လွမ်းရေးထက်ဝမ်းရေးခက်သူများ

ထက် ပိုချမ်းသာလာကြပြီး
ထက်ထက်မိုးဦး ကြော်ငြာထဲကလို
ရတနာစိန်ကျောက် ဇယ်တောက်တိုင်း
ကစားရအောင်ဆိုပြီး လုပ်နေကြပြီအေ့။
အဝေးကြီး မကြည့်နဲ့ ရွှေစျေး ဆယ်သိန်း
ဆယ့်နှစ်သိန်း လောက်တုန်းက သူ စု စုပြီး
လုပ်ထားခဲ့တဲ့ ရွှေစလေးတွေကို အခုလို
အချိန်မှာ ထုတ်ရောင်းပြီး နေ့ချင်းညချင်း
တိုက်ဆောက် လင်ယူပြီး သူဌေးမကြီးဘဝကို
ခံယူလိုက်တဲ့ ညည်းချစ်သူကို လုယူသွားတဲ့
မုဆိုးမ မိန်းမလည် မတင်မြိုင်ကို ကြည့်ပါလား။
တကတည်း စိုင်ကော်လို့ ခြုံပေါ်ရောက်တာကို
ဒင်း ဖြစ်ပျက်နေပုံများက မိုးမမြင် လေမမြင်ရယ်။”

လို့ဆိုလေရဲ့။
ဒေါ်သောင်းရဲ့စကားကြောင့် အကြော် ဒီနေ့
အရင်ကထက် အရောင်းပါးလို့ စိတ်ညစ်နေတဲ့
စိန်ပု ပိုပြီး စိတ်ညစ်လာပြန်တယ်။
ဒါကြောင့် ဘာစကားမှ ပြန်မပြောတော့ဘဲ
စိန်ပု ဘဲဥထုပ်ကို အကြော်လင်ဗန်းထဲ
ထည့်လိုက်ရင်း လင်ဗန်းကို ပြန်ရွက်လို့
ဒေါ်သောင်းရဲ့ဘဲဥဆိုင်ထဲက ထွက်ခဲ့တယ်။
အဲ့လို စိန်ပု ပြန်အထွက်မှာဘဲ လက်ဖက်ရည်ဆိုင်က
ဖွင့်ထားတဲ့ ကိုင်ဇာရဲ့သီချင်းအပြီး
နောက်တစ်ပုဒ်အဖြစ် အဆိုတော် မီမီဝင်းဖေရဲ့ သီချင်းသံက ထပ်မံ ထွက်ပေါ်လာပြန်တယ်။

“မင်းကလွဲပြီး… ကိုယ်မချစ်ဘူး
ဘယ်တော့မှ… တခြားသူ… အစားမထိုးဘူး
ကိုယ့်အချစ်ဟာ… မင်းတယောက်ထဲအတွက်
မင်းကလွဲရင်… အဖော်မရှာဘူး”

ဆိုပြီး ပြောင်းလဲ ထွက်ပေါ်လာပြန်တယ်။
အဲ့သီချင်းကို ကြားတော့ စိန်ပုရဲ့ ဘယ်ဘက်
ရင်အုံနားက အရင်လို ဆစ်ခနဲ ဖြစ်လာပြန်တယ်။အလကား သီချင်းတွေ နားထောင်လို့သာ ကောင်းတာ ပြီးရင် သူတို့ ဆိုသလို ဟုတ်တာလည်း မဟုတ်ဘူး။
ဟွန်း သေနာကြီး ဝင်းမောင်ကလဲ စိန်ပုကို
အဲ့လိုစကားတွေ အများကြီး ပြောခဲ့တာပါဘဲ။

“မင်းကလွဲရင် တခြား ဘယ်မိန်းမကိုမှ
မိန်းမလို့ မမြင်တော့ပါဘူး စိန်ပုရယ်။
မင်းလေးကသာ ကိုယ့်ဘဝရဲ့
တသက်တာ ထာဝရ အဖော်မွန်ပါကွာ။
ကိုယ့်ရင်ဘတ်ထဲမှာ ရှိထားတဲ့ မင်းနေရာကို
ဘယ်သူကမှ ထပ်ပြီး မဝင်ရောက်
နိုင်တော့ဘူးဆိုတာ ကိုယ် သေချာသိသွားပြီ။”

ဆိုပြီး ပုတီးစိတ်သလို တဖွဖွနဲ့ တနေ့ကို
အကြိမ်ငါးဆယ်လောက် ပြောခဲ့ဖူးတာပါဘဲ။
ဟွန်း ပြီးတော့လည်း ဒီက ငမွဲမ အကြော်သည်
စိန်ပုကို ထားသွားခဲ့ပြီး ချမ်းသာတဲ့ မုဆိုးမ
ငွေတိုးချေးစားတဲ့ မတင်မြိုင်ကြီးကိုသာ
စျေးတွက် တွက်ပြီး ဒင်းက
မျက်လုံးစုံမှိတ် ယူသွားခဲ့တာဘဲ မဟုတ်လား။
အို သေချင်းဆိုးကြီးအကြောင်း မတွေးချင်ပါဘူး
ဆိုကာမှ ခေါင်းထဲကို ရောက် ရောက်လာပြန်ပြီ။

(နှစ်)

ဖယောင်းတိုင် မီးရောင်အောက်မှာ သားအမိ
နှစ်ယောက် ညစာ စားရင်းနဲ့ အမေက စိန်ပုကို
ကြည့်ပြီး အားပေးသလိုလိုနဲ့ စကား စလာခဲ့တယ်။အခုအချိန်မှာ စိန်ပုရဲ့ စိတ်ထဲမှာ ဘာဖြစ်
နေသလဲဆိုတာကို အမေက ရိပ်မိပုံ ရပါရဲ့။
အငယ်ကောင်ကတော့ ခုထိ ပြန်မလာသေးဘူး။လက်ဖက်ရည်ဆိုင်မှာ ထုံးစံအတိုင်း
ဘောပွဲကြည့်နေတယ် ထင်ပါရဲ့။

“ဘယ်တတ်နိုင့်ပါ့မလဲ သမီးရယ်။
ပြောမယ့်သာ ပြောတာပါအေ
အမေတော့ ဝင်းမောင်ကို အပစ်ရယ်လို့လဲ
မြင်လို့မရပါဘူး သမီးရယ် သူက ငပျင်းလေးလေ။
သူလည်း အမေတို့လို လူထဲက
လူဘဲ မဟုတ်လားအေ။
ဒီတော့ သူ့မှာလည်း အစာအိမ် ပါလာတာကိုးအေ့။အစာအိမ် မပါရင်တော့ အချစ်တခုတည်းနဲ့
သူ ညည်းကိုဘဲ ယူချင် ယူမှာပေါ့ဟယ်။
ခဏပါအေ အမေလည်း ညည်းအဖေနဲ့မညားခင်
အချစ်ဦး ယောကျ်ားလေး ရှိခဲ့ဖူးပါတယ်ဟယ်။တကယ်တော့ အသည်းကွဲတယ်ဆိုတာ
ခံစားရတဲ့ အချိန်မှာသာ ခံစားရခက်တာပါ ။
အချိန်ကာလ ကြာလာတာနဲ့အမျှ နေသားကျပြီး
သူ့အလိုလို အလိုလိုနဲ့ မေ့သွားတာပါဘဲအေ။
အသည်းကွဲတယ် ဆိုတာမျိုးက ပထမတကြိမ်
ကွဲတုန်းကသာ ခံစားရ အင်မတန် ခက်ခဲတာမျိုးပါ။
ကြာတော့လည်း အသည်းက ထုံသွားတာပါဘဲ။ညည်း စိတ်ဓာတ်မကျနဲ့နော် မိစိန်ပု ကြားလား။
ဘာဘဲဖြစ်ဖြစ် ဝင်းမောင်က ငပျင်း​အေ့။
အားနေရင် ဖုန်းတလုံးကို ပွတ်လို့ သူ့ ဆိုက်ကားပေါ် အချိန်ပြည့် ငုတ်တုတ် ထိုင်နေတတ်တဲ့ အကောင်။
စဥ်းစားကြည့်ရင် အကယ်၍ ဒင်းနဲ့ ယူပြီးရင်လည်း ညည်းဘဲ သူ့ကို တသက်လုံး ရှာကျွေးရဖို့ များတယ်။”

လို့ ဝင်းမောင်းနဲ့စိန်ပုအကြောင်းကို
အမေက စကားစတယ်။
ဟိုနေ့က မဂ်လာဆောင်လိုက်တဲ့ ဝင်းမောင်နဲ့
မုဆိုးမ မတင်မြိုင်တို့ရဲ့ ပွဲကြောင့် စိန်ပုစိတ်ထဲ နာကျင်ခံစားခဲ့ရတာကို အမေက သိနေပုံဘဲ။
စားလက်စ ဘဲဥခြမ်းကို တဝက်ဖဲ့လို့
ပါးစပ်ထဲကို ထည့်ဝါးလိုက်ရင်း စိန်ပုက
ခပ်မာမာ မျက်နှာပေးနဲ့ အမေ့ရှေ့မှာမို့
အထူးတလည် ဘာမှမဖြစ်သလို မခံစားရသလိုဟန်ဆောင်ရင်း

“မကျပေါင်တော် အသည်းကွဲသွားတာ
မှန်ပေမယ့် သေချာတွေးရင် သမီးရဲ့
အကြော်ရောင်းရတဲ့ ပိုက်ဆံ တနေ့ကို
ခြောက်ရာ အပို တိုးထွက်လာတာပေါ့ အမေရယ်။မဟုတ်ရင် ဒင်းအတွက် အရင်က ပေးရတဲ့
အကြော်သုံးခုစာ ပိုက်ဆံက မရဘဲ နေအုံးမှာဘဲ။
အခုဆို ပိုက်ဆံခြောက်ရာ အပို ထွက်လာတာက အရှုံးထဲက အမြတ်ပေါ့ အမေရယ်။”

လို့ ခပ်ပေါ့ပေါ့ ဟန်နဲ့ စကားဆိုလိုက်ရတယ်။ထမင်းပွဲသိမ်း ခြင်ထောင် ထောင်နေချိန်မှ
အငယ်ကောင်က အိမ်ပြန်လာတယ်။
အမေက သူ့ကို ထမင်းခူးပေးနေတုန်း စိန်ပု ခြင်ထောင်လေးထဲ ဝင်ခဲ့လိုက်မိတယ်။
စိန်ပုတို့မှာ အဖေမရှိတော့ဘူး။
အဖေက အငယ်ကောင်လေး ငါးနှစ်သား
အရွယ်မှာဘဲ ကားတိုက်ခံရလို့ ဆုံးသွားခဲ့တာ။
အဖေက သေသွားပေမယ့် စိန်ပုတို့ မိသားစုကို
အခြေမပျက်အောင် အိမ်လေးတလုံး
ပိုင်ဆိုင်ခွင့်ရစေခဲ့တယ်။
အခု စိန်ပုတို့ နေနေတဲ့ အိမ်လေးက
အဖေကားတိုက်ခံရတုန်းက ရတဲ့ လျှော်ကြေးနဲ့
စိန်ပုတို့ ဝယ်ထားရတဲ့ အိမ်လေးပေါ့။
ခပ်စုတ်စုတ် ဆိုပေမယ့် ဒီခေတ်ကာလမှာ
အိမ်ပိုင်တလုံး ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မတုံး။
အိမ်လခမပေးရတာကိုက အများကြီး
အသက်ရှုချောင်စေခဲ့တယ် မဟုတ်လား။
အဲ့ကတည်းက အမေက အကြော်ကြော် စိန်ပုက ဆယ်တန်းကျတော့ ဆက်မဖြေဘဲ
အကြော်ရောင်းလာခဲ့တာ အခု အငယ်ကောင်
လူပျိုဝင်စ ပြုလာတဲ့ အသက်အရွယ်အထိပါဘဲ။အငယ်ကောင်ကိုတော့ စိန်ပုတို့ သားအမိက
ပညာတတ် တစ်ဦး ဖြစ်စေချင်တာ အမှန်ပါဘဲ။
သူက အခု ကိုးတန်းအောင်ပြီး
ဆယ်တန်းတက်ရမယ့်သူပေါ့။
ဟိုတွေး ဒီတွေးနဲ့ ညနက်မှ စိန်ပု အိပ်ပျော်သွားတယ်။
မိုးမလင်းခင် မနက် သုံးနာရီခွဲဆိုတာနဲ့ စိန်ပုရဲ့ မျက်လုံးအစုံက သူ့အလိုလို ပွင့်လာခဲ့ပြန်တယ်။ခြင်ထောင်ကိုဖြုတ် အိပ်ယာသိမ်းပြီးတော့မှ နောက်ဖေးကိုဝင်လို့ မီးမွှေးဖို့ လုပ်ရတယ်။
မီးမွှေး ရေနွေးအိုးကို အရင်ဆုံး မီးဖိုပေါ်ကို စိန်ပု
တင်လိုက်တဲ့အချိန်မှာဘဲ အမေက ထလာခဲ့ပြီ။

“ထ ထ စိန်ပု ညည်း မျက်နှာသစ်တော့
အမေ အကြော် ကြော်ဖို့ ဆက်လုပ်လိုက်တော့မယ်။
ပြီးရင် ညည်းမောင်ကိုလည်း သွားနှိုးလိုက်ချေအုံး”

လို့ဆိုတယ်။
စိန်ပု မျက်နှာမသစ်ခင် အောင်ပုကို
အရင်ဆုံး နှိုးဖို့ လုပ်ရတယ်။
ဒင်းက အပျင်းအိုး ။

“ဟဲ့ သေနာကောင် မထနိုင်သေးဘူးလား။”

ဆိုပြီး သူ့ခြင်ထောင်ကို ဆွဲဖြုတ်ပစ်တော့မှ ကိုယ်တော်ချောက အသံထွက်တော့တယ်။

“ဟာ မကြီးပုကလည်း မိုးမလင်းသေးဘူး စပြီ တိုးတိုးသာသာ ညင်ညင်သာသာ နှိုးလဲရတာဘဲ။”

လို့ အိပ်ချင်မူးတူးနဲ့ စကား ဆိုပြန်တယ်။

“ဟဲ့ ငါက နင့်ကို အဲ့လိုမနှိုးလို့ ရုပ်ရှင်ထဲကလို
မောင်လေးရေ ထပါတော့ ရောင်နီလာရော့ပေါ့
ဆိုပြီး နှိုးရမှာလား ကာလနာလေးရဲ့။
ဟဲ့ ထ ထ သွား အမေ့ကို သွားဝိုင်းကူတော့။
ပြီးရင် နင်စာကျက်ဖို့ စဥ်းစားတော့ ကြားလား။
ငါ မျက်နှာသစ် ထမင်းကြမ်းစားပြီး
စျေးရောင်းထွက်ရမယ်။
နင် စာဘဲ ကြိုးစားစမ်းပါ ငါ့မောင်ရယ်။”

“အင်းပါဗျာ သိပါတယ်။
ဘာဘဲဖြစ်ဖြစ် ကျနော်ကတော့ ကျနော့်အမ
စိတ်ဓာတ်ကို စောက်ရမ်း ကြိုက်တယ်ဗျို့။ အသည်းကွဲတာတောင် အရင်ကအတိုင်း
လေသံ တစက်မှ မလျော့တဲ့ အာဂအမ။”

“သေနာလေး ကိုယ့်အမကိုများ ပြောစရာလား။
နင့်အမ ငါက ဘာအသည်းမှ မကွဲဘူးဟေ့။
ငါ့ခေါင်းပေါ်က အပူထုပ်ကို မတင်မြိုင်ကြီး
ပြောင်းသယ်သွားတယ်လို့ဘဲ ငါက ထင်တယ်ဟေ့။
ငါ့ဘဝမှာ နင် လူလိုသူလို ပညာတတ်ကြီး
အရာရှိကြီး ဖြစ်လာဖို့ကလွဲပြီး ကျန်တာ မပူဘူး။”

(သုံး)

အမေကြော်ထားတဲ့ အကြော်တွေကို ဗန်းထဲထည့်ဖောက်သည်ယူကြတဲ့ လက်ဖက်ရည်ဆိုင်
မုန့်ဟင်းခါးဆိုင်တွေကို လိုက်ပိုသင့်တာ ပို့။
ကျန်တာကို ဆက်ရောင်းဖို့အတွက် စိန်ပု
ထုံးစံအတိုင်း ထွက်လာခဲ့တယ်။
ဒီနေ့တော့ အရင်နေ့တွေထက်
စောနေသေးတာ အမှန်ဘဲ။​
အလင်းရောင်တောင် သိပ်မထွက်သေးဘူး။
အဲ့အပြင် နီယွန်လမ်းမီးတွေကလဲ လင်းထိန်လို့ရယ်။ရပ်ကွက်ထဲက အထွက် ရင်းနှီးနေကြ
ခွေးတအုပ်က စိန်ပုကို နူတ်ဆက်သလို တစ်ခါ
နှစ်ခါ ထိုးဟောင်ပြီး တိတ်ဆိတ်သွားတယ်။
စိန်ပု အကြော်ဗန်းကို ရွက်လို့ လျှောက်လာရင်း လမ်းမအထွက် ကုန်းတံတားကြီးနား
ရောက်လာခဲ့တယ်။
အဲ့မှာ ထူးဆန်းတဲ့ မြင်ကွင်းတခုကို
စိန်ပု မြင်လိုက်ရတာဘဲ။
တံတားအလယ်မှာ တန်ဖိုးကြီး ကားကြီးတစီး
ထိုးရပ်ထားပြီး မိန်းကလေးတယောက်က
တံတားရဲ့ လက်ကိုင်ဘောင်ပေါ်ကို
မရမက အတင်း တက်ဖို့ ကြိုးစားနေတယ်။
စိန်ပုရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။
ဘုရား ဘုရား သူ သူ တံတားပေါ်ကနေ
အောက်က ရေပြင်ထဲကို ခုန်ချဖို့ လုပ်နေတာကိုး။ခပ်သွက်သွက် ပြေးလို့ စိန်ပု
သူ့အနားကို ရောက်သွားမိတယ်။

“အမ အမ အဲ့ပေါ်တက်နေတာ ခုန်ချဖို့လား။”

ဆိုမိတော့ သူက စိန်ပုကို ကြည့်လို့

“ဟုတ်တယ် ကျမ ဘဝက ကံဆိုးလွန်းလို့ပါ ရှင်။
သူ…သူ..ကျမကို ထားသွားခဲ့ပြီ ညီမရဲ့
အဟင့် အဟင့် ကျမ ကျမ သူမရှိဘဲ
ဒီလောကကြီးမှာ ဘယ်လိုမှ အသက်ဆက်
မရှင်သန်နိုင်တော့ပါဘူး ညီမရယ် အဟင့် အဟင့်။”

ဆိုလေရဲ့။
စိန်ပု ဖျတ်ခနဲ ပြုံးလိုက်မိတယ်။
ပြီးတော့ သူ့ကို ကြည့်ပြီး

“အဲ့တာဆိုလည်း ကျမ တခုလောက်
အမကို တောင်းဆိုလို့ ရမလားဟင်။”

“ဘာများလဲ ပြောပါရှင်
ကျမ ဒီလောကကြီးက မထွက်သွားခင်
ညီမတောင်းဆိုတာကို နားထောင်ပေးပါ့မယ်”

လို့ မျက်ရည်တွေနဲ့ စကားဆိုလေရဲ့။
စိန်ပု ခေါင်းပေါ်က အကြော်ဗန်းကို ရပ်ထားတဲ့
သူ့ကားကြီးပေါ် ပြောင်းတင်လိုက်တယ်။
ပြီးတော့ ဘောင်ပေါ်ရပ်နေတဲ့ သူ့ရှေ့မှာ
စိန်ပုရဲ့ လက်နှစ်ဖက်ကို ဖြန့်ချလိုက်ရင်း

“ရှင့်ရဲ့ ဆွဲကြိုး နားကပ်နဲ့ လက်ကောက်လေးတွေ သေမယ့်အတူတူ ကျမကို ချွတ်ပေးခဲ့ပါလားရှင်”

ဆိုတော့ သူက ကြောင်တောင်တောင်နဲ့ ကြည့်တယ်။ပြီးတော့ သူ ဝတ်ဆင်ထားတဲ့ ရွှေတွေကို
ချွတ်ပေးပြီး စိန်ပုကို ပေးတယ်။
ပြီးတော့ ဟိုဖက်ပြန်လှည့်ဖို့ လုပ်ပြန်တယ်။

“အင်း နေအုံး နေအုံး ရှင်ခုန်ချပြီး သတ်သေမယ့် အတူတူ ရှင်ဝတ်ထားတဲ့ ဓားကြီးပါတိတ်လေးပါ
ကျမကို ချွတ်ပေးခဲ့ပါလားဟင်”

လို့ စိန်ပုက ထပ်ဆိုမိတော့ သူ့က ဘောင်ပေါ်က
ခုန်ဆင်းလို့ စိန်ပုရှေ့မှာရပ်ပြီး ဒေါသချောင်းချောင်းထွက်နေတဲ့ အကြည့်နဲ့ စိန်ပုကို ကြည့်ရင်း

“ဟမ် ရှင့်ဟာက မလွန်လွန်ဘူးလားရှင့်။
သတ်သေမယ့် သူကို မတားတဲ့ အပြင်
သူဝတ်ထားတဲ့ ရွှေကို အရင်ဆုံး တောင်းယူတယ်။
အဲ့တာကို ပေးပြီးပြန်တော့ အခုတခါ
ကျမ ဝတ်ထားတာကိုပါ တောင်းနေပြန်ပြီ။
ကျမ အလောင်းပေါ်လာရင် ကျမကိုယ်မှာ
ထဘီမရှိဘဲ ဖင်ဟောင်းလောင်း ဖြစ်နေမှာပေါ့ရှင့်။
ရှင့်နှယ် မိန်းမချင်းမှ ကိုယ်ချင်းမစာ။”

လို့ အော်ဟစ်ပြီး စကားဆိုလေရဲ့။
စိန်ပု တခစ်ခစ် ရယ်လိုက်မိတယ်။
ပြီးမှ

“အမလေး အမရယ် အမက သေသွားရင်
ဘာဘဲပေါ်ပေါ် ဘာသိတော့မှာ မှတ်လို့ရယ်။
ဖင်တွေရင်တွေ ပေါ်နေရင်တောင် အမက မသာမ အလောင်းကောင်မကြီး အဖြစ်နဲ့သာ ပေါ်လာမှာလေ။
ဘယ်သူက မသာမကို လှလား ကြည့်မှာမှတ်လို့ရယ်။
လူတွေက မသေခင်ကသာ တန်ဖိုးရှိတာ အမရဲ့
သေသွားရင် ကြက်တွေ ဌက်တွေလောက်တောင်လူသေတွေက တန်ဖိုးမရှိတော့ဘူး။
ကြက်တွေ ဝက်တွေ သေသွားရင်တောင်
သူတို့ကို ရောင်းစားရင် ပိုက်ဆံရသေးတယ်။
လူသေဆို ဝယ်ဖို့ဝေးလို့ ဘယ်လောက်ချစ်ချစ်
သုံးရက်ထက် ဘယ်သူကမှ အိမ်မှာ ပိုမထားဘူးရှင့်။ပြီးတော့ ပိုဆိုးတာက အမက ယောကျ်ား
တယောက်ကြောင့် ကိုယ့်ကိုကိုယ် ငရဲကို အရောက်
သွားပစ်မယ့် မိန်းမအဖြစ်ကို ခံယူလိုက်တာဘဲရှင့်။
အဲ့လောက် စဥ်းစားဉာဏ်မရှိတဲ့ မိန်းမကို
ကျမက တားစရာလား အမရဲ့ ဟင် ။
တစက်မှကို မတားချင်ပါဘူးရှင်။”

စိန်ပုစကားကြောင့် သူက
ဆတ်ဆတ်ခါ နာသွားဟန်နဲ့

“ဘာရယ် ကျမက ဘာလို့ ငရဲရောက်ရမှာလဲ။
ပြီးတော့ ဉာဏ်နည်းတယ် ပြောရအောင်
ကျမရဲ့ ပညာအရည်အချင်းတွေ
အလုပ်အကိုင်တွေကို ရှင်သိရဲ့လား။”

လို့ ဒေါသတကြီး စကားဆိုတယ်။
စိန်ပုက ရယ်ရင်း

“မသိဘူး အမရဲ့ အခု လုပ်ရပ်ကို ကြည့်ပြီး အမ
ဉာဏ်မရှိဘူး ဆိုပြီး ကျမ အခု ပြောခဲ့တာလေ။
ကျိန်းသေပေါက်ကို အမက
ငရဲကိုဘဲ သွားကို သွားရမှာ။
ဘာဖြစ်လို့လဲဆိုတော့ အမက ရခဲလှတဲ့
လူ့ဘဝကို ခဲရာခဲဆစ် ကံကောင်းထောက်မစွာ
ရရှိပိုင်ဆိုင်လာပြီးမှ အဲ့လိုဘဝကို အကျိုးရှိစွာ
အသုံးမချဘဲ ယောကျ်ားတယောက်က ကိုယ့်ကို
ထားသွားခဲ့တာကြောင့် မခံစားနိုင်ဘဲ အဆုံးစီရင်မယ့်လမ်းကို ရွေးလိုက်မှတော့ ငရဲကလွဲပြီး
အမက ဘယ်ကိုရောက်အုံးမယ် ထင်နေလို့လဲ။
ကိုယ့်ကို ကိုးလလွယ် ဆယ်လဖွား သူ့ရဲ့အသက်ကို ဖက်နဲ့ထုပ်ပြီး မွေးခဲ့ပေးတဲ့ မိဘကျေးဇူးကိုမှ
မထောက် အကောင်တကောင် အတွက်နဲ့များ အမ
ဘဝကို စိတ်ပျက်စရာ အဆုံးသတ်ပစ်မယ်တဲ့လား။
လူဖြစ်လာပြီးမှ ကုသိုလ်တရားတွေ ပတ်ဝန်းကျင်အကျိုးပြုမယ့် အလုပ်တွေကိုကျတော့ တစက်မှ
စိတ်မဝင်စားဘဲ ယောကျ်ားတဦးကြောင့်
အချိန်ပြည့် နာကျင်ခံစားပြီး အမရဲ့တန်ဖိုးရှိတဲ့
ပြန်မရနိုင်တဲ့ အချိန်တွေကို အခုလို ဖြုန်းတီးနေတဲ့
အမအစား ကျမဖြင့် တကယ် ရင်နာလို့ မဆုံးဘူး။
အမရယ် အသည်းကွဲတာ သတ်သေစရာလား။
ဒီတလောကလုံးမှာ အသည်းကွဲဖူးတာ
အမတယောက်တည်းလို့ ထင်နေတာလား။
အမမှာ အခုလက်ရှိ ဘာတွေပိုင်ဆိုင်ထားလဲ။
ပြန်စဥ်းစားကြည့်ပါအုံး။”

လို့ ဆိုတော့ သူက

“ရှင်က မခံစားဖူးတဲ့ ပုံဘဲ အဲ့တာကြောင့်
ရှင်က အခုလို ပြောနေနိုင်တာ လူဆိုတာ
ခံစားဖူးမှ ကိုယ်ချင်းစာတတ်တာ။”

လို့ ပြန်ပြောလေရဲ့။
စိန်ပု သက်ပျင်းချလိုက်မိတယ်။

(လေး)

“ထင်သလား အမ ကျမလည်း အမလိုဘဲ
အသည်းကွဲနေတာ တလတောင်
မပြည့်သေးပါဘူး အမရယ်
အမက အသည်းကွဲတာက ငွေထုပ်ပိုက်ပြီး စိမ်ပြေနပြေ အာရုံပြောင်းလို့ ကမ္ဘာပတ်
လှည့်လည်လို့ ရသေးပေမယ့် ကျမတို့လို
လူတွေ အသည်းကွဲတာကျတော့ ခေါင်းပေါ်က အကြော်ဗန်းကို အောက်မချနိုင်ဘဲ အရပ်တကာ
ရွာလှည့်ပြီး အသည်းကွဲနေရတာ အမရဲ့။
အသည်းကွဲတာခြင်း အတူတူ အမက ကုသိုလ်ကံ ထူးလို့ ချမ်းချမ်းသာသာနဲ့ အသဲကွဲနေနိုင်သေးတာ။အမ ကျမနေရာမှာဆို ဘယ်လိုနေမလဲ။”

စိန်ပုစကားကြောင့် အဲ့မိန်းမ တွေဝေသွားလေရဲ့။
စိန်ပု သူ့လက်ထဲကို သူ့ရွှေတွေ ပြန်ထည့်ပေးပြီး
အကြော်ဗန်းကို ယူလို့ ပြန်ထွက်ခဲ့တယ်။
ထွက်လာခဲ့တဲ့ စိန်ပုနောက်ကို သူက တဖုတ်ဖုတ်နဲ့ ပြေးလိုက်လာခဲ့တာမို့ စိန်ပု ရပ်တန့်လိုက်ရတယ်။

“ညီမရယ် အမ အခုဏ ညီမကို အော်မိတာ တောင်းပန်ပါတယ်နော်။
ငါ့ညီမလည်း အသည်းကွဲနေတာ တကယ်လားဟင်။အမကို ဖြေသိမ့်ပေးဖို့ ပြောခဲ့တာ မဟုတ်လား။
ဘာဘဲဖြစ်ဖြစ် ငါ့ညီမစကားကြောင့် အမရဲ့
အချစ်မှိုင်းမိပြီး ပိတ်နေတဲ့ မျက်လုံးတွေ
ပွင့်သွားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
ဟုတ်တယ် ညီမပြောသလို အမမှာ သူများတွေ
မပိုင်ဆိုင်နိုင်တဲ့ အရာတွေကို ပိုင်ဆိုင်ခွင့်
ရထားတာတွေမှ အများကြီး ရှိသေးတာဘဲ။
အမ ဘာလို့များ ရူးရူးမိုက်မိုက် ဉာဏ်တိမ်ပြီး
ဒင်းအတွက်နဲ့ သေဖို့ ကြိုးစားမိပါလိမ့်ဟယ်။”

လို့ နောင်တရသလိုလို စကားဆိုလေရဲ့။
စိန်ပု သူ့ကို အကြည်လင်ဆုံး ပြုံးပြမိပါရဲ့။
ပြီးမှ

“ဘုရားစူး တကယ် အသည်းကွဲနေတာပါ အမရဲ့
အမလိုဘဲ ကျမမှာ ရင်နဲ့ရင်းပြီး ချစ်ခဲ့ရတဲ့
ကျမတို့ ရပ်ကွက်ထဲက ဝင်းမောင်ဆိုတဲ့
ဆိုက်ကားသမားလေးရှိတယ်။
အခါတိုင်း ကျမအပြန်ဆို စျေးထိပ်မှာ
သူ့ဆိုက်ကားနဲ့ သူက စောင့်ကြိုနေကျပေါ့ရှင်။
အခုတော့ သူက ကျမကို ထားခဲ့ပြီး
ရပ်ကွက်ထဲက ချမ်းသာတဲ့ မုဆိုးမကို
ပိုက်ဆံအတွက် သူ့ဘဝ တသက်လုံး
မပူပင်ရအောင်ဆိုပြီး ယူလိုက်ပြီရှင့်။
ပြီးခဲ့တဲ့ တစ်ပတ်ကဘဲ သူတို့ မဂ်လာဆောင်ခဲ့တာ။ကျမအသည်းတွေလည်း တစစီ ကွဲခဲ့ပါတယ်။
ဒါပေမယ့် ကျမလည်း ဖြစ်နိုင်ရင် အမလိုဘဲ ကိုယ်ပိုင်ကားကြီးမောင်းပြီး ပိုက်ဆံအပြည့်ပါတဲ့ အိတ်နဲ့ စားချင်ရာစား သွားချင်ရာသွားပြီး
အဆင့်မြင့်မြင့် အသည်းကွဲချင်တာပေါ့ရှင်။
ဒါပေမယ့် ကျမ အခုလို အသည်းကွဲနေလို့
အရင်လို စျေးထွက်မရောင်းနိုင်ရင်
ကျမနောက်မှာ ရှိကြတဲ့ ထမင်းငတ်ကြမယ့်
ကျမရဲ့မောင်လေးနဲ့ အမေရှိသေးတယ် အမရေ။
ဒီတော့လည်း ကျမကတော့ ဒီလိုဘဲ တွေးတယ်။
ဒီတယောက်တည်းနဲ့ ကျမ ရပ်နေလို့
ဘယ်ဖြစ်ပါ့မလဲနော် သူ့နောက်မှာ ကျမကို
တန်းစီပြီး စောင့်နေကြတဲ့ ကျမရဲ့
သတိုးသားလောင်းလေးတွေ အများကြီး
ရှိသေးတယ်လေ ဆိုပြီးပေါ့။”

ဆိုပြီး ရယ်ရင်း ပြောလိုက်မိတော့ သူကပါ
စိန်ပုနဲ့အတူတူ လိုက်ရယ်ရင်း ပေါ့ပါးသွားပုံနဲ့

“ဟုတ်တယ် တို့ညီမတွေ ဒင်းတို့လိုဟာတွေအတွက်
တယောက်တည်းနဲ့ ရပ်စောင့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။တို့နောက်မှာ တန်းစီနေကြတဲ့ သတိုးသားလောင်းလေးတွေ အများကြီး ရှိနေသေးတာဘဲဟာ နော်။”

လို့ ပေါ့ပါးစွာ စကားဆိုခဲ့လေရဲ့။

(ငါး)

(ခြောက်နှစ်ခန့် ကြာပြီးနောက်)

“ညီမ.. ညီမလေး.. ခဏ ခဏ ညီမက ဟို အရင်က အကြော်ရောင်းတဲ့ ကောင်မလေး မဟုတ်လား။
ခုန်ချမယ့် အမလေ ညီမရဲ့ အမကို မှတ်မိလား။”

ဆိုတဲ့ စကားကို ဆိုရင်း ဘေးနားကို လာရပ်တဲ့
မိန်းမတစ်ယောက်ကို စိန်ပု ကြည့်မိတယ်။
လက်ထဲက ချီထားတဲ့ သားလေးက စိန်ပု
ကိုယ်ထဲက ကော့ထိုးပြီး သူ့အဖေလက်ထဲ သွားဖို့ ပြင်နေတာကြောင့် ခင်ပွန်းဖြစ်သူ ကိုသာလှရဲ့
လက်ထဲကို ကလေးကို အရင် လက်လွှဲပြီးမှ
စိန်ပု အဲ့မိန်းမကို သေချာကြည့်လိုက်မိတယ်။
အဲ့ကျမှ တခါက တံတားပေါ်က ခုန်ချမယ့် အမျိုးသမီးမှန်း စိန်ပု မှတ်မိလိုက်ပါရဲ့။
အခုတော့ သူ့ဘေးနားမှာ စတိုင်ဘောင်းဘီဝတ်
နေကာမျက်မှန်ထားတဲ့ လူတယောက် ရှိနေပါလား။

“ဟယ် မှတ်မိပါ့ အမရယ်။
ငါ့အမက ပိုချောလာလိုက်တာတော်။
စိတ်ချမ်းသာနေလို့ ထင်ပါရဲ့”

လို့ဆိုတော့ သူက စိန်ပုရဲ့လက်ကို
လှမ်းကိုင်လိုက်ရင်း သူ့ဘေးက လူကိုပါ

“မောင် သူက ကျမ ပြောပြောနေတဲ့ တခါက
ကျမအသက်ကို ကယ်တင်ခဲ့တဲ့ အကြော်သည်
မိန်းကလေးဆိုတာ သူပေါ့။”

လို့ ပြောရင်း စိန်ပု ဘက်ကိုကြည့်လို့

“ညီမ ဒါက အမရဲ့အမျိုးသား ကိုဆန်းတင်တဲ့
ငါ့ညီမပြောခဲ့တဲ့ တန်းစီစောင့်နေရတဲ့
သတိုးသားလောင်းတွေထဲက အမရဲ့
ဖူးစာရှင် အစစ်ပေါ့ကွယ်။”

ဆိုရင်း မိတ်ဆက်ပေးတယ်။
စိန်ပုကလည်း ဘေးမှာ ကလေးချီပြီး ရပ်နေတဲ့ အမျိုးသား ဖြစ်သူ ကိုသာလှရဲ့ လက်ကို ချိတ်ရင်း

“အဟင်း ဒါကလည်း ကျမရဲ့ ဖူးစာရှင်ပေါ့ အမရဲ့
သူချီထားတာက စိန်မျောက်မျောက်ဆိုတဲ့
ကျမတို့ရဲ့ ကလေးလေးပေါ့ အမရယ်။
သူက အခု ကျမနဲ့အမတို့ တွေ့ခဲ့ကြရတဲ့
ကုန်းတံတား အဆင်းနားမှာ ကွမ်းယာနဲ့
မုန့်ဆိုင်ကိုပါ တွဲဖွင့်ထားတဲ့ သူပေါ့ အမရယ်။
ကျမတို့လည်း အခု အခြေတကျ ဖြစ်နေပါပြီ။
အမတိုလည်း ကျမတို့လို ဒီချောင်းသာကို
လာလည်ကြတာလား”

လို့ မေးမိပါရဲ့ ။

“မဟုတ်ဘူး အမတို့က ဒီမှာ အလုပ်ရှိလို့ လာတာ။
ဒါနဲ့ ညီမတို့ကရော လာလည်တာမလား။
ဘယ်မှာတည်းသလည်း မောင်လေးနဲ့
အမေဆိုတာရော ပါလာသလား။”

လို့ ဆိုတာကြောင့် ဆိုင်မှာ သူစောင့်ပြီး
စျေးရောင်းပေး ထားမယ်ဆိုပြီး ကျန်ခဲ့တဲ့
အမေ့ကို စိန်ပု သတိရမိပြန်ပါရဲ့။

“မပါပါဘူး အမရယ် ကျမတို့နှစ်ယောက်ဘဲ
လာကြတာ မောင်လေးက အခုဆို
ဆရာဝန်ဖြစ်တော့မှာ အမရဲ့ သိပ်တော်တာ။
ဒီကိုလာတာကလဲ ကျမအမေပေါ့ အမရယ်။
ကျမနဲ့ သူ့သားမက်ကို သူစုမဲကြေးထုတ်တော့ သူ့မြေးပူဆာတဲ့ ချောင်းသာကို သွားကြဆိုပြီး အတင်းလွှတ်လို့သာ လာခဲ့ရတာ ပိုက်ဆံကို နှမျောသား။”

လို့ စိတ်ထဲရှိတဲ့အတိုင်း ဆိုလိုက်မိတယ်။

“ဟယ် ဒါဖြင့် စိတ်မပူနဲ့တော့
ငါ့ညီမရဲ့အမေနဲ့ မောင်လေးကိုပါ ခေါ်ပြီး
အချိန်မရွေးသာ ဒီကို လာခဲ့ ဟိုမယ်တွေ့လား
(…..)အဲ့ဟိုတယ်က အမတို့ ဖွင့်ထားတာ ညီမရဲ့
လာ လာ အမတို့ဟိုတယ်မှာဘဲ တည်းရမယ်”။

ဆိုပြီး ပြောတော့ ပိုက်ဆံကုန်မယ့်အရေး
တွေးပူနေမိတဲ့ စိန်ပု ဝမ်းသာအားရ
သူတို့နဲ့အတူ လိုက်သွားမိတော့တာပါဘဲ။
တဆက်တည်း နောက်နှစ် အမေတို့ကိုပါ ခေါ်ပြီး
ဒီကို လာလည် ခဲ့ရမယ်လို့ တွေးထားလိုက်မိတယ်။
ဘေးက စိန်ပုရဲ့ သတိုးသားကြီး အညာသား
ကိုသာလှကတော့ ကွမ်းဝါးထားတဲ့ သူ့ရဲ့
သွားနီနီတွေကို ပေါ်အောင်ပြုံးရင်း

“ဟား ဟား ငါ့မိန်းမ စိန်ပုအစွမ်းနဲ့ ဟိုတယ်
ဆိုတာကြီးမှာ ဇိမ်ရှိရှိ တည်းရချည်သေးရဲ့ကွာ”

ဆိုပြီး ပြုံးဖြီးဖြီးနဲ့ ပါလာခဲ့တော့တာပါဘဲတော်။

စာချစ်သူမျာကို…ချစ်ခင်လေးစားစွာဖြင့်

သက္ကရာဇ်

လွမ်းရေးထက်…ဝမ်းရေးခက်သူများ