ဝက်ဝံကြီးခဲလောင်

နောက် လျှောခနဲလဲကျတော့သည်။ ဦးတောကျော်မှာ လက်မြန်သဖြင့် အိုက်ခမ်းကျောပေါ်မှ ခြင်းတောင်းကြီးအား ဖမ်းဆွဲထားလိုက်၍သာ အိုက်ခမ်းတစ်ယောက် ဆင်ခြေလျောကြီးအတွင်းသို့ ကျမသွားခြင်းဖြစ်သည်။ အိုက်ခမ်းက မတ်တပ်ပြန်ထသော်လည်း ဘယ်ဖက်လက်မှာ ကောက်နေလေသည်။ ဆရာခိုက ထိုလက်အားကြည့်ရှုစစ်ဆေးပြီး

“အရိုးကျိုးသွားပြီး အိုက်ခမ်းရေ၊ ရှေ့ရွာရောက်တော့ ငါကုပေးမယ်၊ မင်းဆက်လျှောက်နိုင်တယ်မဟုတ်လား”

အိုက်ခမ်းက ခေါင်းညိတ်လိုက်ကာ ထိုလက်အား တွဲလောင်းချလျှက် ဆက်လက်လျှောက်လှမ်းလာသည်။ မကြာမီ သစ်လုံးတိုင်ကြီးနှစ်တိုင်စိုက်ထူထားသည့် နေရာသို့ရောက်ခဲ့သည်။ အရှေ့တွင်တော့ တောင်ခါးပန်းက အနည်းငယ်ကျယ်ဝန်းသွားကာ မြေပြန့်သဖွယ်ဖြစ်သွားသည်။ ထိုနေရာတွင် အိမ်ခေါင်မိုးနှင့် မြေကြီး ထိလုနီးပါး တည်ဆောက်ထားသည့် တဲအိမ်ပုကလေးများကိုတွေ့လိုက်ရသည်။

“ရောက်ပြီ၊ ဟောဒါ လုံဖိုင်ရွာပဲ”

ခွန်နောင်တစ်ယောက် အသံပြုလိုက်ရာ တဲအိမ်များအတွင်းမှ လူများထွက်လာကြသည်။ ဆရာခိုနှင့် ခွန်နောင်မှာ ထိုလူများနှင့်စကားပြောပြီးနောက် ထိုလူများအနက်မှ လူကြီးတစ်ဦးက ခွန်နောင်တို့အား တဲအိမ်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

တဲအိမ်မှာ သစ်လုံးများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အမိုးအဖြစ်လည်း သစ်လုံးများကို စိတ်ခြမ်း၍ မိုးထားခြင်းဖြစ်သည်။ အိမ်ကလေးမှာ လူတစ်ရပ်ခန့်ပင်မမြင့်သော်လည်း သစ်လုံးတံခါးကိုဖွင့်၍ဝင်လိုက်သောအခါ မြေကြီးအောက်သို့ နှိုက်တူးထားကာ တည်ဆောက်ထားသဖြင့် အတွင်းတွင် အတော်အတန်ကျယ်ဝန်းလေသည်။ အိမ်တွင်းခန်းတွင် ထိုင်လိုက်ကြသည့်အခါ သစ်လုံးချောင်းများခင်းထားသည့် ကြမ်းပြင်မှာ နွေးထွေးနေလေသည်။

“ဦးတောကျော်ရေ၊ ဟောဒါကတော့ ဒီရွာက လူကြီးအခေါင်ပဲ၊ ဒီရွာမှာနေတဲ့လူတွေက ရွာလူကြီးဆိုပြီး ဦးစီးဦးရွက်မထားဘဲ အားလုံးသိုက်သိုက်ဝန်းဝန်းနဲ့ စုပေါင်းနေကြတာပေါ့ဗျာ”

အခေါင်ဆိုသည့် လူကြီးမှာ အသားအရေများမည်းနက်လျက် အတော်ကြမ်းတမ်းသည်။ လူကခပ်ပုပု၊ ဂင်တိုတို မျက်နှာကောက်ကောက်နှင့်ဖြစ်သည်။ တစ်ကိုယ်လုံးတွင်သန်မာသော ကြွက်သားများက အမြှောင်းအမြှောင်းထကာ ရှိနေကြသဖြင့် လူတစ်ဦးထက် မျောက်ဝံကြီးတစ်ကောင်နှင့်ပင် ပို၍တူနေသည်။ အိမ်အတွင်းမှာပင် အပေါ်အင်္ကျီကိုချွတ်ထားလေရာ မချမ်းအေးသည့်နှယ်ဖြစ်နေသည်။ ဦးတောကျော်တို့မှာတော့ ချမ်းအေးလွန်းလှသဖြင့် လက်ပင်ပိုက်ထားရသည်။

“ခင်ဗျားတို့ ဒီကိုဘာလာလုပ်တာလဲ”

ခွန်နောင်မှာ ဦးတောကျော်အားကြည့်လျှက်

“ဒီကလူကြီးက ဦးတောကျော်လို့ခေါ်ပါတယ်၊ မုဆိုးကြီးပါ၊ ကျုပ်လည်း မုဆိုးပါပဲ ကျုပ်တို့က ဒီကိုလာပြီး တောင်ဆိတ်လာပစ်တာပါ”

“တောင်ဆိတ်က သိပ်လျှင်တာနော် နင်တို့ပစ်နိုင်ပါ့မလား”

“ရပါတယ် အခေါင်”

အခေါင်က ခေါင်းညိတ်လျှက်

“ဟော ဟိုတစ်ယောက်က ဘာဖြစ်တာလဲ”

အထမ်းသမားအိုက်ခမ်းအား မေးမြန်းခြင်းဖြစ်သည်။ အိုက်ခမ်းမှာ လက်ကျိုးသွားသဖြင့် လက်ကိုကပ်ထားလေသည်။ ခွန်နောင်က အိုက်ခမ်းအားကြည့်ရင်း

“အလာလမ်းမှာ ချော်လဲပြီးတော့ လက်ကျိုးသွားတယ်ထင်တာပဲ”

“အရိုးကျိုးတာလောက်ကတော့ လွယ်ပါတယ်၊ ဟေ့ သမီးရေ၊ ဆေးနည်းနည်းယူလာစမ်းပါကွာ”

ထိုအခါ အိမ်အတွင်းမှ အလွန်လှပသည့် မိန်းကလေးတစ်ဦးထွက်လာခဲ့လေသည်။ မိန်းကလေးမှာ အသက်နှစ်ဆယ်ခန့်ပင်ရှိမည်ထင်သည်။ ထူထဲလှသည့် ဂျပ်ခုပ်ထည်ကိုဝတ်ဆင်ထားပြီး အပေါ်မှ မီးခိုးရောင်သားမွှေးထည်ကို ဝတ်ဆင်ထားသည်။ ထိုမိန်းကလေးက ဝါးကျည်တောက်ကြီးတစ်ခုအားယူလာခဲ့လေသည်။ ခွန်နောင်မှာ ထိုမိန်းကလေးအား အာသာငမ်းငမ်းဖြင့် လှမ်းကြည့်နေသဖြင့် ထိုမိန်းကလေးမှာ ရှက်ရွံ့နေပုံပေါ်သည်။

အခေါင်မှာ မိန်းကလေးလက်အတွင်းမှ ဝါးပိုးဝါးကျည်တောက်ကြီးကို ယူလိုက်သည့်အခါ မိန်းကလေးမှာ ဦးတောကျော်တို့အား တစောင်းအနေအထားဖြင့် ခပ်လှမ်းလှမ်းတွင်ထိုင်ချလိုက်သည်။ ခွန်နောင်မှာ ထိုမိန်းကလေးအား မျက်လုံးကျွတ်ကျမတတ်ကြည့်နေလေရာ ဦးတောကျော်ကပင် ခွန်နောင်အား လက်တို့လိုက်ရသည်။

“ခွန်နောင်၊ မင်းဘယ်လိုဖြစ်နေတာလဲ”

ခွန်နောင်လည်း ထိုတော့မှ အကြည့်ခွာတော့သည်။ အခေါင်မှာ ဝါးပိုးဝါးကျည်တောက်အတွင်းသို့ လက်နှိုက်လိုက်ကာ လျှာကြီးတစ်ခုကိုထုတ်ယူလိုက်လေသည်။ လျှာမှာကြမ်းတမ်းကာ ဆူးကဲ့သို့အဖုအထစ်များစွာပါကာ၊ လိမ်ကောက်ကောက်နှင့်ဖြစ်သည်။ ထို့နောက် ဝါးအတွင်းမှ အဆီခဲတစ်ခုကို လက်ဖြင့်နှိုက်ယူလိုက်ကာ ရေနွေးကြမ်းပန်းကန်လုံးထဲသို့ထည့်လျှက် မီးဖိုထဲသို့လှမ်းထည့်လိုက်သည်။

“အဲဒါ ဘာလျှာလဲဗျ”

ဆရာခိုက မေးမြန်းလိုက်ရာ

“တောင်ဆိတ်အထီးရဲ့ လျှာပေါ့ဗျာ၊ ကျုပ်တို့ဆီမှာ အရိုးတွေကျိုးပြီဆိုရင် ဒီလိုပဲကုသကြတာကိုး”

ဆရာခိုမှာ အနည်းငယ်အံ့သြသွားလျှက်

“တောင်ဆိတ်အဖိုရဲ့လျှာအစစ်ဆိုရင် သိပ်တန်ဖိုးရှိပြီး ရှားတယ်ဗျ”

အခေါင်က ခေါင်းညိတ်လိုက်ရင်း

“ခင်ဗျားတို့ဆီမှာသာ ရှားတာပါ၊ ကျုပ်တို့ဆီမှာတော့ ဖောချင်းသောချင်းပဲ”

“ခုနက ဆီကရော တောင်ဆိတ်ဆီမဟုတ်လား”

ဆရာခိုမေးလိုက်သည့်အခါ အခေါင်က ခေါင်းညိတ်ဖြေသည်။ ဆရာခိုက ဆက်လက်ပြီး

“တောင်ဆိတ်ဆီအစစ်ဆိုရင် နေဘယ်လောက်လှန်းလှန်း၊ လက်ဝါးထဲထည့်ပြီး ဘယ်လောက်ချေချေပွတ်ပွတ်အရည်မပျော်ဘူးတဲ့ဗျ၊ မီးနဲ့ကင်မှသာ အရည်ပျော်သတဲ့”

မီးဖိုထဲသို့ထည့်ထားသည့် အကြမ်းပန်ကန်လုံးအတွင်းမှ အဆီခဲကြီးမှာ တဖြည်းဖြည်းအရည်ပျော်သွားခဲ့သည်။ အခေါင်က ထိုအကြမ်းပန်းကန်ကို ထင်းချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ ပြန်ဆွဲထုတ်လိုက်လေသည်။ ထို့နောက် အိုက်ခမ်းလက်ကို လှန်လိုက်ရာ လက်မှာအရိုးကျိုးထားသည့် ဒဏ်ဖြင့် ဖူးယောင်နေချေပြီ၊ အခေါင်က အကြမ်းပန်ကန်လုံးကို ကိုင်လိုက်ကာ အိုက်ခမ်းလက်ဖျံပေါ်သို့ တစ်စက်ခြင်းစီ လောင်းချလိုက်သည်။ အိုက်ခမ်းမှာ မျက်နှာကြီး ရှုံ့မဲ့ကာ

“အား၊ ပူတယ်၊ ပူတယ်”

“မအော်နဲ့၊ ပူမှကောင်းတာ၊ ပူမှကောင်းတာကွ”

ထိုသို့ပြောရင်း အခေါင်က အိုက်ခမ်းလက်ဖျံရှိ တောင်ဆိတ်ဆီများကို လက်နှင့််ပွတ်သပ်ပေးနေလေသည်။ အကြမ်းပန်းကန်လုံးအတွင်းရှိ တောင်ဆိတ်ဆီများမှာ အပူရှိန်နှင့်ဝေးကွာသည့်အခါ တဖြည်းဖြည်းအနယ်ထိုင်လျှက် ပြန်လည်ခဲသွားသည်ကိုတွေ့ရလေသည်။ ထို့နောက် အခေါင်က တောင်ဆိတ်လျှာကြီးကိုယူလိုက်ကာ အိုက်ခမ်း၏လက်ဖျံကို အထက်မှအောက်သို့ ပွတ်ချပေးသည်။ ထို့နောက် အောက်မှအထက်သို့ တစ်ဖန်ပြန်လည် ပွတ်ပေးပြန်သည်။ အကြိမ်သုံးဆယ်ခန့် ပြုလုပ်ပြီးသည့်အချိန်မှ လျှာကြီးအားပြန်သိမ်းထားလိုက်တော့သည်။

(၂)

ထို့နောက် လက်ဖက်ခြောက်ခပ်ထားသည့် ရေနွေးများနှင့် ဧည့်ခံလေသည်။ အသားခြောက်ကင်များကိုလည်း ကျွေးမွေးသည်။ တောင်ယာစပါးခပ်ကြမ်းကြမ်းကို ယာဂုကဲ့သို့ ပစ်ပစ်ချက်ထားသည့် ထမင်းနှင့်တွဲဖက်စားသောက်ရသည်။ လက်ကျိုးသွားသဖြင့် ကပ်နေသည့် အိုက်ခမ်း၏လက်မှာ အနည်းငယ်ပြန်လည်လှုပ်ရှား၍ ရလာခဲ့သည်။ အိုက်ခမ်းမှာ ထိုလက်ဖြင့်ပင် အရာဝတ္ထုများကို ပြန်လည်ကိုင်တွယ်လာနိုင်ခဲ့သည်။ စားသောက်ပြီးသည့်အခါ စကားစမြည်ပြောဆိုကြသည်။

“တောင်ဆိတ်ဆီတကယ်စွမ်းမှန်း ကျုပ်တော့အခုမှပဲ သိရတော့တယ်ဗျာ၊ ကျုပ်တို့ပဲခူးရိုးမမှာ တောင်ဆိတ်မရှိဘူးဗျ”

ဦးတောကျော်ပြောလိုက်သည့်အခါ ဆရာခိုက ခေါင်းညိတ်ထောက်ခံလျှက်

“တောင်ဆိတ်ဆိုတာ အအေးကြိုက်တဲ့သတ္တဝါဗျ၊ သူတို့က မြင့်မားမတ်စောက်တဲ့တောင်တွေနဲ့၊ ချမ်းအေးလွန်းတဲ့နေရာဒေသတွေမှာပဲ စုဖွဲ့ပြီးနေထိုင်ကြတာ၊ အမြင့်ကြိုက်တယ်လို့လည်း ပြောလို့ရတယ်၊ တောင်ဆိတ်တွေက ကျောက်တောင်တွေပေါ်မှာပေါက်နေတဲ့ ရေညှိရေမှော်တွေ၊ သစ်ပင်မြက်ပင်တွေပဲ စားသောက်ကြတာ၊ တစ်ခါတစ်လေ ဟိုးကျောက်စွန်းပေါ်ပေါက်နေတဲ့ သစ်ခွတွေကိုတောင်မှ တက်ရောက်စားသောက်ကြတယ်”

“တစ်မျိုးမှတ်သားရတာပေါ့ ဆရာကြီးရာ”

အခေါင်က

“တောင်ဆိတ်တွေက ခြေထောက်တအားခိုင်တယ်၊ ရှေ့ခြေနှစ်ချောင်းက တိုတိုလေး၊ နောက်ခြေတွေက ရှည်တယ်၊ ဒါကြောင့် ဒီကောင်တွေက သိပ်ခုန်နိုင်တယ်၊ တံတောင်ဆစ်ချိုး(ကိုးဆယ်ဒီဂရီ) လောက် မတ်စောက်တဲ့ တောင်ကမ်းပါးတွေကိုတောင်မှ ကုပ်ဖက်တက်နိုင်ကြတယ်၊ ခွာတစ်နင်းစာရှိရင် ပြုတ်မကျအောင် နင်းထားနိုင်တဲ့ အကောင်တွေပေါ့ကွာ”

“ကျုပ်လည်းကြားဖူးတယ်ဗျ”

“တောင်ဆိတ်မှန်ရင် ချိုပါတယ်၊ အထီးတွေရဲ့ချိုက အမတွေထက်ပိုရှည်တယ်၊ သူတို့ချိုကြီးတွေက အထစ်အထစ်တွေနဲ့ ဓါးကောက်ကြီးတွေလို အနောက်ကိုလန်တက်သွားတဲ့ ချိုတွေပေါ့၊ တောင်ဆိတ်အစွမ်းကတော့ တစ်ကောင်လုံးသုံးလို့ရတယ်၊ တောင်ဆိတ်တွေက တောင်တွေတက်ရင်း ခြေထောက်ကျိုးပြီဆိုရင် သူတို့လျှာနဲ့ အထက်အောက်လျက်ပေးရုံနဲ့ အရိုးတွေပြန်ဆက်ပြီးကောင်းသွားတယ်၊ ဒါကြောင့် ခုနက လျှာနဲ့လျက်ပေးတာပေါ့၊ တို့ရွာနားမှာ ကျောက်တောင်ပေါတော့ အရိုးမကျိုးဖူးတဲ့လူ ဘယ်ရှိမလဲ၊ အကုန်လုံး ဒီနည်းနဲ့ပြန်ကောင်းကြတာပဲ”

“ထူးဆန်းပါ့ဗျာ၊ ဒါပေမယ့် လျှာဆိုတာက အသားတစ်ခုမဟုတ်လားဗျ၊ ဒီကောင့်ကို ကြာကြာသိမ်းထားရင်း ပုပ်သွားမှာပေါ့ဗျာ”

“တခြားအရပ်တွေမှာဆိုရင်တော့ ဟုတ်ရင်ဟုတ်မယ်၊ ဒါပေမယ့် ဒီရွာမှာကတော့ ဒီရာသီဥတု၊ ဒီအအေးဓါတ်နဲ့ဆိုတော့ ပုပ်ဖို့နေနေသာသာ နဂိုပုံစံအတိုင်းတောင် သိပ်မပျက်ချင်သေးဘူး၊ ပြီးတော့ သူ့ရဲ့အဆီနဲ့ နစ်နေအောင်စိမ်ထားတာကြောင့်လဲပါမှာပေါ့”

အခေါင်ပြောလိုက်သည့်အခါ အားလုံးခေါင်းညိတ်လိုက်ကြသည်။

“ကဲ မုဆိုးကြီးတို့ အိပ်ကြတော့၊ မနက်ကို မိုးမလင်းခင် အစောကြီးထရမယ်၊ ဘာလို့လဲဆိုတော့ တောင်ဆိတ်တွေက မနက်အစောကြီးထပြီးအစာရှာကြတယ်၊ အစာစားပြီးရင်တော့ တစ်နေ့လုံး ကျောက်ကြိုကျောက်ကြားမှာ သွားပြီးဝပ်နေ၊ အိပ်နေတဲ့ကောင်တွေဆိုတဲ့ ရှာပစ်ရတာ အင်မတန်ခက်တယ်”

မိန်းကလေးက ဝါးပိုးဝါးလုံးများကို ထက်ခြမ်းခြမ်းထားသည့် ဝါးခြမ်းများယူလာပေးလေသည်။ ထိုဝါးခြမ်းများကို ခေါင်းအုံးအိပ်ရန်အတွင် ဟန်ပန်လုပ်ပြလေသည်။ ဦးတောကျော်တို့ လူတစ်သိုက်လည်း မီးဖိုနံဘေးတွင်သာ အိပ်စက်လိုက်ကြသည်။ မအိပ်ခင် အခေါင်က ဝါးကျည်တောက်အတွင်းမှ တစ်ခုခုကိုထုတ်၍ ပါးစပ်အတွင်းသို့ ပစ်သွင်းနေလေသည်။ ဆရာခိုက

“အခေါင်၊ ခင်ဗျားဘာတွေစားနေတာလည်း”

“ပူရှိန်းကျောက်စားနေတာ၊ အဲဒါကို မနက်ခုနစ်လုံး ညခုနစ်လုံးစားရင် အချမ်းဒဏ်ခံနိုင်တယ်၊ အသက်ရှည်တယ်”

ဦးတောကျော်တို့လည်း စိတ်ဝင်စားသွားသည်။ ဆရာခိုက ထိုပူရှိန်းကျောက်ဆိုသည့်အရာကို တောင်းယူကြည့်လေရာ အဝါရောင်ကျောက်တုံးကလေးများဖြစ်နေသည်။ ဆရာခိုက အနံ့ခံကြည့်လျှက်

“ဟာ၊ ဒါတွေက ရှိန်းခိုတွေပဲ”

ဦးတောကျော်တို့လည်း ကြည့်ရှုကြသည်။ ရှိန်းခိုမှာအနံ့အလွန်ပြင်းသဖြင့် အနံ့ခံကြည့်ရုံနှင့်် တန်းသိနိုင်လေသည်။

“ရှိန်းခိုတွေဗျ”

ဆရာခိုက ခေါင်းညိတ်ရင်း

“ရှိန်းခိုစားရင်အသက်ရှည်တယ်၊ ကျန်းမာတယ် ဆိုတာတော့ ဆေးကျမ်းတွေထဲမှာ ဖတ်ဖူးလေ့လာဖူးတယ်၊ ဒါပေမယ့် အအေးဒဏ်ခံနိုင်တယ်ဆိုတာတော့ ခုမှကြားဖူးတာပဲ၊ ဒါနဲ့ အခေါင် ခင်ဗျားအသက်ဘယ်လောက်လဲ”

“ကျုပ်အသက်က ရှစ်ဆယ်ကျော်ပြီ၊ ရှစ်ဆယ်ကိုမှ သုံးနှစ်နီးပါးကျော်ပြီထင်တယ်”

ဦးတောကျော်တို့လူတစ်သိုက် အလွန်အံ့သြသွားသည်။

“တကယ်လားဗျ”

“ငါက မင်းတို့ကိုညာရမှာလားကွ”

အခေါင်မှာ အသက်ငါးဆယ်ခြောက်ဆယ်ခန့်ဟုပင်ထင်ရသည်။ အခေါင်၏ အသက်အမှန်ကိုသိလိုက်ရတော့မှ ဦးတောကျော်တို့ အံ့သြရသည်။ သို့သော် အခေါင်၏ မျက်နှာနှင့် လက်ဖမိုးများသည် အလွန်အိုမင်းနေကြောင်း ပြသနေသော်လည်း ကျန်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ကြွက်သားများမှာ အသက်ငါးဆယ်လူတစ်ယောက်နီးပါး သန်မာလှပေသည်။ အခေါင်မှာ အခြားဆေးဝါးများ မှီဝဲခြင်းမရှိဘဲ ထိုရှိန်းခိုကိုသာ မနက်အိပ်ရာထ ခုနစ်လုံး၊ ညအိပ်ရာဝင် ခုနစ်လုံး မြိုသည်ဟုသိရသည်။ အခေါင်၏ အသက်ရှည်ဆေးမှာ ထိုရှိန်းခိုကြောင့်ဖြစ်မည်ထင်သည်။

တစ်နေ့လုံးပင်ပန်းထားသည်မို့ ခေါင်းအုံးအဖြစ်အသုံးပြုသည့် ဝါးခြမ်းများပေါ်တွင် ခေါင်းချလိုက်သည်နှင့်် အိပ်မောကျသွားတော့သည်။ ညနက်လေလေ ရာသီဥတုက ချမ်းလေလေဖြစ်ရာ မီးပုံဘေးနားတွင်အိပ်ရသည်မှာပင် အလွန်ချမ်းအေးလွန်းလှသည်ဖြစ်ရာ မီးပုံအနီးသို့ တိုးဝှေ့အိပ်စက်ကြရသည်။

ဦးတောကျော်တို့အိပ်စက်နေစဉ်မှာပင် အလွန်ကျယ်လောင်သည့်အသံကြီးတစ်ခုကိုကြားလိုက်ရသည်။ မုဆိုးပီပီအိပ်စက်ရာတွင်လည်း နားကိုအမြဲစွင့်ထားပြီး သတိကပ်ထားရသည်မို့ ဦးတောကျော်က ငေါက်ခနဲကောက်ထထိုင်လိုက်သည်။ အနီးရှိတူမီးသေနတ်ကိုဆွဲလိုက်ပြီး ကျည်ဖြည့်သင့်မဖြည့်သင့် စဉ်းစားနေသည်။ အခေါင်ကလည်း အိမ်ခန်းအတွင်းမှ ဒူးလေးတစ်လက်ဆွဲကာအပြင်သို့ထွက်လာသည်။ ကျန်သည့် ခွန်နောင်၊ ဆရာခိုနှင့် အထမ်းသမားများမှာ ပုစွန်ထုပ်ကွေး ကွေးနေကြပြီး တုတ်တုတ်မျှမလှုပ်ကြပေ။

“ဘာအသံကြီးလဲ”

ဦးတောကျော်က အခေါင်အား လေသံကလေးဖြင့်မေးလိုက်လေရာ အခေါင်က အသံမထွက်ရန်အတွက် နှုတ်ခမ်းကိုလက်ညှိုးတင်ပြီး လက်ဟန်ခြေဟန်ဖြင့််လုပ်ပြလေသည်။ ထို့နောက် အခေါင်က တစ်တောင်ခန့်ရှိသည့်ဒူးလေးအတိုကလေးအတွင်းသို့ ဒူးလေးမြားတံတစ်ခုကိုသွင်းနေလေရာ ဦးတောကျော်လည်း အန္တရာယ်အရိပ်အယောင်ကို မြင်လိုက်ရသဖြင့်် တူမီးသေနတ်အတွင်းသို့ ကျည်ဖြည့်လိုက်လေသည်။ အခြားလူများအဖို့ တူမီးသေနတ်အတွင်းကျည်ဖြည့််ရသည်မှာ အချိန်ကြာကောင်းကြာနိုင်သော်လည်း ဦးတောကျော်မှာ သူ့သေနတ်အထာကိုသိနေသဖြင့် မိနစ်ဝက်ပင်မကြာခင်မှာ သေနတ်အတွင်းကျည်အဆင်သင့်ဖြစ်သွားသည်။ သေနတ်ကျည်ဆန်နှင့် အမဲလိုက်ဓါးမြှောင်ချိတ်ထားသည့် အမဲလိုက်လွယ်အိတ်ငယ်ကိုလည်း အသင့်ကောက်လွယ်လိုက်ကာ ထထွက်လာခဲ့သည်။

အခေါင်က အိမ်တံခါးကိုအသာဖွင့်လိုက်သည့်အခါ ပြင်ပမှအေးစက်သောလေအေးများက တဝူးဝူးနှင့်တိုးဝင်လာသည်။ အခေါင်က တဲအပြင်ထွက်သွားသည်မို့ ဦးတောကျော်တစ်ယောက် အခေါင်အနောက်မှ အသာကလေးလိုက်လာခဲ့သည်။ မှောင်အတိကျနေသည်မို့ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရပေ၊ အလွန်ပြင်းထန်လှသည့် လေများကလည်း တဝူးဝူးနှင့်တိုက်ခတ်နေလေရာ လမ်းသွားသည့်အခါ ခါးကိုကုန်းလျှက် ကုန်းကုန်းကလေးသွားလာရပေသည်။ ထိုနေရာတွင် မတ်တပ်ရပ်လိုက်ပါက ပြင်းထန်သည့်လေအေးတိုက်ခိုက်မှုကြောင့်် တောင်စောင်းမှလွင့်ကျသွားနိုင်ပေသည်။

မုဆိုးမျက်လုံးမို့ အခြားသာမန်လူများထက် ညအမှောင်တွင်ကောင်းစွာမြင်နိုင်သဖြင့် ဦးတောကျော်အတွက် မခဲယဉ်းလှပေ၊ အရှေ့မှ အခေါင်ကတော့ ဒူးလေးကိုင်လျှက် ခပ်သွက်သွက်သွားလာနေသည်။ ရွာတွင်းအိမ်ကလေးများကို မသဲမကွဲမြင်တွေ့ရသည်။ အိမ်ကလေးများမှာ မှောင်အတိကျနေပြီး တိတ်ဆိတ်နေလေသည်။ အခေါင်က အိမ်ကလေးတစ်ခု၏ သစ်လုံးနံရံကို အကာအကွယ်ယူကာ ရွာအတွင်းတစ်နေရာသို့ ငေးကြည့်နေလေသည်။

ဦးတောကျော်လည်း နီးရာကျောက်တုံးကြီးတစ်ခုနှင့် အကာအကွယ်ယူလိုက်ကာ အခေါင်ကြည့်နေသည့်နေရာသို့ အသာကလေးငေးကြည့်နေမိသည်။ ထိုစဉ် ရွာအတွင်းလေးလံစွာသွားလာနေသည့် ခြေသံကြီးများကိုကြားလိုက်ရသည်။ ခြေသံက တဘုတ်ဘုတ်နှင့်သွားလာနေခြင်းဖြစ်ကာ သူတို့နှင့််တဖြည်းဖြည်းနီးလာလေသည်။ ဦးတောကျော်၏ အတွေ့အကြုံအရ ခြေသံကိုကြားလိုက်ရုံမျှဖြင့် အလွန်သန်မာထွားကျိုင်းသည့် တောကောင်တစ်ကောင်ဖြစ်မည်မှန်း သိလိုက်ရသည်။

မှောင်မိုက်နေသည့် မြင်ကွင်းအတွင်းဝယ် အလွန်ကြီးမားသည့် အကောင်ကြီးတစ်ကောင်ကို ရိပ်ခနဲမြင်တွေ့လိုက်ရသည်။ ထိုအကောင်ကြီးမှာ သစ်သားတဲအိမ်ကလေးတစ်ခုအနီးသို့ တိုးကပ်သွားလိုက်ပြီးနောက် တဲအိမ်ကလေး၏ နံရံကိုအားကုန်တွန်းလှဲလိုက်လေသည်။ ဝုန်းခနဲ အသံကြီးမြည်သံတစ်ချက်ကြားလိုက်ရပြီးနောက် တဲအိမ်နံရံမှာပွင့်ထွက်သွားလေသည်။ တဲအိမ်အတွင်းမီးဖိုထားသည့် မီးဖိုအလင်းရောင်ကြောင့် အမွှေးထူထူနှင့်အကောင်ကြိးကို ထင်ရှားစွာတွေ့မြင်လိုက်ရသည်။ ရင်ဘတ်တွင်အဖြူကွက်ရှိပြီး တစ်ကိုယ်လုံးနက်မှောင်ထူထဲသည့် အမွှေးရှည်ကြီးများရှိသည့် ဝက်ဝံနက်ကြီးတစ်ကောင်ပင်ဖြစ်နေသည်။

“ရွှီး . . .ရွှီ”

ထိုအခိုက်မှာပင် အခေါင်က လေတစ်ချက်ချွန်လိုက်ကာ ပုန်းကွယ်နေရာမှထွက်လာပြီး ဝက်ဝံနက်ကြီးကို ဒူးလေးဖြင့်ထိုးချိန်ထည့်လိုက်သည်။ ဝက်ဝံနက်ကြီးမှာ အသံကြားရာသို့လှည့်ကြည့်လိုက်သည့်အချိန်မှာပင် အခေါင်က ဒူးလေးမောင်းခလုပ်ကိုလွှတ်ချထည့်လိုက်သည်။ ဒူးလေးမြားတံမှာ ဒူးလေးမှ ဝှီးခနဲပြေးထွက်သွားပြီး ဝက်ဝံနက်ကြီးထံသို့ တည့်တည့်ပြေးဝင်သွားသည်။ သို့သော်လည်း ပြင်းထန်သည့်လေတိုက်နှုန်းကြောင့် မြားလမ်းကြောင်းမှာ အနည်းငယ်တိမ်းစောင်းသွားကာ ဝက်ဝံနက်ကြီး၏ ဦးခေါင်းတည့်တည့်အားမထိဘဲ နားရွက်အနီးမှ ဖြတ်သန်းသွားလေသည်။

အခေါင်မှာအလွန်အံ့သြသွားမိသည်။ ဝက်ဝံနက်ကြီးနှင့် အခေါင်မှာ အလံနှစ်ဆယ်လောက်သာဝေးသော်လည်း မြားချက်မထိသည့်အတွက်ကြောင့်ဖြစ်မည်။ အခေါင်က ချက်ချင်းပင် ခါးတွင်ချိတ်ထားသည့် မြားကျည်တောက်အတွင်းမှ ဒူးလေးမြားတံတစ်ခုကိုဆွဲထုတ်လိုက်ကာ ဒူးလေးအတွင်းသို့ထည့်ရန်ပြင်ဆင်သည်။ သို့သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဝက်ဝံနက်ကြီးက ဒူးလေးပစ်လွှတ်လိုက်သည့် အခေါင်ထံသို့ အရှိန်ဖြင့်ပြေးဝင်လာလေသည်။

ဦးတောကျော်က ဝက်ဝံနက်ကြီးဆီသို့ တူမီးသေနတ်ကိုချိန်ရွယ်လိုက်ကာ သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်သည်။ သေနတ်မောင်းတံမှာ နားခွက်အတွင်းသို့အရှိန်နှင့်ရိုက်ခတ်ကာ ချောက်ခနဲမီးပွင့်သွားသော်လည်း သေနတ်ကျည်အိမ်အတွင်းသို့ မီးမကူးသဖြင့်် သေနတ်မှာကျည်မထွက်ပေ၊ ဦးတောကျော်မှာ သေနတ်မောင်းအား နောက်တစ်ကြိမ်လက်မဖြင့်ဆွဲလိုက်ပြီး ခလုပ်ကိုညှစ်ထည့်လိုက်သော်လည်း နောက်တစ်ကြိမ်ချောက်ခနဲအသံမြည်ကာ သေနတ်ကျည်မထွက်ပေ။

ထိုအချိန်မှာပင် ဝက်ဝံနက်ကြီးက အခေါင်ကိုလက်သည်းချွန်ကြီးများနှင့် လှမ်းပုတ်လိုက်လေသည်။ သတိကောင်းသည့် အခေါင်မှာ ဒူးလေးဖြင့် ထိုပုတ်ချက်ကို ခံလိုက်လေရာ ဒူးလေးမှာ ဖြောင်းခနဲကျိုးကျသွားပြီး အခေါင်တစ်ယောက် မြေပေါ်တွင်ဖင်ထိုင်လျှက်သား လဲကျသွားသည်။ ဝက်ဝံနက်ကြီးက အခေါင်အား မကိုက်သတ်သေးဘဲ မတ်တပ်ရပ်လိုက်ကာ အလွန်ကျယ်လောင်သည့် အသံကြီးနှင့် မာန်ဖီလိုက်သေးသည်။

ဦးတောကျော်မှာ အချိန်မရတော့ပြီမို့ လွယ်အိတ်ကြိုးတွင်ချိတ်ထားသည့် အမြဲလိုက်ဓါးမြှောင်အားဆွဲထုတ်လိုက်တော့သည်။ ထို့နောက် ဓါးမြှောင်၏ အသွားချွန်ကို လက်ဖြင့်ကိုင်လိုက်ကာ ဝက်ဝံကြီးအား ဓါးမြှောင်ဖြင့်လှမ်းပစ်ရန်အတွက် သုံးလေးချက်ခန့် ဆကြည့်နေသေးသည်။ ဓါးမြှောင်ကိုင်သည့်လက်ကို အနောက်သို့ဆုတ်လိုက်ကာ ကျန်လက်တစ်ဖက်ကို မျက်စိရှေ့တွင်ထားလိုက်ပြီး ဝက်ဝံကြီး၏ ဦးခေါင်းတည့်တည့်ကို သေချာချိန်ရွယ်နေမိသည်။ ထို့နောက် အချိန်မဆိုင်းတော့ဘဲ ဓါးမြှောင်ကိုင်ထားသည့်လက်ကို အရှေ့ဘက်သို့ အားကုန်လွှဲကာ ပစ်ချထည့်လိုက်တော့သည်။

ဦးတောကျော်ပစ်ထည့်လိုက်သည့် ဓါးမြှောင်မှာ လေထဲတွင်ပတ်ပတ်လည်လျက် ပျံသန်းသွားပြီးနောက် ဝက်ဝံကြီး၏ ဦးခေါင်းတည့်တည့်ကို တိုးစိုက်ဝင်သွားသည်။ ဖောက်ခနဲအသံအကျယ်ကြီးတစ်ချက်ကြားလိုက်ရပြီးသည့်နောက် ဝက်ဝံကြီး၏ အော်ညည်းသံကြီးများ ကျယ်လောင်စွာထွက်ပေါ်လာသည်။ ဝက်ဝံကြီးမှာ ခေါင်းကိုဘယ်ညာခါရမ်းလိုက်ပြီးနောက် လေးဘက်ကုန်း၍ လာရာလမ်းအတိုင်း လျှင်မြန်စွာထွက်ပြေးလေတော့သည်။

“ခဲလောင် . . . ခဲလောင်”

အခေါင်က အသံနက်ကြီးနှင့် အော်ဟစ်လိုက်သည့်အခါမှ ရွာသားများမှာ ရရာလက်နက်များစွဲကိုင်လျှက် တဲအိမ်များအတွင်းမှပြေးထွက်လာကြလေသည်။ အချို့မှာလည်း ဝါးလုံးခေါင်းများ၊ ဒန်အိုးဒန်ခွက်များကို တဒေါင်ဒေါင်နှင့်ထုနှက်ကာ အသံပေးကြသည်။ ဝက်ဝံနက်ကြီးမှာတော့ အမှောင်တောကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်သည်။ ဦးတောကျော်က အခေါင်ထံသို့ပြေးလွှားလိုက်ကာ လဲကျနေသည့်အခေါင်အား ဆွဲထူလိုက်လေသည်။

“မင်း . . . မင်းကယ်ပေလို့သာပေါ့ကွာ၊ မဟုတ်ရင် င့ါဘဝက မတွေးရဲစရာပဲ”

“ရပါတယ်ဗျာ၊ ကိစ္စမရှိပါဘူး”

မီးတုတ်ကိုင်စွဲထားသည့် ရွာသားများအနားသို့ရောက်လာသည့်အခါ မြေပြင်တစ်နေရာတွင်ကျနေသည့် ဦးတောကျော်၏ ဓါးမြှောင်ကိုပြန်တွေ့လိုက်ရသည်။ ကိုးလက်မခန့်ရှိသည့် ဓါးမြှောင်ကလေး၏ထိပ်အချွန်တွင် ကြီးမားသည့်အလုံးကြီးတစ်လုံးက ကပ်ညိနေလေရာ အခေါင်က ဓါးမြှောင်ကိုကောက်ယူလိုက်ရင်း

“ဟား၊ ခဲလောင်ကြီးကတော့ ချက်ကောင်းထိသွားတာပဲဟေ့၊ မျက်လုံးတည့်တည့်ကိုဓါးဖောက်မှန်သွားပြီးတော့ ဒီကောင်ခါတဲ့အရှိန်နဲ့ မျက်လုံးတစ်ဖက်က ကျွတ်ကျခဲ့တာပဲဟေ့”

ထိုအခါရွာသူရွာသားများမှာ ဦးတောကျော်အား အလွန်လေးစားသည့်အကြည့်များဖြင့်ကြည့်ကြသည်။ ပျက်စီးသွားသည့် တဲအိမ်အတွင်းနေထိုင်သူများကလည်း ဦးတောကျော်အား အရိုအသေပေးကုန်ကြလေသည်။ ဝက်ဝံအော်သံကြောင့် အိပ်မောကျနေသည့် ခွန်နောင်တို့မှာလည်း ပြေးထွက်လာကြကာ အနားသို့ရောက်လာသည်။

“ဘာဖြစ်တာလဲ ဦးတောကျော်”

“မင်းတို့က အိပ်ကောင်းကောင်းနဲ့အိပ်နေကြ၊ ငါတို့ကို ဝက်ဝံစားသွားရင်တောင် မင်းတို့သိလိုက်မှာမဟုတ်ဘူး”

ထိုအခါ ခွန်နောင်က ပြုံးလျှက်

“ဒါကတော့ဗျာ၊ ကျုပ်တို့လည်း တစ်လမ်းလုံးပင်ပန်းလာခဲ့ကြတာဆိုတော့ အိပ်ပျော်သွားလို့ပါဗျ”

အခေါင်မှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရသော်လည်း ဝက်ဝံကြီး၏ ပုတ်ချက်ကြောင့် လက်မောင်းကြွက်သားများမှာ နာကျင်သွားလေရာ ဦးတောကျော်က အခေါင်အားတွဲလျှက် တဲအတွင်းသို့ပြန်ဝင်လာခဲ့ကြသည်။ တဲအတွင်းရောက်သည့်အခါ အခေါင်က တောင်ဆိတ်ဆီများဖြင့် လက်မောင်းအိုးများကို လိမ်းကျံနေသည်။ ထိုအချိန်မှာပင် ဦးတောကျော်က မကြာခင်အချိန်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ခွန်နောင်နှင့် ဆရာခိုတို့အားပြောပြရာ ခွန်နောင်မှာ အလွန်အံ့သြနေမိသည်။

“ဒါပဲလေဗျာ၊ ဟောဒီက ဦးတောကျော်ဆိုတာ အင်္ဂလိပ်မင်းတွေက ဆုချထားရတဲ့ မုဆိုးပဲ၊ နှယ်နှယ်ရရမှ မဟုတ်တာပဲ”

အထမ်းသမား ပီစိုင်းနှင့် အိုက်ခမ်းမှာ ဦးတောကျော်အား အတော်လေးစားသည့်ဟန်ဖြင့် ဆက်ဆံကြလေသည်။ ဦးတောကျော်က ရေနွေးတစ်ခွက်သောက်လိုက်ရင်း

“ကျုပ်ဘဝတစ်လျှောက် မြင်တွေ့ခဲ့ဖူးတဲ့ ဝံတွေထဲမှာ ဒီကောင်ကြီးက အကြီးဆုံးပဲ၊ ပြီးတော့ ဝက်ဝံတွေဆိုတာ ပုံမှန်အားဖြင့် သူ့ဖာသာသူ အေးအေးနေတတ်တဲ့ကောင်တွေပါ၊ အခုဝက်ဝံက ဘယ်လိုဖြစ်ပြီးတော့ ရွာထဲရောက်လာသလဲဆိုတာ စဉ်းစားလို့မရဘူး”

အခေါင်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း

“အဲဒီဝက်ဝံကြီးကို ခဲလောင်ကြီးလို့ခေါ်တယ်ကွ”

“ခဲလောင်တဲ့လား”

“ဟုတ်တယ်၊ ဒီဝက်ဝံကြီးက လူသားစားတဲ့ဝက်ဝံကြီးပေါ့ကွာ၊ သူ့အကြောင်းပြောရမယ်ဆိုရင်တော့ နည်းနည်းရှည်သကွ၊ မင်းတို့နားထောင်ချင်ကြရဲ့လား”

“ဘယ်လိုပြောလိုက်တာလဲ အခေါင်ရာ၊ ကျုပ်တို့သိချင်တာပေါ့”

ခွန်နောင်ကပြောလိုက်သည့်အခါမှ အခေါင်မှာခေါင်းညိတ်ရင်း

“အေး၊ ဒါဆိုရင်လည်း ပြောတာပေါ့ကွာ၊ အဖြစ်ကတော့ ဒီလိုကွ”

(၃)

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကဖြစ်သည်။
ထိုစဉ်က လုံဖိုင်ရွာမှာ ယခုကဲ့သို့ လူဦးရေမနည်းသေးပေ၊ အိမ်ခြေငါးဆယ်ကျော်ရှိကာ လူဦးရေနှစ်ရာခန့်ရှိသည့် ရွာတစ်ရွာဖြစ်သည်။ ရွာနေလူထုအများစုမှာ တောင်ကြီးကိုအမှီသဟဲပြုကာ လုပ်ကိုင်ရှာဖွေကြသူများဖြစ်သည့်အလျှောက် သစ်တောထွက်ပစ္စည်းများကို ရှာဖွေရောင်းချစားသောက်နေကြသူများဖြစ်သည်။

ဝေးလံခေါင်သီလှသည့် လုံဖိုင်ရွာကြီးဆီသို့ ရှမ်းကုန်သည်တစ်ဦးက တစ်လလျှင်နှစ်ကြိမ်ခန့် ဝန်တင်လားများဖြင့် ကုန်သွယ်လာလေ့ရှိသည်။ ရှမ်းကုန်သည်ကြီးသယ်ဆောင်လာသည့် ဆန်၊ ဆီ၊ ပဲပုပ် အစရှိသည့် စားသောက်ဖွယ်ပစ္စည်းများနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို လုံဖိုင်ရွာသားများရှာဖွေထားသည့် သစ်တောထွက်ပစ္စည်းများဖြင့် နှစ်ဦးသဘောတူ လဲလှယ်ကြလေရာ လုံဖိုင်ရွာသားများမှာ တောင်အောက်ဆင်းစရာပင်မလိုဘဲ စီးပွားရှာနိုင်လေသည်။ ရှမ်းကုန်သည်ကြီးမှာလည်း တောင်ပေါ်မှ ရရှိခဲ့သည့် သစ်တောထွက်ပစ္စည်းများအား တောင်ခြေနှင့် အနီးအပါးမြို့များတွင် ဈေးတင်ကာ ပြန်လည်ရောင်းချသည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်် စီးပွားရေးတစ်ခုဟု ဆိုနိုင်ပေသည်။

လုံဖိုင်ရွာတွင် မုဆိုးများရှိသော်လည်း ထိုအထဲတွင် မုဆိုးကြီးအခေါင်နှင့် မုဆိုးကြီးမဲရိုးမှာ နာမည်ထင်ရှားသည်။ သူတို့နှစ်ဦးမှာလည်း အလွန်ခင်မင်ရင်းနှီးသည့် သက်တူရွယ်တူသူငယ်ချင်းများဖြစ်ကြသည်။ အမဲလိုက်ရာတွင်လည်း အတူတကွ အမဲလိုက်လေ့ရှိကာ ရရှိလာသည့် သားကောင်များကို တစ်ယောက်တစ်ဝက်ခွဲဝေယူငင်ကြလေ့ရှိသည်။ တစ်နေ့ ရှမ်းကုန်သည်ကြီး ရောက်လာလေရာ သတင်းထူးတစ်ခုပါလာခဲ့လေသည်။

“တောင်ခြေဆီဘူးရွာမှာ လူသားစားဝက်ဝံကြီးတစ်ကောင် သောင်းကျန်းနေတယ်ဆိုပဲ”

ထိုသတင်းကြားသဖြင့် အခြားရွာသားများမှာ ကြောက်လန့်တုန်လှုပ်သွားကြသော်လည်း မကြောက်လန့်သည့်သူနှစ်ဦးမှာ အခေါင်နှင့်ဦးမဲရိုးတို့ဖြစ်ကြသည်။

“ဆိုစမ်းပါအုံးကွ၊ ဝံကောင်က ဘယ်လိုဖြစ်ပြီးတော့ လူသားစားမိသွားတာလဲ”

“ဆီဘူးရွာသားတစ်ယောက်က တောင်ယာစိုက်ခင်းကိုစောင့်သတဲ့ဗျာ၊ ဒီအခါ တောထဲကနေ ဝက်ဝံနက်တစ်ကောင်ထွက်လာပြီးတော့ တောင်ယာစိုက်ထားတဲ့ ဖရုံသီးတွေကို ခိုးစားနေသတဲ့၊ ရွာသားက အစက ဝက်ဝံလို့မထင်ဘူးတဲ့ဗျ၊ လူလို့ပဲထင်တာ၊ ဒါနဲ့ ဒူးလေးကိုင်ပြီး တောင်ယာခင်းထဲဆင်းတော့မှ ဝက်ဝံဖြစ်နေတာ၊ ဝက်ဝံနဲ့ရွာသားနဲ့ တိုက်ခိုက်ရင်း ဝက်ဝံက ရွာသားရဲ့လက်ကိုကိုက်ဖြတ်ပြီးဆွဲပြေးလို့ လက်တစ်ဖက်ပြုတ်ထွက်ပြီး ပါသွားတယ်ဆိုတာပဲ၊ အဲဒီမှာ ဝက်ဝံက လူသွေးကိုသောက်၊ လူသားကိုမြည်းစမ်းကြည့်ပြီး လူသားမှ လူသားဖြစ်သွားတယ်ဆိုပါတော့ဗျာ”

“ဟ၊ ဆီဘူးရွာမှာ မုဆိုးတွေရှိပါတယ်ကွာ၊ သူတို့က ဝက်ဝံကို မပစ်ကြဘူးလားကွ”

“ပစ်တော့ပစ်မယ်ထင်တာပဲဗျာ၊ ဒါပေမယ့် ဝက်ဝံကြီးကို မထိလို့နေမှာပေါ့၊ ဝက်ဝံကြီးက ဆီဘူးရွာကကို ညညဆိုရင်လာချောင်းသတဲ့ဗျာ၊ လူတွေ့ရင်လူကိုသတ်စားတယ်၊ လူမတွေ့ရင် ဆိတ်တွေ၊ နွားတွေကို ဖမ်းဖမ်းစားတယ်ဆိုတာပဲ၊ အခုဆို လူသေတာ သုံးယောက်တောင်ရှိပြီဆိုပဲ၊ တစ်ရွာလုံးလည်း ကြောက်လန့်ပြီး နေ့ခင်းတောင် သိပ်မထွက်ရဲကြတော့ဘူး၊ ကျုပ်တောင်မှ ဒီကိုဘုရားတပြီးလာရတယ်၊ ကံကောင်းလို့ ဝက်ဝံနဲ့မတိုးတာဗျာ”

“ခင်ဗျားလည်းကြည့်လုပ်အုံးနော် ကိုယ့်ဆရာ”

“ဖြစ်ပါတယ်ဗျာ၊ သူတို့ပြောပုံအရ အဲဒီဝက်ဝံကြီးက နေ့ဘက်မထွက်ဘဲ တစ်နေရာမှာ ပုန်းပြီးအိပ်နေတယ်ဆိုသဗျ၊ ကျုပ်တို့နေ့လည်ပိုင်းခရီးဆက်မယ်ဆိုရင် အဆင်ပြေမှာပါ၊ ပြီးတော့ ကျုပ်မှာလည်း ဒါကြီးပါတယ်မဟုတ်လား”

ရှမ်းကုန်သည်ကြီးက သူ့ကျောတွင်လွယ်ထားသည့် သေနတ်ကိုပုတ်ပြသည်။ သေနတ်မှာ ခေတ်မီရိုင်ဖယ်သေနတ်ဖြစ်ကာ အမျိုးအစားအလွန်ကောင်းလှသည်။ အခေါင်တို့ပင် ထိုသေနတ်ကိုမမြင်ဖူးသဖြင့် ကိုင်တွယ်ကြည့်ကြလေသည်။

“သေနတ်ကတော့ တကယ့်နောက်ဆုံးပေါ်သေနတ်ပဲ”

“ဟုတ်တယ်ဗျ၊ ယိုးဒယားဘက်ကနေ ဈေးကြီးပေးဝယ်ထားတာဆိုပါတော့၊ ကျည်ငါးလုံးတစ်ခါထဲထိုးထားလို့ရတယ်၊ ငါးချက်ဆက်တိုက်ပစ်လို့ရတယ်ဗျ၊ ဒါကြီးသာရှိရင် ခင်ဗျားတို့ ဝက်ဝံကြီးခဲလောင် ဘာခံနိုင်ရိုးလဲဗျ”

“ခဲလောင်ဆိုတာ ဝက်ဝံလား”

“ဟုတ်ပါ့ဗျာ၊ ဘယ်ကနေဘယ်လို နာမည်ပေးလိုက်တယ်မသိဘူး ဆီဘူးရွာသားတွေကတော့ ဒီဝက်ဝံကြီးကို ခဲလောင်ကြီးလို့ခေါ်ကြတယ်”

လုံဖိုင်ရွာတွင် တစ်ညတာ နားကာ ရောင်းဝယ်မှုပြုလုပ်ပြီးသည့်နောက် ရှမ်းကုန်သည်ကြီးမှာ နောက်တစ်နေ့မနက်အစောမှာပင် အထမ်းသမားငါးယောက်၊ ဝန်တင်လား ရှစ်စီးနှင့်အတူ တောင်ပေါ်မှပြန်ဆင်းသွားလေတော့သည်။ ရှမ်းကုန်သည်ကြီးထွက်သွားပြီးသည့်အခါ ဦးမဲရိုးမှာ အခေါင်အိမ်သို့ရောက်လာသည်။

“ဝေ့အခေါင်၊ မင်းကိုငါ ပြောစရာရှိတယ်ကွ”

“ဝေး၊ မဲရိုး၊ လာလေကွာ၊ ငါလည်း မင်းကိုပြောစရာရှိလို့ မင်းဆီလာတော့မလို့ဘဲကွ”

ဦးမဲရိုးမှာ အခေါင်၏အိမ်အတွင်းသို့ ဝင်လာကာ အခေါင်နံဘေးတွင်ထိုင်လိုက်ရင်း

“ဆိုပါအုံး မဲရိုးရ”

“မင်းပြောစရာရှိတယ်ဆို၊ မင်းအရင်ပြောလေကွာ”

“အေး၊ ဒါဆိုလဲ ငါအရင်ပြောမယ်၊ ငါတော့ ဒီနေ့ပဲ တောင်အောက်ကိုဆင်းဖို့ဆုံးဖြတ်လိုက်ပြီကွ”

ဦးမဲရိုးက မျက်ခုံးပင့်လိုက်ပြီး

“ဘာလဲကွ၊ ဟိုခဲလောင်ဆိုတဲ့ကောင်ကြီးကို ပစ်ဖို့လား”

အခေါင်မှာ အံ့သြသွားကာ

“မင်းက ဘယ်လိုဖြစ်ပြီးသိနေတာလဲ”

“သိဆို ငါလည်းအဲဒါပြောမလို့လာတာကွ၊ ငါကတော့ ဆီဘူးရွာသားတွေကို ကိုယ်ချင်းစာသကွာ၊ ပြီးတော့ငါ့အဖေကလည်း ပြောဖူးတယ်၊ မုဆိုးဆိုတာ သားကောင်တွေကိုပစ်ခတ်ပြီးတော့ အသက်မွေးဖို့ချည်း သက်သက်မဟုတ်ဘူးတဲ့ကွ၊ ဆိုးသွမ်းပြီး လူသားတွေကိုရန်ရှာဒုက္ခပေးတဲ့ သားရဲတွေကို နှိမ်နင်းဖို့ကလည်း တာဝန်ရှိသတဲ့၊ ဒီတော့ ငါလည်းမုဆိုးတစ်ယောက်မဟုတ်လား၊ ဒီတော့ မုဆိုးရဲ့တာဝန်ပီပီ ငါတော့ ဆီဘူးကိုဆင်းပြီး ခဲလောင်ဆိုတဲ့ကောင်ကြီးကို အပြတ်ရှင်းပစ်ဖို့ စိတ်ကူးထားတယ်ဟေ့၊ အဲဒါ မင်းကိုလာတိုင်ပင်တာ၊ မင်းလိုက်ချင်လိုက်၊ မလိုက်ချင်ဘူးဆိုရင်လည်း နေခဲ့၊ ငါကတော့သွားမယ်”

“ဟ၊ ငါကလည်း မင်းကိုပြောမယ်ဆိုတာ အဲဒီစကားကိုပဲပြောမှာပါကွ၊ ငါလည်း သွားချင်နေတာနဲ့အတော်ပဲ၊ ဒါဆို မင်းသွားရင် ငါလည်းလိုက်မယ်ကွာ”

“ကောင်းတာပေါ့၊ တို့တွေစိတ်တူကိုယ်တူနဲ့ အတူတူသွားကြတာပေါ့ကွာ”

ထို့နောက် သူငယ်ချင်းနှစ်ယောက် ဝက်ဝံကြီးခဲလောင်ကိုပစ်ခတ်ရန်အတွက် လိုအပ်သည့် လက်နက်၊ ရိက္ခာများကို ပြင်ဆင်ကြကာ တောင်ပေါ်မှအတူတကွဆင်းသက်လာခဲ့ကြသည်။ နှစ်ဦးစလုံး၏လက်တွင် တစ်လံခန့်အရှည်ရှိသည့် ဒူးလေးကြီးများကိုစွဲကိုင်လျှက် သတိကြီးကြီးဖြင့်ဆင်းသက်လာခဲ့ကြလေသည်။

နေမွန်းလွဲသည့်အချိန်တွင် တောင်စောင်းတစ်နေရာသို့ရောက်လာခဲ့ကြသည်။ ထိုအခါ လဲကျနေသည့် ဝန်တင်လားများနှင့် ဖရိုဖရဲပြန့်ကျဲနေသည့် ဝန်စည်စလယ်များကိုမြင်တွေ့လိုက်ကြရသည်။

“ဟေ့ကောင်မဲရိုး၊ ဟိုမှာ ဘာဖြစ်နေတာလဲမသိဘူးကွ”

“အေးကွ၊ လားတွေလဲ လဲနေတယ်၊ ပစ္စည်းတွေကလည်း ပြန့်ကျဲနေတာပဲဆိုတော့ မဟုတ်မှလွဲရော ကုန်သည်ကြီးတို့များ တစ်ခုခုဖြစ်တာလား”

အခေါင်နှင့် ဦးမဲရိုးတို့မှာ ဒူးလေးများကိုအသင့်ပြင်လျှက် အခင်းဖြစ်သည့်နေရာသို့ အပြေးလာခဲ့ကြသည်။ မြေပျော့ပျော့တွင် လူခြေရာများ၊ ဝန်တင်လားများ၏ ခွာရာများမှာ ဗလပွဖြစ်နေသည်။ သွေးကွက်ကြီးများမှာလည်း မြင်မကောင်းအောင်ပြန့်ကျဲနေလေသည်။ ဦးမဲရိုးက မြေပြင်မှခြေရာများကို လေ့လာကြည့်ရာ ဝက်ဝံခြေရာနက်နက်ကြီးများကိုတွေ့လိုက်ရသည်။

“ဟာ၊ ဝက်ဝံခြေရာကြီးဟေ့၊ နည်းတာကြီးမဟုတ်ဘူးကွ”

“ဟုတ်ပ၊ ဒီမှာကျတော့ ကျည်ခွံတွေကွ၊ ဒါဆို မဟုတ်မှလွဲရော ကုန်သည်ကြီးက ခဲလောင်ကြီးနဲ့များ ဆုံခဲ့တာများလား”

“ဖြစ်နိုင်တယ်ဟေ့၊ ဒီဘက်မှာတော့ သွေးတွေနဲ့ တရွတ်ဆွဲထားတဲ့အရာကြီး၊ ငါ့အထင် လူတစ်ယောက်ယောက်ကို ဒီကောင်ကြီး ိကိုက်ချီပြီးဆွဲသွားတာနေမှာ”

သူငယ်ချင်းနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် နှစ်ဦးသား စွတ်ကြောင်းရာကြီးအတိုင်း လိုက်လာခဲ့ကြတော့သည်။

တောမှာ အတော်နက်လာသည်။ တောင်ခါးပန်းတစ်နေရာတွင် ထုံးကျောက်လှိုဏ်ဂူကြီးတစ်ခုကိုတွေ့ရသည်။ ထိုတောင်ခါးပန်းပေါ်မှနေ၍ လှမ်းကြည့်ုလိုက်သည့်အခါ တောင်အောက်ရှိဆီဘူးရွာကလေးကို လှမ်းမြင်တွေ့နေရသည်။

“ဒီကောင်ကြီးက နေရာကောင်းကိုရွေးထားတာပဲဟေ့၊ ဒီကနေထိုင်ပြီးတော့ ရွာကိုလှမ်းကြည့်နေပုံရတယ်ကွ”

ထုံးကျောက်ဂူကြီးနှင့် နီးကပ်လာသည့်အခါ အလွန်ပုပ်ဟောင်နံစော်လှသည့် အပုပ်နံ့များကိုရရှိသည်။

“ဒီကောင်ကြီး၊ ဒီဂူထဲမှာ နေတာဖြစ်မယ်ကွ”

“အေးကွ၊ ဒီလိုလုပ်ကြရအောင်မဲရိုးရာ၊ မင်းက လက်ဖြောင့်တယ်ဆိုတော့ ဟောဟိုသစ်ပင်ပေါ်မှာ သွားတက်နေစမ်းကွာ၊ ငါကတော့ ဂူရှေ့သွားပြီးတော့ ဒီကောင်ကြီးကိုစိန်ခေါ်မယ်ကွ၊ ဒီကောင်ကြီးထွက်လာတဲ့အခါ မင်းစောင့်ပစ်ပေါ့”

“အေးအေး၊ မင်းအကြံကောင်းတယ်”

ဦးမဲရိုးမှာ အနီးရှိသစ်ပင်ကြီးတစ်ပင်ပေါ်သို့ ကုပ်ဖက်တက်သွားလိုက်ပြီး သစ်ပင်ခွကြားပေါ်တွင် ကျကျနနထိုင်လိုက်ကာ ဒူးလေးကိုအသင့်ပြင်ထားလိုက်လေသည်။ အခေါင်မှာတော့ ထင်းရှူးသားဖြင့်ပြုလုပ်ထားသည့် မီးရှူးတိုင်တစ်ခုကိုယူလိုက်ကာ သစ်ရွက်စိမ်းများခူးလျှက် မီးရှူးတိုင်တွင်ချည်နှောင်လိုက်ပြီး မီးရှူးတိုင်ကို မီးညှိလိုက်သည်။ ထို့နောက် လက်တစ်ဖက်မှ တစ်တောင်ခန့််ရှည်လျားသည့် ဓါးရှည်တစ်ချောင်းကို ကိုင်စွဲလိုက်ကာ ဂူပေါက်ဝအနီးသို့ တိုးကပ်သွားလေသည်။

“ဟေ့ကောင်၊ ခဲလောင်ဆိုတဲ့ကောင်၊ ထွက်လာခဲ့၊ ထွက်လာခဲ့စမ်း”

အခေါင်အော်ဟစ်လိုက်သည့်အသံက ဂူအတွင်းဟိန်းထွက်သွားလေသည်။ သို့သော်လည်း ဂူအတွင်းမှ ပြန်လည်တုန့်ပြန်သံကိုမကြားရပေ၊ အခေါင်က အရှေ့သို့တိုးကပ်သွားလိုက်ရင်း

“ဟေ့ကောင်၊ ထွက်ခဲ့လေကွာ၊ မင်းပဲ လူသားကြိုက်တယ်ဆိုကွ၊ လာစမ်းပါ၊ ငါ့ကိုလာစားစမ်းပါ”

မည်သည့် တုန့်ပြန်သံကိုမှ မကြားရသဖြင့် အခေါင်က ဦးမဲရိုးဘက်သို့လှည့်ကြည့်လိုက်ကာ

“ဟေ့ကောင်၊ ဘာအသံမှမကြားရဘူးကွ၊ တန်တော့ ဒီကောင်ကြီး ဂူထဲမှာမရှိဘူးထင်တယ်”

ထိုအခိုက် ဂူအတွင်းမှ ကလေးငိုသံကလေးတစ်ခုကိုကြားလိုက်ရသဖြင့် သူငယ်ချင်းနှစ်ယောက်ထူးဆန်းသွားသည်။

“ဟေ့ကောင် ငါများနားကြားမှားသလားကွ”

“မင်းနားကြားမမှားပါဘူးကွာ၊ ငါလည်း ကလေးငိုသံကြားရတယ်ကွ၊ ကလေးက မွေးကင်းစ ကလေးအသံလို အသံလေးကွ”

“လာကွာ၊ ဒါဆိုဂူထဲမှာ တစ်ခုခုတော့ရှိမယ်ကွ၊ တို့တွေဝင်ကြည့်ကြစို့”

သူငယ်ချင်းနှစ်ယောက် ဂူအတွင်းသို့ဝင်လာခဲ့ကြသည်။ အခေါင်ကိုင်ထားသည့် မီးရှူးတိုင်မှာ သစ်ရွက်စိမ်းများပတ်ထားသဖြင့် မီးခိုးငွေ့များက တထောင်းထောင်းနှင့်ထွက်နေလေသည်။ ကျောက်ဂူများမှာ လေအားနည်းသဖြင့် ထိုသို့မီးခိုးမှိုင်းတိုက်လိုက်လျှင် အတွင်းတွင်ခိုအောင်းနေသည့် သားကောင်များမှာ ထွက်လာစမြဲဖြစ်သည်။ ကျောက်ဂူကြီးမှာ အတွင်းတွင်အတော်အတန်ကြီးမားလှသည်၊ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်များမှာလည်း အလွန်ထူထပ်များပြားလှသည်ဖြစ်ရာ ဝင်္ကပါကြီးတစ်ခုသဖွယ်ဖြစ်နေလေတော့သည်။

အတွင်းသို့ဝင်လာလေလေ ကလေးငိုသံက ကျယ်လောင်လာလေလေဖြစ်သည်။ ဂူအတွင်းတစ်နေရာသို့ရောက်သည့်အခါ လဲလျောင်းနေသည့်် မိန်းမတစ်ဦးကိုတွေ့လိုက်သည်။ ထိုမိန်းမ၏ ရင်ခွင်အတွင်းမှ ကလေးငိုသံထွက်ပေါ်နေခြင်းဖြစ်သည်။

“ဟာ၊ ဟေ့ ဟိုမှာ မိန်းမတစ်ယောက်ပါလားကွ”

ပြောရင်းဆိုရင်း ဦးမဲရိုးမှာ ထိုမိန်းမထံသို့အပြေးသွားလိုက်ကာ လှမ်းဆွဲလိုက်သည်။ တစ်ဖက်စောင်းလျက်သား လဲကျနေသည့်မိန်းမမှာ ကိုယ်တစ်ခြမ်းတွင်အသားများမရှိတော့ဘဲ အရိုးအရင်းသာကျန်နေလေသည်။

“ဟာ၊ တောကောင်တစ်ကောင်ကောင်စားသွားပြီထင်ပါ့”

ထိုမိန်းမ၏ တစ်ခြမ်းတည်းကျန်သည့် ရင်အုံကို ကလေးငယ်ကလေးတစ်ဦးက နို့စို့နေလေသည်။ မိခင်ဖြစ်သူမှာ သေဆုံးပြီးကြာပြီဖြစ်သဖြင့် နို့မထွက်သည့်အတွက် ငိုကြွေးနေခြင်းဖြစ်သည်။ ဦးမဲရိုးက ကလေးကိုဆွဲထုတ်လိုက်ရင်း

“ဟာ၊ ကလေးက မိန်းကလေးကွ၊ အသက်ကလည်း တစ်နှစ်တောင်ပြည့်မယ်မထင်ဘူး”

“အေးနော်၊ ဒီထဲကိုဘယ်လိုများရောက်လာပါလိမ့်”

“ဘယ်လိုရောက်ရမှာလဲကွာ၊ ဟိုခဲလောင်ကောင်ကြီး ဆွဲချီလာတာဖြစ်မှာပေါ့ကွ၊ ငါ့အထင်တော့ ဆီဘူးရွာက သားသည်အမေကို တက်ဆွဲတာဖြစ်မယ်၊ ဟိုက ကလေးလေးကိုပွေ့ထားလို့ ကလေးပါ ပါလာပုံရတယ်ကွ”

ထိုစဉ် အခေါင်မှာ မီးခိုးငွေ့များအကြားမှ အနက်ရောင်အရိပ်ကြီးတစ်ခုကို ရိပ်ခနဲလှမ်းမြင်လိုက်ရလေသည်။ ထိုအရိပ်ကြီးမှာ ဦးမဲရိုးဆီသို့ အလျှင်အမြန်ပြေးဝင်လာလေသည်။

“ဟေ့ကောင် မဲရိုး၊ သတိထား”

အခေါင်ပင်အော်၍မဆုံးလိုက်ပေ၊ ဝက်ဝံကြီးမှာ ဦးမဲရိုးအနောက်သို့ရောက်သွားပြီး ဦးမဲရိုး၏ ကျောကုန်းကိုလက်နှင့်ပုတ်ထည့်လိုက်လေသည်။ ဦးမဲရိုးမှာ အရှေ့သို့ယိုင်လဲကျသွားတော့၏။ အခေါင်က လက်ထဲမှ မီးရှူးတိုင်ဖြင့်် ခဲလောင်ကြီးအား လှမ်းပစ်ထည့်လိုက်ရာ မီးတိုင်မှာ ခဲလောင်ကြီး၏ ကိုယ်နှင့်တိုက်မိပြီးနောက် ခဲလောင်ကြီးရင်ဘတ်တွင်မီးစွဲလောင်လေသည်။

“ဟေ့ကောင် မဲရိုး၊ မဲရိုး မင်းရရဲ့လား”

ဦးမဲရိုးက လက်အတွင်းမှ ကလေးကို အခေါင်ဆီသို့လှမ်းပေးလိုက်ရင်း

“ငါ့ကို . . . ငါ့ကိုမင်းရဲ့ဓါးပေးစမ်းကွာ”

ဦးမဲရိုး၏ ကျောကုန်းမှာ ဝက်ဝံကြီးခဲလောင်၏ ချွန်မြလှသည့် လက်သည်းချက်များကြောင့် စည်သွပ်ဘူးကို အဖုံးဖွင့်ထားသည့်နှယ် ဟက်တက်ကွဲနေပြီဖြစ်သည်။

“မဲရိုး၊ မင်းအားတင်းထား၊ မင်းကိုငါကယ်မယ်”

“ဟေ့ကောင် အခေါင်၊ ငါပြောတာ နားထောင်စမ်းပါ၊ ငါမရတော့ဘူး၊ ငါမရတော့ဘူးကွ၊ ဒီတော့ မင်းပြေးတော့၊ ဒီကလေးကိုခေါ်ပြီး မင်းပြေးတော့၊ ငါဒီကောင်ကြီးကို အာရုံလွှဲထားလိုက်မယ်”

“မဟုတ်ဘူး မဲရိုး၊ မင်းကို ငါမထားခဲ့နိုင်ဘူး”

“လုပ်စမ်းပါကွာ၊ တို့နှစ်ယောက်လုံး သေလို့မဖြစ်ဘူးကွ၊ မင်းလွတ်အောင်ပြေးစမ်းပါ၊ ပြီးတော့ ဒီခဲလောင်ဆိုတဲ့အကောင်ကြီးကို ငါ့အတွက်လက်စားချေပေးစမ်းပါ သူငယ်ချင်းရာ”

ဝက်ဝံကြီးက မီးလောင်နေသည်များကို လက်နှင့်ပုတ်ကာ ငြိမ်းသတ်လိုက်ပြီးသည့်နောက် သူတို့ဘက်သို့ပြန်လှည့်လာလေသည်။ အခေါင်က ဦးမဲရိုးလက်အတွင်းမှ ကလေးငယ်ကိုဆွဲယူလိုက်ပြီး ဂူပေါက်ဝဘက်ဆီသို့ ပြေးထွက်လာခဲ့သည်။ ဝက်ဝံကြီးခဲလောင်မှာ ဂူအထွက်ဘက်တွင်ရပ်နေသည်မို့ အခေါင်ပြေးသည့်နေရာက ဝက်ဝံကြီးဆီသို့ တန်းတန်းမတ်မတ်ကြီးဖြစ်နေလေသည်။ ဝက်ဝံကြိးကလည်း တစ်ချက်ဟိန်းဟောက်လိုက်ရင်း အခေါင်အား လက်ဖြင့်ကုတ်ထည့်လိုက်သည်။ အခေါင်က ပြေးရင်းလွှားရင်း ကိုယ်ကိုအရှေ့ကိုကိုင်း၍ အမြန်ရှောင်လိုက်ရာ အခေါင်၏ ဦးခေါင်းအပေါ်မှ ဝက်ဝံလက်ကြီးက ဝှီးခနဲဖြတ်သန်းသွားသည်။ အခေါင်မှာ ဝက်ဝံကြီး၏ ချိုင်းကြားအောက်မှ တိုးထွက်ကာ ဂူအတွက်ဘက်သို့ ခြေကုန်ပြေးလေတော့သည်။ ဝက်ဝံကြီးက အခောင်အနောက်သို့ ပြေးလိုက်မည်ဟုပြင်လေရာ လဲကျနေသည့် ဦးမဲရိုးက ဓါးကိုင်ကာ မတ်တပ်ရပ်လိုက်ရင်း

“ဟေ့ကောင်ခဲလောင်၊ မင်းဘယ်ကိုပြေးမလဲ၊ ဒီမှာငါကျန်သေးတယ်၊ ငါရှိသေးတယ်ကွ”

ဦးမဲရိုးအော်လိုက်သဖြင့် ဝက်ဝံကြီးမှာ ဦးမဲရိုးဘက်သို့ပြန်လှည့်သွားလေသည်။ အခေါင်တစ်ယောက် ကလေးပွေ့ချီရင်း ဂူအပြင်သို့အမြန်ပြေးထွက်ခဲ့သည်မှာ ဖဝါးနှင့်မြေကြီးပင် ထိသည်ဟူ၍မထင်ရပေ။ ဂူအပြင်ခပ်လှမ်းလှမ်းရောက်သည့်အခါ ဂူအတွင်းမှ ဦးမဲရိုး၏ အော်သံကြီးကို ကြားလိုက်ရလေတော့သည်။ ထိုအခါ ဂူကိုလည်ပြန်တစ်ချက် ပြန်ငေးကြည့်ရင်း

“သူငယ်ချင်း၊ မင်းအတွက်ငါလက်စားချေပေးမယ်၊ မင်းအတွက် တစ်နေ့ ငါပြန်လက်စားချေပေးမယ်ကွ”

အခေါင်မှာ ပြောဆိုပြီးနောက် မောပန်းသွားသည့်အတွက် ရေနွေးတစ်ခွက်ကိုကောက်သောက်လိုက်လေသည်။ ခွန်နောင်က

“ဒါဆို အဲဒီဝက်ဝံကြီးက အနှစ်နှစ်ဆယ်ကြာတဲ့အထိ မသေဘဲ ရှိနေခဲ့တာပေါ့နော်”

အခေါင်က ခေါင်းညိတ်လျှက်

“ဟုတ်တယ် ခွန်နောင်၊ အနှစ်နှစ်ဆယ်လုံးလုံး ဟောဒီတောင်ကြီးပေါ်မှာ ရှိနေခဲ့တယ်၊ ဒါပေမယ့် တောင်အောက်ကိုတော့ သိပ်မဆင်းတော့ဘူးကွ၊ လူသားစားချင်တဲ့အခါတိုင်း တောင်ပေါ်က ရွာကလေးတွေဆီသွားရင်း လူတွေဆွဲတတ်လို့ တောင်ပေါ်မှာရွာတွေမရှိတော့ဘဲ ကောကုန်တာကြာပေါ့ကွာ၊ တို့ရွာတောင်မှ အခုမင်းတို့မြင်တဲ့အတိုင်း လူသိပ်မရှိတော့ဘူးလေကွ”

“ဒါဆို ဒီကောင်ကြီးက အမြဲလာတတ်တာလား”

“အမြဲတမ်းလာတတ်တာတော့မဟုတ်ဘူးကွ၊ ဒါပေမယ့် တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါဆိုသလို ပေါ်ပေါ်လာတတ်တယ်၊ ဒီကောင်ကြီးကို ငါအနှစ်နှစ်ဆယ်လုံး လိုက်ရှာပြီးတော့ လက်စားချေဖို့ကြိုးစားပေမယ့် ဒီကောင်ကြီးက ငါ့လက်ကနေ လက်မတင်ကလေး လွတ်လွတ်သွားတာ ထူးဆန်းတယ်”

ခွန်နောင်က တွေးရင်း

“ဒါဆို ခုနက ကလေးလေးဆိုတာကရော ဘယ်ရောက်သွားတာလဲဗျာ”

ထိုအခါ အခေါင်က အခန်းထောင့်တွင်ထိုင်နေသည့် မိန်းကလေးအား လက်ညှိုးလှမ်းထိုးပြရင်း

“အဲဒီကလေးက အခုငါ့သမီးပေါ့ကွာ၊ သူ့နာမည်က နန်းခင်တဲ့၊ ခဲလောင်ကြီးဆိုးသွမ်းနေတာ သူ့တစ်သက်ရှိပြီဆိုပါတော့”

“ဒါပေမယ့် အခေါင်က ဒီမိန်းကလေးအကြောင်းကိုမစုံစမ်းပဲ ဒီအတိုင်းမွေးထားလိုက်တာလားဗျ”

“ဘယ်ဟုတ်ရပါ့မလဲကွာ၊ ငါ့လို တစ်ကိုယ်ရည်တစ်ကာယ မုဆိုးတစ်ယောက်အတွက် ကလေးတစ်ယောက်ထိန်းရတယ်ဆိုတာ ဘယ်လွယ်မှာလဲ၊ ဒါနဲ့ငါလည်း ဒီတောင်အနားတစ်ဝိုက်က ရွာတွေဆီမှာ ဒီမိန်းကလေးရဲ့ ဆွေမျိုးသားချင်းတွေရှိမလားဆိုပြီး စုံစမ်းသေးတယ်၊ ခက်တာက သူ့ကိုဘယ်သူမှ မသိကြတာစိုးတာပဲ၊ နောက်ဆုံး ဘယ်လိုမှ ရှာမတွေ့တော့မှ ငါကသူ့ကိုမွေးစားလိုက်ရတာ”

ဦးတောကျော်က နန်းခင်ကိုတစ်ချက်ကြည့်လိုက်လေသည်။ နန်းခင်မှာ အသားအရည်ဖြူစင်ပြီး နက်မှောင်သည့် ဆံကေသာများရှိကာ အလွန်ချောမောလှပသည့် မိန်းကလေးတစ်ဦးပင်ဖြစ်သည်။ ဦးတောကျော်ကြည့်နေခိုက် နန်းခင်မှာလည်း ဦးတောကျော်ကိုပြန်ကြည့်လိုက်ရာ နှစ်ဦးသားမျက်ဝန်းချင်းဆုံတွေ့သွားပြီးနောက် ဦးတောကျော်စိတ်တွေလှုပ်ရှားလာခဲ့သည်။ စိတ်ထဲမလုံမလဲဖြစ်လာသည်မို့ မျက်လွှာကိုပြန်ချလိုက်ကာ

“ဒါနဲ့ အခေါင်၊ ခင်ဗျားလက်ဒဏ်ရာရထားတယ်ဆိုတော့ ဒီမနက် ကျုပ်တို့တောင်ဆိတ်တက်ပြီး ပစ်နိုင်ပါအုံးမလား”

အခေါင်က သွားဝါဝါကြီးများပေါ်အောင်ပြုံးလျှက်

“ဟား၊ ဟား မင်းတို့က ငါ့ကိုအထင်သေးတာကိုးကွ၊ ဒီလောက်ကတော့ ငါ့အတွက်အပျော့ပါ၊ စာမဖွဲ့ပါဘူးကွ၊ ရတယ်၊ အခုမင်းတို့ဆက်နားကြတော့၊ မနက်စောစောရောက်တာနဲ့ ငါတို့တောင်ပေါ်တက်ပြီး တောင်ဆိတ်သွားပစ်ကြမယ်”

“ဒါနဲ့ ခဲလောင်ကြီးကိုရော ဘယ်လိုလုပ်မလဲဗျ”

“ဒီကောင်ကြီးက အထိနာသွားပြီလေကွာ၊ ဝက်ဝံဆိုတာ သိပ်လည်တဲ့ကောင်တွေကွ၊ သူတို့အသားနာထားတဲ့နေရာကို နောက်တစ်ခေါက် ပြန်သွားဝံ့တာမဟုတ်ဘူး၊ ဒီတော့ ဒီကောင်ကြီးတို့ရွာကို လောလောဆယ်တော့ လာမှာမဟုတ်သေးဘူးကွ”

ဦးတောကျော်တို့မှာ ခေါင်းညိတ်လိုက်ပြီး အနားယူလိုက်ကြသည်။ ကြမ်းပြင်ပေါ်တွင်လှဲအိပ်လိုက်သော်လည်း ဦးတောကျော်တစ်ယောက် အိပ်မပျော်နိုင်ပေ၊ ဝက်ဝံကြီးခဲလောင်အကြောင်းကိုသာ စဉ်းစားနေမိသည်။ သို့သော် တစ်ချက်တစ်ချက်တွင်တော့နန်းခင်ဆိုသည့်် မျက်ဝန်းနက်ပိုင်ရှင်ကလေး၏ အကြည့်များကို မျက်လုံးထဲမြင်ယောင်လာမိပြန်သည်။ ဦးတောကျော်မှာ ထိုမျက်ဝန်းလှလှများဘက် စိတ်မရောက်သွားစေရန် မနည်းကြိုးစားနေရသည်။ငါ့သေနတ်က ဒီကောင်ကြီးကိုပစ်တော့ ဘာလို့ကျည်မထွက်တာပါလိမ့်”ဦးတောကျော်မှာ စဉ်းစားခန်းဖွင့်ရင်း မနက်မိုးလင်းခဲ့ရတော့သည်။

ပြီးပါပြီ။

ရွင်လန်းချမ်းမြေ့ကြပါစေ