ဘဝခြားခဲ့ပါသော်လည်း

လူပြတ်သည့်အချိန်တိုင်း အမျိုးသမီး တစ်ယောက် လက်တားကာ ကားငှားတတ်သလိုလမ်းကြုံလိုက်တတ်ပြီး နောက်သို့လှည့်ကြည့်ချိန်တွင် မည်သူမျှမရှိတော့သည့်အဖြစ်ကိုကြုံရသလို မျက်နှာ ပြောင်တလင်းဖြင့်တစ်မျိုး….ဆံပင်ဖားလျားရှေ့သို့ချခြင်းဖြင့်တစ်ဖုံ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ခြောက်လှန့်တတ်သည်ဟူ၍လည်း နံမည်ကျော်သောနေရာဖြစ်လေသည် ။

      ကုန်းကျော်တံတားပေါ်တွင် အမျိုသမီးတစ်ဦးဖြတ်ပြေးသဖြင့် အချိန်မှီရှောင်လိုက်သောကြောင့် မီးသတ်ကားတစ်စီး ကုန်းကျော်တံတားပေါ်မှ နံရံကိုဝင်တိုက်ကာ ပြုတ်ကျဘူးသည့် သာဓကလည်းရှိခဲ့လေသည် ။ ထိုနေရာတွင် အများဆုံးကြုံရသူများမှာ အငှားယာဉ် လေးဘီးကားသမားများဖြစ်ကြသည် ။ အကာလ ညအချိန်တွင် ငယ်ငယ်ရွယ်ရွယ် ဖြူဖြူချောချော အမျိုးသမီးတစ်ဦးလက်တားသည်ကို အကြောင်းမသိသည့် အငှားယာဉ်မောင်း လေးဘီးဆရာတစ်ယောက်က ရပ်တန့်ပေးကာ ရှေ့ခေါင်းခန်းတွင် တင်ဆောင်ခဲ့သည် ။ ကားခေါင်းခန်းတွင်လိုက်ပါလာသော အမျိုးသမီးက ဘာစကားမှမပြောပဲ ပြုံးရယ်ပြနေသည်ကို လေးဘီးဆရာ၏ စိတ်ထဲတွင် ထိုအမျိုးသမီးအား ညဉ့်ငှက်တစ်ယောက်ဟု ထင်မှတ်ထားသည့်အတွက် ကုန်းကျော်တံတားပေါ်မတက်တော့ပဲ တံတားအောက် မှောင်ရိပ်ထဲတွင် ကားကိုရပ်လိုက်ပြီး ပွေ့ဖက်လိုက်လေသည် ။ ထိုသို့ပွေ့ဖက်လိုက်စဉ် အမျိုးသမီး၏ ကိုယ်မှ အပုပ်နံ့ထောင်းထောင်းထနေသဖြင့် ကိုယ်မှတွန်းခွာလိုက်ရာ ပြောင်ချောနေသောမျက်နှာကြီးကို မြင်တွေ့လိုက်ရသဖြင့် တက်ချက်ပြီး သတိလစ်မေ့မြောသွားခဲ့ဘူးလေသည် ။ တစ်ခါကလည်း ထိုနေရာမှ လမ်းကြုံလိုက်လာသည့် အမျိုးသမီးတစ်ဦးကို ကားနောက်ခန်းမှ ခေါ်တင်လာစဉ် စကားတပြောပြောနှင့် ရွှေလမင်းရုပ်ရှင်ရုံရှေ့အရောက်တွင် နောက်ကြည့်မှန်မှကြည့်လိုက်ရာ စကာပြောသံသာကြားရပြီး လူမမြင်သဖြင့် ကားကိုထိုးရပ်ပြီး ထားခဲ့ကာ ထွက်ပြေးရသည့် အကြောင်းကိုလည်း ကိုထွန်းမြတ်ကြားခဲ့ဖူးပါသည် ။

        ထိုနေရာမှ အချိန်မတော် သန်းခေါင်ကျော် နေ့စဉ်ဖြတ်သန်းသွားလာနေသော ကိုထွန်းမြတ်အဖို့ သရဲဆိုတာ ချိုနဲ့လားဟုမေးရလောက်အောင် တစ်ကြိမ်တစ်ခါမှ ကြုံခဲ့ဖူးခြင်းမရှိသောကြောင့် ကြောက်ရမှန်းလန့်ရမှန်းပင် မသိပါပေ ။ သို့ပေမယ့် ထိုနေရာတွင် မကြာခဏ ယာဉ်တိုက်မှူ….ကားမှောက်မှူများရှိတတ်သည်ကိုတော့ ကိုထွန်းမြင့် သိပြီးဖြစ်ပါသည် ။ တံတားလေး လမ်းဝဘက်မှ ကုန်းကျော်တံတားကို အရှိန်ဖြင့်တက်လာပြီး မြောက်ဥက္ကလာပ ဘက်သို့ ကုန်းအဆင်းတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့သည်များကိုလည်း ကိုထွန်းမြတ်သိရှိထားပါသည် ။

သီချင်းညည်းရင်း စက်ဘီးကိုပုံမှန်နင်းနေရာမှ နှစ်ရပ်ကွက်ဈေးအလွန် ရွှေလမင်းရုပ်ရှင်ရုံရှေ့နားအရောက်တွင် အသက် နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးတစ်ဦး ကျော်ခိုင်းလျှောက်နေသည်ကိုမြင်လိုက်ရလေသည် ။ ပွင့်ရိုက်ပါတိတ်ထဘီနှင့် အနီရောင် စပို့ရှပ်အင်္ကျီဝတ်ဆင်ထားသည်ကို လမ်းမီးရောင်အောက်တွင် ထင်ထင်ရှားရှားမြင်နေရသည်မို့ အနီးအနား ရပ်ကွက်ထဲမှ အရေးကိစ္စတစ်ခုကြောင့် သွားလာနေသော အမျိုးသမီးတစ်ဦးဟုသာ ယူဆလိုက်ပြီး စက်ဘီးကို ပုံမှန်အတိုင်းနင်းလာခဲ့လေသည် ။

       ကျောခိုင်းလျှောက်နေသော အမျိုးသမီးအနားအရောက်တွင် ထိုအမျိုးသမီးက နောက်ပြန်လှည့်ကြည့်ကာ ကိုထွန်းမြတ်ကိုတွေ့သွားသဖြင့် အားတက်သွားဟန်ပြုကာ တစ်ချက်ပြုံးပြပြီး လက်တားလိုက်သည် ။ ကိုထွန်းမြတ်မှာ စက်ဘီးကို ရပ်ရကောင်းနိုး မရပ်ရကောင်းနိုးဖြင့် ချီတုံချတုံဖြစ်နေစဉ် စက်ဘီး၏ နောက်ဘက် ကယ်ရီယာပေါ်သို့ လူတစ်ဦးတက်ထိုင်လိုက်သကဲ့သို့ ဖြစ်သွာပြီး စက်ဘီးလက်ကိုင်မှာ ခါရမ်းသွားလေတော့သည် ။

” ဟ…..ဟ….ဘယ်လိုဖြစ်ရတာလဲ….ဖြည်းဖြည်းတက်ပါလား…လဲကျသွားရင်ဘယ်လိုလုပ်မလဲ “

” ရှင်က ဘာလို့ရပ်မပေးတာလဲ…၊ ရပ်မပေးလို့ပြေးတက်ရတာပေါ့…”

” ခင်ဗျားက လူကောင်းမှန်းမသိ…ဘာမှန်းမသိနဲ့… “

” ဘာလဲ… ရှင်က သရဲကြောက်တတ်လို့လား..၊ ရှင့်ကိုကြည့်ရတာ သရဲတွေဘာတွေ ကြောက်ပုံမရပါဘူး… “

” ကျုပ်က သရဲလဲ မမြင်ဖူးဘူး…တစ္ဆေလဲမမြင်ဖူးဘူး…၊ မမြင်ဖူးတော့ မကြောက်ဖူးဗျာ… “

” မြင်ဖူးရင်တော့ ကြောက်မယ်ပေါ့ “

” ကြောက်တော့ကြောက်မယ်လို့မထင်ဘူးဗျ….နကိုကတည်းကသရဲမကြောက်တတ်ဘူး.. “

” မကြောက်တတ်တာ ကောင်းတာပေါ့ရှင့် “

” နေပါဦး…ခင်ဗျားက မပြောမဆိုနဲ့ ဘယ်သွားမလို့ ကျုပ်နောက်ကလိုက်လာတာလဲ…”

” ငါးလမ်းထိပ်ကျော်ရင်ရပါပြီ…”

” ခင်ဗျားက ငါးလမ်းထဲမှာနေတာလား… “

” ကျွန်မကိုဘာလို့မေးနေတာလဲ….”

” ဆောရီးဗျာ…. စိတ်မရှိပါနဲ့… “

            ကုန်းတံတားမရောက်ခင် ငါးလမ်းမှတ်တိုင်နားအရောက်မှာတော့ စက်ဘီးကရုတ်တရက် ပေါ့သွားသဖြင့် ကိုထွန်းမြတ် ဒေါပွသွားကာ နောက်ကိုလှည့်မကြည့်ပဲ ပြောလိုက်လေသည် ။

” လုပ်ပြန်ပြီ… ဘယ်လိုလဲဗျ… ဆင်းမယ်ဆိုလဲ ပြောမှပေါ့..”

       စက်ဘီးကိုရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သော်လည်း အရိပ်အရောင်ဟူ၍ ဘာဆိုဘာမှမတွေ့သဖြင့် ကိုထွန်းမြတ် မျက်မှောင်ကြုတ်ကာ အံ့အားသင့်နေလေသည် ။

” အင်း….. ခင်ဗျားလဲ သရဲမ ပဲဖြစ်မှာ…၊ နောက်တစ်ခါ အဲဒီလိုမလုပ်နဲ့ဗျာ…။ စီးမယ်ဆိုလဲ လက်တား…ဆင်းမယ်ဆိုလဲ ကြိုပြော..ကြားလား..၊ ခင်ဗျားလုပ်တာ စက်ဘီးလဲလို့ ခြေကျိုးလက်ကျိုးဖြစ်ရင် ကျုပ်အလုပ်ဆင်းနိုင်မှာမဟုတ်ဘူးဗျ “

        —————————-

        မနက်လေးနာရီ မှ နေ့လည် ဆယ့်နှစ်နာရီအထိ အလုပ်ဆင်းရန်အတွက် လိုအပ်သည်များကိုလွယ်အိတ်ထဲထည့့်ပြီး ကုန်းတက်ကို စက်ဘီးတွန်းကာ ကမ္ဘာအေး ဘုရားလမ်းပေါ်ရောက်သည်နှင့် ကုန်းဆင်းအတိုင်းလှိမ့်ချလိုက်လေသည် ။

          တံတားလေးလမ်းဝကိုချိုးကွေ့ပြီး ကုန်းကျော်တံတားနားသို့ရောက်သည့်အခါတွင် ကိုထွန်းမြတ်စိတ်ထဲ ယမန်နေ့က အမျိုးသမီးကို အမှတ်ရလာမိလေသည် ။ သီချင်းလေးတအေးအေးဖြင့် သံလမ်းကိုဖြတ်ကျော်မည်ပြုစဉ် သံလမ်းကူးသည့် လမ်းအလယ်ခေါင်မှာ ရပ်နေသော အမျိုးသမီးကိုတွေ့လိုက်ရသဖြင့် စက်ဘီးကိုချက်ချင်းထိုးရပ်လိုက်တော့သည် ။

” ဘာလဲ…..စက်ဘီးလိုက်စီးဦးမလို့လား… “

      ယမန်နေ့က အဝတ်အစားအတိုင်းမပြောင်းလဲသော အမျိုးသမီးကိုကြည့်ပြီး ကိုထွန်းမြတ်သဘောပေါက်လိုက်မိသည် ။

” ကဲ…လာ… လမ်းလျှောက်မယ်…၊ လမ်းမပေါ်ရောက်မှစီးတော့…”

        အမျိုးသမီးက ဘာမှ ပြန်မပြောပဲ ကိုထွန်းမြတ်နှင့် စက်ဘီးတစ်ဖက်မှ ယှဉ်လျှက်လိုက်လာလေသည် ။

” ခင်ဗျားက ဒီနေရာမှာနေတာ ကြာပြီလား… “

” မကြာသေးပါဘူး…. တံတားဆောက်ပြီးမှပါ… “

” အော….သိပ်မကြာသေးဘူးပဲ…၊ ဘယ်လိုဖြစ်ပြီး အခုလိုဘဝရောက်နေတာလဲဗျာ… ပြောလို့ရရင်ပြောစမ်းပါဦး “

” အကိုသိချင်ရင်ပြောပြမှာပေါ့…၊ အကိုက ကျွန်မကိုမသိလို့ပါ .. ကျွန်မက အကို့ကိုသိပါတယ် “

” ဟင်…ခင်ဗျားက ကျွန်တော့်ကိုသိတယ်…၊ ဘယ်လိုလုပ်သိတာလဲဗျ… “

”  လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဟော…ဟိုနေရာမှာ မနက်လေးနာရီလောက် ကုန်စိမ်းတင်တဲ့ ဒေါ့ဂျစ်ကားပေါ်ကနေ အမျိုးသမီးတစ်ယောက် ပြုတ်ကျခဲ့တာ အကိုမှတ်မိသေးလား “

        အမျိုးသမီး၏ စကားကို သေသေချာချာနားထောင်ရင်း လွန်ခဲ့သောတစ်နှစ်ကျော်ခန့်က အဖြစ်အပျက်ကိုသတိရသွားမိလေတော့သည် ။

      ထိုနေ့က…..

      စက်ရုံထဲမှ ထွက်ကတည်းက မိုးဖွဲဖွဲလေးကျနေသည့်အတွက် စစ်သုံးမိုးကာကိုခြုံကာ စက်ဘီးကိုဂရုစိုက်နင်းလာခဲ့လေသည် ။  လက်ပါတ်နာရီကြည့်လိုက်သည့်အခါ မနက်လေးနာရီပင်ထိုးနေလေပြီ ။  ခပ်မှန်မှန်နင်းလာရင်းမှ ငါးလမ်းကားမှတ်တိုင်အရောက်တွင်  မိုးသည်းလာသဖြင့် မိုးစက်များက မျက်နှာပေါ်သို့ အရှိန်ပြင်းစွာထိမှန်နေသောကြောင့် စက်ဘီးကို လမ်းဘေးထိုးရပ်ပြီး ကားမှတ်တိုင်အမိုးအောက်တွင် မိုးခိုနေလိုက်လေသည် ။

        ကားအသွားအလာရှင်းနေသော လမ်းမကြီးပေါ်တွင် အဝေးဆီမှ ကျယ်လောင်သောကားစက်သံကိုကြားလိုက်ရသောကြောင့် ကုန်းတံတားပေါ်သို့ လှမ်းကြည့်လိုက်မိသည် ။  ကုန်းတံတားပေါ်မှ အရှိန်ပြင်းစွာဖြင့် ဆင်းလာသော မီးရောင်ကိုမြင်လိုက်ကတည်းက ကုန်စိမ်းတင်သည့် ဒေါ့ဂျစ်ကားမှန်း ကိုထွန်းမြတ်သိလိုက်လေသည် ။ ကုန်စိမ်းတင်သည့်ကားများက မနက်ပိုင်းနှစ်ခေါက်ရအောင် သွက်သွက်ပြေးဆွဲနေရသဖြင့် ကားကို တရကြမ်းမောင်းတတ်ကြ
ကြောင်း ကိုထွန်းမြတ်သိပါသည် ။

        မီးစုံထိုးကာ အရှိန်ဖြင့် ဆင်းလာသော ဒေါ့ဂျစ်ကားက ကုန်းအဆင်းတွင် လမ်းချော်ကာ လမ်းဘေးသို့ ထိုးဆင်းပြီး လမ်းမပေါ်သို့ ပြန်တက်လာသည်ကို အလန့်တကြားတွေ့လိုက်ရသဖြင့် ကိုထွန်းမြတ်မှာ ဘုရားတမိသွားလေသည် ။

      ကတ္တရာလမ်းနှင့် လမ်းပုခုံးမြေသားပြင်မှာ တစ်ထွာသာသာမျှ နိမ့်နေသည့်အတွက် အရှိန်ဖြင့် ကတ္တရာလမ်းမပေါ်သို့ ပြန်အတက်မှာ ကားတစ်စီးလုံးမြောက်တတ်ပြီး ကားပေါ်မှ အရာတစ်ခုပြုတ်ကျခဲ့လေတော့သည် ။ ကားလမ်းမပေါ်သို့ ပြုတ်ကျသွားသောအရာမှာ လှူပ်လှူပ်ရှားရှားဖြင့် ချက်ချင်း ထထိုင်လိုက်သည်ကို မြင်လိုက်သဖြင့် လူတစ်ယောက်ပြုတ်ကျခဲ့ကြောင်းကိုထွန်းမြတ် သိလိုက်လေသည် ။ ဒေါ့ဂျစ်ကားပေါ်မှ ဆူညံအော်ဟစ်သံများကြားရပြီး လူပြုတ်ကျခဲ့ကြောင်းအော်ဟစ်သံများကြောင့် ဒေါ့ဂျစ်ကားလည်း ရုတ်တရက်ဘရိတ်အုပ်ကာ ထိုးရပ်သွားလေတော့သည် ။

      ကိုထွန်းမြတ်မှာ ရပ်ကြည့်မနေနိုင်တော့ပဲ ပြုတ်ကျခဲ့သော လူဆီသို့ အားကုန်ပြေးလေတော့သည် ။ လမ်းမပေါ်တွင် ပက်လက်အနေအထားဖြင့် လဲနေသူမှာ အမျိုးသမီးတစ်ဦးဖြစ်နေပြီး တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်နေကာ ပါးစပ်မှလည်း သွေးများစီးကျနေလေသည် ။ ကိုထွန်းမြတ် အမျိုးသမီးကို ပွေ့ထူလိုက်သည့်အခါ နောက်စေ့နေရာမှ သွေးများက မြင်မကောင်းအောင် ဒလဟော စီးကျလာနေတော့သည် ။

     အမျိုးသမီးက ကိုထွန်းမြတ်၏ မိုးကာအင်္ကျီစကိုဆွဲပြီး အထိတ်တလန့်ဖြင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ ပလုံးပထွေးဖြင့် ပြောနေလေသည် ။ ထိုအမျိုးသမီး ဘာပြောနေမှန်း ကိုထွန်းမြတ်မသိသော်လည်း စကားပြောလိုက်တိုင်း ပါးစပ်ထဲမှ အန်ထွက်လာသော သွေးများက ကိုထွန်းမြတ်၏ မိုးကာပေါ်သို့ စီးကျနေလေသည် ။

     ကုန်စိမ်းကြိုသော ဒေါ့ဂျစ်ကားပေါ်မှ ဈေးသည်များ ၊ ယာဉ်မောင်းနှင့် နောက်လိုက်များ ရောက်လာချိန်မှာတော့ အမျိုးသမီးက ကိုထွန်းမြတ်လက်ပေါ်တွင် ဇက်ကျိုးကျသွားလေတော့သည် ။ မိုးရေများနှင့်အတူ သွေးများက လမ်းမပေါ်တွင် မြင်မကောင်းအောင်စီးနေကြပြီး မျက်လုံးပြူးကာအသက်ထွက်နေသော အမျိုးသမီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသဖြင့် ကိုယ်ပေါ်တွင် ခြုံထားသော မိုးကာကို ချွတ်ပြီး အမျိုးသမီး၏ ကိုယ်ပေါ်တွင် ဖုံးအုပ်ပေးလိုက်လေတော့သည် ။

     အမျိုးသမီး၏ကိုယ်ပေါ်ကို မိုးကာဖုံးအုပ်ပေးရန်ပြင်လိုက်စဉ် ကိုထွန်းမြတ်တစ်ခုသတိထားလိုက်မိသည်က အမျိုးသမီး၏ ဘယ်ဘက်နားအောက်တည့်တည့်မှ အမွေးရှည်များပေါက်နေသည့် မှဲ့နက်ကြီးတစ်လုံးဖြစ်လေတော့သည် ။

” ဟဲ့…မှဲ့ကြီး… မှဲ့ကြီးရေ… မှဲ့ကြီးကိုလုပ်ကြပါဦး… “

     ကိုထွန်းမြတ်၏ နားထဲတွင် ကြားနေရသည်က သေဆုံးသွားသည့် အမျိုးသမီး၏ အမည်ကို အော်ဟစ်ခေါ်နေကြသည့် မှဲ့ကြီးဆိုသည့်အသံများသာ….။

       ————————-

”  ဒါဆို….ခင်ဗျားက မှဲ့ကြီးလား… “

”  ဟုတ်တယ်လေ…ဒီမှာကြည့်ပါလား… “

      အမျိုးသမီးက သူမ၏ ဆံပင်ကို သပ်တင်လိုက်ပြီး ဘယ်ဘက်နားအောက်မှ အမွေးရှည်များဖြင့် ဖုံးနေသည့် မှဲ့နက်ကြီးအား ကိုထွန်းမြတ်ကို ပြလိုက်သည် ။

”  အကိုကြောက်သွားပြီလား… “

”  မကြောက်ပါဘူး…”

”  ကျွန်မကိုမကြောက်တဲ့သူ အကိုတစ်ယောက်ထဲပဲရှိသေးတယ် ၊ အခြးလူတွေများ ကျွန်မကိုတွေ့တာနဲ့ သေမတတ်ကြောက်ကြတာ “

”  ခင်ဗျားက ဘာလုပ်ပြလဲမှမသိတာ “

”  လုပ်ပြမှာပေါ့…ကျွန်မက အကူအညီလိုလို့တောင်းမလို့ဟာ…ကျွန်မကို စော်ကားဖို့ကြံစည်ကြလို့ ခြောက်လှန့်ရတာပေါ့အကိုရ “

” ဟား…ဟား…  မဖြစ်နိုင်တာ… သရဲကို မတော်မတရားကြံစည်လို့ရတယ်ဆိုတာ တစ်ခါမှ မကြားဖူးသေးဘူး.. “

”  အကိုပြောတာ ဟုတ်ပါတယ် ။ ဒါပေမယ့် ကျွန်မက ပထွေးကြံစည်တာခံရဖူးတော့ ကြောက်တာပေါ့ “

”  ဟင်…ဘယ်လို… “

”  ကျွန်မပြောပြမယ်… အကိုဖြေးဖြေးလျှောက်… ကျွန်မက နှစ်ရပ်ကွက်ဈေးကနေ ကျော်လို့မရဘူး.. ဒီဘက်ဆိုရင် သံလမ်းကနေ ကျော်လို့မရဘူးအကို…..၊ မနက်ငါးနာရီထိုးရင် ကျွန်မနေရာကိုပြန်ရတော့မယ်… မြန်မြန်ပဲပြောမယ် …”

”  ဟာ…ဒီလိုလဲရှိသလား… “

”  ရှိတာပေါ့အကို… ကျွန်မအကြောင်းပြောပြမယ်…၊ ကျွန်မက ဝမ်းတွင်းဇာတိ…၊ အမေက ကျွန်မဆယ့်ခြောက်နှစ်သမီးမှာ နောက်အိမ်ထောင်ပြုတယ် ။ ပထွေးက ဘာအလုပ်မှမလုပ်ပဲ အရက်ပဲသောက်တဲ့သူ ။ တစ်ရက်တော့ အမေ မရှိတုန်း ကျွန်မအိပ်နေတဲ့ ခြင်ထောင်ထဲကိုဝင်လာပြီးစော်ကားဖို့ကြံစည်တယ်..၊ ကျွန်မလဲ ကြောက်ကြောက်လန့်လန့်နဲ့အော်ဟစ်ပြီး အမေ့ရဲ့ ညီမ အဒေါ်အိမ်ဆီကိုပြေးတာပေါ့ ၊ နောက်တော့ အမေနဲ့မနေတော့ပဲ အဒေါ့်အိမ်မှာပဲနေတော့တယ် ။ အဒေါ့်အိမ်မှာနေလဲ ပထွေးက အဒေါ်အလစ်ကိုခြောင်းပြီး ကျွန်မကို ကြံစည်ဖို့လုပ်နေတာ အဒေါ်သိသွားတာနဲ့ ရန်ကုန်မှာနေတဲ့ ကျွန်မတို့မြို့က ရပ်ဆွေရပ်မျိုး အိမ်ကိုပို့လိုက်တယ် ။ သူတို့က ဘုန်းကြီးလမ်းနဲ့တည့်တည့်ရထားသံလမ်းရဲ့ ဟိုဘက်ခြမ်းရပ်ကွက်မှာ နေကြတယ် ။ ကျွန်မလဲ အဲဒီအိမ်မှာနေရင်း သူတို့နဲ့ အတူ နှစ်ရပ်ကွက်ဈေးမှာ ဟင်းသီးဟင်းရွက်ရောင်းတယ် ။ ကျွန်မသေမယ့်နေ့က အဲဒီကားနဲ့မလိုက်ပဲ နောက်ကးနဲ့ လိုက်မလို့ပဲ…၊ ဒါပေမယ့် ကုန်စိမ်းစောင့်ရတာ အိပ်ချင်တာနဲ့ ဈေးကိုစောစောရောက်ရင် ခဏအိပ်မယ်ဆိုပြီး လိုက်လာခဲ့တာ ။ ဒုံး…ဆိုတဲ့ အသံကြားပြီး ကျွန်မလေထဲမြောက်တက်သွားသလိုခံစားလိုက်ရတယ်…၊ နောက်တော့ ခေါင်းမှာပူကနဲဖြစ်ပြီး မျက်လုံးထဲဘာမှမမြင်တော့ဘူး…၊  ကျွန်မကို လူတစ်ယောက် ပွေ့လိုက်တာသိလို့ မျက်လုံးကိုအတင်းဖွင့်ကြည့်တော့ အကြိုဖစ်နေတယ်…။ အကို့ကို မြင်တော့ အားတက်သွားပြီး ကျွန်မကို ကယ်ပါလို့ ပြောနေမိတာ…။ နောက်တော့ဘာဖြစ်သွားမှန်းမသိတော့ဘူး…၊ ခဏကြာတဲ့အခါမှာ ကျွန်မကိုယ်ကျွန်မ မြင်နေရတယ်…။ ကျွန်မကို အကိုမိုးကာခြုံပေးတာကိုလဲ မြင်နေရတယ် ။ ကျွန်မသူငယ်ချင်းတွေက ကျွန်မနားမှာ အော်ငိုနေကြတာကိုလဲ တွေ့နေရတယ် ။ အကိုလှည့်ထွက်သွားလို့ အကို့နောက်ကို လိုက်ပြီး ကျေးဇူးတင်ကြောင်းပြောနေတာ ၊ အကိုက စက်ဘီးပျောက်သွားလို့ ဒေါသထွက်နေတာလဲ ကျွန်မတွေ့တယ်…။ ကျွန်မရဲ့ အလောင်းကို သယ်သွားကြလို့ ကျွန်မလိုက်သွားတာ နှစ်ရပ်ကွက်ဈေးနားရောက်တော့ လူထွားထွားကြီးတွေက ကျွန်မကို ဆောင့်တွန်းပြီး ဒီကနေ ကျော်ပြီးဘယ်မှမသွားရဘူးလို့ပြောတယ်…။ ဒါနဲ့ ကျွန်မလဲ ကျွန်မသေခဲ့တဲ့ နေရာနားမှာပဲ နေရတာပေါ့အကို “

”  ဟာ….. စိတ်မကောင်းလိုက်တာ…. ညီမနံမည်က ဘယ်သူလဲကွ “

”  ကျွန်မနံမည်က  ကြည်ကြည်ဆွေပါ…၊ နံမည်ကအရေးမကြီးတော့ပါဘူးအကို…၊ မှဲ့ကြီးလို့ပဲလူသိများပါတယ် “

”  ငါ့ညီမတည်းတဲ့အိမ်ကရော … အလှူအတန်းလုပ်ပြီး အမျှမဝေကြဘူးလား… “

”  လုပ်သလား…မလုပ်သလား…ဝေသလား…မဝေသလားဆိုတာ…ကျွန်မ မသိဘူးအကို…၊ ကျွန်မကို လူကြီးတစ်ယောက်ပြောတာတော့ ကျွန်မနေရာမှာ အစားထိုးဖို့တစ်ယောက်လာရင် လူ့ဘဝထဲကို ပြန်သွားလို့ရပြီဆိုလို့ ကျွန်မကို အမျှပေးမှာတောင် ကြောက်နေတာ… “

”  ဖြစ်ရမယ် ညီမရယ်… “

”  အကို…သွားတော့… ၊ နှစ်ဈေးနားရောက်တော့မယ် “

      မှဲ့ကြီးဆိုသည့် အမျိုးသမီးပြောလိုက်မှ ကိုထွန်းမြတ်သတိထားလိုက်မိသည် ။ စက်ဘီးတွန်းရင်းစကားပြောလာကြသည်မှာ ပါတ်ဝန်းကျင်ကိုပင် သတိမမူနိုင်မိပေ..။ လက်မှနာရီကိုကြည့်လိုက်သည့်အခါ မနက်လေးနာရီခွဲနေလေပြီ ။ အလုပ်ဝင်ရန် နာရီဝက်နောက်ကျနေပြီမို့ စက်ဘီးပေါ်အမြန်တက်ကာ စက်ရုံသို့ ခပ်သွက်သွက်နင်းခဲ့လေတော့သည် ။

       —————————–

”  ဆရာ…. နောက်နေ့တွေမှာ …ညရှစ် – မနက် လေး ဖြစ်ဖြစ် မနက် လေး – နေ့ဆယ့်နှစ်ဖြစ်ဖြစ်  ဆင်းခြင်တယ်..၊ ဖြစ်မလား…”

”  ဘယ်လိုဖြစ်ရပြန်တာလဲ ကိုထွန်းမြတ်… ခင်ဗျားပဲ ည ရှစ် – လေးနဲ့ မနက် လေး – ဆယ့်နှစ်က အိပ်ရေးပျက်တ
ယ်ဆို..”

”  အိပ်ရေးပျက်လဲ ပျက်တော့…ကျွန်တော့်မှာ အခြားကိစ္စလေးတွေရှိနေလို့ “

”  ဟဲ…ဟဲ…လူပျိုကြီးတော့ တစ်ခုခုပဲဗျ… “

”  ဟိုကိစ္စ…ဒီကိစ္စတွေမဟုတ်ပါဘူးဗျာ… ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အလုပ်လေးရှိနေလို့ပါ “

”  ရပါတယ် ကိုထွန်းမြတ်ရယ်..၊ အိမ်ထောင်သည်တွေက အဲဒီအချိန်ကို မယူချင်ကြဘူးလေ…။ ဒါ့ကြောင့် အိမ်ထောင်မရှိတဲ့သူတွေကို တစ်လှည့်စီယူခိုင်းနေရတာပေါ့ ၊ အခုလို အချိန်ပုပ်ပြတ်ယူမယ်ဆိုတော့ ကိုမင်းသူတို့လို အိမ်ထောင်သည်တွေအတွက် ဟန်ကျတာပေါ့…၊ ဒီလိုလုပ်ဗျာ….ကိုမင်းသူကို နေ့ ဆယ့်နှစ် ည ရှစ်ယူခိုင်းလိုက်မယ်..။ တိုးလွင်ကို ည ရှစ်…မနက် လေးယူခိုင်းမယ်..၊ ဒါဆိုရင် ခင်ဗျားက မနက် လေး – နေ့ ဆယ့်နှစ်ဖြစ်သွားမယ်… အဆင်ပြေမလား…”

”  သိပ်ပြေတာပေါ့ဆရာ… ကျေးဇူးပဲ… “

”  ဒါဆို…ဒီနေ့ညရှစ်နာရီကနေ စချိန်းလိုက်မယ်.. ၊ တစ်ယောက် နှစ်နာရီတော့ ပိုလုပ်ရမှာပေါ့ ၊ ဒါမှ အချိန်ညှိလို့ရမှာလေ.. ။ နောက်မို့ဆို တစ်ယောက်က အချိန်ပိုများသွားမှာပေါ့ “

”  ဒီလိုလုပ်ဗျာ… အခု အိမ်ခဏပြန်မယ်…၊  မနက်လေးနာရီမှာ ပြန်ဝင်ပေးမယ်…ဒါဆိုဖြစ်မလားဆရာ.. “

”  အခုပဲ မနက်တစ်နာရီထိုးနေပြီ ။ မနက်လေးနာရီပြန်ဝင်ပေးရင်တော့ အားလုံးအဆင်ပြေသွားမှာပေါ့…၊ ဒါပေမယ့် ခင်ဗျားက ဘယ်အချိန်သွားအိပ်မှာလဲ…အိပ်ချိန်မရှိပဲဖြစ်သွားမှာပေါ့  “

”  ကျွန်တော်က စပြီးတောင်းဆိုတာဆိုတော့ ကျွန်တော်ကအနစ်နာခံရမှာပေါ့ဗျာ…အိပ်ချိန်မရှိတာအတွက်မပူနဲ့…၊ ဒီမနက် ပစ္စည်းတွေရောက်မယ်လေ…၊ ကုန်တွေဂိုထောင်ထဲသယ်နေတုန်း နှစ်နာရီလောက် မှေးလို့ရတာပေါ့…ဟဲဟဲ… “

”  တယ်လဲဟုတ်တဲ့လူ…. ကိုယ့်တွက်ကိန်းနဲ့ကိုယ် ဟုတ်နေတာပဲ…ဟား..ဟား.. “

       ———————–

      အချိန်တွေကြာလာသည်နှင့်အမျှ ဖြစ်တောင့်ဖြစ်ခဲလှသော လူသားစင်စစ်နှင့် ပရလောကသားတစ်ဦးတို့၏ သံယောဇဉ်က ပိုလာကြလေသည် ။  ဘဝခြားနေကြသော်လည်း သံလမ်းပေါ်မှ နေ့စဉ်စောင့်နေတတ်သောမှဲ့ကြီးနှင့် မနက်လေးနာရီအလုပ်ဝင်ချိန်ထက်စောပြီး မနက်သုံးနာရီအရောက်လာတတ်သော ကိုထွန်းမြတ်တို့၏ ရင်းနှီးခင်မင်မှူအား အခြားသူများကိုပြောပြပါလျှင် ယုံကြည်နိုင်လိမ့်မည်မဟုတ်ပါပေ ။

      ရင်းနှီးလာသည်နှင့့်အမျှ ကိုထွန်းမြတ်နှင့် မှဲ့ကြီးတို့မှာ တစ်ဦးနှင့်တစ်ဦး ပြောမနာဆိုမနာ ပွင့်လင်းစွာဆက်ဆံလာခဲ့ကြပါတော့သည် ။

”  မှဲ့ကြီး…မနေ့ညဆယ့်နှစ်နာရီကျော်လောက်က လူတစ်ယောက်စက်ဘီးစီးလာတာ နောက်ကဆွဲထားတယ်လို့ ကြားတယ်..၊ အဲဒါ ညီမလား “

”  ဟုတ်တယ်.. ညီမဆွဲထားတာ “

”  ဘာလို့လုပ်ရတာလဲဟာ… ဟိုမှာ တက်ပြီးသတိလစ်သွားလို့ ဆေးရုံရောက်သွားပြီ ။ လူသိတာမြန်လို့ပေါ့…၊ လူသာမသိရင် အဲဒီလူသေတယ် “

”  သေပါလေ့စေ…၊ အဲဒီလူသေသွားရင် ညီမလဲ ကျွတ်ပြီ “

”  ဟ…အဲဒီလို မလုပ်ရဘူးလေ…၊ လူတစ်ယောက်ကိုသေအောင်လုပ်တာ ငရဲဘယ်လောက်ကြီးတယ်မှတ်သလဲ…၊ မတော်လို့သေသွားရင် ငါ့ညီမလူမဖြစ်ပဲ နောက်ဘဝတစ်ခုကိုရောက်သွားမှာမကြောက်ဘူးလား… “

”  ကြောက်တော့ကြောက်တာပေါ့အကိုရဲ့… အဲဒီလူကိုတွေ့ချင်နေတာ ကြာပြီ…၊ ကြုံတာနဲ့ လုပ်ထည့်လိုက်တာ “

”  အဲဒီလူက ညီမနဲ့ ရန်ညှိုးရှိခဲ့ဘူးလို့လား…”

”  မရှိပါဘူး… “

”  ဒါဆိုဘာလို့လုပ်ရသလဲကွာ… “

”  ဘာလို့လုပ်ရသလဲဆိုတော့…အဲဒီလူက အကို့စက်ဘီးကိုခိုးသွားတဲ့လူလေ…၊ သူစီးလာတဲ့စက်ဘီးက အကို့စက်ဘီး ၊ သူက ရေကူးမှာနေတာ…။ ညီမက နယ်ကျော်လို့မရလို့ … နယ်ကျော်လို့သာရရင် အဲဒီလူ သေနှင့်တာကြာပြီ “

”  အဲဒီလောက် စိတ်ထဲမထားပါနဲ့ဟာ…စက်ဘီးတစ်စီးအတွက်နဲ့ အနာဂါတ်ကိုမလဲချင်ပါနဲ့ “

”  အဲဒီစက်ဘီးက ညီမကြောင့် ခိုးခံရတာလေ…၊ အကို့ဆီလာနေတုန်းမှာ အကို့စက်ဘီးကို ဒီလူစီးသွားတာ ညီမတွေ့လိုက်လို့ အဲဒီလူကို သေသေချာချာမှတ်ထားတာ…။ အနံ့ရော…မျက်နှာရောကို မှတ်မိတယ် “

”  ထားလိုက်ပါကွာ…၊ အကိုလဲ ပြန်ဝယ်ပြီးပြီပဲ … နေဦး…မေးမလို့ “

”  ဟုတ်ကဲ့…မေးလေအကို “

”  ငါ့ညီမ အစာမစားပဲနေလို့ရနေတာလား “

”  အစာမစားရတာ ကြာပြီအကို…၊ အချိန်မတော် ဟိုလူဆွဲလာတဲ့ အထုပ်…ဒီလူဆွဲလာတဲ့အထုပ်ကို ခြောက်လှန့်လွှတ်ပြီး သူတို့ကျန်ခဲ့မှ စားရတာ ၊ ရတာတွေကလဲ ကြက်ရိုးတို့ ခေါက်ဆွဲကြော်တို့ပဲ…၊ အမဲသားဟင်းတောင်မပါဘူး “

”  ဟောဗျာ…..ညီမခြောက်လိုက်တဲ့သူတွေက အရက်သမားတွေဖြစ်မယ်…၊ ကြည့်လဲလုပ်ဦး..အရက်သမားတွေက သရဲမကြောက်တတ်ဖူးနော်… “

”  မထင်ပါနဲ့ အကိုရာ… လမ်းပေါ်ကိုအပြည့်လျှောက်လာတဲ့ အရက်သမားလဲ ညီမကိုတွေ့ရင် ပြေးတာပါပဲ “

” ငါ့ညီမက အဲဒီလောက် ကြောက်စရာကောင်းလို့လား….၊ အကို့အမြင်တော့ လူလိုပါပဲကွာ “

” ဒါက အကို့ကိုကြောက်မှာစိုးလို့ မူလပုံသဏ္ဍန်ပဲ လုပ်ထားတာကိုး…။ ပကတိပုံကိုမြင်ရင် အကိုထွက်ပြေးမှာပေါ့…၊ အကိုညီမကိုကြောက်ပြီးထွက်ပြေးသွားရင် အကို့ကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်တော့ဘူးလေ…အကိုနဲ့ နေ့တိုင်းတွေ့ချင်လို့ ညီမရဲ့ အခုလက်ရှိရုပ်ကို မပြတာပါ  “

     မှဲ့ကြီး၏ စကားကြောင့် ကိုထွန်းမြတ်ရင်ထဲတွင် နင့်ကနဲနေအောင်ခံစားလိုက်ရလေသည် ။

”  အကိုမကြောက်ပါဘူးညီမလေး…၊ ငါ့ညီမရဲ့ ပကတိ ရုပ်ကို ကြည့်ပါရစေ “

”  မလုပ်ပါနဲ့ အကိုရယ်…၊ အကို့ကို အဆုံးရှူံးမခံနိုင်လို့ပါ “

”  ငါ့ညီမက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ…အကို့ညီမက အကို့ညီမပဲ…၊ အကို့ညီမကို ဘယ်တော့မှ ကြောက်မှာ မဟုတ်ဘူး…”

” တကယ်လား အကို… “

”  အကိုတကယ်ပြောနေတာ “

”  ညီမတော့ မထင်ဘူးနော်…၊ အကိုညီမကိုထားပြီး ထွက်ပြေးမှာပါ “

”  အကိုကတိပေးတယ် ညီမလေး..။ ထွက်ကိုမပြေးဘူး..”

”  တကယ်နော်အကို…”

”  တကယ်… “

”   နောက်မှ ညီမကို အပြစ်မတင်ရဘူး…မထားခဲ့ရဘူးနော် “

”  အကိုက ကြောက်ကိုမကြောက်တတ်တာ… ငါ့ညီမဆိုတော့ ပိုဆိုးတာပေါ့ကွာ…ကြောက်စိတ်ကိုမရှိတာယုံပါ “

” အကို့ကိုယုံပါတယ်…ဒါဆို တံတားနားသွားရအောင်.. “

”  သွားလေ… “

        မှဲ့ကြီးခေါ်ဆောင်ရာ ကုန်းတံတားနားသို့ ကိုထွန်းမြတ်က စက်ဘီးတွန်းကာလိုက်သွားလေသည် ။ တံတားတိုင်ကွယ်နားအရောက်တွင်…

” အကို…သေချာပါတယ်နော်… “

”   သေချာတာပေါ့ကွာ….. “

”  အဲဒါဆိုလဲ ကြည့်ပေတော့…… အကို့ကို ကြောက်မှာစိုးလို့ ရုတ်တရက်မပြဘူးနော်…”

      မှဲ့ကြီး၏ အသွင် သဏ္ဍာန်က တဖြည်းဖြည်းပြောင်းလဲလာလေပြီ…။ ဆံပင်ဖားလျားက ခြေဖြားအထိရှည်လျားပြီး မျက်လုံးများက ရဲရဲနီကာ မျက်လုံးတစ်လုံး တစ်လုံးက လူကြီးလက်သီးဆုပ်လောက်ရှိလေသည် ။ ပါးစပ်ကိုဟလိုက်သည့်အခါမှာတော့ အပုပ်နံ့ထောင်းထောင်းထကာ လျှာက တစ်တောင်နီးပါးမျှထွက်လာသလို သွားအောက်ဖက်ရှိ အစွယ်နှစ်ချောင်းက လက်ညှိုးတစ်ချောင်းစာမျှ ရှိလေသည် ။ ကိုယ်လုံးဟူ၍ ပြောလို့မရနိုင်ပဲ ထက်အောက်ဖြောင့်စင်းနေသောနေရာများတွင် ကြမ်းတမ်းသော အမွေးအမြှင်များဖြင့် ပြည့်နှက်နေလေသည် ။

”  ရပါပြီညီမလေး… တော်လောက်ပါပြီ ။ ငါ့ညီမက သရဲမှမဟုတ်တော့တာ…သဘက်တောင်ဖြစ်နေပြီပဲ “

       မူလအသွင်သို့ ချက်ချင်းပြောင်းလဲသွားသောမှတ်ကြီးက ကိုထွန်းမြတ်ကိုကြည့်ပြီး…..

”  အကိုက တကယ်မကြေက်တတ်ဖူးပဲ…. ခြောက်ရတာတောင်ရှက်လာပြီ …ငါ့အကိုက သရဲပြေးပဲ… “

”  အကိုပြောသားပဲ… မကြောက်တတ်ပါဘူးဆိုမှ…”

”  အကို…. အလုပ်သွားဖို့အချိန်နီးနေပြီ… အကိုစက်ဘီးနင်း…ညီမနောက်ကလိုက်ခဲ့မယ်..”

”  ဟုတ်သား…. ကဲ…သွားကြစို့… “

”  အကို… အရင်လိုပဲ စက်ဘီးနင်းရင်း သီချင်းဆိုပါဦး…”

       စက်ဘီးကို မှန်မှန်နင်းရင်း ကိုထွန်းမြတ်၏ နှူတ်ဖြားမှ တီးတိုးညင်သာသော သီချင်းသံက နှစ်ကိုယ်ကြားရုံ ပျံ့လွင့်နေလေတော့သည် ။

        —————–

      အစာမစားရသည်မှာကြာပြီဖြစ်ကြောင်း မှဲ့ကြီးက ပြောခဲ့သဖြင့် ကိုထွန်းမြတ်မှာ ထမင်းနှင့် အမဲသားဟင်းကို ထုပ်ပြီး တကူးတက သယ်လာပေးရှာပါသည် ။

”  မှဲ့ကြီး…ရော့….ညီမအတွက် အမဲသားဟင်းယူလာတာ…၊ အကိုက အမဲသားမစားဘူး ၊ ညီမစားဖို့အတွက် သူငယ်ချင်းအိမ်မှာချက်ခိုင်းထားတာ “

”  အကို… ညီမက အဲဒီလိုကျွေးရင် စားလို့မရဘူး…”

”  ဟေ…. ဘယ်လိုကျွေးရမှာလဲ “

”  ဟိုကန်စွန်းခင်းနားကိုသွားပြီး အဲဒီထမင်းထုပ်ကို နောက်ပြန်ပစ်ပေး ၊ အကိုလှည့်မကြည့်နဲ့ …”

”  ဟ…… ကန်စွန်းခင်းထဲကျသွားရင် ဘယ်လိုလုပ်မလဲ “

”  မကျပါဘူး…၊ အားနဲ့မပစ်နဲ့လေ…။ ဖြည်းဖြည်းပဲပစ်…”

”  ကဲ…ဒါဆိုလဲ ကန်စွန်းခင်းနားသွားကြတာပေါ့ “

     ကားလမ်းဘေးရှိ ကန်စွန်းခင်းနား သို့ရောက်လျှင် ထမင်းထုပ်ကို ကိုင်ကာ နောက်ပြန် အသာအယာပစ်လိုက်လေသည် ။

     ထမင်းထုပ်ကျသွားသံနှင့်အတူ မာန်ဖီသံကြားလိုက်ရသဖြင့် နောက်သို့ မသိမသာလှည့်ကြည့်လိုက်ရာ…. ခါးစောင်းလောက်ရှိသည့် မဲနက်နေသော ခွေးနက်ကြီးက ထမင်းထုပ်ကို အငမ်းမရစားနေသည်ကိုတွေ့လိုက်ရလေသည် ။ ကိုထွန်းမြတ်လှည့်ကြည့်နေသည်ကို ခွေးနက်ကြီးက တွေ့သွားသဖြင့် သားရည်တမြားမြားကျနေသော အစွယ်များကိုဖြဲကာ မာန်တစ်ချက်ဖီလိုက်လေသည် ။ ကိုထွန်းမြတ်လဲ သဘောပေါက်သွားသဖြင့် လှည့်မကြည့်တော့ပဲ စက်ဘီးထားရာနေရာသို့ လျှောက်လာခဲ့လေတော့သည် ။

”  အကို…. “

     စက်ဘီးနားမှာထိုင်နေသော ကိုထွန်းမြတ်ကို အနောက်မှ ခေါ်လိုက်သဖြင့် လှည့်ကြည့်လိုက်သည် ။

” စားပြီးပြီလား… “

”  စားပြီးပြီအကို…ကျေးဇူးတင်ပါတယ်…”

”  စားလို့ကောင်းရဲ့လား.. “

”  ကောင်းတာမှ ဘယ်လိုပြောရမှန်းကိုမသိအောင် ကောင်းတယ်အကို… မစားရတာကြာပြီလေ “

”  ငါ့ညီမလဲ သနားပါတယ်…၊ အကိုနေ့တိုင်းယူလာပြီး ကျွေးမယ်နော်… “

”  ဟုတ်ကဲ့အကို… အကို့ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး… နေဦး…နေဦး…လှည့်မကြည့်ပါနဲ့ဆိုတာ ဘာလို့ လှည့်ကြည့်ရတာလဲ “

”  အကိုလဲ ဂီး ဆိုတဲ့ အသံကြားလို့ ဘယ်ကခွေးတွေ မာန်ဖီပြီး ထမင်းထုပ်ဝင်ဆွဲသလဲလို့ လှည့်ကြည့်မိတာ…”

”  အခုတော့ ကြောက်စရာကောင်းတဲ့ ခွေးမကြီးကို တွေ့သွားတယ်မဟုတ်လား… “

”  ညီမလေး… ဘဝတစ်ခုမှာ ဖြစ်တည်မှူတွေရှိကြတယ်….။ လူတွေက လူလူချင်းကြည့်လို့ကောင်းတယ်… လှတယ်လို့ထင်ကြမယ်…။ အမြီးပါတဲ့ တိရိစ္ဆာန်တွေက လူတွေကိုကြည့်ပြီး အမြီးမပါလို့ လှောင်ရယ်ချင်ရယ်ကြလိမ့်မယ် ။ တကယ်တော့ ဘာမှ မထူးဆန်းပါဘူး…။ ညီမလဲ ဒီဘဝမှာ အကြာကြီးနေရမှာမဟုတ်သလို အကိုလဲ လူ့ဘဝမှာ အကြာကြီးမနေရပါဘူး…။ အသွင်အမျိုးမျိုးနဲ့ ဘဝအမျိုးမျိုးမှာ ကျင်လည်ကြရဦးမှာပါကွာ… “

”  အကိုရယ်… အကို့ဆီမှာ ညီမလေး အမြဲလာနေလို့ရရင် သိပ်ကောင်းမှာပဲ “

”  အကိုလဲစဉ်းစားပြီးသားပါ…”

” တကယ်…. ဘယ်လိုမျိုးစဉ်းစားထားတာလဲအကို…ညီမလေးကိုပြောပြပါလား… “

”  အကိုရှေ့လမှာ အိမ်ထောင်ပြုတော့မယ် ညီမလေး…၊ အိမ်ထောင်ပြုပြီးရင် အခုလိုမျိုးညီမလေးနဲ့ တွေ့ခွင့်ရမှာ မဟုတ်တော့ဘူး… “

”  ဟာ…အကိုရာ… ဘာဖြစ်လို့ တွေ့လို့မရ ရမှာလဲ …အကို့ဆီကိုညီမလေး လာလို့မရလို့..လာလို့ရရင် လာခဲ့ပါတယ်… ညီမလေးလာလို့မရလဲ အခုလိုမျိုး အကိုလာတွေ့ပေါ့ “

”  မဖြစ်ဖူးလေ…ညီမလေး..၊ အိမ်ထောင်ကျပြီးရင် အလုပ်ချိန်ကို မနက်ပိုင်းပြောင်းရတော့မှာ…၊ သားမယားနဲ့ ညဘက်အတူရှိနေမှ ဖြစ်မှာပေါ့ “

”  အင်း…ဒါလဲ ဟုတ်ပါတယ်…၊ အကိုနဲ့ညီမလေးတို့ မတွေ့ရတော့ဘူးပေါ့နော်… “

”  အမြဲတွေ့လို့ရအောင် အကိုက အမြန်ဆုံးအိမ်ထောင်ပြုလိုက်တာပါဆို… နောက်မို့ဆို ရှေ့နှစ်လောက်မှ မင်္ဂလာဆောင်မလို့ “

”  ဟင်…အကို… ဘာကိုပြောတာလဲဟင်.. “

”  အကို အိမ်ထောင်ကျပြီးရင် အကို့မိန်းမဆီမှာ ညီမလေး ပြန်ဝင်စားနိုင်အောင်လို့ အမြန်စီစဉ်လိုက်ရတာ “

”  ဟင်…အကို… မဖြစ်ဘူးလေ “

”  ဘာကို မဖြစ်ရမှာလဲ “

”  အကို့ကိုပြောဘူးတယ်လေ…..၊ ညီမလေးနေရာမှာ တစ်ယောက်ယောက် အစားဝင်လာမှ ညီမလေးက လူ့ဘဝထဲဝင်စားလို့ရမှာ… “

”  ဟာ…. ဟုတ်သားပဲ…..၊ ဒါဆို ဒီလိုလုပ်မယ်…။ အကို အိမ်ထောင်အရင်ပြုထားမယ်…။ သားသမီးမယူသေးဘူး…။ ညီမလေး ကျွတ်ချိန်တန်တာနဲ့ သားသမီးယူလိုက်မယ် “

”  ဟယ်…..တကယ်နော်…အကို…. “

”  တကယ်ပေါ့ကွာ…. “

”  ပျော်လိုက်တာအကိုရာ…… ညီမလေး အရမ်းချစ်တဲ့ အကို့ကို အဖေနေရာမှာမြင်တွေ့ရတော့မယ်..၊ ပြုစုခွင့်ရတော့မယ်..၊ အကို…ကတိတည်ပါနော်…ညီမလေးစောင့်နေမယ် “

”  ကတိတည်တာပေါ့ညီမလေးရယ်..။ ငါ့ညီမကို အကို့ဘဝထဲလာစေချင်လို့ စီစဉ်နေတာပဲကွာ “

”  ညီမလေး ကျေနပ်ပါပြီအကိုရယ် “

”  တစ်ခုမှာချင်တယ်ညီမလေး “

”  ဟုတ်ကဲ့အကို….ညီမလေးနားထောင်နေပါတယ် “

”  ဒီနောက်ပိုင်းမှာ ဘယ်သူ့ကိုမှ မခြောက်လှန့်ပါနဲ့…၊ နောက်ပြီး လူ့ဘဝကိုလာချင်ဇောနဲ့ နေရာလဲဖို့အတွက် ဘယ်သူ့အသက်ကိုမှ မယူပါနဲ့…။ ညီမလေး ဆက်ပြီးခြောက်လှန့်နေမယ်ဆိုရင် ဘယ်သူမှ မခံနိုင်တဲ့အဆုံး ကမ္မဝါဖတ်ပြီးနှင်ထုတ်ကြလိမ့်မယ်..။ အစားထိုးနေရာလဲဖို့ လုပ်ခဲ့ရင်လဲ နတ်ကောင်းနတ်မြတ်တွေက ခွင့်မလွှတ်တဲ့အတွက် ညီမလေးကို ပြစ်ဒါဏ်ပေးလိမ့်မယ် ။ ငရဲလဲကျနိုင်တယ်…။ ရည်ရွယ်ချက်တွေ မပျက်အောင် ဘယ်သူဘာပဲလုပ်လုပ် သည်းခံပြီး နေပါ… “

”  ဟုတ်ကဲ့အကို… စိတ်ချပါ…။ ညီမလေးအဆင်သင့်ဖြစ်တာနဲ့ အကို့ကို အိပ်မက်လာပေးပါ့မယ် ။ အဲဒီအခါကျရင် အခုလို မနက်လေးနာရီလောက်မှာ ညီမလေး သေခဲ့တဲ့ နေရာက ခဲတစ်လုံးကိုယူပြီး ကြည်ကြည်ဆွေ ခေါ်….မှဲ့ကြီး… အကိုနဲ့လိုက်ခဲ့ပါလို့ သုံးကြိမ်ခေါ်ပေးပါ ။ အဲဒီခဲလုံးကို အိမ်ခြံရှေ့မှာချထားပြီး အိမ်စောင့်နတ်နဲ့ ခြံစောင့်နတ်ကို ညီမလေးကို ခေါ်ဖို့ သုံးကြိမ်တိတိ ခွင့်တောင်းပေးပါ ။ ညီမလေးဝင်လာခွင့်ရတာနဲ့ အကိုအိပ်ပျော်နေရင် အိပ်မက်ပေးပါ့မယ်…။ အကိုအိပ်မပျော်ခဲ့ရင်တော့ အကိုသိသာအောင် တစ်ခုခုနဲ့ အသိပေးပါ့မယ်…။ အဲဒီအခါကျရင် ခြံရှေ့ကခဲလုံးကိုယူပြီး အကိုနဲ့ အမတို့ရဲ့ အိပ်ယာထဲမှာ ထားပေးပါအကို “

”  စိတ်ချ…ညီမလေး…ညီမလေးပြောတာတွေ အကိုမှတ်ထားတယ်…။ ညီမလေးသာ အကိုပြောတာကို လိုက်နာပါ “

”  ညီမလေးကိုစိတ်ချပါအကို…အကို့ကိုအရမ်းချစ်လို့ …အကိုနဲ့အတူနေချင်လွန်းလို့ အကိုပြောတဲ့စကားကို နားထောင်ပါ့မယ် “

        ————————-

       မှဲ့ကြီးနှင့် ကိုထွန်းမြတ်တို့၏ မေတ္တာတရားကို ကံဇာတ်ဆရာကပဲ သိလေသလား…၊ သို့တည်းမဟုတ်… ရှေးယခင်ဘဝကပင် အကျိုးဆက် အကြောင်းဆက်များကြောင့်ပဲ ဖြစ်လေမလားဆိုသည်ကို မည်သူမှသိနိုင်မည်မဟုတ်ပါပေ..။  ကိုထွန်းမြတ် အိမ်ထောင်ကျခဲ့သည်မှာ သုံးလပြည့်ခဲ့လေပြီ…သားသမီးမယူသေးပဲ သုံးလတားဆေးထိုးထားသည်မှာလဲ ရက်ပြည့်နေပါပြီ ။ ကံဇာတာ အပြောင်းအလွဲ စတင်ခဲ့သည့်နေ့မှာတော့………

       ထိုနေ့က အလုပ်ကို မနက်လေးနာရီအရောက် မသွားမဖြစ်သွားရမည့် ကိစ္စပေါ်လာလေသည် ။ စက်ရုံမှ စက်ဆရာ ကိုတိုးလွင်တစ်ယောက် ဗိုက်အရမ်းအောင့်၍ ဆေးရုံသို့ အရေးပေါ်သွားရသောကြောင့် ကိုတိုးလွင်၏ အချိန် မနက်လေးနာရီမှ မနက်ဆယ့်နှစ်နာရီကို ခေတ္တ တာဝန်ပြောင်းလဲ ယူရပါတော့သည် ။

” ကိုကိုရယ်… မနက်အစောကြီး…ဖြစ်ပါ့မလား..။ လမ်းမှာ လူခြေပြတ်ကပြတ်နဲ့ “

”  မေနဲ့ မညားခင်ကတည်းက သွားလာနေကျပါကွာ…။ ဘာမှမစိုးရိမ်ပါနဲ့… “

”  မေပြောတာက…မနေ့ညကရှစ်နာရီ အလုပ်ဆင်းပြီး အိမ်ကို ဆယ်နာရီနီးပါးမှရောက်တယ်..။ စားတာသောက်တာနဲ့ ညအိပ်ချိန်က ဆယ့်နှစ်နာရီထိုးရော..။ အခုကျတော့ မနက်လေးနာရီထသွားရပြန်ပြီဆိုတော့ အိပ်ချိန်မရှိပဲ မူးလဲနေမှာစိုးရိမ်လို့ပါ “

”  ဘာမှမဖြစ်ပါဘူးကွာ…စိတ်ချပါ…။ အရေးပေါ်ဆိုတော့ ဘယ်တတ်နိုင်မလဲကွာ… တိုးလွင်ကလဲ ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ ။ မေလဲပြန်အိပ်လိုက်ဦး….အစောကြီးရှိသေးတယ် “

”  မေက ဘယ်လိုလုပ်ပြန်အိပ်လို့ရတော့မှာလဲလို့… စိုးရိမ်နေတာနဲ့ပဲ အိပ်လို့ကိုရမှာမဟုတ်တော့ဘူး… “

”  ကဲ…မအိပ်ချင်လဲ ထိုင်နေ…အချိန်မရှိတော့ဘူး…နောက်ကျနေမယ်..၊ ကိုကိုသွားတော့မယ်နော်..အိမ်တံခါးကိုသေချာပိတ်ဦး.. “

”  ဟုတ်ကဲ့ကိုကို… “

     ——————–

        အလုပ်အချိန်မမှီမှာစိုးတာကြောင့် ကမ္ဘာအေးဘုရားလမ်းပေါ်တက်ကတည်းက ကုန်းဆင်းကို အရှိန်ဖြင့်နင်းပြီးစီးလာခဲ့လေသည် ။ တံတားလေး လမ်းဝကို ကွေ့လိုက်ပြီး မြောက်ဥက္ကလာကုန်းတံတားဘက်သို့ ဦးတည်ကာ ခပ်သွက်သွက်နင်းလာခဲ့သည် ။ သံတံတားနားအရောက်တွင် သံလမ်းပေါ်မှာရပ်နေသော သူကိုတွေ့လိုက်ရသဖြင့့်ရင်ထဲ ပျော်ရွှင်သွားမတတ်ဖြစ်ရလေသည် ။

”  ညီမလေး…. “

”  အကို….. မတွေ့တာတောင်ကြာပြီအကိုရယ်…။ မနက်လေးနာရီထိုးခါနီးတိုင်း ဒီနေရာမှာ အမြဲရပ်စောင့်နေတာ ။ အခုလဲ စက်ဘီးတစ်စီးလာနေကတည်းက အကိုပဲဖြစ်ရမယ်ဆိုပြီး ညီမလေး မျှော်နေတာ “

”  လာလေ… အကို့စက်ဘီးနောက်ကလိုက်ခဲ့ “

”  ဟင်…လမ်းမလျှောက်တော့ဘူးလားအကို…စကားပြောကြရအောင်လေ “

”  အချိန်မရှိလို့ညီမလေး… အလုပ်မှာ စက်ဆရာတစ်ယောက်က အသည်းအသန်ဖြစ်လို့ဆေးရုံတင်လိုက်ရတော့ သူ့နေရာမှာ အစားထိုးဝင်ပေးရမှာ “

”  ဒါဆိုလဲသွားတော့လေအကို….ညီမလေးလိုက်လာရင် အကိုအားစိုက်နင်းရတော့ မောလဲမောမယ်…နောက်လဲကျနေဦးမယ်… “

”  ဒါဆို အကိုသွားမယ်နော်… “

”  အကိုဒီကိုလာဦးမှာလားဟင်… “

”  နောက်နေ့တွေအထိ ဟိုလူ မလာနိုင်သေးဘူးဆိုရင် တွေ့လို့ရတာပေါ့ကွာ…။ အကိုသွားမယ်… “

        သံလမ်းကို ဖြတ်ကျော်ပြီး လမ်းမကြီးဘက်ကို ချိုးကွေ့လိုက်ကာ ညာဘက်လမ်းကြောသို့ ဖြတ်ကူးလိုက်သည် ။လမ်းမပေါ်တွင် ရှင်းလင်းနေသောကြောင့် လမ်းဘေးနှင့်ခွာကာ အားစိုက်နင်းလာခဲ့စဉ် အနောက်ဘက်မှ ကားမီးရောင်များနှင့် ဆူညံသောကားစက်သံတို့ကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ ကုန်းတံတားပေါ်မှ အဆင်း….ရှေ့ကားကို ကျော်တက်လာသော ဒတ်ဆန်းကားတစ်စီးက လမ်းကြောသို့ပြန်အဝင်တွင် အရှိန်မထိမ်းနိုင်ပဲ ကိုထွန်းမြတ်ထံသို့ ဦးတည်ကာ အပြေးဝင်လာလေတော့သည် ။

”  ဟာ……. “

      မျက်လုံးထဲပြာဝေသွားကာ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေစဉ်…

”  ဖြောင်း…..”

”  ကျီ….ကျွီ…. “

”  အောင်မလေးဗျ…. “

”  ကျွိ……………………. “

”  ဂျိမ်း…… ဒုန်း……….. “

”  တီ……………………………………… “

       လမ်းဘေးသို့လွင့်စဉ်ထွက်သွားသော ကိုထွန်းမြတ်မှာ မျက်လုံးများပြာဝေကာ မှောင်အတိ ဖုံးသွားလေတော့သည် ။

”  အကို…..ထ….ထတော့…အကိုဘာမှမဖြစ်ဘူး… “

     နား အနားသို့ ကပ်ပြောလိုက်သောရင်းနှီးနေသည့်အသံကြောင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သည် ။ ကိုထွန်းမြတ်စီးလာသော စက်ဘီးက ဘီးများတွန့်လိမ်နေကာ လမ်းပေါ်တွင် တစ်စစီဖြစ်နေလေသည် ။ လမ်းတစ်ဖက်ဘေးမှ ကန်စွန်းခင်းထဲမှာတော့ ဒတ်ဆန်းအပြာရောင်ကားလေးက ခေါင်းစိုက်နေသည် ။

”  ကားထဲက လူကိုသွားကြည့်ကြဦး… ရေနစ်နေဦးမယ်… “

”  အတိုက်ခံရတဲ့လူ ဘယ်လိုနေသေးလဲ…စက်ဘီးကရစရာမရှိတော့ဘူး….။  မိန်းကလေးတစ်ယောက်ကိုပါ တိုက်သွားတာဗျ…ရှာကြပါဦး  “

       ကျော်တက်ခံရသောကားမှာ ရှေ့ကားမှ လူတိုက်လိုက်သည်နှင့် ချက်ချင်းရပ်လိုက်ပြီး အကူအညီပေးရန်ဆင်းလာကြလေသည် ။

”  ဟုတ်တယ်ဗျ…. စက်ဘီးနဲ့ လူကိုတိုက်ကာနီး အင်္ကျီအနီနဲ့ အမျိုးသမီးက ဟိုဘက်လမ်းကနေ ပြေးလာပြီးတွန်းထုတ်လိုက်တာ ကျွန်တော်လဲမြင်လိုက်တယ်…၊ အဲဒီအမျိုးသမီး ကားနဲ့ပါသွားပြီး ကားအောက်ထဲရောက်နေပြီလားမသိဘူး..  “

”  အကို…သတိရပါတော့…. မြန်မြန်ထပါ… ၊ ညီမတို့အတွက်အခွင့်အရေးရပြီ…  “

”  ဟင်…..  “

”  ဒီလူသတိရလာပြီဟေ့…..  “

”  ဘာဖြစ်သွားလဲ… “

”  ပွန်းပဲ့ရုံပဲနဲ့တူတယ်…။ ဘာမှဖြစ်ပုံမရဘူး…  “

”  ဟုတ်လို့လားဗျာ…စက်ဘီးတောင် ကြေမွသွားတာ  “

”  လူကအရင်လွင့်ထွက်သွားတာဗျ…ကျန်ခဲ့တဲ့ စက်ဘီးကို ဟိုကားတက်ကြိတ်သွားတာ  “

”  မတွေးရဲစရာပဲဗျာ… လူသာကြိတ်မိလို့ကတော့ နေရာမှာတင် ပွဲချင်းပြီးမှာ….အတော်ကံကောင်းတာပဲ  “

”  ဒီလူ့ကို တွန်းထုတ်လိုက်တဲ့ အမျိုးသမီးတော့ သေပြီထင်တယ်ဗျာ….  “

” ဟိုကားကိုသွားကြည့်ကြပါဦးဟေ့  “

        ကိုထွန်းမြတ်မှာ အနားတွင် မျိုးစုံအော်ဟစ်နေသော လူများကို အာရုံမစိုက်နိုင်ပဲ အနားကပ်ပြီး ကြားနေရသော အသံကိုသာ ဂရုတစိုက် နားထောင်နေမိလေသည် ။

”  အကို အရမ်းကံကောင်းတယ်…။ အကို့ကိုတိုက်တော့မယ်ဆိုတာသိလို့ ညီမလေး တွန်းထုတ်လိုက်တာ…၊ ကန်စွန်းခင်းထဲက ကားသမားကတော့ သေသွားပြီ  “

”  ဟင်….. ဟုတ်လို့လား…  “

”  အကိုမယုံလို့လား… ညီမကမြင်ရတယ်…။ အဲဒီလူ လမ်းမပေါ်မှာလျှောက်ပြေးပြီး အော်နေတယ်  “

”  သူဘာတွေအော်နေတာလဲ  “

”  ကယ်ကြပါဦးတဲ့….. ဟော…. ကားထဲကို ပြေးပြီး သူ့အလောင်းကိုကြည့်နေတယ် ။ အဲဒါအရေးမကြီးဘူးအကို….ခဲမြန်မြန်ကောက်ပြီး ညီမလေးနံမည်ကို သုံးကြိမ်ခေါ်တော့…။ ဒီနေရာက ညီမလေး သေခဲ့တဲ့နေရာပဲအကို  “

”  ဟင်… ညီမလေး…. ဒါဆို…မင်းလုပ်လိုက်တာလား…   “

”  ဟင့်အင်း…ညီမလေးဘာမှမလုပ်ဘူး…၊ ဟိုလူက အရက်မူးနေတယ်နဲ့တူတယ်…။ ကုန်းတံတားပေါ်ကနေ ရှေ့ကားကိုကျော်တက်လာကတည်းက ကားတစ်စီးလုံး ယိမ်းထိုးနေတာ ၊ ဒီနားရောက်တော့ အကို့ကိုတိုက်တော့မယ့်အချိန်မှာ ညီမလေး ပြေးတွန်းလိုက်တာ…၊ ညီမလေးပြောတာယုံပါအကို… အကို့ကိုချစ်လို့ အကို့ရဲ့စကားကို နားထောင်ပါတယ်  “

”  ယုံပါတယ် ညီမလေး…  “

”  ဒါဆိုလဲ လုပ်စရာရှိတာလုပ်တော့အကို….. ခဲလုံးတစ်လုံးအမြန်ကောက်ပြီး ညီမလေးပြောသလိုသာလုပ်တော့…မှတ်မိတယ်မဟုတ်လား  “

”  မှတ်မိတယ်…… “

”  ဟေ့လူ….သက်သာရဲ့လား…တစ်ယောက်ထဲ ကယောင်ကတမ်းနဲ့ ဘာတွေပြောနေတာလဲ  “

”  ကျွန်တော်ဘာမှမဖြစ်ဘူး…. ဟိုကားထဲကလူကိုသာ ဆွဲထုတ်လိုက်  “

”  သေချာရဲ့လားဗျ… ကိုယ့်ကိုကိုယ် စမ်းကြည့်ပါဦး…. ဆေးရုံသွားမလား…  “

”  မသွားဘူး…ကျွန်တော် ဘာမှမဖြစ်တာသေချာတယ်…၊ ကျွန်တော်လုပ်စရာရှိသေးတယ်ဗျ… ခင်ဗျားတို့လဲ လုပ်စရာရှိတာဆက်လုပ်ပါ  “

     ကိုထွန်းမြတ်က ခြေဆင်းထိုင်နေရာမှ အနီးအနားရှိခဲတစ်လုံးကိုကောက်ယူလိုက်ပြီး ကြည်ကြည်ဆွေ ခေါ် မှဲ့ကြီး၏အမည်ကိုသုံးကြိမ်ဆင့်ကာ ခေါ်လိုက်လေတော့သည် ။ ထို့နောက် လူကြားထဲမှ မသိမသာတိုးထွက်လိုက်ပြီး လမ်းတစ်ဖက်သို့ဖြတ်ကူးရန်ပြင်လိုက်စဉ်တွင် ဒတ်ဆန်းကားထဲမှ ဆွဲထုတ်လာသော နှဖူးတစ်ခုလုံး ပွင့်ကာ ဦးနှောက်များထွက်နေသည့် ယာဉ်မောင်း၏ အလောင်းကိုမြင်လိုက်သည်နှင့် အိမ်သို့ မပြေးရုံတမယ်ပြန်လာခဲ့လေတော့သည် ။

      ခဲလုံးကို လွတ်ထွက်မသွားအောင် ကိုင်ရင်း သံလမ်းကိုဖြတ်ကျော်ကာ ပြေးသွားသော ကိုထွန်းမြတ်ကို ရပ်ကြည့်နေသည့် မှဲ့ကြီးခေါ် ကြည်ကြည်ဆွေကိုတော့ ကိုထွန်းမြတ် မတွေ့နိုင်တော့ပေ…။

        ——————–

” မမေဇင်ရဲ့ အမျိုးသား….

”  ရှိပါတယ်ခင်ဗျ… ကျွန်တော်ပါ…  “

”  သမီးလေးမွေးတယ် …. ကလေးရော အမေရော ကျမ္မာတယ်… “

”  ဝမ်းသာလိုက်တာဆရာမရယ်…  “

       အပေါ်အဖြူ အောက်အစိမ်းရောင်ဝတ် နတ်စ်မကြီးက မွေးခန်းထဲမှ ထွက်လာကာ ပြောလိုက်သည့် အသံကိုကြားလိုက်ရသည်မှာ ကိုထွန်းမြတ်၏ ရင်ထဲတွင် ဖေါ်မပြနိုင်သည့် ဝမ်းသာမှူကိုခံစားလိုက်ရလေသည် ။

”  ဒီမှာပဲ ထိုင်စောင့်နေ…. ခဏနေ ထွက်လာလိမ့်မယ်    “

      ထိုင်မရ ထမရဖြစ်ကာ မွေးခန်းထဲသို့ လှမ်းကြည့်နေသော ကိုထွန်းမြတ်ကို နတ်စ်မကြီးက သတိပေးလိုက်သည် ။ နေရာတွင်ပြန်ထိုင်ကာ နာရီစက္ကန့်တံများကို ကြည့်ပြီး ရေတွက်နေသော ကိုထွန်းမြတ်၏ ရင်ခုံသံမှာ ဆေးရုံတစ်ခုလုံးကြားရလောက်အောင် ဟိန်းထွက်နေသည်ဟုပင် ထင်ရလောက်ပေသည် ။

    —————————

        ကုတင်ပေါ်တွင် လှဲကာ အားဖျော့သောမျက်ဝန်းများကြားမှ ပြုံးပြီးကြည့်နေသော ဇနီးသည် မမေခင်၏ လက်ကို အသာအယာဆုပ်ကိုင်ရင်း ညာဘက်ကိုစောင်းပြီး နို့စို့နေသော သမီးလေး၏ မျက်နှာကို အမှတ်မထင်ကြည့်မိသည့်အခါမှာတော့…. ဘယ်ဘက်နားအောက်မှ  ထင်ထင်ရှားရှားရှိနေသော မှဲ့နက်ကြီးကို တွေ့လိုက်ရလေတော့သည် ။

”  ဟာ…. ညီမလေး…ဝမ်းသာလိုက်တာကွယ်….  “

       ကိုထွန်းမြတ်၏ အသံကိုကြားလိုက်သည့်အခိုက် မိခင်နို့စို့နေသော မွေးကာစ သမီးလေးမှာ နို့ကိုပါးစပ်မှ ချွတ်လိုက်ပြီး ခြေနှင့် လက်ကလေးများထွန့်ထွန့်လူးကာ ရယ်မော၍ အသံကြားရာကိုလိုက်ရှာနေလေတော့သည် ။

”  ဟယ်….ကြည့်ပါဦး……အဖေ့အသံကြားတာနဲ့ဖြစ်နေလိုက်တာ..။ နို့တောင်မစို့နိုင်တော့ဘူး… အလည်မလေး… လူ့လောကထဲရောက်တာ နာရီပိုင်းပဲရှသေးတယ်.. အဖေကိုတာချင် ချွဲချင်နေပြီ..ဟင်း…ဟင်း  “

”  ဟဲ…..ဟဲ…မေကလဲကွာ… သမီးလေးက ဖေ့ချစ်ဆုံးလေးဆိုတဲ့အကြောင်း အမူအရာနဲ့ ပြနေတာပါကွာ……  “

”  လူလည်ကြီး သားအဖတွေ… ဟွန်း…  နို့စို့ဖို့ကျတော့တတ်တယ်.. အမေ့မျက်နှာတောင် မော်မကြည့်ဘူး…၊ အဖေ့အသံလဲကြားရော… ပုစွန်ဆိတ်ခုန်သလို ထွန့်ထွန့်ကိုလူးနေတာပဲ…  “

         မမေခင်ပြောလိုက်သောစကားကို ကိုထွန်းမြတ် သဘောကျစွာ ပြုံးလိုက်ရင်း သမီးလေး၏လက်နုနုလေးကို ဖွဖွလေးကိုင်လိုက်လေသည် ။

”  ကိုကို…မေးရဦးမယ်…ညီမလေးဆိုတာ ဘယ်သူလဲဟင်…ရှူပ်ရှူပ်ရှက်ရှက်တော့မဟုတ်ပါဘူးနော်…    “

”  မဟုတ်ပါဘူးမေရာ… ကိုကိုနောက်မှပြောပြမယ်…။ အခုတော့ မပြောသေးဘူး…။ ဘာမှမဟုတ်ဖူး… မေ သိရင် အရမ်းအံ့သြသွားလိမ့်မယ်…  “

         —————————

         နောက်ပိုင်းတွင် ကိုထွန်းမြတ်တို့ မိသားစု မမေခင်၏ ဇာတိမြို့သို့ပြောင်းရွှေ့ကာ ကိုထွန်းမြတ်က သူတတ်ကျွမ်းသည့် အလုပ်ကိုလုပ်ကိုင်ခဲ့လေသည် ။ မမေခင် မှာလည်း ဇာတိမြို့တွင်ပင် အလယ်တန်းပြ ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေစဲဖြစ်လေသည် ။  သမီးလေး မြတ်မှူးခင်မှာ ဖခင်ကိုထွန်းမြတ်ကို မျက်စိအောက်က အပျောက်မခံပဲ အလွန်ချစ်ရှာလေသည် ။ ဖခင်နှင့် စက်ဘီးစီးနေရလျှင်အလွန်ပျော်ရွှင်နေတတ်ပြီး တစ်ခါတစ်ရံ သတိလက်လွတ်ဖြင့် ဖခင်ကို အကိုဟုခေါ်တတ်ပြီး သူ့ကိုသူ ညီမလေးဟု နာမ်စားသုံးတတ်လေသည် ။ ကိုထွန်းမြတ်တို့ မိသားစုသည် ပျော်ပျော်ရွှင်ရွှင် ကျမ်းကျမ်းမာမာဖြင့်  မမေခင်၏ ဇာတိမြို့တွင် ယနေ့တိုင် နေထိုင်စဲဖြစ်ပါကြောင်း………။

     အမည်ရင်းများနှင့် လက်ရှိနေထိုင်သော မြို့ကို ဖေါ်ပြရေးသားခြင်းမပြုသည်ကို နားလည်ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်ခင်ဗျား…။

⬛H⬛

ရွှင်လမ်းချမ်းမြေ့ကြပါစေ

     ချစ်ခင်လေးစားစွာဖြင့်

             လွင်ဦးဟန်