ဒုတိယမယားငယ်

ဟူသောအကြည့်ဖြင့်ကြည့်ရှုတတ်ကြသည်။ မယားငယ်
နှင့်နောက်အိမ်ထောင်မတူကြောင်းကို သဲသဲကွဲကွဲသိကြမည့်ပုံမရကြချေ။

ကိုပြည့်ဖြိုးအောင်ကွာရှင်းပြီး ၂နှစ်ကြာမှကျွန်မနှင့်ဆုံဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်သူဖြစ်နေ
၍ကျွန်မလက်ခံခဲ့ကြောင်း လူတော်တော်များများကို လိုက်ရှင်းပြနေရခြင်းအားကျွန်မစိတ်ပျက်ခဲ့မိသည်။
ခင်ပွန်းသည်နှင့် မမိုးစံအကြောင်းသိရှိထားသည့်လူရင်းများက ပိုဆိုးသည်။ သူတို့၏မျက်လုံးထဲတွင်ကျွန်မကို မသတီစရာကောင်းနေသလိုလို ကြည့်နေသည်အားမြင်မြင်နေရသည်။ ထို့ကြောင့်လည်း
သူတို့နှင့်မဆုံချင်သဖြင့် ကျွန်မကပင်အရင်ရှောင်ထွက်ခဲ့သည်။

“” ကိုကို… “”

ကိုပြည့်ဖြိုးအောင်က ကားသော့ကိုင်ရင်းအခန်းထဲမှထွက်လာသဖြင့်မမိုးစံဆီသွားမည်မှန်းမပြောဘဲကျွန်မသိနေခဲ့ပြီ။

“” ကိုကိုမကြာဘူး…ပြန်လာမယ်နော် “”

ကျွန်မခေါင်းငြိမ့်ပြရုံကလွဲ၍ မတားဆီးလိုက်နိုင်ပါ။ ခင်ပွန်းသည်ထွက်သွားရာသို့ငေးမောကြည့်ရင်း အိမ်တံခါးလိုက်ပိတ်လိုက်သည်။ အချိန်က ညနေ ငါးနာရီခန့်ရှိနေလေပြီ။ ခင်ပွန်းသည်အပြန်နောက်ကျမည်
ဖြစ်ပြီး ညစာပင်စားချင်မှပြန်စားပေလိမ့်မည်။ ထိုစဉ်ကျွန်မနှာခေါင်းထဲအနံ့အသက်တမျိုးကိုရလိုက်မိ၏။ ဆေးရုံနံ့လိုလို အနံ့မျိုးဖြစ်သည်။အိမ်တွင်လည်း တခါမျှပိုးသတ်ဆေးမသုံးဖူးပါဘဲနှင့် ယခုလိုအနံ့ကမည်သည့်နေရာမှလာနေမှန်းမသိပေ။

ထို့ကြောင့်အနံ့ခံရင်း လိုက်ရှာကြည့်လိုက်မိသည်။ ဆေးရုံနံ့ကအိမ်အပေါ်ထပ်တွင်ပို၍ပြင်းထန်နေ
သည်။ လှေကားမှပြေးတက်လိုက်ပြီးသေချာအောင်အနံ့ခံကြည့်လိုက်သောအခါ ခင်ပွန်းသည်၏ စာဖတ်
ခန်းဆီမှ ထွက်လာနေသည်အား အသေအချာခံစားမိလိုက်၏။ ထိုအခန်းသည် လှေကားထောင့်တွင်ရှိပြီး ခင်ပွန်းသည်မှလွှဲ၍ ကျွန်မပင် သိပ်မဝင်ရောက်ဖြစ်ချေ။ အခန်းတံခါးလက်ကိုင်ကိုလှည့်ဖွင့်ကြည့်
သည်။

လော့ပိတ်ထားသဖြင့် အခန်းသော့သွားယူရန်ပြန်လှည့်ထွက်လိုက်စဉ်”” ရှလပ်…ရှလပ် ”” ဟူသော အခန်းထဲမှစာအုပ်များလှန်နေသံကိုနားဖြင့်ဆတ်
ဆတ်ကြားလိုက်ရတော့သည်။ ယခုအိမ်ကြီးတွင် ကျွန်မနှင့်ခင်ပွန်းသည်နှစ်ယောက်တည်းသာနေထိုင်ကြသည်ဖြစ်ရာ ကျွန်မတို့၌ သားသမီးလည်းမရှိ၊ အိမ်မွေးတိရိ စ္ဆာန်လည်းမရှိ၊ အိမ်အကူဝေးစွ၊မိဘ
များပင်လာရောက်နေထိုင်ခြင်းမရှိခဲ့ပေ။ ဤသည်ကို အခန်းထဲ၌စာရွက်တဖျတ်ဖျတ်လှန်နေသံက မည်ကဲ့သို့ထွက်ပေါ်နေမှန်းစဉ်းစားမရတော့။

ကျွန်မခေါင်းထဲသူခိုးများလားဟူသောအသိကြောင့် ခြေသံလုံလုံဖြင့်အိမ်အောက်ထပ်သို့အမြန်ဆင်းပြေးပြီး အခန်းသော့ယူလာခဲ့လိုက်သည်။ အခန်းသော့နှင့်အတူ လိုရမယ်ရ ဂေါက်ရိုက်တံပါယူလာခဲ့၏။အခန်း
နှင့်နီးလာလေ ဆေးရုံအနံ့ကပို၍နံလာလေ။ သော့ကိုလှည့်ဖွင့်ပြီးတံခါးကိုအမြန်ဖွင့်ကြည့်လိုက်သည်။ ကျွန်မခြေထောက်နားသို့စားပွဲပေါ်မှစာအုပ်တစ်အုပ်ပြုတ်ကျလာလေ၏။ အံ့သြစွာပင် အခန်းထဲ၌သက်ရှိတစုံတရာမရှိပါဘဲ စာအုပ်စင်မှစာအုပ်များပြန့်ကျဲနေလေသည်။

ခြေထောက်နားကျနေသည့်စာအုပ်ကိုကောက်ကိုင်လိုက်သည့်အခါအချစ်ဝတ္တုစာအုပ်လေးတစ်အုပ်ဖြစ်နေ၏။ ထိုစာအုပ်ကိုဖွင့်ကြည့်လိုက်မိသည်။ စာအုပ်ကြားထဲ၌ဓါတ်ပုံလေးတစ်ပုံ။ ဓါတ်ပုံထဲတွင်မမိုးစံက အင်္ကျီအဖြူရောင်လေးဝတ်ကာ ရယ်မောနေ၏။ ဓါတ်ပုံ၏ကျောဖက်ကိုကြည့်လိုက်သည့်အခါ ရက်စွဲတစ်ခုကို မညီမညာသောလက်ရေးဖြင့်ရေးသားထားသည်။ ” 14.11.70 ” ဟူသောနေ့ရက်ပင်။ ရက်စွဲ
၏အောက်တွင် ” မမေ့နှင့် ” ဟုလည်းရေးသားထားလေသည်။ကျွန်မလည်း စာဖတ်ခန်းသို့ဝင်ရောက်ခဲ့ခြင်းကို ခင်ပွန်းသည်အားမသိရှိစေလိုပေ။ သို့နှင့်စာအုပ်စင်ထဲ ပြုတ်ကျနေသည့်စာအုပ်များကို စီစီ
ရီရီပြန်ထည့်လိုက်၏။ အခန်းတံခါးပြန်ပိတ်လိုက်သည့်အခါ ထူးဆန်းစွာပင် ဆေးရုံနံ့ကပျောက်ကွယ်သွားလေသည်။

မမိုးစံ၏ဓါတ်ပုံလေးကိုတော့ယူလာပြီး ကျွန်မဖွက်ထားမိသည်။ ကျွန်မအတွေးထဲ လူမရှိဘဲစာအုပ်များပြုတ်ကျနေခြင်း၊ စာရွက်လှန်သံများကြားရခြင်းတို့ကိုပြန်တွေးနေမိသည်။ သရဲများခြောက်သလားဟုစဉ်းစားမိသောအခါ ခေါင်းနဘန်းကြီးလာသလိုလိုဖြစ်လာရ၏။ ကြက်သီးများတဖြန်းဖြန်းထလာသလိုခံစားမိသဖြင့် ထိုအဖြစ်အပျက်ကိုမေ့ဖျောက်ကာ မီးဖိုခန်းသို့ဝင်ပြီး ခေါက်ဆွဲပြုတ်နေလိုက်၏။ ခေါက်ဆွဲပြုတ်ပြီး ပန်းကန်ကိုလင်ဗန်းထဲထည့်ကာ TV ရှေ့သို့ယူလာခဲ့သည်။

DVD စက်ထဲ ကိုရီးယားဇာတ်လမ်းတွဲခွေထည့်ပြီးဖွင့်ကြည့်နေ၏။ခေါက်ဆွဲပြုတ်လင်ဗန်းလေးကိုဘေးတွင်ချထားသည်။ ဇာတ်လမ်းကဆွဲဆောင်၍ခေါ်သွားသဖြင့်ခေါက်ဆွဲပြုတ်စားဖို့တောင်မေ့နေသ
ဖြင့် ကျွန်မ၏လက်က ခေါက်ဆွဲပန်းကန်ရှိတူသို့လက်လှမ်းလိုက်ပြီးမျက်နှာက TV သို့သာငေးနေမိသည်။ ကျွန်မ ခေါက်ဆွဲစားရန်တူကိုကိုင်လိုက်သော်လည်း တူမဟုတ်သော အေးစက်စက်လက်တစ်
ဖက်ကို စမ်းမိလိုက်လေတော့သည်။ အလွန်ထိတ်
လန့်သဖြင့် လှည့်ကြည့်လိုက်သောအခါ မမိုးစံသည် သွေးဆုပ်ဖြူလျော့နေသောမျက်နှာဖြင့် ကျွန်မဘေးတွင်ထိုင်နေသည်ကို တွေ့မြင်လိုက်ရတော့သည်။

ကျွန်မနှလုံးသွေးများဆူပွက်ကာ တစ်ကိုယ်လုံးတုန်ယင်လာပြီးလည်ချောင်းမှအသံပင်ထွက်မလာတော့ပေ။ ကြောက်ရွံ့လွန်းသဖြင့်ထိုင်နေရာမှထရပ်ကာပြေးသော်လည်းထိုနေရာမှတလှမ်းမှရွေ့မရ
နေချေ။ ခေါက်ဆွဲပန်းကန်ပင်ကြောက်လန့်တကြားဖြင့်တွန်းထုတ်မိ၍ ကော်ဇောပေါ်တွင်ခေါက်ဆွဲပြုတ်ရည်များပေကျံနေပေပြီ။ မမိုးစံသည် ကျွန်မကိုစူးစိုက်ကြည့်နေသည်။ ကျွန်မတစ်ကိုယ်လုံးချွေးစေး
များပျံနေပြီး သူမကိုကြည့်နေမိ၏။ သူမတစုံတခုကိုပြောနေသလိုပင်။ကျွန်မကောင်းစွာမကြားရပါ။ သူမ ထိုစကားကိုသာထပ်ခါထပ်ခါပြောနေသဖြင့် သေချာစွာနားထောင်ကြည့်မိသောအခါ….

“” သွား….သွား… သွား….””

ထိုအခါမှ ကျွန်မအားကုန်သုံးပြီးအော်ဟစ်ပစ်လိုက်မိတော့သည်။မည်မျှကျယ်လောင်စွာအော်ဟစ်မိသည်မသိ။ မျက်စိစုံမှိတ်ကာအော်နေရင်း မျက်လုံးဖွင့်ကြည့်သောအခါ မမိုးစံမရှိတော့ချေ။ ကျွန်မထို
နေရာမှ ကမန်းကတန်းထထွက်ပြီး ကားသော့နှင့် မမိုးစံဓါတ်ပုံကိုယူကာ အိမ်ထဲမှထွက်လာခဲ့၏။ ခြံတံခါးပိတ်ဖို့ပင်မစဉ်းစားနိုင်တော့။ကားကိုအမြန်မောင်းထွက်လာခဲ့မိသည်။ ကိုပြည့်ဖြိုးအောင် ကိုဖုန်း
ခေါ်သော်လည်း ဖုန်းမကိုင်သဖြင့် မမိုးစံအသုဘသို့လိုက်သွားရန်ဆုံးဖြတ်လိုက်တော့သည်။

ကျွန်မနှင့်မမိုးစံမှာ အပြင်တွင်တစ်ခါသာဆုံတွေ့ဖူးသည်။ ကျွန်မတို့ကြားတွင် ပထမအိမ်ထောင်၊ ဒုတိယအိမ်ထောင်ဟူသောကွာခြားချက်ကလွဲပြီး မည်သည့်အငြိုးအတေးမှမရှိခဲ့ချေ။ စကားပင်နှစ်ခွန်း၊သုံးခွန်းသာပြောဖူးသည်။ ဤသည်ကိုအဘယ်အကြောင်းကြောင့်ကျွန်မထံလာရောက်ခြောက်လှန့်နေသနည်း။ ကျွန်မစဉ်းစားမရနေပေ။ခင်ပွန်းသည်ထံလာရောက်ခြင်းလော။ ထိုသို့ဆိုလျှင်ခင်ပွန်းသည်
ထွက်သွားပြီးမှ ကျွန်မကိုခြောက်လှန့်ခြင်းမှာအဘယ်အကြောင်းကြောင့်နည်း။ ကျွန်မတွင်အတွေးများစွာဖြင့်မမိုးစံအိမ်သို့ရောက်လာခဲ့သည်။

အိမ်ရှေ့၌ခင်ပွန်းသည်၏ကားကိုရှာကြည့်သော်
လည်းမတွေ့နေပေ။မမိုးစံအိမ်ထဲ ခပ်တည်တည်ပင်ဝင်ခဲ့လိုက်သည်။ ညဝတ်အင်္ကျီဖိုသီဖပ်သီနှင့် ချွေးတလုံးလုံးဖြစ်နေသောကျွန်မကို မမိုးစံဖက်ကအသိုင်းအဝန်းဆွေမျိုးမိတ်ဆွေများကဝိုင်းကြည့်နေကြသည်။ ကျွန်မက စိတ်ကိုတင်းကာ…

“” ကိုပြည့်ဖြိုးအောင်… ရောဟင်… “”

“” ပြန်သွားတာကြာပြီ “”

“” ရှင်… “”

ခင်ပွန်းသည်ကပြန်သွားပြီဆိုလျှင် ထိုနေရာ၌ကျွန်မမည်ကဲ့သို့ဆက်ထိုင်ရမည်မှန်းမသိ။ သို့သော် မမိုးစံ၏ရုပ်အလောင်းကိုတော့ ကြည့်ချင်မိသည်။ အလောင်းစင်မှန်နားသို့သွားကာ မမိုးစံကိုငုံ့ကြည့်လိုက်သည်။ ကျွန်မအာခေါင်ပင်ခြောက်ကပ်လာခဲ့ရ၏။ သူမယခုဝတ်ဆင်ထားသောအဝတ်ဖြင့် ခုနကကျွန်မနံဘေးတွင်ထိုင်နေသည်မဟုတ်ပါလား။

“” မမိုးစံ… ဘာရောဂါနဲ့ဆုံးတာလဲရှင့် “”

သူတို့အိမ်ကပြောပြချင်ဟန်မရပေ။ မမိုးစံ၏အဒေါ်က ကျွန်မနားကပ်ကာ ခပ်တိုးတိုးပြောသည်။

“” ရေချိုးကန်ထဲမှာ အသက်မဲ့နေတာတွေ့တာပဲ… ””

“” ဘယ်လို… ဘာဖြစ်လို့လဲ “”

“” သေချာမသိရသေးဘူး… အမှုတော့ဖွင့်ထား
တယ်… ””’

“” အသတ်ခံရတာလား… အလောင်းကိုအိမ်ပြန်သယ်လာကြတာလား “”

ကျွန်မသိချင်သည်များကိုတရစပ်မေးနေမိသည်။

“” အသတ်ခံရတဲ့လက္ခဏာလိုတွေ့တယ်ပြောတယ်… စုံစမ်းနေကြတုန်းပဲ… အလောင်းကိုရင်ခွဲရုံကနေအိမ်ပြန်သယ်လာတာ…ဖြိုးသူရလေး…သူ့အမေနောက်ဆုံးအချိန်ကန်တော့ရအောင်လို့ပါ “”

“” အော်… ””

သားဖြစ်သူက စင်္ကာပူတွင်ကျောင်းတက်နေသဖြင့် နောက်ဆုံးအချိန်မှီအောင် စောင့်နေပေးခြင်းဖြစ်
သည်။ ကျွန်မလည်း စိတ်မကောင်းကြောင်းပြောပြီးပြန်လာသော်လည်း ထိုအိမ်မှလူများသည် ကျွန်မ
ကို ကြည့်ကာ တီးတိုးတီးတိုးအတင်းပြောနေသည့်ဟန်ရှိသည်။ ကျွန်မလည်းမမြင်ချင်ယောင်ဆောင်ပြီး ထွက်လာခဲ့၏။ ကားစက်နိုးရင်းခင်ပွန်းသည်ကိုဖုန်းထပ်ခေါ်ကြည့်သည်။ ဖုန်းမကိုင်ချေ။ ကျွန်မအိမ်
သို့ပြန်ရန်ကြောက်ရွံ့မိနေမိသည်။သို့သော်မပြန်၍
လည်းမဖြစ်။

အားတင်းကာ အိမ်သို့ပြန်မောင်းလာခဲ့၏။ ကားပေါ်တွင်အနံ့ထပ်ရပြန်ပြီ။ ယခုအခါပုပ်အဲအဲအနံ့ပင်။ ကျောရိုးထဲစိမ့်နေအောင်အေးခဲလာသလိုလိုခံစားလိုက်ရသည်။ နောက်ကြည့်မှန်မှကားနောက်ခန်း
ဆီသို့မဝံ့မရဲလှမ်းကြည့်မိ၏။ ကားပေါ်တွင်တော့မည်သည်မှမတွေ့။သို့သော်ပုပ်အဲအဲအနံ့ကအိမ်ထိလိုက်ပါလာသည်။ အိမ်သို့ရောက်သောအခါ ခင်ပွန်းသည်၏ကားရပ်ထားသည်ကိုတွေ့သဖြင့် ဝမ်းသာ
သွားမိတော့သည်။ အိမ်ထဲဝင်ပြီး…

“” ကိုကို…ကိုကို… “”

ကျွန်မကတကြော်ကြော်အော်ခေါ်နေစဉ် အိမ်တံခါးကအနောက်ဖက်မှပိတ်သွားလေသည်။ ကျွန်မလှည့်ကြည့်လိုက်သောအခါ ခင်ပွန်းသည်က အိမ်တံခါးပိတ်လိုက်သည်ကိုတွေ့လိုက်ရသည်။

“” ကိုကို… သဲလေ… တစ်ယောက်တည်းမနေရဲလို့… “”

“” မင်းငါ့ကို checking လိုက်နေတာဘယ်လောက်ကြာနေပြီလဲ “”

“” ဟင်… ကိုကိုဘာတွေပြောနေတာလဲ ””

“” ငါ့ကိုမယုံမကြည်ဖြစ်ပြီးတိတ်တိတ်လေးလိုက်စုံစမ်းနေတယ်…ခုဘာတွေသိခဲ့ပြီလဲ…ပြောစမ်း… “”

“” သဲကဘာတွေသိမှာလဲကိုကိုရဲ့… ခုနကသရဲခြောက်လို့ “”

“” ဓါတ်ပုံဘယ်မှာလဲ “”

ခင်ပွန်းသည်၏ပုံသဏ္ဍာန်မှာအေးစက်စက်နိုင်ပြီးကြောက်စရာကောင်းနေသည်။ ကျွန်မ စာဖတ်ခန်းထဲဝင်ပြီးဓါတ်ပုံယူလာခြင်းကိုမည်ကဲ့သို့သိသွားသည်မသိပေ။

“” ဓါတ်ပုံ ဘယ်မှာလဲ မေးနေတယ်လေ “”

ကျွန်မလည်း အချိုးပြောင်းနေသောခင်ပွန်းသည်ကိုအရိပ်အကဲကြည့်ရင်း အင်္ကျီအိတ်ကပ်ထဲမှ မမိုးစံဓါတ်ပုံလေးကိုထုတ်ပေးလိုက်သည်။

“” ဟက်…ဟက်… ””

ခင်ပွန်းသည်က ဓါတ်ပုံကိုယူပြီးရယ်နေသည်။ ကျွန်မ
စိတ်ထဲအမျိုးအမည်မသိတစုံတရာကိုခံစားနေရကာ ရင်တထိတ်ထိတ်ဖြစ်ပေါ်လာ၏။

“” ကိုကို… စာဖတ်ခန်းထဲ သဲ တမင်ဝင်တာမဟုတ်ပါဘူး…စာအုပ်တွေပြုတ်ကျသံကြားလို့ “”

“” နင်ဘာတွေထပ်သိထားလဲ “”

“” ဘာကိုလဲ ကိုကို “”

ကျွန်မနားမလည်ပါ။ ခင်ပွန်းဖြစ်သူဘာတွေပြောနေမှန်းလဲမသိ။

“” နင်လည်း မိုးစံနောက်လိုက်သွားချိန်ရောက်ပြီထင်တယ် “”

သူ၏အသံက ခြောက်ကပ်ကပ်ရှတတဖြစ်နေပြီး အလွန်ပင်ထိတ်လန့်ဖွယ်ကောင်းနေသည်။

“” နင်အရမ်းသိချင်နေတာလေ… ငါနဲ့မိုးစံဘာလို့ကွာရှင်းလဲဆိုတာ…အခုငါ့သားဆိုတာကလည်း ငါ့ကလေးမဟုတ်ဘူး… သူဗိုက်တစ်လုံးနဲ့ဒုက္ခရောက်နေတုန်း သူ့အဖေကငါ့ကိုလှည်းကျိုးထမ်းခိုင်းခဲ့တာ…
ငါသိပ်စိတ်ကျဉ်းကြပ်လွန်းလို့မရမကကွဲခဲ့တယ်… ကွာရှင်းပြီးနင်နဲ့ယူပြီးမှ ငါသိခဲ့တာ… သူ့အဖေကသူ့အတွက် ရွှေချောင်းတွေတော်တော်များများထားခဲ့တယ်ဆိုတာပဲ… သူကထားခဲ့တဲ့နေရာသိတယ်…
ဒါပေမယ့် မီးခံသေတ္တာလျို့ဝှက်နံပါတ်ကမရှိဘူး… သူ့အဖေက နှလုံးဖောက်ပြီးဆုံးသွားပြီ… သူ့ဆီကရတာဆိုလို့ မိုးစံရဲ့ဓါတ်ပုံတစ်ပုံပဲရှိတယ်… ငါနှစ်တွေအကြာကြီးသူများကလေးအဖေအနေနဲ့နေပေးခဲ့ရတာတွေ… ငါဘာပြန်ရသလဲ… “”

ကိုပြည့်ဖြိုးအောင်မှာ သရဲသဘက်စီးသလိုကြောက်
မက်ဖွယ်ကောင်းနေချေပြီ။ သူ၏အသံမှာ ဒေါသနှင့်အလိုရမက်များဖုံးလွှမ်းနေ၏။

“” ဒါကြောင့် ဟိုညကငါ မိုးစံဆီသွားတယ်…အိမ်မှာဘယ်သူမှမရှိချိန်သွားတာ… သူကငါ့ကိုမီးခံသေတ္တာနံပါတ်မပေးဘူး… ငါချော့ပြောပြီးတောင်းတယ်… မရဘူး… အဲ့ဒါနဲ့ ခြောက်လိုက်တာရေချိုးကန်ထဲခေါင်းနှစ်ထားတာနဲနဲကြာသွားတယ်… တောက်…””

“” ရှင်… ရှင်… လူသတ်သမား… “”

“” အေ… နင့်ပါးစပ်ကိုပိတ်ထားမလား… ငါပိတ်ပေးရမလား…ဟမ်””

ထိုသို့ကြောက်မက်ဖွယ်ကောင်းအောင်ပြောနေပြီးမှ သူ၏အသံကပြန်လည်ပျော့ပြောင်းသွားသည်။

“သဲ…ကိုကိုပြောမယ်… ဒီရွှေချောင်းတွေရရင်…ကိုကိုတို့ဘာအလုပ်မှလုပ်နေစရာမလိုတော့ဘူး အေးအေး
ဆေးဆေးနေနေရုံပဲ… သဲလည်း ကိုကို့ကိုကူပြီး ရှာကူပါသဲရယ်…နော်… “”

ခင်ပွန်းသည်က ကျွန်မကိုအပျော့ဆွဲနေချေပြီ။ ၁၃
နှစ်တာပေါင်းသင်းလာသောမိန်းမကိုတောင် သတ်ပစ်လိုက်နိုင်လျှင် ၃နှစ်သာရှိသေးသည့် ကျွန်မတို့အိမ်ထောင်ရေးကိုလည်း အစဖျောက်ပစ်နိုင်ပေလိမ့်
မည်။ ကျွန်မချွေးစေးများပျံလာပြီး မည်ကဲ့သို့လုပ်ရမည်ကိုစဉ်းစားမရတော့ပေ။

“” သဲ…သဲက မိုးစံအိမ်ကို ဝင်ထွက်ပြီး စုံစမ်းပေးပါကွာနော်…မိုးစံသေတာလူသတ်မှုဆိုပြီး အရမ်းစစ်
ဆေးနေလို့… ကိုကိုသွားလို့မဖြစ်လို့ပါသဲရာ… “”

ခင်ပွန်းသည်မှာ ကျွန်မကိုချစ်ခင်၍အလျော့ပေးနေခြင်းမဟုတ်ချေ။လူသတ်တရားခံအဖြစ်ဖမ်းမိသွားမည်စိုး၍ ကျွန်မကိုအသုံးချနေခြင်းပင်။

“” ဝုန်း ””

ကျွန်မတို့အခန်းတံခါးသည်ရုတ်တရက်ပွင့်သွားလေသည်။ ကိုပြည့်ဖြိုးအောင်နှင့်ကျွန်မထိတ်လန့်စွာဖြင့်အခန်းထဲသို့လှည့်ကြည့်မိလိုက်၏။အခန်းထဲမှ ပုပ်အဲအဲအနံ့အသက်ကပြင်းထန်စွာထွက်ရှိလာသည်။
ကျွန်မတို့လည်း ခြေလှမ်းကိုဖြည်းဖြည်းချင်းလှမ်းကာ အခန်းထဲကြည့်လိုက်သည်။ အခန်းမျက်နှာကျတ်ပေါ်မှ ဇောက်ထိုးကြီးဖြင့် ကျွန်မတို့နှစ်
ယောက်ကိုကြည့်နေသော မမိုးစံကိုတွေ့လိုက်ရလေတော့သည်။

ကျွန်မသည်ကြောက်လန့်လွန်းသဖြင့် ဒူးနှစ်ဖက်ပင်ပျော့ခွေကျသွားရသည်။ ခင်ပွန်းဖြစ်သူကတော့ ဒေါသတကြီးဖြင့် တွေ့ရာပစ္စည်းများဖြင့် အခန်းမျက်နှာကျတ်ကို ကောက်ပစ်နေလေသည်။ ကျွန်မလည်းတုန်ယင်နေသောခြေအစုံကို အားတင်းကာအိမ်ထဲမှထွက်ပြေးလာရင်း ဖုန်းခေါ်လိုက်သည်။

“” ဟဲလို… စခန်းကပါလား… မမိုးစံလူသတ်မှု သတင်းပေးချင်လို့ပါ…သတ်တဲ့သူက…က… ကိုပြည့်ဖြိုး…အောင်… အား…””

ခင်ပွန်းသည်က ဖုန်းကိုလှမ်းယူပြီး ကျွန်မဆံပင်ကိုဆောင့်ဆွဲကာအိမ်ထဲသို့ဆွဲခေါ်ဝင်လာသည်။ ကျွန်မ မရုန်းနိုင်ဘဲ ပါသွားရ၏။ကျွန်မမျက်နှာကို လက်သီးဖြင့် သုံးလေးချက်ဆင့်ထိုးလာသည်။ကျွန်မ လုံးဝမလှုပ်နိုင်တော့ချေ။ ကြမ်းပြင်ပေါ်တွင်မျော့မျော့လေး
သာ လဲကျနေ၏။ ကျွန်မ မျက်လုံးထဲတွင် ဝိုးတဝါးပုံရိပ်များက တိုးဝင်လာခဲ့သည်။

မမိုးစံသည် ကိုပြည့်ဖြိုးအောင်၏ နောက်ကျောဖက်သို့ခုန်တက်ကာပုခုံးပေါ်တက်ခွထား၏။ ထို့နောက်… သူမ၏လက်နှစ်ဖက်ဖြင့် ဂျွတ်ကနဲ ဇက်ကိုချိုးပစ်
လိုက်လေသည်။ ထိုမြင်ကွင်းအပြီး ကျွန်မလည်း
လောကကြီးနှင့်အဆက်ပြတ်သွားလေတော့သည်။

ကျွန်မသတိရလာသောအခါ ဆေးရုံပေါ်တွင်ဖြစ်
သည်။ ကျွန်မသတိရပြီး အမှုအတွက်အစစ်ဆေးခံရသည်။ ကျွန်မပြောပြသည်ကိုယုံကြည်ကြမည်တော့မဟုတ်ချေ။ သို့သော်ကျွန်မအမှန်အတိုင်းသာပြောပြ
ခဲ့သည်။ အမှုစစ်များကတော့ ကိုပြည့်ဖြိုးအောင်ကကျွန်မကိုရိုက်နှက်ပြီး ကျွန်မလဲကျချိန်လောက်တွင် သူလည်းအုတ်လှေကားပေါ်ခြေချော်ကျကာ ဇက်ကျိုးပြီးသေဆုံးသည်ဟု ကောက်ချက်ချကြသည်။ ကိုပြည့်ဖြိုးအောင်ကို မမိုးစံက ကျွန်မနံဘေးတွင်ဇက်ချိုးလိုက်သည်ကိုတွေ့မြင်ခဲ့သော်လည်း ကိုပြည့်ဖြိုးအောင်၏အလောင်းကိုမူ အိမ်နောက်ဖေးအုတ်လှေကား၌ရှာတွေ့ခဲ့သည်ဟုပြောကြသည်။

ကျွန်မလည်းသို့လောသို့လောနှင့်စဉ်းစားမရခဲ့ပေ။ ထိုညကကျွန်မအိပ်မက်မက်ခဲ့သည်။ မမိုးစံသည် ကျွန်မထံလာကာ…

“” ညီမရေ… ဓါတ်ပုံနောက်က ရက်စွဲလေးကို ဓါတ်ပုံထည့်ထားတဲ့စာအုပ်လေးနဲ့တိုက်ကြည့်ပါနော်… အစ်မအတွက်လည်းအလှူလုပ်ပေးပါ… ညီမလည်းတချို့တဝက်ယူပါ… သားလေးကိုလည်းပေးပေးပါညီမရယ် “”

သူမ ကျွန်မကိုယုံကြည်သည်လားမသိ။ သူ့ဖခင်မဆုံးပါးခင်ကကိုပြည့်ဖြိုးအောင်ကို မယုံမကြည်ဖြစ်မိ၍ လျို့ဝှက်နံပါတ်ကို ဝှက်ထားခဲ့ခြင်းဖြစ်ပေမည်။ ကံမကောင်းစွာဖြင့်နှလုံးဖောက်ပြီးဆုံးပါးခါနီးတွင်
ထိုဝတ္တုစာအုပ်ကိုသာ တောင်းနေသဖြင့် ကိုပြည့်ဖြိုးအောင်က ရိပ်မိပြီး ယူထားခဲ့ခြင်းဖြစ်၏။ မမိုးစံက
တော့ ဖွင့်မရသည့် မီးခံသေတ္တာကြီးသာထိုင်ကြည့်နေခဲ့ရသည်။ မီးခံသေတ္တာဖွင့်နိုင်သူများကိုအကူ
အညီတောင်းသော်လည်းဘယ်လိုမှဖွင့်မရခဲ့။ ထို့
ကြောင့်လျို့ဝှက်နံပါတ်ကို ရှာဖွေကြတော့သည်။

ကျွန်မအိမ်သို့ပြန်ရောက်သောအခါ စာဖတ်ခန်းမှ ဝတ္ထုစာအုပ်ကိုရှာကြည့်လိုက်သည်။ ထို့နောက် ဓါတ်ပုံနောက်ကျောတွင်ရေးထားသည့်အတိုင်းစာမျက်နှာများဖွင့်လိုက်သည်။ 14.11.70 ဖြစ်သဖြင့်စာမျက်
နှာ 14 ကိုဖွင့်ကြည့်လိုက်သည်။ စံပါယ်၂၄ ပွင့်ဆို
သည်တွင်၂၄ ကိုမျဉ်းတားထား၏။ တဖန် စာမျက်နှာ 11 ကိုဖွင့်ကြည့်လိုက်သည်။ ငါးလေးတွေ ဆိုသည်၌ ငါးလေးကိုမျဉ်းတားထားပြန်သည်။စာမျက်နှာ 70 ကိုလှန်လျောကြည့်သည့်အခါ ဆယ့်နှစ်နာရီ ကိုမျဉ်း
တားထားလေသည်။

ထိုဂဏန်းများကိုစီလိုက်သည့်အခါ ၂၄၅၄၁၂ ဆိုသည့်နံပါတ်ကိုရရှိလာခဲ့သည်။ နံပါတ်များကိုမှတ်ယူပြီး မမိုးစံ၏ သားကိုသွားတွေ့ဆုံကာရှင်းပြပြောဆိုခဲ့သည်။ မမိုးစံ၏သားကလည်းသဘောတူသဖြင့် မီးခံသေတ္တာကိုဖွင့်ကြည့်သည့်အခါ ဖွင့်၍ရသွားတော့သည်။သေတ္တာထဲတွင် ရွှေချောင်းအချို့နှင့်အတူ လက်ဝတ်ရတနာများကိုတွေ့ရသည်။

မမိုးစံအတွက်အလှူဒါနပြုလုပ်ပေးပါဟုမှာခဲ့ပြီး ကျွန်မပြန်လာခဲ့၏။သူတစ်ပါး၏ပစ္စည်းကိုတပ်မက်မိခြင်းမျိုးမဖြစ်အောင် ကျွန်မကြိုးစားထိန်းသိမ်းနိုင်ခဲ့ပေပြီ။ မမိုးစံကတော့အိပ်မက်ထဲတွင်ကျွန်မကိုလာ
နှုတ်ဆက်သွားပြန်သည်။ ကျွန်မနှင့်မမိုးစံက ပထမအိမ်ထောင်၊ဒုတိယအိမ်ထောင်ဖြစ်လင့်ကစား အမုန်းတရားမရှိခဲ့။ အမုန်းတရားဟူသည်က ကိုယ်ကိုယ်
တိုင်ရှာဖွေနေကြခြင်းဟုပင်ကျွန်မထင်မြင်မိသည်။ မုန်းတီးမှုများမရှိလေ စိတ်၏ငြိမ်းချမ်းခြင်းကိုရရှိလေ။ အလိုရမက်လောဘများလျော့နည်းလေ စိတ်
၏ချမ်းသာခြင်းပြည့်စုံလေပင်မဟုတ်ပါလား။ ယခုအချိန်တွင်တော့ ကျွန်မသည်သံဝေဂများရကာ အရာရာကိုနားလည်ပေးတတ်သူဖြစ်နေခဲ့လေပြီ။အများသူငှါ မဲ့ရွဲ့ပြီး ဒုတိယဇနီး ဟုပြောဆိုစေကာမူ ကျွန်မနှင့် မမိုးစံအတွက်သက်ရောက်မှုမရှိနိုင်တော့ချေ။ ကျွန်မ ဒုတိယဇနီးသည်ပါ။

သော်တာလမင်းစန္ဒာ