများ၊ ချုံကြီးများကို တန်ဖိုးထား လေးစားမြတ်နိုးကြ၏။

သည်သဘောကို ငတော ဆရာများ၊ ရှေးရှေး ပျားသမားများက ဆိုဆုံးမ ထုတ်ဖော် ညွှန်ပြစဉ်က အရွယ် ငယ်သေး၍၊ အတွေ့အကြုံ နုနယ်သေး၍၊ မရင့်ကျက်သေး၍၊ အမြင်မကျယ်သေး၍ ငတော နက်နက်ရှိုင်းရှိုင်း မစဉ်းစား မသုံးသပ်နိုင်ခဲ့။ ယခု အဖြစ်ကဲ့သို့ ကြေကွဲစရာ ဖြစ်လောက်အောင် ရောက်မည် ဟု မထင်မှတ်ခဲ့။

တစ်ပင်တည်း တစ်ချုံတည်း စုံစွဲနေသော ပျားများသည် ကိုယ့်ဝတ်ရည် ကိုယ်သယ်ကာ၊ ကိုယ့်ပျားအုံ ကိုယ်ပြန်ဝင်ကာ ကိုယ့်ပျားပို့မှာ ကိုယ့်အစာကို ကိုယ်စုကြသည်။ ပျားအုံမှား ဝင်သောပျား ရှိခဲလှသည်။ ပျားမှာ တစ်အုံမှ ပျားနှင့် အခြားအုံမှ များ ကိုယ်နံ့ မတူသလို ပျားအုံချင်းလည်း အနံ့ မတူ။
အနံ့ မတူဘဲ ကွဲပြားခြားနားသည့် ကြားထဲမှပင် လျှပ်ပေါ်လော်လည် သော ပျားတစ်ကောင်တလေက ပျားအုံမှား ဝင်တတ်၏။ မှားဝင်သမျှ ပျားကို မူလ အုံပိုင်ရှင်က ကျူးကျော်သူဟု သတ်မှတ်ပြီး ဝိုင်းဝန်းကိုက်သတ်ကြသည်။ မှားဝင်သော ပျားကိုသာ ကိုက်သတ်ကြသည်။ ပျားတစ်ကောင် မှားဝင်၍ ရှိရှိသမျှကို မည်းမည်းမြင်ရာ မကိုက်၊ မတိုက်။

မှားဝင်သော ပျားကို တိုက်ခိုက်ပြီးက ပုံမှန်အတိုင်းပင် သွားကြလာကြ နေကြ ထိုင်ကြကြောင်းကို ငတော ကြားဖူး ကြုံဖူး တွေ့ဖူးသည်။

ယခု ပျားများမှာမူ အုံလိုက်ကျင်းလိုက် သဲသဲမဲမဲ ကိုက်ကြ တိုက်ကြ သည်မှာ အသေအကျေ။ ငတော မတွေ့စဖူး မကြုံစဖူး။

တစ်ကောင်ချင်း ဒေါသထွက်၍ ကိုက်မိရာက နောက်မှ တစ်ပြုံ တစ်မ ကြီး လိုက်ပါလာကာ ကိုက်ကြ သတ်ကြ ဖြတ်ကြ လေသလား။ အားလုံး အားလုံးသော ရှိရှိသမျှ ပျားတို့ ဒေါသ ဟူးဟူးထွက်ကာ တွေ့မရှောင် မြင်မြင် သမျှကို အားပါးတရ အငြိုးကျဖြင့် ကိုက်ကြလေသလား။

လက်ဝဲများရော၊ လက်ယာများရော မူလ စွဲနေရာ နေရာ ဟောင်းမှ ပျားဖွပ်သမားက ပျားအုံကို ဖွပ်၍ မောင်းနှင် ထုတ်လိုက်သောကြောင့် နေမထူး သေမထူး သဘောထားကာ သူသေ ကိုယ်သေ ကိုက်ကြလေသလား။

ပျားဟူသည် တစ်အုံပျက်က တစ်အုံတည်ကာ ဇွဲ လုံ့လ ဝီရိယ မလျှော့ဘဲ တက်ညီလက်ညီဖြင့် ကိုယ့်အသိုက် ကိုယ့်အမြုံ၊ ကိုယ့်အုံကို ပြန်လည် ထူထောင် ရာတွင် သတ္တဝါများထဲ၌ ထူးခြားသော ဇွဲ လုံ့လ ဝီရိယ ကြီးမား ထက်သန်လှ သည်ဟု လူသားတို့ကပင်လျှင် ထုံးယူ စံပြု နေရသည်။ ပျားသတ္တဝါတို့၏ မျိုးရိုး ပင်ကို အရည်အချင်းများကို မေ့လျော့နေကြပြီး ဘဝပျက်သည်အထိ မီးကုန် ယမ်းကုန် တိုက်ကြ ခိုက်ကြ ကိုက်ကြလေသလား။

ဘာ အကြောင်းကြောင့်ဟု သေချာသော အဖြေ ငတော မသိ။

သူတို့ မျက်မြင်ဒိဋ္ဌ ကြုံတွေ့နေရသည်မှာ လက်ဝဲဘက်မှ လာသော ပျားများသည်လည်း သေကျေပျက်စီး၍ အောက်သို့ တဖြုတ်ဖြုတ်ကျနေ၏။

လက်ယာဘက်မှ လာသော ပျားများသည်လည်း သေကျေပျက်စီး၍ အောက်သို့ တဖွဲဖွဲ ကျနေ၏။

မည်သူက နိုင်ပါသနည်း။ မည်သူက ရှုံးပါသနည်း။

သိလိုစိတ် ပြင်းပြင်းထန်ထန် ဖြစ်လာပြီး ငတောနှင့် ငလုံးတို့ မော့ကြည့် လိုက်မိ၏။

မူလ စတင်စွဲရာ လက်ဝဲဘက်မှ ပျားအုံ နေရာ၌လည်း ပျား တစ်ကောင် တစ်မြီးမှ မရှိတော့။

နောက်မှ စွဲလာသော ပျားအုံ နေရာတွင်လည်း ပျားတစ်ကောင်မျှ မရှိတော့။

ဆီးပင်ထက်၌ သူနိုင်ကိုယ်နိုင် သဲသဲမဲမဲ တိုက်ခိုက်ခဲ့ကြသော ပျားလုံး ထွေးကြီးလည်း ဘာမှ မရှိဘူး။

ဆီးပင် အကိုင်းအခက်များ ပေါ်၌ တင်ကျန်နေသော ပျားသေများ၊ ပျားနာများ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အစအနများ ဆီးပင်အောက်ရှိ မြေပြင် တစ်ခုလုံး ပျားများ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်၍ လွင့်ကြဲ ပစ်ထားသလို တွေ့မြင်ကြရသော ပျားခေါင်းများ၊ ပျားတောင်ပံများ၊ ပျားခြေပြတ်များ၊ ပျားလက်ပြတ်များ၊ ပျားကိုယ်တစ်ခြမ်းပဲ့များ အကျိုးအကြေများ။

ထိုအကျိုးအကြေ၊ အပဲ့၊ အရွဲ့ ၊ အပြတ်အသတ်၊ အသေ အပျောက် များသည် လက်ဝဲဘက် ညောင်ပင်ကန်တော ဆီမှ ပျံသန်းလာသော ပျားများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများလား။

လက်ယာဘက် အိုဓိတောမှ ပျံသန်းလာသော ပျားများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများလား။

ငတောလည်း လုံးဝမသိ။ ငလုံးလည်း လုံးဝမသိ။

စာစီ – မီးမီး