ကင်းကြောင်း အပေါင်းအသင်းများပေါ်တွင်လည်း ကြီးမားသူတည်း။
မိုးကြီးညို့လာ၍ လေထန်စပြုလေတိုင်း အိမ်ကလေး၏အမိုးကိုမော့ကြည့်ရင်း ရင်ခုန်ရ၊စိတ်မောခဲ့ရခြင်းတို့သည် ကိုကြီးတည်းဟူသော ကိုလွှမ်းပိုင်ဦးနှင့် ချစ်ခြင်းအစ ကာလရောက်သည်မှစ၍ တည်ငြိမ်ခဲ့ရ၏။အရာရာဈေးကြီး၍ ဓနိဈေးတို့မှာလည်း ခေါင်ခိုက်နေ၏။သစ်သားတိုင်ယိုင်နဲ့နဲ့တို့က ပိုးမထိုး၊ခြမစားသေးပါပဲလျက် ဓနိအရည်အသွေးညံ့ဖျင်းခြင်းကြောင့် သုံးနှစ်ခံဟု ဆိုငြားလည်း တစ်နှစ်တည်းနှင့်မိုးမလုံလေမလုံဖြစ်ရ၍ အခါတိုင်းတွင် အနီတာတို့မိသားစု စိတ်မောခဲ့ရပါ၏။အဖေရှိစဥ်ကမူ ထိုသို့မဟုတ်ခဲ့ငြား ရင်ပူခဲ့ရသည်တော့အမှန်။
“ဘာမှ စိတ်မပူနဲ့၊ကိုကြီးနဲ့လက်ထပ်ပြီးရင် သည်အိမ်လေးကို ပြင်ဆောက်ပေးမယ်၊သွပ်မိုးနဲ့သစ်သားအိမ်ထက် လုံလုံခြုံခြုံတိုက်ကလေးဆို ပိုကောင်းမလားလို့၊အဲဒါ ကိုကြီး စဥ်းစားနေတာ”
သူက ထိုသို့ပြောသည်တွင် မေမေသည် အားနာနေ၏။သူနှင့်လိုက်နေရန် မေမေကငြင်းခဲ့သည်ကိုး။
“ရပါတယ်ကွယ်၊ဒါတွေ မစဥ်းစားပါနဲ့၊အနီတာအတွက်သာ တွေးပါကွယ်”
ဆင်းဆင်းရဲရဲသူ့ဘဝလေးထဲသို့ အနစ်နာခံကာ ဝင်ရောက်လာသည့်ကိုကြီးကို အနီတာ အားနာလှပါသည်။ချစ်သူရည်းစားဘဝမှာပင် ဖြစ်လင့်ကစား ဤမိသားစုအတွက် အလိုက်သိစွာဖြည့်ဆည်းပေးခြင်းတို့က သူ၏ချစ်ခြင်းကိုပြဆိုနေ၏။မိုးဟု အသံကြားလိုက်ရသည်နှင့်အနီတာတို့အိမ်ရှေ့ဝယ် ဓနိသန့်၊ဓနိခန့်တို့က ဆိုက္ကားအပြည့် ထိုးဆိုက်လာတော့၏။
“အနီတာကို မိုး မစိုစေရအောင် ကိုကြီးမေတ္တာထီးနဲ့မိုးပေးမယ်နော်”
သူ့အပြောတွင် အနီတာပျော်ဝင်ခဲ့ပါသည်။ဈေးထဲက အမေ့၏ငါးခြောက်ဆိုင်သေးသေးလေးပေါ်တွင်လည်း ကုန်တို့ပြည့်လာ၏။ပိုလျှံခြင်းမရှိငြား ဤဆိုင်ကလေး၏ရောင်းအားပေါ်မူတည်၍ အနီတာတို့ဝဝလင်လင်တော့ ရှိခဲ့ပါ၏။သို့သော် ချွေချွေတာတာချို့ချို့ငဲ့ငဲ့ဟူသောစကားသည် သူတို့ဘဝနှင့်ထပ်တူညီမျှရှိနေပြန်သေး၏။သူ့အဒေါ်ပိုင်သော ငါးခြောက်ပွဲရုံမှငါးခြောက်များကို ဈေးချိုချိုသာသာရရှိစေရေးလည်း သူက ကြိုးပမ်းပေးပြန်ပါ၏။
“မမ အိမ်ထောင်ပြုပြီးလို့ အဲဒီအစ်ကိုကြီးနဲ့လိုက်နေရင် သီတာတို့ပဲ ကျန်ခဲ့မှာပေါ့နော်”
ညီမလေးမြသီတာ၏အသံလေးက အနီတာ့ရင်ကို ဆို့နင့်သွားစေ၏။
“ညီမလေးရယ်..အဲဒီလိုတော့ဟုတ်ပေမဲ့ ညီမလေးတို့ကျောင်းစရိတ်က အခုလိုချို့ချို့ငဲ့ငဲ့မဟုတ်ပဲ အဆင်ပြေမှာလေ”
“မမရယ်၊သီတာ ကျောင်းထွက်လိုက်ပါ့မယ်၊အမေနဲ့အတူ အလုပ်ကူလုပ်မယ်၊မောင်လေးကိုတော့ ယောကျ်ားလေးမို့ ကျောင်းဆက်ထားမယ်၊မမလည်း မသွားနဲ့”
ပြောရင်း ငိုလေသည်။ရင်ခွင်ထဲတိုးဝင်ကာ ရှိုက်ရှိုက်ငင်ငင်ငိုနေရှာသည့်ညီမလေးကြောင့် အနီတာ့နှလုံးသားတို့ တဆတ်ဆတ်တုန်ယင်ရလေပြီ။အမေကတော့ နှစ်သိမ့်ပါ၏။
“ဒါ ဖြစ်တတ်တဲ့သဘာဝပါကွယ်၊သမီးတို့ညီအစ်မနှစ်ယောက်ထဲ တိုင်တိုင်ပင်ပင်နေလာတော့ကာ အခုလိုခွဲရမယ်ဆိုတော့ လွမ်းရမဲ့ဒဏ်ကိုတွေးပြီး ခုတည်းက ခံစားနေတာပါ၊အမေ နှစ်သိမ့်ပါ့မယ်၊စိတဖြောင့်ဖြောင့်နဲ့သာ သမီးတို့မင်္ဂလာကိစ္စကို စီစဥ်ပါကွယ်၊ဘယ်လောက်မှ မလိုတော့ဘူးလေ”
မိုးဦးစ လေသည် ဝှေ့တိုက်လာငြား အနီတာ၏ရင်ထဲမှာ မလန်းပါချေ။သူသည် လန်းရမည့်အစား နွမ်း၍နေ၏။အရာရာကိုလည်း သဘာဝမကျသလိုခံစားနေရ၏။ကောင်းကင်ပြာကြီးကပင် နီသလို၊ဝါသလိုနှင့်အရောင်အမျိုးမျိုးပြောင်း၍နေလေသည်။
သည်တစ်မိုးကုန်လျှင် မိသားစုနှင့်ခွဲရမှာပါလားဟူသောအသိက သူ့ရင်ကို ဖိထားသလိုရှိ၏။ဤခံစားချက်ဝယ် မသက်မသာရှိလှ၏။တဖက်ကလည်း ကိုကြီး၏ပြုံးမြသောမျက်နှာကို မြင်နေရ၏။သဘောကောင်းသော၊တဖက်သားအပေါ် စာနာကူညီတတ်သော၊မိမိကိုလည်း လွန်စွာချစ်၍လွန်စွာ အလိုလိုက်သောကိုကြီးကို မည်သို့ငြင်းဆန်ရက်ပါမည်နည်း။
“အဝါရောင်လေးဝယ်မလား၊အနီတာက ဖြူတော့ အရောင်ဝင်းဝင်းလေးနဲ့ပိုလိုက်မယ်၊ဒါမှမဟုတ် ပန်းရောင်လား၊ကြိုက်တာ ရွေးနော်”
မဆွကပင် ပြောခဲ့သည့် ချစ်သူ၏စကား၊အားလပ်ရက်တွင် မြို့ပေါ်တက်၍ ဈေးဝယ်ထွက်ကြမည်တဲ့၊မိမိတို့နှစ်ဦးအတွက်သာမက အမေနှင့်ညီမငယ်၊မောင်လေးအတွက်ပါ ဝတ်စုံဝယ်ကြရမည်တဲ့လေ။
လေကြောင့် ခြံရှေ့ကဒန့်သလွန်ပင်လေးသည် ဖြတ်ဖြတ်ခါသွား၏။အပွင့်ဝါလေးများကို သည်းသည်းခြွေချနေ၏။အသီးတောင့်ရှည်ရှည်လေးများက ပိန်ပိန်မြှောင်းမြှောင်းနှင့်မကြီးထွားကြသေး။အဲဒီအသီးလေးတွေကို ကိုကြီးသိပ်ကြိုက်တယ်၊တို့ အတူနေကြရင် မကြာခနချက်ကျွေးနော်ဟု ပြောခဲ့ဘူးလေသည်။ငါးခြောက်ရောင်းသူအမေကမူ သူ၏ရောင်းတမ်းဝင်ငါးခြောက်များထဲမှ ကောင်းပေ့ဟူသည့်ငါးခြောက်ပြားများနှင့်ရော၍ပွဲထုတ်ဘူးပါသည်။ဟင်းရည်သောက်ရင်း၊တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပျော်ရွှင်ကြည်နူးခဲ့ရပါ၏။
ဆုံဆည်းခဲ့သောရေစက်သည် တားဆီး၍မရနိုင်စကောင်း၊နှစ်နှင့်ချီ၍သန္ဓေတည်ခဲ့ပြီမို့လည်း ချစ်သူတို့၏ပန်းတိုင်ဖြစ်သော ထိမ်းမြားခြင်းဟူသည့်ကျွန်းသာယာသို့အရောက်သွားရမည်ကား ဧကန်ပင်ဖြစ်၏။သို့သော် ခုတလော စိတ်တို့လေနေသည်ဟု သူခံစားမိနေရ၏။ညီမငယ်၏အငိုမျက်ဝန်းနှင့်တရှိုက်ရှိုက်ဝမ်းနည်းနေဟန်က နှလုံးသားကိုဆုပ်ညှစ်နေလေသည်။လွန်စွာ အနေအထိုင်အေးဆေး၍ အရာရာတွင်ဝင်ရောက်စပ်စုလေ့မရှိသောမိန်းကလေးသည် ယခုအခါတွင်မူ အစ်မကြီးဖြစ်သူ၏အတွင်းရေးတွင် ဝင်ရောက်လာပြီဖြစ်၏။သူဖြစ်ချင်သည်ကို တောင်းခံလာပြီဖြစ်၏။ညီမငယ်ကို လွန်စွာချစ်သည်မှန်ငြား သူတောင်းဆိုနေသည်ကလည်း မိမိ၏ဘဝ၊မိမိ၏ အသည်းနှလုံးကို ခြေမှုန်းပစ်ရန်ဖြစ်နေပြန်၏။
သမီး၊ဘာတွေ တွေဝေနေတာလဲဟု အမေက မေးလာပါသည်။သူသည် အငိုမျက်ဝန်းဖြင့် အမေ့ကိုကြည့်၏။ပျော်ရမည့်ကာလတွင်မပျော်နိုင်ဖြစ်ရခြင်းကို သူ နားမလည်၊စိတ်သည် လူနှင့်မကပ်၊တဖန် စိတ်ဆိုးသလို ဝမ်းနည်းသလိုနှင့် ထိလွယ်ရှလွယ်ဖြစ်နေတတ်လေသည်။
မုန်တိုင်း၏အစကား လေပြည်ငြိမ့်ငြိမ့်လေးပင်ဖြစ်တတ်ပါ၏။သောင်ကမ်းတို့ဖြူးဖြောင့်နေ၍ ချောက်ကမ်းပါးမရှိဟုတစ်ထစ်ချမဆိုနိုင်၊အရိပ်တစ်ခုသည် မသဲမကွဲ အရောင်မည်းဖြင့် ထိုးကျနေသည်ဟုသူထင်လေသည်။ပုံမှန်ဝတ်မပျက် ဘုရားဝတ်၊တရားဝတ်တို့ကိုပြုရင်းကပင် ဆန်းကြယ်သောအာရုံများ ဝင်ရောက်လာ၏။ညီမလေး၏ပုံသွင်နှင့်စကားသံများ၊ကိုကြီးနှင့်ကတိကဝတ်ပြုခဲ့ပုံများ၊လျှောက်လှမ်းရမည့်ဘဝလမ်းအတွက် ရေးဆွဲခဲ့သည့်စီမံကိန်းများ၊စသည်တို့က အထင်ကရ ဝင်ရောက်လာပြန်၏။သို့တိုင် စိတ်သည် လင်း၍မသွားခဲ့။
“ဈေးထဲကနုနုတို့ကတောင် အနီတာလေး ကံကောင်းလိုက်တာလို့ ပြောနေကြတယ်”
အမေ့အသံကြောင့် အတွေးတို့လွင့်စင်သွား၏။ဤတွင်မှ နက်ဖြန်ကိုကြီးနှင့်မြို့သို့သွားရန် ချိန်းထားပါလားဟု အသိဝင်လေသည်။အဝါရောင်လေး ဝတ်မလား၊ပန်းနုရောင်လေး ရွေးမလားတဲ့၊သူ ပြောထားခဲ့သည်မဟုတ်ပါလား။
*************
ကလေးတို့ ကျောင်းသွားနေကြသည်။အမေက ဈေးထွက်သည်။လက်သည် အိမ်သော့ကိုခတ်ရင်း တုန်ယင်နေ၏။ငါသည် မကြာမီကာလဝယ် ဤသော့ကလေးကိုထားခဲ့ရတော့မည်။ကိုင်ခွင့်၊ခတ်ခွင့်မရှိတော့။ငါသည် အခြားနေရာတွင် လူစိမ်းတစ်ဦးနှင့်ဘဝသစ်ကိုထူထောင်ရတော့မှာလားဟု အသိဝင်၏။နှမြောတသစိတ်လော၊နာကျင်ပင်ပန်းစိတ်လော မသိသည့်စိတ်ခံစားချက်ကြောင့် လူသည် ယိမ်းယိုင်လာခဲ့၏။သို့သော် ဖြေပါ၏။ကိုယ်စခဲ့သည့်ဇာတ်လမ်းပင် ဖြစ်လေသည်တကား။တဖန် တွေးပြန်တော့လည်း မိမိ၏အိမ်ထောင်ပြုခြင်းသည် မိသားစုကိုမထိခိုက်ရုံသာမက ပိုမိုကောင်းမွန်သောအသီးအပွင့်များကိုပင် ဖြစ်ထွန်းပေါ်ပေါက်စေနိုင်တာပါလားဟူ၍ပင်။
သူ တတန်တက လာခေါ်နေရမည်စိုး၍၊အလုပ်မပျက်စေလို၍ မော်တော်ဆိပ်ကို ကိုယ်တိုင်ပင်သွားလိုက်၏။ကမ်းကိုကျော်၍ တဖက်ကမြို့တွင် မိမိတို့လိုအပ်ရာများ ဝယ်ယူကြရပေမည်။တံတားစီမံကိန်းမပြီးသေး၍ မော်တော်နှင့်စက်လှေနှင့်သာ ကူးသန်းနေကြရသေး၏။
တံတားကြီးပြီးရင် ကိုကြီးဆိုင်ကယ်နောက်ကထိုင်၊ဒါက တစ်နည်း။ကားပေါ်မှာအတူထိုင် ဒါကတစ်နည်း။မခွဲတော့ဘူးအနီတာလေးရယ်ဟု သူပြောခဲ့ဘူးပါသည်။မိမိနှင့်ကံစပ်၍ သူ ရောင်းပန်းဝယ်ပန်းသာပါစေဟုဆုတောင်းမိရပြန်၏။
“ဘယ်လဲ အနီတာ”
အမေ့ဆိုင်နီးချင်းအစ်ကိုကြီးတစ်ဦးက နှုတ်ဆက်လာ၏။
“မြို့ပေါ်သွားမလို့ပါ ကိုစိုးရီ”
“ဪ..ကိုလွှမ်းနဲ့လား၊သူ ကမ်းနားက ကိုတင်ဦးတို့စက်ဆီဆိုင်မှာ ဆီပုံးတွေနဲ့အလုပ်ရှုပ်နေတာ တွေ့ခဲ့တယ်၊အနီတာနဲ့ချိန်းထားတာလား”
“ဟုတ်တယ်ကိုစိုးရီ”
မိမိတို့၏မင်္ဂလာသတင်းကပျံ့နေပြီမို့ ရှက်နေစရာလည်း မလိုတော့ပါပြီ။ကွယ်ဝှက်မနေတော့။ငဝန်မြစ်ရေသည် စိမ်း၍နေ၏။လှိုင်းကြက်ခွပ်တို့မြူးနေပုံက နေရောင်အောက်တွင် ချစ်စရာကောင်းလှတော့၏။ကမ်းတဖက်တွင် စံပါယ်နေသော ရွှေရောင်တဝင်းဝင်းနှင့်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးကို မနောမှ ရှိခိုးဦးချလိုက်ပါ၏။
ဆိုင်လေးအတွင်း ရယ်သံမောသံများကြားနေရ၏။ကိုကြီးသည် နောက်ခိုင်းနေသဖြင့် သု့ကိုမမြင်ပေ။စီးပွားရေးလာဘ်မြင်သူမို့ ဝါးဓနိပွဲရုံဟုသာနာမည်ခံငြား ဆီအရောင်းအဝယ်၊မီးသွေးကုန်သည် စသည်ဖြင့် စုံအောင်လုပ်သူတည်း။သန့်ပြန့်သောသူ့ရုပ်ရည်သည် ဤလုပ်ငန်းများနှင့်မလိုက်ဖက်ငြား အပြောကောင်း၍စိတ်ထားဖြူသူမို့ စီးပွားရေးတွင် အကျိုးပေးသန်လှပါပေသည်။
အမျိုးသားတွေချည်းပဲမို့ ဆိုင်တွင်းသို့ သူရုတ်တရက်မဝင်ဖြစ်ပဲ အကဲခတ်နေ၏။ကိုကြီးသည် နောက်လှည့်ကြည့်၍ သု့ကိုမြင်လျှင် ဧကန်ထွက်လာပါလိမ့်မည်။ခုတော့မူ ရယ်သံမောသံစကားပြောသံများက ကမ်းနားကုန်တင်ကုန်ချသင်္ဘောပေါ်မှ ကုန်ပစ္စည်းချသံများနှင့် ဗလုံးဗထွေး ရောနှောနေလေသည်။
“မြသီတာလေးကလည်း ယဥ်တာချောတာပဲဗျ၊သူ့အစ်မက ခန့်တယ်၊မြသီတာက ပိုလှတယ်”
ထိုအသံက ပီသလှ၏။ကိုကြီးနှင့်မျက်နှာချင်းဆိုင်ကလူကို ရုတ်တရက်သော် သူမမြင်၊ညီမလေး၏နာမည် ပါလာသည်ကြောင့် အံ့အားသင့်ရင်း နားစွင့်နေမိလေသည်။
“မင်းက စိတ်ဝင်စားလို့လား”
ကိုကြီးအသံဖြစ်၏။
“အားကိုးပါတယ်ကိုလွှမ်းရာ၊သူ့အစ်မနဲ့ကိုလွှမ်း ယူပြီးရင်လေ ကျွန်တော့်ကိုသတိရနော်..ဟားဟား”
ခေါင်းထဲ မိုက်ခနဲဖြစ်သွား၏။ရင်ခုန်သံမြန်ခြင်းနှင့်အတူ လူသည် ၎င်းတို့မမြင်နိုင်ရာ ဆိုင်တစ်ဆိုင်၏အမိုးစွန်းအောက်သို့ ရောက်မှန်းမသိ ရောက်ရှိသွားလေ၏။
“မှတ်ထားဥက္ကာဦး၊မင်း မကြားဘူးရင်ပြောလိုက်ဦးမယ်၊ဆိုရိုးစကားတစ်ခုရှိတယ်ကွ၊ခဲအိုဆိုတာ ခယ်မရဲ့ပေါင်တစ်ချောင်းကို ပိုင်သတဲ့ကွ၊ဟားဟား”
“ဟားဟား..ဟားဟား”
၎င်းစကားသံအဆုံး ရယ်သံများကသောသောညံညံထွက်ပေါ်လာတော့၏။
“အဲဒီတော့ ငါ့လက်ထဲရောက်နေတဲ့ပစ္စည်း မင်း မရစရာ ဘာအကြောင်းမှမရှိဘူးဆိုတော့..စိတ်သာချထားလိုက်တော့ သိလားဥက္ကာ၊ကောင်မလေးက တောင့်တောင့်ဖြောင့်ဖြောင့်လေးကွ၊ငယ်သေးလို့သာ၊ဒိထက် ပိုလှဦးမယ်”
“နာမည်ပြောင်းလိုက်ပြီကွာ၊လှအုံးမယ်လို့”
ရယ်သံများ ထွက်ပေါ်လာပြန်၏။အထူးသဖြင့် အရက်အရှိန်ကြောင့် ဗလုံးဗထွေးဖြစ်နေသောဥက္ကာ၏အသံသည် အနီတာ၏နှလုံးသားတို့ကိုဆုပ်ခြေ၍နေလေပြီ။
ဘုရား၊ဘုရား၊ခယ်မရဲ့ပေါင်တစ်ချောင်းကို ခဲအိုကပိုင်သတဲ့လား၊ဟုတ်လား..ဒီစကားကို ကိုကြီးနှုတ်က တကယ်ပဲထွက်လိုက်တာလားဟင်။
အနီတာသည် ထိုနေရာမှ ပြေးထွက်လိုက်၏။ရုတ်တရက်လှုပ်ရှားခြင်းကြောင့် လမ်းပေါ်ကခုံတစ်လုံးကိုတိုက်မိ၏။၎င်းအသံကြောင့် သူတို့လှမ်းအကြည့် သူ့ကိုမြင်သွားကြလေပြီ။
“အနီတာ”
ကိုကြီးသည် ပြေးလိုက်လာ၏။သူသည် ရပ်မနေတော့။လှည့်မကြည့်တော့၊ရပ်ချင်စိတ်လည်းမရှိ၊စကားပြောချင်စိတ်လည်းမရှိလေပြီ။
ရက်စက်လိုက်တာ ကိုကြီးရယ်။
ယူကျုံးမရစိတ်သည် လူတစ်ကိုယ်လုံးကို အငွေ့ပျံသွားစေလောက်၏။ငါတို့ညီအစ်မတွေကို သူဒါလောက် အထင်သေးနေတာလား၊အထင်သေးနေတာလားဟူသော မေးခွန်းအထပ်ထပ်သည် ရင်ထဲတွင်ဆူညံနေ၏။အပြင်သို့ကား ထွက်မလာခဲ့ပါချေ။
“ကိုကြီးမှားပါတယ်၊ကိုကြီးမှားပါတယ်အနီတာ”
သူသည် အထပ်ထပ်အခါခါ တောင်းပန်နေ၏။သို့တိုင် အနီတာသည် နားကိုပိတ်ထားလိုက်၏။
“မကြားပါရစေနဲ့တော့၊မကြားပါရစေနဲ့တော့၊ချို့ချို့ငဲ့ငဲ့မုဆိုးမသားအမိတတွေကို ကိုကြီးက အထင်သေးလို့မို့ ကိုယ့်နှမအရွယ်ကလေးမလေးကို နှမချင်းမစာနာ အရက်သမားလူရမ်းကားနဲ့ပေးစားဖို့ကြံတယ်ပေါ့..ဟုတ်လား။အနီတာကလေ..ကိုယ်သာ အသေခံလိုက်မယ်၊အဲဒီလို စော်ကားတာမျိုးတော့ ဘယ်တော့မှမခံဘူးဆိုတာ ကိုကြီးသိထားပါနော်၊မကြားဝံ့မနာသာစကား ပြောရက်လိုက်တာ ကိုကြီးရယ်၊ဘာ..ခယ်မဆိုတာ..”
စကားမဆက်နိုင်ပြီ။မျက်ရည်တို့ တာကျိုးခဲ့၏။ကိုကြီးသည် စကားလုံးပေါင်းများစွာ၊ဝါကျပေါင်းများစွာဖြင့် သူ့ကိုချော့နေခဲ့၏။
“အလိုက်သင့်မို့ပါ၊အလိုက်သင့်ပြောပေးနေခဲ့ရတာပါ အနီတာရယ်၊စီးပွားရေးနဲ့ပတ်သတ်လို့ မကင်းရာမကင်းကြောင်းတွေမို့ပါကွယ်၊ကိုကြီးကိုယုံပါနော် အနီတာ၊သည်ကောင့်ကို ကိုကြီးအဆက်အသွယ်ဖြတ်ပါ့မယ်၊မပတ်သတ်ဘူး၊စကားလည်း မပြောတော့ဘူး”
“ဩ..မကင်းရာမကင်းကြောင်းမို့ စီးပွားရေးထိခိုက်မှာစိုးလို့ အလိုက်သင့်ပြောတာက သူများသမီးပျိုရဲ့ဂုဏ်သိက္ခာနဲ့တဲ့လား၊ဒီမှာ..ကိုလွှမ်းပိုင်ဦး၊ရှင့်ဆင်ခြေတွေကို မကြားလိုတော့ဘူး၊ခယ်မကိုပိုင်တယ်ဆိုတာ အဲဒီဥက္ကာရဲ့ပါးစပ်ကထွက်လာတဲ့စကား မဟုတ်ဘူးလေ၊ရှင်ကိုယ်တိုင် စိတ်လိုလက်ရ အရသာခံပြီး ပြောလိုက်တာလေကိုကြီးရဲ့၊ပြောထွက်ရက်လိုက်တာလေ ကိုလွှမ်းပိုင်ဦးကြီးရဲ့”
မုန်တိုင်းကား မထင်မှတ်ပဲ တိုက်ခတ်ခဲ့ချေပြီ။
ငို၏။ငို၏။ကြူကြူပါအောင် ငို၏။တစ်ဘဝလုံး ငိုရမည့်အစား ယခုပင် အပြီးတိုင်ငိုပစ်လိုက်ပါတော့၏။
********
ခုတော့လည်း အရာရာသည် ပြီးဆုံးခဲ့ပြီဖြစ်၏။အလွမ်းရိပ်ဆင်နေသောကောင်းကင်ပြင်နှင့်ယဥ်ပါးခြင်း မယဥ်ပါးခြင်းပြဿနာသည်လည်း အနီတာနှင့်မဆိုင်တော့လေပြီ။
ထိုနေ့က မိုးမှုန်ဖွဲဖွဲကျခဲ့သည်။နှုတ်ဆက်တေးပင်ဖြစ်တန်ရာ၏။သီတင်းကျွတ်ကိုကား မျှော်လင့်ရန်မရှိလေပြီ။အနီတာ၏ဘဝဝယ် မိုးသက်လေသာ ရှိပါစေတော့။မိုးရာသီမျှသာ ရှိပါစေတော့။
သူအကြိမ်ကြိမ်ချော့သည့်တိုင် မိသားစုမာနကိုထိပါးထားသည့်စကားသံတို့က ပြက်ပြက်ထင်ထင်ကြားနေရဆဲမို့ ညီမငယ်အတွက်ရော၊မိမိ၏မိန်းမသားမာနအတွက်ပါ အချစ်ဟူသည့်အရာကို အနီတာ စတေးခဲ့ပါသည်။
အခါတိုင်း မိုးဦးလေဦးတွင် သူလာပို့ပေးတတ်သည့်ဓနိပျစ်များလည်း ရောက်မလာလေတော့။ဝါကျွတ်ကာလနှင့်ဝေးလှသေးသော်လည်း ဝါတွင်းကာလတွင် အိမ်ထောင်မဖက်ရဟူသောအယူဝါဒကိုကျော်လွန်၍ သူသည် အခြားသောအမျိုးသမီးငယ်တစ်ဦးနှင့်မင်္ဂလာဆောင်နှင်းထိမ်းမြားခဲ့ပါလေသည်။ရွာတို့၏ဓလေ့အတိုင်း သီချင်းကိုအကျယ်ကြီးဖွင့်၏။မင်္ဂလာတေးတို့သည် သစ်ပင်ထိပ်မှပျံ့လွင့်နေသည်မှာ အနီတာတို့အိမ်ထဲအထိ ပီပီသသဝင်ရောက်နေတော့၏။ဪ..သူ ပျော်ပါစေတော့လေ။
အပြစ်ရှိသည်ဟုယူဆနေသောညီမငယ်က မျက်နှာငယ်ငယ်ဖြင့် သူ့ကိုကြည့်နေချေ၏။သူက ပြုံးပြရင်း ထွေးဖက်ထားလိုက်လေသည်။
ညီမလေးနဲ့မဆိုင်ပါဘူးကွယ်၊အဆိပ်ရှိတဲ့အသီးမှန်း လက်မတင်လေးသိလိုက်လို့ ရှောင်ရှားလိုက်နိုင်တာ တို့မိသားစု ကံကောင်းသွားတာလေ ဟု တိုးတိုးလေးပြောမိ၏။
ညက လေပြင်းသည်ကြောင့် ဓနိဖက်တို့ပြိုကျကြ၏။ဟောင်းနွမ်းနေပြီဖြစ်သောဓနိဖက်တို့က ကြမ်းပေါ်ဝယ် ဟိုတစ်ဖတ် သည်တစ်စ လွင့်ကျနေကြလေသည်။
“အမေရေ၊ဓနိဖက်တွေ”
သူကပြော၏။အမေက တံမြက်စည်းဖြင့် ဓနိအမှိုက်များကိုလှဲကျင်းရင်း သူ့ကိုပြန်ပြော၏။
“ဓနိဖက်တွေဆွေးပေမဲ့ အချင်တိုင်တွေက အကောင်းပဲလေသမီးရဲ့၊ပျက်တဲ့နေရာမှာ အစားထိုးလိုက်ရုံပဲ၊အဓိက အချင်တိုင်မကျိုးဖို့ပဲလိုတယ်လေသမီး”
ဤစကားတွင် အမေနှင့်မျက်လုံးချင်းဆုံဖြစ်ကြ၏။နားလည်မှုချင်းထိတွေ့ဖြစ်၏။
တခါက လေစိမ်းကို သူနှစ်သက်ခဲ့၏။ခုတော့ဖြင့် နွေးသောရင်ခွင်များအကြောင်းကိုနားလည်ခဲ့ပါပြီ။အနီတာသည် မောင်လေးနှင့်ညီမလေးကို ပွေ့ဖက်လိုက်၏။တဖန် သူ့နောက်မှလာရပ်၍ သူ့ဆံနွယ်လေးများကိုပွတ်သပ်ပေးနေသော အမေ့လက်များကိုဆုပ်ညှစ်လိုက်၏။ဤအခါတွင် ဖြစ်တည်လာသည့်ခံစားချက်က ဘဝတွင်ဘာဆိုဘာမျှမလိုတော့ ဟူ၍ပင်ဖြစ်၏။
ထိုညက လသာလေသည်။မိုးဖွဲမှုန်များကိုထွင်းဖောက်ကာသွန်းလောင်းကျဆင်းလာသည့် လရောင်မျှင်များအောက်ဝယ် သူ တည်ငြိမ်စွာရှိနေပါ၏။ကြေကွဲနေခြင်းမဟုတ်ကြောင်းကား သူ့ကိုယ်သူသိနေပါ၏။အစ်မကြီး အမိအရာနေရာ၊သမီးအကြီး ထီးဖြစ်ရမည့်နေရာတွင် အနီတာကား ခိုင်မာစွာရပ်တည်နေခဲ့ပြီဖြစ်၏။
နက်ဖြန် အိမ်ပြန်မိုးဖို့လုပ်မယ်မေမေ၊သမီးတို့ ငွေပိုရှာကြမယ်၊ဘယ်သူ့ကိုမှအားမကိုးဘူးနော်ဟုသူပြော၏။အမေ့ထံမှ တုံ့ပြန်သံပေါ်မလာ။သို့သော် အမေမအိပ်သေးကြောင်း သူသိနေပါ၏။
အမေသည် ချစ်သူ၏မင်္ဂလာညဝယ် သူ့သမီးကို စိတ်လွတ်လက်လွတ်လွမ်းနေစေချင်သည်လားမသိပါ။လွမ်းခွင့်ကို အမေပေးထား၏။ငယ်ရာမှကြီးလာသည့်အမေသည် အရာရာကိုနားလည်ပါ၏။သို့အတွက် သမီးလေး လွမ်းပါစေတော့လေ။ခံစားခွင့်ရှိသမျှခံစားပါစေဦးဟု ငြိမ်သက်နေသော အမှောင်ထုကိုစိုက်ကြည့်ရင်း ငြိမ်သက်ပေးနေခဲ့၏။
ဤတွင် အမေ့သမီးအစား လချည်မျှင်လေးက ရှိုက်သံပေးလေပြီ။မိုးသားတိမ်ပလီသည် လကိုဖုံးလိုက်ချေတော့၏။
ပတ်တမွားမိုး
၂၀၂၄ ခုနှစ်၊ဇူလိုင်လထုတ် ငွေတာရီမဂ္ဂဇင်း၆၄နှစ်ပြည့်အထူးထုတ်မှ..
Leave a Reply