နှစ်မျက်နာ

အောင်မြင်လာတယ်ပေါ့  တနေ့ ကျုပ် ပယောဂ သွားကုပြီး ပြန်လာတဲ့အချိန်မှာပဲ ကျုပ်မြေးလေး ဆုံးပြီတဲ့ဗျာ ရွာက လူတွေပြောတာတော့ လေးဘက်ကုန်း ခွေးလို အူပြီး သွေးအန်ရင်း အသက်ထွက်သွားတယ်တဲ့ကွာ ကျုပ် ချက်ခြင်း သိလိုက်တယ် ဒါပညာသည်တွေရဲ့ လက်ချက်ဆိုတာကို ဒါပေမဲ့ ဘယ်သူလုပ်တာလဲ ကျုပ် မသိဘူး အဲ့တာနဲ့ အခုလို အမှောင် ပညာသည်တွေ အကုန်လုံးကို နှိမ်နှင်းပစ်မယ်ဆိုပြီး ရူးရူးမိုက် မိုက် ဆုံးဖြတ်ချက်ချလုပ်နေခဲ့ဝာာပဲ မောင်ရင်တို့ရယ် “

    အထက်လမ်းဆရာဩသည် စကား အများကြီး ပြောရင်းမှ သူ၏ မြေးမလေးအား သတိရသွားဟန်ရှိ၏။မျက်လုံးမှ ရစ်ဝဲ နေသော မျက်ရည်စများအား ပါးပြင်ပေါ်စီးမကျစေရန် မျက် တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မနိုင်၍ ကျလာသော မျက်ရည်များကို လက်ကောက်ဝတ်ဖြင့် သုတ်နေလေသည် ။ ထို့နောက် မောင်ဘိုးထင်သည်

    “ဆရာကြီး ကျုပ်တို့ အဲ့ဒီ လူယုတ်မာကို ရအောင်ဖော်ထုတ် ပေးပါ့မယ် “

    “ငါလည်း သိချင်တယ်ကွာ သိရလို့ကတော့ အဲ့ဒီကောင်ကို အသေသတ်ပစ်မယ် “

    “စိတ်ချ ဆရာကြီး ကျုပ်တို့ မရ ရအောင်ဖော်ထုတ်ပေးမယ် “

    ” ဒါနဲ့ မင်းတို့က ဘယ်လိုဖော်ထုတ်မှာလဲကွ ငါလို အထက် လမ်း ဆရာ‌တယောက်တောင် မသိတာ မင်းတို့က ဘယ်လိုလုပ်သိနိုင်ပါ့မလဲ “

    “ဆရာကြီးတို့ အထက်လမ်းတွေမှာ ကျင့်ဝတ်တွေ စောင့် ထိန်းရမှာတွေ ရှိတယ် မဟုတ်လား ကျုပ်တို့က ဆရာကြီးတို့လို စောင့်ထိန်းစရာ သိပ်မရှိတော့ အဆင်ပြေတဲ့နည်းနဲ့ သုံးလို့ရတယ် “

    “အေး မင်းပြောတာလည်း ဟုတ်တော့ဟုတ်သားဟ  ကဲ ကဲ ရွာရောက်အောင်သာ အရင် သွားကြစို့ “

    “နေပါဦး ဆရာကြီးတို့ ရွာနာမည်က “

    “သနပ်ပင်ရွာ လို့ ခေါ်တယ်ကွ”

    “သနပ်ပင်ရွာ “

    ထို့နောက် သာရသည် နွားများအား မြန်မြန် သွားစေရန် အတွက် ငေါက်ငမ်းလိုက်ရာ နွားများသည် ခြေလှမ်းသွက်သွက်ဖြင့် လှည်းလေးအား သယ်ဆောင်သွားပါလေတော့သည် ။

    ◾အခန်း (၂)

    နံနက်စောစောထွက်လာသော မောင်ဘိုးထင်တို့ လှည်းလေးသည် ညနေအချိန်ခါတွင်မှ သနပ်ပင်ရွာသို့ ရောက်လာကြသည် ။နာမည်သည်သာ သနပ်ပင်ဖြစ်ပြီး အမှန်တကယ် ပေါသည်မှာ ဂွေးသီးပင် နှင့် ဂွေးတောက်ပင်များဖြစ်သည်။ဂွေးတောက်နွယ် များ နွယ်တက်နေသော သစ်ပင်အများအပြားအား တွေ့ရပြီး  ဂွေးသီးပင်များပေါ်တွင်လည်း တွယ်တက်နေ၏။ပေတူးသည်ရွာထဲသို့ ဝင်လိုက်သည် နှင့် မြင်တွေ့ရသော အရာများအား  သူ၏စိတ်ထဲ၌ရှိတဲ့အတိုင်းပင် အထက်လမ်း ဆရာကြီးအား စကားဆိုလာသည် ။

    “ဆရာကြီးရေ ပြောတော့သာ သနပ်ပင်ရွာနော် ပေါတာက ဂွေးပင် နဲ့ ဂွေးသီး  နောက်ပြီး ဂွေးတောက်ရွက် နာမည်နဲ့တော့ တော်တော်ကို လမိုင်း မကပ်တာပဲ တကယ်က ဆရာကြီးတို့ရွာကို ဂွေးတောရွာလို့ နာမည်ပေးရမှာဗျ”

    “ဒီ‌ကောင်လေးကတော့ ပေါက်ကရ အတော်ပြောတတ်တာပဲ ကဲ ကဲ ရှေ့က အိမ်ဝိုင်းထဲကိုလှည်းဝင်လိုက် အဲ့တာ ငါ့အိမ်ကွ “

    သာရသည် အထက်လမ်းဆရာကြီးပြောသော အိမ်ဝိုင်းထဲသို့ လှည်းကို မောင်းဝင်လိုက်လေသည်။လှည်းကို ရပ်လိုက်ပြီးနောက် လှည်းပေါ်တွင်ရှိသောသူများလည်း လှည်းအောက်သို့ ဆင်းကြပြီး အညောင်းဆန့်နေလေသည်။အထက်လမ်းဆရာ ကြီးသည် အိမ်အောက်တန်းလျားကို လက်ညှိုးထိုးပြပြီး

    “ကောင်လေးတို့ ဟိုတန်းလျားမှာ ထိုင်ကြအုံးကွာ ပြီးရင် ငါ ထမင်းချက်ကျွေးမယ် ”

    “ရပါတယ်ဗျာ ဗိုက်မဆာသေးပါဘူး ကျုပ်တို့လည်း ကူလုပ်ပေးပါ့မယ် အခုတော့ နားပါဦး “

    မောင်ဘိုးထင်တို့သည် အထက်လမ်းဆရာကြီး နှင့်အတူ အိမ်အောက်သို့ လိုက်သွားလေသည်။ထို့နောက် တန်းလျားတွင် ထိုင် ပြီး ခတ္တ နားလိုက်ကြသည်။လှည်းဖြုတ်နေသော ဖိုးထွေး နှင့် သာရအား ဆရာကြီး ဦးဩသည်

    “ကောင်လေး‌ ငါ့အိမ်မှာတော့ တင်းကုတ် မရှိဘူးဟေ့ အိမ်ဘေးက ငါ့သူငယ်ချင်းအိမ်‌မှာတော့ တင်းကုတ် ရှိတယ် သူ့နွားတွေက တောဝင်နေတယ်ဆိုတော့ အဲ့ဒီမှာ သွားချည်ရအောင် “

    ဦးဩသည် ခြံစည်းရိုးမခတ်ထားသော သူ၏ အိမ်ကျော ဘက်မှ ပျဉ်ထောင်အိမ်ကြီးဘက်သို့ ရှေ့မှ ဦးဆောင်သွားလေသည်။ဖိုးထွေး နှင့် သာရတို့လည်း နွား တယောက်တကောင် ဆွဲ ကာ ဦး‌ဩ နောက်သို့ လိုက်သွားကြသည်။ဦးဩသည်  အိမ်ကြီးကို ကြည့်ကာ

    “ဟေ့ သန်းဖေ   “

    “ငဩ ပြန်ရောက်ပြီလားကွ “

    “အေး ငါ မင်း တင်းကုတ်ထဲ နွားခဏ ချည်ချင်လို့ဟေ့ ”

    “မင်းနွားဝယ်ခဲ့တာလားဟ “

    “မဟုတ်ပါဘူး သူငယ်ချင်းရာ ငါ့ မိတ်ဆွေတွေရဲ့ နွားပါ “

     အသံသာပေးနေသော ဦးဩ၏ သူငယ်ချင်းသည် အိမ်အောက်သို့ဆင်းလာပြီး ဖိုးထွေးတို့ကို တလှည့် ဦးဩကို တလှည့်ကြည့်ကာ

    “ဘာများပြောတာလဲလို့ ငဩရာ မင်း မိတ်ဆွေတွေက ငါ့မိတ်တွေပေါ့ကွ ငါ့တူတို့ တင်းကုတ်ထဲ ချည်ထားကြ နှမ်းဖတ် နဲ့  မြက် စားကျင်းထဲ ထည့်ထားတယ် ကျွေးထားကြ “

    ဖိုးထွေး နှင့် သာရတို့၏စိတ်ထဲတွင် ဦးသန်းဖေဆိုသော လူကြီးသည် အတော်ကို သဘောကောင်းသည်ဟု ထင်မှတ်ပြီး ထိုလူကြီး၏ ရုပ်ရည် ဟန်ပန် နှင့် စိတ်သဘောထားမှာ အတာ် လိုက်ဖက်လှပေသည် ဟု စိတ်ထဲက ကြိတ်၍ ချီးကျူးလိုက်မိသည်၊၊သူတို့ နှ‌စ်ယောက် နွားကိုချည်ပြီး ဦးဩ၏ အနားသို့ ပြန်လာစဉ် ဦးဩ နှင့် ဦးသန်းဖေသည် စကားပြောနေသည် ကို တွေ့ရသည်။

    “ငဩ ဘယ်လိုလဲ လူယုတ်မာကောင်ကို လက်စားချေနိုင်ခဲ့ပြီ လား “

    “မတွေ့ပါဘူး သန်းဖေရာ “

    “ငါလည်း အဲ့ဒီလိုလုပ်တဲ့ ကောင်ကို သတ်ချင်တယ်”

    ” ထားလိုက်ပါ သန်းဖေရာ အဲ့ဒီကောင်ကို ငါရအောင်ဖော်မှာ ပါ ငါ့ဧည့်သည်တွေ ပါလာလို့ အိမ်ပြန်လိုက်ဦးမယ် “

    “အေးအေး လိုတာရှိရင် လှမ်းအော်လိုက်ကွာ “

    ဦးဩသည် ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီး သူ၏ အိမ်ရှိရာသို့ ပြန်လာလေသည်။ထို့နောက် မောင်ဘိုးထင်တို့ အိပ်ဖို့ရာ အတွက် အိမ်ပေါ်တွင် နေရာများချကာ သူတို့ပါလာသော ပစ္စည်း၊ပစ္စယများ ထားဖို့ နေရာပြလိုက်ပြီး  မီးဖိုချောင်ဘက်သို့  ထမင်းအိုးတည်ရန် ထွက်ခဲ့လေသည်။သာအေးသည် ဦးဩ နောက်မှ လိုက်သွားပြီး

    ” ဆရာကြီး ထမင်းအိုး ကျုပ်တည်လိိုက်ပါမယ် “

    “မင်းတို့က ဧည့်သည်လေကွာ နေ နေ ငါပဲလုပ်မယ် “

    “ခရီးက အတူတူပြန်လာတာ ပြီးတော့ ဆရာကြီးက အသက် ကြီးပြီ ကျုပ်တို့ထက် ပိုပင်ပန်းမှာပေါ့ ထမင်းအိုးနဲ့ ဆန်ကိုပဲပြပါ ဆရာကြီး ကျုပ် လုပ်နေကြတွေပါ “

    “ပြောမရတော့လည်း ချက်ကွာ မင်းတို့က ဧည့်သည်လို မနေတတ်တော့ ငါ သက်သာပြီပေါ့ ဆန်ကတော့  ကြည့်ချက်လိုက်ကွာ ထမင်းအိုးကြီး ရှိတယ် “

    “များများ ချက်မယ် ဆရာကြီးရေ ကျုပ်ကောင်တွေ အကြောင်း ကျုပ်သိတယ် ”

    “ဟင်းချက်စရာက သွားဝယ်ရဦးမှာကွ  ရွာဦးပိုင်းမှာ ခုလို ညနေစောင်းဆို ဝက်ဖော်မလားပဲ ငါကတော့ သားသတ်လွတ် စားတာ ကြာနေပြီ မင်းတို့ အသားစားတယ် မဟုတ်လား “

    ဦးဩ၏ စကားကို အိမ်ရှေ့ခန်းတွင်ရှိသော မောင်ဘိုးထင်တို့ ကြားသောအခါ

    “စားတာပေါ့ ဆရာကြီးရယ် “

    “ကဲ အဲ့တာဆို ငါသွားဝယ်လိုက်ဦးမယ် “

    “ကျုပ်တို့ နှစ်ယောက်လိုက်ခဲ့လို့ ရမလား ဆရာကြီး ရွာထဲကို လိုက်ကြည့်ချင်လို့ “

    “ရတာပေါ့ကွာ လိုက်ခဲ့ “

    မောင်ဘိုးထင် နှင့် ပေတူးသည် ဝမ်းသာသွားကာ ဦးဩ နောက်သို့ လိုက်ပါသွားတော့သည် ။

    ◾အခန်း (၃)

     ဦးဩ နှင့်အတူ မောင်ဘိုးထင် နှင့် သာအေးတို့သည် စကားတပြောပြောနှင့် ရွာလယ်လမ်းအတိုင်း လမ်းလျှောက်နေလေသည်။ဦးဩမှာ သူ၏ မြေးမလေးမှ ဝက်သားအလွန်ကြိုက်သည့်အကြောင်းကို ပြောပြနေသေးသည် ။

    “ငါ့မြေးလေးက ဝက်သား သိပ်ကြိုက်တာကွ သူက ဧည့်သည် တွေ လာရင် တအားပျော်တာ မောင်ရေ ငယ်ငယ်ရွယ်ရွယ် နဲ့ ငွေ သာရှာနိုင်တာ ကလေးစိတ်က မပျောက်ဘူးကွ ဝက်သားချက် တဲ့နေ့ဆို ငါ့ ပုခုံးကိုဖက်ပြီး ဝမ်းသာနေတာများကွာ သူမဆုံးခင်  အထိ ငယ်ငယ်က အကျင့်မပျောက်ဘူး ငါလည်း အထက်လမ်း ဆရာဆိုတော့ ကြားသားမြင်သားမစားပေမဲ့ ဝက်ဖော်ရင် ငါ့မြေးလေးအတွက် ဝယ်ပေးဖြစ် ချက်ပေးဖြစ်တယ်ပေါ့ကွာ “

    မောင်ဘိုးထင်သည် ဦးဩအသံတိမ်သွား၍ ကြည့်လိုက်မိရာ ဦးသြ၏ မျက်ဝန်းတို့သည် သူ၏ မြေးမလေး နှင့် အတူတူရှိခဲ့သော အတိတ်အား ပြန်မြင်ယောင်နေသည်ဟု ထင်မိ၏။ ခင်တွယ်စရာဆို၍ သူ၏ မြေးမလေးသာရှိခဲ့သော ဦးဩတ ယောက် မြေးမလေးကိုဆုံးရှုံးလိုက်ရသောအခါ မည်မျှခံစားခဲ့ရသည်လဲဆိုသည်အား မောင်ဘိုးထင် ကိုယ်ချင်းစာမိသည်။ ထို့ကြောင့် မြေအဖိုးနှစ်ယောက်အား ရှင်ကွဲ ကွဲအောင်လုပ်ခဲ့သော လူယုတ်မာပညာသည်အား အတော်ကို မုန်းတီးနေမိပြီးအတွေးပေါင်းစုံနှင့် မောင်ဘိုးထင်တို့ လမ်းလျှောက်လာရာ လူများအုံနေသော အိမ်ဝိုင်းတခု၏ရှေ့သို့ ရောက်လာလေသည်။ထိုလူများသည် ဝက်သားဝယ်ဖို့ရာ စောင့်နေကြသောသူများဖြစ်ကြ၏။ထိုအထဲတွင် မောင်ဘိုးထင်တို့ထက် ငယ်သော ကလေးများသည် ဝက်မွေးခြစ်နေသော လူကြီးတယောက် အနားတွင် တဝဲဝဲလည်လည်လုပ်ရင်း အချင်းချင်း တီးတိုးစကားပြောနေကြသေးသည် ။

    “သန်းဇော် အခုတခါ ဝက်မြီးရရင် မင်းချည်းပဲ အကုန်မစားနဲ့နော် မင်းက လူကောင်ကြီးတယ်ဆိုပြီး ဝက်မြီးအရင်းကို စားတယ် ငါတို့ကိုတော့ အဖျားပဲ ကျွေးတယ် “

    “မင်းတို့က ဘာမှမလုပ်ရဘူး ငါက ဝက်မွေးခြစ်တဲ့ သူကို ငါ့အိမ်က အရက်တပိုင်း ခိုးတိုက်ရတာ ဒီဝက်မြီးရဖို့ “

    “မသိဘူး မင်းက ဝေတူမျှတူတော့ လုပ်သင့်တယ် “

    ထိုကလေးများမှာ ဝက်ဖော်သောအခါ ဝက်မြီးအား အလစ် သုတ်ပြီး ဖုတ်စားသော လူရှုပ်ကလေးများဖြစ်ကြသည်။မောင် ဘိုးထင်သည် ထိုကလေးများကို ကြည့်နေ‌ရင်းမှ  ဝက်အမွေးခြစ်ပြီးသွား၍  ရေလောင်းသန့်စင်ကာ ဝက်ဗိုက်ကို ခွဲနေသော လူကြီးတယောက်၏အနားသို့ သူတို့အထဲမှ လူကောင်ထွားထွား ကလေးတယောက်သည် ကပ်ပြီး ခပ်တိုးတိုး ပြောလိုက်ရာ ဝက်ဖျက်သမားသည် အမြီးအား ဖြတ်ပြီး ပေးလိုက်သည်ကို တွေ့ရလေ၏။ထိုအခါ ကလေးများသည် ဝမ်းသာအားရဖြင့် ပြေးထွက်သွားကြလေသည်။၀က်သားများခုတ်ချိန်တွင်တော့ ၀က်သားလာ၀ယ်ကြသောသူများ၏ အသံသည် ပွက်လောရိုက်လျက်ရှိ၏ ။

    “ဟေ့ လှဝေ ငါ့ကို အသားကောင်းတာ တတွဲနော် ငါ့ဘာသာငါ အသားရွေးမယ် “

    “ရွေးလို့ မရဘူး ကျုပ်တို့ ပေးတာပဲ ယူရမယ် “

    “နင်တို့က အဲ့လိုချည်းပဲ “

    “မကျေနပ်ရင် မဝယ်နဲ့ ရှင်းရှင်းပဲ “

    ရောင်းလိုအားထက် ဝယ်လိုအားများနေသောအခါ ဝက်သားရောင်းသူများသည် လေသံ ခပ်မာမာနှင့်ဖြစ်၏။ဝက်သားခုတ် ဖြတ်ပြီး တွဲနေသောလူများသည်  ဦးဩအား မြင်လိုက်သည့်အခါ

    “ဟေ့ကောင်တွေ ဆရာဩ ရောက်နေတာကို မင်းတို့ မပြော ကြဘူး ဆရာဩအတွက် အသားကောင်းကောင်းလေး “

    “လှဝေရေ သုံးတွဲပေးကွာ အိမ်မှာ ဧည့်သည်တွေရောက်နေလို့ “

    “ဟုတ်ကဲ့ ဆရာဩ ကျုပ် အပိုအနေနဲ့ ဝက်အသည်း၊ဝမ်းတွင်း နှစ်ဆယ်သား ထည့်ပေးလိုက်တယ်နော် အဖိုးအခပေးစရာ မလိုဘူး “

    “ကျေးဇူးပါကွာ ရော့ ရော့ အဖိုး”

    ဦးဩသည် လှဝင်းဆိုသော ဝက်သားရောင်းသူအား ကျသင့်‌ငွေ ပေးလိုက်လေသည်။တခြားသူများဆိုလျှင် အပေါက်ဆိုးသော ထိုသူမှာ ဦးဩအား အတော်ကို လေးလေးစားစားဆက် ဆံသည်ကို တွေ့ရသည်။အလှည့်ကျော်လျှင် သူအရင် ရောက်သည် ငါအရင် ရောက်သည် ငြင်းခုန်ကြသော ရွာသားများသည်လည်း ဦးဩအား ပြုံး၍သာ နှုတ်ဆက်ကြပြီး စောဒက မတက်ကြပေ။ထိုအချင်းအရာကြောင့် ဦးဩသည် ဤရွာတွင် အတော်ကို လူရိုသေရှင်ရိုသေ ဖြစ်သည်ဆိုသည်အား မျက်မြင်တွေ့ လိုက်ရ၏။ဝက်သားဝယ်ပြီး၍ သူတို့ပြန်လာချိန်တွင် နေဝင်နေပြီ ဖြစ်၏။ထိုစဉ် ကလေးနှစ်ယောက်သည် အမောတကော နှင့် သူတို့၏ ရှေ့သို့ ပြေးလာပြီး ဦးဩအား

    “ဘကြီး ကျုပ်တို့ကို ကယ်ပါဦး ကျုပ်တို့ သရဲစားတာ ခံရတော့မယ် “

    “ဟဲ့ ကလေးတွေ ပေါက်ကရ ဘာဖြစ်လာတာတုန်းဟ “

    “ကျုပ်တို့ ရွာအပြင်က မန်ကျည်းတန်းမှာ ဝက်မြီးဖုတ်စားတာ ဟို ဟို ကောင် သန်းဇော် ဘယ်လိုကြီး ဖြစ်သွားမှန်း မသိဘူး ဘာတွေ ပြောနေမှန်းလဲမသိဘူး “

    ‌ မောင်ဘိုးထင်သည် ထိုကလေးများ၏စကားကို နားထောင် ပြီး ဦးဩအား

    “ဆရာကြီး ဒီကိစ္စသေးသေးလေးကို ကျုပ် နဲ့ သာအေး ရှင်းလိုက်မယ် ပြီးမှ အိမ်ပြန်လာခဲ့ပါ့မယ် “

    “အေးကွာ အဲ့တာဆို ငါပြန်တော့မယ် ဟင်းချက်ရဦးမှာ ဆိုတော့”

    ဦးဩသည် ကလေးနှစ်ယောက် နှင့် မောင်ဘိုးထင်တို့ကို ထားခဲ့ကာ အိမ်ပြန်သွားလေသည်။ထို့နောက် မောင်ဘိုးထင် သည် ကလေးတယောက်အား

    “မင်းတို့ ဝက်မြီးဖုတ်တဲ့ နေရာကိုလိုက်ပို့ကွာ “

    “အကိုတို့က ဖြစ်ရော ဖြစ်လို့လား ကျုပ်တို့ထက် အများကြီးကြီးပုံ မပေါ်ဘူးနော် “

    “ငါတို့က တဆယ့်လေးနှစ်ထဲ ဝင်နေပြီကွ လိုက်ပြစရာ ရှိတာ လိုက်ပြ “

    “ဘကြီးဩ ရဲ့ ဧည့်သည်တွေဆိုတော့ အထင်မသေးတော့ပါဘူးဗျာ”

    ကလေးတယောက်သည် လေသံလျော့ချင်ဟန်မရှိ‌သေးသော် လည်း  ရှေ့မှလျှောက်သွားပြီး သူတို့ ဝက်မြီးဖုတ်သော နေရာသို့ လိုက်ပို့ပါလေတော့သည် ။

    ◾အခန်း (၄)

    မောင်ဘိုးထင် နှင့် သာရသည် သနပ်ပင်ရွာမှ သူတို့ထက် ငယ်သော ကလေးများခေါ်ရာနောက်သို့ လိုက်လာကြသည်။ထိုကလေးများသည် ရွာအနောက်ပိုင်းရှိ မန်ကျည်းပင်တန်း အောက်သို့ ခေါ်လာလေသည်။သူတို့သည် မန်ကျည်းပင်တန်း၏ အနောက်သို့ လက်ညှိုးထိုးပြရင်း

    “အကိုတို့ ဒီမန်ကျည်းပင်တွေပေါ်ကနေ တက်ကြည့်ရင် အနောက်ဘက်က သင်္ချိုင်းကို မြင်ရတယ်။ဒီမန်ကျည်းပင်တန်းက ရွာအဆုံးပဲ “

    “အေးဟုတ်တယ် အိမ်တွေတောင် သိပ်မရှိဘူး မင်းတို့က ဒီကို ဘာလာလုပ်တာလဲ “

    “ဝက်မြီးလာဖုတ်စားတာ ဟိုမှာ မီးဖိုတွေ့လား အဲ့ဒီမီးဖိုဘေးက သန်းဇော်ပဲ အဲ့ဒီကောင် ဝက်မြီးကို စားနေတာ ကြည့်ပါဦး  အဲ့တာ မဖုတ်ရသေးတဲ့ အစိမ်းကြီး အကို “

    ကလေးတယောက်သည် မန်ကျည်းပင်အောက်ရှိ မီးဖိုဘေးမှ ခပ်ထွားထွားကလေးတဦးကို လက်ညှိုးထိုးပြပြီး ပြောပြလေ ၏။ထိုကလေးသည် ဘီလူးသရဲ ဝင်စီးနေသည့်အလား ဝက်မြီး အစိမ်းကြီးအား ကိုက်စားနေလေ၏။ထိုကလေး၏ အမူအရာကို ကြည့်လိုက်သည်နှင့် အစိမ်းသရဲတကောင် ဝင်ပူးနေသည်မှန်း သိသာစေ၏။ထိုအတွက် မောင်ဘိုးထင်သည် ထိုကလေးအနားသို့သွားကာ

    “ဟဲ့ကောင် နင်မရှက်ဘူးလား ကလေးတွေရဲ့ ဝက်မြီးလေးကို လုစားနေတယ် “

    “ငါ ဗိုက်ဆာနေပြီ ငါ့ကို ကျွေးမယ်ဆိုပြီး ဒီအနားက စောင့်ခိုင်းတဲ့ကောင်က အခုထိ ငါ့ကို လာမကျွေးသေးဘူး “

    “ငါက ဘာကောင်လဲဆိုတာ နင်ကြည့်တာနဲ့ သိတယ် မဟုတ်လား ငါနဲ့ နင်တို့နဲ့ ဆိုတာ သိပ်တော့မစိမ်းပါဘူး “

    “နင်က အောက်လမ်း ဆရာမဟုတ်လား “

     “အေး ဟုတ်တယ် နင် ဒီကလေးဆီကနေ ထွက်လိုက် အဲ့တာ ဆို ငါ နင့်ကို ဘာမှ မလုပ်ဘူး “

    “ငါ ဗိုက်ဆာတယ် ငါ့ကို လာကျွေးနေကြကောင်တွေ ငါ့ကို မခုထိ မကျွေးဘူး ရွာထဲကိုလည်း ဝင်ခွင့်မရဘူး ဒီကောင်တွေ ငါ့ကို ညာတယ် ငါ ဗိုက်ဆာတယ် “

    မောင်ဘိုးထင်သည် ဝင်ပူးခံနေရသော သရဲမှ ပြောစကားကို နားထောင်ပြီး ဝင်ပူးနေသော သရဲအား သနားလာသည်။ထို့အပြင် ရွာအနားမှ သရဲဆိုသောကြောင့် အချိန်တန်လျှင် အကူ အညီရလိုရငြား တွေးကာ

    “နင်က ဝက်သား စားချင်တာလား ငါ နင့်ကို ဝက်သားတပိဿာကျွေးမယ်  ဒီ ကလေးအထဲက ထွက်လိုက်တော့ “

    ” နင် နင် တကယ်ပြောတာလား “

     “တကယ်ပြောတာ နင်စားရင် လူတွေကို ဝင်ပူးပြမစားနဲ့ တခြားတိရိစ္ဆာန်ကို ဝင်ပူးပြီးစားရမယ် ကြားလား “

    “ဘယ်တော့ ကျွေးမှာလဲ “

    “နင် ထွက်တော့ ငါ ကတိတည်စေရမယ် “

    “ငါ နင့်ကို ယုံလိုက်မယ် မဟုတ်ရင် ငါ့အကြောင်းသိစေရမယ် “

    သရဲမှ ထိုသို့ပြောပြီး သန်းဇော်ဟု အမည်ရသော ကောင်လေး ဆီမှ ထွက်ပေးလေ၏။ထို့နောက် မောင်ဘိုးထင်သည် သူ၏ ခြေဖဝါးမှ ခြေစာမှုန့်ကို မျက်လုံးကွင်းလိုက်ပြီး အမြင်ကို ဖွင့်လိုက်သည့်အခါ သူတို့ နှင့် မလှမ်းမကမ်းတွင်ထိုင်နေသည့် ရုပ်ဆိုးအကျည်းတန်လှသော သရဲတကောင်အားတွေ့ရလေသည် ။ မောင်ဘိုးထင်သည် သာအေး နှင့် ကလေးများကို ကြည့်ကာ

    “သာအေး မင်း အခုအိမ်ပြန် ဝက်သားတတွဲ ယူလာခဲ့ ကလေးတွေ မင်းတို့ ဒီအကို နဲ့ လိုက်သွားကြားလား အိမ်ထဲမှာပဲနေ အပြင်မထွက်နဲ့ သာအေး မင်း တယောက်တည်းပြန်မလာနဲ့ ပေတူး ပါခေါ်ခဲ့ ကျန်တဲ့သူတွေကို ဘာမှ မပြောခဲ့နဲ့ ကြားလား”

    “အေးအေး”

     မောင်ဘိုးထင်သည် ကလေးများနှင့် သာအေးအား မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် ပြန်ခိုင်းလိုက်သည်။သူကိုယ်တိုင်သည် သရဲ နှင့် မလှမ်းမကမ်းတွင် ထိုင်နေရင်း သရဲအား

    “နင် ငါ့ကို ယုံတယ် မဟုတ်လား”

    “ယုံတယ် “

     “အဲ့တာဆို ငါပြောမယ် ဒီ မန်ကျည်းတန်းက နင် နေတဲ့ နေရာလား “

    “မဟုတ်ဘူး ငါနေတာက သင်္ချိုင်းမှာ ရွာထဲက အောက်လမ်းဆရာတယောက်က ငါ့ကို ဒီမန်ကျည်းပင်မှာ နေခိုင်းထားတာ “

    “နင် သင်္ချိုင်းကို ပြန်လို့မရဘူးလား “

    “မရဘူး”

    “နင့်ကို ဘာလို့ ဒီမှာထားတာလဲ “

    “ဟိုတလောက ရွာထဲက ကောင်မလေးကို ဝင်ပူးခိုင်းဖို့ ဒီ အပင်မှာ ထားတာ ကောင်မလေးကို ငါက ဝင်ပူးနေရင်းက ကောင်မလေး သေသွားတယ်။ကောင်မလေးက အခု မကျွတ်မလွတ်ဖြစ်နေတယ် အဲ့တာကြောင့် ရွာထဲ မဝင်လာနိုင်အောင် ဒီကနေ ကောင်မလေးကို မောင်းထုတ်ခိုင်းထားတာ “

    “နင်ပြောတာ ငါတောင် ခေါင်းရှုပ်သွားတယ် “

    သရဲသည် မည်သည့်စကားမှ ပြန်မပြောပေ။ထိုအခါ ဘာမှ နားမလည်သေးသော  မောင်ဘိုးထင်သည်

    “နင်တို့ သရဲလောကကလည်း ရှုပ်လိုက်တာ နေပါဦး ကောင် မလေးကို ဘာလို့ ပူးခိုင်းတာလဲ  “

    “ကောင်မလေးက လှတာရယ်  စီးပွားဖြစ်လာတာရယ်ကြောင့် မနာလိုလို့ “

    ” အဲ့လိုလဲ ရှိသေးတာလား”

     “ရှိတာပေါ့”

    ” သူဘယ်သူလဲ သိလား”

    “တောထဲမှာနေတဲ့ကောင် အဲ့ကောင်လုပ်တာ မင်းဝက်သားက မရောက်သေးဘူးလား ငါ စားချင်နေပြီ “

     မောင်ဘိုးထင်သည် သရဲပူးကပ်သော သူအား သိချင်စိတ်ဖြစ်မိသည်။ဦးဩ၏ ပြောပုံအရ သူ၏မြေးမလေးသည်လည်း ပူးကပ်ခံရပြီး အသက်ဆုံးပါးရသည်ဟု ဆိုခဲ့သောကြောင့် ဖြစ် သည်။ထို့ကြောင့် သူ၏ မလှမ်းမကမ်းတွင်ရှိသော သရဲအားနောက်ထပ် ထပ်မေးလိုက်သည်။

    “ဟေ့ကောင် ငါပြောတာ အမှန်အတိုင်းဖြေရင် မင်းကို ဒီ မန်ကျည်းပင်တန်းကနေ ထွက်သွားလို့ ရအောင်လုပ်ပေးမယ် “

    “မင်းတကယ် ပြောတာလား”

    “တကယ်ပေါ့ကွ မင်းက ငါမေးတာသာ သေချာဖြေ”

    “အေး မေးတော့ ဝက်သားကလည်း မလာသေးဘူးဆိုတော့ မင်းမေးတာ ငါဖြေမယ် “

    “မင်းကို ထိန်းချုပ်ထားတာ ဘယ်သူလဲ “

    “ရွာအပြင် အင်တောထဲက အောက်လမ်း ဆရာသာတင် “

    “သူက မင်းကို ဘယ်သူ့ဆီ ဝင်ပူးခိုင်းတာလဲ “

    “ရွာအလယ်က ယက်ကန်းယက်တဲ့ ကလေးမလေးကို “

    “ဘာ ရ ရတနာဆိုတဲ့ ကောင်မလေးကိုလား “

    “ဟုတ်တယ် “

     မောင်ဘိုးထင် ရင်တုန်ချင်ချင် ဖြစ်လာ၏။ထို့ကြောင့် မည်သည့်စကားမှ ဆက်မပြောနိုင်ပဲ ဦးဩထံသို့ အပြေးသွားချင်သည့်စိတ်သာ ပေါ်နေ၏။မကြာသောအချိန်တွင် သာအေး နှင့်အတူ ပေတူးပါ ပါလာ၏။ပေတူး၏ လက်ထဲတွင်တော့ ဝက်သားတတွဲ ဆွဲလာသည်။မောင်ဘိုးထင်သည် အနားရောက် လာသော ပေတူး၏ လက်ထဲမှ ဝက်သားတွဲကို ယူကာ သရဲကြီးအား ပြလိုက်ပြီး

    “ငါ့ တာဝန်ကျေတယ်နော် ကဲ သွားစားချေ “

    မောင်ဘိုးထင်သည် ဝက်သားတွဲအား မန်ကျည်းပင် ပင်စည် အနားသို့ ချပေးလိုက်ပြီး ပေတူး နှင့် သာအေး ကို ခေါ်ကာ ဦးဩ၏အိမ်သို့ အပြေးတပိုင်းနှင့် သွားလိုက်ပါတော့သည် ။

    ◾အခန်း (၅)

    ဖိုးထွေး နှင့် သာရ ဟင်းချက်နေသဖြင့် ဦးဩသည် အိမ်အောက်တွင် ရေနံဆီ မီးခွက်လေး ထွန်းပြီး ကွမ်းအစ်ထဲမှ ကွမ်းတယာကို ယာကာ ဝါးနေလေသည်။ထိုစဉ် အိမ်ဝိုင်းထဲသို့ အပြေးတပိုင်းနှင့် ရောက်လာကြသော မောင်ဘိုးထင်တို့ကြောင့် အနည်းငယ်စိုးထိတ်သွားကာ

    “ဟေ့ကောင်တွေ ဘယ်လိုဖြစ်လာတာလဲကွ အမောတကော နဲ့ ရွာက ကောင်လေးတွေနဲ့ ရန်ဖြစ်လာတာလား “

    “မဟုတ်ဘူး ဆရာကြီးရေ ကျုပ် အောက်လမ်းဆရာကို သိရပြီ “

    “ဘာပြောတယ် ကောင်လေး ငါ့မြေးလေးကို ပြုစားသွားတဲ့ အောက်လမ်းဆရာကိုလား “

    “ဟုတ်တယ် ဆရာကြီးတို့ ရွာက ကလေးတွေရဲ့ ပြဿနာကို  ကျုပ် ဖြေရှင်းပေးရင်း နဲ့ အမှတ်မထင် သိလိုက်ရတာ “

    “ဟုတ်ရော ဟုတ်လို့လား ကောင်လေးရာ “

    “ဆရာကြီးက ကျုပ်တို့ကို မယုံဘူးလား  သူပြောတာတော့ ရွာအပြင် အင်တောထဲက အောက်လမ်းဆရာ သာတင်တဲ့ ဆရာကြီး “

    “သာတင် ဟုတ်လား သာတင်က အောက်လမ်းဆရာဟုတ်လို့ လား ဒီကောင်က အေးအေးဆေးဆေးနေချင်လို့  ရွာအပြင်ကို ထွက်နေတဲ့ ကောင်ကွ “

    “ဆရာကြီး ကျုပ် စကားကို မယုံရင်လည်း မတတ်နိုင်ဘူး ကျုပ်က ဆရာကြီးပြောတဲ့ သာတင်ကို လီဆယ်ပြီး ပြောရ အောင်လည်း ဒီညနေမှ ဒီရွာကိုရောက်တာ “

    မောင်ဘိုးထင်၏ စကားကြောင့် ဦးဩ တွေဝေသွား၏။ရွာထဲ မှ နောက်ပိုင်းမွေးသည့် ကလေး‌များပင်လျှင် သာတင်ကို မသိကြသဖြင့်  ယနေ့မှ ရောက်လာသော မောင်ဘိုးထင်တို့ သာတင် ကို အဘယ်ကြောင့် သိနေရသည်လဲ တွေးမိကာ

    “ကဲ ကောင်လေးတို့ ငါ သာတင်ဆီ သွားမယ် ဒီကောင်ဆီ မရောက်တာ ငါမြေး ငယ်ငယ်ကတည်းကပဲ “

    “ကျုပ်တို့လည်း လိုက်မယ် ဆရာကြီး ဒီကိစ္စပြီးမှပဲ ထမင်း စားကြမယ် ညတွင်းချင်းပဲ ရှင်းကြမယ် “

    ဦးဩသည် တက်ကြွနေသော ကောင်လေးသုံးယောက်ကို ကြည့်ကာ

    “ကဲ လိုက်ချင်သပဆိုလည်း လိုက်ခဲ့ကြကွာ မီးအိမ်တခုတော့ ယူခဲ့ရမယ် “

    ဦးဩသည် ပြောပြောဆိုဆို ရေနံဆီမီးခွက်ထည့်ထားသော မီးအိမ်လေးကို ယူကာ ‌သူ၏ ဆေးလွယ်အိတ်ကို လွယ်လျက် ရှေ့မှ ဦးဆောင်ထွက်သွား၏။ထိုအခါ မောင်ဘိုးထင်တို့လည်း ဦးဩ၏အနောက်သို့ လိုက်ပါသွားကြပါတော့သည် ။

    ◾အခန်း (၆)

    ဦးဩ နှင့် မောင်ဘိုးထင်တို့သည်  ရွာနှင့် မလှမ်းတွင်ရှိသော သင်္ချိုင်းကို ဖြတ်ကာ သာတင်နေထိုင်ရာ အင်ပင်များစွာပေါက် ရာ အင်တောထဲသို့ သွားရမည် ဖြစ်သည်။ထိုသို့ သွားရမည်မှာ အတန်တော့ ဝေး၏။ယခု သူတို့ ရောက်နေသည်မှာ ရွာသင်္ချိုင်း အနားတွင်ပဲ ရှိသေး၏။ထိုစဉ် ဦးဩ၏ အနားသို့ သရဲမတကောင် ကပ်လာပြီး ထိုသရဲမသည် ညိုးငယ်နေသော မျက်နှာ ထားနှင့် ဖြစ်သည်။မောင်ဘိုးထင်သည် သူ၏ မျက်လုံးကို အမြင်အစွမ်းဖွင့်ထားသည်မို့ ထိုသရဲမ‌အား ကောင်းစွာ မြင်နေရခြင်းဖြစ်သည်။မောင်ဘိုးထင်သည် သရဲမအား မြင်ဟန်မရှိသော ဦးဩအား

    “ဆရာကြီး သရဲ တစ္ဆေတွေကို မြင်နိုင်လား “

    “ငါက ဆေးကွင်းရင်တော့ မြင်နိုင်တယ် ဒီအတိုင်းကြီးတော့ မမြင်နိုင်ဘူး ကြိုးစားရဦးမယ် “

    “ဆရာကြီးမှာ ဆေးပါလား “

    “ငါ့ ဆရာပေးခဲ့တဲ့ မျက်ကွင်းဆေးတောင့်တော့ပါတယ် “

    “အဲ့တာဆို ဆေးကွင်းကြည့် ဆရာကြီး အသံရော ကြားနိုင်လား “

    “အေး အဲ့ဒီဆေးတောင့်က အကြားပါရတယ် “

    “လုပ်တော့ ဆရာကြီး မြန်မြန်ကွင်း ဆရာကြီး အနားမှာ  သရဲမတကောင် ကပ်နေတယ် သူ့ကြည့်ရတာ ရန်လိုတဲ့ပုံတော့ မဟုတ်ဘူး “

“အေးအေး”

    ဆရာကြီး ဦးဩသည် သူ၏ လွယ်အိတ်ကြီးထဲမှ ဆေး တောင့်တတောင်ကို ထုတ်ကာ မျက်လုံးတွင် တို့ ကွင်းလိုက်ပြီး ဆေးတောင့်ကို အိတ်ထဲသို့ တရိုတသေ ပြန်သိမ်းထည့်လိုက် ၏။ထို့နောက် မျက်လုံးကိုမှိတ်လိုက်ရင်း လက်အုပ်ကို ချီပြီး

    “မြတ်စွာဘုရားကိုရှိခိုးပါ၏။မြတ်တရားကို ရှိခိုးပါ၏။သံဃာအရှင်မြတ်တို့ကို ရှိခိုးပါ၏။အမိ အဖ ဆရာသမားတို့အားလည်း ရှိခိုးပါ၏ “

    ဦးဩသည် ထို့သို့ လက်အုပ်ကို ချီပြီး အသံခပ်ကျယ်ကျယ် နှင့် မတ်တတ်ရပ်ရင်းမှ ရှိခိုးလိုက်ပြီး မျက်လုံးကို ဖွင့်လိုက်လေသည်။ထိုအခါ သူ၏  မျက်နှာချင်းဆိုင်တွင် ရှိနေသည် ဆံပင်များရှုပ်ပွကာ အတော်အရုပ်ဆိုး အကျည်းတန်သည့် သရဲမ အား မြင်တွေ့လိုက်ရသည်။ဦးဩသည် သရဲမအား သေချာကြည့်ကာ

    “ငါ့ ငါ့ မြေးလေးဆုံးတော့ ဝတ်ပေးလိုက်တဲ့ အဝတ်စားတွေ မဟုတ်လား ဘယ်လိုလုပ် နင့်ဆီရောက်နေတာလဲ “

    “အဖိုး ကျမ ရတနာလေ “

    “ဘာ ရတနာ ဟုတ်လား “

    “ဟုတ်တယ် အဖိုးဆီ လာချင်ပေမဲ့ ရွာထဲဝင်မရဘူး အဖိုးက ဒီဘက်ကို တခါမှလည်း မလာဘူး”

    “မြေး မြေးလေး ဘယ်လိုဖြစ်တာလဲကွယ်  အဖိုးပေးတဲ့ အမျှ အတန်းတွေ မရဘူးလား မြေးလေးက စိတ်သဘောထားပြည့်ဝ ပြီး အလှုအတန်းလည်း လုပ်ပါတယ် ဘာလို့ ဒီဘဝရောက်နေရတာလဲ “

    “အဖိုးကို မခွဲနိုင်လို့ပေါ့ ဘာလို့ ဒီဘက်ကို တခါမှတောင် မလာခဲ့တာလဲ “

    “အဖိုး ဒီကို မလာတာ မြေးလေးကို သတိရလို့ပါ။မြေးလေးကို ထားခဲ့ရတဲ့ ဒီသင်္ချိုင်းဘက်ကို မလာချင်တာပါ “

      ဦးဩသည် သူ၏ မြေးမလေး ဆုံးပါးသည့်နေ့ကစလို့ ရွာနောက်ဘက်ပိုင်းရှိ သင်္ချိုင်းသို့ မသွားတော့ပေ။တခြားရွာများထံ သွားစရာရှိပါက ရွာအရှေ့ဖက်ကနေသာ သွားဖြစ်နေ၏ ။

    “ကျမ မကျေနပ်ဘူး အဖိုးနဲ့ ကျမကို ခွဲတဲ့ လူတွေကို ကျမ မကျေနပ်ဘူး “

    “အဖိုးလည်း အတူတူပါပဲ “

    “အဖိုး ကျမကို ဒီဘဝရောက်အောင်လုပ်တဲ့သူတွေကို အပြစ်ပေးပြီးရင် ကျမ  ကျွတ်မှာ “

    “စိတ်ချ အဖိုး သေချာ အပြစ်ပေးပါ့မယ် “

    ဦးဩသည် အံကို ကြိတ်ရင်း မောင်ဘိုးထင်တို့ကို ကြည့်ကာ

    “ကောင်လေး မင်း အတော်ကို တော်တယ် ငါတို့ စာရင်းသွားရှင်းကြတာပေါ့ အခု ငါတို့က ပညာသည်၊ပညာရှင်တွေလို မရှင်းဘူး သာမာန်လူတွေလို ရှင်းမယ်ကွာ “

     ဦးဩပြောသည်ကို မောင်ဘိုးထင် နှင့် သာအေး သဘောမပေါက်ပေ။ဦးဩသည် မကျွတ်မလွတ်သေးသောမြေးမလေးအား ထားရစ်ခဲ့ကာ လျင်မြန်သောခြေလှမ်းများဖြင့် ‌လမ်း လျှောက်သွားရာ ရေနံဆီမီးခွက် ထည့်ထားသည့် မီးအိမ်ကိုင်ထားသော မောင်ဘိုးထင်တို့အနောက်မှ အလျင်အမြန် လိုက်သွားတော့သည် ။

    ◾အခန်း (၇)

    အင်တောထဲရှိ တဲကြီးတလုံးအရှေ့ ဦးဩ၏ ဘေးတွင် သာအေး နှင့် မောင်ဘိုးထင်တို့ ယှဉ်လျက် ရပ်နေကြသည်။မောင်ဘိုးထင်၏ လက်ထဲတွင်တော့  မီးအိမ်နှင့် ဖြစ်သည်။ဦးဩသည် ဒေါသပါနေသော အသံဖြင့်

    “သာတင် ဟေ့ကောင်သာတင် “

    “ဘယ်သူလဲဟေ့ ညကြီးမိုးချုပ် “

    “ငါကွာ မင်း ထွက်လာစမ်းပါ “

    တဲပေါ်မှ သာတင်သည် မီးအိမ်ကို ဆွဲကိုင်ရင်း ဆင်းလာလေ ၏။ထို့နောက် ဦးဩကို မြင်သောအခါ

    “ဆရာကြီး ညကြီး မိုးချုပ် ဘယ်လို “

     စကားပင် မဆုံးသေး။ဦးဩသည် သာတင်အား ပြေးထိုးလေ၏။အသက်ကြီးပေမဲ့ လျှင်မြန်လွန်းလှသော ဦးဩကြောင့် မောင်ဘိုးထင် နှင့် သာအေး ငေးကြောင်ကြည့်နေမိသည်။ဦးသာတင်မှာ မထင်မှတ်ပဲ အထိုးခံလိုက်ရသည့်အတွက် ဒေါသ ထွက်သွားကာ မီးအိမ်နှင့် ရိုက်မည်ကြံလိုက်သည်။သို့ပေမဲ့သိုင်း ပညာတတ်ထားဟန်ရှိသော ဦးဩသည် လက်ကို ဖမ်းဆွဲကာ မြေပြင်ပေါ် လှဲချလိုက်ပြီး အပေါ်မှ တက်ခွကာ လက်သီးဖြင့် တရစပ် ထိုးပါလေတော့သည်။သာတင်သည် မထင်မှတ်ထားလောက်အောင် သန်မာဖျတ်လတ်သော ဦးဩအား ကြောက်စပြုလာပြီ ဖြစ်သည်။နေ့တိုင်း အရက်သောက်၍ ကိုယ်ခံအား ကျဆင်းနေသည့်အတွက်လည်း သာတင်မှာ ဦးဩအား မယှဉ်နိုင်ခြင်းလည်း ဖြစ်၏။မျက်နှာအား သွေးအလိမ်းလိမ်းဖြစ် သည်အထိ အားရအောင်ထိုးပြီးမှ ဦးဩသည် ထိုးသည်ကို ရပ်လိုက်ပြီး

    “မင်း နဲ့ ငါ ဘာအညှိုးရှိလို့ ငါမြေးကို သတ်ရတာလဲ နွားရဲ့ “

    “ကျုပ် မလုပ်ပါဘူး “

    “ငါ ထပ်ထိုး “

    “မ မလုပ်ပါ နဲ့ ဆရာကြီးရယ် ကျုပ် ဝန်ခံပါတယ် ကျုပ်   ဆရာကြီး မြေးကို အောက်လမ်း နဲ့ တိုက်မိပါတယ် “

    “မင်းကို ငါတို့မြေးအဖိုးက ဘာထိခိုက်အောင်လုပ်မိလို့လဲကွာ “

    “ကျုပ် ကျုပ်လည်း မလုပ်ချင်ပါဘူး ကျုပ်သမီးလေး ဆေးရုံ တက်ရမှာမို့ ငွေလိုလို့ လုပ်မိတာပါ ကျုပ်ကို ခွှင့်လွှတ်ပါဗျာ “

    သာတင်သည် ငိုယိုပြီး တောင်းပန်လေ၏။ထိုအခါ ဦးဩသည် သာတင်၏ရင်ဘတ်ပေါ်တက်ထိုင်ထားရာမှ ထလိုက်ပြီး

    “မင်း မင်းကို ဘယ်သူခိုင်းတာလဲ ပြောစမ်း သာတင် “

    “ဆရာကြီး ရဲ့ သူငယ်ချင်း ဦးသန်းဖေ “

    “ဘာ “

    ဦးဩသည် အံ့ဩသွားသလို မယုံကြည်နိုင်အောင်လည်း ဖြစ်မိသည်။မောင်ဘိုးထင် နှင့် သာအေးသည် ဦးဩ၏ အနားသွားကာ

    “ဆရာကြီး ဘာ ဘာဖြစ်လို့လဲ “

    “ငါ အပေါ် တောက်လျှောက် ကောင်းတယ်လို့ ငါ ထင်ထားတဲ့ ကောင်က ငါမြေးကို သတ်ခိုင်းတာတဲ့ကွာ “

    “ဆရာကြီး ကျုပ်တို့ အဖြစ်မှန်ကို သိအောင် ဒီလူကြီးကို အကြောင်းစုံ မေးကြတာပေါ့ “

    မောင်ဘိုးထင်၏ စကားကို သာတင်ကြားသောအခါ

    “ကျုပ် ကျုပ် အမှားကို သိပါပြီ ဆရာဩ ကျုပ် သမီးလေး ပြန်ကောင်းလာချိန်မှာ ကျုပ်လည်း မပျော်နိုင်ပါဘူးဗျာ တကယ် ပြောတာပါ။အဲ့တာကြောင့် ကျုပ် အရက်တွေချည်း ဖိသောက်နေခဲ့တာ အခုထိ ကျုပ်ကို ဦးသန်းဖေက ခြိမ်းခြောက်ပြီး သူလိုအပ်တာတွေ ခိုင်းနေတုန်းပါ”

    “အေး မင်းငါ့ကို အကြောင်းစုံပြောတော့ “

     ဦးဩသည် သူထိုးကြိတ်ထားသော အောက်လမ်း ဆရာသာတင်ကို လက်ဆွဲထူလိုက်ပြီး ဖြစ်ပျက်သမျှအကြောင်းများအား ပြောခိုင်းလိုက်ပါတော့သည်။

    ◾အောက်လမ်းဘိုးထင် နှင့် နှစ်မျက်နှာ သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း