မီးသရဲ

*မီးသရဲကြီး*📖📖📖

*********************

(ဖြစ်ရပ်မှန်)

ယခုဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များသည် လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များဖြစ်ပါသည်။

(၁)

စလင်းမြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာမှာ အလွန်နာမည်ကြီးလှတဲ့ ဝက်သည်းကန်ကြီးရှိပါတယ်။ ဝက်သည်းကန်လို့ပြောလိုက်ရင် ထိုနားတစ်ဝိုက် မသိသူမရှိရုံသာမက၊ ထိုမြို့ကိုရောက်ဖူးတဲ့သူတွေပါ အကုန်သိကြပါတယ်၊ အလွန်ကျယ်ဝန်းလှတဲ့ကန်ကြီးဖြစ်ပြီး ကန်ပတ်ပတ်လည်မှာ ရွာတွေတည်ထားပါတယ်။

အနီးအပါးရွာတွေအားလုံးက ဝက်သည်းကန်ကြီးကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတာပါ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက်လဲ ကန်ရေနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်ကြသလို၊ ကန်ရေနဲ့ ငါးမွေးသူများလဲရှိပြီးတော့၊ ကန်ထဲမှာ အလေ့ကျကျက်စားနေတဲ့ ငါးတွေ၊ ငှက်တွေကို ဖမ်းယူပြီးအသက်မွေးတဲ့သူတွေလဲရှိပါတယ်။

ဒါပေမယ့် အဲဒီဒေသမှာ ဝက်သည်းကန်ကြီးနာမည်ကြီးလှသလို မီးသရဲကြီးလို့ ပြောလိုက်ရင်လဲ အဲဒီနားမှာနေထိုင်ကြတဲ့လူမှန်ရင် ကလေးအစ၊ သက်ကြီးရွယ်အို အထိ အားလုံးသိကြပါတယ်၊ အဲဒီလောက်ကို မီးသရဲကြီးက နာမည်ကြီးပါတယ်။ ကန်ကိုအမှီပြုပြီးလုပ်ကိုင်စားသောက်နေသူတွေအဖို့ကတော့ မီးသရဲကြီးကို ဘဝတစ်သက်တာမှာ အနည်းဆုံးတစ်ခါလောက်တော့ မြင်ဖူးကြပါတယ်။ ဒီတော့ မီးသရဲကြီးနဲ့ပက်သက်တဲ့ ပြောစရာအကြောင်းတွေ၊ အဖြစ်အပျက်တွေက အများကြီးရှိနေကြပါတယ်။

အခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ ဝက်သည်းကန်ကြီးက နာမည်ကြီးတဲ့နေရာဖြစ်ပြီး အဲဒီကန်ကြီးထဲမှာနေတဲ့ မီးသရဲကြီးက ဆယ်လီပေါ့ဗျာ။

(၂)

ကန်ကြီးအနားပတ်ပတ်လည်က ရွာတွေထဲမှာ ရှမ်းကုန်းရွာဆိုတဲ့ ရွာတစ်ရွာလဲရှိပါတယ်။ အဲဒီရွာမှာတော့ ကျော်ကြီးဆိုသူတစ်ယောက်နေထိုင်ပါတယ်။ ကျော်ကြီးက လူပျိုလူလွတ်တော့မဟုတ်ပါဘူး။ အေးခင်ဆိုတဲ့မိန်းမတစ်ယောက်ရှိပါတယ်။ ကျော်ကြီးက အတော်တော့အလုပ်ကြိုးစားပြီးလုပ်ကိုင်တဲ့လူဖြစ်ပါတယ်။ အမြဲတမ်းအလုပ်နဲ့လက်နဲ့ ပြတ်တယ်လို့ကိုမရှိပါဘူး။ ဒါပေမယ့် အိမ်ထောင်မကျခင်ကတော့ ကျော်ကြီးက အဲဒီလိုအကျင့်စရိုက်မဟုတ်ပါဘူး။ အမြဲမူးယစ်ပြီးတော့ ပေပေတေတေနေတတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ အေးခင်က သူတို့ရွာခံမဟုတ်ပါဘူး။ တစ်နယ်တစ်ကျေးကနေ စလင်းမှာ ဈေးလာရောင်းတဲ့သူပါ။ ဖြစ်ချင်တော့ အလှူတစ်ခုမှာ ကျော်ကြီးနဲ့တွေ့ပြီး ရှေးရေစက်ပါတယ်လို့ပဲဆိုရမလား ကျော်ကြီးနဲ့အိမ်ထောင်ကျသွားပါတယ်။ တစ်ရွာလုံးကတော့ အေးခင်ကို သနားနေကြတာပေါ့။ ကျော်ကြီးလို လူမိုက်တစ်ယောက်နဲ့ လက်ထပ်မိတဲ့ အေးခင်ကို အလွန်သနားကြတယ်။ ကျော်ကြီးကလဲ တစ်နေ့တစ်နေ့ အရက်သောက်လိုက်၊ ဟိုလူနဲ့ရန်ဖြစ်လိုက်၊ ဒီလူနဲ့ရန်ဖြစ်လိုက်နဲ့ နေတာကိုး။

ဒါပေမယ့် မအေးခင်ဘဲ အထိန်းအသိမ်းတော်တာလား၊ ကျော်ကြီးလဲ ကျွတ်ချိန်တန်သွားတာလားတော့မပြောတတ်ဘူး။ ကျော်ကြီး အိမ်ထောင်ကျပြီး တစ်လလောက်ကြာတော့ နည်းနည်းပြောင်းလဲလာတယ်။ အိမ်အလုပ်၊ ယာအလုပ်တွေ မလုပ်တဲ့ကျော်ကြီးတစ်ယောက် ယာထဲပြန်ဆင်းလာခဲ့တယ်။ အခုတော့ အိမ်ထောင်ကျတာတစ်နှစ်ကျော်ပါပြီ။ ကျော်ကြီးလဲ အရင်က ကျော်ကြီးနဲ့ပြောင်းပြန်ဖြစ်နေပြီ။ ယာအလုပ်တွေလုပ်လွန်းလို့ အိမ်ကလဲ ကျော်ကြီးတို့လင်မယားအတွက် ယာနှစ်ကွက်ပေးထားလိုက်တယ်။ လူကြီးတွေရော တစ်ရွာလုံးကတော့ မအေးခင်ကို ချီးကျူးကြတယ်။ ကျော်ကြီးက ယာထဲသွား၊ အိမ်ပြန်လာရင်လဲလက်က အအားမနေဘူး၊ အားနေရင် ဝါးနှီးလေးတွေခွဲတယ်၊ ဝါးနဲ့ဆန်ကောတွေ၊ တောင်းတွေထိုင်ပြီး ယက်နေတတ်တယ်။

မအေးခင်က ဈေးရောင်းတယ်ဆိုပေမယ့် ဘုရားတရားတော့ အတော်ကိုင်းရှိုင်းတဲ့သူ။ သူတို့ဒီရွာမှာ အခြေချတာ တစ်နှစ်ကျော်တော့မယ် ဒါပေမယ့် ရွာဦးကျောင်းကို ဆွမ်း၊ ဆွမ်းဟင်းပို့တာ တစ်ရက်မှ မပြတ်ဖူးဘူး။ နေမကောင်းဘူးဆိုရင်တောင်မှ မအေးခင်က ကိုကျော်ကြီးကို ခိုင်းပြီးတော့ ကြက်ဥကြော်လေး၊ ငါးကြော်လေး ကြော်ခိုင်းပြီးတော့ အမြဲလှူခိုင်းနေကျဖြစ်တယ်။

အခုတော့ ကိုကျော်ကြီးလဲ အရက်ပြတ်သလောက်ဖြစ်နေပါပြီ၊ တစ်ခါတစ်လေ သူငယ်ချင်းတွေဆုံမှ နည်းနည်းပါးပါး သောက်ဖြစ်တော့တာ။ ဒါပေမယ့် ကျော်ကြီးတို့ လင်မယားက အခုအချိန်အထိ ကလေးမရသေးဘူး၊ မအေးခင်နဲ့ညားပြီးတော့ ကျော်ကြီးတို့က ယာခင်းနဲ့နီးတဲ့ ရွာအစွန်မှာ လင်မယားနှစ်ယောက်တည်း အိမ်လေးဆောက်ပြီးနေကြတယ်၊ ကျော်ကြီးကတော့ ကူဖော်လောင်ဖက်ရအောင် သူ့ညီအငယ်ဆုံးတစ်ယောက်ခေါ်ထားတယ်၊ အဲဒီကောင်လေးက (၇)တန်း၊ အသက်က ဆယ့်နှစ်နှစ်လောက်ပေါ့။

တစ်ရက်တော့ ကျော်ကြီးက သူငယ်ချင်းသုံးယောက်နဲ့အတူ စကားတပြောပြောနဲ့ အိမ်ထဲဝင်လာတယ်။ ညနေကစောင်းနေပြီမို့ ယာသိမ်းပြီးပြန်လာတာပေါ့။

“အေးခင်ရေ၊ ရေနွေးကြမ်းနဲ့ ပဲလှော်လေးပြင်ပေးစမ်းကွာ၊ ဒီမှာ ဧည့်သည်တွေပါလာလို့”

မအေးခင်လဲ ကိုကျော်ကြီးခိုင်းတဲ့အတိုင်း ရေနွေးကြမ်းကိုဗန်းထဲထည့်ပြီး အိမ်ရှေ့ကိုထွက်လာပေးလိုက်တယ်။ သူကြည့်လိုက်တော့ ကိုကျော်ကြီးနဲ့ စကားပြောဆိုနေကြတဲ့သူတွေက ကိုကျော်ကြီးငယ်ငယ်တုန်းကတည်းက ပေါင်းလာခဲ့ကြတဲ့ ရွာခံလူမိုက်တွေ။

“အေးခင်၊ ဒီက ပေတိုးနဲ့ သာဂိကို မင်းသိတယ်မဟုတ်လား”

“သိပါတယ်ရှင်၊ သူတို့ကိုရွာထဲ မသိတဲ့လူမှမရှိတာ”

ထိုသူတွေအနားက အရက်နံ့တွေ တထောင်းထောင်းနဲ့ရနေသည်။ ကိုကျော်ကြီးကလဲ အာသွက်နေပုံထောက်တော့ နည်းနည်းတော့ သောက်လာပုံရသည်။

“အေး၊ ငါမင်းကိုတစ်ခုပြောမလို့ ဒီညလမိုက်ညကွ၊ ငါလဲ ဒီကောင်တွေနဲ့လိုက်သွားပြီး ငါးသွားထောင်လိုက်အုံးမယ်”

မကောင်းမှုများဖြစ်သဖြင့် မအေးခင်ကတော့ စိတ်ထဲသိပ်မကြိုက်ပေ။

“ဖြစ်ပါ့မလားရှင်၊ တော်ကြာ ညနက်အိပ်ရေးပျက်လို့ မနက်ဘက်အခင်းထဲမဆင်းနိုင်ဘဲဖြစ်နေပါအုံးမယ်”

“ယာခင်းက စိုက်မှမစိုက်ရသေးတာလေ အေးခင်ရဲ့၊ အခုမှ မြေပြင်တုန်းရှိသေးတာ၊ ကဲပါ ငါလိုက်သွားလိုက်မယ်”

“အိမ်မှာလဲ စားနိုင်သောက်နိုင်နေတာပဲရှင်၊ ငါးသွားထောင်အုံးမလို့လား၊ ရှင်စားချင်ရင် နောက်နေ့ကျွန်မဝယ်ပြီးချက်ကျွေးမယ်လေ”

“အေးခင်ရယ်၊ တစ်ခါလောက်တော့ ခွင့်ပြုပါဟ၊ ငါ ငါးထောင်ရတာ ဝါသနာပါတာကို မင်းလဲသိရဲ့သားနဲ့”

ကိုကျော်ကြီးက အရင်ကတည်းက အရက်ကလေးသောက်လိုက်၊ လှေကလေးတစ်စီးနှင့် ငါးလိုက်ထောင်လိုက်နှင့် အရသာခံမြဲဖြစ်သည်။ အခုအရက်မသောက်တော့ပေမယ့် ငါးတော့ တစ်ခါတစ်ရံလိုက်ထောင်တတ်သည်ဖြစ်ရာ မအေးခင်လဲ ကိုကျော်ကြီးကို တစ်ခါတစ်လေမို့ ခွင့်ပြုလိုက်သည်။

“ဒါဆိုလဲ ဂရုစိုက်သွားနော်၊ လမိုက်ညဆိုတော့ မြွေတွေကင်းတွေ ကြောက်ရတယ်မဟုတ်လား”

“စိတ်ချစမ်းပါအေးခင်ရာ၊ စာဆိုတောင်ရှိသေးတယ် မုဆိုးလသာ၊ တံငါလမိုက်တဲ့၊ ဒီလိုညမျိုးမှ ငါးတွေပိုမြူးတာဟ”

မအေးခင်လဲ ဆက်မပြောချင်သဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဆို ငါတို့သွားတော့မယ်ကွာ”

ကိုကျော်ကြီးတို့သုံးယောက် ငါးဖမ်းသည့်ကိရိယာတွေကိုယူပြီးအိမ်ပေါ်မှဆင်းရန်ပြင်ကြသည်။

“ထမင်းမစားသွားတော့ဘူး”

“တော်ပါပြီကွာ၊ မစားတော့ပါဘူး”

“ထမင်းမစားလို့ဘယ်ဖြစ်မလဲ တစ်ညလုံးနေမှာကို၊ နောက်ပြီးရှင်တို့တစ်တွေ အရက်သောက်ဘာသောက်နဲ့ဆိုတော့ အစာလေးရှိမှ အဆင်ပြေမှာ၊ အခုက ဟင်းတော့မကျက်သေးဘူး”

“ဒါဖြင့်ရင် ထမင်းကျက် ဟင်းကျက်တော့ မောင်ထွန်းကို လာပို့ခိုင်းလိုက်ပေါ့ကွာ၊ ဒီကောင်လေးလဲ ဝါသနာပါရင် ငါတို့နဲ့အတူတူ ငါးထောင်လိုက်ပေါ့”

ကိုကျော်ကြီးစကားကို မအေးခင်က ခေါင်းညိတ်လိုက်သည်။ ကိုကျော်ကြီးတို့လဲ ငါးဖမ်းကိရိယာများကိုယူပြီးတော့ ကန်စပ်သို့ဆင်းခဲ့သည်။

(၃)

ဆောင်းဦးမို့ ကန်စပ်မှာ မြက်တွေက တောထနေသည်။ ကြာပင်တစ်ချို့ကလဲ ဖူးပွင့်နေကြသည်။ ကိုကျော်ကြီးတို့က ရွာထိပ်ခွက်ပုန်းဆိုင်မှ အရက်သုံးပုလင်းနှင့် ရေဘူး၊ အမြည်းအဖြစ် ကြက်သားကင်တစ်ချို့ကိုယူပြီးတော့မှ လှေတစ်စီးနှင့် ကန်ထဲဆင်းခဲ့သည်။ သူတို့ကန်ထဲဆင်းတော့ နေဝင်သွားပြီဖြစ်သည်။

ငါးထောင်တယ်ဆိုတာကတော့ ဝါးနဲ့ပြုလုပ်ထားတဲ့ မြှုံးကလေးတွေနဲ့ ငါးလာနိုင်မယ့်နေရာတွေ၊ ငါးခိုအောင်းနိုင်တဲ့နေရာတွေမှာ လိုက်ပြီးထောင်ရတာဖြစ်တယ်။ ငါးထောင်ဖို့ မြှုံးထဲကို ငါးအစာဖြစ် ဖွဲနုလေးတွေကို လုံးပြီးတော့ ထည့်လိုက်ကြတယ်။ သူတို့လှေမှာ မြှုံး ငါးဆယ်လောက်ပါတယ်။ ကိုကျော်ကြီးအချိန်အားတိုင်း ယက်လုပ်ထားတဲ့ ငါးထောင်မြှုံးတွေဖြစ်တယ်။ ကိုကျော်ကြီးက လှေလှော်လိုက်၊ ငါးလာတတ်တဲ့ မြက်တောစပ်တွေမှာ မြှုံးတွေထောင်လိုက်နဲ့အလုပ်များနေတယ်။ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်ကတော့ ငါးထောင်ဖို့ထက် အသောက်ကိုဦးစားပေးပြီး လှေပေါ် ပါလာကြတယ်။

“သောက်ပါကွ၊ မင်းကလဲ၊ ဘာလဲ မင်းမိန်းမဆူမှာကြောက်နေတာလား”

“အေးပါ၊ ငါသောက်မှာပါ၊ ငါတို့ငါးတွေထောင်ပြီးရင်တော့ ထန်းပင်ကုန်းမှာ နားကြမယ်ကွာ”

ထန်းပင်ကုန်းဆိုတာကတော့ ကြီးမားကျယ်ပြန့်လှတဲ့ ဝက်သည်းကန်ကြီးအတွင်းမှာ ကျွန်းကလေးတွေဖြစ်နေတတ်တယ်၊ အဲဒီကျွန်းကလေးတွေထဲမှာ ထန်းပင်လေးပင်ပေါက်နေတဲ့ ကုန်းကို သူတို့က ထန်းပင်ကုန်းလို့ခေါ်ကြတယ်။

ထန်းပင်ကုန်းပေါ်တက်လိုက်တော့ မြက်တောကြီးကိုဖြတ်သွားရတယ်၊ ဒါပေမယ့် ထန်းပင်တွေရဲ့အောက်ခြေနားမှာတော့ မြေကပြန့်ပြီးတော့ သန့်ရှင်းနေတယ်။ ဘာလို့လဲဆိုတော့ ဒီကန်ကြီးအတွင်းမှာ အသက်မွေးလုပ်ကိုင်ကြတဲ့သူတွေက နားနေတတ်တဲ့အတွက် ရှင်းလင်းထားတာဖြစ်တယ်။

မြေပြောင်ပြောင်ကလေးမှာ ထန်းလက်ခြောက်တွေစုပြီးတော့ မီးပုံလေးဖိုလိုက်တယ်။ လမိုက်ညက ပိန်းပိတ်အောင်မှောင်နေတယ်၊ ကောင်းကင်မှာလမရှိတော့ ကြယ်ရောင်လေးတွေနဲ့လင်းနေတယ်။ ကျယ်ပြောလှတဲ့ ကန်ရေပြင်ကြီးကိုကြည့်ပြီးတော့ သူတို့တစ်တွေ သောက်စားနေကြတယ်။ ပါလာတဲ့ ကြက်ကင်တွေကို ကင်စားပြီးတော့ အရက်သုံးလုံးကိုလဲ ရေနဲ့ရောပြီး သောက်ကြတယ်။ ကိုကျော်ကြီးကတော့ သိပ်မသောက်ဘူးဆိုပေမယ့် ပါလာတဲ့ ပေတိုးနဲ့ သာဂိတို့က အရက်ဆိုအရမ်းသောက်တဲ့ လူတွေဖြစ်တော့ အရက်တွေကို သူတို့နှစ်ယောက်သာ လုပြီးသောက်နေကြရတယ်။
ကိုကျော်ကြီးကတော့ မောင်ထွန်းလာမလားဆိုပြီး မျှော်နေမိတယ်။

“အင်း ဒီကောင်လေး လာသင့်တာကြာပြီ၊ အခုထိတောင်မလာသေးဘူး”

နာရီမပါတော့ အချိန်ကိုအတိအကျတော့မသိ၊ ဒါပေမယ့် အိမ်ကထွက်တဲ့အချိန်ရယ် မြှုံးလိုက်ထောင်တဲ့အချိန်ရယ်ပေါင်းလိုက်ရင်တော့ ညကိုးနာရီလောက်ထိုးနေလောက်ပြီလို့ ကိုကျော်ကြီးခန့်မှန်းလိုက်တယ်။

“ဗိုက်ဆာလိုက်တာကွာ၊ ပါလာတဲ့ကြက်သားကင်လဲ ငါတို့ဗိုက်ဆာဆာနဲ့စားလိုက်တာကုန်ပြီ၊ ဟေ့ကော်ကျော်ကြီး မင်းမိန်းမက မင်းကိုမကြည်လို့ ထမင်းမပို့ပေးတာဖြစ်မယ်ကွ”

“အဲဒီလိုလဲမဟုတ်ပါဘူးကွာ၊ ညည့်အရမ်းနက်သွားတော့ ကန်ကြီးထဲကို မောင်ထွန်းမလာရဲတာဖြစ်မှာပေါ့”

“ဖြည့်တွေးမနေနဲ့ဟေ့ကောင်၊ မင်းမိန်းမကြောက်တတ်တာ ငါတို့သိတယ်”

အဲဒီလိုပြောဆိုပြီးတော့ သာဂိနဲ့ ပေတိုးတို့က ရယ်မောနေကြတယ်။ အရက်တွေလဲ ကုန်သလောက်ဖြစ်နေပြီမို့ သူတို့တွေ ရေချိန်အတော်ကိုက်နေကြပြီ။

ဗိုက်ကလဲ အတော်ဆာလှပြီ၊ စားစရာကလဲ ဘာမှမရှိတော့တာမို့ ကိုကျော်ကြီးက ထန်းပင်ကိုမှီပြီးအိပ်ဖို့ပြင်လိုက်တယ်။ အရင်က ဆိုးဖော် ဆိုးဖက် မိုက်ဖော် မိုက်ဖက် သူငယ်ချင်းတွေဆိုပေမယ့်လည်း အခုတော့ စရိုက်တွေ မတူကြလို့လားမသိ၊ ကိုကျော်ကြီး သိပ်ပြီးမပျော်တော့ဘူး။ ဒါနဲ့ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။ မနက်သုံးနာရီလောက်ထပြီးတော့ ထောင်ထားတဲ့ ငါးမြှုံးတွေကိုသွားပြန်ဖော်ရမယ်။ မနက်အာရုဏ်တက်လောက် ရွာကိုပြန်ကြမယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။

“ဟေ့ကျော်ကြီး စားစရာလေးဘာလေးမရှိတော့ဘူးလားကွ”

“မရှိဘူးဟ၊ ငါလဲဗိုက်ဆာနေတာပဲ၊ အဲ တစ်ခုတော့ရှိတယ်၊ ငါတို့ခုနက ထောင်ထားတဲ့ မြှုံးထဲမှာ ငါးတွေမိရင်မိနေမှာ၊ မင်းတို့စားချင်ရင် သွားကြည့်ကြပါလား”

ကိုကျော်ကြီးပြောစကားကို သာဂိက ထောက်ခံလိုက်ပြီး ထထွက်သွားသည်။

“အေး၊ အဲဒါကောင်းတယ် ငါသွားဖြုတ်လိုက်မယ်”

သူတို့အားလုံးက မွေးကတည်းက ငါးထောင်စားလာတဲ့သူတွေ၊ ငါးထောင်ဝါသနာရှင်တွေမို့လို့ အထွေအထူးသင်စရာမလိုတော့ပေ။ သူတို့လှေကလေးနှင့် သာဂိက လှော်ထွက်သွားတယ်။ ကိုကျော်ကြီးလဲ မျက်စိမှိတ်လိုက်သည့်အခါ တစ်ရေးအိပ်ပျော်သွားတော့သည်။

နှာခေါင်းထဲမှာ မွှေးနံ့တစ်ခုရနေတယ်၊ အဲဒီအနံ့ကို အိပ်နေတဲ့ကိုကျော်ကြီးတောင်မှ အနံ့ရသွားတယ်။ အနံ့ကတော့ ငါးကင်နေတဲ့အနံ့။ ဒါနဲ့ ဗိုက်ဆာဆာနဲ့ ထထိုင်လိုက်တယ်။ အဲဒီအချိန်မှာ ပေတိုးနဲ့ သာဂိတို့က သီချင်းတွေအော်ဆိုနေကြတယ်။ ဂီတာမပါ တူရိယာမပါနဲ့၊ နောက်ပြီး မူးမူးရူးရူးနဲ့ဆိုနေကြတာမို့လို့ နားထောင်ရအလွန်ဆိုးနေတယ်။

“ဟေ့ ဘာတွေကင်နေတာလဲဟ၊ ငါးရတာလား”

ကိုကျော်ကြီးမီးပုံနားကို တိုးကြည့်လိုက်တော့ မီးပုံနံဘေးမှာ ငါးလေးကောင်ကို တံစို့ထိုးပြီး မြေမှာထိုးစိုက်ထားတာကို တွေ့လိုက်ရတယ်။ ငါးတွေက ငါးရံ့ခေါင်းတိုတွေဖြစ်ပြီးတော့ အကောင်တွေက တစ်ကောင်တစ်ကောင်ကို တစ်တောင်လောက်ရှိတာမို့ အကောင်ကြီးပြီး အသားတွေက ဆူဖြိုးနေတယ်။

(၄)

“နိပ်တာပဲဟ၊ အကျက်တော့လိုသေးတယ်ကွ”

“ဟေ့ကောင်တွေ ဟိုမှာကြည့်စမ်း၊ မီးလုံးလေးတစ်လုံးပါလား”

“အေးကွ၊ ငါတို့လို ငါးထောင်တဲ့သူတွေဖြစ်မှာပေါ့ကွာ”

သာဂိပြောစကားကြောင့် ကိုကျော်ကြီးလဲ စိတ်ချသွားပြီး ငါးကိုဆက်ကင်နေမိတယ်။ အဲဒီမီးလုံးလေးက တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ ကြီးလာတယ်။

“ဟေ့၊ တို့ဆီလာနေတာလားမသိဘူးကွာ၊ တဖြည်းဖြည်းနီးလာသလိုပဲ”

“အရေးလုပ်မနေပါနဲ့ကွာ၊ မီးပုံမြင်လို့ လာတာဖြစ်မယ်ကွ၊ အသိဆိုရင်တော့ အရက်ကလေးဘာလေးတောင်းသောက်ရမှာပဲ၊ ငါးကင်လဲရှိတာဆိုတော့ အတော်ပေါ့”

ပေတိုးကပြောရင်း အရက်ပုလင်းထဲက အရက်တွေကို အကုန်မော့သောက်ချလိုက်တော့တယ်။ သူတို့ကြည့်နေရင်း မီးလုံးကလေးက တဖြည်းဖြည်းနီးလာတာ့ လှေတစ်စင်းဖြစ်ကြောင်းသိလိုက်ရတယ်။ မကြာခင် လှေက သူတို့ထန်းပင်ကုန်းကို ကမ်းကပ်လာတယ်။ နောက်တော့ လှေပေါ်ကနေလူတစ်ယောက်ဆင်းလာတယ်။ အနားရောက်တော့မှ မောင်ထွန်းဖြစ်နေတယ်။

“ဟာ မောင်ထွန်း၊ မင်းကွာ လာတာနောက်ကျလိုက်တာ၊ မင်းမရီးက ထမင်းပို့ခိုင်းလိုက်တာလား”

ကိုကျော်ကြီးမေးလိုက်သော်လည်း မောင်ထွန်းက ကြောင်စီစီနဲ့ဖြစ်နေတယ်။ သူတို့ကိုပြုးပြီးတော့ ကြည့်နေတယ်။

“တွေ့လားကျော်ကြီး၊ မင်းက ငါတို့ပြောတာကို မယုံဘူးလား မင်းမိန်းမက မင်းအတွက် ဘာမှမပို့ခိုင်းဘူးမဟုတ်လား”

“အေးကွာ၊ ဒါဆိုလဲ လာထိုင်”

ကိုကျော်ကြီးလဲ မောင်ထွန်းကိုခေါ်လိုက်သည်။ မောင်ထွန်းက မီးပုံနားဝင်ထိုင်လိုက်ပြီးတော့ ငါးကင်တွေကိုကြည့်နေတယ်။

“ငါး . . ငါး . .စား . .စားချင်တယ်”

“မင်းစားချင်လို့လား၊ စားချင်တစ်ကောင်ယူစားလေ”

ကိုကျော်ကြီးပြောလိုက်တော့ မောင်ထွန်းက ငါးကင်တစ်ကောင်ယူလိုက်တယ်။ အကြေးမထိုးဘာမထိုးနဲ့အကောင်လိုက်ကင်ထားတဲ့ငါးကင်က တစ်ခြမ်းက မကျက်သေးတဲ့အပြင် အလွန်ပူတာကြောင့် ကိုကျော်ကြီးတို့ မစားနိုင်သေးဘူး၊ ဒီအချိန်မှာပဲ မောင်ထွန်းကတော့ ငါးတစ်ကောင်လုံးကို အားရပါးရကိုက်ဝါးနေတယ်။ ငါးကင်က ပူလွန်းလို့သူ့ပါးစပ်ထဲကနေတောင် အငွေ့တွေ တထောင်းထောင်းနဲ့ထွက်နေတာကိုကြည့်ပြီး ကိုကျော်ကြီးတို့ သုံးယောက်စလုံး အံ့ဩနေတာပေါ့။

တစ်မိနစ်တောင်မကြာလိုက်ဘူးထင်တယ်၊ ငါးကင်က ကုန်သွားတယ်။ နောက်ဆုံးကျန်နေတဲ့ ငါးခေါင်းကြီးကို တစ်ခေါင်းလုံးပါးစပ်ထဲပစ်ထည့်ပြီးတော့ ဂလုခနဲ မြိုချလိုက်တယ်။

“ဟေ့ကောင်လေး စားတာမြန်လိုက်တာကွာ၊ မင်းဘယ်လိုများစားလိုက်သလဲ”

ကိုသာဂိက ပြောလိုက်သည့်အခါ

“ဗိုက်ဆာတယ်၊ စားချင်တယ်”

“ဟေ့ကောင်ကျော်ကြီး၊ မင်းမိန်းမက မင်းကိုစိတ်ဆိုးလို့ မင်းညီကိုတောင်မှ ညစာထမင်းမကျွေးလိုက်ဘူးထင်တယ်”

ပေတိုးကပြောပြီးတော့ ငါးရံ့ကင်နောက်တစ်ကောင်ကိုထပ်ပေးလိုက်တယ်။ ဒီတစ်ခါလဲ မောင်ထွန်းက လျှင်မြန်စွာဝါးစားလိုက်တယ်။ ကိုကျော်ကြီးအလွန်အံ့ဩနေမိတယ်။

“ဟကောင်လေး၊ ငါတို့လူသုံးယောက်ကို ငါးနှစ်ကောင်ပဲရှိတော့တယ်ကွ၊ ဘယ်လိုလုပ်မလဲ”

အမူးလွန်နေတဲ့ ပေတိုးက သတိမထားမိပေမယ့် သာဂိနဲ့ကျော်ကြီးတို့က တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ သာဂိက ငါးကင်ကို မောင်ထွန်းကိုပေးလိုက်ပြီးတော့ ကျော်ကြီးအနားကိုကပ်လာတယ်။

“ဟေ့ကောင်၊ မင်းညီကြည့်ရတာ မူမှန်ဘူးကွ”

“အေး၊ ငါလဲ အဲဒါပြောမလို့ကွ၊ ဒီကောင်စားတာ မြန်လွန်းတယ်၊ နောက်ပြီး ဒီကောင့်မျက်လုံးကိုကြည့်စမ်း၊ မျက်လုံးကြီးက နီရဲနေတာပဲ”

သူတို့နှစ်ယောက်တိုင်ပင်နေသည့်အချိန်မှာပင် မောင်ထွန်းငါးကင်က အရိုးပင်မကျန်အောင်ကုန်သွားပြီဖြစ်သည်။ ထိုအခါ မောင်ထွန်းက ပေတိုးကိုလှမ်းကြည့်နေသည်။ ပေတိုးက ငါးကင်ကို ကိုင်ထားပြီးတော့ ပူလွန်းသဖြင့် တဖူးဖူးမှုတ်နေသည်။ ထို့နောက် ငါးအကြွေးခွံတွေကို လက်တွေနှင့်ဖယ်ထုတ်နေသည်။ ထိုအချိန်မှာပင် မောင်ထွန်းက ဆောင့်ကြောင့်ကောက်ထိုင်လိုက်ပြီး ဘာမပြောညာမပြောနှင့် ပေတိုးကို ထခုန်အုပ်တော့သည်။

ထို့နောက်ပေတိုးလက်ထဲမှ ငါးကင်ကို လုယူသွားပြီးတော့ ထန်းပင်များအနားသို့ ပြေးသွားတော့သည်။ ထိုနေရာက မှောင်နေသဖြင့် အမှေုာင်ထုထဲဝင်ပြေးသွားခြင်းဖြစ်သည်။ ပေတိုးလဲ လန့်ပြီး ကုန်းထလိုက်ပြီးနောက်

“ဟကောင်၊ မင်းညီက ဘာဖြစ်တာလဲ”

“အဲဒါ ငါ့ညီမဟုတ်ဘူးကွ၊ သရဲတစ်ကောင်ကောင် ငါ့ညီယောင်ဆောင်လာတာဖြစ်မယ်”

သူတို့လဲ ကြောက်လန့်သွားကြသည်။ ထိုအချိန်မှာပင် သူတို့နှင့်မလှမ်းမကမ်းတွင် မီးလုံးကြီးတစ်လုံးကိုမြင်လိုက်ရသည်။ ထိုမီးလုံးကြီဆီမှာ အလျှံတညီးညီးနှင့် မီးတောက်မီးလျှံတွေက တဖွားဖွားနှင့် လောင်ကျွမ်းနေသည်။

သူတို့သုံးယောက် မသိစိတ်ကြောင့် တစ်ယောက်ကိုတစ်ယောက်ဖက်လိုက်မိသည်။ သူတို့အားလုံး ဒီမီးလုံးကြီးကိုမြင်တော့ သိလိုက်ပြီဖြစ်သည်။

“မီး . . . မီးသရဲကြီးလာနေပြီကွ”

မီးသရဲကြီးက အလွန်နက်သည့် ရေကန်ကြီးအတွင်း ဖြတ်ပြီးလမ်းလျှောက်လာခြင်းဖြစ်သည်။ ဝက်သည်းကန်ကြီးက ရေအနက် ၁၂ တောင်ရှိသည်။ သို့သော် မီးသရဲကြီးက ဒီအတိုင်းလမ်းလျှောက်ပြီးဖြတ်ကူးလာခြင်းဖြစ်သည်။

သူတို့နားရောက်လာတော့ မီးပုံအလင်းကြောင့် အားလုံးကိုထင်ထင်ရှားရှားမြင်လိုက်ရသည်။ မီးသရဲကြီးက ရေထဲမှတက်ပြီးနောက် ထန်းပင်ကုန်းပေါ်သို့ ခြေလှမ်းလိုက်သည်။ အရပ်ကြီးက ထန်းပင်လောက်ရှိပြီး ခေါင်းကြီးတစ်ခေါင်းလုံးက မီးတောက်မီးလျှံကြီးတွေတောက်လောင်နေသည်။ ထိုမီးသရဲကြီးရဲ့ မီးအလင်းရောင်ကြောင့် ပတ်ဝန်းကျင်မှာလဲလင်းထိန်နေသည်။ မီးလုံးကြီးထဲကို သေသေချာချာကြည့်လိုက်ရင် မျက်လုံးနှစ်လုံးနှင့်ပါးစပ်ပြဲကြီးကို မြင်တွေ့နိုင်သည်။ သူတို့လဲ ထန်းပင်လောက်မြင့်သည့် မီးသရဲကြီးကို မော့ကြည့်နေကြသည်။

“ဝါး . . . ဝရူး”

မီးသရဲကြီး၏ အော်သံက ဆူညံစွာထွက်ပေါ်လာသည်။ အသံကြီးက ကျယ်လွန်းသဖြင့် နားစည်ကွဲမတတ်ဖြစ်ရာ သူတို့တစ်တွေအကုန် နားတွေကို လက်နှင့်ပိတ်ထားကြရသည်။

(၅)

ထိုအခါ ထန်းပင်များကြားမှ မောင်ထွန်းကပြေးထွက်လာသည်။ ထို့နောက် မောင်ထွန်းမှာ လက်တွေခြေတွေ တဖြည်းဖြည်းရှည်ထွက်လာသည်။ အရပ်ကြီးကလဲ ရှည်ပြီးမြင့်တက်သွားသည်။ နောက်ဆုံးသူ့အရပ်လဲ ထန်းပင်ကြီးလောက်ဖြစ်သွားပြီး တစ်ကိုယ်လုံးလဲ ဖြူဖြူကြီးနှင့်ဖြစ်နေသည်။ ကြည့်နေသည့် သူတို့သုံးယောက် ပါးစပ်တွေပင် မပိတ်နိုင်တော့ပေ။

“ဟေ့ကောင်တွေ၊ အဲဒါ ဘာကောင်ကြီးလဲဟ”

“သဘက်၊ သဘက်ကြီးဟ၊ ငါတို့တွေ ငယ်ငယ်က ဒီကန်ကြီးထဲမှ သဘက်ကြီးရှိတယ်ဆိုပြီး ကြားဖူးကြတယ်လေ”

သူတို့ပြောတာမဆုံးခင်မှာပဲ မီးသရဲကြီးက သူ့ရဲ့ရှည်လျားတဲ့ လက်တံကြီးနဲ့ သဘက်ကြီးကို ရိုက်ထည့်လိုက်တော့တယ်။ သဘက်ကြီးလဲ ဖြောင်းခနဲအသံကြီးမြည်ပြီးတော့ အနောက်ကိုယိုင်သွားပြီး ထန်းပင်ကြီးတွေနဲ့သွားတိုက်မိတယ်။ ထန်းပင်ကြီးတွေက ထန်းလက်တွေက ကျိုးကျေပြီးတော့ ပြုတ်ကျလာတယ်။

“ဟေ့ကောင်တွေ ပြေးကြရအောင်၊ ငါတို့ခေါင်းပေါ်ပြုတ်ကျရင် သေနေအုံးမယ်”

တိုင်ပင်စရာမလိုဘဲ သုံးယောက်စလုံး လှေဆီသို့ တစ်ဟုန်ထိုးပြေးခဲ့ကြသည်။ ကုန်းပေါ်တွင်တော့ မီးသရဲကြီးနှင့် သဘက်ကြီးတို့ တစ်ကောင်နှင့်တစ်ကောင် ထိုးကြိတ်လျှက်ရှိကြသည်။ ထန်းပင်ကြီးတွေမှာလဲ တအုံးအုံးနှင့်မြည်နေပြီး ထန်းလက်တွေ ထန်းဖူးတွေ ပဲ့ကျကုန်တော့သည်။

လှေဆီရောက်အောင်ပြေးနေရသည့်ခရီးက အလွန်ဝေးကွာသည့် ခရီးတစ်ခုကိုပြေးနေရသည့် မာရသွန်အပြေးသမားတစ်ယောက်လိုဖြစ်နေသည်။ အလွန်မောပန်းနေပြီးတော့ ဒူးတွေတုန်နေသဖြင့် မနည်းထိမ်းပြီး ပြေးနေရသည်။ နောက်ဆုံးလှေပေါ်ရောက်တော့ သူငယ်ချင်းသုံးယောက် တက်တွေကိုင်လိုက်ပြီး အားစိုက်လှော်ခတ်ကြသည်။

သဘက်ကြီးနဲ့မီးသရဲကြီးတို့ တိုက်ခိုက်သည့်ပွဲက အတော်ပင်ကြမ်းလှသည်။ မီးသရဲကြီးကို သဘက်ကြီးက လက်သီးနှင့်ထိုးလိုက်သည့်အခါတိုင်း တရှဲရှဲနှင့် မီးကိုရေနှင့်လောင်းသလို အသံကြီးများထွက်ကာ မီးပွားတွေ အောက်ကိုမိုးရွာသလို ရွာကျသည်။

ကျော်ကြီးက တက်မတစ်ချောင်းကိုင်ထားပြီး၊ ပေတိုးကလဲ တက်မတစ်ချောင်းကိုင်ထားသည်။ သာဂိကတော့ တက်အတိုလေးတစ်ချောင်းကိုင်ထားပြီးတော့ ရှိသမျှအားအကုန်ထည့်ကာ အားကုန်လှော်ခတ်နေကြသော်လည်း လှေကအရှေ့ကိုလုံးဝမရွေ့ချေ။

“လှော်ကြဟ၊ လှေကမရွေ့ဘူးကွ”

သာဂိအော်တော့မှ ကိုကျော်ကြီးလဲ လှေကိုပြန်ကြည့်မိသည်။ သူတို့လှေသာလှော်နေကြသည်။ လှေကြိုးကိုမဖြုတ်မိကြပေ။

“ငါလခွမ်း၊ လှေကြိုးမှ မဖြုတ်ကြတာဟ”

ကိုကျော်ကြီးက လှေမှာချည်ထားတဲ့ ကြိုးစကိုဖြုတ်ချလိုက်တော့မှ သူတို့လှေကာ အရှိန်နှင့်ထွက်သွားတော့သည်။ သူတို့လက်တွေ စက်တပ်ထားသလို အမြန်လှော်နေသည်မို့ သိပ်မကြာခင်မှာပဲ ခပ်လှမ်းလှမ်းသို့ရောက်သွားကြသည်။ စိတ်ချရသည့်နေရာရောက်တော့မှ သူတို့အားလုံးမောပန်း ပင်ပန်းနေကြမှန်းသိလိုက်ရသည်။ ထိုနေရာမှလှမ်းကြည့်လျှင် ထန်းပင်ကုန်းကို ခပ်ရေးရေးလှမ်းမြင်ရသေးသည်။
မီးတွေတလက်လက်နှင့် မီးပွားတွေ တရှဲရှဲဖြစ်နေသည်မို့ မီးသရဲနှင့် သဘက်ကြီးတိုက်ပွဲပြင်းထန်နေသေးကြောင်း သိနိုင်သည်။

“လာဟေ့၊ ရပ်ကြည့်မနေကြနဲ့၊ တော်ကြာ ငါတို့ဘက်ကို လှည့်လာအုံးမယ်”

သူတို့လဲ ခဏနားပြီးတော့ ရွာကိုအမြန်လှော်ခတ်လာကြသည်။ ရွာရောက်တော့ ညသန်းခေါင်လောက်ပင်ရှိအုံးမည်။ အိမ်တံခါးကို ခပ်ပြင်းပြင်းထုလိုက်တော့ မောင်ထွန်းက တံခါးလာဖွင့်သည်။ မောင်ထွန်းရုပ်ကိုမြင်လိုက်ရတော့မှ ကျော်ကြီးလဲ ခွေကျသွားကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

“မင်းတို့ တစ်ခုခုတော့ မှားလာပုံရတယ်”

ကြောက်ဖျားဖျားနေသည့် ကျော်ကြီးကို ရွာမှဆေးဆရာကြီးနှင့်ပင် ကုသရသည်။ ဆေးဆရာကြီးက အတွေ့အကြုံရင့်သူမို့ သူတို့တစ်ခုခုအမှားလုပ်ခဲ့မှန်း ရိပ်စားမိသည်။ အားလုံးနေပြန်ကောင်းသွားတော့မှ အကြောင်းစုံကိုသိရသည်။

“ကျွန်တော်က ဗိုက်ဆာလို့ မြှုံးထဲမှာ ငါးမိမလားဆိုပြီးသွားကြည့်ပါတယ်၊ ငါးက တစ်ကောင်မှမမိပါဘူး၊ ဒါနဲ့ စိတ်ပျက်ပျက်နဲ့ပြန်လာလိုက်တာ၊ မန်ကျည်းပင်ငုတ်တိုကြီးပေါ်မှာ ငါးရံ့ကြီးလေးကောင်တင်ထားတာမြင်လို့ ထူးဆန်းသွားတယ်၊ အဲဒါနဲ့ အဲဒီငါးရံ့တွေကို ယူပြီးတော့ ကင်စားလိုက်တာ”

သာဂိက သူ့အဖြစ်ကိုဆိုသည်။

“ကျွန်တော်လဲ ဒီငါးတွေက တံငါတစ်ယောက်ယောက်က မေ့ကျန်ခဲ့တဲ့ငါးတွေဖြစ်မယ်လို့ တွေးမိတာရယ်၊ ဗိုက်ဆာနေတာရယ်ကြောင့် လုပ်မိလုပ်ရာလုပ်ခဲ့မိတာပါ”

ရပ်ရွာလူကြီးတွေက တစ်ယောက်တစ်ပေါက်နှင့် သုံးသပ်နေကြသည်။ ဆေးဆရာကြီးက

“ငါ့အမြင်ပြောရရင် အဲဒီငါးတွေက မီးသရဲကြီးဖမ်းထားတဲ့ငါးတွေလား၊ ဒါမှမဟုတ်၊ မီးသရဲကြီးအတွက် တစ်ယောက်ယောက်က ပေးထားတဲ့ငါးဖြစ်မှာကွ၊ မင်းတို့ ငါးကင်နံ့ကမွှေးတော့ သဘက်ကြီးက လူယောင်ဆောင်ပြီးတော့ ငါးကင်လာလုစားတာဖြစ်မယ်၊ ဒါကို မီးသရဲကြီးသိသွားတော့ သူ့ငါးတွေစားပစ်တယ်ဆိုပြီးတော့ ဒေါသတကြီးနဲ့ သဘက်ကြီးကို လာတိုက်ခိုက်တာဖြစ်မယ်ကွ”

ဆေးဆရာကြီး သုံးသပ်ချက်ကို အားလုံးက လက်ခံကြသည်။ နောက်တော့ ရွာကလူတွေ ထန်းပင်ကုန်းဘက်ကို သွားကြည့်ကြသည်။ ကျော်ကြီးတို့ပြောသလို မီးပုံကလေးတွေ့ရပြီးတော့ ထန်းရွက်တွေ၊ ထန်းလက်တွေကလဲ သစ်ပင်ပေါ်မှပြုတ်ကျပြီး ပြန့်ကျဲနေကြသည်။ ထန်းပင်ကြီးတစ်ပင်ကတော့ ထက်ဝက်လောက်မှ ပြတ်ကာ အောက်သို့ပြုတ်ကျနေသည်ကိုတွေ့ရသည်။ အနားတစ်ဝိုက်လဲ မီးလောင်ထားသည့် အရာများကိုတွေ့ရသဖြင့် အားလုံးက အံ့ဩမိကြသည်။

“တော်သေးတာပေါ့ကွာ၊ မင်းတို့ အဲဒီငါးတွေမစားမိလို့၊ စားများစားမိလို့ကတော့ မင်းတို့ကိုပြန်သတ်စားမလားပဲ”

ထိုနောက်ပိုင်း ကျော်ကြီးတစ်ယောက် ငါးထောင်သည့်အလုပ်ကို ရာသက်ပန်စွန့်လွှတ်လိုက်သည်။ ကန်ကြီးဘက်ကိုလဲ ခြေဦးပင်မလှည့်တော့ပေ၊ သူတို့အဖြစ်အပျက် ဖြစ်ပျက်ခဲ့သည့် ထန်းပင်ကုန်းကလေးမှာ ယနေ့တိုင်တည်ရှိနေသည်။ ထိုထန်းပင်ကုန်းကလေးရှိ ထန်းပင်တစ်ပင်က ထက်ပိုင်းပြတ်နေသည့် ငုတ်တိုကြီးကို တွေ့ရှိနိုင်ကြဦးမည်ဖြစ်ပါတော့သည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
အဂ္ဂဇော်