သင်္ချိုင်းကုန်းမှလိုက်လာသူ

လိုက်နဲ့…အခြေအနေကအတော်ဆိုးနေတာဗျ”

ဟုပြောလေတော့ ဘွားမယ်စိန်ခေါင်းညိတ်၏။

“ဒီလိုဆိုရင်ကိစ္စကအလျင်လိုစရာပဲ…
ကဲပါ..ဘွားလိုက်ခဲ့မယ်…မိဝင်း…
ညည်းက ညည်းတူမောင်တိုးတို့ကိုသွားခေါ်ချည်စမ်း”

“ဟုတ်ကဲ့အမေ…ကျုပ်တခါထဲသွားဖို့ပြင်ခိုင်းပြီးမှ
ခေါ်လာရမှာမဟုတ်လား”

“အေး..ဟိုမှာကောင်လေးတွေအတွက်စိုးရိမ်ရတယ်…
ဒိလိုကြောင့်အမြန်သာလာခိုင်းလိုက်တော့”

“ဟုတ်ကဲ့…ဒါဆိုကျုပ်သွားလိုက်တော့မယ်…”

“အေး..အေး…မောင်ရင်တို့ကမုန့်ဆီကြော်နဲ့အကြမ်းရည်လေးသောက်ကြဦး…ဘွားပြင်စရာရှ်ိတာ
သွားပြင်ထားလိုက်ဦးမယ်ကွယ်…”

“ဟုတ်ကဲ့ဘွား…ကျုပ်တို့စောင့်နေပါ့မယ်…”

ဖိုးကျော်တို့မှာကွပ်ပျစ်ပေါ်၌စောင့်ဆိုင်းနေကြတော့သည်။
ဘွားမယ်စိန်မှာတော့ယူစရာအဝတ်အစားတစုံရယ် လက်ဆွဲတော်တောင်ဝှေးနှင့် ချည်လွယ်အိတ်လေးကို
သေချာစစ်ဆေးကာယူဆောင်ဖို့ရန်အတွက်ပြင်ဆင်နေခဲ့သည်။
အချိန်အတော်ကြာလေတော့မောင်တိုးတို့မှာနွားလှည်းကြီးနှင့်အတူရောက်ချလာခဲ့ကြသည်။
နွားလှည်းအထက်၌မောင်တိုး၊မောင်အုန်းနှင့်ဒေါ်ဝင်းတို့ပါ၏။
နွားလှည်းရပ်လိုက်သည်နှင့်ဒေါ်ဝင်းမှာလှည်း
အထက်မှဆင်းလာခဲ့ပြီး…

“အမေရေ…မောင်တိုးတို့ရောက်ပြီနော်…”

ဒေါ်ဝင်း​ပြောလည်းပြောခြံထဲဝင်လာ​တော့သည်။
ဖိုးကျော်တို့မှာလည်းကွပ်ပျစ်ပေါ်မှဆင်းလာခဲ့ကြတော့၏။
မောင်တိုးတို့မှာလည်း ဖိုးကျော်နှင့်မရင်းနှီးသောကြောင့်
ပြုံးယုံသာပြုံးပြနေကြသည်။
ဘွားမယ်စိန်လည်းသူ၏ယူဆောင်စရာများကိုယူဆောင်ရင်း
အိမ်အောက်သို့ဆင်းလာခဲ့တော့၏။
မောင်တိုးတို့ကိုမြင်လေတော့…

“မောင်တိုးနဲ့မောင်အုန်းရေ…ဒါက ဆေးတောရွာက
မောင်ဖိုးကျော်လို့ခေါ်တယ်…အရင်တခါဘွားဆီလာအကူအညီတောင်းဘူးတယ်…။မောင်ရင်တို့နဲ့တော့
မဆုံလိုက်ရဘူးထင်တယ်…အခုလည်း
သူတို့ရွာမှာအရေးကြီးလို့ ဘွားကိုလာခေါ်တာကွဲ့…”

“ဟုတ်ကဲ့ဘွား…”

“အေး…အေး…မောင်ဖိုးကျော်…ဒါဘွားရဲ့သားတပည့်တွေပဲ…
ဘွားဘယ်အရပ်သွားသွားအတူလိုက်ပါကြတဲ့
အားကိုးရတဲ့သူတွေပေါ့ကွယ်…သူကတော့မောင်တိုး…
သူကတော့မောင်အုန်းလို့ခေါ်တယ်”

“ဟုတ်ကဲ့…ငါ့ညီတို့ကိုလည်းအစ်ကိုတို့ရွာအတွက်အကူအညီတောင်းပါတယ်ကွာ…”

“ရပါတယ်ဗျာ…ကဲ..ဘွား…လှည်းကတော့အသင့်ပဲဗျာ…
သွားကြတော့မလား”

“အေး…သွားကြတာပေါ့ကွယ်…
ဟဲ့မိဝင်း…ညည်းတို့သားအမိအိမ်သေချာစောင့်ကြနော်…
မြေးမလေးကိုလည်းအိမ်မှာနေခိုင်းဦး..ကြားလား”

“ဟုတ်ကဲ့ပါအမေရယ်…အမေတို့သာ
လမ်းခရီးမှာဂရုစိုက်ကြပါတော်”

“အေး…အေး…”

ဘွားမယ်စိန်သည်မောင်တိုးတို့၏လှည်းပေါ်သို့တက်၍ထိုင်၏။
ဖိုးကျော်တို့မှာလည်း လှည်းပြန်တပ်ပြီးနောက်
ရှေ့မှမောင်းထွက်သွားကြတော့သည်။
သူတို့၏နောက်မှဘွားမယ်စိန်တို့၏
လှည်းလေးလိုက်ပါလာခဲ့လေသည်။
ရွာလမ်းမအတိုင်းမောင်းလာနေကြစဥ်…

“ဘွားတို့ဘယ်သွားကြမလို့လဲတော့်…”

ဟုအမျိုးသမီးတယောက်ကမေးလေသည်။

“မိချမ်းပါလား…ဘယ်လဲကွဲ့…”

“အမေက ဘွား ကြက်ဟင်းခါးသီးစားချင်တယ်ဆိုလို့
လာပို့ခိုင်းလို့လေ…ဒါနဲ့ဘွားတို့ကဘယ်လဲ”

ဟု…မိချမ်းဆိုသောအမျိုးသမီးကမေးပြန်သည်။

“ဘွားတို့အရေးတကြီးခရီးသွားစရာရှိလို့မိချမ်းရေ…
အိမ်မှာ ညည်းအစ်မရှိတယ်…သွားလိုက်တော့နော်…”

“ဟုတ်ကဲ့ဘွား…ကျုပ်အိမ်ပဲသွားလိုက်တော့မယ်…
ဘွားတို့လည်းဂရုစိုက်သွားကြဦး”

“အေး…အေး…….”

ဘွားမယ်သည်
မိချမ်းဆိုသောအမျိုးသမီးနှင့်စကားပြောပြီးသည်နှင့်
မောင်တိုးမှာနွားလှည်းကိုဆက်မောင်းလာခဲ့တော့၏။
ဖိုးကျော်တို့၏နွားလှည်းကိုအမှီလိုက်ရင်ဆေးတောရွာခရီးကိုစတင်ခဲ့တော့လေသည်။
ညနေပိုင်း၌မောင်းနှင်လာသော ဘွားမယ်စိန်တို့၏နွားလှည်းလေးသည် ညဦးပိုင်းအချိန်၌ ဆေးတောရွာသို့ဝင်ရောက်လာခဲ့တော့၏။
ဆေးတောရွာထဲ၌လူများမအိပ်ကြသေးဘဲဟိုသည်သွားလာနေကြသည်ကိုမြင်လေတော့မောင်တိုးမှ…

“ဘွား…ဒီအချိန်ကြီးလူတွေဘယ်သွားနေကြတာလဲဗျ”

ဟု…ဘွားမယ်စိန်ကိုမေးလေသောအခါ
ဘွားမယ်စိန်မှ…

“ဘွားလည်းဘယ်သိမလဲကွယ်”

ဟုဖြေလေသည်။
ထိုစဥ် ဖိုးကျော်တို့၏လှည်းနားသို့ရွာသားများရောက်လာပြီး
ဖိုးကျော်တို့နှင့်စကားပြောနေ၏။
ဘွားမယ်စိန်တို့မှာလည်းနွားလှည်းရပ်ကာစောင့်နေကြသည်။
ရွာသားများကမည်သို့​ပြောသည်မသိ
ဖိုးကျော်မှာ ထိန်လန့်တကြား…

“ဘွား…ကျုပ်တို့အရေးကြီးပြီဗျို့…ဟိုကောင်လေးတွေ
အိမ်မှာသောင်းကျန်းနေကြတယ်ဆိုပဲဗျ”

“ဟေ…ဒါဆိုရင်
သူတို့ဆီကိုသွားကြရအောင်လေ…မောင်ဖိုးကျော်”

“ဟုတ်ကဲ့ဘွား”

ဖိုးကျော်တို့နွားလှည်းအသောနှင်သွားတော့
ဘွားမယ်စိန်တို့နွားလှည်းလည်းနောက်မှလိုက်ပါသွားသည်။
ကျန်ရွာသားများကတော့နောက်ဆီမှအပြေးလိုက်လာကြတော့၏။

ဖိုးကျော်တို့လှည်းမောင်းဝင်သွားသော အိမ်၏အရှေ့အနောက်စုံလင်စွာ ရွာသူ၊ရွာသားများရောက်နေကြသည်။
အိမ်အတွင်း၌လည်း…

“ဝုန်း…ဒုန်း….”

“ခလွမ်း….”

“ဘုန်း…”

ဟူသောအသံများကဆူညံလျက်…။

“အရီး…ဘာတွေဖြစ်နေတာလဲ”

အိမ်အတွင်းသို့စိုးရိမ်တကြီးလှမ်းကြည့်နေသော
မိန်းမကြီးတယောက်ကို
ဖိုးကျော်လှည်းပေါ်မှအပြေးဆင်းကာမေးလိုက်၏။
ထိုမိန်းမကြီးကလည်း…

“ဖိုးကျော်…ငါ့တူ မင်းပြန်လာပြီနော်…”

“ကျုပ်ပြန်လာပြီ…ဟိုမှာဘွားက်ိုလည်းခေါ်လာတယ်…
ဘာတွေဖြစ်နေတာလဲအရီး…”

ဖိုးကျော် ဝုန်းဒိုင်းဆန်နေသော အိမ်အတွင်းက်ိုကြည့်ရင်းမေးနေသည်။
မိန်းမကြီး၏အနီးတွင်ရှိသော လူကြီးနှစ်ယောက်မှာလည်းကောင်လေးတဦးကို တွဲ၍မထားကြသည်ကိုဖိုးကျော်မြင်လေသည်။

“အိမ်ထဲမှာ… အိမ်ထဲမှာ မင်းညီ…မင်းညီ ငမောင်သောင်းကျန်းနေတယ်… ။အရီးတို့လည်းထိန်းမရသိမ်းမရဖြစ်နေပြီ
မောင်ဖိုးကျော်ရယ်……..”

ဟု…ငိုယိုကာပြောလေသည်။
ဖိုးကျော်မှာလည်း စ်ိတ်ပူဟန်ဖြင့် ဘွားမယ်စိန်ထံသို့အပြေးသွား၍

“ဘွားရေ…အိမ်ထဲမှာ ငမောင်ဆိုတဲ့ကောင်လေးသောင်းကျန်းနေတယ်ဗျ…တကယ်ဆို…အဲ့ကလေးက အရမ်းလိမ္မာတာ…
အခုသူတခုခုဖြစ်နေပြီထင်တယ်ဗျာ…”

ဖိုးကျော်၏စကားကြောင့်
ဘွားမယ်စိန်လှည်းပေါ်မှဆင်းလာခဲ့သည်။
မောင်အုန်းကလည်း လှည်းအထက်မှဘွားမယ်စိန်ဆင်းရတာလွယ်ကူစေရန် တွဲကူပေး၏။

“ဒီလိုဆိုရင်တော့ မောင်ရင်တို့လူတွေက်ို
ဘေးကိုဖယ်ခိုင်းထားလိုက်…
သူတို့တွေကိုပါထိခိုက်ကုန်မှာဆိုးရတယ်..”

“ဟုတ်ကဲ့ဘွား…ကျုပ်ဖယ်ခိုင်းလိုက်မယ်…”

ဖိုးကျော်လူများကိုဖယ်ရှားတော့၏။
ဘွားမယ်စိန်သည် အစောပိုင်းကာဖိုးကျော်နှင့်စကားပြောနေသော မိန်းမကြီးအနီးရောက်လာခဲ့ရာ
အိမ်အတွင်းသို့ကြည့်နေသော မိန်းမကြီးသည်
ဘွားမယ်စိန်ကိုမြင်လေတော့…

“ဘွားက…ဘွားမယ်စိန်ပါနော်…”

ဟု…ဝမ်းသာတကြီးပြောတော့သည်။
ဘွားမယ်စိန်ကခေါင်းညိတ်လေတော့…

“ကျုပ်…ကျုပ်သားကြီးကိုကယ်ပါဦးဘွားရယ်…
ကျုပ်မှာဒီသားနှစ်ယောက်ရှိတာ…ကျုပ်ဘာလုပ်ရမလဲမသိတော့ပါဘူးဘွားရယ်…ကျုပ်ဘဝကဘွားလက်ထဲမှာပါတော်…
အီးးးးးးးဟီးးးးးးးးးဟီးးးးးးးးးးးးးးးး”

ဟု…ရှိုက်ကြီးတငင် ငိုကြွေးလေတော့ ဘေးအနီးမှ
ခင်ပွန်းဖြစ်ဟန်တူသော အမျိုးသားကြီးမှထိန်းထားရ၏။

“ဘွားကူညီပေးမှာပါအေ…ဒါကြောင့်
ဘာမှစိတ်သောကမဖြစ်နဲ့ငါ့သမီး…
ညည်းတို့ပြုခဲ့တဲ့ကုသိုလ်တွေက ဒီအချိန်မှာအကျိုးထူးမှာပါအေ…အကျိုးထူးမှာပါ……”

“ဟုတ်ကဲ့ဘွား…”

ဘွားမယ်စိန်စကားကြောင့် မိန်းမကြီးမှာ
ငိုကြွေးနေရာမှ စိတ်သက်သာပုံရသွားသည်။

“သူက…….”

“ကျုပ်သားငယ်ပါ…သူကနေထိုင်မကောင်းဖြစ်နေတာ…
အမြဲလိုလိုလည်းထိတ်လန့်ပြီးကြောက်နေရှာတာဘွားရယ်…”

ထိုမိန်းမကြီး၏သားငယ်ဖြစ်သူကိုဘွားမယ်စိန်တွေ့သွား၍
မေးလိုက်ခြင်းပင်။
ယောကျာ်းသားနှစ်ဦးတွဲကူထားသော ထိုကောင်လေးအနီးသို့
ဘွားမယ်စိန်ရောက်လာပြီး ကောင်လေး၏ခေါင်းအား
သူ၏လက်ဝါးကိုတင်၍ နှုတ်မှတတွတ်တွတ်ရွတ်ဆိုလိုက်သည်။
ရွတ်ဆိုပြီးလေတော့…

“ကဲ…ငါ့မြေး…ဘာမှကြောက်တာလန့်တာမရှိတော့ဘူး…
ရော့… ဒီရေမန်းလေးကိုသောက်…
ဘုရား…တရား…သံဃာကို စိတ်ထဲထားပြီးသောက်…
ငါ့မြေးမှာစွဲကပ်နေတာတွေ
ချက်ချင်းပျောက်ကွယ်လိမ့်မယ်……”

ဟုပြော၍ သောက်စေသည်။
ထိုကောင်လေးကိုရေမန်းတိုက်ပြီးသောအခါ
အိမ်အတွင်း၌ ဝုန်းဒိုင်းဆန်နေသော အဖြစ်က်ိုကြည့်၍
သူ၏တောင်ဝှေးကို မာန်ပါပါထောက်ရင်း
အိမ်ဆီသို့လျှောက်လှမ်းလာခဲ့တော့သည်။
မောင်တိုး၊မောင်အုန်း၊ဖိုးကျော်တို့တတွေနှင့်မိန်းမကြီးတို့လူစုမှာတော့ ရင်တထိတ်ထိတ်ဖြစ်နေကြလေသည်။
အိမ်၏အရှေ့မျက်နှာစာရှိဝင်ပေါက်တံခါးအနီးသို့ရောက်သောအခါ…

“ဒုတ်………….”

သူ၏တောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်ပြီး
အိမ်အတွင်းသို့ မျက်တောင်မခတ်စတမ်းစိုက်ကြည့်၍…

“ဟဲ့…အိမ်ထဲကအကောင်…နင်ဘာကောင်လဲ…
အခုထွက်ခဲ့စမ်း…”

ဟု…အသံမာပြတ်ပြတ်ဖြင့်ခေါ်လိုက်လေသည်။
ဘွားမယ်စိန်၏ခေါ်သံ​ကြောင့် ဝုန်းဒိုင်းဆန်နေသောအသံများ
တိတ်ဆိတ်၍သွားသည်။
မောင်တိုးတို့လူစုမှာလည်း ဘာများဖြစ်လေမလဲ
အတွေးဖြင့်ကြည့်နေကြ၏။
ထိုသို့ကြည့်နေစဥ် အိမ်အတွင်းဆီမှာ
ခေါင်းကြီးငေါက်စိုက်ချလျှက်အိမ်အပြင်သို့
ထွက်လာလေသော တစုံတယောက်ကိုဘွားမယ်စိန်တွေ့လိုက်တော့သည်။
ထိုသူမှာကောင်လေးတစ်ဦးသာဖြစ်၏။

“နင်ဘယ်သူလဲ…အခုထိုင်လိုက်စမ်း”

ခေါင်းငိုက်စိုက်ချထားသူသည်
ဘွားမယ်စိန်ကိုမြင်လေတော့ မြေပေါ်သို့ငုတ်တုပ်ထိုင်ချ၏။
ပြီးနောက် သူ၏ငုံ့ထားသော
မျက်နှာကိုတချက်တချက်မော့ကြည့်သောအခါ
နီရဲနေသော မျက်လုံးများကို တွေ့ကြရလေသည်။
ည၌ဖြစ်သော်လည်း ထိုကောင်လေး၏မျက်လုံးများမှာတောက်ပကာနီရဲနေသည်မို့ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းနေ၏။

“ဟဲ့…ငါမေးနေတာ​ဖြေလေ…နင်ဘယ်သူလဲ…
ဘာလို့ဒီကလေးတွေကိုဒုက္ခပေးနေရတာလဲ…”

ဟု…ဘွားမယ်စိန်လေသံမာမာအမေး၌
ထိုကောင်လေးမှာတချက်တွန့်သွားခဲ့ပြီး
မျက်လုံးများဟိုသည်ကြည့်နေ၏။

“အေး…နင်ကငါမေးတာကိုမ​ဖြေတော့…
ငါကလည်း နင့်ကိုအပြစ်ပေးရသေးတာပေါ့ဟယ်…”

ဟုပြောကာ သူ၏တောင်ဝှေးဖြင့် ချိန်ရွယ်လိုက်သောအခါ…

“အမလေး…ကျုပ်ကိုမရိုက်လိုက်ပါနဲ့…ကျုပ်ပြောပါ့မယ်ဗျာ…”

ဟု…တားဆီးလေသည်။

“အေး…ဒါဆိုရင်မေးတာကို ဖြေစမ်းဟဲ့…”

ဘွားမယ်စိန်တောင်ဝှေးကိုအသာပြန်ချလိုက်သည်။
ထိုအခါမှ…

“ကျုပ်…ကျုပ်က ဘကောင်းပါ….”

“ဘကောင်း…ဟဲ့…ဘကောင်းဆိုတာဘယ်သူလဲ…ဘယ်ကလဲ”

ဘွားမယ်စိန်သည် ထိုကောင်လေးကိုထပ်မေးလေတော့
ဖိုးကျော်တို့လူစုဆီမှတွတ်ထိုးပြောဆိုသံများထွက်ပေါ်လာလေသည်။
ထိုအသံများကြောင့်ဘွားမယ်စိန်မှ…

“မောင်ဖိုးကျော်…မောင်ရင်တို့ ဘကောင်းကိုသိကြသလား”

ဟု…မေးလေသောအခါ ဖိုးကျော်မှ…

“ဟုတ်…သိတယ်ဘွား…ဘကောင်းဆိုတာ ကျုပ်တို့ရွာကပဲ…
တနေ့ကမှ ထန်းတောမှာရန်ဖြစ်ပြီးအသတ်ခံလိုက်ရတာဗျ”

ဟုဖြေသောအခါကောင်လေးမှာလည်း
ခေါင်းညိတ်၍ထောက်ခံလေသည်။

“အေး…ဒါဆိုရင်…ဘကောင်း….မောင်ရင်ကဒီကလေးတွေကို
ဘာကြောင့်ရန်ဆောင်နေရတာလဲ…”

ကောင်လေးထံ၌ဝင်ပူးကပ်ထားသော ဘကောင်းသည်
သူ၏ရင်ဘက်ကိုညွှန်ရင်း…

“ဒီကောင်တွေကျုပ်ကိုခေါ်လာပြီး ပြန်မပို့ကြဘူး…
ကျုပ်မှာဒီအိမ်ဝိုင်းထဲကနေ
ဘယ်မှထွက်သွားလို့မရဘူးဗျာ…”

ဟု…ဝမ်းနည်းသံကြီးဖြင့်ဖြေလေသည်။

“သြော်…ဒါကြောင့် ဒီကလေးတွေကို ကြောက်အောင်လန့်အောင်​ခြောက်နေတယ်ပေါ့လေ…ဟုတ်သလား”

“ကျုပ်ကိုပြန်ပို့ပေးဖို့ကျုပ်ပြောတာပါဗျာ…
ဒါကိုဒီကောင်တွေက နားမလည်ကြတော့
ကျုပ်စိတ်တိုပြီးသောင်းကျန်းမိတာပါ………”

ဟုဖြေလေသောအခါ ဘွားမယ်စိန်သည်အကြောင်းစုံကိုသိရှိသွားတော့၏။

“ကဲ…ဒီလိုဆိုရင်..ဒီကလေးတွေကိုဘွားမေးမြန်းလိုက်ဦးမယ်…
စိတ်ချ…စိတ်ချ…မောင်ရင်ဒီကနေ ထွက်သွားလို့ရစေရမယ်…
အခုတော့ ဒီကလေးတွေကိုမနှောက်ယှက်နဲ့တော့
ကြားလား”

“ကျေး…ကျေးဇူးတင်ပါတယ်ဘွား…”

ကောင်လေးထဲ၌ပူးကပ်နေသော
ဘကောင်းသည်ဝမ်းသာသွားရှာသည်။
ဘွားမယ်စိန်စကားကြောင့် ကောင်လေး၏ကိုယ်မှပြန်ခွာသွားသောအခါ၌ ကောင်လေးမှာမြေပေါ်သို့လဲကျသွားတော့၏။

“ကဲ…မောင်ရင်တို့ကလေးကိုလာပြီး မ ကြဦးလေ”

ဟု…ခိုင်းလိုက်တော့သည်။
ထိုသို့ဖြင့်ငမောင်ဆိုသော ကောင်လေးကို
အိမ်ရှေ့၌ ဖျာခင်း၍ ချထားရသည်။
ဘွားမယ်စိန်မှာကောင်လေးအားရေမန်းများတိုက်စေသည်။
ငဆောင်ဆိုသောအစောပိုင်းကဘွားမယ်စိန်ရေမန်းတိုက်ကာ
ကုသပေးထားသောကောင်လေးမှာတော့ သက်သာစပြုနေပြီမို့
ဘွားမယ်စိန်အနားသို့လာရန်ခေါ်လိုက်လေသည်။
ငဆောင်ကလည်း မိဘများကိုတလှည့်
ဘွားမယ်စိန်ကိုတလှည့်ကြည့်နေ၏။
ဖျာကြမ်းခင်းထားသောနေရာ၌ဘွားမယ်စိန်ထိုင်သည်။
ငဆောင်တို့သည်လည်းဝင်ထိုင်ကြ၏။

“ကဲ…ပြောပါဦးငါ့မြေးရဲ့…ငါ့မြေးတို့
ညီအစ်ကိုဘာတွေများ
အမှားလုပ်ခဲ့ကြသေးလဲ”

ဟုမေးလေသောအခါ ငဆောင်သည်
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်မိဘများကိုကြည့်၏။
အမေဖြစ်သူက…

“ငါ့သားပြောလိုက်လေဘွားကို…ဒါမှဘွားကငါ့သားတို့ကို
ကူညီမှာပေါ့…ပြောလိုက်နော်…”

ဟု…ဆိုလေသောအခါ…

ငဆောင်မှာခေါင်းကိုညိတ်ပြပြီး…

“အဲ့နေ့က ကျုပ်တို့ညီအစ်ကို သင်္ချိုင်းကုန်းဘက်
ငှက်ပစ်ထွက်လာကြတာ……..”

ဟု…အစချီကာပြောလေသည်။

*****************************
အသက်၂နှစ်သာခြားသော ငမောင်နဲ့ငဆောင်တို့
ညီအစ်ကိုသည် ဆေးတောရွာအနောက်ဖက်ရှိ
သင်္ချိုင်းကုန်းဆီသို့ငှက်ပစ်ထွက်လာခဲ့ကြ၏။

“ကိုမောင်…ကျုပ်တို့ဒီနေ့ငှက်ရရင်
ဘလေးသာတို့ဝိုင်းမှာပဲကြော်စားကြမယ်နော်…
အိမ်မှာဆိုအမေသိရင်အရိုက်ခံရဦးမယ်…”

“အေးပါ…ငဆောင်ရာ…ငါသိပါတယ်”

ဟု…ပြောနေကြရင်း ငှက်ပစ်ဖို့ချောင်းမြောင်းနေကြသည်။
အချိန်သာအတော်ကြာသွားသည်ပစ်သမျှလွဲ၍
ငှက်မရခဲ့ကြ။

“တောက်…ဖွတ်ကွာ…”

“ဟာ..ကိုမောင်လည်းဘာထူးလည်း…သူလည်းမမှန်ဘဲနဲ့”

ညီအစ်ကိုနှစ်ယောက်တယောက်နှင့်တယောက်အနိုင်​ပြောနေကြလေသည်။

“ကဲပါ…ငဆောင်ရာ…ငှက်မရရင်လည်းပြန်ကြစို့ကွာ…
ကြာတော့ငါစိတ်ပျက်လာပြီ…”

“ဒါဆိုလည်းပြန်ကြမယ်ဗျာ…”

ညီအစ်ကိုနှစ်ယောက်ပြန်ဖို့ရန်ပြောရင်း
သင်္ချိုင်းထဲမှဖြတ်သန်းလာကြတော့သည်။
တနေရာအရောက်…

“ဟေ့…ငဆောင်…ဒါက
တနေ့ကသေတဲ့ဦးဘကောင်းအလောင်းမြုပ်ထားတာမလား”

ဟုဆိုကာမြေပုံတစ်ခုပိုလက်ညိုးထိုး၍ပြောလိုက်သည်။
ညီဖြစ်သူငဆောင်ကလည်းခေါင်းညိတ်၍…

“ဒီမှာလေ…ဘကောင်းလို့တောင်ရေးထားသေးတယ်…”

ဟု…ထောက်ခံလေသည်။

“ဒီဘိုးတော်…သေတာအေးတာပဲ…
အလကားလူ…အမြဲသောက်စားရန်ဖြစ်နေတာ ထွီ….”

ငမောင်မှပြောလည်းပြောတံတွေးကိုလည်း
ထွီခနဲထွေးလိုက်သည်။
ပြီးနောက်…ဦးဘကောင်း၏မြေပုံပေါ်ရှိ
ကျောက်ခဲတစ်ခုကိုကောက်လိုက်ပြန်ပြီး…

“ဟေ့…ဘကောင်းကြီး…ငါတို့နောက်လိုက်ရဲရင်လိုက်ခဲ့…”

ဟုပြောလိုက်သောအခါညီဖြစ်သူငဆောင်မှာ
ထိတ်လန့်သွားပြီး…

“ဟာ…ဘာတွေပြောနေတာလဲကိုမောင်ရာ…
ကျုပ်ကြောက်တယ်ဗျ…”

ဟုပြောလေတော့…

“အလကားပါကွာ…မသေခင်ကတော့ဒီလူသောင်းကျန်းလို့ရမယ်…အခုသေပြီးပြီဆိုတော့ တို့ကိုဒင်းဘာမှလုပ်လို့မရဘူး…
လာသွားကြမယ်…”

ဟုပြောကာ ငမောင်သည် ကျောက်ခဲကိုသူ၏လွယ်အိတ်ထဲ
ထည့်၍ အိမ်သို့ပြန်လာကြတော့သည်။
ငမောင်တို့ သင်္ချိုင်းကုန်းမှပြန်လာပြီး
ည၌ အိမ်တွင်အပုပ်နံ့များရကြလေသည်။
ငမောင်တို့၏မိဘများမှာလည်း ထိုအနံ့ကြီးကိုရ၍…

“မိန်းမ…နင်အပုပ်နံ့ကြီးရသလားဟ”

ဟု…အိပ်နေရင်းမှမေးလေသည်။

“အင်း…ကျုပ်လည်းရတယ်တော့်…
ဘာကောင်များသေပြီးပုပ်သလဲမသိဘူး”

ဟု…ပြောနေကြချိန်…အိမ်သာထသွားသော ငဆောင်ထံမှ….

“အမလေးးးးးးးးးးးးးးးသ…..သရဲ………”

ဟူသောအော်သံကြီးထွက်ပေါ်လာ၍ ငမောင်နှင့်မိဘများမှာ
ငဆောင်ထံအပြေးသွားကြရလေသည်။

“သားငယ်….ဟယ်တော်…သားငယ်”

“ကွာ…ဒီကလေးဘာတွေ့လိုက်တာလဲမသိဘူး…
လုပ်ကြပါဦး…အိမ်ပေါ်သယ်ကြရအောင်”

ငမောင်မှာညီဖြစ်သူအတွက်စိုးရိမ်သွားသည်။
ငဆောင်တယောက် သတိပြန်လည်လာချိန်၌…

“သ…သရဲကြီး…​ကြောက်စရာကြီးးးးးး”

ဟု တတွတ်တွတ်ပြောနေရင်း ဖျားတော့လေသည်။
ဆေးဆရာကိုခေါ်၍ ကုသပါသော်လည်းအရာမထင်ခဲ့။
ထို့သို့နောက်တရက်ည၌ ငမောင်တယောက် အိမ်သာသို့
အသွား သူ၏နောက်ကျောကိုလက်ဖြင့်ပုတ်ခံလိုက်ရ၍
နောက်သို့လှည့်ကြည့်သောအခါ
ပြူးကျယ်သောမျက်လုံးအစုံဖြင့် သူအားစိုက်ကြည့်နေသောသွေးသံရဲရဲလူမိစ္ဆာကြီးသည်
ဝူးဝူးဝါးဝါးအော်သံပေးနေသောကြောင့်
ငမော်မှာသွေးများခန်းခြောက်သွားသကဲ့သို့
ရင်တဒိတ်ဒိတ်ခုန်လွန်းမကခုန်နေခဲ့ပြီးနောက်
နေရာမှာတင်လဲကျသွားတော့လေသည်။
ငမောင်နှင့်ငဆောင်တို့၏အဖြစ်ကြောင့်မိဘနှစ်ပါးမှာ
စိတ်များပူလောင်ကာ ကူပါကယ်ပါဖြစ်ကြရတော့သည်။

ထိုအဖြစ်အပျက်အစုံကိုသိရှိသွားသော ဘွားမယ်စိန်သည်
ခေါင်းလေးကိုတညိတ်ညိတ်ပြုလုပ်ရင်း ငဆောင်၏ခေါင်းကိုလက်ဖြင့်ပုတ်၏။

“အင်း…ငါ့မြေးတို့က နှုတ်အပြောရဲပြီး လက်ဆော့ခဲ့တာပဲ…
ကဲပါလေ…အခုငါ့မြေးတို့သင်္ချိုင်းက
ယူခဲ့တဲ့ကျောက်ခဲဘွားကိုယူပေး”

ဟုပြောလိုက်လေတော့ ငဆောင်မှာ ကောက်ခါငင်ခါ
ထ၍အိမ်ထဲသို့ဝင်သွားလေသည်။
အိမ်အတွင်းမှပြန်ထွက်လာတော့ ငဆောင်၏လက်ထဲ၌
ကျောက်ခဲတလုံးပါလာခဲ့သည်။
ထိုကျောက်ခဲကို ဘွားမယ်စိန်ထံသို့ငဆောင်ရိုရိုသေသေပေး၏။
ကျောက်ခဲကိုယူ၍ဘွားမယ်စိန်ကြည့်ပြီး…
ဖိုးကျော်ကို…

“မောင်ဖိုးကျော်…ဘွားသားတွေကိုအဖော်ခေါ်သွား…
ရော့…ဒီကျောက်ခဲကိုယူ…ပြီးရင် ဦးဘကောင်း ကျုပ်တို့နဲ့ပြန်လိုက်ခဲ့ပါ…ခင်ဗျားနေရာကိုပြန်ပို့ပေးပါ့မယ်လို့ပြော…
အဲ့လိုပြောပြီးတာနဲ့ သင်္ချိုင်းက သူ့မြေပုံပေါ်သွားထားလိုက်တော့…”

ဟုပြောရင်း ဖိုးကျော်ကိုကျောက်ခဲပေး၏။
ဖိုးကျော်ကလည်းဘွားမယ်စိန်ပြောသကဲ့သို့
ဦးဘကောင်း၏ဝိညာဥ်ကိုခေါ်ပြီး မောင်တိုးတို့နှင့် သင်္ချိုင်းသို့သွားကာ ကျောက်ခဲကိုထားလေသည်။

ကျန်ရစ်သောရွာသူ၊ရွာသားများကတော့
ငမောင်တို့၏အိမ်၌ရှုပ်ပွနေသည်များကိုရှင်းပေးနေကြ၏။
ဘွားမယ်စိန်မှာ ငမောင်နှင့်ငဆောင်၏အနီးတွင်ထိုင်ကာ
သူတို့၏မိဘများနှင့်စကားလက်ဆုံကျနေခဲ့တော့သည်။

ထိုသို့ဖြင့် ကလေးနှစ်ဦးလက်ဆော့ခဲ့သော
ဦးဘကောင်း၏ဝိညာဥ်သည်လည်း ရွာသင်္ချိုင်းသို့
ပြန်ရောက်သွားပြီဖြစ်သည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)