ပွေးထိုးသမား

ပြန်သည်။ ငတာကလည်း သူ့ဇလုံထဲ၌ မိဂျမ်း ထည့်လာသော ထမင်းကို မထား။ မိဂျမ်း ဇလုံထဲ ပြန်ပို့ပြန်သည်။

“စားပါဟာ နင် ဒီလိုလုပ်တော့ ငါ ဘယ်လို မျိုးကျပါ့မလဲ၊ ဘယ်လို ဖြစ်တာလဲ”

ငတောက သူ စ,စားမှ မိဂျမ်းစားတော့မည် သိ၍ ထမင်း တစ်လုတ်ကို ခွံ့ရင်း မေးသည်။

ထမင်းဆို၍ ဆန်ဖြူထမင်း မဟုတ်။ သုံးလွန်တင် ထမင်း။

သုံးလွန်းတင် ထမင်းမှာ မောင်းနှင့်လောင်း ချွတ်ထားသော ပြောင်းဆန် ပါသည်။ ရိုးရိုးဆန် ပါသည်။ ပဲ ပါသည်။

မိဂျမ်းတို့ ထမင်းမှာ ပြောင်းဆန် နေရာ၌ ပြောင်းဖြူဆန် မဟုတ်။ ရွှေနီ ပြောင်းဆန်က ဈေးချို၍ ရွှေနီ ပြောင်းဆန် ဖြစ်သည်။

ပဲဆို၍ အဖိုးတန်သော ပဲစဉ်းငုံ၊ ပဲနတ္တော်၊ ပဲကြားလို တန်းဖိုးကြီး ပဲ မဟုတ်။ ဈေးချိုသော ပဲပိစပ်။

ရွှေနီပြောင်းက မည်မျှ မောင်းနှင့်ချွတ်ချွတ် သူ့ပင်ကိုရောင် အနီသွေးကို မစွန့်၊ ပဲ၊ ဆန်၊ ပြောင်း ဆန်သုံးမျိုး ရောချက်လိုက်သောအခါ ရွှေနီပြောင်း ရောင်က လွမ်းတက်လာသည်။ မူရင်းဆန်ထက် နီသည်။

သုံးလွန်းတင် ထမင်းနှင့် စားရမည့် ဟင်းက သုံးမျိုးတည်းပါ။ ဟင်းတစ်မျိုးက ဂုံရွက်ဟင်းချို။

တစ်ပန်းကန်ထဲ ရောထည့်ထားသော ဟင်းနှစ်မျိုးက ဘယ်ဘက်မှာ ငရုတ်သီးထောင်း ညာဘက်မှာ ငါးပိနုဖုတ်။

သည်သို့သော ထမင်းပွဲကိုပင်လျှင် နပ်လျဉ်မီအောင် ရရာ အလုပ်ကို ငတောသေကောင်ပေါင်းလဲ လုပ်နေရ၏။

“ဘာဖြစ်လို့ ထမင်း မလောက်တာလဲ နင့်အမေရ”

“ပြောမပြချင်ပါဘူးတော်၊ ထမင်းအိုး ချက်ခါနီး မိတူးက ပြောင်းနီဆန် နို့ဆီဘူး တစ်လုံး အချေး လာတောင်းရော သူ့ပြောင်းနီဆန် ချေးထားတာ ကလည်း ကြာလှပြီတော့ သူ့ခမျာလည်း အဟုတ် ချက်စရာ မရှိလို့ လာတောင်း တာ ဓာတ်သိ ဖြစ်နေတော့ မျက်စိမှိတ် အံကြိတ် ပေးလိုက်ရော မိတူး မပေးခင် ကတော့ ညနေစာ ကွက်တိဆိုတော့ စိတ်အေးနေတာပေါ့ နင့်အဖေ ရေ”

သုံးလွန်းတင် ထမင်းကိုပင်လျှင် နတ်သုဒ္ဓါကဲ့သို့ မက်မက်မောမော စားနေသော ငတောနှင့် မိဂျမ်း ထမင်းစားရင်း စကား တပြောပြော။

“အချိန်မီ သိရင် ဝယ်တန်ဝယ်၊ ချေးတန်ချေးငှားပြီး ချက်ရောပေါ့ဟာ”

“နင့်အဖေ ပြောတော့ လွယ်လိုက်တာနော်၊ ချေးတာမှ ခြေတိုမတတ်၊ မွဲလို့ ရွှေနီပြောင်းဆန် ရောစား နေရပါတယ်ဆိုမှ ဘယ်သူ့က ဘယ်သူ့ကို ကိုယ် သွားချေးတိုင်း အချိန်မရွေး ချေးနိုင်ပါ့မလဲ၊ ချေးနိုင်ငှားနိုင်တဲ့ လူရည်တတ် က ရွှေနီပြောင်းဆန် စားမလား၊ ဒီရွှေနီပြောင်းဆန်ကို လူရည်တတ်က ခိုင်းနွား ပြုတ်ကျွေး၊ ဝက်ကျွေး၊ ကြက်ကျွေးဥစ္စာ”

“အေးပေါ့ဟာ ဖြစ်သလိုပေါ့၊ဟင်းချို များများသောက်၊ ထမင်းစားပြီး ရေနွေးကြမ်း တစ်အိုးပြီးတစ်အိုး တည်၊ တွယ်နေရုံပဲ”

ဟင်းချို တစ်ဇွန်းပြီး တစ်ဇွန်း သောက်ရင်း အားပေးသော ငတော။

“ကျုပ်တို့ လူကြီးတွေက သဘောပေါက် နားလည်ပြီးသား ဆိုတော့ ပြဿနာ မကြီးဘူးလေ၊ ကလေးတွေသာ ထမင်း မဝရင် ဂနာငြိမ်မှာ မဟုတ် ဘူး။ လူကြားကုန်မယ်၊ ဒါကြောင့် ကလေးတွေ အစောကြီးတည်းက ကျုပ် ဇွတ်ကျွေးထားတာ ဖြစ်နိုင်ရင် တော့ကိုတောင် ကျုပ် မသိစေချင်ဘူး၊ နောက်မှ တော်သိရင် ပိုပြီး တဗျစ်တောက်တောက်ဖြင့် ယူကျုံးမရ ဖြစ်နေမှာမို့ ကျုပ် တော် အသိခံတာ။ ကျုပ်ဘာသာ အစက ပိပိရိရိ လိမ်ပြောဖို့။ လိမ်နေကျ မဟုတ်တော့ တော် ပြောရမှာ လိပ်ပြာ မသန့်ဘူး၊ ဒါကြောင့် တော်သိတာ”

“မနက်ဖို့ကော”

“ထမင်းသာ နှင့်အဖေ ဖြောင့်ဖြောင့်စားပါ။ ကိုတော သွားစရာရှိသွား ကိုယ်လုပ်စရာ ရှိတာလုပ်၊ ဖြစ်သလို ရှာဖွေပြီး ကြံဖန် ကျုပ် ချက်ထားပါ့မယ်။

အလျင်ကလည်း ဆန် အိတ်လိုက် ဆီ ပုံးလိုက်၊ ပဲ တောင်းအပြည့် ရှိတဲ့ထဲက ကော်ခပ် ချက်ရတာမှ မဟုတ်ဘဲ၊ ရှာရှာချက်ချက်ပဲ ဥစ္စာ၊ တစ်ခုပဲ နင့်အဖေကို ပြောချင်တယ်၊ ခုလို ကျုပ်တို့ တော်တို့ ထမင်း မဝတာကိုသာ ကလေးတွေ ခုရော နောင်ပါ မသိစေချင်ဘူး။ လေသံ မဟပါနဲ့ အမူအရာ မပြပါနဲ့ ကိုယ့် ဘာသာ ကျိတ်နေပါ”

ငတောသည် ငရုတ်သီးထောင်းကို စားနေရပါလျက် တစ်ကိုယ်လုံး အချိုဓာတ်တွေ စီးဝင်လွင့်မျော လာသည်ဟု ထင်၏။

အမေ အမေ အမေ ငတော ရင်တွင်း နှလုံးသားတွင်း၌ ပဲ့တင်ထပ် လာသော တမ်းတသံများ။

မှန်သည်။ ငတော အမေတုန်းကလည်း ခု မိဂျမ်းလို စိတ်ထားပါ။ စားစရာ ရှိက သားသမီးကို ရက်ရက်ရောရော ကျွေးသည်။ မလောက် လောက်၍ အငတ် ခံစရာရှိက အမေ အငတ် ခံသည်။

အငတ်ခံစရာရှိက အမေသာ အငတ်ခံပြီး ငတောတို့ သားသမီးတွေ ရိပ်မိ သိရှိသွားပါက သူ အငတ်ခံခဲ့ရတာ မဟုတ်သလို ကြိတ်မှိတ် ဟန်ဆောင်၍ ဖုံးတတ် ဖို့တတ်သော အမေ။

အမေ ဟူသော လောကဗိသုကာဆရာ အနန္တကျေးဇူးတော်ရှင် မေတ္တာ တော်ရှင်သည် အမည်သာ မဖြူ၊ မဝါ မပြာ၊ မညို၊ ကွဲချင်ကွဲမည်၊ အရွယ်သာ ပထမရွယ်၊ ဒုတိယရွယ်၊ တတိယရွယ် ကွာချင်ကွာပါလိမ့်မည်။ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ အနစ်နာ ခံကြရာ၌ အမေတို့ ဂုဏ်ရည် တူညီသည်။

“ကလေးတွေ စိတ်ဆင်းရဲမှာစိုးလို့ မပြောပါနဲ့ဆိုမှ တော်က စိတ်ဆင်းရဲ ပြီး အလျင် စိတ်မကောင်း ဖြစ်နေ၊ တော်ပဲ ကျုပ်ကို လူပျိုလှည့်တုန်းက ပုလွေလေး မှုတ်မှုတ် အော်ဆိုနေတဲ့ဟာလေ။ ဘာတဲ့ ထမင်းရည်ကို အတူ လျက်ရစေတော့ စိန်တွေ ရွှေတွေမက်ကာ ပျိုမလိုချင်ဘူး၊ နှစ်ကိုယ်တူ တဲအိုပျက် မှာကွယ် တွဲလျက် ပျော်မယ်ဆို”

မိဂျမ်းစကား ကြား၍ ငတော ရှက်ပြုံး ပြုံးမိသည်။

အိမ်ထောင်ဦးစီးဖြစ်သော သူသည် စိတ်မကောင်း ဖြစ်ရုံမျှဖြင့် မပြီး။ ဘဝဒဏ်ကို ကြံ့ကြံ့ ခံနိုင်ရမည်။ အခက်အခဲကို ရုန်းကန် ကျော်လွှားရမည်။ ဘဝတိုက်ပွဲကို နိုင်အောင် တိုက်ရမည်။ စိတ်ပျက်လက်လျှော့ အလံဖြူ တင်နေ ၍ စားဝတ်နေရေး ပြဿနာသည် မပြီး၊ စားဝတ်နေရေး ပြဿနာကို ဒူးမထောက် လက်မမြှောက် နောက်မတွန့်ဘဲ ငတော ရှင်းဖို့လိုသည်။ ရှင်းလည်း ရှင်းရမည်။

လူပျိုစဉ် ဘဝတုန်းကကဲ့သို့ မဖြစ်နိုင်သော ကိစ္စကို တင်စားပြီး စိတ်ကူး ယဉ် ပြောဆိုနေ၍ မရတော့။

ထမင်းရည် အတူလျက်ရုံဖြင့် ဘဝသည် မပြီး။

ထမင်းရည်ထက် သာသည့် ထမင်း စားနေရသည့်တိုင် ဝမ်း ဝမလာ သောအခါ မပြီးနိုင် မပျော်နိုင်။

နွဲ့လျက်ပျော်ဖို့ ဝေလာဝေး။ သွား ထမင်းရည်အတူလျက် စကား။ လေးနက်အောင် တင်စားချင်တင်စား။ ထမင်းရည် အကူလျက်ပြီး ပျော်မယ် ဆိုတဲ့ စကားဟာ မမှန်ဘူး။ စိတ်ကူးယဉ် စကား၊ ကာလာသားပေါက် ကာလာ သမီးပေါက်တွေ စိတ်ကူးနဲ့ အချစ် ရူးမူး ပြောတဲ့ စကား။ လရောင်ကို ဒန်းဆင် စီးပြီး ကြယ်လေးတွေကို ဇယ်တောက်သလို တောက်ကစားချင်တယ် ဆိုတဲ့ တင်စားချက်ကို တင်စား ပြောတဲ့ဘဝနဲ့ မနီးစပ်တဲ့ တရားဟု ငတော ကုန်းအော် လိုက်ချင်သည်။

စိန်တွေ ရွှေတွေ မမက်သော်လည်း ဘဝ စားဝတ်နေရေး ပြဿနာ ပြေလည်ဖို့တော့ ငတော မက်မောပါသည်။

ဘဝမှာ စားဝတ်နေရေးသည် နေ့စဉ် ရင်ဆိုင် ကြုံတွေ့ နေရသော ရှောင်မရသည့် ပြဿနာ။

သည်ပြဿနာ ဖြေရှင်းနိုင်ဖို့ ဖန်တီးနိုင်ဖို့ ငတော အခွင့်အရေး ကြုံရင် ကြုံသလို ကြိုးစားခဲ့ရပါသည်။

ကြိုးစားခဲ့ရပါသည် ဆိုခြင်းမှာ ငတော အလုပ် လုပ်ခဲ့ရပါသည်ဟု အဓိပ္ပာယ် ဖွင့်ရပါမည်။

ဟုတ်သည်။

ဘဝပြဿနာကို အလုပ်လုပ်၍ ဖြေရှင်းခဲ့ရသည်။ ဖြေရှင်းရသည်။ ဖြေရှင်းရလိမ့်ဦးမည်။

ထိုအသိက ငတော ဘဝကို တွန်းအား တစ်ခုကဲ့သို့ တွန်းတင်ပေး နေသည်။

နေ့ပြီးလျှင် ည၊ ညပြီးလျှင် နေ့။ နောက်ထပ် တစ်နေ့ပြီးက နောက် တစ်နေ့။ နောက်တစ်ညပြီးက နောက်တစ်ည။ နေ့မှ လ၊ လမှနှစ် အချိန်တွေ ရွှေ့ ပြောင်း လာခဲ့သလို ငတောတို့ မိဂျမ်းတို့ ဘဝ၌လည်း လူမှုဒုက္ခ အနန္တ တစ်မျိုးမဟုတ် တစ်မျိုး တွေ့ခဲ့ရသည်။ ဘဝဟူသော ဇာတ်ဆရာ၏ သား ကောင် လူသား ဇာတ်ဆောင်ဖြစ်လာသော ငတောတို့သည် ဘ၀ဇာတ်ဆရာက လောကဓံဆိုး လေးပါးဖြင့် တွေ့ကာ ငိုခိုင်းက ရှိုက်ကြီးတငင် မငိုဖြစ်သည်တိုင် အနည်းဆုံး မျက်ရည် ဝဲခဲ့ရ၏။ လောကဓံကောင်း လေးပါးဖြင့် တွေ့ကာ ရယ်ခိုင်းက မပြုံးဘဲ ၀ါးလုံးကွဲ မရယ်ဖြစ်သည့်တိုင် လှိုက်လှိုက်လှဲလှဲ ပြုံးကြ သည်။

ငတောတို့ မိဂျမ်းတို့ ဘ၀၌ အလိုကျကျ မကျကျ ကြုံတွေ့ လာသမျှ အခက်အခဲကို ဖြစ်သည့်နည်းဖြင့် ရင်ဆိုင် ကျော်လွှား ခဲ့ပါ၏။

ရင်ဆိုင် ကျော်လွှားနည်းမှာ ကြုံရာအလုပ်၊ ကျရာအလုပ်ကို နေ့ည မရှောင် လုပ်သောနည်း ဖြစ်ပါ၏။

(၂)

ခါတိုင်းကဲ့သို့ တောလိုက်ရမည်ထင်သော ငလုံးက ငတော အရိပ်အခြည် ကို ကြည့်နေသည်။ ငတောက သူ့ ပွေးထိုးခက်ရင်းကို ယူကာ လွယ်အိတ်လွယ်ပြီး သူ့စကားကို စောင့်နေသော ငလုံးအား လှမ်းခေါ်ပြောသည်။

“ငလုံး”

“ဗျာ

“မင်း ငပေါ အိမ် သွား၊ တောင်ပိုင်းက နွားသမား ငပေါ အိမ် မဟုတ် ဘူး၊ အနောက်ပိုင်းက ဝက်သတ်တဲ့ ငပေါ အိမ်”

“ဟုတ်”

“အဖေက လွတ်လိုက်တာလို့၊ မနေ့ညနေက ဦးလေး ငပေါ တဲ့ ထင်းပုံ ပေါက်ရအောင် လာတာပါလို့ ကြားလား”

“ဟုတ်”

“ထင်းပေါက် ဘယ်လောက်ပေးရမလဲ မေးရင်၊ အခကြေးငွေစကား အဖေက မပြောရဘူး၊ ဦးလေးပေါ ပေးတာယူ၊ ကျွေးတာစားလို့ မှာတယ် ပြော တစ်အောင့်လောက်နေ သွား၊ သူတို့ ကနေ့ ဝက်ကိုင်မယ်လို့ ပြောတယ်”

သူ့အဖေ စကားကို မလွန်ဆံဝံ့၍သာ ငလုံး နေခဲ့ရသည်။

ငလုံး သူ့အဖေနှင့် ပွေးထိုး လိုက်ချင်သည်။ ပွေးကို ငလုံး မထိုးတတ်သေး။

ယခုလို မိုး ရှစ်ကြိမ် ကိုးကြိမ်ခန့် ရွာပြီးသော မိုးဦး၌ သူ့ အဖေက သူ့ကို ပွေးထိုးသင်မည်ဟု အလျင်က ပြောဖူး၏။

ယခု သည်စကား မေ့နေ၍များ သူ့ကို ထင်းပေါက် ခိုင်းလေသလားဟု ငလုံး စိတ်၌ ဇဝေဇဝါ။

“အဖေ ပွေးထိုးလား”

“အေး”

“နောက်ရက်မှ ထင်းပေါက်ပြီး အဖေနဲ့ အတူ ကျုပ် ပွေးထိုး ကနေ့ လိုက်ခဲ့လို့ မဖြစ်ဘူးလား”

ပိန်းထန်းရွက် ဓားချွန်ကို ဓားအိမ်ထဲ ထည့်၍ ခါးထိုးရင်း ငတော ခေါင်းယမ်းသည်။

“ငပေါက ထနောင်းခွ အလှူ အပ်ဖို့ ဝက်သား ပိဿာ သုံးရာ ကိုင်ရမှာ တဲ့ကွ၊ အဲ့ဒါ ထင်းက အရေးကြီးတယ်လို့ ငါ့ကို ပြောထားတယ်။ အဲဒါလည်း တစ်ကြောင်းပေါ့ နောက်တစ်ကြောင်းက ကနေ့ ငါ့သားကို အဖေ မခေါ်ချင် သေးလို့”

ငလုံးက ထပ် စောဒက မတက် င​ေတာက စကား ဆက်သည်။

“ပွေးထိုး သင်ရင် လွတ်တဲ့ အကောင်က လွတ်၊ ကြာတဲ့ နေရာက ကြာနဲ့ ဖြစ်မှာ၊ ကနေ့ အဲလို အဖြစ် မခံနိုင်ဘူး။ ရသလောက် ကြိုးစားပမ်းစား ထိုးရမှာမို့ အဖေ မခေါ်တာ ငါ့သား၊ နောက်ရက်မှ အေးအေးဆေးဆေး လိုက် အဲဒီကျမှ အဖေ ပြောလိုက် ထိုးလိုက် ပြလိုက်နဲ့ အချိန်ယူ သင်ပေးမယ်။ ဒါကြောင့် ကနေ့ မလိုက်ဘဲ နောက်မှလိုက်”

ငတော စကားကို ငလုံး ခေါင်းညိတ်သည်။ မီးဖိုချောင်ထဲ၌ မိဂျမ်းသည် သူ့သားသမီးများ မနက် အဆာပြေ စားရန် ညို နားဋောင်းရွက် ထပ်သုတ်ပြီး ရေနွေးကြမ်းအိုး တည်နေသည်။

ဟင်းညို နားဋောင်းရွက်ကို ချိုင့်ကြီးရွာက အရေးပေါ်ရွက်ဟု ခေါ်သည်။ ထမင်း မချက်နိုင်သည်အထိ ကံဆိုးမိုးမှောင်ကျပြီး အရေးပေါ်လာပါက ယင်း အရွက်ကို ခူး၍ ရေနွေးဖြာကာ သုပ်စားကြသည်။ ထမင်းကဲ့သို့ မတင်းတိမ်သည့်တိုင် ကာလ တစ်ခုကို ကျော်လွှားချိန်၌ ဝမ်းတွင်းမှ ပိုးများကို ငြိမ်အောင် ထိန်းထားနိုင်သည်။ ထမင်းချက်ချိန် မရ၊ ထမင်းချက်ရန် ဆန် မရှိ၍ ဆန်ရှာ နေရ ဖြစ်လာလျှင် ညိုနားဋောင်းရွက် သုပ်ကို စားထားက အဆာခံသည်။ ထို့ကြောင့် အရေးပေါ်ရွက်ဟု ဂျပန်ခေတ် ပြေးကြလွှားကြ ပုန်းကြ ကတည်းက နာမည် ရခဲ့သည်။

မနေ့ညက ငတော ခူးလာခဲ့သော ဟင်းညို နားချောင်းရွက်ကို မိဂျမ်း အစောကြီး ထပြီး ငတော အတွက် လုပ်ပေးသည်။ ညို နားဋောင်းရွက်သုပ် တစ်ပန်းကန်နှင့် ရေနွေးကြမ်း တစ်အိုး ကုန်သွားသောအခါ ငတော တောထွက် ရန် အချိန် သင့်တော်နေပြီ။

ငတော ပွေးထိုး ခက်ရင်း ထမ်း၊ ဓားဦးချွန် ခါးထိုး၊ လွယ်အိတ်ကို လွယ်ပြီး မိဂျမ်းကို တောသွားမည့်အကြောင်း ပြောကာ တောသို့ ထွက်ခဲ့သည်။

ပွေး ။
မြေမှာ တွင်းအောင်းပျော်ပါး၍ သစ်မြစ် သစ်ဥ သစ်ဖု စားကာ အသက် ရှင်သန်နေသော ပွေး။ မြေအောင်းကောင်၊ တွင်းအောင်းကောင်

ပုတက်လို၊ ဖွတ်လို၊ ကြွက်လို တွင်းမှာ အောင်းကာ မြေပေါ်ထွက် အစာ ရှာသည့် အကောင် မဟုတ်။ မြေတွင်းမှာ နေ၍ မြေအောက်မှာသာ သစ်မြစ် သစ်ဖု သစ်ဥကို ရှာဖွေ စားသောက်သော အကောင်။

သည်မြေအောက်ပျော် ပွေးကို ချိုင့်ကြီးရွာ မြောက်ဘက်လို အရှေ့ ဘက်လို ယာသားပြင်စ နယ်မြေမှာ သွားရှာ၍ မရ။

ချိုင့်ကြီးရွာ အနောက်ဘက်နှင့် တောင်ဘက်လို သဲမြေ။ သဲစပ်မြေ သဲကောမြေ၊ မြေနီသဲမြေတို့ ရှိရာသို့ သွားမှသာ ပွေးကို ရသည်။ ထို့ကြောင့် ငတော ရွာတောင်နှင့် ရွာအနောက်သို့ သွားရန် အိမ်မှ ထွက်ခဲ့သည်။

ငတော ထွက်လာချိန်က မနက် ဝေလီဝေလင်း။

မိုးဦး ရာသီပီပီ တစ်နွေလုံး ညှိုးရော်နေသော သစ်ပင် ချုံနွယ်ပိတ်ပေါင်း မှန်သမျှ မိုးဦးရေ ရှစ်ကြိမ် ကိုးကြိမ်ခန့် သောက်ချိုးထားရ၍ မြရေးမြရောင် တောက်တောက်ပပ။

မိုးသား ကင်းစင်သော အချိန်ဖြစ်ရာ ချိုင့်ကြီးရွာ၏ တောင်ဘက်မှ အနောက်တောင်သို့ လှမ်းမျှော် ကြည့်လိုက်က ရှင်မတောင်ကြီးမှာ မြူဆိုင်း၍ မှိုင်းသွားလိုက်၊ မြူကင်း၍ လင်းသွားလိုက်၊ မှိုင်းတစ်ခါ လင်းတစ်လှည့်ဖြင့် ရှုမငြီးစရာ သဘာဝ အလှအပ တစ်ခု။

ရွာတောင်ဘက်ရှိ ထန်းတောများ၊ ထနောင်းပင် အုပ်အုပ်ကြီးများ၊ မန် ကျည်းပင် မားမားကြီးများ၊ တမာပင် မြင့်မြင့်ကြီးများက အညာ အလှပန်းချီကို ကြည့်လှည့်ပါဟု ဖိတ်ခေါ် နေသယောင် ရှိ၏။

နှစ်ကောင်တွဲ၍ ကူသံ ပေးနေသော ချိုးဖို ချိုးမ တူစုံမောင်နှံ ကူသံများ၊ ပြွက်ငှက်မြည်သံများ၊ ဘုတ်ပူသံများက တော၏ ဂီတတေးအဖြစ် ငြိမ့်ညောင်း အေးချို တမြမြ။

ယခုအပတ်၌.ကဇာချုံတန်းများ ထဲမှ သစ်ပင်ကိုက် ပွေးကို ငတော မထိုးနိုင်သေး။ ယာခင်းများ၊ ယာခင်းနှင့် ကဇာ ချုံတန်းများကြား ကျက်စား သော ပွေးကို အရအမီ ထိုးရန် ငတော ဦးတည် သွားလာနေပါ၏။

ငတောသည် မြေကို ထိုးဖောက်မြင်နိုင်သော ပကတိ မျက်စိ မရှိပါ။ သို့ရာတွင် သူသည် အတွေ့အကြုံ ရင့် ပွေးထိုးသမား။

မြေရာကို အကာအကွယ် ပြု၍ မြေအောက်မှာ ကျက်စားနေသော ပွေးကို တွင်းမတူးပဲ မြေပေါ်မှ ထိုးမည့် ပွေးထိုးသမား။

ပွေးကို ပတတ်တို့၊ ဖွတ်နှင့် ကြွက်တို့လို တွင်းတူး၍ မရဘူးလား။ မြေပေါ်မှ ထိုး၍ ရပါ့မလားဟု ပွေး စရိုက်ဓလေ့ မသိက မေးမြန်း တွေးထင် စရာ။

ပွေးကို ပတတ်၊ ဖွတ်၊ ကြွက်လို တွင်းတူး၍ မရ။ တွင်းသွားတူးလျှင် ရေသာ ထွက်ချင်ထွက်မည်။ ပွေး မရ ဖြစ်။ ခွေးလိုက် တွင်းတူး လုပ်၍ မရ။ ပွေးကို ရဖို့က မိအောင်ထိုး။

သည်နည်းမှ မထိုးနိုင်လျှင် ကံကောင်းထောက်မ၍ ပွေးကို တွေ့သည်က လွဲ၍ ပွေးကို မရနိုင်။

ကံကောင်း ထောက်မ၍ ပွေး တွေ့နိုင်ချိန် ရှိသည်။

သမင် ချိုယှက် ပွေး တွင်းထွက် သေရက် ကျသည့်အချိန်ဟု ဆိုသော ပွေး တွင်းမှ ထွက်သည့်အချိန်၌ ပွေးကို ရတတ်သည်။ ပွေးမှာ သဘာဝ အသိ ရှိသည်။

သူ့နေရာ သူ့တွင်းကို မိုးကြီး၍ ရေလွှမ်းတော့မည်။ ရေကြီး၍ သူ့တွင်း ရေမြုပ်တော့မည်ဟု သူ့ဘဝပေး အသိအရ သိလာက နေရာ ရွှေ့ တတ်သည်။ သည် အချိန်မှာ တွင်းအပြင် ရောက်တတ်သည်။

နောင်တစ်ချိန်က မြေကြီးထဲ တွင်းဖောက်ရာမှ မြေကို အပေါ်တင်သော အချိန်တွင် အားလွန်ပြီး အပေါ်သို့ ရောက်တတ်သည်။

သည်အဖြစ်မျိုးက ရှားရှားပါးပါး အဖြစ်မျိုး။ စကား ကုန်အောင်သာ ပြောရမည်။ ရှားရှားပါးပါး ဖြစ်ရပ်မို့ လူ့ ဝီရိယဖြင့် မထိုးဘဲ ပွေးကို မရနိုင်။

ပွေးကို ထိုးမှ ရနိုင်သော်လည်း စိတ်ကူးပေါက်တိုင်း ထထိုး၍ မရ။ ချိုင့်ကြီးဝန်းကျင်၌ နွေရာသီခေါင်ခေါင်တွင် ပွေး ထိုး၍ မရ။ မိုး လေး ငါး ဆယ်ကြိမ်ခန့် ရွာပြီးမှ ပွေးထိုးရသည်။

မိုးရာသီမှာ မိုးရွာသော နေ့၌ ပွေးထိုး မရ။ မိုးမရွာသော နေ့၊ မိုးပြတ် သော နေ့မှသာ ပွေးထိုးရသည်။

ပွေးထိုး အကောင်းဆုံး ရာသီမှာ ဆောင်းရာသီ။ သို့ရာတွင် ဆောင်းရာသီအထိ ငတော မစောင့်နိုင်။

ငါ့ဝမ်းနာ ငါသာသိသော ငတောအဖို့ ငါ့ဝမ်းပူဆာ မနေသာ၍ ဆောင်း – ရာသီ အထိ မစောင့်နိုင်တော့။

ဆောင်းရာသီ ရောက်မှ ဆောင်းရာသီ အလျောက် ထိုးရမည်။ မိုးရာသီ၌ လည်း မိုးရာသီအလိုက် ဆူလွယ် နပ်လွယ် ပွက်လွယ် လုပ်ရမည်။

သည်စိတ်ကူးက ခုမှ ပေါ်သော စိတ်ကူး မဟုတ်။ ငါးကြိမ်မြောက် မိုးရွာပြီး ကတည်းက စိတ်ကူးထားရှိပြီး ပွေးရှိရာ သွားရ လာရ ရှာဖွေရသည်မှာ ဆယ်ရက်ခန့် ရှိပြီမို့ ငတော ဖတ်ဖတ်မော။

အလုပ် မလုပ်ခင်က ကြို တင် လေ့လာခဲ့သော ငတော။ ယခု အလုပ်ခွင် ဝင်ဖို့ လာခဲ့ပြီ။

ပွေးထိုးရာသီ မဟုတ်၍ တစ်နွေလုံး ပွေးထိုး ပြတ်ခဲ့သော သူ့လက်နှင့် သူ့ ပွေးထိုး ခက်ရင်းတို့ ယခုနှစ် မိုးဦးရာသီမှာ စတင် ပွဲဦးထွက်ရတော့မည်။

တိုက်ခတ်သော လေကို ငတော သိနိုင်ရန်အတွက် သစ်ရွက် လှုပ်သည် ကို ကြည့်ရုံမျှဖြင့် အားမရ၍ ဖုန်တစ်ဆုပ် ကောက်ကာ ငတော မြှောက်၍ ကြဲပက်လိုက်သည်။

ငတော ကြဲပက်လိုက်သော ဖုန်တို့သည် မြောက်အရပ် ဆီသို့ ဝေ့၍ဝေ့၍ ဝဲ၍ဝဲ၍ ပါသွားသည်။

သေချာပြီ၊ ယခု တိုက်နေသည်မှာ တောင်လေ။ ပွေးတွင်းကို လေအောက်ဘက် မြောက်အရပ်မှ ချဉ်းကပ်ရပေလိမ့်မည်။

(၃)

ငတော စတင်ထိုးမည့် ပွေးက နေထွက်​ပွေး။

ပွေးကို ထိုးရမည့် ရာသီရှိသလို ထိုးရမည့် အချိန်လည်း ရှိသည်။ ပွေး တစ်ကောင်ကို အချိန်မရွေး သွားမထိုးနိုင်။

ငတောတို့ ဒေသ၌ ပွေးထိုးချိန် ခုနှစ်ကြိမ် ရှိသည်။ အကြမ်းဖျင်း ပိုင်းလျှင် မနက် ပွေးထိုးချိန်၊ နေ့လယ် ပွေးထိုးချိန်နှင့် ညနေ ပွေးထိုးချိန်ဟု ပိုင်းရမည်။

အသေးစိတ်ပိုင်းက မနက်၌ ပွေး သုံးမျိုးကို ထိုးနိုင်သည်။ နေထွက် ပွေး။ နေထန်းတစ်ဖျား ပွေး။ ဆွမ်းခံပြန်ချိန် ပွေးတို့သည် မနက် ပွေးများ။ နေ့လယ်၌ ပွေးနှစ်မျိုး ထိုးနိုင်သည်။ မွန်းတည့် ပွေး။ နေစောင်း ပွေးတို့သည် နေ့လယ် ပွေးများ။ ညနေ၌ ထိုးနိုင်သော ပွေးမှာလည်း နှစ်မျိုး ဖြစ်သည်။ နေစွယ်ကျိုး ပွေး။ နေဝင်ချိုးဖျ ပွေးတို့သည် ညနေ ပွေးများ။ စက် နာရီလို ပြောက…
နေထွက် ပွေး၊ နံနက်ခြောက်နာရီ ဝန်းကျင်။ နေထန်းတစ်ဖျား ပွေး၊ နံနက် ရှစ်နာရီ ဝန်းကျင်
ဆွမ်းခံပြန်ချိန် ပွေး၊ နံနက် ဆယ်နာရီ ဝန်းကျင်။
မွန်းတည့် ပွေး၊ နံနက် ဆယ့်နှစ်နာရီ ဝန်းကျင်။
နေစောင်း ပွေး၊ နေ့လယ် နှစ်နာရီ ဝန်းကျင်။ နေစွယ်ကျိုး ပွေး၊ ညနေ လေးနာရီ ဝန်းကျင်။
နေဝင်ချိုးဖျ ပွေး၊ ညနေ ခြောက်နာရီ ဝန်းကျင် တို့သည် ငတောတို့ ရင်ထဲ၌ စွဲနေအောင် မှတ်ထားရသော ပွေးထိုး ရမည့် အချိန်များ ဖြစ်သည်။

ယခုတော့ နေထွက်ပွေးထိုးရန် လေအောက် အရပ်မှ ပွေးစုံ့ ရှိရာကို ခြေသံ မကြားစေဘဲ သွားရသည်။

ပွေးထိုးရာ၌ ဖိနပ် မစီးရ။ ခြေသံပြင်းပြင်း မနင်းရ။ ပွေးစုံ့ အနီး၌ မြက်ပင်ကိုပင်လျှင် သွားမထိရ။ ပွေးစုံ့ကို ကျော်လွှား မသွားရ။ ချောင်းမဆိုးရ။ စကား မပြောရ။ သည် တောစည်းကမ်းများကို လိုက်နာလျှင် လိုက်နာ သလောက် ငတောမှာ အကျိုး ထူးသည်မို့ ငတော အမြဲတမ်း လေးလေးစားစား လိုက်နာသည်။

ပွေးသည် မြေအောက်မှာ နေ၍ မြေပေါ်သို့ ထွက်လေ့ မရှိသောကြောင့် ပွေး ခြေရာကို မည်သို့မှ ခံမရ။ ပွေး ခြေရာ ခံမရသည့်တိုင် ပွေး ရှိမရှိကို ပွေးစုံ့တွေ့အောင် ရှာ၍ ကြည့်ခြင်းအားဖြင့် သိနိုင်သည်။

အချို့ဒေသ၌ ပွေးစုံ့ဟု ခေါ်သည်။ အချို့ဒေသ၌ ပွေးကျစ်စာဟု ခေါ်ကြ၏။ အချို့ဒေသ၌ ပွေးတွင်းမှ ကန်သော ပွေးတွင်းကန်စာဟုလည်း ခေါ်ကြ၏။ သူ အစာရှာချိန်၊ တွင်းသစ် ဖောက်ချိန်၊ လမ်းသစ် ဖောက်ချိန်၌ ပွေးသည် သူ့အတွက် မလိုအပ်သော သူ့တွင်းထဲ၌ ရှိနေသည့် မြေကြီးများကို အပြင် မြေကြီးပေါ်သို့ တွန်းထုတ်လေ့ ရှိသည်။ တွန်းထုတ်သည်မှာ တစ်ကြိမ် မဟုတ်၊ နှစ်ကြိမ် မဟုတ်၊ ထပ်ကာ ထပ်ကာ အကြိမ်ကြိမ် တွန်းတင်ထုတ်လေ့ ရှိသည်။ ဤသည်မှာ ပွေး၏ ဓလေ့စရိုက် သဘာဝ။

ပွေးက သူ့အတွက် မလိုလားအပ်သော အနှောင့်အယှက် ဖြစ်သော၊ သူ ဖယ်ရှားလိုသော မြေစာမှန်သမျှကို တွန်းကာတင်ကာ အပေါ်သို့ အကြိမ်ကြိမ် ပို့ရာ သူ့တွင်း မျက်နှာပြင်ပေါ်တွင် မြေစာပုံလေး ဖြစ်လာသည်။ ဤသည်ကို ပွေးစုံ့ပုံဟု ခေါ်သည်။ အလျင်ရက်များက ငတော ပွေးစုံ့ပုံကို ရှာခဲ့ပြီး သေချာ အောင် အပြန်ပြန် အလှန်လှန် ချိန်ဆခဲ့သည်။

ပွေးစုံ့ပုံတို့ များများလာသော မြေစာပုံကို ထပ်စုံ့ပုံဟု ခေါ်သည်။ အကြိမ် ကြိမ်စုံ့ကာ တွင်းထဲမှ မြေကို တွင်းပြင်သို့ ထိုးတင်ထားသောအခါ မြေစာပုံ တစ်စတစ်စ ကြီးသည်ထက် ကြီးလာပြီး ထပ်စုံ့ပုံဘဝ ရောက်လာသည်။ ထပ်စုံ့ပုံကို ကြည့်က ပွေးအစာ အမြဲစားကြောင်း၊ လမ်းဖောက်ကြောင်း၊ တွင်းဖောက် ကြောင်း၊ အမြဲတမ်း နေထိုင်ကြောင်း ရှိမရှိ သိရသည်။

ပွေးစုံ့ပုံ၊ ထပ်စုံ့ပုံ မှန်သမျှတွင် ပွေးကန်စာ၊ ပွေးကျစ်စာဟု ခေါ်သော ပွေးစုံ့ပုံလေးများသည် ပန်းကန်လုံး မှောက်ထားသလို မို့မောက် ထင်ရှား နေသလို ပွေးရှိက မြေစာ အစိုကို တွေ့ရသည်။ မြေစာ အစိုကို တွေ့ပြီး ပွေးရှိတာ သေချာပြီဆိုလျှင် မြေစာအစိုကို မည်သည့်အချိန်၌ ပွေးက အပြင် ထုတ်ကြောင်း စောင့်ကြည့်ရသည်။ မြေစာအစို အပြင်ထုတ်ချိန်သည် ပွေးစုံ့ချိန်။

သည်အချိန်မှာ ပွေးကို အမိအရ ထိုးရသည်။

ပွေးထိုးချိန် ခုနစ်မျိုး ခွဲခြားထားသည်မှာ ပွေးတို့ စုံ့လေ့ရှိသော အချိန်ကို စွဲ၍ ခုနှစ်မျိုး ခွဲခြားထားခြင်း ဖြစ်သည်။

ပွေး၏ ဓလေ့စရိုက်မှာ တစ်နေကုန် နေထွက်မှ နေဝင် အထိ ကြက်များ အစာယက်ရှာသလို တောက်လျှောက်ကြီး အစာရှာလိုက်၊ လမ်းဖောက်လိုက်၊ တွင်းသစ်ဖောက်လိုက် လုပ်သည် မဟုတ်၊ ပွေးတစ်ကောင်သည် ခုနစ်ကြိမ်စလုံး စုံ့သည် မဟုတ်။ ခြောက်နာရီခြား၊ ခြောက်နာရီခြားမှသာ ပွေးစုံ့လေ့ရှိသည်။

နေထွက် ပွေးသည် မနက် ခြောက်နာရီမှာ တစ်ခါ စုံ့သည်။ နေ့လယ် ဆယ့်နှစ်နာရီ ဝန်းကျင်မှာ တစ်ခါ စုံ့သည်။ ညနေ ခြောက်နာရီ ၀န်းကျင်မှာ တစ်ခါ စုံ့သည်။

သည်နည်းအတိုင်းပင် ကျန် ပွေးခြောက်မျိုးမှာလည်း သူစုံ့လေ့ ရှိချိန်မှ ထပ်မံ စုံ့မည့်အချိန်ကို တွက်ဆ၍ မိမိ အဆင်ပြေသလို စောင့်ထိုးရသည်။

မနက် အရုဏ်တက် ပွေးကို ထိုးရန် အမှောင်ခံနေ၍ သွေးထိုးသမား တို့ ထည့်ရေမတွက်ဘဲ သူတို့ ထိုးရမည့် ခုနှစ်ကြိမ်၊ ခုနစ်မျိုးသာ ခွဲခြားရေတွက် မှတ်သားကြသည်။ ယခု တွင်းမှ ပွေးသည် နေထွက်၌ ထိုးရမည့် နေထွက် ပွေးမို့ ငတော နေထွက် ပွေးစုံ့မည့် အချိန် ခန့်မှန်းလာခဲ့သည်။

ပွေးစုံ့ပုံ၏ လေအောက်မှနေကာ ပွေးနှင့်သူ ရင်ဆိုင်ရမည့် အနေအထား ကို ငတော တွက်ဆ ကြည့်သည်။

မြေအောက်မှ ပွေးတွန်းထိုးတင်ထားသော ပွေးစုံ့ပုံ၏ မြေစာ အညွန့် အဖျားက တောင်ဘက်မှာ ကျနေသည်။ တောဝက် ထိုးထားသည့် မြေစာ အညွန့်အဖျားသာ တောင်ဘက် ကျနေပါက မြောက်ကို ခေါင်းတည်၍ တောင်ကို ထိုးသည်။

တောဝက်ခေါင်းသည် မြောက်ဘက်မှ ခေါင်းတည်၍ တောင်သို့ ထိုးလာသဖြင့် တောင်ဘက်သို့ မြေစာညွန့် ကျသည်ဟု အကဲဖြတ်ကြသည်။

ပွေးမှာ ထိုသို့ မဟုတ်၊ ဓလေ့စရိုက်က သူ ထုတ်လိုသော မြေစာကို ခေါင်းနှင့် ပင့်တင်သည်။ မြေစာက သူ့ကျောပေါ် ပြန်ပြန်ကျသည်။ မြေစာညွှန့် မြောက်ဘက်ကျက ပွေးသည် မြောက်မှလာသည့်ပွေး။ မြေစာညွန့် တောင်ဘက် ကျက ပွေးသည် တောင်ဘက်မှ လာသောသွေး ဖြစ်သည်။

ယခု ပွေးကို ငတော မျက်နှာချင်းဆိုင် ထိုးရလိမ့်မည်။ သူက မြောက်ဘက်မှ။

ပွေး တွန်းတင်ထားသော မြေစာ အညွန့်မှာ တောင်ဘက်က။

ငတော ပွေးစုံ့ပုံ ထပ်ထပ်နေသော ထပ်စုံ့ပုံကို မျက်တောင် မခတ်တမ်း ကြည့်သည်။ ဟုတ်သည်။ နေထွက်​ပွေး စ,စုံ့နေပြီ။

မြေအောက်က ပွေးသည် သူ့တွင်း၊ သူ့လမ်း၊ သူ့စားကျက် ကွင်း၌ သူ မလိုလားသော မြေများကို တွင်းထဲမှ တွင်းအပြင်သို့ စတင် ထိုးကန် ထုတ်ကြောင်း ထပ်စုံ့ပုံကြီး လှုပ်လှုပ်လာမှုက ဖော်ပြနေသည်။ ထပ်စုံ့ပုံကြီး လှုပ်လှုပ်လာမှုက မြေအောက် အန္တရာယ်ကင်းရာ လှည့်လည်၍ စားသောက် နေသော ပွေးသည် သူ့အန္တရာယ်ကို မသိဘဲ ​ပွေးထိုးခက်ရင်းဖြင့် အထိုးခံရရန် လူ့လက်တစ်ကမ်း အကွာ၌ ရောက်နေပါပြီဟု ကြေညာသလို သဘော သက် ရောက်လာ၏။

ပွေးထိုးခက်ရင်းဖြင့် မတ်တတ်ရပ်လျက်မှ ကုန်းကာ၊ ကိုင်ကာ ပွေးကို ချက်ကောင်း ထိုးမိရန် အာရုံစိုက်နေသော ငတော၏ သိစိတ်အာရုံ၌ ပွေး လှုပ်ရှားမှု မှန်သမျှ ကြားနေရသည်ဟု ထင်၏။

ပွေးထိုး ခက်ရင်းဖြင့် ပွေးစုံ့ပုံကို ချိန်ရွယ်နေသော ငတော။

ပွေးတွင်း အတွင်းမှ သူ မလိုလားသော မြေများကို အပြင်သို့ တွန်းတင်စ ပြုသော နေထွက်ချိန်၌ အချိန်ဇယား ဆွဲထားသကဲ့သို့ ပုံမှန်လှုပ်ရှား နေကျ အတိုင်း လှုပ်ရှားလာသည့် နေထွက်ချိန် ပွေး။

ပွေးသည် လူကိုရော၊ ပွေးထိုးခက်ရင်းကိုရော သတိမလား။

ပွေးထိုးခက်ရင်းက အရိုးမှာ ဝါးမာအရိုး။ အရှည်က လေးတောင် ရှည် သည်။ ခက်ရင်းအစွယ် အရှည်မှာ တစ်ထွာနှင့် လက်သုံးသစ် ရှိသည်။ ခက်ရင်း အစွယ် နှစ်ခုမှာ တစ်ခုနှင့် တစ်ခု လက်နှစ်သစ် ကွာဝေးသည်။

ပွေးထိုးခက်ရင်းက ကျွမ်းကျင်သူသာ ကိုင်လေ့ရှိသော ခက်ရင်း။ အစွယ် နှစ်ချောင်းတည်းပါသော ခက်ရင်း။

အချို့ ပွေးထိုးသမားများက အခွ လေးခွပါသော ခက်ရင်း (ခက်ရင်း လေးခွ)ကို ကိုင်ကြသည်။ ထိုးရာ၌ ပွေးစုံ့ပုံ၏ ဗွေလယ်ကို ထိုးကြသည်။

ငတောက တွင်းပေါက်နှင့် စုံ့ပုံအစပ်ကြား မိအောင် ထိုးလေ့ရှိရာ ပွေးစုံ့ပုံကို အသက် အောင့်ထားမိမတတ် သတိကြီးစွာ ထား၍ ကြည့်နေဆဲဖြစ်၏။

ပွေးတွင်းထဲမှ ပွေးသည် မြေစာပုံ လှုပ်အောင် တစ်ချက် ဆောင့်၏။

ထိုနောက် မြေစာပုံကို အထက်သို့ တစ်ချက် တွန်းတင်ရာ မြေစာများ ရိပ်ခနဲ အပြင် ကျလာ၏။

တစ်ချက် ဆောင့်လိုက်။ တစ်ချက် ထိုးတင်လိုက်။ တစ်ချက် ဆောင့်လိုက်။ တစ်ချက် ထိုးတင်လိုက်။

ငတော ကြည့်ရင်း ကြည့်ရင်း တွင်းထဲမှ ပွေးမှာ ပွေးထီး ဖြစ်ကြောင်း သိလိုက်၏။ ပွေးထီး၏ ဓလေ့စရိုက်က တစ်ချက် ဆောင့်လိုက်၊ တစ်ချက် တွန်းတင်လိုက် အမြဲတမ်း လုပ်လေ့ ရှိ၏။

ငတော ပွေးကို ထိုးတော့မည်။

ထပ်စုံ့ပုံကြီးကို ငတော အထက်မှအောက်၊ အောက်မှ အထက်၊ ထက် အောက်၊ အောက်ထက် သူ့စိတ်ကူးထဲမှာပင် သုံးပိုင်း ပိုင်းကြည့်သည် သေချာ ပြီလား။

သုံးပိုင်း ပိုင်းကာ စိတ်ကူးထဲမှာ သေချာပြီ။ အပေါ်ပိုင်း သုံးပုံနှစ်ပုံကို ငတော စိတ်ထဲ ယခု မထားတော့။

အောက်ခြေ သုံးပုံတစ်ပုံခန့်ကိုသာ ငတော စူးစူးစိုက်စိုက် စိုက်ကြည့် သည်။ သည်နေရာမှာ ငတော ထိုးရမည့်နေရာ ဖြစ်၍ သူ့ စိတ်ကူးထဲမှ ချိန်ဆ၍ စိတ်ကူးထိုး ထိုးကြည့်သည်။ စိတ်ကူးထဲမှာ ထိုးရပြီလား ရပြီ။ ရလျှင် ပွေး ထိုးရန် လက်ကို အရန်သင့်ထား။ ခါးကို အလိုက်သင့်ညွှတ်။ ဒူးကို ရှေ့ငိုက်ပေး။

ပွေးက သူ့ အန္တရာယ်ကို မသိ။ သူ လုပ်နေကျအတိုင်း မြေစာကို တစ်ချက် ဆောင့်လိုက်သည်။ ဆောင့်၍ အားယူပြီး မြေစာများကို အပြင်သို့ ထိုးတင် လိုက်သည်။

ထိုအချိန်၌ ငတောသည် လေ၏ လျင်မြန်ခြင်းမျိုးဖြင့် မူလ ချိန်ရွယ် ထားရာ နေရာကို ပွေးထိုးခက်ရင်းနှင့် ဖိထိုးလိုက်သည်။

တွင်းထဲ ခက်ရင်း တိုးဝင်သွားရုံ အသံမျှ ထွက်ပေါ်လာသော်လည်း ငတော နားထဲ၌ ပွေးကို တည့်တည့် ထိုးမိကြောင်း အတွေ့ အကြုံရ သိလိုက် ကြားလိုက်သည်။ ပွေးသည် သူ့ကို ထိုးမိထားသော ပွေးထိုးခက်ရင်းကို ဒေါသတကြီး ကိုက်ရာ ဒုတ်ခနဲ ဒုတ်ခန် အသံပင် ငတော နားအာရုံ၌ လာထင်၏။

လက်တစ်ဖက်မှ ပွေးထိုးခက်ရင်းကိုကိုင် လက်တစ်ဖက်မှ ခါးမှာ ထိုးလာသော ဓားဦးချွန်ကို နုတ်၍ ပွေးထပ်စုံ့ပုံကြီးကို ငတော ဓားဖြင့် တူးယက် ပစ်သည်။

ငတော လက်ဆလည်း မှန်သည်။ ခန့်မှန်းလည်း မှန်သည်။

ငတော ခန့်မှန်းခဲ့သည့်အတိုင်း တွင်းအဝင်နှင့် စုံ့ပုံ စပ်ကြား၌ ပွေးကို ထိုးမိသည်။ ပွေးမှာ ပွေးထီးကြီး ဖြစ်သည်။ ပွေးထီးကြီး၏ သွားနောက် ပါးစပ်ကို သွေးထိုး ခက်ရင်းစွယ်က ဖောက်ထွက်သွားသည်။

ပွေးနေသော မြေက သဲကောမြေဖြစ်ရာ ပွေးထီးကြီး၏ အရောင်မှာ အနီရောင်ဘက် လုသည်။

လေးဆယ်ငါးကျပ်သားခန့် ရှိမည်ဖြစ်သော ပွေးထီးကြီးသည် ယခုနှစ် အတွက်လည်း ငတော လာဘ်ဦး အစကောင် ဖြစ်ပါ၏။ ယနေ့ အတွက်လည်း လာဘ်ဦး အစကောင် ဖြစ်ပါ၏။

အခြား ပွေးများကို ငတော ဆက်ထိုးရန် ပွေးထီးကြီးအား သူ လွယ်လာ သည့် လွယ်အိတ်ကြီးထဲ ထည့်လိုက်၏။

ရှေ့မှာ ပွေး များစွာ များစွာ သူ ထိုးရဦးမည်။

(၄)
“အင်း ဒီပွေးမ.ဟာ ပွေးလည်းပွေးပါပဲ။ ပွေးထိုးသမားနဲ့ တွေ့ဖူးထားတဲ့ သေတွင်းထွက် ဖြစ်မယ်။ စိတ်ရှည်မှ ရလိမ့်မယ်”

ငတော ပွေး ဆယ့်လေးကောင်ရ အပြီးမှာ တွေ့လာသော ပွေးမသည် အကင်းပါးသော
ပွေးမ။ ပွေးထိုးသမားနှင့် တွေ့ဖူးဟန် ရှိသော ပွေးမ။ ပွေးမဟု ငတော အတိအကျ သိရှိခြင်းမှာ ပွေးစုံ့သည်ကို ကြည့်၍ ပြောနိုင်ခြင်း ဖြစ်သည်။

ပွေးထီး ဓလေ့စရိုက်က ပွေးစုံ့ရာတွင် တစ်ချက်ဆောင့်၍ တစ်ချက် စုံ့သည်။ ဒါက ပွေးထီး သဘာဝ။

ပွေးမ,ကျတော့ ပွေးတွင်းထဲမှ မြေစာကို ဆတ်ခနဲ လှုပ်အောင် တစ်ချက် ဆောင့်သည်။ မြေစာကို အပေါ် ရောက်အောင် ထိုးတင်ရာ၌ နှစ်ခါ ထိုးတင် သည်။ ဖွားခနဲ ဖွားခနဲ နေအောင် နှစ်ချက် ဆောင့်တင်သည်ကို ကြည့်၍ တစ်ချက်ဆောင့်၊ နှစ်ချက်စို့လျှင် ပွေးမ,ဟု ငတောတို့လို ပွေးထိုးသမားကြီးတို့ သိသည်။

ပွေးပါးပွေးလည်ဟု ငတော ထင်ခြင်း၊ ပွေးထိုးသမားနှင့် တွေ့ဖူးထား သော သေတွင်းထွက်ဟု ငတော ထင်ခြင်းမှာ ပွေးမ၏ ပွေးစုံ့ပုံမှာ သာမန် ပွေးများထက် ထူးခြားနေသည်။ ဒါကလည်း ပွေးထိုးသမား ဝါရင့်ဖြစ်၍ ပွေး ဓလေ့စရိုက်၊ ပွေး သဘာဝကို ငတော နားလည်ထားသောကြောင့် သိခြင်း ဖြစ်၏။

ပွေးထီးဖြစ်ဖြစ်၊ ပွေးမဖြစ်ဖြစ် ချိုင့်ကြီးဒေသ ဝန်းကျင် တွေ့ရလေ့ ရှိသော ပွေးအရွယ်အစားမှာ ပွေးကြီးဖြစ်ကာ လေးဆယ့်ငါးကျပ်သား ငါးဆယ် သား၊ ပွေးလတ်ဖြစ်က အစိတ်သား၊ ပွေးငယ်ဖြစ်က အစိတ်သားအောက် ရှိတတ်သည်။

ပွေး ကြီး, လတ်, ငယ် ဖြစ်ဖြစ်၊ ထီး, မဖြစ်ဖြစ်၊ နေ့ထွက်​ပွေးမှသည် နေဝင်ဖြိုးဖျပွေးဖြစ်ဖြစ်၊ မည်သည့်ပွေးမဆို အစာရှာ၊ တွင်းဖောက်၊ လမ်းဖောက် ရာ၌ အနည်းဆုံး မိနစ်နှစ်ဆယ်မှ အများဆုံး နာရီဝက် ဝန်းကျင်အထိသာ အချိန် ကြာသည်။

သည်အတောအတွင်းမှာ ဘယ်ပွေးမဆို ဖြည်းဖြည်းနှင့် မှန်မှန် စုံ့သည်။ အလောသုံးဆယ် မရှိ။ အကြာကြီး နားနေပါသည်ဟူ၍ မရှိ။ မှန်မှန်ဖြည်းဖြည်း ရှိသည်။ တွင်းထဲဆင်းပြီး ဒရောသောပါး ပြန်ပြေးလိုက်၊ တက်ပြေးလိုက် ပွေးစုံ့လိုက် ထုံးစံ ငတော လုံးဝ မတွေ့ဘူး၊ လူနှင့် အခြား မသင်္ကာဖွယ် တွေ့လျှင်သာ ပွေးစုံ့ချိန် တစ်ချိန်လုံး ပြန်မလာတော့ဘဲ စုံစုံးမြုပ် ပျောက်ကွယ် သွားလေ့ရှိသည်။

ယခု ပွေးမက ထိုကဲ့သို့ မဟုတ်။

ပွေးစုံ့ဆီ အရောက် မြေကို တစ်ချီ နှစ်ချီထိ ထိုးတင်ပြီး နောက်ဆုတ် ပြန်ပြန် ပြေးတတ်သည်။ ပြန်ပြေးရာမှ ခဏကြာလျှင် ပြန်တက်လာပြီး ထပ်စုံ့ ပြန်သည်။ ပြီးတော့ ပြန်ပြေးပြန်သည်။ နောက်ပြန်လာ၊ ပြန်ပြေး၊ ပြန်ပြေး ပြန်လာ အကြိမ်ကြိမ်ပင်။

မြေအောက် နေသောပွေး ဘယ်လို လုပ်သည် အကြောင်း သိသလဲဟု မေးလျှင် စူးစိုက် နားထောင်ကြည့်ပါဟု ငတော ပြောရမည်။

ပွေးမ ပြန်ဆုတ်သွားသောအခါ တွင်းထဲမှ ဂုတ်ဂုတ်၊ ဂုတ်ဂုတ်နှင့် မြည်သောအသံ လည်စောင်းထသော အသံတို့ကို ငတောတို့လို စူးရှသော ပွေးထိုးသမား နား၌ ကြားရ၏။

ပွေးသည် အလျင်က အန္တရာယ် တွေ့ဖူးဟန်ဖြင့် စမ်းကာ စမ်းကာ ပွေးစုံ့နေသည်။

ငတော အသိ၌ စိတ်ရှည်ရမည် ဟူသော အသိကြောင့် ပွေးထိုး ခက်ရင်း ကြီးကို ကိုင်၍ ချိန်ရွယ်ကာ စောင့်နေရသည်။

ငါးမိနစ်ခန့်၊ ပွေး ထုံးစံအတိုင်း ဆုတ်လိုက် တက်လိုက်၊ တက်လိုက်၊ ဆုတ်လိုက်။

ဆယ်မိနစ်ခန့်၊ ဆုတ်လိုက် တက်လိုက်၊ တက်လိုက် ဆုတ်လိုက်။ ဆယ့်ငါးမိခန့်၊ ထိုနည်းအတူတူပင်။ မိနစ်နှစ်ဆယ်ခန့်။

ပွေးမသည် သူ၏ ကျရောက်မည့် အန္တရာယ် မရှိတော့ပြီဟု ယုံကြည် ချက် ကျသွားဟန်ရှိသည်။ သာမန်ပွေးများလိုပင် ဣန္ဒြေရရပင် တစ်ချက် ဆောင့်လိုက်၊ ပထမ အချက် ဖွားခနဲ တင်လိုက်၊ ဒုတိယ အချက်၌ အလျင် အချက်ထက် ပိုအောင် ဖွားခနဲ တင်လိုက်။

နှစ်ဆယ့်ငါးမိနစ်ခန့်။

ငတောသည် နာရီပါ၍ နာရီကြည့်ခန့်မှန်းသည် မဟုတ်။ သူ့စိတ်ထဲမှ ခန့်မှန်းကာ အချိန် တွက်ဆ ခန့်မှန်းနေခြင်း ဖြစ်သည်။

နှစ်ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ ပွေးမ ရဲသည်ထက် ရဲပြီး သူ့၌ အန္တရာယ် မရှိတော့ကြောင်း အယုံကြီး ယုံကာ စိတ်ချလက်ချ စုံ့လေပြီ။

ပွေးမက တစ်ချက်ဆောင့်၍ လှုပ်လိုက်သည်။

ငတော၏ ပွေးထိုးခက်ရင်းက ပွေးစုံ့ပုံနှင့် မထိတထိ အခြေအနေ ရောက်လာသည်။

ပထမအချက် ဖွားခနဲ မြေစာများကို တွန်းအတင်၌ ငတော ဖနောင့် နှစ်ဖက်ကို ကြွကာ အားထည့်၍ ဟန်ပြင်သည်။

ဒုတိယချက် မြေစာ ဖွားခနဲ ကျလျှင်ကျချင်း ပွေးထိုး ခက်ရင်းဖြင့် တွင်းအဝ မှန်းကာ ထိုးလိုက်သည်။

ငတော လက်အတွေ့၌ ပွေးမကို ထိုးမိကြောင်း စီးစီးပိုင်ပိုင် ရှိလာ၍ သိလိုက်သည်။

ဟုတ်သည်။

ပွေးတွင်းကို ငတော ဓားဦးချွန်ဖြင့် တူးယက်၍ ပွေးကို ဖမ်းထုတ်ရာ သူ့ ပွေးထိုးခက်ရင်းဖြင့် နှုတ်သီးကို ထိုးထားသော ပွေးသည် ပွေးမ ဖြစ်နေ သည်မှာလည်း မှန်သည်။

ပွေးမကို ယခင် ပွေးထိုးသမားက ထိုးထား၍ ခါးအထက်၌ အမာရွတ် ထနေသော ဒဏ်ရာ သက်သေခံကိုလည်း တွေ့ရ၏။ လက်သင် ပွေးထိုးသမားက ရမ်းထိုးရာ ပွေးမ ခါးအထက် အရေပြား ရှပ်ထိုးမိပြီး ပြန်လွတ်သွားသောကြောင့် ပွေးမ လန့်နေခြင်း ဖြစ်လိမ့်မည်။ ဆယ့်ငါးကောင်မြောက် ပွေးကို သူ့လွယ်အိတ်ထဲ ထည့်ပြီးချိန်၌ ငတော ဝမ်းထဲ တကြုတ်ကြုတ် မြည်သံ ပေးလာသည်။

အိမ်ပြန်ချိန် ကျပြီ။

(၅)
“ဟာ ဝက်သားတွဲကြီးပါလား”

ငတော အိမ်ပြန်ရောက်လျှင်ရောက်ချင်း သူ့ မီးဖိုချောင် အပေါက်ဝ၌ ချိတ်ဆွဲထားသော သုံးထပ်သား ဟင်းတွေကို မြင်၍ ငတော တအံ့တသြ။ မိဂျမ်းသည် သူ့ ပွေးထိုးခက်ရင်းနှင့် လွယ်အိတ်ကို ယူပြီး သူ့ကိုမေးသည်။

“ထမင်း စားတော့မလား နားဦးမလား”

ငတော တစ်မနက်လုံး မတ်တတ်ရပ်လိုက်၊ ကုန်းကုန်းကြီး လုပ်လိုက်။ သွားလိုက်လာလိုက် လုပ်နေခဲ့ရာ ယခုမှ ပင်ပန်းမှန်း သိသည်။

“ရေနွေးကြမ်း သောက်ပြီး ခဏနားပါဦးမယ်ဟာ ကလေးတွေ စားသောက် ပြီးကြပြီလား”

“ပြီးကုန်ပြီ။ ငလုံးလည်း တစ်ပတ် ပြန်ထွက်သွားတယ်။ ငလုံးကို ထင်းပေါက်ခ အဖိုးစားနား မပြောလို့တဲ့၊ ငပေါက ဆန် တစ်ပြည် ထည့်ပေး လိုက်တယ်”

“ဝက်သားတွဲကြီးက”

“နင့်အဖေ ​ပွေးသွားထိုးတဲ့အကြောင်း ငပေါကို ငလုံးက ပြောသတဲ့၊ ငပေါ ယောက္ခမ ပန်းနာရင်ကျပ် ရောဂါအတွက် ပွေးက သိပ်အသုံးကျတာမို့ ပွေးနှစ်ကောင်ပေးပေး သုံးကောင်ပေးပေး ပေးပါတဲ့၊ ဝက်သားတစ်တွဲလည်း ချက်စားရအောင် ယူသွားပါ။ ပွေးနဲ့ လဲတဲ့သဘောပေါ့လို့ ဇွတ်ပြောပြီး ဇွတ်ပေး လို့ ယူလာတာတဲ့”

သည်တော့မှ သူ့ဇနီး မိဂျမ်းကို ခိုင်းရမည့် အလုပ် ရှိသေးကြောင်း ငတော သတိရသည်။

သူ ရလာသည့် ပွေးသည် နွားမျက်စဉ်းဖော်ရာ နွားလျှာပွတ်ဆေး ဖော်ရာတွင် အာနိသင် ထက်မြက်လှသည်။ မြန်မာ နွားမျက်စဉ်းနှင့် နွားလျှာပွတ် ဆေး ထုတ်ဖော် ရောင်းချနေသော နိုင်ငံကျော် ဆေးတိုက်ကြီး တစ်တိုက်က ကိုယ်စားလှယ် လွှတ်ပြီး ငတောကို ကမ်းလှမ်းဖူးသည်။

မြန်မာ နွားမျက်စဉ်းနှင့် နွားလျှာပွတ်ဆေး ဖော်ရာတွင် ကြက်တူရွေးနှင့် ပွေးပါမှ အာနိသင် စူးရှသည်။ ဆေးစွမ်း ပိုမို ထက်မြက်သည်။

ပွေးနှင့် ကြက်တူရွေး ဝယ်ရာ၌ ကြက်တူရွေးမှာ ဝယ်၍ လွယ်သည်။ ပေါသည်။ ပွေးမှာ ရှားသည်။ အဝယ် ခက်သည်။

ပွေးဆိုရာတွင် တစ်ကောင်၌ ပိဿာခန့် အထိ ရှိတတ်သော ဝါးရုံပွေး၊ တောကြီးမြိုင်ကြီးပွေးထက် မြေပြင်ပွေးက ပို၍ နွားဆေးဖော်ရာ၌ ဆေးစွမ်း ထက်သည်။ ထို့ကြောင့် ငတော ထံမှ ပွေး ရသလောက် စရန်ငွေ ကြိုတင်ပေး၍ စာချုပ် ဝယ်ယူလိုပါသည်ဟု ငတော အိမ်တိုင်ရာရောက် လာဆွေးနွေးသည်။

ငတောသည် သူ့ဝါ၊ သူ့သမ္ဘာ သူ့လက်၊ သူ့ခေါင်းကို စိတ်ချသော ဝါရင့် သမ္ဘာရင့် ပွေးထိုးသမား။

ပွေးထိုးသမား ဝါရင့်ဖြစ်စေကာမူ ပွေးရှိမှ ပွေးရအောင် ထိုးတတ်၏။ ထိုးနိုင်၏။

ပွေးဆိုသည့် သတ္တဝါ၏ ဓလေ့၊ စရိုက်၊ အမူအကျင့် သဘာဝမှာ လျှို့ဝှက်ချက် များပြားလှသည်။ ငတောတို့ မသိသေးသော မသိနိုင်သော အချက်အလက် များစွာ ပွေး၌ရှိ၏။

ထို့ကြောင့် ပွေး မည်မျှရအောင် ထိုး၍ အပ်ပါမည်ဟု ငတော စာ မချုပ်ဝံ့။ ပွေးထိုးသမားတိုင်းလည်း ချုပ်ဝံ့မည်ဟု မထင်။

တခြား အကောင်ပလောင် လိုက်လံ ဖမ်းဆီးရှာဖွေ စားသောက်သော တောသမား များပြားစွာ ရှိသော်လည်း ​ပွေးထိုးသမားကား ရှားပါးလှ ပါဘိတောင်း။

ပွေးထိုးသမား ရှိသည့်တိုင် ငတောတို့လို စီးပွားဖြစ် အသက်မွေး ဝမ်းကျောင်း သဖွယ် ထိုးနိုင်သော အဆင့်က ပိုမို၍ ရှားလှပါးလှ ပါဘိတောင်း။

ချိုင့်ကြီးဒေသနှင့် ခရီးတစ်သောင်း(ဆယ်တိုင်) ပတ်ပတ်လည်၌ ပွေးကို စီးပွားဖြစ် ရအောင် ထိုးနိုင်သည်ဟု နာမည် ကျော်နေသူမှာ အားလုံးပေါင်းမှ နှစ်ဦးတည်းသာရှိသည်။

ချိုင့်ကြီးရွာမှ ငတောရယ်။

မြောင်မြို့နယ် ကျောက်ရစ် ပြည်သူ့ရဲစခန်းမှ ရဲအိုကြီး ဦးရရယ်။ သည်နှစ်ယောက်သာ နာမည်ကျော် ရှိသည်။

ပွေးထိုးသမား ရဲကြီး ဦးရသည်လည်း ပွေးကို တစ်နှစ်လျှင် ဘယ် နှကောင် ရမည်။ အပ်ရမည်ဟု စာမချုပ်သော ငတော၏ သဘောထားကို နားလည် ထောက်ခံသည်။

ပွေးဟူသည် မြေအောက်ပျော်။

မြေအောက်ပျော်ကို မြေပေါ်မှ လူက သူ့ဓလေ့စရိုက် သဘာဝကို အပြည့် အစုံ မသိဘဲ ရမ်း စာမချုပ်တာ မှန်သည်ဟု ရဲကြီး ဦးရက ထောက်ခံသည်။

ငတောက စာမချုပ်သော်လည်း ပွေးရလာပါက အချိန်မီ လူလွှတ် ပို့ခိုင်းပါမည်ဟု မယုတ်မလွန် အကြောင်းပြန်ရာ အချိန်ရှိက ပို့ပါ။ အချိန် မရှိက နေလှန်း၊ မီးကင်ပို့ပါ။ စားစရိတ်ပါလာပို့သူတို့အတွက် ဆေးတိုက်က ခံပါမည်ဟု ဝမ်းပန်းတသာ မှာသွားခဲ့သည်။

နွားဆေး အတွက်သာ မှာသည် မဟုတ်။

ချိုင့်ကြီးရွာမှ တိုင်းရင်းမြန်မာ ဆေးဆရာကြီး ဦးစံပင်က တော အိမ်သို့ ကိုယ်တိုင် ကြွရောက်လာပြီး သူ ကုသနေသော ပန်းနာရင်ကျပ် ရောဂါ သည်များအတွက် ပွေး လိုအပ်ပါသည်။ ပွေးရပါက ရသလောက် သူ့ အိမ်ပို့ ပေးပါ။ ငတော ဈေးမနည်း စေရပါ။ ရသလောက် ယူပါမည်ဟု မှာကြားသည်။

ပန်းနာရင်ကျပ် ရောဂါ ဝေဒနာရှင်များကလည်း ငတော အိမ်ကို ကိုယ်တိုင်ကိုယ်ကျ လာပြီး ပွေးကို ပြာချ၍ လျက်ဆားအဖြစ် လျက်လိုပါသဖြင့် ပွေးရပါက သူတို့ကို ရောင်းပါ။ ဆိုသမျှ ပေးပါမည်ဟု ခဏခဏ မှာကြ သည်။

ပွေးသား ကောင်းမှန်းသိသော အကောင်း ကြိုက်သူများကလည်း ပေါက်ဈေးဖြင့် ပွေးရလာလျှင် ရောင်းပါဟု ဆိုကြသူ ရှိခဲ့၏။

ငတော မည်သို့ လုပ်မည်နည်း။ မည်သူကို ဦးစားပေးမည်နည်း။

ဆရာဦးစံပင်သည် ငတောတို့ မိသားစု နေထိုင်မကောင်းပါက သွားပင့် သမျှ မညည်းမညူ ကြွခဲ့၏။ ဘာဆေးဖိုးဝါးခမှ မယူ။ ခြေကြွခ ယူဖို့ ဝေလာဝေး စေတနာသန့်သန့်ဖြင့် ကုသပေးခဲ့သော ဆရာ။

သည်တော့ တုံ့ပြန်ကျေးဇူး တစ်ဦး မေတ္တာ တစ်ဦး စေတနာ ဟူသော သဘောအရ ဆရာကြီး ဦးစံပင် ဆီကို သွားအပ်ရလို့ရပေမည်။

“မိဂျမ်း”

“တော်”

“ပွေးဆယ့်ငါးကောင် ရလာတယ်။ တစ်ကောင်ကို ငပေါ ယောက္ခမ အတွက် ချန်ထား။ ငပေါ ယောက္ခမကို ပွေးထိုးထွက်တဲ့ နောက်ရက် နောက်ရက် တွေမှ ထပ်ပြီး နှစ်ကောင် ပေးတာပေါ့။ ကျန်တဲ့ ဆယ့်လေးကောင်ကို ဆရာကြီး ဦးစံပင်ဆီ သွားပို့။ ဆရာကြီး လူနာတွေ အတွက်ပါ။ ရောင်းဈေး ပြောပါဆိုရင် ဆရာကြီး သုံးဖို့အတွက် ယူတဲ့ အကောင် မှန်သမျှ ကန်တော့ ပါတယ်လို့ ပိုက်ဆံ လုံးဝ မယူပါဘူးလို့။ ကျန်တဲ့ အကောင်တွေကိုလည်း ဆရာကြီး သင့် တော်ရာ ဈေး ဖြတ်ပေးပါ။ ဈေး မဆိုပါဘူးလို့။

သည်မျှ ပြောလျှင် မိဂျမ်း အလုပ် လုပ်ရပြီ။

ပင်ပန်းခဲ့သမျှ ရေနွေးကြမ်းကို တရွှီးရွှီး မှုတ်သောက်၍ ငတော အပန်း ဖြေသည်။ မိဂျမ်း ပြန်ရောက်ချိန်နှင့် သူ အပန်းပြေချိန်၊ ချွေးအေးချိန်၊ ထမင်းစားချိန် ကိုက်လိမ့်မည်။

မိဂျမ်း ပြန်လာသောအခါ ပွေးထည့်သော လွယ်အိတ်ထဲ ထည့်လာသည့် ပိုက်ဆံများကို ငတောရှေ့ ရောက်ရောက်သွန်သွန် သွန်ပြသည်။

“ဟာ ပိုက်ဆံတွေ များလှချည်လား ”

များဆို ဆရာကြီး ဦးစံပင်က ပွေးတစ်ကောင်ကို ငွေငါးဆယ်နှုန်း ဈေးဖြတ်ပေးပြီး ချက်ချင်း ငွေပေးခိုင်းတာကိုး တော့်။ ဆရာကြီး အသုံးကျ သလောက် ယူပါဆိုတော့ ဒီကောင်မလေး မွဲလှ၊ ထမင်းရည် တစ်ဇွန်းကူသောက်။ ငါ မလုပ်ရက်ပါဘူးဟာ ငါ့ ကိုယ်ရေးကိုယ်တာလည်း အသုံးမကျ ပါဘူး။ ငါ့ ဝေဒနာရှင်တွေအတွက် ခုလို တကူတက လာပို့တာနဲ့ပဲ နင်တို့အိမ်ကို ငါ ဆေးကုပေးရကျိုး နပ်လှပါပြီ။ နင်တို့လည်း ထိုက်ထိုက်တန်တန် ရအောင် ငါမျှမျှတတ ဈေးဖြတ်ပေးပါ့မယ် ပြောပြီး ခုလို လုပ်ပေးလိုက်တာ။

“ဟင် နင့်ဘကလွှား၊ ဒါဆို ပွေးတစ်ဆယ့်လေးကောင်၊ ဆယ်ကောင်က ငါးရာ၊ ဟိုလေးကောင်က နှစ်ရာ၊ ငွေခုနစ်ရာတောင်မှပါလား။ နင့်အမေရ၊ ဘဝဆိုတာ မယုံကြည်နိုင်စရာ မျက်လှည့်ပွဲ တစ်ခု ဝင်ကြည့်ရသလိုပဲနော်။ မနေ့ညနေကဖြင့် ထမင်းမှ ဝအောင် မစားနိုင်လို့ တစ်မျိုး ခံစားရတယ်။ ခုလိုကျပြန်တော့ တစ်မျိုး ခံစားရပြန်တယ်”

“ဆေးဖော်ဖို့ ဝယ်တော့ တစ်လုံးတစ်ခဲတည်း ရတာပေါ့ ၊ တော် ထမင်း စားတော့မလား”

“နင့်အမေရာ၊ ငါ့ ရင်ထဲ အလိုလို ပြည့်နေပါပြီ၊ ခုမနက် ထမင်း စားချင်စိတ်တောင် ခပ်လျော့လျော့ပဲ”

“ဖြစ်နိုင်ရင် ခုမနက် ထမင်း။ တော် လျှော့သာစား၊ ညနေမှာ ငလုံး ယူလာတဲ့ ဝက်သားကို ဆီလည်ရေလည် ချက်မယ်၊ ငရုတ်သီးနဲ့ ငါးပိကြော် မယ်။ အိမ်စည်းရိုး စိုက်ထားတဲ့ ခွေးတောက်ပင်က ခွေးတောက်ရွက် ခူးပြီး တို့ရအောင် ပြုတ်မယ်။ တော် ခူးလာတဲ့ ခံတက်ရွက် သိပ်ထားတဲ့ ခံတက်ချဉ် ကလည်း ညနေဆို ချဉ်နေပြီတော့၊ ခံတက်ချဉ် လုပ်မယ်။ ကုလားပဲဆန် ခွဲခြမ်းလေး တစ်နပ်စာလောက် ဝယ်ပြီး အလှူဟင်းချို ချက်သလို ချက်မယ်။ အဲဒါကြောင့် တော့်ကို ကနေ့ မနက် ထမင်းလျှော့စားလို့ ပြောချင်တာ”

“ဆန်ကကော”

“ဒီတစ်နပ်ပဲတော် ငလုံး ထင်းပေါက် ရတဲ့ ငပေါဆီက ဆန်တစ်ပြည် ရှိသားပဲ။ ဆန်သန့်သန့် ထမင်းချက်ရမှာပေါ့ ဆန်ထမင်းလေ”

“နင့်အမေ ပြောတာနဲ့ ငါ သွားရည်တောင် ကျချင်လာပြီ။ ကဲ…ကဲ မနက်စာ ထမင်း စားရအောင် ခူးဦး။ ညနေကျမှ ဝက်သားကျွေး အလှူကို စားသလို အားပါးတရ တွယ်လိုက်ရဦးမယ်။ မနက် ထမင်းကတော့ အူကို ထိန်းရုံပေါ့ နင့်အမေရယ်”

ညနေမှာ ဆန်ထမင်း ဖြူဖြူလေးရယ်။ ဝက်သား ဆီလည်ရေလည်လေးရယ်။ ငရုတ်သီးနှင့် ငါးပိနုကြော်လေးရယ်။ ခွေးတောက်ရွက်ပြုတ် အတို့လေးရယ်။ ခံတက်ချဉ်သုပ် လေးရယ်။ အလှူပဲဟင်းချိုလို ချက်ထားမည့် ပဲဟင်းချိုလေးရယ်။ ငတော စားရမည်မို့ ဝမ်းသာကြည်နူး မဆုံး။

မစားရသေးခင်မှာပင် အတွေးနှင့် သွားရည်များ ပြည့်လျှံလာ၍ ငတော သူ့ပါးကို ယောင်ရမ်းကိုင်မိသည်။

သူ့ပါးကိုင်မိမှ သူ့မျက်စိထဲ၌ ဝက်သားကျွေး အလှူတိုင်း၌ ပါလေ့ ရှိသော ဗလာဆိုင်းထဲက နှဲသမားကြီး၏ ပါးကို ငတော သတိရမိ၏။

ဗလာဆိုင်းထဲမှ နှဲသမားကြီး နှဲမှုတ်နေသောအခါ နှဲသမားကြီး၏ ပါးသည် တစ်ခါတစ်ခါ ဖောင်းလာလိုက် တစ်ခါတစ်ခါ ပိန်လိုက်၊ နှဲမှုတ် နေသော နှဲသမားကြီး၏ ဖောင်း၊ ပိန်၊ ပိန်၊ ဖောင်း မျက်နှာသည် ငတော အတွေး၌ တစ်ရစ်ဝဲဝဲလည်။

ဘဝဟူသည် နှဲသမားကြီး၏ ပါးလို ပိန်လိုက် ဖောင်းလိုက်၊ ဖောင်းလိုက် ပိန်လိုက် ရှိနေသည်ဟု ငတော တွေးမိပြီး ပြုံးစစ။

စာကြွင်း။ ။ ပွေးကို အခြားဒေသများ၌ ထောင်ချောက်ဖြင့် ထောင်ကြောင်း ကြားသိရပါသည်။

စာစီ – မီးမီး